(၁) မိုးရွာသောည
၁၉၉၉ ခုနှစ်ခန့်ကဖြစ်သည်။
မိုးက တစ်ဖြောက်ဖြောက်ကျနေသည်။ တစ်နေ့လုံးရွာထားသည့်မိုးက အခုတော့ စဲသွားပြီး မိုးဖွားကလေးများသာ ကျနေသည်။ ဗဟိုလမ်းမကြီးတစ်လျှောက် အမှောင်ထုက ကြီးစိုးနေလေသည်။ အချိန်ကလဲ ည ၉နာရီကျော်နေပြီဖြစ်သဖြင့် ထိုစဉ်က ကားအသွားအလာနည်းသော ဗဟိုလမ်းမကြီးက တိတ်ဆိတ်နေလေသည်။ မီးကလဲ ပျက်နေသဖြင့် ကားလမ်းမကြီးမှာ အမှောင်ဖုံးလျှက်ရှိကာ ကားလမ်းဘေးတစ်ဖက်တစ်ချက်တွင် အစီအရီပေါက်နေကြသည့် ခရေပင်များနှင့် အုံ့ဆိုင်းနေလေသည်။
ထိုစဉ် ထိုဗဟိုလမ်းမကြီးတစ်လျှောက် လူတစ်ယောက်က တစ်ဖြေးဖြေးချင်း လမ်းလျှောက်လာလေသည်။ သို့သော် ထိုသူ၏ ခြေလှမ်းများမှာ လေးလံနေပြီး ဒယိမ်းဒယိုင်ဖြင့် လျှောက်နေလေသည်။ ထိုလူ၏ လက်ထဲတွင်လဲ အရက်ပုလင်းတစ်လုံးကို ကိုင်ထားပြီး ကုပ်ချောင်းကုပ်ချောင်းဖြင့် လမ်းလျှောက်လာလေသည်။ တစ်လမ်းလုံး လူသူဟူ၍ မရှိတော့ဘဲ ခွေးတစ်ကောင်တစ်လေသာ လမ်းမပေါ်တွင် ပြေးလွှားနေလေသည်။ သို့သော် ထိုလူကား ခြေလှမ်းမှန်မှန်ဖြင့် ဖိနပ်ကို ကားလမ်းမနှင့် ပွတ်တိုက်ပြီး တရှပ်ရှပ်ဖြင့် လျှောက်နေလေသည်။
(၂) တင်လှိုင်
ထိုလမ်းလျှောက်လာသူကတော့ အခြားသူ မဟုတ် တင်လှိုင်ပင်ဖြစ်သည်။ တင်လှိုင်က အနောက်ကြို့ကုန်းရှိ ကျူးကျော် ပျံကျရပ်ကွက်ကလေးတွင် နေထိုင်သူဖြစ်သည်။ တစ်ကိုယ်ရေ တစ်ကာယသမား၊ တစ်ကောင်ကြွက်ဖြစ်သည်။ လုပ်သည့်အလုပ်ကတော့ ကြုံရာကျပန်းလုပ်ကိုင်သည်။ ပန်းရံနောက်လိုက်လုပ်လျှင်လုပ်ရသည်။ လက်သမားနောက်လိုက်လုပ်ရင် လုပ်ရသည်။ တစ်ခါတစ်ရံ မြေတူး၊ ကျင်းတူးလုပ်ရလေသည်။ ပျံကျကျူးကျော်ရပ်ကွက်ကလေးရှိ သစ်သားအိမ်ကလေးတစ်လုံး၏ ဘေးတွင် အဖီကလေးဆွဲပြီး နေထိုင်လေသည်။
တစ်ကိုယ်ရေ တစ်ကာယသမားမို့ အစားအသောက် အနေအထိုင်ကို ဂရုမစိုက်၊ ခပ်ပေပေနေလေသည်။ တင်လှိုင်ဘဝတွင် အဖော်မရှိ၊ သူ၏ အကောင်းဆုံးအဖော်ကတော့ အရက်ပင်ဖြစ်သည်။ တင်လှိုင်သည် အရက်ကို နေ့နေ့ညညသောက်လေ့ရှိလေသည်။ တစ်နေ့တာအလုပ်များလုပ်ကိုင်ပြီး အလုပ်ဆင်းလာသည့်အချိန်တိုင်း ခဝဲခြံအောက်ဖက်ရှိ ဦးမင်း၏ ခွက်ပုန်း အရက်ဖြူဆိုင်ကလေးကို သွားနေကြဖြစ်သည်။
ထိုအရက်ဆိုင်ကလေးမှာ တင်လှိုင်သောက်လာတာ ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပြီး ဆိုင်ရှင် ဦးမင်းနှင့်လဲ အလွန်ခင်မင်ရင်းနှီးနေသဖြင့် ပိုက်ဆံကျပ်သောရက်များတွင် အကြွေးသောက်လို့ရသဖြင့် တင်လှိုင်လဲ အရက်ဆို ဦးမင်းဆိုင်ကိုသာ ရွေးချယ်သည်။ ဦးမင်းကလဲ တင်လှိုင်က အမြဲသောက်နေကျမို့ အရက်ကို ပိုပိုသာသာထည့်ပေးလေ့ရှိသည်။ ထို့ကြောင့် တင်လှိုင်က အရက်ဆို ဦးမင်းဆိုင် သွားသောက်လေ့ရှိပြီး ထိုဆိုင်မှာ သူနေထိုင်ရာရပ်ကွက်နှင့်ဆို နှစ်မှတ်တိုင်ခန့် မိနစ်နှစ်ဆယ်လောက်သာ လမ်းလျှောက်ရသည်မို့ တင်လှိုင်က ထိုလမ်းကို ကျွမ်းကျင်နေပြီဖြစ်သည်။
(၃) မောင်ဖြူနှင့်တွေ့ပြီ
အခုလဲ မိုးစက်များအောက်တွင် တင်လှိုင်တစ်ယောက် နေ့စဉ်လျှောက်နေကြလမ်းကို လျှောက်နေမိသည်။ ယနေ့ကတော့ တင်လှိုင်ရေချိန်တော်တော်ကျော်နေပြီဖြစ်သည်။ သို့သော် ဦးမင်းက အပိုပေးလိုက်သည့် အရက်တစ်ပိုင်းကို လက်မှာကိုင်ရင်း အိမ်သို့ပြန်လျှောက်လာခဲ့လိုက်သည်။
ဗဟိုလမ်းမကြီးမှာ ရထားလမ်းနှင့်အပြိုင်ဖောက်ထားပြီး ရထားလမ်းဘေးတွင် ခရေပင်တန်းကြီးက ကားလမ်းမပေါ်သို့ အုပ်ဆိုင်းနေလေသည်။ ထိုစဉ် ခွေးတစ်ကောင်သည် ခရေပင်အောက်တွင် အိပ်နေရာမှ တင်လှိုင်ကိုမြင်လိုက်သဖြင့် ထိုးဟောင်လိုက်လေသည်။ တင်လှိုင်ကလဲ ခွေးကို ပြစ်ပြစ်နှစ်နှစ်ဆဲဆိုလိုက်ပြီး ကြိမ်းမောင်းလိုက်သည့်အတွက် ခွေးမှာလဲ ပြေးထွက်သွားတော့သည်။ ဆက်လျှောက်လာရင်း ရှေ့နားအရောက်တွင် သူ့ရှေ့မှ ခရေပင်ကိုင်းကြီးမှာ လေမတိုက်ပဲ တဖြန်းဖြန်းလှုပ်ခတ်လာသည်ကို တွေ့လိုက်ရသည်။ တင်လှိုင်လဲ တစ်ချက်မော့ကြည့်လိုက်ပြီး တံထွေးတစ်ချက်ထွေးထုတ်လိုက်သည်။
တင်လှိုင်က သရဲကြောက်တတ်သူမဟုတ်၊ ပုံမှန်အတိုင်း ဖြေးဖြေးမှန်မှန်ဖြင့် လမ်းလျှောက်ပြန်လာခဲ့သည်။ မကြာမီတွင် သူ့နောက်တွင် ခြေသံတစ်ခုကို ကြားလိုက်ရပြီး သူလျှောက်သည့်အတိုင်း လိုက်လျှောက်လာလေသည်။ တင်လှိုင်လဲ အမှတ်တမဲ့ လှည့်ကြည့်လိုက်ရာ အနောက်တွင် ဘယ်သူမှ မတွေ့ရ။
“ဘယ်ကောင်လဲ ကွ ငါ့နောက်ကို လိုက်နေတာ၊ သတ္တိရှိရင် ထွက်လာပြီးပြ”
တင်လှိုင်ကပြောလိုက်ပြီးနောက် လမ်းဆက်လျှောက်လာလိုက်သည်။ မကြာခင်တွင် ခြေသံကို ကြားလိုက်ရပြန်သည်။
“အကိုကြီး . . . အကိုကြီး”
အနောက်မှ ခေါ်သံကြားသဖြင့် တင်လှိုင်လဲ ရပ်လိုက်ပြီး သူ့ကိုယ်လုံးကို မနည်းထိန်းကာ အနောက်သို့လှည့်ကြည့်လိုက်သည်။ အနောက်တွင် လူတစ်ယောက်က မတ်တပ်ရပ်နေလေသည်။
“မင်းဘယ်သူလဲ ဘာကိစ္စငါ့နောက် လိုက်နေတာလဲ”
“ကျွန်တော် မောင်ဖြူပါ . . . အကိုကြီးလက်ထဲက ပုလင်းလေး ကျွန်တော့်ကို ပေးခဲ့လို့ရမလား”
တင်လှိုင်မှာ ခေါင်းနားပန်းများကြီးလာပြီး ကြက်သီးများထလာသော်လည်း ဟန်မပျက်ပင် ရပ်နေသည်။ သူတွေ့နေသည့်အရာက လူတစ်ယောက်မဟုတ်မှန်းကို သူသိလိုက်ပြီဖြစ်သည်။ ထိုသူက ပိန်ပိန်ပါးပါးလေးဖြစ်ကာ လက်များ၊ ခြေထောက်များမှာလဲ အလွန်ပိန်လေသည်။ ထူးခြားသည်ကတော့ အဝတ်အစားမပါဘဲ ကိုယ်လုံးတီးဖြစ်ပြီး သူ့အသားအရည်တွေက ရာဘာတုံးကြီးလို ဖြူဆွတ်နေလေသည်။ မျက်နှာမှာလဲ စုတ်ချွန်းချွန်းဖြစ်ပြီး ပါးစပ်ပြဲပြဲနှင့်ဖြစ်သည်။ ခေါင်းတွင်တော့ ဆံပင်တွေက ဟိုနေရာတစ်စု သည်နေရာတစ်စုပေါက်နေလေသည်။
“အေး ပေးမယ် ခဏစောင့်”
တင်လှိုင်က ပြောလိုက်ပြီးနောက် သူ့လက်ထဲက အရက်ပုလင်းကို အကုန်ကုန်ောအင် မော့သောက်လိုက်တော့သည်။ ထို့နောက် ထိုအရက်ပုလင်းကုန်သွားတော့မှ မောင်ဖြူခေါ်ထိုသရဲအား အရက်ပုလင်းနှင့် ပစ်ပေါက်လိုက်တော့သည်။
“ဒုတ်”
မောင်ဖြူကို အရက်ပုလင်းက တည့်တည့်မှန်သွားသည်။ မောင်ဖြူလဲ ဒေါသထွက်သွားကာ အနီးရှိ ခရေပင်ပေါ်သို့ ကုပ်တက်သွားလေသည်။ ထိုအခါ တင်လှိုင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။
“ညီလေးရေ၊ မင်းပုလင်းလိုချင်တယ်ဆိုလို့ ပုလင်းပေးတာကို ထွက်ပြေးရလားကွာ . . .ဟား . . .ဟား”
တင်လှိုင်က ထိုသို့ပြောပြီးနောက် လမ်းဆက်လျှောက်လာခဲ့လေသည်။
(၄) အိမ်
မကြာမီအချိန်တွင်ပင် သူတို့ပျံကျရပ်ကွက်ကလေးကို ရောက်လာလေသည်။ တင်လှိုင်တစ်ယောက်လဲ ထူးဆန်းသွားလေသည်။
“ဟင် အရင်ကဆို မိနစ်နှစ်ဆယ်လောက် လျှောက်ရတာပါ၊ အခုတော့ ဆယ်မိနစ်တောင်မကြာသလိုပဲ ဧကန္တတော့ ငါတော်တော်မူးနေပြီထင်တယ်”
တင်လှိုင်က တွေးလိုက်ပြီးနောက် ရပ်ကွက်ထဲဝင်ခဲ့သည်။ ထူးဆန်းသည်က ရပ်ကွက်ထဲတွင် ကလေးငယ်များ ပြေးလွှားဆော့ကစားနေကြလေသည်။
“တောက် . . . ဒီကလေးတွေကွာ မှောင်မှောင်မဲမဲကို ပြေးဆော့နေကြသေးတယ်”
တင်လှိုင်က ရေရွတ်လိုက်ပြီး ဆက်လက်လျှောက်လာခဲ့ရာ သူတို့ပျံကျ ရပ်ကွက်လေးအတွင်းတွင် လူကြီးများက အိမ်အပြင်တွင် ထွက်ပြီးထိုင်နေကြကာ စကားများပြောဆိုနေကြသည်။ တင်လှိုင်လဲ ဆက်လျှောက်လာရာ မကြာမီ သူ့အိမ်သို့ရောက်လာသည်။ ခြံစည်းရိုးမှာ အမြဲတံခါးသော့ခတ်ထားလေ့ရှိသော်လည်း ထိုနေ့ကတော့ ခြံတံခါးမှာ စေ့ရုံစေ့ထားသဖြင့် အသာတွန်းပြီးဝင်လိုက်သည်။
တစ်ဖက်ရပ်ကလေး တည်ဆောက်ထားသည့် သူ့အဖီကလေးထဲကို ဝင်လိုက်ပြီးနောက် ဂွမ်းကပ်အဟောင်းတစ်ခုနှင့် ခြင်ထောင်တစ်ခု စောင်အပိုင်းကလေးတစ်ထည်ရှိသော သူ့အိပ်ယာထဲကို လှဲချလိုက်သည်။
“ကောင်းလိုက်တာ အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်”
တင်လှိုင်က ထိုသို့ရေရွတ်လိုက်ပြီးနောက် မျက်လုံးမှိတ်ပြီး အိပ်လိုက်လေသည်။
အိပ်နေရင်း သူ့နားထဲ ဆူညံသံတွေကို ကြားလိုက်ရသည်။
“ပေါ် . . . ပေါ်”
နားထဲကြားလိုက်ရသည့် ဆူညံသည့်အသံကြောင့် တင်လှိုင်မျက်လုံးများကို အားယူပြီးဖွင့်ကြည့်လိုက်သည်။ သူ့ခေါ်မိုးတွင် မိုးသားတိမ်လိပ်များနှင့် သစ်ပင်များကို မြင်လိုက်ရလေသည်။
“ငါ . . . ငါဘယ်ရောက်နေပါလိမ့်”
တင်လှိုင်က ရေရွတ်လိုက်ပြီး ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။ ဘေးတွင် အုံ့မှိုင်းနေသော သစ်ပင်များသာ ရှိလေသည်။ ထို့နောက် ရထားလမ်းကြီးတစ်ခုကို တွေ့လိုက်ရပြန်သည်။ ထိုတော့မှ တင်လှိုင်လဲ ကြောက်လန့်သွားလေသည်။
“ပေါ် . . . ပေါ်”
ရထားမှ ဥသြဆွဲသံကြီးကိုကြားလိုက်ရလေသည်။ ထို့နောက် သူ့ကိုယ်သူ ပြန်ကြည့်ရာ သူက ရထားလမ်းမကြီးကို ကန့်လန့်ဖြတ်ပြီး အိပ်နေခြင်းဖြစ်ပေသည်။ တင်လှိုင်လဲ ဇောချွေးတွေပြန်သွားပြီး ရထားလမ်းမှ ကုန်းထလိုက်သည်။ သို့သော် သူ့လက် သူ့ခြေထောက်တွေကို သယ်လို့မရတော့။
“ဘာ . . . ဘာဖြစ်တာလဲ”
ထိုအခါ မောင်ဖြူဟုခေါ်သည့် သရဲကြီးက တစ်လှမ်းချင်းသူ့အနားကို လျှောက်လာပြီး သူ့ကို ရပ်မိုးကာ ကြည့်နေလေသည်။
“ခင်ဗျား မထရဘူးနော် . . . ြုပန်အိပ် . . .ပြန်အိပ်”
“နေဦး ငါဘာလို့ ဒီကိုရောက်နေတာလဲ”
ထိုအခါ မောင်ဖြူက သွားကြီးများပေါ်အောင် ပြုံးရယ်လိုက်လေသည်။
“ခင်ဗျားကို ကျုပ်လှည့်စားလိုက်တာ၊ ခင်ဗျားရပ်ကွက်ထဲ ရောက်ပြီး ခင်ဗျားအိမ်မှာ အိပ်နေတယ်လို့ထင်အောင် ကျုပ်လှည့်စားလိုက်တာ”
“ဒါ . . ဒါဆို ငါအိပ်နေတာ ငါ့အိမ်မဟုတ်ဘူးပေါ့”
မောင်ဖြူက ခေါင်းခါလိုက်သည်။
“ခင်ဗျားရောက်နေတာ မကြာခင် ခင်ဗျားရဲ့ အိမ်အသစ်ဖြစ်တော့မှာပါ”
ထိုစဉ် ကြို့ကုန်းဘူတာမှ ထွက်ခွာလာသည့် နောက်ဆုံးမြို့ပတ်ရထားကြီးက အရှိန်ပြင်းစွာခုတ်မောင်းလာလေသည်။ အင်းစိန်ဘူတာတွင် ထိုရထားကြီးက ညအိပ်ရပ်နားတော့မည်ဖြစ်သည်။ ရထားကြီး နီးလာသဖြင့် ရထားသံလမ်းများမှာ တုန်ခါလာလေသည်။
“ဟေ့ကောင် မောင်ဖြူ ငါ့ကို လွှတ်ပေး . . . ငါ့ကိုလွှတ်”
တင်လှိုင်စကားဆုံးအောင်ပင် မအော်ရလိုက် အရှိန်ဖြင့်မောင်းနှင်လာသော ရထားကြီးမှာ တင်လှိုင်အား တက်ကြိတ်နင်းသွားခဲ့ပြီဖြစ်သည်။ တင်လှိုင်မှာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရင်း သူ့ခေါင်းကြီးမှာလဲ ရထားကြိတ်ခံရပြီး ပြတ်ထွက်ကာ အနီးရှိ ချုံပုတ်အတွင်းသို့ လိမ့်ဆင်းသွားလေတော့သည်။ တင်လှိုင်နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းကတော့ သူ့ကို ပြုံးပြီးကြည့်နေသည့် မောင်ဖြူကိုပင်ဖြစ်သည်။
ထိုနောက်ပိုင်းမှစပြီး တင်လှိုင်လဲ ခေါင်းပြတ်သရဲကြီးအဖြစ် ကြို့ကုန်းဘူတာနှင့် အနီးတစ်ဝိုက်တွင် ကျက်စားရတော့သည်။ ဘူတာနှင့် ဗဟိုလမ်းတစ်လျှောက် ရထားလမ်းတစ်လျှောက်တွင် တင်လှိုင်ကို မြင်ကြရသဖြင့် ထိုအနားမှ ဖြတ်သွားသူများမှာ ကြောက်လန့်နေကြရသည်။
အဆိုးဆုံးကတော့ တင်လှိုင်က အရက်ကြိုက်သူဖြစ်သဖြင့် အရက်ပုလင်းကိုင်သွားသူများ၊ ညအချိန် အရက်သောက်သွားသူများထံမှ အရက်လိုက်တောင်းသောက်တတ်သည်။ တစ်ခါတစ်ရံ ခေါင်းပါပြီး တစ်ခါတစ်ရံတွင်တော့ လည်ပင်းနှင့်ခေါင်း မပါသည့် ခေါင်းပြတ်ကြီးအဖြစ်တွေ့ကြရလေသည်။
(၅) အငှားယဉ်မောင်း
ထိုဖြစ်ရပ်များဖြစ်ပြီး သုံးနှစ်ခန့်အကြာ၊ ဦးဖိုးလူက အငှားကားမောင်းသည်။ ထိုခေတ်က အငှားကားများကို ကက ဟုခေါ်ကြသည်။ တိုယိုတာ ကော်ရိုလာ ကားဟောင်းကလေးဖြင့် ဦးဖိုးလူက အငှားကားဆွဲသည်။ ထိုခေတ်က အငှားကားများမှာ ယခုခေတ်လောက်မပေါ်များသလို အငှားကားစီးနိုင်သည့် လူဦးရေမှာလဲ သိပ်မများလှပေ။
ထိုနေ့က မြို့ထဲမှ အငှားကားစီးနေကျ ခရီးသည်တစ်ဦးက အင်းစိန်ဘက်သို့ ငှားသဖြင့် လိုက်ပို့ရသည်။ လူလိုက်ပို့ပြီးအပြန်တွင် ညနေ ၇နာရီခန့်ရှိနေပြီဖြစ်သည်။ ကားကိုအင်းစိန်ပန်းခြံတွင် ရပ်လိုက်ပြီး ထိုအနီးစားသောက်ဆိုင်တစ်ဆိုင်တွင် ခေါက်ဆွဲကြော်ဆင်းစားလိုက်သည်။ ထို့နောက် အိမ်အတွက်ခေါက်ဆွဲကြော် တစ်ထုပ်ကို ဝယ်ယူခဲ့သလို၊ ထိုဆိင်က အရက်လဲရသည့်အတွက် ဘီအီးခေါ်အရက်ဖြူကို တစ်ပုလင်းဝယ်ခဲ့လေသည်။ ထိုဆိုင်မှာပင် အရက်ပုလင်းကို လေးပုံတစ်ပုံခန့် ဖွင့်သောက်ခဲ့ပြီးနောက် ကားပေါ်ပြန်တက်လိုက်လေသည်။
ဦးဖိုးလူက ကားမောင်းကျွမ်းသဖြင့် အရက်သောက်ပြီး ကားမောင်းတတ်သည်။ အရက်နှစ်ပတ်လောက်ကတော့ သူ့အတွက် မမူးသေး မှန်ရုံသာရှိသေးသည်။ အရက်အရှိန်ကလေးဖြင့် ကားကိုမောင်းလာပြီး ကြို့ကုန်း ဗဟိုလမ်းဘက်ရောက်တော့ ၇နာရီ ခွဲနေပြီဖြစ်သည်။ လမ်းမပေါ်တွင် ကားက ရှင်းနေသည်။ ဦးဖိုးလူ ကားမောင်းရင်း တစ်နေရာအရောက် လမ်းပေါ်အုပ်မိုးနေသည့် ခရေပင်ပေါ်မှ မဲမဲအရာကြီးသည် ပြုတ်ကျလာသဖြင့် ဦးဖိုးလူလဲ ရှောင်ချိန်မရလိုက်ဘဲ တိုက်မိသွားလေသည်။
“ဒုန်း”
ဦးဖိုးလူလဲ မျက်လုံးပြူးသွားပြီး ကားပေါ်မှဆင်းပြီး ကြည့်လိုက်သည်။ ကားရှေ့မီးရောင်အောက်တွင် လမ်းကဖြူးနေပြီး ဘာမှမတွေ့ရ။ သို့နှင့် ဦးဖိုးလူလဲ ကားပေါ်ပြန်တက်လိုက်ပြီး ကားစက်ကိုနှိုးလိုက်သည်။ ထိုစဉ် ကားနောက်ခန်းကို အကြည့်ရောက်သွားလေသည်။ ကားနောက်ခန်းတွင်တော့ လူတစ်ဦးက ထိုင်နေလေသည်။ ကားလမ်းမမှ လမ်းမီးရောင်တစ်ချို့ကြောင့် ကားအတွင်းကို အထင်းသားမြင်နေရသည်။ ဦးဖိုးလူလဲ ထိုသူကိုတွေ့သည်နှင့် ကားထဲမှ ပြေးထွက်ကာ ကားလမ်းမကြီးအတိုင်း အော်ဟစ်ပြီး ပြေးတော့လေသည်။ သူတွေ့လိုက်ရသည်ကတော့ ခေါင်းမပါသည့် တင်လှိုင်ပင်ဖြစ်သည်။
မီးကင်းစောင့်သည့်လူများနှင့်တွေ့ကာ ဦးဖိုးလူ အကူအညီတောင်းသဖြင့် ရပ်ကွက်အတွင်းမှ လူများပါ ထိုကားအနီးကို ပြေးလာခဲ့ကြသည်။ သူတို့ရောက်သည့်အခါတွင် ကားနောက်ခန်းတံခါးမှာပွင့်နေပြီး ခေါက်ဆွဲကြော်များမှာ မွစာကျဲနေသည်။ ထူးဆန်းသည်က အရက်ပုလင်းက ပျောက်ချင်းမလှပျောက်သွားခြင်းဖြစ်သည်။ ရပ်ကွက်အတွင်းရှိလူများမှာတော့ ခေါင်းပြတ်တင်လှိုင်မှန်း တန်းပြီးသိလိုက်ကြသည်။
(၆) ခဏခဏတွေ့ကြရသည်
ဦးမြင့်က ရထားဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ကြို့ကုန်းဘူတာတွင် တာဝန်ကျသည်။ ရထားလာလျှင် ဘူတာထဲမှထွက်ကာ အလံချိုးပြရလေသည်။ တစ်ရက်တော့ ညနေ ၅ နာရီကျော်အချိန်ဖြစ်သည်။ ရန်ကုန်မှ ဆင်းလာသော ရထားကြီးက မကြာမီ ကြို့ကုန်းဘူတာသို့ ဆိုက်တော့မည်ဖြစ်သည်။ ဘူတာထဲရှိခရီးသည်များလဲ ရထားစီးရန် ပြင်ဆင်နေကြသည်။ ရထားမှာ တရွေ့ရွေ့နှင့် ခုတ်မောင်းလာလေသည်။
ဦးမြင့်လဲ အလံကိုယူကာ ဘူတာစကြံထိပ်ဖက်သို့ ထွက်လာခဲ့လိုက်သည်။ ထိုအခါ ရထားစီးရန် စောင့်နေသူများမှာ ရုတ်ရုတ်သဲသဲဖြစ်နေကြသဖြင့် ဦးမြင့်လဲ သူတို့ညွှန်ပြနေသော နေရာကိုလှမ်းကြည့်မိလိုက်သည်။ လူတစ်ယောက်က ရထားလမ်းတွင် ကန့်လန့်ဖြတ်အိပ်နေသည်ကို တွေ့လိုက်ကြရသည်။ ရထားကြီးက နီးလာနေပြီဖြစ်ပြီး ထိုလူက ရထားလမ်းပေါ်တွင် အေးအေးလူလူအိပ်နေလေသည်။
ဦးမြင့်လဲ ပြာပြာသလဲဖြင့် အလံနီကို ဝှေ့ယမ်းပြလေသည်။ ဘူတာထဲမှလူများလဲ ထိုလူကိုလှမ်းအော်ကြလေသည်။ ထိုလူလှဲနေသည့်နေရာမှာ ဘူတာနှင့်အနည်းငယ်လှမ်းသဖြင့် အော်သံများကို မကြားရလောက်ပေ။ ဦးမြင့် အလံနီချိုးသဖြင့် ရထားကြီးက အရှိန်လျှော့ပြီး ဘူတာမဝင်ခင် တော်တော်ဝေးဝေးမှာပင် ရပ်တန့်သွားလေသည်။ ထိုအိပ်နေသော လူထံသို့ ရထားက မရောက်သေးပေ။ ဦးမြင့်နှင့် ဘူတာထဲမှလူတစ်ချို့သည် အိပ်နေသောသူထံသို့ တစ်ဟုန်ထိုးပြေးသွားလိုက်ကြသည်။
“ဟာ . . . ဟင်”
အိပ်နေသောလူမှာ ရထားလမ်းတွင် မတွေ့ရတော့သောကြောင့်ဖြစ်သည်။ ထိုလူမှာ ရုတ်တရက်ပျောက်ကွယ်သွားခြင်းဖြစ်ပြီး ဘယ်နည်းနဲ့မှ မြန်မြန်ဆန်ဆန်ထသွားနိုင်မည်မဟုတ်။ ဦးမြင့်လဲ ယောင်လည်လည်နှင့်ဖြစ်ရော ရထားမှ စက်ခေါင်းမောင်းလဲ ပြေးဆင်းလာခဲ့လေသည်။
“ဦးမြင့် ဘာဖြစ်လို့ အလံနီပြတာလဲဗျ”
“မဟုတ်ဘူး၊ ခုနက ဒီနားမှာ လူတစ်ယောက် ရထားလမ်းပေါ်ဖြတ်ပြီး ကန့်လန့်အိပ်နေတာကို တွေ့လိုက်ရလို့”
“ဟာ . . . ဦးမြင့်ကလဲ ပေါက်ပေါက်ရှာရှာ ကျွန်တော်လဲ ရထားလမ်းကို သေချာကြည့်ပြီးမောင်းလာတာပါဗျ၊ အဲဒီလို အိပ်နေတာကျွန်တော်မတွေ့ပါဘူးဗျ၊ ရထားလမ်းက ဘူတာအထိကို ဖြူးနေတာပဲ”
“ဟေ”
ဦးမြင့်မှာ ဘာမှပြန်မပြောနိုင်တော့။ မကြာခင် စက်ခေါင်းမောင်းမှာလဲ ရထားကို ပြန်လည်မောင်းပြီးဘူတာသို့ ဝင်လိုက်လေသည်။ ဦးမြင့်ကတော့ တွေဝေပြီး ငူငူူကြီးထိုင်ရင်း ဘူတာတွင် ကျန်နေခဲ့တော့သည်။
တစ်နေ့သော မနက်ခင်းတွင် ဆိုက်ကားဆရာ ကိုဆန်းက ထိုလမ်းသို့ရောက်လာခဲ့သည်။ ကိုဆန်းက ဆိုက်ကားကို ဂိတ်ထိုးရန်အတွက် အေးအေးလူလူပင် မောင်းလာခဲ့သည်။ ထိုလမ်းမှ တစ်ခါမှတော့မလာဘူး၊ သို့သော် ထိုနေ့ကတော့ သူသွားနေကျလမ်းက ပြုပြင်နေသည်မို့ ဗဟိုလမ်းဘက်မှ ပတ်လာခဲ့ခြင်းဖြစ်သည်။
မနက် ၆ နာရီတောင်မထိုးသေးပေ။ ရာသီဥတုက အုံ့မှိုင်းနေသည်။ ဗဟိုလမ်းပေါ်တွင် ကားအသွားအလာရှိနေပြီဖြစ်သည်။ သီချင်းကလေး တစ်အေးအေးဖြင့် ဆိုက်ကားကိုမောင်းလာစဉ် ရထားလမ်းဘေးသို့ ရောက်လာခဲ့သည်။ ထိုစဉ် သူ့ဆိုက်ကားအား လမ်းဘေးမှ လူတစ်ယောက်က လှမ်းပြီးတားလိုက်သည်။ ကိုဆန်းက ထိုလူကို အကဲခတ်ကြည့်လိုက်သည်။ ဆံပင်က ရှည်ရှည်ညင်းသိုးသိုးနှင့် အဝတ်အစားတွေက နွမ်းလျနေသည်။ ပုဆိုးကို ခပ်တိုတိုဝတ်ထားပြီးနောက် ဆင်ကြယ်ဖိနပ်အနွမ်း အပါးလေးကို စီးထားလေသည်။
ကိုဆန်းလဲ ထိုလူရှေ့တွင် ရပ်ပေးလိုက်သည်။
“ဘယ်သွားမလို့လဲဗျ”
“ဒီရှေ့နားတင်ပါ”
ကိုဆန်းက ဆိုက်ကားလူစီးသည့် နေရာရှိ ဖင်ထိုင်သည့် ကူရှင်လေးကို ကျောကိုမှီပေးလိုက်သည်။ ထိုအခါ ထိုလူက ဆိုက်ကားပေါ်တက်လိုက်သည်။ သူတက်လိုက်သည့်အခါ ဆိုက်ကားမှာ စွေ့ကနဲ လှုပ်ရှားသွားလေသည်။ အနားကပ်လိုက်တော့မှ ထိုလူဆီက အရက်နံ့တွေ ထောင်းကနဲရလိုက်သည်။ ကိုဆန်းလဲ ဆိုက်ကားကို နင်းထွက်ခဲ့သည်။ သို့သော် ဆိုက်ကားမှာ အနည်းငယ်လေးလံနေသည်ကို သတိထားမိသည်။
ကိုဆန်းလဲ ဘာမှမပြောတော့ဘဲ ဆိုက်ကားကိုအားစိုက်နင်းလာလိုက်သည်။ ငါးမိနစ်လောက်နင်းအပြီး အရှေ့တွင် လမ်းချိုင့်ခွက်ကြီးတစ်ခုရှိလေသည်။ ကိုဆန်းက အရှိန်လျှော့လိုက်ပြီး နင်းသော်လည်းဆိုက်ကားမှာ လမ်းချိုင့်ခွက်ထဲ ဘီးတစ်ဖက်ကျပြီး ဆိုက်ကားခုန်သွားလေတော့သည်။
“ဝုန်း”
ထိုအခါ ဆိုက်ကားစီးလာသည့် သူ၏ ခေါင်းကြီးမှာ လည်ပင်းအရင်းကနေပြီး ပြုတ်ကျသွားကာ ဆိုက်ကားခြေနင်းပြားပေါ်ကျလျှက် မြေကြီးပေါ်သို့ တစ်လိမ့်လိမ့်ကျသွားလေသည်။ ကိုဆန်းလဲ ခေါင်းနားပန်းကြီးသွားသည်။ သို့သော် ဆိုက်ကားပေါ်တွင် ထိုင်နေသည့် ကိုယ်လုံးကြီးက သူ့ဖက်လှည့်လိုက်သည်။ လည်ပင်းတွင် အရိုးများ၊ သွေးကြောများ၊ အစာလမ်းကြောင်းနှင့် အသားများက ဖွာလန်ကျဲနေသည်။
မြေပေါ်ကျနေသည့် ခေါင်းပြတ်ကြီးကလဲ ကိုဆန်းဘက်သို့လှည့်လိုက်ပြီးနောက် ကိုဆန်းကို ပြုံးပြလေသည်။ သွားတွေ၏အစွန်တွင် အစွယ်ကြီးနှစ်ချောင်းကိုပါ မြင်တွေ့လိုက်ရသည်။
“အောင်မယ်လေးဗျ”
ကိုဆန်းလဲ အရူးတစ်ယောက်ပမာ အော်ဟစ်ကာ ဆိုက်ကားပေါ်မှ ပြေးဆင်းသွားလေတော့သည်။ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ကိုဆန်း တစ်ပတ်ခန့်ဖျားလေသည်။
ထိုမျှမကသေး ထိုနေရာတွင် အခြားသူများစွာလဲ မထင်လျှင် မထင်သလို ခေါင်းပြတ်ကြီးနှင့် တွေ့ဆုံကြပြီး အမျိုးမျိုးအခြောက်ခံကြရသည်။ အများအားဖြင့် အရက်သယ်ဆောင်လာသည့် ယောက်ျားများကို အခြောက်ဆုံးဖြစ်သည်။
(၇) တင်လှိုင်ဝင်ပူးပြီ
ထိုရထားလမ်းနှင့် မလှမ်းမကမ်းတွင် ဘောလုံးကွင်းကလေးတစ်ကွင်းရှိသည်။ ထိုနေရာတွင် ညနေဖက်ဆို ပိုက်ကျော်ခြင်းဝိုင်းများ၊ ဘောလီဘောဝိုင်းများနှင့် ဘောလုံးကစားဝိုင်းများရှိကာ သူ့အစုနှင့်သူ ဆော့ကစားလေ့ရှိကြသည်။ ထိုနေ့ကတော့ ရာသီဥတု သာယာသဖြင့် မျိုးအောင်နှင့် သူငယ်ချင်းများ ပိုက်ကျော်ခြင်းကစားကြသည်။ မျိုးအောင်မှာ ခဝဲခြံအထက်ဘက်တွင် နေထိုင်သူဖြစ်ပြီး အသက်က ၁၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ဆယ်တန်းဖြေဆိုထားသူဖြစ်သည်။
ထိုနေ့က ညနေ၅နာရီကျော်အချိန်တွင် မျိုးအောင်တို့ ပိုက်ကျော်ခြင်းကို ပိုက်ဆံကြေးကစားကြသည်။ တစ်ချီတွင် မျိုးအောင်က တစ်ဖက်မှ ခတ်တင်လိုက်သော ခြင်းလုံးကို ခုန်ပြီးဖျက်တင်လိုက်ရာမှ အကျမတော်၍ ခေါင်းနှင့်ကျလေသည်။ မျိုးအောင်မှာ ခဏငြိမ်သက်သွားလေသည်။ ခြင်းခတ်သူ သူငယ်ချင်းများက ပြေးလာကြသည်။
“မျိုးအောင် ဘာဖြစ်သွားသေးလဲ”
“ထိုအခါ မျိုးအောင်က လူးလဲပြီးထလိုက်သည်။
“ဘာမှ မဖြစ်ဘူး . . . ဟီး . . . ဟီး ဘာမှမဖြစ်ဘူး”
မျိုးအောင်က မတ်တပ်ရပ်လိုက်ပြီး ဖုန်များကိုခါလိုက်သည်။ ဆက်လက်ကစားကြသောအခါ မျိုးအောင်မှာ ခြေစွမ်းကျနေလေသည်။ ထို့ကြောင့် သူငယ်ချင်းများက မျိုးအောင်ကို နားခိုင်းပြီး လူစားလဲကစားကြသည်။ မျိုးအောင်က အားအားရှိ ရယ်မောနေလေသည်။ ထိုနေ့က ခြင်းပွဲနိုင်သဖြင့် ပိုက်ဆံတွေရလေသည်။ သူငယ်ချင်းတွေ ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့သည်။
“ငါ အရက်သောက်ချင်တယ်ကွာ”
မျိုးအောင်ကပြောလိုက်တော့ သူငယ်ချင်းတွေအားလုံး အံ့သြသွားကြသည်။
“ဟေ့ကောင် တို့က လက်ဖက်ရည်ဆိုင်သွားမှာလေကွာ . . .”
“ဟင့်အင်း၊ ငါလက်ဖက်ရည်မသောက်ဘူး အရက်သောက်မယ်”
ထိုအခါ သူငယ်ချင်းများက ပိုပြီး အံ့သြရသည်။
“ဟေ့ကောင် မင်းအရက်သောက်တာ မင်းအိမ်ကသိရင် ကွိုင်တက်မှာနော်၊ နောက်ပြီးမင်းက အရင်ကမှ အရက်မသောက်တာ ခုမှဘာဖြစ်တာလဲ”
မျိုးအောင် မျက်လုံးများနီလာပြီး ဒေါသများလဲ ထွက်လာလေသည်။ သူငယ်ချင်းများနှင့် ထိုးမည်ကြိတ်မည်အထိဖြစ်လာသဖြင့် သူငယ်ချင်းများက ဖြန်ဖြေထားရသည်။
“ကဲ ဒါဆိုရင်လဲ တို့နိုင်တဲ့အထဲက မင်းအတွက် ငွေတစ်ချို့ပေးလိုက်မယ်၊ မင်းအရက်သောက်ချင်ရင် ကိုယ့်ဖာသာသွားသောက်”
ထိုသို့ပြောလိုက်ကာ မျိုးအောင်ကို ပိုက်ဆံထုတ်ပေးလိုက်သည်။ မျိုးအောင်လဲ ပိုက်ဆံရသည်နှင့်် အလွန်လျှင်မြန်စွာဖြင့် ဗဟိုလမ်းအတိုင်း ပြေးထွက်သွားတောသည်။
စင်စစ်အားဖြင့် မျိုးအောင်ကို အနားရှိ ခေါင်းပြတ်တင်လှိုင်က ဝင်ပူးလိုက်ချင်းဖြစ်သည်။ မျိုးအောင် လဲကျသွားချိန်တွင် မျိုးအောင်၏ ဝိညာဉ်လိပ်ပြာကို တွန်းထုတ်ပြီး တင်လှိုင်က ဝင်ပူးနေခြင်းဖြစ်သည်။
ကားလမ်းဘေးရှိ အရက်ဖြူဆိုင်တစ်ဆိုင်သို့ မျိုးအောင်ပြေးဝင်လိုက်သည်။ ထို့နောက် လက်ထဲက ပါသမျှ ပိုက်ဆံများအားလုံးကို အရက်ဝယ်လိုက်ကာ ဆိုင်ထောင့်ရှိ ထိုင်ခုံကလေးတစ်ခုံတွင် ထိုင်နေလိုက်ပြီး အရက်ကို အားရပါးရ အငမ်းမရသောက်ချနေလေသည်။ အရက် လေးပုလင်းကို အချိန်ခဏကလေးနှင့် ကုန်အောင်သောက်ပစ်နေသည့် မျိုးအောင်ကို အခြားအရက်သမားများက ဝိုင်းကြည့်နေကြသည်။
(၈) မျိုးအောင် သောင်းကျန်းပြီ
အရက်လေးပုလင်းကုန်တော့ မျိုးအောင် ထပ်သောက်ချင်သည်။ ပိုက်ဆံကလဲ မရှိတော့။
“ထပ်ပေးဦး . . . ငါ့ကို အရက်ထပ်ပေးဦး”
မျိုးအောင်က စားပွဲထိုးကို တောင်းလိုက်သည်။ စားပွဲထိုးက ခပ်တည်တည်ဖြင့်။
“ပိုက်ဆံပေးရင်လိုသလောက်ရမယ် . . . ပိုက်ဆံအရင်ပေး”
ထိုအခါ မျိုးအောင်က စားပွဲကို လက်ဖြင့်ထုလိုက်လေသည်။
“ဟေ့ကောင် သောက်စရာရှိတာ အေးဆေးသောက်ပြီးပြန်၊ ပြသနာလာမရှာနဲ့”
ဆိုင်ရှင်က ကြိမ်းမောင်းလိုက်သောအခါ မျိုးအောင်က မတ်တပ်ရပ်လိုက်သည်။ သို့သော် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့။ ဝင်ပူးထားသည့်သူမှာ တင်လှိုင်ဆိုသော်လည်း ခန္ဓာကိုယ်က မျိုးအောင် ခန္ဓာကိုယ်မို့ အရက်ဒဏ်ကို မခံနိုင်ပေ။ အလွန်မူးနေပြီဖြစ်သည်။ မျိုးအောင်က ဆိုင်ထဲမှ တစ်လှမ်းချင်း လျှောက်ပြီးထွက်လာလေသည်။ ဆိုင်အပြင်ရောက်ခါနီး စားပွဲဝိုင်းတစ်ခုတွင် လူလေးဦး စားသောက်နေပြီး သူတို့ရှေ့တွင်လဲ ပုလင်းသုံးလုံးချထားလေသည်။ မျိုးအောင်က ထိုပုလင်းကို တွေ့တော့ ဟန်မဆောင်နိုင်တော့ဘဲ ပုလင်းများကိုဆွဲယူလိုက်ပြီး ချက်ချင်းမော့သောက်တော့သည်။
“ဟေ့ကောင် မင်းဘာလုပ်တာလဲ”
ထိုစားပွဲတွင် စားသောက်နေသူများက မျိုးအောင်ကို ပြောလိုက်သည်။
“အရက်သောက်တာလေ . . . မင်းတို့က မကျေနပ်ဘူးလား”
မျိုးအောင်က ပြောပြီးသည်နှင့် လူတစ်ယောက်၏ ခေါင်းကိုလက်ထဲက ပုလင်းနှင့် အားကုန်ရိုက်ချလိုက်သည်။ ထို့နောက် သစ်သားထိုင်ခုံတစ်ခုကို ယူကာ နောက်တစ်ယောက်ကိုလဲ ရိုက်ထည့်လိုက်သည်။ ဆိုင်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ နောက်ဆုံးတော့ မျိုးအောင်ကို ဝိုင်းထိုးကြိတ်ကြပြီး ရဲစခန်းသို့ ပို့လိုက်ကြသည်။
မျိုးအောင် မိဘများက အာမခံဖြင့် လာထုတ်ရလေသည်။ ဆေးဖိုးလဲ တော်တော်လျော်လိုက်ရသည်။ မျိုးအောင်မျက်နှာကြီး ဖူးယောင်နေသည်မှာ မြင်မကောင်း။ အိမ်ရောက်တော့ အဖေနှင့် အမေက မျိုးအောင်ကို ဆူကြသည်။ မျိုးအောင်ကတော့ ဆက်တီဆိုဖာတွင် ဆန့်ဆန့်ကြီးအိပ်နေပြီဖြစ်သည်။
“ဟုတ်တယ်၊ အဒေါ်ရဲ့ မနေ့ကညနေခြင်းခတ်ပြီး ပြန်လာကတည်းက မျိုးအောင်က မူမမှန်တာ”
မျိုးအောင် သူငယ်ချင်းများက နောက်တစ်နေ့ အိမ်သို့ရောက်လာပြီး မျိုးအောင်ကို လာကြည့်ကြသည်။
မကြာခင် မျိုးအောင်နိုးလာသည်။ မျက်လုံးကြီးများနီနေပြီးနောက် အိမ်ထဲတွင် အော်ဟစ်နေလေသည်။
“အရက်ပေး . .. အရက်ပေး . . . ငါအရက်သောက်ချင်တယ်”
မျိုးအောင်မိဘများလဲ စိတ်အလွန်ပူနေပြီဖြစ်သည်။ မျိုးအောင်သူငယ်ချင်းများလဲ အံ့သြကုန်ကြသည်။
“အဒေါ်ရေ မျိုးအောင်ကတော့ တစ်ခုခုဖြစ်နေပြီ . . . သရဲတွေဘာတွေများ ပူးလာသလားပဲ”
ပတ်ဝန်းကျင်မှလူများလဲ ထူးဆန်းစွာဖြင့်လာကြည့်ကြသည်။ မျိုးအောင်မှာ အလွန်သောင်းကြမ်းနေပြီး အိမ်အတွင်းရှိသမျှ ပစ္စည်းများကို ဖျက်ဆီးပစ်နေလေသည်။ ထိုအခါ အရပ်ထဲမှ အားကောင်းမောင်းသန် ယောက်ျားကြီးလေးယောက်က မျိုးအောင်ကို ချုပ်ထားကာ ကြိုးဖြင့်တုပ်ထားလိုက်ရသည်။
“ဘယ် . . . ဘယ်လိုလုပ်ကြမလဲ”
ထိုအခါ ရပ်ကွက်အတွင်းမှ အဒေါ်ကြီးတစ်ဦးက အကြံပေးသည်။
“ကြို့ကုန်းအရှေ့ကဘုရားကိုးဆူကပ်တဲ့ ဆရာတင်ဆိုတာ အထက်လမ်းတွေတက်တယ်ဆိုပဲ”
နောက်ဆုံးတော့ ထိုအမျိုးသမီး၏ အကြံပေးမှုဖြင့် ဆရာတင်ဆီသို့ ကားငှားကာ ပြေးကြတော့သည်။ မျိုးအောင်မှာ အတင်းရုန်းနေရာမှ ဆရာတင်၏ အိမ်ပေါက်ဝသို့ရောက်သော် ယောက်ျားကြီးလေးယောက်ပင် မထိန်းနိုင်အောင်ကို ရုန်းကန်နေလေသည်။ ဘုရားကိုးဆူ ဆရာတင်မှာ နံနက်စာစားပြီး လက်ဖက်ရည်ဆိုင်မှ ပြန်လာချိန်ဖြစ်သည်။ အိမ်ပေါက်ဝတွင် ဆရာတင်နှင့် ဆုံသည်နှင့် ဆရာတင်က သိလိုက်ပြီမို့ မျိုးအောင်ကိုလက်ဝါးဖြင့် ကာပြလိုက်သည်။
“ဟေ့ ငြိမ်ငြိမ်နေပြီး အသားကလေးလိုက်ခဲ့စမ်း”
ဆရာတင်ပြောလိုက်သည်နှင့် မျိုးအောင်မှာ ခြေထောက်များပါ ခွေကျသွားလေသည်။ ထိုအခါ ယောက်ျားကြီးများက မျိုးအောင်ကို ချိုင်းမှ မပြီး ဆရာတင်၏ အိမ်ထဲသို့ ခေါ်ခဲ့ကြသည်။
(၉) တင်လှိုင်ကိုထုတ်ပြီ
ဆရာတင်၏ တစ်ထပ်အိမ်ကလေးကိုဝင်ခဲ့ကြသည်။ ဘုရားစင်ကြီးက အကြီးကြီးဖြစ်ပြီး အလွန်သပ္ပါယ်လှသည်။ ဆရာတင်က မျိုးအောင်ကို ဘုရားစင်ရှေ့ထိုင်ခိုင်းရာ မျိုးအောင်က မထိုင်ဘဲ ပေကပ်ကပ်လုပ်နေသည်။ ဆရာတင်က ကြိမ်လုံးတစ်လုံးကို ယူလိုက်သည့်အခါတွင်တော့ ဘုရားစင်ရှေ့တွင် ကျုံ့ကျုံ့ကလေး ထိုင်လိုက်လေသည်။
“ပြော . . . မင်းဘယ်သူလဲ၊ ဘာလို့ ဒီကလေးကို နှောင့်ယှက်နေတာလဲ”
“မပြောဘူး၊ လုံးဝမပြောဘူး၊ မင်းကဘာကောင်လဲ”
မျိုးအောင်က ပေကပ်ကပ်လုပ်နေသည်။
“သယ် . . . ငါကြိမ်လုံးနဲ့ ရိုက်ရမလား၊ မင်းမနာချင်ရင် ငါမေးတာကို အမှန်အတိုင်းဖြေစမ်း”
ဆရာတင်က ကြိမ်လုံးနှင့်ရွယ်လိုက်သည်။ မျိုးအောင်မှာ ထိုကြိမ်လုံးကို အလွန်ကြောက်သည့်အတွက် ကြိမ်လုံးလေပေါ်ဝှေ့လိုက်သည်နှင့် မြေတွင် ပြားနေအောင် ဝပ်ချလိုက်လေသည်။
“ပြော”
“ဟုတ်ကဲ့၊ ကျွန်တော် ခေါင်းပြတ်တင်လှိုင်ပါ၊ ကြို့ကုန်းဘူတာနားမှာနေပါတယ်”
“မင်းဘာလို့ ဒီကလေးကို နှောင့်ယှက်ရတာလဲ”
“ကျွန် . . . ကျွန်တော် အရက်သောက်ချင်လို့ပါ၊ နောက်ပြီးကျွန်တော် စားရမဲ့ သောက်ရမဲ့ဖြစ်နေတာ နှစ်နဲ့ချီပြီးကြာနေပါပြီ”
“အရက်သောက်ချင်တာ တစ်ခုတည်းနဲ့လား၊ မှန်မှန်ပြောစမ်း မင်းကိုဘယ်သူက ခိုင်းတာလဲ”
ထိုအခါမျိုးအောင်က ရှိုက်ကြီးတငင်ငိုကြွေးလိုက်လေသည်။ ထို့နောက် မျက်ရည်စက်လက်နှင့် သူ့ဘဝဖြစ်ကြောင်းကုန်စင်ကို ပြန်လည်ပြောပြလေသည်။
အားလုံးက နားထောင်ပြီးတော့ တင်လှိုင်ကို သနားမိကြသည်။ ဆရာတင်ကလဲ တင်လှိုင်ကို ငေးမောကြည့်နေလိုက်သည်။
“တော်တော် အကုသိုလ်များတဲ့လူပါလားကွာ”
“ဟုတ်ကဲ့ ကျွန်တော်လဲ စားရမဲ့ သောက်ရမဲ့မို့ လုပ်မိလုပ်ရာ လုပ်မိတာပါ”
“မင်းကွာ ၊ မင်းလူဖြစ်တုန်းကလဲ အရက်သေစာသောက်စားလွန်ခဲ့လို့ အခုလို ပြိတ္တာဘဝကိုရောက်နေရတာကို မင်းမမှတ်သေးဘူးလား”
မျိုးအောင်က ငိုင်ကျသွားလေသည်။
“ကောင်းပြီ၊ အခုငါပြောမယ်၊ မင်းထွက်သွားလိုက်ပါ၊ ပြီးတော့ မင်းကြောင့်ရခဲ့တဲ့ ဒဏ်ရာတွေကိုပါ ယူသွားလိုက်၊ မင်းအတွက်လဲ ရည်စူးပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ပေးမယ် မင်းသာဓုခေါ်နိုင်အောင်လို့”
ထိုအခါ မျိုးအောင်က ခေါင်းကိုခါယမ်းလိုက်လေသည်။
“မရဘူးဗျ၊ ကျွန်တော် ဘုရားရှိခိုးတဲ့အနားရောက်တယ်၊ အမျှဝေတဲ့အခါ သာဓုခေါ်လို့မရဘူး၊ အဲဒီစကားလုံးက ကျွန်တော့်ပါးစပ်ကနေ ထွက်မလားဘူးဖြစ်နေတယ်ဗျ”
“အော် . . . တော်တော် အကုသိုလ်ကြီးပါလားကွာ”
“ကဲအခုမင်းထွက်တော့၊ မင်းအတွက် အရက်တစ်လုံးနဲ့ စားစရာနဲ့ ခေါစာပစ်ပေးမယ်၊ မင်းကျေနပ်တော့၊ နောက်လဲ ဒီလိုမျိုးမလုပ်နဲ့တော့ ဒီလိုထပ်လုပ်မယ်ဆိုရင် မင်းနာမယ်မှတ်”
ဆရာတင်က ကြိမ်လုံးကို ကြမ်းပြင်နှင့် တရွှမ်းရွှမ်းရိုက်ထုတ်လိုက်သည့်အခါတွင် မျိုးအောင်က တုန်လှုပ်သွားလေသည်။ ထို့နောက် ခဏအကြာတွင် မျိုးအောင်လဲ လဲကျသွားတော့သည်။ ဆရာတင်က မှိုင်းကိုင်စက္ကူပေါ်တွင် အင်းတစ်ကွက်ကို ဖောင်တိန်ဖြင့်ရေးသားလိုက်ပြီးနောက် ရေခွက်ထဲထည့်ကာ လက်ကိုနှစ်ထားပြီး ပါးစပ်က ပွစိပွစိနှင့် မန္တန်များရွတ်ဖတ်လိုက်ပြီးနောက် ထိုရေခွက်ကို မျိုးအောင်ကို တိုက်ခိုင်းလိုက်သည်။ သတိမေ့နေသော မျိုးအောင်ကို ပါးစပ်အတင်းဟပြီး ရေတိုက်လိုက်ကြသည်။ မကြာမီ မျိုးအောင် သတိပြန်လည်လာတော့သည်။ မျိုးအောင်မိသားစုများကလဲ နောက်တစ်ရက်တွင် အရက်တစ်ပုလင်းနှင့် ကြက်ကြော်ကို ရထားလမ်းဘေးသို့ ခေါစာပစ်ပေးလိုက်တော့သည်။
(၉) ယနေ့တိုင်ရှိနေဆဲ
ယခုတော့ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တင်လှိုင်တို့နေခဲ့သည့် ရပ်ကွက်ကလေးလဲ ဖျက်သိမ်းလိုက်ပြီး မရှိတော့ချေ၊ ထိုနေရာတစ်ဝိုက်သည်လဲ အလွန်တိုးတက်ကာ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ သို့သော် မပြောင်းမလဲ ရှိနေသေးသည်က တင်လှိုင်ပင်ဖြစ်သည်။
ယနေ့တိုင် မိုးရွာသောညများ၊ မနက်ဝေလီဝေလင်းနှင့် ညည့်နက်သည့်အခါတွင် တင်လှိုင်၏ အခြောက်ခံရသူများ ရှိကြသည်။ တစ်ခါတစ်ရံ ဗဟိုလမ်းမကြီးပေါ်တွင်ဖြစ်စေ၊ ရထားလမ်းပေါ်တွင်ဖြစ်စေ၊ ဘူတာအနီးတွင့်ဖြစ်စေ တင်လှိုင်ကို ပုံစံအမျိုးမျိုးနှင့်တွေ့ရတတ်သည်။ အများအားဖြင့် တွေ့ရသည်ကတော့ ခေါင်းပြတ်ကြီးနှင့်ဖြစ်သည်။ ကံနိမ့်သည့်လူများနှင့် အရက်သမားများ အများဆုံးတွေ့ကြုံရလေ့ရှိသည်။
ဗဟိုလမ်းနှင့် အနောက်ကြို့ကုန်းအနီးတစ်ဝိုက် ညကြီးအချိန်မတော် ဆံပင်ညှင်းသိုးသိုးနှင့် ခေါင်းငိုက်စိုက်ချလျှက် လမ်းကိုတစ်လှမ်းချင်း ဒယိမ်းဒယိုင်လျှောက်နေသော၊ ဖိနပ်ကိုလဲ တရှပ်ရှပ်ဖြင့် တရွတ်တိုက်လျှောက်ကာ အရက်နံ့များမှာလဲ တထောင်းထောင်းထနေသော လူတစ်ဦးကို တွေ့ခဲ့မည်ဆိုပါလျှင် ထိုသူကား အခြားသူမဟုတ် တင်လှိုင်ပင်ဖြစ်ပါသည်။
(မျိုးအောင် သူငယ်ချင်းတစ်ဦးမှ အဖြစ်အပျက်များကို ပြန်လည်ပြောပြပါသည်။ ဖြစ်ရပ်မှန်ဖြစ်ပြီး အမည်များကို စာရေးသူက အမည်လွှဲရေးဖွဲ့ထားပါသည်။ သို့သော် ခေါင်းပြတ်နာမည်ကတော့ တင်လှိုင်အမည်ရင်း ဖြစ်ပါသည်။)
ပြီးပါပြီ။
ချမ်းမြေ့ကြပါစေ။
အဂ္ဂဇော်