(၁)
ဒီရေတွင်းကြီးအကြောင်းကို ကျုပ်တို့တစ်ခါပြောခဲ့ဖူးပါတယ်၊ ကျုပ်တို့ရွာကနေထွက်လိုက်လို့ အနောက်ဘက်ယွန်းယွန်းမှာ ဒီရေတွင်းကြီးရှိတယ်ဗျ၊ ရွာနဲ့ဆို တစ်ခေါ်ကျော်ကျော်လောက်ဝေးတယ်၊ နှစ်ဖာလုံလောက်ရှိမှာပေါ့ဗျာ၊ အဲဒီရေတွင်းကြီးက ရွာရဲ့ထောင့်စွန်းကနေရှိနေတာဆိုတော့ တော်တော်တော့လှမ်းတယ်လို့ပြောလို့ရတာပေါ့ဗျာ၊ ဒါ့အပြင် ရေတွင်းကြီးဆီကို ဒီအတိုင်းသွားလို့မရဘူးဗျ၊ ရွာကိုကွေ့ပတ်ပြီးစီးဆင်းနေတဲ့ ရိုးချောင်းကလေးကလည်း ရှိနေသေးတာဆိုတော့ ရွာကနေပတ်ပြီး တကူးတကသွားရတဲ့နေရာမျိုးပါ။
အဲဒီရေတွင်းက ဘယ်ခေတ်ကတူးသွားမှန်းတော့မသိဘူးဗျ၊ ကျုပ်တို့ရဲ့ အဘေးကြီးပြောပုံအရဆိုရင်တော့ ဟိုးရှေးခေတ် အင်းဝခေတ်လောက်ကတည်းက ရှိနေတဲ့ရေတွင်းတဲ့ဗျ၊ အရင်ကတော့ အဲဒီရေတွင်းက ရွာဦးမှာရှိတဲ့ သောက်ရေတွင်းတဲ့ဗျာ၊ ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ ရေကလည်း ကောင်းလိုက်တာပြောမနေပါနဲ့ နွေခေါင်ခေါင်ကြီးဆို ရွာထဲက ရေတွင်းတစ်ချို့ ရေခမ်းတတ်ပေမယ့် အဲဒီရေတွင်းက ရေကတော့ မခမ်းဘူးဗျို့၊ ဒါ့အပြင် ကြည်ကလဲကြည်ပြီး အေးကလဲအေးစက်နေတာပဲဗျာ၊
ရှေးခေတ်ကတော့ ကျုပ်တို့ရွာက အဲဒီရေတွင်းအနားမှာ တည်ထားတာပေါ့ဗျာ၊ ရွာနာမည်ကိုလည်း ဖက်လိပ်ရွှာတဲ့ဗျာ၊ ဘာသဘောနဲ့ နာမည်ပေးခဲ့သလဲတော့မသိပါဘူး၊ ဗမာဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ ရွာကြီးတစ်ရွာပေါ့ဗျာ၊ အဲဒီရေတွင်းက ရွာရဲ့ထိပ်ဦးပေါ့၊ ပြီးတော့ အခုရေတွင်းဘေးနားက တောတန်းကြီးဖြစ်နေတဲ့နေရာက တစ်ချိန်တုန်းက အရမ်းစည်ကားတဲ့ ရွာကြီးပေါ့ဗျာ၊ ရေတွင်းကြီးကိုလည်း ပတ်ပတ်လည်ကျောက်ပြားခင်းထားပြီးတော့ အပေါ်မှာလည်း သစ်သားနဲ့လုပ်ထားတဲ့ ပြဿဒ်ကြီးတစ်ခုတင်ထားသေးတယ်တဲ့ဗျ၊ ရေတွင်းရဲ့ ပေါင်နှုတ်ခမ်းမှာ သစ်သားနဲ့နဂါးကြီးနှစ်ကောင်လုပ်ပြီးတော့် အဲဒီမှာ စက်သီးတပ်ပြီး ရေကိုဆွဲတင်တာပေါ့ဗျာ။
အင်္ဂလိပ်ခေတ်ရောက်တော့ ကျုပ်တို့ရွာကို ကျောက်ရောဂါဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာပါရောဗျာ၊ ရွာသားတွေ တစ်ကိုယ်လုံးကျောက်တွေထွက်ပြီးတော့ နောက်တော့အဲဒီကျောက်တွေက မျက်လုံးတွေကနေကန်ထွက်တော့ မျက်လုံးတွေပေါက်ထွက်ပြီး ဖျားနာပြီးသေကြတာပေါ့ဗျာ၊ ကျောက်ရောဂါက ကူးစက်တာလည်းမြန်တယ်ဆိုတော့ ရွာမှာ လူတွေတော်တော်သေလာတာပေါ့ဗျာ၊ ဒါနဲ့ပဲ ရွာကလူတွေတိုင်ပင်ကြတယ်၊ အဲဒီမှာ ဆရာတော်တစ်ယောက်က ကျောက်ရောဂါကင်းအောင်လို့ အစီအရင်တစ်ခုပေးတယ်ဗျ၊ အဲဒါကတော့ လူတွေမကျန်းမာရင် အိပ်ရာနေရာပြောင်းအိပ်သလို ရွာမှာမကျန်းမာကြဘူးဆိုတော့ ရွာရွေ့ကြဖို့ပေါ့ဗျာ၊ ဒါနဲ့ ဆရာတော်ရဲ့အစီအစဉ်နဲ့ ရွာဟောင်းရဲ့အရှေ့ဖက်က သဘာဝအတိုင်း ဇီးပင်တွေပေါက်နေတဲ့ ကုန်းကလေးကို ဆရာတော်က ရွှေ့ပြောင်းစေတာပေါ့ဗျာ၊ ဒါနဲ့ပဲ ဇီးပင်တွေရှိတဲ့ ကုန်းကလေးမှာ ရွာကိုတည်လိုက်တော့ ဇီးကုန်းရွာဆိုပြီး ဖြစ်သွားတော့တာပေါ့ဗျို့။
ဇီးကုန်းမှာ ရွာမတည်ခင် ဆရာတော်က ရေတစ်တန်၊ ကုန်းတစ်တန် တားမှရမယ်လို့ဆိုတယ်ဗျ၊ ဒါနဲ့ ဆရာတော်ရဲ့စီစဉ်မှုနဲ့ပဲ ရွာဟောင်းနဲ့ရွာသစ်ကြားထဲမှာ မြောင်းကြီးတစ်ခုကို ရွာသားတွေလုပ်အားနဲ့ နေ့ချင်းညချင်း တူးကြတော့တာပဲဗျို့၊ အဲဒီမြောင်းက အခုကျုပ်တို့ရွာကို ပတ်ပြီးစီးဆင်းနေတဲ့ ရိုးချောင်းကလေးပေါ့ဗျာ။ မြောင်းတူးပြီးတော့ တောင်ကျချောင်းကလေးနဲ့ ဆက်လိုက်တော့ ရေကဆင်းလာတာပေါ့ဗျာ။ နောက်ပြီး ဆရာတော်က အဲဒီမြောင်းကြီးတူးထားတဲ့ မြေကြီးတွေနဲ့ မြောင်းနဲ့ရွာအသစ်နဲ့ကြားထဲမှာ တာရိုးကြီးတစ်ခုကို ဖို့စေတာပေါ့ဗျာ၊ ရွာမှာရှိတဲ့ ကလေးလူကြီးကအစ အဘိုးအဘွားတွေအဆုံး လုပ်အားပေးကြတော့ တစ်ပတ်မကြာခင်မှာပဲ ဇီးကုန်းကလေးကို ပတ်ထားတဲ့ မြောင်းကြီးရယ်၊ မြေသားတာရိုးမို့မို့ကြီးရယ် ပြီးစီးသွားတာပေါ့၊ အားလုံးပြီးစီးသွားတော့မှ ဆရာတော်က တစ်ရက်ကို ခုနစ်အိမ်နှုန်းနဲ့ ရွာသစ်ကိုပြောင်းစေတာဗျာ၊ သူကလည်း အစီအရင်တွေလုပ်ပေးတာပေါ့၊ ဒီလိုနဲ့ ကိုးရက်မြောက်တော့ ရွာသစ်ကိုပြောင်းတာ အောင်မြင်သွားတော့တာပဲ၊ အိမ်ခြေတစ်ရာကျော်ရှိတဲ့ ရွာမှာ အိမ်ခုနစ်ဆယ်နီးပါးပဲ ပြောင်းရွှေ့လိုက်ရတယ်ဗျာ၊ ကျန်တဲ့အိမ်တွေနဲ့ အိမ်ထောင်စုတွေကတော့ ကျောက်ရောဂါနဲ့ ဆုံးပါးသွားကြတာပါပဲ။
ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ပြောင်းလာပြီးတော့ အဲဒီရွာဟောင်းဘက်မှာ ညဆိုရင် မီးအလင်းရောင်တွေမြင်ရတယ်၊ လူတွေသွားလာနေတဲ့အသံတွေကြားရတယ်တဲ့ဗျာ၊ ဒါ့အပြင် ရေမြောင်းကြီးရဲ့ဘေးနားမှာ လူတွေက ညညဆိုတန်းစီနေတယ်တဲ့၊ ကျုပ်အဘိုးကလည်း သူကြီးဆိုတော့ သူတို့က သူခိုးသူဝှက်တွေလားဆိုပြီးတော့ ထွက်ထွက်ကြည့်တာပေါ့ဗျာ၊ အဲဒီအခါကျတော့ ဟိုဖက်ရေမြောင်းအစပ်မှာ သေဆုံးသွားကြတဲ့ ရွာကလူတွေက တန်းစီနေတယ်တဲ့ဗျာ။
“ငါတို့ကိုလာခွင့်ပေးပါ၊ သူကြီး ငါတို့လည်းလာချင်တယ်”
အဲဒီလိုအော်ဟစ်ပြီး ငိုယိုနေတာဗျာ၊ ငိုသံကြီးတွေဆိုရင် သိပ်ကြောက်စရာကောင်းတာတဲ့။ အဘိုးရဲ့ ယောက္ခမကြီးကလည်း ကျောက်ရောဂါနဲ့ဆုံးသွားတာဗျ၊ သူ့ယောက္ခမကြီးဆိုရင် ကျုပ်အဘိုးသူကြီးကို အော်ဟစ်ဆဲဆိုပြီးတော့ ကြိမ်းလိုက်မောင်းလိုက်တာပဲ၊ အဘိုးတို့လည်း မြေသားတာဘောင်ကြီးပေါ်ကနေပြီး သေနတ်နဲ့သုံးလေးချက်လောက်ပစ်ဖောက်လိုက်ရင် အဲဒီလူတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပဲတဲ့ဗျာ။
အဲဒီအချိန်ကစပြီး ရွာအပြင်အနောက်ဘက်ရိုးချောင်းကို တံတားမထိုးရဲတာ အခုထိပဲပေါ့ဗျာ၊ ရွာကိုချဲ့တော့လည်း အဲဒီရိုးချောင်းနဲ့ တာရိုးကြီးဘက်ကိုမချဲ့တော့ဘဲ အရှေ့ပိုင်းဘက်ကိုပဲ ချဲ့ခဲ့တာပေါ့ဗျာ၊ အခုအချိန်အထိ မိုးကျတော့မယ်ဆိုရင် အဲဒီရိုးချောင်းကို ရွာကလူတွေအကုန်လုံးက ဆယ်ကြတယ်၊ ရိုးချောင်းကထွက်လာတဲ့မြေတွေကို တာရိုးကြီးပေါ်ကိုဖို့ကြတာ ဓလေ့တစ်ခုလိုဖြစ်နေပြီပေါ့ဗျာ၊ အဲဒီတာရိုးကြီးအနားမှာလည်း ဘယ်သူမှမနေရဲဘူးဗျ၊ ကံနိမ့််ရင် ရွာဟောင်းနေရာမှာ ရိုးခနဲ ရိပ်ခနဲ ပရလောကသားတွေကို မြင်တွေ့နေရသေးတာ။
(၂)
ကျုပ်ဒါတွေကို ပြောနေတယ်ဆိုတာက အဲဒီရေတွင်းနေရာကို ခင်ဗျားတို့မြင်အောင်လို့ ပြောပြနေရတာပါ၊ အဲဒီလို တာရိုးကြီးလည်းကာထားပြီးတော့ ရိုးချောင်းကြီးလည်းရှိတယ်ဆိုတော့ ရေတွင်းပျက်ဘက်ကို ရွာကလူတွေ တော်ရုံနဲ့မရောက်ဘူးပေါ့ဗျာ၊ သွားချင်ရင်လည်း လူကြီးတစ်ရပ်လောက်ရှိတဲ့ ရိုးကြီးကို ဖြတ်ရမှာမဟုတ်လား၊ ဒီတော့ ရေခမ်းချိန်၊ နွေရောက်တဲ့အချိန်လောက်မှ ရွာအနောက်ဘက်က ကွင်းတွေကိုသွားတတ်ကြတယ်ဗျ။
အဲဒီရေတွင်းပျက်နဲ့ ရွာဟောင်းနေရာကလည်း မြေကြမ်းလိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ လွတ်လပ်ရေးရပြီးတော့ ဘုန်းကြီးတွေတစ်ချို့ အကျွတ်အလွတ်ပွဲဆိုပြီး ရွာစဉ်လှည့်လုပ်ကြတယ်၊ စစ်ကြောင့်သေထားတဲ့သူတွေ၊ ခုနကလို ကပ်ဆိုးကျထားပြီး သေတဲ့ရွာတွေက မကျွတ်မလွတ်တဲ့လူတွေကို ကျွတ်လွတ်အောင်လို့ ကုသိုလ်ပြုပေးတာပေါ့ဗျာ၊ ဒါနဲ့ မန္တလေးက ဦးဇင်းငါးပါးနဲ့ သူ့ဒကာတွေ ရွာဟောင်းနေရာကို အကျွတ်အလွတ်ပွဲလုပ်မယ်ဆိုပြီး လာကြပါရောဗျာ၊ ညသန်းခေါင်ရောက်တော့ အဲဒီလူတွေကို ခြောက်လွှတ်လိုက်တာ အဲဒီတစ်ဖွဲ့လုံး ညတွင်းချင်းပဲ ပြန်ပြေးပါရောဗျာ၊ သူတို့ကပြောသွားသေးတယ်၊ တကယ်ကြမ်းတဲ့နေရာတွေကို သူတို့ရောက်ဖူးခဲ့ပေမယ့် ဒီနေရာလောက် မကြမ်းဘူးတဲ့ဗျာ။
ဖက်လိပ်ရွာပျက်သွားတဲ့ တောတန်းကလေးကိုတော့ ဖက်လိပ်တောလို့ခေါ်တယ်ဗျ၊ အဲဒီရေတွင်းပျက်နဲ့ ဖက်လိပ်တောဆိုရင် ရွာက သတ္တိကောင်းပါတယ်ဆိုတဲ့လူတောင် တစ်ယောက်တည်းသွားဖို့ လက်တွန့််နေကြတာဗျာ၊ ကြုံတုန်း အဲဒီရေတွင်းက အခြောက်အလှန့်အကြောင်းတွေ ပြောပြရအုံးမယ်ဗျ၊ ခင်ဗျားတို့လဲ နားထောင်ပြီး ကြောက်ကြပေါ့ဗျာ။
ကျုပ်တို့အဖေနဲ့ ငယ်သူချင်းတစ်ယောက်ရှိတယ်ဗျ၊ သူ့နာမည်က ပေတိုးပဲထားပါတော့ဗျာ၊ အဖေတို့ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ စာလိုက်ရတယ်၊ ပေတိုးလည်း ပါတာပေါ့ဗျာ၊ ဒါပေမယ့် ပေတိုးက စာမလိုက်နိုင်ဘူးတဲ့ဗျ၊ သူ့အမေတွေကလည်း မကောင်းကျောင်းပို့ဆိုသလို ဘုန်းကြီးကျောင်းကိုပို့ထားတာမို့လို့ ကျုပ်တို့နဲ့အတူတူစာလိုက်တယ်ဆိုပေမယ့် သူက စာသိပ်မရဘူးပေါ့၊ ခုခေတ်စကားနဲ့ပြောရင် ထမင်းသိုးဟင်းသိုးလို့ သဘောထားပြီး ဘုန်းကြီးက သူ့ကိုလွှတ်ထားတယ်ဆိုပါတော့ဗျာ။
ပေတိုးက စာတော့မရပေမယ့်၊ ငါးဖမ်းတာတော့ တော်တော်ကျွမ်းကျင်တယ်ဆိုပဲဗျာ။ လူကြီးတွေနဲ့ ပြိုင်ပြီးဖမ်းနိုင်တာဗျ၊ မကောင်းတဲ့နေရာမှာ ပါရမီပါတယ်လို့ပြောရမှာပေါ့၊ ဒီလိုနဲ့ တစ်နှစ်တော့ သီတင်းကျွတ်ခါနီးအချိန်မှာ ပေတိုးက ကျုပ်အဖေတို့ ဘုန်းကြီးကျောင်းသားတွေကို အဖော်စပ်တယ်တဲ့ဗျ။
“ဟေ့ကောင်တွေ၊ ရွာအနောက်ဘက်က ရိုးချောင်းထဲမှာ ရေတွေခမ်းတော့မယ်ကွ၊ ရေက နည်းပြီး နုံးကများနေပြီဟေ့၊ ရိုးချောင်းကိုပိတ်ပြီးတော့ အိုင်ပက်လိုက်ရင် ငါတို့ငါးတွေ တော်တော်ရမှာကွ”
ကလေးတွေဆိုတော့ ငါးဖမ်းချင်ကြတာပေါ့ဗျာ၊ အဖေပြောသလောက်ဆိုရင် ပေတိုးက အသက်ဆယ့်သုံးနှစ်တဲ့ဗျ၊ အဖေတို့က ပေတိုးထက်ငယ်တယ်၊ အသက် ဆယ့်တစ်နှစ်လောက်အရွယ်ပေါ့ဗျာ”
“ဟာ၊ ငါမလိုက်ဘူးကွ၊ ရွာအနောက်က ရိုးချောင်းအနားကို ငါ့အမေက မသွားဖို့မှာထားတယ်”
“ဟား၊ ဟား မင်းတို့က ငကြောက်တွေပဲကွ၊ ဘာလဲမင်းတို့ကို သရဲကိုက်မှာကြောက်နေတာလားကွ၊ ငါပြောမယ် မင်းတို့သေသေချာချာမှတ် နွားကျောင်းသားတို့ ဘုန်းကြီးကျောင်းသားတို့ဆိုတာ သရဲကတောင် ပြန်ကြောက်ရတယ်ကွ”
အဖွဲ့ထဲမှာ အကြီးဆုံးပေတိုးကပြောတယ်ဆိုတော့ တစ်ဖွဲ့လုံးက ယုံသွားတာပေါ့ဗျာ။
“ဟုတ်ရဲ့လား ကိုပေတိုးရ ကျုပ်ကိုသရဲတွေက ဖမ်းပြီး ဂုတ်ချိုးနေပါအုံးမယ်”
“မင်းတို့ကွာ ဆရာတော်ပြောတာ ကြားဖူးတယ်မဟုတ်လား၊ သမ္ဗုဒ္ဓေဂါထာက သရဲနိုင်တယ်ဆိုတာလေ မင်းတို့ရတယ်မဟုတ်လား”
“ရတာပေါ့ ကိုပေတိုးရ”
“ဒါဆိုလည်းကြောက်မနေစမ်းပါနဲ့ကွာ၊ ညနေကျောင်းဆင်းရင် အနောက်ချောင်းထဲသွားပြီး အိုင်သွားပက်မယ်ကွာ၊ ငါးရရင် ငါတို့ကင်စားကြမယ် ကောင်းပြီလား”
ပေတိုးကို ဆရာတင်ပြီးတော့ ဘုန်းကြီးကျောင်းသားတစ်သိုက် ကျောင်းကဆင်းလာခဲ့တယ်၊ ညနေသုံးနာရီလောက် ရှိပြီပေါ့ဗျာ၊ ပေတိုးက ဦးဆောင်ပြီး ချောင်းထဲဆင်းသွားပြီးတော့ ချောင်းနှှုတ်ခမ်းက ရွံ့တွေနဲ့ ချောင်းထဲက ရေများတဲ့နေရာကို တာပေါင်ပိတ်လိုက်တယ်ဗျ၊ နောက်တော့ ရေပုံးစုတ်တွေ၊ ခွက်တွေနဲ့ ဘုန်းကြီးကျောင်းသားလေးတွေ ရေတွေခပ်ထုတ်ပြီး ငါးပက်ကြတာပေါ့ဗျာ။ ကလေးတွေဆိုတော့လည်း ပျော်နေတာပေါ့၊ ငါးပက်ရင်း နေဝင်ချိန်ရောက်သွားတာကိုတောင် သိပ်သတိမထားမိဘူးလေ၊ ငါးကလည်း ပေတိုးပြောသလို အများကြီးရတာဗျာ၊ ရေကုန်တော့မယ်ဆိုတော့ သောင်တင်နေတဲ့ငါးကြီးတွေပေါ့ဗျာ။
ငါးတွေကို သံပုံးစုတ်ထဲကိုထည့်ပြီးတော့ လူတစ်ရပ်လောက်မြင့်တဲ့ တာပေါင်ကြီးအပေါ်ကို တက်ကြတယ်၊ တာပေါင်ကြီးအပေါ်မှာ ထင်းခြောက်တွေကောက်ပြီး မီးမွှေးပြီးတော့ ငါးတွေကို တုတ်နဲ့ထိုးပြီး ကင်စားကြတာတဲ့ဗျာ၊ ကလေးတွေဆိုတော့လည်း ပျော်နေကြတာပေါ့။ ငါးကလည်း အခုဖမ်း၊ အခုကင်ဆိုတော့ သိပ်ချိုတာတဲ့ဗျာ။ သူတို့စားနေတုန်း ငါးပက်ထားတဲ့နေရာမှာ ရွံ့တွေထဲမှာရုန်းနေတာကို ပေတိုးကတွေ့လိုက်တယ်၊ ငါးကတော့ အတော်ကြီးမယ့်ပုံပဲဆိုပြီးတော့ ချောင်းရိုးထဲကိုဆင်းသွားတယ်ဗျာ၊ နေဝင်ရီတရော ညီအကိုမသိတသိအချိန်ဆိုတော့ ပတ်ဝန်းကျင်ကိုအမှောင်ဖုံးနေပြီပေါ့ဗျာ၊ ပေတိုးက ချောင်းထဲဆင်းပြီး ရွံ့ထဲသွားနှိုက်တော့ ရွံ့ထဲကနေ တစ်တောင်လောက်ရှိတဲ့ ငါးကြီးလိုအကောင်ကြီးကို ဖမ်းမိတယ်တဲ့ဗျာ၊ ဒါပေမယ့် သေသေချာချာကြည့်လိုက်တော့ ငါးကြီးမဟုတ်ဘူး လူလတ်ပြတ်ကြီးဖြစ်နေတာတဲ့၊ လက်ပြတ်ကြီးက ငါးကြီးကိုခုန်နေတာတဲ့လေ။
“ကိုပေတိုး ပြန်တက်လာခဲ့”
ပေတိုးက ရွံ့ထဲကနေတက်ဖို့လုပ်ပေမယ့် ခြေထောက်တွေက မကြွတော့ဘူးတဲ့ဗျာ။
“ဟေ့၊ ငါ့ကိုကယ်ပါအုံး။ ငါ့ကိုကယ်ကြပါအုံး”
ဒီအချိန်မှာပဲ ချောင်းရိုးတစ်ဘက်မှာ လူကြီးတွေပေါ်လာတယ်၊ လူကြီးလေးယောက်ရှိပြီး သူတို့မျက်လုံးတွေက အပြာရောင်ကြီးတွေလင်းနေတယ်တဲ့၊ အဖေတို့လည်း ကြောက်ပြီး ရွာထဲကိုပြန်လှည့်ပြေးလာကြတာပေါ့ဗျာ၊ ရွာကလူကြီးတွေကို အကျိုးအကြောင်းပြောပြတော့ လူကြီးတွေက အုပ်စုဖွဲ့ပြီးလိုက်လာကြတာပေါ့၊ ချောင်းရိုးထဲလည်းရောက်ရော ပေတိုးကိုမတွေ့တော့ဘူးတဲ့၊ ဒါပေမယ့် ချောင်းထဲက တက်သွားတဲ့ ရွံ့ခြေရာတွေအတိုင်းလိုက်ခဲ့ကြတာပေါ့ဗျာ၊ နောက်တော့ရေတွင်းပျက်ထဲကို ခြေရာတွေက ဦးတည်သွားပါရော၊ ရွာက သတ္တိရှိတဲ့သူတွေ ရေတွင်းပျက်ထဲကို ဆင်းငုတ်တော့မှ ပေတိုးအလောင်းကို ပြန်ရတော့တာပဲတဲ့ဗျို့။
(၃)
နောက်တစ်ခုကျတော့ ကျုပ်တို့အဖေ လူပျိုပေါက်လောက်ပေါ့ဗျာ၊ ချင်းတောင်တန်းကနေဆင်းလာပြီး ရွာမှာလာအခြေချတဲ့ ချင်းမိသားစုတစ်စုရှိတယ်တဲ့၊ သူတို့က ဘာသာခြားတွေလည်းဖြစ်တယ်၊ နောက်ပြီး သရဲဆိုလည်း မယုံကြည်ကြဘူးတဲ့ဗျာ၊ ချင်းမိသားစုဆီမှာ အသက်သုံးဆယ်လောက်ရှိတဲ့ လူပျိုကြီးတစ်ယောက်လည်းရှိတယ်ဗျ၊ ထောင်ထောင်မောင်းမောင်း သန်သန်မာမာနဲ့ဆိုပဲဗျ၊ အကြောက်အလန့်ကလည်း လုံးဝမရှိဘူး၊ သိပ်မကြာသေးခင်ကမှ ချင်းသေနတ်ကိုင်တပ်ရင်းကနေ ထွက်လာတာတဲ့။ ရွာရောက်တော့ ရွာကကိစ္စတွေကို ကူညီပေးရင်း ကာလသားတွေနဲ့ ခင်မင်သွားကြတာပေါ့ဗျာ။ ရွာမှာ ချင်းက သူတို့ဘဲရှိတာဆိုတော့ အဲဒီအကိုကြီးကိုလည်း ချင်းကြီးလို့ပဲ အလွယ်နာမည်ပေးလိုက်ကြတာပေါ့။
တစ်ညတော့ သရဲအကြောင်းတွေပြောကြရင်း ဖက်လိပ်တောနဲ့ ရေတွင်းပျက်အကြောင်းပြောတာပေါ့၊ ဒါပေမယ့် အဲဒီချင်းကြီးက မယုံပါဘူးဗျာ၊ ကာလသားတွေပြောသမျှ သရဲအကြောင်းတွေကို သူကနားထောင်ပြီး ရယ်မောနေသေးတာ။
“မင်းတို့ဗမာတွေက ကြောက်တတ်တာပါကွာ၊ သရဲဆိုတာ မရှိပါဘူးကွ၊ ငါဆိုရင် အရင်ကရှေ့တန်းမှာ လူသေအလောင်းတွေကြားထဲ သုံးလေးရက်လောက် ညအိပ်ပြိး တိုက်ခဲ့ရတဲ့ကောင်ပါကွ”
ဒါနဲ့ပဲ ကာလသားတွေနဲ့ အငြင်းအခုန်တွေဖြစ်ကုန်ရောတဲ့ဗျို့၊ နောက်တော့ ထုံးစံအတိုင်း စိန်ခေါ်ကြတာပေါ့ဗျာ၊ ချင်းကြီးက ညသန်းခေါင်မှာ အဲဒီရွာဟောင်းကို သုံးပတ်ပတ်ရမယ်၊ ပြီးရင် ရေတွင်းပျက်မှာ ထုံးနဲ့ စာတစ်လုံးရေးရမယ်လို့ပေါ့၊ ထုံးကို သရဲတွေကြောက်တယ်လို့ အယူရှိတယ်မဟုတ်လား၊ တကယ်လို့သာ ချင်းကြီးလုပ်နိုင်မယ်ဆိုရင် ကာလသားတွေစုပြီးတော့ ငွေတစ်ရာပေးမယ်၊ မလုပ်နိုင်ဘဲ ပြန်ပြေးခဲ့တယ်ဆိုရင်တော့ သရဲဆိုတာကို လက်ခံရမယ်လို့ပေါ့ဗျာ။ ချင်းကြီးကလည်း ခေါင်းညိတ်တယ်တဲ့၊ အဲဒီခေတ်က ငွေတစ်ရာဆိုတာ သိပ်တန်ဖိုးရှိတာဗျ၊ ခုခေတ် လေးငါးသိန်းလောက်နီးပါး ရှိတာပေါ့ဗျာ။
သူတို့စကားပြောပြီးတော့ ညရှစ်နာရီလောက်ရှိနေပြီဗျ၊ ချင်းကြီးက ရဲဆေးတင်တဲ့အနေနဲ့ ဘီအီးအရက်ကို ပုလင်းလိုက်ထောင်သောက်ပြီး ညသန်းခေါင်မရောက်ခင် ရွာအနောက်ဘက်ကို အုပ်လိုက်ကြီးထွက်လာခဲ့ကြတယ်၊ အချိန်က တပေါင်းလဆိုတော့ ရိုးချောင်းက ရေခမ်းနေပြီလေ၊ ဒါနဲ့ ရွာက ကာလသားတွေက မြေသားတာရိုးကြီးပေါ်မှာနေခဲ့ကြတယ်၊ ချင်းကြီးကတော့ မီးတုတ်တစ်ချောင်းကိုင်ပြီး လက်တစ်ဖက်က ဝါးရင်းတုတ်ကြီးကိုင်ထားတယ်၊ အရက်ပုလင်းကို ခါးကြားထိုးပြီး ရိုးချောင်းကိုဖြတ်သွားတာတဲ့ဗျာ၊ မျက်တောင်တစ်ချက်တောင်မခတ်ဘူးတဲ့၊ ချင်းကြီးရဲ့ မီးတုတ်အလင်းရောင်ကို သူတို့လှမ်းမြင်နေရတယ်၊ နောက်တော့ ဖက်လိပ်တောဘက်ရောက်သွားတော့မှ မျက်ခြည်ပြတ်သွားတယ်ဆိုပဲဗျာ။
ကာလသားတွေက စောင့်ရင်း စောင့်ရင်းနဲ့ ချင်းကြီးက နာရီဝက်နဲ့လည်း ပြန်မလာ၊ တစ်နာရီနဲ့လည်း ပြန်မလာဘူးတဲ့၊ ကာလသားတွေလည်း လိုက်သွားချင်ပေမယ့် ဘယ်သူ့ကိုမှ အဖော်စပ်လို့မရဘူးတဲ့ဗျာ၊ ရွာခံတွေဆိုတော့ ရွာဟောင်းကို သိနေကြတယ်မဟုတ်လား၊ ဒါနဲ့မကြာခင် ရွာဦးကျောင်းက အုန်းမောင်းခေါက်တော့မှ ဆရာတော်ကိုပြေးခေါ်ပြီး အကျိုးအကြောင်းပြောလိုက်ရတယ်၊ ဆရာတော်နဲ့ ကပ္ပိယကြီးက ဦးဆောင်ပြီးတော့ ကာလသားတစ်သိုက် ရေတွင်းပျက်အနားကို လျှောက်လာခဲ့ကြတယ်၊ ဖက်လိပ်တောတန်းထဲကို တိုးပြီး ရှာဖွေပေမယ့် ချင်းကြီးရဲ့ အရိပ်အယောင်ကိုမတွေ့ရဘူးတဲ့၊ ဒါနဲ့ ရေတွင်းပျက်အနားကိုသွားလိုက်တော့ ရေတွင်းပျက်ရဲ့ အုတ်ဘောင်မှာ ထုံးနဲ့ သရဲရှိသည်လို့ ရေးထားတဲ့ စာကိုတွေ့ရတယ်တဲ့ဗျာ၊ ချင်းကြီးရေးသွားတာဖြစ်မှာပေါ့၊ ဒါပေမယ့် ရွာက လူတွေ ဘယ်လောက်ရှာရှာချင်းကြီးကို မတွေ့ခဲ့ကြပါဘူးဗျာ၊ ရေတွင်းထဲလည်းဆင်းရှာကြတာပါပဲ။
ဒီလိုနဲ့တစ်လလောက်ကြာတော့ ချင်းကြီးကို ရွာအနီးတစ်ဝိုက်မှာ ရိုးတိုးရိပ်တိတ်မြင်တွေ့ကြရတယ်တဲ့ဗျာ၊ တစ်ရက်တော့ ကာလသားခေါင်းနဲ့ရွာပြင်မှာတွေ့တယ်တဲ့ဗျာ၊ ကာလသားခေါင်းကလည်း တန်းမြင့်ရွာကို ကိစ္စရှိလို့သွားတာ ရွာကိုဝင်တော့ မှောင်နေပြီတဲ့၊ ချင်းကြီးက ဘာမှတော့မခြောက်လှန့််ပါဘူးတဲ့ ဒါပေမယ့် သူပြောတာက သူက ရေတွင်းအောက်မှာ နေနေရတယ်တဲ့ဗျာ၊ သူ့ကို သူ့ထက်ကြီးတဲ့လူတွေက ခိုင်းစားကြတယ်တဲ့၊ သူ့ကိုယ်စားလူရောက်လာမှ သူသွားလို့ရမှာတဲ့ဗျာ။
ချင်းမိသားစုလည်း အခုတော့ ရွာမှာမရှိတော့ပါဘူး၊ ဒါပေမယ့် အဲဒီရေတွင်းပျက်နဲ့ပတ်သက်လာရင် ချင်းကြီးအကြောင်းက မပါမဖြစ်ပဲဗျ။ ဒီလိုနဲ့ ရွာကလူတွေက ရေတွင်းပျက်ကြီးကိုရှောင်ဖယ်ထားကြတာပေါ့ဗျာ။ ဒါပေမယ့်လည်း သုံးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါလောက်တော့ ရေတွင်းပျက်နားမှာ အကြောင်းအမျိုးမျိုးနဲ့ သေတတ်ကြတာပါပဲ၊ လူစားလဲတယ်ဆိုတာမျိုးနေမှာပေါ့ဗျာ။
(၄)
နောက်ပိုင်းပိုဆိုးသွားတာက အဲဒီရေတွင်းပျက်နားမှာ ကျုပ်တို့ရွာကလူတွေက သားသတ်ကုန်းအဖြစ်နဲ့ အကောင်တွေသတ်ကြတာပါပဲဗျာ၊ အလှူအတန်းရှိတယ်ဆိုရင် ဝက်တွေကြက်တွေကို သတ်တဲ့နေရာပေါ့ဗျာ၊ အသားတွေစားချင်လာပြီဆိုရင် နွားတွေကိုခိုးပြီး ပေါ်ကြတဲ့နေရာပေါ့၊ အဲဒီနေရာကို ရွေးလိုက်တယ်ဆိုတာက အကြောင်းရှိတယ်ဗျ။ ရွာထဲမှာ နွားတွေ၊ ဝက်တွေပေါ်ရင် သူတို့အော်သံတွေက အနိဌာရုံဖြစ်တယ်ပေါ့ဗျာ၊ နောက်တစ်ခုက နွားတွေ ဝက်တွေပေါ်ပြီးတော့ အသားဖျက်တဲ့အခါ ရေလိုတယ်ဗျ၊ အဲဒီအခါကျရင် ရေတွင်းပျက်က ရေမခမ်းဘူးဆိုတော့ ရေကိုဖောဖောသီသီ သုံးရတာပေါ့ဗျာ၊ ဒါပေမယ့် အသားပေါ်မယ့်လူတွေက နေ့လည်နေ့ခင်းမှာပဲ ပေါ်ကြတယ်၊ ရေတွင်းပျက်ကြီးက ကြောက်ဖို့ကောင်းတယ်မဟုတ်လားဗျာ။ ပေါ်ပြီးရင်လည်း ပေါ်ထားတဲ့အသားရယ်၊ အစိတ်အပိုင်း အရိုးအရင်းတွေရယ်ကို ရေတွင်းပျက်ကြီးနားမှာ ဖက်ခင်းပြီးထားခဲ့ရတယ်ဗျ။ အဲဒီလိုမလုပ်ရင် နွားပေါ်တဲ့လူတွေ ဒုက္ခတွေ့တတ်တယ်လို့ အယူအဆရှိတယ်။
ထုံးစံအတိုင်း ကျုပ်တို့ဆီမှာ ပဲပေါ်ပြီ၊ စပါးပေါ်ပြီဆိုရင် အလှူလုပ်တတ်ကြတာ ထုံးစံပဲဗျ၊ အခုခေတ်တော့ အတွေ့ရနည်းပေမယ့်် ကျုပ်တို့ငယ်ငယ်ကတော့ အလှူတွေဆက်နေကြတာဗျာ၊ အဲဒီခေတ်ကလည်း အခုခေတ်လို ဆိုင်ကယ်ဘယ်နှစီးရှိတာ၊ ကားဘယ်နှစ်စီးရှိတယ်ဆိုတာ ပြိုင်တဲ့ခေတ်မဟုတ်ဘူးဗျို့၊ သူကဘယ်လောက်လှူနိုင်တာ၊ ငါကဘယ်လိုလှူနိုင်တယ်ဆိုပြီးတော့ ပြိုင်ကြတဲ့ခေတ်ပေါ့ဗျာ၊ ကျုပ်တို့ကောင်တွေကလည်း စားရသောက်ရတာဆိုတော့ အလှူရှင်တွေကို အချင်းချင်းရန်တိုက်ပေးကြတာဗျာ၊ သူကတော့ ဘယ်လိုလုပ်တာ အားကျမခံ ဦးလေးလည်း ဘယ်လိုလှူပါပေါ့ဗျာ၊ ဒီလိုနဲ့ အပြိုင်အဆိုင်လှူကြတန်းကြတာပေါ့၊ တစ်ချို့ဆိုအလှူလုပ်ရင်း အကြွေးပါတင်တယ်ဗျာ။
အလှူကိုလည်း ကျုပ်တို့အရပ်မှာ သုံးမျိုးခွဲထားတယ်ဗျ၊ အလှူပိန်ရယ်၊ အလှူလတ်လို့ခေါ်တဲ့ ရိုးရိုးအလှူရယ်၊ နောက်ပြီးအလှူကြီးရယ်ပေါ့ဗျာ။ အလှူပိန်တွေက အိမ်မှာလုပ်လေ့မရှိပါဘူး၊ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီး နေ့တစ်ပိုင်းလောက် ကျောင်းကိုလာတဲ့သူတွေကို ကျွေးတာမျိုးပါ၊ အလှူပိန်တွေက များသောအားဖြင့် ထမင်းကျွေးလေ့မရှိဘူးဗျ၊ မုန့််ဟင်းခါးတို့၊ ခေါက်ဆွဲတို့ ကျွေးကြတာပါ၊ အလှူလတ်ကတော့ အိမ်မှာ မဏ္ဍပ်ထိုးပြီး တစ်ရက်လုံး ဒါမှမဟုတ်ရင်လည်း သုံးရက်လောက် အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေကို ကျွေးတဲ့အလှူပေါ့ဗျာ၊ အလှူကြီးဆိုတာကတော့ ရွာလယ်လမ်းမှာ မဏ္ဍပ်ကြီးခွထိုးပြီးတော့ ခုနစ်ရက်ခုနစ်လီ တစ်ရွာလုံးကို မီးခိုးတိတ်ကျွေးတဲ့အလှူပေါ့ဗျာ။ အလှူကြီးတောင်မှ ပိုက်ဆံအနည်းအများအပေါ်မူတည်ပြီး ဟင်းကွာတတ်သေးတယ်၊ ပုံမှန်ဆိုရင်တော့ အချဉ်သုပ်၊ ဟင်းချို၊ နောက်ပြီး အငံကြော် တစ်မျိုးမျိုးပေါ့ဗျာ၊ ပိုက်ဆံရှိတဲ့လူတွေကျတော့ ကြက်သား၊ ဝက်သားတွေ ကျွေးတာပေါ့။
အဲဒီနှစ်တော့ ရွာမှာ အလှူကြီးဖြစ်တယ်ဗျ၊ ရွာမှာ ပိုက်ဆံတော်တော်ရှိတဲ့လူတွေ အလှူလုပ်တာပါ၊ သူတို့အိမ်က ယောက်ျားတွေကို ရဟန်းခံရှင်ပြုပေးတဲ့ မင်္ဂလာအလှူပေါ့ဗျာ၊ ပိုက်ဆံရှိတဲ့သူတွေဆိုတော့ ဝက်သားနဲ့သုံးရက်၊ ကြက်သားနဲ့ သုံးရက်ကျွေးမယ်တဲ့ဗျာ၊ ဝက်သားကိုအာလူးနဲ့ရောချက်မယ်၊ ကြက်သားကို ဘူးသီးနဲ့ရောမယ်ပေါ့၊ ဝက်သားချက်ရမယ်ဆိုတော့ ဝက်တွေလိုလာပြီလေဗျာ၊ အဲဒီခေတ်က ဝက်သားဆိုတာကလည်း လိုသလောက်ဝယ်လို့မရတော့ အလှူရှင်က ပိုက်ဆံထုတ်ပေးပြီဆိုတာနဲ့ ကျုပ်တို့ကာလသားတွေက အနီးအနားရွာတွေက ဝက်မွေးတဲ့သူတွေဆီက ဝက်တွေဝယ်ရတယ်၊ အလှူမတိုင်ခင် ကြိုပြီး ပေါ်ပေးရတယ်ပေါ့ဗျာ။
ဒီလိုနဲ့ အလှူမှာကျွေးဖို့အတွက် ဝက်တွေထဲကမှ ဝက်သုံးကောင်ကို ကြိုးနဲ့ဝက်တုပ်တုပ်ပြီးတော့ လှည်းပေါ်တင်ပြီး ရွာအပြင်ကိုထွက်ခဲ့တာပေါ့ဗျာ၊ ရွာအနောက်ရိုးချောင်းနားမှာ လမ်းမရှိဘူးဆိုတော့ ရေတွင်းပျက်နားကိုရောက်ဖို့ ရွာကိုပတ်ပြီးသွားရတာဗျ၊ ကျုပ်တို့နဲ့အတူတူ မိန်းကလေးသုံးလေးယောက်လည်း ပါလာခဲ့ကြတယ်၊ ကျုပ်ညီမ နို့ညှာညီမလည်း ပါလာခဲ့တာပေါ့ဗျာ၊ ဝက်တွေကို ထိုးခုတ်နေတုန်းမှာပဲ မိန်းကလေးသုံးယောက်က ရယ်ရယ်မောမောနဲ့ ဖက်လိပ်တောထဲကို ဝင်သွားကြတယ်ဗျ၊ အဲဒီအချိန်က တောစံပယ်လေးတွေ ပွင့်တဲ့အချိန်ပေါ့ဗျာ၊ တောထဲက စံပယ်ပင်ရိုင်းတွေဆီမှာ သူတို့တွေသွားခူးကြတာပေါ့၊ ညနေသုံးနာရီလောက်ကျတော့ အားလုံးပြီးစီးသွားပြီးတော့ အကုန်ပြန်လာခဲ့တာပေါ့ဗျာ၊
ကျုပ်တို့ဝက်ပေါ်တဲ့အဖွဲ့တွေက အချက်အပြုတ်မကူညီရဘူးဆိုတော့ ညနေအိမ်ကိုပြန်လာခဲ့တာပေါ့၊ ညီမကတော့ ရေမိုးချိုးပြီးတော့ စံပယ်ပန်းကလေးတွေကို ကုံးပြီးခေါင်းမှာပန်ထားတယ်၊ အလှူရှိတယ်ဆိုရင် ရွာက ကာလသမီးတွေက ကူညီပေးရတယ်ဆိုတော့ အလှူအိမ်ကိုသူကထွက်သွားတာပေါ့ဗျာ၊ မိန်းကလေးတွေက ကြက်သွန်လှီးတာ၊ ငရုတ်သီးထောင်းတာ လုပ်ရတယ်မဟုတ်လား။
ကျုပ်လည်း ရေမိုးချိုးပြီးတော့ အဝတ်လေးလျှော်နေတုန်းရှိသေးတယ်၊ ကာလသားတွေက ကျုပ်တို့အိမ်ကိုပြေးလာကြတယ်၊
“ဟေ့၊ သူကြိးရှိလား”
“မရှိဘူးဗျ၊ အလှူအိမ်မှာမရှိရင်တော့ တစ်အိမ်အိမ်မှာ စကားပြောနေတယ်ထင်တယ်”
“ဒါဆိုမင်းလိုက်ခဲ့ကွာ၊ မင်းညီမက အလှူအိမ်မှာ ဘာဖြစ်မှန်းမသိဘူးကွ”
ကျုပ်ဖြင့််လန့်သွားတာပဲဗျာ၊ ဒါနဲ့ ရေလဲပုဆိုးကြီးနဲ့ပဲ ကျုပ်လည်းအလှူအိမ်ကို အပြေးလိုက်ခဲ့ရတာပေါ့၊ အလှူအိမ်ရောက်တော့ ညီမကိုလူတွေက ဝိုင်းအုံကြည့်နေကြတယ်၊ ညီမကတော့ ရှိုက်ကြီးတငင် ငိုနေတယ်။
“ဟဲ့အလတ်မ ဘာဖြစ်တာလဲ”
ကျုပ်ပုခုံးပုတ်လိုက်တော့ သူက ကျုပ်လက်ကိုပုတ်ချလိုက်တယ်ဗျ၊ သူ့လက်တွေဆိုတာလည်း ဖျားနေတဲ့လူလို ပူနေတာပဲဗျာ။ မကြာပါဘူး၊ တဟားဟားနဲ့ ရယ်ပါလေရော၊ အနားက မိန်းကလေးတွေက လဲဝိုင်းပြီးယပ်ခတ်ပေးနေကြတာပေါ့၊ ဆေးဆရာကြီးကလည်း အလှူအိမ်ပေါ်မှ စကားပြောနေတာဆိုတော့ ကျုပ်တို့အနားကိုရောက်လာပါရော။
“မင်းညီမကို အပမှီလာတယ်ထင်တယ်ကွ၊ ငိုလိုက်ရယ်လိုက်နဲ့ဆိုတော့ သွေးရိုးသားရိုးတော့ မဟုတ်ဘူး”
ဆေးဆရာကြီးက ကျုပ်ညီမရဲ့ခေါင်းကို အုပ်ကိုင်လိုက်တယ်ဗျာ၊ ပြီးတော့ ပါးစပ်က မန်းမှုတ်နေပြီးမကြာဘူး ကျုပ်ညီမတစ်ယောက် အရုပ်ကြိုးပြတ်လဲကျသွားခဲ့တာ။ လူတွေအားလုံးကလည်း ဆေးဆရာကြီးကို ဝိုင်းပြီးချီးကျူးကြတာပေါ့ဗျာ။ ဆေးဆရာကြီးမျက်နှာကလည်း ပြုံးဖြီးဖြီးနဲ့ပေါ့ဗျာ။
“မင်းညီမ ပယောဂကို ငါထုတ်လိုက်ပြီကွ၊ ငါဒီကိုရောက်နေတာ မင်းညီမကံကောင်းတာပဲဟေ့၊ နည်းနည်းနောက်ကျသွားရင် သရဲအစာဖြစ်နေလောက်ပြီကွ”
ကျုပ်လည်း ကျုပ်ညီမကိုထမ်းပိုးပြီးတော့ အိမ်ကိုပြန်လာခဲ့တာပေါ့၊ အိမ်ကိုရောက်တော့ အိမ်အောက်ထပ်က သူတို့နေတဲ့အခန်းထဲကိုထည့်ပြီးတော့ အိပ်ရာပြင်ပြီး သိပ်လိုက်တာပေါ့ဗျာ၊ မကြာပါဘူး အမေတို့ ညီမငယ်တို့ပြန်ရောက်လာတယ်၊ ကျုပ်လည်း ကျုပ်တို့ဖြစ်ခဲ့တာတွေ ပြန်ပြောပြနေတာပေါ့ဗျာ။
(၅)
ညဘက်ရောက်တော့ ကျုပ်လည်းအိပ်နေတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ကိုတစ်ယောက်ယောက်ကပုတ်ပြီးနှိုးလိုက်သလိုမျိုး ထူးဆန်းသွားတယ်၊ ကျုပ်ထကြည့်လိုက်တော့ တစ်အိမ်လုံး စံပယ်ပန်းရနံ့ကမွှေးနေတာဗျာ၊ တောစံပယ်ဆိုတာက သူ့အမွှေးနံ့က ပုံမှန်စံပယ်ပန်းနဲ့မတူဘူးဗျ၊ တစ်ချို့ပြောကြတာကတော့ အဲဒါစံပယ်ပန်းအစစ်မဟုတ်ဘူးတဲ့၊ ကျုပ်တို့ကတော့ အပွင့်ဖြူဖြူသေးသေးကလေးတွေဆိုတော့ တောစံပယ်လို့ပဲ အလွယ်ခေါ်လိုက်တာဗျာ။
စံပယ်ပန်းရနံ့တွေ ထူးထူးဆန်းဆန်းမွှေးနေတာ့ ကျုပ်လည်းစဉ်းစားမိတယ်၊ တောစံပယ်ဆိုလို့ နေ့လည်က အလတ်မတို့ခူးလာတာပဲရှိတာ၊ ဒါနဲ့ ကျုပ်လည်း အိမ်ပေါ်ထပ်ကနေဆင်းလာတော့ နို့ညှာညီမက ခြံပေါက်ဝနားမှာ မတ်တပ်ကြီးရပ်လို့ဗျ၊ အခန်းတံခါးကြီးပွင့်ပြီး အခန်းထဲမှာ အငယ်မက အိပ်မောကျနေတာ၊ ကျုပ်လည်း နို့ညှာညီမလက်ကို ပြေးဆွဲလိုက်တာပေါ့ဗျာ။ ကျုပ်ညီမလက်တွေက ခြစ်ခြစ်တောက်ပူနေပြီးတော့ မျက်လုံးကြီးကလည်း ညအမှောင်မှာလင်းလို့ဗျ၊ ကျုပ်ကိုလှည့်ကြည့်ပြီးတော့ ယောက်ျားသံကြီးနဲ့ပြောတယ်။
“ဟေ့ကောင် ငါ့ကိုမတားနဲ့”
ကျုပ်လည်း သိလိုက်ပါပြီ၊ ညနေက ဆေးဆရာကြီး ပယောဂထုတ်တာ၊ ပယောဂက မထွက်ဘဲနဲ့ ပုန်းနေတာဗျို့။ ကျုပ်က ကျုပ်ညီမလက်ကိုအတင်းဆွဲတော့ ကျုပ်ညီမက ကျုပ်ကိုဆောင့်တွန်းထည့််လိုက်တာဗျာ ကျုပ်ဖြင့် အနောက်ကိုခြေဆယ်လှမ်းလောက်လွင့်သွားပြီးတော့ ဖင်ထိုင်လျက်ကြီးလဲကျသွားတာ၊ ကျုပ်လဲကျသွားတာနဲ့ ကျုပ်ညီမလည်း ခြံတံခါးကိုဖွင့်သေးတယ်၊ ဒါပေမယ့် ကျုပ်တို့ခြံတံခါးက ဂျလက်တစ်ခုရယ် ခြံတံခါးအပေါ်မှာလည်း သံကွင်းနဲ့ချိတ်ထားတာဆိုတော့ ဖြုတ်လို့မလွယ်ဘူးပေါ့ဗျာ။ ဒါနဲ့ ဘာလုပ်တယ်ထင်သလဲဗျ၊ လူတစ်ရပ်လောက်နီးပါးရှိတဲ့ ခြံတံခါးကို လွှားခနဲကျော်ပြီးထွက်သွားတာဗျာ၊ ကျုပ်တောင်မှ အဲဒီလိုမကျော်တတ်ဘူးဗျို့၊ ကျုပ်လည်း ခြံတံခါးဖွင့််ပြီး ရွာလယ်လမ်းအတိုင်း တစ်ချိုးတည်းပြေးသွားတဲ့ ကျုပ်ညီမနောက်ကို ပြေးလိုက်ရပါရော။
ကျုပ်စိတ်ထဲ ဘာလုပ်ရမလဲဆိုပြီး စဉ်းစားနေတုန်း ဦးဘသာကြီးအိမ်ရှေ့အရောက် ဖြတ်ခနဲသတိရသွားတယ်ဗျာ။ ဒါနဲ့ ဦးဘသာကြီးခြံတံခါးကို တဝုန်းဝုန်းနဲ့ထုတာပေါ့ဗျာ။ ကျုပ်ညီမကတော့ ပြေးသွားလိုက်တာမြန်လို့ဗျို့၊ မကြာပါဘူး ဦးဘသာကြီးဆင်းလာတယ်။
“ဦးဘသာကြီးကျုပ်ညီမကို ကယ်ပါအုံးဗျာ”
“ဟေ၊ ဘာဖြစ်လို့လဲ”
“အိပ်ရာကနေထလာပြီးတော့ အခုရွာပြင်ကိုထွက်ပြေးသွားလို့ဗျ၊ ညနေက ဆေးဆရာကြီးကလည်း အပမှီလာတယ်လို့ပြောတယ်”
ဦးဘသာကြီးက အိမ်ထဲကိုပြေးဝင်သွားပြီးတော့ ရေသုံးတဲ့ဒန်ခွက်ဖလားကြီးနဲ့ ရေတစ်ခွက်ခပ်လာတယ်ဗျ၊
“ဟေ့ကောင် မင်းညီမခြေရာကို မင်းသိသလား”
ဖြစ်ချင်တော့ တပေါင်းလက ပူအိုက်ခြောက်သွေ့တဲ့လဗျ၊ တစ်မိုးတွင်းလုံး ဗွက်တွေထူနေတဲ့ရွာလယ်လမ်းကြီးက အခုတော့ ဖုန်ထူထူနဲ့ဖုတ်လမ်းကြီးဖြစ်သွားပြီလေ၊ ဖုန်တွေထဲမှာ ကျုပ်ညီမခြေရာက အထင်းသားကြီးဗျ။ ကျုပ်လည်း သူ့ခြေရာကိုလက်ညှိုးထိုးပြလိုက်တယ်။
“ဒါပဲဗျို့၊ ဒီဟာ သူ့ခြေရာပဲ၊ ခုနကမှထွက်ပြေးသွားတာဆိုတော့ ထင်းနေတာပဲဗျာ”
ဦးဘသာကြီးက ရေဖလားကို လက်တစ်ဖက်က ပင့်ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ရေထဲကိုနှစ်ပြီး နာရီလက်တံပြောင်းပြန်တိုင်း လှည့်နေတယ်ဗျ၊ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ပေါ့၊ ပြီးတော့ ရေဖလားကို ကိုင်ပြီး အဲဒီခြေရာပေါ်ကို လက်ပြန်လောင်းချလိုက်တယ်၊ ဖုန်တွေက ရေနဲ့ထိတော့ အငွေ့တစ်ထောင်းထောင်းနဲ့ ပုံပျက်သွားတာပေါ့ဗျာ။
“ဦးဘသာကြီး ဘာလုပ်လိုက်တာလဲ”
“မင်းညီမကို ခြေချုပ်ချလိုက်ပြီကွ၊ ငါတို့အမြန် သူ့နောက်လိုက်သွားမှရမယ်”
ကျုပ်နဲ့ ဦးဘသာကြီးလည်း ပြေးလိုက်ခဲ့တာပေါ့ဗျာ။ ခြေရာတွေက ရွာလယ်ကိုရောက်တော့ ရွာအရှေ့ပိုင်းကိုဦးတည်မနေဘဲ ရွာအနောက်ပိုင်းကိုဦးတည်သွားတော့တာ၊ ကျုပ်တို့လည်း ရွာအနောက်ပိုင်းကိုပြေးလိုက်လာတာပေါ့၊ ရွာအနောက်ပိုင်းမှာ အိမ်ဆက်ကျဲတယ်ဗျာ၊ ပြေးလာရင်း အရှေ့မှာ လူတစ်ရပ်လောက်ရှိတဲ့ မြေသားတာပေါင်ကြီးကို မြင်နေရပြီ၊ ကျုပ်ဖြင့် ရင်တွေထိတ်လိုက်တာဗျာ၊ မြေသားတာပေါင်ကြီးကို ပြေးခုန်တက်ခဲ့လိုက်တော့ ကျုပ်ညီမက ရိုးချောင်းကလေးထဲမှာ ရပ်နေတယ်ဗျ၊ ရိုးချောင်းကလေးကလည်း ရေကုန်ပြီဆိုတော့ သဲချောင်းကလေးဖြစ်နေပြီပေါ့ဗျာ၊ အသက်ကြီးတဲ့ ဦးဘသာကြီးကတော့ အနောက်ကနေတဖြည်းဖြည်းလိုက်လာပြီး မြေသားတာပေါင်ပေါ်တက်လာတယ်။
“ဟိုမှာ ဦးဘသာ”
ကျုပ်တို့နှစ်ယောက်လုံး ရိုးချောင်းကလေးထဲကိုဆင်းသွားလိုက်တယ်၊ ကျုပ်ညီမက ကျုပ်ကိုစိမ်းစိမ်းကြီး ကြည့်နေတယ်ဗျာ၊ လပြည့််နားနီးနေပြီမို့လို့ လရောင်နဲ့ ပတ်ဝန်းကျင်က လင်းထိန်နေတာပေါ့။ ဦးဘသာကြီးက ခါးထောက်လိုက်တယ်ဗျ။
“ဟေ့ကောင်၊ မင်းဒါဘာလုပ်တာလဲ”
ကျုပ်ညီမက ခြေထောက်တော့မရွှေ့ပေမယ့် နောက်ပြန်လှည့်ကြည့်တယ်ဗျ။
“မင်းတို့ကောင်တွေ ဝင်မရှုပ်နဲ့၊ ဒါ ငါ့လူ၊ ငါပိုင်တယ်”
“ပေါက်တတ်ကရတွေမပြောစမ်းနဲ့၊ ဒါငါ့ရွာသူကွ၊ မင်းအခုသူ့ကိုလုပ်ထားတာတွေယူပြီး ထွက်ရင်ထွက်၊ မထွက်ရင်တော့ မင်းငါ့အကြောင်းသိမယ်”
ကျုပ်ညီမပုံက ကြောက်လန့်သွားပုံရတယ်ဗျ။ ဦးဘသာကြီးက လက်ဝါးကိုဖြန့်လိုက်ပြီး ညီမနားကိုကပ်လိုက်တော့ ကျုပ်ညီမမှာ တုန်တောင် တုန်သွားတယ်။
“မလုပ်ပါနဲ့ဘသာရာ၊ မင်းကိုငါတို့ကြောက်ပါတယ်”
“ဒါဆိုရင်လည်း အခုထွက်တော့”
“လွယ်လွယ်တော့မထွက်နိုင်ဘူးကွ၊ ဒီအခွင့်အရေးကို ငါစောင့်နေခဲ့တာကြာပြီ၊ ဘသာ၊ ဒီတစ်ခေါက်တော့ ငါ့ကိုလွှတ်ပေးပါ၊ ငါသူ့ကိုလိုချင်တယ်ကွ”
“ပြောမရတာ ကိုင်းကွာ”
ဦးဘသာကြိးက သူ့လက်ဝါးနဲ့ ကျုပ်ညီမဇက်ပိုးကို အုပ်ထည့်လိုက်တယ်ဆိုရင်ပဲ ကျုပ်ညီမက အရှေ့ကိုဟပ်ထိုးလဲကျသွားတယ်၊ ဒီအချိန်မှာ ကျုပ်ညီမကိုယ်ထဲကနေ အရိပ်လိုလို၊ ဘာလိုလိုမည်းမည်းအကောင်ကြီးက လှစ်ခနဲထွက်သွားပြီး ရွာထဲကိုပြေးဝင်သွားဖို့လုပ်တော့တာပဲဗျို့၊ ဦးဘသာကြီးက အဲဒီအရိပ်ကိုလက်ညှိုးထိုးလိုက်တော့ အရိပ်ကြီးက ငြိမ်ကျသွားရော။
“ဟေ့ကောင်၊ မင်းနဲ့ ငါတို့ရွာနဲ့ ဘာမှမဆိုင်ဘူး၊ မင်းပြန်ထွက်သွားစမ်း”
“ဘသာ၊ မင်းပြောတဲ့အတိုင်း ငါသူ့ကိုထဲက ထွက်ပေးပြီးပြီလေကွာ။ ဒါပေမယ့် ငါတစ်ခြားလူကို လိုချင်တယ်”
“မရဘူး၊ အခုသွားဆိုသွား၊ ကျုပ်လုပ်ထည့်လိုက်လို့ ခင်ဗျားတို့နေစရာမရှိဘဲ ဘုံပျောက်သွားမယ်နော်”
အရိပ်ကြီးက နောက်ပြန်ကြီးပြန်လာပြီး ရိုးချောင်းတစ်ဖက်ကိုကူးသွားတယ်၊ ဒီအချိန်မှာပဲရိုးချောင်းတစ်ဖက်မှာ သူ့လိုအရိပ်တွေ လေးငါးခုပေါ်လာတယ်ဗျာ။ အရိပ်တွေက မကျေနပ်တဲ့ပုံနဲ့ကြည့်နေကြတယ်၊ ကျုပ်လည်း ကျုပ်ညီမကိုပြေးဆွဲပြီး ရိုးချောင်းထဲကနေ ပြေးတက်လာတာပေါ့ဗျာ။ ဦးဘသာက အရိပ်တွေကိုကြည့်ပြီးတော့
“တောက်၊ ငါလိုးမသားတွေ၊ မင်းတို့ဘာကြည့်နေတာလဲ”
ဆဲဆိုလိုက်တော့မှ အရိပ်တွေက ပျောက်သွားတာဗျာ၊ ကျုပ်လည်း ညီကိုပွေ့ပြီး ပြန်လာခဲ့ရတယ်၊ အပြန်လမ်းကျတော့ အတော်မောနေပြီဗျာ၊ ဦးဘသာက လူကြီးဆိုတော့ သူလည်းတော်တော်အမောဆို့နေပြီ၊ ကျုပ်တို့ဖြည်းဖြည်းချင်းရွာထဲကို ပြန်လျှောက်လာတာပေါ့ဗျာ။
“မင်းမြန်လို့ကွ၊ မင်းညီမသာ ရိုးချောင်းဟိုဘက်ကိုရောက်သွားရင် ငါပြန်ခေါ်လို့ရမှာမဟုတ်ဘူး၊ အဲဒီနေရာက ဒီ်ကောင်တွေရဲ့ပိုင်နက်ကွ”
ကျုပ်လည်း အံ့သြနေမိတယ်။
“ရွာတွေမှာ ရွာစည်းတွေရှိတယ်ကွ၊ တို့ရိုးချောင်းကလည်း စည်းရိုးတစ်ခုပဲမဟုတ်လား၊ ရွာစည်းကနေထွက်သွားရင် ငါဘာမှလုပ်လို့မရတော့ဘူး၊ လူတွေလိုပေါ့ကွာ၊ ဒီရွာမှာ မင်းအဖေက အာဏာရှိတဲ့သူကြီးဆိုပေမယ့် သူများရွာကျတော့ သွားစွာလို့မရဘူးမဟုတ်လား”
“ဒီကောင်ကြီးတွေက ဦးဘသာကို သိနေတယ်နော်”
“ဒီကောင်တွေက နှစ်ချို့သဘက်ကြီးတွေကွ၊ ငါ့ကိုသိတယ်ဆိုတာကလည်း ငါ့အမေဒေါ်ပျင်းကြီးက သူတို့ကိုခိုင်းစားခဲ့တာကိုး”
ကျုပ်တို့စကားပြောရင်း ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့တယ်၊
“မင်းညီမခူးလာတဲ့ပန်းမှာ ဒီကောင်က လိုက်လာခဲ့တာ၊ မင်းညီမက ပန်းကုံးသီပြီးပန်လိုက်တော့ သူက ဝင်စီးသွားလို့ရတာပေါ့ကွာ၊ အဲဒီစံပယ်ပန်းတွေကို ဖြုတ်လိုက်စမ်းပါ”
ကျုပ်လည်း ဦးဘသာကြီးပြောတဲ့အတိုင်း စံပယ်ပန်းတွေကိုဆွဲဖြုတ်ပြီး ခြေထောက်နဲ့တက်နင်းလိုက်တယ်။ ဦးဘသာကြီးက သူ့အိမ်ရှေ့ရောက်တော့ အိမ်ထဲကိုပြန်ဝင်သွားတော့တာပါပဲ၊ ကျုပ်လည်း ညီမဇောနဲ့ဆိုတော့ သူ့ကိုစကားပြောချိန်တောင် မရလိုက်ပါဘူးဗျာ၊ ကျုပ်ညီမလည်း ပန်းပန်တဲ့အကျင့်ပျောက်သွားတာ အခုထိပါပဲဗျာ၊ တောထဲက ခူးလာတဲ့ပန်းမပြောနဲ့ ကိုယ့််ခြံဝန်းထဲမှာ ပေါက်တဲ့ပန်း၊ ဈေးကဝယ်လာတဲ့ပန်းကိုတောင် မပန်ရဲတော့ပါဘူးဗျာ။
ကဲ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊
ပြီးပါပြီ။