အခန်း (၁)
ဖိုးကျော်သည် ဖဲသမား၊ တောင်သာမြို့တွင် နာရေးဖြစ်တိုင်း ဖိုးကျော် မရောက်သည့်ဖူးသည့် အိမ်မရှိ။ အလုပ်အကိုင်ကလဲ မယ်မယ်ရရမရှိ၊ ဖခင်က နယ်သာယာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည်။ လယ်ယာများလဲပိုင်သည်။ မောင်နှမမွေးချင်းများထဲတွင် အထွေးဆုံးဖြစ်သည်။ တစ်မိသားစုလုံးက အလိုလိုက်ခံထားရသည်။ ထို့ကြောင့် အလုပ်မလုပ်ဘဲ ဖဲပဲရိုက်နေလေသည်။
ဖိုးကျော်ဖဲစရိုက်တတ်တော့ ငါးတန်းကျောင်းသား၊ ရွာက သူ့ဘကြီး ဆုံးတော့ ဘကြီးအိမ်တွင် ဖဲဝိုင်းထောင်သည်။ ဖိုးကျော်က ဖဲဝိုင်းကိုဝင်ကြည့်သည်။ အကောက်ကောက်သည့် တာဝန်ကို ဖိုးကျော်ကို ပေးထားသည်။ ဖဲဝိုင်းက နှစ်ဝိုင်းသုံးဝိုင်းဖြစ်သည်။ သူလဲ အကောက်ကောက်ရင်း ဖဲဝင်ရိုက်ကြည့်သည်။ နားမလည်ပါးမလည်ဖြင့် လူကြီးတွေက သူ့ကို ညာရိုက်သည်။ သူရထားသည့် အကောက်ငွေတွေပါကုန်လေသည်။
“ဟေ့ကောင်လေး ရော့ မင်းငွေတွေပြန်ယူ”
ဦလေးကြီးတစ်ယောက်က သူ့ကို ငွေတွေပြန်ပေးလေသည်။
“မင်းတို့ကွာ လူကြီးတွေဖြစ်ပြီး ခလေးကို ဖဲညာရိုက်ရသလား”
ပြောရင်း ထိုလူကြီးက ပိုက်ဆံတွေ လိပ်ပြီးသူ့ကိုပေးလေသည်။
“ကျေးဇူးတင်ပါတယ် ဦးကြီး ဒါပေမယ့် ဒီပိုက်ဆံတွေကို ကျွန်တော် ဒီအတိုင်းမယူချင်ဘူး”
“အမယ် မင်းက ဘယ်လိုယူချင်လို့လဲ”
“ကျွန်တော့်ကို ဖဲရိုက်သင်ပေးဗျာ၊ ကျွန်တော် ဒီလူတွေနဲ့ ဖဲရိုက်ပြီး ပြန်အနိုင်ယူပြမယ်”
ဖဲဝိုင်းတစ်ဝိုင်းလုံးရယ်မောလိုက်ကြလေသည်။ ထိုဦးလေးကြီးက ခေါင်းတညိတ်ညိတ်ဖြင့် သဘောကျနေလေသည်။
“ဒီကောင် တကယ့်ကောင်ကွ”
ဟုပြောရင်း အရက်တစ်ကြိုက်ကို ခိုးသောက်လိုက်လေသည်။ အချို့နာရေးအိမ်များတွင် အရက်သောက်သည်ကို ခွင့်ပြုထားသော်လည်း အချို့နာရေးအိမ်များကတော့ အရက်သောက်သည်ကို မကြိုက်၊ ဖဲသမားများ အရက်သောက်ချင်လျှင် ခိုးသောက်ကြရသည်များသည်။
“ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ”
“ဖိုးကျော်ပါ”
“ကောင်းပြီ၊ မင်းကိုငါသင်ပေးမယ်၊ အေးဒါပေမယ့် မင်းပညာအကုန်တတ်တဲ့အထိသင်ရမှာနော်”
ဖိုးကျော်က ခေါင်းညိတ်လိုက်သည်။
“ဦးနာမည် ဘယ်လိုခေါ်လဲ”
“ငါ့နာမည် သက်တင်”
ဖဲကရိုက်နည်းပေါင်းများစွာရှိသည်။ ကိုးမီးရိုက်သည်၊ ဘူကြီးရိုက်သည်၊ တွမ်တီဝမ်းခေါ် ဘလက်ဂျက်ရိုက်သည်၊ ၁၃ ချပ်ပိုကာဆွဲသည်၊ ရှိးခေါ်သော စားပွဲပေါ် ငါးချပ်တင်သည့် ပိုကာလဲ ရိုက်ကြသည်။ ဖဲရိုက်ကြလျှင် ဖဲသမားများကတော့ အားလုံးလိုလိုရိုက်တတ်သည်။ ဖဲရိုက်လျှင် အခြေအနေ အချိန်အခါကို ကြည့်၍ ရိုက်ကြရသည်။ အချိန်နည်းလျှင် အနိုင်အရှုံးမြန်သော ကိုးမီးတို့ ဘူကြီးတို့ရိုက်သည်။ တွမ်တီဝမ်းလဲ အဆော့များသည်။ အချိန်ရပြီး အေးအေးလူလူရိုက်ရမည်ဆိုလျှင် ၁၃ ချပ် ပိုကာ ဒေါင်းကြသည်။
မသာအိမ်တွင် မနက်ပိုင်းနှင့် နေ့လည်ပိုင်းလို လူဝင်လူထွက်များသည့်အချိန်တွင် ကိုးမီးနှင့် ဘူကြီးတို့ရိုက်တတ်သည်။ ညနေလူနဲနဲရှင်းချိန်တွင် ရှိုးဆော့သည်၊ ညဖက် အေးအေးဆေးဆေး လူငြိမ်သွားပြီဆိုလျှင်တော့ ပိုကာဆွဲကြသည်။ ပိုကာဆွဲသည်က လူငြိမ်ပြီး ဖဲသမားစစ်စစ်တွေမှ ဆွဲလို့ကောင်းသည်။ များသောအားဖြင့် မသာအိမ်ဖဲဝိုင်းတွင် ညဖက်ရိုက်ကြသူများမှာ ဖဲပညာရှင်များ၊ ဖဲဂျိုးများသာဖြစ်ကြသည်။ ညလုံးပေါက်ဖဲရိုက်လိုက် အရက်ကလေးခိုးသောက်လိုက်၊ မသာအိမ်က ဧည့်ခံသည့် မုန့်လေးစားလိုက် ဆေးလိပ်လေးခဲလိုက်ဖြင့် ရိုက်ကြခြင်းဖြစ်သည်။
ထိုနေ့က ဦးသက်တင်က ဖိုးကျော်ကို သင်ပေးလေသည်။ ဖိုးကျော်လဲ ရိုက်ရာ နိုင်တော့နိုင်သည်။ သူ့အကောက်ငွေတွေ ပြန်ရလေသည်။ သူ့အမျိုးတွေကတော့ ဖိုးကျော်ကို မျက်စောင်းတထိုးထိုးနှင့်။ အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ဖဲရိုက်နေသည်မဟုတ်ပါလား။
ဘကြီးအိမ် အသုဘပြီးသွားသော်လဲ ဖိုးကျော်လက်တွေက ဖဲရိုက်ချင်နေသည်။ ဦးသက်တင်မှာ သူတို့ရွာခံမဟုတ်သဖြင့် နောက်ပိုင်းမတွေ့ဖြစ်ပေ။ တစ်ရက် ဖိုးကျော်ကျောင်းသွားရင်း လမ်းက အိမ်တစ်အိမ်မှာ နာရေးဖြစ်ပြီး ဖဲဝိုင်းထောင်ထားလေသည်။ ဖိုးကျော်လဲ စိတ်ဝင်စားသဖြင့် ထိုအိမ်ထဲဝင်လိုက်လေသည်။
“အမယ် ငါ့တပည့် ဖိုးကျော်ပါလား”
ဦးသက်တင်က ဖဲဝိုင်းတွင် ဟန်ပါပါထိုင်နေသည်။
“အတော်ပဲ တစ်အိမ်လိုနေတယ် ကောင်လေး မင်းဝင်ရိုက်မလား”
ဖိုးကျော်က စဉ်းစားလိုက်သည်။ သူကျောင်းတက်ရဦးမည်ဖြစ်သည်။ ကျောင်းက တစ်ချိန်ကျောင်း၊ မနက် ၉ နာရီမှ ညနေ ၃ နာရီလောက်အထိ တစ်နေ့လုံးတက်ရမည်ဖြစ်သည်။
“ဟုတ်ပြီဗျာ ကျွန်တော်ဝင်ဆော့မယ်”
ဖိုးကျော်က ပြောလိုက်ပြီး ဖဲဝိုင်းတွင် ဝင်ထိုင်လိုက်လေသည်။ ဖဲသမားများထဲတွင် ဖိုးကျော်အငယ်ဆုံးဖြစ်မည်ထင်သည်။ ကျောင်းစိမ်းဝတ်ပြီး ဖဲထိုင်ရိုက်နေခြင်းဖြစ်သည်။ ထိုနေ့တွင် ဦးသက်တင်က သူ့အား ဖဲဝေနည်း၊ ဒိုင်ကိုင်နည်း၊ ကုလားဖန်ထိုးနည်းများသင်ပေးလေသည်။
ထိုနောက်ပိုင်း ဖိုးကျော် စာစိတ်မဝင်စားတော့၊ ဖဲသာရိုက်ချင်နေလေသည်။ ဦးသက်တင်နှင့် ချိန်းပြီး မသာအိမ်တကာလှည့်ပြီး ဖဲရိုက်လေသည်။ နောက်တော့ ကျောင်းက အိမ်ကိုတိုင်သည်။ ဖိုးကျော်အဖေကြီးက သူ့ကိုဆော်လေသည်။ ဖိုးကျော်က တော့ အဆော်ခံလိုက်သည်။ အပြုံးမပျက်၊ နောက်တော့ အိမ်က ထွက်ပြေးလိုက်လေသည်။
ဦးသက်တင်က တစ်ကိုယ်တည်းသမား၊ အရင်က အိမ်ထောင်ကျပြီး ခလေးတွေဘာတွေရသည်။ သို့သော် ဖဲပဲရိုက်နေသဖြင့် လင်မယားကွဲပြီး တစ်ကိုယ်တည်း တောင်သာမြို့ ဆင်ခြေဖုံးတွင် အိမ်ငှားပြီးနေလေသည်။ အိမ်က တောင့်တင်းသော်လည်း အိမ်အတွင်းမှာ ညစ်ပတ်နေသည်။ ဖိုးကျော်ရောက်သည့်နေ့က သန့်ရှင်းရေးတွေ သေချာလုပ်ပေးရလေသည်။
“ဘာမှ အားမငယ်နဲ့ကွ ဖဲသမားဆိုတာ ငွေရွှင်တယ်”
ဦးသက်တင်ကပြောလေသည်။ ထိုနောက်ပိုင်းရက်များတွင် ဖိုးကျော်လဲ ဦးသက်တင်နောက်လိုက်ကာ မသာအိမ်ဝိုင်းများကို လိုက်ရိုက်လေသည်။ ဦးသက်တင်ကလဲ သူ့ကို ပညာစုံသင်ပေးသည်။ ဖဲရိုက်သည်က ငွေရွှင်တာကတော့ မှန်သည်။ ဖိုးကျော်လဲ သူအနိုင်ရသည့် ငွေများဖြင့် ရွှေလက်စွပ်ကလေးပင် ဝတ်ဆင်နိုင်လေသည်။
ဦးသက်တင်ကတော့ သမီးစားရိတ်ထောက်ရသည်ဟု ဆိုသည်။ လက်ထဲတွင် အရင်းအနှီးအဖြစ် ငွေအနည်းငယ်သာ ချိန်ထားပြီး ကျန်တာတွေကို လူကြုံဖြင့်ပို့လေသည်။ သုံးလေးနှစ်ခန့်ကြာတော့ ဖိုးကျော်အမေက အသန်းအသန်ဖြစ်သည်။ သူ့သားငယ်လေးကို ပြန်ခေါ်ခိုင်းလေသည်။ ထို့ကြောင့် အကိုများက ဖဲဝိုင်းများပတ်ပြီးရှာရလေသည်။ နောက်တော့လဲ အိမ်မှ မိသားစုဝင်များက ပြန်ပြီးခေါ်သဖြင့် အိမ်တွင်ပြန်နေလေသည်။ ဖိုးကျော်က ဖဲရိုက်သည့်ငွေများဖြင့် တစ်ပတ်ရစ်ဆိုင်ကယ်လေး ဝယ်စီးလေသည်။ ၂၀၀၅ ခုနှစ်ကမို့ ထိုအချိန်က ဆိုင်ကယ်များ အလွန်မပေါများသေး။
အိမ်မှလူများကလဲ အလိုလိုက်ပြီး လွှတ်ထားကြလေသည်။ ဖိုးကျော်ကတော့ တစ်ညလုံးလိုလိုဖဲဝိုင်းရှာရိုက်ပြီး မနက်ဘက်တွင် အိပ်နေတတ်သည်။ ဖိုးကျော် အဖေကြီးကတော့ သူ့ကို ကြည့်မရ၊ သို့သော် သူ့မိန်းမက ကာဆီးကာဆီးလုပ်နေသဖြင့် စကားသိပ်မပြောဘဲ လျစ်လျူရှုထားလိုက်ရသည်။
အခန်း(၂)
ဦးသက်တင်က ဖဲအကျော်အမော်၊ ဖိုးဖွားများက အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က နာမည်ကြီး ဝတ်လုံတော်ရ။ မိဘများကလဲ တောင်သာမြို့တွင် စတိုးဆိုင်ခန်းကြီးပိုင်ဆိုင်သူများဖြစ်သည်။ ဦးသက်တင်ဘဝက ငယ်စဉ်ကတည်းက လိုလေသေးမရှိ။ မိဘများကလဲ သားလေးတစ်ယောက်ထဲမို့ အလိုလိုက်ထားကြသည်။ ဦးသက်တင်၏ အမေက ဖဲရိုက်လေ့ရှိသည်။ သူငယ်ချင်းအပေါင်းအသင်းများနှင့် တစ်လတစ်ကြိမ်ခန့် အိမ်တွင် ဖဲဝိုင်းထောင်လေ့ရှိသည်။ တရုတ်ကပြားများ၊ ကုလားမများ၊ အရာရှိကြီးများ၏ ကတော်များ လာရောက်ပြီး ဖဲကစားကြလေသည်။ ထိုမှ တဆင့်ဦးသက်တင်သည် ဖဲဝါသနာ စလာဖြင်းဖြစ်သည်။
“အရင်က ရန်ကုန် မဂိုလမ်းက အာဆပ်ဆိုတာ နာမည်ကြီး သူဌေးပေါ့။ နောက်တော့ သူ့ပစ္စည်းတွေ ပြည်သူပိုင်ပစ္စည်းအသိမ်းခံရတော့ မွဲသွားတယ်။ သူလဲ ဘင်္ဂလားမပြန်သေးဘဲ မြန်မာနိုင်ငံတပတ် ဖဲလိုက်ရိုက်နေတာ။ နောက်တော့ တောင်သာရောက်လာတယ်။ ငါကလဲ ဝါသနာရှင်ပေါ့ကွာ ဖဲဝိုင်းမှာတွေ့တာပေါ့။ အဲဒါနဲ့ သူ့ကို ဘယ်လိုမှ နိုင်အောင် မရိုက်နိုင်တာ “
ဦးသက်တင်က ပြောရင်း ဆေးလိပ်တိုကိုဖွာနေသည်။
“သူက ဖဲချပ်ကို ကြိုက်တဲ့ဆီက ကြိုက်သလိုဝယ်လာခဲ့ကွာ၊ နောက်ကျောကို လက်နဲ့ထောက်လိုက်တာနဲ့ ဘာဆိုတာကို မှန်းပြီးသား မှန်းလိုက်တဲ့အတိုင်းလဲ မှန်တာပဲ။ ပြီးတော့ တစ်ဖက်သား ကစားသမားရဲ့ ဖဲချပ်နောက်ကျောကို ကြည့်တာနဲ့ အဲ့လူ ဘာကိုင်ထားလဲဆိုတာ တန်းသိတာပဲဟေ့”
“သူက ဘာလို့ အဲဒီလောက်တော်နေရတာလဲ”
“ငါလဲ ဘယ်နေမလဲ သူ့ဆီမှာ တပည့်ခံလိုက်တာပေါ့။ သူနဲ့ငါ မြန်မာပြည်အနှံ့လျှောက်သွားကြတယ်။ သူကလဲ ဖဲရိုက်နည်းတွေ တော်တော်သင်ပေးပါတယ်။ အဲ . . . ဒါပေမယ့် သူက ဖဲမှော်အောင်ထားတာကွ”
“ဖဲမှော် ဟုတ်လား”
“အေး အစီအရင်တစ်မျိုးပေါ့ အဲဒီမှော်အောင်သွားရင်တော့ ဖဲကို ထုံးလိုချေ ရေလိုနှောက်ပဲတဲ့ဟေ့”
“နေပါဦး အဲဒီအာဆပ်က ဦးလေးကို ဖဲမှော် မသွင်းပေးဘူးလား”
ဦးသက်တင်က ရေတစ်ကျိုက်မော့သောက်လိုက်သည်။
“အင်း ဖဲမှော်က သူများသွင်းပေးရတာ မဟုတ်ဘူး၊ ကိုယ့်ဖာသာကိုယ် လုပ်ယူရတာ၊ သူကလဲ လုပ်ဖို့နည်းလမ်းရေးပေးပါတယ်၊ ငါကလဲ ကြောက်လို့မလုပ်တာ”
“ဘာကြောင့် ကြောက်ဖို့ကောင်းတာလဲ” ဖိုးကျော်က မေးလိုက်သည်။
“လူသေတွေနဲ့ ဖဲထိုင်ရိုက်ရတာလေကွာ မကြောက်ဘဲနေမလား”
ဦးသက်တင်က ပြောပြီး ထသွားသည်။ ထို့နောက် သူ့အိမ်ခန်းထဲရှိ ရှုပ်ပွနေသော ဗီရိုတစ်လုံးထဲမှ စာအုပ်တစ်အုပ်ကိုထုတ်ပေးသည်။ စာအုပ်မှာ ဒိုင်ယာရီ စာအုပ်ပုံစံဖြစ်ပြီး နှစ်တွေက ၁၉၈၆ ဟု ရေးသားထားသည်။
“မင်းလိုအပ်မယ် ထင်ရင် ယူသွားပေါ့”
ဖိုးကျော်လဲ စာအုပ်လေးကို ယူပြီး လွယ်အိတ်ထဲထည့်လိုက်လေသည်။
အခုတော့ ဦးသက်တင်မရှိတော့။ လွန်ခဲ့သော ငါးနှစ်ခန့်က ဆုံးပါးသွားပြီဖြစ်သည်။ ဖိုးကျော်လဲ ဖဲသမားဘဝတွင် ဆရာတစ်ဆူဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း လောင်းကစားဟူသည်က အမြဲတမ်းချမ်းသာရိုးမရှိ ဖောင်းလိုက်ပိန်လိုက်သာ ဖြစ်သည်။ နိုင်သည့်အခါ မြိုးမြိုးမြတ်မြတ်နိုင်သကဲ့သို့ ရှုံးသည့်အခါတွင်လဲ ခွက်ခွက်လန် ရှုံးတတ်သည်။
ဖိုးကျော်က အခုနောက်ပိုင်း မသာအိမ်ဝိုင်းများ သိပ်မရိုက်ဖြစ်တော့၊ သူဌေးများ တိတ်တိတ်ပုန်းရိုက်သောဝိုင်း၊ ဝါသနာရှင်များ စုပေါင်းရိုက်သောဝိုင်းများကိုသာ လိုက်ရှာပြီး ရိုက်ဖြစ်လေသည်။
“ဖိုးကျော်ရေ ဒီနေ့ဝိုင်းကောင်းရှိတယ်ကွ”
မြတ်ဇော် ကပြောရင်း အိမ်ပေါ်တက်လာသည်။ နေ့လည်ပိုင်းမို့ ဖိုးကျော်က အိမ်ရှေ့တွင် အိပ်နေလေသည်။ အိမ်တွင် ဘယ်သူမှမရှိ၊ ယာထဲကိုင်းထဲသွားကြခြင်းဖြစ်မည်။ မရီးများကလဲ အိမ်လည်သွားနေခြင်းဖြစ်မည်။
“ဘယ်လောက်ကောင်းလို့လဲကွ”
ဖိုးကျော်က အိပ်နေရာမှ ထရင်းပြောလိုက်လေသည်။
“ပွဲရုံပိုင်ရှင် ကိုဒေါင်း၊ အပေါင်ဆိုင်ပိုင်ရှင် ဦးတီ၊ လျှပ်စစ်စတိုးပိုင်ရှင် ကိုကျော်ဝင်းနဲ့ တောခေါင်းမောင်ဖေတို့တွေ ဝိုင်းကြမှာတဲ့”
ဖိုးကျော် မျက်လုံးများ အရောင်တောက်သွားသည်။
“နေပါဦး ငွေက ဘယ်လောက်ပြရမှာလဲ”
မြတ်ဇော်က လက်သုံးချောင်းထောင်ပြသည်။
“သုံးသိန်း”
ဖိုးကျော်က မေးလိုက်သည်။ မြတ်ဇော်က ခေါင်းကိုခါပြသည်။
“သိန်းသုံးဆယ် ပေါ့”
မြတ်ဇော်က ခေါင်းညိတ်လိုက်သည်။
ဖိုးကျော် အကြံအိုက်သွားသည်။ သူ့လက်ထဲတွင် သိန်းသုံးဆယ်မရှိ၊ ဝိုင်းကလဲ ဝိုင်းကောင်း၊ ထိုဝိုင်းမှာ နိုင်လျှင် သိန်းရာဂဏန်း မြတ်နိုင်သည်မဟုတ်လား။ ထို့နောက် ဖိုးကျော်က အကြံတစ်ခုရသွားပြီး သူ့အဖေနှင့်အမေတို့ အိပ်သည့် အခန်းဘက်သို့ ထွက်ခဲ့လိုက်သည်။
ဖဲဝိုင်းရောက်ပြီ။ ဖဲဝိုင်းမှာ တောခေါင်း၏ ကိုယ်ပိုင်တိုက်ခံအိမ်ကလေးတွင် ထောင်ထားသည်။ ဖိုးကျော်က ဆိုင်ကယ်ကို အိမ်ရှေ့တွင်ရပ်လိုက်သည်။ အိမ်ထဲမှ လူငယ်လေးတစ်ယောက်ထွက်လာသည်။ ဖိုးကျော်က စကားဝှက်ကို ပြောလိုက်သည်နှင့် ခြံတံခါးကို ဖွင့်ပေးလိုက်လေသည်။
အိမ်ထဲတွင်တော့ ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့် ပြည့်နှက်နေသည်။ ထမင်းစားခန်းရောက်သောအခါ ဘဲဥပုံ ထမင်းစားပွဲကြီးချထားပြီး ထိုပေါ်တွင် ဖဲရိုက်နေကြခြင်းဖြစ်သည်။ ဖိုးကျော်ရောက်တော့ ဝိုင်းက စနေပြီ၊ ဖိုးကျော်ကလဲ ထိုင်စောင့်နေသည်။ အရက်နှင့် အဖျော်ယမကာများ အမြည်းများကတော့ အလျှံပယ်။
တစ်ပွဲပြီးတော ဖိုးကျော်ဝင်လိုက်သည်။ အပေါင်ဆိုင်ပိုင်ရှင် တရုတ်ဦးတီက လက်ကာပြသည်။
“အနည်းဆုံး သိန်းသုံးဆယ်နော် ဖိုးကျော်”
ဖိုးကျော်က ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူယူလာသည့် လယ်ယာမြေပိုင်စာရွက်စာတမ်းများနှင့် ရွာမြေပိုင်စာရွက်စာတမ်းများကို ဖိုင်တွဲကြီးချပြလိုက်လေသည်။ ဦးတီက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ဖဲဝိုင်းစရိုက်ကြသည်။ ဖိုးကျော်နိုင်သည့်အခါလဲနိုင်သည်။ သို့သော် နောက်ဆုံးတွင် လျှစ်စစ်စတိုးဆိုင်ပိုင်ရှင် ကိုကျော်ဝင်းက အနိုင်ရသွားပြီး အနိုင်ရငွေများအားလုံးကို သိမ်းလိုက်တော့သည်။
“ကိုကျော်ဝင်းကတော့ ဖဲမှော်ဝင်နေသလားမှတ်တယ်”
ပွဲရုံပိုင်ရှင် ကိုဒေါင်း ကဆိုလေသည်။
“ဟုတ်ပဗျာ ကျုပ်တော့ သိန်း ၈၀ ကုန်တာပဲ”
ဦးတီက ပြောလေသည်။ ထိုသူများမှာ ထိုမျှလောက်ငွေပမာဏလေးကို စကားထဲထည့်ပြောဖို့မလိုအောင် ချမ်းသာသူများဖြစ်ကြသည်။ တုန်လှုပ်နေသူကတော့ ဖိုးကျော်၊ သူယူလာသည့် စာရွက်စာတမ်းများအားလုံး ကုန်လေပြီ၊ ကိုကျော်ဝင်းက ဖိုးကျော်ကို တစ်ချက်ကြည့်လိုက်သည်။
“ကဲ ဖိုးကျော်၊ ကျန်တဲ့လူတွေကတော့ ငွေသားတွေ၊ မင်းက စာရွက်စာတမ်းတွေ ငါဘယ်လိုစီစဉ်ပေးရမလဲ”
ကိုကျော်ဝင်းကမေးလေသည်။
“ကျုပ် ကျုပ်ကို တစ်လပဲ အချိန်ပေးပါ၊ ကျုပ် အဲ့ဒီစာရွက်စာတမ်းတွေကို ဖဲကစားရင်းခင်ဗျားဆီက ရအောင်ပြန်ယူပါ့မယ်”
“ဟား ဟား ဟား”
ကိုကျော်ဝင်းကရယ်လိုက်လေသည်။
“ကောင်းပြီ နောက်တစ်လနေရင် ကျုပ်တို့ ဝိုင်းပြန်ဖွဲ့ကြတာပေါ့။ ကြေးကတော့ ထုံးစံအတိုင်း သိန်းသုံးဆယ်ပဲ”
ကိုကျော်ဝင်းက ပြောဆိုရင်း သူ့ကိုယ်ပိုင်ကားလေးအပေါ်တက်သွားပြီး မောင်းထွက်သွားလေသည်။ ဖိုးကျော်လဲ အိမ်ထဲမှ ထွက်ပြီး သူ့ဆိုင်ကယ်အစုတ်ကလေးကို စီးရင်း ရွာပြန်လာခဲ့သည်။ သူ့ရင်ထဲမှာတော့ အပူလုံးကြီးတစ်လုံးက တစ်ဆို့နေလေသည်။
အခန်း (၃)
ဖိုးကျော်အိမ်ပြန်ရောက်တော့ အိပ်မပျော်တော့။ သူ့နားထဲတွင် အသံတစ်ခုက စွဲနေသည်။
“ဖဲမှော် . . . ဖဲမှော်”
ဖိုးကျော်က အိပ်မရသည့်အတူ ထလိုက်ပြီး သူ့ပစ္စည်းများသိမ်းထားသော သံသေတ္တာကို မွှေနှောက်တော့သည်။ သူရှာနေသည်က ဦးသက်တင်ပေးခဲ့သည့် ဒိုင်ယာရီစာအုပ်လေးဖြစ်သည်။ တွေ့ပါပြီ။ စာအုပ်လေးကို ပုဆိုးတစ်ထည်နှင့်ပတ်ထားသည်။ သူကလဲ စာအုပ်ကို ဖွင့်လိုက်ပြီး စာရွက်တွေကို အမြန်လှန်လှောနေမိသည်။ ထို့နောက် တစ်နေရာအရောက်တွင် ဖောင်တိန်ဖြင့်ရေးသားထားသော ဖဲမှော်ဆိုသည့် စာများကိုတွေ့လိုက်ရသည်။ ဖိုးကျော်လဲ စာများကိုသေချာစွာ ဖတ်ရှုနေလေသည်။
“ဖဲမှော်၊ ဖဲမှော်သွင်းမည့်သူသည်။ အရင်ဆုံး တစ်ယောက်ထိုင်ဖျာတစ်ချပ်၊ ရေနံဆီမီးခွက်တစ်ခွက်၊ အရက်တစ်လုံးနှင့် ကြက်ကြော်တစ်ကောင်လိုအပ်သည်။ လွယ်အိတ်တစ်လုံးထဲတွင် ဖဲနှစ်ထုပ် ထည့်သွားရမည်။ စောင်တစ်ထည်ယူသွားရမည်။ ညနေ နေဝင်ရီတရောတွင် မျက်နှာကိုသနပ်ခါးဖုံနေအောင်လူးရမည်။ ခေါင်းတွင် ပန်းကိုပန်ရမည်။ ဖိနပ်မစီးပဲ သချိုင်းကုန်းတစ်ခုသို့သွားရမည်။
ည၇နာရီထိုးလျှင် သချိုင်းထဲ ဖျာကိုခင်းရမည်။ အရက်နှင့် ကြက်ကြော်ကို ဖျာပေါ်မှ ချရမည်။ ထို့နောက် ဆီမီးခွက်ထွန်းရမည်။ ပြီးလျှင်တော့ သချိုင်းထဲက နာနာဘာဝတွေကို ဖဲရိုက်ဖို့ဖိတ်ခေါ်ပြီး ဖဲရိုက်ရမည်။ သချိုင်းတစ်ခုလုံးနိးပါး ပတ်ရိုက်လို့ပြီးပါက နောက်ဆုံးတွင် ဆရာကြီးကြွပါဟု ခေါ်ရမည်။ ထိုအခါ ဆရာကြီးပေါ်လာလိမ့်မည်။ ဆရာကြီးကို ဖဲနိုင်အောင်ရိုက်ရမည်။ ဖဲရိုက်ပြီးနိုင်သည့်အခါတွင် စောင်ဖြင့်ဆရာကြီးကို အုပ်ရမည်။ အရက်နှင့် ကြက်ကြော်ကို မြေပေါ်ချရမည်။ ဆီမီးခွက်ကိုမှုတ်ပြီး ဖျာကိုလိပ်၍ ခေါင်းပေါ်ရွက်ပြီး ရွာသို့ တစ်ချိုးတည်းပြေးရမည်။ ထိုဆရာကြီးဆီက နိုင်၍ ရလာသော ပစ္စည်းသည် ဖဲမှော်အောင်သည့်ပစ္စည်းဖြစ်ပြီး မိမိနှင့် အမြဲဆောင်ထားရမည်။” ဟုရေးသားထားလေသည်။
ဖိုးကျော်သည် လွယ်အိတ်အဟောင်းတစ်ခုရှာလိုက်သည်။ ထို့နောက် စောင်တစ်ထည်နှင့် ဖဲအသစ်နှစ်ထုပ်ကို ထည့်လိုက်သည်။ ထို့နောက် ရေနံဆီမီးခွက် တစ်လုံးကိုရှာရသည်။ ရေနံဆီမီးခွက်မှာ မသုံးကြတော့သဖြင့် အတော်ရှာမှ အိမ်နောက်ဖက် စပါးကျီထဲတွင် ချိတ်ထားသည်ကို တွေ့ရသည်။ ပြီးတော့ အိမ်က တစ်ယောက်ထိုင် ထန်းကြောဖျာတစ်ချပ်ကို ယူပြီးလိပ်လိုက်သည်။ မည်သူနှင့်မှ မတိုင်ပင်ပဲ ညနေမစောင်းခင် အိမ်ကထွက်ခဲ့သည်။
ဖိုးကျော်တို့ရွာနှင့် အနီးအနားမှ ရွာများအသုံးပြုသော သချိုင်းတစ်ခုရှိလေသည်။ ဖိုးကျော်သည် အကျီများဝတ်လိုက်သည်။ ထို့နောက် ရွှေပြည်နန်းသနပ်ခါးဗူးလေးကို ရေအနည်းငယ်ထည့်ပြီး မျက်နှာပေါ်တွင် ဖုံနေအောင်လူးလိုက်သည်။ ရွာထဲမှ ချိုးယူလာသော ရွှေဒင်္ဂါးပန်းများကို ဆံပင်တွင်စုလိုက်ပြီး သရေပင်နှင့် ချည်လိုက်သည်။ ဆိုင်ကယ်နောက်ကြည့်မှန်တွင် မိမိရုပ်ကိုပြန်ကြည့်ရာ ကိုယ်တိုင်ပင်လန့်သွားလေသည်။
“ဒီရုပ်တော့ လူမပြောနဲ့ သရဲတွေမြင်ရင်တောင် ကြောက်နေမှာ”
ထို့နောက် အရက်တစ်လုံးကို ဖောက်သောက်လိုက်သည်။ ကျန်အရက်တစ်လုံးနှင့် ကြက်ကြော်တို့မှာ အရက်ဖြူဆိုင်ကနေ မှာပြီး ဝယ်လာခြင်းဖြစ်သည်။ ဖိုးကျော်အရက်မသောက်၍ မဖြစ်။ သရဲများနှင့် ဖဲထိုင်ရိုက်ရမှာကိုတော့ သူကြောက်သည်။ ဖိုးကျော်သည် စာအုပ်ထဲမှရေးထားသည့် ပြောရမည့်စကားလုံးများကို မှားမည်ဆိုး၍ စာအုပ်တစ်အုပ်ဖြင့် ရေးမှတ်လာလေသည်။
လက်မှ Casio နာရီလေးကို ကြည့်တော့ ၇ နာရီထိုးတော့မည်။ ဖိုးကျော်လဲ သုသန်အတွင်းသို့ ဝင်ခဲ့လေသည်။ သုဿန်အတွင်း အုတ်ဂူတွေပြည့်နှက်နေသည်။ အချို့အုတ်ဂူတွေကတော့ အုတ်များကျိုးပြတ်နေပြီး ပေါက်ပြဲနေလေသည်။ မြေပုံမို့မို့တွေကလဲ နေရာအနှံ့လိုဖြစ်နေသည်။ ညမှောင်မှောင်မှာ သုဿန်ကြီးက ကြောက်စရာကောင်းနေသည်။ ဖိုးကျော်က ဖျာခင်းရန် နေရာလိုက်ရှာနေသည်။ နောက်ဆုံးတော့ သုဿန်ဇရပ်ကလေးပေါ်တွင်ပင် ခင်းလိုက်လေသည်။
ဖျာခင်းပြီးတော့ မီးခွက်ကို ထွန်းလိုက်လေသည်။ ရေနံဆီမရှိသောကြောင့် ဒီဇယ်ထည့်ထွန်းရလေသည်။ မီးခွက်ထွန်းလိုက်တော့ ပတ်ဝန်းကျင်မှာ လင်းထိန်သွားလေသည်။ ထို့နောက် ပါလာသော အရက်တစ်လုံးနှင့် ကြက်ကြော်ကိုလဲ ဖျာပေါ်ချလိုက်လေသည်။ ဖဲထုပ်ကိုထုတ်၍ သူ့ရှေ့တွင်ချထားလိုက်သည်။
“ကဲ သချိုင်းကုန်းထဲက နာနာဘာ၀ ဖဲဝါသနာရှင်များ ကျုပ်နှင့်ဖဲရိုက်ရန် လာတော်မူကြပါ”
ဖိုးကျော်က ထိုသို့ သုံးကြိမ်တိုင်တိုင်ခေါ်လိုက်လေသည်။ သုဿန်ကြီးတစ်ခုလုံးက တိတ်ဆိတ်နေလေသည်။ ထို့နောက် သချိုင်းအတွင်းရှိ မြေပုံများက လှုပ်လာလေသည်။ ဖိုးကျော်လဲ ကြောက်လန့်ပြီး ထခုန်ရန် တွေးလိုက်သည်။ သို့သော် ကြောက်ရန်မဖြစ်။ အသာငြိမ်နေလိုက်သည်။ အရက်ကိုလဲ တစ်ငုံ ငုံလိုက်လေသည်။
မြေပုံများထဲမှ လက်များက ထိုးထွက်လာလေသည်။ လက်တွေမှာ ပုတ်နေသည့်လက်တွေက ပုတ်နေသည်။ အချို့လက်ကတော့ အသားတွေမရှိသည့်လက်များလဲရှိသည်။ လူသေကောင်ကြီးများက ကုန်းထလာကြပြီး ဇရပ်လေးဆီ တရွေ့ရွေ့နှင့် လမ်းလျှောက်လာကြသည်။ သာမန်လူတစ်ယောက်အဖို့ ထိုမြင်ကွင်းများကို မြင်လိုက်ရပါက မေ့မျောသွားပေလိမ့်မည်။ ဖိုးကျော်ကတော့ အပေါ်သို့မကြည့်တော့ဘဲ ဖျာသို့သာ စိုက်ကြည့်နေတော့သည်။
အပုပ်နံ့တွေက ဆိုးရွားလွန်းလှသည်။ ထို့နောက် ဖျာအောက်မှ ဖျာပေါ်သို့ မတ်စေ့များ၊ ပုတီးလုံးများ ပစ်တင်ကြသည်။ ဖိုးကျော်က တစ်ချက်မော့ကြည့်လိုက်သည်။ သူ့ရှေ့ကြမ်းပြင်ပေါ်တွင်တော့ လောက်တွေ တဖွားဖွားကျနေသည့် လူသေကောင်ကြီးတစ်ကောင်ထိုင်နေသည်။ လူသေကြီး၏ ပါးတွေက လောက်တွေ အတွင်းကထိုးနေသဖြင့် လှုပ်ရွနေလေသည်။ လူသေတွေက ဖျာပေါ်မှာတော့ မထိုင်ကြ။ ဖျာအောက် ကြမ်းပြင်တွင် ထိုင်ကြသည်။ သူ့ဘေးဖက်မှာလဲ အရိုးကျနေသည့် လူသေကြီးထိုင်နေသည်။ လူသေတွေက သူ့ကို ဝိုင်းထား၏။ ဖျာပေါ်မတက်ကြသော်လည်း သူနှင့် ၆ လက်မလောက်သာ ဝေးကွာသဖြင့် ဖိုးကျော် ကြောက်ဒူးတုန်နေသည်။ ဖိုးကျော်က ရိုက်ရမြန်သော ကိုးမီးရိုက်ရန် ဆုံဖြတ်လိုက်သည်။
ဖိုးကျော်ဖဲစရိုက်ပြီ၊ လူသေတွေကို မတွေးပဲ ဖဲကိုသာ အာရုံစိုက်ပြီးရိုက်နေသည်။ လူသေတွေမှာလဲ ရှိသည့် မတ်စေ့များ၊ အကျီကြယ်သီးများဖြင့် ထည့်ကာ ရိုက်နေကြသည်။ ဖဲရိုက်စရာ ပစ္စည်းကုန်သွားသည့် လူသေတွေက ပြန်သွားကြလေသည်။ သူ့ရှေ့က ပုပ်ပွနေသည့်အလောင်းကြီးမှာ ရိုက်စရာ မရှိတော့။ နောက်တော့ သူ့ပါးစပ်ကိုဖြဲကာ အန်သွားတွေကို နှုတ်ယူပြီး ဖိုးကျော်ဆီ ပစ်ပေးလိုက်သည်။ အန်သွားတွေမှာ လောက်တွေက တဖွားဖွားပါလာသည်။ ဖိုးကျော်မအန်မိအောင် မနည်းကြိုးစားနေရသည်။
“ခင်ဗျားတို့ မညစ်နဲ့ ဖဲရိုက်နေတာဗျ ကစားနေတာမဟုတ်ဘူး တန်ဖိုးရှိတာပဲပေး”
ဖိုးကျော်က အော်လိုက်လေသည်။ ထိုပုပ်ပွနေသော လူသေကြီးမှာလဲ စိတ်ပျက်ပြီး ထသွားလေသည်။ သို့နှင့် လူသေတွေနှင့် ဖဲရိုက်လိုက်၊ လူသေတွေက ထသွားလိုက်နှင့် အချိန်မှာ ညသန်းခေါင်ပင်ကျော်ခဲ့ပြီ။ လူသေတွေလဲ မရှိတော့ပေ။ သူ့ဖျာပေါ်တွင်တော့ မတ်စေ့တွေနှင့် အံသွားများ၊ မျက်လုံးများပါ ပြန့်ကျဲနေလေသည်။
“ကဲ ဘယ်သူမှ မရှိတော့ဘူးဆိုတော့ ဆရာကြီးကြွပါ”
ဖိုးကျော်က ထိုသို့ပြောလိုက်လေသည်။ ထိုစဉ် ဖျာပေါ်သို့ ဘုတ်ခနဲ ထမီထုပ်တစ်ထုပ်ကျလာလေသည်။ ထိုထမီထုတ်ကလေးမှာ သေးသေးလေးဖြစ်သော်လည်း တဖြည်းဖြည်းကြီးလာကာ အထဲမှ ခြေတံလက်တံများအလွန်ရှည်လျားပြီး၊ အလွန်သေးသွယ်သော ခန္ဒာကိုယ်ရှိသော ယောက်ျားမိန်းမ ခွဲမရနိုင်သော အကောင်တစ်ကောင်ထွက်လာသည်။ ဆံပင်ကြီးတွေက ရှည်လျားပြီး ဖွာလန်ကျဲနေသည်။ သူက ဖျာပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
“ကဲ ဆရာကြီး ထိုး”
ဖိုးကျော်က ပြောလိုက်သည့်အခါ ဆရာကြီးဆိုသူသည် လျှာကြီးကိုထုတ်လိုက်လေသည်။ လျှုာကြီးမှာ အလွန်ရှည်ပြီး မြွေကြီးတစ်ကောင်လိုဖြစ်နေသည်။ ထို့နောက် လျှာကြီးကို ဖျာနှင့်ထိလိုက်သည်။ ထိုအခါ မတ်စေ့တစ်စေ့သည် လျှာကြီးပေါ်မှ တဖြည်းဖြည်းချင်းဆင်းလာလေသည်။
ဖိုးကျော်ကံကောင်းသည်လား မပြောတတ်။ ဆရာကြီးကို တစ်ပွဲထဲနှင့် နိုင်လေသည်။ ဖိုးကျော်က နိုင်သွားသည်နှင့် ကြိုတင်စီမံထားသည့်အတိုင်း ဆရာကြီးဆိုသူထိုးသော မတ်စေ့ကို အမြန်ကောက်လိုက်လေသည်။ ထို့နောက် အရက်နှင့် ကြက်ကြော်ကို ဖျာပေါ်မှ ကန်ချလိုက်လေသည်။ ဆရာကြီးဆိုသူက ဇရပ်ကြမ်းပြင်ပေါ်ကျသွားသော ကြက်ကြော်ကို ခုန်အုပ်ပြီး စားနေလေသည်။ ဖိုးကျော်က စောင်ကိုဖြန့်လိုက်ကာ ဆရာကြီးအပေါ်ကို အုပ်ချလိုက်သည်။ ထို့နောက် မီးခွက်ကို မှုတ်လိုက်သည်။ လွယ်အိတ်ကိုလွယ်လိုက်ပြီး၊ ဖျာကို လိပ်လိုက်လေသည်။ ထိုအခါ ဖျာပေါ်ရှိ မတ်စေ့များနှင့် ပစ္စည်းများ အားလုံး ပြန့်ကျဲကုန်လေသည်။ ဖိုးကျော်လဲ ဖျာကိုလိပ်ပြီး ခေါင်းပေါ်တင်လိုက်ပြီး သုဿန်ထဲမှ ထပြေးတော့သည်။ ဆရာကြီးဆိုသူက သူ့အား လိုက်လေသည်။ မြေပုံကြီးများမှလဲ လက်များထွက်လာကာ ဖိုးကျော်ခြေထောက်ကို ဝိုင်းဆွဲကြလေသည်။ ဖိုးကျော်လဲ အလျှင်အမြန်ရှောင်တိမ်းကာ ပြေးလွှားရင်း သုဿန်အပြင်ဖက်သို့ ရောက်လေသည်။
အတော်ကြာပြေးပြီးသော် သုဿန်နှင့် အနည်းငယ်ဝေးသွားပြီဖြစ်သည်။ ထိုအခါ ဖိုးကျော် အနောက်ဖက်သို့ ပြန်လှည့်ကြည့်မိလိုက်သည်။ သုဿန်ကြီးမှာ တိတ်ဆိတ်နေလေသည်။ ဖိုးကျော်လဲ ဆိုင်ကယ်စီသွားကာ သယ်လာသည့် ပစ္စည်းများအားလုံးကို လွှင့်ပစ်လိုက်သည်။ ထို့နောက် မတ်စေ့လေးကို အိတ်ကပ်ထဲထည့်ကာ ဆိုင်ကယ်ကို မောင်းထွက်လာပါတော့သည်။
အခန်း (၄)
ဖိုးကျော်မှာ အိမ်ရောက်တော့ သုံးလေးရက်ခန့် လန့်ဖျားဖျားလေသည်။ အဖျားသက်သာသွားတော့ ဖိုးကျော်က ဖဲမှော်အောင်မအောင် စမ်းကြည့်ချင်သည်။ မတ်စေ့လေးကို သံဖြင့် ဖောက်လိုက်ပြီး ကြိုးလေးနှင့်တွဲကာ လည်ပင်းတွင် ဆွဲထားလိုက်သည်။ ထို့နောက် ဖဲတစ်အုပ်ကို ကုလားဖန်ထိုးလိုက်ပြီး အပေါ်ဆုံးက ဖဲလေးကို မလှန်ဘဲ ကြည့်လိုက်လေသည်။ စိတ်ထဲမှ တွေးမိသည့် အချပ်ကို ပြောလိုက်လေသည်။
“ဒါလေးက ဟက် သုံး”
ပြီးတော့ လှန်ကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်း အသည်းပုံ ၃ ဂဏန်းအချပ်လေးဖြစ်နေသည်။ ဖိုးကျော်လဲ ပျော်သွားပြီး ဖဲတစ်ထုပ်လုံးကို ဖဲတစ်ချပ်ခြင်းဆီမှန်းကြည့်လိုက် လှန်လိုက်လုပ်ရာ အကုန်မှန်နေလေသည်။ ဖိုးကျော်လဲ ကျေနပ်သွားပြီး ထိုအတိုင်း အကြိမ်ကြိမ်စမ်းသပ်နေပါတော့သည်။
ညနေရောက်တော့ နောက်ဖေးအိမ်သာက အဆင်း တံခါးအပိတ်တွင် အိမ်သာအရှေ့တွင် ဆရာကြီးဆိုသည့် သရဲကြီးကိုတွေ့လိုက်ရသဖြင့် ဖိုးကျော်လန့်ဖျပ်သွားလေသည်။
“ခင် . . . ခင်ဗျား ဘာလာလုပ်တာလဲ”
“မင်းပဲ ငါ့ကိုခေါ်ခဲ့ပြီးတော့”
“ကျုပ်ခင်ဗျားကို ခေါ်တာမဟုတ်ပါဘူး။ ကျုပ်က ဖဲမှော်သွင်းတာပါ”
“ဟာား ဟား ဖဲမှော်ဆိုတာ ငါကမင်းကိုရှုံးတော့ မင်းခိုင်းတာလုပ်ဖို့ ပါလာတာပဲလေ”
“ဒါဆို ခင်ဗျားကို ဘယ်လိုပြန်ထုတ်ရမလဲ”
“မင်းယူခဲ့တဲ့ မတ်စေ့လေး ပြန်ပေးရင် ငါလွတ်ပြီပေါ့”
ဖိုးကျော် စဉ်းစားလိုက်သည်။
“ကောင်းပြီ ခင်ဗျားကိုလဲ အကြာကြီးမခေါ်ချင်ဘူး၊ ဒီလိုလုပ် ကျုပ်သူဌေးတွေနဲ့ပွဲနိုင်ရင် ခင်ဗျားကို ပြန်လွှတ်ပေးမယ်”
ဖိုးကျော်က ပြောလိုက်လေသည်။ သရဲကြီးကလဲ ခေါင်းညိတ်လိုက်ပြီးနောက် ပျောက်ကွက်သွားလေသည်။
တစ်လပြည့်ပြီ၊ ဖိုးကျော်လဲ အိမ်ရှိ စာရွက်စာတမ်းများကို အကုန်ခိုးယူခဲ့သည်။ သူ့အဖေအမေ၏ ရှေးဟောင်းလက်ဝတ်ရတနာ ပစ္စည်းများကိုပါ ခိုးယူလာခဲ့ပြီး တောခေါင်းအိမ်သို့ လာခဲ့လေသည်။ အရင်ကအတိုင်း သူ့ကိုတွေ့သည်မို့ ထိုအိမ်က ကောင်လေးက ဝင်ခွင့်ပေးလိုက်သည်။ ခြံထဲတွင် ကားများရပ်ထားသည်မို့ လူစုံနေပြီဖြစ်သည်။
ထမင်းစားခန်းထဲက စားပွဲဝိုင်းကြီးတွင် လူစုံနေပြီ။ ဒီတစ်ခါတော့ လူတစ်ယောက်ထပ်ရောက်နေသည်။
“ဦးတီ သူက ဘယ်သူလဲ”
ဖိုးကျော်က မေးလိုက်လေသည်။ တရုတ်ကြီး ဦးတီက ရယ်လျက်
“ဒါက ခရိုင်တရားသူကြီးပဲ၊ ဦးဂျမ်းတဲ့”
“တရားသူကြီးလဲ ဖဲရိုက်တာပဲလား”
“ဝါသနာ အရပေါ့ကွာ”
ဦးဂျမ်းက ပြောရင်း ရယ်မောလိုက်သည်။
“ကဲ ဒီတစ်ခါတော့ တက္ကဆက်ပိုကာဆော့မယ်ကွာ”
ဦးကျော်ဝင်းကပြောလိုက်သည်။ ဖိုးကျော်က ပြုံးလိုက်သည်။ တက္ကဆက်ပိုကာကို ဖိုးကျော်က ဆော့ရတာ ပိုကြိုက်သည်။ သူက ဖဲရိုက်ရုံတင်မဟုတ် တစ်ဖက်ဖဲရိုက်သူ၏ မျက်နှာအနေအထားနှင့် အမူအရာတို့ကိုပါ အကဲခတ်ပြီးရိုက်ရလေသည်။ ပြီးတော့ ဒိုင်ခံပြီး လျှော်ကြသည့်ပုံစံမျိုးမဟုတ်ပဲ အလယ်ပုံရိုက်ခြင်းဖြစ်သည်။ ကဒ်ကောင်းလျှင် ကောင်းသလို ရှိသမျှ စည်းစိမ်အပြုတ် ပုံအောပြီး လိုက်ရိုက်လို့ရသဖြင့် ဖိုးကျော်က တော့ သဘောတွေ့နေလေသည်။
ပွဲစပြီ။ ဒီလာ(Dealer) ဘယ်သူလဲ သိရန် ဖဲများလှန်ကြသည်။ အမြင့်ဆုံးဖဲကတော့ ခရိုင်တရားသူကြီး ဦးဂျမ်းရသည်။ သူ့ဘယ်ဖက်တွင် ထိုင်နေသော ဦးကျော်ဝင်းက စမောဘလိုင်း(Small Blind) ကျပြီး တစ်ယောက်ကျော် ဦးတီက ဘစ်ဘလိုင်း(Big blind) ကျသည်။
“နိုးလစ်မစ် (No Limit) နော်ဆရာတို့””
ဦးဂျမ်းကပြောလိုက်သည်။ နိုးလစ်မစ်ဆိုသည်မှာ ထိုးကြေးကို သတ်မှတ်မထားပဲ ရှိသလောက်ပုံအော ထိုးနိုင်ခြင်းဖြစ်သည်။ ထို့နောက် ဦးဂျမ်းက ကုလားဖန်ထိုးလိုက်ပြီးနောက် ဟိုးလ်(Hole) ကဒ်များအဖြစ် ကစားသူတစ်ယောက်ကို နှစ်ကဒ်စီ ဝေပေးလိုက်လေသည်။ ဖိုးကျော်က သူ့ဖဲကို လှန်မကြည့်ပဲ ကိုင်ကြည့်လိုက်သည်။ ညှင်း ၄ နှင့် ၅ဖြစ်သည်။ ဖိုးကျော်က ကစားဝိုင်းအတွင်းရှိသူများကို တစ်ချက်ကြည့်လိုက်သည်။ ဦးတီက အေ တစ်စုံ ကိုင်ထားသည်။ သူ့မျက်နှာက တည်နေသော်လဲ စိတ်ထဲမှာတော့ ကျိတ်ပျော်နေသည်။ ဦးကျော်ဝင်းကတော့ ကင်းနှင့် ခုနှစ်တစ်ခုကိုင်ထားသည်။ တောခေါင်းမောင်ဖေနဲ့ ကိုဒေါင်းကတော့ ကဒ်တွေသိပ်မကောင်း၊ ဦးဂျမ်းကလဲ ကဒ်အသင့်အတင့်။
ပထမဆုံး ထိုးအလှည့်။ ဦးကျော်ဝင်းက အခြေအနေကြည့်ပြီး ချက်(Check) လိုက်သည်။ ဦးတီက ၁၀ သိန်းထပ်တင်လိုက်သည်။ ဖိုးကျော်အလှည့်။ ဖိုးကျော်မှာ ပါလာသည့်ပစ္စည်းတွေ စုစုပေါင်းမှ သိန်း ၃၀ ကျော်ခန့်သာရှိမည်။
“အကုန်ထိုး”
နားထဲတွင် အသံတစ်သံကြားလိုက်ရသည်။ ဘေးသို့ကြည့်လိုက်သောအခါ ကိုယ်ခန္ဓာအလွန်ရှည်လျားပြီး ဆံပင်တွေဖျားလျားကျပြီး ဖွာနေသော ဆရာကြီးကိုတွေ့လိုက်ရသည်။ ဆရာကြီးက ဖဲဝိုင်းလုပ်သည့် စားပွဲပေါ်တွင် တက်ထိုင်နေသည်။ ကျန်သည့်သူများကတော့ မမြင်ရပေ။
“ဖိုးကျော် ကြာလိုက်တာကွာ အရှုံးပေးရင်လဲ ပေးလိုက်”
ဦးဂျမ်းက ပြောလိုက်မှ သူသတိရသွားသည်။ သူက သူ့ရှေ့တွင် တင်ထားသော စာရွက်ပုံကြီးနှင့် လက်ဝတ်လက်စားများအားလုံးကို စားပွဲအလယ်သို့ တွန်းတင်လိုက်သည်။
“ဖိုးကျော် ဒီတစ်ခါ ငါစာချုပ်လုပ်လာတယ်။ မင်းရှုံးရင် ဒီပစ္စည်းတွေကို လွှဲပြောင်းကြောင်းစာချုပ် တန်းချုပ်ရမယ်”
ဖိုးကျော်က ခေါင်းညိတ်လိုက်သည်။ ဖိုးကျော်က အပေါ်က ကဒ်တွေကို မှန်းကြည့်လိုက်သည်။ ကဒ်တွေ သိပ်မကောင်း။
“ဦးဂျမ်း ဘမ်း (Burn) ပေးဗျာ””
ဖိုးကျော်က ပြောလိုက်သည်။
“”ဖိုးကျော် ငါတို့ထဲမှာ လိမ်မယ့်သူပါမယ်လို့ မင်းထင်လို့လား”
ဦးဂျမ်းကပြောလိုက်သည်။
“ခင်ဗျားက ဒီလာပဲလေ ထိုးသားအကြိုက် လုပ်ပေးရမှာပေါ့”
ဦးဂျမ်းက ကျေတော့မကျေနပ်၊ ဘမ်း (Burn) သည်ဆိုသည်မှာ ထပ်ဆွဲမည့်ဖဲပုံအပေါ်မှ ဖဲများအား လက်ဖြင့်ကိုင်ပြီး ဖယ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ဦးဂျမ်းက ဖလော့ကဒ် အဖြစ် ဖဲသုံးချပ်ကို စားပွဲအလယ်တွင် လှန်လိုက်လေသည်။
ညှင်း ၆၊ ညှင်း၈ နှင့် အေတစ်လုံးကျလာလေသည်။ ဦးတီမှာ သွားကြီးဖြီးလိုက်သည်။ ထို့နောက် မသိမသာပြန်ပြီး ပိတ်လိုက်သည်။
“ဖိုးကျော် မင်းစာရွက်တွေ စုစုပေါင်း ဘယ်လောက်ရှိမယ်ထင်လဲ”
“သိန်း သုံးဆယ်လောက်တော့ ရှိမှာပေါ့”
ဦးတီက ခေါင်းညိတ်လိုက်ပြီး သိန်းသုံးဆယ်ကို ထပ်တင်လိုက်သည်။ ကိုဒေါင်းက အရှုံးပေးလိုက်သည်။ တောခေါင်း မောင်ဖေက သိန်းသုံးဆယ်ထပ်တင်သည်။ တရားသူကြီးကလဲ ထပ်လိုက်သည်။ ဦးကျော်ဝင်းကလဲ ထပ်ထည့်လေသည်။ စားပွဲပေါ်တွင် သိန်း ၁၅၀ ကျော်ပြီဖြစ်သည်။
ဦးဂျမ်းက တမ်းမ်(Turn) အဖြစ် ဖဲတစ်ချပ်ကို ထပ်လှန်လိုက်သည်။ ဖဲကတော့ ဟက် အေ ကျလေသည်။ သွားပြီ။ ဦးတီက အေလေးလုံးကိုင်ထားပြီ။ လောလောဆယ် ဝိုင်းထဲမှာ သူနိုင်ဖို့အများဆုံးဖြစ်နေပြီ၊
“ဆရာကြီးရေလုပ်ဦး ကျုပ်ရှုံးတော့မယ်”
“မင်းမရှုံးပါဘူးကွာ ငါလုပ်ပေးပါ့မယ်”
ဖိုးကျော်က အကုန်ထည့်ထားသဖြင့် ထပ်လိုက်စရာမလိုတော့။ တရားသူကြီးကလဲ အရှုံးပေးလိုက်လေသည်။ တောခေါင်းကတော့ စောင့်ကြည့်လိုက်သည်။ ဦးတီက နောက်ထပ် သိန်း ၂၀ ထပ်တိုးသည်။ ဦးကျော်ဝင်းကလဲ ခေါင်းကုပ်လျှက် နောက်ထပ် သိန်း ၂၀ ထပ်ထည့်လိုက်သည်။ ကစားပွဲက တင်းမာနေပြီ။ နောက်ဆုံးကဒ် တစ်ကဒ်သာ ချရန်လိုတော့သည်။
“ဦးဂျမ်း ဘမ်းပေးဦး”
ဦးဂျမ်းက ဖိုးကျော်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ထို့နောက် ဘာမှမပြောတော့ပဲ။ ဖဲပုံကို ရွှေ့၍ အောက်ကဖဲတစ်ချပ်ကိုဆွဲပြီး ရေဗာ(River) အဖြစ် လှန်လိုက်လေသည်။ ညှင်း ၇ ကျလာသည်။
ပွဲက ထပ်ထိုးတော့မည့်သူမရှိ၍ ပွဲသိမ်းပြီ။ တောခေါင်းမောင်ဖေက သူ့ကဒ်တွေ ချလိုက်သည်။ ၆ တစ်စုံ ၈တစ်စုံဖြစ်သည်။ ဦးကျော်ဝင်းက သူ့ကဒ်တွေချသည်။ ၈ သုံးလုံးတူဖြစ်သည်။ ဦးတီက ရယ်မောလိုက်သည်။
“ဟား ဟား ကျုပ်နိုင်ပြီ၊”
ဦးတီက ပြောလျှက် ကဒ်တွေကို ချလိုက်သည်။ ထင်ထားသည့်အတိုင်း အေလေးလုံးဖြစ်သည်။
“လေးခုတစ်စုံ ငါနိုင်ပြီကွ”
ဦးတီက ပြောကာ စားပွဲပေါ်ရှိငွေပုံကြီးကို ယူရန်လက်ပြင်လိုက်သည်။
“ဆန္ဒမစောပါနဲ့ ဦးတီရဲ့”
ဖိုးကျော်က ပြောလိုက်ကာ သူ့ကဒ်တွေကို ချပြလိုက်သည်။
“ဟာ”
တစ်ဝိုင်းလုံး အံ့သြသွားကြသည်။
ဖိုးကျော်ကဒ်က ညှင်း ၄၊ ၅၊ ၆၊ ၇၊ ၈ အစဉ်အတိုင်းကျသည်။
“စထရေ့ ဖလက်ရှ် (Straight flush) ဗျ၊ ကျုပ်နိုင်ပြီ”
ဖိုးကျော်က ပြောလိုက်ကာ စားပွဲပေါ်က ငွေပုံကြီးကို ဆွဲရန်ယူလိုက်လေသည်။ ထိုစဉ် ဖိုးကျော်၏ လက်ကို လက်ထိပ်တစ်ခုက ခတ်ပြီးသားဖြစ်သွားသည်။ ဖိုးကျော်က မော့ကြည့်လိုက်တော့ သူ့ရှေ့တွင် ရဲများရောက်နေကြသည်။ ရဲများက အိမ်ကိုဝိုင်းထားပြီး စားပွဲကိုလဲ သုံးလေးယောက် ဝိုင်းထားကြသည်။
“ကဲ ခင်ဗျားတို့ရဲ့ ဖဲဝိုင်းကို ကျုပ်တို့ ဖမ်းလိုက်ပါပြီ”
အခန်း (၅)
တောခေါင်းနှင့် တရားသူကြီးအကွက်ရိုက်ကြံစည်ပြီး ဖမ်းချင်းဖြစ်သည်။ အကုန်လုံးကို လက်ထိပ်တွေခတ်လိုက်သည်။ ကိုဒေါင်းကော၊ ဦးတီကော၊ ဦးကျော်ဝင်းကော၊ ဖိုးကျော်ကော အဖမ်းခံရလေသည်။
“ငါ့ကိုတော့ မဖမ်းပါနဲ့ကွာ ငါသိန်းတစ်ရာ ပေးပါ့မယ်”
ဦးတီကပြောဆိုပြီး ညှိလေသည်။ သိန်း တစ်ရာငါ့ဆယ်နှင့် ဈေးတည့်သွားပြိး ဦးတီကို လွှတ်ပေးလိုက်ကြလေသည်။
“ငါလဲ တစ်ရာပေးမယ်”
ဦးကျော်ဝင်းက ပြောလေသည်။ ဦးကျော်ဝင်းကိုလဲ လွှတ်ပေးလိုက်သည်။
“ငါ့ကိုလဲ လွှတ်ပေးပါကွာ မင်းတို့တောင်းသလောက်ပေးပါ့မယ်”
၉၅ သိန်းဖြင့်ဈေးတည့်သွားပြီး လွှတ်ပေးလိုက်လေသည်။ နောက်ဆုံးကျန်နေသည့်သူက ဖိုးကျော်ဖြစ်သည်။
“ကျွန်တော်လဲ ပေးပါ့မယ် ကျွန်တော့်ကို လွှတ်ပေးပါ”
ရဲအုပ်က ခေါင်းကို အသာခါလိုက်သည်။
“ငါတို့ ဖဲဝိုင်းကိုဝင်ဖမ်းတာ မိတဲ့သူလိုတယ်လေကွာ”
ထိုသို့ပြောဆိုကာ ဖိုးကျော်ကို ချုုပ်လျက်ကားပေါ်တင်သွားပါတော့သည်။ တရားသူကြီး၊ တောခေါင်းနှင့် ရဲအုပ်တို့မှာ ကျန်သည့်ငွေများကို ခွဲယူရန်အတွက် ထိုအိမ်လေးတွင် နေခဲ့ကြပါတော့သည်။
ဖိုးကျော်က အလုပ်ကြမ်းနှင့် ထောင်တစ် နှစ်ကျလေသည်။ ဖိုးကျော်မိသားစုမှာ ဘဝပျက်သွားကြသည်။ အိမ်နှင့်ခြံများလယ်မြေများပါ သိမ်းယူခံလိုက်ကြရသည်။ ဖိုးကျော်က ထိုသတင်းတွေကြာတော့ စိတ်ဓါတ်ကျလေသည်။ ရဲဘက်စခန်းတွင် ဖိုးကျော်လဲ ငှက်ဖျားဖြစ်ပြီး သေဆုံးသွားလေသည်။ ဖိုးကျော်၏ မတ်စေ့လေးကတော့ ထောင်သားများ၏ ပစ္စည်းများကို ထိန်းသိမ်းထားသည့်အခန်းထဲတွင် ကျန်ခဲ့သည်။ ဖိုးကျော်သေဆုံးသွားတော့ အိမ်ကလူတွေကို အကြောင်းကြားလေသည်။ သို့သော် ဘယ်သူမှမလာတော့သဖြင့် ဖိုးကျော်ပစ္စည်းများကို အကျဉ်းထောင်အတွင်းမှ လွှင့်ပစ်လိုက်ပါတော့သည်။
ပြီးပါပြီ။
စာဖတ်သူအပေါင်းအား အစဉ်လေးစားလျှက်
အဂ္ဂဇော်