အတွဲ(၅) စာစဉ်(၉)
(၁)
ဘသောင်းနဲ့ကျုပ်တို့နဲ့ သူ့အကို ကိုသိန်းတန်ဆီကိုသွားဖို့ ပြင်နေပါရောဗျာ၊ ကျုပ်လည်း တစ်ညလုံး တစ်မှေးမှမအိပ်ရသေးလို့ တဝှါးဝှါးနဲ့ သမ်းနေမိပြီဗျ၊ ဘသောင်းက ကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ ကျုပ်လည်ပင်းကိုလက်နဲ့ထိမလို့လုပ်လိုက်တယ်၊ ကျုပ်လည်း အနောက်ကိုနည်းနည်းဆုတ်ရှောင်လိုက်တာပေါ့ဗျာ၊ ဘသောင်းက ကျုပ်ကိုကြည့်ရင်း
“ငါမင်းကိုဘာမှမလုပ်ပါဘူးကွ၊ မင်းရဲ့ ကျန်းမာရေးအခြေအနေကိုစမ်းကြည့်မလို့ပါ”
ဒီတော့မှ ကျုပ်လည်း လည်ပင်းကိုထိုးပေးလိုက်တယ်၊ ဘသောင်းက ကျုပ်လည်ပင်းကိုသေချာကိုင်ကြည့်ပြီးတော့ လည်ဇလုပ်ကို လက်နဲ့အထက်အောက်ပွတ်နေပါရောဗျာ၊ ကျုပ်တောင်မှ ယားလာတယ်ဗျ။ ခဏကြာတော့မှ ဘသောင်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“မင်းတော်တော်အားနည်းနေတာပဲကွ၊ မင်းကို အားဖြည့်ဆေးတိုက်ရမယ်ဟေ့”
“အားဖြည့်ဆေးတဲ့လား”
ကျုပ်ရေရွတ်လိုက်မိတယ်၊ ဘသောင်းက အိမ်ရှေ့တိုင်တစ်ခုမှာ တွဲလောင်းချိတ်ထားတဲ့ ဖီးကြမ်းငှက်ပျောသီးကြီးဆီသွားပြီးတော့ ငှက်ပျောသီးကြီးတစ်လုံးကို ဖြုတ်လိုက်တယ်ဗျ၊ ငှက်ပျောသီးကလည်း တော်တော်ထွားထွားပဲဗျာ၊ တစ်လုံးတစ်လုံး တစ်ထွာတောင်မကဘူးဗျ၊ နောက်တော့ ငှက်ပျောသီးကို လက်ဝါးတစ်ဖက်ထဲထည့်ပြီးတော့ သူ့အိမ်ရှေ့ မှန်ဘီရိုအပုကလေးပေါ်တင်ထားတဲ့ ဖန်ပုလင်းကြီးထဲက ဆေးနီမှုန့်တွေကို ဖြူးလိုက်ပါရောဗျာ၊ ပြီးတော့ ငှက်ပျောသီးပေါ်ကို အဲဒီဆေးနီမှုန့်တွေနဲ့ပွတ်သပ်နေတယ်၊ ငှက်ပျောသီးက အခွံတော့မခွာရသေးဘူးဗျ။
နောက်တော့ ကျုပ်ဆီကိုအဲဒီငှက်ပျောသီးကြီး လှမ်းပေးလိုက်တယ်၊ ကျုပ်လည်း ငှက်ပျောသီးကိုယူလိုက်ပြီးတော့ ဘသောင်းကိုကြည့်နေမိတာပေါ့ဗျာ၊ ဘသောင်းက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း
“ဟ၊ ငှက်ပျောသီးလက်ထဲရောက်တာတောင်မှ ငါ့ကိုကြည့်နေတာလားကွ၊ ဘာလဲ ငါကဒီငှက်ပျောသီးကို ခွာပေးရအုံးမှာလား”
ကျုပ်လည်း ခေါင်းခါလိုက်ပြီးတော့
“မဟုတ်ပါဘူးဗျာ၊ ကျုပ်က အညာသားဆိုတော့ ရှင်းရှင်းပဲပြောမယ်၊ ခုနက ငှက်ပျောသီးကိုဘာလုပ်တာလဲ၊ ခင်ဗျားဘာလုပ်ထားမှန်းမသိတဲ့ငှက်ပျောသီးကို ကျုပ်မစားဝံ့ဘူးဗျ”
ဒီအခါ ဘသောင်းက ရယ်မောရင်း
“ပြောပါ့မယ်ကွာ၊ အဲဒီငှက်ပျောသီးကို သက်စောင့်အားဆေးတစ်မျိုးနဲ့ပွတ်လိုက်တာကွ၊ အဲဒီငှက်ပျောသီးကိုစားပြီးရင် မင်းခွန်အားတွေပြည့်လာလိမ့်မယ်”
ကျုပ်က မယုံသင်္ကာဖြစ်နေသေးတယ်ဗျ၊ ဒါနဲ့ ငှက်ပျောသီးထိပ်ကို ကိုက်ပြီး အခွံကိုဆွဲခွာလိုက်တော့ အထဲက ငှက်ပျောသီးအသားတွေက ပတ္တမြားရောင်လို နီရဲရဲကြီးဖြစ်နေပါရောဗျာ၊ မွှေးတာကလည်း မွှေးတယ်ဗျ၊ ကျုပ်သေချာနမ်းကြည့်တော့ နံ့သာနီနံ့လိုလို၊ နံ့သာဖြူနံ့လိုလိုပဲ။ ကျုပ်က စားဖို့ပြင်နေတာကို ဘသောင်းကကြည့်ရင်း
“စိတ်ချစားစမ်းပါကွ၊ မင်းတို့နှစ်ယောက်က ငါ့ကိုကယ်ခဲ့တာပဲ၊ ငါကမင်းတို့ကို ကျေးဇူးကန်းပါ့မလားကွ”
ဘသောင်းပြောတော့မှ ကျုပ်လည်း စိတ်ချလက်ချနဲ့ ငှက်ပျောသီးကို ကိုက်စားလိုက်တော့တယ်ဗျ၊ ငှက်ပျောသီးက ချိုလို့ဗျာ၊ ပြီးတော့ အရသာတစ်မျိုးရတယ်၊ အဲဒီအရသာကလည်း ခပ်ချိုချိုပဲဗျ၊ သွေးဆေးအရသာလိုဟာမျိုး၊ ကျုပ်လည်း ဆာဆာနဲ့ငှက်ပြောသီးတစ်လုံးလုံးကို စားပစ်လိုက်တယ်ဆိုပါတော့ဗျာ၊ ထူးဆန်းတယ်လို့တော့ပြောရမယ်၊ ငှက်ပျောသီးစားပြီးတဲ့အခါ ကျုပ်ဗိုက်ဆာနေတာတွေပျောက်သွားပြီးတော့ တစ်မျိုးကြီးဖြစ်လာတယ်ဗျ။ ရင်ပြည့်သလိုလို ဘာလိုလိုကြီးဗျာ။ ဘသောင်းက ကြိုသိနေတဲ့ပုံပါပဲ၊ သောက်ရေအိုးထဲက ရေတစ်ခွက်ခပ်လိုက်ပြီးတော့ ကျုပ်ဆီကိုလှမ်းပေးတယ်ဗျ၊ ရေခွက်က ဖန်မတ်ခွက် ငါးကြင်းခွက်ကြီးပါ၊ ဖန်ခွက်ထူထူကြီးမှာ ငါးကြင်းရဲ့အကြေးခွံတွေလို အကွက်တွေပါတဲ့ခွက်ကြီးပေါ့။
ကျုပ်လက်လှမ်းယူမယ်လုပ်တုန်း ဘသောင်းက ခွက်ထဲကို အနီရောင်အလုံးကလေးတစ်လုံးပစ်ထည့်လိုက်တယ်ဗျ၊ အလုံးကလေးက သေးသေးလေးပါဗျာ၊ ဆန်ကွဲစေ့လောက်ပဲရှိမှာ၊ အဲဒီအလုံးကလေးက ရေထဲရောက်သွားတယ်ဆိုရင်ပဲ အနီရောင်အချောင်းအချောင်းတွေထွက်လာပြီးတော့ တစ်ခွက်လုံးအနီရောင်ဖြစ်သွားပါရောလား။ လက်လှမ်းနေတဲ့ကျုပ်တောင်မှ လက်တွန့်သွားတယ်ဗျာ၊ ဘသောင်းက လှမ်းထိုးပေးတာနဲ့ မဝံ့မရဲနဲ့လှမ်းယူလိုက်တာ။
“သောက်လိုက်စမ်းပါကွာ၊ မင်းအကုန်ကောင်းသွားမယ်”
ကျုပ်လည်း ရေခွက်ကိုသေချာကြည့်နေမိတယ်၊ ရေခွက်တစ်ခုလုံးက သွေးတွေလိုရဲရဲနီနေပြီဗျ၊ အနံ့ခံကြည့်တော့ ဘာအနံ့မှတော့မရဘူး၊ ဒါနဲ့တစ်ကျိုက်လောက်သောက်မယ်ဆိုပြီး ရေကိုငုံလိုက်တဲ့အခါ ချိုလိုက်တာပြောမနေပါနဲ့၊ ဇီးဖျော်ရည်လိုအရသာမျိုးဗျ၊ အရသာကောင်းတယ်ဆိုလို့ကတော့ ကျုပ်တို့က သောက်ပြီးသားပဲဗျာ၊ တစ်ခွက်လုံးကို မော့ချလိုက်တော့တာပဲ၊ ချိုတဲ့အရသာအနောက်မှာ ရှတတအရသာကလေးလဲ ပါသဗျ။ ရေသောက်ပြီးတဲ့အခါ ဘသောင်းက မျက်ခုံးပင့်ပြီးကျုပ်ကိုကြည့်တယ်။
“ဘယ့်နှယ့်လဲကွ၊ သောက်လို့ကောင်းရဲ့လား”
“ကောင်းလိုက်တာဗျာ၊ ဒါဘာတွေလဲဟင်”
“သွေးငါးမျိုးပါတဲ့ သွေးအားဆေးပေါ့ကွာ”
“သွေးငါးမျိုးတောင်လား”
ဘသောင်းက လက်ငါးချောင်းထောင်ရင်း
“ကျောက်သွေး၊ ကြံ့သွေး၊ ကျွဲသွေး၊ ကျားသွေး၊ ခွေးသွေးတဲ့ကွ၊ အဲဒီသွေးတွေအကုန်လုံးကို အနှစ်ကျအောင်လုပ်ပြီးတော့ ကျောက်သွေးနဲ့ဖမ်းထားတာပေါ့ကွာ”
“ဗျာ၊ ခွေးသွေးပါတယ်လား”
“ဒီဆေးကိုအထင်မသေးနဲ့ကွ၊ သွေးအားနည်းနေတဲ့လူတွေသောက်လိုက်ရင် ချက်ချင်းအားပြန်ကောင်းတယ်၊ ဒါနဲ့ ကောင်လေး၊ မင်းခုနက ငါကျွေးတဲ့ငှက်ပျောသီးစား၊ ငါတိုက်တဲ့သွေးဆေးသောက်ပြီးတော့ မင်းဘယ်လိုခံစားရသလဲကွ”
“နေလို့ကောင်းတယ်ဗျ၊ ဗိုက်ဆာတာလည်းမရှိတော့ဘူး၊ အိပ်ချင်တာလည်းမရှိတော့ဘူးဗျာ၊ ကျုပ်ကိုယ်ထဲ အားတွေပြည့်နေသလိုခံစားရတယ်၊ သုံးလေးရက်လောက် အနားယူလိုက်ပြီးတော့ အားရှိသွားတဲ့ပုံစံမျိုးဗျ”
ဘသောင်းက တဟင်းဟင်းနဲ့ရယ်တော့တယ်ဗျာ၊ ပြီးတော့ ကွမ်းအစ်တစ်လုံးကိုအရှေ့မှာချပြီးတော့ ကွမ်းယာနေတယ်ဗျ၊ ဦးဘသာက ဘသောင်းကိုကြည့်နေတာနဲ့ ဘသောင်းက ကွမ်းအစ်ကိုထိုးပေးလိုက်ပြီး
“ကွမ်းသမား ကွမ်းမစားရတာလည်း ဒုက္ခတစ်မျိုးပဲဗျ၊ ကဲ စားဗျာ၊ စားသာစား”
ဦးဘသာလည်း ကွမ်းရွက်သုံးရွက်ကိုထပ်လိုက်ပြီးတော့ ထုံးတွေသုတ်ပြီး ဆေးတွေထည့်၊ စမုံစပါးတွေဖြူးပြီး အားရပါးရကို ဝါးနေပါရောဗျာ။
“ဒါနဲ့ ကိုဘသောင်းက ဆေးတွေဘာတွေဖော်တတ်တာလား”
ဘသောင်းက ခေါင်းညိတ်လိုက်ပြီးတော့ အဲဒီလိုမျိုးရေတစ်ခွက်ကို ဦးဘသာအရှေ့မှာချပေးလိုက်တယ်၊ နောက်တော့ သူလည်းခုံမှာဝင်ထိုင်ရင်း
“ဒီလိုကွ၊ ငါတို့က ကဝေရှင်မျိုးရိုးမဟုတ်လား၊ ငါ့အဖေဦးထိုက်တန်ကြီးက သားသုံးယောက်စလုံးကို ပညာတွေပေးခဲ့တယ်၊ အဲဒီထဲမှာ အကြီးဆုံးအကိုကြီး သန်းတန်က သိုက်နဲ့ပတ်သက်တဲ့လမ်းကိုလိုက်သွားတယ်၊ သိုက်ဆရာဖြစ်သွားတယ်ပေါ့ကွာ၊ အကိုလတ် ကိုသိန်းတန်ကျတော့ သိုက်တူးတဲ့အခါလည်းတူးတယ်၊ ကဝေဖမ်းတဲ့အခါလည်းဖမ်းတယ်၊ ငါကတော့ သိုက်လမ်းကိုမလိုက်ဘဲ ကဝေရှင်လမ်းကိုပဲ သီးသန့်လိုက်တယ်၊ တစ်ခါတော့ ငါ့အကိုကြီးတူးလာတဲ့သိုက်ထဲက သိုက်စာတွေအများကြီးရတယ်ကွ၊ အဲဒီသိုက်စာတွေထဲမှာ ဆေးကျမ်းတစ်ခုလည်းပါတယ်၊ အဲဒီဆေးကျမ်းထဲကအတိုင်း ငါလည်းဆေးလိုက်ဖော်ပြီးတော့ ဒီလိုပဲ တတ်နိုင်သလောက် လူတွေကို ကူညီပေးနေတယ်ဆိုပါတော့ကွာ”
“ဒါဆိုရင် ကျုပ်တစ်ခုမေးချင်လို့ပါ၊ ကဝေရှင်တွေက လူကောင်းတွေလား၊ လူဆိုးတွေလားဗျ”
ကျုပ်မေးလိုက်တော့ ဘသောင်းကရယ်တယ်ဗျ။
“ဒါဆိုရင် မင်းကိုငါတစ်ခုမေးမယ်နော် ကောင်လေး၊ မင်းရော လူကောင်းလား၊ လူဆိုးလားကွ”
ကျုပ်တွေဝေသွားမိတယ်ဗျ၊ ပြန်ဖြေဖို့တောင် မနည်းစဉ်းစားနေရတယ်။
“ကျုပ်ကိုယ်တိုင်တော့ လူကောင်းလို့ထင်တာပဲဗျ”
ဘသောင်းကပြောပြီး
“လူတိုင်းကတော့ ကိုယ်လုပ်တာ ကောင်းတယ်ထင်တာပဲကွ၊ ငါမေးမယ်၊ မင်းကြောင့် မကောင်းတာဖြစ်သွားတဲ့လူတွေမရှိဘူးလားကွ”
ကျုပ်သေချာပြန်စဉ်းစားပြီး ခေါင်းညိတ်လိုက်မိတယ်ဗျာ။
“မင်းက ကောင်းတာလုပ်တယ်ဆိုပေမယ့် မင်းကြောင့်ထိခိုက်သွားတဲ့လူတွေက မင်းကိုကောင်းတယ်လို့မြင်ပါ့မလားကွ”
“ဘယ်မြင်မှာလဲဗျာ၊ ကျုပ်ကိုဆိုးတယ်လို့ပဲမြင်ကြမှာပေါ့ဗျ”
“အေးပေါ့ကွ၊ ဒါကြောင့် ကောင်းတယ်ဆိုးတယ်ဆိုတာ သူများတွေပြောတဲ့အလုပ်ကွ၊ လူတိုင်းကတော့ ကိုယ်လုပ်တာကောင်းတယ်ထင်တာပဲ၊ ဒါကြောင့် လူတွေကို ကောင်းတယ်၊ ဆိုးတယ်ဆိုပြီး လိုက်မေးနေလို့ရမှာလားကွ”
ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ထောက်ခံလိုက်မိတယ်၊ ဦးဘသာက ထပြီးတော့
“ကဝေရှင်တွေဆိုတာ လွတ်လပ်တယ်ကွ၊ ဒါပေမယ့် တစ်ချိန်ကတော့ ကဝေရှင်တွေက အအုပ်အသင်းနဲ့နေတယ်လို့ကြားဖူးတယ်၊ အသင်းပျက်ပြီးတဲ့အခါကျတော့ အစုအဝေးမရှိတော့ဘဲ တစ်ယောက်ကောင်းပဲကျန်နေခဲ့တော့တာပေါ့ကွာ”
“ဟုတ်တယ် ဦးသာဒင်၊ ခင်ဗျားပြောတာမှန်တယ်”
“ဒီတော့ ကောင်းလားမကောင်းလားကတော့ သူ့လုပ်ရပ်အပေါ်မူတည်တာပေါ့ကွာ”
“ဘာပဲပြောပြော အခုကျုပ်တို့က ကောင်းတာလုပ်နေတာဆိုတော့ ခင်ဗျားကျုပ်တို့နဲ့ပေါင်းပြီး ကောင်းသွားပြီပေါ့ဗျာ”
ကျုပ်ထပြောလိုက်တော့ ဘသောင်းရော၊ ဦးဘသာရော ရယ်ကြတယ်ဗျ၊ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး
“အလတ်ကောင်၊ အလတ်ကောင် မင်းကတော့ လူတစ်ယောက်ကို လူကောင်းဖြစ်အောင်လုပ်တာ သိပ်မြန်တာပဲနော်ကွ၊ ကိုယ်နဲ့ပေါင်းရင်လူကောင်း၊ ကိုယ်နဲ့မပေါင်းရင် လူဆိုးပေါ့ကွ ဟုတ်လား၊ ဟား၊ ဟား”
ကျုပ်တို့ရယ်မောနေတုန်း ခြံဝကနေခေါ်သံကြားလိုက်ရတယ်ဗျ။
(၂)
“ငသောင်း . . . ဟေ့ကောင် ငသောင်း”
ဘသောင်းက ထိုင်နေရာကနေထလိုက်ပြီးတော့ကြည့်လိုက်တယ်ဗျ၊ အသက်ခြောက်ဆယ်လောက် လူကြီးတစ်ယောက်က ခြံတံခါးကိုတွန်းဖွင့်ပြီးတော့ ဝင်လာတယ်၊ ဒီလူကြီးက ခေါင်းတုံးပြောင်ပြောင်ကြီးနဲ့ဗျ၊ တိုက်ပုံနီညိုရောင်ကြီးကိုလည်း ဝတ်ထားသေးသဗျာ။
“ဟာ အကိုကြီး၊ အကိုကြီး ကိုသန်းပါလား”
ဒီလူကြီးက လမ်းကိုထော့နဲ့ထော့နဲ့ လျှောက်လာသဗျာ၊ အိမ်ပေါ်လှမ်းတက်လာပြီး ဖိနပ်ချွတ်အရောက်မှာ ခွေခနဲလဲကျသွားတယ်၊ ပြီးတော့ ပါးစပ်ကလည်း ချောင်းတွေတဟွပ်ဟွပ်နဲ့ဆိုးနေပြီးတော့ အမြှုပ်တွေလည်းထွက်ကျလာတယ်ဗျာ၊ ဘသောင်းက ဒီလူကြီးကိုပြေးတွဲလိုက်ပြီး
“အကိုကြီး ဘာဖြစ်လာတာလဲဗျာ”
“ငါမရတော့ဘူး . . . ငါမရတော့ဘူး ငသောင်းရ”
ကျုပ်လည်း မနေနိုင်တာနဲ့ ဒီလူကြီးကိုပြေးတွဲလိုက်တယ်၊ ဘသောင်းနဲ့ကျုပ်နဲ့ သူ့ကိုတစ်ယောက်တစ်ဖက်စီဆွဲပြီးတော့ အိမ်ရှေ့ခန်းကိုဆွဲတင်လိုက်တယ်၊ ဒီလူကြီးက ဆန့်ဆန့်ကြီးပါလာသဗျာ။
“စိတ်မလျော့ပါနဲ့အုံး အကိုကြီးရာ၊ အကိုကြီးဘာတွေဖြစ်လာတာလဲဗျ”
“ငါ့စိန်သွား၊ ငါ့စိန်သွားပါသွားပြီကွ”
ပြောရင်း ချောင်းတွေဆိုးပြန်ရောဗျာ၊ ဘသောင်းက ပြာပြာသလဲနဲ့ထရပ်လိုက်ပြီးတော့ ရေတစ်ခွက်ကိုခပ်ယူသဗျ၊ ပြီးတော့ ဆေးမှုန့်တွေ၊ ဆေးလုံးတွေကို ရေထဲထည့်နေပါရောဗျာ။ နောက်ဆုံးတော့ သူ့လွယ်အိတ်ထဲက ပုလင်းကလေးတစ်လုံးကိုနှိုက်လိုက်သဗျ၊ ပုလင်းကလေးက ပိန်ပိန်သေးသေးကလေးဗျာ၊ လက်တစ်ဆစ်စာလောက်ပဲရှိမယ်ထင်ပါတယ်၊ အဲဒီအထဲမှာလည်း ခပ်ညိုညိုအမှုန့်ကလေးတွေ ပါသေးတယ်ဗျ။
ကျုပ်ကိုရေခွက်ကိုင်ခိုင်းထားပြီးတော့ ခုနက ပုလင်းကလေးထဲကအမှုန့်တွေကို ရေထဲထည့်လိုက်တယ်ဗျာ၊ ရေထဲရောက်တော့ ရေခွက်ထဲက ရေတွေအကုန်လုံးက ရွှေရောင်တွေဖြစ်ကုန်သဗျ။
“အကိုကြီး မသေဘူး၊ အကိုကြီးမသေပါဘူးဗျာ၊ ဟောဒါ အသက်ကယ်ရွှေပြာပဲဗျ”
ဘသောင်းက ဦးသန်းတန်ရဲ့ ခေါင်းကိုအသာထောင်ပေးတာမို့လို့ ကျုပ်လည်းခွက်ထဲက ရေတွေကို တိုက်တာပေါ့ဗျာ၊ ဦးသန်းတန်က ရေတွေကို အငမ်းမရသောက်တယ်ဗျ၊ သောက်ပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ရေတွေက ပါးစပ်ထဲကနေ ဖူးခနဲပြန်ထွက်လာတယ်ဗျာ။
“အကိုကြီး၊ အကိုကြီး ဒါလေးတော့ ဝင်အောင်သောက်ပါအုံးဗျာ”
“ငသောင်း မင်းကိုငါပြောပြီးပြီပဲ၊ ငါ့အခြေအနေ ငါသိတယ်၊ ငါမရတော့ဘူးကွာ”
ဦးသန်းတန်က ဘသောင်းရဲ့လက်ကိုဆွဲလိုက်ပြီးတော့
“ညီလေး . . . ညီလေး တစ်ခုတော့ကူညီပါကွာ၊ ငါ့ရဲ့စိန်သွားကလေး ပြန်ယူပေးပါ၊ ဒီစိန်သွားကမကောင်းတဲ့လူတွေလက်ထဲ ရောက်သွားလို့မဖြစ်ဘူးကွ”
“ဘာတွေများဖြစ်တာလဲ အကိုကြီးရာ”
ဦးသန်းတန်က တော်တော်မောနေတယ်ဗျ။
“ငါ သိုက်တူးမယ်ဆိုပြီးတော့ အထက်အညာဘက်ကိုတက်သွားတယ်မဟုတ်လား၊ ကျောက်ပန်းတောင်းရောက်တော့ လူတစ်စုနဲ့ငါတွေ့တယ်ကွ၊ အဲဒီလူတွေက ငါ့ဆီက စိန်သွားကိုယူသွားကြတယ်”
“အကိုကြီးတောင် မနိုင်ဘူးလား”
“ဒီလူတွေက တော်တော်အဆင့်မြင့်တဲ့လူတွေကွ”
ကျုပ်လည်း သေချာစဉ်းစားရင်း
“ဘယ်အချိန်လောက်က ဖြစ်ခဲ့တာလဲဗျာ”
“လွန်ခဲ့တဲ့တစ်လလောက်က ဖြစ်ခဲ့တာကွ၊ ငါလည်း ဒီလူတွေအနောက်ကို ရေဆုံးမြေဆုံးလိုက်သေးတယ်၊ မနေ့က ညကတော့ ငါ့စိန်သွားရှိတဲ့နေရာကို ငါတွေ့ခဲ့တယ်ကွ”
“ဟုတ်လား၊ အဲဒါဘယ်နေရာလဲ”
“ထောက်ကြံ့က ခြံကျယ်ကြီးတစ်ခုထဲမှာကွ”
ထောက်ကြံ့ဆိုတဲ့စကားကြားလိုက်တော့ ကျုပ်ရော ဦးဘသာရော မျက်လုံးပြူးသွားတယ်။
“ငါ ခြံဝကိုလည်းရောက်ရော အဲဒီအထဲက လူကြီးတစ်ယောက်ထွက်လာပြီး ငါ့ကိုဆော်ထည့်လိုက်တာပဲကွာ၊ ငါလည်း မနည်းအားတင်းပြီးတော့ မင်းဆီရောက်အောင်ပြန်လာခဲ့ရတာပဲ”
ကျုပ်က ဦးသန်းတန်ကိုကြည့်ပြီးတော့
“အဲဒီလူကြီးက ဘယ်လိုပုံစံမျိုးလဲဗျာ”
“လူက ပိန်ပိန်ပါးပါးပဲကွ၊ နဖူးကတော့ တော်တော်ကိုပြောင်တာ၊ ငါ့ကိုဆော်တော့ သူ့နဖူးမှာ အမောက်ကြီးသုံးခုထွက်လာတယ်၊ တစ်ခုက အစိမ်းရောင် . . . နောက်တစ်ခုက အဟွပ် . . .အဟွပ်”
ဦးသန်းတန်က ပြောရင်း ချောင်းတွေဆိုးနေတယ်ဗျာ၊ ဒါနဲ့ပဲ ကျုပ်ကဆက်ပြောလိုက်တယ်။
“တစ်ခုက ရွှေရောင်၊ တစ်ခုက အနီရောင်မဟုတ်လား”
ဦးသန်းတန်က ခေါင်းပဲညိတ်ပြတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကြီးကိုလှည့်ကြည့်လိုက်တော့ ဦးဘသာက စိတ်ပျက်လက်ပျက်နဲ့
“အဲဒါငါပဲကွ”
ဘသောင်းက တောက်တစ်ချက်ခေါက်ပြီးတော့
“ဒီလူကို ကျုပ်အခုပဲသွားပြီးသတ်မယ်ဗျာ”
ဒီအခါ ဦးသန်းတန်က ဘသောင်းရဲ့လက်ကိုဆွဲလိုက်ပြီးတော့
“မလုပ်နဲ့ဘသောင်း၊ မင်းပညာက ငါ့ထက် နှစ်ဆလောက်နိမ့်တယ်၊ ငါ့လိုလူကိုတောင် ဒီလူကြီးက သေအောင်လုပ်နိုင်တာဆိုတော့ မင်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးကွ”
“ဒါပေမယ့် အကိုကြီးရာ၊ ကျုပ်တော့ ဒီလူကိုသတ်ရမှကျေနပ်မယ်”
“ငါပြောတာနားထောင်စမ်းပါကွာ၊ သတ်တာမသတ်တာ အသာထားစမ်းပါ၊ ဒီလူတွေက ငါ့ရဲ့စိန်သွားကိုယူပြီး တစ်ခုခုကြံနေတာကွ၊ သူတို့အကြံကို ငါစုံစမ်းရသလောက်ကတော့ သူတို့က ချပ်သင်းရတနာသိုက်ကို ဖောက်ကြမယ့်ပုံပဲ”
“ချပ်သင်းရတနာသိုက်ဆိုတော့ . . .”
“ဟုတ်တယ်၊ ချပ်သင်းတောကြီးအလယ်က ရတနာသိုက်တစ်ခုပဲ”
“သူတို့က ဘာလို့ဖောက်ချင်တာလဲဗျာ”
“ဒါတော့ ငါမသိဘူး၊ ချပ်သင်းသိုက်ဆိုတာ ဘီလူးသိုက်တစ်ခုပဲ၊ သိပ်ကိုအန္တရာယ်များတဲ့သိုက်တစ်ခုပေါ့၊ ဘီလူးသိုက်ဆိုတာထက် ဘီလူးတွေကိုမြေကြီးထဲမြှုပ်ပြီး လေးဖက်လေးတန် ကျောက်ဖျာချကာပြီးတော့ အကျဉ်းချထားတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားနိုင်ဘူး”
ဒီအချိန် ဦးဘသာကြီးက လက်ခုပ်တီးပြီးတော့ မတ်တပ်ထရပ်လိုက်တယ်။
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲဒါ ငထေရှင်တို့ပဲ၊ ငါအခုမှ သဘောပေါက်ပြီ”
ကျုပ်တို့အားလုံး ဦးဘသာကြီးကို ဝိုင်းကြည့်လိုက်ကြတယ်၊ ဦးဘသာကြီးက ကျုပ်တို့အနားကိုလာရင်း ဆက်ပြောတယ်။
“ငထေရှင်က ဘာဖြစ်လို့ဒီနေရာကို ရွေးတာလဲ၊ မရွှေတောင်က ဒီနေရာဟာ သူတို့ရဲ့အောင်မြေပါဆိုပြီးတော့ ဘာဖြစ်လို့ပြောခဲ့တာလဲဆိုတာ ငါအခုမှသိပြီ၊ လတ်စသတ်တော့ ဒီကောင်က ဘီလူးသိုက်ကိုဖွင့်ဖို့လုပ်နေတာကိုးကွ၊ ငထေရှင်က ဘီလူးတစ်ကောင်လို့ အောင်ရှိန်က ငါ့ကိုပြောဖူးတော့ ဒီကောင်ကြံနေတာ ဒီအကြံအစည်ပဲဖြစ်မှာ”
ကျုပ်လည်းတွေးမိပြီးခေါင်းညိတ်လိုက်မိတယ်။
“ဒီဘီလူးသိုက်ပွင့်ပြီး ဘီလူးတွေထွက်လာတဲ့အခါ ဒီကောင်က ဘီလူးတွေကိုအုပ်ချုပ်မလို့ပဲ”
ဦးသန်းတန်က မျက်လုံးကြီးပြူးပြီးတော့
“ဘီလူးသိုက်မဖွင့်မိခင် ငါ့စိန်သွားကိုပြန်ယူရမယ် ငသောင်း”
“ဒါပေမယ့် စိန်သွားကိုသူတို့ယူသွားပြီလေဗျာ၊ သူတို့ကလည်း ပညာသိပ်ထက်တဲ့လူတွေဆိုဗျ”
ဦးသန်းတန်က ခေါင်းခါရင်း
“စိန်သွားကို ခိုင်းလို့ရတဲ့မန္တန်ရှိတယ်၊ ဒီမန္တန်ကို သူတို့မသိလောက်ဘူး၊ လာ ငသောင်း ငါမင်းကို အဲဒီမန္တန်သင်ပေးမယ်”
ဘသောင်းက သူ့နားကို ဦးသန်းတန်အနားကပ်လိုက်တဲ့အခါ ဦးသန်းတန်က တစ်ခုခုပြောသဗျ၊ သောင်းလည်း သေချာလိုက်ရွတ်တယ်။ ရွတ်ပြီးတော့ ဦးသန်းတန်ဘက်ကိုလှည့်ကြည့်ရင်း
“ဒါပဲလားအကိုကြီး”
ဘသောင်း ပြန်မေးလိုက်တဲ့အချိန်မှာ ဦးသန်းတန်က မျက်လုံးကြီးပြူးပြီးတော့ ငြိမ်ကျနေပြီဗျာ၊ ဘသောင်းလည်း ထိတ်လန့်သွားပြီးတော့ ဦးသန်းတန်ကိုလှုပ်နှိုးတယ်။
“အကိုကြီး ၊ အကိုကြီး”
ဦးသန်းတန်ကတော့ သေသွားပါပြီဗျာ၊ ပါးစပ်ကြီးကိုဟလို့ဗျ။
“အကိုကြီးဒီအတိုင်းသေလို့မဖြစ်ဘူး၊ အကိုကြီးသေလို့မဖြစ်ဘူးဗျ”
အော်ဟစ်ရင်း ဘသောင်းက လွယ်အိတ်ထဲက ရွှေစက္ကူကလေးတစ်ခုကိုယူပြီးတော့ ဦးသန်းတန်ရဲ့နဖူးကိုကပ်လိုက်တယ်၊ နောက်တော့ ပုလင်းကလေးတစ်လုံးကိုဖွင့်ပြီး အစီအရင်တွေလုပ်နေပါရောဗျာ၊ ဦးဘသာက အရှေ့ကိုတိုးသွားပြီး
“ဘသောင်း၊ စိတ်ကိုလျှော့စမ်းပါကွာ၊ ကဝေဖမ်းမယ်ဆိုရင်လည်း ဒါမင်းရဲ့အကိုကွ”
“အိုဗျာ၊ ခင်ဗျားဖယ်နေစမ်းပါ၊ ကျုပ်လုပ်နေတာကျုပ်သိတယ်”
ဘသောင်းက ပါးစပ်ကိုဖြဲပြီးတော့ ဦးသန်းတန်ရဲ့ပါးစပ်ပေါက်အနားမှာ အပ်လိုက်တယ်ဗျ၊ နောက်တော့ လေတွေကို တရှူးရှူးနဲ့စုပ်သွင်းရင်း ခေါင်းကိုထောင်လိုက်ပါလေရောဗျာ၊ ကျုပ်တို့မျက်စိအရှေ့မှာပင် ဦးသန်းတန်ရဲ့ပါးစပ်ပေါက်ထဲကနေ မီးခိုးငွေ့လိုမျိုး အငွေ့ကလေးတစ်ခုက ထွက်လာတယ်ဗျ၊ အငွေ့ကလေးက တဖြည်းဖြည်းပျံသန်းလာရင်း နောက်ဆုံးတော့ ဘသောင်းရဲ့ပါးစပ်ထဲကို အတန်းလိုက်ကလေးဝင်သွားပါရောဗျာ၊ အငွေ့လေးဝင်သွားတာနဲ့ ဘသောင်းက ပါးစပ်ကိုပိတ်ချလိုက်တယ်၊ ပြီးတော့ ပုလင်းကလေးကိုယူလိုက်ပြီး ပုလင်းပေါက်ကိုပါးစပ်နဲ့တေ့ပြီး မှုတ်သွင်းလိုက်တာပါပဲဗျာ၊ ပုလင်းထဲကို အငွေ့ကလေးက ဝင်သွားတယ်ဗျ၊ ပုလင်းအပြင်ကကြည့်တဲ့အခါ မသိရင် ပုလင်းထဲကို မီးခိုးတွေထည့်ထားသလိုပါပဲဗျာ။
“အဲဒါ ကဝေဖမ်းတာလား”
“ဦးဘသာက ခေါင်းညိတ်တယ်၊ ဘသောင်းက မျက်လုံးကြီးပြူးပြီး သွားကြီးဖြဲနေသဗျာ၊ သူ့ကြည့်ရတာ မကောင်းဆိုးဝါးကြီးတစ်ကောင်လိုပါပဲ”
“အကိုကြီး၊ အကိုကြီး ဒီအတိုင်းမသေရဘူး၊ အဲဒီလူကို အကိုကြီးရဲ့လက်နဲ့ လက်စားချေပြီးတော့မှ သေရမယ်”
ဘသောင်းကပြောရင်းနဲ့ စားပွဲခုံကလေးတစ်ခုံကိုဆွဲယူလိုက်တယ်၊ စားပွဲခုံကလေးက နှစ်ပေပတ်လည်လောက်ပဲရှိမယ်ဗျ၊ အမြင့်ကတော့ နှစ်ပေခွဲလောက်ပဲရှိမယ်ထင်တယ်၊ အဲဒီခုံကလေးကို သူ့အရှေ့ကိုချလိုက်ပြီးတော့ ခုံပေါ်မှာခင်းထားတဲ့ စားပွဲခင်းကို ဘေးကိုဆွဲဖယ်လိုက်တယ်ဗျ၊ စားပွဲပေါ်မှာတော့ အင်းတွေလိုလို၊ စမတွေလိုလိုရေးထားသဗျာ၊ အစီအရင်တစ်ခုဖြစ်မယ်ထင်တာပါပဲ၊ စားပွဲခုံအလယ်မှာတော့ အဝိုင်းပုံစံကလေးရှိတယ်၊ ဘသောင်းက သူ့အကိုကြီးကိုဖမ်းထားတဲ့ ပုလင်းကလေးကိုအဲဒီစားပွဲအလယ်က အဝိုင်းကလေးထဲမှာ ချလိုက်တယ်ဗျ၊ နောက်တော့ ပုလင်းအဖုံးကိုဖွင့်ပြီးတော့ လက်နှစ်ဖက်ကိုဘေးကိုဆန့်တန်းရင်း
“ပုလင်းထဲက ကဝေ၊ သင့်အား ငါဆရာခေါ်သည်၊ သင်ထွက်လာခဲ့ရမည်”
အဲဒီလိုရွတ်တဲ့အခါ ပုလင်းထဲကနေ ဦးသန်းတန်ပုံစံနဲ့ ဖြူဖြူအရိပ်ကြီးတစ်ခုထွက်လာသဗျာ၊ ထွက်လာပြီးတော့ စားပွဲခုံအပေါ်မှာ တွဲလောင်းကြီးလုပ်နေပါရော၊ ဘသောင်းက အနီးအနားဘီရိုကလေးထဲက ပုလင်းလေးငါးလုံးကိုဆွဲယူလိုက်ပြီးတော့ ပုလင်းတွေကိုဖွင့်ချလိုက်တယ်။ ပုလင်းတွေပွင့်သွားတာနဲ့ အထဲက ကဝေတွေက တိုးထွက်လာတော့တယ်။ ဘသောင်းက ဦးသန်းစိန်ကိုကြည့်ရင်း
“အကိုကြီးရေ စားတော့၊ ဒီကဝေတွေကို အကိုကြီးစားသာစားတော့ဗျာ”
ဦးသန်းတန်က ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာပဲ ပုလင်းထဲက ထွက်လာတဲ့ကဝေတွေက ရုန်းကန်အော်ဟစ်ရင်း တဖြည်းဖြည်းပျံသွားကြတယ်ဗျ။ နောက်တော့ ဦးသန်းတန်ရဲ့ပါးစပ်ထဲကို ပြေးဝင်ကုန်ကြပါရောဗျာ၊ ဘသောင်းဘာတွေလုပ်နေသလဲဆိုတာတော့ ကျုပ်နဲ့ဦးဘသာနဲ့ နားကိုမလည်တော့ပါဘူးဗျာ၊ ဘသောင်းက ပုလင်းလေးတွေ တစ်လုံးပြီးတစ်လုံးဖွင့်ဖွင့်ပြီး ကြမ်းပေါ်ချပေးနေတယ်၊ ပုလင်းထဲက ထွက်လာသမျှကိုလည်း ဦးသန်းတန်က စုပ်ယူပြီးစားတာပဲဗျာ။
ကြွက်လျှောက်တန်းပေါ်က ပုလင်းတွေကို ဘသောင်းက လက်နဲ့အတန်းလိုက်ကြီး ပုတ်ချလိုက်တယ်ဗျ၊ ပုလင်းတွေအကုန် ကြမ်းပြင်ပေါ်ကို တခွမ်းခွမ်းနဲ့ကျကွှဲကုန်ပါရောဗျာ၊ သူဖမ်းချုပ်ထားတဲ့ ကဝေတွေအကုန် ထွက်လာကြပါရော၊ ကဝေတွေက ထွက်ပြေးဖို့လုပ်ပေမယ့် ဦးသန်းတန်ရဲ့စုပ်တဲ့ဒဏ်ကို မရုန်းကန်နိုင်ရှာကြပါဘူးဗျာ၊ ကဝေဝိညာဉ်တွေက အသံသေးအသံကြောင်တွေနဲ့ အော်ဟစ်ပြီး ဦးသန်းတန်ပါးစပ်ထဲကိုရောက်ကုန်တယ်။
ဘသောင်းက တံခါးကြားမှာထောင်ထားတဲ့ သံတူရွင်းကိုပြေးယူလိုက်ပြီးတော့ အခန်းထောင့်က ပုလင်းအကြီးကြီးတွေကို သံတူရွင်းနဲ့ရိုက်ခွဲပါရောဗျာ။
“နှစ်တစ်ရာ ကဝေတွေ အကုန်ထွက်ကြစမ်းကွာ”
ထွက်သမျှကဝေတွေကို ဦးသန်းတန်က စားရင်းနဲ့နောက်ဆုံးတော့ ဦးသန်းတန်ရဲ့ရုပ်ပျောက်ပြီးတော့ သရဲရုပ်ကြီးဖြစ်လာပါရောဗျာ၊ တစ်ခန်းလုံးက ရှိသမျှပုလင်းတွေလည်း အကုန်ကွဲပြီဗျ၊ ဦးသန်းတန်တစ်ယောက်လည်း သရဲအကောင်ကြီးကို ဖြစ်နေပါရောဗျာ၊ ခေါင်းပေါ်မှာလည်း အချွန်အတက်တွေနဲ့ လက်မောင်းတွေမှာလည်း အချွန်အတက်တွေနဲ့ရယ်ဗျ၊ ကျုပ်အထင်တော့ ကဝေတွေရဲ့အစွမ်းတွေကို စားရင်းကနေ သူ့အစွမ်းတွေ တော်တော်များလာတဲ့ပုံစံပါပဲဗျာ။
ပုလင်းတွေအကုန် ကုန်သွားတော့ ဘသောင်းက တဟားဟားနဲ့ရယ်မောလိုက်ပြီး
“အကိုကြီး၊ လာပါ၊ ကျုပ်ဆီကိုလာပါ၊ ကျုပ်ဆီမှာကိန်းပါ၊ ကျုပ်နဲ့အကိုကြီးနဲ့အတူတူပေါင်းပြီးတော့ ဒီလူကြီးကိုလက်တုံ့ပြန်ကြမယ်”
သရဲကြီးကလည်း မိုးပေါ်ပျံနေပြီးတော့ အိမ်ထဲမှာ ဝေ့လည်ဝေ့လည်နဲ့ ပျံနေသဗျာ၊ ဘသောင်းက လက်နှစ်ဖက်ကိုဘေးကိုဆန့်တန်းပြီးတော့ ရင်ဘတ်ကိုကော့ပေးထားတယ်၊ သရဲကြီးက တစ်ချက်ဝေ့ပျံလိုက်ပြီးတော့ ဘသောင်းဆီကို တည့်တည့်ပျံသွားသဗျာ။
အနားရောက်တော့မှ ဘသောင်းဆီကိုမဝင်ဘဲနဲ့ ကျုပ်ဘေးမှာရပ်နေတဲ့ ဦးဘသာကြီးဆီကို ဝုန်းခနဲပြေးဝင်သွားသဗျာ၊ အားဘယ်လောက်များသလဲဆိုရင် ဦးဘသာဆို အနောက်ကိုပက်လက်လန်ပြီးတော့ကို လဲကျသွားတာဗျ။ ကျုပ်လည်း ဦးဘသာကိုဆွဲထူရင်း
“ဦးဘသာ၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲဗျာ”
ဦးဘသာ တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်ယင်နေပြီးတော့ မျက်ခွံတွေက တဖြတ်ဖြတ်နဲ့ခတ်လို့ဗျ၊ မျက်ဖြူကြီးလည်း လန်နေပါရောဗျာ၊ ဘသောင်းက ကျုပ်အနားကိုတစ်လှမ်းချင်းလျှောက်လာပြီး
“အကိုကြီး၊ အကိုကြီးက ဘာဖြစ်လို့ကျုပ်ဆီကိုမဝင်ဘဲ သူ့ဆီကိုဝင်တာလဲဗျာ”
ဒီအခါ ဦးဘသာက
“မင်းအထဲကို ငါဝင်မရဘူး၊ မင်းက ကဝေရှင်တစ်ယောက်၊ ပြီးတော့ စုန်းတွေတပ်အပ်တဲ့ပညာတွေကို မင်းမတတ်ဘူး၊ ငါကတော့ စုန်းတွေကဝေတွေကို ဝါးမြိုထားတဲ့လူ၊ ဒီလူကလည်း စုန်းတစ်ယောက်ဆိုတော့ မင်းဆီမှာကိန်းထာထက် သူ့ဆီမှာနေတာ ပိုပြီးအကျိုးရှိမယ်လို့ ငါယူဆတယ်”
“ဦးဘသာ၊ ဦးဘသာ၊ သတိထားပါအုံးဗျာ”
ခဏနေတော့မှ ဦးဘသာက သတိရလာတယ်ဗျ၊ နောက်တော့ ငုတ်တုတ်ထထိုင်တယ်။။
“အလတ်ကောင်၊ ငါတစ်မျိုးကြီးဖြစ်နေတယ်”
“ဘယ်လိုဖြစ်တာလဲဗျာ”
“ငါ့ဆီမှာ အစွမ်းတွေပြည့်လာသလိုပဲ”
“ပြည့်လာမှာပေါ့ဗျ၊ ခင်ဗျားဆီမှာ ကျုပ်အကိုက ဝင်ခိုအောင်းသွားတာကိုး၊ အခုတော့ ကျုပ်အကိုကြီးက ခင်ဗျားရဲ့အစောင့်အရှောက်ပုဂ္ဂိုလ်ဖြစ်သွားပြီ”
ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ငါ့ကိုယ်ထဲက အစောင့်အရှောက်တွေမရှိတော့လို့ ငါအင်အားနည်းနေတာနဲ့အတော်ပဲကွာ၊ စိတ်ချပါ ဘသောင်း၊ ငါမင်းအကိုကြီးကို ကောင်းကောင်းအသုံးချပြီးတော့ သူ့အတွက်ရော၊ မင်းမိန်းမအတွက်ပါ လက်စားချေပေးမှာပါကွ”
ဘသောင်းက ခေါင်းညိတ်ပြလိုက်ပြီးတော့ သူ့လွယ်အိတ်ကိုဆွဲလွယ်လိုက်တယ်။
“ကဲအလတ်ကောင်၊ ငါတို့သွားကြမယ်၊ ဒီနေ့ညမှာ ငါတို့ပြန်လာခဲ့မယ်လို့ အောင်ရှိန်ကိုကတိပေးခဲ့တယ်မဟုတ်လား”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။ ဦးဘသာက သူ့လက်သီးကိုဆုပ်လိုက်ပြီး
“အခုငါ့မှာအစွမ်းတွေရခဲ့ပြီ၊ ကဝေရာချီထောင်ချီဆီကနေ အစွမ်းတွေလက်နက်တွေရခဲ့ပြီ၊ ငါမကြောက်တော့ဘူး အလတ်ကောင်”
“ဒါဆို အခုပဲသွားကြပါစို့ဗျာ”
ဦးဘသာက ခေါင်းခါရင်း
“အခုတော့မရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုယ်ထဲကိုဝင်နေတဲ့ မင်းရဲ့အကိုကြီးနဲ့ ငါနဲ့ သဟဇာတမဖြစ်သေးဘူး၊ အချိတ်အဆက် မမိသေးဘူးကွ၊ ဒီတော့ ငါအချိန်နည်းနည်းလိုတယ်”
ဦးဘသာက ပြောနေရင်း ကြမ်းပေါ်ကို တင်ပလ္လင်ခွေပြီးထိုင်ချလိုက်တယ်။
“ငါအခု ငါ့ကိုယ်ထဲက အစောင့်အရှောက်တွေနဲ့ နည်းနည်းညှိလိုက်အုံးမယ်၊ ညနေစောင်းတဲ့အခါ ငါတို့အောင်ရှိန်ဆီကိုသွားကြမယ်၊ မင်းတို့ကို ငါတစ်ခုမှာမယ်နော်၊ ငါစိတ်ကိုထုံသွင်းနေတဲ့အချိန်မှာ ငါ့ကိုမနှောင့်ယှက်ကြနဲ့၊ ငါ့ကိုယ်လုံးကိုမထိကြနဲ့၊ တကယ်လို့ထိသွားလို့ ငါလန့်နိုးသွားခဲ့ရင် မအောင်မြင်ဘဲ ဖြစ်သွားလိမ့်မယ်”
ဦးဘသာကပြောပြီးတာနဲ့ လက်ကိုဒူးနှစ်ဖက်ပေါ်တင်ပြီး မျက်စိမှိတ်ချသွားတာပဲဗျာ၊ ကျုပ်နဲ့ ဘသောင်းနှစ်ယောက်ကတော့ သူ့ဘေးနားမှာကျန်ခဲ့တော့တာပေါ့။
(၃)
ကျုပ်လည်း အိမ်ထဲမှာထိုင်နေရင်း ဦးအောင်ရှိန်ပေးလိုက်တဲ့ တောင်ဝှေးကိုသေချာကြည့်နေမိတယ်၊ ဘသောင်းကလည်း ကျုပ်ဘေးနားကိုလာထိုင်တယ်ဗျ၊ သူ့လက်ထဲမှာလည်း မြွေပုံစံတုတ်တစ်ချောင်းပေါ့ဗျာ။
“မင်းလည်း တုတ်တစ်ချောင်း၊ ငါလည်း တုတ်တစ်ချောင်းပေါ့ကွာ”
ကျုပ်လည်း သိချင်သွားတယ်။
“ဒါနဲ့ ခင်ဗျားမိန်းမက မြွေစိမ်းဆိုဗျ၊ သူနဲ့ခင်ဗျားနဲ့က ဘယ်လိုတွေ့ဆုံကြတာလဲ”
ဘသောင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ကွာ၊ ငါလည်း ကဝေတစ်ယောက်ကိုသွားဖမ်းမယ်ဆိုပြီး ပဲခူးဘက်ဆင်းလာတုန်း ရွာတစ်ရွာမှာခဏနားဖြစ်တယ်၊ ရွာကနေအထွက် လယ်ကွင်းတွေကိုဖြတ်တော့ ငါ့နားထဲမှာ ကယ်ကြပါ၊ ကယ်ကြပါဆိုတဲ့ အော်သံတစ်ခုကိုကြားရသကွ၊ ဒါနဲ့အသံဘယ်ကလာသလဲဆိုပြီး လိုက်ရှာလိုက်တော့ နွားကျောင်းသားလေးသုံးယောက်လက်ထဲမှာ မြွေစိမ်းကလေးတစ်ကောင်ကို တွေ့လိုက်ရတာပဲကွာ၊ မြွေက တစ်ကိုယ်လုံးကိုစိမ်းပြီးတော့ ဝင်းလက်နေတာပဲ၊ ငါလည်း အဲဒီမြွေကလေးကို လမ်းဘေးကိုလွတ်ပေးလိုက်တာပေါ့ကွာ”
“အိမ်ပြန်ရောက်တော့ ဒီမြွေကလေးက အိမ်မှာရောက်နေတယ်ကွ၊ ဘယ်လိုရောက်လာသလဲတော့မသိဘူး၊ နောက်တော့ ငါအိပ်တဲ့အချိန် အိပ်ရာပေါ်တက်လာပြီးတော့ မြွေကလေးက မိန်းကလေးတစ်ယောက်ဖြစ်သွားသကွာ”
ကျုပ်ဖြင့်် ဘသောင်းပြောတာကြည့်ပြီး စိတ်ကူးယဉ်နေမိတာပေါ့ဗျာ။
“ဗျာ၊ မြွေကလေးက မိန်းကလေးဖြစ်သွားတယ်တဲ့လား”
“ငါမင်းကို မလိမ်ပါဘူးကွာ၊ မိန်းကလေးကိုမှ တော်တော်ချောလှတဲ့မိန်းကလေးကွ၊ ဒီလိုနဲ့ ငါနဲ့ဒီမိန်းကလေးလည်း ညားသွားတာပေါ့ကွာ၊ ဟဲ . . .ဟဲ”
“မိုက်တယ်ဗျာ၊ မြွေနဲ့လူနဲ့ညားတာ အခုမှကြားဖူးတယ်ဗျ”
“ညဘက်ကျတော့ သူကလူဖြစ်သွားတယ်ကွ၊ တစ်နေ့လုံးတော့ မြွေအဖြစ်နဲ့ပဲနေတာ၊ ငါတို့အိမ်ခန်းထဲက ကုတင်အောက်မှာခွေနေတာပဲဟေ့၊ ဒါနဲ့သူလူဖြစ်တော့ ငါလည်းမေးကြည့်တယ်ကွ၊ ပြောရရင်တော့ သူကမြွေသိုက်နန်းလိုနေရာကနေလာတာကွ၊ နေ့ခင်းဘက်ဆိုရင် သူကသိုက်နန်းကိုသွားရတယ်၊ အဲဒီအချိန်ဆိုရင်တော့ အခွေလိုက်ကလေးကျန်ခဲ့တာပေါ့ကွာ၊ ညဘက်ရောက်တော့မှ ဒီဘက်ကိုရောက်လာတာကွ၊ သူနွားကျောင်းသားတွေအဖမ်းခံရတုန်းက နေ့ဘက်ကြီး၊ သစ်ခေါင်းတစ်ခုထဲမှာ ခွေနေတုန်း အဖမ်းခံရတယ်ဆိုပါတော့”
“ကျုပ်မသိလို့မေးမယ်နော်၊ မြွေနဲ့ပေါင်းပြီးတော့ သားသမီးတွေဘာတွေမထွန်းကားဘူးလားဗျ”
“ဒါတော့ငါလည်းမပြောတတ်ဘူးကွ၊ အခုထိတော့ သားသမီးဆိုတာမရှိပါဘူးကွ၊ ငါ့မိန်းမကလည်း ငါကဝေဖမ်းတဲ့အခါ ကူညီပါတယ်၊ သူနဲ့ငါ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အမှီအဟဲပြုနေတယ်ဆိုပါတော့ကွာ”
ဘသောင်းက ပြောရင်း သူ့လက်ထဲက မြွေတောင်ဝှေးကိုကြည့်ပြီး
“မိန်းမရေ၊ မင်းမြွေသိုက်နန်းကို ပြန်သွားပြီလား၊ ငါပြောနေတာရော မင်းကြားရရဲ့လား”
ဘသောင်းမေးလိုက်ပေမယ့် မြွေတောင်ဝှေးက တုတ်တုတ်တောင်မလှုှုပ်ဘူးဗျာ။ ဘသောင်းက ပြောရင်းဆိုရင်း အိမ်ထဲကိုဝင်သွားတယ်ဗျ၊ ဘာလိုလိုနဲ့အချိန်က ညနေသုံးနာရီလောက်တောင် ရောက်ခဲ့ပေါ့။ ကျုပ်က ဦးဘသာကြီးကို စောင့်ရမှာမို့လို့ အိမ်ရှေ့အတက်အဆင်းနားမှာ ဆက်ထိုင်နေတာပေါ့၊ ဒီအချိန် ခြံတံခါးပွင့်ထွက်သွားပြီးတော့ ခြံထဲကို လူတွေဝင်လာကြတယ်ဗျ၊ မိန်းမနှစ်ယောက် ယောက်ျားတစ်ယောက်ဗျ။ ကျုပ်လည်း ဒီလူတွေကိုကြည့်လိုက်ရင်း
“ခင်ဗျားတို့ ကိုဘသောင်းကိုလာရှာတာလား”
ဒီလူတွေထဲက ကွမ်းကြီးမြုံ့နေတဲ့ မွန်ပုဆိုးအနီကွက်နဲ့လူကြီးက ခေါင်းခါပြီးတော့
“မဟုတ်ဘူးကွ၊ မင်းဆီကိုလာခဲ့တာ”
အဲဒီလိုပြောပြီး သူကိုင်လာတဲ့ အုန်းဆံကြိုးခွေနဲ့ ကျုပ်ကိုလှမ်းပစ်ပါရောဗျာ၊ အုန်းဆံကြိုးက လေးငါးတောင်လောက်တော့ရှိမယ်ဗျ၊ သူလက်က ထွက်တဲ့အခါ ကြိုးက သူ့အလိုလိုခုန်ပေါက်နေပါရောဗျာ၊ နောက်တော့ ကြိုးက ကျုပ်ပခုံးပေါ်ကိုကျတယ်ဗျ၊ ပခုံးပေါ်ရောက်တယ်ဆိုရင်ပဲ ကြိုးက ကျုပ်ရဲ့လည်ပင်းကို သူ့အလိုလိုခွေပြီးပတ်ပါရောဗျာ။ ကျုပ်လည်း လည်ပင်းအစ်သွားပြီးတော့ အဲဒီကြိုးကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တယ်၊ ကြိုးက တစ်ထပ်ပြီးတစ်ထပ်ပတ်တာ ပြောမနေပါနဲ့ကွာ။
မွန်ကြီးက အားရပါးရရယ်ရင်းနဲ့
“အဲဒါ လူကိုးယောက်တိတိ ဆွဲ(ဇွဲ)ကြိုးချပြီးသေခဲ့တဲ့ ကြိုးကွ၊ အခုမင်းနဲ့ဆိုရင်တော့ ဆယ်ယောက်ပေါ့ကွာ”
သူပြောနေတုန်း ကျုပ်လည်း လည်ပင်းအစ်သွားတာနဲ့ တောင်ဝှေးကိုင်ထားတဲ့လက်နဲ့ ကြိုးကိုကိုင်လိုက်မိတယ်ဗျ၊ တောင်ဝှေးနဲ့ကြိုးနဲ့ထိသွားတဲ့အခါမှာ ကြိုးကချက်ချင်းပြေပြီးတော့ မြေပေါ်ကိုကျသွားတယ်၊ မြေပေါ်ရောက်တဲ့အခါ တီကောင်ကိုဆားနဲ့တို့သလိုကြိုးက မြေပေါ်မှာခုန်နေရှာသဗျာ၊ ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ အဲဒီကြိုးကို တောင်ဝှေးနဲ့ချည်း လှိမ့်လှိမ့်ရိုက်တာပဲဗျာ၊ လေးငါးချက်လောက်ရိုက်ပြီးတဲ့အခါ ကြိုးက မလှုပ်တော့ဘဲ မြေကြီးပေါ်မှာငြိမ်သွားတော့သဗျ၊ မွန်ကြီးက ကျုပ်ကိုမကျေမနပ်နဲ့ကြည့်ရင်း
“မင်း၊ မင်းလုပ်တာ ငါ့ကြိုးသေပြီ၊ ငါ့ဆွဲ(ဇွဲ)ကြိုးလေး သေရှာပြီကွ”
မွန်ကြီးကပြောရင်း အရှေ့ကိုအပြေးလာပါရောဗျာ၊ ဒီအခါ အိမ်ထဲကနေ ဘသောင်းထွက်လာသဗျ၊ ဘသောင်းက ဒီလူတွေကိုမြင်တော့ လက်ထဲက ကြေးပြားကလေးတွေနဲ့လှမ်းပစ်တယ်ဗျ၊ ဒီလူတွေထဲက မိန်းမတစ်ယောက်က ဓါးနှစ်လက်နဲ့အရှေ့ခုန်တက်လာပြီးတော့ ကြေးပြားကလေးတွေကို လေပေါ်မှာပဲ ခုတ်ပိုင်းပစ်လိုက်ပါရောဗျာ၊ ကြေးပြားကလေးတွေက နှစ်ပိုင်းပြတ်ပြီးတော့ မြေပေါ်ကိုပြုတ်ကျတယ်။
ဒီမိန်းမက မြေပေါ်ကျတော့ ဓါးနှစ်လက်ကို သိုင်းကစားပြနေသေးသဗျာ၊ သူ့လက်ထဲမှာတော့ နှစ်တောင်လောက်ရှိမယ့် ဓါးနှစ်လက်ကိုင်ထားတယ်၊ အသားကတော့ ခပ်ဖြူဖြူပဲဗျ၊ အပေါ်က ရှမ်းအင်္ကျီအနက်ကိုဝတ်ထားပြီး အောက်ကလည်း ရှမ်းဘောင်းဘီနဲ့ဗျ၊ ခြေထောက်မှာတော့ စွပ်ဖိနပ်အမဲကိုဝတ်ထားတယ်၊ ဆံပင်အရှည်ကြီးကိုလည်း ဖားလျားချထားသေးသဗျာ။
နောက်တော့ ဘသောင်းကို ဓါးနဲ့လှမ်းညွှန်ပြီး
“ဘသောင်း၊ နင်ငါ့ကိုမှတ်မိသေးလား”
ဘသောင်းက အံ့သြနေတဲ့ပုံစံပဲဗျ။
“ကျုပ်ခင်ဗျားကိုမသိဘူး”
ဒီမိန်းမက တစ်ချက်မဲ့လိုက်ပြီး
“အင်းပေါ့၊ သစ်ခုတ်တဲ့ပုဆိန်က ကိုယ်ခုတ်တဲ့သစ်ပင်ကိုမမှတ်မိဘူးဆိုပေမယ့် သေရာပါအောင်ခံခဲ့ရတဲ့ သစ်ပင်ကတော့ ပုဆိန်ကိုမှတ်မိနေတယ်ဆိုသလိုပေါ့၊ ရှင့််ကြောင့် ကျုပ်ဘဝပျက်ခဲ့ရတာ၊ ရှင်ကျုပ်လင်ကိုသတ်တယ်၊ ပြီးတော့ ကျုပ်လင်ကိုဖမ်းသွားခဲ့တယ်မဟုတ်လား”
“သြော်၊ ငါမှတ်မိပြီ နင့်ယောက်ျားက ရွှေနှင်းဆီရွာက ရှမ်းဆရာ မောင်ချိုမဟုတ်လား၊ နင့်ယောက်ျားမကောင်းတာတွေလုပ်လို့ ငါကအကြောင်းသိအောင်ဆုံးမပေးလိုက်တာ အဲဒါဘာဖြစ်လဲ”
“အခုကျုပ်ပြန်လာပြီ ကျုပ်လင်အတွက် ကျုပ်လက်စားချေဖို့ပြန်လာပြီ၊ ရှမ်းပြည်ကို သုံးနှစ်တိတိပြန်ပြီး စုန်းဓါးမှော်ကို အောင်မြင်ခဲ့ပြီ”
ဘသောင်းက မျက်နှာပျက်နေတယ်ဗျ၊ ကျုပ်လည်း ဘသောင်းကိုကြည့်လိုက်ရင်း
“ကိုဘသောင်း ခင်ဗျားတစ်ခုခုလုပ်လေဗျာ”
“ကဝေရှင်ဆိုတာ ကဝေထောင်ချောက်တွေကို အားကိုးရတာကွ”
“ဒါဖြင့် ခင်ဗျားကဝေထောင်ချောက်တွေထုတ်လေဗျာ”
“ကဝေထောင်ချောက်ဆိုတာက ထောင်ချောက်ဆိုတဲ့နာမည်အတိုင်း မလုပ်ခင်ကတည်းက ကြိုချထားမှရတာကွ၊ ငါလည်း မေ့သွားတာပါကွာ၊ အရင်ကဆို ငါ့ခြံထဲကို စုန်းတွေမဝင်ရဲဘူးကွ၊ စုန်းတွေငါ့ခြံကိုရှာမတွေ့အောင်လို့ အစီအရင်တွေလုပ်ထားတာ၊ မနက်က မင်းတို့ဝင်ခါနီးတုန်းက အစီအရင်တွေကို ပြန်သိမ်းလိုက်မိတာနာတာပဲကွာ”
“ဒါဆို သူတို့ကိုဘယ်လိုလုပ်မလဲဗျာ၊ ခင်ဗျားပဲ စုန်းတွေကိုနိုင်တယ်ဆို”
“တစ်ယောက်တည်းဆိုရင်တော့ ဟုတ်တာပေါ့ကွာ၊ ပြီးတော့ ငါကမနိုင်ရင် ငါ့မိန်းမကိုခေါ်လို့ရသေးတယ်၊ အခုတော့ ခေါ်မရတော့ဘူးမဟုတ်လား”
“ရွှေနှင်းဆီ နန်းဒေဝီတဲ့ဟေ့၊ သေပေတော့”
ကျုပ်တို့ပြောနေတုန်း ရှမ်းမက ဓါးစုံကိုင်ပြီး ဘသောင်းကိုဝင်ခုတ်ပါရောဗျာ၊ ဘသောင်းလည်း အနားက မြွေတောင်ဝှေးကိုကောက်ပြီးတော့ ပြန်ခုခံပါရော။ ရှမ်းမက ဓါးသိုင်းတော့ သိပ်ကျွမ်းတယ်ဗျာ၊ ခုတ်ချက်တွေက မြန်လိုက်တာပြောမနေပါနဲ့၊ ဘသောင်းက ခုခံရင်း မဟန်တော့ဘူးဆိုတာ ကျုပ်သိတယ်၊ ဒါနဲ့ကျုပ်လည်း ရှမ်းမကို တစ်ဖက်ကနေ ဝင်ပြိး တောင်ဝှေးနဲ့ဝင်ရိုက်ရတော့တယ်ဗျာ။
နှစ်ယောက်တစ်ယောက်တောင်မှ ရှမ်းမက အသာကလေးပဲဗျာ၊ ကျုပ်တို့မှာ သူ့ဓါးချက်ကို မနည်းခုခံနေရသဗျ။ ဘသောင်းက တစ်ချီမှာတော့ သူ့အိတ်ထဲကနေ ဖြူဖြူအမှုန့်တွေထုတ်ပြီး ပစ်ထည့်လိုက်တယ်ဗျာ၊ ရှမ်းမမျက်နှာကို ဖြူဖြူအမှုန့်တွေထိသွားတော့ ရှမ်းမက အနောက်ဆုတ်သွားတယ်။
“နင်တို့ဘာလုပ်နေတာလဲ အကုန်လုံးဝင်ကြ၊ အိမ်ပေါ်ကိုတက်ပြီး အိမ်ပေါ်က ကောင်မကိုသတ်ကြ”
မိန်းမသံတစ်သံကြားလိုက်ရတယ်ဗျ၊ ဒီအခါ မွန်ကြီးကလည်း နွားကို နဖားထိုးတဲ့ ကြိုးကြီးတစ်ချောင်းကို လွှဲရမ်းပြီးတော့ အရှေ့ကိုတိုးလာတယ်၊ ကျုပ်တို့တိုက်ခိုက်နေတာကို ရှောင်ပြီးတော့ အိမ်ပေါ်ကိုပြေးတက်ဖို့ကြိုးစားတယ်ဗျ၊ ကျုပ်က ဘသောင်းကိုပစ်ထားခဲ့ပြီး လှေကားဆီကိုပြေးလာလိုက်တယ်။
ဒီလူကြီးက ကျုပ်ကိုကြိုးနဲ့လွှဲရိုက်တာပဲဗျာ၊ ကြိုးသံက ဝှီးခနဲ ဝှီးခနဲပဲဗျ၊ ကျုပ်လည်း သူ့ကြိုးကို တောင်ဝှေးနဲ့ခံလိုက်တယ်၊ ကြိုးက တောင်ဝှေးမှာပတ်သွားသဗျ၊ ဒီလူကြီးက ကြိုးကိုလက်နှစ်ဖက်အားကုန်သုံးပြီးတော့ ဆွဲပါရောဗျာ၊ ကျုပ်လည်း တောင်ဝှေးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပြန်ဆွဲရတယ်။
ဒီအချိန် ပိန်ပိန်ပါးပါးနဲ့မိန်းမတစ်ယောက်က
“မြေလျှိးစုန်းတဲ့ဟေ့”
လို့တစ်ချက်အော်ပြီးတော့ မြေကြီးထဲကို ရေထဲဒိုင်ဗင်ထိုးချသလို ထိုးချလိုက်သဗျာ၊ မြေကြီးထုက သူဝင်သွားတဲ့အခါ ရေတွေလိုပါပဲဗျာ၊ နောက်တော့မြေကြီးတွေက တဗွက်ဗွက်နဲ့ပွက်ရင်း အိမ်အောက်ကိုဝင်ချသွားတယ်ဗျ။ ကျုပ်လည်း ဦးဘသာကို ကာကွယ်ရမှာမို့လို့ လက်ထဲက တောင်ဝှေးကိုစုံလွှတ်လိုက်တော့တယ်၊ တောင်ဝှေးကို မွန်ကြီးကဆွဲနေတာဆိုတော့ ကျုပ်လွှတ်လိုက်တဲ့အခါ တောင်ဝှေးက သူ့ဆီပျံထွက်သွားပြီးတော့ သူ့နဖူးပြောင်ပြောင်ကြီးကို ဒေါင်ခနဲရိုက်မိပါရောဗျာ၊ မွန်ကြီးက အနောက်ကို ခြေဆယ်လှမ်းလောက်လွင့်ထွက်သွားပြီး မြေကြီးပေါ်မှာ စင်းစင်းကြီးလဲကျသွားတော့တယ်၊ ကျုပ်လည်း အိမ်ပေါ်ကိုအမြန်ပြေးတက်လိုက်တာပေါ့။
အိမ်ကြမ်းပြင်က စွပ်ခနဲပေါက်သွားပြီးတော့ခုနက မြေလျှိုးစုန်းမက အိမ်ပေါ်ကိုရောက်လာတယ်ဗျာ၊ ဦးဘသာကြီးကို လက်နဲ့ပုတ်မယ်ဆိုပြီးလုပ်နေတာနဲ့ ကျုပ်က အနားကိုကြည့်လိုက်ပြီး အနားမှာရှိတဲ့ ပုလင်းကွဲတစ်ခုနဲ့လှမ်းပေါက်ထည့်လိုက်ပါရောဗျာ၊ အဲဒီပုလင်းတွေက ခုနက ဘသောင်းရိုက်ခွဲထားတဲ့ပုလင်းတွေဗျ။ စုန်းမက သူ့ဆီပျံလာတဲ့ပုလင်းကွဲကို လက်ညှိုးထိုးထည့်လိုက်တော့ ပုလင်းကွဲက အစိတ်စိတ်အမြွာမြွာဖြစ်ပြီး သဲမှုန်ကလေးတွေလိုဖြစ်သွားတယ်ဗျာ။
ကျုပ်အနားက နံရံကပ်ဘီရိုကလေးတစ်ခုထဲမှာလည်း ပုလင်းတွေစီလို့ဗျ၊ ဒီပုလင်းတွေကတော့ ကဝေပုလင်းမဟုတ်လောက်ဘူးဗျ၊ ကဝေပုလင်းဆိုရင် ဘသောင်းက ရိုက်ခွဲမှာပေါ့ဗျာ၊ ပုလင်းတွေက အရွယ်စုံပဲဗျ၊ စာတွေရေးပြီးပတ်ထားသေးတယ်၊ ကျုပ်က ပုလင်းအညိုကလေးနှစ်လုံးကောက်ပြီး ပစ်ထည့်လိုက်တာပေါ့ဗျာ၊ စုန်းမကလည်း ပုလင်းနှစ်လုံးကို လက်ညှိုးနှစ်ဖက်နဲ့ဘယ်ညာထိုးထည့်လိုက်တော့ ပုလင်းတွေက သဲမှုန့်ဖြစ်သွားပါရော၊ ဒါနဲ့ ကျန်တဲ့ပုလင်းတွေကို တစ်ခုပြီးတစ်ခု ကောက်ကောက်ပေါက်နေမိတယ်ဗျ၊ နှမ်းဆီလို့ရေးထားတဲ့ပုလင်းတွေ၊ မက်လင်ချဉ်၊ ပရုပ်လို့ ရေးထားတဲ့ပုလင်းတွေ အစုံပါပဲဗျာ၊ နောက်တော့ ပုလင်းအဖြူကလေးတစ်လုံးနဲ့ ကောက်ပေါက်ထည့်လိုက်ပါရောဗျာ၊ ဒီပုလင်းက နောက်ဆုံးပုလင်းပဲဗျ၊ စုန်းမက ဒီပုလင်းကိုလည်း သူ့အရှေ့ရောက်တဲ့အခါ ပစ်ခွဲလိုက်ပါရော။
“ဟား၊ ဟား ပစ်အုံးလေ၊ နင့်ပုလင်းကုန်ပြီမဟုတ်လား”
စုန်းမက ပြောရင်း ကျုပ်ကိုလက်ညှိုးနဲ့ဖမ်းထိုးတယ်။
“ပုလင်းတွေအလှည့်ပြီးတော့ ဒီတစ်ခါနင့်အလှည့််၊ နင့်ကိုလည်း ပုလင်းတွေကို အမှုန့်လုပ်ပစ်သလို အမှုန့်ကြိတ်ပစ်မယ်”
ကျုပ်တော်တော်လန့်သွားတယ်ဗျ၊ ကျုပ်က ဘာပညာမှမတတ်တာပဲဗျ၊ စုန်းမက ကျုပ်ကိုလက်ညှိုးထိုးထားရင်း မျက်နှာကြီးကရှုံ့မဲ့လာတယ်ဗျ၊ သူ့လက်ညှိုးကလည်း တွန့်တွန့်သွားပြီးတော့ နောက်လက်တစ်ဖက်နဲ့ ပခုံးတွေကို ကုပ်နေပါရောဗျာ၊ နောက်တော့ မျက်နှာတွေ လည်ပင်းတွေကို လက်နှစ်ဖက်နဲ့ကို အားရပါးရကုပ်ဖဲ့တော့တာပါပဲ။
“ဘာဖြစ်တာလဲ၊ ဘာဖြစ်သွားတာလဲ”
“အောင်မယ်လေး၊ ယားတယ်၊ ယားလိုက်တာ၊ အား . . . အား”
ကျုပ်လည်း ဘာဖြစ်သွားမှန်းကို မသိလိုက်တာပဲဗျာ၊ ဘသောင်းက ရှမ်းမနဲ့တိုက်ခိုက်ရင်း တစ်ချီရောက်တော့ ရှမ်းမခုတ်တဲ့ဓါးကို သူ့ရဲ့မြွေတောင်ဝှေးနဲ့ ကာထည့်လိုက်တော့ မြွေတောင်ဝှေးက မြွေတစ်ကောင်လိုမျိုး ဓါးကိုရစ်ပတ်သွားသဗျာ။ ပြီးတော့ မြွေမျက်လုံးကြီးတွေက စိမ်းစိမ်းဖန့်ဖန့်ဝင်းလက်လာပြီးတော့ မြွေပါးစပ်ထဲကနေ အစိမ်းရောင်အရည်တွေက ရှူးခနဲပန်းထွက်လာသဗျာ၊ အရည်တွေက ရှမ်းမမျက်နှာကိုထိသွားတာနဲ့ ရှမ်းမက ဓါးကိုလွှတ်ချပြီးတော့ မျက်နှာကိုလက်နဲ့ပွတ်တော့တာပဲဗျာ၊ ပွတ်ရင်းပွတ်ရင်း ရှမ်းမရဲ့မျက်နှာအသားတွေက တဖြည်းဖြည်းအရည်ပျော်ကျလာတော့တာပဲဗျာ၊ မြွေကပက်လိုက်တဲ့အဆိပ်တွေက အက်ဆစ်တွေဖြစ်မယ်ဗျ၊ ဘသောင်းက သူဘာဖြစ်သွားမှန်းလည်း သူသိပုံမရဘဲ တောင်ဝှေးကိုပဲငေးကြည့်နေမိတယ်၊ တောင်ဝှေးက ပျော့ပျော့ကြီးကနေ တခါ ပြန်ပြီးတောင့်တင်းသွားပါရောဗျာ။
ဘသောင်းက အိမ်ပေါ်ပြေးတက်လာတော့ မတ်တပ်ရပ်ပြီး ကုပ်ဖဲ့နေတဲ့ စုန်းမကိုတွေ့သွားတယ်။
“ကိုဘသောင်း၊ သူဘာဖြစ်တာလဲမသိဘူးဗျ”
“မင်းဘာလုပ်လိုက်လို့လဲ”
“ဘာမှမလုပ်ပါဘူးဗျာ၊ ဟောဒီဘီရိုကလေးထဲက ပုလင်းတွေနဲ့ကောက်ပေါက်ထည့်လိုက်တာပဲ”
ဘသောင်းက ပြုံးသွားပြီးတော့
“ဟေ၊ ဒါဆိုရင်တော့ စုန်းမက ခွေးလျားသီးမှုန့်စာ မိသွားတာပဲဟေ့၊ ငါဆေးဖော်မယ့် အမယ်တွေကို ဒီထဲထည့်သိမ်းထားတာကွ၊ ခွေးလျားသီးအမှုန့်လည်းပါတယ်”
ကျုပ်လည်း စုန်းမကိုလက်ညှိုးထိုးပြီး ရယ်ပါရောဗျာ။
“လတ်စသတ်တော့ စုန်းမယားနေတာ ခွေးလျားသီးကြောင့််ကိုးဗျ၊ ဟား၊ ဟား”
စုန်းမကတော့ မကျေမချမ်းနဲ့ဗျ။
“နင့်ကိုငါသတ်မယ်ဟေ့ကောင်၊ နင့်ကိုငါသတ်မယ်”
သူက ပါးစပ်နဲ့ပဲပြောနိုင်တာပါဗျာ၊ တကယ်တမ်းကျတော့ ကုတ်နေတာလက်နှစ်တောင်မအားဘူးဗျို့၊ ဘသောင်းက
“ကဲ၊ ကုပ်နေတဲ့ဟာမရေ၊ ဒီအတိုင်းကုပ်နေလို့ရမလား၊ ရေလေးဘာလေးနဲ့ သွားချိုးချလိုက်ပေါ့ဟ”
စုန်းမက ကုပ်နေရင်း
“ရေ၊ ဟုတ်တယ်၊ ရေဆေးရမယ် ရေနဲ့ဆေးရမယ်”
ပြောရင်းဆိုရင်း ကြမ်းပေါက်ထဲကိုခုန်ချသွားပြီးတော့ မြေကြီးထဲဝင်ပြီး ပြေးတော့တာပဲဗျာ၊ ကျုပ်က ကိုဘသောင်းကိုကြည့်ရင်း
“ကိုဘသောင်းရာ စုန်းမကို ဘာဖြစ်လို့အယားပျောက်မယ့်နည်း ပေးလိုက်တာလဲဗျ”
ဘသောင်းက ဟက်ဟက်ပက်ပက်ရယ်ရင်း
“မင်းဘာသိလို့လဲကောင်လေးရ၊ ခွေးလျားသီးဆိုတာ ရေနဲ့ထိရင် ပိုယားတယ်ကွ၊ ဟား၊ ဟား”
သူရယ်တော့မှ ကျုပ်လည်းလိုက်ရယ်မိတယ်ဗျာ။ ကျုပ်တို့ရယ်နေတုန်း မိန်းမတစ်ယောက်က ခြံထဲကိုဝင်လာတယ်၊ လက်ထဲမှာလည်း ကလေးလေးပိုက်လို့ဗျ။
“ဟဲ့ကောင်၊ ထွက်လာခဲ့စမ်း၊ နင်နဲ့ငါနဲ့စာရင်းရှင်းမယ်”
ကျုပ်တို့ထွက်ကြည့်လိုက်တော့ ညကတွေ့ခဲ့တဲ့ မိလှိုင်ဖြစ်နေသဗျ၊ မိလှိုင်လက်ထဲမှာလည်း ကလေးအနှီးထုပ်ကလေးကို ကိုင်လို့ဗျို့။
“ဟာ၊ မိလှိုင်၊ မိလှိုင်ပါလား”
“ကိုဘသောင်း ခင်ဗျားမိလှိုင်ကို နိုင်တယ်မဟုတ်လား”
ဒီအချိန် မိလှိုင်က အနှီးထုပ်ကလေးကို လက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ ကျုပ်တို့ဘက်ကို မျက်နှာပေးလိုက်တယ်၊ နောက်တော့ ကလေးကိုကြည့်ရင်း
“ကဲ သားလေးရေ၊ သားအစွမ်းသိအောင် ဒီကောင်တွေကိုပြလိုက်စမ်းပါအုံးကွာ”
ကလေးလေးက ပါးစပ်ကြီးပြဲထွက်သွားတယ်ဗျာ၊ နောက်တော့ မျက်လုံးတွေက အဝါရောင်ကြီးလင်းလာတယ်၊ ပါးစပ်ထဲမှာလည်း အဝါရောင်တွေလင်းလာပြီးတော့ အလင်းတန်းကြီးတစ်ခုထွက်လာပါရောဗျာ။
“ရှောင်ဟေ့”
ဘသောင်းက ပြောလိုက်ပြီး ကျုပ်ကိုဆောင့်တွန်းထဲ့လိုက်တယ်၊ ကျုပ်တို့က အိမ်အတက်အဆင်းလှေကားမှာရပ်နေတာဆိုတော့ လှေကားပေါ်က ပြုတ်ကျတာပေါ့ဗျာ၊ ဘသောင်းလည်း ပြုတ်ကျတယ်၊ လှေကားက သုံးထစ်ဆိုပေမယ့် နည်းနည်းတော့မြင့်သဗျာ။
အလင်းတန်းကြီးက ကျုပ်တို့ကိုမထိဘဲ အိမ်ကိုဖောက်ဝင်သွားတယ်ဗျာ၊ ကျုပ်တို့ရပ်နေတဲ့နေရာကနေ ဟိုးအိမ်အနောက်ဘက်အထိကို စကောဝိုင်းလောက်ကျယ်တဲ့အပေါက်ကြီးတစ်ခုဖြစ်သွားသဗျ၊ အပေါက်ကြီးကနေလည်း မီးခိုးတွေထွက်နေသေးတယ်။ ထိသာထိလိုက်လို့ကတော့ မတွေးဝံ့စရာပဲဗျာ။
“ဟား၊ ဟား၊ ကဝေသားပိုက် မိလှိုင်ဆိုတာငါပဲ၊ ဒီနေ့က နင်တို့ရဲ့သေမယ့်နေ့ပဲဟေ့”
ကလေးပါးစပ်ကနေ အဝါလုံးကြီးတစ်လုံးထွက်လာသဗျာ၊ ဘသောင်းကလည်း လျှင်လို့ပေါ့ဗျာ၊ ဘေးကိုတစ်ခါတည်း ကျွမ်းထိုးထည့်လိုက်တာဗျ၊ ဝုန်းခနဲအသံကြီးနဲ့အတူ သူခုနက ကျခဲ့တဲ့နေရာမှာ တစ်တောင်လောက်နက်တဲ့ကျင်းကြီးဖြစ်သွားပါရော။ ကျုပ်မိလှိုင်ဘက်ကိုကြည့်လိုက်တဲ့အချိန်မှာ ကျုပ်ဆီကိုလည်း အဝါလုံးကြီးပျံလာသဗျ၊ မြန်လိုက်တာလည်း ပြောမနေပါနဲ့ဗျာ၊ ကျုပ်က ခုနက လှေကားပေါ်က ကျထားတာဆိုတော့ ကုန်းကုန်းကွကွကြီးဗျ။ ကျုပ်ဖြင့် ဒီအလုံးကို ရှောင်နိုင်မယ်မထင်ဘူးဗျာ၊ အလုံးကြီးက ကျုပ်မျက်နှာအနားကပ်လာတဲ့အချိန်မှာ သူ့အလိုလိုရပ်သွားတယ်ဗျ၊ ပြီးတော့ မိုးပေါ်ကိုပျံတက်သွားပြီး ပျောက်သွားပါရော၊ ဒီအချိန် လှေကားဝမှာ ချောချောကလာရပ်တယ်ဗျ။
“ဦး . . .ဦးဘသာ”
ကျုပ်ရေရွတ်လိုက်မိတယ်၊ ဦးဘသာမျက်လုံးက မိုးကြိုးလျှပ်စီးတွေလိုမျိုး တလက်လက်နဲ့ဝင်းလက်နေပါရောဗျာ၊ နောက်တော့ သူ့ပါးစပ်ကိုဟလိုက်ပြီး ဟေး လို့ အသံအကျယ်ကြီးနဲ့အော်ထည့်လိုက်တော့ ပါးစပ်ထဲကနေ အပြာရောင်အလင်းတန်းကြီးတစ်ခုထွက်သွားပါရောဗျာ၊ အပြာရောင်အလင်းတန်းကြီးက မိလှိုင်ကိုထိသွားတယ်ဆိုရင်ပဲ မိလှိုင်က အော်ပြီးငိုတော့တာပဲဗျာ၊ ငိုနေရင်းနဲ့ သူ့မျက်လုံးတွေ၊ ပါးစပ်တွေက အပြာရောင်ကြီးတွေလင်းလာတယ်ဗျ၊ ဟုန်းခနဲတစ်ချက် ပေါက်ကွဲထွက်ပြီးတဲ့အခါ မိလှိုင်ရော သူ့သားရော အစအနပါပျောက်သွားသဗျာ၊ ရေမှုန်ရေမွှားကလေးတွေကို အမှုန်လေးတွေက မိုးပေါ်ကိုပျံတက်နေပါရော၊ ဒီလိုနဲ့ ကဝေသားပိုက်မိလှိုင်တစ်ယောက် ဦးဘသာလက်ချက်မိပြီးတော့ ကြွသွားတာ အမှုန်တောင်မကျန်ခဲ့ပါဘူးဗျာ။
ကျုပ်လည်း တော်တော်လန့်နေမိတယ်၊ ဦးဘသာ မျက်လုံးထဲက အခိုးအငွေ့တွေက ထွက်နေတုန်းပေါ့ဗျာ၊ ကျုပ်ဦးဘသာ ပခုံးကိုသွားပုတ်လိုက်တော့ ဦးဘသာ ကျုပ်ကိုစိန်းစိန်းကြီးကြည့်တယ်ဗျ။ ဦးဘသာကိုကြည့်ရတာ ဦးဘသာမဟုတ်တော့သလိုပါပဲဗျာ၊ ကျုပ်ကိုတွန်းလွတ်လိုက်တော့ ကျုပ်ဖြင့်အနောက်ကိုလွင့်ထွက်သွားတယ်၊ ဦးဘသာကတော့ အိမ်ပေါ်ကနေတစ်လှမ်းချင်းဆင်းလာရင်း
“သွားကြမယ်၊ ဒီကောင့်ကို လက်စားချေရမယ်”
အသံအက်အက်ကွဲကွဲကြီးနဲ့ ပြောရင်း ခြံထဲကနေထွက်သွားပါရော၊ ကျုပ်နဲ့ဘသောင်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။
“ဦးဘသာ ဘာဖြစ်သွားတာလဲဗျ”
“သူအောင်မြင်သွားတာလား၊ မအောင်မြင်တာလားတော့ ငါလည်းမသိဘူးကွ၊ ဘာပဲပြောပြော သူ့အနောက်ကို ငါတို့လိုက်သွားကြစို့”
ဘသောင်းက လွယ်အိတ်လွယ်လိုက်ပြီးတော့ မြွေတောင်ဝှေးလေးကောက်လိုက်တယ်၊ ခြံရှေ့ကိုထွက်လာတော့ ကျုပ်လည်း ကျုပ်ရဲ့တောင်ဝှေးကလေးပြန်ကောက်ပြီးတော့ ခြံထဲကနေ အတူတူထွက်လာခဲ့ကြတော့တာပေါ့ဗျာ။
ဆက်ရန်။