အတွဲ(၂) စာစဉ် (၈)
(၁)
ကျုပ်တို့ခရီးဆက်လာရင်း လမ်းတစ်လျှောက်မှာတော့ အေးရာအေးကြောင်းပါပဲဗျာ၊ နောက်တော့ တောင်ကြီးတွေကို ဖြတ်လာရတယ်ဗျ၊ ကားလမ်းကလမ်း တောင်ဆင်းတောင်တက်နဲ့ ကျုပ်ဖြင့် အညာလို့ကိုမထင်ဘဲ ရှမ်းပြည်ဘက်ကို လမ်းမှားပြီး ရောက်လာသလားလို့ထင်မိတာ၊ ကျုပ်တို့ဒေသနဲ့ဘာမှမဆိုင်ဘူးဗျာ၊ သစ်တောကြီးတွေ၊ တောင်တန်းကြီးတွေနဲ့ နွေရာသီမှာတောင် သစ်တောတွေက စိမ်းစိုနေတာဗျ။ ကျုပ်လည်း ကားစီးလာရင်း ဆရာကြီးရှိန်ကို လက်တို့ပြီးတော့ မေးရတာပေါ့ဗျာ။
“ဆရာကြီး၊ ကျုပ်တို့ကားမှားစီးလာပြီး ရှမ်းပြည်ကိုများရောက်နေတာလား၊ အခုတောင်တွေပေါ်ကိုချည်းရောက်နေတာနော်ဗျ”
ဦးအောင်ရှိန်က ကျုပ်ပြောတော့ အသံထွက်ပြီးတော့ပါရယ်တယ်ဗျ။
“မမှားပါဘူးငါ့တူရာ၊ ဒီလမ်းက ငါတို့သွားနေကြပါကွ”
“မမှားဘူးဆိုတော့လည်း တော်သေးတာပေါ့ဗျာ၊ ကျုပ်ဖြင့် တစ်မှေးမှေးပြီး နိုးလာတော့ ရှမ်းပြည်တက်နေတယ်လို့ထင်သွားမိတာ”
“ဟား၊ ဟား ဒါရှမ်းပြည်မဟုတ်ပါဘူးကွ၊ ငါတို့ရဲ့ ယောနယ်ကိုရောက်လာတာပါ”
“ယောနယ်ကလည်း တောင်တွေချည်းဘဲနော်ဗျ”
ကျုပ်လည်းမေးရင်း ပြတင်းပေါက်ကနေငေးကြည့်လာတာပေါ့ဗျာ၊ မြင်မြင်သမျှ တောင်တန်းတွေ သစ်တောတွေပဲ မြင်နေရတာကိုးဗျ။ ဦးအောင်ရှိန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့
“တို့ရောနယ်မှာ တောင်ကြီးဆယ့်တစ်တောင်၊ တောင်ငယ်နှစ်ဆယ်ရှိတယ်ကွ၊ တောင်ကြီးတွေကတော့ ပုံတောင်၊ ပုံညာ၊ ဒညင်း၊ ပေါင်မင်း၊ ဆေးကြီး၊ မောင်နှမ၊ နွားမ၊ ခွေးခေါ်၊ ဆင်လဲ၊ တောင်တော်တဲ့ကွ”
ဦးအောင်ရှိန်ဘာတွေရွတ်နေမှန်းမသိလို့ ကျုပ်လည်းခေါင်းကုပ်နေမိတာပေါ့ဗျာ၊ နောက်တော့ ဦးအောင်ရှိန်ကြီးက ရှင်းပြတယ်ဗျ။
“ဒီစာဆိုအရဆိုရင် ပုံတောင်ရယ်၊ ပုံညာတောင်ရယ်၊ ဒညင်းတောင်၊ ပေါင်မင်းတောင်၊ ဆေးကြီးတောင်၊ မောင်နှမဆိုတာကတော့ မောင်တော်တောင်၊ နှမတော်တောင်၊ နွားမတောင်၊ ခွေးခေါ်တောင်၊ ဆင်လဲတောင်နဲ့ တောင်တော်ဆိုပြီးတော့ တောင်ကြီး ဆယ့်တစ်လုံးရှိတယ်”
ကျုပ်လည်း ဒီတော့မှသဘောပေါက်တာဗျ။ ဒီဒေသမှာ တောင်တွေလည်း သိပ်ပေါတာကိုးဗျ။
“ဒါနဲ့ တောင်နာမည်တွေကလည်း အဆန်းတွေပါလား”
“အေး၊ ဒီတောင်တွေမှာ သူ့တောင်နဲ့သူ ဇာတ်ကြောင်းရာဇဝင်တွေရှိတယ်ကွ၊ အဲဒီတောင်တွေမှာ အမှီပြုပြီးနေကြတဲ့ ရွာသားတွေဆိုရင် တောင်ပိုင်တွေကို သေလုအောင်ကြောက်ရသတဲ့၊ နီးစပ်တာကိုပြောပြရရင် တောင်တော်တောင်ကို ဘယ်သူမှခြေဆင်းပြီးမအိပ်ရဲကြဘူး၊ တောင်ကြီးရှိရာကိုပဲ ခေါင်းထိုးပြီးအိပ်ကြရတယ်”
“မအိပ်ရင်ရော ဘာဖြစ်သလဲဗျ”
“မင်းကတော့ ပေါက်ပေါက်ရှာရှာမေးပြန်ပြီ၊ မယုံကြည်လို့ ခြေဆင်းအိပ်တဲ့လူတွေက ခေါင်းခဲတာ၊ ခေါင်းကိုက်တာ၊ အပြင်းဖျားတာဖြစ်တယ်၊ နောက်ပြီး တောင်တော်သခင်မ ငြိုးတာခံရတတ်တယ်တဲ့၊ ဒါကြောင့် ရွာခံတွေလည်း မအိပ်ကြသလို၊ ဧည့်သည်တွေကိုလည်း မအိပ်ခိုင်းကြဘူး”
“အင်း၊ ထူးဆန်းလိုက်တာနော်ဗျ”
“ဒါ့ထက်ထူးဆန်းတာတွေ တစ်ပုံကြီးရှိပါသေးတယ်ကွာ၊ ကဲ ဒီတောင်ကြီးကိုကျော်ပြီးရင်တော့ ဂန့်ဂေါရောက်တော့မယ်ဟေ့၊ ငါလည်း ခနမှေးလိုက်အုံးမယ်”
ဦးအောင်ရှိန်က ဦးဘသာလို လေမရှည်ဘူးဗျ၊ ကျုပ်ကလည်း တစ်ခုခုဆိုသိချင်လာရင် ခရေစေ့တွင်းကျ လိုက်မေးတတ်တဲ့ကောင်ဆိုတော့ သူကလည်း ကျုပ်နဲ့သိပ်စကားပြောချင်ပုံမရဘူးပေါ့ဗျာ။
“ဂန့်ဂေါမြို့မှ ကြိုဆိုပါ၏”
မြို့အဝင်နားရောက်တော့ ဆိုင်းဘုတ်ကိုကျုပ်အသံထွက်ပြီးဖတ်လိုက်တယ်၊ လမ်းကနည်းနည်းကြမ်းတော့ ကားကလည်းဆောင့်တယ်ဗျ၊ ဦးဘသာကြီးနဲ့ ဦးအောင်ရှိန်ကတော့ တစ်လမ်းလုံးမှေးပြီး လိုက်လာခဲ့ကြတာပဲဗျာ၊ ကျုပ်ဘေးက ရင်မောင်ကတော့ ထုံးစံအတိုင်း ပါးစပ်ကို ပွစိပွစိလုပ်ပြီး ပုတီးစိပ်နေတာပေါ့ဗျာ။
(၂)
ဂန့်ဂေါမြို့ထဲက ကားဂိတ်မှာ ကားရပ်လိုက်လို့ ကျုပ်တို့ကားပေါ်ကဆင်းလာတယ်ဆိုရင်ပဲ လူကြီးတစ်ယောက်က ပြေးထွက်လာပြီးတော့ ဦးအောင်ရှိန်အရှေ့မှာ လက်အုပ်ချီတယ်ဗျ။
“ဆရာကြီးတို့ ဘယ်ကကြွလာတာလဲ”
“အေးကွ၊ အရှေ့ဖက်က ရွာတွေဆီခဏလှည့်နေတာ၊ မင်းရော အဆင်ပြေရဲ့လား”
“လုပ်ငန်းကိုင်ခန်းတွေ အားလုံးအဆင်ပြေပါတယ်ဆရာကြီး၊ ဒါနဲ့ ဆရာကြီးတို့ ဘာစားပြီးပြီလဲ ကျွန်တော် ဆရာကြီးတို့ကို နေ့လည်စာကျွေးပါရစေ”
အဲဒီလူကပြောတော့ ကျုပ်လည်း ဗိုက်ဆာဆာနဲ့စားရပြီလို့ထင်လိုက်တာပေါ့ကွာ၊ ဒါပေမယ့် ဦးအောင်ရှိန်က ခေါင်းခါတယ်ဗျ။
“ဒီတစ်ခါတော့ ငါတို့သွားစရာရှိသေးလို့ မစားတော့ပါဘူးကွာ”
“ဟုတ်ကဲ့ပါဆရာကြီး၊ ဆရာကြီးတို့ ကျွန်တော့်ကားကို စီးလာခဲ့တာပဲ၊ ကျွန်တော် ကားခပြန်ပေးပါ့မယ်”
“နေပါစေကွာ၊ ရပါတယ်၊ ကဲ . . ငါတို့သွားပြီဟေ့”
စားသောက်ရမည့်ပွဲကို လွဲသွားတော့ ကျုပ်လည်း စိတ်တိုသွားတာပေါ့ဗျာ။ နေကလည်းမွန်းတည့်တော့မယ်ဗျ၊ ကျုပ်တို့လည်းဆာလှပြီကိုး၊ ဦးအောင်ရှိန်ကြီးက ကျုပ်ကိုပြုံးရင်းကြည့်တယ်ဗျ။
“ငါ့တူကြီး ဗိုက်ဆာနေပြီလားကွ၊ နေစမ်းပါအုံးကွာ၊ ဖြည်းဖြည်းပေါ့၊ အစောကြီးရှိသေးတာပဲမဟုတ်လား”
ဦးဘသာကြီးကလည်း ခေါင်းညိတ်တယ်၊ ဒါနဲ့ ကျုပ်လည်း ဘာမှမပြောတော့ဘဲ အဝတ်ထုတ်ကြီးနှစ်ထုတ်ဆွဲပြီး သူတို့အနောက်ကနေ လိုက်လာခဲ့တာပေါ့။
ဦးအောင်ရှိန်ကြီးက လူချစ်လူခင်တော့ပေါတယ်ဗျ၊ လူချစ်လူခင်တာထက်စာရင် လူတွေက သူ့ကိုလေးစားကြတယ်လို့ဆိုရမယ်၊ ကျုပ်တို့လမ်းလျှောက်လာတော့ တစ်လမ်းလုံးမှာ တွေ့သမျှလူတွေက သူ့ကိုဆရာကြီး၊ ဆရာကြီးဆိုပြီး လက်အုပ်ချီပြီးနှုတ်ဆက်ကြတာဗျ။ တစ်ချို့ကျတော့ နှုတ်ဆက်ရုံတင်ဘယ်ကမလဲ ဆရာကြီးထမင်းစားသွားပါ၊ လက်ဖက်ရည်သောက်သွားပါနဲ့ ဖိတ်ကြတယ်ဗျ၊ ကျုပ်ဖြင့် ဦးအောင်ရှိန် တစ်အိမ်အိမ်တော့ ဝင်စားပြီလို့ထင်နေတာ၊ ဘယ်ဟုတ်မလဲဗျာ၊ သူက သူ့ကိုဖိတ်တဲ့လူတိုင်းကို ငြင်းငြင်းလွှတ်နေတော့တာပဲ။
ဂန့်ဂေါမြို့က ကျုပ်တို့မြိုင်သာမြို့ထက်စာရင်တော့ အတော်ကိုကြီးတာဗျ၊ ဆိုင်တွေဆိုတာလည်း တခမ်းတနားပဲဗျာ၊ များသောအားဖြင့်ကတော့ အထည်အလိပ်တွေလုပ်ကြတယ်၊ ဟိုတယ်၊ ဆေးရုံ၊ ရုပ်ရှင်ရုံနဲ့ စည်ကားနေတာပေါ့ဗျာ၊ မကြာပါဘူး မြို့ထဲကိုရောက်လာပါရော၊ ဒီအခါ ဦးအောင်ရှိန်ကို တရုတ်ကြီးတစ်ယောက်က နှုတ်ဆက်တယ်ဗျ။
“ဆရာကီး၊ မတွေ့တာတောင်ကြာနေပြီ”
“အေးကွ၊ ခရီးတွေချည်းထွက်နေတော့ ဒီကိုတောင်မရောက်တာ ကြာလှပေါ့”
တရုတ်ကြီးက ကျုပ်တို့ကိုတစ်ချက်ငဲ့ကြည့်တယ်ဗျ၊ နောက်တော့
“ဆရာကီးတို့ ထမင်းစားပြီးကြပြီလား၊ မစားရတေးဘူးဆိုရင် ၀ဆီမှာ စားသွားပါလား”
ကျုပ်လည်း ဦးအောင်ရှိန်များ ငြင်းအုံးမလားဆိုပြီး ထိတ်လန့်နေတာပေါ့ဗျာ၊ လူတစ်ကိုယ်လုံးလည်း ချွေးတွေထွက်ပြီး ပေစုပ်နေတာပဲ၊ ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ပြီးတော့ ပြုံးတယ်ဗျ။
“မင်းတို့ဆာပြီထင်တယ်၊ ကောင်းပြီလေတရုတ်ကြီး မင်းဆီမှာပဲ နေ့လည်စာစားသွားတာပေါ့၊ ငါတို့လေးယောက်စားဖို့ အဆင်ပြေတယ်မဟုတ်လား”
တရုတ်ကြီးက ရွှေသွားကြီးပေါ်အောင်ပြုံးလိုက်ပြီးတော့
“ပြေတာပေါ့ ဆရာကီးရယ်၊ ၀ဆီမှာ ဆရာကီးတို့လေးယောက်မပြောနဲ့၊ လူလေးဆယ်လာရင်တောင် စားလောက်ပါရဲ့၊ လာပါ ဆရာကီးတို့ ကြွပါ”
တရုတ်ကြီးက စတိုးဆိုင်ကြီးတစ်ခုထဲကို ဝင်သွားတယ်ဗျ၊ စတိုးဆိုင်ဘေးနားမှာတော့ အပေါင်ဆိုင်တစ်ခခုရှိတယ်၊ ကျုပ်လည်း သူတို့ဆိုင်ကြီးမှာတင်ထားတဲ့ နိုင်ငံခြားဖြစ်ကုန်စည်တွေကို ငေးပြီးတော့ကြည့်နေတာပေါ့ဗျာ၊ နောက်တော့ ဆိုင်နောက်ဖက်ကို တရုတ်ကြီးက ခေါ်သွားတာနဲ့လိုက်သွားတာပေါ့။
တရုတ်ကြီးအိမ်က ခမ်းခမ်းနားနားကြီးဗျ၊ မြိုင်သာမြို့က ကုလားမကြီးမာယာတို့ချမ်းသာတာက ဒီတရုတ်ကြီးနဲ့ယှဉ်ရင် ပမွှားလေးပါဗျ။ တရုတ်ကြီးအိမ်ထဲမှာ ကြွေပြားတွေခင်းထားပြီးတော့ တီဗွီအကြီးကြီးလည်းရှိသေးတယ်၊ အိမ်ထောင်ပရိဘောဂတွေဆိုလည်း အစုံပဲဗျာ၊ ကျုပ်တို့မမြင်ဖူးတဲ့ဟာတွေတောင် အများကြီးပဲ၊ အိမ်နောက်ဖက်နားမှာ ထမင်းစားခန်းရှိတယ်ဗျ၊ ထမင်းစားပွဲကြီးကိုမြင်တော့ ကျုပ်ဖြင့် ဟိုတယ်ကြီးထဲရောက်သွားသလားလို့ထင်ရတာ၊ စားပွဲဝိုင်းအကြီးကြီးကိုမှ ဆုံလည်လုပ်ထားတာဗျ၊ စားပွဲကြီးကလည်း မဟော်ဂနီရောင် တောက်နေတာပဲ။
“ဆရာကီးတို့ထိုင်ပါ၊ ၀စားဖို့သောက်ဖို့ စီစဉ်လိုက်အုံးမယ်”
တရုတ်ကြီးက မီးဖိုထဲကိုဝင်သွားတယ်ဗျ၊ ပြီးတော့ ပြန်ထွက်လာပြီး လက်ထဲမှာလည်း ပုလင်းစိမ်းစိမ်းကလေးတွေကိုင်ထားတယ်၊ ကျုပ်တို့အနားရောက်တော့ ပုလင်းဖောက်တံနဲ့ဖောက်လိုက်တဲ့အခါ ပုလင်းထဲကနေ စီခနဲမြည်သွားပြီးတော့ အမြှုပ်တွေတက်လာတာပေါ့ဗျာ။ နောက်တော့ ပိုက်ချောင်းလေးတွေတပ်တယ်ဗျ။
“ဒါ . . ဒါ ပုလင်းဘိလပ်ရည်မဟုတ်လား”
ကျုပ်က အံ့ဩပြီးမေးလိုက်တာပေါ့၊ အဲဒီခေတ်က ဘိလပ်ရည်ဆိုရင် လက်ဖျော်တွေများတယ်၊ အခုလို ပုလင်းပိတ်ထားတဲ့ဟာက သူဌေးတွေမှသောက်နိုင်တာဗျ၊ ကျုပ်လည်း မောမောနဲ့တစ်ချက်စုပ်သောက်လုက်တော့ အားပါးပါး အေးပြီးချိုမွှေးပြီး လည်ချောင်းထဲကို ဆင်းသွားတာပဲဗျာ။
နောက်တော့ စားသောက်ဖွယ်ရာတွေလာချတယ်၊ ထမင်းနဲ့ အရွက်တွေ၊ အသီးတွေ၊ အသားတွေကို ကြော်ထား၊ ပြုတ်ထားတာ စုံလို့ဗျာ။ တရုတ်ကြီးကလည်း ကျုပ်တို့နဲ့တစ်ခါတည်းဝင်ထိုင်တယ်၊ နောက်တော့ အိမ်ထဲကိုကြည့်ပြီး
“ခင်ရေ . . . လာလေကွာ၊ ထမင်းတခါတည်းလာစားပါအုံး”
အဲဒီအခါ အိမ်ပေါ်ကနေ မိန်းမတစ်ယောက်ဆင်းလာတယ်ဗျ၊ တရုတ်မိန်းမဆိုပေမယ့် တရုတ်မမဟုတ်ပါဘူး၊ ဖြူဖြူချောချောမိန်းမတစ်ယောက်ပါ၊ ဆံပင်ကို လိပ်ကောက်ထားပြီးတော့ နိုင်ငံခြားဖြစ်အထည်တွေဝတ်ထားတာဗျာ၊ ရွှေတွေစိန်တွေလည်း ဝတ်လို့၊ လည်ပင်းက စိန်လော့ကတ်သီးကြီးဆိုရင် အတော်ကြီးတာဗျာ၊ နေရောင်ထဲမှာဆို ဝင်းခနဲလက်ခနဲပဲ။
ဒါပေမယ့် အဲဒီမိန်းမက မလာချင်လာချင်နဲ့ဗျာ။ တရုတ်ကြီးဘေးနားမှာ ဝင်ထိုင်လိုက်ပြီးတော့
“ခင် ထမင်းမစားချင်သေးဘူး အကိုကြီး”
“မလုပ်ပါနဲ့ခင်ရာ၊ ထမင်းမစားချင်လည်း ဟင်းချိုသောက်ပေါ့”
အဲဒီမိန်းမက ကျုပ်တို့ကို အသေအချာစိုက်ကြည့်တယ်ဗျ၊ နောက်ပြီးတော့ ဦးအောင်ရှိန်ကြီးကိုလည်း မျက်စောင်းလှမ်းထိုးတယ်၊ သူ့မျက်လုံးတွေက အရည်လဲ့ပြီးတော့ ဝင်းလဲ့နေတာပဲဗျာ။
“မစားချင်ပါဘူးဆို အကိုကြီးကလည်း”
“ခင်ရာ ဧည့်သည်တွေရှေ့မှာ အားနာစရာဖြစ်နေပါပြီ၊ ခင်နဲ့မိတ်ဆက်ပေးချင်လို့ ဟောဒါက ဘုရားပျံ ဦးအောင်ရှိန်တဲ့”
တရုတ်ကြီးကပြောလိုက်တော့ အဲဒီခင်ဆိုတဲ့မိန်းမက ဦးအောင်ရှိန်ကို မျက်စောင်းထိုးကြည့်ပြီး
“သိသားပဲ”
ခပ်ပြတ်ပြတ်ပြောတယ်ဗျ၊ တရုတ်ကြီးလည်း အံ့ဩသွားတယ်။
“အံမာ၊ ခင်က အိမ်ထဲမှာပဲနေပြီး ဆရာကီးကို ဘယ်လိုသိသွားတာလဲ”
“အို သူက ဒီလောက်နာမည်ကြီးတာ ခင်ကစီးပွားရေးလုပ်နေတဲ့လူပဲ သိတာပေါ့”
တရုတ်ကြီးက ဖော်ရွေသလောက် သူ့မိန်းမကတော့ မျက်နှာထားတင်းလိုက်တာဗျာ၊ ထမင်းကုန်းစားနေတဲ့ကျုပ်တောင်မှ သူ့မျက်နှာကြည့်ပြီး ထမင်းစားချင်စိတ်ပျက်တယ်၊ ဟုတ်တယ်လေဗျာ။ စားနေတဲ့သူကို မသထာသလိုလိုနဲ့စူးစိုက်ကြည့်နေတာဆိုတော့ ခင်ဗျားတို့ဆိုရင်ရော စားဝင်ပါ့မလားဗျ။
(၃)
နောက်မှ ကျုပ်သတိထားမိတော့ ထမင်းအစားဆုံးက ကျုပ်နဲ့ တရုတ်ကြီးပဲဗျ၊ ဦးအောင်ရှိန်ကြီးကလည်း ဟင်းကို တစ်ဖတ်နှစ်ဖတ်ပဲဝါးတယ်၊ သူ့တပည့် ရင်မောင်ကလည်း ထမင်းမစားဘူးဗျ၊ အအေးပဲသောက်တယ်၊ နောက်ပြီးထမင်းစားနေတဲ့ကျုပ်ကိုလည်း ရင်မောင်က ခြေထောက်နဲ့လှမ်းလှမ်းတို့တယ်၊ ကျုပ်ကလည်း အစကတော့ မတော်တဆထိမိတာပဲထင်နေတာ၊ နောက်တော့မှ သူတို့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ကျုပ်ထိတ်လန့်သွားတယ်။
သူတို့ဘာလို့ ထမင်းမစားကြတာလဲ၊ ဦးဘသာကြီးဆို ထမင်းပန်းကန်ထဲလက်နှိုက်ပြီး ငြိမ်နေတာ၊ ကျုပ်လည်း အဲဒီတော့မှ ကြောက်ကြောက်နဲ့ ထမင်းထပ်မစားတော့တာပဲ၊ ခင်ဆိုတဲ့ မိန်းမက ကျုပ်တို့ကိုကြည့်ပြီးတော့ တောက်တစ်ချက်ထခေါက်တယ်ဗျ၊ သူတောက်ခေါက်လိုက်တာနဲ့ ထမင်းစားနေတဲ့တရုတ်ကြီးက ခွေခနဲလဲပြီး စားပွဲပေါ်မှောက်ကျသွားတယ်။ ကျုပ်လည်း ခေါင်းတွေထိုးကိုက်လာပြီးတော့ ချာချာလည်ပြီး မေ့လဲမလိုဖြစ်သွားတဲ့အချိန်မှာ ဦးဘသာကြီးက ကျုပ်ဇက်ပိုးကို ဖြောင်းခနဲအုပ်ထည့်လိုက်တော့ ကျုပ်အကောင်းအတိုင်းပြန်ဖြစ်သွားတယ်။
ဦးအောင်ရှိန်က ထမင်းစားသောက်ပြီးတော့ လက်သုတ်ပုဝါနဲ့ သူ့ပါးစပ်ကိုသုတ်လိုက်တယ်ဗျ၊ ပြီးတော့ သူကိုင်ထားတဲ့လက်သုတ်ပုဝါကိုဖြန့်လိုက်တော့ လက်သုတ်ပုဝါထဲမှာ ဆံပင်ချည်တွေ၊ ကျောက်တုံးတွေ အခဲလိုက်ပဲဗျာ၊ ဦးအောင်ရှိန်က ရယ်မောရင်းနဲ့ အဲဒီလက်သုတ်ပုဝါကို စားပွဲပေါ်ကိုပစ်တင်လိုက်တယ်။
“အိမ်ရှင်က ဧည့်ခံတယ်ဆိုတော့လည်း ဒါနမြောက်အောင် စားပေးရတာပေါ့၊ ဟဲ့ကောင်မ ညည်းအစွမ်းလောက်နဲ့ ငါ့ကိုလုပ်နိုင်မယ်လို့များထင်လို့လား”
ဦးအောင်ရှိန်ဆီက ဆံပင်ချည်တွေထွက်လာတော့မှ အစားအစာတွေထဲမှာ အောက်လမ်းနည်းနဲ့လုပ်ထားတယ်ဆိုတာကို ကျုပ်သိလိုက်တာဗျာ၊ ကျုပ်လည်း တော်တော်ကြောက်လန့်သွားတာ၊ ဘာလို့လဲဆိုတော့ ဒီအစာတွေကို အစားဆုံးက ကျုပ်ကိုးဗျ။ ကျုပ်ကြောက်နေတဲ့အချိန်မှာပဲ ခင်ဆိုတဲ့မိန်းမက အသံစူးစူးနဲ့ရယ်တယ်။
“ဟား၊ ဟား ရှင့်ကိုယ်ရှင် သိပ်တတ်လှပြီလို့ ထင်နေတာလား အဘိုးကြီး”
“အောင်မာ၊ နင့်လို အောက်လမ်းစုန်းမက ငါ့ကိုအထက်လမ်းကို လုပ်နိုင်မယ်လို့ရော နင်ထင်နေတာလား”
အခြေအနေတွေက ချက်ချင်းတင်းမာကုန်ပြီဗျ၊ ဦးအောင်ရှိန်ကြီးက မတ်တပ်ရပ်မယ်ပြင်လိုက်တော့ ခင်က
“ရှင်စည်းကိုဖောက်လို့မရဘူးနော်အဘိုးကြီး၊ ဒါကျုပ်ရဲ့ပိုင်နက်၊ ကျုပ်ပိုင်နက်ထဲမှာ ကျုပ်ကိုရန်ပြုရင် တစ်လောကလုံးက စုန်းတွေကရှင့်ကိုဝိုင်းငြိုးလိမ့်မယ်”
ဦးအောင်ရှိန်ကြီးကလည်း ထိုင်ခုံမှာပြန်ထိုင်လိုက်တယ်။
“ကောင်းပြီ၊ နင့်ကို ငါရန်မပြုချင်ဘူး၊ ငါကလည်း နင့်လင်တရုတ်ကြီးပင့်လို့ လိုက်လာခဲ့တာ၊ ဒီတော့ နင်လုပ်ထားတာတွေ နင်ပြန်သိမ်း၊ ငါတို့လည်းသွားမယ်”
ခင်က ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်ဗျ။
“ရှင့်ကို ကျွန်မလုပ်လို့မှမရတာ၊ ရှင်သွားချင်ရင်သွားလို့ရပြီ”
ဦးအောင်ရှိန်က ဒေါသထွက်သွားပြီးတော့ ကျုပ်ကိုလက်ညှိုးထိုးတယ်ဗျ။
“ဒါဆို ဒီကောင်လေးကို လုပ်ထားတာတွေကိုရော နင်ပြန်သိမ်းပေးပါ”
“ဒါကတော့ ဆောရီးပါပဲ၊ ကျွန်မပြန်မသိမ်းပေးနိုင်ဘူး”
ဦးအောင်ရှိန်ကြီး တော်တော်ဒေါသထွက်နေတာဗျ။ သူတို့ဂိုဏ်းပညာတွေမှာလည်း သူတို့စည်းနဲ့သူတို့ရှိမှာပေါ့ဗျာ။ ဒေါသထွက်နေတဲ့ ဦးအောင်ရှိန်ကြီးကို ဦးဘသာက လက်ကိုဆွဲလိုက်ပြီး အသာနေခိုင်းလိုက်တယ်၊ နောက်တော့ ဦးဘသာကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
“နင်သူ့ကိုလုပ်ထားတာကို ပြန်သိမ်းရင်သိမ်း၊ မသိမ်းရင်တော့ နင်နဲ့ငါနဲ့တွေ့မယ်”
“အောင်မာ၊ အဘိုးကြီးက လေကျယ်လို့၊ ဒါကျုပ်ပိုင်နက် စုန်းတစ်ယောက်ကို သူ့ပိုင်နက်ထဲမှာ ဘယ်အထက်လမ်းဆရာက စော်ကားရဲလို့လဲ”
ဦးဘသာကြီးက ရယ်တယ်ဗျ။
“နင့်ကိုသူလုပ်လို့မရပေမယ့်၊ ငါလုပ်လို့ရတယ်၊ ဘာလို့လဲဆိုတော့ ငါကနင့်လိုစုန်းပဲလေ”
ခင်ဆိုတဲ့မိန်းမက မျက်မှောင်ကြုတ်လိုက်တယ်၊ ပြီးတော့မှ အသံသေးသေးကလေးနဲ့ရယ်တယ်။
“ကောင်းတာပေါ့အဘိုးကြီးရယ်၊ ကျုပ်လည်း ပညာမပြိုင်ရတာကြာနေပြီ”
ခင်က ထမင်းစားပွဲကို လက်နဲ့ပုတ်ချလိုက်တာနဲ့ ထမင်းစားပွဲပေါ်က ထမင်းပန်းကန်တွေ၊ ဟင်းပန်းကန်တွေအကုန်လုံး လေပေါ်ကိုမြောက်တက်သွားပြီးတော့ တစ်စစီပြန့်ကျဲကုန်တာပေါ့ဗျာ၊ ဦးဘသာကြီးကလည်း ထိုင်လျှက်သားနဲ့ စားပွဲကို လက်နဲ့တစ်ချက်ပုတ်ထည့်လိုက်တော့ အဲဒီထမင်းပန်းကန်၊ ဟင်းပန်းကန်တွေက စားပွဲပေါ်ကိုပြန်ကျပြီးတော့ ထမင်းစေ့တွေ၊ ဟင်းဖတ်တွေက သူ့ပန်းကန်ထဲကိုသူ အလျှိုလျှိုပြန်ပြုတ်ကျကုန်တာဗျာ၊ အားလုံး ခုနကအတိုင်း ပြန်ဖြစ်သွားတော့တာပဲ။
ခင်က စားပွဲကိုလက်နဲ့သပ်ချလိုက်တော့ စားပွဲပေါ်မှရှိတဲ့ပန်းကန်တွေက ဘေးကိုအကုန်စုသွားတယ်၊ ဦးဘသာနဲ့ သူက မျက်စောင်းထိုးထိုင်နေတာဆိုတော့ သူတို့အရှေ့မှာ စားပွဲအလွတ်ဖြစ်သွားတာပေါ့ဗျာ၊ ခင်က သူ့ရှေ့က ရေထည့်ထားတဲ့ ဖန်ခွက်ကို လက်နဲ့အုပ်ကိုင်ပြီး တစ်ခုခုကိုရေရွတ်လိုက်တော့ အဲဒီခွက်ထဲက ရေတွေက ဝါကျင်ကျင်အရည်တွေဖြစ်သွားတာပေါ့ဗျာ။
“ရော့ စုန်းထီးကြီး၊ ကျုပ်သေးသောက်စမ်း”
ခင်က ဦးဘသာကြီးဆီကို လှမ်းတွန်းပေးလိုက်တော့ ဖန်ခွက်က စားပွဲအပေါ်မှလျှောတိုက်ရွေ့လျားပြီး ဦးဘသာကြီးဆီကို တန်းတန်းမတ်မတ်လာပါရော၊ ဦးဘသာကြီးကလည်း ဟိတ် လို့အော်လိုက်တာနဲ့ အဲဒီဖန်ခွက်က စားပွဲအလယ်မှာ တန့်သွားပါရောဗျာ။
ခင်က စားပွဲပေါ်ကို လက်တစ်ဖက်တင်ပြီးတော့ အားစိုက်ထုတ်လိုက်တယ်ဗျ၊ ဖန်ခွက်က ဦးဘသာဘက်သို့ ရွေ့သွားတာပေါ့။ ဦးဘသာကလည်း စားပွဲပေါ်ကို လက်ဝါးနဲ့ဖြန်းခနဲရိုက်ချပြီး ပြန်အားစိုက်ထားတယ်၊ ဒီတော့ ခွက်က သူ့ဘက်ကိုဆက်မရွေ့တော့ဘဲ ရပ်တန့်သွားပြန်ရော။
ဦးဘသာရော၊ ခင်ရော နဖူးမှာချွေးတွေစို့လာတယ်ဗျ၊ ခင်ဆိုရင် လည်ပင်းကြောကြီးတွေပါထောင်ထလာတယ်၊ ဦးဘသာကြီးဆိုရင်လည်း မျက်မှောင်ကြီးကြုတ်ထားတာ နဖူးကြောကြီးတွေကို တင်းလို့ဗျ။ ဘေးကကြည့်နေတဲ့ကျုပ်တောင် သူတို့နှစ်ယောက် ဘယ်လောက်ပြင်းပြင်းထန်ထန်ပြိုင်သလဲဆိုတာ သိနိုင်တယ်ဗျ၊
နောက်တော့ ခင်က တစ်ချက် အား ခနဲအော်ပြီး စားပွဲပေါ်လက်ထောက်ကျသွားတယ်ဗျ၊ သူရှုံးသွားပြီထင်တာပါပဲ၊ နောက်တော့ စားပွဲပေါ်ကိုတစ်ကိုယ်လုံးမှောက်ကျပြီး ကုန်းကုန်းကြီးဖြစ်နေတယ်၊ ခင်ရဲ့ပါးစပ်ကြီးကလည်း သူ့အလိုလိုဟသွားတယ်ဗျ၊ ခင်ရဲ့မျက်လုံးကြီးတွေဆို ပြူးနေတာပဲဗျာ။
ဦးဘသာက ခပ်ရေးရေးပြုံးလိုက်တော့ ကျုပ်လည်း ဦးဘသာနိုင်နေပြီမှန်းသိလိုက်ပြီပေါ့ဗျာ၊ အဲဒီအချိန်မှာပဲ ခင်ရဲ့ကျင်ငယ်ရည်တွေထည့်ထားတဲ့ ဖန်ခွက်က ခင့်ဆီကို တဖြည်းဖြည်းရွေ့လျားနေတယ်ဗျ။ ခင်က စားပွဲပေါ်ကျလျက်သား ပါးစပ်ကြီးကလည်း ဟလျက်သားဆိုတော့ အဆင်သင့်ပဲပေါ့ဗျာ၊ သူက အကြောက်အကန်ုနဲ့ ရုန်းနေပေမယ့် တစ်ယောက်ယောက်က ဖမ်းချုပ်ထားသလိုမျိုး လှုပ်မရဘူးဖြစ်နေတာ၊ မျက်လုံးကြီးပြူးပြီး ခေါင်းကတဆတ်ဆတ်နဲ့တုန်နေတာပေါ့။
“ဟဲ့စုန်းမ၊ နင့်သေးကိုနင်ပြန်သောက်ကြည့်စမ်းပါ၊ ချိုသလားလို့”
ဦးဘသာကြီးက ကြိမ်းဝါးလိုက်တော့ ဖန်ခွက်က ခင်ရဲ့ပါးစပ်အနားကို တိုးသွားပြီးတော့ ပါးစပ်နားရောက်တော့ ဖန်ခွက်ကလဲသွားပြီး အထဲက အရည်တွေက ခင်ရဲ့မျက်နှာကို ပက်ခနဲစင်သွားတာဗျ၊ ပါးစပ်ကြီးက ပြဲနေတာဆိုတော့ ပါးစပ်ထဲကိုလည်း ဝင်သွားသလို၊ မျက်လုံးတွေ၊ ဆံပင်တွေကိုလည်း စိုသွားသေးတယ်။
ပါးစပ်ထဲကို သူ့သေးတွေဝင်သွားတော့မှ ခင်က ရုန်းထပြီးတော့ တဝေါ့ဝေါ့နဲ့ထိုးအန်နေတာပဲဗျာ၊ နောက်တော့ သူ့တစ်ကိုယ်လုံး ငှက်ဖျားတက်သလို ချမ်းတုန်တက်လာတယ်၊၊ ဒါနဲ့ခင်က သူ့ထဘီကိုချွတ်တယ်ဗျ၊ ပြီးတော့ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ကိုယ်သူထမီနဲ့ခြုံလိုက်တော့ ချက်ချင်းလင်းတကြီးတစ်ကောင်အဖြစ်ပြောင်းသွားတော့တာပဲဗျာ။ လင်းတကြီးလည်းဖြစ်သွားရော အိမ်ပြင်ကိုပျံပြီး ပြေးထွက်သွားပါရော။
“မလိုက်နဲ့တော့ ဘသာ”
ဦးအောင်ရှိန်က ဝင်တားတော့မှ ဦးဘသာကြီးကရပ်လိုက်တယ်၊ နောက်တော့ တရုတ်ကြီးနိုးမလာခင် ကျုပ်တို့အကုန်လုံး သူ့အိမ်ထဲကနေ ထွက်လာခဲ့ကြတာပေါ့ဗျာ။ ပြီးတော့ ဘုန်းကြီးကျောင်းတစ်ခုအရှေ့က ညောင်ပင်ရိပ်မှာ ခဏနားနေကြတာပေါ့ဗျာ။
“ဦးဘသာ၊ ကျုပ်ကိုအပင်းတွေထည့်သွားတာ ထုတ်ပေးစမ်းပါအုံး”
ကျုပ်လည်းပြောရတာပေါ့၊ ဦးဘသာက ကျုပ်ကျောကိုလက်နဲ့သပ်ချတယ်၊ နောက်ပြီးတော့ ခေါင်းခါပြတယ်ဗျ။
“ဒီအတိုက်က အဆင့်မြင့်တယ်ဟ၊ ငါလည်းထုတ်မရဘူး”
ဦးအောင်ရှိန်က ထလာပြီး ကျုပ်ကိုစမ်းသပ်ကြည့်တယ်။
“ဘသာပြောတာမှန်တယ်၊ ဒီအတိုက်က အဆင့်မြင့်တဲ့အတိုက်ပဲ၊ ဘုရားတိုက် တိုက်ထားတာ”
“ဒါဆို ဆရာကြီးရော ထုတ်လို့မတတ်ဘူးလား”
“ထုတ်မရတာတော့မဟုတ်ပါဘူး၊ ထုတ်လို့တော့ရပါတယ်၊ ဒါပေမယ့် ဒီနေရာမှာလုပ်လို့မဖြစ်ဘူးကွ”
“ဒါဖြင့် ဘယ်မှာလုပ်ရမှာလဲ”
“တို့ရွာကိုရောက်တော့မှာပါ၊ အဲဒီရောက်မှ ထုတ်လို့ရနိုင်မယ်၊ ကဲ သွားကြစို့ဟေ့”
ဦးအောင်ရှိန်ကြည့်ရတာ လောနေတဲ့ပုံပဲဗျ၊ ကျုပ်လည်း သူ့နောက်ကပြေးလိုက်လာတာပေါ့၊ ဂန့်ဂေါမြို့အလယ်နားရောက်တော့ မြစ်ကြီးတစ်ခုရှိတယ်၊ မြစ်ဆိပ်မှာဆင်းပြီးတော့ လှေတစ်စင်းငှားရတာပေါ့။
“တို့တွေ မြောက်ဘက်ကိုစုန်လိုက်ရင် မြင်းဇာရွာကိုရောက်မယ်၊ အဲဒါ ငါတို့ရွာပဲသူငယ်ချင်း”
“ဟာဗျာ၊ တောက်တီးတောက်တဲ့၊ မြစ်ဆိုတာ မြောက်ကနေတောင်ကို စီးဆင်းတာမဟုတ်လား၊ မြောက်ဘက်ဆိုတော့ အစုန်ဘယ်ဟုတ်မလဲဗျ၊ အဆန်ပေါ့”
ကျုပ်လည်း ကျုပ်ကြားဖူးနား၀နဲ့ ထငြင်းတာပဲ၊ ဦးအောင်ရှိန်က ရယ်မောပြီးတော့
“ဒီမြစ်က မင်းတွေ့ဖူးတဲ့မြစ်တွေလိုမဟုတ်ဘူးကွ၊ မြစ်သာမြစ်ဆိုတာ မြောက်ကနေတောင်ကို စီးဆင်းတာမဟုတ်ဘဲ တောင်ကနေ မြောက်ကိုစီးဆင်းတာကွ”
ထူးဆန်းပါပေ့ဗျာ၊ ကျုပ်တို့သိသလောက်တော့ မြစ်ဆိုတာ မြောက်ကနေတောင်ကို စီးတာမဟုတ်လား၊ ဒါနဲ့လှေကိုလှော်ခဲ့တော့လည်း တကယ်ပဲဗျာ၊ ကျုပ်တို့သွားနေတာ ရေစုန်ကြီးဗျ။
လှေစီးနေတုန်းမှာပဲ ကျုပ်တစ်ကိုယ်လုံး ပူစပ်ပူလောင်ကြီးဖြစ်လာတယ်ဗျ။ နောက်ပြီး အရေပြားတွေကိုလည်း အပ်အစင်းတစ်ထောင်လောက်နဲ့ ထိုးစိုက်သလိုမျိုး စူးခနဲ စူးခနဲဖြစ်နေပါရော၊ ပိုပြီးဆိုးတာက ကျုပ်လည်ပင်းမှာ ပူလာတာဗျ၊ မသိရင် သွေးတွေအကုန်လုံး ဆူပွက်ပြီး အငွေ့ပျံသလိုကို ပူလာတာ၊ ကျုပ်လည်းမဟန်တော့တာနဲ့ လှေပေါ်မှာလှဲချလိုက်ပြီး လိမ့်နေတော့တာပဲ။
“အလတ်ကောင်၊ သတိထားစမ်း”
ကျုပ်နားထဲမှာ ဦးဘသာအသံကို ကြားနေရတယ်ဆိုပေမယ့် ကျုပ်မျက်လုံးက ဘာကိုမှမမြင်တော့ဘူးဗျာ၊ အဖြူတွေ၊ အပြာတွေ၊ အနီတွေကိုပဲ မြင်တော့တာ။ ပြီးတော့ ကျုပ်လည်းလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတော့တာပါပဲဗျာ။ လှေကလေးကလည်း မြစ်သာမြစ်အတိုင်း မြောက်ဘက်ကိုစုန်ဆင်းရင်းနဲ့ ဦးအောင်ရှိန်တို့ရဲ့ မွေးရပ်မြေ မြင်းဇာရွာကို ဦးတည်လှော်ခတ်သွားတာပေါ့ဗျာ။
(၄)
မြင်းဇာရွာဆိုတာ မြစ်ကမ်းဘေးနားက ရွာကလေးဗျ၊ ဦးအောင်ရှိန်တို့ လှေဆိုက်တယ်ဆိုရင်ပဲ ကျုပ်ကို ရင်မောင်က ချီပိုးပြီးတော့ ဦးအောင်ရှိန်ရဲ့အိမ်ကို ပြေးတော့တာပဲတဲ့၊ ဒီအဖြစ်တွေက ကျုပ်ကိုနောက်မှ ပြောပြလို့သိရတာ၊ ကျုပ်ကတော့ သတိလစ်နေတာပေါ့ဗျာ။
ဦးအောင်ရှိန်တို့အိမ်က ခြံဝိုင်းအကျယ်ကြီးနဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဗျ၊ အိမ်အပေါ်ထပ် အရှေ့ခန်းတစ်ခန်းလုံးက ဘုရားစင်ကြီးပေါ့၊ ဘုရားစင်ပေါ်မှာ ဘုရားလေးဆူတင်ထားပြီး ကိုးကွယ်တာပေါ့ဗျာ။
ကျုပ်လည်းရောက်သွားရော ဖျာတစ်ချပ်ခင်းပြီး ဘုရားကျောင်းဆောင်အရှေ့မှာ ထိုင်ထားစေတယ်၊ ရင်မောင်က ကျုပ်ကိုအနောက်ကနေပြီး ကျားကန်တွန်းထားပေးတာပေါ့ဗျာ၊ နောက်ပြီးကျုပ်လက်ထဲကိုလည်း အဖြူရောင်သစ်သားနဲ့ထုလုပ်ထားတဲ့ ဘုရားဆင်းတုကလေးတစ်ဆူကို ကိုင်ထားခိုင်းတယ်တဲ့၊ ပြီးတာနဲ့ ဦးအောင်ရှိန်က အထက်ပုဂ္ဂိုလ် တွေကိုခေါ်ပင့်ပြီးတော့ ကျုပ်လည်ပင်းကို ပုတီးကိုးကုံးနဲ့ တစ်ကုံးချင်းစီ စွပ်တော့တာပဲတဲ့ဗျာ။
ဘုရားတိုက်ဆိုတာ တော်တော်မလွယ်တဲ့အတိုက်တဲ့ဗျာ၊ အလွန်အောက်တန်းကျသလို ယုတ်ညံ့လွန်းတဲ့အတိုက်တဲ့၊ အတိုက်စီရင်တဲ့လူတောင်မှ အဲဒီအတိုက်ကို မဖြေနိုင်ဘူးတဲ့ဗျာ၊ ကျုပ်ကို ပုတီးကိုးကုံးစွပ်ပြီး ဦးအောင်ရှိန်က အတိုက်ထုတ်တော့ ပုတီးကုံးတွေဆိုတာ တစ်ကုံးပြီးတစ်ကုံး သူ့အလိုလို ပြုတ်ထွက်ပြီး ပုတီးစေ့တွေဆိုတာ ပြန့်ကျဲနေတာပဲတဲ့၊ လုပ်ထုံးလုပ်နည်းအရ ပုတီးကိုးကုံးစလုံးပြတ်ရင် အဲဒီလူကို အတိုက်ထုတ်လို့မရဘဲ သေရောတဲ့၊ ကျုပ်ကိုအတိုက်ထုတ်နေရင်း ပုတီးတွေ တစ်ကုံးပြီးတစ်ကုံးပြတ်ကုန်တာ၊ ငါးကုံးမြောက်ပြတ်ထွက်သွားတော့ ဦးအောင်ရှိန်က မျက်နှာမကောင်းတော့ဘူးတဲ့ဗျာ။ နောက်ဆုံးလေးကုံးပဲ ကျန်တော့တာကိုး။
အဲဒီလေးကုံးကလည်း မျက်စိရှေ့မှာတင် ဖြောင်းခနဲ ဖြောင်းခနဲပြတ်ရင်း ခုနစ်ကုံးမြောက် ပြတ်အပြီးမှာ ဆက်မပြတ်တော့ဘူးတဲ့၊ ဦးအောင်ရှိန်တို့လည်း သေချာအောင် ဆယ့်ငါးမိနစ်လောက် စောင့်ကြည့်နေတသေးတယ်ဆိုပဲဗျ၊ သေချာသွားမှ သူတို့လည်း သက်ပြင်းချနိုင်တော့တာပဲ။
ကျုပ်နိုးလာတော့ နောက်တစ်နေ့မနက်ရောက်နေပြီဗျ၊ ကျုပ်တစ်ကိုယ်လုံး ပေါ့ပါးနေပြီး ဘာမှမဖြစ်တော့ဘူး၊ ကျုပ်သတိရလာတာနဲ့ ရင်မောင်က ကျုပ်ဖြစ်ခဲ့တာတွေကိုပြန်ပြောပြတယ်၊ ဦးဘသာကတော့ ဘုရားခန်းရှေ့မတက်ရဲဘူးတဲ့။ ကျုပ်လည်း နိုးနိုးခြင်း ဆရာကြီးဦးအောင်ရှိန်ကို ကုန်းကုန်းပြီးကန်တော့တာပဲဗျာ၊ ဘယ်နှကြိမ်မှန်းတောင်မသိပါဘူး၊ ကျုပ်ဆရာကြီးကို အရမ်းကျေးဇူးတင်တယ်၊ ကျုပ်မှာ ဆရာကြီးပေးတဲ့အသက်ပဲ ရှိတော့တာမဟုတ်လား။
“ဘုရားတိုက်ဆိုတာ တော်တော်အောက်တမ်းကျတာကွ၊ မင်းကိုအထည့်ခံရမှန်းသိလို့သာပေါ့။ ပုံမှန်ဘုရားတိုက်ဆို ပယောဂစစ်ရင်မပေါ်ဘူး”
“ဒါဆို ဘယ်လိုများတိုက်ပါလိမ့် ဆရာကြီးရယ်”
“ခုလုပ်နည်းကို အကြေတိုက်လို့ခေါ်တယ်၊ အနေကဇာတင်ထားတဲ့ ဘုရားဆင်းတုအသားရယ်၊ ဘုရားအုတ်ကျိုး၊ သိမ်ဝင်သပိတ်ကွဲ နဲ့ စီရင်ထားတာဖြစ်မယ်၊ ဒီလိုလုပ်တဲ့လူက သေရင် ငရဲအိုး ချိုးကပ်မှာပဲ”
ဦးဘသာကြီးက ဘုရားရှေ့မတက်ရဲဘူးဆိုတော့ ဦးအောင်ရှိတို့ခြံဝိုင်းထောင့်က တဲကလေးမှာ နှစ်ယောက်အတူတူနေလိုက်ကြတယ်၊ အဲဒီတဲကလေးက အစတုန်းက ဦးအောင်ရှိန်ရဲ့သမီးက စက်ချုပ်ဆိုင်ဖွင့်တဲ့ တဲကလေးတဲ့ဗျ၊ တဲက ဆယ်ပေပတ်လည်လောက်ပဲ ရှိပေမယ့် ကျုပ်နဲ့ဦးဘသာ နေလို့လောက်ပါတယ်ဗျာ၊ ဒီလိုနဲ့ပဲ အဲဒီအိမ်ကလေးမှာနေရင်း ဦးအောင်ရှိန်တို့ရွာမှာ ပျော်သလောက်နေဖြစ်တယ်ဆိုပါစို့ဗျာ။
တရုတ်ကြီးရဲ့မိန်းမက မခင်လှတဲ့ဗျာ၊ ခင်ဗျားတို့ထူးဆန်းမနေဘူးလား၊ မင်းရွာမှာ တွေ့ခဲ့ရတာကကျတော့ မခင်မြလေ၊ ဒါပေမယ့် စုံစမ်းကြည့်လိုက်တော့ ကျုပ်တို့ထင်ထားတဲ့အတိုင်းပါပဲဗျာ၊ မခင်လှနဲ့ မခင်မြက ညီအမတွေတော်တယ်၊ သွေးသားတော်စပ်တာမဟုတ်ပေမယ့် ခုနစ်စင်ကြယ်ညီအမအဖွဲ့မှာ မခင်လှက အကြီး၊ မခင်မြက အငယ်တဲ့ဗျာ။
မခင်လှက တရုတ်ကြီးရဲ့အပေါင်ဆိုင်မှာ အပေါင်ပစ္စည်းတွေ ပြန်ရွေးနိုင်ရုံတင်မကဘဲ နောက်ထပ်လည်း ပစ္စည်းတွေ လာစုအောင်လို့ အောက်လမ်းနီးနဲ့ လုပ်ပေးထားတယ်တဲ့ဗျ။ ဒါကြောင့် ရှေးလူကြီးတွေက အပေါင်ဆိုင်နဲ့ မပတ်သက်နဲ့လို့ပြောတာနေမှာ။ အပေါင်ဆိုင်တစ်ခါရောက်ဖူးရင် ကဒီးကဒီးသွားရတတ်သတဲ့။ ခုလည်း မခင်လှက တရုတ်ကြီးကို အောက်လမ်းနည်းတွေသုံးပြီး စီးပွားရှာပေးနေပုံပါပဲ။ ဒီအကြောင်းတွေ ထပ်ပြောရင် ဇာတ်လမ်းတစ်ပုဒ်စာရတယ်။
ကဲဒီနေ့တော့ နားပြီဗျာ၊ နောက်နေ့မှာပဲ မြင်းဇာရွာမှာ ဘာတွေထူးထူးဆန်းဆန်းဖြစ်ခဲ့သလဲဆိုတာကို ဆက်ပြောကြအုံးစို့ဗျာ။
ပြီးပါပြီ။