အပိုင်း (၁)
(၁)
ညောင်ရွှေနယ်အတွင်းရှိ မြို့လေးတစ်မြို့ဖြစ်သည်။ မြို့ဟုသာခေါ်သော်လည်း ရွာကလေးတစ်ရွာကဲ့သို့ပင်ရှိနေသည်။ ကျယ်ပြန့်သောလွင်ပြင်များရှိသည်မို့ စိုက်ပျိုးရေးအတော်ဖြစ်ထွန်းသည်။ မိုင်းသောက်မြို့ကလေး၏ အရှေ့ဘက်တွင် တောင်ကုန်းကလေးများရှိသည်။ ထိုတောင်ကုန်းကလေးများပေါ်တွင် လူနေအိမ်ကလေးများ ဟိုတစ်စု သည်တစ်စုရှိသည်။ တစ်ခုသော တောင်ကုန်းကလေးပေါ်တွင်တော့ သစ်လုံးများဖြင့်ကာရံထားသည့် ခြံကျယ်ကြီးတစ်ခုရှိသည်။
လှည်းတစ်စီးက တောင်ကုန်းကလေးအတိုင်း တက်လာခဲ့သည်။ ထို့နောက် ထိုသစ်လုံးခြံအရှေ့တွင် လှည်းကိုရပ်လိုက်သည်။ လှည်းပေါ်မှ လူရွယ်တစ်ယောက်ဆင်းလာကာ ခြံစည်းရိုးတွင် တပ်ဆင်ထားသည့် ခလောက်ကလေးတစ်ခုကို ခေါက်ကာ အသံပေးလိုက်သည်။
“ဘယ်သူလဲဟေ့”
စူးဝါးသည့် အသံတစ်ခုက သစ်လုံးအိမ်အတွင်းမှ တိုးထွက်လာသည်။
“ကျုပ်ကို ညောင်ရွှေစံအိမ်က လွှတ်လိုက်တာပါ”
ထိုအခါ ခြံစည်းရိုးတံခါးက ဖွင့်သည့်သူမရှိဘဲ သူ့အလိုလိုပွင့်ထွက်သွားသည်။ ထိုလူရွယ်လည်း မြင်းလှည်းကို ခြံအတွင်းသို့မောင်းဝင်လိုက်သည်။ မြင်းလှည်းအနောက်တွင်တော့ ဖျာကြမ်းဖြင့်အုပ်ထားသည့် အလောင်းကောင်နှစ်ခုရှိသည်။ ထိုအလောင်းကောင်များမှာ ခြောက်သွေ့ကာ အရိုးပေါ်အရေတင်ဖြစ်နေလေသည်။ လူရွယ်က ကိုယ်တစ်ပိုင်းပြတ်နေသည့် အလောင်းကောင်ကို သယ်ယူလိုက်ကာ သစ်လုံးအိမ်အတွင်းသို့ ဝင်လိုက်သည်။
အိမ်အတွင်း မှောင်အတိကျနေသည်။ ထိုလူရွယ်ဝင်လိုက်သည့်အခါတွင် အိမ်တွင်းရှိ ဆီမီးတိုင်များမှာ သူ့အလိုလိုထွန်းလင်းသွားကြပြီး အပြာရောင်ရှမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က အခန်းထဲမှထွက်လာသည်။ ထိုလူကြီးမှာ ကတုံးပြောင်နေအောင်တုံးထားပြီး နှာခေါင်းကြီးမှာလည်း ချွန်ထွက်နေလေသည်။ နားရွက်ချွန်ချွန်ကြီးများမှ မိုးပေါ်သို့ထောင်တက်နေကာ အလွန်ကြည့်ရဆိုးလေသည်။
“အဲဒီစားပွဲပေါ်ကိုချထားလိုက်”
လူငယ်က သူသယ်ဆောင်လာသည့် အလောင်းကောင်ကြီးကို ထိုလူကြီးညွှန်ပြသည့် စားပွဲခုံပေါ်သို့ ချလိုက်သည်။
“မင်းမှာ စာပါတယ်မဟုတ်လား”
လူရွယ်က သူ့အင်္ကျီအိတ်အတွင်းမှ စာတစ်စောင်ကိုထုတ်ယူလိုက်ကာ
“မောက်မောက်ကြီးဆိုတာဘယ်သူလဲ၊ ကျုပ်ကိုသခင်မက သူ့ဆီစာပေးခိုင်းလိုက်တာ”
ထိုလူကြီးက သူ့ကိုယ်သူလက်ညှိုးထိုးလျှက်
“မောက်မောက်ကြီးဆိုတာ ငါပဲကွ”
ထိုတော့မှ လူရွယ်က မောက်မောက်ကြိးကို စာတစ်စောင်ပေးလိုက်သည်။ မောက်မောက်ကြီးက စာကိုဖွင့်ဖတ်လိုက်သည်။ စာရွက်ခေါက်တွင် ကျားခေါင်းပုံစံကို မှင်အနက်ရောင်ဖြင့်ဆွဲထားလေသည်။ စာကိုဖွင့်ကြည့်လိုက်သည့်အခါ
“မောက်မောက်ကြီး၊ ငါသခင်မ အမိန့်ပေးတယ်၊ ဒီလူနှစ်ယောက်ကို အသေအချာလေ့လာပြီး သူတို့ကိုသတ်သွားတာ ဘယ်လိုလူမျိုးလဲဆိုတာကို ငါ့ထံကိုသတင်းပို့”
မောက်မောက်ကြီးက သက်ပြင်းချလိုက်သည်။
“သူတို့သခင်တွေ၊ သခင်မတွေက အမြဲအဲဒီလိုပဲ”
ထို့နောက် လူရွယ်ကိုကြည့်လိုက်ကာ
“မင်းရဲ့မြင်းလှည်းပေါ်မှ ပါတဲ့ နောက်တစ်ကောင်ကိုပါ ဒီစားပွဲပေါ်တင်ထားလိုက်၊ ပြီးရင် မင်းပြန်လို့ရပြီ”
ထိုလူရွယ်က အံ့သြစွာဖြင့်ကြည့်နေပြီးသော် ခေါင်းညိတ်လိုက်ကာ အခန်းအတွင်းမှပြန်ထွက်သွားသည်။ နောက်တော့ တောင်ကုန်းကလေးအတိုင်း မြင်းလှည်းဖြင့် ပြန်ဆင်းသွားသည်ကို မောက်မောက်ကြီးက အိမ်ပြတင်းပေါက်မှ ချောင်းကြည့်နေလိုက်သည်။ လူငယ်ဆင်းသွားသည့်အခါ မောက်မောက်ကြီးက အလောင်းနှစ်ခုကိုကြည့်ပြီးနောက် သစ်သားဘူးကလေးတစ်ခုကိုထုတ်လိုက်သည်။ ထိုသစ်သားဘူးကလေးကိုဖွင့်လိုက်သည့်အခါ အတွင်းတွင် တီကောင်ကြီးများက လိမ်တွန့်နေကြလေသည်။ မောက်မောက်ကြီးက တီကောင်များကို လက်တစ်ဆုပ်ခန့် နှိုက်ယူလိုက်ပြီး အလောင်းကောင်များ၏ မျက်နှာပေါ်သို့ချလိုက်သည်။ တီကောင်များက အလောင်းမျက်နှာပေါ်တွင် တွန့်လိမ်လျှက်ရှိပြီး မကြာခင် အလောင်း၏ ပါးစပ်နှင့် နှာခေါင်းများအတွင်းသို့ အသီးသီးတိုးဝင်သွားကြသည်။
မောက်မောက်ကြီးက ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး စက္ကူတစ်စနှင့် စုတ်တံကိုကောက်ယူလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ တစ်ခုခုကိုအာရုံခံနေလေသည်။
“လင်းနို့တစ်ကောင်၊ အစွမ်းတွေကို စုပ်ယူပြီး သတ်သွားတယ်”
ထိုအတိုင်းစာရွက်တွင် ရေးသားလိုက်ကာ စာရွက်ထောင့်တွင် သူ့လက်မှတ်ကိုရေးထိုးလိုက်သည်။ ထို့နောက် စာရွက်ကိုငှက်တစ်ကောင်ပုံစံ ခေါက်လိုက်ပြီး ဖွင့်ထားသည့်ပြတင်းပေါက်နားတွင် မတ်တပ်ရပ်လိုက်သည်။ ငှက်ရုပ်ကလေးကို လက်နှစ်ဖက်တွင်ထည့်ကာ လေနှင့်မှုတ်လိုက်သည့်အချိန် စက္ကူငှက်ကလေးမှာ မိုးပေါ်သို့ပျံတက်သွားကာ ငှက်တစ်ကောင်ကဲ့သို့ ပျံသန်းသွားလေတော့သည်။
(၂)
ုငွေခြည်များထိုးထားသည့် ခြုံထည်ကြီးကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က မြင်းကိုခပ်မြန်မြန်စီးလာခဲ့သည်။ ညောင်ရွှေမြို့အပြင်ဘက်တွင် ကြိးမားသည့် စံအိမ်တော်ကြီးတစ်ခုရှိသည်။ စံအိမ်တော်ကြီးမှာ ဟော်နန်းကြီးတမျှ ကြီးမားလှပြီး စံအိမ်အဝင်ဝတွင်တော့ ပါးစပ်ဖြဲကာ ဟိန်းဟောက်နေသည့် ကျားကြီးတစ်ကောင်၏ ခေါင်းပုံစံကိုရုပ်လုံးရုပ်ကြွအဖြစ် ထွင်းထုကာ တပ်ဆင်ထားလေသည်။ ထိုစံအိမ်တော်ကြီးရှေ့တွင် ထိုလူကြီးက မြင်းကိုရပ်တန့်လိုက်ကာ စံအိမ်တော်တံခါးကို ခေါက်လိုက်လေသည်။
“ဘယ်သူလဲ”
“ငွေခွန်မှူး စိုင်းမုန်းပါ၊ သခင်မနဲ့တွေ့ချင်လို့လာတာပါ”
စံအိမ်တော်တံခါးကြီးပွင့်သွားပြီး အတွင်းမှ လူငယ်နှစ်ယောက်ထွက်လာသည်။ လူငယ်တစ်ယောက်က မြင်းဇက်ကြိုးကိုဆွဲလိုက်သည့်အခါ ဦးစိုင်းမုန်းက မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး ကျန်လူငယ်တစ်ဦး၏ ခေါ်ဆောင်ရာအတိုင်းလိုက်လာခဲ့တော့သည်။ စံအိမ်တော်ကြီး၏ ခြံဝန်းကြီးမှာ ကြီးမားကျယ်ပြန့်ပြီး အတွင်းတွင်တော့ မြက်ခင်းများနှင့် သစ်ပင်ပန်းမာန်များကို စိုက်ပျိုးထားသည်။ မြက်ခင်းပြင်များပေါ်တွင်တော့ အဝါနှင့် အနက်ရောင်အစင်းကျားရှိသည့် ကျားကြီးများက မြက်ခင်းပေါ်တွင် လွတ်လွတ်လပ်လပ်သွားလာနေကြသည်။ ကျားစုစုပေါင်း အကောင်နှစ်ဆယ်ခန့်ရှိမည်ထင်သည်။
ဦးစိုင်းမုန်းက ကျားကြီးများကိုတစ်ချက်ကြည့်ပြီး စံအိမ်တော်အပေါ်သို့တက်သည့်လှေကားအတိုင်း တက်လာခဲ့သည်။ စံအိမ် ဧည့်ခန်းဆောင်မကြီးသို့ရောက်သည့်အခါ သူ့ရှေ့မှလူငယ်က ရပ်နေခဲ့သဖြင့် ဦးစိုင်းမုန်းသာ ဧည့်ခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ဧည့်ခန်းအတွင်းရှိ ထိုင်ခုံတစ်လုံးတွင် ထိုင်ချလိုက်သည့်အခါ အိမ်ထဲမှနေ၍ ကျားအဖြူကြီးတစ်ကောင်ထွက်လာလေသည်။ ကျားဖြူကြီးမှာ အလွန်ထွားကျိုင်းလှပြီး အဖြူရောင်ကိုယ်လုံးတွင် အနက်ရောင်အစင်းကျားများရှိလေသည်။ ထိုကျားကြီးက ဧည့်ခန်းအတွင်းသို့ရောက်သည့်အခါ မတ်တပ်ရပ်လိုက်ပြီး မိန်းမတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။
ထိုမိန်းကလေးမှာ ရုပ်ရည်အလွန်ချောမောလှပပြီး အနက်ရောင်ခေါင်းပေါင်းနှင့် အနက်ရောင်ရှမ်းဝတ်စုံကိုဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင်တော့ ထိုင်မသိမ်းတပ်ထားသည့် အနက်ရောင်ရွှေချည်ထိုး ချိတ်ထမီတစ်ထည်ကို ဝတ်ဆင်ထားသည်။ ထိုမိန်းကလေးက ထိုင်ခုံတစ်ခုတွင် ဟန်ပါပါထိုင်ချလိုက်ရာ ဦးစိုင်းမုန်းက မတ်တပ်ရပ်ထလိုက်ပြီး ခါးကိုကိုင်းလျှက် အရိုအသေပေးလိုက်တော့သည်။
“ကျားဖြူသခင်ကို ကျုပ် ဂါရဝပြုပါတယ်”
“မလိုပါဘူး စိုင်းမုန်းရယ်၊ ရှင့် မင်္ဂလာဆောင်ကိစ္စရော အဆင်ပြေရဲ့လား”
ဦးစိုင်းမုန်းမှာ မျက်နှာကွက်ခနဲပျက်သွားသည်။ ထို့နောက် သခင်မအရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
“ကျုပ်ကို ဆမန်းအဖြစ် ဇာတ်သွင်းပေးပါ၊ ကျုပ် ဆမန်းကောင်ဖြစ်ချင်တယ်”
ထိုမိန်းကလေးက ရယ်မောလိုက်လေသည်။ ထိုမိန်းကလေးလက်တွင် ရှည်လျားပြီးချွန်ထက်နေသည့် လက်သည်းရှည်ကြီးများရှိသည်။
“ဟိုတစ်ချိန်တုန်းကတော့ ဆမန်းကောင်အဖြစ်ကို မလိုချင်ပါဘူးဆို၊ အခုတော့ ဘယ်လိုကြောင့် စိတ်ပြောင်းသွားရတာလဲ စိုင်းမုန်းရဲ့”
“ကျုပ် လူတစ်ယောက်ကိုလက်စားချေချင်လို့”
ကျားဖြူသခင်မက ခေါင်းခါသည်။
“ဆမန်းဖြစ်ဖို့ဆိုတော တော်ရုံနဲ့မဖြစ်နိုင်ဘူးနော်၊ ကျုပ်တို့စံအိမ်မှာ ဆမန်းဖြစ်ချင်လွန်းလို့ နှစ်တွေအကြာကြီး ကျွန်ခံနေတဲ့သူတွေ ရှိတယ်မဟုတ်လား”
ဦးစိုင်းမုန်းက သခင်မအနားသို့တိုးကပ်လိုက်သည်။
“လုပ်စမ်းပါ၊ ကျုပ်အရင်က ကျားဖြူသခင်ကြီးကို ပင့်ကူသံဓါး ဆက်သထားတယ်မဟုတ်လား၊ မြို့လေးမြို့၊နယ်လေးနယ်ကို အခွန်စားတာလောက်က ဓါးရဲ့တန်ကြေးလောက်တောင် မရှိဘူးမဟုတ်လား၊ အခု ကျုပ်တစ်ခုပဲတောင်းဆိုမယ်၊ ကျုပ်ငွေခွန်မှူးမဖြစ်ရရင်နေပါစေ၊ ကျုပ်ဆမန်းကောင် တစ်ကောင်ဖြစ်ချင်တယ်”
“ရှင်က ဘာလို့အဲဒီလောက်တောင် ဆမန်းကောင်ဖြစ်ချင်နေတာလဲ၊ အဲဒီလူက ရှင့်ကိုဘာလုပ်ခဲ့လို့လဲ”
ထိုအခါ ဦးစိုင်းမုန်းက သူဝတ်ထားသည့် ပုဆိုးကိုချွတ်ချပြလိုက်သည်။ ယောက်ျားတန်ဆာကင်းမဲ့နေသည့်် ဦးစိုင်းမုန်း၏ ပေါင်ခွကြားကို ကျားဖြူသခင်မက တစ်ချက်ကြည့်လိုက်ကာ ရယ်မောနေတော့သည်။
“စိုင်းမုန်း၊ စိုင်းမုန်း၊ ရှင်ကတော့ဖြစ်ရမယ်၊ ကောင်းပါပြီ ရှင်အဲဒီလူကို ဘယ်လောက်နာကျည်းနေမလဲဆိုတာ ကျုပ်နားလည်ပါတယ်”
ဦးစိုင်းမုန်းက ပုဆိုးကိုပြန်ကောက်ဝတ်လိုက်သည်။
“ဒါပေမယ့် ဆမန်းဖြစ်သွားရင်တောင်မှ အဲဒီဟာက ပြန်ပေါ်မလာတော့ဘူးနော် စိုင်းမုန်း”
“ရပါတယ်၊ ကျုပ်မှာ အစွမ်းတွေရဖို့ပဲ ကျုပ်လိုချင်တယ်၊ အစွမ်းတွေရရင် အဲဒီကောင်ကိုကျုပ်သတ်ရရင် သေပျော်ပါပြီ၊ ဒီကောင်က မဟုတ်ဘူး၊ လင်းနို့တစ်ကောင်၊ ဒီကောင့်ကို ကျုပ်ရှင်းရမှ ကျေနပ်မယ်”
ဦးစိုင်းမုန်းစကားကိုကြားတော့ ကျားဖြူသခင်မ မျက်လုံးပြူးသွားသည်။
“လင်းနို့တစ်ကောင်၊ ဟုတ်သလား”
“အဲဒီကောင်က ကျုပ်ရဲ့မယားပါသားပါ၊ ဒီကောင့်နာမည် စိုင်းကွမ်ခမ်းလို့ခေါ်တယ်၊ ဒီကောင်က ကျုပ်ရဲ့ပင့်ကူဖြူကို သတ်လိုက်တဲ့အပြင် ကျုပ်ကိုလည်း ဒီလိုဖြစ်အောင်လုပ်လိုက်တယ်၊ ကျုပ်ဒီကောင့်ကို သတ်ရမှကျေနပ်မယ်”
ကျားဖြူသခင်မက မတ်တပ်ရပ်လိုက်ပြီး ဦးစိုင်းမုန်း၏ ပုခုံးကိုပုတ်လိုက်သည်။
“ကောင်းပြီ၊ ရှင့်ဆန္ဒကိုဖြည့်ဆည်းပေးမယ်၊ လာမယ့် လကွယ်ညမှာ ရှင့်ကို ဆမန်းဇာတ်ထဲ သွတ်သွင်းပေးမယ်၊ အခုတော့ ရှင်ပြန်နိုင်ပြီ”
ဦးစိုင်းမုန်းက ကျားဖြူသခင်ကို တစ်ချက်ကန်တော့လိုက်ပြီး ဧည့်ခန်းမအပြင်သို့ ထွက်ခွာသွားတော့သည်။ ကျားဖြူသခင်မက အိမ်ခန်းထဲသို့ဝင်ခဲ့သည်။
“ဦးခွန်သိုက်”
ကျားဖြူသခင်မက ခေါ်လိုက်သည့်အခါ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အသက်ကြီးကြီး အဘိုးကြီးတစ်ဦးက အခန်းထဲသို့ဝင်လာခဲ့သည်။
“မောက်မောက်ကြီးဆီက သတင်းစကားမှာ လင်းနို့တစ်ကောင်လို့ ပါတယ်မဟုတ်လား”
ဦးခွန်သိုက်က ခေါင်းညိတ်လိုက်ပြီး
“မှန်ပါတယ်သခင်မ၊ ဒါ့အပြင် မောက်မယ်နယ်အရှေ့ဘက် တောင်ကုန်းပေါ်က ကျုပ်တို့လူ အဘိုးကြီးခွန်အိုက်ကို သတ်သွားတာကလည်း လင်းနို့တစ်ကောင်ပါပဲ”
ကျားဖြူသခင်မ မျက်လုံးက မီးတောက်သကဲ့သို့ ဝင်းလက်သွားသည်။
“ဒါဆို စိုင်းမုန်းကိုလုပ်သွားတာလည်း ဒီလူပဲနေမှာ၊ ဦးခွန်သိုက်၊ ဒီလူက လင်းနို့ဆိုတော့ မိုးမိတ်လင်းဆွဲ စံအိမ်နဲ့များ ဆက်စပ်နေသလား”
ဦးခွန်သိုက်က ခေါင်းညိတ်လျှက်
“ကျုပ်စုံစမ်းလိုက်ပါ့မယ်”
ကျားဖြူသခင်မက ခေါင်းညိတ်ရင်း
“ဘာပဲပြောပြော၊ ဒီလင်းနို့ဆိုတဲ့လူက ကျုပ်တို့ကို ရန်ရှာနေပြီ၊ သူ့ကိုအမြန်စုံစမ်းပါ၊ တွေ့ရင် ကျုပ်ကိုအရင်ဆုံးအကြောင်းကြားစမ်း”
“မှန်ပါသခင်မ”
ဦးခွန်သိုက်က အခန်းထဲမှထွက်သွားလေသည်။
(၃)
ရှမ်းပြည်တစ်ကြောတွင် စော်ဘွားများသာ ဘုန်းမီးနေလတောက်သည်မကဘဲ စံအိမ်တော်ကြီးများမှာလည်း တန်ခိုးသြဇာကြီးမားလှသည်။ စင်စစ်အားဖြင့် စံအိမ်တော်များမှာ ရှေးယခင်စော်ဘွားအဆက်ဆက်နှင့် သွေးသားတော်စပ်သည့် မင်းမျိုးမင်းနွယ်များဖြစ်ကြသည်။ စော်ဘွားများနှင့်လည်း ရွှေလမ်းငွေလမ်းဖောက်ထားသလို စံအိမ်တော်များမှာ ကုန်စည်ကူးသန်းရေးအပြင်၊ တိုင်းတစ်ပါးမှ လက်နက်များကိုဝယ်ယူကာ စော်ဘွားများထံသို့ တင်သွင်းရောင်းချနေကြသူများဖြစ်သည့်အတွက် မိမိတို့သက်ဆိုင်ရာ နယ်မြေတစ်ကြောတွင် သြဇာညောင်းသူများဖြစ်ကြသည်။
မြို့ကြီးများဖြစ်သည် မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ ညောင်ရွှေ၊ သိန္နီ၊ အုန်းပေါင်(သီပေါ)၊ မိုးမိတ်၊ မိုးနဲ၊ မိုးပဲ အမည်ရ မြို့ကြီးကိုးမြို့တွင် သက်ဆိုင်ရာ စံအိမ်တော်ကြီးများရှိကြသည်။ သို့သော် ထိုစံအိမ်တော်များမှာ အာဏာအရ၊ စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်သည်သာမကဘဲ ထူးခြားသည့်အစွမ်းများကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် လူအများက ရိုသေလေးစားကြသည်။ များသောအားဖြင့် ထိုစံအိမ်တော်များကို ဆမန်းအိမ်တော်များဟု လူသိများကြသည်။
ဆမန်းဆိုသည်မှာ လူသားအဖြစ်မှ တောရိုင်းတိရစ္ဆာန်အဖြစ် ပြောင်းလဲနိုင်သည့် အကောင်များကိုဆိုလိုခြင်းဖြစ်သည်။ ဆမန်းများသည် တစ်ကောင်နှင့် တစ်ကောင်၊ တစ်မျိုးနှင့် တစ်မျိုး ပြောင်းလဲနိုင်ပုံနှင့် အစွမ်းသတ္တိမတူကြပေ။ ညောင်ရွှေဆမန်းအိမ်တော်မှာ ကျားတံဆိပ်တပ်ထားသည့် ကျားအိမ်တော်ဖြစ်သည်။ ထိုဆမန်းကောင်များမှာ ကျားအဖြစ်သို့ပြောင်းလဲနိုင်ကြသည်။ ညောင်ရွှေဆမန်းအိမ်တော်ကို ကျားဖြူသခင်ကြီးနှင့် ကျားဖြူသခင်မတို့က နှစ်ပေါင်းများစွာ အစဉ်အဆက်အုပ်ချုပ်လာခဲ့သည်။ ကျားဖြူသခင်ကြီးမှာ မိမိစွမ်းအားများတိုးပွားစေရန်အတွက် ကျင့်စဉ်တစ်ခုကို ခုနစ်နှစ် တိုင်တိုင် ဂူအောင်းပြီးလေ့ကျင့်နေသည်မို့ ယခုအခါ ညောင်ရွှေဆမန်းအိမ်တော်ကို ကျားဖြူသခင်မက အုပ်ချုပ်လျှက်ရှိသည်။
အကြောင်းသိသူများသာ ထိုအိမ်တော်များကို ဆမန်းအိမ်တော်များအဖြစ်သိကြသည်။ ဆမန်းအိမ်တော်များမှာ မိမိတို့ကို ဆမန်းကောင်များအဖြစ် မသိသာစေရန်အတွက် သိုသိုသိပ်သိပ်နေထိုင်ကြသည်။ ဆမန်းအိမ်တော်များထံတွင် အမှုထမ်းနေသူများကတော့ ဆမန်းကောင်ဖြစ်ချင်သူများဖြစ်သည်။ ဆမန်းကောင်များမှာ မိစ္ဆာတစ်မျိုးဖြစ်ပြီး ထူးခြားသည့်စွမ်းအားများရှိသည်။ ဆမန်းကောင်များမှာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်နိုင်သဖြင့် အများစုက ဆမန်းကောင်ဖြစ်ချင်ကြသည်။
သို့သော်လည်း ဆမန်းကောင်ဖြစ်ဖို့က လွယ်ကူသည်တော့မဟုတ်၊ ဆမန်းကောင်အစစ် နှစ်ကောင်မှ မွေးဖွားလာသူများသာ မွေးကတည်းကပင် ဆမန်းအစွမ်းတွေပါဝင်လျှက် ဆမန်းကောင်စစ်စစ်ဖြစ်ကြသည်။ ဆမန်းကောင်နှင့် လူသားရောစပ်မွေးဖွားသည့် လူတစ်ဦးတွင် ဆမန်းကောင်သွေးတစ်ဝက်သာပါသည်။ ထိုသွေးတစ်ဝက်များသည်။ ခုနစ်နှစ်တိုင်တိုင်စွမ်းအင်ကျင့်ကြံမှ ဆမန်းကောင်စင်စစ်ဖြစ်တတ်ကြသည်။ သို့သော် လူသားနှစ်ဦးပေါင်းဖက်ရာမှ မွေးဖွားလာသည့် လူသားစစ်မှာမူကား ဆမန်းကောင်ဖြစ်ရန်အတွက် ခက်ခဲလှသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ဆမန်းအကျင့်ကိုကျင့်ပြီးမှ ဆမန်းကောင်တစ်ဝက်ဖြစ်တတ်သည်။ ဆမန်းကောင်အပြည့်အဝဖြစ်ရန်အတွက် နောက်ထပ်နှစ်ပေါင်းနှစ်ဆယ် ထပ်မံကျင့်ကြံရလေသည်။
ဆမန်းအိမ်တော်များမှာလည်း ဆမန်းကောင်မျိုးဆက်ကို တန်ဖိုးထားသည့်အနေဖြင့် တော်ရုံလူကို ဆမန်းကောင်ဖြစ်ခွင့်မပေးပေ၊ ဆမန်းအချင်းချင်ေးပါက်ဖွားသည့် ဆမန်းကောင်များနှင့် သွေးတစ်ဝက်နှောသည့် ဆမန်းကောင်များကိုသာ ဆမန်းအဖြစ်သွတ်သွင်းပေးလေ့ရှိသည်။ ငခမ်းသတ်လိုက်သည့် အိုက်မောင်းနှင့် ငမိုးမှာ ဆမန်းသွေးတစ်ဝက်ရောသည့် ဆမန်းကောင်များဖြစ်ကြသည်။ ဆမန်းကောင်အပြည့်အဝမဖြစ်သေးသဖြင့် အကောင်ပုံစံပြောင်း၍မရသော်လည်း သူတို့ကျင့်ကြံထားသည့် မိစ္ဆာအကျင့်များကြောင့် အစွမ်းသတ္တိတစ်ချို့ ရရှိနေခြင်းဖြစ်သည်။
ဆမန်းအိမ်တော်များမှာလည်း တစ်အိမ်နှင့်တစ်အိမ်သွေးနှောလျှက် အချင်းချင်းကူညီရိုင်းပင်းလေ့ရှိကြသည်။ ပြဿနာတစ်စုံတစ်ရာ ကြီးကြီးမားမားပေါ်ပေါက်လာပါက အကုန်လုံးဝိုင်း၍ ဖြေရှင်းကြသည်။ အထူးသဖြင့် ဆမန်းကောင်များအပေါ် ကျရောက်မည့် ဘေးရန်များကို အိမ်တော်များတိုင်ပင်လျှက် အတူတကွ တွန်းလှန် ဖယ်ရှားလေ့ရှိကြသည်။
သို့နှင့် မကြာခင် လကွယ်ညသို့ရောက်လာခဲ့သည်။
ဆမန်းအိမ်တော် အပေါ်ထပ်ရှိ လသာဆောင်တွင် အနီရောင် ကတ္တီပါအခင်းကြီးကို ခင်းကျင်းထားသည်။ ထိုအခင်းကြီးပေါ်တွင် ရွှေလင်ပန်းကြီးတစ်ချပ်ကိုတင်ထားကာ လင်ပန်းကြီးနံဘေးတွင် ရွှေဖလားကြီးတစ်လုံးကိုလည်း တင်ထားသေးသည်။ မကြာခင် ဦးစိုင်းမုန်းက ပါးလွှာသည့် ချည်သားအဝတ်တစ်ထည်ကို ဝတ်ဆင်လျှက် လသာဆောင်သို့ထွက်လာကာ ကတ္တီပါအခင်းကြီးပေါ်တွင် ဒူးထောက်ကာ ထိုင်ချလိုက်သည်။
မကြာမီ ကျားဖြူသခင်မမှာလည်း ရံရွှေတော်နှစ်ဦးနှင့်အတူ လသာဆောင်သို့ထွက်လာခဲ့သည်။ လရောင်မရှိသဖြင့် ပတ်ဝန်းကျင်က မှောင်အတိကျနေသည်။ ကျားဖြူသခင်မက ဦးစိုင်းမုန်းအရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“ကျွနု်ပ်ကို ဆမန်းကောင်အဖြစ် မြှောက်စားချီးမြှင့်ပေးပါ သခင်မ”
ဦးစိုင်းမုန်းက ခါးကိုကိုင်းလျှက် အရိုအသေပြုလိုက်သည်။ ကျားဖြူသခင်မက တည်ကြည်လေးနက်သောအသံဖြင့်
“ဒါဆိုရင် သင့်ရဲ့သွေးကို ငါ့အားဆက်သနိုင်မလား”
ဦးစိုင်းမုန်းက
“ဆက်သပါမည် သခင်မ”
“ဒါဆို သင့်ရဲ့အသားကို ငါ့အားဆက်သနိုင်မလား”
“ဆက်သပါမည် သခင်မ”
“ဒါဆို သင့်ရဲ့နှလုံးသားကို ငါ့အားဆက်သနိုင်မလား”
“ဆက်သပါမည်သခင်မ”
ကျားဖြူသခင်မက ဓါးချွန်ကလေးတစ်လက်ကိုထုတ်လိုက်သည်။
“ဆမန်းကောင်ဖြစ်ရင် အသက်ထောင်ချီရှည်ရမည်ဆိုပေမယ့် တစ်ဘဝသာ စံစားပြီး သေဆုံးပြီးတဲ့အခါ မဟာအဝီစိငရဲမှာ အဖန်များစွာကျင်လည်ပြီး နှစ်ပေါင်းအသင်္ချေ ခံစားရမယ်ဆိုတာ သင်သိပါရဲ့လား”
“ကျွနု်ပ်သိပါသည် သခင်မ”
“ကောင်းပြီ ဒါဆို ငါ့ထံမှာ ဆမန်းကောင်ဖြစ်ဖို့ကို သုံးကြိမ်သုံးခါ တောင်းဆိုပေတော့”
“ကျုပ်ကို ဆမန်းကောင်အဖြစ် သွတ်သွင်းပေးပါ သခင်မ”
ဦးစိုင်းမုန်းက တည်တည်ငြိမ်ငြိမ်နှင့် သုံးကြိမ်ရေရွတ်လိုက်သည်။ ထိုတော့မှ သခင်မက ဦးစိုင်းမုန်း၏ လက်မောင်းကို ဓါးဖြင့်ထိုးထည့်လိုက်ပြီး လက်မောင်းသွေးများကို ဖောက်ထုတ်ကာ ရွှေဖလားကြီးအတွင်းသို့ထည့်လိုက်လေသည်။ ဦးစိုင်းမုန်းမှာ နာကျင်သော်လည်း အံကြိတ်ကာ တောင့်ခံနေလိုက်သည်။ လက်မောင်းသွေးများ ဖလားကြီးအောက်ခြေတွင် ပြည့်သွားပြီဆိုတော့မှ လက်မောင်းမှ ကြွက်သားစိုင်ကြီးကို ဓါးချွန်နှင့်ဖြတ်ထုတ်လိုက်ကာ ရွှေဖလားကြီးအတွင်းသို့ ပစ်ထည့်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တော့ ဦးစိုင်းမုန်း တောင့်မခံနိုင်တော့ဘဲ အော်ဟစ်ညည်းညူလိုက်မိသည်။
“မင်းရဲ့ သွေးကိုလည်းရပြီ၊ အသားကိုလည်းရပြီ၊ နှလုံးသားကို ထုတ်ဖို့ပဲကျန်တော့တယ်”
ကျားဖြူသခင်မက ဦးစိုင်းမုန်း၏ ရင်ဘတ်ကိုဓါးနှင့်ခွဲထည့်လိုက်သည်။ သွေးများကပန်းထွက်လာသည်။ နံရိုးများကြားမှ ဦးစိုင်းမုန်း၏ တဒုတ်ဒုတ်ခုန်နေသည့် နှလုံးသားကို လက်ဖြင့်ကိုင်ကာ ဆွဲဖြုတ်လိုက်လေသည်။ ဦးစိုင်းမုန်းတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကျားဖြူသခင်မက ထိုနှလုံးကို လက်နှစ်ဖက်နှင့်ကိုင်လိုက်ပြီး ပါးစပ်ဖြင့်အားရပါးရ ကိုက်ဝါးလေသည်။ ထို့နောက် ရွှေဖလားကြီးအတွင်းမှ ဦးစိုင်းမုန်း၏ လက်အသားများနှင့် သွေးများကိုလည်း မော့သောက်ချလိုက်သည်။
“ကဲ စိုင်းမုန်း၊ မင်းရဲ့ပူဇော်မှုကို ငါလက်ခံတယ်၊ ဒီနေ့ကစပြီး မင်းက ဆမန်းကောင်တစ်ကောင်ဖြစ်စေ”
ဦးစိုင်းမုန်း၏ လဲကျနေသည့် ကိုယ်လုံးကြီးပေါ်သို့ ကျားဖြူသခင်မက သုံးကြိမ်ခွကျော်လိုက်လေသည်။ မကြာခင်လဲကျသေဆုံးနေသည့် ဦးစိုင်းမုန်းက မျက်လုံးများပွင့်လာကာ လက်နှစ်ဖက်အားပြုပြီး ကုန်းထလိုက်သည်။ သူ့ရင်ဘတ်ကြီးမှာ ပွင့်ထွက်နေဆဲပင်ဖြစ်သည်။ သွေးတော့ လုံးမထွက်တော့ပေ။
“ကဲ၊ ဦးစိုင်းမုန်း၊ ဒီနေ့ကစပြီး ရှင်ဆမန်းကောင်ဖြစ်သွားပြီ၊ ကျုပ်ရဲ့လက်အောက်ခံဖြစ်သွားပြီဆိုတော့ ကျုပ်ပြောတဲ့စကားကိုနားထောင်ပါ၊ ကိုးရက်မြောက်တဲ့နေ့မှာ ရှင့်အစွမ်းတွေစပြီးရလာလိမ့်မယ်၊ ကဲ ကောင်မလေးတွေ၊ သူ့ရင်ဘတ်ကြီးကို ချုပ်ပေးလိုက်ကြစမ်း”
ရံရွှေတော်ကောင်မလေးနှစ်ယောက်က ဦးစိုင်းမုန်း၏ ရင်ဘတ်အကွဲကြီးကို အပ်ချည်များဖြင့် ဝိုင်းချုပ်ပေးလိုက်ကြသည်။ ထို့နောက် ဦးစိုင်းမုန်းကို တွဲခေါ်သွားကာ အိမ်အောက်ဘက်ရှိ အခန်းတစ်ခုထဲသို့ ထည့်ထားလိုက်တော့သည်။ ဦးစိုင်းမုန်းကတော့ အားရပါးရ ရယ်မောနေလေသည်။
“ဟား၊ ဟား ကွမ်ခမ်း၊ ငါမကြာခင်၊ မင်းဆီလာခဲ့တော့မယ်ကွ”
(၄)
သုံးလခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိုးနဲမြို့နှင့် ခပ်လှမ်းလှမ်းရှိ လူသူမနီးသည့် တောင်ကုန်းကလေးတစ်ခုပေါ်တွင် ငခမ်းနှင့် ရှဲန်ဆိုင်တို့နှစ်ယောက် အတူတူနေထိုင်ကြသည်။ တောင်ကုန်းကလေးတစ်ဝိုက်တွင် လှေကားထစ်စိုက်ခင်းလေးများပြုလုပ်ထားကာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်။ ရှဲန်ဆိုင်က ပျော်ရွှင်နေပုံရသော်လည်း ငခမ်းက မပျော်ရွှင်နိုင်ပေ။
တစ်နံနက်ခင်းတွင် ငခမ်းက ခမောက်အစုတ်တစ်လုံးကိုဆောင်းလိုက်ပြီး အိမ်မှထွက်ခွာရန်ပြင်ဆင်လိုက်သည်။ မနက်ခင်းနေရောင်ခြည်များ ကျရောက်လာပြီဖြစ်သဖြင့် နေရောင်ခြည်ဒဏ်ကို သူမခံနိုင်ပေ။
“အကို အမဲလိုက်ထွက်တော့မလို့လား”
ရှဲန်ဆိုင်၏ အမေးကိုငခမ်းက ခေါင်းညိတ်ကာဖြေလိုက်သည်။ ငခမ်းမျက်နှာက တစ်ခုခုကိုအလိုမကျသလိုမျိုး စူပုတ်နေလေရာ ရှဲန်ဆိုင်က ငခမ်းလက်မောင်းကိုဆွဲဖက်လိုက်သည်။
“အကိုဘာဖြစ်နေတာလဲ”
“အကို ရှဲန်ဆိုင့်ကိုတောင်းပန်ပါတယ်”
ရှဲန်ဆိုင်က ခေါင်းညိတ်လိုက်သည်။
“ရှဲန်ဆိုင်နားလည်ပါတယ်အကို၊ ရှဲန်ဆိုင် တခြားဘာကိုမှ မမျှော်လင့်ပါဘူး၊ အကိုနဲ့ဒီလို အတူတူနေရတာလေးကိုပဲ ရှဲန်ဆိုင်နေပျော်ပါတယ်အကို”
ငခမ်းက ဝတ်ရုံကြီးတစ်ထည်ကိုခြုံလိုက်သည်။ ထိုအချိန် ရှဲန်ဆိုင်က ထသွားကာ အိမ်ထဲမှ ထမင်းထုပ်တစ်ထုပ်နှင့် ဘူးသီးခြောက်တစ်လုံးကိုယူလျှက် ငခမ်းအားလာပေးသည်။
“အကိုတောထဲမှာ ဗိုက်ဆာရင်စားဖို့ ယူသွားအုံးနော်”
ငခမ်းက ဘူးသီးခြောက်နှင့် ကြိုးချည်ထားသော ထမင်းထုပ်ကိုလွယ်လိုက်လေသည်။ ထို့နောက် ရှဲန်ဆိုင်၏ နဖူးကလေးကို အသာနမ်းလိုက်သည်။
“အကိုတောကောင်ကြီးကြီးရှာလာခဲ့မယ်၊ ရှဲန်ဆိုင် အသားဟင်းမစားရတာ ဘယ်လောက်ကြာပြီလဲ”
“အသားဟင်းတွေ၊ ငါးဟင်းတွေ ရှဲန်ဆိုင်မမှုပါဘူးအကို၊ အကိုနဲ့အတူတူနေရင်း ပဲပုပ်လေးပဲ စားရရင်တောင်မှ ရှဲန်ဆိုင်ကျေနပ်ပါပြီ”
ငခမ်းက ပြုံးလိုက်ကာ တောင်ကုန်းကလေးအတိုင်း ဆင်းသက်လာခဲ့သည်။ ရှဲန်ဆိုင်က အဝေးမှလက်လှမ်းပြကာ
“အကိုစောစောပြန်ခဲ့နော်၊ အကိုကြိုက်တဲ့ဟင်းကို ရှဲန်ဆိုင်ချက်ထားမယ်သိလား”
တောင်ခြေတွင် စမ်းချောင်းကလေးတစ်ခုရှိသည်။ စမ်းချောင်းကလေးကိုဖြတ်သန်းလိုက်သည့်အခါ ထူထပ်လှသည့် တောနက်ကြီးအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။ သစ်ရိပ်ဝါးရိပ်များက အုံ့ဆိုင်းနေသဖြင့် တောအတွင်းသို့ နေပျောက်ပင်မထိုးနိုင်လေရာ ငခမ်းတစ်ယောက် တောထဲရောက်တော့မှ နေသာထိုင်သာရှိတော့သည်။ ဆောင်းထားသည့် ခမောက်ကြီးနှင့် ဝတ်ရုံကြီးကို သစ်ပင်တစ်ပင်တွင်ချိတ်ထားလိုက်သည်။ ထို့နောက် တောအုပ်အတွင်းသို့ လျှင်မြန်စွာပြေးဝင်လာခဲ့သည်။ ငခမ်းက မိစ္ဆာစွမ်းအင်များ တိုးပွားနေပြီမို့ အရင်ကထက် ပိုမိုလျှင်မြန်စွာ ပြေးလွှားနိုင်လေသည်။
“မင်းလည်း ကံတော်တော်ဆိုးတာပဲ ငခမ်းရာ”
အသေးလေးက စကားပြောသဖြင့် ငခမ်းတစ်ယောက် တောအုပ်တစ်နေရာတွင် ရပ်တန့်လိုက်သည်။ သူ့အရှေ့တွင် ကျောက်တုံးဖြင့် ကလပ်ပုံစံကလေးဖြစ်နေပြီး ငခမ်းက သူယူလာသည့် ထမင်းထုပ်အားဖြေလျှက် ကလပ်ပေါ်တွင်တင်ထားလိုက်သည်။ ကလပ်ကလေးအနီးတွင်တော့ ထမင်းထုပ်သည့် ဖက်များက ပြန့်ကျဲနေလေသည်။
“ကဲ တောထဲက တောကောင်တွေ၊ မင်းတို့ဆာရင်လာစားနိုင်တယ်”
ထို့နောက် ငခမ်းက ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်နေလိုက်သည်။
“မင်းလောက် ကံဆိုးတဲ့သူ ဒီကမ္ဘာမှာရှိအုံးမလား”
“ခင်ဗျားပါးစပ်ကို ပိတ်ထားအသေးလေး”
“အေးလေကွာ၊ မင်းဟာက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရတာပဲရှိတယ်၊ လင်ခန်းမယားခန်းမှ မရောက်တာ”
ငခမ်းက ဘူးသီးခြောက်ကိုဖြုတ်လိုက်ပြီး အတွင်းမှရေများကို သွန်ပစ်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ကာ
“ကျုပ်က အရသာခံမရဘူး၊ အနံ့ခံမရဘူး၊ နောက်ပြီး ကာမဂုဏ်တွေလည်း မခံစားနိုင်ဘူးလေ”
“ဒါကြောင့်မင်းကိုပြောတာပေါ့ကွာ၊ မင်း ဒီကျိန်စာမိခဲ့တာ အတော်ကံဆိုးခဲ့တာပဲ”
“မိန်းမတွေနဲ့ မဆက်ဆံနိုင်လို့ တောင်စားရီထတောင်မှ သူ့သမီးဆိုပြီး မိန်းကလေးတွေမွေးစားခဲ့တာပဲမဟုတ်လား”
အသေးလေးက ရယ်မောရင်း
“မင်း ကောင်မလေးက မင်းဆီကအရာအားလုံးရပေမယ့် အဲဒီအရာကို မျှော်လင့်နေတဲ့ပုံပဲကွ”
“တော်စမ်းပါ၊ ခင်ဗျားဘာသိလို့လဲ”
“သူက မင်းကိုတဖြည်းဖြည်းနဲ့စိတ်ပျက်လာလိမ့်မယ်၊ မင်းကို ယောက်ျားမပီသတဲ့လူဆိုပြီး တွေးလာလိမ့်မယ်၊ မင်းဒီအတိုင်းဆက်သွားနေရင် နောက်ဆိုကောင်မလေးက မင်းဆီကနေထွက်ပြေးသွားလိမ့်မယ်”
“တိတ်စိမ်းအသေးလေး၊ ရှဲန်ဆိုင်က ခင်ဗျားထင်သလိုမဟုတ်ဘူး၊ သူက ကျုပ်နဲ့အတူတူနေရတာကိုပဲ ကျေနပ်နေလှပြီဗျ”
အသေးလေးက သက်ပြင်းချသည်။
“မင်းဘာမှမသိသေးပါဘူးကွာ၊ မင်းသူ့ကိုဖက်ထားရင် ငါလည်းမင်းလက်ကနေတစ်ဆင့် သူ့ရဲ့ခံစားချက်တွေကို ခံစားမိပါတယ်ကွ၊ သူက မင်းနဲ့ဒီအတိုင်းရှိနေတာထက် မင်းဆီကအချစ်ကိုလိုချင်တာ၊ နောက်ပြီးတော့ မင်းနဲ့အတူ ကလေးတွေမွေးပြီးတော့ သားသမီးတွေကိုလည်း ပျိုးထောင်ချင်ပုံရသေးတယ်”
“တော်စမ်းပါဗျာ၊ ဆက်မပြောပါနဲ့တော့”
“ဒီတော့ မင်းကောင်မလေးကို ထွက်မပြေးစေချင်ဘူးဆိုရင် မင်းသူ့ကို အမှန်အတိုင်းဖွင့်ပြောရမယ်”
ငခမ်းက ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်ဘူး၊ ကျုပ်က မိစ္ဆာတစ်ကောင်ဆိုတာ သူသိသွားရင် ကျုပ်ကိုဆက်ပြီးချစ်နိုင်ပါအုံးမလား၊ သူက ကျုပ်ကိုချစ်တယ်ဆိုပေမယ့် ကျုပ် ကိုယ့်အမေကိုယ်ပြန်သတ်တယ်ဆိုတော့ သူကျုပ်ကိုကြည့်တဲ့မျက်လုံးတွေ ပြောင်းလဲသွားတာကို ကျုပ်သိတယ်၊ ရှဲန်ဆိုင်စိတ်ကို ခင်ဗျားထက် ကျုပ်ကပိုသိတယ်”
“ဒါဆိုရင်လည်း ကောင်မလေးကို စွန့်လွှတ်လိုက်ပေါ့ကွာ၊ သူကလည်းတွေးနေပြီလေကွ၊ မင်းနဲ့အတူတူရှိတာ သုံးလကျော်နေပြီ၊ မင်းက သူ့ကိုထိရုံကိုင်ရုံလောက်ပဲလုပ်နေတော့ သူ့စိတ်ထဲမှာလည်း တစ်ခုခုတွေးနေပြီကွ၊ ဒီအတိုင်းဆိုရင် မင်းတို့ကြားမှာ မကြာခင် ပြဿနာကြီးတစ်ခု တက်တော့မယ်”
“မရဘူး ကျုပ်သူ့ကိုမစွန့်လွှတ်နိုင်ဘူး”
“မင်းအတ္တမကြီးနဲ့ငခမ်း၊ မင်းလည်း သူ့ကိုပျော်ရွှင်အောင် ထားနိုင်တာလည်းမဟုတ်ဘဲနဲ့”
“အခုသူပျော်နေတာပဲမဟုတ်လား၊ သူကျုပ်နဲ့အတူတူနေပြီး ပျော်ရွှင်နေတာပဲမဟုတ်လား”
အသေးလေးက ရယ်မောလိုက်သည်။
“မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ ချစ်သူနဲ့အတူတူနေထိုင်ရုံပဲမကဘူးကွ၊ ချစ်သူရဲ့အကြင်နာတွေလိုချင်တယ်၊ ဒီကနေတဆင့် အတူတူ ကလေးတွေမွေးဖွားကြမယ်၊ ကလေးတွေကိုပျိုးထောင်မယ်၊ အဲဒါက မိန်းမတွေရဲ့ ပျော်ရွှင်မှုပဲကွ”
ငခမ်းက ညာဖက်လက်ကိုကျစ်နေအောင်ဆုပ်လိုက်တော့ အသေးလေးက အော်ဟစ်ပြီး အသံတိတ်သွားသည်။ ထိုစဉ် တောဝက်အုပ်တစ်အုပ်က တောထဲမှထွက်လာပြီး သူတင်ထားသည့် ထမင်းထုပ်ကို အငမ်းမရလုစားနေလေသည်။ သူ့ကိုတောင် ရှိသည်ဟုမထင်ပေ။ ငခမ်းက လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်ဖြစ်နေသည့်အတွက် တောဝက်အုပ်က မကြောက်ခြင်းဖြစ်မည်။
“စားစား၊ မင်းတို့စားပြီးရင် မင်းတို့ကို ငါပြန်စားအလှည့်ပဲ၊ ရှဲန်ဆိုင်တော့ ဒီနေ့ ဝက်သားစားရပြီထင်တယ်”
ငခမ်းက မတ်တပ်ရပ်လိုက်တော့မှ တောဝက်အုပ်က လန့်သွားသည်။ ထို့နောက် တောအုပ်အတွင်းသို့ လှည့်ပြေးကြသည်။ ငခမ်းက တောဝက်အုပ်အနောက်သို့ ပြေးလိုက်လာခဲ့သည်။ နှစ်ယောက်တည်းသာ စားသောက်မည်မို့ တောဝက်အကြီးကိုမရွေးချယ်ပဲ အနေတော်ဝက်တစ်ကောင်ကို ငခမ်းကရွေးချယ်လိုက်သည်။ ထိုဝက်ကိုခြောက်လှန့်ပြီး တောဝက်အုပ်နှင့် ဝေးကွာသွားစေရန်မောင်းထုတ်လိုက်သည်။ တောဝက်က ငခမ်းမောင်းထုတ်သည့်အတိုင်း အခြားလမ်းတစ်ခုသို့ ပြေးလွှားသွားလေသည်။ ငခမ်းလည်း တောင်ပံနှစ်ဖက်ကိုထုတ်လိုက်ပြီး မိုးပေါ်ပျံတက်လိုက်သည်။ အောက်တွင် တလိမ့်လိမ့်နှင့်ပြေးနေသည့် တောဝက်အား လက်သည်းဖြင့် ကုတ်ချီရန် ထိုးဆင်းလိုက်သည့်အခါမှာပင် တောအုပ်အတွင်းမှ မြားတစ်ချောင်းထွက်လာကာ တောဝက်ကိုထိမှန်သွားသည်။
ငခမ်းလည်း အံ့သြသွားပြီး သစ်ပင်တစ်ခုတွင် တွယ်ကပ်နေလိုက်သည်။ တောဝက်က ဆက်ပြေးနေပြီး တစ်နေရာအရောက်တွင် လဲကျသွားသည်။ ထိုအခါ လူတစ်ယောက်ပြေးထွက်လာပြီး သူ့လက်ထဲမှ ဓါးဖြင့် တောဝက်၏ နံကြားသို့ အကြိမ်ပေါင်းများစွာ ထိုးစိုက်နေလေသည်။ တောဝက်မှာ နာကျင်စွာအော်ဟစ်ရင်း လဲကျသေဆုံးသွားတော့သည်။
“မိန်းကလေးတစ်ယောက်ပဲ”
တောဝက်အား ခုတ်ဖြတ်နေသည့် ထိုလူ၏ လည်ကုပ်ကိုကြည့်ုလိုက်သည့်အခါ ဖြူစင်နူးညံ့သည့် အသားစိုင်တို့ကိုတွေ့မြင်ရသည်။ ငခမ်းက တောင်ပံများကိုသိမ်းလိုက်ပြီး သစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်။ ငခမ်း၏ ခြေသံကြားသဖြင့် ထိုမိန်းကလေးက လေးနှင့်မြားကို ကောက်ကိုင်လိုက်ရာငခမ်းဆီသို့ ထိုးချိန်လိုက်သည်။
“ဖြေးဖြေးပေါ့ မိန်းကလေးရာ”
ထိုမိန်းကလေးက ငခမ်းကိုအသေအချာစိုက်ကြည့်နေလေသည်။
“ရှင်၊ ရှင့်ကို ကျွန်မမြင်ဖူးတယ်”
“မင်းမမှတ်မိတော့ဘူးလားကွ”
ထိုမိန်းကလေးက ငခမ်းကိုမယုံကြည်သေးပေ။
“ရှင်ရှေ့တိုးမလာနဲ့နော်၊ အရှေ့ကိုဆက်တိုးလာရင် ရှင့်ကိုပစ်ထည့်လိုက်မှာ”
“မင်း ငါ့ကိုတကယ်မမှတ်မိဘူးပဲ နန်းလုံ”
ထိုမိန်းကလေးက မျက်လုံးများပြူးကျယ်သွားသည်။
“ရှင် ကျွန်မနာမည်ကို ဘယ်လိုလုပ်ပြီးသိသလဲ”
ငခမ်းက ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးလျှက်
“ငါ့နာမည် စိုင်းကွမ်ခမ်း၊ တစ်ချိန်တုန်းက ငါနဲ့ စည်သူဆိုတဲ့ လူတစ်ယောက်နဲ့ကို မင်းက ဖားပုန်းတွေလက်ကနေ ကယ်တင်ခဲ့ဖူးတယ်လေ”
ထိုတော့မှ မိန်းကလေးက မှတ်မိသွားပုံရပြီး လေးနှင့်မြားကိုချလိုက်သည်။
“သြော်၊ ဒါကြောင့် တွေ့ဖူးပါတယ်လို့ထင်နေတာ”
မိန်းကလေးက တောဝက်ကိုဆက်ပြီး ခုတ်ထစ်နေလေသည်။
“မင်းညီမရော”
“သေပြီ”
“ဒါနဲ့ မင်းအခုဘယ်မှာနေသလဲ”
“တောထဲမှာ”
နန်းလုံက ခပ်ပြတ်ပြတ်ပြန်ဖြေသည်။
“ငါက ဟောဟိုဘက်နားက တောင်ကုန်းကလေးပေါ်မှာနေတယ်၊ မင်းစိတ်ပါတယ်ဆိုရင်တော့ ငါတို့ရဲ့အိမ်ကို လာလည်လို့ရပါတယ်”
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။