(၁)
အချိန်က ၁၉၇၀ ခုနှစ်ဝန်းကျင်။ လိပ်ကုန်းရွာကလေးက အထက်အညာတွင်တည်ရှိသည်။ ရွာကလေးမှာ လိပ်ကျောကုန်းသဏ္ဍာန် ကုန်းကမူကလေးပေါ်တွင် တည်ထားသဖြင့် လိပ်ကုန်းဟု အများကခေါ်ကြသည်။ အိမ်ခြေ ၁၀၀ ကျော်ရှိသည်။ ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည်။ ထန်းလုပ်ငန်းကိုလဲ တော်တော်များများလုပ်ကိုင်သည်။ ထန်းရည်ချခြင်း၊ ထန်းညက်ကျိုခြင်း၊ ထန်းလက်များ၊ ထန်းကြောများဖြင့် လူ့အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ကြပြီး ရောင်းချခြင်းဖြင့်လဲ အသက်မွေးကြသူများသည်။
အသံနက်ကြီးဖြင့် အော်ရင်း ရွာလယ်လမ်းတွင် ကိုင်းခုတ်ဓါးကြီးကိုင်ပြီး အပြေးတစ်ပိုင်းဖြင့် လမ်းလျှောက်လာသူက အေးချမ်းဖြစ်သည်။ နာမည် စီးသဖြင့်လားမပြောတတ် သူက ဘယ်တော့မှ မအေးချမ်းပေ။ အေးချမ်းက ထန်းတက်သည်။ ထန်းလျက်ဖိုပိုင်သည့် လူမိုက်။ ထန်းရေမူးလျှင် သွေးဆိုးသည်။ ထန်းရေမသောက်လျှင် သူ့အလုပ်သူ အေးအေးဆေးဆေးလုပ်နေတတ်သည်။ ထန်းရေဝင်သွားလျှင်တော့ ပြဿနာကို ကြံဖန်ရှာတတ်သည်။
နွေနေက ပူပြင်းလှသည်။ တန်ခူးလ နှောင်းနေပြီ၊ ရွာလယ်လမ်းကြီးကလဲ ဖုန်လမ်းကြီးဖြစ်နေသည်။ အေးချမ်းက လဲ အပြေးတစ်ပိုင်းလမ်းလျှောက်လာသဖြင့် ဖုန်လုံးတွေက ထနေသည်။ ရွာလမ်းဘေး အရိပ်ရသော အပင်ကြီးများအောက်တွင် ထိုင်ပြီး အပူရှောင်နေသူများ၊ အတင်းတုပ်နေကြသော ရွာမှ မိန်းမကြီးများက အေးချမ်းလမ်းလျှောက်လာသည်ကို မြင်သည်နှင့် အိမ်ထဲ ခြံထဲသို့ အလိုလိုရှောင်ပြေးကြသည်။
အေးချမ်းက အဲ့သလောက်ထိ သွေးဆိုးသည်။ ရွာက ဘယ်သူမှ အေးချမ်းနှင့် ဖက်မဖြစ်ချင်ကြ။ ယုတ်စွအဆုံး အလှူခံရှိလျှင်တောင် အေးချမ်း အရက်မသောက်ထားသည့်အချိန်သွားပြီး အလှူခံကြရသည်။ အခုလည်း ထန်းတောတွင် တင်အေးဆိုသူက အေးချမ်းထန်းရည်မကောင်းကြောင်း ပြောသည်ဟု ထန်းရည်သမားများဆီက သတင်းရသဖြင့် တင်အေး အိမ်သို့ လာခြင်းဖြစ်သည်။
“ဟေ့ တင်အေး ထွက်ခဲ့လေကွာ၊ မင်းငါ့ထန်းရည် ကောင်းမကောင်းသိရအောင် မင်းလျှာကို ဖြတ်ပြီး ငါ့ထန်းတောထဲခေါ်သွားမလို့”
အေးချမ်းက တင်အေးခြံရှေ့မှ ကြိမ်းဝါးနေသည်။ တင်အေး အိမ်ကတော့ ငြိမ်သက်နေသည်။ အေးချမ်းက ဒေါ်သထွက်ပြီး ခြံရှေ့ရှိ တမာပင်ကြီးကို ဓါးဖြင့် တဒုတ်ဒုတ် ခုတ်နေသည်။
“ထွက်ခဲ့စမ်းပါ မင်းယောက်ျားမဟုတ်ဘူးလား”
အေးချမ်းကပြောလိုက်သည်။ တင်အေးက အိမ်ထဲတွင် ပုန်းအောင်းနေသည်။ တင်အေးမိန်းမက ပြတင်းပေါက်ကိုဖွင့်လိုက်သည်။
“ကိုတင်အေး မရှိဘူး ကိုအေးချမ်းရေ၊ အဲဒီစကားကလဲ ကိုတင်အေးက ထန်းရေမူးပြီး လျှောက်ပြောတာပါ”
“အောင်မယ် နင့်ယောက်ျားက နင့်ကိုအဲ့သလို ပြောဖို့သင်ပေးထားသလား”
“မဟုတ်ပါဘူး ကိုအေးချမ်းရဲ့”
“ထုတ်လိုက် နင့်ယောက်ျားကို အခုထုတ်လိုက် ငါနဲ့ စာရင်းရှင်းမယ်”
“ဟေ့ကောင် အေးချမ်း တော်တော့”
အေးချမ်းက အသံလာရာလှည့်ကြည့်လိုက်တော့ သူကြီးနှင့် ဆယ်အိမ်ခေါင်းအပြင် ကာလသား ၂ ယောက် ၃ ယောက်ပါသေးသည်။ ပူပြင်းလှသည့် အညာနွေကြီးတွင် သူတို့က ရပ်နေကြသည်။
“မင်းတင်အေးနဲ့ ရှင်းချင် ငါ့အိမ်လာရှင်း ငါ့ရွာထဲမှာတော့ တုတ်တစ်ပြက် ဓါးတစ်ပြက်မလုပ်နဲ့”
သူကြီးကပြောလိုက်သည်။ အေးချမ်းက ရယ်လိုက်သည်။
“ငါ့ရွာ . . . . ဟုတ်လား၊ သူကြီးရာ ခင်ဗျားကို ဘယ်ဘုရင်က ဒီရွာကို အပိုင်စားပေးထားလို့လဲ”
အေးချမ်းက သူကြီးကိုခနဲ့ရင်းပြောလိုက်သည်။
“တောက် အေးချမ်း မင်းကွာ . . . မင်းဓါးကို ချရင်ချ၊ မချရင် မင်းကိုငါ ရဲခေါ်ဖမ်းမယ်”
“လုပ်လိုက်လေဗျာ ရဲလာတော့လဲ အချုပ်ထဲ သွားအိပ်ရတာပေါ့”
အေးချမ်းက ပြောဆိုလိုက်သည်။
“ကဲ ဆယ်အိမ်ခေါင်းတို့ ဒီကောင့်ကို ရအောင်ဖမ်း”
ဆယ်အိမ်ခေါင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် လွယ်ထားသော ငှက်ကြီးတောင်ဓါးကို ထုတ်လိုက်လေသည်။
“ကောင်းတယ်၊ အေးချမ်းတို့က ဒါမျိုးကိုစောင့်နေတာ”
အေးချမ်းကပြောလိုက်ရင်း ကိုင်းခုတ်ဓါးကြီးကို အသင့်ပြင်လိုက်သည်။ ဆယ်အိမ်ခေါင်းကလဲ အေးချမ်းကို ဓါးဖြင့် ဝင်ခုတ်သည်။ အေးချမ်းဓါးနှင့် ဆယ်အိမ်ခေါင်း၏ ဓါးတို့ အသွားချင်းထိပြီး မီးပွားတွေပါ ထွက်လာသည်။ ရွာမှ လူများလဲ ထွက်လာကြသည်။ နွေခေါင်ခေါင် နေပူကြီးထဲတွင် အေးချမ်းနှင့် ဆယ်အိမ်ခေါင်းတို့ ဓါးခုတ်နေသည်ကို လူများက ဝိုင်းကြည့်နေကြလေသည်။
သို့သော် အမူးသမားအေးချမ်းက ဆယ်အိမ်ခေါင်း၏ သိုင်းကိုလုံးဝမယှဉ်နိုင်။ ဆယ်အိမ်ခေါင်းက အေးချမ်းဓါးကိုင်လက်အား လက်ကောက်ဝတ်ကနေတွန်းကာ ဓါးကိုခါထုတ်လိုက်သည်။ ထို့နောက် အေးချမ်းဇက်ပိုးကို ဓါးနှောင့်နှင့်ထုပြီး အေးချမ်းအရှိုက်ကို ဒူးဖြင့်ဆီးတိုက်ပစ်လိုက်သည်။ အေးချမ်းသည် ဖုန်တောကြီးထဲသို့ ပက်လက်လန်ပြီးကျသွားသည်။
“ဒီကောင့်ကို ဖမ်းပြီး ထိတ်တုံးခတ်၊ သုံးရက်နေလှန်းမယ်”
သူကြီးက ပြောလိုက်လေသည်။ အေးချမ်းကိုလဲ ကာလသားများက ကြိုးများဖြင့် တုပ်လိုက်လေသည်။ အေးချမ်းက မတ်တပ်မရပ်နိုင်။ အေးချမ်းကို ကာလသားများက တရွတ်တိုက်ပြီးဆွဲခေါ်သွားလေသည်။
အခန်း (၂)
“သား”
ဒေါ်ဂျမ်းတစ်ယောက် ဖိနပ်မပါဘာမပါဘဲ နေပူကြီးထဲ ပြေးလာလေသည်။ ထို့နောက် ကြိုးဖြင့်တုတ်ပြီးဆွဲခေါ်နေသော သူ့သား အေးချမ်းကို ကြည့်လိုက်လေသည်။ ထို့နောက် ရှေ့ကသွားနေသော သူကြီးရှေ့တွင် ရပ်လိုက်လေသည်။
“သူကြီးရယ် ထိတ်တုံးခတ်ပြီး နေပူမလှန်းပါနဲ့၊ ကျွန်မသားလေးကို တစ်ခါလောက်တော့ ခွင့်လွှတ်ပေးလိုက်ပါ”
“ဒီမယ် ဒေါ်ဂျမ်း ခင်ဗျားဒီလိုလုပ်လာတာများနေပြီး ဒီတစ်ခါမရတော့ဘူး”
“သူကြီးရယ် ကျွန်မသားလေးက ကျွန်မကို လုပ်ကိုင်ကျွေးနေတာပါ။ သူကြီးတို့က သုံးရက်တောင် ထိတ်တုံးခတ်မှတော့ ကျွန်မ ဘယ်လိုလုပ်ပြီး စားသောက်ရတော့မလဲရှင်”
ဒေါ်ဂျမ်းကပြောရင်း လမ်းမကြီးပေါ်ထိုင်ချပြီး ငိုယိုနေသည်။ ရွာထဲမှ လူများကလဲ ဝိုင်းကြည့်နေကြသည်။
“မရဘူးဒေါ်ဂျမ်း ဒေါ်ဂျမ်းတောင်းပန်တိုင်း အေးချမ်းကို ကျုပ်လွှတ်လွှတ်ပေးနေတာ တော်တော်ကြာပြီ”
“သူကြီးရယ် ကျွန်မသားလေးကို ကျွန်မဆုံးမပါ့မယ် ထိတ်တုံးတော့ မခတ်ပါနဲ့”
“မရဘူး ဒေါ်ဂျမ်း ခင်ဗျားသားကို အခုလို အလိုလိုက်နေလို့ ဒီကောင်ပျက်စီးနေတာ”
“သူကြီးရယ် ကျွန်မရှိကြီးခိုးပါတယ် ကျွန်မသားလေးကို ထိတ်တုံးခတ်ပြီး နေသုံးရက်မပြပါနဲ့နော်”
ဒေါ်ဂျမ်းက ပြောရင်း လူကြားထဲ ရှိခိုးဖို့ပြင်နေသည်။ သူကြီးတော့ အခက်တွေ့ပြီ၊ ရွာကလူတွေကလဲ ဝိုင်းကြ့ည့်ပြီး တစ်ယောက်တစ်ပေါက်ပြောနေကြသည်။ ဆယ်အိမ်ခေါင်းက သူကြီးကို တစ်ချက်ကြည့်သည်။ သူကြီးကတော့ ခေါင်းကုတ်လိုက်သည်။
“ကဲ ဆယ်အိမ်ခေါင်း ဒီကောင့်ကို ထိတ်တုံးခတ်ပြီး တစ်နေပြလိုက် ညနေတော့ ပြန်လွှတ်လိုက် ကြားလား”
ဆယ်အိမ်ခေါင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့သူကြီးအိမ်သို့ ဆက်သွားကြသည်။ ဒေါ်ဂျမ်းကြီးလဲ အနောက်ကနေ တကောက်ကောက် လိုက်လာလေသည်။
သူကြီးတို့ အိမ်အနောက်ဖက်တွင် ကွင်းပြင်ကြီးရှိသည်။ သူကြီးက ထိုကွင်းပြင်ကြီးထဲတွင် အေးချမ်းကို ထိတ်တုံးခတ်ထားလိုက်သည်။ အညာနွေက ပူပြင်းလွန်းသည်ကတစ်ကြောင်း ကျနေကြီးဖြစ်နေသည်က တစ်ကြောင်းမို့ အပူရှိန်က အလွန်ပြင်းထန်နေသည်။ ကွင်းပြင်ကြီးက အရိပ်မရှိ၊ အဝေးတွင် တံလျှပ်များထနေသည်။ ဒေါ်ဂျမ်းက အညာသဘက်ကလေးကို မတ်တပ်ရပ်ကိုင်ပြီး သူ့သားအေးချမ်းကို အရိပ်လုပ်ပြီး မိုးပေးနေသည်။ သူကြီးက ကြည့်ရင်း မိဘမေတ္တာဆိုတာ တော်တော်ကြီးမားပါလားဟု တွေးမိနေသည်။ ဒေါ်ဂျမ်းက နေလာသည့်ဖက်ကို ကျောပေး မတ်တပ်ရပ်ကာ အညာသဘက်ကလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ထားရင်း အေးချမ်းကို အရိပ်လုပ်ပေးနေသည်။
“ဒေါ်ဂျမ်း ခင်ဗျားအဲ့သလို မလုပ်နဲ့ဗျာ”
သူကြီးက အိမ်ရှေ့ကနေ လှမ်းအော်ပြောလိုက်သည်။
“အိုဘာဖြစ်လဲ သူကြီးက ကျွန်မသားကို နေလှန်းတာမဟုတ်လား ကျွန်မက အရိပ်ပေးတယ် ဘာဖြစ်လဲ” ဒေါ်ဂျမ်းက ပြန်အော်လေသည်။
“ခင်ဗျားသားက လူငယ်၊ ခင်ဗျားက အသက်ကြီးပြီ ဒီနေပူနဲ့ ခင်ဗျားလဲသွားလိမ့်မယ်သိလား” သူကြီးကအော်လေသည်။
“အိုတော် ကျုပ်ဟာကျုပ်ဘာဖြစ်ဖြစ် သူကြီးနဲ့ မဆိုင်ပါဘူး” သူကြီးက ရေနွေးတစ်ခွက်ကို ငှဲ့လိုက်ရင်း ဆယ်အိမ်ခေါင်းကိုကြည့်လိုက်သည်။
“ကဲ ဆယ်အိမ်ခေါင်းရေ သူတို့သားအမိကို ပြန်လွှတ်လိုက်ပါတော့ တော်ကြာအဘွားကြီး တစ်ခုခုဖြစ်နေမှ ကျုပ်တို့လုပ်လို့ဆိုပြီး နာမည်ပျက်နေဦးမယ်”
သူကြီးကပြောလိုက်ကာ ထိပ်တုံးသော့ကိုပေးလိုက်သည်။ ဆယ်အိမ်ခေါင်းက နေပူထဲသွားကာ ထိပ်တုံးကိုဖြုတ်ပေးလိုက်သည်။ ဒေါ်ဂျမ်းကတော့ သူကြီးကို တစ်ချက်လှည့်ကြည့်ပြီး ဒယိမ်းဒယိုင်ကြီး လမ်းလျှောက်နေသော အေးချမ်းကို မနိုင့်တနိုင်နှင့် တွဲခေါ်သွားပါတော့သည်။ သူကြီးလဲ သူတို့သားအမိကိုကြည့်ပြီး ရေနွေးတစ်ခွက်ကို မေ့သောက်လိုက်ကာ ခေါင်းကိုဖြေးညှင်းစွာ ခါလိုက်ပါတော့သည်။
အိမ်ရောက်တော့ အေချမ်းက အိမ်ရှေ့တွင် လှဲအိပ်လိုက်သည်။ အေးချမ်းတို့ အိမ်ကလေးမှာ ရွာစွန် ထန်းတောအနီးတွင် တည်ရှိသည်။ သူ့ဖခင်မှာ ထိုထန်းတောများကိုပိုင်ခဲ့သည်။ ယခု ဖခင်မရှိတော့ ထန်းလုပ်ငန်းများကို အေးချမ်းက ဦးစီးပြီးလုပ်ကိုင်နေရသည်။ အေးချမ်းတို့အိမ်ကလေးမှာ ထန်းလက်မိုး၊ ထန်းလက်ကာဖြစ်သည်။ အေးချမ်းက မူးနေသည်ကတစ်ကြောင်း၊ ဆယ်အိမ်ခေါင်းလက်စာ မိထားသည်ကတစ်ကြောင်းမို့ ထိုးအိပ်ပြစ်လိုက်လေသည်။ ဒေါ်ဂျမ်းကတော့ အေးချမ်းကို ရေပတ်တွေတိုက်ပြီး ဒဏ်ရာများကိုလဲ ကြပ်ထုပ်ထိုးပေးလေသည်။
အခန်း (၃)
အေးချမ်းနောက်တစ်နေ့ လုပ်ငန်းများပြန်လုပ်သည်။ မနက်ပိုင်းထန်းတက်ပြီး ပြန်ဆင်းလာတော့ စိုးစိုးတို့က ရောက်ပြီး ထန်းလျက်ဖိုမှာ မီးတွေမွှေးနေပြီဖြစ်သည်။ အေးချမ်းတို့က ထန်းလျက်ဖိုနှင့် ထန်းလျက်ချက်သည်မို့ ရွာထဲမှ လူများက လာရောက်လုပ်ကိုင်ကြသည်။ ပြီးနောက် ထန်းလျက်ဖြစ်သည့်အခါတွင် သူတို့ရရန်ရှိသည့် ဝေစုကို ယူကြလေသည်။ အေးချမ်းတို့က ပိုက်ဆံသက်သက်ထပ်ပေးစရာမလိုတော့။
“ဟာ တို့မုဆိုးမ ထန်းလျက်ဖိုက လုပ်ငန်းစတော့မယ်ပေါ့”
အေးချမ်းက ရေအိုးမှ ရေတစ်ခွက်ကို မော့သောက်ရင်းပြောလိုက်သည်။ သူတို့ ထန်းလျက်ဖိုကို ရွာမှလူများက မုဆိုးမ ထန်းလျက်ဖိုဟု ခေါ်ကြသည်။ လာရောက် လုပ်ကိုင်ကြသူများမှာ အများအားဖြင့် မုဆိုးမများ၊ ရွာထဲမှ အသက်ကြီးကြီးမိန်းမများလဲ ပါဝင်ကြသည်။
“ဟေ့ ဒီမှာ အပျိုလေးလဲ ရှိပါတယ်နော်”
စိုးစိုးကပြောလိုက်သည်။ ထို့နောက် အေးချမ်းကို မျက်စောင်းထိုးလိုက်သည်။ အေးချမ်းက စိုးစိုးပြန်ပြောမည်ကိုသိ၍ တမင်ပြောလိုက်ခြင်းဖြစ်သည်။
စိုးစိုးက အေးချမ်းထက် ငါးနှစ်ခန့်ငယ်သည်။ အေးချမ်းအမေ ဒေါ်ဂျမ်းကြီးနှင့် အလွန်ခင်သည်။ စိုးစိုးအမေကလဲ ဒေါ်ဂျမ်းနှင့် ငယ်သူငယ်ချင်းတွေမို့ ယုံကြည်သည်။ စိုးစိုးတို့မှာ ဆင်းရဲသည်။ အေးချမ်းတို့ထံ ထန်းလျက်လာချက်ပြီး ထန်းလျက်များဝေစုရလေသည်။ ထို့နောက် ထန်းလျက်များကို ဒိုင်များတွင် ပြန်ရောင်းချရလေသည်။
စိုးစိုးနဲ့ အေးချမ်းနဲ့က အလွန်ခင်သည်။ မောင်နှမတွေလိုခင်ကြသည်။ အေးချမ်းကတော့ စိုးစိုးကို မောင်နှမထက်ပိုခင်ချင်သည်။ သို့သော် သူက လူမိုက်၊ စိုးစိုးအမေက လက်ခံပါ့မလားဟု အမြဲတွေးဖြစ်သည်။ ကြမ်းတမ်းသည့် သူ့ဘဝထဲကို စိုးစိုးကို မခေါ်ချင်သည်ကတော့ အမှန်။ သို့သော် တစ်ခါတစ်လေတော့လဲ စိုးစိုးကို ပိုင်ဆိုင်ရဖို့ အတွေးတွေ ဝင်တတ်သည်။ သူက အခုဆို ၂၇ နှစ်ထဲရောက်နေပြီ၊ စိုးစိုးကတော့ ၂၃ လောက်သာရှိမည်။
“ကိုကြီး ထန်းရည်တွေ သောက်နေပြီလား စောစောစီးစီး”
စိုးစိုးက ထန်းလျက်တည်မည့် ဒယ်ကြီးကို သယ်ရင်းပြောလိုက်သည်။ အေးချမ်းက ထန်းတက်အလုပ်ပြီးသဖြင့် ထန်းရည်အိုးလေးချပြီး ထန်းဖိုကြီးအနီး ချောင်လေးတစ်ခုတွင် ခိုနေပြီ။
“နင်ကလဲ မသိတာကျနေတာပဲ၊ ထန်းရည်က ငါ့အတွက် ဆေးဟ”
အေးချမ်းကပြောလိုက်သည်။ စိုးစိုးက အေးချမ်းအနားကို လျှောက်လာသည်။ ထို့နောက် လက်ထဲမှ အထုပ်ကလေးကို ပစ်ပေးလိုက်သည်။ သတင်းစာ စက္ကူဖြင့် ကတော့ထိုးပြီး ထုတ်ပိုးထားသော ပဲကြီးလှော်များဖြစ်သည်။
“အမယ် ငါ့ညီမက တယ်လဲ အလိုက်သိတာပါလား၊ ဒါကြောင့် ငါ့ညီမကို ချစ်နေရတာ”
အေးချမ်းကပြောလိုက်သည်။ စိုးစိုးက မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
“ချစ်ရင် အဲ့ဒီအရည်တွေ လျော့သောက်ပေ့ါဗျာ”
“ဟ . . နင်ကလဲ ငါပြောသားပဲ ဆေးပါဆို”
ဟုပြောကာ အေးချမ်းက ခါးပုံစကို အထုပ်ပုံစံလုပ်လိုက်ပြီး ပဲကြီးလှော်တွေကို ခါးပုံစထဲ ထည့်လိုက်သည်။ ထို့နောက် ထန်းရည်ကို ပဲကြီးလှော်နှင့်တွဲပြီး သောက်နေလေသည်။
နေပူသဖြင့် နေ့လည်ထန်းမတက်တော့။ ထန်းရည်များကို ဌက်ပျောဖူးပုလင်းလေးတစ်လုံးထဲ ထည့်လိုက်ပြီး ထထွက်လာခဲ့သည်။ အေးချမ်းက ရွာရိုးကိုးပေါက်လျှောက်ဦးမည်။ မလျှောက်ချင်လဲ အရိပ်ကောင်းသည့် တစ်နေရာတွင် အိပ်ပြီး ထန်းရည်သောက်မည်ဟု တွေးကာ ထွက်ခဲ့သည်။
ရွာထဲမသွားချင်သည်နှင့် ရွာပြင်သို့ထွက်ခဲ့သည်။ ရွာပြင်ယာခင်းများအရောက် တင်အေးကို တွေ့လိုက်ရသည်။ တင်အေးမှာ အရိပ်တစ်ခုတွင် လမ်းကိုကျောပေးလျှက်ထိုင်နေသည်။ ယာခင်းထဲတွင်တော့ တင်အေး၏ တူ၊ တူမများက အလုပ်လုပ်နေကြသည်။ တင်အေးက ယာခင်းထဲကို ကြည့်နေလေသည်။ အေးချမ်းလဲ ဒေါသထွက်သွားသည်။ ထို့နောက် အနီးရှိ ထန်းပင်တစ်ပင်မှ ကျနေသော ထန်းရိုးတစ်ခုအား ကောက်လိုက်လေသည်။ တင်အေးအနားကို အသာလေး ခြေသံလုံလုံဖြင့် ကပ်သွားသည်။
တင်အေးကတော့ အေးချမ်းလာသည်ကိုမသိ အေးအေးလူလူပင်ထိုင်နေသည်။ အေးချမ်းကလဲ တင်အေးဇက်ပိုးကို ထန်းလက်နှင့် ရိုက်လိုက်သည်။ တင်အေးက ဇက်ပိုးကို အရိုက်ခံရသဖြင့် ဝုန်းခနဲ ရှေ့သို့ဟပ်ထိုးလဲကျသွားလေသည်။
“တင်အေး ခွေးသား မင်းနဲ့ငါ အခုစာရင်းရှင်းမယ်”
အေးချမ်းက ထန်းလက်ကြီးကိုင်ပြီးပြောလေသည်။
ထိုစဉ် တင်အေး တူမများက ယာခင်းထဲမှပြေးတက်လာကြသည်။ တင်အေးက စန့်စန့်ကြီးလဲနေသည်။
“ဟေ့ကောင် တင်အေး အိုက်တင်တွေလုပ်မနေနဲ့ ထစမ်း”
အေးချမ်းကပြောလိုက်သည်။ တင်အေးကမလှုပ်။ တင်အေး တူမများက တင်အေးကို ဝိုင်းထူကြသည်။
“ဟင် ဦးလေး ဦးလေး . . အသက်မရှိတော့ဘူး”
အေးချမ်းတုန်လှုပ်သွားသည်။ လက်ထဲမှ ထန်းလက်ကြီးကိုလဲ ပစ်ချလိုက်သည်။
“ငါ . . . ငါသတ်ချင်လို့ သတ်တာမဟုတ်ပါဘူး”
ထိုစဉ် တင်အေးတူမများက အော်ငိုကြသည်။ တင်အေး တူအချို့က ရွာထဲဝင်ပြေးကြသည်။ ပါးစပ်မှလဲ
“ကိုအေးချမ်းက ဦးတင်အေးကို ရိုက်သတ်လိုက်ပြီ . . . . ကိုအေးချမ်းက ဦးတင်အေးကို ရိုက်သတ်လိုက်ပြီ”
ဟု အော်ဟစ်သွားကြလေသည်။
အခန်း(၄)
အေးချမ်းက ယာတောအနီး ချုံကွယ်တစ်ခုကနေ အခြေအနေကို စောင့်ကြည့်နေလေသည်။ တင်အေး အလောင်းကြီးကို သူ့တူမများက ဝိုင်းပြီး မ ထားကြသည်။ မကြာမီရွာထဲမှ သူကြီးနှင့်ဆယ်အိမ်ခေါင်း၊ ရွာကာလသားများနှင့် ရွာသားများက တုတ်များဓါးများဖြင့်ရောက်လာကြသည်။ တင်အေး အလောင်းအားစမ်းသပ်ကြသည်။ ထို့နောက် ရွာသားများက တုတ်များဓါးများဖြင့် အနီးပတ်ဝန်းကျင်ကို လိုက်ရှာကြသည်။
အေးချမ်းက သိလိုက်ပြီ။ သူ့ကို လိုက်ရှာနေကြခြင်းဖြစ်သည်။ အေးချမ်းကလဲ ချုံကွယ်မှ ထလိုက်ရင်း ခြေသံလုံလုံဖြင့် လှမ်းထွက်ခဲ့လေသည်။
“ဒီမှာ ကိုအေးချမ်းဗျို့”
ကလေးတစ်ယောက်က သူ့ကိုတွေ့ပြီး အော်ဟစ်လိုက်သည်။
“လိုက်ဟေ့ လိုက်ကြ. . . အေးချမ်းကို ဖမ်းကြဟေ့””
ရွာသားများက သူ့နောက်လိုက်ကြသည်။ အေးချမ်းလဲ ခြေဦးတည့်ရာပြေးရင်း တောထဲသို့ ဝင်ပြေးလိုက်တော့သည်။ ရွာသားများမှာ တောစပ်အထိလိုက်လာသေးသည်။ သို့သော်တောထဲရောက်တော့ ရှာရန်မလွယ်သဖြင့် လှည့်ပြန်သွားကြလေသည်။
အေးချမ်းကတော့ နောက်ကလိုက်လာသည်အထင်နှင့် တောထဲတိုးလေသည်။ အတင်းစွတ်တရွတ်ပြေးရသဖြင့် အကျီများ လဲ သစ်ပင်များ၊ ဝါးပင်များနှင့် ခြစ်မိပြီး ပွန်းပဲ့ကုန်သည်။ အတန်ကြာပြေးလာပြီးနောက် ချောင်းလေးတစ်ချောင်းကိုရောက်တော့မှ အမောဖြေနိုင်သည်။ ချောင်းကလေးမှာ တောင်ကျချောင်းကလေးဖြစ်သည်။ ရေမရှိတော့။ ကျောက်ချိုင့်ကလေးများထဲတွင် ရေအိုင်လေးများတော့ကျန်သေးသည်။ အေးချမ်းလဲ ရေအိုင်လေးထဲမှရေများကို သောက်လိုက်လေသည်။
နေမွန်းတည့်ပြီ။ တောကြီးက ရွက်တွေအကုန်ကြွေပြီး ခြောက်ကပ်နေလေသည်။ ဝါးရုံပင်များသာ အနည်းငယ်စိမ်းစိုနေသည်။ အေးချမ်းလဲ အလွန်ပင်ပန်းနေသဖြင့် ဝါးရုံပင်ရိတ်တစ်ခုရှာကာ အိပ်လိုက်လေသည်။ နိုးလာတော့ နေစောင်းတော့မည်။ အေးချမ်းလဲ ညဘက်တောထဲမနေဝံ့သဖြင့် တောထဲမှ ပြန်ရန်စဉ်းစားလိုက်သည်။ အကျီအိတ်ကပ်ထဲတွင် မီးခြစ်ဆံဗူးလေးရှိသေးသဖြင့် တော်သေးသည်။ အေးချမ်းက မီးခြစ်ဆံဖြင့် မီးပုံတစ်ပုံဖိုလိုက်သည်။ ဗိုက်ကလဲ အလွန်ဆာနေလေပြီ၊ အေးချမ်းက အနီးအနားသို့လှည့်ပတ်ပြီး စားစရာရှာရလေသည်။
ညနေစောင်းနေသဖြင့် တောထဲမှာ မှောင်စပြုနေပြီ။ ထိုစဉ် အေးချမ်းက တောထဲတွင် ကောင်လေးတစ်ယောက်နှင့် သွားဆုံလေသည်။ ထိုကောင်လေးမှာ အသက် ၁၂ နှစ်ခန့်သာရှိမည်။ အေးချမ်းက တောနက်ထဲတွင် ကောင်လေးတစ်ယောက် နှင့်တွေ့ရသည်ကို ထူးဆန်းနေလေသည်။ ထို့နောက် သူပျော်သွားသည်။ ကောင်လေးကို ဒီအချိန်တွေ့ရတာ အနီးအနားတွင် ရွာလေးတစ်ရွာ ရှိလောက်မည်ဟု သူယူဆလိုက်သည်။
“ကောင်လေး မင်းဘယ်ကလဲ”
ကောင်လေးကို မေးလိုက်တော့ ကောင်လေးက ဘာမှမပြောဘဲ လက်ဟန်ခြေဟန်ဖြင့်ပြနေသည်။
“လတ်စသတ်တော့ ကောင်လေးက အ နေတာကိုး”
အေးချမ်းက တွေးလိုက်သည်။ ကောင်လေးလုပ်ပြသည့် လက်ဟန်ခြေဟန်များကို သူနားမလည်။ သူကလဲ မီးတုတ်တစ်ချောင်းနဲ့ တောထဲတိုးနေသည်။ ကောင်လေးကလဲ သူ့နောက်က ထပ်ကြပ်မကွာလိုက်လာလေသည်။ တောမှ နွေဖြစ်သဖြင့် စားစရာ ဘာမှရှာမရ။ ဝါးတွေကလဲ ရင့်နေပြီး တစ်တောလုံးရွက်ကြွေတောကြီးဖြစ်နေသည်။ အေးချမ်းမှာ ဗိုက်အလွန်ဆာလှသဖြင့် တုန်ယင်နေသည်။
တစ်နေရာရောက်တော့ ကုန်းကမူလေးတစ်ခုကိုတွေ့သည်။ ထိုကုန်းကမူလေးအနားတွင် မြေက ပြောင်ရှင်းနေသည်။ ထိုကုန်းကမူလေးအလယ်တွင် အသီးမှန်း အပွင့်မှန်းမသိရသော အရာတစ်ခုသည် နီရဲရဲဖြင့် ရှိနေသည်။ အေးချမ်းက ဗိုက်ဆာနေသည်နှင့် ထိုအရာက သူ့ကိုလာပြီး စားလှည့်ပါ သောက်လှည့်ပါဟု ဖိတ်ခေါ်နေသလိုဖြစ်နေသည်။
ထိုအရာမှာ အောက်ခြေတွင် ဖြူဖြူနှင့် ဥပုံသဏ္ဍာန်လဲရှိသည်။ ပန်းပွင့်မှာ လက်ငါးချောင်းဖွင့်ထားသကဲ့သို့ဖြစ်ပြီး လက်ချောင်းကြီးတွေမှာလဲ နီရဲပြီးပျစ်ချွဲသော အရည်များလဲရှိသည်။ ဥသုံးလုံးနှင့် အပွင့်တစ်ပွင့်ဖြစ်သည်။ အပွင့်ကြီးမှာ ကြီးမားပြီး လူကြီးလက်ဝါးခန့်ရှိသည်။ အမှန်က အေးချမ်းတွေ့နေသောအရာမှာ နတ်ဆိုးမှိုကြီးဖြစ်ပြီး ဥတွေကတော့ မှိုအဖူးတွေဖြစ်သည်။
“အင်း မှိုလား ဘာလားပဲ ဒီဥတွေကလဲ အကောင်တစ်ကောင်ရဲ့ ဥတွေဖြစ်မလား၊ ဘာပဲဖြစ်ဖြစ် ငါဗိုက်ဆာနေပြီ၊ ဒီဟာတွေကို စားကြည့်ရမယ်”
အေးချမ်းကပြောလိုက်ပြီး နတ်ဆိုးမှိုကြီးကို ဖြုတ်ယူလိုက်သည်။ ကောင်လေးကတော့ အေးချမ်းကိုကြည့်နေလေသည်။ ထို့နောက် မှိုလက်တံထိပ်ဖျားကို ကိုက်လိုက်သည်။
“ထွီ”
အရသာက ညီစို့စို့ကြီးဖြစ်သည်။
“မီးကင်စားရင်ကောင်းမလား”
အေးချမ်းကပြောဆိုလိုက်ပြီးလျှင် ထိုနားရှိသစ်ကိုင်းခြောက်များကို ကောက်လိုက်ပြီး မီးပုံဖိုလိုက်သည်။ တစ်ခဏအတွင်း မီးပုံကြီးဖြစ်သွားသည်။ ကောင်ကလေးကတော့ သူနှင့် မျက်စောင်းထိုး မီးပုံတစ်ဖက်ခြမ်းတွင် ထိုင်နေသည်။ အေးချမ်းက နတ်ဆိုးမှိုကြီးကို တုတ်တစ်ခုတွင် သီလိုက်ပြီး မီးကင်လိုက်သည်။ မှိုမှာအရည်များထွက်ကျလာသည်။ လက်တံကြီးတွေကလဲ လှုပ်ရွပြီး တွန့်လိမ်နေကြသည်။ အေးချမ်းကတော့ မီးအပူရှိန်ကြောင့် ဖြစ်သည်ဟု ထင်လိုက်သည်။
ခဏကြာတော့ မှိုကြီးက မဲညိုသွားလေသည်။ အနံ့ကလဲ အသားကင်နံ့လို မွှေးတက်လာလေသည်။ အေးချမ်းက မီးဖိုပေါ်မှချလိုက်ပြီးနောက် ထိုတုတ်တွင် သီထားသော မှိုကြီးကို တဖူးဖူးနှင့် မှုတ်စားလိုက်သည်။ အနံ့မှာ မွှေးသော်လဲ အရသာက သိပ်မကောင်း၊ ပုပ်နေသော အသားကို ကင်ထားသည့်အရသာကြီးဖြစ်နေသည်။ သို့သော် အေးချမ်းက အလွန်ဆာလောင်နေပြီဖြစ်ရာ ကြိတ်မှိတ်ပြီး အကုန်စားလိုက်လေသည်။ အေးချမ်းက စားရတာ အားမရသေး။ ထို့နောက်မှ ကောင်လေးကို သတိရသွားသည်။ ကောင်လေးလဲ ဆာနေရော့မည်။ ကောင်လေးက တော့ မီးဖိုဘေးတွင်ထိုင်နေသည်။ အေးချမ်းလဲ ဥကြီးတွေကို သွားပြီးဖြုတ်လိုက်လေသည်။
ဥကြီးတွေမှာ အတော်ကြီးပြီး လူကြီးလက်သီးဆုပ်ခန့်ရှိသည်။ ဥတွေကို မီးပုံအနီးကမြေကို ကျင်းတူးပြီး ထိုထဲကို မြှုပ်လိုက်သည်။ ပြီးနောက် ထင်းစများကို ထိုမြေအပေါ်တွင်တင်လိုက်သည်။ ထို့နောက် ကောင်ကလေးကို ထမင်းစားသည့်ပုံစံ လက်ဖြင့်ပြုလုပ်ပြလိုက်သည်။ ကောင်လေးကတော့ သူ့ကိုစိုက်ကြည့်နေလေသည်။
ခဏကြာတော့ အေးချမ်းက ထင်းမီးစများကို ဖယ်ရှားလိုက်ပြီးနောက် ဥများကိုတူးဖော်လိုက်သည်။ ဥများမှာ ညိုနေပြီဖြစ်သည်။ အေးချမ်းကလဲ တုတ်တစ်ချောင်းဖြင့် ဥများကို ထိုးခွဲလိုက်လေသည်။ ဥမှာ ထက်ခြမ်းကွဲသွားသည်။ အေးချမ်းမယုံနိုင်သဖြင့် မျက်လုံးကို လက်များဖြင့် ပွတ်ပြီးကြည့်လိုက်သည်။
ဥများအထဲတွင် မွေးခါနီး ဗိုက်ထဲက ကလေးလေးတစ်ယောက်လို ကလေးလေးရှိသည်။ ထိုကလေးလေးမှာ လူးလွန့်နေလေသည်။ အေးချမ်းက တခြားဥများကို ခွဲလိုက်သော်လည်း အခြားဥများထဲတွင်လဲ အဆိုပါ ကလေးလေးရှိလေသည်။ ကလေးလေးတွေက အော်ဟစ်ငိုယိုနေကြသည်။ တိတ်ဆိတ်သည့် ပတ်ဝန်းကျင်တွင် ကလေးငိုသံများဖြင့် ဆူညံနေလေသည်။
အေးချမ်းက ဥကြီးတွေကို ကြောင်ပြီးကြည့်နေရာမှ ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။ ကောင်လေးကတော့ အေးချမ်းကို စိုက်ကြည့်နေသည်။ ပြီးနောက် ကောင်လေးက အေးချမ်းဆီသို့ လမ်းလျှောက်လာပြီး မီးပုံထဲဝင်လိုက်လေသည်။ ကောင်လေးတစ်ကိုယ်လုံးကို မီးလျှံများက ဖုံးအုပ်သွားသည်။ ကောင်လေးကလဲ တစ်ကိုယ်လုံးမီးလောင်လျှက် အေးအေးလူလူလမ်းလျှောက်လာပြီး အေးချမ်းကို မျက်နှာချင်းဆိုင်လိုက်သည်။
အေးချမ်းမှာ ထိုင်ရင်း ကြက်သေသေနေသည်။ သတိရလို့ ခြေလက်များကို လှုပ်ကြည့်ပေမယ့် ခြေလက်များက မလှုပ်နိုင်တော့။ ကောင်လေးက အေးချမ်းပါးစပ်ကို လက်နှစ်ဖက်ဖြင့် ဖြဲချလိုက်ပြီး သူ့ခေါင်းကို အေးချမ်းပါးစပ်ထဲ ဝင်လိုက်လေသည်။ အေးချမ်းလည်ချောင်းထဲ ရေနွေးပူတွေ လောင်းချလိုက်သလိုခံစားရသည်။ ကောင်လေးမှာ အေးချမ်းကိုယ်ထဲ တစ်ကိုယ်လုံးဝင်လိုက်ပြီးမှ အေးချမ်းလဲ လှုပ်ရှားလို့ရတော့သည်။
ရင်တွေက အရမ်းပူနေသည်။ ရင်ဘတ်ထဲမှာ မီးတွေလောင်နေသလို ခံစားရသည်။ အေးချမ်းက ရေရှာရန် ခြေဦးတည့်ရာသွားလိုက်သည်။ သူ့အသိစိတ်နှင့်ကိုယ်နှင့် မကပ်တော့။ တစ်မျိုးကြီးဖြစ်နေသည်။ အေးချမ်းက တောအုပ်ထဲတွင် ပြေးလွှားနေသည်။ ထို့နောက် တစ်ကိုယ်လုံးပူလောင်လာပြီး အေးချမ်းလဲကျသွားတော့သည်။
အခန်း (၅)
အေးချမ်းပြန်နိုးလာတော့ အိမ်တစ်အိမ်တွင်ဖြစ်သည်။ သူ့ဘေးဘီကိုကြည့်လိုက်သည်။ လူတွေက ဓါးတွေ လှံတွေကိုင်ပြီး ဝိုင်းရံထားသည်။ ထို့နောက် သူ့ခြေထောက်တွင်လဲ ထိတ်တုံးကြီးခတ်ထားလေသည်။ သူသိလိုက်ပြီ။ သူကြီးအိမ်ရောက်နေခြင်းဖြစ်သည်။
“အေးချမ်း နိုးလာပြီဟေ့ သွား ဒေါ်ဂျမ်းကြီးကိုသွားခေါ်စမ်း”
အေးချမ်းနိုးလာတော့ တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းပြောကြသည်။ အေးချမ်းက ငုတ်တုတ်ထိုင်လိုက်သည်။
“ကျုပ် . .. ကျုပ်တင်အေးကို မသတ်ဘူး”
“ဟုတ်တယ်။ မင်းတင်အေးကို မသတ်ပါဘူး။ တင်အေးက မြွေဆိုးငယ်ထိပ်ကိုပေါက်မိလို့ သူ့ဖာသာသူူသေနေတာပါ”
သူကြီးကပြောလိုက်သည်။
“ဒါဆို ကျုပ်ကိုလွတ်ပေးလေဗျာ”
“မလွှတ်ပေးဘူး၊ မင်းကို နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ဖမ်းထားတာပဲ”
သူကြီးကပြောလိုက်သည်။ အေးချမ်းက အလွန်ထိပ်လန့်သွားသည်။
“နှစ်လောင်းပြိုင် .. . ဟုတ်လား၊ ကျုပ်ဘယ်တုန်းက သတ်လို့လဲ”
“ညက မင်းတောထဲကထွက်ပြီးတော့ ယာခင်းထဲက ယာတဲထဲမှာ ကင်းစောင့်နေတဲ့ ကိုရင်သာဝတို့ ညီအစ်ကိုကို မီးရှို့သတ်ခဲ့တယ်”
“ဟာ . . . မဟုတ်ဘူး သူကြီး ဒါကျွန်တော်လုပ်တာမဟုတ်ဘူး”
“ဘာမဟုတ်ရမှာလဲ မင်းကို လက်ပူးလက်ကြပ်နဲ့ မိလို့ မေ့အောင်ရိုက်ပြီး ဖမ်းလာရတာပဲ”
အေးချမ်းအလွန်တုန်လှုပ်သွားသည်။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဘာတွေသူလုပ်ခဲ့မိပြီလဲ။
“ရေ . . ရေပေးပါဗျာ၊ ရင်တွေအရမ်းပူတာပဲ””
ဆယ်အိမ်ခေါင်းက ကြွေရေသုတ်မတ်ခွက်ကြီးဖြင့် ရေတစ်ခွက်ခပ်ပေးသည်။ အေးချမ်းက ရေခွက်ကို လှမ်းယူလိုက်သည်။ သူကိုင်ထားစဉ်မှာပင် ရေခွက်ထဲမှရေများသည် ပလုံစီများထပြီး တဖြည်းဖြည်း ပွက်ပွက်ဆူလာလေသည်။ အေးချမ်းလဲ တစ်ချက်တည်း မော့ချလိုက်တော့သည်။ သူ့လည်ချောင်းကြီး တစ်ခုလုံး ပူပြီးဆင်းသွားသည်။
“ဟာ ထူးဆန်းတယ်ဟေ့”
ရွာသားတွေအားလုံး တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းပြောကြသည်။ ထိုစဉ်အေးချမ်းစိတ်ထဲ ဒေါသတွေအလိုလိုထွက်လာလေသည်။
“ကျုပ်ကို လွှတ်ပေး . .. ကျုပ်ကို အခုလွှတ်ပေး”
အေးချမ်းက အော်လိုက်သည်။ ရွာသားများမှာ နောက်ဆုတ်သွားကြပြီး လက်နက်ကိုင်ထားသည့် ကာလသားများက သူ့ကို ဝိုင်းလိုက်ကြသည်။ ထိုစဉ် အေးချမ်းခြေထောက်ကို ချုပ်ထားသော ထိတ်တုံးကြီးမှာ တဖြည်းဖြည်းမီးခိုးများထွက်လာပြီး အေးချမ်းခြေထောက်များ မီးစွဲလေတော့သည်။
“ဟာ ဘာတွေလဲဟ”
ရွာသားများ မှာ အော်ဟစ်ပြီး ်ကြည့်နေကြသည်။ အေးချမ်းက ထိတ်တုံးကြီး မီးလောင်သွားတော့ ထပြီးမတ်တပ်ရပ်လိုက်သည်။ ကာလသားများလဲ လက်မနှေးပေ။ လှံဖြင့် တစ်ယောက်က ထိုးလိုက်သည်။
“ချွင်”
လှံက လူအသားကို ထိုးမိသလိုမဟုတ်ဘဲ ကျောက်တုံးကြီကို ထိုးမိသလိုဖြစ်သွားသည်။
“အား . . .”
အေးချမ်းက အသံနက်ကြီးဖြင့် အော်လိုက်သည်။ သူ့တစ်ကိုယ်လုံးလဲ မီးများစွဲလောင်လေသည်။ အဝတ်အစားများအားလုံး ပြာကျသွားသည်။ သူ့မျက်လုံးကြီးများ ပါးစပ်ကြီးများထဲမှ မီးလျှံများက တဝုန်းဝုန်းဖြင့် ထွက်နေလေသည်။ ရွာသားများမှ အကုန်လန့်ပြီးနောက်ဆုတ်ကုန်ကြသည်။ အချို့လဲ ကြောက်ပြီးထွက်ပြေးကြသည်။ နောက်မဆုတ်သူကတော့ ဆယ်အိမ်ခေါင်းဖြစ်သည်။ ဆယ်အိမ်ခေါင်းက ငှက်ကြီးတောင်ဓါးကိုဆွဲထုတ်ကာ အေးချမ်းကို လည်ပင်းကို ခုတ်ပိုင်းလိုက်တော့သည်။
“ချွင် . . . ထန်”
အလွန်ပြင်းထန်သည့်အသံကြီးဖြစ်ပေါ်ကာ ငှက်ကြီးတောင် ဓါးကြီးမှာ ကျိုးသွားလေတော့သည်။ အေးချမ်းက ဆယ်အိမ်ခေါင်း၏ လက်ကို ဆွဲကိုင်လိုက်သည်။ ဆယ်အိမ်ခေါင်းတစ်ကိုယ်လုံး တစ်ခဏအတွင်းပူတက်လာကာ မျက်လုံးများပါးစပ်များမှ အခိုးအငွေ့များထွက်ပေါ်လာသည်။ ဆယ်အိမ်ခေါင်းကလဲ အသံနက်ကြီးဖြင့် အော်ဟစ်ရင်း တစ်ကိုယ်လုံးကလဲ တစ်ဆတ်ဆတ်တုန်နေသည်။ ထို့နောက်မကြာမီ တစ်ကိုယ်လုံး မဲနက်ပြီး မီးလောင်ထားသည့်မသာကြီးလိုဖြစ်သွားကာ လဲကျသွားတော့သည်။
ရွာသားများအားလုံး ကစဉ့်ကလျားထွက်ပြေးကြတော့သည်။ အေးချမ်းကိုယ်လုံးကြီးကလဲ မီးတွေ ကျွမ်းပြီး မီးသွေးခဲကြီးလို မဲနက်နေသည်။ အေးချမ်းက ရွာလယ်လမ်းပေါ်ထွက်လိုက်ပြီး သူကြီးအိမ်ဖက်ကို လှည့်လိုက်လေသည်။ သူကြီးအိမ်ပေါ်တွင် အိမ်သားများရှိနေကြသည်။ အေးချမ်းက အသံနက်ကြီးဖြင့်ရယ်မောလိုက်သည်။
“ဟား . . ဟား”
ထိုသို့ရယ်မောလိုက်ပြီး ပါးစပ်ထဲမှ မီးလျှံများကို မှုတ်ထုတ်လိုက်သည်။ မီးလျှံများမှာ ဆယ်ပေခန့်အကွာဝေးသို့ရောက်သွားပြီး သူကြီးအိမ်ကြီးကို မီးစွဲလေသည်။ နွေရာသီကြီးမို့ ပတ်ဝန်းကျင်တစ်ခုလုံးက ခြောက်ကပ်နေသဖြင့် မီးကူးရန် ပိုလွယ်သွားသည်။ မီးက လျှင်မြန်စွာဖြင့် သူကြီးအိမ်ကြီးကို စွဲလောင်လေသည်။ သူကြီးအိမ်ပေါ်မှ အိမ်သားများ ခုန်ဆင်းကာ ကွင်းပြင်ကြီးကို ဖြတ်ပြေးကြသည်။
အေးချမ်းက ရွာလယ်လမ်းအတိုင်းလျှောက်လာပြီး ရွာထဲရှိ လမ်းတစ်လျှောက် တစ်အိမ်ပြီးတစ်အိမ် မီးဖြင့် ဆက်တိုက်မှုတ်လေသည်။ ရွာသားများကလဲ ကိုယ်လွတ်ရုံးပြီး ရွာပြင်ကို ပြေးကြသည်။ တစ်ရွာလုံး မီးဟုန်းဟုန်းတောက်လောင်နေသည်။ အိမ်များမှာလဲ ဝါးများ၊ သစ်သားများဖြင့် ဆောက်ထားသည်မို့ အလွန်မီးစွဲမြန်လေသည်။ လူများမှာ ကိုယ်လွတ်ရုန်းပြေးကြသော်လည်း ကြက်၊ ဝက်၊ နှင့် အိမ်မွှေးတိရစ္ဆာန်များမှာ မီးသင့်ပြီး သေကြလေသည်။
အေးချမ်းက ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာလေသည်။ သူ့နောက်တွင်တော့ မီးများတဟုန်းဟုန်းတောက်လောင်နေသော ရွာကြီးဖြစ်သည်။ ရွာသားများမှ မပြေးနိုင်သည့်လူများ သက်ကြီးရွယ်အိုများကို ထမ်းပြီးပြေးကြရသည်။ ပြေးရင်း ရွာစွန် ထန်းတောကို ရောက်လာလေသည်။
“အမေဂျမ်း မသွားနဲ့ မသွားနဲ့”
စိုးစိုးက ဒေါ်ဂျမ်းကို ဆွဲထားလေသည်။ ရွာသားများက အားလုံးထွက်ပြေးနေကြသော်လည်း ဒေါ်ဂျမ်းက ရွာသားများနှင့် ဆန့်ကျင်ဘက် ရွာထဲသို့ ပြန်လျှောက်နေသည်။ စိုးစိုးက ဒေါ်ဂျမ်းလက်ကို ဆွဲထားသည်။
“”စိုးစိုး နင်ပြေးတော့ ငါ့သားကိုငါသွားတားမယ်””
ဒေါ်ဂျမ်းကပြောဆိုရင်း ရှေ့ဆက်သွားနေသည်။ မကြာခင် အေးချမ်းက ရောက်လာသည်။ စိုးစိုးနှင့် ဒေါ်ဂျမ်းမှာ အေးချမ်းကို မြင်တော့ ကြောက်လွန်းလှသဖြင့် တုန်လှုပ်နေကြသည်။ ဒေါ်ဂျမ်းက အရှေ့သို့ လမ်းလျှောက်သွားသည်။
အေးချမ်းက လမ်းဘေးရှိအိမ်တစ်အိမ်ကို မီးတောက်များဖြင့် မှုတ်လိုက်လေသည်။ အိမ်ကြီးမှာ ခဏလေးနှင့် မီးတောက်များက ဝါးမြိုသွားလေသည်။ ထို့နောက် ဒေါ်ဂျမ်းကို မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်လိုက်လေသည်။
“သား မလုပ်နဲ့ ရပ်စမ်း”
ဒေါ်ဂျမ်းက အော်လိုက်လေသည်။ အေးချမ်းက ရှေ့ကို လမ်းလျှောက်လာရာမှ တုန့်ခနဲ ရပ်သွားလေသည်။
“အမေ . . အမေ ဘယ် . . .ဘယ်လိုဖြစ်တာလဲ”
အေးချမ်းမျက်လုံးများမှာ လူမျက်လုံးများပြန်ဖြစ်လာသည်။ ထို့နောက် ရွာကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ ရွာကတော့ မီးတွေလောင်နေလေသည်။
“အမေ ကျုပ်လုပ်တာမဟုတ်ဘူး၊ ကျုပ်လုပ်တာမဟုတ်ဘူးဗျ”
“အမေယုံတယ်သား အမေယုံတယ်”
“အမေ ကျုပ်ဘာတွေဖြစ်နေတာလဲ ကျုပ်ကြောက်တယ် အမေကြောက်တယ်”
အေးချမ်းက အော်ဟစ်လိုက်လေသည်။
“မကြောက်နဲ့သား အမေရှိတယ်၊ အမေရှိတယ်”
ဒေါ်ဂျမ်းက ပြောဆိုရင်း အေးချမ်းဆီသို့ ပြေးသွားပြီး အေးချမ်းကိုဖက်လိုက်လေသည်။
အလွန်ပူပြင်းသော မီးတောက်များက အေးချမ်းနှင့် ဒေါ်ဂျမ်းတို့ကို တောက်လောင်နေလေသည်။ စိုးစိုးကလဲ ထိုမြင်ကွင်းကို အံ့သြပြီးကြည့်နေရာမှ ငုတ်တုတ်ထိုင်ချလိုက်သည်။ ရွာသူကြီးနှင့် ရွာသားများက မီးချိတ်၊ မီးကပ်များ၊ ရေပုံး၊ သဲပုံးများကိုင်ဆွဲကာ ရွာသို့ပြန်ဝင်လာကြသည်။ သူတို့ရောက်သောအခါ ထိုင်ပြီးငိုယိုနေသော စိုးစိုးနှင့် နှစ်ဦးသားဖက်လျှက် မီးလောင်ပြီးသေဆုံးနေသော အေးချမ်းတို့ သားအမိကို တွေ့လိုက်ရပါတော့သည်။
အခန်း (၆)
“အေးချမ်းတို့သားအမိ သနားစရာပါလားဘုရား”
ဆေးဆရာကြီး ဦးချမ်းကပြောလိုက်သည်။
“ဒါပေါ့ ဒကာကြီးရဲ့ မိဘမေတ္တာ ဆိုတာ အနှိုင်းမဲ့ပဲ မဟုတ်လား”
လက်ပံကုန်း ဆရာတော်ဦးကုမာရ က ပြောလိုက်သည်။
လက်ပံကုန်းရွာ ဆရာတော်က ငယ်စဉ်က စာသင်သားဘဝတွင် သူ၏ သူငယ်ချင်းဖြစ်သူ ပြောပြသည့် အထက်အညာမှ ဇတ်လမ်းတစ်ပုဒ်ကို ဆေးဆရာကြီးဦးချမ်းကို ပြန်ပြောပြနေခြင်းဖြစ်သည်။
“အဲဒီလိပ်ကုန်းရွာကော ဘာဆက်ဖြစ်သွားလဲ ဘုရား”
“လိပ်ကုန်းရွာတော့ တစ်ရွာလုံး မီးလောင်တာခံရတာပဲ။ အထက်အညာလဲဖြစ်၊ ရေကလဲရှား၊ နွေရာသီလဲဖြစ်တာမို့ ရွာစွန် အိမ်တစ်ချို့လောက်ပဲ ကျန်ခဲ့တော့တယ်။ တစ်ချို့ရွာသားတွေလဲ ပြောင်းပြေးကြတယ်။ တစ်ရွာလုံး မီးလောင်သွားလို့ လိပ်ကုန်းဆိုတဲ့ နာမည်ကနေ မီးလောင်ကုန်းဆိုတဲ့ နာမည်အဖြစ်တွင်သွားတယ်။ အဲဒီမီးလောင်တဲ့ နေရာမှာပဲ ရွာပြန်တည်ထားလို့ အခုအထက်အညာ တစ်နေရာမှာ မီးလောင်ကုန်းဆိုတဲ့ ရွာ ခုထိရှိသေးတယ်လို့ ပြောတယ်”
ဆရာတော် ဘုရားက ပြောပြီးတော့ ရေတစ်ခွက်ကို သောက်လိုက်လေသည်။ ဆေးဆရာကြီး ဦးချမ်းက
“ဒီလို ဂမ္ဘီရဆန်တဲ့ ပစ္စည်းတွေက နေရာတိုင်းမှာရှိနေပြီး အကောင်းအဆိုးကို မသိဘဲ ရမ်းသမ်းပြီး သွားမလုပ်ဖို့လိုတာပေါ့ဘုရား၊ တပည့်တော်တို့ရွာက ကိုဖိုးအေးတို့ သားအဖအဖြစ်လဲ အလွန်သနားဖို့ ကောင်းတာပါပဲ ဘုရား”
“မှန်တာပေါ့ ဒကာကြီးရယ်”
“အရှင် ဘုရား တပည့်တော်လဲ ညနေ ဆေးကုစရာရှိလို့ ပြန်ပါတော့မယ်ဘုရား”
ဦးချမ်းကပြောက ဆရာတော်ကို ကုန်းကန်တော့လိုက်ပါသည်။ ထို့နောက်ဆရာတော်ဘုရား ကျောင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပါတော့သည်။
ဆရာတော် ဦးကုမာရကတော့ ကျောင်းပြတင်းပေါက်မှနေ၍ အပြင်ကိုငေးကြည့်လိုက်သည်။ လက်ပံကုန်းရွာကြီးကတော့ နွေမို့ ခြောက်ကပ်နေပြီး နေကအလွန်ပူပြင်းနေပါတော့သည်။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်