အပိုင်း (၁)
(၁)
ညည့်နက်နေပြီဖြစ်သည်မို့ တိုက်ခတ်နေသည့်လေညှင်းများက အေးမြနေသည်။ လမ်းနံဘေးတွင် ကွင်းပြင်ကြီးများသာရှိသဖြင့် လေကတဝူးဝူးဖြင့်တိုက်ခတ်လျှက်ရှိသည်။ လပြည့်ညနီးပြီဖြစ်သဖြင့် လမင်းကြီး၏ အလင်းရောင်က တောက်ပနေကာ တစ်လောကလုံးကိုလွှမ်းခြုံထားလျှက်ရှိသည်။ ညကောင်းကင်တွင် တိမ်ကင်းစင်လျှက်ရှိကာ ညည့်တွင်ကျက်စားသည့် ငှက်များက တစ်ချက်တစ်ချက်အော်ဟစ်ကာ ပျံသန်းနေလေသည်။
“ကျုပ်တို့ရောက်တော့မယ်မဟုတ်လားငခမ်း”
မုန်တိုင်းကမေးလိုက်ရာ ငခမ်းက ခေါင်းညိတ်လိုက်သည်။
“ရှေ့နားတစ်ကွေ့ဆိုရင်ရောက်ပါပြီ မုန်တိုင်းရ”
ငခမ်းအရှေ့တွင်ထိုင်စီးလျက်လိုက်ပါလာသည့်မိန်းကလေးမှာ ငိုက်မြည်းနေလေသည်။
“မင်းအိပ်နေပြီလား”
ငခမ်းကမေးလိုက်တော့မှ ထိုမိန်းကလေးက လှုပ်ရှားလာလေသည်။
“မအိပ်ပါဘူးရှင်၊ ကျုပ်ပတ်ဝန်းကျင်ရဲ့ ရှုခင်းအလှအပကိုခံစားနေတာပါ”
ထိုအခါ ငခမ်းက ရယ်မောလိုက်သည်။
“ဟား၊ ဟား၊ ဒီလောက်မှောင်နဲ့မည်းမည်းထဲမှာ မင်းက ဘာအလှအပတွေကို ခံစားနေတာလဲကွ”
“ရှင်မသိဘဲမပြောနဲ့၊ လသာနေတဲ့ကောင်းကင်ကြီးရယ်၊ ကွင်းပြင်ထဲက ဖြတ်တိုက်လာတဲ့လေတွေရယ်၊ နောက်ပြီး ပိုးကောင်လေးတွေအော်မြည်နေတဲ့အသံရယ်က ဘယ်လောက်တောင်စိတ်ချမ်းသာစရာကောင်းလိုက်တဲ့ မြင်ကွင်းလဲရှင်”
ငခမ်းက မုန်တိုင်းကိုကြည့်ပြီးမျက်ခုံးပင့်ပြလိုက်သည်။
“မင်းက အနုပညာကိုတော်တော်ခံစားတတ်တဲ့မိန်းကလေးပဲ၊ ကဲ မင်းနာမည်ကိုပြောပါအုံး”
မိန်းကလေးက တစ်ချက်စဉ်းစားနေသည်မို့ ငခမ်းက
“ဘာလဲ၊ မင်းက မင်းရဲ့နာမည်ကိုတောင် မမှတ်မိတော့ဘူးလား”
“မဟုတ်ပါဘူးရှင် ကျုပ်ရဲ့နာမည်က လုံဒီ ပါ”
ငခမ်းမျက်ခုံးပင့်လိုက်သည်။
“လုံဒီတဲ့လား၊ မင်းနာမည်က ဘယ်လိုကြီးလဲကွ”
“ဟုတ်တယ်၊ ကျုပ်က ဗမာတစ်ယောက်မဟုတ်ဘူး၊ ဟိုးမြောက်ပိုင်းကလာတဲ့ လိုလိုမျိုးနွယ်ဝင် တိုင်းရင်းသားတစ်ယောက်ပဲ”
“ဒါကြောင့်ငါမင်းကိုထင်နေပါတယ်၊ မင်းအသားအရည်က ဖွေးနေတော့ တရုတ်လိုလို၊ ရှမ်းမ လိုလိုနဲ့ ငါထင်ခဲ့ပြီးသားပါ၊ ကဲပြော၊ မင်းက အမရပူရနေပြည်တော်ကို ဘာလာလုပ်တာလဲ”
“ကျုပ်၊ ကျုပ်က အကမယ်တစ်ယောက်ပါ”
ငခမ်းခေါင်းညိတ်လိုက်သည်။
“ပြောစမ်းပါအုံးကွာ၊ မင်းဘယ်လိုလုပ်ပြီး ဘိုထီးနဲ့တွေ့ခဲ့ရတာလဲ”
“ကျုပ်တို့အကအဖွဲ့က ဟိုးမြောက်ပိုင်း တောင်တန်းတွေပေါ်ကနေလာခဲ့တာပဲ၊ ကျုပ်တို့ရွာကလေးက မြစ်ကြီးတစ်ခုရဲ့အနားမှာရှိတာပေါ့၊ ကျုပ်တို့က ရွာစဉ်လှည့်လည်ပြီးတော့ ကပြကြတယ်၊ ဒီလိုနဲ့ ဟောဒီမင်းနေပြည်တော်ကို ရောက်လာခဲ့တာပဲ၊ ကျုပ်တို့အကအဖွဲ့မှာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော အများကြီးရှိတယ်၊ အကအဖွဲ့နားနေတုန်း ကျုပ်က ပွဲဈေးထဲကိုလည်ပတ်သွားခဲ့မိတယ်၊ ဒီအခါမှာ ရှင်ပြောတဲ့ ဘိုထီးဆိုလား အဲဒီအဘိုးကြီးက အမွေးအိတ်ကလေးတွေရောင်းချနေတာကိုတွေ့လိုက်ရတယ်”
“ဒါနဲ့ပဲ မင်းက အမွှေးအိတ်ဝယ်ခဲ့တယ်ပေါ့”
“အမွှေးအိတ်ထဲမှာ အမွှေးနံ့အပြင်းဆုံး နံ့သာခုနစ်ပါးနဲ့ပြုလုပ်ထားတဲ့ အမွှေးအိတ်ကလေးကို ကျုပ်ကလိုချင်တယ်၊ ဒီအခါ ဘိုထီးက သူ့အမွှေးအိတ်ကို ကျုပ်ကိုရှုခိုင်းတယ်၊ အဲဒီအမွှေးအိတ်ထဲမှာ အဆိပ်ပြင်းတဲ့ အိပ်မွှေ့သီးတွေထည့်ထားတာကို ကျုပ်မသိဘဲ ရှုလိုက်မိတော့ ကျုပ်လည်းအိပ်ပျော်သွားခဲ့တာပဲ”
“ကောင်းပြီလေ၊ အခုတော့ မိုးချုပ်နေပြီ၊ မင်းငါတို့နဲ့လိုက်ခဲ့၊ ညောင်ပင်ရိပ်မှာ တစ်ညနားပြီး မနက်ရောက်လို့မြို့ထဲဝင်ရတဲ့အခါ မင်းအဖွဲ့တွေနဲ့ သွားပြန်တွေ့ပေါ့ကွာ၊ မကောင်းဘူးလား ဒီလုံရဲ့”
“ဒီလုံ မဟုတ်ပါဘူး ငခမ်းရာ၊ လုံဒီပါကွ”
မုန်တိုင်းက ဘေးနားမှထောက်ပေးလိုက်သည်။ သူတို့စကားတပြောပြောနှင့်ထွက်လာခဲ့ရာ မကြာခင်မှာပင် ဆီမီးရောင်များထိန်ထိန်လင်းနေသည့် ကြီးမားသည့် စားတဲကြီးတစ်ခုကိုတွေ့လိုက်ရတော့သည်။
(၂)
ညောင်ပင်ရိပ်ဆိုသည်မှာ ကြီးမားသည့်ညောင်ပင်ကြီးအနီးတွင် တည်ဆောက်ထားသည့်စားတဲကြီးဖြစ်သည်။ စားတဲကြီးထဲတွင် တစ်ညလုံးအဖျော်ယမကာမျိုးစုံနှင့် အစားအသောက်မျိုးစုံရရှိနိုင်ပေသည်။ ထိုစားတဲကြီးနှင့် မလှမ်းမကမ်းတွင် ဇရပ်သုံးဆောင်ရှိပြီး အမရပူရသို့ လာကြသည့် ခရီးသွားများ နားခိုကြသည့်နေရာဖြစ်သည်။ ညောင်ပင်ရိပ်မှ ဆက်သွားလိုက်လျှင်တော့ မြို့အရှေ့ဘက်တံခါးသို့ ရောက်နိုင်သည်။
မြင်းများကို ချည်နှောင်လိုက်ပြီး သူတို့သုံးယောက်ဆိုင်အတွင်းသို့ဝင်ခဲ့သည်။ ကျယ်ဝန်းလှသည့်အဆောင်ကြီးတွင် လူများက သူ့အစုနှင့်သူ စုဝေးနေထိုင်ကြကာ သူတို့အရှေ့တွင် ဒေါင်းလန်းစားပွဲများ၊ ယမကာထည့်သည့် ရေတကောင်းများနှင့် သောက်စရာမြေအိုးမြေခွက်များကို ချထားကြသည်။ သူတို့သုံးယောက်ဝင်သွားသည့်အခါ လူအများက သူတို့ကိုအသေအချာစိုက်ကြည့်ကြသည်။
ငခမ်းကလည်း ထိုသူများကိုပြန်လည်စိုက်ကြည့်ပြီး အရေးစိုက်မနေတော့ဘဲ စားတဲကြီး၏ အစွန်ထောင့်နားသို့ လျှောက်လာခဲ့လိုက်သည်။ လုံဒီက ယောက်ျားသားများ စိုက်ကြည့်နေသည်မို့ ငခမ်းကိုယ်လုံးနှင့်ကွယ်ပြီး လိုက်ပါလာခဲ့သည်။ စားတဲကြီးအတွင်း ကညင်ဆီမီးရောင်များနှင့် ထိန်ထိန်လင်းနေလေသည်။ ထိုထောင့်သို့ရောက်သည့်အခါ သူတို့သုံးယောက်ထိုင်ချလိုက်သည်။ လုံဒီက သူ့မျက်နှာကို ခါးစည်းပုဝါစတစ်ခုနှင့် ဖုံးအုပ်ထားလေသည်။
“ဘာဖြစ်လို့လဲလုံဒီ”
“ဒီကလူတွေက ကျုပ်ကိုဝိုင်းကြည့်နေလို့ပါ”
“ဟား၊ ဟား၊ မရှက်ပါနဲ့ကွ၊ မင်းက လှလို့ကြည့်ကြတာနေမှာပါ”
ငခမ်းက ရယ်ကျဲကျဲပြောလိုက်ပြီး ဆိုင်အတွင်းဝေ့ကြည့်လိုက်ရာ အခြားထိုင်နေသည့်သူများက လုံဒီအားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့် ငခမ်းစိတ်ဆိုးသွားသည်။
“ဟေ့ကောင်တွေ၊ မင်းတို့ မိန်းမမမြင်ဖူးဘူးလားကွ၊ ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့နော်၊ ကိုယ့်ဖာသာ အသာနေကြစမ်း”
ငခမ်းက အသံပြဲကြီးနှင့်အော်ငေါက်လိုက်တော့မှ ထိုလူများက ပြန်လှည့်သွားကာ သူတို့အချင်းချင်းစကားပြောလိုက်၊ သောက်လိုက်စားလိုက်နှင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။ မကြာခင် အသက်ဆယ့်သုံးနှစ်အရွယ်ခန့်ရှိမည့် ကောင်လေးတစ်ယောက်က ရေတကောင်းထည့်ထားသည့် လင်ပန်းတစ်ခုကို ကိုင်လာပြီး သူတို့အနားသို့ရောက်လာခဲ့သည်။ လင်ပန်းကိုင်ထားသည့်ကောင်လေး၏ လက်များမှာတုန်ယင်နေရာ ငခမ်းက ထိုကောင်လေးလက်ကိုဆွဲဖမ်းလိုက်သည်။
“အောင်မယ်လေး၊ မလုပ်ပါနဲ့”
ငခမ်းအံ့သြသွားလေသည်။
“မင်းကလဲကွာ၊ မင်းလက်တွေတုန်နေလို့ ရေတကောင်းကျကွဲသွားမှာစိုးလို့ပါကွ၊ ပေးစမ်း၊ အဲဒီလင်ဗန်းဒီမှာချလိုက်”
ထိုကောင်လေးက သူတို့အလယ်တွင် ထိုလင်ပန်းအား တုန်တုန်ယင်ယင်ဖြင့်ပင်ချလိုက်သည်။ ထိုကောင်လေး၏ အကြည့်များက လုံဒီ ထံတွင်သာရှိနေပြီး ထိုကောင်လေးမှာလည်း တစ်ခုခုကိုကြောက်ရွံ့နေပုံရသည်။
“ကြက်ကင်ချကွာ၊ ပြီးတော့ သောက်စရာ စိမ်ရေဖြစ်ဖြစ်၊ ခေါင်ရည်ဖြစ်ဖြစ် တစ်ခုခုချစမ်း၊ ပဲကြီးလှော်တို့၊ မြေပဲလှော်တို့လည်းချကွာ”
ငခမ်းကပြောလိုက်သည့်အခါ ထိုကောင်လေးက ကြောက်ကြောက်လန့်လန့်နှင့် ဆိုင်အတွင်းသို့ပြေးဝင်သွားလေသည်။ ထိုအဖြစ်ကို မုန်တိုင်းက ရိပ်မိသဖြင့်
“ဒီကောင်လေး ဘာကိုကြောက်နေမှန်းမသိဘူးကွ”
ငခမ်းက ပြုံးလိုက်ပြီး ရေတကောင်းအတွင်းမှ ရေကို မြေခွက်အတွင်းသို့ ငှဲ့ထည့်လိုက်ရင်း
“မဟုတ်ဘူးကွ၊ သူက ငါတို့ကိုကြောက်တာမဟုတ်ဘူး၊ ငါတို့ဝတ်စားထားတဲ့အဝတ်အစားကိုကြောက်နေတာကွ”
မုန်တိုင်းက သူ့အဝတ်များကိုသူပြန်ကြည့်ပြီး အံ့သြနေသည်။
“ငါတို့အဝတ်အစားက ဘာဖြစ်လို့လဲ”
“မှတ်ထားမုန်တိုင်းရ၊ ငါတို့တွေကို ဒီနေပြည်တော်က လူတွေက သူရဲနက်တွေလို့ခေါ်တယ်၊ အနက်ရောင်ဆိုတာ မကောင်းတဲ့အရောင်၊ အမင်္ဂလာအရောင်လို့ လူတွေက သတ်မှတ်ပြီးတော့ မသုံးကြဘူးမဟုတ်လား၊ ဒီနေပြည်တော်မှာ အနက်ရောင်ဝတ်တဲ့ တပ်သားဆိုလို့ ငါတို့တွေပဲရှိတယ်ကွ”
“အဲဒီအနက်ရောင်ဝတ်တာနဲ့ သူတို့က ကြောက်ရောလား”
ငခမ်းက သူ့လက်ထဲက ရေခွက်ကို လုံဒီဆီသို့လှမ်းပေးလိုက်ရာ လုံဒီက ယူလိုက်ပြီး မော့သောက်ချလိုက်သည်။ လုံဒီ၏ လည်တိုင်သွယ်သွယ်ကလေးမှာ ရေမော့သောက်လိုက်သည့်အခါ တစ်မျိုးကလေးကြည့်ကောင်းနေရာ ငခမ်းက ငေးကြည့်နေလိုက်သည်။ လုံဒီက ရေသောက်ပြီး ငခမ်းအားမြေခွက်ပြန်ပေးလိုက်သည်။
“နေ့လည်ကတည်းက အဖမ်းခံထားရလို့ ရေဆာနေတာနဲ့အတော်ပဲ၊ ဒါနဲ့ရှင်ရောမသောက်ဘူးလား”
ငခမ်းက ခေါင်းခါလိုက်သည်။ ထို့နောက် မုန်တိုင်းဘက်သို့လှည့်လိုက်ပြီး
“ငါတို့အနက်ရောင်ဝတ်လို့ကြောက်တာမဟုတ်ဘူးမုန်တိုင်းရ၊ ငါတို့တွေနဲ့တွေ့ရင် ကံဆိုးတတ်တယ်ဆိုပြီးတော့ ဒီနေပြည်တော်ကလူတွေက ငါတို့ကိုမပတ်သက်ရဲ၊ မဆက်ဆံရဲကြဘူး”
“တကယ်ရော ကံဆိုးလို့လားကွ”
ငခမ်းက သူတို့မိစ္ဆာဖမ်းတပ်သားများ လူသတ်ကြပုံများ၊ သတင်းစကားမပေါက်ကြားရန်အတွက် အသက်တစ်ချောင်းကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပုံများကို ပြန်မြင်ယောင်ရင်း ခေါင်းညိတ်လိုက်သည်။
“ကံဆိုးတာပေါ့၊ အခန့်မသင့်ရင် ခေါင်းပြတ်တတ်တာကြောင့်မို့ပေါ့ကွာ”
ဆိုင်မှကောင်လေးက ဒေါင်းလန်းအကြီးကြီးတစ်ခုကို ကိုင်လာသည်။ သူ့လက်တွေမှာ အလွန်တုန်ယင်နေသလို သူ့နဖူးတွင်လည်း ချွေးတွေစီးကျနေသည်။ ထို့နောက် သူတို့ရှေ့မှာ ဒေါင်းလန်းကြီးကိုချလိုက်ကာ အမြန်ပြေးထွက်သွားလေသည်။
“ဟား၊ မွှေးလိုက်တာ၊ ထမင်းမစားရတာ တစ်ရက်လောက်ရှိပြီ”
လုံဒီက ပြောရင်း ကြက်ကြော်ပေါင်ကိုဖဲ့လိုက်သည်။ မုန်တိုင်းကလည်း ကြက်ပေါင်တစ်ပေါင်ကိုဖဲ့လိုက်ကာ ကိုက်ဝါးလိုက်ပြီး ခေါင်ရည်ကိုငှဲ့လိုက်ကာ မော့ချလိုက်လေသည်။
“ကောင်းလိုက်တာကွာ၊ စားလို့အရသာရှိလိုက်တာ၊ ခေါင်ရည်ကလဲ ပူပူလေးကွ”
မုန်တိုင်းက ရယ်မောရင်း ငခမ်းကိုကြည့်ကာ လှောင်ပြောင်နေလိုက်သည်။ ငခမ်းကတော့ စားစရာများကိုကြည့်ရင်း တံတွေးသာမြိုချနေရသည်။
“ဟေ့ အကိုကြီး၊ ရှင်လဲစားပါအုံးလား”
လုံဒီက ကြက်ကြော်တောင်ပံကြီးကိုဖြုတ်လိုက်ကာ ငခမ်းထံသို့ပေးလိုက်သည်။ ငခမ်းကလည်း ကြောင်အမ်းအမ်းနှင့် ကြက်ကြော်တောင်ပံကို ကိုင်ထားလိုက်သည်။
“စားပါရှင့်၊ ရှင်ကမစားဘဲ ကျုပ်တို့ချည်းစားနေတာဆိုတော့ ရှက်ဖို့တောင်ကောင်းနေသလိုပဲ”
“ဟား၊ ဟား၊ သူ့ကိုသွားမကျွေးနဲ့၊ သူက ဘာမှမစားဘူး၊ ရေလည်းမသောက်ဘူးလေ”
မုန်တိုင်းကပြောလိုက်ပြီး ကြက်ကြော်ကိုအားရပါးရဝါးနေလေသည်။ လုံဒီက ထူးဆန်းသွားပြီး
“ဒါဆို အကိုကြီးက လှို့ဝှက်တဲ့ ကျင့်စဉ်တစ်ခုခုကိုကျင့်နေတာများလား”
“ဘယ်ကလာ ကျင့်စဉ်ကမှာလဲ၊ ဒီကောင်က ဘာစားစား စားလို့မရဘူးကွ၊ ဘာလို့စားလို့မရဘူးလဲဆိုတော့ . . .”
မုန်တိုင်းပြောနေသည့်အချိန်တွင် ငခမ်းက မုန်တိုင်းကိုကြည့်လိုက်ကာ မျက်မှောင်ကြုတ်ပြလိုက်သည်။ မုန်တိုင်းလည်း သိသွားပြီး ခေါင်းတဆတ်ဆတ်ညိတ်လျှက် ဘာမှဆက်မပြောပေ။ လုံဒီက မုန်တိုင်းဘက်သို့ကြည့်လိုက်ပြီး
“လုပ်စမ်းပါအကိုရဲ့၊ သူကဘာလို့ ဘာမှမစားတာလဲ”
“ဘာလို့လဲဆိုတော့ ဝဋ်ကြွေးပါလာလို့ဟေ့၊ ငတ်ရမယ့် ဝဋ်ကြွေးပါလာလို့၊ ဟား၊ ဟား”
မုန်တိုင်းက လှောင်ပြောင်လိုက်ရာ ငခမ်းလည်းမခံချင်ဖြစ်သွားပြီး စိတ်ဆိုးဆိုးနှင့်လက်ထဲကိုင်ထားသည့် ကြက်ကြော်တောင်ပံကို ကိုက်ဝါးထည့်လိုက်သည်။ ပါးစပ်ကသာ ကိုက်ဝါးနေရသော်လည်း အနံ့လည်းမရ၊ အရသာလည်းမရှိဘဲ သားရေပြားကြီး ဝါးနေရသလိုဖြစ်နေသည်။
“အင်း၊ မုန်တိုင်းပြောသလို ဝဋ်ကြွေးပါလာတာလား မသိပါဘူးကွာ၊ ဘာစားစားအရသာမရှိ၊ ဘာအနံ့မှလဲမရနဲ့”
ငခမ်းစိတ်ပျက်နေမိသည်။ ထိုစဉ် မြင်းခွာသံများကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသည်။
“နေအုံးဟ မြင်းခွာသံတွေကြားတယ်”
မုန်တိုင်းနှင့် လုံဒီက အံ့သြပြီး နားစွင့်နေကြသည်။
“ငါတို့တော့ ဘာမှမကြားပါဘူး ငခမ်းရ”
ထိုစဉ် ငခမ်းနားထဲ ဆူညံသည့်အသံများစွာဝင်လာလေသည်။ အသံတွေက အစုံဖြစ်နေပြီး သူ့အနီးတွင်ကပ်ပြောနေသလို ခံစားရသည်မို့ နားအူလာပြီး ခေါင်းတွေကိုက်လာသည်။ နောက်ဆုံးတော့ နားနှစ်ဖက်ကို လက်ဝါးဖြင့်အုပ်ထားရသည်။ ငခမ်းအဖြစ်ကိုကြည့်ပြီး မုန်တိုင်းတို့အံ့သြနေသည်။
“ငခမ်း၊ မင်းအဆင်ပြေရဲ့လား”
ငခမ်းက သူတို့ပြောတာကိုမကြားတော့ပေ၊ နားထဲဝင်လာသည့် အသံပေါင်းစုံကိုသာ ကြားနေရသည်။ ထိုစဉ် သူ့လက်ဖဝါးမှ အသံသေးသေးလေးက စူးရှစွာထွက်ပေါ်လာခဲ့သည်။
“ငခမ်း၊ မင်းငါပြောတာကြားလားငခမ်း၊ မင်းငါ့ကိုအာရုံစိုက်လိုက်စမ်းပါ”
ငခမ်းလည်း လက်ဝါးကိုမကြည့်တော့ဘဲ နားပိတ်ထားသည့် လက်ဖဝါးဆီသို့ အာရုံကိုစုစည်းလိုက်သည်။ ထိုအခါ အသံများစွာမကြားရတော့ပေ။
“ငါခုနက ခွေးနက်ရဲ့ မိစ္ဆာစွမ်းအင် အမြုတေကို စုပ်ယူပြီးတော့ မင်းမှာလည်း အစွမ်းတွေရလာတယ်ထင်တယ်၊ အေးလေ မင်းကလည်း မိစ္ဆာတစ်ကောင်မဟုတ်လား၊ အခုမင်းရနေတဲ့အစွမ်းက အဝေးကအသံတွေကို ကြားနေရတဲ့အစွမ်းပဲကွ၊ မင်းသတ်ခဲ့တဲ့ လင်းနို့ရာဇာကြီးဆီကနေ ရခဲ့တဲ့အစွမ်းဖြစ်မှာပေါ့ကွာ”
“ကျုပ်၊ ကျုပ်ဘာလုပ်ရမလဲ”
“မင်းလုပ်ရမှာက မင်းရဲ့စိတ်အာရုံကိုစုစည်းထားဖို့ပဲ၊ ပြီးတော့ မင်းကြားချင်တဲ့အရာတစ်ခုကို မင်းအာရုံစိုက်ထားကြည့်လိုက်စမ်း”
ငခမ်းက အာရုံများကိုစုစည်းလိုက်သည်။ ထို့နောက် သူတို့ဝိုင်းနှင့် ခပ်လှမ်းလှမ်းတွင်ထိုင်နေသည့် လူသုံးယောက်ကို ကြည့်ကာ အာရုံစိုက်ထားလိုက်သည်။ ထိုလူများက အချင်းချင်းတီးတိုးစကားပြောဆိုနေကြလေသည်။
“ကိစ္စပြီးရင်၊ ငါတို့ချမ်းသာမှာလားကွ”
စကားတိုးတိုးပြောနေသော်လည်း သူ့အနီးတွင်လာပြီး ပြောဆိုနေသလို ကျယ်လောင်စွာကြားနေရသည်။ နောက်လူတစ်ယောက်က
“အေးပေါ့ကွ၊ ကင်းဝန်မင်းကြီးက ငါတို့ကိုဆုတွေချီးမြှင့်မှာပေါ့”
“ကျုပ်တို့အခုစရမလား”
“အခြေအနေကြည့်ပြီး လှုပ်ရှားတာပေါ့ကွာ”
ငခမ်းအံ့သြနေမိသည်။ ထို့ကြောင့်ဆိုင်ထောင့်အနီးတွင် ကြောက်ကြောက်လန့်လန့်နှင့် ရပ်နေသည့် စားပွဲထိုးကောင်လေးနှင့် ဆိုင်အကူမိန်းမကြီးတစ်ယောက်တီးတိုးပြောဆိုနေသည့်နေရာသို့ အာရုံစူးစိုက်လိုက်သည်။
“ရုတ်ရုတ်သဲသဲဖြစ်တာနဲ့ ဒီနေရာကနေထွက်သာပြေးတော့၊ ဆိုင်အနောက်တံခါးဖွင့်ထားတယ်”
“ကျုပ်၊ ကျုပ်ကဘယ်ကိုပြေးရမှာလဲ”
“ခြေဦးတည့်ရာကိုသာပြေး၊ ဒီကနေ ဝေးနိုင်သမျှ ဝေးအောင်ပြေး၊ ဒီနေရာက မကြာခင် သွေးစွန်းတဲ့တိုက်ပွဲမြေပြင်ဖြစ်တော့မှာ”
ထိုအသံများကိုကြားပြီး ငခမ်းအလွန်တုန်လှုပ်သွားသည်။ နားတွင်အုပ်ထားသည့် လက်များကိုဖယ်လိုက်ပြီးနောက်
“သူတို့တစ်ခုခုတိုင်ပင်နေကြတာပဲ မုန်တိုင်း၊ ဒီနေရာက မကြာခင်သွေးစွန်းနေတဲ့ တိုက်ပွဲမြေပြင်ဖြစ်တော့မှာဆိုပဲ”
ထိုအခါ မုန်တိုင်းနှင့် လုံဒီတို့မှာ ငခမ်းကိုကြည့်လျှက် အလွန်အံ့အားသင့်နေကြသည်။ မုန်တိုင်းက ငခမ်းအားလက်ညှိုးထိုးလျှက်
“ငခမ်း၊ မင်း၊ မင်းရဲ့နားရွက်တွေ”
ငခမ်းလည်း သူ့နားရွက်များကို သူပြန်စမ်းကြည့်မိလိုက်သည်။ နားရွက်အပေါ်ဘက်မှာ လူများကဲ့သို့ လုံးလုံးဝိုင်းဝိုင်းမဟုတ်တော့ဘဲ ရှည်လျားကာ အထက်သို့ကော့လန်ပြီး ချွန်တက်နေလေသည်။ ငခမ်းလည်း အံ့သြသွားပြီး သူ့နားရွက်များကိုလက်နှင့်ဖုံးအုပ်လိုက်သည်။ ထိုစဉ် မုန်တိုင်းက သူ့ခါးကြားမှ ဓါးမြှောင်ကလေးကိုထုတ်လိုက်ပြီးငခမ်း၏ ခေါင်းပေါ်ရှိ သျှောင်ထုံးအား ဓါးနှင့်ဖြတ်ချလိုက်တော့သည်။ သျှောင်ထုံးပြတ်သွားသဖြင့် ငခမ်းဆံပင်များက ဖွာကျလာကာ သူ့နားရွက်များကို အုပ်သွားလေသည်။ ငခမ်းလည်း နားရွက်များကို ဆံပင်နှင့်ဖုံးအုပ်လိုက်ရသည်။
“ကျေး၊ ကျေးဇူးပါပဲ မုန်တိုင်းရာ”
လုံဒီမှာ ငခမ်းအား အလွန်ထူးဆန်းစွာဖြင့်ကြည့်နေသည်။
“သူ၊ သူကဘယ်သူလဲ၊ သူက ဘာကောင်ကြီးလဲ အကို”
မုန်တိုင်းအားမေးရာ မုန်တိုင်းက လက်ထဲကဓါးမြှောင်ကလေးနှင့် လုံဒီ၏ လည်ပင်းကိုထောက်လိုက်သည်။
“ဒီကိစ္စတွေကို မင်းဘယ်သူ့ကိုမှ ပြောပြလို့မရဘူးနော်၊ မင်းပြောလိုက်တာနဲ့ မင်းကိုငါသတ်ရလိမ့်မယ်”
လုံဒီက ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်သည်။ ထိုတော့မှ ဆိုင်အတွင်းကလူများအားလုံး သူတို့ကို စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ငခမ်းက ထိုလူများဘက်သို့လှည့်လိုက်ပြီး
“ဘာမှမဖြစ်ပါဘူး၊ ကျုပ်တို့အချင်းချင်း ကျီစယ်နေကြတာပါ”
ဆိုင်အတွင်းထိုင်နေသည့်လူများမှာ ငခမ်းကို ဘုကြည့်ကြည့်လိုက်ပြီး ပုံမှန်အတိုင်းစကားပြောဆိုနေကြသည်။
(၃)
မကြာမီ မြင်းအုပ်ကြီးက သူတို့စားတဲကြီးအရှေ့တွင်ရပ်တန့်လိုက်လေသည်။ မြင်းအုပ်ကြီးတွင် မြင်းစီးသမား အယောက်နှစ်ဆယ်ခန့်ပါလေသည်။ ထိုလူများက အရပ်သားများကဲ့သို့ ဝတ်ဆင်ထားကြသော်လည်း လက်နက်များကိုင်ဆောင်ထားကြသည်။ ကျောကုန်းတွင်လည်း သေနတ်များလွယ်လာကြသည်။
“စားတဲကိုဝိုင်းလိုက်ကြ”
မြင်းသမား အယောက်နှစ်ဆယ်က စားတဲကြီးကိုပတ်ပြီး မြင်းများဖြင့်ပြေးလွှားနေလေသည်။ ထိုအခါ စားတဲအတွင်းမှလူများအားလုံး မတ်တပ်ရပ်လိုက်ကြသည်။ ဖျာများအောက်တွင်လည်းကောင်း ဒေါင်းလန်းများအောက်တွင်လည်းကောင်း ဖွက်ထားကြသည့် ဓါးလှံလက်နက်များကို ထုတ်ယူလိုက်ကြလေသည်။
“သူတို့တွေ တိုက်ခိုက်ကြတော့မယ်ထင်တယ်၊ ပွဲကြီးပွဲကောင်းတော့ တွေ့ပြီဟေ့”
ငခမ်းက ပြုံးရင်းပြောလိုက်သည်။ လုံဒီမှာ ပူပန်နေပုံရသည်။
“ဘာမှမကြောက်ပါနဲ့ လုံဒီရာ၊ ဒီကိစ္စက ငါတို့နဲ့မဆိုင်ပါဘူးကွ၊ ငါတို့ဒီဆိုင်ထောင့်မှာထိုင်ပြီး သူတို့တိုက်တာကို အေးအေးဆေးဆေးကြည့်နေရုံပေါ့ကွာ”
ထိုစဉ် လက်နက်ကိုင်ဆောင်ထားသည့်သူများက သူတို့ကိုဝိုင်းလိုက်ကြသည်။ မြင်းစီးသမားများ၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့် နှုတ်ခမ်းမွှေးကားကားနှင့်လူကလည်း ဆိုင်အတွင်းသို့လျှောက်လာကာ သူတို့အနီးတွင်ရပ်လိုက်သည်။ မုန်တိုင်းက အခြေအနေကို တစ်ချက်အကဲခတ်လိုက်ပြီးနောက်
“ဟေ့၊ ငခမ်း၊ ငါထင်တာကတော့ သူတို့က ငါတို့ဆီကို လာတာများလားလို့”
ငခမ်းက ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သူတို့ဆီလမ်းလျှောက်လာသည့် လူအရှေ့တွင် ခါးထောက်ကာရပ်တန့်လိုက်သည်။
“ကဲ ခင်ဗျားဘယ်သူလဲ ပြောစမ်းပါအုံး၊ ကျုပ်တို့လို သူရဲနက်တွေနဲ့တွေ့တာတောင်မှ ခင်ဗျားက ပြဿနာဖြစ်ချင်သေးလို့လား”
ထိုလူက ပြုံးလိုက်လေသည်။
“ငါတို့က အိမ်ရှေ့စံကိုယ်တော်ကြီးရဲ့လူတွေပဲ၊ မင်းအသာဘေးဖယ်နေလိုက်တာကောင်းမယ်”
“ကျုပ်က ဘာကိုဘေးဖယ်နေရမှာလဲ”
“ဟိုမိန်းကလေးကို ငါတို့လက်ထဲထည့်လိုက်၊ မဟုတ်ရင်တော့ မင်းမနက်ဖြန် မျက်နှာသစ်စရာ ခေါင်းမရှိဘဲဖြစ်သွားလိမ့်မယ်”
ငခမ်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“စကားလုံးတွေက ကောင်းလှချည်လားဗျ၊ ဒီမှာ ဒီကောင်မလေးက ကျုပ်တို့လူဗျ၊ ခင်ဗျားပြောသလို ကျုပ်ပြန်ပြောလိုက်မယ်၊ ခင်ဗျားတို့အခုချက်ချင်းလှည့်ပြန်ရင်ပြန်၊ မပြန်ရင် ခင်ဗျားတို့အကုန်လုံး မနက်ဖြန် မျက်နှာသစ်ဖို့ ခေါင်းမရှိဘဲဖြစ်သွားလိမ့်မယ်”
ထိုအခါ နှုတ်ခမ်းမွှေးနှင့်လူမှာ တစ်ချက်ပြုံးလိုက်ပြီး သူ့လက်တွင်ကိုင်ထားသည့် ဓါးကို စွပ်ခနဲ ဆွဲထုတ်လိုက်လေသည်။ ငခမ်းလည်း ထိုလူကိုကြည့်နေရင်း သူ့လည်ပင်းက မခိုင်သလိုဖြစ်လာပြီးနောက် သူ့ခေါင်းကြီးမှာ မြေပြင်သို့ပြုတ်ကျသွားလေသည်။
“ဘယ်လိုဖြစ်တာလဲ”
ထိုအခါ ထိုလူနှင့် နောက်လိုက်နောက်ပါများက လုံဒီထံသို့ ပြေးဝင်လာကြသည်။ လုံဒီက လက်ထဲမှ ဓါးမြှောင်ကလေးတစ်ခုကိုထုတ်လိုက်ပြီး ထိုဓါးမြှောင်နှင့် ပြန်လည်တိုက်ခိုက်တော့သည်။ မုန်တိုင်းမှာလည်း သူ့လေးနှင့်မြားတံကိုယူကာ အနားကပ်လာသည့်ရန်သူများကို မြားဖြင့်ပစ်ခတ်ကြလေသည်။ ဆိုင်အတွင်းတိုက်ပွဲဖြစ်ကုန်သည်။ ဓါးသမားသုံးယောက်က ဓါးကိုဝင့်လိုက်ပြီး လွှားခနဲခုန်တက်လာရာ လုံဒီက ထိုဓါးသမားသုံးယောက်၏ ဓါးချက်များကိုရှောင်ရှားပြီး သူ့ဓါးမြှောင်ကလေးဖြင့် ဓါးသမားသုံးဦးကို ပြန်လည်တိုက်ခိုက်လိုက်သည်။ ဓါးမြှောင်ထိုးချက်များက ဓါးသမားသုံးဦး၏ ရင်ဝသို့ အချက်ပေါင်းများစွာ ထိုးဖောက်ဝင်ရောက်သွားပြီး ဓါးသမားသုံးဦးမှာ လဲကျသေဆုံးသွားလေသည်။
“ဟေ့၊ အားလုံးပဲ ဒီမိန်းကလေးကို မလျော့တွက်ပါနဲ့၊ သူက အရမ်းအန္တရာယ်များတဲ့ ဝရမ်းပြေးတစ်ယောက်ပဲ၊ သူ့ကို အိမ်ရှေ့စံက အသေရရ အရှင်ရရ ဖမ်းဆီးဖို့ မှာလိုက်တယ်”
ငခမ်းက ခေါင်းပြတ်ကြီးဖြင့် လုံဒီတို့တိုက်ခိုက်မှုများကို ကြည့်ရှုနေလေသည်။
“မြန်လိုက်တာကွာ၊ ဒီကောင်မလေးတော့ ပညာကိုသိုဝှက်ထားတယ်၊ ငါ့အထင်တော့ အဆင့်မြင့်သိုင်းသမားတစ်ယောက်ဖြစ်ရမယ်၊ ဒါနဲ့ ငါ့ကိုယ်ရော”
ငခမ်း၏ ခန္ဓာကိုယ်ကြီးမှာ လျှောက်သွားနေပြီး သူ့ခေါင်းကိုသူပြန်လိုက်ရှာနေလေသည်။
“ငခမ်း၊ မင်းရဲ့ကိုယ်ကို သေသေချာချာထိန်းဟ”
ငခမ်းက သူ့ကိုယ်လုံးကို သူ့ဆီသို့လှမ်းလျှောက်ခိုင်းနေရသည်။ ခေါင်းမပါဘဲ သွားလာနေရသည်မို့ သူ့ကိုယ်လုံးက လမ်းရှိဒေါင်းလန်းများ၊ စားပွဲများနှင့်တိုက်မိကာ ချော်လဲနေပြန်သည်။ အတော်ကြာကြာ ခက်ခက်ခဲခဲသွားလိုက်ရပြီးတော့မှ နောက်ဆုံးသူ့ခန္ဓာကိုယ်က သူ့ခေါင်းအရှေ့သို့ရောက်လာခဲ့သည်။ ငခမ်းလည်း ကိုယ့်ခေါင်းကိုယ် ပြန်ကောက်လိုက်ပြီး လည်ပင်းတွင်ကောက်တတ်လိုက်သည်။ သူ့လည်ပင်းနှင့် ခေါင်းပြန်ထိသောအခါ သွေးများနှင့် အသားများက သူ့အလိုလိုပြန်ဆက်နေသည်။ သို့သော် ပြန်ဆက်နေသည်မှာ ကြာလွန်းလှသဖြင့် ခေါင်းပြုတ်ကျမသွားရန် လက်နှင့်ထိန်းထားရသည်။
“အကိုကြီး လက်နက်က သိပ်ကောင်းတာပဲ၊ ကျုပ်ကိုခဏငှားနော်”
လုံဒီက သူ့ခါးမှ ရွှေကြာပွင့်လက်နက်ကို ဆွဲဖြုတ်လိုက်သည်မို့ ငခမ်းကိုယ်လုံးကြီး သုံးလေးပတ်ခန့်လည်ထွက်သွားသည်။ လုံဒီက ရွှေကြာပွင့်လက်နက်ကို ကျွမ်းကျင်စွာဆော့ကစားပြီး ဓါးသမားများနှင့်တိုက်ခိုက်လေသည်။ လုံဒီ၏ ရွှေကြာပွင့််တိုက်ကွက်များမှာ မြန်ဆန်ပြီး တိကျလှသဖြင့် ဓါးသမားများ အတုံးအရုံးနှင့် သေဆုံးကုန်သည်။ ငခမ်းပင် လုံဒီ၏ တိုက်ကွက်ဆန်းများကိုကြည့်ကာ အံ့သြနေမိသည်။
“ဟာ၊ ဒီကောင်မလေးက ရွှေကြာပွင့်လက်နက်ကို ငါ့ထက်တောင် ပိုပြီးသုံးတတ်နေပါလား”
ဓါးသမားဆယ်ယောက်ခန့် လဲပြိုသွားပြီးသည့်အခါ ကျန်သည့်ဓါးသမားများမှာ အနောက်သို့ခုန်ဆုတ်သွားသည်။ ထိုအခါ မြင်းစီးသမားများက စားတဲကြီးအတွင်းသို့ သေနတ်များဖြင့်ထိုးချိန်ထားသည်ကိုတွေ့လိုက်ရသည်။
“သေနတ်နဲ့ပစ်ပြီဟေ့”
“ဒိုင်း၊ ဒိုင်း၊ ဒိုင်း”
သေနတ်သံများကဆူညံသွားသည်။ ငခမ်းက ခုန်ထည့်လိုက်ပြီး သေနတ်ကျည်ဆန်များလာရာလမ်းတွင် ဝင်ရောက်ကာကွယ်ပေးလိုက်သည်။ သေနတ်ကျည်ဆန်များထိမှန်သည့်အရှိန်ကြောင့် ငခမ်းလည်း အနောက်သို့လွင့်ထွက်သွားရသည်။ ထိုအခါ မြင်းစီးသမားများပါ စားတဲအတွင်းသို့ခုန်ဝင်လာကြသည်။ နှုတ်ခမ်းမွှေးနှင့်လူက လုံဒီကိုကြည့်ပြီး ပြုံးလိုက်လေသည်။
“မက္ခရာဓါးကို အပိုင်စားရထားတဲ့ စစ်ကဲ နန္ဒဆိုတာငါပဲဟေ့၊ လေတိုက်သလို လျှင်မြန်တဲ့ မက္ခရာဓါးချက်ကို မင်းခံနိုင်မယ်ထင်ရင် ခံပေတော့”
နန္ဒနှင့် လုံဒီတို့ တိုက်ခိုက်နေကြသည်။ လဲကျသွားသည့် ငခမ်းအနီးသို့ မုန်တိုင်းကပြေးလာသည်။ ငခမ်းကိုယ်တွင် ကျည်ဆန်ပေါက်ရာများဖြစ်ကာ အပေါက်များမှ အငွေ့များထွက်နေလေသည်။
“ငခမ်း၊ မင်းဘာမှ မဖြစ်ဘူးမဟုတ်လား”
“ခေါင်းပြတ်တာတောင်မှ ဘာမှမခံစားရဘူးကွာ”
ထို့နောက် ငခမ်းနှာခေါင်းကိုရှုံ့လိုက်သည်။ သူ့အနီးတွင် ဓါးသမားတစ်ယောက်လဲကျနေပြီး ထိုဓါးသမား၏ရင်ဘတ်ရှိ ဓါးရာမှ သွေးတွေစီးကျနေလေသည်။ ငခမ်းမျက်လုံးကြီးများပြူးသွားသည်။
“သွေး၊ သွေးတွေ”
ထိုနေရာသို့ တွားသွားလိုက်ပြီး ဓါးသမား၏ သွေးများကို အငမ်းမရသောက်လိုက်လေသည်။
(၄)
မက္ခရာဓါးမှာ လေလိုလျှင်မြန်လှသည်မို့ ငခမ်းအားခုတ်ဖြတ်လိုက်မှန်းမသိအောင်ကိုပင် လျှင်မြန်လွန်းလှသည်။ ထို့အပြင် နန္ဒ၏ ဓါးသိုင်းကွက်နှင့်ပေါင်းလိုက်သည့်အခါ ဆိုဖွယ်ရာမရှိတော့ပေ။ သုံးလေးကွက်တိုက်ခိုက်အပြီးတွင် လုံဒီ၏လက်မောင်းကို ဓါးချက်ထိမှန်သွားပြီး လုံဒီမှာ အနောက်သို့ခုန်ရှောင်ထွက်လိုက်ရသည်။
“ဟား၊ ဟား၊ မင်းရဲ့ခေါင်းကိုရရင် ငွေအသပြာတစ်ထောင်ရမယ်တဲ့ကွ”
လုံဒီက လက်ကိုမြှောက်လိုက်သော်လည်း ဓါးချက်က အကြောကိုထိသွားသဖြင့် လက်မမြှောက်နိုင်တော့ပေ။
“ဟား၊ ဟား၊ မင်းသေနေ့စေ့ပြီဟေ့”
နန္ဒက လုံဒီဆီသို့ခုန်ဝင်လိုက်ပြီး လုံဒီအား ဓါးဖြင့်မိုးကာ ခုတ်ချလိုက်သည်။ လုံဒီလည်း ဘာမှမတတ်နိုင်တော့သဖြင့် မျက်လုံးကိုမှိတ်ချလိုက်သည်။
“ချွင်”
သို့သော် မက္ခရာဓါးမှာ လုံဒီကိုမထိဘဲ လေပေါ်ရပ်တန့်သွားသည်။ လုံဒီလည်း မျက်စိကိုအသာဖွင့်ကြည့်လိုက်ရာ သူ့အရှေ့တွင်ငခမ်းက ရပ်နေသည်။ ငခမ်းက သူ့ညာဖက်လက်ဖြင့် မက္ခရာဓါးကို ဖမ်းချုပ်ကိုင်ထားသည်။
“ခင်ဗျားဓါးက တော်တော်တုံးနေတာပဲဗျ”
နန္ဒမှာ အလွန်အံ့သြသွားလေသည်။ ထို့နောက် ငခမ်းအား မက္ခရာဓါးဖြင့် လေးငါးချက်ခုတ်သော်လည်း ငခမ်းက ညာဖက်လက်ဖြင့်ပင် ဓါးချက်များကိုကာကွယ်လိုက်သည်။ အလွန်ပြတ်ရှလှသည့် မက္ခရာဓါးမှာ ငခမ်း၏ ညာဖက်လက်ကိုတော့ မပြတ်နိုင်ပေ။ သုံးလေးချက်တိုက်ခိုက်ပြီးသောအခါ ငခမ်းက ညာဖက်လက်ဖြင့် မက္ခရာဓါးကိုဖမ်းဆုပ်ကိုင်ထားလိုက်တော့သည်။ နန္ဒက ပြန်ပြီးဆွဲသော်လည်း ငခမ်းအားကို မလွန်ဆန်နိုင်ပေ။
“မင်းဘာကောင်လဲကွ၊ မင်းကိုငါခုနက ခေါင်းဖြတ်လိုက်ပြီးပြီမဟုတ်လား”
ငခမ်းက စကားပြောဖို့လုပ်နေရင်း ပါးစပ်ထဲမှ တစ်ခုခုကို ငုံထားသလိုလုပ်နေသည်။ ထို့နောက် သူပါးစပ်အတွင်းမှ ကျည်ဆန်ခဲဖူးကို ထွေးထုတ်လိုက်သည်။ နန္ဒအလွန်အံ့သြသွားပြီး ငခမ်းကိုကြည့်လိုက်ရာ လည်ပင်းရှိဓါးခုတ်ရာကြီးမှာသူ့အလိုလိုပြန်ဆက်သွားသလို ရင်ဘတ်ရှိ ကျည်ဆန်ပေါက်ရာများမှာလည်း သူ့အလိုလိုပြန်ပိတ်သွားလေသည်။
“မင်း၊ မင်းဘာကောင်လဲ”
“ဟား၊ ဟား၊ ခင်ဗျားအလှည့်ပြီးပြီ၊ ဒီတစ်ခါ ကျုပ်အလှည့်”
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။