(နိဒါန်း)
၂၀၁၀ ခုနှစ်။ သီတင်းကျွတ်အဖိတ်နေ့ဖြစ်သည်။
အောင်သော်တစ်ယောက် ကားဝပ်ရှော့တွင် ကားတစ်စီးအား နောက်ဖုံးလဲနေလေသည်။ အော်သော်တို့ ကားဝပ်ရှော့သည် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် တည်ရှိသည်။ နာမည်အတော်အသင့်ရနေပြီမို့ အပ်ကားများလှသည်။ အောင်သော်မှာ ကားဝပ်ရှော့တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၆ နှစ်ခန့်ရှိပြီမို့ ကားဝပ်ရှော့ပိုင်ရှင် သူဌေး ဦးကျော်မိုး၏ တပည့်ရင်းဖြစ်နေပြီဖြစ်သည်။ အောင်သော်တစ်ယောက် အလုပ်များနေစဉ် သူဌေးဦးကျော်မိုး၏ ကားမှာ ဝပ်ရှော့အရှေ့တွင် ရပ်လိုက်သည်။
“အောင်သော် အဖိတ်နေ့ကြီးကွာ မင်းမနားဘူးလား” ဦးကျော်မိုးက ပြောလိုက်သည်။
မှန်သည်။ သီတင်းကျွတ်ဖြစ်သဖြင့် အခြားကားဝပ်ရှော့အလုပ်သများများ အားလုံးလိုလို ခွင့်ယူကြသည်။ မိဘအိမ်ပြန်သူက ပြန်မည်၊ အမျိုးတွေရှိရာ ရွာသို့ပြန်သူက ပြန်မည်ဖြစ်သည်။ ဦးကျော်မိုးကလဲ ခွင့်ကို လေးငါးရက် ပေးသည်။ ခွင့်ပေးရုံမက ထိုကဲ့သို့ ကာလမျိုးတွင် ဆုကြေးအဖြစ် နောက်ထပ်တစ်လစာ ထပ်ပေးလေ့ရှိသည်။ သင်္ကြန်၊ သီတင်းကျွတ် နှင့် ဒီဇင်ဘာလမျိုးတွင် ဦးကျော်မိုးက အလုပ်သမားများအား အပိုကြေးဆုကြေးများ ပေးလေ့ရှိသည်။
“အောင်သော် မင်းရွာမပြန်တာကြာပြီနော်” ဦးကျော်မိုးက ပြောလိုက်သည်။ အောင်သော်က လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“ကျွန်တော်ရွာမပြန်တာ သုံးနှစ်လောက်ရှိပြီဆရာ” အောင်သော်က ပြောလိုက်သည်။
“မင်း အမေရှိသေးတယ်ဆို မင်းမပြန်ဘူးလား” ဦးကျော်မိုးက မေးလိုက်သည်။ အောင်သော်က အဝေးသို့ လှည့်ကြည့်လိုက်ရင်း။
“ကျွန်တော် လောလောဆယ် မပြန်ချင်သေးလို့ပါ။ နောက်ပြီး အမေကလဲ ကျွန်တော့်ကို မတွေ့ချင်ဘူးထင်ပါတယ်” အောင်သော်ကပြောလိုက်သည်။
ဦးကျော်မိုးက အံဆွဲထဲမှ ငွေများနှင့် စာရွက်စာတမ်းဖိုင်များကို ယူလိုက်သည်။ ပြီးနောက် သူ့ကားဆီပြန်လိုက်သည်။
ကားပေါ်မတက်မီ
“အောင်သော်ရေ အခွင့်အရေးဆိုတာ တံခါးတွေလိုပဲကွ၊ ဖွင့်ထားတဲ့အချိန်မှ ဝင်လို့ရတာ၊ တံခါးပိတ်သွားရင် တံခါးကို ထုလို့ပဲရမယ် ဝင်လို့တော့မရနိုင်တော့ဘူး” ဦးကျော်မိုးက ပြောလိုက်သည်။
အောင်သော်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ဆရာ ဒါကြောင့်လဲ အခွင့်အရေးရတုန်း ကျွန်တော်ကြိုးစားနေတာပေါ့” ဦးကျော်မိုးက အောင်သော်ကို တစ်ချက်ကြည့်လိုက်သည်။
“မနက်ဖြန်တော့ လပြည့်နေ့ ဝပ်ရှော့ပိတ်မယ်။ မင်းလဲ တစ်ရက်တစ်လေနားပေါ့။ ဒီနေ့တောင် တခြားအလုပ်သမားတွေ တစ်ယောက်မှ မရှိတော့ဘူးမလား” အောင်သော်က ခေါင်းညိတ်လိုက်သည်။
အောင်သော်သည် ကားအင်ဂျင်တစ်ခုကို ဖြုတ်ရင်း စဉ်းစားနေမိသည်။ သူစဉ်းစားနေသည့်အကြောင်းက သူ့ငယ်ဘ၀ အကြောင်းများဖြစ်ပါသည်။
အခန်း (၁)
အောင်သော်မှာ အမည်ရင်းမဟုတ်ပါ။ အောင်သော်၏ အမည်ရင်းကား အောင်ထွန်းဦးဖြစ်သည်။ သူ့မိခင်ပေးခဲ့သော နာမည်ဖြစ်သော်လည်း အောင်သော်က မကြိုက်ပါ။ မြို့တက်အလုပ်လုပ်သောအခါ နာမည်ကို အောင်သော်ဟု ပြောင်းလိုက်သည်။ သူ့ကိုလူအများက အောင်သော်ဟုသာ သိကြသည်။ သို့သော် မှတ်ပုံတင်မှာကား အောင်ထွန်းဦးပင်ဖြစ်ပါသည်။
အောင်သော်သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်ခရိုင်၊ ဒေါင်းစွန်ရွာ ဇာတိဖြစ်သည်။ အောင်သော် တဦးတည်းသော သားဖြစ်သည်။ အောင်သော် အဖေမှာ အငြိမ်းစား အစိုးရကျောင်းဆရာတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော ၈ နှစ်ခန့်က ကင်ဆာရောဂါနှင့် သေဆုံးသွားလေသည်။ အောင်သော်တို့ မိသားစုမှာ နဂိုကတည်းက ချောင်ချောင်လည်လည်သိပ်မရှိ။ သူ့ဖခင် ကင်ဆာဖြစ်သောအခါ ရှိသမျှ စည်းစိမ်ကုန်၍ အကြွေးများပင် အများအပြားတင်နေလေသည်။ ထို့ကြောင့် အောင်သော်သည် သူ့ဖခင် သေဆုံးသည့်အခါ အလုပ်လုပ်ပြီး အကြွေးဆပ်ရန်အတွက် အိမ်မှထွက်ခဲ့ခြင်းဖြစ်သည်။
အောင်သော် သည် သူ့အမေနှင့် ဆက်ဆံရေးအဆင်မပြေပါ။ ငယ်စဉ်ကတည်းက အမေသည် သူ့ကို အညိုးထားပြီး ရိုက်သည်ဟု စိတ်ထဲ စွဲနေသည်။ အောင်သော်သည် တစ်ဦးတည်းသော သားဖြစ်သဖြင့် ဖခင်၏ အလိုလိုက်ခြင်းကို ခံထားရလေသည်။ ထို့ကြောင့်ငယ်စဉ်ကတည်းက ဆိုးသွမ်းသူတစ်ယောက်ဖြစ်သည်။ သို့သော် သူ့အမေသည် သူ့အား အလိုမလိုက်၊ အောင်သော်၏ အမေသည် အရိုက်ကြမ်းသည်။ ထို့ကြောင့် အောင်သော်သည် ငယ်စဉ်ကတည်းက အမေနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။
ဟင်းချေးများသည်က အစ၊ အောင်သော်သည် ကျောင်းသားဘဝရောက်သောအခါ ကျောင်းပြေးခြင်း၊ ရန်ဖြစ်ခြင်း၊ ရည်းစားထားခြင်း စသည်တို့တွင်သာ အချိန်ကုန်နေသည်။ အပေါင်းအသင်းများကို အလွန်မက်လေသည်။ အဖေသည် ထိုကိစ္စများကို လိုက်လံဖြေရှင်းပေးသော်လည်း အမေသည် အောင်သော်အား ရိုက်နှက်လေ့ရှိသည်။ အောင်သော်သည် ဆယ်တန်းမအောင်ပါ။ သုံးလေးနှစ်ကျလေသည်။ အောင်သော်အဖေ ကင်ဆာဖြစ်၍ ဆေးရုံတက်ရသောအခါ အောင်သော်သည် စာဆက်သင်ရန် စိတ်ကူးမရှိတော့ပါ။ သူသည် အလုပ်လုပ်ပြီး ငွေသာရှာလိုတော့သည်။
အောင်သော်၏ အဖေကြီးသည် သူ့သားကို ဘွဲ့ရတစ်ယောက်ဖြစ်စေချင်သည်။ အောင်သော်၏ ဘွဲ့ဓါတ်ပုံကို အိမ်တွင် ချိတ်ထားချင်လေသည်။ သို့သော် အဖေ့ဆန္ဒမပြည့်ခဲ့ပါ။ အဖေဆုံးသွားတော့သည်။ အောင်သော်လည်း အဖေဆုံးသောအခါ အိမ်တွင်မနေတော့ မြို့တက်အလုပ်လုပ်လေသည်။ ဒေါင်းစွန်ရွာသည် အမေ့အမျိုးများရှိသောရွာဖြစ်သည်။ အမေတို့ထံတွင် လယ်ယာမြေများရှိသည်။ အမေကတော့ မြို့မတက်စေလို အိမ်ရှိ လယ်ယာလုပ်ငန်းကို သာလုပ်ကိုင်စေချင်သည်။ သို့သော် အောင်သော်သည် အမေ့ဆန္ဒကို ဆန့်ကျင်ခဲ့သည်။ အမေ့အား ဆန့်ကျင်ရသည်ကိုပင် အောင်သော်အရသာရှိသည်ဟု ထင်သည်။
အဖေဆုံးပြီးတော့ အောင်သော်အိမ်ကနေ ခိုးထွက်ခဲ့သည်။ အမေ့ကို စာလေးတစ်စောင်ရေးထားခဲ့သည်။ အောင်သော်တို့ အိမ်ခေါင်းရင်းတွင် အမေ့အစ်မ အောင်သော်၏ ကြီးဒေါ်ကြီးနေထိုင်သည်။ ရွာကလဲ အောင်သော်အမေအမျိုးတွေများသည်မို့ အောင်သော် အမေ့ကိုတော့ စိတ်မပူ။ အိမ်ရှိလယ်ယာများလည်း ရောင်းချပြီး အကြွေးဆပ်လိုက်ရတာများသည်။ လယ်ယာအချို့ကျန်သေးသည်ကို သူ့အမေဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
မြို့ရောက်ပြီး ဒုက္ခအမျိုးမျိုးကြုံခဲ့သည်။ အလုပ်အမျိုးမျိုးပြောင်းခဲ့ရသည်။ နောက်ဆုံး ယခုကားဝပ်ရှော့သို့ရောက်မှ လူမှန်နေရာမှန်ဖြစ်သွားသည်ဟုဆိုရမည်။ ယခုဆို ဝပ်ရှော့တွင် အလုပ်လုပ်သည်မှာ ၆ နှစ်ကျော်ပြီဖြစ်သည်။ အောင်သော်သည် အိမ်မှထွက်သွားပြီး တစ်နှစ်ခန့်အကြာတွင် အိမ်ကို ပိုက်ဆံပြန်ပို့နိုင်သည်။ အောင်သော်သည် တတ်နိုင်သမျှ ချွေတာနေထိုင်ပြီး အိမ်မှာတင်နေသော အကြွေးများ မြန်မြန်ကျေရန် ပိုက်ဆံများခြစ်ကုတ်စုပြီး အိမ်ပြန်ပို့သည်။ သို့သော် အကြွေးများမှာ အတိုးများသည်မို့ အခုထိ ဆပ်မကုန်နိုင်အောင်ရှိနေသည်။
အခန်း (၂)
အောင်သော်သည် ရွာသို့ မပြန်ဖြစ်တာ ထိုကတည်းကဖြစ်သည်။ အောင်သော်အမေသာ အောင်သော်ဆီသို့လာဖူးသည်။ လွန်ခဲ့သော နှစ်နှစ်ကဖြစ်သည်။
“အမေတို့ကလဲဗျာ လာမယ်ဆိုလဲ ကြိုပြောပေါ့။ ခုတော့ ကျွန်တော်လာမကြိုနိုင်ဘူးမလား”
လမ်းထိပ်တွင် အမေနှင့်ကြီးဒေါ်က ထိုင်စောင့်နေသည်။ အောင်သော်က အလုပ်ကပြန်ရန်ပြင်လိုက်သည်။
“လာတာကလဲ တောဆန်လိုက်တာ၊ အထုပ်အပိုးတွေကလဲများလိုက်တာ၊ မြန်မာကားထဲက တောသားတွေမြို့တက်တာနဲ့ တစ်ပုံစံထဲပဲ”
အောင်သော်က သူ့အမေကို ပြောလိုက်သည်။ သူ့ ကြီးဒေါ်ကတော့ အောင်သော်ကို မျက်စောင်းထိုးလိုက်သည်။ အောင်သော်တို့ အမေသည် ဆွဲခြင်း သုံးလုံး၊ ဆာလာအိတ်ကြီးတစ်အိတ်၊ အသေးက တစ်အိတ်၊ ပလတ်စတစ်ဖျင်ဖြင့်ချုပ်ထားသော လက်စွဲအိတ်ကြီးက တစ်လုံး၊ တောင်းတွေ ပလုံးတွေကလဲ ပါသေးသည်။
“အခုလာတာ ဘာကိစ္စလဲ”
အောင်သော်ကမေးလိုက်သည်။ သူ့အမေက ဘာမှမပြောသေးခင် ကြီးဒေါ်ဖြစ်သူက ဝင်ပြောသည်။
“မင်းအမေ မျက်ရိုးတွေ ကိုက်ကိုက်ပြီး မျက်ရည်ပူတွေကျနေလို့ဟေ့၊ ရွှေတောင်မှာပြတော့ ရန်ကုန်မျက်စိဆေးရုံသွားပြဆိုလို့ လာခဲ့တာပဲ”
ကြီးဒေါ်က ခပ်ငေါ့ငေါ့ပြောလိုက်သည်။ အောင်သော်ကတော့ အထုပ်အပိုးတွေ ရေတွက်နေသည်။ သူနေသည်မှာ အဆောင်ဖြစ်သည်။ ဝပ်ရှော့သူဌေးပိုင် တိုက်ခန်းတစ်ခုကို အကန့်လေးတွေဖွဲ့ပြီး ဝပ်ရှော့မှလူများ အတူနေကြရသည်။ အမေတို့ အထုပ်အပိုးတွေနဲ့ အဆောင်နဲ့ ဘယ်လိုမှမဖြစ်။ နောက်ဆုံး ဘုန်းကြီးကျောင်းသွားတည်းရန် အကြံရသည်။ အမေတို့ကို အောင်သော်တို့ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခွင့်တောင်းပြီးထားရသည်။
နောက်နေ့ အောင်သော်အမေနှင့် ကြီးဒေါ်ကြီးတို့ နှစ်ယောက်ထဲ ကန်တော်ကြီးမျက်စိဆေးရုံသို့ သွားကြသည်။ အောင်သော်မှာ လိုက်မပို့အား၊ ခွင့်ကို ကြိုမတင်ခဲ့သဖြင့် ခွင့်ကမရသေး၊ သို့သော် သူဌေးကို ပြောလျှင်တော့ရသည်။ အောင်သော်ကိုယ်တိုင် လိုက်မပို့ချင်သောကြောင့်ဖြစ်သည်။
အောင်သော်အလုပ်ဆင်းသည့်အထိ အမေတို့ပြန်မရောက်သေး အတန်ကြာမှ ဘုန်းကြီးကျောင်းကို ပြန်ရောက်လာသည်။
“ကြာလိုက်တာ တစ်နေကို ကုန်နေတာပဲအမေရာ။ ကဲပြော ဘာရောဂါဖြစ်တာလဲ။ ကင်ဆာလား”
အောင်သော်က ဒေါသဖြင့်မေးလိုက်သည်။ အောင်သော်အမေ မျက်နှာတစ်ချက်ပျက်သွားသည်။
“ဘာမှ မဟုတ်ပါဘူးသားရယ်၊ သွေးတိုးလဲဖြစ်နေတယ်၊ နောက်ပြီး အသက်ကြီးတော့ မျက်လုံးတွေက ပါဝါတက်လာတယ်လို့ပြောတာပဲ။ မျက်မှန်ရယ်၊ သောက်ဆေးရယ် ရခဲ့ပြီ” အောင်သော်အမေက ပြောလေသည်။
“ဟဲ့ နင့်သားကို ပြောလိုက်လေ” ကြီးဒေါ်ဖြစ်သူက ပြောလိုက်သည်။ အမေကတော့ မျက်နှာကို တစ်ချက်အောက်ချလိုက်သည်။
“ဘာလဲ ပြောလေ” အောင်သော်ကမေးလိုက်သည်။
“ဟို ဟိုလေ အမေတို့ ပိုက်ဆံပြတ်သွားတယ်သား. . . အပြန်လမ်းစရိတ်များ သားဆီက ရမလားလို့” အောင်သော် အမေက အသံတိုးတိုးလေးဖြင့်ပြောသည်။
“ဘာဗျ” အောင်သော်အသံကျယ်သွားသည်။ ကျောင်းဝင်းထဲတွင် တံမြက်စည်းလှဲနေသော ဦးဇင်းက အောင်သော်တို့ကို လှမ်းကြည့်လိုက်သည်။
“လကုန် တုန်းက ကျွန်တော်ပို့လိုက်တဲ့ ပိုက်ဆံတွေကုန်ပြီလား” အောင်သော်ကမေးလိုက်သည်။
“သြော် သားရယ်၊ အမေတို့က အကြွေးတွေလဲရှိသေးတယ်မလား၊ အကြွေးတွေထိုးဆပ်ရတာရယ်၊ နောက်ပြီး ဆေးဖိုးကလဲ ထင်ထားတာထက်များနေတယ်၊ အမေတို့က မသွားတတ်မလာတတ်နဲ့ လိုင်းကားမှားစီးလို့ ဒီနေ့ဆိုရင်လဲ ညစာတောင်မစားရသေးဘူး၊ တက္ကစီငှားပြီး ပြန်လာလို့ လမ်းစရိတ်ထောင်းသွားတာပါ။ သားအဆင်မပြေရင်လဲရတယ်လေ။ အမေနားကပ်ချွတ်ပေါင်ထားခဲ့မယ်” အောင်သော်အမေက ညိုးငယ်စွာဖြင့်ပြောလိုက်သည်။
အခန်း(၃)
“ရတယ် ကျွန်တော် မနက်ဖြန် သူဌေးကိုပြောကြည့်လိုက်မယ်” အောင်သော်က ပြောလိုက်သည်။
စိတ်ထဲမှလဲ အမေတို့က ရှုပ်ရှု့ပ်ရှက်ရှက်ဗျာ ဟု ရေရွတ်လိုက်လေသည်။ ထို့နောက် သူ့အမေနှင့်ကြီးဒေါ်တို့ ရေမိုးချိုးကြလေသည်။ ညစာ မစားရသေးဟု သိရ၍ အောင်သော်က ထမင်းလိုက်ကျွေးရန် စီစဉ်လိုက်သည်။ အောင်သော်အမေရေမိုးချိုးပြီး အကျီလဲပြီးထွက်လာသည်။ အောင်သော် အလွန်စိတ်ပျက်သွားသည်။ သူ့အမေမှာ အကျီအနွမ်းကြီးဝတ်လာသည်။ အောက်က ပါတိတ်လုံချည်မှာလဲ အဖြူရောင်ချည်မှေးတွေတက်နေပြီး အရောင်မှိန်နေသည်။ အပေါ်က အညာထည်လက်ရှည်ကလေးမှာလဲ ပုခုံးတွင် လက်ချုပ်လိုက်ထားသဖြင့် ချုပ်ရိုးကြီးက ထင်းနေသည်။
“အမေ ဘာစားချင်လဲ” အောင်သော်က မေးလိုက်သည်။
“မင်းအမေက မြို့က ဒန်ပေါက်စားချင်တာ၊ တီဗွီကြော်ငြာထဲ တွေ့တွေ့နေရလို့လေ” ကြီးဒေါ်ကြီးက ဝင်ပြောသည်။ အမေက ကြီးဒေါ်ကြီး၏လက်ကို ကုတ်လိုက်လေသည်။
“သွေးတိုးမှာပေါ့ အမေတို့က စားလိုက်ရင် တစ်ခါလာလည်း ငါးပိရည်နဲ့ ငါးခြောက်နဲ့၊ ခုလဲကြည့်လေ ဒန်ပေါက်တဲ့” အောင်သော်ကပြောလိုက်လေသည်။
သူ့အမေကော ကြီးဒေါ်ကြီးပါ အသံတိတ်သွားသည်။ အောင်သော်သည် လမ်းထိပ်လမ်းဘေးထမင်းဆိုင်လေးကို ခေါ်လာခဲ့သည်။ ဒန်ပေါက် မကျွေးနိုင်၍ တော့မဟုတ်။ တောဂိုက်တွေနှင့် လူစည်ကားသည့်အချိန် ဒန်ပေါက်ဆိုင်သွားထိုင်ရမှာ ရှက်တာလဲပါသည်။ သူ့အမေသွေးတိုးမှာ စိုးတာကလဲ တစ်ချက်ဖြစ်သည်။
လမ်းထိပ်ထမင်းဆိုင်လေးတွင် ဟင်းတွေ လေးငါးမျိုး မှာကျွေးလေသည်။ သူ့အမေကြီးမှာ ထမင်းသိပ်မစားနိုင် တို့ကနန်း ဆိတ်ကနန်းသာစားသည်။ ကြီးဒေါ်ကတော့ အစားဝင်သည်။
“အမေ ဟင်းတွေစားလေဗျာ၊ စားစေချင်လွန်းလို့ကျွေးတာ အမေတို့ကလဲဗျာ၊ ခက်တယ်” အောင်သော်က ပြောလိုက်လေသည်။
နောက်နေ့ အလုပ်ရှင်ထံပြောကြည့်သည်။ ဦးကျော်မိုးက သဘောကောင်းသူဖြစ်သည်။
“မင်းအမေရောက်တာ ငါ့ကို စောစောကပြောရောပေါ့။ ပိုက်ဆံလိုတာလား ငါလစာတစ်ဝက်ပေးလိုက်မယ်။ မင်းအမေကို ကန်တော့လိုက်ပေါ့။ နောက် ဖြေးဖြေးမှ ပြန်ဆပ်ပေါ့ကွာ၊ ငါ့ကားနောက်ခန်းထဲမှာ ငါ့ကို သူများလာကန်တော့ထားတဲ့ မုန့်ဘူး နှစ်ဘူးရှိတယ်၊ မင်းအမေတို့ကို ပေးလိုက်ပေါ့” ဦးကျော်မိုးက ပြောရင်း ငွေသားများထုတ်ပေးသည်။
အောင်သော်ညနေရောက်တော့ ဘုန်းကြီးကျောင်းကို ထွက်လာခဲ့သည်။ အမေ့ကို ငွေများပေးပြီး မုန့်ဘူးကြီးနှစ်ဘူးပါပေးလိုက်သည်။
“သားရယ် ပိုက်ဆံတွေ အပိုကုန်နေပါ့မယ်၊ မုန့်ဘူးတွေ ဘာလို့ဝယ်တာလဲ” အမေက ပြောသည်။
အောင်သော်က နှုတ်ဆိတ်နေလိုက်သည်။ ပြီးမှ
“အမေတို့ပြန်ရင် သားကားဂိတ်လိုက်မပို့တော့ဘူးအမေ” အောင်သော်က ပြောလိုက်သည်။
“အေးပေါ့သား၊ အမေတို့က နက်ဖြန်အစောကြီးပြန်မှာ။ သားအိပ်ရေးပျက်မယ် လိုက်မပို့နဲ့တော့။ အမေလဲ ငွေနည်းနည်းဆရာတော်ကို ကန်တော့ခဲ့ဦးမှပဲ”
ပြောပြောဆိုဆို အမေက ကျောင်းဆောင်ထဲဝင်သွားသည်။ ကြီးဒေါ်ကြီးက သူ့ကို စိုက်ကြည့်နေသည်။
“ဒီမယ် အောင်ထွန်း၊ မင်းကို ငါမပြောချင်လို့ကြည့်နေတာ၊ မင်းအမေကို ဆက်ဆံတဲ့ပုံတွေက မဟုတ်သေးဘူးနော်” ကြီးဒေါ်ကြီးက ပြောလိုက်သည်။
“ဒီမယ် ဒေါ်ကြီး။ ကျွန်တော်တို့က သားအမိပါ၊ ဒေါ်ကြီးက သူစိမ်း၊ ကျွန်တော်တို့ အကြောင်းဒေါ်ကြီး ဘယ်လောက်သိလို့လဲ” အောင်သော်က ပြောလိုက်သည်။
ဒေါ်ကြီးမှာ စိတ်တိုသွားဟန်တူသည်။ ထို့နောက် ကျောင်းဆောင်ထဲသို့ ဝင်သွားသည်။ အောင်သော်လဲ အဆောင်သို့ ပြန်လာခဲ့လိုက်သည်။
အခန်း(၄)
နောက်တစ်နေ့
“အောင်သော် မင်းအမေရောက်နေတယ်ဆို၊ ဘုရားလေးဘာလေး လိုက်ပို့လိုက်ကွာ၊ တို့ဝပ်ရှော့က ဗင်ကားလေးယူသွား” ဦးကျော်မိုးက အောင်သော်ကို ပြောလိုက်သည်။
“သူတို့ ဒီမနက်ပဲ ပြန်သွားပါတယ် ဆရာ” ဦးကျော်မိုးက ဘာမှမပြောပဲ အောင်သော်ကိုကြည့်လိုက်သည်။
“အေး ဒါဆိုလဲ ပြီးတာပဲ”
အောင်သော် ကားအင်ဂျင်ဖြုတ်နေရင်း အတွေးများက သူ့ချစ်သူလေးဆီရောက်သွားပြန်သည်။ အောင်သော်၏ ချစ်သူနာမည်က ချစ်စု ဟုခေါ်ပါသည်။ သူမသည်လည်း နယ်မှတက်လာကာ စက်ရုံတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်။ ရည်စားသက်တမ်း တစ်နှစ်ကျော်ခဲ့ပြီး နှလုံးသားချင်းလဲ နီးသထက်နီးလာခဲ့လေသည်။ သို့သော် အမေကိုတော့ မပြောသေးပေ။ လက်ထပ်ခွင့်တောင်းပြီးမှ ပြောရန် ရည်ရွယ်ထားလေသည်။
မနက်ဖြန်လဲ သီတင်းကျွတ်ပိတ်ရက် ချစ်သူနှင့်လည်ရန် စီစဉ်ထားပြီးဖြစ်သည်။ ချစ်သူတွေဖြစ်နေကြသော်လည်း နေရာတွေဝေးနေသည်။ ချစ်စုက လှိုင်သာယာတွင်နေသည်။ သူက အင်းစိန်တွင်နေသည်။ များသောအားဖြင့် ဖုန်းဖြင့်ဆက်သွယ်ကြသည်က များသည်။ ဖုန်းမှာလဲ ထိုခေတ်က အများသုံးဖုန်းများ အသုံးပြုနေကြသောအချိန်ဖြစ်သည်။ ချစ်စုမှာလဲ အလုပ်နှင့်မို့ နှစ်ဦးသားအလုပ်ပိတ်ရက်ဆုံသည့်နေ့မှ တွေ့ဖြစ်ကြသည်။
ချစ်စုက လက်ကိုင်အိတ်အရမ်းကြိုက်သည်။ အောင်သော်က ချစ်စုအား လက်ကိုင်အိတ်ပေးမည်ဟု ပြောထားဖူးသည်။ မနက်ဖြန် လျှောက်လည်လျှင်ကိုင်ရန်အတွက် ဒီနေ့ညနေ ကုန်တိုက်တစ်ခုသွားပြီ လက်ကိုင်အိတ်ဝယ်ရန်စီစဉ်ထားသည်။
ချစ်သူအကြောင်းစဉ်းစားရင်း ညနေစောင်းလာသည်။ နာရီကို ကြည့်လိုက်တော့ ငါးနာရီပင်ထိုးတော့မည်။ ဝပ်ရှော့တွင်လဲ သူတစ်ယောက်တည်းမို့ မီးတွေပိတ်လိုက်သည်။ ထို့နောက် ဝပ်ရှော့ကို တံခါးပိတ်လိုက်သည်။ အပြင်ရောက်တော့ ငါးနာရီကျော်နေပြီဖြစ်သည်။ ရာသီဥတုက မိုးအုံ့နေသည်။ သီတင်းကျွတ်ပင် မိုးဖျက်မလားမသိ။ ငါးနာရီဆိုသော်လည်း မိုးအုံ့နေသောကြောင့် မှောင်နေပြီဖြစ်သည်။
ဝပ်ရှော့မှ လှည့်အထွက် နောက်မှခေါ်သံကြားလိုက်သည်။
“သား အောင်ထွန်း”
“ဟင် အမေ” အောင်သော် အံ့သြသွားသည်။
သူ့အမေ ရန်ကုန်တက်လာခြင်းဖြစ်သည်။ လက်ထဲတွင်တော့ အထုပ်အပိုးများမပါတော့။ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ပြီးမှ သူ့ထံလာခဲ့ခြင်းဖြစ်မည်ဟုတွေးသည်။
“အမေကလဲ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဖုန်းလေးဘာလေးကြိုဆက်ပေါ့” အောင်သော်က ပြောလိုက်သည်။
သူ့အမေကတော့ ဘာမှမပြောပဲ ပြုံးပြီးကြည့်နေသည်။ အမေနှင့် ခွဲတာကြာခဲ့ပြီမို့ အောင်သော်အမေကို အရင်ကလောက် ဆက်ဆံရေးမဟုတ်တော့။ အမေကို လွမ်းနေတာလဲပါသည်။ သို့သော် အမေအပေါ် မာနတွေထားနေမိသည်။ အလုပ်ရှင် ဦးကျော်မိုးကလဲ မိဘမေတ္တာအကြောင်းတွေ မိဘကို လုပ်ကျွေးရတာ မွန်မြတ်ကြောင်းတွေ အလျဉ်းသင့်တိုင်း အောင်သော်ကို ပြောသည်။ အောင်သော်ကလည်း အရွယ်ရလာသည်မို့ ယခင်ကလောက် မိခင်အပေါ် မဆိုးတော့။
အခုလဲ အမေ့ကို လွမ်းနေသည်။ အမေ့ကို ပြေးဖက်လိုက်ချင်စိတ်တွေပေါက်နေသည်။ သို့သော် မာနရှိသေးသည်။ သူနှင့်အမေသည် တစ်သက်လုံးမတည့်ခဲ့ကြသည်မဟုတ်လား။ သူအမေ့ကို အောက်မကျို့ချင်သည့် စိတ်ဖြစ်နေသည်။ အမေကတော့ အညာထည်လေးနှင့် ယောထဘီအဟောင်းလေးဝတ်ထားသည်။
“အမေကလဲ အကျီကောင်းကောင်းမရှိဘူးလား၊ လာ၊ သားနဲ့လိုက်ခဲ့ သားဝယ်ပေးမယ်”
အောင်သော်သည် အရင်ကလောက် သူ့အမေအပေါ်မရိုင်းတော့။ ရင့်ကျက်ခြင်းဆိုသည်မှာ တခြားသူအား တွေးပေးခြင်းဖြစ်သည်ဟု ပြောတာကြားဖူးသည်။ ယခုလဲ သူအမေ့ဘက်က ဝင်တွေးမိသည်။ အမေသည် ခြစ်ခြစ်ကုတ်ကုတ်နှင့် အကြွေးကျေရေးကို သာလုံးပန်းနေပုံရသည်။ အကျီများများစားစား အသစ်ဝယ်ချုပ်မည်မဟုတ်။
အောင်သော်က အမေ့ကို ခေတ်မီကုန်တိုက်တစ်ခုသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ဝပ်ရှော့က ဗင်ကားလေးမှာ အောင်သော်၏ စီးတော်ယဉ်လေးဖြစ်နေပြီ၊ ရိုးသား ကြိုးစား၍ သစ္စာရှိသော၊ အလုပ်ကို ချစ်မြတ်နိုးသော အောင်သော်အား ဦးကျော်မိုးက ပေးထားခြင်းဖြစ်သည်။ အမေ့ကို ကားရှေ့ခန်းတံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် အောင်သော်သည် ကားကလေးကို မောင်းထွက်ခဲ့သည်။
အခန်း (၄)
စိန်ဂေဟာ ကုန်တိုက်
အောင်သော်က လမ်းဘေးတွင် ကားပါကင်ထိုးလိုက်သည်။ ထို့နောက် အမေ့ကို တံခါးဖွင့်ပေးလိုက်သည်။ အမေသည် ကိုယ်ပိုင်ကားတစ်ခါမှ စီးဖူးသူမဟုတ်သဖြင့် အပျော်ကြီးပျော်နေသည်။ ကားတံခါးလဲမဖွင့်တတ်။ လမ်းတစ်လျှောက်လုံး နီယွန်မီးလုံးများဖြင့် လင်းထိန်နေသည့် ရန်ကုန်မြို့ကြီးကို အံ့သြစွာ ကြည့်နေရင်းလိုက်ပါခဲ့သည်။
အောင်သော်က အမေ့လက်ကို ဆွဲလိုက်သည်။ အောင်သော် အမေ့လက်ကို ဆွဲပြီးလမ်းလျှောက်တာ လူမှန်းသိတတ်စအရွယ်ကတည်းကဆိုလျှင် ပထမဆုံးအကြိမ်ဖြစ်မည်ထင်သည်။ အောင်သော် ကလေးဘဝကတော့ အမေ့လက်ဆွဲပြီး လျှောက်ချင်လျှောက်ခဲ့ဖူးမည်။ သို့သော် လူမှန်းသိတတ်စအရွယ်ကတည်းက အဖေနှင့် သွားတာများသည်။ အမေ့လက်တွေ အေးစက်နေသည်။ ရာသီဥတု ကြောင့်လဲပါမည်ထင်သည်။
ကုန်တိုက်ထဲကို ဝင်လိုက်တော့ မီးရောင်တွေထိန်လင်းနေသည်။ သီတင်းကျွတ်မို့ ကုန်တိုက်ကို မီးများဖြင့် အလှဆင်ထားသည်။ အမေသည် တအံ့တသြောရပ်ကြည့်နေသည်။ အရင်ကဆို အောင်သော်သည် အမေ့ကို အော်မိမည်ဖြစ်သည်။ ယခုတော့ အမေနှင့်အတူ မီးအလှကို ကြည့်နေမိသည်။ အောင်သော်တို့ ရွာမှာ ဒါတွေမြင်ဖို့ဆိုတာ အိပ်မက်ဖြစ်သည်။ လျှပ်စစ်မီးလုံးလေးများမှာ ရောင်စုံလင်းလျှက် ပုံသဏ္ဍာန်မျိုးစုံဖြင့် ကုန်တိုက်အဝင်ဝတွင် လင်းလက်နေကြသည်။
ကုန်တိုက်ထဲရောက်တော့ အမေ့အား အကျီဝယ်ရန် ပြောသေးသည်။ သို့သော် အမေက မဝယ်ဘူးဟုသာ ငြင်းနေလေသည်။ အောင်သော်လဲ မိန်းမအကျီမဝယ်တတ်ပေ။ ထို့ကြောင့်ကုန်တိုက်ထဲ လျှောက်ကြည့်ကြသည်။ အောင်သော်က တစ်ခုသတိရသွားသည်။ ချစ်စုအတွက် လက်ကိုင်အိတ်ဖြစ်သည်။
လက်ကိုင်အိတ်များရောင်းသော ဆိုင်များရှေ့ရောက်သောအခါ အမေက လက်ကိုင်အိတ်တွေကို ငေးကြည့်နေသည်။ အောင်သော်ကလဲ လက်ကိုင်အိတ်များကို လိုက်ကြည့်လိုက်သည်။ တွေ့ပါပြီ။ လက်ကိုင်အိတ်ကလေးတစ်လုံး၊ မှန်ဘောင်ထဲတွင်ထည့်ထားသည်။ လက်ကိုင်အိတ်က ချစ်စုသိပ်ကြိုက်သော အနီရောင်လေးဖြစ်သည်။ အောင်သော်က လက်ကိုင်အိတ်ရှိ ဈေးနှုန်းစာရွက်အားကြည့်လိုက်သည်။ သုံးသောင်းကျပ်။ အောင်သော်က ဆုံးဖြတ်ချက်ချပြီး ဝယ်ယူလိုက်သည်။
အမေကတော့ လက်ကိုင်အိတ်တွေ ကိုင်ကြည့်လိုက်၊ ဈေးကြည့်လိုက်၊ ပြန်ချလိုက်နှင့် လုပ်နေသည်။
“အမေ လက်ကိုင်အိတ်တစ်ခုယူလေ” အောင်သော်က ပြောလိုက်သည်။
“တော်ပါပြီသားရယ် အမေက ဘာလုပ်ရမှာလဲ” အမေကပြောလိုက်သည်။
“ယူပါ အမေရဲ့ အမေ့ကို သားက သီတင်းကျွတ်ကန်တော့မှာ အမေကြိုက်တာလေးယူလေ” အောင်သော်ကပြောလိုက်သည်။
အမေက အနက်ရောင် တရုတ်ဖြစ် လက်ကိုင်အိတ်ကလေးကို ကိုင်ကြည့်နေသည်။
“မင်း ကြီးဒေါ်ကတော့ ဒါမျိုးသိပ်ကြိုက်မှာ ဒါပေမယ့် ဈေးကရှစ်ထောင်တောင်” အမေကပြောသည်။
“အမေကလဲ အမေကြိုက်တာယူစမ်းပါ။ သားမှာ ပိုက်ဆံပါပါတယ်” ထိုသို့ဖြင့် ထိုရှစ်ထောင်တန် အိတ်ကလေးကို အမေ့ကို ဝယ်ပေးလိုက်သည်။ အမေက ထိုအိတ်ကလေးကို လမ်းသွားရင်း လက်တွင်ချိတ်ကြည့ိလိုက်သည်။
“လာ အမေ ဒန်ပေါက် သွားစားကြမယ်”
အောင်သော်က အမေ့ကို ခေါ်လိုက်သည်။ ဒန်ပေါက်ဆိုင်မှာ မနီးမဝေးတွင် ရှိသည်။ ကားနှင့်မသွားတော့ပဲ လမ်းလျှောက်သွားကြသည်။ ဒန်ပေါက်ဆိုင်မှာ မဝင်ခင်ကပင် အနံ့များ ထောင်းထောင်းထနေသည်။ အောင်သော်ကတော့ ဒန်ပေါက်မကြိုက်ပေ။ အလှူအိမ် မင်္ဂလာဆောင်များတွင်သာ စားသည်။ ဒန်ပေါက်ဆိုသည်မှာလဲ နယ်ဒန်ပေါက်နှင့် ရန်ကုန်ဒန်ပေါက် အရသာကွာသည်မဟုတ်ပါလား။
“ညီလေးရေ ကြက်သား ဒန်ပေါက် နှစ်ပွဲ၊ ဖာလူဒါ တစ်ခွက်လောက်ပေးပါ” ဒန်ပေါက်ဆိုင်က စားပွဲထိုးလေးကို ပြောလိုက်သည်။
“အစ်ကို နှစ်ပွဲတောင်မှာမှာလား တစ်ပွဲပဲမှာပြီး လိုက်ပွဲထပ်ယူပေါ့” စားပွဲထိုးလေးကပြောသည်။
“ငါမှတဲ့ အတိုင်းလုပ်စမ်းပါကွာ စားမှာက နှစ်ယောက်ကွ”
စားပွဲထိုးလေးက ခါးလေးညွတ်ပြရင်း ထွက်သွားသည်။ အမေကတော့ စကားသိပ်မပြော ဆိုင်ကို ဝင်ထွက်စားသောက်နေကြသည့်သူများကို ကြည့်နေလေသည်။ ဒန်ပေါက်မှာ အခြား စားသောက်စရာများလိုမဟုတ် ချက်ခြင်းရလေသည်။
“အမေ စားလေ အမေအရမ်းစားချင်တဲ့ ဒန်ပေါက်”
အောင်သော်က ပြောလိုက်လေသည်။ အမေက ဒန်ပေါက်ကို လက်ဆေးပြီး အားရပါးရစားလေသည်။ အောင်သော်ကတော့ သူ့ကြက်သားများပါ အမေ့ကို ထည့်ပေးလိုက်လေသည်။ ဒန်ပေါက်စားပြီးတော့ ဖာလူဒါသောက်သည်။
“သားရေ ဒီအအေးလေးက အရမ်းသောက်လို့ကောင်းတာပဲ။ အထဲမှာလဲ သာကူစေ့တွေကော အစုံပဲနော်” အမေကပြောသည်။
“အမေရဲ့ အဲဒါဖာလူဒါခေါ်တယ်၊ ရွှေတောင်က ဟာနဲ့တော့ကွာတာပေါ့နော်။ ဒါက ဖာလူဒါအစစ်” အောင်သော်က ပြောလိုက်လေသည်။
စားပြီးနောက် ကားဆီလမ်းလျှောက် ပြန်ခဲ့ကြလေသည်။ ကားပေါ်ရောက်တော့
“အမေ ရောက်တုန်းရောက်ခိုက် မြို့ပတ်ကြည့်ကြတာပေါ့ မကောင်းဘူးလား” အောင်သော်ကမေးသည်။ အမေကတော့ ဘာမှပြန်မပြော ကားခေါင်းခန်းတွင် ထိုင်နေသည်။
အောင်သော်ကလဲ ကားကို ဘုရားများဘက်မောင်းလိုက်သည်။ ရွှေတိဂုံဘုရားပေါ်မတက်ဖြစ်၊ ဘုရားကို ကားဖြင့်ပတ်၍ပြလိုက်လေသည်။ ထို့နောက် ကန်တော်ကြီးစောင်းဘက်ပတ်မောင်းလိုက်သည်။
“အမေ မနက်ဖြန်တော့ သားချစ်သူနဲ့ ချိန်းထားတာရှိလို့၊ နောက်နေ့တွေကျမှ ဘုရားလိုက်ပို့ပေးမယ်နော်” အောင်သော်က ပြောလိုက်သည်။
အခန်း(၅)
“သြော် သားက ချစ်သူတွေ ဘာတွေတောင် ရနေပြီလား” အမေက အံ့သြသွားသည်။
“ဟုတ် သားကအမေ့ကို နောက်ကျမှ ပြောပြမလို့ပါ။ နက်ဖြန်လဲ ဗြုန်းစားကြီးဆိုတော့ အမေနဲ့ မိတ်မဆက်ပေးချင်သေးဘူး၊ အမေမပြန်ခင်တော့ တွေ့သွားပေါ့” အောင်သော်က ပြောလိုက်လေသည်။ အမေက စိတ်လှုပ်ရှားနေပုံရသည်။
လည်ပတ်ပြီးတော့ အဆောင်ပြန်လာခဲ့သည်။ အမေ့ကို တည်းခိုခန်းလိုက်ပို့ဖို့ စိတ်ကူးလိုက်သည်။ တစ်သက်နှင့်တစ်ကိုယ် အမေ့ကို အဆင့်မြင့်တည်းခိုခန်းတော့ တည်းဖူးစေချင်သည်။ အဆောင်တွင်လဲ အောင်သော်တစ်ယောက်တည်းသာရှိသည်။ ကျန်အဆောင်နေသူများမှာ အသီးသီးပြန်သွားကြပြီဖြစ်သည်။ သို့သေ်ာအမေ့ကိုတော့အဆောင်မှာ မထားချင်၊ ယောကျ်ားလေးအဆောင်မို့ ညစ်ပတ်နေသည်။
ကားကလေးကို ရပ်လိုက်ပြီးတော့ အဆောင်တံခါးကိုဖွင့်လိုက်သည်။ ထိုစဉ် နောက်မှ ခေါ်သံကြားလေသည်။
“အောင်သော်ရေ ဖုန်းလာတယ်ကွ မင်းပြန်လာတာနောက်ကျလိုက်တာကွာ လာတာသုံးလေးခေါက်ရှိပြီ”
အောင်သော်တို့ နှစ်အိမ်ကျော်တွင် ဖုန်းရှိသည့် အိမ်လေးရှိသည်။ အမေက ဖုန်းမပြောတတ်။ နားယားတယ်လို့ပြောသည်။ သူသာ တစ်ခါတစ်လေ ကြီးဒေါ်ကြီးနှင့် ဖုန်းပြောရသည်ကများသည်။
“ဘယ်က ဆက်တာလဲ” အောင်သော် ကပြန်မေးလိုက်သည်။
“ရွာကတဲ့” ဖုန်းလာခေါ်သည့် ဦးလေးကြီးက ပြောကာ ပြန်လှည့်ထွက်သွားလေသည်။
အောင်သော် သဘောပေါက်လိုက်သည် ရွာမှကြီးဒေါ်ကြီးက သူ့အမေ တစ်ယောက်တည်း မြို့တက်လာတာကို ရောက်မရောက် စိတ်မချ၍ ဆက်ခြင်းဖြစ်မည်။
“အမေ ဒီလက်ကိုင်အိတ်တွေယူသွားပြီး အဆောင်က ဧည့်ခန်းထဲစောင့်နေ၊ သားဖုန်းဆက်ပြီး ပြန်လာခဲ့မယ်” အောင်သော်ကပြောလိုက်လေသည်။ အမေကလဲ ခေါင်းညိတ်ပြလိုက်သည်။
အောင်သော် ဖုန်းအိမ်ကို ထွက်ခဲ့သည်။ ဖုန်းကို အသာမယူလိုက်ပြိး ရွာဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ ခဏအကြာ ကြီးဒေါ်ကြီး ဖုန်းကိုင်လေသည်။ အောင်သော်က ဘာမှမပြောရသေးခင်မှာပင်။
“အောင်ထွန်းရေ ညနေက မင်းအမေဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပြီကွဲ့”
အောင်သော်နားကြားမှားသွားသလားလို့ ထင်လိုက်သည်။ အမေနှင့်သူတွေ့ပြီးနေပြီပဲ။
“ဘာ ဘယ်ဖြစ်တယ် ဒေါ်ကြီး”
“မင်း အမေ ညနေ လေးနာရီလောက်က ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပြီဟဲ့”
ကြီးဒေါ်ကြီးက ပြောပြီး ငိုချင်းချနေသည်။ အောင်သော်ကိုင်ထားသည့် ဖုန်းမှာလွတ်ကျသွားသည်။
အောင်သော်မှာ အပြေးတစ်ပိုင်းဖြင့် အဆောင်သို့ ပြန်ပြေးခဲ့သည်။ ဖုန်းအိမ်မှာ ခင်မင်နေသဖြင့် ဖုန်းဖိုးနောက်မှ ရှင်း၍ ရလေသည်။ အဆောင်ရောက်တော့ အဆောင်တံခါးက နေအလျှင်အမြန်ဝင်လိုက်သည်။ ဧည့်ခန်းအတွင်းတွင် မည်သူမှမရှိပါ။ ဧည့်ခန်းစားပွဲခုံတွင်တော့ လက်ကိုင်အိတ်အနီရောင်လေးနှင့် လက်ကိုင်အိတ် အနက်ရောင်လေးက အခန့်သားနေရာယူထားသည်။
အောင်သော်သည် ကျောပိုးအိတ်ဖြင့် ရှိသမျှငွေများအားလုံးကိုထည့်ကာ အဝေးပြေးကားဝင်းသို့ ဆင်းလာခဲ့လေသည်။ ညထွက်သည့် ကားဖြင့် ရွာသို့ရောက်အောင် ပြန်ခဲ့လေသည်။ သူ့အမေနှင့် တွေ့ဆုံခဲ့ခြင်းသည် သန်းခေါင်ယံမက်သည့် အိပ်မက်ပမာဖြစ်နေသည်။ ကားဂိတ်တွင် ကားမထွက်သေးခင် ဖုန်းဆိုင်တွင် ဖုန်းဆက်လေသည်။ အရင်ဆုံး သူ့ချစ်သူ ချစ်စုဆီဆက်ရသည်။
“ချစ်စုရေ ကိုယ်တောင်းပန်ပါတယ်ကွာ မနက်ဖြန်မတွေ့ဖြစ်တော့ဘူး”
“ဟာ မောင်ကလဲ ညကြီးမိုးချုပ်ကွာ၊ တွေ့မယ်လို့ ပြောထားရဲ့သားနဲ့ မောင်ဘယ်လိုဖြစ်လို့လဲ” ချစ်စုက စိတ်ဆိုးသွားပုံရသည်။
“ကိုယ့်အမေဆုံးသွားလို့ပါ”
အောင်သော်က ပြောရင်း မျက်ရည်တွေ ကျလာသည်။ ချစ်စုက တစ်ဖက်မှ ဘာမှပြန်မပြောတော့။ အောင်သော်က ဖုန်းခွက်ကို ဂျလောက်ကနဲချလိုက်သည်။
အောင်သော် နောက်ထပ်ဆက်မည့်သူက သူ့သူဌေးဖြစ်သည်။ ဦးကျော်မိုး၏ ဟန်းဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
“ဆရာရေ ကျွန်တော့်အမေညနေက ဆုံးတယ်ပြောတယ်။ ကျွန်တော်အခုကားဂိတ်ရောက်နေပြီ” အောင်သော်ကပြောလိုက်သည်။
“အေး စိတ်ကိုအေးအေးထားကွာ၊ မင်းရွာမှာနေဦးမှာမလား၊ ပိုက်ဆံလိုရင် သီတင်းကျွတ်ရုံးပြန်ဖွင့်တဲ့အခါ မြန်မာ့စီးပွားရေးဘဏ်ကနေ မင်းကို ငွေလွှဲပေးလိုက်မယ်”
ထို့နောက် ဦးကျော်မိုးဖုန်းချသွားလေသည်။
တစ်ညလုံးကားစီးရင်း ငိုခဲ့သည်မို့ မျက်လုံးတွေက ဖူးယောင်နေသည်။ မနက်လင်းအားကြီးမှ ရွာရောက်တော့သည်။ ဆိုင်ကယ်ကယ်ရီကို အိမ်ရှေ့အရောက်ငှားခဲ့သည်။ ခြံထဲသို့ ဝင်လိုက်သည့်အခါ ခြံထဲတွင် ပန်းကလေးများပွင့်နေသည်။ အမေသည် ပန်းကြိုက်သူပီပီ ခြံထဲတွင် ပန်းပွင့်သော အပင်မျိုးစုံကို စိုက်တတ်သည်။ အိမ်ရှေ့တွင် ကုလားဖျဉ်းထိုးထားသည်။ လူတွေ စုထိုင်နေကြသည်။
ရွာဓလေ့မို့ သုံးရက်ခန့်ထားမည်ဖြစ်ပါသည်။ အောင်သော်လဲ အိမ်သို့ အပြေးဝင်လိုက်သည်။ ကြီးဒေါ်ကြီးက အောင်သော်ကို မြင်သောအခါ
“အမလေး နင်တွေ့ချင်တဲ့ နင့်သားအောင်ထွန်း ပြန်လာပြီလေ ထကြည့်ပါဦးလား”
ဟုပြောကာ ငိုချင်းချနေသည်။ အောင်သော်ကလဲ ဂရုမစိုက်အားပဲ အမေ့ရုပ်အလောင်းကို ကြည့်လိုက်သည်။ ညက ဝတ်ခဲ့သည့် အကျီလေးအတိုင်းဝတ်ဆင်ထားသည်။ အမေ့ရုပ်ရည်မှာ အရွယ်အတော်ကျနေသည်။ အဝတ်အစားများမှာ ဟောင်းနွမ်းနေလေသည်။ အောင်သော်လဲ အမေ့ကို ဖက်လိုက်သည်။ အမေ့ကိုယ်လုံးမှာ အေးစက်တောင့်တင်းနေလေသည်။ အမေ့မျက်နှာကို မျက်ရည်များဖြင့်ကြည့်လိုက်သည်။ အမေ့နှုတ်ခမ်းလေးများသည် ရေးရေးလေးပြုံးနေသည်ဟု ထင်ရသည်။
အောင်သော် နားထဲတွင်တော့ ဦးကျော်မိုးပြောသော စကားတစ်ခွန်းကိုပြန်ကြားယောင်နေရသည်။
“အခွင့်အရေးဆိုတာ တံခါးတစ်ချပ်လိုပဲ။ ဖွင့်ထားတဲ့အချိန်မှာပဲ ဝင်ခွင့်ရတာ၊ ပိတ်သွားရင် တံခါးကိုထုလို့ပဲရရင်ရမယ် ဝင်လို့မရတော့ဘူး”
ထိုစကားကို အောင်သော် အခုမှနားလည်သည်။ အမေ့၏ နှလုံးသားတံခါးလေးသည် အောင်သော်အတွက် ထာဝရပိတ်သွားခဲ့ပြီဖြစ်သည်။
နိုဂုံး
စာဖတ်သူများခင်ဗျာ၊ စာဖတ်သူများထဲတွင်လဲ တံခါးပွင့်နေသူများရှိကောင်းရှိပါလိမ့်မည် ထိုတံခါးအားပွင့်နေသည်စဉ်မှာ တန်ဖိုးထားကြစေရန် တိုက်တွန်းအပ်ပါသည်။ ထိုတံခါးပိတ်သွားပါက တံခါးအား ထုရုံပဲတတ်နိုင်ပါလိမ့်မည်။ ထိုတံခါးသည် နောက်ဘယ်တော့မှ ပြန်ပွင့်မည်မဟုတ်တော့ပါ။
မိဘအပေါ်သိတတ်နားလည်သော သူများဖြစ်နိုင်ကြပါစေ။
ပြီးပါပြီ။