အတွဲ(၅) စာစဉ်(၄)
(၁)
ကျုပ်အော်ပြီး ငေါက်ခနဲထထိုင်လိုက်မိတယ်ဗျ၊ ကျုပ်ခေါင်းတွေဆို ကျိန်းနေတာပဲဗျာ၊ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ အိမ်တစ်လုံးထဲကိုရောက်နေတာဗျ၊ ဒါနဲ့ကျုပ်လည်း ဘေးဘီကိုပတ်ကြည့်နေတုန်း မိသက်က ကျုပ်အနားကိုပြေးလာတယ်။
“ဘဘကြီးနိုးလာပြီလား”
“အေးအေး၊ ဒါနဲ့ ဒါဘယ်နေရာကိုရောက်နေတာလဲ”
ဒီအချိန်မှာပဲ အောင်ရှိန်နဲ့ဘသိုက်တို့က အိမ်ထဲကိုဝင်လာကြတယ်၊ ညကြီးမိုးချုပ်ပဲရှိပါသေးတယ်ဗျာ၊ အိမ်ထဲမှာတော့ ရေနံဆီမီးခွက်ကလေးတွေ ထွန်းထားတယ်ဗျ။ သူတို့နှစ်ယောက်က ကျုပ်အနားကိုလာထိုင်တယ်။
“အောင်ရှိန်၊ မင်း . . မင်းက ခါးပိုက်နှိုက်ဘသိုက်မဟုတ်လား”
“ဟုတ်ပါတယ်အဘကြီး”
“ငါ . . . ငါကဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ”
အောင်ရှိန်က ဘာမှမပြောဘဲ ဘသိုက်ကထပြောတယ်ဗျ။
“ဒီလိုပါအဘကြီးရာ၊ ကျုပ်တို့လမ်းလျှောက်လာရင်း အဘကြီးကိုသူတို့တွေသယ်လာတာတွေ့တာနဲ့ ကျွန်တော်တို့လည်းခေါ်လာခဲ့လိုက်တာ”
“မင်းတို့ကဘယ်လိုလုပ်ပြီးအဲဒီကိုရောက်လာခဲ့ကြတာလဲကွ”
ဘသိုက်က ခေါင်းကုပ်ရင်း
“အဲဒီလမ်းထဲက ခြံကြီးက ကျုပ်တို့ရဲ့ဆရာကြီးနေတဲ့ခြံလေဗျာ”
“ဟင်၊ ဒါဆို အလတ်ကောင်ထွက်လာတဲ့ခြံက . . .”
“ဟုတ်တယ်အဘကြီး၊ ကျုပ်တို့ကိုအောက်လမ်းနည်းလမ်းတွေနဲ့ ခိုးတက်ဝှက်တတ်အောင်သင်ပေးပြီးတော့ ရသမျှနှစ်ပုံကိုယူနေတဲ့ဆရာကြီးနေတဲ့ခြံပဲဗျာ၊ ကျုပ်တို့လည်း သရဲတွေလွတ်သွားတဲ့အကြောင်း၊ ပြီးတော့ဒီအလုပ်ကိုဆက်မလုပ်နိုင်တဲ့အကြောင်းပြောမယ်ဆိုပြီး လာခဲ့ပေမယ့် ခြံရှေ့အထွက်နားမှာ အဘကြီးကိုတွေ့တာနဲ့ အိမ်ကိုခေါ်လာရတာပါ၊ ကျုပ်တို့အိမ်က သိမ်နုပ်တော့ အဘကြီးကိုအားနာမိပါတယ်”
“ရပါတယ်ကွာ၊ မလိုပါဘူး”
ကျုပ်အိမ်ကိုဝေ့ကြည့်လိုက်တော့ အိမ်က ဓနိတွေမိုးထားတယ်ဗျ၊ ဓနိမိုးတစ်ချို့တောင်မှ ပေါက်ပြဲနေပါရောဗျာ၊ ကြမ်းခင်းကလည်း ဝါးကိုပဲကွပ်နဲ့ပေါက်ပြီး ခင်းထားတဲ့ဝါးကြမ်းခင်းဗျာ၊ ထရံတွေကာထားတယ်ဆိုပေမယ့် တစ်ချို့နေရာတွေမျာ ပေါက်ပြဲနေတာမို့လို့ ဂုန်နီအိတ်တွေ၊ မိုးရောကာဖျင်စတွေနဲ့ ဖာထေးထားကြပါသေးတယ်။ ဘသိုက်က ကျုပ်ကိုကြည့်ရင်း
“အဘကြီးရော၊ ဟောဒီကဆရာကြီးရော ရန်ကုန်မှာတည်းခိုဖို့ရာ အသိအကျွမ်းမရှိသေးဘူးဆိုရင်တော့ ကျွန်တော့်အိမ်မှာပဲ တည်းခိုနိုင်ပါတယ်၊ အိမ်ကသိပ်တော့မကောင်းဘူးပေါ့ဗျာ၊ ဒါပေမယ့် ဆရာကြီးတို့သုံးယောက်လောက်တော့ နေလောက်မှာပါ”
“ရပါတယ်ကွာ၊ ငါမင်းကိုဒုက္ခမပေးချင်ပါဘူး”
“မဟုတ်တာပဲအဘကြီးရာ၊ အဘကြီးက ကျုပ်အသက်ကိုကယ်ခဲ့တာဆိုတော့ ကျုပ်အပေါ်ကျေးဇူးရှိပါတယ်၊ ကျုပ်တို့အိမ်မှာတည်းပါဗျာ”
“တည်းတာတော့တည်းမယ်ကွာ၊ စားဖို့သောက်ဖို့ကတော့ တကူးတကမလုပ်စမ်းပါနဲ့၊ မင်းတို့လည်းပြေလည်တာမှမဟုတ်တာ၊ ဒါနဲ့အောင်ရှိန်၊ မင်းတို့သားအဖနှစ်ယောက် ဘယ်လိုဖြစ်ပြီး ရန်ကုန်ကိုရောက်လာခဲ့ကြတာလဲကွ”
ကျုပ်လှည့်မေးလိုက်တော့ အောင်ရှိန်က သက်ပြင်းတစ်ချက်ချပြီး
“ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲဟေ့”
“ဟ၊ မင်းက ပြောတောင်မပြောရသေးဘူး၊ ရှည်မယ်ဆိုတာက စနေပြန်ပါပြီကွာ”
ကျုပ်ဖောက်ပြောလိုက်တော့ အားလုံးက ရယ်တယ်ဗျ၊ အောင်ရှိန်က ကျုပ်ကိုကြည့်ရင်း
“သာဒင်ရာ၊ မင်းက ဒီအချိန်မှာတောင်မှ စနောက်နေနိုင်သေးတယ်နော်”
“မဟုတ်ပါဘူးကွာ၊ ငါက စိတ်ညစ်တဲ့အချိန်မှာတောင်မှ ပျော်ပျော်နေတတ်လို့ပါကွ၊ ကဲ ပြောစမ်းပါအုံးကွာ”
“ဒီလို သာဒင်ရ၊ ငါ့အိမ်မှာရှိတဲ့ ကြေးစည်ကလေး ပျောက်သွားတာကနေ စတာပဲကွ”
ကျုပ်လည်း မျက်ခုံးပင့်လိုက်ပြီး
“ကြေးစည်ပျောက်သွားတာများ အသစ်ဝယ်လိုက်ပေါ့ကွာ”
“ဟာ၊ ဟေ့ကောင် ဒီကြေးစည်က သာမန်ကြေးစည်မဟုတ်ဘူးကွ”
“သာမန်ကြေးစည်မဟုတ်ပုံထောက်တော့ ရွှေနဲ့လုပ်ထားလို့များလား”
“မင်း ငါစကားပြောတာကို ဖြတ်မပြောစမ်းနဲ့သာဒင်ရာ၊ ဒီကြေးစည်က အရမ်းအရေးကြီးတဲ့ ကြေးစည်ကွ၊ ဒီကြေးစည်လေးက လုံခြုံတဲ့နေရာတစ်ခုနဲ့ ဆက်သွယ်ထားတဲ့အရာ၊ အဲဒီလုံခြုံတဲ့နေရာမှာလည်း အရမ်းအရေးကြီးတဲ့လူတစ်ယောက်ကို ဖမ်းချုပ်ထားတယ်”
အောင်ရှိန်က လေးလေးနက်နက်ပြောနေတာဆိုတော့ ကျုပ်လည်း သေသေချာချာနားထောင်နေမိတယ်ဗျ။
“ဘယ်နည်းနဲ့မှ အဲဒီလူက အဲဒီနေရာကနေလွတ်သွားလို့မဖြစ်ဘူးကွ သာဒင်ရ”
“နေပါအုံး၊ ဒီလောက်အရေးကြီးတဲ့ပစ္စည်းက မင်းကလွယ်လွယ်ကူကူထားတာပဲလားကွ”
“ဘယ်ကလာဟုတ်ရမှာလဲ သာဒင်ရာ၊ ငါလည်းသေသေချာချာထိန်းသိမ်းထားတာပေါ့ကွ၊ တို့အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုက ကြေးနဲ့သွန်းထားတဲ့ဘုရားကွ၊ အဲဒီဘုရားဆင်းတုအောက်ဘက်မှာ လှို့ဝှက်အကန့်လေးတစ်ခုငါလုပ်ထားတယ်၊ အဲဒီအကန့်ထဲမှာ ကြေးစည်ကလေးကို အသာညှပ်ပြီးထည့်ထားတာကွ”
“မင်းတစ်နေရာရာမှာ အထားမှားလို့များလား၊ ဒါမှမဟုတ် အိမ်သားတစ်ယောက်ယောက်ကများ ယူမိသေးလား”
ကျုပ်မေးတော့ အောင်ရှိန်က ခေါင်းခါပြီး
“မဟုတ်ဘူးကွ၊ အဲဒီကြေးစည်ကလေး အဲဒီနေရာမှာရှိတယ်ဆိုတာကို ငါကလွဲလို့ အိမ်ကလူတွေဘယ်သူမှမသိဘူး၊ နောက်ပြီးတော့ သာဒင်ရေ၊ ဒီကြေးစည်ပျောက်သွားတာကလည်း သွေးရိုးသားရိုးမဟုတ်ဘူးကွ”
“ဆက်ပြောပါအုံးကွာ”
“ဒီလိုသာဒင်ရေ၊ ပြီးခဲ့တဲ့တစ်လလောက်က ငါ့ကိုမောက်ရွာဘက်ကနေ လူနာလာပင့်ကြတယ်ကွ၊ ငါလည်း လူနာကုဖို့လိုက်သွားရင်း လမ်းရောက်တော့ စိတ်ထဲမသင်္ကာဘူးဖြစ်လာတယ်ကွ၊ ဒါနဲ့လှည်းမောင်းနေတဲ့လူကို လှည်းကိုရပ်ခိုင်းတော့ ဒီလူက ရပ်မပေးဘူးကွာ၊ ဆက်ပြီးဒုန်းစိုင်းမောင်းပါရော၊ နွားနက်ကြီးတွေကလည်း ပြေးလိုက်တာ လွန်ပါရောကွာ၊ နွားလှည်းသာဆိုတယ် သွားနေတာက ကားထက်မြန်တယ်ကွ၊ ဒါနဲ့ငါလည်း ပညာနဲ့ဒီလှည်းကိုရပ်ခိုင်းတော့မှ လှည်းကိုဆွဲနေတဲ့ နွားကြီးတွေက ရွံ့နွားကြီးတွေဖြစ်နေပြီး လှည်းကိုမောင်းနေတဲ့လူကလည်း လူသေကောင်ကြီးဖြစ်နေသကွာ”
“မင်းဟာက တော်တော်ထူးဆန်းတာပဲကွ”
“ရွာနဲ့လည်း တော်တော်လှမ်းလှမ်းကိုရောက်လာပြီဆိုတော့ ငါလည်းဘာကြောင့် ဒီလှည်းက ငါ့ကိုတင်ပြေးတာလဲဆိုတာကို စဉ်းစားမိတယ်ကွ၊ အဲဒီမှာ ငါ့ကိုအိမ်ကနေ ပထုတ်ချင်တာပဲလို့ သိလိုက်ပြီး ငါအိမ်ကိုအမြန်ပြန်ခဲ့တယ်၊ အိမ်ရောက်တော့ အိမ်က မွစာကျဲနေသကွ၊ ငါအိမ်ပေါ်ကိုအပြေးတက်ကြည့်လိုက်တဲ့အခါ ဘုရားကျောင်းဆောင်ပေါ်က ကြေးဆင်းတုတော်က နှစ်ခြမ်းကွဲနေပြီးတော့ ကြေးစည်ကလေးက မရှိတော့ဘူးကွာ၊ နှစ်ခြမ်းကွဲတာကလည်း တစ်ခုခုနဲ့ဖြတ်ထားသလိုမျိုး တိခနဲကွဲနေတာဟေ့၊ လှည်းစထွက်တဲ့အချိန်ကနေ ငါအိမ်ကိုပြန်ရောက်တဲ့အချိန်အထိဆိုရင် ဆယ့်ငါးမိနစ်တောင်မကြာဘူးကွာ၊ အဲဒီအချိန်အတွင်းမှာ အခုလိုဖြစ်သွားတာပဲ”
ကျုပ်လည်းအတော်စဉ်းစားနေရပြီဗျ။
“ဒါဆို အဆင့်မြင့်တဲ့ အစွမ်းရှိသူတစ်ယောက်ယောက်က လုပ်သွားတာများလားကွာ”
အောင်ရှိန်က ခေါင်းညိတ်ရင်း
“ငါစိတ်ထဲထင့်နေတာတစ်ခုရှိတယ်ကွ၊ အဲဒါကတော့ အဲဒီကြေးစည်ကလေးကိုရသွားတဲ့လူက ကြေးစည်နဲ့ဆက်သွယ်ထားတဲ့ လှို့ဝှက်အခန်းကြီးထဲမှာ ဖမ်းချုပ်ထားတဲ့လူကို သွားထိမှာစိုးရိမ်ရတာပဲ”
“နေစမ်းပါအုံး အဲဒီလူက ဘယ်သူများလဲကွ”
“ငထေရှင်လို့ခေါ်တဲ့လူတစ်ယောက်ပေါ့ကွာ”
ကျုပ်ဒီနာမည်ကို တစ်ခါမှမကြားဖူးပါဘူးဗျာ။
“နေပါအုံး၊ သူက တော်တော်စွမ်းလို့လား”
“စွမ်းတာကတော့ ပြောမနေပါနဲ့၊ တို့ဘုရားပျံတွေအဆက်ဆက် နှိမ်နင်းခဲ့ရတဲ့ ရန်သူတော်ကြီးပေါ့ကွာ၊ ဒီလူသာ လူ့ပြည်လူ့လောကကို ပြန်ရောက်လာရင် လူတွေအများကြီးသေဆုံးရပြီး သွေးချောင်းစီးမှာတော့ အမှန်ပဲဟေ့”
“ဟာ၊ ဒါဖြင့်ရင် ငါတို့ဒီလူကိုတားရမှာပေါ့ကွ၊ နေပါအုံး သူကအခုလွတ်သွားပြီလား”
အောင်ရှိန်က ခေါင်းညိတ်ရင်း
“လွတ်သွားလို့ ငါတို့ဒီကိုရောက်လာတာပေါ့ကွာ၊ ဒီလိုသာဒင်ရ တို့ဘုရားပျံတွေက အဲဒီငထေရှင်ဆိုတဲ့လူနဲ့ ရန်ငြိုးတွေရှိခဲ့ကြတယ်ဆိုပါတော့ကွာ၊ ဒါကြောင့်လည်း ငထေရှင်လူ့လောကကို ရောက်နေတယ်ဆိုရင် သူရှိတဲ့နေရာကို ငါတို့ဘုရားပျံတွေက အာရုံဖမ်းမိတယ်ကွ၊ ပြီးတော့ ငထေရှင်က သူ့ရဲ့မကောင်းတဲ့အစွမ်းတွေသုံးနေပြီဆိုရင် သူရှိတဲ့နေရာကို ရိပ်စားမိတယ်ကွာ”
“ဒါဆို မင်းတို့အခုရန်ကုန်ရောက်လာတယ်ဆိုတာက . . .”
“ဟုတ်တယ်သာဒင်၊ ငထေရှင်ရန်ကုန်မှာရောက်နေတယ်လို့ ငါ့အာရုံမှာပေါ်နေလို့ ငါနဲ့မိသက်နဲ့လိုက်လာတာပဲ”
“ဒါဆိုရင် သူကဘယ်မှာရှိတာလဲ”
“ဟောဒီအနီးတစ်ဝိုက်မှာပဲပေါ့ကွာ၊ ငါတို့လည်း ငထေရှင်ကိုအာရုံလိုက်ခံရင်း ဖြစ်ချင်တော့ မင်းနဲ့တွေ့တာပဲ၊ ငထေရှင်က သူ့ရဲ့မကောင်းတဲ့အစွမ်းတွေထုတ်သုံးနေတဲ့အချိန်မှာ ငါ့အာရုံထဲမှာ သူ့ပုံရိပ်က ပိုပြီးပေါ်လာခဲ့တယ်၊ ဒါနဲ့ အာရုံရတဲ့အတိုင်း ခြံကြီးအရှေ့ကိုပြေးလာခဲ့တော့ မင်းနဲ့ငထေရှင်နဲ့ တိုက်ခိုက်နေတာကိုမြင်လိုက်ရတာပါပဲ”
ကျုပ်အတော်ကြောက်လန့်သွားတယ်ဗျ၊ ခေါင်းနားပန်းတွေလည်းကြီးသွားတယ်။
“မဟုတ်ဘူး၊ မဟုတ်ဘူးအောင်ရှိန်၊ ငါနဲ့တိုက်ခိုက်နေတဲ့လူက ငထေရှင်မဟုတ်ဘူး၊ သူက ငါ့တူအရင်းလို ချစ်ရတဲ့ သူကြီးသားအလတ်ကောင်လေကွာ”
အောင်ရှိန်က သက်ပြင်းတစ်ချက်ချပြီး
“စိတ်ကိုခိုင်ခိုင်ထားပါ သာဒင်ရာ၊ မင်းတူလေးက အခုငထေရှင်ဖြစ်သွားပြီ၊ ငထေရှင်ရဲ့ နာမ်ဝိညာဉ်က မင်းတူလေးရဲ့ကိုယ်လုံးထဲကို ဝင်သွားပြီ”
“ဒါဆိုရင် ငါ့တူလေး . . . အလတ်ကောင်ရော၊ သူ . . . သူဘာဖြစ်သွားပြီလဲ”
“သေပြီ”
အောင်ရှိန်ခပ်ပြတ်ပြတ်ပြောလိုက်တဲ့စကားကိုကြားလိုက်ရတော့ ကျုပ်ရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်ဗျာ၊ ကျုပ်ရင်ဘတ်တွေပူတက်လာလို့ ရင်ဘတ်ကိုဖိလိုက်မိတယ်။
“အလတ်ကောင် . . . အလတ်ကောင်၊ ဒါတွေက ငါ့ကြောင့်ပါကွာ၊ ငါမကောင်းလို့ပါကွ”
ကျုပ်လက်သီးနဲ့ရင်ဘတ်ကို တဒုန်းဒုန်းနဲ့ထုနေမိတယ်ဗျ၊ မိသက်က ကျုပ်လက်ကိုပြေးဆွဲရင်း
“မဟုတ်ပါဘူး ဘဘကြီးရယ်၊ ဘဘကြီးနဲ့မဆိုင်ပါဘူး”
“ဆိုင်တယ်၊ ဆိုင်တယ်၊ ငါသာအလတ်ကောင်က ရွာကနေထွက်မသွားဖို့ တားနိုင်ခဲ့တယ်ဆိုရင် အလတ်ကောင်ဒီလိုဖြစ်မှာမဟုတ်ဘူး၊ ငါမတားနိုင်ခဲ့လို့ သူဒီလိုဖြစ်တာ”
ကျုပ်လည်းတော်တော်ပူလောင်ပြီးတော့ ငိုပဲငိုနေမိတော့တယ်ဗျာ၊ အောင်ရှိန်က ကျုပ်ပခုံးကိုလက်နဲ့ပုတ်ပြီးတော့
“သာဒင်၊ စိတ်လျော့၊ စိတ်ကိုလျော့ပါကွာ၊ မင်းမှာလည်း ဒဏ်ရာကြီးနဲ့မဟုတ်လား”
ကျုပ်အချိန်တော်တော်ကြာသွားတဲ့အထိ ခေါင်းငိုက်စိုက်ချပြီးထိုင်နေမိတယ်၊ ဘသိုက်ကသိပ်မကြာခင်မှာ ကျုပ်တို့ကိုလာခေါ်တယ်ဗျ။
“ဆရာကြီးတို့ အဘကြီးတို့ ထမင်းစားဖို့ကြွပါ”
“ငါမစားချင်ဘူး၊ ငါဘာမှမစားချင်ဘူးကွာ”
“မဟုတ်တာပဲ သာဒင်ရာ၊ ထမင်းလေးဘာလေး စားလိုက်ပါကွ၊ မင်းအားရှိနေမှဖြစ်မယ်နော်၊ ငထေရှင်ကြောင့် ရတဲ့ဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူးကွ”
“ငါမစားချင်တော့ဘူး အောင်ရှိန်ရာ၊ ဒီကောင်လေးသေပြီဆိုမှတော့ ငါလည်းဆက်မနေချင်တော့ပါဘူးကွာ၊ ငါသေမယ်၊ ငါလည်းလိုက်သေမယ်”
“စိတ်လိုက်မာန်ပါမလုပ်စမ်းပါနဲ့ သာဒင်ရာ၊ မင်းကောင်လေး သေပြီ မသေဘူးလို့တော့ ကံသေကံမပြောလို့မရသေးပါဘူးကွ”
“မင်းပဲ ငထေရှင်က သူ့ကိုယ်ထဲဝင်နေတယ်ဆိုကွ”
“ဟုတ်တာတော့ဟုတ်ပါတယ်၊ ဒါပေမယ့် သူ့ကိုသေသေချာချာစမ်းသပ်ရအုံးမယ်ကွ၊ ငါခုနက သေသေချာချာစဉ်းစားကြည့်လိုက်တော့ မင်းကောင်လေး မသေဖို့များတယ်ကွ”
ကျုပ်ရင်ထဲမှာ မျှော်လင့်ချက်တွေဖြစ်လာတယ်ဗျာ၊ ဒါနဲ့အောင်ရှိန်လက်ကိုဆွဲလိုက်ပြီး
“ဟုတ်ရဲ့လားအောင်ရှိန်၊ မင်းငါ့ကိုစိတ်ချမ်းသာအောင်များ တမင်လီဆယ်ပြီးပြောတာလား”
“မင်းက ငါ့ကိုအထင်သေးနေပါပြီ သာဒင်ရ၊ ငါးပါးသီလကို ငါလုံအောင်စောင့်ပါတယ်ကွ၊ ငါးပါးသီလထဲမှာ ဖောက်လို့အလွယ်ဆုံးနဲ့ အပြစ်အကြီးဆုံးကတော့ မုသာဝါဒဆိုတဲ့ကံပဲကွ၊ မြတ်စွာဘုရားတောင် ဟောထားတယ်မဟုတ်လား၊ မုသားပြောတဲ့လူတစ်ယောက်က မကောင်းမှုမလုပ်ဝံ့တာ မရှိဘူးဆိုပြီးတော့ပေါ့ကွာ၊ ဒီတော့ ငါက ကံငါးပါးထဲမှာ မုသာဝါဒကို လုံအောင်ထိန်းတယ်၊ ငါဘယ်တော့မှ မလိမ်ဘူး သာဒင်၊ ငါစဉ်းစားကြည့်လိုက်တော့ ငထေရှင်ရှိနေတယ်ဆိုရင် ငါအစောကြီးကတည်းက ရိပ်စားမိခဲ့ရမယ်၊ အာရုံရခဲ့ရမယ်မဟုတ်လား၊ ဒါပေမယ့် အခုထိ အာရုံက ရတစ်ဝက်၊ မရတစ်ဝက်ဖြစ်နေသေးတယ်”
“မင်းက ဘာကိုဆိုလိုချင်တာလဲ”
“ငထေရှင်ဆိုတာ နည်းလမ်းမျိုးစုံသုံးတတ်တယ်ကွ၊ ငါ့တုန်းကလည်း လူသေတစ်ယောက်စီဝင်ပြီးတော့ ဘုရားပျံတွေ အာရုံခံမရနိုင်အောင်လို့ ဘုရားတရားတွေချည်းလှိမ့်လုပ်နေတယ်မဟုတ်လား၊ အခုလည်း ငါအာရုံမခံနိုင်အောင်လို့ဆိုပြီးတော့ သူကတစ်နည်းကြံပုံရတယ်ကွ၊ ပုံမှန်ဆိုရင်တော့ ငထေရှင်ကလူတစ်ယောက်ကိုသေအောင်လုပ်ပြီးတော့ သူ့ကိုယ်ထဲဝင်နေတတ်တယ်၊ အခုတော့ ငါအာရုံမခံနိုင်အောင်ဆိုပြီး မသေသေးတဲ့လူတစ်ယောက်ကိုယ်ထဲဝင်နေပုံပဲ”
“ဒါဆိုမင်းပြောပုံအရ ငထေရှင်က အလတ်ကောင်ကိုယ်ထဲဝင်ပြီး တစ်ကိုယ်နှစ်စိတ်သဘောနဲ့ နေနေတဲ့သဘောများလား”
“ငါထင်ရင်လွဲခဲတယ်သာဒင်ရ၊ အခုလည်း ဒီသဘောပဲဖြစ်မယ်ကွ၊ ပုံမှန်အချိန်မှာဆိုရင် ဒီကောင်လေးရဲ့စိတ်နဲ့ဖြစ်နေပြီး သူလိုအပ်တဲ့အချိန်မှ ငထေရှင်ကဝင်ထိန်းချုပ်တဲ့သဘောဖြစ်မယ်၊ ဒီအတိုင်းသာဆိုရင်တော့ ဒီကောင်လေးကိုယ်ထဲဝင်နေတဲ့ ငထေရှင်ကို ငါတို့နှင်ထုတ်နိုင်ရင် မင်းကောင်လေး အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်ကွ”
ကျုပ်လည်း အောင်ရှိန်ရဲ့စကားကိုနားထောင်ပြီး ခေါင်းညိတ်မိလိုက်တယ်။
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျေးဇူးပါပဲအောင်ရှိန်ရာ၊ ဒါဆို အလတ်ကောင်ကို ငါပြန်ခေါ်မယ်၊ မင်းပြောတဲ့ငထေရှင်ဆိုလား အဲဒီကောင်ရဲ့နာမ်ဝိညာဉ်ကို အလတ်ကောင်ကိုယ်ထဲကနေ မောင်းထုတ်မယ်”
အောင်ရှိန်က ခေါင်းညိတ်တယ်ဗျ၊ ဘသိုက်က ကျုပ်ကိုကြည့်ရင်း
“ကဲ အဘကြီးရေ၊ မောင်းထုတ်တာကနောက်၊ အခုတော့ ထမင်းစားလေးကြွပါဗျာ”
ကျုပ်လည်း ထမင်းစားဖို့အတွက် မတ်တပ်ထရပ်လိုက်တာပေါ့ဗျာ။
(၂)
ထမင်းစားပွဲခုံကြီးကို အိမ်ရှေ့နားမှာခင်းထားတယ်ဗျ၊ အောက်လင်းမီးအိမ်ကြီးရဲ့အလင်းရောင်က အိမ်ရှေ့တစ်ခန်းလုံးကို ဖြာကျနေပါရောဗျာ၊ ထမင်းစားပွဲခုံကြီးပေါ်မှာတော့ ထမင်းဟင်းတွေခူးထားတယ်၊ ကျုပ်ရယ်၊ အောင်ရှိန်တို့သားအဖရယ် အဲဒီထမင်းစားပွဲခုံကြီးမှာ ဝင်ထိုင်လိုက်ကြတယ်၊
“မင်းရောစားလေ ဘသိုက်ရာ”
“ကျုပ်တို့မိသားစုက စားပြီးပြီဗျ၊ ဆရာကြီးတို့ပဲကျန်တော့တာ”
ကျုပ်တို့ထမင်းစားရင်း အိမ်သားတွေက ကျုပ်တို့ကိုထိုင်ကြည့်နေကြတယ်ဗျ၊ တဲကြီးထဲမှာ လူတွေကတော့အများကြီးပဲဗျာ၊ ကျုပ်စားနေရင်း ကောင်မလေးတစ်ယောက်က ထိုင်ဆော့နေတယ်ဗျ။ ကျုပ်လည်း ကောင်မလေးကိုကြည့်ရင်း
“ဟာ၊ ဟဲ့ကလေးမ၊ နင် ရေခဲရေရောင်းတဲ့ကလေးမ မဟုတ်လား”
ကလေးမက ကျုပ်ကိုမမှတ်မိသလိုနဲ့ကြည့်ရင်း
“အဘကြီးက မနက်ကတစ်ယောက်လား၊ နေ့လည်ကတစ်ယောက်လား၊ ညနေက တစ်ယောက်လား”
“ဟ၊ ငါ့ကိုတောင် နင်မမှတ်မိဘူးလား”
ဘေးနားထိုင်နေတဲ့ဘသိုက်က
“ဟာဗျာ၊ ကျုပ်တို့နဲ့အဘကြီးတို့နဲ့က ရေစက်ရှိတဲ့ပုံပဲဗျာ၊ အဲဒါ ကျုပ်သမီးအငယ်မဗျ၊ သူက ရေခဲရေပုံးနဲ့ဂွင်ဖန်တယ်”
“ဘယ်လိုကွ၊ ဂွင်ဖန်တယ်ဆိုတာ ဘာကိုပြောတာလဲ”
“ပြောရရင် ရိုက်စားလုပ်တာပေါ့အဘကြီးရာ၊ သမီးက ရေခဲရေပုံးယူတယ်၊ ရေခဲတုံးသေးသေးလေးရယ်၊ ပိန်လိန်နေတဲ့ ရေခွက်တွေရယ်ကိုင်ပြီးတော့ ယောင်ပေပေ၊ ထုံအအလူကိုရှာရတာပေါ့ဗျာ၊ အဘကြီးတို့လို နယ်ကနေတစ်ယောက်တည်းတက်လာတဲ့လူတွေဆိုရင်တော့ ကျုပ်တို့ပစ်မှတ်ပေါ့ဗျာ၊ ပြီးရင် ရေခဲရေတိုက်ပြီးတော့ ပြဿနာဖြစ်အောင်လုပ်ရတယ်ဗျ၊ ပြီးတော့ ရေခဲရေပုံးကိုမှောက်ပြီး အော်ငိုရတယ်၊ ဒီအခါ အသင့်စောင့််နေတဲ့ကျုပ်တို့လူတွေက ဝိုင်းလာပြီးတော့ မတန်တဆလျော်ကြေးတောင်းတာပေါ့ဗျာ၊ မပေးဘူးဆိုရင် ထိုးလားကြိတ်လားလုပ်ရတာပေါ့၊ ဒါပေမယ့် ကျုပ်တို့ဂွင်ဖန်တဲ့လုပ်ငန်းတစ်လျှောက် မလျော်တဲ့လူဆိုတာ မကြားဖူးပါဘူးဗျာ”
ကျုပ်ဖြင့်လန့်သွားတာပဲဗျာ။
“ဟ၊ မင်းတို့ဟာကလည်း အဆန်းပါလားကွ”
“ဟုတ်တယ်အဘကြီးရေ၊ ရေခဲရေဖိုးကလည်း ဈေးတင်ထားတာ၊ အပြင်မှာဝယ်သောက်ရင် တစ်ခွက်ငါးပြား၊ ဆယ်ပြားပေါ့ဗျာ၊ ကျုပ်တို့က ဈေးမသိတဲ့လူတွေဆိုရင် တစ်ခွက်ငါးမူးနဲ့ဈေးတင်ပြီးတော့ ရေပုံးထဲပါတဲ့ရေကိုတွက်ပြီး လျော်ကြေးတောင်းတာကိုးဗျ၊ အနည်းဆုံးမရဘူးဆိုရင်တောင် အစိတ်၊ ငါးဆယ်တော့ရတယ်”
“အားလားလား၊ မင်းတို့တစ်မျိုးလုံးက မဟုတ်တာလုပ်တဲ့လူတွေချည်းပါပဲလားကွ”
“ဒါကတော့ အဘကြီးရာ၊ ကျွန်တော်က မကောင်းမှုနဲ့အသက်မွေးတာဆိုတော့ ကျွန်တော်မွေးတဲ့သမီးက ဒီလမ်းလိုက်တာ မဆန်းပါဘူးဗျာ”
ကျုပ်ဖြင့် စားနေတဲ့ထမင်းတောင် ဆက်မစားချင်တော့ပါဘူးဗျာ။
“မင်းတို့ထမင်းစားရတာတောင် စားမဝင်တော့ဘူးကွာ၊ မင်းတို့ဟာက သူများဆီကနေလိမ်ပတ်ပြီးတော့ ရထားတဲ့ငွေတွေမဟုတ်လား”
“စားပါအဘကြီးရာ၊ ကျွန်တော်ကတိပေးပါတယ်၊ မနက်ဖြန်ကစလို့ ကျွန်တော်တို့ မကောင်းတာမလုပ်တော့ပါဘူး၊ ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားပါတော့မယ်အဘကြီးရာ”
“အေးကွာ၊ ဒါနဲ့ ကလေးမနာမည်က ဘယ်လိုခေါ်သလဲကွ၊ ကျောင်းတွေဘာတွေရော မနေဘူးလား”
ကျုပ်မေးလိုက်တော့ ကလေးမလေးက မျက်နှာအောက်ချသွားတယ်။ ဘသိုက်ကလည်းမျက်နှာပျက်သွားပြီးတော့
“နေချင်တာပေါ့ အဘကြီးရာ၊ ဒါပေမယ့် ဝမ်းရေးကလည်းရှိသေးတယ်မဟုတ်လား”
ကျုပ်တို့စကားပြောနေတုန်း ဘသိုက်တို့နေတဲ့ဆင်းရဲသားရပ်ကွက်ကလေးထဲမှာ ဆူဆူညံညံဖြစ်ကုန်သဗျ။ ဘသိုက်တို့လည်း ဟိုဟိုဒီဒီကြည့်ရင်း
“ဟာ၊ ဟေ့ကောင်ထွန်းရင် ဘာဖြစ်တာလဲကွ”
ငွေပွားထွန်းရင်ဆိုတဲ့သူက ကလေးလေးချီလို့ဗျ။
“ကျုပ်သားအကြီးကောင် ထုံးစံအတိုင်းတက်သွားလို့ဗျ”
“ဟေ၊ ညရှစ်နာရီကျော်နေပြီဆိုတော့ ဆေးခန်းကဖွင့်ပါတော့မလား”
ကျုပ်လည်းမနေနိုင်တာနဲ့
“ဟေ့၊ ကလေးတက်နေတာလား၊ ဒါဆို ဒီကိုခေါ်လာခဲ့”
ကျုပ်အော်လိုက်တော့ ထွန်းရင်လည်း ကလေးပိုက်ပြီး အိမ်ပေါ်ကိုပြေးတက်လာတယ်ဗျ၊ ကျုပ်က ကလေးကိုသေချာကြည့်လိုက်တော့ ကလေးက မျက်ဖြူဆိုက်နေပြီးတော့ တစ်ကိုယ်လုံးလည်းပျော့လို့ဗျ၊ ပါးစပ်က အံတွေကြိတ်ပြီး သွားရေတွေလည်း စီးကျနေပါရောဗျာ။ ကလေးကတော့ အသက်လေးနှစ်လောက်ပဲရှိမယ့်ပုံပဲ။ ဒါနဲ့ ကျုပ်လည်း ဘသိုက်ကိုကြည့်ုလိုက်ပြီး
“ဘသိုက်ရေ မင်းတို့အိမ်မှာ သားငါးဟင်းသီးဟင်းရွက်တွေ ခုတ်ဖြတ်တဲ့ သစ်သားစဉ်းတီတုံးရှိလားကွ”
“ရှိတာပေါ့ အဘကြီးရာ”
“အေး၊ ဒါဆိုရင် ဓါးထက်ထက်ယူသွားပြီးတော့ အဲဒီစဉ်းတီတုံးကို ဓါးနဲ့ခပ်နက်နက်တစ်ချက်ထဲခုတ်ကွာ၊ ပြီးတော့ အဲဒီဓါးကိုပြန်ထုတ်ရင်း ပဲ့ကျလာတဲ့သစ်သားစကိုယူလာခဲ့၊ စဉ်းတီတုံးဘေးဘက်တွေကိုခုတ်ရင် ထွက်တတ်တယ်ကွ”
ကျုပ်ပြောတော့ ဘသိုက်လည်း အိမ်နောက်ဖေးကိုပြေးဝင်သွားတာပေါ့ဗျာ၊ မကြာပါဘူး ဘသိုက်တစ်ယောက် ဓါးမကြီးကိုင်ပြီးပြန်ထွက်လာတယ်၊ လက်ထဲမှာလည်း စဉ်းတီတုံးက အပဲ့စသေးသေးရှည်ရှည်ကလေးတစ်ခု ပါလာတယ်။ ကျုပ်လည်း သစ်သားစကိုလှမ်းယူလိုက်ပြီးတော့ ထွန်းရင်ဘက်လှည့်လိုက်ပြီး
“ထွန်းရင်၊ မင်းသားအခုဝတ်ထားတဲ့ အင်္ကျီစကိုဖြဲလိုက်စမ်းကွာ”
ထွန်းရင်က သူ့သားအင်္ကျီအောက်အနားစကိုဖြဲလိုက်တယ်ဗျ၊ စွပ်ကျယ်သားလိုအင်္ကျီဆိုတော့ ဖြဲရတာလွယ်ပါတယ်၊ ရှည်ရှည်အပိုင်းလေးရလာတာနဲ့ ကျုပ်လည်း အင်္ကျီစကို လက်နှစ်ဖက်နဲ့ပွတ်လိုက်လိုက်တော့ ကြိုးကလေးတစ်ချောင်းလိုဖြစ်သွားပါရောဗျာ။ နောက်တော့ ခုနကသစ်သားအပဲ့စကို အင်္ကျီစနဲ့ချည်လိုက်ပြီး ကလေးရဲ့ညာဘက်လက်ကိုဆွဲယူလိုက်တယ်။
“မှတ်ထားကွ၊ ယောက်ျားလေးဆို ညာဘက်၊ မိန်းကလေးဆို ဘယ်ဘက်လက်မှာချည်ရတယ်”
ကျုပ်လည်း ကောင်လေးရဲ့ညာဘက်လက်မှာ ခုနကအစကလေးကို ချည်မန်းကွင်းလိုချည်ပေးလိုက်ပြီးတော့ ကလေးရဲ့ငယ်ထိပ်ကိုပုတ်ရင်း
“ဟေ့ကောင်လေး၊ ဟေ့ကောင်လေး၊ ထစမ်း . .ထတော့”
ကလေးက ဘယ်လိုမှတော့မနေဘူးဗျ၊ ဒါနဲ့ ထွန်းရင်ကို ခေါ်နှိုးခိုင်းရတယ်၊ ထွန်းရင်လေးငါးခါလောက် ခေါ်နှိုးပြီးတော့မှ ကလေးက မျက်လုံးတွေပွင့်လာပြီးတော့ ကြောင်တောင်တောင်နဲ့ဖြစ်နေတယ်၊ ထွန်းရင်က ကျုပ်ကို တော်တော်လေးစားအားကိုးသွားတဲ့ရုပ်နဲ့ကြည့်တယ်ဗျ။
“စွမ်းလိုက်တာအဘကြီးရာ၊ အဘကြီးကိုကျုပ်ကျေးဇူးတင်ပါတယ်”
“မလိုပါဘူးကွာ၊ ငါလည်း ကူခွင့်ရလို့ ကူရတယ်လို့ပဲမှတ်ပါတယ်၊ အဲဒီကြိုးကလေးကို မဖြေသေးနဲ့အုံးကွာ၊ လေးငါးရက်လောက်ကြာမှဖြုတ်လိုက်၊ နောက်တစ်ခါထပ်တက်တယ်ဆိုရင်လည်း အဲဒီနည်းကိုမှတ်ထားပြီးလုပ်ပေါ့ကွာ”
အောင်ရှိန်ကတော့ ကျုပ်ကိုပြုံးကြည့်ရင်း ခေါင်းညိတ်နေပေမယ့် မိသက်ကတော့ တော်တော်ထူးဆန်းတဲ့ပုံနဲ့ကြည့်နေသဗျာ၊ နောက်တော့ အောင်ရှိန်ဘက်ကိုလှည့်လိုက်ပြီး
“အဖေကြီး၊ ဘဘကြီး ကုပေးလိုက်တာ စုန်းနည်းလမ်းနဲ့ကုပေးလိုက်တာများလား”
စုန်းနည်းလမ်းဆိုလို့ ဘသိုက်ရော၊ ထွန်းရင်ပါတစ်ချက်တွန့်သွားကြတယ်ဗျ၊ အောင်ရှိန်က ခေါင်းခါရင်း
“စုန်းပညာရယ်လို့တော့မဟုတ်ဘူးပေါ့သမီးရာ၊ အဲဒီနည်းလမ်းတွေကို စတိနည်းလမ်းလို့ခေါ်တယ်ကွ၊ မြန်မာ့ရိုးရာ စတိနည်းလမ်းနဲ့ ကုတယ်ပေါ့ကွာ”
မိသက်က တအံ့တသြနဲ့
“စတိနည်းလမ်းဆိုတာ ဘာကိုပြောတာလဲ အဖေကြီး”
အောင်ရှိန်က ကျုပ်ကိုလှည့်ကြည့်ပြီး
“ကဲ သာဒင်ရေ၊ မင်းသုံးတဲ့နည်းလမ်းတွေကို မင်းပဲပြောပြလိုက်စမ်းပါကွာ”
ကျုပ်က ခေါင်းညိတ်ရင်း
“စတိဆိုတာ တို့မြန်မာတွေ ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက်သုံးလာတဲ့ နည်းလမ်းတွေပဲသမီးရဲ့၊ စတိဆိုတဲ့စကားက စုန်းသိဆိုတဲ့ စကားကနေ ဆင်းသက်လာတာ၊ စုန်းပညာလို့ပြောရမှာထက် ဂမ္ဘီရဆန်တဲ့ပညာရပ်တစ်ခုပေါ့၊ စတိနည်းလမ်းတွေက တွေးကြည့်ရင် အူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် ရှေးလူကြီးတွေလက်ဆင့်ကမ်းသုံးစွဲလာခဲ့ပြီး တကယ်လည်းအသုံးဝင်တာကြောင့်မို့လို့ ခုချိန်အထိသုံးနေကြတာပဲပေါ့”
မိသက်က ခေါင်းညိတ်ရင်း
“ထူးတာတော့ ထူးဆန်းတယ်ဘဘကြီးရာ”
“အေးပေါ့၊ စတိနည်းလမ်းဆိုတာ ထောင်သောင်းနဲ့ချီပြီးရှိတတ်ကြတယ်၊ ခက်တာက အဲဒီနည်းလမ်းတွေကို တိတိကျကျရေးမှတ်ထားတာမျိုးမရှိဘဲ နှုတ်နဲ့လက်ဆင့်ကမ်းလာခဲ့ကြတာဆိုတော့ တစ်ချို့နည်းလမ်းတွေကတော့ ပျောက်ကွယ်သွားကြပြီပေါ့”
“အဲဒီစတိနည်းတွေက ဘာတွေလဲဟင်ဘဘကြီး”
“ငါ့သမီး ငရုတ်သီးထောင်းလို့ မျက်စိထဲငရုတ်ဖတ်ဝင်ရင် ဘာလုပ်သလဲ”
မိသက်က စဉ်းစားရင်း
“မေမေကြီးပြောတာကတော့ အဲဒီလိုဖြစ်ရင် ညာဘက်မျက်စိငရုတ်သီးစဝင်ရင် ဘယ်ဘက်ခြေမျက်စိကိုရေလောင်း၊ ဘယ်ဘက်မျက်စိထဲ ငရုတ်သီးစဝင်ရင် ညာဘက်ခြေမျက်စိကိုရေလောင်းပြီးတော့ အေးပါစေ၊ ချမ်းပါစေလို့ လေးငါးခါလောက် ရွတ်ပေးရတယ်ဆိုပဲ”
ကျုပ်လည်း ပြုံးလိုက်ရင်း
“အဲဒါ စတိနည်းလမ်းပဲပေါ့ သမီးရယ်”
ဒီတော့မှ မိသက်လည်း လက်ခံသွားတယ်၊ ကျုပ်တို့ကုပေးလိုက်မှန်းသိတော့ တစ်ရပ်ကွက်လုံးက လူတွေက အိမ်မှာလာစုကုန်တယ်ဗျ၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားပြီး ထွန်းရင်သားကို ဆေးကုပေးလိုက်တဲ့ကျုပ်ကို တအံ့တသြနဲ့လာကြည့်ကြတာပေါ့ဗျာ၊ ဘသိုက်က ကျုပ်ကိုကြည့်ပြီး
“ဒါဆိုရင် အူကျရောဂါကိုရော ကုသနိုင်တဲ့ စတိနည်းလမ်းရှိပါသလားဆရာကြီး”
“မင်းကျနေလို့လားကွ”
ကျုပ်မေးတော့ အားလုံးက ဝိုင်းရယ်တယ်ဗျ၊ ဘသိုက်က ရှက်သွားတဲ့မျက်နှာပေးနဲ့
“ကျုပ်ဖြစ်တာတော့မဟုတ်ပါဘူးဗျာ၊ တစ်အိမ်ကျော်မှာနေတဲ့ ဦးဘတူက အူကျနေတာကြာပြီဗျ၊ အမြဲတမ်းတော့မကျဘူး၊ ဒါပေမယ့် အူကျနေပြီဆိုရင် အော်လိုက်တာ ညည်းလိုက်တာများလွန်ပါရောဗျာ၊ ပိုက်ဆံကလည်းမရှိရှာလေတော့ ဆရာဝန်တွေဘာတွေနဲ့လည်း မပြနိုင်ဘူးဗျ”
ကျုပ်လည်း ခေါင်းညိတ်ပြီး
“ဒါက လွယ်ပါတယ်ကွာ၊ ဈေးတစ်ခုကိုသွားပြီး ခရမ်းသီးရောင်းတဲ့ဆိုင်ကနေ ခရမ်းသီးတစ်လုံးကို ပိုင်ရှင်မသိအောင်ယူရမယ်ကွ၊ ခရမ်းသီးခပ်သေးသေးဆိုလည်းရပါတယ်ကွာ၊ ပြီးတော့ အဲဒီခရမ်းသီးနဲ့ ရောဂါဖြစ်တဲ့နေရာကို အသက်အောင့်ပြီး ခုနစ်ချက်ရိုက်ရမယ်ကွ၊ ပြီးရင် ထင်းမီးဖို၊ မီးသွေးမီးဖိုတွေရှိတဲ့ အပေါ်တည့်တည့်နားမှာ ကြိုးတစ်ချောင်းနဲ့ချည်သာထားလိုက်ကွာ၊ မီးနဲ့တော့ မမြှိုက်နဲ့နော်၊ ငါချည်ခိုင်းတာက တန်းတစ်ခုခုမှချည်ခိုင်းတာ”
“အဲလိုချည်ပြီးတော့ ဘာဆက်လုပ်ရမလဲ”
“လေးငါးရက်လောက်ကြာရင် ခရမ်းသီးက ပိန်ရှုံ့သွားလိမ့်မယ်ကွ၊ ဒီတော့မှ ခရမ်းသီးကို ညနေဆည်းဆာအချိန်မှာဖြုတ်၊ ဘယ်သူ့ကိုမှစကားမပြောဘဲနဲ့ ခြံအပြင်ကိုလွှင့်ပစ်ရတယ်၊ နောက်ဆို အဲဒီအူက ကျပါဆိုလို့တောင် မကျတော့ဘူးပေါ့ကွာ”
ကျုပ်စကားပြောပြီးတော့ ကလေးချီထားတဲ့အမေတစ်ယောက်က
“ဒါဆိုဆရာကြီး၊ ကျွန်မသားလေးကိုရော မကုပေးနိုင်တော့ဘူးလား”
“ကလေးက ဘာဖြစ်နေတာလဲ”
သူချီထားတဲ့ အခါလည်သားလောက်ရှိတဲ့ ကလေးကိုပြရင်း
“ကလေးက ဇက်စောင်းနေလို့ပါ”
“အေး၊ ဇက်စောင်းနေရင်း နင်တို့အိမ်မှာ သုံးလက်စ ဆီးသားယောက်မကိုယူ၊ ဘယ်ဘက်ကိုစောင်းရင် ညာဘက်ပခုံးကို၊ ညာဘက်စောင်းရင် ဘယ်ဘက်ပခုံးကို မိခင်ဖြစ်ဖြစ်၊ အဘွားဖြစ်ဖြစ် မိန်းမတစ်ယောက်ယောက်က အသက်အောင့်ပြီး ခုနစ်ချက်ဖိပေးရတယ်၊ တစ်ခါမပျောက်ရင် သုံးလေးခါလောက်လုပ်ပေး၊ ကောင်းသွားလိမ့်မယ်ဟုတ်ပြီလား”
ကလေးအမေက ပြုံးပြတယ်ဗျ။ နောက်လူတစ်ယောက်က အရှေ့ကိုတိုးလာပြီး
“ကျုပ်က အစိုးရရုံးကစာရေးတစ်ယောက်ပါ အဘကြီး၊ ကျုပ်အခုတလော ခေါင်းအုံခေါင်းကိုက်ဖြစ်နေတာကြာပြီဗျ၊ ဆေးတွေသောက်လည်း ခဏပဲသက်သာတယ်၊ ပြီးရင်ပြန်ကိုက်တာပဲ၊ ခေါင်းကိုက်နေတာ့ အလုပ်တွေလည်းကောင်းကောင်းမလုပ်နိုင်လို့ အခုဆိုအလုပ်က ထွက်ရမလိုတောင်ဖြစ်နေပါပြီ အဘကြီးရာ၊ ကျုပ်ကို ကုလို့ရရင် ကုပေးပါဗျာ”
“ဒါများလွယ်လွယ်လေးပါ၊ မင်းအခုဝတ်လက်စ ပုဆိုးအဟောင်းတစ်ထည်ကိုယူကွာ၊ ပြီးတော့ မန်ကျည်းပင်က မန်ကျည်းရွက်အနုအရင့်တွေများများခူးပြီး ခုနကပုဆိုးထဲကို အစာသွပ်၊ ခေါင်းအုံးပုံစံလေးဖြစ်အောင် ပုဆိုးကိုခေါက်ပေါ့ကွာ၊ ပြီးရင်တော့ အဲဒီမန်ကျည်းရွက်ခေါင်းအုံးနဲ့ ခုနစ်ညအိပ်ပေးရမယ်ကွ၊ ခုနစ်ညပြည့်ရင်တော့ ရေစီးနေတဲ့ မြစ်ထဲ၊ ချောင်းထဲကို အဲဒီမန်ကျည်းရွက်ခေါင်းအုံးကြီးကို မြောသာချလိုက်ကွာ၊ ခေါင်းကိုက်ပျောက်သွားလိမ့်မယ်၊ ဒါပေမယ့် အဲဒီမန်ကျည်းရွက်ခေါင်းအုံးကို သူများတော့ယူမအိပ်စေနဲ့နော်၊ အဲဒီလူဆီကို ခေါင်းကိုက်ကူးသွားလိမ့်မယ်”
ဒီလူက ပြုံးရင်း
“ဟာ၊ ဘာမှမခက်ပါလားအဘကြီးရာ၊ ကျုပ်မနက်ဖြန်ပဲ စပြီးစမ်းကြည့်မယ်ဗျာ”
မိန်းမကြီးတစ်ယောက်က ထပ်ကပ်လာပြန်ပါရောဗျာ။
“လက်စနဲ့ ကျွန်မသမီးကိုလည်းကြည့်ပေးပါအုံးဆရာကြီးရာ၊ သူ့ခါးမှာရေယုန်တွေပေါက်နေလို့ပါ”
ဆယ်နှစ်လောက်အရွယ်ကောင်မလေးက သူဝတ်ထားတဲ့ ရှင်မီးအင်္ကျီကိုလှန်ပြတယ်ဗျ၊ ဟုတ်ပါ့ဗျာ၊ ခါးမှာရေယုန်တွေချည်းပါပဲ၊
“အဲဒီရေယုန်က ခါးတစ်ပတ်ပြည့်ရင် လူသေတတ်တယ်နော်ကွ၊ နည်းကတော့ လွယ်ပါတယ်၊ မီးသေလက်စ မီးဖိုကိုကျောပေးပြီးထိုင်၊ ပြီးတော့ လက်မ၊ လက်ညှိုး၊ လက်ခလယ်သုံးချောင်းနဲ့ ပြာနွေးနွေးကို လက်နောက်ပြန်လှမ်းယူရတယ်၊ ပြီးရင်တော့ အဲဒီပြာကိုကြည့်ပြီး “နင်ကရေယုန်၊ ငါကပြာပူဟဲ့” လို့ခုနစ်ကြိမ်ရွတ်ပြီး ရေယုန်ကိုပွတ်လိမ်းပေး၊ ခုနစ်ရက်ဆက်တိုက်လိမ်းရင် ပျောက်တာပေါ့”
ကျုပ်လည်း နည်းလမ်းတွေပေးပြီး တစ်ယောက်ပြီးတစ်ယောက် ပြောနေမိတယ်၊ အောင်ရှိန်ကတော့ ကျုပ်ကိုပြုံးပြီးတော့ ကြည့်နေသဗျာ၊ တော်တော်ကြာတော့မှ လူတွေကျေနပ်ပြီး ပြန်သွားကြတော့တာပဲ၊ ကျုပ်လည်း စကားတော်တော်များများပြောလိုက်ရလို့ထင်ပါ့ဗျာ၊ ချောင်းတွေဆက်တိုက်ဆိုးလာပါရော၊ ချောင်းဆိုးတာကိုလက်နဲ့ကာလိုက်တော့ လက်မှာသွေးစက်တွေလာစင်တယ်ဗျာ။ အောင်ရှိန်က ကျုပ်ကိုကြည့်ပြီး
“မင်းက သူများကိုတော့ ကုသပေးနေပြီး၊ မင်းကိုယ်တိုင်ကုဖို့ကျတော့ မေ့နေတယ်ထင်ပါ့ သာဒင်ရေ”
“အေးလကွာ၊ ငါလည်းအခုမှ ဒဏ်ရာကိုသတိရတယ်”
ကျုပ်လည်း အင်္ကျီကြယ်သီးကိုဖြုတ်လိုက်တော့ ရင်ဘတ်မှာလက်ဝါးရာကြီးကိုတွေ့လိုက်ရသဗျာ၊ လက်ဝါးရာကြီးက ညိုမည်းပြီးတော့ ပုပ်စပ်စပ်ဖြစ်နေပါရော၊
“သွေးလက်ဝါးဖြစ်မယ်ကွ၊ ဒီလောက်တော့ ငါလည်းကုတတ်ပါတယ်”
ကျုပ်လည်း ရင်ဘတ်ကိုလက်နဲ့ဖိပြီး တတ်သလောက်မှတ်သလောက် ပညာရပ်တွေနဲ့ကုကြည့်တယ်ဗျ၊ ဒါပေမယ့် စုန်းပညာနဲ့ကုတာ ပြန်ကောင်းမလာတဲ့အပြင် ပိုပိုပြီးတော့ဆိုးလာသဗျာ၊ ပါးစပ်ထဲအန်ချင်သလိုဖြစ်ပြီး သွေးတွေချည်းလှိမ့်အန်တော့တာပဲ၊ အောင်ရှိန်က ကျုပ်ကိုကြည့်ရင်း
“ငါပြောသားပဲကွ၊ ငထေရှင်ရဲ့အစွမ်းက တော်ရုံမဟုတ်ပါဘူးဆိုနေ”
“အေးကွာ၊ ငါတစ်ခါမှ ဒီလိုဒဏ်ရာမျိုး မတွေ့ဖူးဘူးကွ”
“မပူပါနဲ့သာဒင်ရာ၊ မင်းက သူများတွေကိုတောင်မှ ကုသပေးနေတဲ့လူပဲကွ၊ မင်းကိုလည်း ကုလို့ရမှာပါ၊ ကဲ ရေတစ်ခွက်ပေး၊ ငါကုပေးမယ်”
ဘသိုက်က ရေတစ်ခွက်ပြေးခပ်လိုက်တယ်ဗျ၊ အောင်ရှိန်က အဲဒီရေခွက်ကို ကျုပ်ဆီကိုလှမ်းပေးပြီးတော့
“သစ္စာရေစင်အကြောင်းကို မင်းသိတယ်မဟုတ်လား သာဒင်”
ကျုပ်လည်းခေါင်းညိတ်လိုက်ပြီးတော့ မျက်လုံးအစုံကိုမှိတ်ထားလိုက်တယ်။ ရေခွက်ကိုနဖူးအနားကိုကပ်ပြီးတော့
“ကျွနု်ပ်သည် ယနေ့ယခုအချိန်တွင် ရောဂါစွဲကပ်နေသူလူအများကို စတိနည်းလမ်းများပေးပြီး ကုသလမ်းညွှန်ပေးခဲ့ပါသည်၊ အချို့မှာလည်း ပျောက်ကင်းသက်သာသွားခဲ့ပါသည်၊ ဤစကားသည် မှန်သော ဝစီသစ္စာစကားဖြစ်ပါသည်။ ဤမှန်သော ဝစီသစ္စာစကားကို ဆိုရခြင်းကြောင့် ကျွနု်ပ်ကုသပေးခဲ့သူများကဲ့သို့ အကျွနု်ပ်တွင်ခံစားနေရသော ရောဂါဝေဒနာသည်လည်း ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်ကင်းသက်သာသွားပါစေသား”
ကျုပ်သစ္စာဆိုပြီးတော့ ရေခွက်ကိုကိုင်တဲ့အခါ အောင်ရှိန်က
“သာဒင်၊ လက်ပြန်ပက်နော်ကွ”
ကျုပ်လည်း လက်နောက်ပြန်နဲ့ ရင်ဘတ်က ဒဏ်ရာကို ရေနဲ့ပက်ထည့်လိုက်တယ်ဗျာ၊ ကျုပ်သစ္စာမှန်လို့ထင်ပါရဲ့၊ ရေနဲ့ပက်ပြီးတာနဲ့ အဲဒီလက်ရာကြီးက တဖြည်းဖြည်းပါးပါးသွားပြီးတော့ နောက်ဆုံးအသားအရောင်အတိုင်းပြန်ဖြစ်သွားတယ်ဗျာ၊ အောင်ရှိန်က
“မင်းက သူများကိုကယ်ခဲ့တဲ့လူဆိုတော့ မင်းကိုယ်မင်းပြန်ကယ်ရတာလည်း မခက်ဘူးပေါ့ သာဒင်ရာ”
(၃)
ကျုပ်တို့ပြောဆိုပြီး ရယ်မောနေကြတုန်းမှာ အိမ်ရှေ့ကနေခေါ်သံကြားလိုက်ရတယ်ဗျ၊ ညကလည်း နက်နေပြီ၊ ကျုပ်အထင်တော့ ညကိုးနာရီလောက်နီးနီးရှိပြီထင်ပါ့ဗျာ။
“ဘသိုက်၊ ဟေ့ကောင်ဘသိုက်၊ အိမ်ထဲမှာ မင်းရှိတာ ငါသိတယ်နော်၊ မင်းအခုချက်ချင်းထွက်ခဲ့စမ်း”
ဘသိုက်က အသံကြားပြီးတော့ ဇက်ကလေးပုသွားတယ်ဗျ၊
“ဘယ်သူလဲဘသိုက်”
“ကျုပ်တို့ကို မကောင်းတာတွေလုပ်ခိုင်းပြီး ခေါင်းပုံဖြတ်စားနေတဲ့ ဆရာကြီးဆိုတဲ့သူပါ”
“အော်၊ ဒင်းကိုး၊ ဒင်းငါနဲ့တွေ့မယ်”
ဘသိုက်က တားရင်း
“အကျယ်အကျယ်တွေဖြစ်ကုန်ပါ့မယ် အဘကြီးရာ၊ အဘကြီးတို့အေးအေးနေပါ၊ ကျုပ်ကိစ္စကျုပ်သွားရှင်းပါ့မယ်”
ဒီအခါ အပြင်ကနေထပ်အော်ပြန်တယ်ဗျာ။
“ဘသိုက်၊ ဘသိုက်၊ မင်းက မင်ကိုယ်မင်းအရည်အချင်းရှိတယ်ထင်လို့ တစ်စင်ထောင်ချင်တာလားကွ၊ မင်းက ဘာကောင်မှမဟုတ်ဘူး၊ မင်းက ငါမရှိရင် ခွေးဖြစ်မယ့်ကောင်ကွ”
ဘသိုက်လည်း ပြေးဆင်းသွားတော့တယ်၊ ခြံရှေ့မှာသူတို့ပြောဆိုနေတဲ့အသံတွေကြားတယ်ဗျ၊ ကျုပ်လည်း မနေနိုင်တာနဲ့အပြင်ထွက်ဖို့လုပ်လိုက်တယ်၊ အောင်ရှိန်နဲ့ မိသက်လည်း ကျုပ်အနောက်ကနေထွက်လိုက်လာကြတယ်ဗျ၊ ခြံရှေ့မှာတော့ ရှပ်အင်္ကျီဝတ်ထားပြီး ၀၀ဖိုင့်ဖိုင့်နဲ့လူကြီးတစ်ယောက်က ဘသိုက်နဲ့ရန်ဖြစ်နေသဗျာ။
“ဘာကွ၊ မင်းက ဆက်မလုပ်တော့ဘူးတဲ့လား၊ ဘသိုက်၊ မင်းလိုခါးပိုက်နှိုက်က ဒီအလုပ်ဆက်မလုပ်တော့ဘူးဆိုရင် ဘာသွားလုပ်စားမှာလဲကွ”
ဘသိုက်ကလည်း ခပ်မာမာပဲဗျာ။
“အိုဗျာ၊ ရန်ကုန်မြို့ထဲမှာ လုပ်စရာတွေမှပေါလို့ဗျာ၊ ဒီလိုမကောင်းတဲ့နည်းလမ်းကို ကျုပ်မလုပ်တော့ဘူး၊ ကျုပ်ဖာသာ ချီးပုံးထမ်းရထမ်းရ ကျုပ်ထမ်းစားမယ်”
“ဘသိုက်ရာ၊ မင်းကတော့ ကောင်းစေချင်လို့ ကုန်းပေါ်တင်ပေးပေမယ့် ချီးတွင်းထဲပျော်တဲ့လောက်လို ချီးတောထဲပဲပြန်ဆင်းချင်တဲ့ကောင်ပါလား၊ မင်းချီးပုံးထမ်းတော့ရော တစ်နေ့ဘယ်နှပြားရမယ်ထင်လဲကွ”
“ဘယ်လောက်ရရဗျာ၊ ကျုပ်ဒီအလုပ်မလုပ်တော့ဘူး၊ ကျုပ်ထပ်ပြီးတော့ မလုပ်နိုင်တော့ဘူး”
“အောင်မာ၊ အေးကွာ၊ ဒါဖြင့်ရင်လည်း ငါ့အကောင်တွေပြန်ပေး”
ဘသိုက်က မျက်နှာကိုတစ်ဖက်လှည့်လိုက်ပြိး
“မရှိတော့ဘူး”
“ဘာကွ၊ မင်းဘာပြောတယ်”
“မရှိတော့ဘူး၊ ခင်ဗျားရဲ့သရဲတွေအကုန် ကျုပ်လွှတ်ပေးလိုက်ပြီ”
“မင်းကွာ၊ မင်းတော်တော်အသုံးမကျတဲ့ကောင်ပဲ၊ မင်းတော့ . . . မင်းတော့ သေပြီသာမှတ်”
အဲဒီလူကြီးက ပြောဆိုရင်း ဒေါသထွက်လာပြီးတော့ ဘသိုက်ကိုလက်ဝါးနဲ့ရိုက်ဖို့ပြင်လိုက်တယ်ဗျ၊ သူ့လက်ဝါးက အနီရောင်ကြီးတစ်ချက်လင်းထွက်သွားပါရောဗျာ၊ ဒါရိုးရိုးလက်ဝါးမဟုတ်ဘူးဗျာ၊ ပညာနဲ့ရိုက်တဲ့လက်ဝါးဗျ၊ ကျုပ်လည်း ဝင်တားမယ်ကြံရုံရှိသေးတယ်၊ ဒီလူကြီးလက်က ဖြောင်းခနဲအသံမြည်ပြီးတော့ အနောက်ကိုခြေသုံးလေးလှမ်းဆုတ်သွားပါရောဗျာ။ ဒီအချိန် အောင်ရှိန်တို့သားအဖက အရှေ့ကိုတက်လာတယ်။
“သြော်၊ ဘယ်သူများလဲလို့ မိတ်ဆွေဟောင်းကြီးပါလား”
ဒီလူကြီးက အောင်ရှိန်ကို တအံ့တသြနဲ့ကြည့်ရင်း
“ဟင် . . . မင်း . . မင်းမောင်ရှိန်မဟုတ်လား”
“အစစ်ပေါ့ဗျာ၊ မတွေ့တာကြာလို့ ခင်ဗျားတောင် တော်တော်ဝလာတယ်နော် ဦးဖိုးထူး”
“နေစမ်းပါအုံးမောင်ရှိန်၊ မင်းက ဒီအိမ်မှာ ဘယ်လိုဖြစ်လို့ရောက်နေတာလဲ”
အောင်ရှိန်က ခပ်မျဉ်းမျဉ်းရယ်လိုက်ပြီးတော့
“ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ဦးဖိုးထူး၊ ခင်ဗျားမနာချင်ရင် အခုကျုပ်ရှေ့ကနေထွက်သွားလိုက်တော့”
ဒီအခါ ဦးဖိုးထူးဆိုတဲ့လူက တဟားဟားနဲ့ခွက်ထိုးခွက်လန်ရယ်သဗျ။
“ဟား၊ ဟား ရယ်ရတယ်အောင်ရှိန်ရာ၊ မင်းလို ဟိုမရောက်ဒီမရောက် ဝိဇ္ဇာကန့်လန့်ကောင်ကများ ငါ့ကိုမောင်းထုတ်တယ်တဲ့လား၊ ငါဒီနှစ်တွေအတွင်းမှာ ဘယ်လောက်တောင်အစွမ်းတွေတိုးခဲ့ပြီလဲဆိုတာ မင်းသိရဲ့လားကွ၊ လာစမ်းပါ၊ ငါ့အစွမ်းသိရအောင် မင်းနဲ့ငါနဲ့ယှဉ်ကြစို့ကွာ”
အောင်ရှိန်ကလည်းရယ်ရင်း
“ကောင်းတာပေါ့ ဦးဖိုးထူးရာ၊ ဒါပေမယ့် ခင်ဗျားအဆင့်လောက်နဲ့ ကျုပ်နဲ့ယှဉ်ဖို့ရာ မထိုက်တန်ဘူးဗျ၊ တော်ကြာလူတွေကြားကုန်မှ ကျုပ်က ခင်ဗျားလိုအိုကြီးအိုမကို အနိုင်ကျင့်တယ်ဆိုပြီး ဖြစ်နေပါအုံးမယ်၊ သမီး မိသက်”
မိသက်က အရှေ့ထွက်လာပြီးတော့
“ရှင်အဖေကြီး”
“ဒီလူကြီးကို သမီးပဲကြည့်ရှင်းလိုက်ပါကွယ်”
“ဟုတ်ကဲ့ပါအဖေကြီး”
အောင်ရှိန်က ဦးဖိုးထူးကိုကြည့်ရင်း
“ဒီမှာဦးဖိုးထူး၊ ခင်ဗျားကျုပ်နဲ့မယှဉ်ခင်၊ ကျုပ်ရဲ့တပည့်မလေး မိသက်နဲ့အရင်ယှဉ်လိုက်ပါအုံးဗျာ၊ ညှာညှာတာတာတော့လုပ်ဗျ၊ ဒီကလေးက ကျုပ်တပည့်ဖြစ်တာ သိပ်မကြာသေးဘူး”
အောင်ရှိန်ပြောလိုက်တော့ ဦးဖိုးထူးမျက်နှာကြီး နီရဲသွားသဗျာ။
“အောင်မာ၊ မလောက်လေးမလောက်စားကောင်မလေးကများ ငါ့ကိုယှဉ်မတဲ့လား၊ စိတ်ချမောင်ရှိန်၊ မင်းတပည့်ကလေးကို မသေမရှင်ဖြစ်အောင်ငါလုပ်ပေးလိုက်မယ်”
ဦးဖိုးထူးပြောနေတုန်း မိသက်က သူ့လက်မှာပတ်ထားတဲ့ပုတီးကလေးကိုဖြုတ်လိုက်သဗျ၊ ပုတီးကတော့ သိပ်မကြီးပါဘူးဗျာ၊ ကျုပ်အထင်တော့ နှစ်ဆယ့်ခုနစ်လုံးပုတီးထင်တာပါပဲ၊ မိသက်က အဲဒိပုတီးကလေးကို လက်ညှိုးမှာတပ်ပြီးတော့ တဝှီးဝှီးနဲ့လှည့်တယ်။ ပြီးတာနဲ့ ဦးဖိုးထူးဆီကို လှမ်းပစ်ထည့်လိုက်တော့တာပါပဲဗျာ၊ ပုတီးက လေထဲမှာတဝှီးဝှီးနဲ့ပျံသန်းသွားရင်း အလင်းရောင်တွေ ဖြန်းခနဲ ဖြန်းခနဲလက်သွားတယ်ဗျ၊ ပုတီးက ပျံသွားပြီး ဦးဖိုးထူးကိုသွားထိပါရောဗျာ။
ဝုန်းခနဲအသံကြီးနဲ့အတူတူ ဦးဖိုးထူးက အနောက်ကိုလန်ထွက်သွားသဗျ၊ ပုတီးက တစ်ခါပြန်လည်လာပြီးတော့ ဦးဖိုးထူးကိုပြန်ထိပြန်တယ်၊ ဒီတစ်ခါထိတော့ ဦးဖိုးထူးက မြေပေါ်ကိုခွေကျသွားသဗျာ၊ ပုတီးက ကောင်းကင်ပေါ်ကိုပျံတက်သွားပြီး တစ်ခါ ဦးဖိုးထူးဆီကိုပျံလာပြီးထိပါရော၊ ဦးဖိုးထူးမှာ မြေကြီးပေါ်လိမ့်နေအောင်ခံရပါရောဗျာ၊ အဝတ်အစားတွေဆိုတာလည်း ပေကျံကုန်တာပေါ့၊ မိသက်က ပုတီးကိုသေချာစိုက်ကြည့်နေပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့ရွတ်နေသဗျာ၊ ကျုပ်အထင် သူ့အကြည့်အနောက်ကို ပုတီးကလိုက်ပြီးထိနေတယ်ထင်ပါ့ဗျာ။
ခုနစ်ချက်လောက်ထိပြီးတဲ့အခါ ဦးဖိုးထူးလည်း တော်တော်ကိုနာနေပြီဗျ၊ မြေပေါ်မှာဝက်လို လူးနေတာပဲဗျာ၊ အောင်ရှိန်က မိသက်ပခုံးကိုပုတ်လိုက်ပြီး
“တော်ပြီသမီး၊ ရပ်လိုက်တော့၊ ဒီအတိုင်းဆို ကိုးချက်ထိရင် ဒီလူသေပြီ၊ ကိုယ့်လက်ကိုသွေးမစွန်းစေနဲ့”
မိသက်က ခေါင်းညိတ်ပြီးတော့ လက်ကိုမိုးပေါ်ထောင်လိုက်တယ်၊ ဒီအခါ ပုတီးကလေးက သူ့လက်မှာပြန်ပတ်သွားတယ်။ ဦးဖိုးထူးက လူးလဲပြီးကုန်းထတယ်ဗျ။
“ဒီမှာဦးဖိုးထူး၊ ခင်ဗျားကျုပ်ကိုမပြောနဲ့ မနေ့တစ်နေ့ကမှ ကျုပ်တပည့်ဖြစ်တဲ့ ဒီကလေးမလေးကိုတောင် မနိုင်ပါလားဗျ”
ဦးဖိုးထူးက အံကြီးတကြိတ်ကြိတ်နဲ့ဗျ၊ မိသက်က ဦးဖိုးထူးကိုကြည့်ရင်း
“ဘယ်လိုလဲ ပဋ္ဌာန်းပုတီးရဲ့အရသာက ကောင်းရဲ့လားအဘကြီး၊ ဒီပဋ္ဌာန်းပုတီးက ပဋ္ဌာန်းအပတ်ရေ နှစ်သောင်းလေးထောင်တိတိကို အဓိဋ္ဌာန်နဲ့စိပ်ထားတာဆိုတော့ မကောင်းဆိုးဝါးတွေ တော်တော်ကြောက်ကြတယ် အဘကြီးရဲ့”
မိသက်က ခပ်ကြွားကြွားပြောလိုက်တော့ ဦးဖိုးထူးက မိသက်ကိုလက်ညှိုးထိုးပြီး
“ကောင်မလေး၊ နင့်ကိုငါအရင်သတ်မယ်၊ နောက်ဆို နင့်ကိုငါအရင်သတ်မယ်”
ဒီအချိန်လူတစ်ယောက်က အမှောင်ထဲကနေထွက်လာတယ်ဗျ၊ ဦးဖိုးထူးရဲ့ဘေးနားကိုဝင်ရပ်လိုက်တယ်ဆိုရင်ပဲ ဦးဖိုးထူးက
“သခင်ကြီး၊ ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ဆုံးမလိုက်စမ်းပါ”
ထွက်လာတဲ့လူက အလတ်ကောင်ဖြစ်နေတယ်ဗျာ၊ ကျုပ်ဖြင့်မျက်လုံးပြူးသွားတာပါပဲ၊ မိသက်က အလတ်ကောင်ကိုတွေ့တာနဲ့ သူ့ရဲ့ပဋ္ဌာန်းပုတီးကို ပစ်ထည့်လိုက်ပါရောဗျာ၊ အလတ်ကောင်က မျက်မှောင်တစ်ချက်ကြုတ်ပြီးတော့ သူ့ဆီပျံဝင်လာတဲ့ ပဋ္ဌာန်းပုတီးကို ဘက်ဖက်လက်တစ်ဖက်တည်းနဲ့ လမ်းဆုပ်ပြီးဖမ်းလိုက်တယ်၊ နောက်တော့ ပဋ္ဌာန်းပုတီးကို ပြန်ပစ်မယ်အလုပ်မှာ ကျုပ်ကအရှေ့ကိုတက်သွားပြီးတော့
“အလတ်ကောင်၊ အလတ်ကောင်”
အလတ်ကောင်က ကျုပ်ပြေးတက်လာတာလဲမြင်ရော တစ်ချက်ငြိမ်သွားတယ်ဗျ၊ နောက်တော့ ကျုပ်ကိုတွေတွေကြီးကြည့်နေရင်း
“ဟင်၊ ဦး . . .ဦးဘသာ”
“အလတ်ကောင်၊ မင်းမှတ်မိပြီလား၊ ငါဦးဘသာလေကွာ၊ မင်းကိုတွေ့ချင်လို့ ရွာကနေလိုက်လာတာကွ”
ဦးဖိုးထူးက တအံ့တသြဖြစ်နေပြီးတော့ အလတ်ကောင်ရဲ့လက်ကိုကိုင်ရင်း
“သခင်ကြီး၊ ဒီကောင်တွေက ကျုပ်ကိုစော်ကားတယ်၊ ကျုပ်ကိုနာကျင်အောင်လုပ်တယ်၊ ဒီကောင်တွေကို သခင်ကြီးအကြောင်းသိသွားအောင် ပြလိုက်စမ်းပါသခင်ကြီးရာ”
အလတ်ကောင်က မတုန်မလှုပ်ရပ်နေရာကနေ ဘက်ဘက်လက်သီးကို ကျစ်နေအောင်ဆုပ်ကိုင်ထည့်လိုက်တယ်ဗျ၊ သူ့လက်ထဲက မိသက်ရဲ့ပဋ္ဌာန်းပုတီးကလေးက ထောက်ခနဲပြတ်သွားပြီးတော့ ပုတီးစေ့တွေအကုန်လုံးမြေပေါ်ကိုကျကုန်တာပေါ့ဗျာ၊ ပြီးတာနဲ့ အလတ်ကောင်က တစ်ဖက်ကိုလှည့်ထွက်သွားပြီး အမှောင်ထဲဝင်သွားတော့တယ်၊ ဦးဖိုးထူးက တအံ့တသြနဲ့ကျန်ခဲ့ရင်း ကျုပ်တို့ကိုတစ်ချက်ကြည့်ပြီးတော့ အလတ်ကောင်အနောက်ကိုပြေးလိုက်သွားပါရော၊ မိသက်က ပဋ္ဌာန်းပုတီးကလေးကို ပြေးကောက်မယ်အလုပ်မှာ အောင်ရှိန်က မိသက်လက်ကိုဆွဲထားလိုက်တယ်။
“မကောက်နဲ့တော့၊ ပျက်ချိန်တန်လို့ပျက်ရတယ်လို့ပဲ မှတ်လိုက်ပါတော့”
မိသက်က လူငယ်ဆိုတော့ စိတ်မထိမ်းနိုင်ဘူးဗျ။
“ဒီလူက ဒီလောက်စွမ်းတဲ့ ပဋ္ဌာန်းပုတီးကိုတောင် ခံနိုင်ရည်ရှိနေပါလား အဖေကြီး”
“ငထေရှင်က ပေါ့သေးသေးမဟုတ်ဘူးသမီး၊ နောက်ဆို ပိုပြီးတော့ သတိထားရတော့မယ်”
ကျုပ်ကတော့ပျော်သွားတယ်ဗျ၊ ပျော်တာက အကြောင်းမဲ့တော့မဟုတ်ဘူး၊ အလတ်ကောင်ကြည့်ရတာ ကျုပ်ကိုမှတ်မိနေတဲ့ပုံပဲ၊ ကျုပ်ကိုမြင်တော့ ဦးဘသာဆိုပြီးခေါ်လိုက်တယ်မဟုတ်လား၊ ဒီအတိုင်းဆို အောင်ရှိန်ပြောတာဖြစ်နိုင်တယ်၊ အလတ်ကောင်မသေသေးဘူး၊ အလတ်ကောင်မသေသေးဘူးဗျ။
ဆက်ရန်။