အတွဲ(၂) အပိုင်း(၇)
(၁)
ကားစီးရင်း သိပ်မကြာခင်မှာပဲ နေကဝင်လုဆဲဆဲဖြစ်နေပြီဗျ၊ ပိတ်ချင်းတောင်ကြီးကိုကျော်ပြီးတော့ တောင်က ကြီးကြီးမားမားမရှိတော့ဘဲ တောင်ကုန်းကလေးတွေလောက်ပဲရှိတော့တာ၊ ရွာစဉ်ကလည်း ဆက်နေတာပဲဗျာ၊ ဒီကားတွေကတော့ တစ်မျိုးဗျ၊ ခုံတွေကို ဘေးတန်းကြီးတန်းထားတာမဟုတ်ဘဲ နှစ်ယောက်တစ်ခုံသဘောမျိုးနဲ့ ခုံတန်းလေးတွေအများကြီးလုပ်ထားကြတာဗျ၊ ကျုပ်တို့အရှေ့က ခုံတန်းမှာ ဦးဘသာနဲ့ ဦးအောင်ရှိန်နဲ့ထိုင်ကြတယ်၊ ကျုပ်နဲ့ ရင်မောင်နဲ့က သူတို့အနောက်က ခုံတန်းမှာပေါ့ဗျာ၊ ခုံတန်းတွေက လူများများဝင်အောင်လို့ ကျပ်ကျပ်သပ်သပ်ကလေးတွေရိုက်ထားတာဆိုတော့ ကျုပ်က ခါးကိုကိုင်းလိုက်တာနဲ့ ဦးဘသာတို့နောက်စေ့နားကို ခေါင်းကရောက်သွားတယ်ဗျ၊ ဒီလိုဆိုတော့ စကားပြောလို့အဆင်ပြေတယ်မဟုတ်လား၊ ရင်မောင်ဆိုတဲ့သူက ဘုရားစာတွေရွတ်နေပေမယ့် ကျုပ်ကတော့ ပျင်းလို့ ဦးဘသာကြီးတို့နှစ်ယောက်အနားကို ခေါင်းကပ်ပြီး ဦးသဘာတို့ ထိုင်ခုံနောက်ကျောမှီကို လက်တင်ထားလိုက်တာပေါ့ဗျာ။
“ဒါထက် ဦးဘသာနဲ့ ဆရာကြီးရှိန်နဲ့က တော်တော်ခင်မင်တာပဲနော်၊ နေတာကလည်း တစ်ယောက်က အရှေ့ပိုင်း၊ တစ်ယောက်က အနောက်ပိုင်းဆိုတော့ ဘယ်လိုလုပ်သိပြီး ခင်သွားကြတာလဲ”
ကျုပ်မေးတော့ ဦးဘသာက ဦးအောင်ရှိန်ကိုတစ်ချက်ကြည့်ရင်း ပြုံးလိုက်တယ်။
“မင်းပဲ ပြောပြလိုက်စမ်းပါ အောင်ရှိန်ရာ၊ မင်းက စကားပြောတာကောင်းတယ်မဟုတ်လား”
ဦးဘသာက ဦးအောင်ရှိန်ကိုလွှဲချလိုက်တော့ ဦးအောင်ရှိန်က
“မလုပ်ပါနဲ့ဘသာရာ၊ ငါ့ထက်စာရင် မင်းကပိုပြီးတော့ အပြောကောင်းပါတယ်ကွ၊ ဒါကြောင့်လည်း မိန်းကလေးတွေက မင်းနားမယ် ဝိုင်းဝိုင်းလည်နေတာမဟုတ်လား”
ဦးအောင်ရှိန်စကားကြားတော့ ကျုပ်ဖြင့်အံ့ဩသွားတာပဲဗျာ၊ ဒါနဲ့ပဲ ဦးဘသာကြီးက သူ့ဘဝတစ်စိတ်တစ်ဒေသကို ကျုပ်ကိုပြန်ပြောပြခဲ့တာပေါ့ဗျာ။
(၂)
ကျုပ်နာမည်ဘသာ၊ ကျုပ်ဇာတိက ဖက်လိပ်ရွာပေါ့၊ အခုတော့ ရွာရွှေ့ပြီးတော့ ဇီးကုန်းရွာဖြစ်သွားတာပေါ့ဗျာ၊ နာမည်အရင်းကတော့ သာဒင်လို့ခေါ်သဗျ၊ ငယ်ငယ်တုန်းကတော့ ကျုပ်ကိုသာဒင်လို့ပဲ ခေါ်ကြတာ၊ အသက်ကြီးလာတော့ အဘကြီးဖြစ်သွားလို့ ငယ်ရွယ်တဲ့သူတွေက ဦးဘသာ၊ ဘသာလို့ခေါ်ရင်းကနေ ဘသာဖြစ်သွားတယ်ပေါ့ဗျာ။
တစ်ရက်တော့ ကျုပ်တို့ဖက်လိပ်ရွာပြင်ဘက်မယ် ကြက်ပွဲတည်ကြတာပေါ့ဗျာ၊ အချိန်ကာလကလည်း ဂျပန်ခေတ်ကိုးဗျ၊ ကျုပ်တို့ရွာက သူကြီးက ဂျပန်တွေနဲ့ပေါင်းပြီးတော့ အင်္ဂလိပ်တွေကျန်ခဲ့တဲ့လက်နက်တစ်ချို့ကို ရှာဖွေဝယ်ယူပြီးတော့ သူ့တပည့်တပန်းတွေနဲ့ ရွာကိုအုပ်စိုးနေတဲ့ ကာလပေါ့ဗျာ၊ ဂျပန်ကင်ပေတိုင်တွေထက် သူတို့ကိုပိုပြီးကြောက်နေရတာ၊ ဂျပန်တွေကလည်း အခုလိုရွာတွေကို သူတို့အုပ်အုပ်စီးစီး မအုပ်ချုပ်နိုင်တော့ ငြိမ်ရင်ပြီးရောဆိုပြီး လွှတ်ထားတာကိုးဗျ။
ကျုပ်အသက်က အဲဒီတုန်းက ဆယ့်ခြောက်နှစ်ကျော်ကျော်ပဲရှိအုံးမှာ၊ ကျုပ်ကိုတော့ ရွာကလူတွေက စုန်းမဒေါ်ပျင်းရဲ့သားဆိုပြီး သိပ်အခေါ်အပြောမလုပ်ပေမယ့် ကာလသားတွေ၊ ရွယ်တူတွေကတော့ ကျုပ်ကိုခေါ်ကြပါတယ်၊ အခုလဲ ကြက်ပွဲကောင်းကောင်းတည်ထားပြီလေဗျာ၊ ဒါနဲ့ပဲ ကာလသားတွေစုပြီးတော့ ကြက်ပွဲကိုသွားကြတာပေါ့။
ရွာကို သူကြီးက စည်းရိုးကြီးအခိုင်အမာကာထားတာဗျ၊ ဒီတော့ သူကြီးမသိအောင်လို့ လယ်တောထဲသွားသလိုလို၊ တောတက်သလိုလိုနဲ့ တိတ်တိတ်ကလေးထွက်ကြရတာပေါ့၊ ရွာမြောက်ဘက်မှာ တောအုပ်ကြီးရှိတယ်၊ အဲဒီတောအုပ်ထဲရောက်တော့မှ လူတွေပြန်စုပြီးတော့ ကြက်ပွဲလုပ်မယ့်နေရာကို သွားရတာ၊ ကြက်ပွဲဖြစ်မယ်ဆိုတာ သူကြီးသိလို့ကတော့ အားလုံးနားကန်းပြီသာမှတ်ဗျာ။ ကျုပ်တို့သူကြီး လက်သံပြောင်ချက်ကတော့ နားအုံနားရင်းချည်းတီးတာဗျ၊ တစ်ခါသား ရွာထဲက ဦးလေးကြီးတစ်ယောက်ကို နားအုံချည်းပိတ်ရိုက်တာ ဟိုက နားတစ်ဖက်ကန်းသွားသတဲ့၊ ဒါကြောင့်လည်း သူကြီးသိရင် နားကန်းမယ်ဆိုတဲ့ စကားဖြစ်လာတာပေါ့။
ကြက်ဝိုင်းလုပ်မယ့်နေရာက တောထဲက ဘုရားသုံးဆူနားမှာလုပ်မှာ၊ ဘုရားသုံးဆူဆိုတာ တောင်ကမူကလေးတစ်ခုဗျ၊ အဲဒီအနားမှ ဘယ်ခေတ်ကတည်သွားမှန်းမသိတဲ့ဘုရားပျက် သုံးဆူရှိလို့ ဘုရားသုံးဆူကုန်းလို့ခေါ်ကြတာ၊ သရဲခြောက်လို့ ရွာကလူတွေမသွားဝံ့ကြတဲ့နေရာပေါ့၊ အခုတော့ နေ့လည်နေ့ခင်းကြီးလည်းဖြစ်၊ ကြက်ဝိုင်းကိုလည်း အပေါင်းအသင်းတွေနဲ့သွားတာဆိုတော့ မကြောက်တော့ဘူးပေါ့ဗျာ။
ကြက်ဝိုင်းလုပ်မယ့် ဘုရားသုံးဆူနေရာကိုရောက်တော့ လူတွေကရှင်းနေတယ်ဗျ၊ ကျုပ်တို့ကာလသားထဲမှာ ကြက်ဝါသနာပါတဲ့လူတစ်ယောက်လည်းပါတယ်၊ သူကလည်း ကြက်ကလေးပိုက်လာတာပေါ့ဗျာ၊ ကျုပ်တို့ခြောက်ယောက် ပထမဆုံးရောက်တယ်၊ နောက်တော့ မန်ကျည်းကိုးပင်ရွာက လူငါးယောက်လောက်ရောက်လာကြတယ်၊ နောက်ဆုံးတော့ တန်းမြင့်ရွာဘက်က လူငယ် ကိုးယောက် ရောက်လာတယ်၊ အားလုံးပေါင်း အယောက်နှစ်ဆယ်လောက်ရှိတာပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့တွေအားလုံးက ထူးဆန်းနေတယ်ဗျ၊ ပုံမှန် ကြက်ဝိုင်းဆိုရင် ဒီလိုမဟုတ်ဘူး၊ လူတွေစည်စည်ကားကားနဲ့ အခုတော့ ကျုပ်တို့လို လူငယ်တွေချည်းဖြစ်နေတာဗျို့။
ဒီအချိန်မှာပဲ ကျုပ်တို့ပတ်ပတ်လည်က အသံတွေကြားလိုက်ရတယ်။
“ဝိုင်းဟေ့၊ ဖမ်းကြဟေ့”
အသံတွေထွက်လာပြီးတော့ တောအုပ်ထဲကနေ သူကြီးရဲ့သေနတ်ကိုင်ထားတဲ့ လက်ရုံးလူမိုက်တွေ ထွက်လာတာပေါ့ဗျာ၊ ကျုပ်တို့လည်း ကြက်ဝိုင်းအကြံအစည်ပေါက်ကြားသွားပြီဆိုပြီးတော့ ထွက်ပြေးဖို့လုပ်တာပေါ့၊ ဒါပေမယ့် ဒီကောင်တွေက ကျုပ်တို့ကိုဝိုင်းထားပြိးသားဗျ။
“အားလုံး ငြိမ်ငြိမ်နေပြီး အဖမ်းခံကြစမ်း၊ ပြေးတဲ့လူကို သေနတ်နဲ့ပစ်မယ်”
ကျုပ်တို့လည်း လက်မြှောက်ပြီးရပ်နေလိုက်ရတာပေါ့၊ မန်ကျည်းကိုးပင်က ကောင်လေးနှစ်ယောက်ကတော့ တောထဲအတင်းတိုးပြေးတာဗျာ၊ သူကြီးရဲ့ လက်ရုံးလူမိုက်တွေကလည်း သေနတ်ကိုင်ထားတာဆိုတော့ ဘယ်လက်နှေးပါ့မလဲဗျာ၊ သေနတ်နဲ့ပစ်ထည့်လိုက်တာ၊ တစ်ယောက်က ခေါင်းကိုမှန်ပြီး ပွဲချင်းပြီးသေတယ်၊ နောက်တစ်ယောက်က ခါးစောင်းကိုမှန်ပြီး လဲသွားတာပေါ့ဗျာ၊
ကျုပ်တို့အားလုံးကို သူကြီးက ဖမ်းပြီးတော့ ဝါးပိုးဝါးလုံးကြီးနဲ့ ကျုပ်တို့ကိုအတန်းလိုက်ကြီး စီတန်းပြီးတော့ ကြိုးနဲ့ချည်ဖမ်းတယ်ဗျ၊ အဲဒီဝါးပိုးဝါးလုံးကြီးကိုလည်း ထမ်းထားရသေးတာ၊ ထွက်ပြေးဖို့ကလည်း မလွယ်ဘူးပေါ့ဗျာ။
ကျုပ်တို့ကို ရွာကိုဖမ်းခေါ်မသွားဘဲ တန်းမြင့်ရွာဘက်ကို ဖမ်းသွားတာဗျ၊ ကျုပ်တို့လဲ ဘာမှမပြောရဲဘူးပေါ့ဗျာ၊ ပြောရင်လည်း သူ့တပည့်တွေက တုတ်တွေနဲ့ရိုက်၊ သေနတ်ဒင်တွေနဲ့ ထုဆိုတော့ ကျုပ်တို့အသားနာတာပဲ အဖတ်တင်တာပေါ့။
တန်းမြင့်ရွာရောက်တော့ ကွင်းပြင်တစ်ခုထဲမှာ ဂျပန်ကင်ပေတိုင်တွေက ခုံလေးတွေနဲ့ထိုင်နေကြတယ်၊ ကျုပ်တို့ကိုတော့သူတို့ရှေ့မှာ အတန်းလိုက်ကြီး ထိုင်ခိုင်းတာပေါ့ဗျာ။
“သူပုန်တွေကို မိလာပါပြီ မာစတာကြီး”
ကျုပ်တို့ဆို ဘာပြောရမှန်းမသိအောင်ကို အံ့ဩသွားတာဗျ၊ ဂျပန်ကင်ပေတိုင်တွေရုပ်ကလည်း မာကြောနေတာပဲဗျာ။ အဲဒီခေတ်က ကင်ပေတိုင်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတာ၊ ရက်စက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိသလို၊ နှိပ်စက်တဲ့နေရာမှာလည်း ပေါင်းစုံအောင်လုပ်တာမဟုတ်လား။ ကင်ပေတိုင်ကနေ စကားပြန်ကို တစ်ခုခုပြောတယ်ဗျ။
“မင်းတို့ကောင်တွေ၊ သူပုန်ကျော်ခေါင်ကို သိကြသလား”
ကျုပ်တို့လည်း ငြင်းတာပေါ့၊ ကျုပ်တို့က ကြက်ဝိုင်းရှိလို့ဆိုပြီးလာကြတာ၊ သူပုန်ဆိုတာကို သိလည်းမသိဘူးဆိုပြီးပြောတာပေါ့၊ ဒီတော့ သူကြီးက ကျုပ်တို့ကို ရိုက်နှက်ပါလေရောဗျာ။
“သူတို့လိမ်ပြောနေတာပါ မာစတာကြီးရယ်၊ ဒီကောင်တွေ ပုန်ကန်ဖို့အတွက် တောနက်ထဲမှာ လူစုနေတာပါ၊ နှစ်ယောက်ထွက်ပြေးလို့တောင် သေနတ်နဲ့ပစ်ဖမ်းခဲ့ရပါသေးတယ်”
သူကြီးပြောတော့ ဂျပန်တွေက ကျုပ်တို့ကိုအော်ငေါက်တယ်ဗျ၊ ခါးစောင်းကို သေနတ်မှန်တဲ့လူကလည်း တစ်လမ်းလုံးလမ်းလျှောက်လာတော့ နှုတ်ခမ်းတွေဖြူပြီး သွေးထွက်လွန်ပြီး သေတော့မှာပါဗျာ။ ကျုပ်ဖြင့် သူကြီးကို သိပ်မုန်းတာပေါ့။ သူကြီးက ဂျပန်အရာရှိအနားကိုကပ်လိုက်ပြီးတော့
“သူပုန်တွေဖမ်းပေးတဲ့အတွက် မာစတာကြီး ကျုပ်ကိုမမေ့ရဘူးနော်”
ဂျပန်အရာရှိကလည်းခေါင်းညိတ်တယ်၊ ပြီးတော့ စကားပြန်ကိုပြောခိုင်းတယ်။
“စိတ်ချပါ၊ ခင်ဗျားတာဝန်ကျေပါတယ်သူကြီး၊ ကျုပ်ခင်ဗျားအကြောင်း အထက်ကိုတင်ပြပေးမယ်၊ ဟုတ်ပြီလား”
သူကြီးနဲ့ ဂျပန်အရာရှိက ပြုံးနေပေမယ့် ကျုပ်တို့က ဘယ်ပြုံးနိုင်ပါ့မလဲဗျာ၊ နောက်တော့ ကျုပ်တို့ကိုဂျပန်တွေက ဖမ်းထားပြီးတော့ သူကြီးတို့ကပြန်ဖို့လုပ်တယ်။ ကျုပ်လည်း ထအော်လိုက်ပြီး
“သူကြီး၊ ကျုပ်ကိုဖမ်းထားတာ ကျုပ်အမေသိရင် သူကြီးတော့မလွယ်ဘူးနော်”
“ဟား၊ ဟား၊ မင်းအမေ မသိလောက်ပါဘူးကွာ၊ ဘာလို့လဲဆိုတော့ မင်းတို့က ရွာကိုနောက်တစ်ခေါက် ပြန်ရောက်မှာမဟုတ်ဘူးကွ၊ ဟား၊ ဟား”
ကျုပ်တို့တော့ အနှပ်ခံရပြီဗျ၊ ဂျပန်တွေက ဒီနယ်မှာသောင်းကျန်းနေတဲ့ သူပုန်တွေကို သူကြီးကိုရှာခိုင်းတော့ သူကြီးက ကြက်ဝိုင်းရှိတယ်ဆိုတဲ့သတင်းအတုကိုလွင့်ပြီး ကျုပ်တို့ကိုစုခိုင်းထားတာနေမှာ၊ အခုတော့ ကျုပ်တို့အားလုံးကို သူပုန်တွေဆိုပြီး ဂျပန်ကဖမ်းပြီဗျာ။
တန်းမြင့်ရွာအနောက်နားမှာ တင်းကုပ်ကြီးတစ်ခုရှီတယ်ဗျ၊ ကျုပ်တို့ကို အဲဒီတင်းကုပ်ထဲမှာ ဖမ်းထားပြီးတော့ အမျိုးမျိုးနှိပ်စက်ပြီး သူပုန်ဗိုလ်ကျော်ခေါင် ဘယ်မှာရှိသလဲဆိုပြီးတော့ အစ်အောက်မေးတော့တာ၊ ကျုပ်တို့လည်း ဘာမှမသိဘူးဆိုတော့ သူတို့လိုချင်တဲ့အဖြေမျိုး ဘယ်ရမှာလဲဗျ၊ လူတိုင်းစေ့ကို ပါးရိုက် နားရိုက်လုပ်ရင်းကနေ ကျုပ်အနားကိုရောက်လာပါရော။
“ကျော်ခေါင်ဘယ်မှာလဲ၊ ပြောရင်ပြော၊ မပြောရင်နာမယ်”
ဂျပန်လက်အောက်ခံ လူမိုက်တစ်ယောက်ဖြစ်မှာပါ၊ အဲဒီလူက သူ့လက်ထဲက ကြာပွတ်ကို မြှောက်ရင်း ကျုပ်ကိုမေးတာ၊ ကျုပ်လည်း စိတ်တိုတိုနဲ့။
“မင်းလက်ထဲက ကိုင်ထားတာ ကျော်ခေါင်ပေါ့ကွ”
ကျုပ်ပြောလိုက်တော့ အဲဒီကြာပွတ်က မြွေကြီးတစ်ကောင်ဖြစ်ပြီးတော့ အဲဒီလူမိုက်ရဲ့ငယ်ထိပ်ကို ပေါက်ထည့်ပါရော၊ ဒါနဲ့ ဂျပန်တွေဆူညံသွားတာပေါ့ဗျာ၊ ကျုပ်ကိုဒါမျိုးလာလုပ်လို့ရမလား၊ ကျုပ်ဆီမှာ အမေသင်ပေးထားတဲ့ ပညာတွေအများကြီး ရှိတာကိုးဗျ။
နောက်တော့ ကျုပ်လက်မှာချည်ထားတဲ့ ကြိုးတွေအကုန်ကိုဖြေချပြီး မတ်တပ်ရပ်လိုက်တယ်၊ ဂျပန်တွေက ကျုပ်ကိုသေနတ်နဲ့ထိုးချိန်တယ်၊ ကျုပ်လည်း သူတို့ကိုလက်ညှိုးထိုးပြီး ပညာနဲ့ပြုစားလိုက်တော့ ဂျပန်တွေအကုန်လုံး တွန့်လိမ်ပြီးတော့ ကုပ်ကြရောဗျာ၊ ဝဲယားသလို၊ ခွေးလှေးယားသီး ယားသလို ယားနေကြတာ၊ ကျုပ်လည်း တခြားသူတွေကိုပါ ဖြုတ်ပေးပြီးတော့ ကျုပ်တို့အကုန်ထွက်ပြေးလာခဲ့ကြတာပေါ့ဗျာ။
ရွာကိုလည်း မပြေးတတ်ဘူးဗျ၊ ဒါနဲ့ ကျုပ်တို့တစ်ဖွဲ့လုံး နီးရာတောထဲကို ထွက်ပြေးကြရတာ၊ သေနတ်ခါးစောင်းကိုဖြတ်မှန်တဲ့သူကတော့ မပြေးနိုင်ဘဲ ကျန်ခဲ့တာပေါ့ဗျာ၊ သူလည်း နောက်ပိုင်းကျ သေနတ်ဒဏ်ရာနဲ့ သေသွားတယ်လို့ပြောပါတယ်၊ ဆေးမှ မကုပေးတာကိုး။
ကျုပ်တို့ထွက်ပြေးရင်း တောထဲမှာ လူစုတွေကွဲကုန်တယ်ဗျ၊ တစ်ချို့ကလည်း သူတို့ရွာကိုပြန်ပြေးကြမယ်ပေါ့၊ ကျုပ်တို့ကတော့ ပြေးလို့မဖြစ်ဘူးလေ၊ တခြားရွာက သူကြီးက ပြောလို့ရချင်ရလိမ့်မယ်၊ ကျုပ်တို့ရွာက သူကြီးအကြောင်းတော့ ကျုပ်တို့အသိဆုံးမဟုတ်လား။
တောထဲမှာ ရက်တွေကြာလာတော့ နောက်ဆုံး ကျုပ်နဲ့ ကျုပ်သူငယ်ချင်း နှစ်ယောက်၊ စုစုပေါင်း သုံးယောက်ပဲ ကျန်ခဲ့တော့တာ၊ တောထဲမှာတွေ့တဲ့ စမ်းရေကိုသောက်၊ ရှိတဲ့အသီးအရွက်တွေခူးစားပြီးနေရတော့ တော်ရုံလူဆို ဘယ်နေနိုင်မှာလဲဗျာ၊ ဒါနဲ့တစ်ရက်တော့ တောထဲမှာ ခြေသံတွေကြားတယ်ဗျ၊ ကျုပ်တို့လည်း ပြေးကြည့်တော့ သေနတ်ကိုင်ထားတဲ့ လူတွေနဲ့ပက်ပင်းတိုးပါရော။ သူတို့က ကျုပ်တို့ကိုသေနတ်နဲ့ထိုးချိန်လိုက်တယ်။
“ဘယ်သူတွေလဲ”
ကျုပ်တို့လည်း ကြောက်ကြောက်နဲ့ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ မုတ်ဆိတ်မွှေးဗရပွနဲ့လူတစ်ယောက်က အရှေ့ကိုထွက်လာပြီးတော့
“ငါ့နာမည် ကျော်ခေါင်ပဲ၊ မင်းတို့ ငါနဲ့ပူးပေါင်းမလား”
သူပုန်နဲ့တော့ ဘယ်ပူးပေါင်းရဲမှာလဲဗျာ။
“ငါက သူပုန်မဟုတ်ပါဘူး၊ ငါက အရင်တုန်းက ဘီအိုင်အေတပ်သားဟောင်းပဲ၊ အခု တို့ဗမာအရာရှိတွေက ဂျပန်ကောင်တွေကို တို့မြေကနေ တိုက်ထုတ်ဖို့ ကြံစည်နေကြပြီ၊ ဒီကောင်တွေပေးတဲ့ လွတ်လပ်ရေးကို ငါတို့မလိုချင်ဘူး၊ ငါတို့လိုချင်တာက ငါတို့နိုင်ငံကို ငါတို့လူမျိုးတွေသာ လွတ်လွတ်လပ်လပ်အုပ်ချုပ်ဖို့ပဲ”
ဗိုလ်ကျော်ခေါင် ဖက်ဆစ်ဆန့်ကျင်ရေးတရားဟောပြီးတော့ ကျုပ်တို့သုံးယောက်လည်း ဇာတိသွေးဇာတိမာန်တွေ တက်ကြွလာပြီးတော့ ဗိုလ်ကျော်ခေါင်တို့နဲ့ ပူးပေါင်းမိသွားတယ်ဆိုပါစို့ဗျာ၊ ဗိုလ်ကျော်ခေါင်ရဲ့တာဝန်ကတော့ ရွာတွေကနေ တိတ်တဆိတ်လူတွေ စုဆောင်းပေးဖို့ပဲ၊ အဲဒီလူတွေကို စုဆောင်းပေးပြီးတော့ လှို့ဝှက်ပြီး စစ်ပညာတွေသင်ကြားပေးမယ်၊ တကယ်လို့ ဂျပန်ကိုစတင်တော်လှန်ပြီဆိုတာနဲ့ အဲဒီလူတွေက စစ်မှုထမ်းနိုင်အောင်လို့ပေါ့ဗျာ။
“ဗိုလ်ကျော်ခေါင်၊ ကျုပ်တို့ကိုတော့ ကျုပ်တို့ရွာကို ပြန်မလွှတ်ပါနဲ့၊ ကျုပ်အမေ့ကိုလွမ်းတယ်ဆိုပေမယ့် ကျုပ်ပြန်ရင် အမေရော၊ ကျုပ်ကိုရော သူကြီးက အလွတ်ပေးမှာမဟုတ်ဘူးဗျ”
“အေးပါကွာ၊ မပူပါနဲ့၊ မင်းကို အနောက်ဘက်က တပ်ပေါင်းစုဆီ ဆက်သွယ်ပေးမယ်၊ မင်းအဲဒီကိုသွားရမယ်”
ဒီမှာပဲ ကျုပ်နဲ့ ရွာက ကျုပ်သူငယ်ချင်းတွေနဲ့ လမ်းကွဲသွားတာပေါ့၊ ဗိုလ်ကျော်ခေါင်က ကျုပ်တို့ကို အနောက်နယ်ဘက်ကို လှို့ဝှက်ပြီးတော့ ခေါ်သွားတယ်ဗျ၊ ဂျပန်တွေကလည်း သူတို့ကို ဗမာတွေတော်လှန်မယ်ဆိုပြီး သတင်းအစအနရနေတာဆိုတော့ ခရီးသွားတဲ့လူတွေ၊ လူစုလူဝေးတွေ တွေ့ရင် ရိုက်နှက်ဖမ်းစစ်ဆေးပြီး သတင်းမေးလေ့ရှိတာကိုး။
တစ်ပတ်လောက်ကြာမှ ကျုပ်တို့ အနောက်ဘက်စစ်ဒေသက သဖန်းတောစခန်းကိုရောက်တယ်၊၊ အဲဒီမှာ တပ်ဖွဲ့တွေပြန်ခွဲကြတော့ ကျုပ်ရယ်၊ မျောက်ခေါင်းဖြစ်လာမယ့် အဲဒီအောင်ရှိန်ရယ် အဲဒီမှာတွေ့ကြတာပဲဗျာ၊ နှစ်ယောက်တစ်တွဲစနစ်နဲ့ စစ်ပညာတွေသင်ကြားရတာဆိုတော့ အောင်ရှိန်နဲ့ကျုပ်နဲ့ တွဲဘက်ဖြစ်သွားတာပေါ့၊ စစ်ပညာသင်ကတည်းကစပြီး စစ်ကြီးတစ်လျှောက်လုံး အတူတူတိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက်ဖြစ်ခဲ့တာဆိုတော့လည်း သာမန်သူငယ်ချင်းတွေထက် ပိုခင်ကြတာပေါ့ဗျာ။
(၃)
ဒါနဲ့ ကျုပ်လည်း ဦးဘသာပြောသမျှ နားထောင်ရင်း လိုက်လာခဲ့တာပေါ့ဗျာ၊ အရှေ့ရောက်တော့ ကားလမ်းက လျှိုမြောင်ကလေးတစ်ခုကို ဖြတ်ရတယ်ဗျ၊ အဲဒီလျှိုမြောင်ကလေးရဲ့ ဘေးနှစ်ဖက်မှာလည်း အင်တိုင်းတောကြီးရှိနေတယ်၊ မိုးကလည်း ချုပ်နေပြီ။ ဒီတောကို ဖြတ်ပြီးရင် ကျုပ်တို့နားမယ့် မင်းရွာဆိုတာကို ရောက်မှာပေါ့ဗျာ။
မောင်းရင်းမောင်းရင်း ညကိုပိုပိုမှောင်လာတယ်၊ မင်းရွာကို ကားဆိုက်တော့ ညခုနစ်နာရီထိုးတောမ့ယ်ဗျ၊ မင်းရွာက ရွာကြီးတစ်ရွာပါဗျာ၊ ရေအေးကွင်းရွာလိုပါပဲ၊ ကားတွေညည့်အိပ်ရပ်နားတဲ့ရွာဆိုတော့ စည်တာတော့ စည်တယ်ဗျ၊ ကျုပ်တို့လည်း စားဖို့သောက်ဖို့အတွက် ကားပေါ်ကဆင်းလိုက်တာပေါ့၊ ကားပေါ်ကဆင်းတာနဲ့ လူခြောက်ယောက်လောက်က ဓါးတွေလှံတွေနဲ့ ကျုပ်တို့ဆီကိုပြေးလာတယ်၊ နောက်ပြီးတော့ ဦးဘသာနဲ့ ဦးအောင်ရှိန်ကြီးကို လက်ညှိုးထိုးပြီးတော့
“ဟေ့၊ ဒီလူတွေကို ဖမ်းလိုက်ကြစမ်း”
လက်နက်ကိုင်ထားတဲ့လူတွေက ကျုပ်တို့ကိုဝိုင်းလာတယ်ဗျ၊ အဲဒီနားကလူတွေကလည်း ကျုပ်တို့ကိုဝိုင်းအုံကြည့်နေတာပေါ့.
“နေစမ်းပါအုံးမောင်ရင်ရဲ့ ကျုပ်တို့ကဘာများလုပ်ထားလို့လဲ”
“အဲဒါကတော့ ခင်ဗျားတို့ကိုယ်တိုင်သိမှာပဲ။ ကဲပါ ကျုပ်တို့နဲ့သာလိုက်ခဲ့ ဖြစ်သမျှကို ရုံးမှာသာရှင်းပေတော့”
ဓါးတွေလှံတွေနဲ့ ထိုးဖို့ခုတ်ဖို့ တကဲကဲဖြစ်နေတော့ ကျုပ်တို့လည်းကြောက်တာပေါ့၊ ဦးဘသာက အသာခေါင်းညိတ်လိုက်ပြီးတော့
“လိုက်ဆိုတော့လည်း လိုက်သွားတာပေါ့ အောင်ရှိန်ရာ”
“အေးကွာ၊ ကြိုတဲ့လူရှိတော့လည်း လိုက်ရမှာပေါ့ကွ”
ဒီလူတွေက ကျုပ်တို့ကိုဒေါသတစ်ကြီးနဲ့ ကြည့်ပြီးတော့ လှံတွေနဲ့ချိန်ထားပြီး လှည်းပေါ်ကိုတင်တယ်၊ နောက်တော့ လှည်းကို ရွာဘက်မောင်းထွက်ခဲ့တာပဲဗျာ။ ကျုပ်ဖြင့် စိတ်မအေးနိုင်ပါဘူးဗျာ၊ ဦးအောင်ရှိန်ကြီးကိုပဲ အပြစ်တင်နေမိတာ၊ ဟုတ်တယ်လေဗျ၊ ကျုပ်တို့က အခုမှ ဒီကိုရောက်တဲ့သူတွေ။ ကျုပ်တို့က ဘာလုပ်ထားတာဖြစ်နိုင်မှာလဲ၊ မသကာ သူတို့ဆရာတပည့်လုပ်ထားတာဖြစ်မှာပေါ့။
လှည်းမောင်းရင်း အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်လာတယ်၊ ခြံကလည်း အကျယ်ကြီးဗျာ၊ အိမ်ကြီးကလည်း အုတ်နီနီကြီးတွေနဲ့ ဆောက်ထားတဲ့အိမ်ကြီးဗျ၊ အဲဒီလူတွေကပဲ ကျုပ်တို့ကို ဓါးတွေလှံတွေနဲ့ထိုးချိန်ပြီးတော့ ခေါ်လာခဲ့တာပဲ။
အိမ်ရှေ့မှာ ရုံးခန်းလိုမျိုး အဖီဆွဲပြီးတော့လုပ်ထားတယ်၊ အထဲမှာ ချထားတဲ့ခုံတန်းမှာ ကျုပ်တို့ကိုထိုင်ခိုင်းထားတာပေါ့၊ မကြာပါဘူးဗျာ၊ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ အသားဖြူဖြူ ပိန်ပိန်ပါးပါး လူတစ်ယောက်ကထွက်လာတယ်ဗျ၊ နှုတ်ခမ်းမွှေးစစနဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့လူပေါ့ဗျာ။ တိုတိုပြောရရင်တော့ လူချောတစ်ယောက်ပေါ့ဗျာ။
သူ့အနောက်မှာတော့ မိန်းမတစ်ယောက်ထွက်လာတယ်ဗျ၊ အဲဒီမိန်းမကတော့ ဝတ်ကောင်းစားလှတွေဝတ်ထားပြီးတော့ ရွှေတွေလဲ အိနေအောင်ဝတ်ထားတာဗျ၊ ခေါင်းမှာလည်း ရွှေဘီးကြီးစိုက်လို့၊ သူလမ်းလျှောက်လာတော့ သူ့အနောက်ဘက်က ဆံပင်ကိုလည်း ရွှေကလစ်တစ်ခုနဲ့ညှပ်ထားသေးတယ်၊ ခုနက ခပ်ချောချောနဲ့လူကတော့ သူကြီးလို့ထင်ပါတယ်၊ အနောက်ကမိန်းမကတော့ သူ့မိန်းမဖြစ်မှာပေါ့။
သူကြီးက ထိုင်ပြီးတော့ ကျုပ်တို့ကိုဘာမှမပြောဘဲကြည့်နေသေးတယ်၊ နောက်တော့မှ
“ဒီကဆရာကြီးတွေကို ကျုပ်စစ်ဆေးပါရစေ”
ဦးအောင်ရှိန်ကလည်း
“ကျုပ်တို့က ဘာလုပ်နေလို့လဲ”
သူကြီးမျက်နှာပျက်သွားတယ်၊ နောက်တော့သူ့မိန်းမကို တစ်ချက်လှည့်ကြည့်လိုက်တော့ သူ့မိန်းမက ကျုပ်တို့ကို မျက်စောင်းထိုးကြည့်ပြီးတော့
“ရှင်တို့က လူလိမ်တွေ၊ အခုကျုပ်တို့ရွာကို လာတာလည်း ရှင်တို့မှာ အကြံအစည်တစ်ခုခုရှိပုံရတယ်”
အသံက ခပ်စာစာနဲ့မာကြောလိုက်တာဗျာ၊ မျက်နှာထားကလည်း ခပ်ချေချေကိုးဗျ။ နောက်တော့ ကျုပ်တို့အနောက်မှာရပ်နေတဲ့လူတွေကို လက်ညှိုးထိုးလိုက်ပြီၤးတော့
“ဟဲ့မောင်စံ၊ ဒီလူတွေကို အကုန်လှန်လှောပြီး ရှာဖွေကြစမ်း”
အဲဒီလိုအမိန့်ပေးလိုက်တာနဲ့ ဓါးတွေ၊ လှံတွေကိုင်ထားတဲ့လူတွေက ကျုပ်တို့ကို ဖမ်းချုပ်ပြီးတော့ လွယ်အိတ်တွေ၊ လက်ဆွဲအိတ်တွေကို လုယူလိုက်တော့တာပါပဲဗျာ၊ အဲဒီမိန်းမကတော့ သူကြီးကိုတစ်ချက်ကြည့်ပြီးတော့
“လုပ်မယ်ဆိုရင် အဲဒီလိုပြတ်ပြတ်သားသားလုပ်မှပေါ့ ကိုကိုရယ်၊ ကိုကို့ကို ခင်တော့ အားမရပါဘူး”
သူကြီးက တစ်ချက်ပြုံးလိုက်ပြီး
“ခင့်သဘော၊ ခင်ပဲလုပ်ပေါ့ကွာ”
သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ၊ သူကြီးက သူကြီးလား၊ သူ့မိန်းမက သူကြီးထက်ပိုကြီးတာလားတော့ မသိပါဘူးဗျာ၊ ကျုပ်တို့အိတ်တွေကို လှန်လှောရှာပေမယ့် ဘာမှမတွေ့ဘူး၊ ဒါနဲ့ ကျုပ်တို့လွယ်အိတ်တွေကို ကျုပ်တို့ထိုင်နေတဲ့အရှေ့က စားပွဲခုံပေါ်ကို မှောက်သွန်ချလိုက်တော့တာပါပဲ၊ လွယ်အိတ်တစ်ခုချင်းဆီကို သွန်ပြီးရှာဖွေကြတာ၊ ဘာမှတော့ ထူးခြားတာမတွေ့ဘူးဗျို့၊ နောက်ဆုံးတော့ ကျုပ်လွယ်အိတ်အလှည့်ပေါ့ဗျာ၊ လွယ်အိတ်ကိုသွန်ချလိုက်တော့ ပစ္စည်းပစ္စယတွေ အကုန်ကျလာတာပေါ့၊ အဲဒီထဲကမှ ဆပ်ပြာခွက်လေးတစ်ခုကို မောင်စံဆိုတဲ့လူက ကောက်ယူလိုက်တယ်၊ ကျုပ်ဖြင့်အံ့သြနေတာဗျ၊ ခရီးထွက်တာ ဆပ်ပြာခွက်က ဘယ်လိုလုပ်ပြီး ပါလာခဲ့တာလဲပေါ့ဗျာ၊ ကျုပ်လည်း ဆပ်ပြာခွက်ပါမှန်းတောင် မသိပါဘူး။
ဆပ်ပြာခွက်ကလေးကို မောင်စံက ဖွင့်လိုက်တော့ အထဲမှာ အနက်ရောင်အနှစ်တွေထည့်ထားတဲ့ ပလတ်စတစ်အထုပ်ကလေးတွေ တွေ့တယ်ဗျ၊ အားလုံးအံ့သြသွားကြတာပေါ့ဗျာ၊ သူကြီးမိန်းမက အဲဒီအထုပ်ကိုကြည့်ပြီးတော့
“ထင်သားပဲ၊ ဘိန်းမဲတွေသယ်လာတာပါလား၊ ရှင်တို့တွေနော်၊ လူတွေကြည့်တော့ ဘိုးတော်တွေလိုလို၊ သူတော်စင်တွေလိုလိုနဲ့”
“ဟာ ခင်ကလည်း၊ လူတွေရဲ့အတွင်းစိတ်ကို အပြင်ပန်းကြည့်ရုံနဲ့ သိနိုင်တာမှမဟုတ်တာ”
သူကြီးကဝင်ပြောတယ်ဗျ။
“အင်းလေ၊ ဒီခေတ်ကြီးမှာ မဟုတ်တာလုပ်တဲ့လူက သူတို့မဟုတ်တာလုပ်မှန်း လူမသိအောင်လို့ အယောင်ဆောင်ထားတတ်ကြသတဲ့၊ ဟေ့မောင်စံ၊ ဘိန်းမှုဆိုတာ အမှုကြီးကွဲ့၊ သူတို့ကို ဂတ်တဲကိုပို့ဖို့လုပ်တော့”
ဦးအောင်ရှိန်နဲ့ ရင်မောင်က ကျုပ်ကိုစိတ်ပျက်လက်ပျက်နဲ့ကြည့်တယ်ဗျ။ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ပါဘူးဗျာ၊ ဒီဆပ်ပြာခွက်ဆိုတာကလည်း အခုလွယ်အိတ်ကိုမှောက်လိုက်မှ ပထမဆုံးမြင်ဖူးတာ၊ ဦးဘသာကြိးကတော့ ကျုပ်ကိုတစ်ချက်ပဲကြည့်တယ်ဗျ၊ နောက်ပြီး သူ့မျက်မှောင်ကြီးကြုတ်ပြီး တစ်ခုခုတွေးနေပုံရတယ်၊ ဘိန်းမှုဆိုတော့လည်း ပြေးလို့မရတော့ဘူးလေဗျာ။ ဒါနဲ့ပဲ မောင်စံတို့က ကျုပ်တို့ကို ဖမ်းချုပ်တာပေါ့။
“ဒါနဲ့မမလေး၊ ဂတ်တဲကိုသွားဖို့ဆိုရင် အချိန်လင့်နေပြီ၊ ညရေးညတာကျတော့ ဓါးပြတွေ၊ သူပုန်တွေကြောက်ရသေးတယ်ဗျ”
သူကြီးမိန်းမက တစ်ချက်စဉ်းစားလိုက်ပြီးတော့
“ဒါဖြင့်ရင်လည်း အချုပ်တိုက်ထဲကို ထည့်ထားလိုက်၊ မနက်ရောက်တော့ ဂတ်တဲပို့ပြီး ရဲလက်အပ်ကြတာပေါ့”
မောင်စံက ကျုပ်တို့ကို ခြံအနောက်ဘက်နားက အုတ်တိုက်တစ်ခုကိုခေါ်သွားတယ်ဗျ၊ လူကြီးရင်ခေါင်းလောက်အထိကို အုတ်တက်ထားပြီးအဲဒီအပေါ်ဘက်ကိုတော့ သစ်သားချောင်းတွေနဲ့ ခပ်စိတ်စိတ်ကာရံထားတဲ့ အုတ်တိုက်ပေါ့၊ သူတို့ရွာမှာ အချုပ်ခန်းအဖြစ်သုံးပုံရပါတယ်၊ ကျုပ်တို့ကို အဲဒီအခန်းထဲကိုထည့်တဲ့အပြင် အခန်းထဲရောက်တော့ ထိပ်တုံးပါခတ်ထားသေးသဗျာ၊ ပြီးတော့ ရွာသားနှစ်ယောက်က အခန်းထောင့်နားက ကွပ်ပျစ်ဟောင်းမှာ ထိုင်နေကြတယ်၊ ကျုပ်တို့ကို မျက်စိဒေါက်ထောက်ကြည့်နေကြတာပေါ့။
(၄)
“ကျုပ်လုပ်တာမဟုတ်ဘူး၊ ကျုပ်အဲဒီဆပ်ပြာခွက်ကို တွေ့တောင်မတွေ့ဖူးဘူး”
ကျုပ်လည်း အကြောက်အကန်ငြင်းတာပေါ့၊ ဒီတော့ ရင်မောင်က ကျုပ်ကိုဘုကြည့်ကြည့်တယ်ဗျ။
“အောင်မာ၊ မင်းမလုပ်ဘဲနဲ့ အဲဒီဘိန်းတွေက မင်းလွယ်အိတ်ထဲကို ဘယ်လိုရောက်နေတာလဲကွ၊ မင်းကြောင့် အခုတော့ ငါတို့အားလုံး ဒုက္ခရောက်ပြီ၊ ဘိန်းစားကောင်”
ရင်မောင်က ဘယ်အချိန်တုန်းကတည်းက ကျုပ်ကိုဖဲ့ချင်နေသလဲမသိပါဘူးဗျာ၊ အခွင့်ကောင်းရတာနဲ့ ဆော်တာပဲ၊ ကျုပ်လည်း ဘယ်ခံနိုင်မှာလဲဗျ၊ ကိုယ်လည်းဘာမှမစားရဘဲနဲ့ ဘိန်းစားကောင်ဆိုတဲ့ နာမည်ရနေပြီမဟုတ်လား။
“မဟုတ်ပါဘူးဆရာကြီးရှိန်ရာ၊ ကျုပ်တစ်သက်နဲ့တစ်ကိုယ် ဘိန်းကိုတစ်ခါမှ မသုံးခဲ့ဖူးတာအမှန်ပါ”
ဦးအောင်ရှိန်ကတော့ ခေါင်းညိတ်တယ်၊ ဘာမှတော့ ပြန်မပြောဘူးဗျ၊ အဲ . . ဒီအချိန်မှာ တစ်ချိန်လုံးငြိမ်နေတဲ့ ဦးဘသာကြီးက ထပြောတယ်။
“ငါတော့ သွေးရိုးသားရိုးလို့မထင်ဘူးကွ”
ကျုပ်တို့အားလုံး ဦးဘသာကြီးကိုကြည့်လိုက်ကြတယ်၊ ကျုပ်တို့ကိုစောင့်နေတဲ့သူတွေလည်း ဦးဘသာကိုကြည့်တယ်ဗျ။
“ဘာကို သွေးရိုးသားရိုးလို့ မထင်တာလည်း ဦးဘသာ”
“ငါ့အထင်ပြောရရင် ငါတို့ကိုကြိုတင်ပြီး ကြံစည်ထားတာကွ၊ ငါ့အထင်တော့ ငါတို့ဒီရွာကို ခဏလာတာတောင် မကြိုက်တဲ့သူရှိနေပုံပဲ”
“ဒါဆိုဘယ်သူက ကျုပ်တို့လာတာကို မကြိုက်တာလဲ”
ဦးဘသာက ကျုပ်ကိုညံ့လိုက်တာဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီးတော့
“ဘယ်သူရှိရမှာလဲ၊ ခုနက သူကြီးမိန်းမကို မင်းမမြင်ဘူးလား”
“ဒါတော့ မြင်တာပေါ့ ဦးဘသာရဲ့၊ ဒါပေမယ့် သူက ဘာကြောင့် ကျုပ်တို့လာတာကို မကြိုက်တာလဲ”
“အဲဒါကိုတော့ ငါတွေးလို့မရသေးဘူး၊ ဒါကြောင့်လည်း တစ်ခုခုပဲလို့ ပြောနိုင်တာ”
ကျုပ်တို့စကားပြောနေတာကို စောင့်နေတဲ့ မောင်စံနဲ့ နောက်လူတစ်ယောက်က အကဲခတ်ပြီးကြည့်နေတယ်ဗျ၊ သူတို့အချင်းချင်းလည်း တတွတ်တွတ်နဲ့စကားပြောနေတာပဲ၊ နောက်တော့ မောင်စံက စုတ်ပြတ်နေတဲ့ ကွမ်းအစ်ကလေးတစ်ခုကိုယူလာပြီးတော့ ကွမ်းယာပြီး ဝါးနေကြတယ်၊ ကွမ်းယာတွေ့လို့ ကျုပ် ဦးဘသာကြီးကိုကြည့်လိုက်တော့ ဦးဘသာကြီးကလည်း ကွမ်းအစ်ကို မမှိတ်မသုန်ကြည့်နေတာဗျ။
“ဟေ့ကောင်တွေ၊ ငါ့ကိုလည်း ကွမ်းတစ်ယာလောက် ကျွေးကြစမ်းပါ”
ဦးဘသာကြီးထပြောတော့ မောင်စံတို့က ရယ်တယ်ဗျ။
“ဟား၊ ဟား စားချင်ရင် ကိုယ့်ဖာသာကိုယ်ထပြီး ယာစားလေ အဘိုးကြီးရဲ့၊ ဟား . . .”
ဦးဘသာကြီး ဒေါသထောင်းခနဲဖြစ်သွားတယ်ထင်ပါတယ်၊ ကျုပ်တို့ခြေထောက်တွေကို ခတ်ထားတဲ့ ထိတ်တုံးကြီးအပေါက်ကြားထဲကနေ သူ့ခြေထောက်ကိုလျှိုထွက်လိုက်တယ်ဗျ။ ထိတ်တုံးဆိုတာက ခြေသလုံးနဲ့ကွက်တိဖြစ်အောင် ဖောက်ထားတဲ့အပေါက်ဗျ၊ တော်ရုံလူအပေါက်ကြားထဲကနေ လျှိုမထွက်နိုင်အောင်လုပ်ထားတာ၊ ဦးဘသာကြီးကတော့ ဒီလိုမဟုတ်ဘူးဗျ၊ လျှိုထွက်သွားတာ လွယ်လွယ်ကလေးပဲဗျာ။
ဦးဘသာကြီး မတ်တပ်ရပ်ပြီး ပုဆိုးပြင်ဝတ်တော့ မောင်စံနဲ့ အစောင့်တစ်ယောက်နဲ့က အံ့သြပြီးတော့ ကြောင်ကြည့်နေကြတယ်၊ နောက်တော့ အနားက လှံဆွဲပြီး မတ်တပ်ထရပ်တော့ ဦးဘသာကြီးက သူတို့နှစ်ယောက်ကို လက်ညှိုးထိုးပြီးတော့
“မင်းတို့ငြိမ်ငြိမ်နေကြစမ်းကွာ”
အဲဒီလိုပြောလိုက်တာနဲ့ မောင်စံတို့နှစ်ယောက်က ကျောက်ရုပ်တွေလို ရပ်သွားတာဗျ၊ မတ်တပ်ကြီးပဲ၊ လက်မှာလည်း ဓါးတွေလှံတွေကိုင်လို့ဗျ၊ သူတို့ကရပ်နေတယ်ဆိုပေမယ့် သူတို့မျက်နှာတွေမှာတော့ အံ့သြထိတ်လန့်တဲ့ အရိပ်အယောင်တွေ အများကြီးပေါ်နေတယ်၊ ဦးဘသာကြီးကတော့ အေးအေးလူလူပါပဲဗျာ။ ကွပ်ပျစ်ဆီကိုသွားပြီးတော့ ကွမ်းအစ်ထဲက ကွမ်းရွက်တွေယူပြီး ကွမ်းယာနေတယ်ဗျ။
“ကွမ်းတွေကလည်း ကြမ်းလိုက်တာကွာ၊ မင်းတို့ဘယ်လိုစားကြသလဲ”
ကွမ်းယာရင်း စကားတောင်ပြောနေသေးတာ၊ နောက်တော့ ကွမ်းနှစ်ယာယာပြီးတော့ ပါးစောင်ထဲထည့်ငုံပြီးတော့ ထိပ်တုံးကြီးဆီကို ပြန်လျှောက်လာတယ်၊ သူ့ခြေထောက်အပေါက်ကို ခြေထောက်ပြန်ထည့်ပြီး အေးအေးလူလူပြန်ထိုင်နေတယ်၊ ဦးအောင်ရှိန်က ဦးဘသာကိုကြည့်ပြီး မောင်စံတို့နှစ်ယောက်ကို လက်ညှိုးထိုးပြတော့မှ ဦးဘသာက
“သြော်၊ ဟုတ်သားပဲ၊ မေ့လို့ . . မေ့လို့”
သူတို့ကိုလက်ညှိုးပြန်ထိုးလိုက်တာနဲ့ မောင်စံတို့က ချက်ချင်းလှုပ်ရှားသွားကြတယ်၊ သူတို့နှစ်ယောက် အတော်ကြောက်လန့်နေတဲ့ပုံပါပဲ၊ မောင်စံက ချက်ချင်းပဲ ဦးဘသာအရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။
“ဆရာကြီးတို့၊ ကျုပ်တို့ကိုကယ်ပါ”
ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ၊ မောင်စံတို့ ဘာထဖြစ်သလဲပေါ့။
“ဆရာကြီးတို့က အထက်လမ်းဆရာကြီးတွေလား”
ဦးဘသာက ခေါင်းခါရင်း
“ငါက ဘာမှမဟုတ်ပါဘူးကွာ၊ ဟောဟိုက ငါ့သူငယ်ချင်းကတော့ ဟုတ်တယ်ကွ၊ သူ့နာမည်ဦးအောင်ရှိန်၊ ဘုရားပျံဦးအောင်ရှိန်ဆိုပြီး လူသိများတဲ့ အထက်လမ်းဆရာကြီးပေါ့ကွာ”
မောင်စံတို့နှစ်ယောက် မျက်လုံးအရောင်လက်သွားတယ်။
“ဒါဆို ကျုပ်တို့ကိုကယ်ပါဆရာကြီး၊ ကျုပ်တို့ အပင်းခတ်ခံထားရပါတယ်”
“အဆက်အစပ်မရှိ၊ မင်းတို့ကိုဘယ်သူက အပင်းခတ်ထားတာလဲကွ”
ဦးအောင်ရှိန်မေးတော့ မောင်စံက ပြာပြာသလဲနဲ့
“ဘယ်သူရှိရမလဲဗျာ၊ သူကြီးကတော် ခင်မြပေါ့”
“ဟေ . . .”
“ဟုတ်တယ်ဗျ၊ သူကြီးကတော် ခင်မြက စုန်းတစ်ယောက်လို့တော့ ပြောကြတယ်”
ဦးဘသာကြီးက ဒီတော့မှ ခေါင်းကိုတွင်တွင်ညိတ်တယ်။
“ငါထင်နေတာဒါ့ကြောင့်ကိုးကွ၊ ဟုတ်ပြီကွ၊ သူက စုန်းမမို့လို့ ငါတို့ရွာကိုလာတာ၊ သူ့ကိုပြဿနာရှာမယ်လို့ထင်ပြီးတော့ ဒီလိုနည်းသုံးခဲ့တာမဟုတ်လား”
မောင်စံက ခေါင်းညိတ်ရင်း
“အမှန်ပါပဲ ဆရာကြီးရာ၊ ခင်မြဘယ်သူဘယ်ဝါမှန်းမသိဘူးဗျ၊ တစ်ရက်တော့ သူကြီးသားက သူငယ်ချင်းတွေနဲ့တောလည်ထွက်ရင်း တောထဲမှာနေတဲ့ခင်မြနဲ့တွေ့တယ်တဲ့၊ ခင်မြက ရုပ်ကလည်း ချောတယ်ဆိုတော့ သူကြီးသားနဲ့ ဖြစ်ကြပါရောဗျာ၊ နောက်တော့ သူကြီးကလည်း သူ့သားကို ခင်မြနဲ့ပေးစားလိုက်တာပေါ့၊ ပေးစားပြီးနောက်ပိုင်း သူကြီးသေသွားတယ်၊ ရွာကလူတွေပြောကြတာကတော့ သူကြီးကို ခင်မြက ပြုစားပြီး သတ်ပစ်လိုက်တာတဲ့”
မောင်စံနဲ့အတူပါလာတဲ့တစ်ယောက်က ထောက်ခံတယ်။
“သူကြီးသေသွားတော့ သူကြီးသားသုံးယောက်ကိုလည်း ရွာမှာ မနေနိုင်အောင် မောင်းထုတ်လိုက်ပြီးတော့ ခင်မြက သူ့ယောက်ျားကို သူကြီးအဖြစ်တင်ခဲ့တာပဲဗျာ၊ သူ့ယောက်ျားက သူကြီးဖြစ်ပေမယ့် ခင်မြပြောသမျှစကားတိုင်းကို လိုက်နာပြီးနေရတာပေါ့၊ ဒါကြောင့် ကျုပ်တို့ရွာထဲမယ် သူကြီးနာမည်အရင်း သာမောင်ဆိုတာ ပျောက်ပြီးတော့ သူ့ကို သီပေါကိုယ်တော်လေးလို့ပဲ ခေါ်ကြတာ”
ကျုပ်လည်း ထပြီးရယ်မိတော့တယ်ဗျာ၊ ရယ်ချင်စိတ်ကို ထိန်းထားလို့မှ မရတော့တာဗျ။
“ဟား၊ ဟား သမိုင်းမှာ သီပေါမင်း မိန်းမကြောက်တယ်ဆိုတာ အခုတော့ကိုယ်တွေ့မြင်ဖူးပြီဟေ့၊ မင်းတို့သူကြီး ဒီနာမည်ရတာ အံကိုက်ပဲကွ”
မောင်စံက ကျုပ်ကိုမျက်စောင်းထိုးတယ်ဗျ။
“ဒီထက်ပိုဆိုးတာပေါ့၊ ကျုပ်တို့ကိုလည်း သူတို့က အလှူလုပ်မယ်ဆိုပြီးတော့ ခေါ်ကျွေးပြီး အပင်းတွေထည့်ထားတယ်၊ ခင်မြကိုယ်တိုင်က ထုတ်ပြောတယ်ဗျ၊ သူခိုင်းတာမလုပ်ဘူးဆိုရင် သူက ကျုပ်တို့ဗိုက်ထဲက အပင်းကိုအသက်သွင်းပစ်လိုက်မယ်တဲ့၊ ဒါဆိုရင် ဒီအပင်းကြောင့် ကျုပ်တို့တွေ အသေဆိုးနဲ့သေရမယ်တဲ့”
ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း
“ငါသိပြီ၊ ဒါဆိုမင်းတို့တတွေလည်း ခင်မြခိုင်းတဲ့အတိုင်း လိုက်လုပ်နေကြရတာပေါ့”
“ဒါပေါ့ဆရာကြီးရာ၊ ကျုပ်တို့ရွာကလူတွေလည်း သူကြီးထက် ခင်မြကိုပဲကြောက်နေကြရတာ၊ အထက်လမ်းဆရာကြီးတွေလာတယ်ဆိုရင် သူက မရရတဲ့နည်းနဲ့ မောင်းထုတ်တာပဲ၊ ရွာကိုအဝင်မခံဘူး၊ အခုလည်း ဆရာကြီးတို့ ကားပေါ်ကဆင်းလာတာမြင်ကတည်းက ကျုပ်တို့က ဘိုးတော်ကြီးတွေလား အထက်လမ်းဆရာကြီးတွေလားဆိုပြီးတော့ သိပြီးသားပါ၊ လုပ်ပါဆရာကြီးရယ်၊ ကျုပ်တို့ကိုကယ်ပါ၊ ကျုပ်တို့ရွာကို ကယ်တင်ပေးပါ”
ဦးအောင်ရှိန်က ဦးဘသာကိုကြည့်တယ်ဗျ၊ ဦးဘသာကလည်း ခေါင်းညိတ်လိုက်ပြီးတော့
“လုပ်စမ်းပါ အောင်ရှိန်ရ၊ သူတို့ကိုမင်းကယ်တင်ပေးလိုက်စမ်းပါ”
ဦးအောင်ရှိန်က မောင်စံကိုအရှေ့တိုးခိုင်းပြီးတော့ မောင်စံရဲ့ရင်ဘတ်ကို သူ့လက်ဝါးနဲ့ လေးငါးချက်ပွတ်ရင်း ပါးစပ်က ဂါထာတွေရွတ်နေတယ်၊ ပြီးတော့ သူ့လက်ကိုဖြန့်လိုက်တဲ့အချိန်မှာ ပေရွက်လိပ်ကလေးတစ်ခု လက်ထဲမှာပါလာတယ်ဗျ၊ ပေရွက်လိပ်ကလေးက သေးသေးလေးပါဗျာ၊ လက်တစ်ဆစ်လောက်ပဲရှိမယ်၊ သေးသေးကျစ်ကျစ်ကလေးပါ။ ကျုပ်တို့အားလုံးလည်း အံ့သြနေကြတာပေါ့ဗျာ၊ ဦးအောင်ရှိန်က ဦးဘသာကိုကြည့်လိုက်ပြီးတော့
“နောက်တစ်ယောက်ကိုတော့မင်းပဲလုပ်ပေးလိုက်စမ်းပါ”
ဦးဘသာကလည်း နောက်တစ်ယောက်ကို သူ့အရှေ့မှာထိုင်ခိုင်းပြီးတော့ ရင်ဘတ်ကိုလက်ညှိုးနဲ့ သုံးပတ်လောက်အဝိုင်းပုံစံလုပ်လိုက်ပြီး အဲဒီလက်ညှိုးကို လည်ပင်းဆီကိုတဖြည်းဖြည်းဆွဲတင်လိုက်တယ်၊ မကြာပါဘူး အဲဒီလူအန်ချင်သလိုလိုဖြစ်ပြီးတော့ ဝေါ့ခနဲထိုးအန်တာပဲ၊ အန်လိုက်တော့ ဘာမှမထွက်ပါဘူး၊ လေတွေပဲထွက်လာပြီးတော့ ပါးစပ်ထဲကနေ ပေရွက်လိပ်ကလေးတစ်ခုထွက်လာပြန်ရော၊ ဦးဘသာက မြေပေါ်က ပေရွက်လိပ်ကလေးကိုကြည့်ပြီး
“အဲဒီပေရွက်လိပ်ကလေးက ဘာဖြစ်သွားမလဲဆိုတာ မင်းတို့ကြည့်ချင်သလား”
ကျုပ်တို့လည်း ခေါင်းညိတ်တာပေါ့ဗျာ၊ ဦးဘသာက ပေရွက်လိပ်ကလေးကို လက်ညှိုးထိုးလိုက်တော့ ပေရွက်လိပ်ကလေးက တဖြည်းဖြည်းရှည်ထွက်လာပြီးတော့ နှစ်ဖက်ချွန်ထားတဲ့ ဝါးချွန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတာဗျို့၊ ဝါးချွန်ကြီးက တစ်တောင်လောက်ရှိပြီး ထိပ်ရောဖင်ရော နှစ်ဖက်စလုံးကို ချွန်နေအောင်လုပ်ထားတာဗျ၊ မောင်စံတို့နှစ်ယောက် ဝါးချွန်ကြီးကိုကြည့်ပြီး ထိတ်လန့်နေကြတာပေါ့။
“ခင်မြက မင်းတို့သူခိုင်းတာမလုပ်ရင် ဒီအတိုင်းလုပ်မှာပဲ၊ ပေရွက်လိပ်ကလေးကနေ ဒီလောက်ဝါးချွန်ကြီးအဖြစ်ပြောင်းသွားရင် မင်းတို့ဘယ်လောက်ခံစားရမလဲဆိုတာ တွေးသာကြည့်ပေတော့”
မောင်စံတို့အတော်ကြောက်လန့်သွားကြတာဗျ၊
“ဒါဆို ဆရာကြီးတို့ ကျုပ်တို့ကိုကယ်တင်ပါ”
“ကောင်းပြီလေ၊ ဒါဆို ငါတို့ကိုလွှတ်ပေးစမ်း၊ အဲဒီခင်မြဆိုတဲ့ဟာမနဲ့ တွေ့ကြသေးတာပေါ့”
မောင်စံတို့က ကျုပ်တို့ကိုလွှတ်ပေးပြီးတော့ အုတ်တိုက်ထဲကနေထွက်လာကြတယ်ဆိုရင်ပဲ ကျုပ်တို့အရှေ့ကို မခင်မြက လွှားခနဲပြုတ်ကျလာတာဗျ၊ ပြီးတော့ ကြောက်စရာကောင်းတဲ့ ရယ်သံကြီးနဲ့ရယ်တယ်။
“ဟား၊ ဟား၊ နင်တို့အဆင့်လောက်နဲ့ ငါ့ပညာကိုစမ်းချင်တာလား”
ဦးအောင်ရှိန်က သူ့တောင်ဝှေးကြီးကို မြေမှာဆောင့်ချရင်း
“ဟဲ့ခင်မြ၊ စုန်းမ၊ နင်ရွာသားတွေအကုန်လုံးကို ဒုက္ခပေးပြီးတော့ နင့်စိတ်တိုင်းကျ လုပ်ချင်တိုင်းလုပ်နေတာကို နင်ရပ်တန်းကရပ်လိုက်စမ်း”
ခင်မြက ဦးအောင်ရှိန်ကိုကြည့်လိုက်ပြီး
“အောင်မယ်၊ အဘိုးကြီးက လေကျယ်နေသေးတယ်၊ ငါလုပ်ထည့်လိုက်ရ နာတော့မယ်”
ဒီအခါ ဦးဘသာကြီးက ထအော်တယ်။
“ဟဲ့ ခင်မြ၊ နင်လည်းစုန်း၊ ငါလည်းစုန်းပဲ၊ ဒီတော့ငါတို့ပွင့်ပွင့်လင်းလင်းပြောရအောင်၊ နင်လုပ်နေတာတွေကို နင့်ဖာသာနင်ရပ်မလား၊ ဒါမှမဟုတ် ငါတို့ရပ်ပေးရမလား”
“အံမာ၊ ဒီအဘိုးကြီးကလည်း လေကျယ်ပြန်ပြီ၊ ကောင်းတယ်၊ ရှင်တို့နှစ်ယောက် ကျုပ်ကိုမရပ်ပေးခင်၊ ကျုပ်က ရှင်တို့နှစ်ယောက်စလုံးကို အရင်ရပ်ပေးမယ်”
မခင်မြက ဦးအောင်ရှိန်ဆီကို အရင်ပြေးဝင်သွားတာဗျ၊ ဦးအောင်ရှိန်ရဲ့မျက်နှာကို လက်ဝါးနဲ့ရိုက်ဖို့လုပ်နေတုန်းမှာပဲ ဦးအောင်ရှိန်က လက်ဝါးနဲ့ကာထားတော့ အရှေ့ကိုဆက်တိုးလို့မရဘူးဖြစ်နေတာ၊ မခင်မြက တစ်ယောက်ကိုတိုက်လို့မရဘူးဆိုတာနဲ့ ဦးဘသာကြီးဆီကိုပြေးလာပြန်ရော၊ ပြေးတယ်ဆိုလို့ လူပြေးသလိုမဟုတ်ဘူးဗျ၊ ခြေထောက်တွေက သိပ်မလှုပ်ဘဲနဲ့ လှစ်ခနဲ၊ လှစ်ခနဲပြေးသွားတာကိုပြောတာ။ ဦးဘသာကိုလည်း လက်နဲ့ပုတ်မယ်လုပ်တော့ ဦးဘသာက ချောင်းတစ်ချက်ဟန့်လိုက်တာနဲ့ မခင်မြက အနောက်ကိုအူယားဖားလျားနဲ့ ပြေးဆုတ်လိုက်တယ်ဗျ၊
မခင်မြက တိုက်စစ်ပြောင်းသွားတယ်၊ ဦးဘသာနဲ့ ဆရာကြီးရှိန်ကို တိုက်လို့လည်းမရရော၊ ကိုရင်မောင်ကို ပြေးပြီးတိုက်တယ်ဗျ၊ ကိုရင်မောင်ခေါင်းကို လက်နဲ့ရိုက်ချမလို့ရှိသေးတယ်၊ ဟိုက ပုတီးနဲ့သူ့ကို ရိုက်ထည့်လိုက်တော့ လွင့်ထွက်သွားပါရောလား၊ ဒါနဲ့ကျုပ်ဘက်လှည့်လာတာပေါ့၊ ကျုပ်ကလည်း ဘာမှမတတ်တဲ့သူဆိုတော့ ကြောင်ပြီးကြည့်နေလိုက်တာပေါ့ဗျာ၊ မခင်မြက ကျုပ်ခေါင်းကိုလက်နဲ့အုပ်ကိုင်ပြီးတော့ သူ့ပညာတွေထည့်တယ်ထင်တာပဲ၊ ကျုပ်ခေါင်းကြီးက တဖြည်းဖြည်းလေးလာတာဗျ၊ ဦးဘသာက မြန်တယ်ဗျ၊ မခင်မြဇက်ပိုးကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တာ၊ မခင်မြလည်း ဆယ်လံလောက်အထိ လွင့်ထွက်သွားတာဗျာ။
ဒီလောက်နဲ့ ဘယ်ပြီးပါ့မလဲဗျာ။ မခင်မြက လက်ဝါးကိုဖြန့်လိုက်ပြီးတော့ စက်တွေနဲ့ လှမ်းပစ်ထည့်တာဗျ။ သူ့လက်ဝါးထဲကနေ မီးပွားတွေလိုမျိုး အလင်းရောင်ကလေးတွေက တဖွားဖွားနဲ့ထွက်လာပြီး ဦးအောင်ရှိန် ကြီးကိုရော ဦးဘသာကြီးဆီကိုပါ သွားထိပါရော။ ဦးအောင်ရှိန်က တစ်ချက်မန်းပြီး လက်နဲ့ကာလိုက်တာနဲ့ မီးပွားတွေက ရှဲခနဲ ငြိမ်းသွားပါရောဗျာ။
ဦးဘသာကတော့ သူ့ဆီလာတဲ့ စက်တွေကို ပုဆိုးအနားစနဲ့ ခတ်ထုတ်လိုက်တော့ မီးပွားလေးးတွေလို လင်းနေတဲ့ စက်တွေက လေဝေ့သလိုဖြစ်ပြီးတော့ မခင်မြဆီကို ပြန်လှည့်သွားရောဗျာ။
မခင်မြလည်း အလစ်ခံလိုက်ရလို့ဖြစ်မယ်။ သူ့စက်တွေကို သူပြန်မကာနိုင်ဘဲနဲ့ ကမန်းကတမ်း အနောက်ကိုပြေးဆုတ်ရင်းရှောင်လိုက်ရတယ်။
နောက်တော့ ဦးဘသာကြီးကို လှည့်ကြည့်ပြီးတော့ မျက်စောင်းကြီးထိုးနေတာ၊ တကယ်တမ်းလည်း သူမနိုင်မှန်းလည်းသိရော မခင်မြက ပြေးဖို့လုပ်တာပဲဗျ၊ မခင်မြက လေပေါ်ကိုခုန်တက်လိုက်တာနဲ့ ဆံပင်လုံးကြီးလို အလုံးကြီးဖြစ်သွားပြီးတော့ လေပေါ်ပျံပြေးတာပဲ၊ ဦးဘသာက လက်ညှိုးနဲ့ထိုးလိုက်တော့ မိုးပေါ်ကနေ ဖုတ်ခနဲမြေပေါ်ကို ပြုတ်ကျလာခဲ့တာဗျ၊ မြေပေါ်ရောက်တော့မှ ဆံပင်လုံးကြီးကနေ လူဖြစ်သွားတယ်၊ တစ်ခါ မြေကြီးထဲကို ဒိုင်ဗင်ထိုးသလိုခုန်ချပြီးတော့ ပျောက်သွားပြန်ရော။
ဦးဘသာက မြေကြီးကိုဖနောင့်နဲ့ဆောင့်ချလိုက်တော့ မခင်မြက အသံအကျယ်ကြီးနဲ့အော်ပြီးတော့ ဦးဘသာခြေရင်းမှာ ပေါ်လာရောဗျာ၊ ဦးဘသာကြီးက မခင်မြရဲ့ဆံပင်အရှည်ကြီးကို ခြေထောက်နဲ့ဖိနင်းထားလျှက်သားကြီးဗျ၊ မခင်မြလည်း မနေနိုင်တော့ လက်အုပ်ချီပြီး ကန်တော့တာပါပဲ။
“ကျုပ်တောင်းပန်ပါတယ်ဆရာကြီးရယ်၊ ကျုပ်ကိုလွှတ်ပေးပါ”
“ပြောစမ်း၊ စုန်းမ၊ နင်ငါတို့နဲ့ အငြိုးအတေးမရှိဘဲ ဘာလို့ငါတို့ကိုရန်မူသလဲ”
“ဆရာကြီးတို့က ရေအေးကွင်းရွာမှာ ကျုပ်ရဲ့တပည့်တစ်ယောက်တစ်ယောက် စားချင်သောက်ချင်လို့ ပူးကပ်တာကို ရေနွေးတွေတိုက်ပြီးတော့ နှင်ထုတ်ခဲ့ကြတယ်လို့ပြောပါတယ်”
ဒီတော့မှ ကျုပ်လည်းဇာတ်ရည်လည်သွားတော့တာ၊ လတ်စသတ်တော့ ရေအေးကွင်းရွာက စုန်းထီးက သူ့ရဲ့တပည့်ဆိုပဲဗျ။
“အေး၊ သူတို့စပြီး ဒုက္ခမပေးရင် ငါကလည်း ဒုက္ခမပေးပါဘူး၊ အခုဒီရွာကို နင်လုပ်ထားတာကို နင်ပြန်သိမ်းပေးမယ်ဆိုရင် နင့်ကိုငါလွှတ်ပေးမယ်”
“ထုတ်ပေးပါ့မယ်ဆရာကြီးရယ်၊ သိမ်းပေးပါ့မယ်”
မခင်မြက ကန်တော့ပြီးတော့ ဦးဘသာက ဆံပင်ကိုခြေထောက်နဲ့မပေးလိုက်တာနဲ့ မြေကြီးထဲဝင်ပြီး ပျောက်သွားတော့တာပါပဲ၊ ကျုပ်တို့အားလုံး ညလယ်ကြီးမှာ အံ့အားသင့်ပြီးကျန်ခဲ့တာပေါ့ဗျာ။
ရွာက မခင်မြလုပ်ထားတဲ့သူတွေလည်း ထိုးထိုးအန်လိုက်ကြတာဗျာ၊ ဒီလိုနဲ့မနက်လင်းတာနဲ့ တစ်ရွာလုံးမှာထည့်ထားတဲ့ အပင်းတွေအကုန်ကုန်သွားပါတယ်ဆိုပါစို့၊ မနက်လင်းတော့သူကြီးက ငူငူငိုင်ငိုင်ကြီးနိုးလာတယ်ဗျ၊ သူ့မိန်းမမတွေ့တော့ ဘာလုပ်တယ်မှတ်သလဲဗျာ၊ ချုံးပွဲချပြီးတော့ ငိုတော့တာပါပဲ။
တကယ်တော့ သူကြီးက သူ့မိန်းမဘာဆိုတာကို မသိဘူးတဲ့ဗျ။ မခင်မြနဲ့ ညားပြီးကတည်းက မခင်မြကသူ့ကိုပြုစားထားလို့ ဘာကိုမှမမြင်နိုင်ဘဲ ဖြစ်နေတာတဲ့ဗျာ။
မခင်မြကလည်း နှယ်နှယ်ရရမဟုတ်ဘူးတဲ့ဗျ။ မြေလျှိုး မိုးပျံလို့ရတဲ့ ကဝေပျံတစ်ယောက်တဲ့။
အဲဒီတစ်ညကတော့ အချုပ်အုတ်တိုက်ထဲမှာပဲ အချိန်ကုန်ခဲ့ရတဲ့ ညပါဗျာ၊ အားလုံးပြီးသွားတော့ မနက်မိုးလင်းတော့မယ်လေဗျာ၊ ကျုပ်တို့လည်း မင်းရွာကနေထွက်လာပြီးတော့ ကားဂိတ်ကိုဆင်းခဲ့ရတာပေါ့၊ အဲဒီကနေပြီး ကျုပ်တို့ ဦးအောင်ရှိန်တို့ရွာကလေးဆီကို ခရီးဆက်ခဲ့ရတာပေါ့ဗျာ။
ဒါနဲ့ ပြောပြရအုံးမယ်၊ အဲဒီမခင်မြက အဲဒီနယ်မှာ ဆရာမကြီးတဲ့ဗျာ၊ တပည့်တပန်းလည်းများတယ်ဆိုပဲ၊ မခင်မြက သူ့ကိုအနိုင်ယူသွားတဲ့ ဦးဘသာကို ဘယ်ကျေနပ်မလဲပေါ့ဗျာ၊ ဒါနဲ့ အငြိုးထားကြတာပေါ့၊ အဲဒီနယ်ဘက်မှာ ခုနစ်စင်ကြယ်ညီအမဆိုပြီး နာမည်ကြီးသတဲ့၊ စုန်းမခုနစ်ယောက်ပေါ့ဗျာ၊ အဲဒီအထဲမှာ မခင်မြက တစ်ယောက်အပါအဝင်ပေါ့၊ နောက်ပြောပြမယ့်အကြောင်းကတော့ အဲဒီခုနစ်စင်ကြယ် ညီအမတွေနဲ့ ဦးဘသာတစ်ယောက်နဲ့ ပညာပြိုင်တဲ့အခန်းတွေပေါ့။
ပြီးပါပြီ။