(သီတင်းကျွတ် အထူးစာစဉ်)
(၁)
သီတင်းကျွတ်ပြီဗျ၊ မိုးလေကင်းလွတ်သီတင်းကျွတ်ဆိုပေမယ့် ကျုပ်တို့အညာမှာတော့ မိုးလွတ်တာကြာခဲ့ပြီဗျ၊ တော်လသင်းလကွယ်ပြီးတာနဲ့ မိုးကအချိန်မှန်မှန်ပဲ ကျုပ်တို့ကိုနှုတ်ဆက်သွားခဲ့ပြီဗျ၊ သီတင်းကျွတ်ဆိုရင်တော့ တစ်ရွာလုံးပျော်ကြတဲ့အချိန်ပဲ၊ လူပျိုအပျိုတွေဆိုရင်လည်း အချင်းချင်းညှိနှိုင်းစေ့စပ်ပြီးလို့ ဘ၀တစ်ခုကိုအတူဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ကြပြီးပြီဆိုရင် သီတင်းကျွတ်ချိန်ကစပြီး ရွာမှာ မင်္ဂလာပွဲတွေ တန်းစီနေတတ်တယ်ဗျ၊
နောက်ပြီး သီတင်းကျွတ်မီးထွန်းပွဲလဲလုပ်ပြီးတော့ ပျော်ပွဲရွှင်ပွဲကျင်းပကြတဲ့အချိန်ပေါ့ဗျာ၊ ဒီကြားထဲအကျွေးအမွေး စတုဒိသာကလည်း ပါသေးတယ်ဆိုတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ ဒီနှစ်တော့ ကျုပ်တို့ရွာသီတင်းကျွတ်က ပိုပြီးပျော်စရာကောင်းတာဗျ၊ မြို့က ဘုရားဒကာကြီး ဦးသာဒွန်းက ကျုပ်တို့ရွာကိုလာပြီး အလှူလုပ်မယ်တဲ့ဗျာ၊ ကျုပ်တို့ကာလသား၊ ကာလသမီးတွေအတွက်လည်း အလှူငွေထည့်ပြီးတော့ မီးထွန်းပွဲကျင်းပဖို့ ဆော်ဩတယ်၊ ဒီပွဲလေး ပိုပြီးစည်ကားသွားအောင်လို့ ကျုပ်တို့ကာလသားတွေကလည်း အတီးအမှုတ်၊ အကအခုန်တွေ စီစဉ်ထားသဗျ၊ ညပိုင်းရောက်တဲ့အခါကျတော့ ပွဲငတ်နေတဲ့ရွာသားတွေအတွက် ကိုယ်ထူကိုယ်ထ အငြိမ့်ပွဲလေးတစ်ခု စီစဉ်ကြသေးတယ်။ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲကတော့ ဦးသာဒွန်းရဲ့ မီးပုံးလွှတ်ပွဲပေါ့ဗျာ။
သီတင်းမကျွတ်ခင် တစ်ပတ်လောက်အလိုကတည်းက ကျုပ်တို့အားလုံး မအားကြတော့ဘူးဗျို့၊ မြိုင်သာက စာရေးဆရာတစ်ယောက်က ကျုပ်တို့လူငယ်တွေကဖို့ ပြဇတ်တစ်ပုဒ် ရေးပေးတယ်၊ ဒီတော့ ပါဝင်ကြပြရမယ့်သူတွေက ပြဇာတ်ကို ခိုးပြီးတိုက်ကြတာပေါ့ဗျာ၊ ခိုးတိုက်တယ်ဆိုတာကလည်း အကြောင်းရှိတယ်လေ၊ ပြဇာတ်ဆိုတာ ဇာတ်လမ်းသိသွားရင် ဘယ်ကြည့်ကောင်းတော့မလဲဗျ၊ ပြီးတော့ ရွာကလူတွေကလည်း ဇာတ်တိုက်တာလာထိုင်ကြည့်နေတတ်တာဆိုတော့ သူတို့မသိအောင် ကာလသားတွေ၊ ကာလသမီးတွေ အချိန်းအချက်လုပ်ပြီး တိုက်ကြတာပေါ့ဗျာ၊ တလင်းထဲသွားတိုက်တဲ့အခါ သွားတိုက်ရတယ်၊ ရွာပြင်က ဇရပ်ပျက်တွေထဲ သွားတိုက်တဲ့အခါ သွားတိုက်ရတာပေါ့၊ ဒါပေမယ့် မရပါဘူးဗျာ၊ ကလေးတွေက အနောက်ကလိုက်ကြည့်ပြီး ဇာတ်ကြောင်းတွေကို အလွတ်ရနေပြီ၊ နောက်ဆုံးတော့ ကျုပ်တို့ရွေးချယ်လိုက်တဲ့နေရာက ဘုရားပျက်ကုန်းနားဗျ။
အဲဒီဘုရားပျက်က ပုဂံခေတ်ကတည်ခဲ့တဲ့ဘုရားလို့တော့ပြောတာပဲဗျ၊ အခုတော့ အုတ်ကုန်းကြီးဖြစ်နေပါပြီ၊ အဲဒီအနားမှာလည်း သစ်တောလေးတွေရှိနေတာရယ်၊ ရွာနဲ့လည်း နည်းနည်းလှမ်းနေတာရယ်ကြောင့် နောက်ဆုံးတစ်ခေါက် ဇာတ်တိုက်ဖို့ကို အဲဒီနေရာကိုရွေးလိုက်တာပေါ့ဗျာ၊ နောက်ဆုံးတစ်ခေါက်ဆိုတော့ အတီးအမှုတ်တွေနဲ့ ရီဟာဇယ် ဇာတ်တိုက်တာပေါ့ဗျာ။
ကလေးတွေလည်း ဒီလောက်ဝေးတော့ မလိုက်လာဝံ့ဘူးလေ၊ ပြီးတော့ အဲဒီနေရာကလည်း သရဲခြောက်တယ်လို့ နာမည်ကြီးတယ်မဟုတ်လား၊ (ထိုနေရာအကြောင်းကို ခွေးနက်စုန်းတွင် ဖော်ပြခဲ့ပြီး) တစ်ယောက်တစ်လေတော့ မသွားရဲပေမယ့် ခုက ဆိုင်းတီးမယ့်လူနဲ့ ဇာတ်တိုက်မယ့်လူနဲ့ဆိုတော့ လူသုံးဆယ်လောက်ရှိတာဆိုတော့လည်း မကြောက်တော့ဘူးပေါ့ဗျာ၊ နေ့ခင်းကြောင်တောင်ကြီးဖြစ်နေတာလည်း ပါမှာကိုး။
မနက်ခုနစ်နာရီလောက် ကာလသားတွေလူစုပြီးတော့ အဲဒီနေရာကိုထွက်လာတာပေါ့ဗျာ၊ ဦးသဘာကြီးလည်း လိုက်လာတာပေါ့၊ ကျုပ်ကတော့ ပြဇာတ်ထဲလည်း မပါရဘူး၊ အငြိမ့်ထဲလည်း မပါရပါဘူးဗျာ၊ ကျုပ်က လူရှေ့သူရှေ့ကျတော့ ရှက်ပြီး သွားကြီးပဲဖြီးနေတတ်တာကိုး။
မနက်ကိုးနာရီလောက်တော့ လူစုံပြီ၊ အတီးသမားတွေကလည်း စပြီးတီးတာပေါ့ဗျာ၊ ရွာနဲ့အတော်လှမ်းတာဆိုတော့ အသံကိုတော့ ဘယ်ကြားရပါ့မလဲ၊ လွတ်လွတ်လပ်လပ်တီးကြပြီးတော့ လိုအပ်တာတွေပြောကြ ပြင်ကြပေါ့ဗျာ၊ အဲဒါပြီးတော့ အပျိုတော်ကမယ်စိတ်ကူးတယ်၊ အပျိုတော်ယိမ်းပေါ့ဗျာ၊ တန်းမြင့်ရွာက ဇာတ်နောက်လိုက်ဖူးတဲ့ မင်းသမီး မကြည်က ကာလသမီးတွေကို အကသင်ပေးနေတာကြာပြီဗျ၊ အတီးဝိုင်းကလည်း မြိုင်သာမြို့က အတီးပညာရှင်တွေနဲ့ ကျုပ်တို့ရွာက ဝါသနာရှင်တွေချည်းစုထားကြတာ၊ တကယ့်ဇာတ်သမားတွေလောက်တော့ နားထောင်လို့မကောင်းဘူးဆိုပေမယ့် သူ့ဟာနဲ့သူတော့ မဆိုးဘူးလို့ပြောရမယ်။
အပျိုတော်ယိမ်းကဖို့ မကြည်က ဦးစီးတယ်၊ မကြည်က ကန်တော့ပွဲနဲ့တစ်ယောက်ထဲ ထွက်ကမယ်၊ ပြီးရင် ကျန်တဲ့ကာလသမီးခြောက်ယောက်က ဝင်ကကြမှာပေါ့ဗျာ၊ နတ်သံပေးပြီးတာနဲ့ မကြည်က ပွဲကြီးကိုင်ပြီးဝင်လာပါပြီဗျာ၊ ပွဲအစစ်တေအုတ်နီခဲလေးငါးလုံးထည့်ပြီးေးငါးလုံးထည့်ပြီး ဝင်ကတာဗျ၊ မကြည်ကတော့ ဇာတ်ပွဲထဲကဖူးတာမို့ ကတာတကယ်ကောင်းတယ်ဗျ။
“ကဲ၊ ဝင်ကြတော့”
မကြည်ပြောလိုက်တဲ့အခါ ကာလသမီးခြောက်ယောက်က တစ်ဖက်ကိုသုံးယောကစီဝင်ပြီး ကကြတော့တယ်၊ လဝက်လောက်အကတိုက်ထားတယ်ဆိုပေမယ့်လည်း နေ့တိုင်းကနေရတာမဟုတ်တော့ ဘယ်ကြည့်ကောင်းမလဲဗျာ၊ လက်တွေခြေတွေချိုးတာဆိုရင်လည်း တောင့်တောင့်ကြီးတွေနဲ့ မသိရင် ငှက်တွေပျံနေတာကျနေတာပဲ၊ ဒီကြားထဲ ယိမ်းခြေကွက်တွေက မှားပြီး မညီညာပဲ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်သလိုကို ဖြစ်နေတော့တာ။
(၂)
ကျုပ်တို့လည်း သူတို့ကတာကိုကြည့်ပြီး ရယ်လိုက်ရတာ အူတွေကိုနာလို့ဗျာ၊ အံမယ် သူတို့က သူများတွေလှောင်လို့လားတော့မသိဘူး၊ နောက်ပိုင်းကျတော့ ကတာတွေက အကွက်ကျလာတယ်ဗျ၊ ကရင်း ကရင်း ညီလိုက်လာတာ၊ နောက်တော့ မကြည်ကတဲ့ ပုံစံအတိုင်း အားလုံးညီညီညာညာနဲ့ဖြစ်ကုန်တာဗျ၊ ယိမ်းသီချင်းက ခြောက်မိနစ်လောက်ပဲရှိတယ်ဆိုပေမယ့် ဘာကြောင့်မှန်းတော့မသိဘူး အတီးသမားတွေက နောက်တစ်ကျော့ပြန်တီးတယ်ဗျ၊ ယိမ်းသမတွေကလည်း နောက်တစ်ကျော့ထပ်ကကြတာပေါ့ဗျာ၊ နှစ်ကျော့ရှိတော့ ကြည့်ရမဆိုးတော့ဘူးဗျ၊ တော်တော်ကိုညီလာပြီ၊ နောက်တော့ သုံးကျော့ထပ်တီးပြန်ရော၊ ဒီတော့ ဆိုင်းအဖွဲ့ကိုထိန်းတဲ့လူက တားရတော့မှာပေါ့ဗျာ၊ ဒါနဲ့ ဆိုင်းသမားဆီကိုသွားလိုက်ပြီး ရပ်ဖို့ပြောလိုက်တော့ ဆိုင်းဆရာက မရပ်ဘဲ ဆက်တိုက်တီးနေတာဗျာ၊ ဒါနဲ့သူ့လက်ကို ဆွဲလိုက်တော့ လက်ကမရပ်ဘူးဗျ၊ သွားဆွဲတဲ့လူရဲ့လက်ကို လက်နဲ့ပုတ်ချပြီး ဆက်တီးနေတာ၊ နှဲမှုတ်တဲ့လူလည်း ဒီအတိုင်းပဲဗျ၊ မျက်လုံးပြူးမျက်ဆန်ပြူးတွေဖြစ်ပြီးတော့ နှဲချည်းမှုတ်နေတာ။ ကျုပ်တို့ကာလသားတွေ တစ်ခုခုမှားမှန်းသိလိုက်ပြီဗျ၊ ဒါနဲ့ ကနေတဲ့မိန်းကလေးတွေကိုကြည့်လိုက်တော့ မမောမပန်းနိုင်ဘဲ အသိစိတ်လွတ်ပြီး ကနေလိုက်ကြတာဗျာ၊ သူတို့အနားသွားရင် သွားတဲ့လူကိုတောင် လက်နဲ့ရိုက်လွှတ် ခတ်လွှတ်နေတာ။
“ဦး . . . ဦးဘသာရေ တစ်ခုခုတော့ထူးပြီဗျ”
“အေးကွ၊ ငါထင်တာတော့ သူတို့ကိုတစ်ခုခုကပူးကပ်နေပြီ”
“လုပ်စမ်းပါအုံးဗျာ”
ဦးဘသာက မတ်တပ်ရပ်လိုက်ပြီးတော့ မကြည်ကိုလက်ညှိုးထိုးပြီး
“ရပ်စမ်း”
အဲဒီလိုပြောလိုက်တော့ မကြည်က တစ်ချက်တွန့်သွားတယ်ဗျ။ ပြီးတော့မရပ်ဘဲ ဆက်ကနေတုန်းပဲ၊ ဦးဘသာလည်း တော်တော်ကြောင်သွားတယ်၊
“ဟေ့ နင်တို့တွေအကုန်လုံး ရပ်လိုက်ကြစမ်း”
အတီးသမားတွေရော ကနေတဲ့သူတွေရော ဘယ်သူမှမရပ်ဘူး ဆက်ကမြဲကနေတော့တာဗျ၊ ဦးဘသာက ပုဆိုးကိုလက်နဲ့မလိုက်ပြီး ခြေဖနောင့်ကိုမြေကြီးကိုဆောင့်ထည့်လိုက်တယ်၊
“ရပ်ကြစမ်းလို့ပြောနေတယ်”
ဒီအခါ မကြည်က ဦးသဘာကြီးကိုစိုက်ကြည့်ပြီး
“အောင်မယ်၊ စုန်းထီးကများ ငါတို့ကိုရပ်ခိုင်းနေသေးတယ်”
မကြည်က မျက်စောင်းကြီးထိုးပြီး မျက်လုံးကြီးကို နီနေတာပဲဗျာ၊ ရပ်တော့မရပ်ပဲ ဆက်ပြီးကနေတာဗျ။ ဦးဘသာကြီး ချွေးတွေပြန်တက်လာတာ၊ အမြဲတမ်း အနိုင်ရနေတဲ့ဦးဘသာကြီးက ဒီတစ်ခါပဲ ချွေးပြန်တာကို ကျုပ်မြင်ဖူးတာ။ ကျုပ်လည်း ဦးဘသာအနားကို ပြေးကပ်ပြီး
“ဦးဘသာ၊ သူတို့က ဘာသရဲတွေလည်း”
“သရဲတွေမဟုတ်ဘူးကွ၊ သိုက်နန်းရှင်တွေဖြစ်မယ်”
“ဗျာ . .သိုက်နန်းရှင် . . ဟုတ်လား”
“အေး၊ ဒီဘုရားက ရှေးဟောင်းဘုရားပျက်မို့လို့ ဘုရားနဲ့ပတ်သက်တဲ့ သိုက်နန်းရှင်တွေရှိပုံပဲကွ၊ နတ်ဒိုးသံကြားပြီးတော့ သူတို့မြူးကြွလာပြီး ဝင်ကနေတာပဲ”
“ဒါဖြင့်ဘယ်လိုလုပ်မလဲ၊ ဦးဘသာကြီးက သူတို့ကိုမနိုင်ဘူးလား”
ဦးဘသာကြီးက ခေါင်းခါပြတယ်ဗျ။ ကျုပ်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။
“ငါတို့တားမှဖြစ်မယ်၊ မဟုတ်ရင် သူတို့တွေအမောဆို့ပြီး သေကုန်လိမ့်မယ်”
“ဘယ်လိုတားကြမလဲ”
“အကြမ်းနည်းနဲ့မရတော့ အနုနည်းနဲ့ပြောရမှာပေါ့ကွာ၊ သိုက်နန်းရှင်ဆိုတော့ မှော်တောတောင်က သခင်မဆိုရင် ပိုင်လောက်တယ်ကွ၊ ငါသူ့ကိုပြောကြည့်မယ်”
ဦးဘသာကြီးက မျက်လုံးမှိတ်လိုက်တယ်ဗျ၊ ကျန်တဲ့ကာလသားတွေလည်း ကနေတဲ့သူတွေကို တုတ်တွေနဲ့ထိုး၊ ရေတွေနဲ့ပက်ပေမယ့် မရပါဘူးဗျာ၊ တီးနေတဲ့သူတွေလည်း ချွေးစေးတွေကို ပြန်လို့ဗျ။ မကြာပါဘူး ဦးဘသာကြီးက မျက်လုံးပြန်ဖွင့်လာတယ်။ ပြီးတော့ မကြာခင်ပဲ ကနေတဲ့သူတွေအကုန်ရပ်တန့်သွားတယ်ဗျ၊ ရပ်သွားတာနဲ့ ဒီလူတွေအကုန် မြေကြီးပေါ်ကို အရုပ်ကြိုးပြတ်လဲကျသွားတော့တာပဲ၊ တီးနေတဲ့သူတွေလည်း မောပန်းကုန်လို့ ရေတွေတိုက်ရတယ်၊ ပုဝါမှာ ရေတွေဆွတ်ပြီးတော့လိုက်ပြီး ယပ်ခပ်ပေးရတယ်ဗျ။
“ဘယ်လိုဖြစ်သွားသလဲ ဦးဘသာ”
“တောင်တော်သခင်မရှင်းပေးလိုက်ပြီကွ၊ သူတို့က ကတိတော့တောင်းနေသေးတယ်၊ အဲဒါကို ကတိပေးလိုက်လို့ ရပ်သွားတာ”
“ဟုတ်လား၊ ဘာကတိလဲဗျ”
“အိုကွာ၊ မင်းညကျတော့ သိရမှာပေါ့”
ကခုန်နေတဲ့သူတွေ အမောဆို့နေလို့ မနည်းနှာနှပ်ယူရတယ်၊ ဦးဘသာပြောတာကတော့ ဘုရားသိုက်က သိုက်နန်းရှင်တွေက ပျော်လို့လူတွေကို ဝင်ပူးပြီးတော့ ပျော်ကြတာဆိုပဲဗျ။ နောက်တော့ အတီးသမားတွေလည်း မမှုတ်ရဲတော့ဘူး၊ ဒါပေမယ့် ဘာမှတော့ထပ်မဖြစ်တော့ဘူးဗျ၊ ညကျရင် ကပြရတော့မှာဆိုတော့ အပြီးဇာတ်တိုက်ရတော့တာပေါ့ဗျာ။
(၃)
“အလတ်ကောင်၊ မင်းလှည်း မှိုင်လှချည်လားကွ”
ဇာတ်တိုက်တာကြည့်ရင်း ပျင်းလာလို့ ကျုပ်လည်း တောစပ်ကလေးမှာ သွားထိုင်နေတယ်ဗျ၊ ဇာတ်တိုက်တာကလည်း ကြည့်မကောင်းပါဘူးဗျာ၊ ဇာတ်စကားတွေကို သုံးလေးခွန်းလောက်ပြောလိုက် တစ်ခါမှားလိုက်၊ အရှေ့ကနေပြန်တိုက်လိုက်နဲ့ လိုရင်းကိုမရောက်ပါဘူး၊ ကျုပ်အနားကို ဦးဘသာကြီးရောက်လာတယ်ဗျ။
“မှိုင်မှာပေါ့ဗျာ၊ သူတို့ချည်းကြည့်ရတာ ပျင်းတာကိုး၊ နောက်ပြီး သူတို့က ကျုပ်ကိုပြဇတ်ထဲလည်း မပါခိုင်းသလို၊ အငြိမ့်ထဲလည်း မပါခိုင်းဘူးလေ”
“အောင်မယ်၊ မင်းက ပါချင်လို့လား”
ကျုပ်လည်း သွားကြီးဖြဲလိုက်ပြီး
“ဟီး ဟီး ပါချင်တာပေါ့ဗျ၊ ကျုပ်လည်းလူကြည့်ခံချင်တာပေါ့”
ဦးဘသာက ကျုပ်ကိုပြုံးပြီးကြည့်နေတယ်ဗျ။
“မင်းက လူရှေ့မျက်နှာပြရဲတာကျလို့ကွာ၊ တော်ကြာ ကြည့်တဲ့လူတွေက မင်းရုပ်ကိုမြင်ပြီး ခဲနဲ့ဝိုင်းထုလို့ ပွဲပျက်နေပါအုံးမယ်”
“အိုဗျာ၊ ကျုပ်ထက်ရုပ်ဆိုးတဲ့ လူမိုက်ဦးဗိုက်ကြီးတောင်မှ သားသတ်သမားနေရာကနေပြီး ပါရတယ်မဟုတ်လား”
“ဒါကတော့ သူ့ဇာတ်ကောင်နဲ့သူ့နေရာနဲ့ အံကိုက်ဖြစ်နေတာကိုးကွ”
ကျုပ်လည်း သက်ပြင်းချည်းချနေမိတော့တာ၊ အမှန်တော့ ကျုပ်က သူကြီးသား၊ သူကြီးလက်ထောက်ဗျ၊ ဒီပွဲက ကျုပ်တို့ရွာတင်လုပ်တယ်ဆိုပေမယ့် ပွဲငတ်နေတဲ့ အနားကရွာတွေကလည်း လာကြမယ့်ပွဲလေ၊ လူတွေစုံတုန်း ကျုပ်လည်း တစ်ခုခုတော့ လုပ်ပြချင်သေးတာပေါ့ဗျာ။ နောက်တော့ ဦးဘသာကြီးက ကျုပ်ကိုသနားသွားတယ်ထင်ပါရဲ့ဗျာ။
“အေးပါကွာ၊ မင်းပြချင်တယ်ဆိုရင် မျက်လှည့်ပြမလား”
“အိုဗျာ၊ ကျုပ်က မျက်လှည့်မှမတတ်တာ”
“မင်းကလည်းကွာ၊ မင်းပြချင်တယ်ဆိုရင် ငါဖြစ်အောင်လုပ်ပေးမှာပေါ့ကွ၊ ငါတစ်ယောက်လုံးရှိပါတယ်”
ဦးဘသာကြီးပြောတော့ ကျုပ်လည်းအားတက်သွားတယ်ဗျ၊ ဦးဘသာဆိုတာ ရွာမှာ ကာလသားတွေတောင်းဆိုတိုင်း မျက်လှည့်ပြနေကျမဟုတ်လား၊ ပြီးတော့ သူရှိတယ်ဆိုရင် ကျုပ်လည်းယုံပါတယ်။
“တကယ်ပြောတာလားဦးဘသာ၊ ဒီပွဲက မှားလို့မရဘူးနော်၊ ကျုပ်တို့ရွာက အပျိုတွေရော၊ တန်းမြင့်တို့၊ ပေတောတို့၊ နောက်ပြီး ဟိုးဒွေးချောင်း၊ မှော်တောရွာဘက်က အပျိုတွေပါ လာကြည့်မယ့်ပွဲမို့လို့ မှားလို့မရဘူးနော်”
“စိတ်ချပါကွမင်းကလည်း၊ ဒီမှာမှတ်ထား မင်းကို တို့ရွာက အပျိုတွေတင်မကဘူး၊ အဲဒီပွဲကိုလာတဲ့ အပျိုတွေအားလုံး အထင်ကြီးအားကျပြီးတော့ မျက်လှည့်ဆရာကြီးဆိုပြီးတစ်ခါတည်း မှတ်မိသွားစေရမယ်”
ဦးဘသာပြောတော့ ကျုပ်လည်းပြုံးလိုက်မိတယ်ဗျ၊ အင်းလေ၊ မျက်လှည့်ဆိုတာ လွယ်တာမှတ်လို့၊ ကျုပ်သာ မျက်လှည့်သုံးလေးကွက်ပြလိုက်တာနဲ့ အပျိုတွေအကုန် ကျုပ်ဆီဝိုင်းလာကြမှာ၊ ခင်ဗျားတို့သိတယ်မဟုတ်လား၊ မိန်းကလေးတွေက ဒါမျိုးကျတော့ ဝါသနာပါတယ်လေဗျ။
“ဒါဆိုလည်း ပြမယ်ဗျာ”
“အေးပါ၊ မင်းသာ ပြခွင့်ရအောင်လုပ်စမ်း၊ မျက်လှည့်ပြကွက်ကတော့ ငါ့တာဝန်ထားလိုက်”
ကြိုက်ပြီလေဗျာ၊ ဒါနဲ့ကျုပ်လည်း ပွဲစီစဉ်တဲ့ ကာလသားခေါင်းဆီကို ချင်းကပ်ခဲ့တာပေါ့ဗျာ၊ အဲဒီအချိန်က ကာလသားခေါင်းနာမည်က ကိုထွန်းခင်တဲ့ဗျ၊ ဂင်တိုတို ဗလတောင့်တောင့်နဲ့ ကာလသားတစ်ယောက်ပေါ့ဗျာ၊ ကျုပ်လည်း ကိုထွန်းခင်အနားကို တိုးကပ်သွားတာပေါ့။
“ကိုထွန်းခင် ညကျရင် ကျုပ်လည်း မျက်လှည့်ပြချင်တယ်”
“ဟာ၊ ဟေ့ကောင်ရ ပြဖို့က အစီအစဉ်တွေပြည့်နေပြီကွ”
“သိပ်မလိုပါဘူးဗျာ၊ ဆယ့်ငါးမိနစ်လောက် ကြားညှပ်ထည့်ပေးစမ်းပါ”
“မထည့်ပေးဘူးကွာ၊ ဇာတ်ပွဲက မိုးလင်းပေါက်ကမှာ မဟုတ်ဘူးကွ၊ တအားမိုးချုပ်သွားလိမ့်မယ်”
ကျုပ်လည်း ကိုထွန်းခင်ကို ဘုကြည့်ကြည့်ပြီး လက်ညှိုးထိုးလိုက်တယ်။
“ခင်ဗျားတကယ်မထည့်ပေးဘူးပေါ့”
“အေး၊ မထည့်ပေးနိုင်ဘူးကွာ”
“ဒါဆိုရင်လည်းရတယ်လေ၊ ခင်ဗျားတို့ ကာလသားတွေ ဆီမီးတစ်ထောင်ထွန်းမယ်ဆိုပြီး ဦးသာဒွန်းဆီအလှူခံရင်း အရက်ဖိုးပါ အလှူခံခဲ့တာကို ကျုပ်မသိဘူးမှတ်နေလား၊ ကျုပ်အဖေ့ကိုတိုင်လိုက်ရမလား”
ကျုပ်ကလည်း သူတို့ပျော့ကွက်ကိုသိပြီးသားပဲလေ၊ ချက်ချင်းပဲ ကိုထွန်းခင်ကြီး မျက်နှာကြီးဖြီးလာတယ်ဗျ။
“ဒါ . . ဒါတော့မလုပ်ပါနဲ့ကွာ၊ မင်းကလည်း အချင်းချင်းတွေကို”
“ဒါဆိုလည်း အပျိုတော်ယိမ်းပြီးရင် ကျုပ်မျက်လှည့်ပြဖို့ ဆယ့်ငါးမိနစ်ထည့်ပေးဗျာ”
“အလတ်ကောင်ရ၊ ဆယ့်ငါးမိနစ်ကျ များလွန်းတယ်ကွ၊ ဒီလိုလုပ်ကွာ ဆယ်မိနစ်ထည့်ပေးမယ်ဟုတ်ပြီလား၊ မင်းကျေနပ်တော့နော်”
ကျုပ်လည်း ခေါင်းညိတ်လိုက်ရတာပေါ့ဗျာ၊ ကဲ၊ အခုဆိုရင် ပြဖို့အချိန်လည်းရပြီ၊ ပြပေးမယ့် လူလည်းရှိနေပြီဆိုတော့ ကျုပ်အတွက် အဝတ်အစားပဲလိုတော့တာ၊ မျက်လှည့်ပြမယ်ဆိုတော့ ပုဆိုးနဲ့ စွပ်ကျယ်နဲ့ တက်ပြလို့မရဘူးလေဗျာ၊ ဒီတော့ အိမ်ကိုပြန်ပြေးရတာပေါ့ဗျာ၊ ဘောင်းဘီနဲ့ ရှပ်အင်္ကsDလေးဘာလေးနဲ့မှ မိုက်မှာမဟုတ်လား။
အိမ်ရောက်တာနဲ့အဖေ့ဘီဒိုကို သွားမွှေပါရောဗျာ၊ ကျုပ်ဆီမှာ အဝတ်ဆိုလို့ လေးငါးစုံပဲရှိတာ၊ အဲဒီလေးငါးစုံကလည်း ကိုယ်တိုင်ရက်ထားတဲ့ပုဆိုးနဲ့ ရှပ်အင်္ကျီတွေချည်းပဲကိုး၊ အဖေ့ဆီမှာကတော့ ဟိုလူကန်တော့ ဒီလူကန်တော့နဲ့ဆိုတော့ ရှပ်အကျီလေးဘာလေးရှိတာကိုး၊ ကျုပ်မွှေနေတုန်း ကျုပ်အမေရောက်လာပြီးတော့ ကျုပ်ခေါင်းကို တိန်ခနဲခေါက်တယ်။
“ဟဲ့ ငါမီးထိုးထားပြီးသား အဝတ်အစားတွေကို နင်ဘာလာဖွတာလဲ”
မီးပူတိုက်တာကို မီးထိုးတယ်လို့ခေါ်တာဗျ၊
“ဟိုလေ၊ အဖေ့ဆီမှာ ဘောင်းဘီတစ်ထည်ရှိတယ်မဟုတ်လား”
“အေးရှိတယ်၊ မော်လမြိုင်မှာ မှောင်ခိုလုပ်နေတဲ့ နင့်ဦးလေးကန်တော့ထားတာ အဲဒါဘာဖြစ်လဲ”
“ကျုပ်ဒီည မျက်လှည့်ပြမလို့အမေရ၊ အဲဒါ ဝတ်စုံလိုတယ်”
အမေက ကျုပ်ကိုမယုံနိုင်သလိုမျိုး စိမ်းစိမ်းကြီးကြည့်တယ်။ နောက်တော့ ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ ]ဟက်ဟက်ပက်ပက်ရယ်တယ်၊ သူရယ်တာက လှောင်ရယ်တဲ့ပုံမျိုးဗျ။
“အောင်မယ်လေးအလတ်ကောင်ရာ၊ နင်က . . နင်က လူပုံကြားထဲမှာ မျက်လှည့်ပြအုံးမလို့တဲ့လား၊ ဟား . . ဟား”
ကျုပ်လည်းစိတ်တိုတာပေါ့ဗျာ၊ ဘယ်နှယ့်၊ ကျုပ်ဆိုရင် ကိုယ့်မိသားစုကတောင် အားမပေးဘူးမဟုတ်လား။
“တကယ်ပါဆိုအမေရာ ကိုထွန်းခင်ဆီကတောင် အချိန်တောင်းလာပြီးပြီ၊ အပျိုတော်ကပြီးရင် ကျုပ်မျက်လှည့်ဆယ်မိနစ်ပြမယ်၊ ကျုပ်မှာ မျက်လှည့်ပြနည်းတွေလည်း လေ့ကျင့်ပြီးပြီ”
“ဟဲ့ အငယ်မတို့၊ နင့်အကိုလတ်က ညကျတော့ လူကြားထဲမျက်လှည့်ပြမလို့တဲ့”
အမေအော်လိုက်တော့ အိမ်အောက်က အငယ်မနဲ့ နို့ညှာမက တက်လာပြီး ကျုပ်ကိုလှောင်ရယ်ကြတယ်ဗျာ၊ အိမ်ခန်းထဲက အကိုကြီးနဲ့ မရီးကလည်းထွက်လာပြီး ကျုပ်ကိုရယ်ကျဲကျဲနဲ့ကြည့်နေတာ၊ မရီးချီထားတဲ့ ကျုပ်တူမကလည်း ကျုပ်ကိုကြည့်ပြီး ရယ်နေပြန်ရော၊ ကျုပ်ဖြင့် ဒေါသထွက်လိုက်တာ သေတော့မယ်။
“အမေတို့က ဒီအတိုင်းပဲ၊ ဘယ်တော့မှ ကိုယ့်သားသမီးကို အားပေးအားမြှောက်လုပ်တာမရှိဘူး၊ အားအားရှိ လှောင်နေ၊ ရယ်နေတော့တာပဲ”
“အောင်မယ်၊ ဒါဖြင့်ရင်လည်း နင့်မျက်လှည့်ကို ငါတို့ကိုတစ်ကွက်ပြကြည့်စမ်းပါ၊ ငါတို့ကြည့်ချင်လို့”
ကျုပ်တိုင်ပတ်ပြီ၊ မျက်လှည့်ကို သူများအားကိုးနဲ့ပြမယ်လို့လုပ်ထားတာ၊ ကျုပ်ကိုင်တိုင်ကျတော့ ဘာမှမတတ်ဘူးလေ၊ ဒါပေမယ့် ဟန်ကိုယ့်ဖို့တော့ လုပ်ရတာပေါ့။
“အိုဗျာ၊ အမေတို့ကလည်း မျက်လှည့်ဆိုတာ လူရှေ့သူရှေ့မှ ပြကောင်းတာ၊ အမေတို့ကြည့်ချင်ရင် ညမှကြည့်၊ အခုတော့ မျက်လှည့်ပြဖို့အတွက် ဘောင်းဘီနဲ့ ရှပ်အကျီနဲ့လိုတယ်၊ အဖေ့ဟာတွေ ယူဝတ်မယ်”
အမေတို့က ကျုပ်အတည်ပြောနေမှန်းသိတော့ သိပ်ပြီးအံ့ဩသွားတာဗျာ၊ ဒီတစ်ခါတော့ ကျုပ်ကိုအထင်ကြီး အံ့ဩတဲ့အကြည့်နဲ့ကြည့်တာ။
“အေးအေး၊ နင့်အဖေဘောင်းဘီက ခါးကျယ်နေတယ်ဟ၊ ငါလည်း ဘောင်းဘီပြင်မယ်ဆိုပြီး မြိုင်သာမရောက်လို့ မပြင်ဖြစ်ပါဘူး”
အမေက အဖေ့တိုက်ပုံတွေအောက်ဆုံးကနေ ဘောင်းဘီအနက်တစ်ထည်ကို ယူပေးတယ်ဗျ၊ ကျုပ်လည်း ဘောင်းဘီကောက်စွပ်လိုက်တာပေါ့ဗျာ၊ ဟုတ်လည်းဟုတ်တယ်၊ ဘောင်းဘီက ခါးကအတော်ကြီးတာ၊ အဖေ့လို ဗိုက်ရွှဲရွှဲနဲ့လူတောင် ခါးမတော်ဘူးဆိုရင် ကျုပ်လို ဗိုက်ချပ်ပြီးပြားကပ်နေတဲ့ကောင်က ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးသာကြည့်တော့ဗျာ။
ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ၊ တစ်အိမ်လုံးမှာမှ ဘောင်းဘီရှည်က ဒီတစ်ထည်ထဲရှိတာဆိုတော့ ဒီဘောင်းဘီကိုပဲ ဖြစ်အောင်လုပ်ဝတ်ရမှာပေါ့၊ ချုပ်ဖို့ သီဖို့ကလည်း အချိန်မမီတော့ဘူးဗျ၊ ဒါနဲ့ အမေ့ရဲ့တွယ်ချိတ်တွေနဲ့ ဘောင်းဘီအနောက်ကို တွယ်လိုက်ရတာပေါ့ဗျာ၊ ချိတ်တွယ်လိုက်တော့မဆိုးဘူးဗျ၊ ခါးတော်သွားပေမယ့် ဘောင်းဘီအသားတွေက ပွယောင်းယောင်းနဲ့၊ မသိရင် စတိုင်ဘောင်းဘီဝတ်ထားတာ ရှမ်းဘောင်းဘီကြီးကျနေတာပဲ။
နောက်တော့ အင်္ကျီကိုလည်း အဲဒီဦးလေးကန်တော့ထားတဲ့ ဖောရိန်းရှပ်အင်္ကsDလက်ရှည်ကို ဝတ်လိုက်တာပေါ့ဗျာ၊ အဲဒီအင်္ကျီကလည်း အကြီးကြီးနဲ့ ပွပွကြီးဗျ၊ ခါးကလည်းရှည်လိုက်တာ အောက်က ဘောင်းဘီမဝတ်ရင်တောင်မှ အရှက်လုံတယ်ဗျို့၊ နိုင်ငံခြားကလူတွေက ဘီလူးကြီးတွေလို အကြီးကြီးတွေလားတော့ မသိပါဘူးဗျာ၊ ဒါပေမယ့် ဒါလည်းဘယ်ရမလဲဗျ၊ လက်ကိုခေါက်ပြီး အင်္ကျီအောက်အနားစကို ဘောင်းဘီထဲထည့်ဝတ်လိုက်တော့ ကြည့်ရသိပ်မဆိုးပါဘူးဗျ၊ အပေါ်က ရှပ်အင်္ကျီအနက်၊ အောက်ကလည်း ဘောင်းဘီအနက်နဲ့ဆိုတော့ မျက်လှည့်ဆရာတွေနဲ့တူသွားတာပေါ့ဗျာ၊ ခက်တာက ဦးထုပ်ဗျ၊ မျက်လှည့်ပွဲဆိုရင် ဦးထုပ်ထဲကနေ ယုန်တွေ၊ ငှက်တွေထုတ်ပြတာမဟုတ်လား၊ အခုကျုပ်မှာ ဦးထုပ်မရှိတော့ ဂွကျပြီ၊ တော်သေးတာက အကိုကြီးက သူ့ရဲ့ဝါးဖက်ဦးထုပ်အသစ်ကလေးထုတ်ပေးတယ်ဗျ ဝါးဖက်ဦးထုပ်ဆိုတာ ဆိုက်ကားသမားတွေဆောင်းလေ့ရှိတဲ့ ဦးထုပ်လေးပေါ့ဗျာ၊ မရှိတာထက်စာရင် ဒါပဲဆောင်းရတာပေါ့။
(၄)
ညနေရောက်ကတည်းက ရွာကိုလူတွေရောက်လာကြပြီဗျ၊ ဦးသာဒွန်းတို့ စတုဒိသာမဏ္ဍာပ်မှ ထမင်းနဲ့ ကြာဇံဟင်း၊ ဘာလချောင်ကြော်နဲ့ ကြက်သွန်ချဉ်သုပ်တွေကျွေးနေတာဆိုတော့ လာသမျှလူတွေ ဗိုက်ကားအောင်စားကြတာပေါ့ဗျာ၊ စားပြီးတဲ့လူတွေကတော့ ကျုပ်တို့ကပြမယ့် ပွဲခင်းထဲမှာ နေရာဦးထားကြတယ်၊ ဘာမှတော့ မပြသေးပေမယ့် အဲဒီခေတ်က နာမည်ကြီးတဲ့ တွံတေးသိန်းတန်သီချင်းတွေ ဖွင့်ထားတာဆိုတော့ သီချင်းနားထောင်နေကြတာပေါ့ဗျာ။
ကျုပ်လည်းတော်တော်စိတ်လှုပ်ရှာနေပြီဗျ၊ ဒီကြားထဲဦးဘသာကြီးကို ပွဲခင်းထဲရှာမတွေ့ဘူး၊ ဗိုက်ဆာဆာနဲ့ စတုဒိသာသွားစားနေသလားမသိပါဘူးဗျာ၊ ညနေခုနစ်နာရီထိုးတော့ ပွဲကခင်းတော့မယ်၊ ဒီတော့မယ် ဦးဘသာကြီးပေါ်လာတယ်ဗျ။ ကျုပ်လည်း သူ့ကိုစင်အနောက်ကိုဆွဲခေါ်လာခဲ့တာပေါ့။
“ဦးဘသာ၊ ပွဲက စတော့မယ်၊ ကျုပ်ဘာပြရမလဲ”
“အိုကွာ၊ လွယ်တာပဲပြမယ်၊ မီးစားပြရမယ်”
“ဘာ၊ မီး . . . မီးစားရမယ်”
“အေးပါကွာ၊ လွယ်ပါတယ်၊ ပြီးတော့ ဓါးနဲ့ခုတ်ပြမယ်ကွာ”
ဦးဘသာက အေးအေးဆေးဆေးပြောနေပေမယ့် ကျုပ်က ခေါင်းကျိန်းနေပြီဗျ။ သူလုပ်ပြမယ့်ဟာတွေကလည်း တစ်ခုမှ ပုံမလာဘူးလေ၊ မတော်လို့ တစ်ခုခုသာလွဲချော်ခဲ့ရင် ကျုပ်သေမှာ။
“နောက်ဆုံးကတော့ မိုးပေါ်ပျံပြမယ်ကွာ”
“ဗျာ . . . မိုးပေါ်ပျံမယ် ဟုတ်သလား”
“အေးပေါ့ကွာ၊ အဲဒီပြကွက်ကတော့ အပိုင်ပဲဟေ့၊ မင်းသာ မိုးပေါ်ပျံပြလိုက်ရင် မင်းနဲ့မိုးပေါ်ပျံချင်တဲ့ မိန်းကလေးတွေဆိုတာ တန်းစီနေမှာပဲ”
“ဒါ . . ဒါနဲ့ ဦးဘသာ၊ ဦးဘသာကြီးကို ကျုပ်ယုံကြည်မယ်နော်”
“အေးဆေးပါကွ၊ ငါဇာတ်စင်အနောက်မှာရှိနေမယ်၊ မင်းသာ ငါပြောတဲ့အတိုင်း တစ်သွေမတိမ်းလုပ်၊ ဟုတ်ပြီလား”
ကျုပ်ခေါင်းညိတ်လိုက်တဲ့အချိန်မှာပဲ ဆိုင်းအဖွဲ့က စတီးပါပြီဗျာ၊ မြိုင်မြိုင်ဆိုင်ဆိုင်မြူးမြူးကြွကြွတီးလိုက်တော့ ပရိသတ်တွေက ဝေါခနဲလက်ခုပ်တီးပြီး အားပေးတာဗျ၊ မကြည်နဲ့ အပျိုတစ်သိုက် စင်ပေါ်တက်သွားကြပါရော၊ အနီနဲ့အဖြူဝတ်စုံတွေကို ချုပ်ထားတာဗျ၊ အဲဒါနဲ့စင်ပေါ်မှာ ကကြတော့တာပဲ၊ မကြည်က စပြီးတော့ ကလိုက်တာမှ ညီလို့ဗျ၊ အောက်ကလူတွေဆို လက်ခုပ်တွေတီး၊ လက်ခေါက်တွေမှုတ်ပြီး အားပေးကြတော့တာ။ ကျုပ်တော့ သူတို့ကတာကိုကြည့်ရင်း စိတ်ထဲတစ်မျိုးကြီးပဲဗျ၊ ဒါနဲ့ ဦးဘသာကြီးအနားကိုကပ်လိုက်တယ်။
“သူတို့ကတာ တစ်မျိုးပဲဦးဘသာ၊ မသိရင် နေ့လည်ကလို သိုက်နန်းရှင်တွေ ဝင်ပြီးပူးကပ်နေသလိုပဲနော်”
“အေးလေ၊ သိုက်နန်းရှင် ညီအမခုနစ်ဖော် ဝင်ကပ်ပြီးတော့ ကနေတာကွ”
“ဒါ . . . ဒါဆိုရင် ကတိပေးလိုက်တယ်ဆိုတာကရော”
“အကတိုက်နေတဲ့အချိန်မှာ ဝင်မပျော်ပါနဲ့၊ ညနေ အကပြတဲ့အချိန်မှာပဲ ပျော်ပါလို့ ကတိတောင်းထားလို့ပေါ့ကွာ၊ ဟား၊ ဟား”
ကြည့်စမ်းဗျာ၊ ကနေလိုက်ကြတာ၊ မမောနိုင်မပန်းနိုင်နဲ့ဗျို့ နောက်တော့ ဆိုင်းရပ်သွားတော့မှ သူတို့တွေအကုန်လုံး အိပ်ရာက နိုးလာသလိုဖြစ်နေကြတာ၊ ပရိသတ်လက်ခုပ်တီးတော့မှ မကြည်က လက်အုပ်ချီပြီးတော့ ကန်တော့ပြီး စင်ပေါ်ကပြန်ဆင်းလာတာပေါ့။ ကိုထွန်းခင်က တိုက်ပုံကြီးဝတ်ပြီးတော့ ဘန်ကောက်ပုဆိုးကြီးနဲ့ စင်ပေါ်တက်လာတယ်။
“အခုတစ်ခါအလှည့်ကျမှာကတော့ ဇီးကုန်းရွာက မျက်လှည့်အကျော်အမော် မျက်လှည့်ရာဇာ အလတ်ကောင်ရဲ့ မျက်လှည့်အစီအစဉ်ပါ”
အောက်ကလူတွေဆိုတာ လက်ခုပ်တွေတီးလိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ ကျုပ်ဖြင့် စင်ပေါ်ကိုတက်ရမှာတောင် ဒူးတွေတုန်လာတယ်၊ ကြည့်တဲ့သူတွေကလည်း ကတာခုန်တာထက် မျက်လှည့်ဆိုတော့ ပိုပြီးစိတ်လှုပ်ရှားတာပေါ့ဗျာ။
“ဟေ့ကောင် ရော့၊ ဒီကွမ်းကိုဝါးထားလိုက်၊ ပြီးရင် မီးတုတ်တွေယူသွား၊ မီးတုတ်တွေကို ပါးစပ်ထဲကို ထည့်ပြီး စားသာစားပြကွာ၊ မင်းဘာမှမဖြစ်စေရဘူး ဟုတ်ပြီလား”
ဦးဘသာပေးတဲ့ကွမ်းကိုဝါးလိုက်တော့ ကျုပ်ခေါင်းထဲတစ်မျိုးကြီးဖြစ်သွားတာဗျ၊ နောက်တော့ ကျုပ်လည်းစင်ပေါ်ကိုပြေးတက်လိုက်တာပေါ့ဗျာ၊ အနက်ရောင်ဝတ်စုံနဲ့ အပေါ်က ခမောက်ဆောင်းထားတဲ့ကျုပ်ကိုမြင်တော့ အောက်ကလူတွေက လက်ခုပ်တီးလိုက်တာဗျာ၊ အဖေဆိုအရှေ့ဆုံးတန်းကနေ ကျုပ်ကိုတအံ့တဩနဲ့ကြည့်နေတော့တာ၊ အဖေက မနက်ကတည်းက အလှူအတွက် ဦးသာဒွန်းတို့ဆီမှာ စကားပြောလိုက် တိုင်ပင်လိုက်နဲ့ဆိုတော့ အိမ်မှာဘာဖြစ်နေမှန်းမသိဘူးလေ။ ကျုပ်စင်ပေါ်ရောက်တော့ လက်ခုပ်လက်ဝါးတီးကြတာဗျာ၊ လူတွေကလည်း စင်ပေါ်ကနေလှမ်းကြည့်တော့ ခဲခဲလှုပ်ပဲဗျို့၊ ကျုပ်တို့စီစဉ်ထားတဲ့ ကွင်းကြီးကိုတောင်ပြည့်နေတဲ့အပြင် ကွင်းစပ်က သစ်ပင်တွေပေါ်မှာပါ လူတွေပြုံခဲနေအောင်တက်ပြီးကြည့်နေကြတာ၊ ကျုပ်ဖြင့်လူတွေကြည့်ပြီး ဒူးတွေတုန်နေပြီ၊ စင်ပေါ်က ဆင်းပြေးချင်နေပြီဗျ။
“ဟေ့ကောင်၊ ဆက်လုပ်ကွ”
ဦးဘသာက ကျုပ်ကိုကြည့်ပြီး လှမ်းပြောလိုက်မှ ကျုပ်လည်း မီးတုတ်နှစ်ခုကိုင်ပြီး ငေါင်ငေါင်ကြီးဖြစ်နေတာ၊ တော်သေးတာက ကိုထွန်းခင်က ပွဲထိန်းတတ်တယ်ဗျ၊
“အခုပြမယ့် ပြကွက်ကတော့ မီးစားပြမှာပဲဖြစ်ပါတယ်”
ကျုပ်လက်ထဲက မီးတုတ်တွေကို အကိုထွန်းခင်က လှမ်းယူတယ်ဗျ၊ ပြီးတော့ ကျုပ်အနားကိုကပ်ပြီး
“ဟေ့ကောင်၊ ဆယ်မိနစ်ပဲနော်၊ မြန်မြန်လုပ်”
အဲဒီလိုပြောပြီး ကျုပ်လက်ထဲက မီးတုတ်တွေကို ဖယောင်းတိုင်တစ်ချောင်းနဲ့ မီးညှိပေးလိုက်ပါရောဗျာ၊ ကျုပ်လည်း မီးတုတ်နှစ်ခုကို ဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်ထားတယ်ဗျ၊ ကြောင်တောင်တောင်နဲ့ အောက်ကိုကြည့်လိုက်တော့ အောက်ကလူတွေက ခေါင်းလေးတွေမော့ပြီး ကျုပ်ကိုကြည့်နေတာဗျ၊ အဖေတို့ အမေတို့ဆို တအံ့တဩပေါ့ဗျာ၊ ဒီအချိန် ဆိုင်းဆရာက ဒိန်းတပ်တပ်ဆိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တီးကွက်မျိုးတီးပေးပါရော၊ ကျုပ်လည်း မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ပါးစပ်ကိုပြဲနေအောင်ဟပြီးတော့ ညာဖက်လက်က မီးတုတ်ကို ပါးစပ်ထဲကို ထိုးထည့်လိုက်တယ်ဗျ။
“ရှဲ . . . “
မီးတုတ်က ပါးစပ်ထဲဝင်သွားပြီးတော့ ရှဲခနဲအော်တယ်ဗျာ၊ ကျုပ်ဖြင့် ကြောက်နေတာ၊ ဒါပေမယ့် ထူးဆန်းတယ်ဗျ၊ ကျုပ်ပါးစပ်ထဲ လုံး၀ကိုမပူတာ၊ ကျုပ်လည်း ဘယ်ဖက်က မီးတုတ်ကို လျှာနဲ့လျက်ထည့်လိုက်တယ်။
“ရှဲ . . .”
အောက်ကလူတွေဆိုဗျာ၊ တအားကိုအံ့ဩပြီးတော့ လက်ခုပ်တွေတီးကုန်ကြတာ၊ ကျုပ်လည်း အားတက်လာပြီးတော့ မီးတုတ်တွေကို လျှာနဲ့လျက်လိုက်၊ ပါးစပ်ထဲထည့်ပြီး စားလိုက်နဲ့လုပ်နေတာပေါ့၊ တစ်ခါကျတော့ ကျုပ်မီးတုတ်နှစ်ချောင်းပူးပြီး ပါးစပ်ထဲထည့်မယ်အလုပ်မှာ လေတစ်ချက်ဝှေ့ပြီး ကျုပ်မျက်နှာကိုမီးဟပ်သွားတာပေါ့ဗျာ၊ နောက်တော့ မီးခိုးတွေဘာတွေထွက်လာတယ်၊ ကျုပ်လည်း မီးတုတ်နှစ်ချောင်းကိုင်ပြီးတော့ ဟန်ရေးပြနေတာပေါ့။
“ဗျို့၊ မျက်လှည့်ဆရာကြီး ဦးထုပ်မီးလောင်နေပြီဗျို့”
အောက်ကအော်တော့မှ ကျုပ်လည်း မော့ကြည့်လိုက်တော့ ကျုပ်အကိုပေးတဲ့ ဝါးဖက်ခမောက်အရှေ့ခြမ်းကို မီးတွေစွဲပြီးလောင်နေတာဗျ၊ မီးခိုးတွေကို အူလို့ဗျာ၊ ကျုပ်လည်း မီးတုတ်နှစ်ခုကို စင်ပေါ်ပစ်ချလိုက်ပြီးတော့ ခေါင်းပေါ်က ခမောက်ကိုဆွဲချွတ်ပြီး စင်အောက်ကိုပစ်ချထည့်လိုက်ပါရော၊ အဲ ခမောက်က လေဝေ့ပြီးတော့ ရှေ့ဆုံးတန်းမှာ ထိုင်နေကျတဲ့ လူကြီးတွေအနားကိုသွားကျတော့ လူကြီးတွေမှ ထပြီးပြေးကြတာဗျာ၊ ပုဆိုးကျွတ်တဲ့သူက ကျွတ်နဲ့၊ စင်ပေါ်က မီးတုတ်နှစ်ခုလည်း စင်ကိုစွဲတော့ ကိုထွန်းခင်တို့ ကာလသားတွေစင်ပေါ်တက်လာပြီးတော့ မီးတုတ်ကိုခြေထောက်နဲ့နင်းပြီး သတ်ကြရပါရောဗျာ၊ ပွဲကြည့်တဲ့သူတွေဆို ရယ်လိုက်ကြတာ ခွက်ခွက်လန်ပါပဲ၊ ကျုပ်လည်း ရှက်ရှက်နဲ့ စင်နောက်ကိုပြေးခဲ့တယ်၊ ကိုထွန်းခင်က ကျုပ်အနားကပ်လာတယ်။
“ဟေ့ကောင် အချိန်မရှိတော့ဘူး ငါးမိနစ်လောက်ပဲရမယ်”
“ဦးဘသာရေ ငါးမိနစ်လောက်ပဲရမယ်တဲ့ဗျ”
ဦးဘသာက ကွမ်းတစ်ယာကိုမြန်မြန်ယာပြီးတော့
“ရော့၊ ဒီကွမ်းကိုဝါးထားလိုက်၊ ပြီးတော့ မင်းကိုယ်မင်းပျံနေပြီလို့ သဘောထားလိုက်ကွာ တဖြည်းဖြည်းချင်း ပျံသွားလိမ့်မယ်၊ အေး ၊ ငါတစ်ခုတော့မှာမယ်နော်၊ ကွမ်းကိုမြိုမချနဲ့”
ဦးဘသာနဲ့ပြောလို့တောင်မဆုံးသေးဘူး၊ ကိုထွန်းခင်က ကျုပ်ကိုဆွဲပြီးတော့ စင်ပေါ်ကို တွန်းတင်လိုက်ပါရော။
“ဒီတစ်ခါပြမယ့် ပြကွက်ကတော့ မိုးပေါ်ပျံပြမှာပဲဖြစ်ပါတယ်ခင်ဗျာ”
ပရိသတ်က လက်ခုပ်တွေတီးပြန်ရောဗျို့၊ ကျုပ်လည်း ကွမ်းကိုဝါးနေရင်း ဦးဘသာပြောသလိုမျိုး ပျံနေပြီလို့ တွေးလိုက်မိတာ၊ ဘယ်လိုဖြစ်သွားသလဲမသိဘူးဗျာ၊ ကျုပ်တစ်ကိုယ်လုံးပေါ့ပါးလာပြီးတော့ လေတွေလည်းတိုက်လာသလိုပဲဗျ၊ ကျုပ်ထူးဆန်းနေတုန်းမှာပဲ ကျုပ်ခြေထောက်တွေက လေပေါ်ကို တစ်မိုက်လောက်မြင့်တက်သွားတာ၊ အားလုံးအံ့ဩပြီး ငြိမ်ကျသွားတာဗျာ၊ ကျုပ်လည်းဆက်ပြီးတွေးနေုတုန်း လေပေါ်ကို တစ်လံလောက်မြင့်တက်သွားပါရော၊ ကိုထွန်းခင်တောင်မှ မိုက်ခွက်ကြီးကိုင်ပြီး ကျုပ်ကိုအံ့ဩပြီးကြည့်နေတာ၊ နောက်တော့မှ သတိဝင်ပြီးတော့
“ရှင်းပါတယ်ခင်ဗျာ၊ အပေါ်မှာလည်း ကောင်းကင်အလွတ်ကြီးပါ၊ ကြိုးဆွဲတာ ဘာညာ ဘာမှမရှိပါဘူးခင်ဗျာ”
လူတွေဆို လက်ခုပ်တီးလိုက်ကြတာဗျာ၊ ကျုပ်လည်း ပျံရင်း ငှက်လိုအတောင်ပံခတ်ပြနေတာ၊ ဒါနဲ့ လူတစ်ရပ်လောက် မြင့်တက်သွားရောဗျို့၊ အောက်ကလူတွေကိုကြည့်ပြီး ကျုပ်လည်း စိတ်အားတွေတက်ကြွလာတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ခေါင်းထဲကို အတွေးတစ်ခုက ဝင်လာတာဗျ၊ အပေါ်တက်သွားတာတော့ ဟုတ်ပါပြီ အောက်ကိုဘယ်လိုပြန်ဆင်းမလဲပေါ့ဗျာ၊ ဒီအတိုင်းဆက်သွားရင် ကျုပ် ဟိုးမိုးပေါ်ရောက်သွားရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။ ကျုပ်တွေးရင်း တံတွေးမြိုချလိုက်မိတယ်ဗျ၊ ကျုပ်လန့်သွားတော့ လွန်သွားပြီ တံတွေးမြိုရင်း ကွမ်းယာကိုပါ မြိုချလိုက်မိပြီဗျာ။
ဒီအချိန် ကျုပ်ကိုယ်ထဲကနေ လေတွေထွက်လာသလိုပဲဗျ၊ နားတွေ၊ နှာခေါင်းတွေ၊ နောက်ပြီးတော့ မွှေးညှင်းပေါက်တွေကနေ လေတွေတိုးထွက်လာသလိုပဲ၊ ကျုပ်ဝတ်ထားတဲ့ အင်္ကျီတွေဆိုရင်လည်း ပွဖောင်းကုန်ပါရောဗျာ၊ ပိုဆိုးတာက ကျုပ်ဝတ်ထားတဲ့ ဘောင်းဘီကို တွယ်ထားတဲ့ တွယ်ချိတ်တွေ ပြုတ်ထွက်သွားတယ်ဗျ၊ အင်္ကျီပွပွ ဘောင်းဘီပွပွဝတ်ထားတဲ့ကျုပ်က လေပေါ်မှာ ပူဖောင်းနေပြီး မသိရင် မိုးပျံပူဖောင်းကြီးလိုလို၊ မီးပုံးပျံကြီးလိုလိုဖြစ်နေပြီဗျ။ တွယ်ချိတ်တွေပြုတ်သွားတာဆိုတော့ ဘောင်းဘီကလည်း ကွင်းလုံးကျွတ်ပြီး ပွဲခင်းထဲကိုကျသွားတာပေါ့ဗျာ။ အောက်မှာ ဘောင်းဘီတိုလေး ပါလို့သာ တော်သေးတာပေါ့။
“ဟဲ့ကောင်မတွေ၊ နင့်လင်က ဘောင်းဘီကျွတ်နေပြီ လိုက်မကြည့်ကြနဲ့”
“အို အရီးကလည်း အောက်က ဘောင်းဘီကလေး ပါတယ်မဟုတ်လားတော့”
မိန်းကလေးတွေကြားထဲလည်း အုတ်အော်သောင်းနင်းဖြစ်သွားတော့တာပဲ။
“ဟ၊ လုပ်ကြပါအုံး ကျုပ်ကိုချပေးကြပါအုံး။ ကျုပ်ကိုအောက်ချပေးကြအုံး”
ကျုပ်အော်နေရင်းနဲ့ပဲ လေပေါ်တဖြည်းဖြည်းတက်သွားတာဗျ၊ ဝါးတစ်ပြန်လောက်ရောက်တော့ အပေါ်ကလေစီးကြောင်းနဲ့တွေ့ပြီး ကျုပ်လွင့်ထွက်သွားတော့တာပဲ၊ တဖြည်းဖြည်းနဲ့ ပူဖောင်းကြီးလို လွင့်သွားတဲ့ကျုပ်ကိုကြည့်ပြီး အောက်ကလူတွေက လက်ခုပ်ဩဘာတွေ တီးတော့တာပဲဗျာ၊ ကျုပ်ခပ်လှမ်းလှမ်းရောက်တော့ ကိုထွန်းခင်က ပြကွက်ပြီးဆုံးပြီဖြစ်ကြောင်းနဲ့ ပြဇာတ်တောင်သွင်းနေပြီဗျ၊ ဒါပေမယ့် လူတွေက ဇတ်စင်ပေါ်ကို မကြည့်ပါဘူးဗျာ၊ မိုးပေါ်ပျံတက်သွားတဲ့ကျုပ် ဘယ်အချိန်ပြန်ကျမလဲဆိုပြီး ကျုပ်နောက်ကိုပဲ လိုက်ကြည့်နေကြပါရော။
နောက်တော့မှ ဦးဘသာကြီး ပြေးလာတာကိုမြင်လိုက်တယ်ဗျ၊ သူကျုပ်ကိုလက်ညှိုးထိုးလိုက်တော့ ကျုပ်လည်း ဖြန်းခနဲတစ်ချက်ဖြစ်ပြီး အောက်ကိုပြုတ်ကျတာပါပဲ၊ ကံကောင်းတာက အောက်မှာ ကောက်ရိုးပုံကြီးရှိနေလို့သာ တော်သေးတာဗျ၊ မျက်လှည့်ဆရာဆင်းလာပြီဆိုပြီးတော့ လူတွေက ဝိုင်းလာပြီး ကျုပ်ကိုဆွဲကြ၊ အားပေးကြနဲ့၊ ကျုပ်ကတော့ ဘာမှမပြောနိုင်ဘဲ မျက်လုံးကြီးပြူးပြီးလိုက်ကြည့်နေတာ၊ ကျုပ်ဖြင့် ကြောက်လို့သေတော့မလားပဲဗျာ။ နောက်တော့မှ ပြကွက်အလွဲအချော်ဖြစ်သွားမှန်း သူတို့သိသွားတာဗျ၊
နောက်နေ့ရောက်တော့ အိမ်ရှေ့မှာလူစည်နေပြီဗျ။
“ဗျို့၊ မျက်လှည့်ဆရာကြီး ညကမီးပုံးပျံလိုလုပ်ပြသွားတာလေး ပြန်ကြည့်ချင်လို့ပါဗျို့”
“ဟုတ်တယ်၊ မီးပုံးပျံလိုလုပ်ပြတော့ ဘယ်နားကနေ မှိုင်းတိုက်သလဲဆိုတာ သိချင်ပါတယ်ဗျို့”
ကျုပ်လည်းရှက်ရှက်နဲ့ အိမ်ပေါ်ကမဆင်းဘဲ စောင်ကြီးခြုံထားလိုက်တယ်ဗျ၊ အဖေက အိမ်ပေါ်ကိုတက်လာပြီး ကျုပ်ကိုခါးထောက်ကြည့်တယ်။
“ဟေ့ကောင်၊ မင်းနောက်ဆို ငါ့သားလို့ မပြောနဲ့ကွာ”
ကျုပ်လည်း ရွာကအပျိုတွေတင်မဟုတ်ဘဲ ရွာနီးချုပ်စပ်က အပျိုတွေကြားထဲမှာပါ လေပေါ်ပျံရင်း ဘောင်းဘီကျွတ်ကျတဲ့ မျက်လှည့်ဆရာဆိုပြီး မသိတဲ့လူမရှိအောင်ကို ဖြစ်သွားတော့တာပါပဲ၊ ခုနောက်ပိုင်းအထိ မျက်နှာသိတစ်ချို့ဆို ကျုပ်ကိုမျက်လှည့်ဆရာကြီးဆိုပြီး နောက်ပြောင်ကြသေးတာဗျ၊ အကြောင်းမသိတဲ့လူကတော့ ကျုပ်ကိုလေးစားတဲ့အကြည့်နဲ့ ကြည့်တတ်ကြတာပေါ့ဗျာ။ အဲဒီသတင်းကျွတ်ညကတော့ ဦးသာဒွန်းရဲ့ မီးပုံးပျံလွှတ်ပွဲထက် ကျုပ်လွှတ်ပြတဲ့ မီးပုံပျံအကြောင်း လူတွေပြောကြတဲ့ ညပေါ့ဗျာ၊ ကျုပ်တို့သားအဖလည်း အဖေရှက်၊ သားရှက်နဲ့ ရှက်ခဲ့ကြရတဲ့ မှတ်မှတ်ရရ သီတင်းကျွတ်ညတစ်ညပါပဲ အရပ်ကတို့ရေ။
ပြီးပါပြီ။