(၁)
“မိညိုရေ၊ မိဖြူရေ သမီးတို့ အိမ်ပြန်ကြရအောင်”
မလှိုင်ကပြောရင်း လယ်ထဲကတက်ပြီး ခြေလက်များကို လယ်ကန်သင်းထဲမှစီးဆင်းနေသည့်ရေဖြင့် ဆေးနေလျှက် သမီးများကို အော်ပြောလိုက်သည်။ ထိုအခါ သမီးနှစ်ယောက်က လယ်ကန်သင်းထိပ် ကုက္ကိုပင်ကြီးအောက်တွင် သူ့ကိုပြန်လှမ်းအော်သဖြင့် မလှိုင်လဲသမီးနှစ်ယောက်ဆီသို့ လမ်းလျှောက်လာသည်။ မိညိုက အကြီးမဖြစ်ပြီး အသက် ဆယ့်နှစ်နှစ်ရှိပြီဖြစ်ကာ မိဖြူကတော့ အသက်၆နှစ်သာရှိသေးသည်။ ကုက္ကိုပင်အရိပ်အောက်အရောက် မိဖြူက ဝက်ဝံရုပ်ကလေး တစ်ရုပ်ကိုင်ထားသည်ကိုတွေ့လိုက်ရသဖြင့် မလှိုင်အံ့သြသွားမိသည်။
“ဟဲ့ သမီး အဲဒီအရုပ်ကလေး ဘယ်ကရလာတာလဲ မှန်မှန်ပြောစမ်း”
“ဒီကားလမ်းအတိုင်းလျှောက်ဆော့နေရင်း ကားလမ်းဘေးကနေ ကောက်ရခဲ့တာအမေရဲ့”
“ဟုတ်လို့လား၊ သေချာလား”
“ဟုတ်တယ်အမေ သမီးလဲပါတယ်၊ ညီမလေးကောက်ရခဲ့တာ”
အကြီးမ မိညိုက ထောက်ခံပေးလိုက်သဖြင့် မလှိုင်တစ်ယောက် သမီးနှစ်ယောက်ကို လက်ဆွဲရင်း အိမ်သို့ပြန်လာခဲ့သည်။ ကျယ်ပြောလှသည့်ကောင်းကင်ကြီးတွင်တော့ တိမ်စိုင်တိမ်လိပ်ကြီးများနှင့် တိမ်မည်းကြီးများက တရိပ်ရိပ်တက်လာနေပြီဖြစ်သည်။
အိမ်ပြန်ရောက်တော့မှ ချက်ပြုတ်စားရသည်။ လယ်ငါးဇင်ရိုင်းတစ်ခွက်၊ ငါးပိရည်ကျို၊ လယ်ကန်စွန်းချဉ်ဟင်းနှင့် ညစာစားသောက်လိုက်ကြသည်။ ညနေကတည်းက တက်လာသည့်မိုးသားများက မိုးရေများကို သည်းထန်စွာရွာချနေတော့သည်။ ထမင်းစားပြီးတော့ ခြင်ထောင်ထောင်ပြီး မီးခွက်ကိုမှုတ်လိုက်သည့်အခါတွင်တော့ သူတို့အိမ်ကလေး အမှောင်ကျသွားလေသည်။ သားအမိသုံးယောက် ခြင်ထောင်ထဲသို့ ဝင်လိုက်ကြသည်။ မလှိုင်က ဘေးဘက်တွင်အိပ်ပြီး အလယ်တွင်တော့ သမီးလေးမိဖြူအိပ်ကာ တစ်ဖက်ဘေးတွင်တော့ သမီးကြီးမိညိုအိပ်သည်။
“မိဖြူ၊ သမီးလေး၊ သမီးအရုပ်က ကောက်လာတာဆိုတော့ သန့်ပါ့မလား၊ မေမေမနက်ဖြန်လျှော်ပေးမယ်လေ”
“မရဘူး၊ မရဘူး အရုပ်နဲ့အိပ်မှာ၊ အရုပ်နဲ့ဖက်အိပ်မှာ”
မိဖြူကလေးက အရုပ်ကို အတင်းအကြပ်ဆွဲထားသဖြင့် မလှိုင်မယူတော့ဘဲ သမီးဖြစ်သူစိတ်ကျေနပ်အောင် လွှတ်ထားလိုက်တော့သည်။ မကြာမီ ကလေးနှစ်ယောက်မှာ တစ်နေ့လုံးဆော့ကစားထားသည့်အတွက် မောမောပန်းပန်းနှင့် အိပ်မောကျသွားပြီဖြစ်သော်လည်း မလှိုင်ကတော့ အိပ်မပျော်သေးဘဲ သူ့ယောက်ျား ကိုလှသောင်းအကြောင်းကို စဉ်းစားနေမိသည်။
“ကိုလှသောင်း၊ ရှင်ဘယ်တွေရောက်နေလဲ၊ ရှင်အဆင်ကောပြေနေရဲ့လား”
ကိုလှသောင်းက မလှိုင်၏ ယောက်ျားဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က နိုင်ငံရပ်ခြားသို့ အလုပ်ထွက်လုပ်မည်ဆိုပြီး ထွက်သွားရာကနေ ယနေ့တိုင်အဆက်အသွယ်မရတော့ပေ။ ရွာမှလူများက သေဆုံးသွားပြီဟု ယူဆကြသော်လည်း မလှိုင်ကတော့ စိတ်မလျှော့သေးပေ။ ကိုလှသောင်းနိုင်ငံခြားသွားရန် ချေးငှားယူထားသည့်ပိုက်ဆံများကိုလဲ ပြန်ဆပ်နေရသေးသည်မို့ စီးပွားရေးကလဲ ကြပ်တည်းနေလေရာ ကျန်နေခဲ့သည့်လယ်များကို သူကိုယ်တိုင် ပင်ပန်းစွာလုပ်ကိုင်နေရခြင်းဖြစ်သည်။
(၂)
ကိုလှသောင်းအကြောင်းတွေ စဉ်းစားနေရင်း မလှိုင်တစ်ယောက် အိပ်ပျော်သွားသည်။ သို့သော် သူ့အားတစ်ယောက်ယောက်လာ လာလှုပ်နှိုးနေသလိုခံစားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ခြင်ထောင်အပြင်တွင် သူ့ကိုရပ်ကြည့်နေသည့် အရိပ်တစ်ခုကိုမြင်လိုက်ရသဖြင့် မလှိုင်လန့်ဖျန့်သွားသည်။ သေချာပြန်ကြည့်သောအခါတွင် ဘာမှမရှိတော့။ မလှိုင်လဲ သူစိတ်ထဲ မြင်ချင်ရာတွေမြင်နေသည်ဟုထင်ကာ စောင်ကိုခြုံလျှက် ပြန်အိပ်လိုက်တော့သည်။
“အဟင့် . .ဟင့်”
ငိုသံသဲ့သဲ့ကိုကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ခြင်ထောင်ထဲတွင် သမီးငယ်မိဖြူက ငုတ်တုတ်ထိုင်နေကာ ငိုယိုနေပုံရသည်။ မလှိုင်လဲ ခေါင်းအုံးဘေးရှိ ဓါတ်မီးကိုဆွဲယူလိုက်ကာ ခြင်ထောင်ထဲသို့ထိုးကြည့်လိုက်တော့ ဘာမှမရှိတော့။ သမီးငယ် မိဖြူက တခေါခေါနှင့် အိပ်မောကျနေလေသည်။
“ဟင် ခုနက သမီးလေးထပြီး ငိုနေတာမဟုတ်ဘူးလား၊ အခုတော့လဲ ဘာမှမရှိပါလား”
မလှိုင် အံ့သြသွားပြီးနောက် ဓါတ်မီးကိုပြန်ပိတ်လိုက်သည်။ သူတို့ရွာတွင် မီးရနေသော်လည်း သူတို့အိမ်က မီးမသွယ်ထားသဖြင့် လျှပ်စစ်မီးမရှိ။ တစ်အိမ်လုံးမှောင်မိုက်နေသည်ကိုကြည့်ရင်း မလှိုင်စိတ်ထဲ ကြောက်ရွံ့လာမိသည်။ ခြင်ထောင်အပြင်တွင် သနပ်ခါးတုံးတစ်တုံးအပေါ် ဖယောင်းတိုင်အကြီးတစ်တိုင်ထွန်းလိုက်တော့မှ အလင်းရောင်ရသွားသဖြင့် စိတ်ထဲသက်သာသလိုဖြစ်သွားသည်။ မိုးသည်းနေသဖြင့် ရာသီဥတုကလဲ အေးစက်နေသောကြောင့် သမီးလေးများကို စောင်အသီးသီးခြုံပေးလိုက်ပြီး ပြန်အိပ်လိုက်သည်။ အိပ်လို့မှမပျော်သေးပေ။ မလှိုင်ခြုံထားသည့် စောင်ကိုတစ်ယောက်ယောက်က ခြေရင်းကနေဆွဲကာ လွှင့်ပစ်လိုက်လေသည်။
မလှိုင်လဲ စောင်ကိုပြန်ယူပြီး ပြန်ခြုံလိုက်ရာ သိပ်မကြာခင်တွင် အလားတူ စောင်ကိုလာလှန်ပြန်သည်။ မလှိုင်ထူးဆန်းနေပြီကိုသလိုလိုက်သည်။ သူ့စိတ်ထဲကြောက်စိတ်တို့ ကြီးစိုးလာသော်လည်း သမီးလေးနှစ်ယောက်လဲ ရှိသေးသဖြင့် အားတင်းထားလိုက်ရသည်။
“ငါ့ကိုဘယ်သူနှောင့်ယှက်နေတာလဲကွ၊ မင်းတို့ကိုလဲ ငါမနှောင့်ယှက်ဘူး၊ ငါ့ကိုလဲ လာမနှောင့်ယှက်နဲ့”
ကြောက်စိတ်ထက် ဒေါသစိတ်က ဖုံးလွှမ်းလာရာ မလှိုင်မှာ ထိုသို့အော်ပြောလိုက်မိသည်။ ဟိုကြည့် ဒီကြည့်နှင့် တစ်ညလုံးအိပ်မပျော်ခဲ့။ ထိုနောက်ပိုင်းလဲ ဘာမှမဖြစ်တော့ပေ။
မနက်မိုးလင်းပြီ။ တစ်ညလုံးမအိပ်ထားရသည့်မလှိုင်မှာ နေမြင့်နေသည်အထိ မနိုးသေးပေ။ သူနိုးလာတော့ သမီးနှစ်ယောက်က အိမ်ရှေ့တွင် ဆော့ကစားနေကြပြီဖြစ်သည်။ မလှိုင်ဒီနေ့တော့ လယ်ထဲမဆင်းတော့ဟု ဆုံးဖြတ်လိုက်သည်။ မိုးကလဲ တဖွဲဖွဲနှင့်ရွာနေသည်မို့ သမီးနှစ်ယောက်က အိမ်ရှေ့အမိုးအောက်တွင် ဆော့ကစားနေသည်ကို မလှိုင်က ထိုင်ကာကြည့်နေမိသည်။ ကြည့်နေရင်း သမီးငယ်မိဖြူမှာ ထူးဆန်းနေတော့သည်။ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို အဖြတ်အတောက်မှန်မှန်နှင့် သီဆိုနေသည်ကိုတွေ့ရသည်။ မလှိုင်မှာ အင်္ဂလိပ်စာ သိပ်မတတ်သော်လည်း သမီးသီချင်းဆိုနေသည်ကိုနားထောင်သည့်အခါ နှစ်ရှည်လများ အင်္ဂလိပ်စာသင်ထားသလို မှန်မှန်ကန်ကန်နှင့် အထစ်အငေါ့မရှိ သီဆိုနေသည်ကိုတွေ့ရသည်။
“သမီး မိဖြူ သမီးဘာသီချင်းတွေဆိုနေတာလဲ”
မလှိုင်ပြောလိုက်တော့ သမီးဖြစ်သူက သူ့ဘက်လှည့်ပြီး ပြူးကြောင်သော မျက်လုံးများဖြင့်ကြည့်နေသည်။
“အင်္ဂလိပ်သီချင်းဆိုတာဖြစ်မယ်၊ သမီးလဲမကြားဖူးဘူး၊ ညီမလေးက ဘယ်လိုလုပ်ပြောတတ်နေလဲမသိဘူးနော်”
အကြီးမမိညိုလဲ အံ့သြနေပြန်သည်။ မလှိုင်က သမီးလေးကို လှမ်းခေါ်ပြန်သည်။
“လာ သမီး၊ မေမေ့အနားကိုလာခဲ့၊ မလာရင် မေမေလာရိုက်မှာနော်”
ထိုသို့ပြောလိုက်သည့်အခါ မိဖြူက မျက်ဖြူကြီးလန်သွားပြီးနောက် သူ့ကိုပြုံးပြနေသည်။ မလှိုင်ကြောက်လန့်သွားတော့သည်။
“မိဖြူ . .သမီးလေး၊ မိဖြူ”
ထိုသို့ခေါ်ရင်း သမီးအနားသို့ ပြေးသွားကာ သမီးအသားကိုကိုင်လိုက်ရာတွင် မလှိုင်လက်များ အေးစက်သွားလေသည်။
“ကြည့်စမ်း တစ်ကိုယ်လုံးလဲ အေးစက်နေပါလား”
သမီးလေးနေမကောင်းဖြစ်နေသဖြင့် ကယောင်ကတမ်းပြောနေသည်ဟုသာ မလှိုင်ကထင်မိသည်။ သို့နှင့် သမီးလေးကို အိမ်ပေါ်သို့ဆွဲခေါ်လိုက်သည်။
“မိဖြူ သမီးလေး၊ လာအိမ်ပေါ်တက်ရအောင်”
“သမီးနာမည် မိဖြူမဟုတ်ဘူး၊ သမီးနာမည်က ဂရေစီ”
မလှိုင်တစ်ယောက် ကြောက်လန့်ရမည့်အစား ဒေါသထွက်သွားသည်။ ထို့ကြောင့် မိဖြူကို ဆွဲပြီးတင်ပါးကို သုံးလေးချက်ခန့် လက်နှင့်ရိုက်လိုက်မိသည်။
“မဟုတ်တာတွေပြောအုံး၊ လူကြီးတွေက မပြေလည်ရလို့စိတ်ညစ်နေရတဲ့အထဲ နင်တို့ကတစ်မှောင့်”
သမီးငယ်က ငိုပင်မငိုပေ။ သမီးငယ်ကိုပွေ့ချီကာ အိမ်ပေါ်တင်ထားလိုက်ပြီး မလှိုင်လဲ မီးဖိုချောင်သို့ ချက်ပြုတ်ရန်အတွက်ဝင်ခဲ့လိုက်သည်။
“ဟဲ့ မိညိုရေ နင်လဲအိမ်အောက်မှာပဲဆော့မနေနဲ့၊ နင့်ညီမကို ကြည့်အုံး”
ထိုသို့ပြောလိုက်ပြီး အိမ်ရှေ့ခန်းတွင် ချထားခဲ့သည့်သမီးငယ်ကို လှမ်းကြည့်လိုက်ရာ သမီးငယ်က ဝက်ဝံရုပ်ကလေးဖြင့် အေးအေးလူလူဆော့နေသည်ကိုတွေ့ရသဖြင့် မလှိုင်လဲမီးဖိုခန်းထဲဝင်ခဲ့သည်။ ထင်းမီးဖိုထဲကို ထင်းချောင်းတွေထည့်လိုက်ပြီး မီးမွှေးလိုက်သည်။ ထို့နောက် ဆန်ဆေးရန်အတွက် ရေကပြင်ကို ဆင်းခဲ့ပြီး ဆန်ဆေးနေသည်။ ဆန်ဆေးပြီးအိမ်ပေါ်သို့ ပြန်တက်သည့်အခါတွင် မီးဖိုချောင်တံခါးဝတွင် လူတစ်ယောက်ပိတ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
“အောင်မယ်လေး”
ထိုလူမှာ မိန်းမတစ်ဦးဖြစ်ပြီး ဆံပင်များကိုချထားကာ ဆံပင်မှရေတွေ တစက်စက်နှင့်ကျနေသည်။ အဝါရောင်အဆင်ရှိသည့် ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ထိုဝတ်စုံမှာလဲ ရေတွေရွှဲစိုလျှက်ရှိသည်။ သူ၏ ခေါင်းမှာ ဟက်တက်ကြီးကွဲနေပြီး အပြင်သို့ပွင့်ထွက်နေရာ အတွင်းမှ ဦးနှောက်ပန်းရောင်များကို လှမ်းမြင်နေရသည်။ မလှိုင်လဲ ထမင်းအိုးကို လွှတ်ချလိုက်မိသည်။
“နင် ငါ့သမီးကိုရိုက်တယ်”
“ဘာလဲ နင့်သမီးဘယ်မှာလဲ၊ နင့်သမီးကို ငါဘယ်တုန်းကရိုက်လို့လဲ”
ထိုစဉ် ထိုအမျိုးသမီးမှာ လမ်းမလျှောက်ဘဲနှင့် သူ့ထံသို့ရွေ့လာပြီးနောက် မလှိုင်၏ လည်ပင်းကိုလက်နှစ်ဖက်နှင့် ညှစ်လေသည်။ သူ့လက်များက အေးစက်နေပြီးနောက် ချွဲကျိကျိဖြစ်နေသည်ကို ခံစားမိသည်။ မလှိုင်လဲ သရဲမလက်ကိုပြန်ဆွဲရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ သို့သော် သရဲမက အားသန်သည်မို့ မလှိုင်မျက်စိတွေပြာလာကာ တဖြည်းဖြည်းအားနည်းလာသည်။
“အမေ”
သမီးကြီးမိညိုက မီးဖိုခန်းထဲမှ လှမ်းအော်လိုက်သည့်အခါတွင် ထိုသရဲမကြီးက ချက်ချင်းပျောက်ကွက်သွားပြီး မလှိုင်တစ်ယောက်သာ ငူငူကြီးနှင့် မတ်တပ်ရပ်ကာ ကျန်နေခဲ့တော့သည်။
“အမေဘာဖြစ်သွားတာလဲ၊ ဒန်အိုးကျသံကြားလို့ သမီးလာကြည့်တာ”
“အော်အင်း၊ ဆန်ဆေးရင်း အိုးကလက်ချော်ပြီးကျသွားတာသမီးရဲ့ ဘာမှဖြစ်ပါဘူး”
ထမင်းအိုးလေးကို ပြန်ကောက်ရင်း မလှိုင်တစ်ယောက် အိမ်ထဲပြေးဝင်လာခဲ့မိသည်။ ထို့နောက် အိမ်ရှေ့သို့ချက်ချင်းပြေးထွက်သွားပြီး သမီးငယ် မိဖြူကိုလက်မောင်းမှနေ၍ကိုင်လိုက်သည်။
“သမီး မိဖြူ၊ ထလေ”
“မိဖြူမဟုတ်ပါဘူးဆို၊ သမီးက ဂရေစီ”
ထိုတော့မှ သမီးငယ်၏ အသံများနှင့် အကြည့်များမှာပြောင်းလဲနေသည်ကို မလှိုင်သတိထားမိသွားသည်။
“ဒါ . . ဒါဆို မိဖြူ . . မိဖြူကော ဘယ်မှာလဲ”
ထိုအခါ သမီးငယ်ကလေးက အိမ်ရှေ့အခန်းထောင့်သို့ လက်ညှိုးညွှန်ပြသည်။
“မိဖြူဆိုတဲ့ကောင်မလေးက အဲဒီအခန်းထောင့်မှာ ထိုင်ပြီးငိုနေတယ်”
မလှိုင်က သမီးငယ်ကိုလှုပ်ခါလိုက်ရင်း
“နင်ဘယ်သူလဲ၊ ဘာလို့ငါ့သမီးကိုဝင်ပူးနေတာလဲ၊ နင်ထွက်သွား၊ နင်ထွက်သွား”
“သမီးက ဂရေစီလေ၊ သမီးအခု ခန္ဓာကိုယ်ကလေးကိုကြိုက်တယ်၊ သမီးလုပ်ချင်တာလုပ်လို့ရတယ်၊ ကိုင်ချင်တာကိုင်လို့ရတယ်”
“မလိုချင်ဘူး၊ နင်ထွက်သွား၊ နင်က ငါ့သမီးမဟုတ်ဘူး၊ ငါ့သမီးကိုပြန်ခေါ်ပေး၊ ငါ့သမီးကိုပြန်ခေါ်ပေး”
မလှိုင်က အော်ဟစ်ရင်း သမီးငယ်လေးကို လှုပ်ရမ်းနေမိသည်။ ထိုအခါ သမီးငယ်လေးက အိမ်နောက်ဖေးကိုတစ်ချက်လှမ်းကြည့်လိုက်ကာ
“မာမီရေ၊ ဒီမှာ သမီးကိုလုပ်နေတယ်”
ထိုသို့ပြောလိုက်သည့်အခါ မလှိုင်က မီးဖိုခန်းကိုလှမ်းကြည့်မိသည်။ မီးဖိုခန်းအတွင်းမှ ခုနက သရဲမကြီးက တဖြည်းဖြည်းရွေ့လာသည်။ သူ့မျက်နှာကြီးက ခက်ထန်နေပြီး မျက်လုံးကြီးတွေကလဲ မီးတောက်တွေတောက်လောင်နေသလို လင်းလက်နေလေသည်။ ထို့နောက် မလှိုင်ဆီရောက်လာပြီး မလှိုင်အား အတင်းဝင်လုံးတော့သည်။ သရဲနှင့်နပမ်းလုံးရသည်မို့ အားက မမျှပေ။ မကြာခင် မလှိုင်တစ်ယောက် အောက်သို့ရောက်သွားသည့်အခါ သရဲမကြီးက မလှိုင်ကိုအပေါ်မှ ဖိထားလေသည်။ မလှိုင်အားကုန်ရုန်းသော်လည်း လုံးဝမရုန်းနိုင်ပေ။သမီးဖြစ်သူ မိညိုက သူ့ကို အံ့သြပြီးကြည့်နေသည်။ မိညိုမျက်လုံးထဲတွင် သရဲကိုမမြင်ရဘဲ အမေဖြစ်သူမလှိုင်တစ်ယောက်တည်း အော်ဟစ်ဆူညံလုံးထွေးနေသည်ကိုသာ တွေ့ရသောကြောင့်ဖြစ်သည်။
(၃)
သမီးလေးမိညိုက သရဲကိုဘာလို့မတွေ့ရသလဲ၊ သရဲက သူ့ကိုဘာလို့ ရှောင်နေသလဲဆိုသည်ကို မလှိုင်တွေးမိသည်။ အကြောင်းမှာ မိညိုလည်ပင်းတွင်ဆွဲထားသည့် ပရိတ်ကြိုးနှင့် အင်းပြားကလေးကြောင့်ဖြစ်မည်။ မနှစ်က ဘုန်းကြီးကျောင်းမှ ပရိတ်ကြိုးများ ရရှိခဲ့ခြင်းဖြစ်သည်။ ပရိတ်ကြိုးတွင်လဲ ကြေးပြားကလေးတွင် အင်းရေးဆွဲထားပြီး လိပ်ထားသည့် အလိပ်ကလေးလဲပါသည်။ မိညိုရော မိဖြူကိုပါ တပ်ထားပေးပေမယ့် မိဖြူကအဆော့မက်သဖြင့် ကျပျောက်သွားရာ မိညိုထံတွင်သာ ကျန်နေခဲ့သည်။
“သမီး၊ မိညို၊ လာ၊ မေမေ့ဆီလာ”
မလှိုင်ကအော်ခေါ်သည့်အခါ မိညိုက တဖြည်းဖြည်းချင်း အနားသို့တိုးကပ်သွားသည်။ မလှိုင်နှင့်နီးလာလေလော သရဲမကြီးက တုန်လှုပ်လာလေလေဖြစ်သည်။ မိညိုဘေးနားရောက်လာတော့ သရဲမကြီးက ခုန်ပြီးထသွားသည်။ မလှိုင်ကလဲ လက်နက်ရပြီ။ သမီးမိညိုလည်ပင်းက ပရိတ်ကြိုးကိုချွတ်ယူလိုက်ပြီး အခန်းထောင့်သို့ပြေးသွားသည့် သရဲမကြီးကို ပြေးခုန်အုပ်လိုက်သည်။ ယခုတော့ သရဲမက အောက်က၊ မလှိုင်က အပေါ်ကဖြစ်နေပြီ။ မလှိုင်လဲ ထိုပရိတ်ကြိုးဖြင့် သရဲမကြီး၏ ခေါင်းကိုရိုက်သည်။ သရဲမကြီးမှာ အော်ဟစ်ကာငိုကြွေးနေသည်။ သူ့ခေါင်းမှာ အပေါက်ကြီးကလဲ ဦးနှောက်တွေက လှုပ်လှုပ်နှင့် အသဲယားစရာကြီးဖြစ်နေသည်။
မလှိုင်လဲ နောက်တော့ သရဲမ၏ မျက်နှာကို ပရိတ်ကြိုးဖြင့်ပွတ်ပြီးဖိထားလိုက်သည်။ သရဲမကြီးမှာ ကျယ်လောင်စွာအော်ဟစ်သည်။ စူးရှ ပြင်းထန်သည့် အသံကြီးက ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားရာ မိညိုပင်လျှင် နားရွက်ကို လက်နှစ်ဖက်နှင့် ပိတ်ထားလိုက်ရသည်။ ခဏကြာတော့ သရဲမကြီး၏ ဦးခေါင်းမှာ ရေနွေးအိုးကြီးသဖွယ် အငွေ့များ တထောင်းထောင်းထလာပြီး သရဲမကြီးကလဲ မခံနိုင်တော့သဖြင့် မလှိုင်ကိုအားကုန်တွန်းလှဲပြီးသည့်နောက် အိမ်ပေါ်မှပြေးဆင်းသွားလေသည်။
မလှိုင်လဲ ပရိတ်ကြိုးကိုကိုင်ထားရင်း သမီးငယ်မိဖြူဆီသို့လာခဲ့သည်။ သမီးငယ်မိဖြူက မလှိုင်အား ခေါင်းမမော့ဘဲ မျက်စေ့ကိုလှန်ပြီးကြည့်နေကာ သွားတွေကိုလဲကြိတ်ခြေနေလေသည်။
“သွား၊ နင်လဲလိုက်သွား၊ နင်လဲထွက်သွား”
ထိုသို့ပြောလိုက်ပြီး မိဖြူ၏ ငယ်ထိပ်ကိုလဲ ပရိတ်ကြိုးဖြင့် အုပ်ကာဖိထားလိုက်သည်။ မိဖြူတစ်ကိုယ်လုံး ဓါတ်လိုက်သကဲ့သို့ တဆတ်ဆတ်တုန်ခါနေပြီးနောက် အမျိုးစုံအော်ဟစ်နေတော့သည်။ ခဏကြာသည့်အခါ သမီးငယ်က မျက်ဖြူလန်သွားပြီး မေ့လဲကျသွားတော့သည်။ ထိုတော့မှ မလှိုင်တစ်ယောက် သမီးငယ်ကိုပွေ့ချီကာ ငိုယိုနေမိသည်။
နောက်တော့ မလှိုင်တစ်ယောက် သတိရသွားပြီး သမီးငယ်ကိုပွေ့ချီကာ အိမ်အပြင်သို့ပြေးထွက်လာခဲ့သည်။ သမီးကြီး မိညိုလဲ အနောက်ကနေပြေးလိုက်လာခဲ့၏။ မိုးတွေလေတွေကြား ထီးမပါဘဲပြေးလွှားနေသည်မို့ တစ်ကိုယ်လုံးရေတွေ စိုရွှဲနေသည်။ သူတို့ဦးတည်ပြေးလွှားနေသည့် နေအိမ်က အဘကြင်၏ အိမ်ပင်ဖြစ်သည်။
အဘကြင်က ရပ်ထဲရွာထဲတွင် အောက်လမ်းတို့၊ အတိုက်အခိုက်တို့ကို ထုတ်ပေးနေသူဖြစ်ရာ မလှိုင်လဲ အားကိုးတကြီးနှင့် အဘကြင်ဆီပြေးလာခဲ့သည်။ နေ့လည်စာ စားသောက်ပြီး ရေနွေးကြမ်းသောက်နေသည့် အဘကြင်အိမ်ပေါ်သို့ မလှိုင်တို့သားအမိပြေးတက်သွားလိုက်သည်။
“အဘကြင် ကယ်ပါအုံး၊ ကျွန်မသမီးလေးကို ကယ်ပါအုံး”
“ဟဲ့ မလှိုင် ဘာဖြစ်လာတာတုန်းဟ”
မလှိုင်က ဖြစ်ပျက်ခဲ့သည်များကို အတိုချုံ့ကာပြောပြလိုက်သည်။ အဘကြင်က သမီးကလေးကိုရော မလှိုင်ကိုရော ဘုရားစင်ရှေ့တွင် ထိုင်ခိုင်းလိုက်ပြီးနောက် ဘုရားစင်ပေါ်တွင်တင်ထားသည့် ကြိမ်လုံးတစ်ချောင်းကို ကောက်ယူကာ တရွှမ်းရွှမ်းဝှေ့ယမ်းလိုက်သည်။
“ကဲ သရဲမ၊ နင့်ကိုငါဆင့်ခေါ်တယ်၊ နင်ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ”
ထိုင်နေသည့်မလှိုင်နှင့် သတင်းကြားသဖြင့်ရောက်လာကြသည့် ရွာသားများမှာ အကုန်ကြက်သီးမွှေးညှင်းများ ထောင်ထကုန်သည်။ အဘကြင်က လှေကားကိုရှင်းပေးလိုက်ဖို့ပြောလိုက်တော့ လှေကားရှိလူများက အကုန်လုံးဖယ်ပေးလိုက်ကြသည်။ လူအကောင်အထည်မတွေ့ရဘဲ လှေကားတွင် ရေစိုနေသောခြေရာကြီးများက တစ်ခုခြင်းစီပေါ်လာသည်။ သို့သော် ခြေရာများမှာ အကုန်နောက်ပြန်ကြီးများဖြစ်သည်။ လှေကားထိပ်သို့ရောက်သောအခါ လှေကားထိပ်ရှိတိုင်တွင် ချိတ်ဆွဲထားသည့် ပြက္ခဒိန်က လေမတိုက်ဘဲ ဘုတ်ခနဲ ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာသည်။ မလှိုင်လဲ လှည့်ကြည့်လိုက်ရာ သရဲမကြီးကို မြင်တွေ့ရတော့သည်။
“အီး . .၊ အဘ ဟိုမှာ၊ ဟိုမှာရောက်နေပြီ”
အဘကြင်က သရဲမကိုမမြင်ရသော်လည်း မလှိုင်ကမြင်နေရသည်။ အခြားရွာသားများလဲ မည်သူမှ မမြင်ရပေ။
“ဟိုမှာ၊ ဘုရားစင်ဘက်ကို ကျောပေးပြီးနောက်ပြန်ကြီးထိုင်နေတယ်”
အဘကြင်က ခေါင်းညိတ်လိုက်၍
“ကဲပြော၊ နင်ဘာလို့ သူတို့ကိုဒုက္ခပေးတာလဲ”
သရဲမပြန်ပြောသည်ကိုလဲ မည်သူမှမကြားရပေ၊ သို့သော် မလှိုင်ကကြားရသဖြင့် အားလုံးအတွက် ပြန်ပြောပြပေးရသည်။
(၄)
“သူပြောတာက သူတို့သားအမိက လွန်ခဲ့တဲ့ လက ရန်ကုန်ကနေ မိသားစုလိုက် ကိုယ်ပိုင်ကားနဲ့ ခရီးထွက်ခဲ့ကြတယ်၊ သူတို့က ဘာသာခြားတွေပါ။ ဒီရွာနားအရောက် နှစ်ထပ်ကွေ့မှာ ကားကအရှိန်လွန်ပြီးတော့ လမ်းဘေးရေမြောင်းထဲကိုထိုးကျသွားရာက သူနဲ့ သူ့သမီး ဂရေစီနဲ့ နေရာမှာတင်သေဆုံးသွားခဲ့တယ်။ သူ့ယောက်ျားကတော့ ကံကောင်းလို့ အသက်မသေဘူးတဲ့”
မလှိုင်ပြောသည့်စကားများကို အကုန်လုံးက နားစိုက်ထောင်နေကြသည်။
“သူတို့သားအမိကသေပြီးတော့ ဒီနေရာမှာပဲကျန်နေခဲ့တယ်၊ ဒီနေရာက ဘယ်နေရာမှန်းမသိလို့ အိမ်ကိုလဲမပြန်တတ်ဘဲ၊ ကားလမ်းနံဘေးနားမှာ ကျင်လည်နေရတယ်တဲ့။ သူတို့ကိုလဲ တခြားသရဲတွေက ဝိုင်းအနိုင်ကျင့်ကြတယ်၊ ကားမှောက်တော့ ဂရေစီကလေးက ဝက်ဝံရုပ်ကိုကိုင်ထားတာမို့ အဲဒီအရုပ်ထဲမှာ စွဲနေတယ်။ ကားကိုပြန်ကောက်သွားကြတော့ အရုပ်ကလေးက ရေမြောင်းနံဘေးနားက ချုံပုတ်ထဲမှာကျနေတာမို့လို့ ဘယ်သူမှမမြင်တွေ့ကြဘူးတဲ့”
“ဟိုတစ်နေ့က ဒီကောင်မလေးနှစ်ယောက်ဆော့ရင်း အရုပ်ကိုကောက်သွားတာမို့ သူတို့အရုပ်နဲ့အတူတူလိုက်လာခဲ့တာပါတဲ့။ အကြီးမကိုတော့ ကပ်လို့မရဘူးတဲ့။ ဒါနဲ့ နောက်နေ့ကျတော့ အငယ်မလေးက တစ်ယောက်တည်းဆော့နေတုန်း သမီးလေး(ဂရေစီ)က ကလေးလေးထဲဝင်ပူးလိုက်တာတဲ့”
အဘကြင်က ခေါင်းညိတ်ရင်း
“ဒါဆိုနင်တို့ဘာဖြစ်ချင်တာလဲ”
“သမီးလေး(ဂရေစီ)က လူပြန်ဖြစ်ချင်တယ်လို့ပြောတယ်၊ ဒီကလေးလေးကိုယ်ထဲမှာ သူတစ်သက်လုံးနေသွားချင်တယ်တဲ့”
“ဒါတော့ဘယ်ရမလဲဟ နင်တို့က သေပြီးသားတွေလေ၊ လူကိုယ်ထဲနေလို့ရတိုင်း နေလို့ရတာမှမဟုတ်တာ”
အဘကြင်ပြောလိုက်တော့ မလှိုင်က သရဲမကိုကြည့်ရင်း
“သူတို့သားအမိလမ်းပျောက်နေတယ်တဲ့၊ ဘယ်သွားလို့သွားရမှန်းလဲမသိဘူးတဲ့။ နောက်ပြီးသမီးလေးကို သူကရိုက်တာကို မကြိုက်လို့ သူ့ကို(မလှိုင်)ဒုက္ခပေးတာပါတဲ့”
ပြောရင်းမလှိုင်က ငိုနေတော့သည်။ အဘကြင်က ခေါင်းတညိတ်ညိတ်နှင့်
“အေးပြီးပြီ၊ ဒါဆို နင်တို့သားအမိလဲ သူ့ကိုဒုက္ခမပေးနဲ့တော့၊ ငါနင်တို့ကို ရွာတော်ရှင်ဆီအပ်ပေးမယ်၊ သူကနင်တို့ကို တစ်ခုခုစီစဉ်ပေးနိုင်မှာပါ။ ဒါဆိုအခုချက်ချင်း နင်တို့သားအမိ ပူးကပ်ထားတာတွေကို ပြန်ဖြုတ်ပေးပါ”
မလှိုင်ကြည့်နေရင်းပင် သမီးမိဖြူကိုယ်ထဲမှ အသားဖြူဖြူနှင့် ဆံပင်ကောက်ကောက်ကလေးများရှိသည့် ကောင်မလေးတစ်ယောက်က ခုန်ထွက်သွားပြီး သရဲမနံဘေးတွင် ဝင်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ ထိုစဉ်မှာပင် သမီးလေးမိဖြူက မျက်လုံးများပွင့်လာလေသည်။
အဘကြင်က ပုဆိုးကိုပြင်ဝတ်လိုက်ပြီးနောက် သူကိုယ်တိုင်ဦးဆောင်ပြီး အိမ်ပေါ်မှဆင်းသွားတော့သည်။
“လာ နင်တို့ငါနဲ့လိုက်ခဲ့ကြ”
ရွာအဝင်နတ်နန်းတွင် အဘကြင်က ရွတ်ဖတ်ပြီးသောအခါတွင်တော့ မလှိုင်လဲ သရဲမကြီးနှင့် သရဲကလေးကို မမြင်ရတော့ပေ။ သူတို့နှစ်ယောက်မှာ ရုတ်ချည်းပျောက်ကွယ်သွားသည်။ အဘကြင်ကလဲ မိလှိုင်တို့ကို ရွာတော်ရှင်အတွက် လက်ဖက်နှင့် ကောက်ညှင်းဆက်ခိုင်းသည်။ ထို့နောက် သမီးငယ်ပိုက်ထားသော ဝက်ဝံရုပ်ကလေးကို မလှိုင်ကယူလိုက်ပြီး ထိုနတ်နန်းအတွင်းတွင် တင်ထားခဲ့လိုက်တော့သည်။
မလှိုင်တို့သားအမိ သတင်းမှာ တစ်ရွာလုံးကို နေ့ချင်းညချင်းပြန့်နှံ့သွားပြီးနောက် ရွာဦးကျောင်းဆရာတော်က မလှိုင်တို့အတွက် ပရိတ်ကြိုးများထပ်မံချီးမြှင့်သလို၊ မလှိုင်တို့အိမ်တွင်လဲ ပရိတ်ရွတ်ပေးသွားသည်။ မလှိုင်လဲနောက်ပိုင်းတွင် ဘုရားတရားပိုလုပ်ဖြစ်လာသည်။
တစ်ခုထူးဆန်းသည်က နတ်ကွန်းတွင်တင်ထားခဲ့သော ဝက်ဝံရုပ်ကလေးမှာ နောက်တစ်နေ့တွင် နတ်ကွန်းအတွင်းမှ ပျောက်ချင်းမလှ ပျောက်သွားခြင်းဖြစ်သည်။ ထိုဝက်ဝံရုပ်ကလေးကို ရွာတွင်နောက်ထပ်လုံး၀ မမြင်တွေ့ရတော့ပေ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်