စာစဉ် (၃၁)
(၁)
ဆပ်ပြာလို့ပြောလိုက်ရင် အခုခေတ်လူငယ်တွေအတွက်တော့ ရေချိုးရင်သုံးတဲ့ ဆပ်ပြာအမွှေးခဲလား၊ ဒါမှမဟုတ် ဆပ်ပြာဆီလား၊ ဆပ်ပြာခရင်မ်လား၊ အနံ့မွှေးမွှေးနဲ့ ဆပ်ပြာမှုန့်တွေလားလို့ ထင်ကြလိမ့်မယ်ဗျ၊ ဆပ်ပြာပွင့်တယ်လို့ပြောလိုက်ရင် ပိုပြီးထူးဆန်းကုန်ကြတာ၊ မြို့ကလူတွေမပြောနဲ့ ကျုပ်တို့ရွာက နောက်ပေါက်တဲ့လူငယ်တွေတောင်မှ ဆပ်ပြာပွင့်တာကို မသိကြဘူးဗျာ။
ကျုပ်တို့ခေတ်က ဆပ်ပြာဆိုတာ သိပ်ရှားတာဗျ၊ ရေချိုးတဲ့အခါ အမွှေးနံ့ပါတဲ့ ကိုယ်တိုက်ဆပ်ပြာကို တိုက်နိုင်တဲ့လူက သူဌေးပဲဗျို့၊ ကျုပ်တို့ငယ်ငယ်က ရွှေဝါလို့ခေါ်ကြတဲ့ ဆပ်ပြာဝါဝါကြီးက ကျုပ်တို့အတွက်အကောင်းဆုံးဆပ်ပြာပဲ၊ ဒီထက်နိမ့်တာကတော့ ဆင်ချေးတုံးဆပ်ပြာဆိုတဲ့ မည်းမည်းအတုံးကြီးတွေရှိတယ်၊ ကင်ပွန်းသီးတို့၊ ရှမ်းပြည်ဘက်တော့ ဆပ်ပြာသီးလို့ခေါ်တဲ့ အသီးတွေနဲ့လုပ်တဲ့ ဆပ်ပြာတွေရှိတယ်၊ နောက်ပြီး ကျုပ်တို့အညာဖက်တော့ အသုံးများတာ သဲဆပ်ပြာပေါ့ဗျာ။
သဲဆပ်ပြာဆိုတာ ချောင်းရိုးမြောင်းရိုးကလေးတွေထဲ ဆပ်ပြာမြေရှိတယ်ဆိုရင် မိုးအကုန် ဆောင်းအကူး ချောင်းရေတွေကျသွားတဲ့အခါ သဲပြင်မှာ ဆပ်ပြာတွေပွင့်ထွက်လာတာကို ခေါ်တာဗျ၊ သဲမှုန်တွေကြားမှာ ဆပ်ပြာဖြူဖြူတွေပွင့်လာတာပေါ့ဗျာ၊ ဆောင်းလယ်၊ ဆောင်းနှောင်းလောက်ဆို နေပူရှိန်ပြင်းလာပြီဆိုတော့ ဆပ်ပြာတွေလှိုင်လှိုင်ပွင့်ပြီပေါ့၊ နွေဆိုရင်တော့ ဆပ်ပြာကျင်းတွေထဲ ဖွေးဖွေးလှုပ်နေအောင်ကိုပွင့်တာဗျ၊ အဲဒီအချိန်ကို ဆပ်ပြာပွင့်ချိန်လို့ ခေါ်တာပေါ့ဗျာ။
(၂)
“ဦးဘသာကြီး ဆပ်ပြာတိုက်မလို့ လိုက်အုံးမလားဗျ”
ကျုပ်လှည်းတစ်စီးနဲ့ ဦးဘသာအိမ်ရှေ့မှာအော်လိုက်တော့ ဦးဘသာက အိမ်ထဲကနေပြန်အော်တယ်။
“အောင်မာ မင်းဆပ်ပြာတိုက်တာကိုများ ငါကလိုက်ကြည့်ရအုံးမှာလားကွ”
“ဟာ၊ မဟုတ်ပါဘူးဗျ၊ တောင်ကျချောင်းလေးထဲ ဆပ်ပြာတွေလှိုင်လှိုင်ပွင့်နေပြီလေဗျ၊ ကျုပ်တို့အိမ်အတွက် သဲဆပ်ပြာသွားသယ်ပြီး တိုက်မယ်လို့ အဲဒါကိုပြောတာ”
“အေးအေး၊ လိုက်မယ်ဟေ့၊ ငါလည်း သဲဆပ်ပြာကျုံးချင်နေတာနဲ့အတော်ပဲ”
ဦးဘသာကြီးက ရေထမ်းတဲ့သံပုံးကြီးရယ်၊ နောက်ပြီး စောက်နက်နက်တောင်းကြီးတစ်လုံးရယ်ပိုက်လို့ ခြံထဲကထွက်လာတယ်ဗျ၊ နောက်တော့ ကျုပ်တို့လှည်းပေါ်တက်လိုက်လာတယ်၊ လှည်းပေါ်မှာက ကျုပ်ရယ်၊ အငယ်ကောင်ရယ်ပဲ ပါတာပါ၊ ဦးဘသာကြီးတက်ပြီးတော့ ကျုပ်တို့လည်းရွာပြင်ကို လှည်းမောင်းပြီးထွက်လာတာပေါ့ဗျာ။
တောင်ကျချောင်းဆိုတာက ကျုပ်တို့ရွာနဲ့ ခပ်လှမ်းလှမ်းဗျ၊ တောင်ကုန်းကလေးတစ်ခုရဲ့အဆင်း ခင်တန်းကလေးထဲမှာရှိတာ၊ ကျုပ်တို့ရွာကနေဆိုရင် တစ်နာရီသာသာလောက်မောင်းရတယ်၊ လမ်းကလည်းမတွင်တော့ ကွင်းထဲဖြတ်မောင်းရတာပေါ့ဗျာ၊ တောင်ကျချောင်းဆိုတော့ ကျောက်တုံးကျောက်ဖျာကြီးတွေနဲ့ သဲမြေတွေနဲ့ ရောနေတာပေါ့၊ ကျုပ်တို့ စကားစမြည်ပြောပြီး သွားကြရင်း ခင်တန်းကလေးဆီကို ရောက်မှန်းမသိအောင် ရောက်လာခဲ့တာပေါ့ဗျာ။
“ဟိုမှာဟေ့၊ ဟိုဘက်ကျင်းမှာ ဆပ်ပြာတွေဟ”
ဦးဘသာကြီးက စမ်းချောင်းတစ်နေရာကို လက်ညှိုးထိုးပြတယ်ဗျ၊ ဆပ်ပြာတွေပွင့်တာ ဖွေးလို့ဗျာ။
“အသာနေစမ်းပါ ဦးဘသာရယ်၊ ကျုပ်တို့ တွေ့ထားတဲ့ကျင်းက ပိုပြီးဆပ်ပြာကောင်းတယ်ဗျ”
ကျုပ်တို့လှည်းကို ချောင်းစပ်နားမှာရပ်ထားလိုက်တယ်၊ ချောင်းက ရေလုံးလုံးမရှိတော့ပါဘူးဗျာ၊ တစ်ချို့ ကျောက်ကြိုကျောက်ကြား နေရာကလေးတွေမှာတော့ ရေအိုင်ကလေးတွေ ဖြစ်နေသေးတယ်၊ စမ်းချောင်းရေနက်ပိုင်းတွေမှာတော့ ရေကဒူးလောက်နီးပါးရှိသေးတယ်ဗျ။ ကျုပ်လှည်း ရေထမ်းပုံးအလွတ်နှစ်လုံးကို ထမ်းပိုးနဲ့ထမ်းပြီး ချောင်းရိုးအတိုင်းဆင်းလာတာပေါ့ဗျာ၊ ဦးဘသာကြီးနဲ့ အငယ်ကောင်ကလည်း ထည့်စရာကိုယ်စီနဲ့လိုက်လာကြတာပေါ့။
ချောင်းရိုးထဲက ကျောက်တုံးကျောက်ဖျာတွေမှာဆိုရင်လည်း ဆပ်ပြာတွေပွင့်ပြီး ဖွေးနေတာပဲဗျ၊ သဲတွေပေါ်မှာဆိုရင်လည်း ဆပ်ပြာတွေ ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်နဲ့ ပွင့်နေတော့တာ၊ ချောင်းရိုးကလေးအတိုင်း ဆက်လျှောက်လာပြီး ချောင်းကမ်းပါးနက်တဲ့နေရာကိုရောက်တော့ ဖြူဖွေးနေတဲ့ ဆပ်ပြာကျင်းကို တွေ့ရပါပြီဗျာ။ မျက်စိတစ်ဆုံး ဖြူဖွေးနေတဲ့ ဆပ်ပြာပွင့်တွေကိုကြည့်ပြီး ကျုပ်ပြုံးလိုက်တယ်ဗျ၊ ဦးဘသာကြီးလည်း အံ့ဩသွားပုံရတယ်။
“အေးကွ၊ ဒီကျင်းက အတော်ထွက်တာပဲ”
ကျုပ်တို့ကိုယ်စီ ချောင်းထဲကိုဆင်းပြီးတော့ ဆပ်ပြာကျုံးကြတာပေါ့ဗျာ၊ ဆပ်ပြာပွင့်တွေကို သဲတွေပေါ်ကနေ အသာရှပ်ပြီး ကျုံးယူရတာဗျ၊ ဆပ်ပြာကျင်းက ကောင်းလွန်းလို့ ကျုပ်ထမ်းလာတဲ့ပုံးကြီးနှစ်လုံးကို ခဏလေးကျုံးယူရတာ၊ ဦးဘသာကြီးကလည်း ဆပ်ပြာတွေကျုံးနေတာပေါ့ဗျာ၊ ဆပ်ပြာတွေက ချောင်းရိုးတစ်လျှောက် ပွင့်တယ်ဆိုပေမယ့် ဆပ်ပြာတွေစုဝေးပြီးပွင့်နေတဲ့နေရာကိုတော့ ဆပ်ပြာကျင်းလို့ ခေါ်ကြတယ်ဗျ၊ အချို့ရွာတွေဆို သဲဆပ်ပြာအထွက်များတဲ့ ကျင်းတွေနားမှာရှိလို့ ရွာနာမည်ပျောက်ပြီး ဆပ်ပြာကျင်းရွာဆိုပြီးတော့တောင် နာမည်တွင်ကုန်ကြတယ်တဲ့ဗျာ။
ကျုပ်တို့ဆပ်ပြာကျုံးနေတုန်း ချောင်းရိုးအထက်ဘက်ကနေပြီး တဝေါဝေါနဲ့အသံတွေကြားရတယ်ဗျ၊ အငယ်ကောင်နဲ့ကျုပ်လည်း ထူးဆန်းတာနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တာပေါ့၊ ဦးဘသာကလည်း အသံကြားတဲ့နေရာကိုကြည့်နေတယ်။
“ဦးဘသာ၊ တောင်ကျရေတွေ ဆင်းလာတာလား”
“ပေါက်ပေါက်ရှာရှာကွာ၊ မိုးမှမရွာဘဲ ရေကဘယ်ဆင်းမှာလဲကွ”
ကြားနေရတဲ့အသံကတော့ ချောင်းရိုးအတိုင်းရေတွေအလုံးလိုက်အထွေးလိုက် ဆင်းလာတဲ့အသံမျိုးဗျာ၊ တဖြည်းဖြည်းနဲ့ ကျုပ်တို့နဲ့နီးလာတော့ ကျုပ်တို့လန့်နေပြီပေါ့ဗျာ။ နောက်တော့ ကျုပ်တို့အနားကို အသံကြီးက ရောက်လာတယ်ဗျ။ ကျုပ်တို့ထူးဆန်းပြီးကြည့်နေတုန်း ကျုပ်တို့မြင်လိုက်ရတာ သရဲကြီးတစ်ကောင်ဗျ။
ကိုယ်လုံးကြီးက တော်တော်ကြီးပြီး ဖြူဖြူကြီးဗျာ၊ မသိရင် မျောက်ဝံအဖြူကြီးလိုပဲ၊ အရပ်ကလည်းတော်တော်ရှည်ပြီး ခြေတံလက်တံရှည်နဲ့ ဂလန်ဂလားကြီးဗျို့၊ ချောင်းကမ်းပါးကနေလျှောက်သွားရင်း ချောင်းရိုးနံဘေးက ချုံပင်တွေကို လက်နဲ့ရှပ်တိုက်သွားတော့ ချုံပင်တွေက တဝေါဝေါနဲ့ လှုပ်ခါနေတာပေါ့ဗျာ၊ ချောင်းကမ်းပါးက လူတစ်ရပ်မကမြင့်တာဆိုတော့ ကျုပ်တို့အပေါ်ကနေ ကျော်သွားတာပေါ့။
“ဘာ . . ဘာကောင်ကြီးလဲ”
အငယ်ကောင်က တော်တော်ကြောက်နေပြီဗျ၊ ကျုပ်လည်း ကြောက်စိတ်ကိုထိန်းထားပေမယ့် တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထနေပြီး တစ်ချက်တစ်ချက် တုန်တုန်တက်သွားသေးသဗျ၊
“သဘက်ကြီးဖြစ်မယ်ကွ၊ နေ့ခင်းကြောင်တောင်ကြီးတောင် သွားလာနိုင်တာ အံ့ပါရဲ့ကွာ”
ကျုပ်တို့လည်း သဲဆပ်ပြာတောင်းတွေထမ်းပြီး လှည်းဆီကိုပြန်လာခဲ့ကြတာပေါ့ဗျာ၊ ကျုပ်တို့ပြန်လာရင်း ကျုပ်တို့ကျောဘက်မှာ ခုနကလို တဝေါဝေါနဲ့အသံကြားပါရောဗျာ၊ ကျုပ်တို့လှည့်ကြည့်လိုက်တော့ ဆပ်ပြာကျင်းတွေဆီကနေ ကျုပ်တို့ဆီကို ဒီကောင်ကြီးက ပြေးလိုက်လာတာဗျ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ပြေးတော့တာပေါ့ဗျာ၊ ကျုပ်ညီကလည်း နှစ်ခါမတိုင်ပင်ရပါဘူး၊ ကျုပ်တို့နှစ်ယောက် ခပ်သွက်သွက်ပြေးတော့ အနောက်မှာ ဦးဘသာကြီးက ကျန်နေခဲ့တယ်ဗျ။
ဒီကောင်ကြီးက ကျုပ်တို့ကိုစိတ်ဆိုးနေတဲ့ ပုံပဲဗျ၊ ကျုပ်တို့ဆီကို မျက်နှာဆိုးကြီးနဲ့ပြေးလာတာ၊ ဦးဘသာကြီးက လက်ထဲကတောင်းကိုချလိုက်ပြီးတော့ ဒီကောင်ကြီးကို လက်ဝါးနဲ့ကာလိုက်တယ်။
“ဟေ့ကောင်ရပ်စမ်း၊ ရှေ့တိုးမလာနဲ့”
ဦးဘသာကြီးအော်လိုက်တာနဲ့ ဒီအကောင်ကြီးက ရပ်တန့်သွားတာဗျ၊ တစ်ကိုယ်လုံးလည်း အမွှေးဖြူဖြူကြီးတွေက ဖုံးနေတာကလား၊ မျက်နှာကြီးကတော့ မည်းလို့ဗျ၊ ခင်ဗျားတို့မျက်လုံးထဲမြင်အောင်ပြောရရင်တော့ ဂေါ်ရီလာမျောက်ဝံ ဖြူဖြူကြီးတစ်ကောင်လိုပါပဲဗျာ၊ ဒီကောင်ကြီးက မကျေနပ်လို့ သူ့ရင်ဘတ်ကိုသူ လက်သီးနဲ့တဝုန်းဝုန်းထုပြီးတော့ ရန်မူနေသေးတယ်ဗျာ။
“ဟေ့၊ ငါတို့ဖာသာ ဆပ်ပြာလာကျုံးတာကွ၊ မင်းနယ်မြေဆိုပေမယ့် ဒီဆပ်ပြာတွေက မင်းလည်းသုံးလို့ရတာမဟုတ်ဘူး၊ ငါတို့ကိုလာမနှောင့်ယှက်နဲ့၊ မဟုတ်ရင် ငါ့အကြောင်းသိသွားမယ်”
ဦးဘသာက ပြေရာပြေကြောင်း ပြောပေမယ့် ဒီကောင်ကြီးက နောက်မဆုတ်တဲ့အပြင် အရှေ့ကိုခုန်တိုးလာတာဗျ၊ ဒါနဲ့ ဦးဘသာကြီးက ချောင်းထဲက သဲလက်တစ်ဆုပ်ကောက်ပြီးတော့ ဒီကောင်ကြီးကို ပက်တော့တာပဲဗျာ၊ ဒီကောင်ကြီးလည်း သဲမှုန်တွေထိတော့ အော်ဟစ်ပြီးတော့ ပြန်လှည့်ပြေးဆင်းသွားပါရောဗျာ။ ဒီတော့မှ ဦးဘသာကြီးက ဆပ်ပြာတောင်းကြီးထမ်းပြီး အေးအေးလူလူပဲ လျှောက်လာတယ်။
“သွားပြီ၊ ဒီကောင်က ငါတို့ကို စနောက်ပြီး ခြောက်လှန့်ထုတ်ချင်တာကွ”
ကျုပ်နဲ့ဦးဘသာကြီးလည်း လှည်းဆီကိုလာခဲ့တာပေါ့ဗျာ၊ အငယ်ကောင်က လှည်းပေါ်တက်ပြီးနေပြီ၊ လှည်းကိုမောင်းဖို့အသင့်ဖြစ်နေပြီဗျ။
“သွားကြရအောင်ဗျာ”
“အောင်မာ၊ ဟိုကောင်ကြီးမရှိတော့ပါဘူးအငယ်ကောင်ရ၊ ဦးဘသာကြီးမောင်းထုတ်လိုက်လို့သွားပါပြီ”
“ကျုံးပြီးရင်လည်း ပြန်ရကြအောင်ဟေ့”
ဦးဘသာကြီးက လှည်းပေါ်တက်ထိုင်တယ်၊ ကျုပ်ကတော့ ပေကပ်နေသေးတယ်ဗျ၊
“ရွာကလူတွေလည်း သဲဆပ်ပြာသိပ်ကြိုက်တယ်မဟုတ်လား၊ ကျုပ်ရောက်တုန်းရောက်ခိုက် လှည်းတစ်စီးလောက် တိုက်သွားချင်တယ်ဗျာ၊ ရွာရောက်တော့ သဲဆပ်ပြာရောင်းစားရတာပေါ့”
ဦးဘသာကြီးက ပြုံးရင်း
“အံမယ်၊ အလတ်ကောင်၊ မင်းက သူဌေးဖြစ်ကြံနေသေးတာကိုးကွ”
“ဟုတ်ပအကိုလတ်ရာ၊ ခုနက အကောင်ကြီးကိုမကြောက်ဘူးလား”
အငယ်ကောင်ကလည်း ဝင်ထောက်တယ်ဗျ၊ ကျုပ်လည်း ပြုံးဖြီးဖြီးနဲ့
“အဲ့အကောင်ကြီးက သွားပါပြီကွာ၊ နောက်ပြီး ငါတို့လည်း ဘာမှကြောက်စရာမလိုပါဘူးကွ၊ ဦးဘသာကြီးတစ်ယောက်လုံးပါတယ်မဟုတ်လား”
ကျုပ်က ဦးဘသာကြီးကိုကြည့်ပြီးပြောလိုက်တော့ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးတယ်။
“အော်၊ ဒီတော့ မင်းက ငါ့ကိုအကြံနဲ့ခေါ်လာတာပေါ့လေ”
“ရောက်တုန်းရောက်ခိုက်ပေါ့၊ ဦးဘသာရယ်၊ လာပါဗျ၊ လှည်းကလည်းအလွတ်ကြီးရှိသေးတာ”
အငယ်ကောင်က မလိုက်ချင်ဘူးဗျ၊ ကျုပ်လည်း ဦးဘသာကြီးကိုပါ ချောဆွဲပြီးတော့ သဲဆပ်ပြာကျင်းက ဆပ်ပြာတွေကို အခေါက်ခေါက်သွားတိုက်ကြတာပေါ့ဗျာ၊ ကျုပ်တို့ပြန်လာတော့ မွန်းလွဲနေပြီ၊ ခုနက အဖြူကောင်ကြီးကိုတော့ အရိပ်တောင်မတွေ့ရတော့ပါဘူးဗျာ၊
အမှန်တော့ ဦးဘသာကြီးပြောသလို ကျုပ်ကလည်းအကြံနဲ့ကောင်ဗျ၊ ဒီဆပ်ပြာကျင်းကို ရွာက နွားကျောင်းသားလေးတွေ တွေ့ပြီး တစ်ခေါက်သယ်ပြီးပြီ၊ ဒီကောင်တွေကို သရဲကြီးတစ်ကောင်ခြောက်လှန့်လိုက်တယ်ဆိုတာနဲ့ ရွာကလူတွေ လာမသယ်ရဲကြတာဗျို့၊ ကျုပ်ကတော့ သရဲမကြောက်ပေါင်ဗျာ၊ ဒါကြောင့်လည်း ဦးဘသာကြီးကို ရအောင် အပါခေါ်ခဲ့တာပေါ့ဗျ၊ ဟား၊ ဟား။
(၃)
ရွာပြန်ရောက်တယ်ဆိုရင်ပဲ အမေ့အတွက် သဲဆပ်ပြာကောင်းကောင်းကို စဉ့်အိုးကြီးနဲ့ တစ်အိုးခပ်ထားပေးလိုက်တယ်ဗျာ၊ ဒါဆိုရင် ဒီနွေနဲ့ မိုးတွင်းတစ်တွင်းလောက်တော့ သုံးပါလိမ့်ပဲ၊ ကျုပ်တို့ဆီမှာတော့ အချောထည်လို့ခေါ်တဲ့ ပွဲနေပွဲထိုင်ဝတ်တဲ့အဝတ်အစားတွေ၊ နောက်ပြီးအပြင်သွားရင်ဝတ်တဲ့ဝတ်ကောင်းစားလှတွေကိုသာ ဆပ်ပြာတုံးနဲ့လျှော်တယ်ဆိုပေမယ့် အကြမ်းဝတ်လို့ခေါ်တဲ့ အဝတ်အစားတွေ၊ အိမ်နေအဝတ်အစားတွေကိုတော့ သဲဆပ်ပြာနဲ့ပဲလျှော်ကြတာဗျ၊ ရေမချိုးခင် ကိုယ်ဝတ်ထားတဲ့အဝတ်အစားကို ရေစွတ်ပြီး သဲဆပ်ပြာနည်းနည်းဖြူးထားလိုက်ဗျာ၊ ရေချိုးပြီးတော့ ကျောက်ပြားမှာ အဲဒီအဝတ်ကိုရိုက်ပြီးလျှော်ရင် ဂျီးတွေကျွတ်ကျလာတာဗျာ၊ ခုခေတ်ဆပ်ပြာမှုန့်တောင် အဲဒီလိုဂျီးမကျွတ်ဘူးဗျ။ အိမ်မှာကလူများတော့ လူတိုင်းလိုလို သဲဆပ်ပြာပဲသုံးကြတာ၊ သဲဆပ်ပြာလက်တစ်ဆုပ်ဆိုရင် အဝတ်လေးငါးထည် လျှော်လို့လောက်တယ်ဗျ၊ သဲဆပ်ပြာများရင်လည်း လက်တွေပေါက်တယ်၊ သင့်သလောက်ထည့်လျှော်ရတာပေါ့ဗျာ။
အိမ်အတွက်ဖူလုံသွားပြီဆိုတော့ ဦးဘသာကြီးကလည်း သဲဆပ်ပြာတစ်တောင်းကြီး ထမ်းချသွားတယ်ဗျ၊ ကျုပ်လည်းအံ့ဩနေတာပေါ့ဗျာ။
“ဦးဘသာကြီးက လူတစ်ယောက်တည်းနေပြီးတော့များ ဘာလို့သဲဆပ်ပြာတွေ တော်တော်ကျုံးတာလဲဗျ”
“ဟကောင်ရ၊ သဲဆပ်ပြာဆိုတာ အဝတ်လျှော်ရုံတင်မဟုတ်ဘူးဟ၊ တို့နွားတွေ ရေတိုက်ရင် သဲဆပ်ပြာလေးနည်းနည်းတိုက်ပေးရတယ်၊ ဒါဆို အစာကြေတယ်၊ ရင်ချောင်တယ်ပေါ့ကွာ၊ နောက်ပြီးနွားတွေလည်းအစာတော်တော်စားတယ်ကွ၊ နွားတွေမှာ အရေပြားရောဂါတွေဖြစ်ရင် သဲဆပ်ပြာကေိုရေနဲ့ဖျော်ပြီးလိမ်းပေးရင် ပျောက်တယ်ကွ”
ဦးဘသာပြောမှကျုပ်တို့လည်းကြားဖူးတာဗျ၊ သူပြောတာလည်းဟုတ်မှာပေါ့ဗျာ၊ သူက နွားစပါယ်ရှယ်လစ်မဟုတ်လား။
ကျုပ်တို့အိမ်မယ် သဲဆပ်ပြာတွေရောက်တယ်ဆိုရင်ပဲ တစ်ရွာလုံးကလူတွေရောက်လာကြတာဗျ၊ ဆပ်ပြာလာကျုံးတာပေါ့ဗျာ။
“ဟဲ့အလတ်ကောင် ငါ့လည်း တစ်တင်းလောက်ပေးစမ်းပါအေ”
“ရမယ် အရီးလေး၊ ဒါပေမယ့် အလကားတော့မရဘူးနော်”
“နင်ကလည်း တွက်ကပ်နေပြန်ပါပြီ၊ နင်တို့ကျတော့ အလကားသွားပြီးကျုံးလာတာမဟုတ်လား”
“အောင်မယ်၊ အရီးလေးက ပြောဆိုနေပြန်ပြီ၊ အရီးလေးလည်း အလကားလိုချင်ရင် ကိုယ့်ဖာသာကိုယ် သွားကျုံးပါလားဗျ၊ ကျုပ်တို့ဆီကတော့ အလကားမရဘူး”
“အေးပါဟယ်၊ နင်တော့ စီးပွားရေးသောင်းကျန်းလိုက်တာ၊ သူဌေးဖြစ်နောက်ကျနေအုံးမယ် ဟဲ့”
အရီးလေးက သဲဆပ်ပြာတစ်တင်းအတွက် ငှက်ပျောသီး တစ်ဖီးပေးသွားတယ်ဗျ၊ သဲဆပ်ပြာဆိုတာ အလကားရတာဆိုတော့ ပိုက်ဆံပေးဝယ်တဲ့လူရှားတယ်ဗျ၊ အခုလိုပဲ ဟိုဟာနဲ့လဲစား၊ ဒီဟာနဲ့လဲစားပေါ့ဗျာ၊ ကျုပ်တို့ကလည်း အလကားရလာတာဆိုတော့ ဘာရရမြတ်နေပြီမဟုတ်လားဗျ၊ ဒီလိုနဲ့ ဆွေမျိုးတွေထဲကပဲ သဲဆပ်ပြာလာကျုံးကြတာ ကျုပ်တို့အိမ်မယ် သရက်သီးတွေ၊ ငှက်ပျောသီးတွေ၊ နောက်ငါးပိ၊ ငါးခြောက်၊ ဆန်တွေ၊ ဆီတွေ ပုံလို့ဗျ၊ ကျုပ်စီးပွားရေးအလုပ်ကောင်းတာကြောင့်ပေါ့ဗျာ၊ ရွာကလူတွေကလည်း သဲဆပ်ပြာတအားကြိုက်တာဗျ၊ ဒါပေမယ့် ကိုယ်တိုင်လည်း သွားမကျုံးဝင့်ကြဘူးလေ၊ သွားကျုံးတဲ့လူတွေကိုလည်း သရဲကြီးက တအားခြောက်လွှတ်တာကိုးဗျ။
“ငါ့ကိုခြောက်တင်းလောက်ပေးစမ်းပါကွာ၊ အစိတ်ပေးမယ်”
“ဟ ဦးထူးက လောဘတက်လှချည်လား၊ ဘာလဲခင်ဗျားက ကျုပ်ဆီကဝယ်ပြီး သူများကိုပြန်ရောင်းမလို့လား”
“မဟုတ်ပါဘူးကွာ၊ ငါ့အိမ်သစ်ဆောက်တော့မှာမလို့ကွ၊ အိမ်ကာမယ့်ထရံတွေရက်ပြီးရင် သဲဆပ်ပြာကိုရေနဲ့ဖျော်ပြီး ထရံတွေကိုဖြန်းပက်ရင် ထရံက သူ့အလိုလိုဝါသွားတာကွ၊ အဲဒီလိုလုပ်ရင် ထရံတွေပိုးမစားဘူးကွ၊ အပေါ်ကမှ တတ်နိုင်ရင် ရေနံချေးလေး ပြန်သုတ်တာပေါ့ကွာ”
သဲဆပ်ပြာရဲ့အသုံးဝင်ပုံကတော့ အံ့မခန်းပါဗျာ၊ မကြာပါဘူး ဝက်မွှေးထားတဲ့ ဦးတရုတ်ကြီးက ပြေးချလာပြန်ရော။
“ကုန်ပြီလား၊ ငါ့ဖို့နည်းနည်းချန်ထားပါကွာ”
လှည်းပေါ်မှာ သဲဆပ်ပြာက ကုန်လုပြီဗျ၊ ကျုပ်ခင်းထားတဲ့ ဖျာကြမ်းကြီးမှာပဲ အကတ်အသတ်လောက်ကျန်တော့တာ၊ သေချာခြစ်ယူမှ အလွန်ဆုံးရရင် ရေပုံးတစ်ပုံးပေါ့ဗျာ။
“ကုန်ပြီး ဦးတရုတ်ရဲ့၊ ဦးတရုတ်က ပိုက်ဆံရှိတာပဲဗျာ၊ ဆပ်ပြာတုံးတော့သုံးပေါ့”
“ငါက သဲဆပ်ပြာကို ငါ့ဝက်တွေအတွက်လိုချင်တာကွ၊ အခုလိုရာသီဆို ဝက်တွေအစာမစားနိုင်ကြဘူးမဟုတ်လား၊ ဒါဆိုရင် သူတို့ကိုကျွေးတဲ့အစာပေါ်ကနေ သဲဆပ်ပြာလက်တစ်ဆုပ်လောက်ဖြူးပေးထားလိုက်စမ်းကွာ၊ ဝက်တွေက အစာတွေကိုပြောင်အောင်စားတဲ့အပြင် အစာခွက်ကိုပါ လျှာနဲ့ပြောင်နေအောင်ကို လျှက်တာကွ၊ ဒါကြောင့် ငါလိုချင်တာ”
ကျုပ်လည်းဘယ်ရမလဲဗျာ၊ အမေ့စဉ့်အိုးထဲကနေ သဲဆပ်ပြာတွေသွားနှိုက်ပြိး ဦးတရုတ်ကြီးကိုပေးလိုက်တာပေါ့၊ အမေ့ထက် ငွေကအရေးကြီးတယ်မလားဗျာ၊ ဦးတရုတ်ကြီးက ကျုပ်ကိုအရက်တစ်လုံးနဲ့ ငွေအစိတ်ပေးတယ်ဗျ၊ ဒီလိုနဲ့ အလကားရတဲ့အရာကို စီးပွားရေးလုပ်ပြီးတော့ အမေ့စဉ့်အိုးထဲကနေ နည်းနည်းစီပြန်နှိုက်ပြီးရောင်းလိုက်တာ အမေ့စဉ့်အိုး ကုန်သွားပါရောဗျာ။ ညနေရောက်တော့ အမေက ရေချိုးပြီး ထမီရင်လျားလေးနဲ့ သဲဆပ်ပြာအိုးနားသွားတော့ ကျုပ်လည်းအမြန်အိမ်ပေါ်ကဆင်းပြေးတော့တာပဲဗျို့။
“ဟဲ့ သေနာလေး ဆပ်ပြာတွေအကုန်ရောင်းစားလိုက်တာလားဟဲ့”
အမေ့ရဲ့ ဒန်နဲ့လုပ်ထားတဲ့ ရေခွက်ကြီးကျ ကျုပ်ဆီပျံလာတာဗျ၊ ကျုပ်အရှောင်မြန်လို့သာမထိတာဗျို့၊ ဦးတရုတ်ကြီးပေးတဲ့အရက်ပုလင်းနဲ့ ဦးတရုတ်ကြီးဆိုင်ကိုသွားပြီး အမြည်းကောင်းကောင်းနဲ့မြည်းလိုက်တော့ ကျုပ်ရထားတဲ့ပိုက်ဆံ ကုန်တာပါပဲဗျာ၊ ကုလားခပ်တဲ့ရေ၊ ကုလားဖင်ဆေးလို့ကုန်တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မှာဗျ။
ကျုပ်တို့ဆပ်ပြာကျုံးလို့ တခြားအဖွဲ့တွေလည်း ဆပ်ပြာသွားကျုံးကြတယ်ဗျ၊ ဒါပေမယ့် အားလုံးသရဲခြောက်ခံရပြီး ပြန်ပြန်ပြေးလာကြရတာနဲ့ သိပ်မရကြပါဘူးဗျာ။
(၄)
အခါတွင်းရောက်တော့မယ်ဆိုရင်တော့ ရွာကလူတစ်ချို့ တောင်ကျချောင်းကလေးဘက်ကို ဦးတည်သွားကြတာပဲဗျာ၊ လှည်းတွေနဲ့ကိုယ်စီသွားပြီး အိမ်က အဝတ်တွေကိုလည်း ယူသွားကြသေးတာ၊ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကိုမကူးချင်လို့ဆိုပြီး အိမ်မှာရှိတဲ့စောင်တွေ၊ အိပ်ရာခင်းတွေကို တောင်ကျချောင်းမှာ သဲဆပ်ပြာနဲ့သွားလျှော်ကြတာပေါ့ဗျာ၊ ရေကလည်း နည်းနည်းရှိသေးတာဆိုတော့ အတော်ပဲပေါ့ဗျာ၊ အဲဒီတုန်းက စောင်တွေဆိုတာကလည်း အခုခေတ်တရုတ်စောင်တွေလို ပါးပါးလှပ်လှပ်ကလေးတွေမဟုတ်ဘူးဗျ၊ ကိုယ်တိုင်ချည်ငင်ပြီး ကိုယ်တိုင်ရက်တဲ့ ဂွမ်းစောင်ထူထူပိန်းပိန်းကြီးတွေ၊ အချို့ကတော့ ငါးစပ်စောင်လို့ ခေါ်ကြတာပေါ့ဗျာ၊ အဲဒီစောင်ကြီးတွေကိုသာ ဆပ်ပြာတုံးနဲ့လျှော်ရင် ဘယ်ကိုက်မလဲဗျ၊ ဆပ်ပြာတစ်တုံးဆိုရင် စောင်တစ်ထည်တောင် လောက်ချင်မှလောက်မှာကိုး။
ရွာကလူတွေစုပြီး လှည်းဆယ်စီးလောက်နဲ့သွားကြတယ်၊ ကျုပ်တို့လှည်းက ထိပ်ဆုံးကပေါ့ဗျာ၊ အမေနဲ့ ညီမတွေလည်း ပါသေးရဲ့၊ အငယ်ကောင်က ကျုပ်ရဲ့လက်ထောက်ပေါ့ဗျာ၊ တောင်ကျချောင်းသွားပြီဆိုတာနဲ့ မပါမဖြစ်လူကို သွားခေါ်ရတာပဲ၊ ဘယ်သူရှိမလဲ ဦးဘသာကြီးပေါ့ဗျာ၊ သူမပါဘဲနဲ့တော့ ကျုပ်ဘယ်သွားရဲမလဲဗျ။
“ဦးဘသာကြီး စောင်တွေသွားလျှော်ရအောင်၊ လိုက်ခဲ့လေဗျာ”
ဦးဘသာကလည်း ကျုပ်ခေါ်ရင် နှစ်ခါမခေါ်ရပါဘူးဗျာ၊ စောင်လေးသုံးထည်ပုခုံးပေါ်တင်ပြိးတော့ ကျုပ်တို့လှည်းပေါ် ထိုင်လိုက်လာရှာပါတယ်၊ သူပါမှ ကျုပ်တို့တွေလှည်းတန်းကြီး တောင်ကျချောင်းဘက်ကို ဦးတည်ခဲ့တာပေါ့ဗျာ။
ချောင်းရေနဲ့ စောင်တွေကို ရေစွတ်ပြီးတော့ သဲဆပ်ပြာပွင့်နေတဲ့ ကျောက်ဖျာတွေ၊ နောက်ပြီး ဆပ်ပြာပွင့်နေတဲ့ သဲပြင်တွေပေါ်မှာ ခဏလောက်ဖြန့်ထားပြီးတော့ အဲဒီကျောက်ဖျာတွေပေါ်မှာ ရိုက်ရိုက်ပြီးလျှော်ကြတာပေါ့ဗျာ၊ နောက်တော့ ရေအကြမ်းဆေးပြီး ရွာကိုပြန်သယ်လာတာပေါ့၊ ရွာရောက်မှ ရေအချောပြန်ဆေးပြီး လှန်းလိုက်ရင် စောင်တွေဆိုတာ သန့်ပြီးတော့ သဘာ၀အနံ့ကလေးလည်း သင်းသွားတာပေါ့ဗျာ။
ဒါနဲ့ အမေနဲ့ကျုပ်တို့တွေ အဝတ်တွေလျှော်ကြတာပေါ့ဗျာ၊ ဆပ်ပြာတွေကျုံးပြီး ချောင်းရိုးတစ်လျှောက် သူ့အစုနဲ့သူ ရေရှိတဲ့နေရာမှာ လျှော်ကြဖွပ်ကြတာပေါ့၊ ရွာကလူတွေကလည်း ကြောက်တယ်ဆိုပေမယ့် အခုလို လူအစိတ်သုံးဆယ်လောက် အစုလိုက်ရှိနေတာဆိုတော့ သိပ်တော့မကြောက်ကြဘူးပေါ့ဗျာ။
ဟော၊ မကြာပါဘူးဗျာ၊ ရေသံကြီးကြားရပြန်ပါပြီ၊ တဝေါဝေါနဲ့ ချောင်းရိုးထက်ကနေဆင်းလာတဲ့အတိုင်းပဲဗျ၊ ရွာသားတွေက ရေတွေကျလာတယ်ထင်ပြီး ချောင်းကမ်းပါးကို ပြေးတက်ကြတယ်ဗျ၊ ကျုပ်တို့လျှော်နေတဲ့နေရာက ကမ်းပါးစောက်မြင့်တယ်ဆိုတော့ ဘေးနှစ်ဖက်မှာ လူတစ်ရပ်ကျော်ကျော်မြင့်တဲ့ ကမ်းပါးကြီးပဲရှိနေတာဗျ။
“ဟဲ့ ရေတွေကျလာတာလားမသိဘူး၊ ပြေးဟဲ့”
အမေက ထအော်တယ်ဗျ၊ ညီမတွေလည်း ဘာလုပ်ရမှန်းမသိဘူးပေါ့ဗျာ။ ကျုပ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပေါ့ဗျာ။
“အမေ၊ ဘာမှမဖြစ်နဲ့၊ အဲဒါရေကျတာမဟုတ်ဘူး”
“ဒါဖြင့်ရင် ဘာဖြစ်တာတုန်းအလတ်ကောင်ရဲ့”
“အဲဒါ သရဲခြောက်တာ”
“ဟင်၊ သရဲ . . သရဲ”
ကျုပ်ပြောလိုက်မှ အမေရော၊ ကျုပ်ညီမတွေပါ ကြောက်လန့်တကြားနဲ့ ထခုန်ပါရောဗျာ၊ မကြာပါဘူးဗျာ၊ ဖြူဖြူအကောင်ကြီး ရောက်လာပါပြီ၊ ကျုပ်တို့ခေါင်းပေါ်ကနေ လွှားခနဲကျော်သွားတာဗျ၊ အမေတို့ကကြည့်ရင်း အော်ကြတယ်။
“လူဝံကြီးဟဲ့၊ လူဝံကြီး”
ရွာကလူတွေလည်း ချောင်းရိုးထဲကို ပြေးဆင်းလာကြတာပေါ့ဗျာ။ ဖြူဖြူအကောင်ကြီးတွေ့လိုက်တယ်မဟုတ်လား၊ ကျုပ်ကတော့ အေးအေးဆေးဆေးပဲ ခါးထောက်ပြီးမတ်တပ်ရပ်နေတယ်ဗျ၊ ဒီကောင်ကြီး ဘာကြောက်သလဲဆိုတာ ကျုပ်သိတယ်မဟုတ်လား၊ အဖြူကောင်ကြီးက ကျုပ်တို့ကိုကျော်သွားပြီးတော့ တစ်ဖန်ချောင်းရိုးထဲကို ခုန်ချပြီး ကျုပ်တို့ဆီကို ပြန်ပြေးလာပါရော၊ ကျုပ်ကလူတွေအရှေ့ကိုထွက်လိုက်ပြီး ရင်ကိုကောပြီးတော့ လက်ဝါးနဲ့ကာလိုက်တယ်။
“ဟိတ်၊ ရပ်လိုက်စမ်း”
ကျုပ်အော်လိုက်တော့ အဖြူရောင်အကောင်ကြီးက ကျုပ်နဲ့အတောင်နှစ်ဆယ်လောက်အကွာမှာ ရပ်သွားတာဗျ၊ ကျုပ်ကိုလည်း အံ့ဩပြီးကြည့်နေတာပေါ့ဗျာ၊ နောက်တော့ သူတော်တော်စိတ်ဆိုးသွားပုံရတယ်ဗျ၊ အရင်အတိုင်း ရင်ဘတ်ကိုစည်လိုလုပ်တီးပြီး ကျုပ်ဆီပြေးလာတာပေါ့၊ ကျုပ်လည်း ဘယ်ရမလဲဗျ၊ ကျုပ်ခြေထောက်အောက်မှာ ပွင့်နေတဲ့ဆားပွင့်တွေပါတဲ့ သဲကို လက်တစ်ဆုပ်ဆာကောက်လိုက်ပြီးတော့ အဲဒီကောင်ကြီးကို သဲနဲ့ပက်ထည့်လိုက်တာပေါ့၊ ဦးဘသာကြီးလည်း ဒီကောင်ကြီးကို သဲနဲ့ပက်လိုက်လို့ ဒီကောင်ကြီးလန့်ပြီးပြေးသွားတာ မဟုတ်လားဗျာ။
ဒါပေမယ့် ကျုပ်သဲနဲ့ပက်တော့ ဒီကောင်ကြီးက ရပ်မသွားတဲ့အပြင် ကျုပ်ပုခုံးကို လက်သီးနဲ့လွှဲပြီးထိုးလိုက်ပါရောဗျာ၊ ကျုပ်ဖြင့်အောင့်ခနဲဖြစ်သွားပြီး အနောက်က ကျောက်ဖျာပေါ်ကို ဖင်ထိုင်ကျသွားတာပေါ့၊ ဒီအချိန်ဒီကောင်ကြီးက ကျုပ်အပေါ်ကို ခုန်တက်တယ်ဗျ၊ ကျုပ်လည်း ကျောက်ဖျာပေါ်က ဆပ်ပြာပွင့်တွေနဲ့ပက်ပေမယ့် ဒီကောင်ကြီးက မဖြုန်ပါဘူး၊ ကျုပ်ဘာလုပ်ရမှန်းမသိတော့ဘူးဗျာ၊ ဒီအဖြူကောင်ကြီးက သူ့လက်သီးကြီးကိုလွှဲပြီး ကျုပ်မျက်နှာကိုထိုးဖို့လုပ်နေချိန်မှာပဲ ဦးဘသာကြီးက လူအုပ်ထဲကနေပြေးထွက်လာတယ်ဗျ။
“ဟေ့ကောင် ရပ်လိုက်စမ်း”
ဦးဘသာကြီးလက်ညိုးနဲ့ထိုးလိုက်တော့ ဖြူဖြူအကောင်ကြီးက လက်သီးကိုလေထဲမှာရပ်တန့်ပြီး ဦးဘသာကြီးကို ကြည့်နေတာဗျ၊ ဦးဘသာကြီးက ဘာလုပ်တယ်မှတ်သလဲ၊ သူ့အရှေ့က ရေအိုင်က ရေကိုလက်ခုပ်နဲ့ခပ်ပြီးတော့ ကျုပ်တို့ဆီကိုလှမ်းပက်တာဗျို့၊ အဖြူကောင်ကြီးက ရေတွေလဲစင်ရော အော်ဟစ်ပြီးတော့ ထွက်ပြေးသွားတာ မြန်လိုက်တာဗျာ။ ဦးဘသာကြီးက အနောက်ကနေ ရေနဲ့လိုက်ပက်သေးတယ်၊ ဒါပေမယ့် ဒီကောင်ကြီးက ချောင်းရိုးအတိုင်းဆင်းပြေးသွားတာဗျို့။
ကျုပ်လက်မောင်းကြီးဆို ထုံပြီးတော့အောင့်နေတာပဲဗျာ၊ ဦးဘသာကြီးက ကျုပ်ကိုလာဆွဲထူတယ်ဗျ။
“မင်းဘာလုပ်တာလဲကွ၊ ဒီကောင့်ကို မင်းနိုင်မယ်ထင်လို့လား”
“မဟုတ်ဘူးလေ၊ ဦးဘသာကြီးပဲ ဟိုတစ်ခါတုန်းက ဒီကောင်ကြီးကို သဲဆပ်ပြာတွေပွင့်နေတဲ့ သဲနဲ့ပက်ထည့်လိုက်တော့ ဒီကောင်ကြီးထွက်ပြေးသွားတာမဟုတ်လားဗျ”
“အခုရော သဲကိုမကြောက်ဘူးလား”
“ကျုပ်သိပြီဦးဘသာရ၊ အခုက ဒီကောင်ကြီးက ရေကိုကြောက်တာဗျ၊ ဒါကြောင့်လည်း ချောင်းရိုးထဲမဆင်းဘဲ အပေါ်ကနေ လွှားခနဲခုန်သွားတာဖြစ်မှာ”
ဦးဘသာကြီးက ဘာမပြောညာမပြောနဲ့ သူ့လက်သီးနဲ့ကျုပ်ခေါင်းကိုထုထည့်လိုက်တာဗျာ၊ လက်မောင်းနာရတဲ့အထဲ ခေါင်းပါမူးထွက်သွားတယ်ဗျ။
“ဟကောင်ရ၊ ငါပက်တာ ရိုးရိုးသဲ ရိုးရိုးရေမဟုတ်ဘူးကွ၊ ဒီထဲမှာပညာတွေပါတယ်ကွ၊ မင်းနားလည်သလား”
ကျုပ်လည်းခေါင်းကိုပွတ်ရင်း
“ဒါဆိုလည်းဗျာ၊ ဒီကောင်ကြီးကို တစ်ခါတည်းအပြတ်ရှင်းလိုက်စမ်းပါ”
“မင်းနှယ်ကွာ၊ ဒီနေရာက သူ့အိမ်ကွ၊ ငါတို့က ခဏလာတဲ့ ဧည့်သည်၊ မင်းတို့အိမ်ကိုလာတဲ့ ဧည့်သည်က မင်းတို့ကို မောင်းထုတ်ရင် မင်းဘယ်လိုနေမလဲ”
ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်တို့အိမ်ရှင်ကို ဧည့်သည်ကမောင်းထုတ်တယ်ဆိုရင် ကျုပ်တို့ဘယ်ခံနိုင်မှာတုန်း၊ ဦးဘသာကြီးပြောမှ ကျုပ်နားလည်သွားတာ။
ဒီအချိန်မှာပဲ သရဲကြီးက ပြန်ပြီးပြေးလာပါရော၊ ဒီတစ်ခါတော့ ကျုပ်ရော ရွာသားတွေရော ကမ်းပေါ်ကိုတက်ပြေးကြတော့တာဗျ၊ ချောင်းရိုးထဲမှာ ဦးဘသာကြီးပဲ ကျန်နေခဲ့တာမဟုတ်လား၊ ဦးဘသာကြီးအရှေ့မှာ ဒီကောင်ကြီးကမတ်တပ်ရပ်လိုက်ပြီးတော့ အော်တယ်ဗျ။
“ထွက်သွား၊ မင်းတို့ထွက်သွား”
အသံကြီးက ဗလုံးဗထွေးကြီးဗျ၊ မသိရင် မူးမူးရူးရူးနဲ့ပြောနေတဲ့လူစကားအတိုင်းပါပဲ၊
“ဟေ့ကောင်၊ မင်းအေးအေးဆေးဆေးနေ၊ မင်းကိုငါ ဒီတောကနေမောင်းထုတ်လိုက်လို့ရတယ်ကွ၊ ငါတို့ဒီမှာအသုံးလိုလို့ ခဏနေတာ မင်းတောမှာငါတို့အကြာကြီးမနေဘူး”
သရဲကြီးကလည်း လက်မလျော့ဘူးဗျာ၊ တော်တော်ခေါင်းမာတဲ့ကောင်ကြီးဗျ၊ ချောင်းရိုးထဲကနေ လူခေါင်းလောက်ရှိတဲ့ ကျောက်တုံးတစ်တုံးကောက်ပြီးတော့ ဦးဘသာကြီးကို ပိတ်ပစ်ထည့်လိုက်တာဗျာ၊ ကျုပ်တို့ဖြင့် အသည်းကိုအေးသွားတာပဲ၊ အဲဒီအရွယ်နဲ့ အဲဒီပစ်အားနဲ့ လူတစ်ယောက်ကိုသာထိမိရင် အတွင်းကြေ ကြေပြီး သေမှာဗျို့။
ဒါပေမယ့် ကျောက်တုံးကြီးက ဦးဘသာကြီးအနားရောက်တဲ့အခါ ခွမ်းခနဲကွဲပြီးတော့ ကျောက်တုံးသေးသေးလေးတွေဖြစ်သွားပြီး မြေပေါ်ကိုကျသွားတာဗျ၊ ဦးဘသာကြီးနဲ့ဆို တစ်လံလောက်ပဲ ဝေးတဲ့နေရာမှာ ဖြစ်သွားတာ၊ ကျုပ်ဦးဘသာကြီးကိုကြည့်လိုက်တော့ ဦးဘသာကြီး တော်တော်ဒေါသထွက်နေတာဗျ၊ မျက်စောင်းကြီးကိုခဲလို့။
“မင်းက ငါ့ကိုကျောက်တုံးနဲ့ထုချင်တယ်ပေါ့၊ ဟုတ်သလား”
အဖြူကောင်ကြီးက ကုန်းလိုက်ပြီးတော့ ချောင်းရိုးထဲက ကျောက်ဖျာတစ်ခုကိုလက်နှစ်ဖက်နဲ့ မယူလိုက်တယ်ဗျ၊ ကျောက်ဖျာက တော်တော်ကြီးတယ်၊ လူတစ်ယောက် မနိုင်တဲ့အရွယ်၊ ခပ်ပြားပြားကြီးဗျ၊ အဲဒီအပြားကြီးနဲ့ ဦးဘသာကြီးကိုပစ်ဖို့ ခေါင်းပေါ်ကိုမတင်လိုက်တယ်ဆိုရင်ဘဲ ဦးဘသာကြီးက လက်ညှိုးထိုးပြီးတော့။
“အောင်မာ၊ မင်းကများ၊ ကိုင်းကွာ၊ မင်းကိုယ်မင်း အဲဒါကြီးနဲ့ ထုစမ်း”
အဖြူကောင်ကြီးက သူ့ကျောက်ဖျာကြီးနဲ့ သူ့ခေါင်းကိုသူပြန်ထုတာဗျ၊ တဘုန်းဘုန်းနဲ့ အသံကြီးကြားတာနဲ့တင် ကျောက်စရာကြီးဗျာ။ သူ့ရုပ်ကိုကြည့်တော့လည်း အတော်လန့်နေတယ်ဗျ၊ သူ့စိတ်ထဲမပါဘဲ သူ့လက်က ပြန်ပြီးထုနေတဲ့ပုံစံမျိုးပေါ့။ အချက်နှစ်ဆယ်လောက်ထုပြီးတော့ ဒူးထောက်ကျသွားတာဗျ၊ ပါးစပ်ကလည်း ဘာတွေအော်မှန်းမသိဘူး၊ သူ့လက်ကလဲ သူ့ခေါင်းကိုကျောက်ဖျာကြီးနဲ့ ထုဆဲဗျို့၊ ဒီတော့မှ ဦးဘသာကြီးက ရပ်ခိုင်းလိုက်တယ်။
“မင်းမှတ်ပြီလား၊ သွားစမ်း၊ မင်းနေရာကိုမင်းပြန်၊ ငါမင်းကို ဒီချောင်းရိုးထဲမှာ မမြင်ချင်ဘူး၊ နောက်ထပ်လူတွေကို ချောက်တာလှန့်တာတွေ့ရင် မင်းဒီထက်နာမယ်မှတ်”
အဖြူကောင်ကြီးက ကျောက်တုံးကိုပစ်ချပြီးတော့ ပြေးသွားတော့တာပါပဲဗျာ၊ သူပစ်ချထားတဲ့ ကျောက်ဖျာကြီးက အနားက ကျောက်ဖျာကြီးအပေါ်ကို ထပ်ပြီးတင်နေတာဗျို့၊ ကျုပ်တို့လူအင်အားနဲ့တော့ ဒီကျောက်ဖျာကြီးက မရွေ့ဘူးဗျာ။
ဒါနဲ့ပဲ ရွာပြန်ခဲ့တာပေါ့ဗျာ။ ဦးဘသာကြီးအစွမ်းကိုတော့ ရွာကလူတွေ မျက်မြင်တွေ့သွားကြတာပေါ့၊ တွေ့သွားတဲ့အခါ ပိုပြီးကြောက်သွားကြတာပေါ့ဗျာ၊
နောက်ပိုင်းနှစ်တွေကစပြီး အဲဒီတောင်ကျချောင်းကလေးကို ကလေးလူကြီးအကုန်လုံး ဆပ်ပြာသွားကျုံးတော့တာပါပဲ၊ ခြောက်လှန့်တာ လုံး၀မခံရတော့ဘူးလေ၊ အဲဒီနေရာမှာ ကျောက်ဖျာနှစ်ခုထပ်နေလို့ဆိုပြီး အဲဒီဆပ်ပြာကျင်းကို ကျောက်ဖျာထပ်ဆပ်ပြာကျင်းလို့ အမည်တွင်သွားပါရောဗျာ၊
ခုထိ အဲဒီနေရာကို ကျောက်ဖျာထပ်ကျင်း ဆိုပြီး ခေါ်ကြသေးတာဗျ၊ အခုတော့ ဘယ်သူမှ တကူးတကသွားပြီးတော့ သဲဆပ်ပြာမကျုံးကြတော့ပါဘူးဗျာ၊ ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ဝယ်လို့ရတဲ့ ဆပ်ပြာမျိုးစုံကိုပဲ သုံးကြတော့တာဗျ၊ အခုအချိန်လောက်ဆို အဲဒီတောင်ကျချောင်းကလေးထဲမှာ ဆပ်ပြာတွေလှိုင်လှိုင်ပွင့်ပြီး ဖွေးဖွေးဖြူနေလောက်ပြီဗျ။
ပြီးပါပြီ။