အတွဲ(၂) အပိုင်း (၅)
(၁)
ထနောင်းကုန်းရွာထိပ်က ဇရပ်တွေမှာ ညအိပ်ပြီး မနက်မိုးလင်းခါနီးကျတော့ ကျုပ်တို့ကားကြီး ခရီးဆက်ခဲ့တာပေါ့ဗျာ၊ နွေဆိုတော့ နေကစောစောထွက်လာတာဗျ၊ မနက်ခြောက်နာရီတောင်မထိုးသေးဘူး အတော်ကြီးလင်းနေပြီပေါ့ဗျာ၊ ကားကြီးက အိပဲ့အိပဲ့နဲ့ထွက်လာရင်း မကြာခင် ပိတ်ချင်းတောင်ကြီးအနားကို ရောက်လာခဲ့တာပေါ့ဗျာ၊ ကားခေါင်မိုးပေါ်မှာတော့ လူတွေမရှိတော့ပါဘူး၊ ကျုပ်တို့အောက်မှာဘဲ တိုးဝှေ့ပြီးစီးကြတယ်၊ ဘာလို့လဲဆိုတော့ အရင်နေ့ကအဖြစ်ကြောင့် မစီးရဲတော့တာပေါ့ဗျာ၊
ပိတ်ချင်းတောင်ကြီးကို အဝေးကလှမ်းကြည့်တဲ့အခါ မိန်းကလေးတစ်ယောက် ဒူးထောင်ပေါင်ကားပြီးတော့ အိပ်နေတဲ့ပုံပဲဗျ၊ ကျုပ်တို့နဲ့ခရီးအတူသွားတဲ့ လူကြီးတစ်ယောက်က ပိတ်ချင်းတောင်ကြီးအကြောင်းကို ပြောပြတယ်ဗျ၊ သူ့နာမည်က ဦးကြည်တဲ့၊ နေတာကတော့ ပိတ်ချင်းတောင်အကျော်က ရေအေးကွင်းရွာမှာနေတာပေါ့ဗျာ။
ဦးဘသာကြီးက အရှေ့က၊ ကျုပ်က အလယ်က၊ ဦးကြည်က ကျုပ်အနောက်ကဆိုတော့ ဦးကြည်နဲ့ကျုပ်နဲ့ တစ်လမ်းလုံးစကားပြောလာတာပေါ့ဗျာ၊ ထနောင်းကုန်းရွာကိုကျော်ပြီးတော့ ရွာလေးတွေ တစ်ရွာ၊ နှစ်ရွာရှိသေးတယ်ဗျ၊ အဲဒီရွာလေးတွေထိပ်မှာ ခရီးသည်တွေ တက်သေးတယ်၊ ရေအေးကွင်းကို သွားဖို့ထင်ပါတယ်ဗျာ၊ အဲဒီရွာကလေးတွေကိုဖြတ်ပြီးတော့ လမ်းကတဖြည်းဖြည်းကြမ်းလာတယ်ဗျ၊ ရွာဆက်လည်းမရှိတော့ဘဲ ဘေးနှစ်ဖက်မှာ ရွက်ကြွေတောကြီးတွေပဲ ရှိတော့တာ၊ နောက်တော့ လမ်းအနေအထားက တောင်တက်လမ်းကလေးဖြစ်လာတယ်။
“ဒါနဲ့ မောင်ရင်တို့က ဘာတော်သလဲကွ”
ဦးကြည်က ကျုပ်တို့ကိုစပ်စုရောဗျာ၊ ကျုပ်လည်း ဦးဘသာကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့
“ဒါက ကျုပ်ဦးကြီးဗျ၊ ကျုပ်က သူ့တူပေါ့ဗျာ”
ကျုပ်လည်း လမ်းခရီးမှာ မသိတဲ့လူဆိုတော့ ဒီလိုပဲ ဖြီးဖြန်းလိုက်ရတာပေါ့ဗျာ၊ တကယ်လည်း ကျုပ်စိတ်က ဦးဘသာကြီးကို အမျိုးတော်ချင်ပါတယ်၊ ကိုယ့်ဦးကြီးအရင်းလို သဘောထားပါတယ်။ ကျုပ်ပြောလိုက်တော့ ဦးကြည်က ခေါင်းညိတ်တယ်ဗျ။
“ငါ့တူကအတော်သတိကောင်းတာပဲကွ၊ ညက မင်းနဲ့သရဲနဲ့တွေ့တော့ မင်းက ထွက်မပြေးဘဲ သရဲကိုပြန်ချတယ်ဆိုကွ”
ဦးကြည်က ကျုပ်ကိုကြည့်ပြီးတော့ အတော်လေးစားနေတဲ့ပုံပဲဗျ၊ ကျုပ်လည်းမျက်နှာကြီးဖြီးပြီးတော့ ခေါင်းကုပ်နေတာပေါ့ဗျာ။
“ဒါကတော့ဗျာ၊ ကျုပ်က အဲဒါမျိုးတွေမကြောက်တတ်ဘူးဗျ”
ကျုပ်ပြောတော့ ဦးဘသာက ကျုပ်ကိုတစ်ချက်ကြည့်ပြီး ပြုံးတယ်ဗျ၊ သူ့အပြုံးကိုကျုပ်သိတာပေါ့ဗျာ၊ တင်ကျုပ်ကိုလှောင်နေတဲ့ လှောင်ပြုံးမျိုး၊ ကျုပ်လည်း သူ့ကိုမကြည့်တော့ဘဲ ဦးကြည်ဘက်ကိုလှည့်ကြည့်လိုက်တယ်။
“ဒါနဲ့ ဦးလေးက ဒီနားက ဒေသခံလား”
“အဲဒီလိုပဲ ဆိုပါတော့ကွာ၊ ဦးလေးက ဒီတောင်ကြီးပေါ်ကဆင်းပြီးတော့ ကားတွေတစ်ထောက်ရပ်နားတဲ့ ရေအေးကွင်းရွာ ဇာတိကွ၊ အရင်ကတော့ ရွာမှာနေတာပေါ့၊ အခုတော့ ရွာကထွက်တဲ့ကုန်လေးတွေသယ်ပြီး အရှေ့ပိုင်းကို ကုန်ကူးတယ်၊ အရှေ့ပိုင်းက ကုန်တွေုပြန်သယ်ပြီး ရွာမှာပြန်ရောင်းတယ်ပေါ့”
ဦးကြည်က သူသယ်လာတဲ့ခြင်းတောင်းကြီးတွေကို လက်ညှိုးထိုးပြတယ်ဗျ၊ ခြင်းတောင်းတွေထဲတော့ ကုန်တွေအစုံပါပဲဗျာ၊ ကျုပ်လည်း ဦးဘသာကြီးဘက်ကို လှည့်မကြည့်ချင်တာနဲ့ ဦးကြည်ဘက်ကိုလှည့်ထိုင်ပြီးတော့
“ဒါဆို ဒီတောင်ကြီးရဲ့အကြောင်းကို ဦးလေးသိမှာပေါ့နော်”
ဦးကြည်က ခေါင်းညိတ်ပြီး
“သိပ်သိတာပေါ့ကွ”
“ဒီတောင်ကြီးမှာ လူတွေအများကြီး သေခဲ့ဖူးတယ်ဆိုတာရော ဟုတ်ရဲ့လား”
“ဟုတ်လို့ပေါ့ကွာ၊ ငါငယ်ငယ်ကတောင်မှ ဒီတောင်ကြီးမှာ အလုပ်လုပ်ခဲ့သေးတယ်”
“ပြောစမ်းပါအုံးဦးလေးရာ၊ ကျုပ်သိချင်လို့ပါ”
“အေးကွာ၊ မင်းက သရဲမကြောက်တတ်တော့ မင်းကိုပြောပြရသေးတာပေါ့ကွ”
“ဟိုးအရင်တုန်းက အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုတာ သိပ်ပြီးအလှမ်းဝေးတာကွ၊ အခုလို ခရီးမပေါက်သေးဘူးပေါ့၊ ဒီတော့ အနောက်ပိုင်းကနေ အရှေ့ပိုင်းကိုသွားချင်ရင် ဒီပိတ်ချင်းတောင်ကြီးကို ကွေ့ပတ်ပြီးသွားကြရတာပေါ့၊ အမှန်တော့ ဒီပိတ်ချင်းတောင်ကြီးပေါ်မှာ လမ်းဖောက်ဖို့က ဟိုးဂျပန်ခေတ်လောက်ကတည်းက စီစဉ်ခဲ့တာမဟုတ်လား”
“ဂျပန်တွေက စစ်ဖြစ်ရင် သွားလာရသယ်ပို့ရလွယ်အောင်ဆိုပြီး လမ်းဖောက်ချင်သတဲ့၊ ဒီတော့ ဘာလုပ်သလဲဆိုရင် ဒီနားက ရွာသားတွေကို ချွေးတပ်ဆွဲတာပေါ့ကွာ”
“ချွေးတပ်ဆိုတာ ဘာကိုပြောတာလည်း ဦးလေးရဲ့”
“ချွေးတပ်ဆိုတာ အလကားလုပ်အားပေးဖို့ ခေါ်တာကိုပြောတာပေါ့၊ ခုခေတ်တော့ ပေါ်တာဆွဲတာနဲ့ တူမလားပဲ၊ ထားပါတော့ကွာ၊ ချွေးတပ်စွဲဖို့အတွက် ရွာထဲကို ဂျပန်စစ်သားတွေက လက်နက်တွေနဲ့ဝင်လာတာကွ၊ တစ်အိမ်တက်ဆင်းရှာပြီး ယောက်ျားတွေဆိုရင် သေနတ်နဲ့ချိန်ပြီး လိုက်မလား၊ မလိုက်ဘူးလားလို့ ခေါ်တာ၊ မလိုက်ဘူးဆိုရင်တော့ တစ်ခါတည်း ပစ်သတ်ခဲ့တာပေါ့”
“ကြောက်စရာကြီးပါလား”
“ဂျပန်တပ်သားတွေ ဦးလေးတို့အိမ်ကိုရောက်လာတော့ ဦးလေးက ငါးနှစ်သားလောက်ရှိသေးတာပေါ့၊ ဂျပန်ကြီးက အဖေ့ကိုသေနတ်နဲ့ချိန်ပြီးခေါ်သွားတော့ အမေက ဝင်တားတာပေါ့၊ အမေ့ကိုလည်း ခြေထောက်နဲ့ဆောင့်ကန်ခဲ့သေးတာ၊ ပြီးတော့ အဲဒီချွေးတပ်သားတွေကိုသုံးပြီး ဒီတောင်ကြီးကိုဖြတ်ဖို့ လမ်းတစ်ခုဖောက်လုပ်ခဲ့တာပေါ့ကွာ”
“အဲဒါနဲ့ တို့အခုသွားနေတဲ့လမ်းကို စဖောက်တာပေါ့၊ တောင်ကြီးကိုတော့ နိမ့်တဲ့နေရာကနေဖြိုပြီးတော့ တောင်ကြားလမ်းဖောက်မယ်ဆိုပြီး ကြံစည်ခဲ့ကြတယ်၊ ဒါပေမယ့် မရပါဘူးကွာ၊ ဒီတောင်ကြီးက ကြမ်းတယ်ဆိုတော့ ကျောက်ခင်းလမ်းပဲဖောက်ရသေးတယ် ချွေးတပ်သားတွေလည်း အကုန်သေကုန်ပြီးတော့ ဂျပန်တွေလည်းထွက်ပြေးကြရတာနဲ့ မအောင်မြင်ခဲ့ဘူးပေါ့”
“ဒါဆို ဦးလေးအဖေကရော”
ဦးကြည်က တစ်ချက်ငြိမ်သွားတယ်။
“အဖေကတော့ အဲဒီချွေးတပ်စခန်းမှာပဲ သေသွားတာပေါ့ကွာ၊ သူ့အလောင်းကိုတောင်မှ ပြန်မရပါဘူး၊ ဂျပန်တွေက သေတဲ့သူတွေကို ဖြစ်သလိုမြေမြှုပ်တာ၊ တစ်ချို့ဆို မြေတောင်မမြှုပ်ဘဲ တောထဲက သားကောင်တွေစားလို့ရအောင်ဆိုပြီး ဒီအတိုင်းပစ်ထားသတဲ့”
“တော်တော်ရက်စက်တဲ့လူတွေပဲဗျာ”
“ဒါကြောင့်လည်း ဒီတောင်ကြီးက အဲဒီကတည်းကသရဲအရမ်းခြောက်တဲ့နေရာကြီးဖြစ်နေတာပေါ့ကွာ၊ ဟိုးရှေ့ဆိုတွေ့ပါလိမ့်မယ်၊ မြောင်စခန်းလို့ခေါ်တယ်၊ ဂျပန်တွေလမ်းဖောက်တုန်းက ချွေးတပ်သားတွေကို ထားတဲ့စခန်းပေါ့၊ အဲဒီနေရာက သရဲလည်းတအားခြောက်တာ”
“ဒါနဲ့ ဦးလေးလည်း ဒီတောင်ကြီးမှာအလုပ်လုပ်ခဲ့ဖူးတယ်ဆို”
“အေးလေ၊ ငါဆက်ပြောပြပါ့မယ်”
(၂)
ကားကြီးက တရွေ့ရွေ့ခရီးဆက်တယ်ဗျ၊ တောင်တက်လမ်းဆိုတော့ အရှိန်ဖြည်းဖြည်းချင်းမောင်းပြီးတက်သွားရတာပေါ့ဗျာ၊ အခုလမ်းကတော့ တောင်ကြားလမ်းမဟုတ်ဘူးဗျ၊ တောင်ကိုအသာကလေး ကွေ့ဝိုက်ပြီးတက်သွားတဲ့လမ်းမျိုးပဲ။ ဦးဘသာကြီးကို ကျုပ်လှည့်ကြည့်လိုက်တော့ သူက အိပ်နေတယ်ဗျ၊ ညကလည်း သူက နောက်ကျမှအိပ်ထားတာဆိုတော့လည်းအိပ်ချင်ရှာမှာပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်လည်း ဦးကြည်နဲ့လေဖောရင်း ခရီးဆက်ခဲ့ပြန်တာပေါ့။
“ဒါနဲ့ ငါတို့လူပျိုအရွယ်လောက်ရောက်တော့ အစိုးရက ဒီတောင်ကြီးကိုဖြတ်တဲ့လမ်းကို ပြန်ဖောက်မယ်ဆိုပြီးတော့ စီမံကိန်းလုပ်ကြပါလေရော၊ ဒီတောင်ကြီးဆိုတာ တို့လိုအနီးအပါးရွာက လူတွေအားလုံး လက်ရှောင်တဲ့နေရာ၊ မုဆိုးတောင်မှ ဒီတောင်ကြီးပေါ်ကို မတက်ရဲဘူး၊ အထူးသဖြင့် ဂျပန်တွေစခန်းချသွားတဲ့ မြောင်စခန်းက အဆိုးဆုံးပေါ့”
“ဒါနဲ့ လမ်းလုပ်မယ်ဆိုတော့ ဒီနားက ဒေသခံတွေလည်း အလုပ်ကြမ်းတွေဘာတွေ ဝင်လုပ်ကြတာပေါ့၊ ဦးလေးလည်း အလုပ်ကြမ်းသမားဝင်လုပ်တယ်၊ နေ့စားဆိုပေမယ့် တစ်ပတ်လောက်မှ တစ်ခါပိုက်ဆံရှင်းတာ၊ ဦးလေးတို့ရွာမှာ ယာတွေသိမ်းပြီးအားနေတဲ့အချိန်ဆိုတော့ လူတော်တော်များများ ဝင်လုပ်ကြတာပေါ့၊ ယောက်ျားသားတွေလည်းပါသလို၊ မိန်းမသားတွေလည်းပါတယ်”
“တောင်ကိုဖောက်ဖို့ကျတော့ ယောက်ျားသန်သန်မာမာတွေကိုရွေးပြီး အဖွဲ့ဖွဲ့ပေးတယ်၊ တခြားအဖွဲ့တွေထက် ပိုက်ဆံလည်းပိုရတယ်၊ သူတို့က ဂျပန်တွေဖောက်သွားတဲ့လမ်းက သိပ်မက်စောက်တယ်တဲ့၊ ဒါကြောင့် တောင်ကိုပတ်ပြီးတော့မှ ဂျပန်ဖောက်ခဲ့တဲ့လမ်းကို ပြန်တက်မယ့်ပုံစံပဲ၊ ဦးလေးတို့လည်း သိပ်မသိပါဘူးကွာ၊ သူတို့ကျောက်ထုဆိုရင် ထုရတာပဲ၊ ကျောက်သယ်ဆိုရင် သယ်ရတာပါပဲ”
“ဒါပေမယ့် တောင်ကြီးအနားကို လုပ်ငန်းရောက်တော့ စခန်းချဖို့ နေရာရှာကြတယ်၊ အဲဒီမှာ မြောင်စခန်းနေရာက ကောင်းတယ်ဆိုပြီး ဂျပန်ချသွားတဲ့ စခန်းအဟောင်းအပေါ်မှာ စခန်းတည်တာပေါ့၊ စခန်းတည်ရတာကလည်း ဒီလိုကွ၊ ဒီတောင်ကြောက ရေရှားတယ်၊ အဲဒီမြောင်ထဲမှာပဲ ရေတွင်းလေးဘာလေးရှိတာဆိုတော့ အဲဒီမှာစခန်းချဖြစ်သွားတာ”
“ဂျပန်တွေချခဲ့တဲ့စခန်းက သရဲခြောက်တယ်ဆိုဗျ၊ ဦးလေးတို့ကိုရော မခြောက်ဘူးလား”
“ခြောက်သလားတော့ မမေးနဲ့ငါ့တူရေ၊ စခန်းဆောက်တော့ အဆောက်အအုံတွေပနှက်ချဖို့ မြေတူးတော့ ထွက်လာလိုက်တဲ့ အရိုးစုတွေကွာ နည်းတာမဟုတ်ဘူး၊ လူတွေကိုထပ်ပြီး မြှုပ်ခဲ့တဲ့ပုံပဲ အရိုးစုတွေက နှစ်ထပ်သုံးထပ်နဲ့ အများကြီးပဲကွ”
“ဒါနဲ့ အရိုးတွေကိုဖော်ပြီးတော့ တစ်နေရာမှာ ပြန်မြှုပ်မယ်ဆိုပြီးတော့ စုထားတာပေါ့၊ မိုးရေကာဖျင်ကြီးတွေနဲ့ အရိုးစုတွေကို ပတ်ပြီး ထားထားတာ၊ ညရောက်တော့ အဲဒီထဲက အရိုးစုတွေအကုန်ထွက်လာပြီးတော့ အမျိုးမျိုးကို ခြောက်လှန့်တာပဲ၊ စောင်တွေလှန်လိုလှန်နဲ့ပေါ့၊ နောက်ပြီးတော့ ညသန်းခေါင်လောက်ဆို စခန်းကိုလူတွေက ခဲတွေနဲ့ပစ်၊ သဲတွေနဲ့ပစ်နဲ့ စုံနေတာပဲကွာ၊ တချို့ဆို အဲဒီညကတင် ပြန်ပေးကုန်တာ၊ အခြောက်ကြမ်းလွန်းလို့ အဲဒီနေရာမှာ မနေနိုင်ပဲနဲ့ စခန်းပြောင်းပြေးရတယ်၊ သေကြတာလည်း အကြီးအကျယ်ပဲကွ၊ ဖျားပြီးသေတဲ့လူနဲ့၊ မတော်တဆဖြစ်လို့ သေတဲ့လူနဲ့၊ တော်ကြာ တောင်ကြီးကိုမိုင်းခွဲတော့ မိုင်းစစင်ပြီးသေတဲ့လူနဲ့၊ ခုလိုနွေကာလဆိုရင် ကာလဝမ်းလျောပြီးသေတဲ့လူတွေ တော်တော်များတာ”
“နောက်တော့ အလုပ်သမားတွေလည်း မလုပ်ချင်တော့ဘူးလေ၊ ဒီတော့ ဟိုးတောင်ပေါ်ကချင်းတွေ၊ ရှမ်းတွေသွားခေါ်ပြီး ရဲဘက်လုပ်သားတွေနဲ့ ပေါင်းပြီးဖောက်ခဲ့ရတဲ့လမ်းပေါ့ကွာ”
ဦးကြည်ပြောနေတာကို ကျုပ်နားထောင်ရင်း ဘာကြောင့်မှန်းမသိဘူး ကျောတွေချမ်းလာတယ်ဗျ၊ ကြက်သီးမွေးညှင်းတွေလည်း တစ်ခြမ်းလုံးထောင်လာတာဗျ၊ ဦးဘသာဘက်က အခြမ်းက ကြက်သီးမထပေမယ့် ဦးကြည်ဘက်က အခြမ်းကတော့ ကြက်သီးတွေထောင်ထနေပြီးတော့ ခေါင်းမွှေးတွေထောင်ပြီး ဆံပင်တွေ လေထဲမှာလွင့်နေတယ်လို့ကို ထင်သွားတာ။
ကျုပ်လည်းကြောက်ကြောက်နဲ့ ဦးဘသာကြီးပေါင်ကို အသာကလေးလက်တင်ထားလိုက်တော့မှ မကြာခင်မှာပဲ ကြက်သီးတွေပြန်ကျသွားတယ်၊ ကျုပ်ရဲ့အတွေ့အကြုံတွေအရဆိုရင် တစ်ခုခုတော့ဖြစ်တော့မယ်ဆိုပြီး သိလိုက်တယ်ဗျ၊ ဒါနဲ့ပဲ ဦးကြည်နဲ့စကားဆက်မပြောတော့ဘဲ တိတ်တိ်တ်ကလေးလိုက်လာတာပေါ့ဗျာ၊ ကျုပ်အထင်တော့ သရဲတွေက သူတို့ကိုမကျေနပ်ဖြစ်နေတယ်လို့ထင်တယ်ဗျ၊ ဘာလို့လဲဆိုတော့ သူတို့အရပ်ကိုလည်းလာသေးတယ် သူတို့အကြောင်းကိုလည်း ပြောလာတာဆိုတော့ မကျေနပ်လောက်ဘူးပေါ့ဗျာ။
ဒီလိုနဲ့မောင်းလာရင်း အရှေ့နားကျတော့ တောင်ဆင်းလမ်းကြီးအတိုင်းဆငးခဲ့တယ်ဗျ၊ လမ်းရဲ့ဘေးနားမှာတော့ သစ်ပင်ကြီးတစ်ပင်ရှိပြီးတော့ လျှိုမြှောင်ကြီးတစ်ခုရှိတယ်၊ အဲဒီလျှိုမြှောင်ကြီးမှာလည်း သစ်သားနဲ့ဆောက်လုပ်ထားတဲ့ အိမ်တွေတွေ့ရတယ်ဗျ၊ အိမ်တွေဆိုပေမယ့် အိမ်ပျက်တွေပါဗျာ၊ အမိုးမရှိ အကာမရှိတွေများတယ်၊ အိမ်တစ်လုံးမှာတော့ ဆိုင်းဘုတ်လေးတပ်ထားတယ၊ ဖုန်တွေတအားတက်နေလို့ ဘာတွေရေးထားတယ်ဆိုတာကို သဲသဲကွဲကွဲမမြင်ရပေမယ့် အစိုးရနဲ့ပတ်သက်တဲ့ ဌာနတစ်ခုရဲ့တံဆိပ်ကို မြင်ရတယ်။ နောက်ပြီးတော့ စာတစ်ကြောင်းရေးထားသေးတယ်ဗျ။
“ပိတ်ချင်းတောင်လမ်းဖောက်လုပ်ရေး၊ မြောင်ကြီးစခန်း”
ကျုပ်အသံထွက်ပြီးဖတ်လိုက်တဲ့အချိန်မှာပဲ ကားက တုန့်ခနဲ နှစ်ချက်လောက်ဖြစ်ပြီးတော့ လမ်းဘေးကိုထိုးကျပြီး ရပ်သွားတော့တာပဲဗျာ။
(၃)
“ဘာဖြစ်တာလဲဟေ့”
ကားထဲက လူတစ်ချို့ကအော်မေးတယ်။ ကားစပယ်ယာ ချက်ကြီးက
“ကားအပူလွန်ပြီး ရေဆူနေလို့ဗျို့၊ ခဏလောက်နားပြီးမှ ပြန်ထွက်မယ်”
“တောက်၊ တကယ့်နေရာကောင်းမှ ရွေးပျက်ရတယ်လို့ကွာ”
ဒေသခံဓါတ်သိတွေက ညည်းညူကြတယ်ဗျ၊ တစ်ချို့ခရီးသည်တွေကတော့ ကားပေါ်ကဆင်းပြီး အညောင်းပြေအညာပြေ လမ်းထွက်လျှောက်ကြတယ်၊ ဦးဘသာကတော့ ငိုက်မြဲငိုက်ဆဲပါပဲဗျာ၊ ဦးကြည်ကားပေါ်ကဆင်းသွားတာတွေ့တော့ ကျုပ်လည်းသူ့နောက်ကနေလိုက်ဆင်းခဲ့တာပေါ့ဗျာ။
အိမ်ပျက်တွေက ကျုပ်တို့နဲ့မလှမ်းမကမ်းမှာရှိနေတယ်ဗျ၊ ကျုပ်တို့ကားအနားမှာတော့ သစ်ပင်ကြီးတစ်ပင်ရှိတယ်၊ ဘာပင်မှန်းတော့မသိပေမယ့် သစ်ပင်ကြီးက လူကြီးသုံးဖက်စာလောက်ကို လုံးပတ်ကြီးပြီးတုတ်တယ်ဗျ၊ နွေဆိုတော့ အရွက်တွေသိပ်မရှိဘဲ အကိုင်းအခက်တွေက အရိုးပြိုင်းပြိုင်းကျနေတာပေါ့ဗျာ၊ ဦးကြည်က အဲဒီသစ်ပင်ကြီးကိုမော့ကြည့်နေတယ်ဗျ။
“ဒီသစ်ပင်ကြီးက ဟိုးဂျပန်ခေတ်ကတည်းက ရှိနေခဲ့တာတဲ့ကွ၊ ချွေးတပ်သားတွေထဲက ထွက်ပြေးဖို့ကြိုးစားတဲ့လူတွေကို ဒီသစ်ပင်ကြီးမှာ ဇောက်ထိုးကြီးဆွဲထားသတဲ့”
“ဇောက်ထိုးဆွဲတော့ ဘာထူးသလဲဗျ”
“မင်းနှယ်ကွာ၊ ဇောက်ထိုးဆွဲတယ်ဆိုတာ ခံရအခက်ဆုံးကွ၊ သူတို့က ခြေထောက်တစ်ဖက်ကိုကြိုးနဲ့ချည်ပြီး ဆွဲတင်လိုက်တာ၊ ကိုယ်ရဲ့အလေးချိန်ကို ခြေထောက်တစ်ဖက်မှာချည်ထားတဲ့ ကြိုးနဲ့ပဲ ဆွဲထားရတာဆိုတော့ ဆယ့်ငါးမိနစ်လောက်နေတာနဲ့ တစ်ကိုယ်လုံး အကြောတွေတောင့်တင်းလာသတဲ့၊ နှစ်နာရီလောက်ကြာရင် အဆစ်တွေညောင်းလာပြီးတော့ လေးနာရီလောက်ဆို အရိုးတွေပြုတ်ထွက်ကုန်သတဲ့ကွာ၊ အဓိက ကတော့ ခြေထောက်က အရိုးပေါ့”
ကျုပ်လည်းသူပြောတာတွေးမိတော့မှ တော်တော်မသက်သာပါလားလို့ ခံစားမိတယ်။
“ခေါင်းကဇောက်ထိုးဖြစ်နေတော့ သွေးကျပြီးတော့ မူးဝေလာတာပေါ့၊ အကြောတွေတုန့်ဆိုင်းပြီး တော်တော်ခံရခက်တယ်ဆိုပဲ၊ မသေမချင်းနှိပ်စက်သလိုဖြစ်နေတာပေါ့ကွာ၊ ဒီလိုနဲ့ ဂျပန်တွေက အနုနည်းနဲ့နှိပ်စက်ပြီး တွဲလောင်းဆွဲထားတတ်လို့ အလောင်းတွေက လေတိုက်တိုင်းလှုပ်ယမ်းနေသတဲ့ကွာ”
“အိုဗျာ၊ ကျုပ်ကြောက်လာပြီ၊ ဒီသရဲအကြောင်းတွေ မပြောပါနဲ့တော့လား ဦးလေးရာ”
“ဟား၊ ဟား နောက်ဆုံးတော့ သရဲမကြောက်တတ်တဲ့မင်းတောင်မှ သရဲကြောက်တတ်သွားပြီမဟုတ်လား”
“ဒီမြောင်ကြီးစခန်းလို့ခေါ်တဲ့ စခန်းက လူအသေအပျောက်အများဆုံးပေါ့ကွာ၊ ဟိုးအနောက်က နေရာက ငါတို့အရိုးတွေဖော်ခဲ့တဲ့နေရာကွ”
ဦးကြည်က အိမ်ပျက်ကလေးတွေကို လက်ညှိုးထိုးပြီး ပြောနေသေးတာ၊ ကျုပ်က ကြောက်လို့တော်ပါပြီဆိုတာတောင် မတော်နိုင်ဘူးဗျာ၊ ကျုပ်ကြည့်နေတုန်းမှာပဲ ဦးကြည်က ဘာမပြောညာမပြောနဲ့သစ်ပင်ကြီးဆီကို ပြေးသွားတော့တာပဲ။
“ဦးလေး၊ ဘာလုပ်တာလဲ၊ ဦးလေး”
ကျုပ်လှမ်းအော်လိုက်တော့ ကားပေါ်ကလူတွေလည်း ဝိုင်းကြည့်ကြတယ်ဗျ၊ ဦးကြည်က ဘာမှမပြောဘဲနဲ့ သစ်ပင်ကြီးရဲ့ပင်စည်ကို တောက်တဲ့တစ်ကောင်လို ကုပ်ဖက်ပြီးတက်သွားတယ်ဗျ၊ တက်တာမှ မြန်လိုက်တာဗျာ၊ ပြီးတော့ ကိုင်းခွဆုံပေါ်မှာ ဆောင့်ကြောင့်တက်ထိုင်နေတယ်။
“ဟေ့လူ၊ ပြန်ဆင်းခဲ့ဗျ၊ ဒီနေရာက နောက်စရာမဟုတ်ဘူး”
ကားပေါ်ကလူတွေလည်း အပင်ခြေနားကိုပြေးလာပြီးတော့ ဦးကြည်ကိုခေါ်တာပေါ့ဗျာ၊ ဦးကြည်ကတော့ သစ်ကိုင်းခွမှာ ငူငူကြီးထိုင်ပြီး ခေါင်းကိုတွင်တွင်ခါတယ်ဗျ။
“ငါဒီမှာနေမယ်၊ ဒီနေရာက ငါ့နေရာ . . .”
ဦးကြည်အသံက တစ်မျိုးကြီးပြောင်းလဲသွားတယ်ဗျ၊ ကျုပ်နဲ့တစ်လမ်းလုံးစကားပြောလာတာဆိုတော့ သူ့အသံကို ကျုပ်ကျက်မိနေပြီ၊ ဒါပေမယ့် အခုက အသံတစ်မျိုးဗျ။
“ကျုပ်တို့ကားထွက်တော့မှာနော်၊ ခင်ဗျား နောက်သလိုလိုပြောင်သလိုလိုမလုပ်နဲ့”
“မဟုတ်ဘူးဟဲ့၊ သူ့ကိုကြည့်စမ်းပါအုံး၊ သူ့ကြည့်ရတာ သရဲပူးနေသလိုပဲ”
ကျုပ်လည်း ထင်သားပဲဗျ၊ ရုတ်တရက်သစ်ပင်ပေါ်တက်သွားတာရယ်၊ အသံပြောင်းပြီးတော့ အပြုအမူတွေပါပြောင်းသွားတာရယ်ကိုကြည်hရင် သာမန်လူမဟုတ်တော့တာသေချာတယ်၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဦးဘသာကြီးကိုသတိရသွားတယ်၊ ဦးဘသာကြီးက ကားပေါ်မှာအိပ်နေတာလေဗျာ၊ ဒါနဲ့ ကျုပ်လည်း ကားပေါ်ကိုပြန်ပြေးတက်ခဲ့တာပေါ့။
ကားပေါ်ကျုပ်တက်လိုက်တော့ ကားက သိမ့်ခနဲလှုပ်သွားတယ်၊ ဦးဘသာက မအိပ်တော့ဘူးဗျ၊ မျက်လုံးပွင့်နေပြီးတော့ လက်ပိုက်ထားတယ်။ ကျုပ်လည်း သူ့ဆီကိုပြေးသွားတာပေါ့ဗျာ။
“ဦးဘသာ . . . သရဲ . . .”
“အေး ၊ ငါသိတယ်”
ဦးဘသာက ကြိုသိနေတယ်ဆိုပါလား။ ကျုပ်လည်း ဦးဘသာအနားကိုကပ်ခဲ့တာပေါ့၊ ကားကြီးက တစ်ယောက်ယောက်က တွန်းလှုပ်နေသလိုမျိုး သိမ့်ခနဲဖြစ်ဖြစ်သွားတာဗျ။
“ဒီနားမှာ သရဲတွေအများကြီးပဲကွ၊ ငါဒီသရဲတွေကို လုပ်ရင်တော့ သူတို့တော့နာတော့မှာပဲ၊ ငါလည်း သူတို့ကိုထွက်သွားဖို့ နားချနေရတာ”
ကျုပ်ကားပေါ်ကိုကြည့်လိုက်တော့ လူတစ်ယောက်မှမရှိဘူးဗျ၊ အရာအားလုံးက ဒီအတိုင်းပါပဲဗျာ၊ ကျုပ်လည်းခေါင်းကုပ်နေမိတာပေါ့။ ဦးဘသာက ကျုပ်အထာကို သိနေပုံရပါတယ်။
“ဘာလဲကွ မင်းကမယုံဘူးလား”
“ဟိုလေ . . . ကျုပ်မှ မမြင်ရတာ”
ဦးဘသာက ကျုပ်ကိုမျက်စိတစ်ဖက်မှိတ်ခိုင်းတယ်ဗျ၊ ပြီးတော့ သူ့လက်ညှိုးကို ပါးစပ်ထဲထည့်ပြီး တံတွေးဆွတ်လိုက်တယ်၊ ကျုပ်ရဲ့မှိတ်ထားတဲ့မျက်စေ့ကို သူ့လက်နဲ့ လက်ပြန်ရစ်ရစ်ပြီး အဝိုင်းပုံစံကွင်းပေးလိုက်တယ်ဗျ။
“ရပြီ၊ အခုမင်းကြည့်နေတဲ့မျက်လုံးကိုပိတ်ပြီးတော့ ငါကွင်းပေးထားတဲ့ မျက်လုံးကိုပြန်ဖွင့်လိုက်”
ကျုပ်လည်းသူပြောတဲ့အတိုင်း လုပ်ကြည့်ပြီး မျက်လုံးတစ်ဖက်ကိုပြန်ပိတ်၊ နောက်တစ်ဖက်ကိုပြန်ဖွင့်လိုက်တော့ လန့်ပြီးထအော်မိပါရောဗျာ။
“အောင်မယ်လေးဗျ၊ ဘာကြီးတွေလည်း”
တစ်ကားလုံး သရဲတွေပြည့်နှက်လို့ဗျ၊ သရဲတွေက ပုံစံစုံ၊ အရွယ်အစားအစုံပဲ၊ အဝတ်အစားပါတဲ့လူရှိသလို၊ အဝတ်အစားမပါတဲ့လူရှိတယ်၊ တစ်ချို့ကျတော့လည်း အမွှေးကြီးတွေဖုံးအုပ်နေတယ်ဗျ၊ မျက်နှာကြီးတွေကလည်း ကြောက်စရာကြီးတွေပါဗျာ။ ကျုပ်ဖြင့် သူတို့ရုပ်မြင်ပြီး လန့်လို့သေတော့မယ်။
“ဟေ့ကောင်တွေ၊ မင်းတို့အခုချက်ချင်း ကားပေါ်က ဆင်းရင်ဆင်း၊ မဆင်းရင် ငါ့အဆိုးမဆိုနဲ့”
ဦးဘသာပြောလိုက်တော့ သူတို့အားလုံး မျက်နှာသေကြီးတွေနဲ့ ကြည့်နေကြတယ်ဗျ၊ ဦးဘသာက သရဲတစ်ကောင်ကိုလက်ညှိုးထိုးပြီးတော့
“ဟိုကောင် သွားစမ်း”
လို့ပြောလိုက်တာနဲ့ အဲဒီသရဲကောင်ကြီးက သစ်ရွက်ခြောက်ကို လေနဲ့တိုက်လိုက်သလိုမျိုး ကားထဲကနေ လွင့်ထွက်သွားတာဗျ၊ ဦးဘသာက တစ်ယောက်ပြီးတစ်ယောက်လက်ညှိုးထိုးလိုက် အဲဒီလိုမျိုးလွင့်သွားလိုက်နဲ့ နောက်တော့ သူက စိတ်ရှည်ပုံမရတော့ဘူး၊ မတ်တပ်ရပ်ပြီးတော့ ပုဆိုးကိုဖြန့်လိုက်တယ်ဗျ၊ နောက်တော့ ပုဆိုးပြင်ဝတ်သလိုလုပ်ပြီး ပုဆိုးစနဲ့လိုက်ရမ်းလိုက်တော့ အားလုံးက သူ့ကိုကြောက်လို့ ထွက်ပြေးကြတာပေါ့ဗျာ၊ ဒါနဲ့ ကားထဲမှာ သရဲတွေမရှိတော့ဘူးပေါ့။
“ဟာ၊ ကျုပ်ပြောဖို့မေ့နေတယ်ဦးဘသာ၊ ဟိုအပြင်မှာ ခုနက ဦးကြည် သစ်ပင်ပေါ်ကိုထိုင်လို့ဗျ”
ဦးဘသာနဲ့ကျုပ်လည်း ကားအရှေ့ဘက် တံခါးကနေ ခုန်ဆင်းလိုက်တယ်ဗျ၊ အပြင်ရောက်တော့မှ ကျုပ်လည်း ပိုပြီးကြောက်မိသွားတာ၊ သစ်ပင်ကြီးအပေါ်က သစ်ကိုင်းတွေပေါ်မှာ ခြေတွေချပြီးထိုင်နေကျတဲ့လူတွေ နည်းတာမဟုတ်ဘူးဗျာ၊ လူတွေဆိုပေမယ့် သရဲတွေပါဗျာ၊ မျက်နှာသေကြီးတွေနဲ့ ကြည့်နေကြတာ၊ ကျုပ် ဦးကြည်ကိုကြည့်လိုက်တော့ ဦးကြည်ရဲ့ခေါင်းကို လူတစ်ယောက်က သူ့လက်နဲ့ကိုင်ထားတယ်ဗျ။
ဦးဘသာက ဦးကြည်ကိုလက်ညှိုးထိုးလိုက်တယ်ဗျ။
“ဟေ့ကောင် ဆင်းလာခဲ့စမ်း”
ဦးကြည်က သစ်ပင်ပေါ်ကနေ ဖုတ်ခနဲခုန်ချတာဗျာ၊ သာမန်လူဆိုရင် အဲ့လောက်အမြင့်က ကျရင် မသေရင်တောင်မှ ခြေကျိုးလက်ကျိုးတော့ အနည်းဆုံးဖြစ်မှာဗျ၊ အခုတော့ ဘာမှကိုမဖြစ်တာ၊ လူတွေကလည်း ဦးကြည်ကိုဝိုင်းကြည့်နေတာဆိုတော့ အနောက်ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ကျုပ်တို့ကို သတိမထားမိဘူးပေါ့ဗျာ။
“ဒီလူဘာဖြစ်တာလဲ ဦးဘသာ”
“သူ့ခေါင်းကိုကိုင်ထားတဲ့သရဲက သူ့ကိုဝင်စီးထားတာကွ၊ သရဲက သူ့ကိုခ်ိုင်းချင်ရာ ခိုင်းနေပုံရတယ်”
ဦးကြည်က မြေပေါ်ရောက်တော့လည်း ဆောင်hကြောင့်ကြီးထိုင်နေတာဗျ၊ အနားကလူတွေကိုလည်း မျက်ထောင့်နီကြီးနဲ့ကြည့်နေတာဆိုတော့ လူတွေလည်း အနားမကပ်ရဲဘူးပေါ့ဗျာ၊ ဦးဘသာနဲ့ကျုပ်လည်း လူအုပ်အရှေ့ကို တိုးခဲ့တာပေါ့။
“မင်းဘာလိုချင်လို့လဲ၊ ဘာလို့နှောင့်ယှက်နေတာလဲ”
ဦးဘသာကမေးလိုက်တော့ ဦးကြည်က ထရယ်ပါလေရောဗျာ။ ပြီးတော့မှ
“ငါလိုချင်တာ ဘာမှမဟုတ်ဘူး၊ ငါလိုချင်တာ ငါ့သားပဲ”
အသံဩဩကြီးနဲ့ပြောနေတာဗျ၊ လူတွေကလည်း ကျုပ်တို့ကိုဝိုင်းကြည့်နေတာပေါ့။
“ဘယ်ကသားလဲ၊ မင်းသားက ဘယ်သူလဲ”
“ဒီလူက ကျုပ်ရဲ့သား၊ ကျုပ်က သူ့အဖေပဲ၊ ကျုပ်ဒီမှာတစ်ယောက်တည်းနေရတာပျင်းလာပြီ၊ ကျုပ်သားကို ကျုပ်နဲ့ခေါ်ထားမယ်”
“တော်စမ်း၊ မင်းတို့က အရင်က သားအဖဆိုပေမယ့် အခုမင်းက သရဲ၊ ဟိုကလူ၊ ဘ၀ချင်းမတူတော့ဘူး”
ဦးဘသာပြောပေမယ့် သရဲကနောက်မဆုတ်ဘူးဗျ။
“မင်းတို့ပါးစပ်ပိတ်ထား၊ အခုငါ့သားရဲ့ အသက်ကိုငါနှုတ်မယ်၊ ငါ့သားကို ဒီအပင်ကြီးမှာငါနဲ့အတူတူခေါ်ထားတယ်”
“မင်းကိုငါ နောက်ဆုံးအကြိမ်သတိပေးမယ်နော်၊ မင်းထွက်မလား မထွက်ဘူးလား”
ဦးကြည်က ခေါင်းခါတယ်ဗျ၊ ဦးဘသာလည်း ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီးတော့ လမ်းဘေးမှာကျနေတဲ့ သစ်ကိုင်းတစ်ခုကိုကောက်လိုက်တယ်၊ သစ်ကိုင်းက လူကြီးလက်ကောက်ဝတ်နီးပါးတုတ်တယ်ဗျ၊ အဲဒီသစ်ကိုင်းကို ဦးကြည်အရှေ့ကိုပစ်ချလိုက်တယ်။
“ဒီလောက်တောင် ခေါင်းမာတဲ့ကောင်၊ အဲဒီသစ်ကိုင်းကိုယူပြီး ကိုယ့်ခေါင်းကိုယ်ရိုက်စမ်းကွာ”
ဦးဘသာကြီးပြောလိုက်တော့ ဦးကြည်က တော်တော်မကျေနပ်တဲ့အကြည့်နဲ့ကြည့်ပြီးတော့ အဲဒီသစ်ကိုင်းကို လှမ်းယူတယ်ဗျ၊ ပြီးတော့ လက်နှစ်ဖက်နဲ့သေသေချာချာကိုင်ပြီး သူ့ခေါင်းကိုသူပြန်ရိုက်တော့တာပဲ၊ တုတ်ကလည်း ခိုင်ခိုင်ဆိုတော့ ရိုက်လိုက်တိုင်း ခွပ်ခနဲ ခွပ်ခနဲဗျာ။ လူတွေအားလုံးလည်း အံ့ဩပြီးတော့ ကြည့်နေပြီ။
“ပျော့တယ်ကွာ၊ ရိုက်စမ်း၊ နာနာရိုက်စမ်း”
ဦးဘသာပြောလိုက်တာနဲ့ လက်အားကိုပိုတင်ပြီးရိုက်တော့တာပဲဗျာ၊ ဘေးကကြည့်နေတဲ့ ကျုပ်တို့တောင်မှ ရိုက်သံကြီးကြားပြီးကြောက်နေတာ၊ အချက်နှစ်ဆယ်လောက်ရိုက်ပြီးတော့ ဦးကြည်က ပျော့ခွေသွားတယ်။
“ကြောက်ပါပြီ၊ ထွက်ဆိုထွက်ပါ့မယ်”
“အေးထွက်တော့၊ မင်းနဲ့ မင်းရဲ့သားက ဘာမှမဆိုင်တော့ဘူး၊ နောက်နောင် ဒါမျိုးထပ်မလုပ်နဲ့တော့၊ မင်းလုပ်ထားတာတွေ မင်းပြန်သိမ်းသွားစမ်း”
ဦးကြည်က ငိုင်ကျသွားတာဗျ၊ သူ့ခေါင်းကို ကိုင်ထားတဲ့ သရဲကြီးက တစ်ခါတည်း သစ်ပင်ကြီးပေါ်ကို တက်ပြေးတာပဲဗျို့၊ ဒါပေမယ်h ဦးကြည်က မနိုးသေးဘူးဗျ၊ မသိရင် ငုတ်တုတ်ထိုင်ပြီး အိပ်နေတာနဲ့တူတယ်၊ ဦးဘသာက ဦးကြည်အနားကိုသွားပြီး လက်ဝါးထဲကို တံတွေးထွေးထည့်ပြီး ဦးကြည်ရဲ့နားအုံကို ဖြောင်းခနဲပိတ်ရိုက်ထည့်လိုက်တာဗျာ၊ အဲဒီတော့မှ ဦးကြည်က နိုးလာတာ၊ သူဖြစ်ပုံတွေကို ဘာမှန်းသိပုံမရဘူး။
ကျုပ်တို့လူတွေအားလုံး ကားပေါ်ပြန်တက်ပြီးတော့ ကားမောင်းထွက်မယ်ဆိုရင်ပဲ ကားက အရှေ့ကိုဆွဲမရဘူးဗျ၊ ဘာဖြစ်တာလဲဆိုတော့ ပုံစံမျိုးစုံနဲ့သရဲတွေက ကားကိုဝိုင်းဆွဲထားကြလို့ပဲဗျ၊ ဦးဘသာက မျက်လုံးမှိတ်လိုက်ပြီး
“တောင်ပိုင်၊ နယ်ပိုင်၊ လမိုင်းအရှင်များ၊ ကိုယ့်လူကိုယ်ထိန်းပေးကြပါ”
အဲဒီလိုတိုးတိုးကလေးပြောပြီး မကြာပါဘူး သရဲတွေအကုန်ထွက်သွားတော့တာပါပဲ၊ ဒီတော့မှ ကားကအရှေ့ကိုရွေ့တယ်ဗျာ။ ကားဆရာလည်း ကားမောင်းလို့ရပြီဆိုတာနဲ့ တစ်ချိုးတည်းမောင်းပြေးတော့တာပဲဗျို့။
ကားပေါ်က လူတွေကလည်း ဦးဘသာကြီးကိုကြည့်ပြီး သို့လော သို့လော တွေးနေကြတာပေါ့ဗျာ၊ ဒါပေမယ့်လည်း ဦးဘသာက သူတို့ရှေ့တင်ပဲ ဦးကြည်ကို ပူးကပ်နေတဲ့ သရဲကြီးကို ထုတ်ပေးခဲ့တယ်မဟုတ်လား၊ ဦးကြည်ကတော့ သူဖြစ်ခဲ့တာတွေသိပြီး ကျုပ်တို့ကို ကျေးဇူးတင်မဆုံးတော့ဘူးဗျို့၊
“ကျေးဇူးတင်ပါတယ်ဆရာတို့၊ ကျုပ်မှာ ဆရာတို့ပေးတဲ့အသက်ပဲရှိတော့တာပါ”
“ဘာမှမဟုတ်ပါဘူးကွာ၊ ငါတို့လည်း သူတစ်ပါးကို ကူညီရတယ်လို့ပဲ မှတ်ပါတယ်”
ဦးကြည်က ငွေတွေဘာတွေထုပ်ပြီးကန်တော့ပေမယ့် ကျုပ်တို့မယူပါဘူးဗျာ၊ ဒါနဲ့ပဲ မကြာခင် ကျုပ်တို့ရေအေးကွင်းရွာကို ရောက်လာခဲ့တာပေါ့ဗျာ၊ ရေအေးကွင်းရွာက ရွာဆိုပေမယ့် မြို့ကလေးတစ်မြို့လို စည်ကားတယ်ဗျ၊ ကားရပ်တဲ့နေရာမှာ ရပ်လိုက်တယ်ဆိုရင်ပဲ ကားပေါ်ကလူတွေက ပြေးဆင်းသွားကြတယ်၊ ကျုပ်တို့လည်း ဆင်းရတာပေါ့ဗျာ၊ ကျုပ်တို့ကားက ရေအေးကွင်းမှာ ဂိတ်ဆုံးလေ၊ ပုံမှန်ဆိုရင်မြိုင်သာနဲ့ ရေအေးကွင်းနဲ့ကို ညအိပ်စရာမလိုအောင် မောင်းနိုင်တယ်ဆိုပေမယ့် လမ်းခရီးမှာကြန့်ကြာသွားတော့ တစ်ညကုန်သွားတယ်ဆိုပါတော့ဗျာ။
ရေအေးကွင်းကနေ ကျုပ်တို့ကားပြောင်းစီးရမယ်ဗျ။ ဒါနဲ့ ကားဝင်းထဲမှာလျှောက်သွားနေတုန်း၊ လူကြီးတစ်ယောက်က ကျုပ်တို့ကိုအသေအချာကြည့်ပြီးတော့ ပြုံးပြနေတယ်ဗျ၊
“ဟေ့ကောင်ပြောင်ရှင်း . . .”
အသံကျယ်ကျယ်နဲ့အော်လိုက်တော့မှ ဦးဘသာက အဲဒီလူကြီးကို သေသေချာချာကြည့်တယ်။
“အောင်မာ၊ မျောက်ခေါင်းပါလားကွ”
ဦးဘသာနဲ့ ကျုပ်လည်း ဦးအောင်ရှိန်ဆီကိုပြေးသွားလိုက်တယ်ဗျ၊ ဦးဘသာက ဦးအောင်ရှိန်ကိုနှုတ်ဆက်ပြီးတော့။
“ဒါနဲ့ ငါတို့သံကြိုးစာကို မင်းရလိုက်တာလား မျောက်ခေါင်းရဲ့”
“ပေါက်ပေါက်ရှာရှာကွာ၊ ငါက မင်းဆီကသံကြိုးမရသေးဘူး၊ ဒါပေမယ့် ငါ့စိတ်ထဲမှာမင်းတို့လာနေပြီမှန်းသိနေတယ်၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မှာတွေ့မယ်ဆိုတာ သိနေတာနဲ့အခုပဲ ငါတို့လည်း ကားပေါ်ကနေဆင်းလာခဲ့တာ”
ဦးအောင်ရှိန်ပြောလိုက်တော့မှ သူ့တပည့်တစ်ယောက်က အထုပ်အပိုးတွေနဲ့ ပြေးလာတယ်ဗျ၊
“ဒါနဲ့ နေစမ်းပါအုံး မျောက်ခေါင်းရ၊ မင်းက ဘယ်ကိုသွားမလို့လဲ”
“ဘယ်မှ မသွားပါဘူးကွာ၊ မင်းတို့ကိုလာကြိုတာပေါ့ကွ၊ ငါ့အထက် ပုဂ္ဂိုလ် တွေက မင်းတို့လာမယ်မှန်း၊ ငါ့ကိုပြောပြီးသားပါကွ”
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ၊ အင်းလေ၊ သူတို့အထက် ပုဂ္ဂိုလ်တွေလည်း အချင်းချင်းဆက်သွယ်နိုင်ကြတယ်ထင်ပါရဲ့ဗျာ။
“ကဲ၊ ဒါဖြင့်ရင်လည်း နေ့လည်စာစားပြီးတော့ ခရီးဆက်ကြမယ် ပြောင်ရှင်းရေ၊ တို့မြို့ကိုရောက်ဖို့ကလည်း တစ်ရက်နီးပါးလောက် လိုသေးသဟ”
ဦးဘသာရယ်၊ ဦးဘသာရဲ့တပည့် ကျုပ်ရယ်၊ ဦးအောင်ရှိန်ရယ်၊ ဦးအောင်ရှိန်တပည့်ရယ် ကျုပ်တို့လေးယောက် ရေအေးကွင်းကားဝင်းနားက ထမင်းဆိုင်တွေဆီကို လျှောက်ခဲ့ကြတာပေါ့ဗျာ၊
“ဆရာတို့ နေပါအုံး”
ဒီအချိန်မှာပဲ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဦးကြည်ဖြစ်နေတယ်ဗျ၊ ဦးကြည်က ဦးဘသာကြီးအနားကို ကပ်သွားပြီးတော့။
“ဒီရွာက ကျုပ်ဇာတိပါဆရာကြီး၊ ကျုပ်ဇာတိ၊ ကျုပ်ရွာကိုရောက်တုန်းရောက်ခိုက်၊ ကျုပ်ကိုကယ်တင်ခဲ့တဲ့ ဆရာကြီးတို့ကို ထမင်းဖိတ်ကျွေးပြီး ဧည့်ဝတ်ကျေပါရစေ ဆရာကြီး”
ဦးကြည်က ပြောတော့ ဦးအောင်ရှိန်က ရယ်တယ်ဗျ
“အောင်မယ် ပြောင်ရှင်း၊ မင်းက လမ်းမှာ အသိအကျွမ်းတွေတောင်မှ တိုးလာတယ်ထင်ပါ့”
“ဒါပေါ့ကွာ၊ ကဲ မျောက်ခေါင်းရော ငါတို့ဘယ်လိုလုပ်ကြမလဲ”
“အိုကွာ၊ တစ်ဖက်က ဖိတ်တဲ့လူက ဖိတ်နေပြီပဲ၊ ငါတို့လိုက်မသွားရင် မကောင်းရာကျသွားမှာပေါ့ကွ၊ ဟေ့လူ ကျုပ်ကိုရော ဖိတ်ရဲ့လား”
ဦးကြည်က ဦးအောင်ရှိန်ကို အကဲခတ်ကြည့်လိုက်ပြီးတော့ ခေါင်းညိတ်တယ်ဗျ။
“ရပါတယ်ဆရာကြီး၊ ဆရာကြီးတို့အတွက်တော့ ကျုပ်အပန်းမကြီးပါဘူးဗျာ”
“ကဲ ဒါဖြင့်ရင်လည်း ခင်ဗျားအိမ်ကိုလမ်းပြတော့ဗျာ”
ဦးကြည်က အရှေ့ကသွားပြီး လှည်းတစ်စီးအနားမှာရပ်လိုက်တယ်၊ လှည်းပေါ်မှာတော့ သူသယ်လာတံအထုပ်အပိုးတွေ တင်ထားတယ်၊ ကျုပ်တို့ကိုလှည်းဦးမှာနေရာပေးပြီးတော့ ရေအေးကွင်းရွာထဲကို မောင်းချလိုက်တော့တာပါပဲဗျာ။
အဲဒီမှာ ဦးအောင်ရှိန်နဲ့ ဦးဘသာနဲ့ နှစ်ယောက်ပေါင်းပြီး လောင်းကျော်တော့တာပဲဗျာ၊ သိချင်ရင်တော့ နောက်ရက်ပေါ့ဗျာ၊
ပြီးပါပြီ။