(၁)
ကျုပ်တို့အိမ်မှာ သရဲခြောက်နေပြီဗျ၊ ဘယ်လိုခြောက်သလဲဆိုတာ ပြောပြမယ်၊ ကျုပ်မရီးက ညညဆိုအိမ်သာထသွားတတ်တယ်၊ အိမ်သာသွားတယ်ဆိုတာက စကားအဖြစ်ပြောတာပါ၊ အိမ်သာက ဟိုးခြံထောင့်မှာရှိတာ၊ အိမ်နဲ့ဆိုရင် ကိုက်တစ်ရာလောက်အသာကလေးဝေးတယ်၊ ဝါးရုံတွေ၊ သစ်ပင်ကြီးတွေကို ဖြတ်ပြီးသွားရတာဆိုတော့ ညဘက်ဆိုအိမ်သာမသွားကြတာများတယ်၊ အလေးသွားချင်မှာသာ သူ့ယောက်ျားကိုနှိုးပြီး ခေါ်သွားတတ်ပေမယ့် သာမာန်တစ်ပိုတစ်ပါးဆိုရင်တော့ အိမ်နောက်ဖေးက ရေချိုးတဲ့ကျောက်ပြားအနားလေးမှာပဲ ထိုင်ပြီးရှင်းလိုက်တယ်ပေါ့ဗျာ။
ကျုပ်တို့အိမ်က မိန်းကလေးတော်တော်များများ အဲဒီလိုပဲရှင်းကြတာ၊ အပေါ့သွားပြီးရင် စဉ့်အိုးထဲက ရေနှိုက်ပြီး ဆေးစရာရှိတာဆေးပြီး ပြန်တက်လာကြတာပေါ့ဗျာ၊ ရေသုံးတဲ့နေရာက အိမ်ရှေ့မှာလည်းရှိသလို အိမ်နောက်ဖေးမှာလည်း ရှိတယ်ဗျ၊ အိမ်ရှေ့မှာကတော့ ကျောက်စည်တစ်လုံးနဲ့ ရာဝင်အိုးနှစ်လုံးရှိတယ်၊ ကျောက်ပြားနှစ်ချပ်ခင်းထားတယ်ဗျာ၊ များသောအားဖြင့်ကတော့ ကျုပ်တို့ယောက်ျားလေးတွေ ရေချိုးတဲ့နေရာပေါ့၊ အကာအရံမရှိ ဟင်းလင်းပြင်ကြီးကိုးဗျ၊ လမ်းပေါ်ကလှမ်းကြည့်လည်း တန်းနေအောင်မြင်ရတဲ့နေရာပေါ့။
အိမ်မှာ မိန်းမသားတွေရှိတော့ အိမ်နောက်ဖေးမှာ ရေချိုးဖို့ဆိုပြီး ကာရံထားတဲ့ ရေချိုးခန်းကလေးရှိတယ်၊ အခန်းဆိုပေမယ့် လေးဖက်စလုံးကာထားတာ မဟုတ်ပါဘူးဗျာ၊ အိမ်ရှေ့ကကြည့်ရင်မမြင်ရအောင်လို့ တစ်ဖက်ကာထားတယ်၊ နောက်တစ်ဖက်ကတော့ ခေါင်းရင်းအိမ်က လှမ်းကြည့်ရင် မမြင်ရအောင်ပေါ့ဗျာ၊ ခြေရင်းဘက်ကတော့ ဝါးရုံကြီးရှိနေလို့ ကြည့်လို့မလွယ်ဘူးလေ၊ နောက်ပြီး အိမ်နောက်ဖေးကလည်း အပင်တွေပဲရှိတာဆိုတော့ အဲဒီဖက်ကိုလည်း မကာတော့ဘူးပေါ့ဗျာ။
ရေချိုးခန်းမှာ ကျောက်ပြားလေးပြားခင်းထားတယ်၊ ကျောက်စည်တစ်လုံးနဲ့ ရာဝင်အိုးက နှစ်လုံး၊ စဉ့်အိုးအသေးလေးတွေလည်း နှစ်လုံးရှိသေးတယ်ဗျ၊ မိန်းကလေးတွေရေချိုးကြ လျှော်ကြဖွပ်ကြတဲ့နေရာပေါ့ဗျာ၊ အဲဒီရေချိုးခန်းနားမှာတော့ ပန်းအိုးတွေနဲ့ပန်းပင်တွေစိုက်ထားတယ်ဗျာ၊ နှင်းဆီ၊ စံပယ် အစုံပေါ့ဗျာ၊ ကျုပ်အမေက ပန်းစိုက်တာဝါသနာပါတယ်မဟုတ်လား၊ ရေသုံးတဲ့ဘေးနားမှာ စိုက်တယ်ဆိုတာကလည်း ရေလောင်းရလွယ်တာရယ်၊ အညာဆိုတော့ တခြားနေရာတွေက ခြောက်သွေ့ပြီး အဲဒီရေချိုးခန်းကလေးက အရိပ်ရတယ်ဆိုတော့ အဲဒီနေရာကလေးက အပင်စိုက်ကောင်းတဲ့နေရာကလေးပေါ့ဗျာ။
ကဲဆက်ရအောင်ဗျာ၊ တစ်ညတော့ ကျုပ်မရီးက အပေါ့ထသွားတယ်၊ သူ့ယောက်ျားလည်း တစ်နေကုန်ယာထဲ ပင်ပန်းရှာတာကိုးဗျာ၊ ဒါနဲ့မနှိုးတော့ဘဲ သူတစ်ယောက်တည်း ဆင်းခဲ့တာပေါ့၊ အိမ်နောက်ဖေးကထွက်လိုက်ပြီး ရေချိုးတဲ့နေရာကိုဆင်းပြီး ကျောက်ပြားပေါ်မှာ အပေါ့သွားနေတုန်း ရေချိုးခန်းခေါင်းရင်းနားက လူလျှောက်တဲ့အသံလို ကြားရသတဲ့ဗျာ၊ ညည့်နက်သန်းခေါင်ကြီး အိမ်ခေါင်းရင်းမှာ ဘယ်သူကလမ်းလျှောက်မလဲဗျ၊ ကျုပ်မရီးကလည်း မီးခွက်မပါဘူး၊ လကလည်းသာနေတာတဲ့ဗျာ၊ သူအပေါ့သွားနေတုန်း အဟင်း၊ အဟင်းဆိုပြီး ချောင်းဟန့်သံပေးတယ်တဲ့၊ မရီးလည်း လူမဟုတ်မှန်းသိလိုက်ပြီလေ၊ ဒါနဲ့ ပြီးအောင်တောင်မသွားတော့ဘဲ အိမ်ထဲကိုအမြန်ပြေးဝင်လာလိုက်တာ၊ အိမ်ထဲရောက်တော့ အိမ်နောက်ဖေးတံခါးကိုပိတ်ရင်း တစ်ချက်ပြန်လှည့်ကြည့်လိုက်တော့ ရေသုံးတဲ့နားမှာ ယောက်ျားကြီးတစ်ယောက်က မတ်တပ်ရပ်ပြီး သူ့ကိုကြည့်နေတာတဲ့ဗျာ၊ လရောင်အောက်မှာ အထင်းသားကြီးမြင်ရတယ်တဲ့။
မရီးက သူသရဲခြောက်ခံရတာကို မပြောသေးဘူးဗျ၊ သူတို့လင်မယားတော့ အချင်းချင်းသိမှာပဲ၊ အဲဒီနောက်ပိုင်း မရီးက ညဘက်ထမသွားတော့ဘူးတဲ့ဗျို့၊ မရီးခြောက်ခံရပြီး သုံးရက်လောက်ကြာတော့ ကျုပ်အမေနဲ့တိုးပါရောလား။
ခြောက်ခံရတာလည်း ညဘက်ကြီးမဟုတ်ဘူးဗျ၊ နေ့ခင်းကြောင်တောင်ကြီး၊ ခြောက်ခံရပုံကဒီလိုဗျာ၊ ကျုပ်တို့ရွာကို အသားသယ်တွေလာတယ်ဗျ၊ အသားသည်က တစ်ပတ်မှတစ်ခါလောက်လာကြတာ၊ အမေက အသားဟင်းစားချင်တော့ အသားထွက်ဝယ်တာပေါ့ဗျာ၊ ကျုပ်အဖေက အမဲသားကို ခပ်ခြောက်ခြောက်ကလေးကြော်ပြီး နှမ်းဆီလေးစိမ်ထားတာကို သိပ်ကြိုက်တာဗျ၊ ဒါနဲ့ အမဲသား တစ်ပိသဝယ်လာတာပေါ့၊ အသားသည်တွေက တစ်နေကုန်ရွာစဉ်လှည့်ရောင်းတာဆိုတော့ ကျုပ်တို့ဆီကို ညနေသုံးနာရီလောက်မှ ရောက်လာတာ၊ ကျုပ်တို့ငယ်ငယ်က လျှပ်စစ်မီးမရှိဘူးဆိုတော့ ဝယ်ပြီးသားအသားတွေကို ချက်ချင်းဆေးကြောပြီးတော့ ကြော်ချင်ကြော်၊ လုံးချင်လုံးပြီး သိမ်းထားရတာပေါ့ဗျာ။
အမေက အမဲသားတွဲကိုယူပြီး အိမ်နောက်ဖေးက ရေချိုးတဲ့ကျောက်ပြားမှာ အမဲသားတွေကိုဆေးနေပါရော၊ အဲဒီအချိန်မှာ သူ့နောက်ကျောတွေက ချမ်းတက်လာတယ်တဲ့ဗျာ။ သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုးဖြစ်တာနဲ့ အနောက်ကိုလှည့်ကြည့်တော့ လူတစ်ယောက်က ရေချိုးခန်းအကာအနောက်ကို ရိပ်ခနဲမြင်သွားတာကို တွေ့လိုက်ရပါရောလား။ အမေက သိပ်ကြောက်တတ်တဲ့သူတော့မဟုတ်ဘူးဗျ၊ ရေချိုးခန်းကိုလှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှမတွေ့ဘူး၊ နောက်ပြီး နေ့လည်နေ့ခင်းဆို ကျုပ်တို့အိမ်က ယောက်ျားသားတွေမရှိကြဘူးမဟုတ်လား၊ အဖေလည်း ရွာထဲသွားနေတာများတယ်။
“အင်း၊ ငါတွေ့လိုက်တာ ယောက်ျားခြေသလုံးပါ”
အမေက သုံးပတ်လောက်လှည့်ရှာပြီး မတွေ့တော့ အမဲသားဆက်ဆေးပြီး အိမ်ထဲကိုပြန်လာခဲ့ပါရော၊ အဲဒီအချိန်အထိ အမေက သရဲခြောက်ခံရတယ်လို့ မတွေးသေးဘူး၊ ကျုပ်တို့ကိုလည်းမပြောသေးဘူးဗျာ။
နောက်ဆုံးအခြောက်ခံရတာ ကျုပ်တို့အိမ်က အငယ်ဆုံးညီမပေါ့ဗျာ၊ သူခြောက်ခံရတာကတော့ ညနေစောင်းကြီးဗျ၊ ရေမိုးချိုးပြီးတော့ ထမီတွေလျှော်တယ်၊ ကျုပ်တို့အညာမှာက ရေလျားတယ်မဟုတ်လား၊ အိမ်မှာသုံးဖို့ရေကိုတောင် ရွာထဲကရေတွင်းတွေမှာ ကျုပ်တို့ကသွားထမ်းရတာဗျ၊ ထမီလျှော်ပြီးသား ရေတွေကို အမေစိုက်ထားတဲ့ အပင်တွေကိုသွားလောင်းတာပေါ့၊ ပြီးတော့ ထမီတွေကိုရေညှစ်ပြီး အိမ်နောက်ဖေးက ဝါးလုံးတန်းမှာ ထမီလှန်းနေတုန်း အိမ်သာနားကနေ ယောက်ျားကြီးတစ်ယောက်က သူ့ကိုကြည့်နေတာတဲ့ဗျာ၊ ညနေဆိုတော့ အိမ်သာနားက အရိပ်ကျနေလို့ သဲသဲကွဲကွဲမမြင်ရဘူးတဲ့၊ ယောက်ျားကြီးက ဂတုံးပြောင်ပြောင်နဲ့ အသားကလည်း မဲမဲတူးတူးကြီးတဲ့၊ ကိုယ်လုံးကတော့ တုတ်တုတ်ခိုင်ခိုင်နဲ့ ဗလတောင့်တောင့်ကြီးတဲ့ဗျ၊ ကျုပ်ညီမကို မျက်စောင်းထိုးပြီးတော့ ကြည့်နေလိုက်တာများ ညီမဖြစ်သူဆို ထမီတောင်ဆက်မလှန်းရဲတော့ဘဲ အိမ်ထဲကိုပြေးဝင်ပြီး ငိုပါရော၊ အငယ်ဆုံးညီမက လိပ်ပြာလှတယ်ဗျာ၊ သရဲတွေဘာတွေဆို မြင်ရတတ်တယ်၊
အငယ်မက ငိုပြီးပြန်ဝင်လာတော့ ယာထဲကပြန်လာတဲ့ကျုပ်တို့လည်း အံ့ဩသွားတာပေါ့ဗျာ၊ ကျုပ်ရယ်၊ ကျုပ်ညီရယ်၊ အကိုကြီးရယ် ချွေးတလုံးလုံးနဲ့ထိုင်နေကြတဲ့အချိန်ပေါ့၊ အိမ်ရောက်ရောက်ချင်း ရေကလည်း ချိုးလို့မရသေးဘူးမဟုတ်လား။
“အကိုကြီး၊ အိမ်သာနားမှာ သရဲကြီးတစ်ကောင် ညီမကိုကြည့်နေတယ်”
ရေနွေးသောက်နေတဲ့ကျုပ်တို့လည်း ကောက်ထလိုက်ပြီး အနားမှာရှိတဲ့ တုတ်တွေကောက်လိုက်တာပေါ့ဗျာ၊ အငယ်မက အကိုကြီးကိုကြောက်လို့ ဖက်ထားတာဆိုတော့ ကျုပ်နဲ့ကျုပ်ညီနဲ့ နှစ်ယောက်သား တုတ်တစ်ယောက်တစ်ချောင်းနဲ့ အိမ်နောက်ဖေးကိုထွက်လာတာပေါ့ဗျာ၊ အငယ်မက အပျိုတောင်မဖြစ်သေးဘူး၊ ကလေးသာသာပေါ့၊
“ဘယ်မလဲ အဲဒီသရဲလာခဲ့စမ်း၊ ငါ့ညီမကိုခြောက်တဲ့သရဲ၊ ငါတို့ ဆော်ပစ်မယ်ကွ”
ကလေးမကြောက်အောင်လို့ တမင်ပြောလိုက်တာပေါ့ဗျာ၊ အချိန်ကလည်း ညနေစောင်းရုံကလေးရှိသေးတာ၊ ကျုပ်တို့ထင်တဲ့အတိုင်းပါပဲဗျာ၊ သူကလိပ်ပြာလှလို့ မြင်ရတာဖြစ်မှာ၊ ကျုပ်တို့နှစ်ယောက်သွားတော့ ဘယ်သူမှမရှိတော့ဘူးဗျ၊ ကျုပ်တို့လည်း အိမ်သာတံခါးကို တုတ်နဲ့တဝုန်းဝုန်းထုတာပေါ့ဗျာ၊ နောက်တော့ ဆဲဆိုပြီး ညီအကိုနှစ်ယောက် ပြန်လာခဲ့ကြတာ၊ အိမ်နောက်ဖေးရေသုံးတဲ့နေရာရောက်တော့ လက်ထဲက တုတ်တွေကိုပစ်ချပြီး လက်ကိုရေဆေးနေတုန်း တောက်ခေါက်သံအကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်ဗျာ၊ အသံက တကယ်အကျယ်ကြီးဗျ၊ နောက်ပြီး တကယ်ကိုမကျေနပ်လို့ တောက်ခေါက်တဲ့ပုံစံကြီးဗျာ၊ ကျုပ်တို့ညီအကိုနှစ်ယောက်လည်း လက်မဆေးတော့ဘဲ အိမ်ထဲကိုပြေးဝင်လာကြတာပေါ့။
(၂)
အငယ်မက ငိုနေသေးတယ်၊ အကိုကြီးက ကျုပ်တို့ကိုဘာဖြစ်လာတာလဲလို့မေးတယ်။
“ဘာမှမဖြစ်ပါဘူး၊ ဘာမှမရှိဘူး ညီမလေး၊ အဲဒီသရဲကို အကိုကြီးခြောက်ထုတ်လိုက်ပြီး မရှိတော့ဘူးနော်”
ကျုပ်တို့လည်း အဲဒီလိုသာပြောရတယ် အချင်းချင်းမျက်စပစ်နေကြရတာ၊ ကျုပ်တို့အခြောက်ခံရတယ်ဆိုတာကို ထုတ်ပြောလို့မဖြစ်ဘူးမဟုတ်လား၊ ထုတ်ပြောလိုက်ရင် ညီမအငယ်ဆုံးက ပိုကြောက်သွားမယ်လေ။
ကျုပ်တို့ထိုင်နေတုန်း ခြံထဲကိုကျုပ်အကိုကြီးတစ်ယောက် ဝင်လာတယ်ဗျ၊ အကိုကြီးဆိုပေမယ့် ကျုပ်တို့နဲ့ဘာမှမတော်ပါဘူးဗျာ၊ ကျုပ်တို့အမတစ်ဝမ်းကွဲနဲ့ ညားနေတဲ့သူပေါ့၊ ကျုပ်တို့ထက်လည်း ဆယ်နှစ်လောက်ကြီးတယ်၊ နေတာကလည်း ပေတောရွာမှာနေတာဗျ၊ အခုတော့ ဒေါင်ချာစိုင်းပြီး အိမ်ကိုရောက်လာတယ်။
“ဟေ့ကောင်တွေ၊ မင်းအဖေမရှိဘူးလား”
“မရှိဘူးဗျ၊ ရွာထဲသွားတယ်ထင်တယ်”
အကိုကြီးက ခုံတန်းမှာဝင်ထိုင်လိုက်တယ်၊ လက်ထဲက အညိုရောင်အရက်ပုလင်းကြီးကိုလည်း ခုံပေါ်ကိုဝုန်းခနဲဆောင့်ချလိုက်တယ်၊ အဲဒီအကိုကြီးကိုတော့ ကျုပ်တို့ကြောက်တယ်ဗျ၊ သူက လူပေလူတေတစ်ယောက်ပါ၊ ကျုပ်တို့အမဝမ်းကွဲကလည်း သူ့လိုလူပေလူတေကို ဘာကြည့်ကြိုက်သလဲတော့မသိပါဘူးဗျာ၊ လယ်တွေယာတွေရှိပေမယ့် လက်ကြောတင်းအောင်မလုပ်ဘူးဗျ၊ အားအားရှိ အရက်သောက်လိုက်၊ ကြက်တိုက်လိုက်၊ ဟိုလူနဲ့ချိန်းပြီးရိုက်လိုက်၊ ဒီလူနဲ့ချိန်းပြီးထိုးလိုက်နဲ့ ခဏခဏလည်း ရုံးရောက်ဂါတ်ရောက် ရှင်းရတယ်။
အခုလည်း အိမ်ကိုရောက်ချလာပြီလေဗျာ၊ ညီမအငယ်ဆို အိမ်ခန်းထဲကိုဝင်ပြေးတော့တာပဲ၊ ကျုပ်တို့လည်း သိပ်မပြောရဲဘူးလေ၊ ကျုပ်အကိုကြီးကပဲ စပြောရတာပေါ့။
“ဘယ်ကလှည့်လာတာလဲ အကိုကြီးရဲ့”
“အေးကွာ၊ ငါ့မိန်းမက သိပ်စကားပြောတဲ့ကောင်မကွ၊ အခုလည်း ငါ့ကိုပြသနာရှာပြီး နားလာပူနေတာနဲ့ သူ့ကိုသုံaးလးချက်လောက်ထိုးပြီးတော့ ထွက်လာခဲ့တာ”
ကျုပ်တို့အမဝမ်းကွဲကိုထိတာဆိုတော့ ကျုပ်တို့လည်း မခံချင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် လုပ်လဲမလုပ်ရဲဘူး၊ သူက လူမိုက်လေ၊ ဒါနဲ့ပဲ ကျုပ်တို့လည်း ရေချိုးတဲ့သူချိုး၊ လုပ်စရာရှိတာလုပ်ပြီး ရှောင်နေတာပေါ့ဗျာ၊ သူကတော့ အရက်သောက်ပြီး ထိုင်နေတာပဲ။
ညနေတော့ အဖေတို့ပြန်လာပါတယ်၊ အဖေကတော့ သူ့ကိုကောင်းကောင်းမွန်မွန်နားချတယ်။ သူကလည်း ကတိတွေပေးပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့၊ ညနေကျတော့ အရက်က ထပ်ဝယ်သေးတယ်၊ ဦးတရုတ်ကြီးတို့ အရက်ဆိုင်မှာတောင် ရွာကလူတွေနဲ့ တစ်ပွဲချတော့မလို့တဲ့ဗျာ၊ ဒါနဲ့ အိမ်မှာပဲ အိပ်ဖြစ်သွားတာပေါ့၊ အိမ်ပေါ်တောင်တက်မအိပ်ဘူးဗျာ၊ အိမ်ရှေ့က ကွပ်ပျစ်မှာ ရေချိန်လွန်သွားပြီး မူးပြီးတော့လဲနေတာ။
ညသန်းခေါင်ကျော်အချိန်လောက်ကျတော့ နားထဲ အော်သံလိုလို၊ ညည်းသံလိုလိုတွေကြားရတယ်၊ နောက်တော့ ဆဲဆိုသံတွေ ရန်ဖြစ်သံတွေပေါ့ဗျာ၊ ကျုပ်လည်း အိပ်ရာကထပြီး ငုတ်တုတ်ထိုင်လိုက်တော့ အဖေကလည်း ဓါတ်မီးနဲ့အခန်းထဲကထွက်လာတယ်၊ တစ်အိမ်လုံးနိုးသွားကြတာပေါ့ဗျာ၊ ခြံထဲမှာ လူနှစ်ယောက်လုံးထွေးနေတဲ့အသံတွေကြားတာနဲ့ အကုန်လုံးဆင်းလာကြတာပေါ့၊ အသံကြားရတာက အိမ်နောက်ဖေးမှာဆိုတော့ အိမ်နောက်ဖေးတံခါးကိုဖွင့်လိုက်တာပေါ့၊ အိမ်မှာကလည်း လူဆိုးကြီးရောက်နေတယ်ဆိုတော့ ဘယ်သူနဲ့များ ဆော်နေတာလဲလို့ပေါ့ဗျာ။
ကျုပ်တို့တံခါးဖွင့်ပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့ လူဆိုးအကိုကြီးက မြေမှာလူးလိမ့်နေတာပဲဗျ၊ တစ်ယောက်ယောက်နဲ့ နပမ်းသတ်နေသလိုပေါ့ဗျာ။ ပါးစပ်ကလည်း ဗလုံးဗထွေးတွေအော်ဟစ်နေလိုက်တာ၊ ကျုပ်တို့ဝိုင်းဆွဲလည်း မရဘူးဗျ၊ ဒါနဲ့ ရေပုံးနဲ့ပက်ထည့်လိုက်တော့မှ သတိပြန်လည်လာတာ၊ သူ့ရင်ဘတ်ကြီးက ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက်နဲ့ဗျ၊ လျှာကြီးကလည်း တစ်လစ်ကြီးထွက်နေတာ၊ အောက်ပိုင်းမှာလည်း ပုဆိုးမပါဘူး၊ စကားမေးတောင်မရဘူးဗျို့၊ တစ်နာရီလောက်ကြာမှ စကားပြောနိုင်တယ်။
ဖြစ်ပုံက သူတရေးနိုးတော့ ဆီးသွားချင်လာတယ်၊ ဒါနဲ့ အိမ်နောက်ဖေးကိုလာတာပေါ့၊ သူက အိမ်ပြင်မှာအိပ်နေတာဆိုတော့ အိမ်ထဲဝင်ဖို့ရှိသေးတယ်မဟုတ်လား၊ အိမ်မှာမနေတဲ့သူဆိုတော့ ဘယ်နားဘာရှိလဲဆိုတာ မသိတာနဲ့ အိမ်ခေါင်းရင်းကနေပဲ အိမ်ကိုပတ်ပြီးလာခဲ့တာပေါ့ဗျာ၊ အိမ်နောက်ဖေးတောင်မရောက်သေးပါဘူး၊ မီးဖိုနားလည်းရောက်ရော ဆီးကိုမထိန်းနိုင်တော့တာနဲ့ အနားမှာပဲ ကော့ပန်းလိုက်သတဲ့ဗျာ၊ အဲဒီအချိန်မှာ လူကြီးတစ်ယောက်က သူ့ကိုအနောက်ကနေ ခုန်အုပ်ပြီးတော့ အတင်းတက်လုံးတာတဲ့ဗျာ၊ သူကလည်း လူဆိုးကြီးဆိုတော့ အဲဒီလူကြီးကို ပြန်ချတာပေါ့၊ ဒီလိုနဲ့လုံးထွေးနေတဲ့အချိန် ကျုပ်တို့တွေ့တာမြန်လို့ပေါ့ဗျာ၊ မဟုတ်ဘဲ ဆက်ပြီးလုံးနေရင် သူအမောဆို့ပြီးသေမှာဗျ။
ဘယ်သူမှမကြောက်တဲ့လူမိုက်ကြီးက ကျုပ်တို့အိမ်မှာ ဆက်မနေရဲတော့ဘဲ၊ “ငါမင်းတို့အိမ်မှာမနေတော့ဘူးကွာ” လို့ ခပ်မာမာပြောပြီး ညတွင်းချင်းကိုအိမ်ကထွက်သွားတာပါပဲဗျာ၊ ကျုပ်တို့လည်း ပြန်မအိပ်ဖြစ်တော့ပါဘူး၊ သရဲကြီးအကြောင်းကို စကားစပ်မိတော့မှ ညနေက အငယ်မ သရဲကိုမြင်လိုက်တဲ့အကြောင်း စပ်မိတာပေါ့၊ ဒီတော့မှ အမေကလည်း သူအခြောက်ခံရတဲ့အကြောင်း၊ မရီးက သူလည်းတွေ့ဖူးတဲ့အကြောင်းပြောတာပေါ့၊ ဒါနဲ့ အိမ်မှာသရဲရှိတာ သိသွားကြတာပေါ့ဗျာ။
“ဒီအတိုင်းဆိုရင်တော့ မဟုတ်သေးပါဘူး၊ မနက်ဖြန်တော့ ဆရာတော်တွေပင့်ပြီး ပရိတ်ရွတ်အုံးမှပဲဟေ့”
(၃)
“ကျုပ်တို့အိမ်မှာ သရဲရှိနေပြီဗျ”
ကျုပ်ပြောလိုက်တော့ ဦးဘသာကြီးက နွားချေးခြောက်တွေကို ပေါက်တူးရိုးနဲ့ထုချေနေရင်း မျက်မှောင်ကြုတ်သွားတယ်ဗျ။
“မင်းဟာက ဟုတ်လို့လားကွာ”
“ဟုတ်ပါတယ်ဆိုဗျာ”
ကျုပ်လည်း ကျုပ်တို့အိမ်မှာဖြစ်ခဲ့တာတွေကို ဦးဘသာကြီးကိုပြောပြလိုက်တာပေါ့၊ ဦးဘသာကြီးက ခေါင်းတညိတ်ညိတ်နဲ့။
“မင်းပြောပုံအရဆို အတိုက်လားမသိပါဘူးကွာ”
“ဦးဘသာကြီး အိမ်ကိုလာကြည့်ပေးပါလား”
“ဟေ့ကောင်ရ မင်းအမေတွေ့သွားတော့မှ မင်းတို့အိမ်ကိုသရဲခြောက်အောင် ငါကလုပ်တာပါဆိုပြီးတော့ ရွာထဲမှာ သတင်းပြန့်နေပါအုံးမယ်ကွာ”
“ဒါဆိုရင်လည်း ဘယ့်နှယ့်လုပ်မလဲဗျ၊ အခု ဆရာတော်တွေတရားဟောသွားတာ တစ်ပတ်လောက်ကြာပြီ၊ ညက အငယ်မက ပြန်တွေ့နေပြန်ပြီတဲ့”
ဦးဘသာကြီးက လုပ်လက်စအလုပ်ကိုနားလိုက်ပြီး စဉ်းစားနေတယ်။ နောက်တော့မှ
“အေးကွာ၊ ဒီလိုဆိုရင်လည်း လိုက်ကြည့်ရတာပေါ့၊ ဘယ်အချိန်လိုက်ရမလဲ”
“အခုအချိန်က အကောင်းဆုံးပဲဗျို့၊ အိမ်မှာ ဘယ်သူမှရှိတာမဟုတ်ဘူး”
ကျုပ်နဲ့ဦးဘသာကြီးလည်း အိမ်ကနေထွက်ခဲ့တယ်ဗျ၊ အဖေက ရွာလူကြီးဆိုတော့ ဟိုသွားဒီသွား သွားရတယ်၊ ရွာခံလူကြီးအိမ်မှာဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ရွာဦးကျောင်းက ဆရာတော်တွေနဲ့ဖြစ်ဖြစ် စကားပြောနေတတ်တယ်၊ အမေကတော့ ဆွမ်းလောင်းပြီး မနက်ဆယ်နာရီလောက်ဆိုတာနဲ့ ရွာပတ်တော့တာပဲဗျာ၊ ယာထဲဆင်းတဲ့လူကတော့ ဆင်းတာပေါ့၊ ကျန်တဲ့မိန်းကလေးတွေကလည်း အပျိုအရွယ်တွေဆိုတော့ အပျိုတွေနဲ့ပေါင်းကြတာပေါ့၊ ညီမအငယ်ဆုံးကတော့ ကလေးတွေနဲ့ဆော့ကြတာပေါ့ဗျာ၊ အိမ်က ခြံတံခါးကို သံကြိုးနဲ့ချိတ်ရုံချိတ်ထားတယ်ဆိုပေမယ့် ကျုပ်တို့ရွာမှာ သူခိုးမရှိတော့ ဘာမှပျောက်တယ်ရှတယ်လို့ကို မရှိပါဘူးဗျာ။
ဦးဘသာကြီးနဲ့ ကျုပ်လည်း ခြံထဲဝင်လာခဲ့တာပေါ့ဗျာ၊ ထင်တဲ့အတိုင်း အိမ်မှာဘယ်သူမှမရှိဘူး၊ ဦးဘသာကြီးက ကျုပ်တို့ခြံထဲကိုရောက်တယ်ဆိုရင်ပဲ ကြက်သီးတွေထပြီးတော့ တုန်သွားတယ်ဗျာ။
“မင်းသရဲက စွမ်းတော့စွမ်းတယ်ကွ”
ဦးဘသာကြီးက ခြံကိုပတ်ကြည့်တယ်၊ ကျုပ်လည်းအနောက်ကနေ လိုက်လာခဲ့တယ်၊ ရေသုံးတဲ့အနားရောက်တော့ အဲဒီအနားက ဝါးရုံကြီးကိုကြည့်လိုက်၊ သစ်ပင်ကြီးကိုကြည့်လိုက်နဲ့လုပ်နေတယ်ဗျာ။
ဦးဘသာကြီးက ခါးထောက်ပြီး
“သရဲတော့မဟုတ်ဘူးကွ၊ သရဲထက်နည်းနည်းမြင့်တယ် အစောင့်အရှောက်လိုပုံစံမျိုးပဲကွ၊ မင်းတို့ကို မကျေနပ်ဘူးထင်တယ်”
“ကျုပ်တို့ဆီမှာ ဘာအစောင့်အရှောက်မှ မရှိပါဘူးဗျာ”
“မင်းသေချာစဉ်းစားစမ်းကွာ၊ ဒီအတောအတွင်း တစ်ခုခုထူးခြားတာ ဖြစ်ခဲ့သေးသလား၊ တစ်နေရာရာကနေ အင်းတွေဘာတွေ၊ ဒါမှမဟုတ်လည်း လက်ဆောင်တွေဘာတွေ ရတာရှိခဲ့သလား”
ကျုပ်လည်း သေချာစဉ်းစားရတာပေါ့ဗျာ၊ နောက်တော့မှ လွန်ခဲ့တဲ့တစ်လလောက်က အဖြစ်ကိုပြန်သတိရသွားတယ်။
“လက်ဆောင်တစ်ခုတော့ရဖူးတယ်ဗျ၊ အဲဒါလားတော့မသိဘူး”
“ဘာလက်ဆောင်လဲကွ”
“မြိုင်သာက ကျုပ်ဘကြီးတစ်ယောက်အိမ်ကိုလာတော့ ကျုပ်တို့ကို ပန်းအိုးကလေးနဲ့ ဂမုန်းတစ်ပင်ပေးခဲ့တယ်ဗျ၊ နောက်ပြီးသူက ပြောသေးတယ်၊ အဲဒီဂမုန်းက အောက်လမ်းပယောဂကို နိုင်တယ်တဲ့၊ မင်းတို့အိမ်ကို အတိုက်ခံရတယ်လို့ ကြားလို့ ငါတကူးတက သွားပြီးတောင်းလာရတာတဲ့”
ဦးဘသာကြီးက မျက်မှောင်ကြုတ်သွားပြီးတော့
“ပြစမ်း၊ အဲဒီဂမုန်းက ဘယ်မှာလဲ”
ကျုပ်လည်းလိုက်ရှာတာပေါ့ဗျာ၊ သိပ်မရှာလိုက်ရပါဘူး၊ ရေချိုးတဲ့နားက အမေတန်းစီပြီးစိုက်ထားတဲ့ ပန်းအိုးတွေကြားမှာ တွေ့လိုက်ရတော့တာပေါ့ဗျာ။ ကျုပ်လည်း အဲဒီအပင်ကိုလက်ညှိုးထိုးပြလိုက်တယ်၊ အပင်က အစိမ်းရောင်အရွက်မကြီးမသေးလေးတွေရှိတယ်၊ အစိမ်းရောင်အရွက်တွေကြားမှာ အမွှေးရှည်ရှည်ကလေးတွေက တိုးထွက်နေပြီးတော့ အောက်ကိုလန်ကျနေတယ်။
ဦးဘသာကြီးက အဲဒီဂမုန်းပင်နားကိုသွားပြီး အပင်ကိုလက်နဲ့ကိုင်ကြည့်ဖို့လုပ်ပေမယ့် မကိုင်ဘဲ လက်ကိုရုတ်လိုက်တယ်ဗျ။
“ဟေ့ကောင်၊ မင်းပဲယူလိုက်စမ်းကွာ”
ဂမုန်းပင်က တကယ်ပဲ စုန်းပယောဂကိုနိုင်လို့ ဦးဘသာကြီး မကိုင်ရဲတာလားမသိပါဘူးဗျာ၊ ကျုပ်လည်း ဂမုန်းပင်ကို အိုးကနေကိုင်မြှောက်လိုက်တော့ ကျုပ်တစ်ကိုယ်လုံးကျောချမ်းသွားပြီး ကျုပ်ကိုယ်လုံးကို တစ်ယောက်ယောက်တက်ဖိထားသလိုမျိုးကြီးလေးလံလာတယ်။
“ဂမုန်းတွေမှာ အစောင့်အရှောက်တွေရှိတယ်ကွ၊ ဒီနေရာကို သူမကြိုက်လို့ဖြစ်မယ်၊ အိမ်ရှေ့မှာ သွားထားလိုက်၊ အိမ်မှာမထားချင်ရင်တော့ ကျွမ်းကျင်တဲ့သူကို ပေးလိုက်ပေါ့ကွာ”
ဦးဘသာကြီးပြောလို့ ကျုပ်လည်း ဂမုန်းပင်ကိုခြံအရှေ့ဘက်မှာ သွားထားလိုက်တာပေါ့ဗျာ၊ ဒါပေမယ့် အဲဒီနောက်ပိုင်းတော့ အခြောက်အလှန့်မတွေ့ရတော့ပါဘူး၊ ဦးဘသာကြီးပြောသလိုများ မှန်နေသလားပဲ၊ ကျုပ်လည်း ဒီအကြောင်းကို အဖေ့ကိုပြောလိုက်တော့တာပေါ့ဗျာ၊ အဖေကလည်း ဘာမှန်းမသိတဲ့ဂမုန်းကို သူ့ခြံထဲမှာမထားချင်ဘူးတဲ့၊ ဒါနဲ့ပဲ ကျုပ်နဲ့ကျုပ်ညီကို မြိုင်သာမြို့ကိုလွှတ်ပြီးတော့ ဂမုန်းပေးတဲ့ဘကြီးဆီကို သွားပြန်ပေးခိုင်းတာပေါ့။ ဒါနဲ့နောက်တစ်နေ့ပဲ ကျုပ်နဲ့ကျုပ်ညီနဲ့ တန်းမြင့်ရွာကို အိုးကလေးပိုက်ပြီးထွက်လာခဲ့တာပေါ့ဗျာ။
တန်းမြင့်ရွာကနေ ကားစောင့်စီးရမှာ မဟုတ်လားဗျ၊ မနက်အစောကြီးကတည်းက အိမ်ကထွက်ပြီးလာခဲ့တော့ တန်းမြင့်ရွာရောက်တော့ မနက်ကိုးနာရီလောက်ရှိပြီ၊ ပန်းအိုးကိုလည်း ကျုပ်ကိုင်သာကိုင်ထားရတယ် စိတ်ထဲက ကြောက်နေတာဗျ၊ ချလည်းမချရဲဘူး၊ တော်ကြာသူက မကြိုက်လို့ဆိုပြီး ကျုပ်ကိုနပမ်းထလုံးနေရင် ဘယ့်နှယ့်လုပ်မလဲ၊ ကားဂိတ်မှာကားစောင့်နေတုန်း တန်းမြင့်ရွာက ဆရာတော်က ကားဂိတ်ကိုရောက်လာတယ်ဗျ။ နောက်တော့ ကျုပ်တို့အနားကိုကပ်လာတယ်။
(၅)
“ဒကာလေးတို့ ဘယ်သွားမလို့လဲ”
“မြိုင်သာကိုသွားမလို့ပါဘုရား”
“လက်ထဲက ကိုင်ထားတာ ဘာပင်တုန်းဟဲ့”
“ဂမုန်းလို့တော့ပြောပါတယ်ဘုရား၊ ဘာလဲဆိုတာတော့ သေချာမသိပါဘူး”
တန်းမြင့်ကျောင်းဆရာတော်က သစ်ရွက်ကလေးတွေကို သေသေချာချာကိုင်ကြည့်တယ်၊ ပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ဗျ၊ တန်းမြင့်ကျောင်းဆရာတော်က သက်တော်၆၀ကျော်နေပြီ၊ စာလည်းအရမ်းဖတ်သလို လောကီဗဟုသုတလည်း တော်တော်စုံလင်တယ်ဗျ။
“ဒကာလေး၊ ဒီအပင်ကို ဦးဇင်းအလှူခံမယ်၊ ဦးဇင်းကိုလှူမလား”
ညီအကိုနှစ်ယောက် ဘာပြောရမှန်းမသိတော့ဘူးပေါ့ဗျာ၊ ဒါနဲ့ပဲ ဦးဇင်းကိုလှူမယ်လို့ ဆုံးဖြတ်လိုက်တယ်၊ အရေးကြီးတာက ကိုယ့်လက်ထဲ မရှိရင်ပြီးရောမဟုတ်လားဗျ၊ ကျုပ်တို့လှူလိုက်တော့ ဆရာတော်ကလက်ခံတယ်၊
“ကဲ ဒကာလေးတို့ ဦးဇင်းကျောင်းကို ပန်းအိုးလိုက်ပို့စမ်းပါ”
ဦးဇင်းအနောက်ကို ကျုပ်တို့လည်း လိုက်သွားကြတာပေါ့၊ ဦးဇင်းက ဆွမ်းထွက်ခံတာတော့မဟုတ်လောက်ဘူးဗျ၊ သပိတ်လည်းမပါဘူး၊ ခါးကနည်းနည်းကိုင်းနေတော့ တောင်ဝှေးတစ်ချောင်းကိုင်ထားသေးတယ်၊ တန်းမြင့်ရွာရဲ့ ဘုန်းကြီးကျောင်းက ရှေးဟောင်းကျောင်းကြီးဗျ၊ ကျွန်းတိုင်ချည်း အလုံးရှစ်ဆယ်ဆိုလားရှိတယ်၊ ဦးဇင်းကျောင်းပေါ်တက်သွားခါနီး ကျောင်းရှေ့နားမှာ ဥယျာဉ်ကလေးတစ်ခုရှိတယ်၊ ဦးဇင်းက ကျုပ်တို့ပန်းအိုးကို အဲဒီဥယျာဉ်ထဲက အုတ်ပေါင်ကလေးပေါ်ကိုတင်ခိုင်းတယ်၊
“လာပါဒကာလေးတို့ ဗိုက်ဆာရောပေါ့၊ ကျောင်းပေါ်တက်ပြီး ရေလေးဘာလေးသောက်သွားကြပါအုံး”
ရှေးဟောင်းကျောင်းကြီးပေါ်တက်ခဲ့တော့ ဦးဇင်းက ထိုင်ခုံတစ်ခုမှာထိုင်တယ်ဗျ၊ နောက်တော့ ကိုရင်လေးတစ်ပါးကို ကျုပ်တို့အတွက် ငှက်ပျောဖီးနဲ့ရေခွက်တွေယူလာခိုင်းတယ်၊ ရေနွေးကြမ်းအိုးလည်း ချပေးတာပေါ့။ ကျုပ်တို့ညီအကိုနှစ်ယောက်လည်း ဆာဆာနဲ့စားလိုက်တာပေါ့ဗျာ။
“ဒကာလေးတို့ယူလာတာက ဂမုန်းမှမဟုတ်တာ၊ ပမုန်းအပင်ကြီးပဲ ဒကာလေးတို့ ဘယ်ကရတာလဲ”
ကျုပ်လည်း အံ့ဩသွားတာပေါ့။
“ပမုန်းဆိုတာ တပည့်တော်တို့ တစ်ခါမှ မကြားဖူးပါဘူးဘုရား”
ဆရာတော်က ခေါင်းညိတ်တယ်ဗျ။
“အေးလေ၊ ဂမုန်းဆိုတာ ကြားဖူးတဲ့သူများပေမယ့် ပမုန်းဆိုတာ ကြားဖူးတဲ့သူနည်းတာပေါ့ကွဲ့၊ ဂမုန်းဆိုတာက ပင်စည်ပျော့ပျော့ရှိတဲ့သစ်ပျော့တစ်မျိုးကိုခေါ်တာ၊ ဂမုန်းတွေက ဥပါတဲ့အပင်တွေပေါ့ကွယ်၊ ပမုန်းဆိုတာကတော့ ဂမုန်းနဲ့ဆင်တူပေမယ့် အမွှေးအမျှင်တွေရှိတဲ့ အပင်မျိုးကွဲ့”
ဆရာတော်ပြောမှ ကျုပ်တို့အပြင်မှာ အမွှေးအရှည်ကြီးတွေပါတာကို သတိရသွားတယ်ဗျ။
“ကဝေသာရကျမ်းမှာတော့ ဂမုန်းတစ်ရာ့ကိုးမျိုးရှိတယ်လို့ဆိုထားတယ်၊ ဒါပေမယ့် ဂမုန်းကျမ်းရဲ့အလိုအရတော့ ဂမုန်းငါးဆယ့်လေးမျိုး၊ ပမုန်း ငါးဆယ့်လေးမျိုးနဲ့ စုစုပေါင်း တစ်ရာ့ရှစ်မျိုးရှိတယ်ကွဲ့၊ ဂမုန်းနဲ့ပမုန်းက နာမည်ချင်းကွဲပင်မယ့် ပမုန်းကိုလည်း ဂမုန်းအမျိုးအစားလို့ပဲ မှတ်ယူကြတယ်”
“တင်ပါ့ဘုရား”
“ဂမုန်းတွေက သစ်ပင်ဆိုပေမယ့် သာမန်သစ်ပင်တွေနဲ့မတူဘဲ ထူးခြားတဲ့စွမ်းအားတွေရှိတယ်လို့ ယုံကြည်ကြတယ်”
“တင်ပါ့ဘုရား၊ အခုလာပေးတဲ့ ဂမုန်း . . အဲ . . ပမုန်းပင်ကြီးကလည်း စုန်းနဲ့အောက်လမ်းပယောဂတွေကို နိုင်တယ်ဆိုပြီးတော့ လာပေးသွားတာပါ”
“ဦးဇင်းသိပြီးသားပါ၊ အဲဒီပမုန်းကိုတော့ ကိုယ်တော်ကြီးပမုန်းလို့ ခေါ်တယ်ကွဲ့၊ ဂမုန်းပင်တွေမှာ အစောင့်တွေရှိပြီဆိုရင် သေသေချာချာကျကျနနစိုက်ပျိုးရတယ်၊ မဟုတ်ဘဲ သာမန်အပင်လိုမျိုးမြေမှာထားပြီးတော့ ခွေးကျော်၊ ကြောင်ကျော်လုပ်ရင် ဒီအစောင့်တွေက မကြိုက်လို့ ပြန်ပြီးရန်ပြုတတ်တယ်ကွဲ့”
ဆရာတော်ပြောမှ ကျုပ်လည်းပြန်စဉ်းစားမိတယ်၊ ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်တို့ဂမုန်းထားတဲ့နေရာက မိန်းကလေးတွေရေချိုးတဲ့ဘေးနားမှာမဟုတ်လား၊ ကျုပ်မရီး သရဲခြောက်ခံရတယ်ဆိုတာကလည်း သူက ရေချိုးခန်းမှာ ဆီးသွားတာမဟုတ်လားဗျ၊ အဲဒါကိုမကြိုက်လို့နေမှာ၊ နောက်ပြီး အမေတုန်းကလည်း အသားစိမ်းငါးစိမ်းတွေ ရေဆေးနေတာမဟုတ်လား။
အမဲသားဆေးတဲ့ရေတွေဘာတွေနဲ့ပက်မိတယ်ထင်ပါ့ဗျာ၊ ညီမငယ်ဆိုပိုဆိုးသေးတယ်လေ၊ ထမီဆေးထားတဲ့ရေနဲ့ ပက်မိတာမဟုတ်လား၊ အဲ နောက်ဆုံးကျုပ်အကိုတစ်ဝမ်းကွဲ လူဆိုးကြီးကတော့ ဆီးမထိန်းနိုင်တာနဲ့ ကော့ပန်းရာကနေ ဂမုန်းအပင်ပေါ်ကို သေးစက်တွေကျသွားတယ်နေမှာပေါ့ဗျာ။ လူကလည်း လူမိုက်၊ ဘုရားမှန်းတရားမှန်းမသိတဲ့လူဆိုတော့ အစောင့်ကဝင်ပြီးလုံးတာပေါ့ဗျာ။
“ဒကာလေးတို့ကိုပြောလိုက်မယ်၊ ဂမုန်းပဲဖြစ်ဖြစ်၊ ပမုန်းပဲဖြစ်ဖြစ် စိုက်မယ်ဆိုရင် သူ့ဂမုန်းအလိုက်အစီအရင်တွေလုပ်ပြီး စိုက်ရတယ်ကွဲ့၊ ဒကာလေးတို့ အသက်ငယ်သေးတယ်ဆိုတော့ နောက်ဆို ဂမုန်းတွေဘာတွေစိုက်ဖြစ်မှာပါ၊ အဲဒီအခါကျရင် သိသွားအောင်မှတ်ထားကြ”
“ဂမုန်းတွေမှာ လာဘ်ရွှင်တဲ့ဂမုန်းတွေရှိတယ်၊ ကာယသိဒိ၊ ဓနသိဒိ၊ ပီယသိဒိရှိတဲ့ ဂမုန်းတွေရှိတယ်၊ နောက်ပြီးတော့ အမှောင့်ပယောဂ၊ စုန်း၊ ကဝေနိုင်တဲ့ ဂမုန်းတွေရှိသေးတယ်၊ နောက်တော့ သုံးဆယ့်ခုနစ်မင်းနတ်တွေနဲ့ မကောင်းဆိုးဝါးတွေကို နိုင်တဲ့ဂမုန်းတွေရှိသေးတယ်၊ နာမည်တွေကိုတော့ ဦးဇင်းမပြောပြတော့ဘူးကွယ်၊ တစ်ရာ့ရှစ်မျိုးတောင်ရှိတာမဟုတ်လား”
“အရေးကြီးတာက ဘာဂမုန်းပဲစိုက်စိုက် ဂမုန်းတွေရဲ့အစွမ်းကိုပွင့်သွားအောင်လို့ အဟိန်းဂါထာကို ရွတ်ပြီးစိုက်ရတယ်ကွဲ့”
“တင်ပါ့ဘုရား၊ အဟိန်းဂါထာကို ချီးမြှင့်တော်မူပါ”
ဆရာတော်က ကျုပ်ကိုစာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်းပေးတယ်၊ ကျုပ်လည်း ဆရာတော်ခေါ်တာ လိုက်ရေးရတာပေါ့ဗျာ၊ ဆရာတော်က ဂါထာတစ်ပုဒ်ကို အသံထွက်ရော အရေးအသားပါ ချပေးတယ်ဗျ။ (စာရှည်မည်စိုးသဖြင့် မဖော်ပြပေးတော့ပါ စိတ်ပါဝင်စားသူများအတွက် ထိုအကြောင်းအရာကို သီးသန့်ဖော်ပြပေးပါမည်)
“အဲဒီဂါထာကိုရွတ်ပြီး စိုက်ရတယ်၊ နောက်ပြီး နေ့တိုင်း နတ်ချစ်လာဘ်ပွင့် ဂါထာကို ခုနစ်ခေါက်ရွတ်ဖတ်ပြီး ဂမုန်းပင်ကိုလောင်းပေးရတယ်၊ ဒါမှ ဂမုန်းပင်က အစွမ်းထက်ပြီး ဆေးစွမ်းပြတယ်”
“တင်ပါ့ဘုရား တပည့်တော်တို့ မသိတာတွေ သိခဲ့ရလို့ ကျေးဇူးအထူးတင်ပါတယ်ဘုရား”
“အေးကွယ့်၊ ဂမုန်းတွေက ဆန်းကြယ်တယ်ဆိုတော့ သေသေချာချာအကြောင်းသိမှ စိုက်သင့်တယ်၊ တချို့ ဂမုန်းတွေက အဖို၊ အမ တွဲစိုက်ရတာမျိုးရှိတယ်၊ ဟင်္သာဂမုန်းလိုမျိုးဆိုရင် အဖိုအမတွဲစိုက်ရတာ၊ တစ်ပင်တည်းစိုက်ရင် အိမ်ခိုက်တယ်၊ နောက်ပြီး ဒေါင်းဂမုန်းဆိုရင်လည်း အဲဒီအတိုင်းပဲ၊ တချို့ ဂမုန်းကျတော့ တွဲမစိုက်အပ်တာရှိတယ်၊ တစ်မျိုးနဲ့တစ်မျိုး မတည့်တာရှိတယ်၊ အရမ်းစွမ်းတဲ့ ဂမုန်းတွေ၊ သုံးဆယ့်ခုနစ်မင်းနတ်တွေကို နိုင်တဲ့ဂမုန်းတွေကိုစိုက်ရင် နတ်ကိုးကွယ်တဲ့သူဆို သူတို့ရိုးရာနတ်တွေက သူတို့ကိုပြန်ပြီး ရန်ပြုတတ်တယ်တဲ့ကွယ်၊ ဒါကြောင့် သတိထားပြီးလုပ်ကြဖို့ပေါ့”
“သူများက စီးပွားတက်တယ်၊ လာဘ်ပွင့်တယ်ဆိုတိုင်း လိုက်စိုက်ပြီး သေသေချာချာမပြုစုနိုင်ရင်၊ ဂမုန်းကိုအသက်မသွင်းနိုင်ရင် အဲဒီဂမုန်းဟာ သာမန်မြက်ပင်နဲ့ဘာမှမထူးဘဲ ဒီအတိုင်းပဲပေါ့ကွယ်၊ အရမ်းစွမ်းတဲ့ အစောင့်အရှောက်ရှိတဲ့ ဂမုန်းတွေဆိုရင်တော့ ဒကာလေးတို့ဖြစ်သလိုမျိုး ဖြစ်တတ်တာပေါ့”
ဆရာတော်စကားကြားတော့ ကျုပ်ဖြင့် မျက်လုံးပါပြူးသွားတယ်၊ ဆရာတော်ကို ကျုပ်တို့ကြုံနေတဲ့အကြောင်းကို တစ်ခါမှ မပြောဖူးဘူးလေ၊ ဆရာတော်က ဘယ်လိုလုပ်ပြီးသိနေသလဲပေါ့။
“ဆရာတော်က တပည့်တော်တို့အကြောင်းကို ဘယ်လိုလုပ်ပြီး သိနေတာပါလဲဘုရား”
“ဒကာလေးတို့ယုံချင်မှယုံမယ်၊ ကိုယ်တော်ကြီးပမုန်းက အစောင့်က အစွမ်းထက်တဲ့အစောင့်ပဲ၊ မနေ့ညက ဦးဇင်းဆီကို အိပ်မက်လာပေးတယ်၊ ဒကာလေးတို့နှစ်ယောက် သူ့ကိုသယ်လာပြီး မြို့ကိုပြန်ပေးကြမယ်တဲ့၊ သူက ဦးဇင်းဆီမှာနေချင်တယ်၊ ဦးဇင်းက သူတို့ဆီကနေအလှူခံပါလို့ပြောတယ်၊ ဒါနဲ့ပဲ ဦးဇင်းက ဒကာလေးတို့ကိုစောင့်နေတာပေါ့”
“ဒကာလေးတို့နှစ်ယောက် ကျောင်းရှေ့ကဖြတ်တော့ ဦးဇင်းကို သူကအသံပေးတယ်၊ ဒါနဲ့ ဦးဇင်းလဲ တောင်ဝှေးနဲ့ဒကာလေးတို့အနောက်ကိုလိုက်ခဲ့ရတာပေါ့”
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ၊ တန်းမြင့်ဆရာတော် စွမ်းတယ်လို့တော့ အများကပြောကြပေမယ့် အဲဒီတစ်ခါတော့ ကျုပ်ကိုယ်တိုင်မှတ်မှတ်ရရကြုံဖူးတာပါဗျာ၊ အချိန်လည်း လင့်နေပြီဆိုတော့ ဆရာတော်တို့ ဆွမ်းစားဖို့အချိန်ရောက်ပြီမဟုတ်လား၊ ကျုပ်တို့နှစ်ယောက်လည်း ဆရာတော်ကို ဦးချပြီး ထထွက်လာခဲ့တာပေါ့။
ဂမုန်းအဟိန်းဂါထာနှင့် နတ်ချစ်လာဘ်ပွင့်ဂါထာကို ရေးပြီးတော့ အဲဒီစာရွက်ကလေးကို ဖြဲယူခဲ့တာပေါ့ဗျာ၊ ကျုပ်တို့ကိုတော့ ဆရာတော်က ကိုယ်မသိတဲ့ဂမုန်းတွေစိုက်မယ်ဆိုရင် သိတဲ့လူတွေကို သေသေချာချာမေးပြီးမှ စိုက်ဖို့ ပြောလိုက်တာပေါ့ဗျာ၊ ကျုပ်တို့လည်း တာဝန်ပြီးသွားတော့ ပုခုံးတောင်အတော်ပေါ့သွားတာပဲဗျာ၊ ဒါနဲ့ရွာကိုပြန်လာခဲ့တော့တာပေါ့။
ကျုပ်တို့အဖြစ်က ကောင်းတဲ့ပုဂိုလ်ကို အိမ်ခေါ်ထားပြီး သူမကြိုက်တာတွေချည်းလုပ်နေတာဆိုတော့ သူလည်းတော်တော်ဒေါသထွက်မှာပေါ့ဗျာ၊ ကျုပ်တစ်သက်မှာ ကိုယ်တွေ့ပါပဲဗျာ၊ အခုကျုပ်တို့အိမ်မှာ ဂမုန်းတွေတော်တော်များများရှိတယ်၊ ကျုပ်မိန်းမက စိုက်ပျိုးရေးဝါသနာပါတယ်ဆိုတော့ ကျုပ်ဆရာတော်ဆီကရလာတဲ့ အဟိန်းဂါထာနဲ့ နတ်ချစ်ဂါထာကိုအမြဲရွတ်ပြီး ရေလောင်းပေးဖြစ်တော့တာပါပဲဗျာ၊
ကဲ ဒီနေ့တော့တော်ပြီဗျာ၊ ဦးဘသာကြီးအကြောင်းတော့ သိပ်မပါပေမယ့် သူကြည့်ပေးလို့ အဆင်ပြေသွားတာမဟုတ်လား၊ နောက်ပြီး ခင်ဗျားတို့ကိုလည်း ဗဟုသုတရစေချင်လို့ ကျုပ်ပြောဖြစ်တာပါဗျာ၊
ပြီးပါပြီ။
(ဂမုန်းနှင့်ပမုန်းအကြောင်းကို ဆရာဂမုန်းချစ်ဆောင်းပါးများမှ ကိုးကားပါသည်၊ ဆရာ့အားလည်း အစဉ်လေးစား ဦးထိပ်တင်လျှက်ပါခင်ဗျ)