အတွဲ(၅) စာစဉ်(၇)
(၁)
ကျုပ်နဲ့ဦးဘသာနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်ဗျ၊ ဒီအခါ ယောက်ျားတစ်ယောက်က အရှေ့တက်လာပြီးတော့
“ဟုတ်ပါတယ်ညီမလေးရာ၊ ညီမလေးစိတ်တိုင်းကျပဲအကုန်ဖြစ်စေရမယ်၊ အကိုတို့နဲ့ပြန်လိုက်ခဲ့ပါ”
ဦးဘသာက ခေါင်းကိုတဆတ်ဆတ်ခါတယ်ဗျ၊ နောက်တော့ ဒီလူအုပ်ကိုလက်ညှိုးညွှန်လိုက်ပြီးတော့ ပါးစပ်ကတစ်ခုခုကိုရွတ်လိုက်တယ်။ အဲဒီအခါလေစိမ်းတွေတိုက်လာပြီးတော့ ဖုန်တွေထလာတာပဲဗျာ၊ မိုးတွင်းကြီးဆိုတော့ မြေကြီးကခြောက်ခြောက်ကြီးဗျ၊ အဲဒီကနေဖုန်တွေထတာ မြင်မကောင်းဘူးဗျာ၊ ဖုန်တွေကနောက်တော့ ကျုပ်တို့တွေအကုန်လုံးကိုဖုံးလွှမ်းသွားတယ်ဗျ၊ မသိရင် သဲမုန်တိုင်းတိုက်သလိုလို၊ လေပွေတစ်ခုထဲရောက်သွားသလိုလိုပါပဲ၊ ဦးဘသာက ကျုပ်လက်ကိုဆွဲပြီးတော့ ဖုန်တွေကြားကနေတစ်ခါတည်းပြေးတော့တယ်၊ ပြေးရင်းနဲ့ကျုပ်တို့အရှေ့ကလူတွေကိုလည်း ဝင်တိုက်သွားကြတာပေါ့ဗျာ။
ဟိုလူအုပ်ကတော့ ဖုန်လုံးကြီးထဲကျန်နေခဲ့ကြတယ်ဗျ၊ ကျုပ်တို့ပြေးလွှားရင်း အဲဒီရွာကလေးထဲပဲ လှည့်ပတ်ပြေးနေမိတယ်၊ ဒီအချိန် ကျုပ်တို့အနောက်က စက်ဘီးဘဲလ်သံကြားရတယ်ဗျ၊ ကျုပ်လည်းလှည့်ကြည့်လိုက်တော့ ဆိုက်ကားတစ်စီးကမောင်းလာသဗျ။ အဲဒီဆိုက်ကားသမားက ခုနက ကျုပ်ကိုတင်နင်းလာတဲ့ ဆိုက်ကားသမားပဲဗျာ၊ ကျုပ်ကိုတွေ့တာနဲ့ ဆိုက်ကားဘေးက ထိုင်ခုံအလွတ်ကိုမျက်စပစ်ပြပြီးတော့ တက်ဆိုပြီးတစ်ခွန်းတည်းပြောတယ်၊ ဒါနဲ့ကျုပ်လည်း ဆိုက်ကားပေါ်တက်လိုက်တာပေါ့ဗျာ။
“ဦးဘသာတက်၊ မြန်မြန်တက်ဗျ”
ဦးဘသာကလည်း ဆိုက်ကားအနောက်ကိုပြေးတက်တယ်ဗျ၊ ကျုပ်တို့တက်ပြီးတာနဲ့ ဆိုက်ကားသမားက ဆိုက်ကားကိုအမြန်နင်းတယ်ဗျ၊ ရွာလမ်းလိုမျိုးဗွက်ပေါက်နေတဲ့လမ်းတွေကိုဖြတ်နင်းပြီး နောက်တော့ ကျုပ်တို့အလာတုန်းကဖြတ်လာတဲ့ ကွင်းတွေကိုဖြတ်နင်းတယ်ဗျ။
“မင်းတို့ဘယ်ကိုသွားမှာလဲ”
ဦးဘသာက ရပ်ကွက်တစ်ခုကိုပြောလိုက်တယ်၊ ဆိုက်ကားသမားကလည်း ဆက်နင်းလာပါရောဗျာ၊ ကားလမ်းမကြီးကိုဖြတ်ကျော်ပြီးတော့ ဟိုးဖက်တောင်ကုန်းလေးတွေအနားရောက်တဲ့အခါ ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုကိုတွေ့လိုက်ရသဗျ။
“ကဲ မင်းတို့ခရီးလမ်း ဖြောင့်ဖြူးပါစေ ချောချောရေ”
ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့
“ကျုပ်နာမည် ခင်မောင်ပါဗျ”
“ငါကမင်းကိုပြောတာမဟုတ်ဘူး သူ့ကိုပြောတာ”
ဆိုက်ကားသမားက ဦးဘသာကိုလက်ညှိုးထိုးပြတယ်ဗျ၊ ဦးဘသာကလည်း ကြောင်အမ်းအမ်းနဲ့ရယ်။
“ဒါနဲ့ သူ့နာမည်က ချောချောတဲ့လား”
ဆိုက်ကားသမားက ကျုပ်ကိုပြုံးကြည့်ရင်း
“မင်းမသိသလိုဟန်ဆောင်မနေပါနဲ့ကွာ၊ ငါကမင်းနဲ့ချောချောအကြောင်းကို ဘယ်သူ့ကိုမှမပြောပါဘူးကွ၊ မင်းတို့ကလည်း တကယ့်စံပါပဲကွာ၊ ရိုမီယိုနဲ့ဂျူးလိယက်တို့ သေဟန်ဆောင်ပြီးတော့ ပြန်ပေါင်းထုတ်ဖို့ကြိုးစားခဲ့သလို အခုမင်းတို့ကလည်း ဒီလမ်းစဉ်အတိုင်းလုပ်နိုင်ခဲ့တာ ငါချီးကျူးတယ်ဟေ့၊ ကဲ သွားကြတော့၊ မင်းတို့ချစ်သူတွေ အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကွာ”
ကျုပ်တို့လည်း ဆိုက်ကားပေါ်ကဆင်းပြီးတော့ လမ်းလျှောက်လာခဲ့ကြတော့တယ်ဗျာ၊ ဦးဘသာက လမ်းသိနေတဲ့ပုံပဲဗျ၊ ဒီနေရာက ကျုပ်မနေ့ကရောက်ခဲ့ဖူးသလိုလိုတော့ရှိသား၊ တစ်နေရာရောက်တော့မှ ခြံဝင်းအပြင်ဘက်မှာ ဦးဘသာကရပ်လိုက်တယ်ဗျ၊ ခြံဝင်းထဲက အိမ်ကလေးကိုလှမ်းပြတော့ အိမ်ရှေ့မှာစားပွဲဝိုင်းကြီးချပြီး ဦးဘသာနဲ့ဦးအောင်ရှိန်တို့က တရယ်ရယ်တမောမောနဲ့ စကားပြောနေကြပါရောဗျာ။
“ဟာ၊ အဲဒါငထေရှင်ဗျ၊ ကြည့်စမ်း၊ ဦးဘသာယောင်ဆောင်ပြီးတော့ ဦးအောင်ရှိန်ကိုဝင်လုံးနေတာဗျ”
ကျုပ်လည်းကြည့်ရင်းပြောလိုက်မိတယ်၊ ဦးအောင်ရှိန်နဲ့ မိသက်က ဦးဘသာကြီးကို ဦးဘသာအစစ်ပဲထင်နေပုံရတယ်ဗျ၊ ငထေရှင်ကလည်း သရုပ်ဆောင်ကောင်းတယ်ဗျာ၊ ဒါကိုကြည့်ပြီး ချောချောကတော့ တောက်တစ်ချက်ခေါက်လိုက်သဗျ။
“ဒီကောင်တွေကို ငါဝင်တားရမယ်ကွ”
အဲဒီလိုပြောပြီးတော့ ချောချောတစ်ယောက် ခြံဝိုင်းထဲကို ပြေးဝင်သွားပါရောဗျာ။
“ဦးဘသာ၊ ဦးဘသာ”
ကျုပ်လှမ်းတော့ခေါ်တယ်ဗျာ၊ ချောချောကလှည့်တောင်မကြည့်ပါဘူး။ ကျုပ်လည်း လိုက်သွားရကောင်းနိုး၊ ဒီမှာပဲနေရကောင်းနိုးနဲ့ နောက်ဆုံးတော့ ခြံစည်းရိုးဝါးကပ်ကို အကာအကွယ်ပြုပြီး အသာချောင်းကြည့်နေလိုက်ရသဗျာ။
“ဟိတ်ကောင်တွေ ရပ်လိုက်ကြစမ်း”
ဦးဘသာက အော်လိုက်ပေမယ့် မိန်းကလေးကိုယ်ဆိုတော့ မိန်းကလေးအသံဖြစ်နေတာပေါ့ဗျာ၊ ဦးအောင်ရှိန်ရော၊ ဦးဘသာတစ်ဖြစ်လဲ ငထေရှင်ရောက ဒီမိန်းကလေးကို တအံ့တသြနဲ့ကြည့်နေတယ်၊ ဘသိုက်က
“မိန်းကလေး၊ မင်းအိမ်မှားလာပြီနဲ့တူတယ်”
“မမှားဘူး ငါဒီအိမ်ကိုတန်းတန်းမတ်မတ်လာတာ”
အဲဒီလိုပြောပြီး ဦးဘသာကိုလက်ညှိုးထိုးရင်း
“ဟေ့ကောင်၊ မင်းငါ့ကိုယ်ကိုယူထားတာပြန်ပေးစမ်း၊ ငါ့ကိုအခုပြန်ပေးစမ်း”
ဦးဘသာက ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး ဦးအောင်ရှိန်ကိုကြည့်တယ်ဗျ၊ ဦးအောင်ရှိန်ကလည်း
“သာဒငင်၊ မင်းနဲ့သူနဲ့သိလို့လားကွ”
ဦးဘသာက မျက်နှာငယ်နဲ့
“ငါမသိပါဘူးကွာ၊ သူ့ကိုငါတစ်ခါမှလည်းမမြင်ဖူးပါဘူး”
ဦးအောင်ရှိန်က ဦးဘသာကိုလက်ကာပြရင်း ချောချောကိုကြည့်ပြီးတော့
“ဒီမှာမိန်းကလေး၊ ဒီလူက မင်းထက်အသက်အများကြီးကြီးတယ်၊ အခုလိုလက်ညှိုးထိုးပြီးပြောစရာမလိုပါဘူးကွာ၊ မင်းလက်ညှိုးကို မင်းပြန်သိမ်းလိုက်စမ်းပါ”
ချောချောက အောင်ရှိန်ကိုကြည့်ပြီး
“မင်းဘာသိလို့လဲအောင်ရှိန်၊ ဒီကောင်က သာဒင်အတုကွ၊ သာဒင်အစစ်က ငါကွ”
ဦးအောင်ရှိန်တောင်မှ ခပ်ကြောင်ကြောင်ဖြစ်သွားတယ်ဗျာ၊ ဒီအချိန်ဦးဘသာက မတ်တပ်ထရပ်ပြီးတော့
“ဟာ၊ စုန်းမ၊ နင်ကများ ငါ့ကိုစွပ်စွပ်စွဲစွဲနဲ့ နင့်ကိုငါလုပ်လိုက်ရင်တော့ နင်သေတော့မယ်”
ချောချောကလည်း ဒေါသထွက်သွားတယ်ဗျ။
“ဟေ့ကောင်၊ မင်းကိုငါအရင်သတ်မယ်ကွ”
ချောချောက ဦးဘသာကိုလက်ညှိုးထိုးလိုက်တဲ့အချိန် ဦးဘသာက ဝုန်းခနဲအနောက်ကိုလွင့်ထွက်သွားပြီးတော့ အိမ်ထဲကထရံနဲ့တိုက်မိပြီး ခွေကျသွားပါရောဗျာ၊ ဒီအခါ ဦးအောင်ရှိန်က ချောချောကိုကြည့်ရင်း မတ်တပ်ထလိုက်တယ်ဗျ။
“ဒီမယ်မိန်းကလေး၊ မင်းလုပ်နေတာတွေရပ်လိုက်တော့နော်”
ချောချောက ဒေါသမထိန်းနိုင်တော့ပါဘူးဗျာ၊ အရှေ့ကိုခြေလှမ်းပြီးတက်လိုက်တယ်၊ ဒီအခါ ဦးအောင်ရှိန်က ချောချောကိုလက်ညှိုးထိုးလိုက်တော့ ချောချောက ခြေတစ်လှမ်းဆုတ်ပြီး အနောက်ကိုရှောင်လိုက်ရသဗျာ။
“ဟဲ့စုန်းမ၊ ပြောရတဲ့အတူ နင်ငါ့အကြောင်းသိရမယ်ကွ”
ဦးအောင်ရှိန်က တောင်ဝှေးဆွဲပြီးတော့ အိမ်ပေါ်ကနေလွှားခနဲခုန်ဆင်းလာပါရောဗျာ၊ ချောချောက ဦးအောင်ရှိန်ကိုကြည့်ရင်း
“ဟေ့ကောင်အောင်ရှိန်၊ ငါမင်းနဲ့မတိုက်ချင်ဘူး၊ မင်းင့ါရှေ့ကနေဖယ်စမ်းကွာ”
“သာဒင်ကိုထိတာ ငါ့ကိုထိတာနဲ့အတူတူပဲစုန်းမ”
ဦးအောင်ရှိန်က ချောချောကိုတောင်ဝှေးနဲ့ချိန်လိုက်တယ်ဗျ၊ ချောချောက အနောက်ကိုဆယ်လှမ်းလောက်လွင့်ထွက်သွားတယ်၊ ကျုပ်လည်း မနေနိုင်တော့တာနဲ့ ချောချောကိုပြေးဆွဲရတာပေါ့ဗျာ။
“ဦးဘသာ အဆင်ပြေရဲ့လား”
ချောချောက မြေပြင်ကနေ ကုန်းထရင်း
“တောက်၊ ငါ့အစွမ်းတွေသိပ်မရှိတော့တာနာတာပဲကွာ”
ချောချောကရင်ဘတ်ကိုလက်နဲ့ဖိနေတယ်ဗျာ။ ဦးအောင်ရှိန်က ချောချောကိုကြည့်ပြီး
“ဒါအကင်းပဲရှိသေးတယ်မိန်းကလေး၊ ထပ်တိုးရင် ဒီထက်နာမယ်”
နောက် မိသက်က ကျုပ်ကိုတွေ့တော့
“ဟာ၊ သူပဲ၊ သူလာပြန်ပြီ”
ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း
“ငါသိတယ်၊ ငထေရှင်၊ ငထေရှင် ဒါမင်းရဲ့အကြံတွေမဟုတ်လား”
ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ရင်း ငထေရှင်လို့တန်းပြောတာပဲဗျာ၊ ကျုပ်လည်း လက်ကိုကာပြလိုက်ပြီး
“မဟုတ်ဘူး၊ ကျုပ်က ငထေရှင်မဟုတ်တော့ဘူးဗျ”
ဒီအချိန်မှာပဲ အိမ်ခန်းထဲခွေကျနေတဲ့ ဦးဘသာက အိမ်ရှေ့ကိုထွက်လာတယ်ဗျ၊ ဦးအောင်ရှိန်အနားကိုကပ်လိုက်ပြီးတော့
“တော်ကြပါတော့ကွာ၊ ငါ့အတွက်နဲ့ မတိုက်ခိုက်ကြပါနဲ့တော့၊ အဟွတ်၊ အဟွတ်”
ဦးဘသာက ရင်ဘတ်ကိုဖိပြီးချောင်းဆိုးလိုက်တဲ့အခါ သူ့ပါးစပ်ကနေ သွေးတွေအန်ပြီးကျလာတယ်ဗျာ၊ ရင်ဘတ်တစ်ခုလုံးကို သွေးတွေရွှဲစိုသွားပါရော၊ မိသက်က ဘဘကြီးလို့အော်ပြီး ဦးဘသာအနားကိုပြေးသွားလိုက်တယ်၊ ဦးအောင်ရှိန်က ကျုပ်တို့ဘက်ကိုလှည့်လာပြီးတော့ ကျုပ်နဲ့ချောချောနဲ့ကို ဒေါသမျက်လုံးတွေနဲ့ကြည့်သဗျ။
“မင်း၊ မင်းတို့တော်တော်တရားလွန်နေပြီနော်”
ဒီအချိန်မှာပဲ ဦးဘသာက လက်ကိုထောင်လိုက်တယ်ဗျ၊ သူ့လက်ထဲမှာ ဝင်းခနဲလက်သွားပြီးတော့ သန်လျက်ကလေးတစ်ခုကိုမြင်လိုက်ရတယ်၊ အဲဒီသံလျက်နဲ့ ဦးအောင်ရှိန်ရဲ့နောက်ကျောကို ဒုတ်ခနဲထိုးချလိုက်တယ်ဗျ၊ ဦးအောင်ရှိန်က အော်ပြီးတော့ အရှေ့ကိုယိုင်ကျသွားတယ်၊ ဦးဘသာက မိသက်ရဲ့လည်ဂုတ်ကို လက်နဲ့ဖမ်းဆွဲလိုက်ပြီးတော့
“ဟား၊ ဟား ငတုံးတွေ၊ ငအတွေ၊ ဟား၊ ဟား”
ဦးအောင်ရှိန်က ဦးဘသာကို နားမလည်သလိုနဲ့လှည့်ကြည့်တယ်ဗျ။
“သာဒင် မင်းဘာဖြစ်တာလဲ”
“ဟား၊ ဟား မင်းကငါ့ကိုအခုထိ သာဒင်လို့ထင်နေတုန်းလားကွ၊ ငါက မင်းသူငယ်ချင်း သာဒင်မဟုတ်တော့ဘူး၊ ငါက ငထေရှင်ပဲကွ”
ဦးအောင်ရှိန်က ငထေရှင်ရဲ့လက်ထဲက ရွှေရောင်သံလျက်ကိုကြည့်ရင်း
“ဟင်၊ ငထေရှင် . . . ငထေရှင်က သံလျက်ကိုရသွားပြီလား”
“ဟား၊ ဟား ဟုတ်တယ်အောင်ရှိန်၊ ငါ့အစွမ်းတွေငါပြန်ရပြီ၊ ဒီတစ်ခါတော့ မင်းတို့ဘုရားပျံတွေ ငါ့ကိုမနိုင်တော့ဘူးကွ”
ငထေရှင်က မိသက်ကိုကြည့်ရင်း
“ရှေ့လာမယ့်ဘုရားပျံက မိန်းကလေးမဟုတ်လား၊ မင်းသူ့ကို ဘုရားပျံအဖြစ် ပညာဆက်ခံမယ်ဆိုပြီး တွေးထားတယ်မဟုတ်လားကွ၊ ဘုရားပျံအဆက်ဆက် ငါ့ကိုမသတ်နိုင်ဘူးဆိုတာ မင်းတို့အကုန်လုံးက ယောက်ျားတွေဖြစ်နေလို့လေကွ၊ အခုဒီမိန်းကလေးကတော့ မင်းဆီကနေပညာတွေယူပြီး ငါ့ကိုသတ်မယ့်တစ်ယောက်မဟုတ်လား”
ငထေရှင်ကပြောရင်း မိသက်ရဲ့လည်ဂုတ်ကိုလက်နဲ့တအားညှစ်တော့ မိသက်က အော်တယ်ဗျ။
“အဖေကြီး၊ အဖေကြီး နာတယ်၊ နာတယ်”
ဦးအောင်ရှိန်က ငထေရှင်ကိုလက်ညှိုးထိုးပြီးတော့
“ဟေ့ကောင်၊ မိသက်ကိုလွှတ်၊ အခုလွှတ်လိုက်နော်”
“ဟား၊ ဟား လွှတ်မလားကွ၊ ငါ့ကိုကိစ္စတုံးမယ့်လူကို ငါကလွှတ်ပေးစရာလားကွ၊ ဒီကလေးမကိုသတ်လိုက်ရင် ငါ့ကိုရန်ပြုမယ့်သူမရှိတော့ဘူး၊ ပြီးတော့ မင်းတို့ဘုရားပျံတွေလည်း ကိစ္စတုံးပြီ၊ မျိုးဆက်ပြတ်ပြီမဟုတ်လားကွ”
ပြောရင်းဆိုရင်း ငထေရှင်တို့ပတ်ပတ်လည်မှာ မီးတောက်မီးလျှံကြီးတွေ ထတောက်လာတယ်ဗျ၊ မီးတောက်တွေက အနီရောင်မဟုတ်ဘဲ အမဲရောင်ကြီးတွေဗျာ၊ မိသက်ကတော့ အော်ငိုတော့တာပဲ။
“အဖေကြီး၊ အဖေကြီး”
ငထေရှင်က တစ်ချက်ကြည့်လိုက်ပြီး
“ကဲ အောင်ရှိန်၊ မင်းကိုငါ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ်ကွာ”
အဲဒီလိုပြောပြီးတာနဲ့ မီးတောက်ကြီးတွေက ဟုန်းခနဲတောက်ပြီး လူတစ်ရပ်စာအမြင့်လောက်အထိ တက်လာပါရောဗျာ၊ မီးတောက်တွေပြန်ကျသွားတဲ့အချိန်မှာတော့ မိသက်ရော ငထေရှင်ရော မရှိတော့ဘူးဗျ၊ ဦးအောင်ရှိန်က လက်ကိုဆန့်တန်းပြီးတော့
“သမီးမိသက်၊ မိသက် . . .”
လို့အသံရှည်ဆွဲအော်ပြီး လဲကျသွားတော့တယ်၊ ကျုပ်နဲ့ချောချောလည်း ဦးအောင်ရှိန်ကိုပြေးပွေ့လိုက်တာပေါ့ဗျာ၊ ဘသိုက်တို့လည်း အံ့အားသင့်ပြီး ကြည့်နေကြတယ်ဗျ။ ချောချောက ဦးအောင်ရှိန်ကိုလှုပ်နှိုးရင်း
“အောင်ရှိန်၊ အောင်ရှိန် . . . မျောက်ခေါင်း သတိထားပါအုံးကွာ”
ဦးအောင်ရှိန်က မျက်လုံးကိုခပ်မှေးမှေးဖွင့်ကြည့်တယ်ဗျ။
“ပြောင်ရှင်း . . . မင်း၊ မင်းလားကွ”
ချောချောကခေါင်းညိတ်ပြီးတော့
“ငါ သာဒင်ပါလို့ မင်းကိုပြောတယ်မဟုတ်လား”
“ဘယ်လိုဖြစ်ကြတာလဲကွာ”
“မင်းမရှိတဲ့အချိန် ငထေရှင်နဲ့ ဝိညာဉ်ဖလှယ်လိုက်မိတယ်ကွ၊ အဲဒီအချိန်မှာ ငထေရှင်က င့ါကိုယ်ထဲကိုလှမ်းဝင်သွားပါရောကွာ၊ အလတ်ကောင်ရဲ့အကူအညီနဲ့ ငါအခု လူသေမိန်းကလေးတစ်ယောက်ရဲ့ကိုယ်ထဲကို ဝင်နေရတယ်ကွ”
“မင်းကိုငါပြောသားပဲ သာဒင်ရာ ငါမရှိဘဲနဲ့ ဘာမှလျှောက်မလုပ်ပါနဲ့ဆိုနေမှကွာ”
ဦးအောင်ရှိန်က ပြောရင်း သွေးတွေပွက်ပွက်အန်ကျလာတယ်ဗျ။
“မိသက် . . .မိသက်ကို ကယ်တင်ပေးပါ သာဒင်ရာ”
“အေးပါကွာ၊ ငါတို့သူ့ကိုလည်းကယ်တင်ပေးမယ်၊ ပြီးတော့မင်းကိုလည်း ကယ်ပေးမယ်ကွ”
ဦးအောင်ရှိန်က ခေါင်းခါပြီး
“ငါ့အခြေအနေငါသိပါတယ်၊ ငထေရှင်ရဲ့အစွမ်းကို ငါသိပြီးသားပါကွ၊ ငါ့ကို ဘုရားတစ်ဆူဆူကိုပို့ပေးစမ်းပါကွာ”
ဘသိုက်ကပြေးလာပြီးတော့
“ဒီနားမှာ ဇိနမာရ်အောင်စေတီဆိုတာ ရှိတယ်ဗျ”
ဒါနဲ့ကျုပ်တို့လည်း အဲဒီစေတီဆီကိုလာခဲ့တာပေါ့ဗျာ၊ ဆိုက်ကားတစ်စီးငှားပြီးတော့ စေတီကိုလာခဲ့တယ်ဗျ၊ ဦးအောင်ရှိန်ရဲ့ပုံစံကိုကြည့်ရတာ သိပ်မဟန်တော့ပါဘူးဗျာ။ စေတီကိုရောက်တော့ ဦးဘသာတစ်ဖြစ်လဲ ချောချောက စေတီအပြင်နားမှာပဲရပ်နေသဗျ၊ ကျုပ်ပဲ ဦးအောင်ရှိန်ကို တွဲပြီးတော့ စေတီထဲကိုဝင်ခဲ့တယ်၊ စေတီထဲက ဘုရားရှေ့ရောက်တော့ ဦးအောင်ရှိန်က ကျုပ်ကိုလက်ကာပြတယ်ဗျ၊ ပြီးတော့ ဘုရားအရှေ့မှာထိုင်လိုက်တယ်၊ ကျုပ်လည်း အနောက်ဆုတ်ပြီးတော့ ခပ်လှမ်းလှမ်းကနေ ကြည့်နေတာပေါ့ဗျာ၊ ဦးအောင်ရှိန်က ဘုရားရှိခိုးတာကြာနေတာနဲ့ ကျုပ်လည်း အပြင်ကိုထွက်ခဲ့လိုက်တယ်။ ချောချောက ဘုရားဝင်းထဲသွားလာနေကြတဲ့သူတွေကို လိုက်ကြည့်နေသဗျာ။
“ကြာတော့ ကြာအုံးမယ်ထင်တယ် ဦးဘသာ”
“အေးပေါ့ကွ၊ သူလည်း သူ့အစီအစဉ်နဲ့သူရှိမှာပေါ့ကွာ”
“ဒါနဲ့ ကျုပ်အထင် ငထေရှင်က မိသက်ကို ဟိုခြံကြီးထဲကို ဖမ်းခေါ်သွားတာပဲဖြစ်မယ်ဗျ”
ချောချောက မျက်မှောင်ကြုတ်ရင်း
“မင်းကဘယ်လိုထင်လို့လဲကွ”
“ဒီလိုပါ၊ မရွှေတောင်တစ်ခါပြောဖူးတာကတော့ ဒီခြံကြီးဟာ သာမန်လူအတွက်တော့ ဘာမှမဟုတ်ဘူးဆိုပေမယ့် သူတို့အတွက်ကတော့ ခံတပ်ကြီးတစ်ခုလို လုံခြုံတယ်ဆိုပဲဗျ”
“အေးကွ၊ ဖြစ်နိုင်တယ်”
“ပြီးတော့ပြောသေးတယ်ဗျ၊ ဒီနေရာက သူတို့ရဲ့အောင်မြေနဲ့နီးစပ်တယ်တဲ့ဗျာ”
“အောင်မြေဟုတ်လား”
“ကျုပ်လည်းအဲဒါပဲကြားခဲ့တာ၊ ဘာဆိုတာတော့ မသိဘူးဗျာ၊ သူတို့တစ်ခုခုတော့ကြံနေပုံရတယ်ဗျ၊ ဒါကြောင့် မိသက်ကိုဖမ်းမယ်ဆိုရင် အဲဒီကိုပဲ ဖမ်းခေါ်သွားမှာအသေအချာပဲဗျာ”
“ဒါဆိုရင်လည်း ငါတို့သွားကယ်ကြတာပေါ့ကွာ”
ကျုပ်တို့အနောက်က အသံကြားလို့လှည့်ကြည့်လိုက်တော့ ဦးအောင်ရှိန်ဖြစ်နေတယ်ဗျာ၊ ဦးအောင်ရှိန်က ဝင်သွားတုန်းကနဲ့မတူဘဲ အခုတော့ရုပ်က ပြုံးလို့ရွှင်လို့ပဲဗျ၊ ကျုပ်နဲ့ချောချောနှစ်ယောက်သား အံ့သြသွားမိကြတယ်ဗျ။
“ဟင်၊ ဦးအောင်ရှိန်ဒဏ်ရာတွေက ပျောက်သွားပြီလား၊ မြန်လိုက်တာဗျာ”
“ပျောက်သွားတာတော့မဟုတ်ဘူးကွ၊ ငထေရှင်ရဲ့ဒဏ်ရာက ပျောက်ဖို့မလွယ်ဘူး၊ အခုသူ့ရဲ့သံလျက်နဲ့ထိုးမိတာဆိုတော့ သေဖို့ကသေချာသွားပြီကွ”
“ဗျာ၊ သေတော့မှာတဲ့လား”
“အဲဒါ ဘုရားမှာသစ္စာဆိုပြီး ခုနစ်ရက်အချိန်ယူလိုက်တာပေါ့ကွာ၊ ဒီခုနစ်အတွင်းတော့ မသေနိုင်ပေမယ့် ခုနစ်ရက်ပြည့်ရင် ဘုရားမှာတိုင်တည်ထားတဲ့အတိုင်း ငါသေရမယ်ဟေ့”
ကျုပ်ရော ချောချောရော မျက်လုံးတွေပြူးသွားကြတယ်။
“ဒါဆို ကျုပ်တို့ဘယ်လိုလုပ်မလဲ”
“ငထေရှင်ကို ခုနစ်ရက်အတွင်း အပြီးသတ်ရှင်းရတော့မှာပေါ့ကွာ”
“ခုနစ်ရက်နဲ့ မရှင်းနိုင်ရင်ရောဗျာ”
ဦးအောင်ရှိန်က မျက်မှောင်ကြီးခဲပြီးတော့
“ခုနစ်ရက်ဆိုတာ ဘုရင့်နောင်ဖောင်ဖျက်လိုက်တာပဲကွ၊ ငါတို့ဒီခုနစ်ရက်အတွင်း နိုင်ကိုနိုင်ရမယ်ကွ၊ အရှုံးဆိုတာ မတွေးနဲ့တော့၊ အခုအချိန်ကစပြီး ဘယ်လိုနိုင်အောင်လုပ်မလဲဆိုတာကိုသာ တွေးရအောင်ဟေ့”
ဦးအောင်ရှိန်စကားတွေက ကျုပ်တို့ကိုအားတက်စေတယ်ဗျာ၊ ကျုပ်ဖြင့် ဦးအောင်ရှိန်ကိုတော်တော်လေးစားသွားတယ်၊ သေဆုံးခြင်းဆိုတဲ့အရာကို သတ္တဝါအားလုံးက ကြောက်ကြတယ်ဆိုပေမယ့် သူကတော့ အေးအေးလူလူနဲ့ရင်ဆိုင်နိုင်တာကိုကြည့်ပြီး ကျုပ်ဖြင့် ကြက်သီးမွှေးညှင်းတွေပါ ထသွားမိတယ်ဗျာ။
“ကဲအလတ်ကောင်၊ မင်းပြောတဲ့ခြံကြီးကို သွားစို့ကွာ၊ ငါတို့မိသက်ကို ကယ်ရမယ်ကွ”
ချောချောကပြောတယ်ဗျ၊ ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်ပြီးတော့
“ဟုတ်တယ်၊ မိသက်ကိုကယ်ရမယ်၊ ဒီခုနစ်ရက်အတွင်း မိသက်ကိုဘုရားပျံလမ်းစဉ် လက်ဆင့်ကမ်းနိုင်မှရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငထေရှင်ကိုအဆုံးစီရင်နိုင်မှာ သူပဲရှိတယ်မဟုတ်လား”
“ဒါဆိုရင်လည်း သွားကြမယ်ဗျ၊ အဲဒီခြံကြီးက ဟောဒီနေရာနဲ့ သိပ်မဝေးဘူးဗျ”
(၂)
ခြံကြီးဆီကိုရောက်တော့ မိုးကအတော်ချုပ်နေပြီဗျ၊ ညကိုးနာရီလောက်ထိုးတော့မယ်ထင်ပါ့ဗျာ၊ ခြံအဝင်လမ်းမှာရှိတဲ့ ဓါတ်တိုင်တွေက မီးတွေထိန်နေအောင်လင်းနေသဗျ၊ ကျုပ်တို့လမ်းထဲချိုးဝင်ခဲ့တဲ့အခါ မီးလုံးတွေက တဖြတ်ဖြတ်နဲ့မှိတ်တုတ်မှိတ်တုတ်ဖြစ်လာတယ်။ မီးလုံးမှိတ်သွားတဲ့အခါ အရိပ်မည်းကြီးတွေကို ဖြတ်ခနဲတွေ့လိုက်ရသေးသဗျာ၊ မီးလုံးပြန်လင်းသွားရင်တော့ အရိပ်မည်းကြီးတွေက ရိပ်ခနဲပျောက်သွားသဗျ၊ ဦးအောင်ရှိန်က ကျုပ်တို့အရှေ့ကိုတိုးလိုက်ပြီး
“ငါတို့လာမယ်ဆိုတာကို ဒီကောင်တွေသိနေပြီးသားကွ၊ အခုလည်း ငါတို့ကိုတားဖို့အတွက် မကောင်းဆိုးဝါးတွေကိုလွှတ်ထားတာပဲ”
ဒီအချိန်လမ်းမီးက မှိန်ကျသွားသဗျာ၊ ကျုပ်တို့ဘေးပတ်ပတ်လည်မှာတော့ အရိပ်မည်းကြီးတွေက ဝိုင်းရံနေပါရောဗျာ၊ သူတို့မျက်လုံးတွေကတော့ ဖြူဖြူကြီးတွေလင်းနေတယ်ဗျ၊ ကျုပ်တော့ကြည့်နေတုန်း အရိပ်ကြီးတစ်ကောင်က ကျုပ်ဆီကိုခုန်ဝင်လာပါရောဗျာ၊ ဒါပေမယ့် ချောချောက အရိပ်ကြီးကိုလက်ညှိုးညွန်လိုက်တယ်ဆိုရင်ပဲ အဖြူရောင်အလင်းတစ်ခုလက်သွားပြီးတော့ အရိပ်ကြီးကအနောက်ကိုလွင့်ထွက်သွားတယ်၊ အရိပ်လေးငါးဆယ်ကောင်က တစ်ပြိုင်နက်တည်း ကျုပ်တို့ဆီကိုခုန်ဝင်လာပါရောဗျာ၊ ဦးအောင်ရှိန်က လက်ညှိုးကိုမိုးပေါ်ထောင်လိုက်တယ်၊ သူ့လက်ညှိုးထိပ်ကနေ စိန်ရောင်ခြည်လို ဖြူဖြူဝင်းဝင်းလက်လက်အလုံးကြီးတစ်လုံးထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်လင်းသွားတော့တယ်ဗျ၊ အလင်းရောင်မြင်တော့ အရိပ်ကြီးတွေက အနောက်ကိုရှဲသွားကြတယ်ဗျ။
“လာကြစမ်း၊ သတ္တိရှိတဲ့ကောင် တက်လာခဲ့ကြစမ်း”
ဦးအောင်ရှိန်က အသံသြသြကြီးနဲ့အော်လိုက်ပြီးတော့ အရှေ့ကိုဆက်လျှောက်သွားတယ်၊ ကျုပ်နဲ့ချောချောလည်း သူ့အနောက်ကနေလိုက်သွားရတာပေါ့ဗျာ၊ အရိပ်ကြီးတွေက အလင်းထဲကိုဝင်မလာဝံ့ဘူးဗျ၊ ဒီလိုနဲ့ကျုပ်တို့တွေ ခြံတံခါးကြီးအရှေ့ကိုရောက်သွားတော့တာပေါ့ဗျာ။
အမှောင်ထုကပိုပြီးကြီးစိုးလာပြီးတော့ အရိပ်မည်းကြီးတွေက ပိုပိုပြီးတော့ များလာတယ်ဗျာ၊ ဦးအောင်ရှိန်က အလင်းလုံးကြီးနဲ့ပစ်ထည့်လိုက်တော့ အရိပ်ကြီးတွေက အကုန်လွင့်ထွက်ကြကုန်သဗျ၊ ဒီအခါ ခြံတံခါးကြီးပွင့်ပြီး မရွှေတောင်ကထွက်လာခဲ့တယ်။
“ရှင်တို့လာလမ်းအတိုင်းလှည့််ပြန်ရင် ကောင်းမယ်နော် မောင်ကြီး”
မရွှေတောင်က ဦးအောင်ရှိန်ကိုမောင်ကြီးခေါ်တော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ၊ ဦးအောင်ရှိန်က မရွှေတောင်ကိုလက်ညှိုးထိုးပြီးတော့
“မရွှေတောင် မင်းကငါနဲ့ဘဝတစ်ခုမှာ လင်မယားဖြစ်ခဲ့တယ်ဆိုပေမယ့် အခုတော့ မင်းနဲ့ငါက ရန်သူတွေဖြစ်နေပြီ၊ ဒီတော့ ငါနောက်ဆုံးအနေနဲ့ မင်းကိုသတိပေးမယ်၊ မင်းငါ့အရှေ့ကနေဖယ်လိုက်စမ်းပါ မရွှေတောင်၊ မဟုတ်ရင်တော့ မင်းငါ့အကြောင်းသိမယ်”
မရွှေတောင်က ရယ်မောပြီးတော့
“ဒီစကားတွေက ကျွန်မရှင်တို့ကိုပြောရမယ့်စကားတွေရှင့်”
မရွှေတောင်က လက်ထဲကအလုံးတွေနဲ့ထုတ်ပစ်တာပဲဗျာ၊ ဦးအောင်ရှိန်က အလုံးတွေကိုလက်နဲ့ပုတ်ပစ်တယ်၊ ချောချောကလည်း လက်နဲ့ဖယ်ရမ်းပစ်သဗျ၊ ကျုပ်က သူတို့အနောက်မှာပုန်းနေတာပေါ့ဗျာ၊ ဦးအောင်ရှိန်က အံကြိတ်ပြီးတော့
“ဒီတစ်ခါတော့ ဘုရားပျံပြတ်သားဖို့အချိန်ရောက်ပြီကွ”
တောင်ဝှေးနဲ့မရွှေတောင်ကိုလိုက်ထိုးတော့တယ်ဗျာ၊ မရွှေတောင်ကလည်း ဝေ့ကာဝိုက်ကာနဲ့ရှောင်တယ်ဗျ၊ ဦးအောင်ရှိန်တောင်ဝှေးချက်က တော်တော်မြန်တာဗျ၊ မရွှေတောင်က ဒါကိုတောင်မနည်းရှောင်နိုင်သဗျာ။ ဦးဘသာတစ်ဖြစ်လဲ ချောချောက
“ငါလည်း ကူညီမယ်အောင်ရှိန်ရေ”
ချောချောလက်ငါးချောင်းကိုဖြန့်လိုက်တော့ လက်ထဲမှာ ကြာဆန်တွေလို ဖြူဖြူအချောင်းတွေပေါ်လာသဗျ၊ ဦးဘသာက အဲဒီအချောင်းတွေကို ဆန်စေ့တွေကျဲသလို ပက်ခနဲပက်ခနဲမရွှေတောင်ဆီကိုလိုက်ကျဲတယ်ဗျ၊ အဲဒီအချောင်းတွေက ကျတဲ့နေရာမှာ ပင့်ကူမျှင်လို အမျှင်အတန်းတွေဖြစ်သွားတယ်ဗျာ၊ မရွှေတောင်က တစ်ဖက်က ဦးဘသာပစ်တာကိုလည်း ရှောင်ရတယ်၊ တစ်ခါ ဦးအောင်ရှိန်ရိုက်နေတာကိုလည်း အသည်းအသန်ရှောင်နေရတယ်ဗျ၊ တစ်ခါတော့ မရွှေတောင်က အနောက်ကိုခုန်ပြီးဆုတ်လိုက်တယ်။
“နင်တို့ဒီလောက်တောင်ရှိတာ ငါ့အကြောင်းသိကြသေးတာပေါ့”
မရွှေတောင်က လက်ဝါးကိုဖြန့်လိုက်ပြီးတော့ မန်းမှုတ်ရင်း လက်သီးဆုပ်လိုက်တဲ့အခါ သူ့လက်ထဲမှာ လှံတစ်ချောင်းပေါ်လာသဗျ၊ လှံကလေးကတော့ တစ်တောင်လောက်ပဲရှိမယ်ဗျာ၊ အသွားထိပ်ကတော့ ချွန်နေတာပဲ။
“လှံစက်အကြောင်း သိကြသေးတာပေါ့”
မရွှေတောင်က ဦးအောင်ရှိန်ကိုလှံနဲ့ချိန်ထိုးလိုက်တာနဲ့ လှံသွားထိပ်ကနေ လှံတွေအများကြီးထွက်လာတယ်ဗျာ၊ လှံပေါင်းက အစင်းထောင်သောင်းမကဘူးဗျ၊ ရေပိုက်ကနေရေပက်သလိုမျိုးကို လှံတွေက အပြွတ်လိုက်ကြီးထွက်လာတာဗျ၊ ဦးအောင်ရှိန်က တောင်ဝှေးကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီးတော့ ပန်ကာလိုလှည့်တော့တာပဲဗျာ၊ လှံချောင်းတွေက ကျုပ်တို့ကိုမထိဘဲ ဘေးကိုလွင့်စင်သွားတော့တယ်ဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း ဦးအောင်ရှိန်အနောက်မှာ ဝင်ပြီးရပ်နေကြရတယ်၊ ဘေးပတ်ပတ်လည်ပတ်ဝန်းကျင်တစ်ခွင်လုံးမှာတော့ လှံတွေစိုက်နေတာမနည်းဘူးဗျာ၊ မသိရင်မြေကြီးမှာ မြက်ပင်တွေထိုးထိုးထောင်ထောင်နဲ့ပေါက်နေသလိုမျိုးပဲဗျ။
ဦးအောင်ရှိန်က ဝှေ့ယမ်းရင်း တဖြည်းဖြည်းအရှိန်ကျလာတယ်ဗျ၊ ဦးဘသာက သူ့လက်ကိုစက်ဝိုင်းပုံစံဝှေ့ယမ်းနေတယ်ဗျာ၊ ဦးအောင်ရှိန်ရဲ့အနောက်မှာလုပ်နေတာပေါ့ဗျာ၊ လက်ကိုဝှေ့ယမ်းရင်းနဲ့ လက်အဝိုင်းကြီးအလယ်မှာအနက်ရောင်မီးခိုးတွေ ပေါ်လာပါရောလား။
“အောင်ရှိန်ဖယ်စမ်း၊ မင်းဖယ်လိုက်စမ်း”
ဦးအောင်ရှိန်လည်း တောင်ဝှေးလှည့်နေတာကိုရပ်လိုက်ပြီးတော့ ဦးဘသာအနောက်ကိုပြေးဝင်လိုက်တယ်ဗျ၊ မရွှေတောင်က လှံစက်နဲ့ဦးဘသာကိုချိန်လိုက်တော့ လှံတွေက ဦးဘသာဆီကိုပြေးလာပြန်ရောဗျို့၊ ဒါပေမယ့် ဦးဘသာကိုမထိဘဲ ဦးဘသာလက်လှည့်နေတဲ့အလယ်က မီးခိုးလုံးကြီးတွေထဲဝင်ကုန်တယ်ဗျ၊ ဦးဘသာက ဘယ်ဖက်လက်နဲ့မရွှေတောင်ကိုလက်ညှိုးထိုးလိုက်တဲ့အခါမှာ မရွှေတောင်ရဲ့နောက်ကျောဘက်မှာ မီးခိုးလုံးတွေပေါ်လာပြီးတော့ အထဲကနေလှံတွေတိုးထွက်လာပြီး မရွှေတောင်ကျောကိုလှံတွေစိုက်ကုန်ပါရောဗျာ၊ မရွှေတောင်လည်း အရှေ့ကိုဒူးတစ်ဖက်ထောက်လျှက်သား လဲကျသွားတော့တယ်၊ သူ့ကျောမှာလည်း လှံတွေစိုက်နေတာ မသိရင် ဖြူတစ်ကောင်လိုပါပဲဗျာ၊ ဦးဘသာက ရယ်လိုက်ပြီးတော့
“ဟား၊ ဟား နင့်အကြံဒါအကုန်ပဲလား မရွှေတောင်၊ နင်ကအရှေ့ကိုမဲနေပေမယ့် နင့်အနောက်ကိုလှံတွေရောက်လာအောင်လို့ ငါလှည့်ပေးလိုက်တာလေ၊ ဘယ်လိုလဲ နင့်လှံတွေနင်ပြန်ထိတော့ နာရဲ့လား”
ဦးဘသာကပြောရင်းရယ်တယ်ဗျ၊ မရွှေတောင်က နှုတ်ခမ်းကိုကိုက်လိုက်ပြီးတော့ ပြန်ထလိုက်တယ်ဗျ၊ နောက်တော့ လက်ထဲကလှံကို မြေကြီးထဲကို ထိုးစိုက်ချထည့်လိုက်ပါရောဗျာ၊ ဦးဘသာက မြန်တယ်ဗျာ၊ ကျုပ်လက်ကိုဆွဲပြီးတော့ မိုးပေါ်ကိုလွှားခနဲခုန်တက်လိုက်တာပဲ၊ ဦးအောင်ရှိန်ကလည်း မတိုင်ပင်ရဘူးဗျာ၊ တောင်ဝှေးနဲ့မြေကြီးကိုထောက်ပြီးတော့ ခုန်လိုက်ပါရောဗျာ၊ ကျုပ်တို့ခုန်ပြီးမကြာခင်မှာပဲ မြေကြီးထဲကနေ လှံရှည်ကြီးတွေ ထောင်တက်လာတယ်ဗျ၊ မြေကြီးအပြည့် အကြားအလပ်မရှိအောင်ကို လှံရှည်ကြီးတွေက ထိုးတက်လာတာ၊ ကျုပ်တို့သာအခုန်မမြန်ရင် အရှင်လတ်လတ် တံစို့ထိုးထားသလိုဖြစ်သွားမှာဗျ။
မရွှေတောင်က လှံကိုမြေကြီးကပြန်နှုတ်လိုက်တာနဲ့ လှံရှည်ကြီးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်ဗျ၊ မရွှွှေတောင်က ဦးအောင်ရှိန်ဆီကိုချိန်ပြီးတော့ လှံတိုကလေးကို ပစ်လွှတ်ထည့်လိုက်တာပါပဲ၊ လှံတိုကလေးက အနီရောင်အလင်းတွေလက်ပြီးတော့ ဦးအောင်ရှိန်ဆီကိုတိုးဝင်သွားတယ်ဗျ၊ ဦးအောင်ရှိန်က တောင်ဝှေးနဲ့ကမန်းကတမ်းကာလိုက်တယ်ဗျာ၊ လှံသွားချွန်က တောင်ဝှေးအရိုးမှာ ဒေါက်ခနဲစိုက်ဝင်သွားပါရော၊ ပြီးတော့ တောင်ဝှေးကြီးတစ်ခုလုံးလည်း နီရဲပြီးတော့ ပူတက်လာတယ်၊ ဦးအောင်ရှိန်က အံကြိတ်ထားပြီး လှံတံကိုတော်တော်ကာကွယ်နေရတယ်ဗျာ၊ နောက်တော့ တောင်ဝှေးကိုတစ်ချက်ပုတ်ထုတ်လိုက်တော့ လှံတံက ဦးအောင်ရှိန်နားရွက်အနားကဖြတ်သွားပြီးတော့ အနောက်က သရက်ပင်ကြီးရဲ့ ပင်စည်မှာသွားစိုက်ပါရောဗျာ၊ လှံတံစိုက်သွားတာနဲ့ သရက်ပင်စည်ကြီးက နှစ်ခြမ်းကွဲထွက်သွားပြီးတော့ သရက်ပင်ကြီးလဲကျပါရောဗျာ။
ဦးအောင်ရှိန်က လက်ထဲကတောင်ဝှေးကိုပစ်ချပြီးတော့ လက်ဝါးတစ်ဖက်ကိုအသင့််ပြင်ပြီး မရွှေတောင်ဆီကို ခုန်ဝင်သွားသဗျ။
“ဟောဒါက အရဟံလက်ဝါးတဲ့ဟေ့”
မရွှေတောင်က ဦးအောင်ရှိန်ရဲ့လက်ဝါးချက်ကို သူ့လက်ဝါးတစ်ဖက်နဲ့ဖမ်းခံလိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာကလည်း လက်ဝါးကိုပြင်လိုက်ပြီး
“ဟောဒါက စုန်းလက်ဝါးတဲ့ဟေ့”
ဦးဘသာကလည်း အော်ဟစ်ရင်း မရွှေတောင်ကိုပြေးရိုက်တော့တယ်၊ မရွှေတောင်က နောက်လက်ဝါးတစ်ဖက်နဲ့ ဦးဘသာရဲ့လက်ကိုခံတယ်ဗျ၊ သူတို့သုံးယောက်ရပ်နေပြီး နှစ်ယောက်တစ်ယောက် လက်ဝါးချင်းတွန်းနေကြတယ်ဗျာ၊ ဦးအောင်ရှိန်ကလည်း မျက်နှာကြီးရှုံ့မဲ့ပြီး အံကြီးကြိတ်လို့ဗျ၊ ဦးဘသာတစ်ဖြစ်လဲ ချောချောကလည်း နဖူးမှာချွေးတွေက ရေတွေစီးကျသလို ကျနေတယ်၊ မရွှေတောင်ရုပ်ကတော့ သိပ်မဖြုံသလိုပါပဲဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဦးအောင်ရှိန်ပစ်ချထားတဲ့ တောင်ဝှေးကိုပြေးကောက်ပြီး မရွှေတောင်ခေါင်းကို ပြေးခုန်ရိုက်ထည့်လိုက်တာပဲဗျာ။
ဖြောင်းခနဲအသံကြားရပေမယ့် မရွှေတောင်က မမှုဘူးဗျ၊ ကျုပ်လည်း လွှဲလွှဲပြီးတော့ ခေါင်းကိုဆင့်ဆင့်ပြီးရိုက်ချလိုက်တာ လေးငါးချက်လောက်ရိုက်ပြီးတော့ မရွှွှေတောင်မဟန်တော့ဘူးဗျ၊ မြေကြီးပေါ်ကို ဒူးနှစ်ဖက်ထောက်ပြီး ထိုင်ကျသွားတယ်၊ ယိုင်သွားတဲ့မရွှေတောင်ကို ဦးအောင်ရှိန်က ညာလက်ဝါးနဲ့မရွှေတောင်ရဲ့ ညာဘက်ရင်အုံကို ရိုက်ထည့်လိုက်တော့တယ်ဗျာ၊ ဦးဘသာရဲ့ စုန်းလက်ဝါးကလည်း မရွှေတောင်ရဲ့ဘယ်ဘက်ရင်အုံကို ရိုက်မိသွားတော့တယ်။ မရွှေတောင်က အသံအကျယ်ကြီးအော်ပြီးတော့ အနောက်ကိုကျွမ်းပြန်ပြီးလွင့်ထွက်သွားပါရောဗျာ။
ဦးဘသာနဲ့ ဦးအောင်ရှိန်လည်း တော်တော်ကိုမောသွားကြတယ်ဗျ၊ မရွှေတောင်က မြေပေါ်ကိုပြန်ကျတော့ အတည့်ကျတယ်၊ အထိနာသွားတယ်ဆိုပေမယ့်လည်း ခပ်ပြုံးပြုံးပဲဗျ။
“နင်တို့နှစ်ယောက်က ဒီလောက်နဲ့ငါ့ကိုနိုင်ပြီလို့ထင်နေတာလား”
မရွှေတောင်က ပြောဆိုပြီးတော့ ခြံတံခါးကြီးထဲကိုဖောက်ဝင်သွားတယ်ဗျ၊ ဦးအောင်ရှိန်က အပြေးလိုက်ပြီး ခြံတံခါးကြီးကိုလက်နဲ့ထိလိုက်တော့ ဝုန်းခနဲအသံကြားရပြီး အနောက်ကိုကျွမ်းပြန်လွင့်ထွက်သွားတယ်ဗျာ၊ ဦးဘသာက ဦးအောင်ရှိန်ကိုပြေးဆွဲတယ်။
“ငါ့ကောင်၊ သတိထားအုံး”
ဒီအခါ ခြံထဲကနေ ရယ်သံကြီးထွက်လာတယ်ဗျ။
“ဟား၊ ဟား နင်တို့ပညာလောက်နဲ့ ဒီခြံထဲကိုဝင်ဖို့ဆိုရင် နောက်ထပ်ဆယ်နှစ်မဟုတ်ဘူး၊ ဆယ်သက်လောက် ကြိုးစားလိုက်ကြစမ်းပါ၊ ဟား၊ ဟား”
ဦးဘသာက ခေါင်းခါပြီးတော့
“မလွယ်ဘူးအောင်ရှိန်ရ”
ကျုပ်လည်း တောင်ဝှေးလေးကိုင်ရင်း
“တံခါးကနေမဝင်ဘဲ ခြံစည်းရိုးကျော်တက်မယ်ဆိုရင်ရောဗျာ”
ဦးဘသာက ခေါင်းခါပြီး
“မင်းပြောတာမှန်တယ်ကွ၊ သူတို့က ဒီခြံကြိးကိုလုံခြုံအောင်ဆိုပြီး သံကွန်ချာအထပ်ထပ်နဲ့အုပ်သလို အောက်လမ်းနည်းတွေအထပ်ထပ်စီရင်ပြီးပိတ်ဆို့ထားတာကွ၊ သာမန်လူအတွက် ဘာမှမဟုတ်ဘူးထင်ရပေမယ့်၊ ငါတို့လိုပညာသည်တွေအတွက်ကတော့ ထိုးဖောက်ဖို့မလွယ်တဲ့ ခံတပ်ကြီးတစ်ခုလိုပါပဲကွာ”
“ဒါဖြင့်ရင် ဘယ်လိုလုပ်ကြမလဲဗျာ”
ဦးအောင်ရှိန်က မတ်တပ်ရပ်ရင်း
“တကယ်ပဲ ထိုးဖောက်မရဘူးလားကွ”
ဦးဘသာက ပြုံးရင်း
“ထိုးဖောက်လို့မလွယ်ဘူးဆိုပေမယ့် ထိုးဖောက်လို့မရတာတော့မဟုတ်ပါဘူးကွာ၊ ငါ့ဆီမှာနည်းလမ်းတစ်ခုရှိတယ်ကွ”
“ဘယ်လိုလုပ်မလဲ သာဒင်ရာ”
ဦးဘသာက ပြောမယ်လုပ်ပြီးတော့မှ နောက်တော့ မပြောတော့ဘဲ
“မင်းကိုမပြောတော့ပါဘူး အောင်ရှိန်ရာ၊ ဒီလိုလုပ်စမ်းကွာ၊ မနက်ဖြန် ဒီလိုအချိန်လောက် မင်းဒီခြံရှေ့မှာ ငါတို့ကိုစောင့်နေ၊ ငါတို့နည်းလမ်းရှာပြီးပြန်လာခဲ့မယ်”
ဦးအောင်ရှိန်ကလည်းခေါင်းညိတ်ရင်း
“အေး၊ ကောင်းပြီလေ၊ ငါလည်းပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ဖို့လိုတာနဲ့အတော်ပဲပေါ့ကွာ၊ မနက်ဖြန်နော် သာဒင်”
“စိတ်ချစမ်းပါကွ”
ဦးဘသာနဲ့ ဦးအောင်ရှိန်တို့နှစ်ယောက် တစ်ယောက်လက်ဝါးတစ်ယောက်ရိုက်လိုက်ကြတယ်ဗျ၊ နောက်တော့ ဦးဘသာက ထွက်သွားတာနဲ့ ကျုပ်လည်း ဦးအောင်ရှိန်ကိုတောင်ဝှေးပြန်ထိုးပေးလိုက်တယ်။ ဦးအောင်ရှိန်က ခေါင်းခါပြပြီးတော့
“တောင်ဝှေးကိုမင်းပဲယူထားလိုက်ပါအလတ်ကောင်ရာ၊ ခုနကလည်း မင်းသာမရွှေတောင်ကို တောင်ဝှေးနဲ့ဝင်မရိုက်ရင် တို့ချည်းပဲဆို နိုင်မှာမဟုတ်ဘူးကွ”
ကျုပ်ပျော်သွားတယ်ဗျ။
“တကယ်၊ တကယ်ပဲယူထားရမှာလားဗျာ”
“ဒီတိုက်ပွဲမှာ မင်းအတွက်လက်နက်လိုတယ်ကွ၊ ငါတို့ဆီမှာက ပညာလက်နက်တွေရှိပြီးသားဆိုတော့ မင်းအတွက် ပစ္စည်းလက်နက်လိုတာပေါ့၊ ဒီတောင်ဝှေးက နှယ်နှယ်ရရမဟုတ်ဘူးအလတ်ကောင်၊ နတ်ပြည်က ကသစ်ဖြူပင်ရဲ့အရိုးနဲ့လုပ်ထားတဲ့တောင်ဝှေးတဲ့ကွ”
ကျုပ်လည်းတောင်ဝှေးယူလိုက်ပြီး ဦးအောင်ရှိန်ကိုခေါင်းညိတ်ပြလိုက်တယ်၊ ဦးဘသာက တော်တော်လှမ်းလှမ်းကိုရောက်သွားပြီဆိုတော့ ကျုပ်လည်း သူ့အနောက်ကိုပြေးလိုက်သွားရတာပေါ့ဗျာ။
“ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျာ”
ဦးဘသာက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ။
“ဒါနဲ့ ဦးဘသာအကြံဆိုတာဘာလဲဗျ”
“ဒီလိုအောက်လမ်းနည်းတွေကို ဖျက်တတ်တဲ့လူတစ်မျိုးရှိတယ်ကွ၊ အဲဒီလူူတွေက အောက်လမ်းနည်းအစီအရင်တွေကို ထိုးဖောက်ဖျက်ဆီးတတ်တယ်ဆိုပဲ”
ကျုပ်ဖြင့်အံ့သြသွားတယ်။
“ဟုတ်လား၊ အဲဒါဘယ်သူလဲဗျာ”
“ကဝေရှင်လို့ခေါ်တဲ့လူတွေပဲ”
“ကဝေရှင်ဆိုတာ ဘာလဲဗျ”
“ကဝေတွေရဲ့အရှင်သခင်လို့ အဓိပ္ပါယ်ရတယ်ကွ၊ သူတို့က ကဝေတွေကိုလိုက်ဖမ်းပြီးတော့ ကျွန်ပြုပြီး အုပ်ချုပ်ခိုင်းစားတဲ့သူတွေပဲ”
“ဒီလူတွေနဲ့ ဦးဘသာနဲ့ရင်းနှီးလို့လားဗျာ”
ဦးဘသာက ခေါင်းခါပြရင်း
“ငါ့လိုစုန်းနဲ့ ကဝေရှင်နဲ့ရင်းနှီးမလားကွ၊ ကဝေရှင်နဲ့စုန်းဆိုတာ ရန်သူကွ၊ ရန်သူ”
“ဒါဖြင့်ရင် ကျုပ်တို့သွားတော့ ဒီကောင်တွေက ကျုပ်တို့ကိုဆော်မှာပေ့ါကွာ”
“ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူးအလတ်ကောင်ရာ၊ ကဝေရှင်တွေက ငါတို့အတွက်နောက်ဆုံးကောက်ရိုးတစ်မျှင်ပဲကွ၊ ရေနစ်တဲ့အအခါ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် အားကိုးပြီးဆွဲကြည့်ရမှာပဲမဟုတ်လား”
“ဒါနဲ့သူကဘယ်မှာရှိတာလဲ”
“ရန်ကုန်မှာ ကဝေရှင်တစ်ယောက်တော့ရှိတယ်ကွ၊ ဒီကောင့်ဆီ သွားကြမယ်ဟေ့”
ဦးဘသာထွက်သွားတာနဲ့ ကျုပ်လည်းသူ့နောက်ပြေးလိုက်ခဲ့တယ်ဗျာ၊ တစ်ရပ်ကွက်လုံးလည်း မှောင်လို့မိုက်လို့ တိတ်လို့ဆိတ်လို့ပါပဲ။
ဆက်ရန်။