အတွဲ(၂) စာစဉ်(၁၃)
(၁)
ဘာလိုလိုနဲ့ကျုပ်တို့ ဦးအောင်ရှိန်တို့ရဲ့ မြင်းဇာရွာကို ရောက်နေခဲ့တာ သုံးပတ်ကျော်လာခဲ့ပြီဗျ၊ အစတုန်းကတော့ ကိုယ့်ရပ်ကိုယ့်ရွာမဟုတ်လို့ မနေတတ်သလိုလိုရှိပေမယ့် အခုတော့ ကိုယ့်ရွာလိုပဲနေပျော်လာပါပြီဗျ၊ အစပိုင်းက ယောနယ်က စကားပြောသံကို တစ်မျိုးကြီးပဲဆိုပြီး အထူးအဆန်းဖြစ်ခဲ့ပေမယ့် အခုတော့ ကျုပ်တောင်မှ စကားပြောရင် သူတို့ပြောတဲ့အတိုင်း လေသံဝဲတဲတဲဖြစ်နေခဲ့ပြီ၊ အိမ်ပြန်လို့ အမေတို့ကိုပြန်ပြောရင်တောင် အမေတို့ကတစ်မျိုးထင်နေမှာဗျ။
အခုတော့ ဦးအောင်ရှိန်တို့အိမ်မှာလည်း လူတွေစုံသွားပြီပေါ့ဗျာ၊ ကျုပ်ရယ်၊ ဖိုးတွမ်တီးရယ်၊ မိသက်ရယ်ကတော့ သူငယ်ချင်းတွေလိုဖြစ်နေပြီပေါ့၊ မိသက်ကတော့ အိမ်အောက်ဘက်အခန်းမှာ မနှင်းကြည်နဲ့အတူတူနေတယ်ဗျ။ သူ့အဘွားသေဆုံးသွားလို့ စိတ်ထိခိုက်ပုံရပေမယ့် အရင်လိုမျိုးတစ်ယောက်ထဲ ပေပေတေတေနေရတာမျိုးမဟုတ်တော့ဘဲ မိသားစုဆိုတာကို ထိတွေ့လာရတဲ့အခါမှာ မိသက်တစ်ယောက် အတော်ကြီးပြောင်းလဲခဲ့တယ်ဗျ။
ဒီအိမ်မှာ အပင်ပန်းဆုံးလူကိုပြောရမယ်ဆိုရင်တော့ မခင်ကြည်ပါပဲဗျာ၊ မခင်ကြည်မှာ မိုးလင်းလို့ ရောင်နီမလာခင်ကတည်းက မီးဖိုချောင်ထဲရောက်ပြီး ချက်ရပြုတ်ရတာပါပဲ၊ ဒေါ်အေးကြည်ကတော့ ကုန်ကူးနေတဲ့လူမို့လို့ အိမ်မှာမရှိတာများတယ်၊ တစ်ခါတစ်လေတော့ နေ့ချင်းပြန်ခရီးစဉ်ကလေးတွေသွားရပြီး တစ်ခါတစ်လေမှာတော့ နှစ်ညအိပ်သုံးညအိပ်ခရီးထွက်သွားတတ်တယ်၊ အိမ်ရဲ့အဓိကစီးပွားရေးကို ဒေါ်အေးကြည်က ထိန်းထားရတာကိုးဗျ၊ ဦးအောင်ရှိန်တို့ရဲ့အထက်လမ်းပညာကျတော့ ငွေကပုံမှန်ရတယ်လို့မရှိပါဘူး၊ လူနာတွေကို စေတနာထားပြီးကုရတာကိုးဗျ၊ ဦးအောင်ရှိန်ပြောတာကတော့ ငွေနောက်လိုက်ရင် မစွမ်းတော့ဘူးတဲ့၊ ဟုတ်လည်းဟုတ်မှာဗျ၊ တခြားရွာမှာလည်း အထက်လမ်းဆရာတွေရှိကြပေမယ့် သူတို့မနိုင်တော့ဘူးဆိုရင် ဦးအောင်ရှိန်ဆီကိုပဲပြေးလာကြတာ၊ အချို့က ပိုက်ဆံပေးဖို့နေနေသာသာချို့တဲ့လွန်းတာကြောင့် ဦးအောင်ရှိန်ကပြန်ပြီး မုန့်ဖိုးပေးရတာတောင် ရှိသေးသဗျ။
မခင်ကြည်ယောက်ျား ကိုအေးကတော့ အလွန်အေးတဲ့လူဗျ၊ မနက်အစောကြီး ထမင်းစားပြီးတာနဲ့ ယာခင်းထဲဆင်းပြီပေါ့၊ မခင်ကြည်တို့ ယာခင်းက နှစ်ခင်းတောင်ရှိတာဗျ၊ ရွာတောင်ဘက်မှာတစ်ခင်း၊ မြောက်ဘက်မှာတစ်ခင်းပေါ့၊ ရွာတောင်ဘက်က အခင်းက ရွာနဲ့နီးတာမို့လို့ ကိုအေးတစ်ယောက် အဲဒီယာခင်းကိုဆင်းရင် ထမင်းတွေဘာတွေပြန်စားလို့ရပေမယ့် မြောက်ဘက်အခင်းက ရွာနဲ့လှမ်းပြီး တောနဲ့နီးတာဆိုတော့ မနက်အစောထပြီး ယာထဲဆင်းမှတော်ကာကျတာ၊ နေ့လည်မရောက်ခင်တော့ မခင်ကြည်က ထမင်းလိုက်ပို့ရတာပေါ့ဗျာ။
(၂)
ဒီနေ့တော့ ထူးထူးဆန်းဆန်းကျုပ်အိပ်ရာအစောကြီးနိုးတယ်ဗျ၊ ပြန်အိပ်လို့လည်းမရတာနဲ့ မျက်နှာသစ်ဖို့ထွက်ခဲ့တော့ မနက်တောင်သိပ်မလင်းချင်သေးဘူး၊ ကိုအေးတောင်မှ ကွပ်ပျစ်မှာထိုင်ပြီး ရေနွေးသောက်တုန်းရှိသေးတာ။
“ဟေ့အလတ်ကောင်၊ ဒီနေ့တော့ စောလှချည်လားကွ၊ မင်းမှာအလုပ်ရှိတာမှမဟုတ်တာ ပြန်အိပ်ပါအုံး”
“မအိပ်ချင်ပါဘူး ကိုအေးရာ၊ ဒါနဲ့ ကိုအေးလည်းစောတယ်နော်”
“အေးကွ၊ မြောက်ဘက်ယာခင်းတွေဘက်ဆင်းမှာဆိုတော့ ခပ်စောစောထရတာပေါ့ကွာ”
ကျုပ်လည်း မီးဖိုထဲဝင်ခဲ့တော့ မခင်ကြည်က ဟင်းချက်နေတာဗျ၊ တစ်ညရေစိမ်ထားတဲ့ ပဲထောပတ်ဖြူဖြူကလေးတွေကို ပြုတ်ပြီးတော့ ကြက်သွန်နီကလေးနဲ့ ပြန်ပြီးကြော်နေတာ မွှေးနေတာပဲဗျာ၊ ကျုပ်ကိုတွေ့တော့ မခင်ကြည်က ထူးဆန်းသွားတဲ့ရုပ်နဲ့
“အံမယ်၊ ကျားသားမိုးကြိုး အလတ်ကောင်စောစောစီးစီးနိုးနေပါလား၊ နင့်တူတောင် မနိုးသေးဘူး”
ကျုပ်အစောကြီးနိုးတာကို အထူးအဆန်းဖြစ်နေကြတယ်၊ ကျုပ်လည်းသွားဖြဲပြပြီး ဆားနည်းနည်းနှိုက်ပြီးထွက်ခဲ့တာပေါ့ဗျာ။ မခင်ကြည်ကတော့ တံစို့ထိုးပြီး မီးကင်ထားတဲ့ ခရမ်းချဉ်သီးလေးတွေကိုဖြုတ်ရင်း ထောင်းဖို့ပြင်နေတယ်ထင်ပါ့။
ကျုပ်လည်း ကိုအေးအနားထိုင်ပြီး ဟိုအကြောင်းဒီအကြောင်းပြောနေတုန်း မခင်ကြည်က မနက်စာလာပြင်ပေးတယ်၊ ကျုပ်ပါနိုးနေတာဆိုတော့ နှစ်ယောက်စာပြင်ပေးတာပေါ့၊ ထမင်းဖြူနဲ့ ခုနကကြော်ထားတဲ့ ပဲထောပတ်ကြော်ရယ်၊ ခရမ်းချဉ်သီးထောင်းလေးရယ်ဆိုတော့ ထမင်းမြိန်တယ်ဗျာ၊ ကျုပ်တို့ကိုခူးခပ်ပေးပြီးတော့ မခင်ကြည်က ဆွမ်းတော်ကပ်ဖို့အိမ်ပေါ်တက်သွားတယ်၊ မခင်ကြည်ရဲ့ ဘုရားရှိခိုးသံ တစာစာက အာရုဏ်ဦးနေလုံးကြီးနဲ့အတူတူ ထွက်ပေါ်လာတယ်ပေါ့ဗျာ။
စားသောက်ပြီးတော့ ကိုဖိုးအေးက သွားဖို့ပြင်ဆင်နေပြီဗျ၊ အိမ်ကထွက်ခါနီးကျတော့
“အလတ်ကောင်၊ မြောက်ဘက်ယာခင်းထဲ လိုက်လည်ပါအုံးကွ၊ မြောက်ဘက်ခင်းက တောင်ဘက်ခင်းလိုမဟုတ်ဘူးကွ၊ တောနဲ့တောင်နဲ့နီးတော့ သာယာတယ်ကွ”
“ကောင်းပါပြီ ကိုအေးရာ၊ နေ့လည်အမခင်ကြည် ထမင်းပို့တော့ ကျုပ်တို့လိုက်လာခဲ့ပါ့မယ်”
နောက်တော့ တစ်အိမ်သားလုံးနိုးလာပြီးတော့ စားကြသောက်ကြနဲ့ ပေါ့ဗျာ၊ စားသောက်ပြီးတော့လည်း မခင်ကြည်မနားရပါဘူးဗျာ၊ မနက်စာပြီးတော့ နေ့လည်စာအတွက်ပြင်ဆင်ရတော့တယ်၊ မနှင်းကြည်ကလည်း ကူညီပေးတာပေါ့ဗျာ၊ ကျုပ်လည်းယောင်လည်လည်နဲ့ မီးဖိုထဲဝင်ခဲ့တာပေါ့၊
“အမခင်ကြည် ဘာချက်မှာလည်း”
“မနေ့က နင့်အကိုကိုအေးက ဆူးပုတ်ရွက်နုကလေးတွေခူးလာတယ်ဟ၊ အဲဒါ ပဲကြီးနဲ့ဟင်းရည်အရည်သောက်ချက်မလားလို့၊ ပဲကြီးဟင်းကို ဆူးပုတ်ရွက်ခတ်ထားရင် သူကသိပ်ကြိုက်တာ၊ ထမင်းစားရင်ခေါင်းတောင် ဖော်နိုင်မှာမဟုတ်ဘူး”
မခင်ကြည်က ပြောလဲပြော၊ လက်ကလည်း ပဲကြီးခွာနေတယ်ဗျ၊ ကျုပ်လည်း မနေသာတာနဲ့ ပဲကြီးဝင်ခွာပေးတာပေါ့ဗျာ။
“နေ့လည်ကျတော့ ကိုအေးက ကျုပ်ကိုမြောက်ဘက်ခင်းထဲ လိုက်ခဲ့ဖို့ခေါ်တယ်ဗျ”
“အေး၊ လိုက်သွားတာပေါ့၊ နင်လည်းမြောက်ဘက်ခင်းထဲ မရောက်ဖူးသေးဘူးထင်ပါ့”
မခင်ကြည်က ချဉ်ပေါင်သီးခြောက်နီနီကလေးတွေကို ခရမ်းချဉ်သီးနဲ့ ချဉ်ချဉ်ကလေးချက်ဖို့လုပ်တယ်၊ မနှင်းကြည်ကတော့ ငါးခြောက်ကလေးတွေကို ကတ်ကြေးတစ်လက်နဲ့ အမြီးဖြတ်၊ ဆူးတောင်ဖြတ်ပေါ့ဗျာ။ မနှင်းကြည်အလုပ်လုပ်တာထက် မခင်ကြည်အလုပ်လုပ်တာကိုကြည့်ရင်း ကျုပ်တော့ ကျေနပ်မိတယ်ဗျ၊ စကားပြောရင်း အလုပ်ကလုပ်သွားတာ ဇယ်ဆက်နေတာပဲဗျာ၊ လက်ကတစ်ခုကျသွားတာနဲ့ နောက်အလုပ်တစ်ခုကိုတန်းပြီးဆက်တိုက်လုပ်သွားတာဟာ နားချိန်ကိုမရှိဘူးဗျ။
(၃)
“ဆွမ်းတော်ဗျို့”
မကြာပါဘူး ဆွမ်းခံကြွပါရောဗျာ၊ ထင်းမီးနဲ့ချက်တာဆိုတော့ ဟင်းတွေက အကျက်မြန်တယ်ဗျ၊ မီးအားကကောင်းတာလည်းပါမှာပေါ့ဗျာ၊ မခင်ကြည်က အသံကြားတော့
“ဟဲ့ နှင်းကြည်၊ ဆွမ်းထွက်လောင်းပေးစမ်းပါအုံး”
မနှင်းကြည်က ဆွမ်းဟင်းသုံးခွက်ယူတော့ ကျုပ်လည်း အလိုက်တသိနဲ့ ဆွမ်းအုပ်ယူပြီး ထွက်ခဲ့တာပေါ့ဗျာ။ မနှင်းကြည်ကတော့ ငြင်းရှာပါတယ်။
“ရပါတယ်၊ ငါ့မောင်ရယ်၊ အမတစ်ယောက်တည်းလောင်းနေကျပါ”
“အိုဗျာ၊ မဟုတ်တာပဲ၊ ကျုပ်လည်းအတူတူလောင်းပေးပါ့မယ်၊ နောက်တော့ ရေစက်ဆုံတာပေါ့ဗျာ”
ကျုပ်စကားက အဆန်ပါမှန်း မနှင်းကြည်သိသွားတယ်ဗျ၊ မနှင်းကြည်က ရှက်ပြုံးကလေးပြုံးပြီး မချိသွားဖြဲလုပ်ရင်းကျုပ်အနောက်ကိုလိုက်လာတယ်။ ရွာဦးကျောင်းဆရာတော်ကို ဆွမ်းနဲ့ဆွမ်းဟင်းတွေကပ်လိုက်တယ်၊ နောက်တော့ ကျုပ်က သပိတ်ထဲကိုဆွမ်းလောင်းထည့်တယ်၊ ငါးခြောက်ကို ကြော်ပြီး ငရုတ်သီးစပ်စပ်နဲ့ပြန်လူးထားတဲ့ဟင်းရယ်၊ အချဉ်အတွက် ချဉ်ပေါင်သီးကိုခရမ်းချဉ်သီးနဲ့ ငါးပိချက်ပုံစံချက်ထားတဲ့ဟင်းနဲ့ အရည်သောက်ကိုတော့ အနောက်က ဆိုင်းထမ်းနဲ့ထမ်းလာတဲ့ ဘုန်းကြီးကျောင်းသားကလေးရဲ့ တွဲဆိုင်းထဲကို သပ်သပ်စီထည့်ပေးလိုက်တာပါပဲ။ ကျုပ်လည်း မနှင်းကြည်နဲ့အတူတူဆွမ်းလောင်းပြီးတော့ နှစ်ယောက်သား ရေစက်ဆုံပြီး နီးရပါစေလို့ ဆုတောင်းမိတာပေါ့ဗျာ၊ ဟဲ ဟဲ။
ဆွမ်းလောင်းပြီးတော့ မခင်ကြည်က ဦးအောင်ရှိန်တို့နေ့လည်စာ စားဖို့သောက်ဖို့အတွက်ပြင်ပေးခဲ့တယ်၊ ပြီးတာနဲ့ ခံတောင်းကလေးထဲ ထမင်းထည့်ပြီးတော့ သူ့ယောက်ျားကိုအေးကို ထမင်းပို့ဖို့ထွက်ခဲ့တာပေါ့ဗျာ၊ အချိန်က မနက်ဆယ်နာရီခွဲလောက်ပေါ့။ ဦးဘသာကလည်း လိုက်မယ်ပြောတာနဲ့ ကျုပ်တို့နဲ့အတူလိုက်ခဲ့တယ်၊ ထမင်းသွားပို့တာလည်း တပျော်ကြီးပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာရယ်၊ ဖိုးတွမ်တီးနဲ့ မိသက်တို့ပါ ပါတာကိုးဗျ။
ရွာကနေထွက်ပြီး အရှေ့မြောက်ဘက်ကိုတက်ခဲ့တယ်ဆိုရင်ပဲ တောင်ကုန်းကလေးတွေကိုဖြတ်ကျော်ရတယ်ဗျ၊ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ရွှေဘကုန်းကို အဝေးကလှမ်းမြင်ရတယ်၊ တောင်ကုန်းကလေးကိုကျော်ပြီးတဲ့အခါမှာတော့ ယာခင်းတွေကိုတွေ့လိုက်ရပါပြီ၊ ယာခင်းတွေရဲ့ အရှေ့ဘက်မှာတော့ တောင်ကြီးတစ်လုံးရှိပြီး သဘာ၀တောအုပ်ကြီးလဲရှိတာပေါ့ဗျာ။ ရှုခင်းကတော့ ကိုအေးပြောသလို အတော်သာယာတယ်ဗျ၊ နှမ်းတွေတန်းစီပေါက်နေတဲ့ နှမ်းခင်းကြီးတွေရယ်၊ သစ်ပင်တွေစိမ်းစိုနေတဲ့တောကြီးရယ်၊ ဟိုးအနောက်က တောင်တန်းကြီးတွေရယ်ကို ခင်ဗျားတို့မျက်စိထဲပဲ မြင်အောင်ကြည့်လိုက်စမ်းပါဗျာ၊ သာယာချက်ပဲ။
ရွာကနေ နာရီဝက်လောက်လမ်းလျှောက်ရတာဆိုတော့ ကျုပ်တို့ရောက်သွားတော့ ဆယ့်တစ်နာရီကျော်လောက်ရောပေါ့ဗျာ၊ ကိုအေးက သူတို့စတည်းချတဲ့ ဒဟတ်ပင်ကြီးအောက်မှာထိုင်နေရင်း အနားက ယာရှင်တွေနဲ့ စကားပြောဆိုနေလေရဲ့၊ ဒဟတ်ပင်က အရိပ်လည်းကောင်းမှကောင်းပဲဗျာ၊ ဒဟတ်ပင်မှာ ကပ်ရိုက်ထားတဲ့ ရေအိုးကရေကလည်း အေးပြီးစိမ့်နေတာပဲ။
ကျုပ်တို့ရောက်ပြီး သိပ်မကြာပါဘူးထမင်းစားကြတယ်ဗျ၊ မခင်ကြည်ပြောတဲ့အတိုင်း ကိုအေးတစ်ယောက် ထမင်းစားတာ ခေါင်းတောင်မဖော်ပါဘူးဗျာ။ ကျုပ်တို့အတွက်ကတော့ ယာခင်းထဲကို အပျော်လိုက်ပြီး ပျော်ပွဲစားထွက်သလိုပါပဲဗျာ၊ ဟင်းကလည်းစားကောင်းချက်ဗျာ၊ ငါးခြောက်ကြော်လေးက ခပ်စပ်စပ်၊ ချဉ်ပေါင်သီးချက်ကလေးက ချဉ်ချဉ်နဲ့ဆိုတော့ လိုက်ဖက်ညီပါတယ်၊ အာခေါင်ခြောက်လာရင် ဆူးပုတ်ခတ်ထားတဲ့ ပဲကြီးဟင်းရည်ကို သောက်ရင်း မျောချရတာပေါ့ဗျာ။ ကျုပ်တို့မှာ စားလို့ကောင်းလိုက်တာ၊ အိမ်မှာထက်ကို ပိုပြီးမြိန်နေတာဗျ။
စားသောက်ပြီးတော့ ကိုအေးတို့နဲ့ ဦးဘသာနဲ့ သစ်ပင်ရိပ်မှာထိုင်နေကြတယ်၊ မခင်ကြည်ကတော့ ဓါးမတိုကလေးကိုင်ပြီးတော့ တောဘက်ကိုထွက်မလို့တဲ့။
“ရှင်တို့ဒီမှာနေအုံးနော်၊ ကျုပ်တောတက်အုံးမယ်၊ ထင်းလေးလည်းတစ်စီးလောက်ခွေချင်တယ်၊ ပြီးတော့ ဆူးပုတ်လေး၊ ကြံဟင်းလေးလည်း တစ်ခွက်စာလောက်ရှာချင်သေးတယ်”
မခင်ကြည်တောဘက်ကိုလိုက်သွားတော့ ကျုပ်တို့လည်းလိုက်သွားတာပေါ့ဗျာ၊ မခင်ကြည်က ထင်းခွေရင်း ဟိုကြည့်ဒီကြည့်နဲ့လုပ်တော့ တယ်ပင်ပေါ်ကိုတွယ်တက်နေတဲ့ ချုံပင်တွေကိုမြင်လိုက်ပါရော။
“ဟယ်၊ ကျီးအာရွက်တွေတောင် စိမ်းနေပြီပေါ့၊ ဒါဆိုမကြာခင် မိုးကျတော့မယ့်သဘောပဲ၊ အတော်ပဲ ကျီးအာရွက်တွေခူးရအုံးမယ်”
ကျီးအာသီးကို စားမရပေမယ့် ကျီးအာရွက်နုကို ဟင်းချိုချက်သောက်ရကောင်းမှန်း ကျုပ်တော့အခုမှသိတော့တယ်ဗျာ၊ မခင်ကြည်ထင်းခွေတော့ ကျုပ်တို့လည်းပျင်းနေတာပေါ့ဗျာ၊ ဒါနဲ့အသံတွေကြားလို့ လိုက်ကြည့်တော့ တောအစပ်ချောင်းရိုးကလေးအနားမှာ နွားကျောင်းသားလေးတွေ ငါးယောက်လောက် ဆော့နေကြတာကိုမြင်လိုက်ပါရော။
နွေကျောင်းပိတ်တော့ ကျောင်းသားလူငယ်ကလေးတွေလည်း မိဘကိုကူပြီးတော့ နွားကျောင်းရတာပေါ့ဗျာ၊ ရွာနားမှာလည်း မြက်ကရှားတာဆိုတော့ တောစပ်မှာလာကျောင်းကြတယ်ထင်ပါ့၊ အဆော့မက်တဲ့ ဖိုးတွမ်တီးနဲ့ မိသက်တို့လည်း နွားကျောင်းသားကလေးတွေဆီကိုပြေးသွားတယ်၊ ကျုပ်လည်း မခင်ကြည်ကိုတစ်ချက်ကြည့်လိုက်တော့ မခင်ကြည်က လိုက်သွား၊ သူက ရတယ်ဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်တယ်၊ ဒါနဲ့ပဲ ကျုပ်လည်း ကလေးတွေအနောက်ကိုလိုက်သွားတာပေါ့ဗျာ။
(၄)
နွားကျောင်းသားလေးတွေက မြေပြောင်ပြောင်မှာ ကျေးရိုက်တမ်းဆော့တာဗျ၊ ကျေးရိုက်တယ်ဆိုတာတော့ ကျုပ်တို့ရွာအခေါ်ပါ၊ သူတို့ဆီမှာတော့ ဘယ်လိုခေါ်သလဲမသိဘူး၊ နွားကျောင်းသားလေးတွေ စုစုပေါင်းခြောက်ယောက်ရှိတယ်၊ ကျေးရိုက်တမ်းဆိုတာကတော့ လိုက်မယ့်လူကို မျက်လုံးအဝတ်စည်းပြီးတော့ ပုဆိုးစနဲ့လိုက်ရိုက်ရတာပေါ့၊ ကျန်တဲ့လူတွေက အသံပေးပြီးတော့ထွက်ပြေးရတာပေါ့ဗျာ။
ဖိုးတွမ်တီးလည်းဝင်ဆော့တယ်၊ မိသက်ကိုတော့ အစပိုင်းက ခေါ်မဆော့ဘူးဗျ၊ နောက်ပိုင်းကျမှ မိသက်ကိုပါခေါ်ဆော့ကြတယ်၊ ဒီတစ်ခါလိုက်ရမှာကတော့ ဖိုးတွမ်တီးအလှည့်ပေါ့ဗျာ၊ ဖိုးတွမ်တီးမျက်လုံးကို ပုဆိုးပိုင်းတစ်ခုနဲ့တင်းနေအောင်စည်းချည်ပြီးတော့ လက်ထဲကိုလည်း ထိပ်ဘက်မှာထုံးထားတဲ့ ပုဆိုးတစ်ခုပေးလိုက်တာပေါ့။ မလိုက်ခင် ဖိုးတွမ်တီးကို သုံးလေးပတ်လောက်လှည့်ပေးလိုက်တော့ ဖိုးတွမ်တီးခမြာ အရက်သမားချေလှမ်းနဲ့ အသံကိုနားထောင်ပြီး လိုက်ရိုက်တာပေါ့ဗျာ။
သူတို့ဆော့နေတာကို ကျုပ်ကလည်း ဘေးနားကနေကြည့်နေတာပေါ့၊ ဒီအချိန်မှာ နွားကျောင်းသားလေးတစ်ယောက်က ရပ်သွားပြီးတော့ အနားက သစ်ပင်ကိုကြည့်နေတယ်ဗျ။ ပြီးတော့ ကျန်တဲ့နွားကျောင်းသားလေးတွေကိုလှမ်းခေါ်တယ်။
“ဟေ့ကောင်တွေ၊ ဟိုမှာ အသိုက်ကွ”
သန်းပင်ကြီးတစ်ပင်ရဲ့ ကိုင်းခွကြားမှာ ငှက်သိုက်တစ်ခုတင်နေတယ်ဗျ၊ နောက်ထပ်ကိုင်းခွတစ်ခုမှာလည်း ငှက်သိုက်တစ်ခုရှိတယ်၊ ငှက်ကလေးတစ်ကောင်ကလည်း အသိုက်မှာဝပ်နေပုံထောက်တော့အသိုက်ထဲမှာ ဥတွေရှိမယ့်ပုံပဲဗျ၊ ဒါနဲ့ပဲ နွားကျောင်းသားလေးတွေ ကစားတာရပ်ပြီး အပင်အောက်မှာ သွားဝိုင်းဖွဲ့ကြတာပေါ့။
“ဟေ့ကောင်တွေ၊ အပင်ကတော်တော်မြင့်တာကွ၊ ဖြစ်ပါ့မလား”
ကျုပ်ကဝင်ပြောလိုက်တယ်၊ သန်းပင်ဆိုတာကလည်း အမြင့်ကြီးမဟုတ်လားဗျာ။ နွားကျောင်းသားလေးတွေက တိုင်ပင်ပြီးတော့
“ဒါဆိုရင် ဖိုးပေကိုလွှတ်ရမယ်၊ ဒီကောင်က သစ်ပင်တက်တာ ချန်ပီယံကွ”
ဖိုးပေဆိုတဲ့ကောင်လေး ထွက်လာတယ်ဗျ၊ နာမည်နဲ့လိုက်အောင် ပေပေတေတေပုံပါပဲဗျာ၊ ပုဆိုးကိုစလွယ်ကွင်းသိုင်းပြီးတော့ ဘောင်းဘီတိုနဲ့ သန်းပင်ကြီးပေါ်ကို ခုန်တက်သွားတာပဲဗျာ။ သန်းပင်ဆိုတာ ပင်စည်ကတခြားအပင်တွေနဲ့မတူဘဲ ပြောင်ချောနေတတ်တာမဟုတ်လား၊ တော်ရုံလူဆို သန်းပင်မတက်တတ်ဘူးဗျ၊ ဒါပေမယ့် ဖိုးပေကတော့ မျောက်တစ်ကောင်လိုပဲ သန်းပင်ကိုခြေနဲ့ကန်ပြီးတက်သွားတာမြန်လိုက်တာဗျာ။ ဒါနဲ့ပဲ မကြာခင်အသိုက်တစ်ခုကိုရောက်သွားတယ်၊
အသိုက်မှာဝပ်နေတဲ့ငှက်မကို မောင်းထုတ်ပေမယ့် ငှက်မက အသိုက်အနားမှာဝေ့လည်ကြောင်ပတ်လုပ်ရင်း အော်ဟစ်နေတာပေါ့ဗျာ၊ အင်းလေ၊ ကိုယ့်အသိုက်အမြုံ၊ ကိုယ့်ရဲ့သားသမီးကို ဖျက်ဆီးခံရတာဆိုတော့ ငှက်ဖြစ်နေတာတောင်မှ ခံစားရတာဖြစ်မှာပေါ့၊ ကျုပ်တို့လူတွေလို ကူကြပါ၊ ကယ်ကြပါဆိုပြီးအော်သလို တကြော်ကြော်အော်နေတာပဲဗျာ၊ နွားကျောင်းသားလဲဖြစ်၊ ကလေးလည်းဖြစ်နေတာ့ ဒီလောက်ကိုထွေထွေထူးထူးခံစားနေပုံမရပါဘူးဗျာ။ ဖိုးပေက အသိုက်ထဲကိုနှိုက်တော့ လောက်စာလုံးအရွယလောက် ငှက်ဥ လေးငါးဥရတယ်ဗျ၊ အဲဒီငှက်ဥတွေကို ပုဆိုးနဲ့အသာထုပ်ပြီး နောက်တစ်ကိုင်းကိုလှမ်းအကူးမှာ သန်းပင်အကိုင်းတွေကြားထဲ ဝင်းခနဲလက်ခနဲ အလင်းရောင်တွေထွက်သွားတာကိုမြင်လိုက်ရတယ်ဗျ။
ရှည်ရှည်မြောမြောအကောင်တစ်ကောင်ပဲဗျ၊ သန်းပင်ကိုင်းပေါ်ကနေ ခုန်ပျံထွက်လာပြီးတော့ ဖိုးပေလည်ပင်းပေါ်ကိုတက်တယ်၊ ဖိုးပေက အားခနဲအော်ပြီးခါချလိုက်တော့ မြေပေါ်ကိုပြုတ်ကျလာပါရောဗျာ။
“မြွေဟ . . . အဲဒါမြွေ”
အရောင်တလက်လက်နဲ့အကောင်က မြွေတစ်ကောင်ပါဗျာ၊ နွားကျောင်းသားအုပ်နဲ့တွေ့တဲ့မြွေတော့ ကံဆိုးတာပဲ၊ နွားကျောင်းသားလေးတွေက တွေ့တဲ့တုတ်တွေကောက်၊ ဝါးလုံးပိုင်းတွေကောက်ပြီးတော့ မြွေကိုရိုက်တာပေါ့ဗျာ။
အဲဒီမှာထူးဆန်းတာကမြွေကို နွားကျောင်းသားလေးက ရိုက်လိုက်တဲ့အခါ မြွေကထပြီး ပျံတာပဲဗျ၊ ပျံတယ်ဆိုပေမယ့် သိပ်ဝေးဝေးပျံတာမဟုတ်ပါဘူး၊ ခုန်လိုက်သလိုဖြစ်နေတာပေါ့ဗျာ၊ မြွေဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်း ခုန်နိုင်တာမှမဟုတ်တာ။ ဒါနဲ့ နောက်ထပ်နွားကျောင်းသားလေးက မြွေကျသွားတဲ့နေရာကို ထပ်လိုက်ပြီးရိုက်ပြန်ရော၊ အဲဒီမြွေကလည်း ခုန်ပြီးရှောင်ပြန်ရောဗျာ၊ နွားကျောင်းသား ငါးယောက် တုတ်တစ်ယောက်တစ်ချောင်းနဲ့ လိုက်ရိုက်တာတောင်မှ မြွေကိုတစ်ချက်မထိဘူးဗျာ။
ကျုပ်တို့လည်းဘယ်နေပါ့မလဲ၊ အနားမှာကျနေတဲ့ သန်းပင်ကိုင်း တုတ်တုတ်ကြီးကောက်ပြီး ကျုပ်လည်း မြွေကိုလိုက်ရိုက်တာပေါ့။ သန်းပင်အသားဆိုတာကလည်း ပျဉ်းကတိုးသားလောက်ကို မာတာမဟုတ်လား၊ ဒါပေမယ့် ကျုပ်က တွေးလိုက်ပြီးသား၊ ကလေးတွေက မြွေကိုမြေပေါ်ကျတော့မှ ရိုက်တာ၊ ကျုပ်ကတော့ ဒီမြွေခုန်တဲ့အခါ လေပေါ်မှာဖမ်းပြီးရိုက်မယ်လို့ တွေးထားတာ။
ဒါနဲ့ပဲ ကလေးအုပ်ထဲကျုပ်ဝင်ခဲ့တယ်ပေါ့ဗျာ၊ ဒီလိုမြွေမျိုးကို ကျုပ်ဘ၀မှာတစ်ခါမှ မမြင်ဖူးဘူးဗျ၊ တစ်ကိုယ်လုံးအရောင်တွေ ဖြတ်ခနဲဖြတ်ခနဲလက်နေတာ၊ နွားကျောင်းသားတစ်ယောက်က မြွေကိုပြေးရိုက်တော့ မြွေက ရွှီးခနဲ မိုးပေါ်ကိုခုန်လိုက်တယ်၊ ကျုပ်လည်း ဘာရမလဲဗျာ၊ ကျုပ်အနားက ဖြတ်ပျံလာတဲ့မြွေကို သန်းသားတုတ်နဲ့ အားကုန်လွှဲရိုက်ထည့်လိုက်တာပေါ့ဗျာ။
ကျုပ်တုတ်ကလည်း အားပြင်းပြီး မြွေဆီကိုတန်းတန်းမတ်မတ်သွားတယ်ဆိုပေမယ့် ကျုပ်တုတ်က မြွေနဲ့ထိခါနီးကျတော့ ဖြောင်းခနဲကျိုးကျသွားတာပဲဗျာ၊ ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူး။ ကလေးလက်မောင်းလောက်ရှိတဲ့ ပိုးမထိုးထားတဲ့ သန်းသားတုတ်ကြီးက မြွေကိုမထိခင်မှာ ထက်ပိုင်းကျိုးကျသွားတာဗျာ။
ကျုပ်လည်းတော်တော်ဒေါသထွက်သွားတာပေါ့၊ ဒါနဲ့မြွေကိုဆဲဆိုပြီးတော့ တုတ်နဲ့ချည်းလိုက်ရိုက်တာဗျာ၊ ကျုပ်တို့တွေတစ်ပြုံကြီးလိုက်ရိုက်တာတောင်မှ မြွေကိုတစ်ချက်မှ မထိဘူးဗျာ၊ ကျုပ်လည်း တစ်ခုခုတော့ထူးနေပြီမှန်းသိတာနဲ့ ဖိုးတွမ်တီးကို ပုခုံးပုတ်လိုက်ပြီးတော့
“ဖိုးတွမ်တီး၊ ဦးဘသာနဲ့ လူကြီးတွေကို သွားခေါ်ကွာ”
ကျုပ်ပြောလိုက်တော့ ဖိုးတွမ်တီးလည်း လက်ထဲက တုတ်ချပြီးတော့ ပြေးပါရောဗျာ၊ မကြာပါဘူး ဦးဘသာတို့ပြေးလိုက်လာတယ်။ ကျုပ်တို့လူအုပ်ကိုကြည့်ပြီးတော့
“ဟေ့၊ ဘာတွေဖြစ်နေကြတာတုန်းကွ”
ကျုပ်တို့မဖြေရသေးခင်မှာပဲ ဦးဘသာက တစ်ခုခုသိသွားပုံရတယ်၊
“မင်းတို့အားလုံး အနောက်ဆုတ်ကြစမ်း၊ မကြောက်မရွံ့နဲ့ အကုန်လုံးမသာပေါ်ကုန်ကြမယ်”
ဦးဘသာအော်တာနဲ့ ကျုပ်လည်းအနောက်ဆုတ်လိုက်တာပေါ့၊ နွားကျောင်းသားလေးတွေက ဆက်ရိုက်နေတုန်းဆိုတော့ သူတို့ကိုလည်းဆွဲရတာပေါ့ဗျာ၊ လူတွေဆက်မရိုက်တော့ဘူးဆိုမှ မြွေက ခုနကကျုပ်တို့ဆော့နေတဲ့မြေကွက်လပ်ဘက်ကို လှည့်ပြေးတာပဲ၊ ဆယ်ပေလောက်ပြေးပြီးတော့ ရွှီးခနဲထပြီး ပျံပါရောဗျာ၊ ဦးဘသာက လက်ညှိုးတစ်ချက်ထိုးလိုက်တော့ လေပေါ်မှာတန့်ခနဲရပ်သွားတယ်၊ ရပ်သွားတယ်ဆိုပေမယ့် တစ်ကိုယ်လုံး တွန့်လိမ်နေအောင်ရုန်းနေတာဗျ။
“အလတ်ကောင်၊ ပုဆိုးတစ်ထည်ကို သေးနဲ့ဝိုင်းပန်းကြကွာ”
နွားကျောင်းသားလေးရဲ့ ပုဆိုးတစ်ထည်ကိုဖြုတ်လိုက်ပြီး ကလေးတွေက သေးနဲ့ဝိုင်းပန်းတယ်၊ လေးငါးယောက်ဝိုင်းပန်းတာဆိုတော့ သေးတွေရွှဲကုန်တောပေါ့ဗျာ၊ ပြီးတော့ ဦးဘသာက ကျုပ်ကိုအဲဒီပုဆိုးယူခိုင်းတယ်။
“ငါလွှတ်ချလိုက်ရင် ဒီကောင်ကျလာလိမ့်မယ်၊ မင်းအဲဒီကောင်ကို ပုဆိုးနဲ့သေသေချာချာဖမ်းစမ်း”
ကျုပ်လည်းကြောက်တော့ကြောက်တာပေါ့ဗျာ၊ မြွေက လူကြီးသုံးရပ်လောက်အမြင့်မှာ ရပ်တန့်နေတော့ ကျုပ်လည်းသူ့အောက်နားကိုပြေးသွားတာပေါ့ဗျာ၊ ဦးဘသာ လက်ညိုးကွေးလိုက်တာနဲ့ မြွေက ပြုတ်ကျလာပါရော၊ ကျုပ်လည်းသေးတွေစိုနေတဲ့ ပုဆိုးနဲ့တစ်ခါတည်းဖမ်းခံလိုက်တာပေါ့ဗျာ၊ ပြီးတာနဲ့ ပုဆိုးကိုလုံးချည်ပြီး ထုပ်လိုက်တာပေါ့။ ကျုပ်လက်ထဲမှာ မြွေကအော်ပြီးတော့ လူးလွန့်နေသေးတာနဲ့ ကျုပ်လည်းကြောက်ကြောက်နဲ့မြေပေါ်ကို ပုဆိုးထုပ်ကြီးပစ်ချလိုက်တာပေါ့ဗျာ၊ ဒေါသထွက်နေတဲ့ကလေးတွေက ပြေးလာပြီးတော့ ပုဆိုးထုပ်ကို တုတ်တွေနဲ့ဝိုင်းရိုက်တာ အချက်ပေါင်းကိုမနည်းဘူးဗျာ။
အချက်တစ်ရာကျော်လောက်ရိုက်ပြီးသွားတော့ ပုဆိုးလည်းငြိမ်ကျသွားတယ်။ ကျုပ်တို့လည်းသိချင်တာနဲ့ ပုဆိုးကိုတုတ်နဲ့ထိုးကလော်လိုက်တော့ မြွေကပြုတ်ကျလာပါရောဗျာ။
“ဟာ၊ မြွေမဟုတ်ဘူး၊ နဂါးဟ”
နွားကျောင်းသားလေးတွေက အော်တယ်ဗျ၊ သူတို့ပြောတာလည်း ဟုတ်လောက်မယ်၊ ဒီမြွေက သာမန်မြွေတွေလို အရေခွံမပါဘူးဗျ၊ တစ်ကိုယ်လုံးကို ငါးအကြွေးခွံလိုအကြွေးခွံဖြူဖြူသေးသေးကလေးတွေကအုပ်ထားတာ၊ အကြွေးခွံတွေက ငွေရောင်လက်နေတာပဲဗျာ၊ နေရောင်ထိုးတော့ ဒီအကြေးခွံတွေကို အရောင်ဟပ်ပြီး ဝင်းခနဲ၊ လက်ခနဲဖြစ်နေတာပေါ့။ နောက်ပြီး ခေါင်းကလည်း သာမန်မြွေတွေလိုပဲဆိုပေမယ့် ခေါင်းပေါ်မှာ နီကျင်ကျင်နဲ့ အမောက်ကလေးသေးသေးတစ်ခုပါသေးတယ်၊ အမောက်က နဂါးတွေလိုတော့ အရှေ့ကိုကော့နေတာမဟုတ်ဘဲ အနောက်ဘက်ကိုကော့ပြန်လန်နေတာဗျ။ သူ့ဖာသာ နဂါးဖြစ်ဖြစ်၊ မြွေဖြစ်ဖြစ် နွားကျောင်းသားတွေတုတ်ချက်မိတော့ တစ်ကိုယ်လုံးကျေပြီး သေနေပါရောဗျာ။
ဦးဘသာက အရှေ့ကိုတိုးပြီးလာကြည့်တယ်၊ မြွေကို ခြေထောက်နဲ့ထိုးကြည့်တယ်။
“ဦးဘသာ ဒါနဂါးလား”
ဦးဘသာက ခေါင်းခါပြပြီးတော့
“ဘယ်က နဂါးရမှာလဲ၊ မြွေစုန်းပျံကွ”
“ဘယ်လိုဗျ၊ မြေစုန်းပျံတဲ့လား”
“ဟိုတစ်ခါက မင်းကိုစုန်းတွေအကြောင်းပြောပြတော့ ဆယ့်သုံးကြိုးမြောက်က တိရစ္ဆာန်စုန်းမဟုတ်လား၊ အဲဒီစုန်းထဲမှာ မြွေတွေ၊ ငှက်တွေနဲ့ တီကောင်ကအစ တီစုန်းဆိုပြီးရှိတယ်ကွ၊ အခုမင်းတို့တွေ့နေရတာက အဲဒီဆယ့်သုံးကြိုးမြောက်ထဲက မြွေစုန်းပေါ့”
ကျုပ်လည်းအခုမှ ကြားဖူးမြင်ဖူးတာဗျ။
“ဒါနဲ့ ဒီမြွေကိုရော ဘယ်သူကစုန်းပညာသင်ပေးလိုက်လို့ စုန်းဖြစ်လာတာလဲ”
“ဘယ်သူမှသင်စရာမလိုဘူးကွ၊ ငါတို့လူတွေမှာလည်း တစ်ချို့ကစုန်းပညာကို ဝမ်းတွင်းပါတတ်ကြသလို၊ တိရစ္ဆာန်တွေမှာလည်း ဒီလိုပဲပေါ့ကွာ၊ ဟောဒီမြွေလည်း မွေးကတည်းက စုန်းအတတ်ပါလာပြီးသားမို့ မြွေစုန်းဖြစ်သွားတာပေါ့၊ ဒီလောက်ပါပဲ”
ပြောမယုံကြုံဖူးမှ သိဆိုသလိုပဲပေါ့ဗျာ၊ အခုမှ မြွေစုန်းဆိုတာကို မြင်ဖူးတာ၊ မြွေစုန်းက အစွမ်းထက်လို့ ပျံတောင်ပျံနိုင်တယ်ဆိုပဲ၊ ကျုပ်အထင်တော့ ဒီမြွေစုန်းပျံက သစ်ပင်ပေါ်က ငှက်သိုက်တွေဆီက ငှက်ဥတွေကိုတက်ပြီးဖောက်သောက်ချင်တဲ့ပုံပဲဗျ၊ ဖိုးပေနဲ့တွေ့တော့ ဖိုးပေကို လန့်ပြီးရန်ပြုတာနေမှာဗျ”
ဖိုးပေဆိုမှ ကျုပ်တို့လည်း ဖိုးပေကိုသတိရသွားတယ်ဗျ၊ ဖိုးပေက သစ်ပင်ပေါ်ကဆင်းလာပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာ၊ သူ့ကိုပြေးကြည့်တော့ သူ့ဂုတ်မှာ မြွေစွယ်ရာအပေါက်နှစ်ပေါက်တွေ့တယ်၊ လူက ဘာမှတော့မဖြစ်ဘူးဗျ၊ လူကောင်းအတိုင်းပါပဲ၊ ဒါပေမယ့် ဦးဘသာက ခေါင်းခါတယ်။
“မြွေစုန်းကိုက်တယ်ဆိုတော့ တစ်ခုခုတော့ဖြစ်မှာပဲကွ၊ သူ့ကိုစမ်းသပ်ကြည့်မှရမယ်”
ဒီအခါ ကိုအေးရဲ့ယာဘေးက လူကြီးက
“ကျုပ်တို့ဆီမှာ မြွေဆရာရှိတယ်ဗျ၊ သူ့ကိုကျုပ်တို့ မြွေဆရာဆီကို ခေါ်သွားရအောင်”
လူကြီးနှစ်ယောက်ပြောပြီးတော့ ဖိုးပေကိုခေါ်ပြီး မြွေဆရာဆီကိုပြေးကြတယ်ဗျ၊ မြွေဆရာက မြင်းဇာအနားက ကျော်ဆိုတဲ့ရွာမှာရှိတာ၊ မြွေဆရာ ဆရာဟန်ဆို နာမည်ကြီးပဲတဲ့ဗျာ၊ အဆိပ်ပြင်းလှပါတယ်ဆိုတဲ့ ငန်းမြွေ၊ မြွေဟောက်ဆိုရင်တောင်မှ သူကမန်းမှုတ်ပြီးကုသရင် အဆိပ်ပြေသွားတယ်လို့ ပြောကြတယ်၊ ဒီဒေသမှာတော့ မြွေကိုက်ပြီဆိုတာနဲ့ ဆရာဟန်ဆီ ပြေးကြတာပဲတဲ့။ ဒါနဲ့ပဲ ဖိုးပေနဲ့ လူကြီးနှစ်ယောက်ထွက်သွားတော့တယ်၊ မြွေအသေနဲ့ ကျုပ်တို့ပဲကျန်ခဲ့တာပေါ့ဗျာ။
“ဦးဘသာ ဒီကောင်ကိုဘာလုပ်ရမှာလဲ မြေမြှုပ်ရမှာလား”
“မြေမြှုပ်ရင်တောင်မှ သေပါ့မလားပဲကွ”
“ဗျာ၊ ဒီကောင်က မသေသေးဘူးလား”
“ငါ့စိတ်ထင်တော့ သေအုံးမှာမဟုတ်ဘူးကွ၊ ဒီလိုလုပ်ကွာ၊ ပိုပြီးသေချာသွားအောင် မီးသာရှို့လိုက်ကြတော့”
ဦးဘသာကြီးကပြောပြီးတော့ ထွက်သွားတယ်ဗျ။ နွားကျောင်းသားလေးတွေက ထင်းတွေကောက်တယ်၊ သစ်ရွက်ခြောက်တွေစုတယ်၊ ကျွန်တော်လည်း ကိုအေးဆီကနေ မီးခတ်တောင်းပြီးတော့ သစ်ရွက်ခြောက်တွေကို မီးတို့လိုက်တာပေါ့ဗျာ၊ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်တွေများများထည့်ထားတာဆိုတော့ မီးအားကောင်းတာပေါ့ဗျာ၊ ဒီတော့မှ ခုနက မြွေစုန်းပျံအသေကို မီးထဲထည့်ဖို့လုပ်ရတယ်၊ ဦးဘသာက မသေသေးဘူးလို့ပြောထားတော့ ကျုပ်လည်းမကိုင်ရဲဘူးပေါ့ဗျာ၊ တော်ကြာ ကျုပ်ကိုင်လိုက်မှ ထပေါက်နေရင်ဘယ်လိုလုပ်မလဲ၊ ဒါနဲ့ပဲ တုတ်နဲ့ထိုးကလော်ပြီးတော့ မီးပုံထဲထည့်ရတာပေါ့။ မြွေကိုယ်လုံးက အကြေးခွံတွေနဲ့မို့ တုတ်နဲ့တောင် အတော်ကို ကလော်ယူရတာဗျ၊ နောက်ဆုံး တုတ်နှစ်ချောင်းနဲ့ ပြုတ်တူလိုညှပ်ပြီးထည့်တော့မှ ရတယ်။
မီးလောင်တော့ မြွေကိုယ်လုံးက တဖြစ်ဖြစ်နဲ့အသံတွေမြည်လို့ဗျ၊ ထူးဆန်းတာပြောရရင် ဒီလောက်မီးတောက်ထဲဝင်သွားတာတောင်မှ မြွေကိုယ်က မီးမလောင်ဘူးဗျ။ တဖြစ်ဖြစ် တဖောက်ဖောက်နဲ့တော့ မြည်နေတာ။ ကျုပ်တို့လည်း ထင်းတွေထပ်ထည့်တာပေါ့။
မီးရှို့နေရင်း ငါးမိနစ်လောက်အကြာမှ မြွေကမီးပုံထဲမှာ ခေါင်းထောင်လာတာဗျာ။ ကျုပ်တို့အံ့ဩပြီးကြည့်နေတုန်းမှာပဲ ရှူးခနဲနှာတစ်ချက်မှုတ်ပြီးတော့ မိုးပေါ်ကိုပျံတက်သွားတာ အမြင့်ကြီးပဲဗျာ၊ ပေသုံးဆယ်လောက်မြင့်မယ်ထင်တာပဲ၊ ပြီးတာနဲ့ လေပေါ်ကနေပြန်မကျဘဲ ဆက်တိုက်ခုန်ထွက်သွားပြီးတော့ တောအုပ်ထဲကို ပျံဝင်သွားပါရော။
ကျုပ်တို့ထူးဆန်းလွန်းလို့တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောနိုင်ကြပါဘူးဗျာ၊ နောက်တော့ မီးပုံကိုသတ်ပြီးတော့ လူစုခွဲလိုက်ကြတယ်၊ နွားကျောင်းသားလေးတွေလည်း နွားတွေသိမ်းပြီးပြန်တယ်၊ ကျုပ်တို့လည်း ကိုအေးတို့ဆီကိုပြန်ခဲ့တယ်ဗျ။
(၅)
“နင်တို့မြွေစုန်းတွေ့လို့ဆို”
ကျုပ်တို့ရောက်တော့ မခင်ကြည်က ဆီးမေးတယ်ဗျ၊ ကျုပ်တို့လည်း ရေဆာဆာနဲ့ ဒဟတ်ပင်မှာတင်ထားတဲ့ ရေအိုးထဲကရေတွေအရင်ခပ်သောက်ရတယ်။ ပြီးတော့မှ
“ဒါပေါ့ဗျာ၊ မြွေစုန်းက သေတောင်မသေပါဘူး၊ ကျုပ်တို့မီးရှို့တော့ မီးပုံထဲကနေထပြီး ပျံထွက်သွားပါရောဗျာ”
ဦးဘသာက ခေါင်းညိတ်ပြီးတော့
“မြွေကသေသွားပေမယ့် သူ့ပညာက မသေသေးပုံရတယ်ကွ၊ မင်းတို့ကို ငါပြောဖို့လည်းလိုသွားတာပါ၊ အဲဒီလိုမြွေစုန်းတွေဘာတွေကို မီးရှို့ရင် အပေါ်ကနေ ထင်းတုံးကြီးတို့၊ သစ်ကိုင်းကြီးတွေ ဖိထားရတယ်ကွ။ နို့မဟုတ်ရင် အခုလိုမျိုးပျံထွက်သွားတတ်တယ်”
ဦးဘသာက တမင်မပြောဘဲနေတာလားတော့ မသိပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ သူကလည်းစုန်းကိုးဗျ၊ ညနေနေအေးလာတာနဲ့ ကျုပ်တို့လည်းပြန်ဖို့ပြင်ကြတော့တယ်၊ မခင်ကြည်က ထင်းတစ်စည်းရနေပြီ၊ ကျီးအာရွက်နုတွေလည်းအတော်ရနေပြီဗျ။ မခင်ကြည်က ပြန်ခါနီးထင်းစည်းရွက်မလို့လုပ်တော့ ကျုပ်လည်း အားနာတာနဲ့သူ့ထင်းစည်ကို ထမ်းပြီးပြန်လာခဲ့ကြတာပေါ့ဗျာ။
အိမ်ပြန်ရောက်တော့ ထမင်းဝိုင်းမှာ အဲဒီအကြောင်းတွေပြောကြတာပေါ့ဗျာ၊ ဟင်းကတော့ မနက်ကဟင်းနဲ့ မခင်ကြည်ခူးလာတဲ့ ကျီးအာရွက်အနုကလေးတွေကို အရည်သောက်ကလေး ချက်ထားတာပေါ့ဗျာ။ ကျီးအာရွက်ဟင်းချိုက သောက်လို့ကောင်းသဗျ၊ သူ့အရသာက ခွေးတောက်ရွက်နဲ့သွားဆင်တယ်၊ ဒါပေမယ့် ခွေးတောက်ရွက်လို အခါးချည်းပဲမဟုတ်ဘူးဗျ၊ ချိုတာတော့အတော်ချိုတယ်၊ ချိုပြီးသွားတော့မှ ခါးသက်သက်ကလေးကျန်ခဲ့တာ၊ ခံတွင်းရှင်းသွားပြီးတာ့ ထမင်းမြိန်လိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ။
ထမင်းစားပြီးတော့ ထန်းလျက်ခဲနဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့ကြတာပေါ့ဗျာ၊ ဦးဘသာက
“ငါကတော့ စိတ်ထဲလေးနေတယ်၊ ဒီမြွေဆရာက မြွေစုန်းရဲ့အဆိပ်ကို ကုမှကုတတ်ပါ့မလားလို့ဟေ့”
ဦးအောင်ရှိန်က ခေါင်းညိတ်လိုက်ပြီးတော့
“ဘာမှတော့မပူနဲ့ကွ၊ ဆရာဟန်က မြွေဆိပ်ကုလာတာ အနှစ်နှစ်ဆယ်လောက်ရှိပြီ၊ သူလည်း အထက်လမ်းပညာလိုက်စားပြီး ပယောဂတွေဘာတွေနိုင်တာဆိုတော့ ကုနိုင်မှာပါကွာ”
ဦးအောင်ရှိန်စကားကို ဦးဘသာက လက်မခံချင်ဘူး။
“မဟုတ်ဘူးကွ၊ မြွေစုန်းဆိုတာ အဆိပ်ချည်းသက်သက်မဟုတ်ဘူး၊ အဆိပ်ရယ်၊ စုန်းရယ် တွဲနေတာကွ၊ နောက်ပြီးတော့ ဖိုးပေအကိုက်ခံရပုံကိုကြည့်ရင်လည်း ခုန်ပျံတဲ့အချိန်မှာ အကိုက်ခံရတာကွ၊ ပျံတဲ့အချိန်ဆိုတာ အဆိပ်တွေ၊ အစွမ်းတွေ အထက်ဆုံးအချိန်ပဲ၊ အဲဒီလိုပျံတဲ့အချိန်အကိုက်ခံရတဲ့လူ ရှင်တယ်ဆိုတာ ရှားတယ်ကွ”
ဘာပဲပြောပြောကျုပ်တော့ ဦးဘသာစကားကိုလက်ခံတယ်၊ သူက စုန်းဆိုတော့ စုန်းအကြောင်းကို ဦးအောင်ရှိန်တို့ထက်တော့ ပိုသိမယ်မဟုတ်လား၊ ဒါပေမယ့် ဦးအောင်ရှိန်ကတော့ လက်မခံဘူး၊ ဆရာဟန်က အထက်ဂိုဏ်းကဆိုတော့ သူကုတတ်မှာပါလို့ပဲ တထစ်ချတွေးထားသတဲ့ဗျာ။
သိပ်မကြာဘူး၊ ကျုပ်တို့အိမ်ရှေ့က လှည်းတစ်စီးဖြတ်သွားတာကိုမြင်လိုက်တယ်၊ လှည်းပေါ်မှာလည်း လူတွေစုံလို့ဗျ၊ မခင်ကြည်က အိမ်ရှေ့ထွက်ပြီးတော့
“ဟဲ့၊ ဖိုးပေ ဘယ်လိုနေသလဲ၊ ဆရာဟန်က ဘာပြောလဲ”
“ဆရာဟန်က ထုံးစံအတိုင်း မန်းမှုတ်ပေးလိုက်တာပေါ့၊ အဆိပ်လည်းနိုင်သွားပြီထင်တယ်၊ အခုတောင်ကြည့်ပါလား လူကောင်းအတိုင်းပဲရယ်”
လှည်းပေါ်က ဖိုးပေက လူကောင်းအတိုင်းပါပဲဗျာ၊ မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြီး လိုက်ကြည့်နေသေးတယ်၊ နောက်တော့ လှည်းကိုဆက်မောင်းသွားကြပါရော။
ဦးဘသာထင်တာ ဒီတစ်ခါတော့ မှားတယ်ဗျ၊ နောက်တစ်နေ့မနက်ရောက်တော့ ဖိုးပေက ကျုပ်တို့ခြံရှေ့နားမှာလာဆော့နေကြတာ၊ ဖိုးပေနဲ့ ဖိုးတွမ်တီးတို့အဖွဲ့တွေ ခုံညင်းပစ်တမ်းဆော့ကြတာပေါ့ဗျာ၊ ကျုပ်လည်း ထူးဆန်းလို့ဖိုးပေကိုပဲလိုက်ကြည့်နေတာ၊ လူကောင်းပကတိအတိုင်းပါပဲဗျာ။ ဖိုးပေရဲ့ဂုတ်က မြွေကိုက်ရာမှာတော့ ဆရာဟန်က ဆေးအနက်နဲ့တစ်ခုခုရေးဆွဲပေးထားတဲ့ပုံပါပဲ။
“ဒီတစ်ခါတော့ ဦးဘသာကြီးအစိုးရိမ်လွန်သွားပြီဗျ၊ ဖိုးပေက အကောင်းအတိုင်းပဲဆော့နေတာ ကြည့်ပါလား”
ဦးဘသာလည်း ဘာမှမပြောတော့ဘဲ ခေါင်းပဲညိတ်တယ်ဗျ။
ဖိုးပေက တကယ်တော့ ဦးအောင်ရှိန်ရဲ့တပည့် ရင်မောင်နဲ့ အမျိုးတော်တယ်ဗျ၊ ရင်မောင်ဆိုတဲ့လူကလည်း ဦးအောင်ရှိန်တို့အိမ်ကို ချောင်းပေါက်မတတ်လာနေတဲ့သူ၊ တပည့်ရင်းဆိုတော့လည်း လာမှာပေါ့ဗျာ၊ ဒါကိုတော့ ကျုပ်မကျေနပ်စရာမရှိပါဘူး၊ ဒါပေမယ့် ရင်မောင်က အကြံသမားလို့ကျုပ်ထင်တယ်၊ သူအိမ်ကိုလာတိုင်း မနှင်းကြည်ကိုကြည့်တဲ့ အကြည့်တွေက မရိုးသားသလိုပဲဗျာ၊ မနှင်းကြည်ကလည်း ရင်မောင်နဲ့ဆိုရင် ပြုံးလို့ဖြီးလို့၊ ကျုပ်ကတော့ ရင်မောင်ကို တစ်ချက်မှကြည့်မရဘူး။
သုံးရက်လောက်ကြာတော့ တစ်မနက်ခင်း ရင်မောင်ပြေးလာတယ်ဗျ၊ ကျုပ်နဲ့မနှင်းကြည်က ခြံထဲမှာတံမြက်စည်းတွေလှဲနေကြတာ၊ ရင်မောင်က ကျုပ်တို့ကိုတောင်မကြည့်ဘဲ မနက်စာစားရင်း ကွပ်ပျစ်မှာထိုင်နေတဲ့ ဦးအောင်ရှိန်တို့ဆီကို တန်းသွားတယ်။
“ဆရာကြီး . . . ဆရာကြီး ဖိုးပေခုမနက်ပဲ ဆုံးပြီဗျ”
“ဟေ . . .”
ဦးအောင်ရှိန်ရဲ့ ရေရွတ်သံက အတော်ကျယ်သွားတယ်ဗျ။
“ဘာဖြစ်တာတဲ့လဲ”
“မနက်က အိပ်ရာထပြီးကတည်းက ရေဆာတယ်ဆိုပြီး ရေအိုးချည်းဖက်ပြီး ရေတွေနင်းကန်လှိမ့်သောက်နေတာပဲတဲ့ဆရာကြီး၊ နောက်တော့ ပူတယ်ဆိုပြီးတော့ လှိမ့်နေရင်း သေသွားတာပဲ၊ သေပြီးတာနဲ့ သူ့တစ်ကိုယ်လုံး ပြာနှမ်းပြီး မည်းနက်နေတာပဲတဲ့”
ဦးအောင်ရှိန်က သိလိုက်ပြီမို့ ဦးဘသာကြီးကိုတစ်ချက်လှည့်ကြည့်လိုက်တယ်၊ ဦးဘသာကတော့ “မင်းကိုငါမပြောဘူးလား” ဆိုတဲ့အကြည့်မျိုးနဲ့ ဦးအောင်ရှိန်ကြီးကို ပြန်ကြည့်လိုက်တယ်ဗျ။
မြွေစုန်းအဆိပ်သင့်ပြီး သေသွားတဲ့ဖိုးပေကို အဲဒီနေ့ နေ့မကူးဘဲ မြေချလိုက်ကြတယ်၊ သူ့အသားတွေက မည်းနက်နေပြီး ကြောက်စရာကြီးဗျာ၊ ဖိုးတွမ်တီးတို့ အုပ်စုတော့ အတော်ကြောက်လန့်ပြီး ဖိုးပေအလောင်းတောင် သွားမကြည့်ရဲကြဘူး၊ ဖိုးပေမိသားစုကတော့ မြွေဆရာ ဆရာဟန်ကြီးကို ကျိန်ဆဲနေတာပေါ့ဗျာ၊ အိမ်ပြန်လာတော့ ကျုပ်ဦးဘသာကြီးဆီတန်းသွားတယ်ဗျ၊ သူ့ကိုသိပ်လေးစားသွားပြီလေ။ ဦးဘသာကတော့ တဲကလေးအပေါ်မှ ကွမ်းယာနေတယ်။
“ကျုပ် . . ကျုပ်တောင်းပန်ပါတယ် ဦးဘသာရာ၊ ဒီတစ်ခါလည်း ဦးဘသာမှန်ပါတယ်”
“သူ့ကံပေါ့ကွာ၊ တကယ်တော့ ငါလည်းတစ်ခါတည်း စုန်းထုတ်ပေးလိုက်ရင်ကောင်းသားကွ”
“ဦးဘသာမမှားပါဘူးဗျာ၊ သူတို့က မြွေဆရာရှိတယ်ဆိုပြီးတော့ သူတို့ဖာသာဆုံးဖြတ်တာပဲမဟုတ်လား”
“ဒါတော့ဒါပေါ့ကွာ၊ ဒါနဲ့ မြွေစုန်းဆိုတာမျိုးက အလွန်မာယာများတယ်ကွ၊ ဒီနေ့ဘာနေ့တုန်း”
“ဒီနေ့က ကြာသပတေးနေ့လေ”
“အေး ဖိုးပေကရော”
“သူလည်းကြာသပတေးနေ့ပဲလေ၊ ဒီအရပ်မှာက မွေးတဲ့နေ့မှာ သေဆုံးရင် နေ့မကူးခင်အသုဘချရတယ်တဲ့၊ ဒါကြောင့် နေ့ချင်းပြီးချတာဆိုပဲ”
“အေးကွ၊ မြွေစုန်းဆိုတာ သူ့ရဲ့အဆိပ်ကို စုန်းပညာနဲ့ဖွက်ထားတတ်တယ်၊ အမှန်က အဆိပ်မသင့်တာမဟုတ်ဘူး အဆိပ်က သင့်နေပြီးသား၊ စုန်းပညာနဲ့လုပ်ထားလို့ ဘာမှမဖြစ်ဘူးလို့ထင်ရတာ၊ ဒါပေမယ့် စုန်းပညာက အကိုက်ခံရသူရဲ့ မွေးနေ့မှာ ပေါ်တတ်တယ်ကွ၊ အခုလည်း ဖိုးပေက ကြာသပတေးသားဆိုတော့ ကြာသပတေးနေ့မှာ ဖုံးကွယ်ထားတဲ့အဆိပ်တွေပေါ်လာပြီးတော့ သေသွားတာပဲကွ၊ သေသွားတော့မှ အဆိပ်တွေတက်နေတာကို မြင်ကြရတယ်မဟုတ်လားကွ”
ကျုပ်လည်းခေါင်းညိတ်လိုက်မိတယ်၊ ဦးဘသာက ကွမ်းငုံပြီးတော့
“ငါလည်း ကယ်တော့ကယ်ချင်ပါတယ်ကွာ၊ ဒါပေမယ့် . . .”
“ကျုပ်နားလည်ပြီးသားပါ ဦးဘသာရာ၊ အထက်လမ်းဆရာတွေတောင်မှ သူတို့လက်ကိုမအပ်ဘူးဆိုရင် ဝင်ကုပေးရိုးထုံးစံမရှိဘူးမဟုတ်လား၊ ဒီတော့ ဦးဘသာ မကုပေးနိုင်တာ တရားနည်းလမ်းကျပါတယ်၊ ဦးဘသာစကားကို ဦးအောင်ရှိန်တို့ကလည်းမယုံဘူးလေ၊ ကျုပ်တောင်မှ ယုံမှမယုံတာဗျ၊ ဒီတော့လည်း ဖိုးပေရဲ့ ကံကိုပဲ အပြစ်တင်ရမယ်ထင်ပါရဲ့ဗျာ”
တကယ်တော့ မြွေစုန်းဆိုတာက ဒီနယ်မှာ အဆန်းမဟုတ်ဘူးတဲ့ဗျ၊ မြွေစုန်းအကြောင်းပုံပြင်တွေ၊ ရာဇဝင်တွေရှိတယ်ဆိုပဲ၊ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မမြင်ဖူးကြဘူးတဲ့ဗျာ၊ ဒါမေယ့် ဒီလိုအကောင်မျိုးဆိုတာ အကောင်တစ်သိန်းမှာတစ်ကောင်တောင် တွေ့ရခဲတယ်မဟုတ်လား။
ပြီးပါပြီ။