အပိုင်း (၃)
ငခမ်းက သူ့အဖြစ်အပျက်များကို နန်းလုံအားပြောပြနေလေသည်။ နန်းလုံက နားထောင်ပြီးသည့်အခါ
“ရှင်စောစောပြန်သင့်တယ်၊ ရှင့်မိန်းမ ရှင့်ကိုစိတ်ပူနေလိမ့်မယ်”
“မင်းက ငါ့မှာမိန်းမရှိတယ်ဆိုတာ သိတယ်ပေါ့”
“ရှင်တို့နေတဲ့ တောင်ကုန်းကလေးပေါ်က အိမ်ကလေးက တစ်ချိန်တုန်းက ကျွန်မနဲ့ ပေါ်ပေါ်ကြီးတို့ နေခဲ့တဲ့အိမ်ကလေးပဲ၊ အခုတော့ ပေါ်ပေါ်ကြီးက ဆေးပညာလေ့လာမှုတစ်ခုလုပ်နေလို့ ကျောက်သလင်းဂူကြီးထဲမှာပဲနေတယ်၊ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကျွန်မအဲဒီတောင်ကုန်းကလေးဆီကိုရောက်ခဲ့ပြီးပြီ”
ငခမ်းက ပြန်ထွက်ရန်ပြင်လိုက်စဉ် နန်းလုံက အဝတ်တစ်ထည်ကိုလှမ်းပေးလိုက်သည်။
“ဒီအင်္ကျီက စွန်ဖြူလေးဝတ်တဲ့အင်္ကျီပဲ၊ ရှင်နဲ့တော်လောက်မှာပါ”
ငခမ်းက အင်္ကျီကိုလှမ်းယူလိုက်သည်။
“ဒါနဲ့ ရှင့်မိန်းမက အတော်လှတာပဲနော်”
နန်းလုံပြောလိုက်တော့ ငခမ်းကပြုံးလိုက်သည်။ ထို့နောက် နန်းလုံပေးသည့် အင်္ကျီကိုဝတ်ဆင်လိုက်လေသည်။ အင်္ကျီမှာ အနည်းငယ်သေးနေသဖြင့် ရင်ဘတ်စေ့၍မရသဖြင့် ရင်ဘတ်ဖွင့်ပြီး ဝတ်ဆင်လာခဲ့သည်။
ငခမ်းတစ်ယောက် ကျောက်ဂူအတွင်းမှ ပြန်ထွက်လာခဲ့သည်။ ကျောက်ဂူအရှေ့တွင် လဲကျနေသည့် ပုတ်တောင်းကြီးကိုမြင်လိုက်ရသည့်အခါ ငခမ်းက ခေါင်းကုပ်လိုက်သည်။ ငခမ်းအနောက်မှ နန်းလုံက လိုက်ပါလာခဲ့သည်။ နန်းလုံက ပလိုင်းကလေးတစ်လုံးကိုလွယ်လာသည်။
“အကောင်တစ်ကောင်ကောင် တိုက်သွားတာဖြစ်မှာပေါ့”
နန်းလုံပြောလိုက်သဖြင့် ငခမ်းက သိပ်လေးလေးနက်နက်မတွေးတော့ဘဲ ပုတ်တောင်းကြီးကိုထောင်လိုက်ကာအတွင်းမှ စပါးများကို နန်းလုံ၏ ပလိုင်းကလေးအတွင်းသို့ထည့်ပေးလိုက်သည်။ ပလိုင်းအပြည့်နီးပါး စပါးများထည့်ပြီးသည့်အခါ ငခမ်းက ပုတ်တောင်းကြီးထမ်းလျှက် ပြန်လာခဲ့သည်။ အချိန်က နေ့လည်ပင်မရောက်သေးပေ၊ မနက်ပိုင်းဖြစ်သည့်အတွက် ငခမ်းပင်ပန်းလာသလို အိပ်လဲအိပ်ချင်လာသည်။ ထို့အတွက်ကြောင့် အရိပ်အာဝါသကောင်းသည့် အပင်ကြီးတစ်ပင်၏ ခြေရင်းတွင်လှဲချလိုက်ကာ အပင်ကိုမှီထားလိုက်သည်။ မျက်လုံးများကို မှိတ်လိုက်သည့်အခါ မကြာခင် ငခမ်းတစ်ယောက်အိပ်မောကျသွားတော့သည်။
“ဂီး၊ ဂီး”
သစ်ပင်ပေါ်မှ ဆူညံသည့်အသံကိုကြားလိုက်ရသဖြင့် ငခမ်းမျက်လုံးဖွင့်ကြည့်လိုက်သည်။ သစ်ပင်ကြီးပေါ်တွင် ငှက်များက ခုန်ပျံလျှက် အိပ်တန်းတက်ရန်ပြင်ဆင်နေကြပြီဖြစ်သည်။ နေဝင်သွားပြီဖြစ်သဖြင့် ကောင်းကင်ကြီးမှာ အမှောင်ဖုံးလွှမ်းစပြုနေပြီဖြစ်သည်။
“မိုးတောင်ချုပ်တော့မှာပဲ၊ ရှဲန်ဆိုင်တစ်ယောက် ငါ့ကိုမျှော်နေပြီထင်တယ်”
ပုတ်တောင်းကြီးကိုထမ်းကာ ငခမ်းတစ်ယောက် လေကလေးတချွန်ချွန်ဖြင့် တောအုပ်အတွင်းသို့ တိုးဝင်ခဲ့သည်။ အမှောင်ထုဖံးလွှမ်းနေသည့်် တောအုပ်အတွင်းဖြတ်သန်းပြီး မကြာခင် တောင်ကုန်းကလေး၏ အောက်ခြေသို့ရောက်လာခဲ့လေသည်။ တောင်ကုန်းပေါ်ရှိ အိမ်ကလေးတွင်မီးရောင်ကလေးလှမ်းမြင်ရပြီး မီးခိုးကလေးများအူနေသဖြင့် ရှဲန်ဆိုင်ရှိနေမှန်းသိလိုက်ကာ ငခမ်းက တောင်ကုန်းကလေးပေါ်သို့ အပြေးတက်ခဲ့သည်။
သို့သော် အိမ်အဝင်ဝတွင် ငခမ်းခြေလှမ်းများ တွန့်ဆုတ်သွားသည်။ အိမ်အတွင်းတွင် လူရိပ်များတွေ့ရပြီး ယောက်ျားတစ်ယောက်၏ အသံကိုလည်းကြားနေရသည်။၏
“ဘယ်သူရောက်နေတာလဲ”
(၉)
ပုတ်တောင်းကြီးကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး ငခမ်းက အိမ်ပေါ်သို့အမြန်ပြေးတက်လိုက်သည်။ အိမ်ရှေ့ခန်းတွင် စားပွဲဝိုင်းခင်းထားသည်ကိုတွေ့ရပြီး ရှဲန်ဆိုင်က ထိုစားပွဲဝိုင်းတွင်ထိုင်နေသည်။ စားပွဲဝိုင်းတစ်ဖက်တွင်တော့ တောက်ပြောင်သည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်ယောက်က ရှဲန်ဆိုင်ပြင်ဆင်ပေးထားသည့် ထမင်းနှင့်ဟင်းကို စားသောက်နေလေသည်။ ထိုလူကိုကြည့်ပြီး ငခမ်းမျက်လုံးပြူးသွားသည်။
“ဟင်၊ ပျံချီ”
ပျံချီက ထမင်းပလုပ်ပလောင်းနှင့်ပင်
“မဟုတ်တာမတွေးနဲ့ ငခမ်း၊ မင်းတို့တောင်ကုန်းကလေးကို ငါတို့လူတွေဝိုင်းထားပြီ”
ငခမ်းက ဒေါသထွက်ထွက်နှင့် ရှဲန်ဆိုင်၏ အနီးတွင်ထိုင်ချလိုက်သည်။
“ဒါနဲ့ စကားမစပ် မင်းရဲ့မိန်းမက ရုပ်ကလေးလှသလောက် ဟင်းချက်လက်ရာလဲ ကောင်းပါလားကွ”
ငခမ်းက ရှဲန်ဆိုင်ကိုကြည့်လိုက်သည့်အခါ ရှဲန်ဆိုင်က ငခမ်းအားထူးဆန်းစွာပြန်ကြည့်နေလေသည်။
“ဒါနဲ့ မင်းအကြောင်းတွေ သူမသိသေးဘူးထင်တယ်”
ပျံချီက ပြောလိုက်သဖြင့် ငခမ်းတုန်လှုပ်သွားသည်။ သို့နှင့် ရှဲန်ဆိုင်၏ လက်ကိုဆွဲလိုက်သည်။
“သူပြောတာ ဘာမှမယုံနဲ့ရှဲန်ဆိုင်၊ အကိုရှင်းပြမယ်”
သို့သော် ရှဲန်ဆိုင်၏ လက်က အေးစက်နေကာ ပျော့စိစိကြီးဖြစ်နေလေသည်။ ငခမ်း သတိထားမိလိုက်သည့်အချိန်တွင် သူနောက်ကျသွားခဲ့ပြီး ရှဲန်ဆိုင်က သူ့လက်များဖြင့် ငခမ်းကိုရစ်ပတ်လိုက်ပြီးနောက် ချုပ်နှောင်ထားလိုက်သည်။
“မင်းဘယ်သူလဲ၊ မင်းဘယ်သူလဲ”
ငခမ်း အားကုန်သုံးပြီး ရုန်းကန်သော်လည်း ရုန်းထွက်မရပေ၊ ထိုအချိန် ပျံချီက မတ်တပ်ရပ်လိုက်ပြီး မိစ္ဆာနိုင် အင်းပြားကလေးကို ငခမ်း၏ ငယ်ထိပ်တွင် ကပ်ချလိုက်သည်။
“အား . . .”
ငခမ်းအော်ဟစ်လိုက်ပြီး သူ့နဖူးမှ မီးခိုးငွေ့များတိုးထွက်လာသည်။ သူ့တစ်ကိုယ်လုံးလဲ လှုပ်ရှားလို့မရတော့ဘဲ အကြောများတုံ့ဆိုင်းကုန်သည်။ ငခမ်းက ငုတ်တုတ်ကြီးပင် ကျောက်ရုပ်ကြီးတစ်ရုပ်လို ရပ်နေမိသည်။ သူ့ကိုဖမ်းချုပ်ထားသည့် ရှဲန်ဆိုင်က လက်များကိုလွှတ်လိုက်ပြီးနောက် မကြာခင် မိန်းမတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုမိန်းကလေးမှာ အညိုရောင်အသားအရည်ရှိပြီး လက်ခြောက်ချောင်းရှိလေသည်။
“မင်းဘယ်သူလဲ”
ငခမ်းက အံကိုကြိတ်ပြီး အားတင်းလျှက်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပျံချီက ထိုမိန်းကလေးကို ပွတ်သပ်လျှက်
“သူက ဘဝဲကောင်လို့ခေါ်တယ်ကွ၊ ရေမှာနေတော့ ရေဘဝဲ၊ သူကတော့ ကုန်းမှာနေတဲ့ ကုန်းဘဝဲပေါ့ကွာ၊ သူ့ရဲ့စွမ်းရည်ကတော့ လူပုံစံအမျိုးမျိုးဖန်တီးနိုင်တယ်ကွ”
“ရှဲန်ဆိုင်ဘယ်မှာလဲ၊ ရှဲန်ဆိုင်ကို မင်းတို့ဘာလုပ်လိုက်သလဲ”
ပျံချီက ဘဝဲမလေးကို ကြည့်လိုက်ရာ ဘဝဲမလေးက မီးဖိုချောင်းအတွင်းသို့ဝင်သွားပြီး ရှဲန်ဆိုင်ကိုဆွဲထုတ်လာသည်။ ရှဲန်ဆိုင်၏ လက်များခြေများကို ကြိုးဖြင့်တုပ်နှောင်ထားသလို ပါးစပ်ကိုလည်း အဝတ်စတစ်ခုနှင့် ဆို့ထားလေသည်။
“ဘဝဲမလေး သူ့ပါးစပ်ထဲက အဝတ်စကိုထုတ်ပေးလိုက်စမ်းပါ၊ သူတို့အချင်းချင်း ချစ်စကားကြိုက်စကားပြောချင်ရှာမှာပေါ့”
ဘဝဲမလေးက ရှဲန်ဆိုင်၏ ပါးစပ်တွင်တပ်ဆင်ထားသော အဝတ်စတစ်ခုကိုဆွဲထုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။ ရှဲန်ဆိုင်က ငခမ်းအား နာကျည်းမုန်းတီးသည့် အကြည့်များနှင့် ကြည့်နေလေသည်။
“ရှဲန်ဆိုင် . . .”
ငခမ်းက နာကျင်စွာဖြင့်ညည်းညူနေရသည်။
“တွေ့လား၊ မင်းယောက်ျားက လူမဟုတ်ဘူးလို့ ငါမပြောခဲ့ဘူးလား”
ပျံချီက ရှဲန်ဆိုင်ကိုပြောဆိုလိုက်သည်။
“အကို၊ အကိုက တကယ်ပဲဘာကောင်ကြီးလဲ”
“အကိုရှင်းပြပါ့မယ် ရှဲန်ဆိုင်၊ အကိုရှင်းပြတာနားထောင်ပါ”
“အခုမှ လာပြီးရှင်းပြမလို့တဲ့လားအကို၊ အကိုမပွင့်လင်းဘူး၊ အကိုရှဲန်ဆိုင်ကို မိန်းမတစ်ယောက်အဖြစ် မသတ်မှတ်ဘူးဆိုတာ ရှဲန်ဆိုင်သိလိုက်ပါပြီ”
“မဟုတ်ဘူးရှဲန်ဆိုင်၊ အကိုပြောတာ နားထောင်ပါအုံး”
“အခုအချိန်မှတော့ ဘာမှနားမထောင်ချင်တော့ဘူးအကို၊ အကို့စကားတွေကို ရှဲန်ဆိုင်မယုံချင်တော့ဘူး၊ အကိုသာ တကယ်ရိုးသားတယ်ဆိုရင် ရှဲန်ဆိုင်ကို အစောကြီးကတည်းက ပြောပြရမှာပေါ့”
ငခမ်းက အံကိုကြိတ်လျှက် ဦးခေါင်းထိပ်မှ နာကျင်သည့်ဝေဒနာကို အလူးအလိမ့်ခံစားနေရသည်။
“အကိုအစောကြီးကတည်းက ပြောခဲ့မလို့ပါ၊ ရှဲန်ဆိုင် အကို့ကိုလန့်သွားမှာစိုးရိမ်လို့ပါ”
“မလိုတော့ဘူးအကို၊ ရှဲန်ဆိုင်က အကို့အပေါ်ပွင့်လင်းခဲ့တယ်၊ ကိုယ့်လင်သားတစ်ယောက်လိုသဘောထားပြီး ရှဲန်ဆိုင့်အကြောင်းတွေအကုန်လုံးကို ပြောပြခဲ့ပေမယ့် အကိုက ရှဲန်ဆိုင့်ကိုအမြဲလိမ်ညာနေခဲ့တယ်၊ အကိုမပွင့်လင်းခဲ့ဘူး”
ငခမ်းဘာမှမပြောနိုင်တော့။
“ဒါတင်မကသေးဘူး အကိုက တခြားမိန်းကလေးတစ်ယောက်နဲ့ တောထဲမှာဖောက်ပြန်နေခဲ့တယ်”
ငခမ်းမျက်လုံးပြူးသွားသည်။
“မဟုတ်ဘူး၊ ရှဲန်ဆိုင်ထင်သလိုမဟုတ်ဘူး”
“အကိုရှဲန်ဆိုင့်ကို ဆက်ပြီးလိမ်ညာနေချင်တုန်းလားအကို၊ ရှဲန်ဆိုင် အကိုတို့နှစ်ယောက်ရဲ့အဖြစ်ကို မျက်စိနဲ့တပ်အပ်မြင်ခဲ့တာပါအကို၊ အကိုအခုအချိန်အထိ ရှဲန်ဆိုင်ကို လိမ်ညာဖို့ကြံစည်နေတုန်းလား”
ငခမ်း ခေါင်းကိုသွက်သွက်ခါလိုက်သည်။
“မဟုတ်ဘူး၊ မျက်စိနဲ့မြင်လိုက်ပေမယ့် အရာအားလုံးဟာ မမှန်ဘူးရှဲန်ဆိုင်”
ပျံချီက ငခမ်းအနီးသို့လျှောက်လာပြီး
“ဒါတော့ မင်းမှားတယ်ငခမ်း၊ မင်းမှာ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်ကိုရထားပြီးတော့ နောက်ထပ်ဖောက်ပြန်တယ်ဆိုတာ မင်းသိပ်မှားတယ်ကွာ”
ငခမ်းက ပျံချီကိုမော့ကြည့်ပြီး ပျံချီအားတံတွေးဖြင့်ထွေးလိုက်သည်။ ပျံချီက သူ့အင်္ကျီတွင်ပေကျံသွားသည့် တံတွေးများကို ပိုးပုဝါကလေးတစ်ခုထုတ်ကာ သုတ်လိုက်ပြီးနောက်
“ဒီမှာ မိန်းကလေး၊ နင့်ယောက်ျား ဘာကောင်ဆိုတာကို ငါပြမယ်ဟေ့”
ပျံချီက လက်ထဲမှ အင်းတစ်ချပ်ကို ငခမ်းနဖူးတွင် ကပ်လိုက်ပြန်သည်။ ထိုအခါ ငခမ်းမှာ လင်းနို့ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ငခမ်းတစ်ကိုယ်လုံးတွင် ကြမ်းတမ်းသည့် အမွှေးနက်ကြီးများဖုံးအုပ်နေကာ အစွယ်ဖြူဖြူကြီးများကလည်း ငေါထွက်နေလေသည်။ တောင်ပံကြီးတစ်စုံမှာလည်း မြေတွင် အပုံလိုက်ကျနေလေသည်။ ရှဲန်ဆိုင်က ငခမ်းအဖြစ်ကိုမြင်ပြီး အလန့်တကြားအော်ဟစ်လိုက်လေသည်။
“တွေ့လား၊ နင့်ယောက်ျားက လူမဟုတ်ဘူး၊ မိစ္ဆာတစ်ကောင်ပဲ၊ မိစ္ဆာဆိုတာ လူနဲ့ပေါင်းဖက်လို့မရဘူး၊ ဒါကြောင့် ငါနင့်ယောက်ျားကိုဖမ်းသွားမယ်၊ သူ့ကို မိစ္ဆာတွေရှိသင့်တဲ့ နေရာတစ်ခုကို ပို့ပေးရမယ်”
ရှဲန်ဆိုင်က ငခမ်းအား အလွန်ကြောက်လန့်နေလေသည်။
“ရှင်၊ ရှင်ကလူမဟုတ်ဘူး၊ ရှင်က မိစ္ဆာကြိးတစ်ကောင်ပဲ၊ ဒါဆိုရင် ကျွန်မမြင်တွေ့ခဲ့တာတွေက အိပ်မက်မဟုတ်ဘူးပေါ့”
“ဒါကြောင့် နင့်ယောက်ျားကို လူတွေဝိုင်းသတ်ပြီး မီးရှို့တာတောင် မသေတာပေါ့၊ နောက်ပြီး နင့်ယောက်ျားက လူတွေအများကြီးကို သတ်ခဲ့သေးတယ်၊ ဒီလိုမိစ္ဆာကောင်ဟာ လူတွေနဲ့အတူတူမရှိသင့်ဘူး”
“ရှင့်ကိုမုန်းတယ်၊ ကျွန်မဒီတစ်ခါတော့ ရှင်ကိုတကယ်မုန်းသွားပြီ ကွမ်ခမ်း”
ရှဲန်ဆိုင်က ပျံချီကိုကြည့်လိုက်ပြီး
“သွားပါတော့ရှင်၊ ဒီမိစ္ဆာကောင်ကြီးကို ကျွန်မအရှေ့ကနေ ခေါ်သွားပါတော့၊ ကျွန်မသူ့ကို တွေ့လည်းမတွေ့ချင်ဘူး၊ မြင်လည်း မမြင်ချင်တော့ဘူး”
ရှဲန်ဆိုင်၏ စကားလုံးများက ငခမ်းရင်ထဲကို ထိချက်ပြင်းစွာဖြင့် ဝင်ရောက်လာလေသည်။ ငခမ်းတစ်ယောက် ဘာမှမလုပ်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျသွားသည်။ ပျံချီက ငခမ်းမျက်နှာအနီးသို့တိုးကပ်လာပြီး
“ကြားတယ်မဟုတ်လားငခမ်း၊ မင်းရဲ့ချစ်သူကတောင်မှ မင်းကိုအရမ်းရွံမုန်းသွားပြီကွ၊ မင်းဘာမှခုခံမနေနဲ့တော့၊ ငါတို့နဲ့အေးအေးဆေးဆေးလိုက်ခဲ့တော့”
မိစ္ဆာနိုင်အင်း ကပ်ထားပြီဖြစ်သဖြင့် ငခမ်းလည်း ဘာမှမလုပ်နိုင်တော့ပေ၊ ပျံချီက ပုံသဏ္ဍာန်အမှန်မြင်ရသည့် အင်းချပ်ကိုခွာလိုက်သည့်အခါ ငခမ်းတစ်ယောက်လူပုံစံပြန်ဖြစ်သွားသည်။
“ငါ၊ ငါတစ်ခုလောက်တောင်းဆိုချင်တယ်ပျံချီ”
ငခမ်းပြောသည့်အတွက် ပျံချီက ခေါင်းညိတ်လိုက်သည်။
“ရှဲန်ဆိုင်ကိုလွှတ်ပေးပါကွာ၊ သူ့ကိုဘာမှမလုပ်ပါနဲ့ကွာ၊ ငါ့ကိုပဲဖမ်းပါ၊ သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် ငါမင်းကိုဘာမှမခုခံပဲ နေပြည်တော်ရောက်တဲ့အထိ ငြိမ်ငြိမ်ကလေး လိုက်ခဲ့ပါ့မယ်ကွာ”
ပျံချီက သက်ပြင်းတစ်ချက်ချလိုက်သည်။
“အေးပါကွာ၊ ငါလည်း သူ့ကိုသတ်ဖို့မရည်ရွယ်ထားပါဘူး၊ ငါလိုချင်တာက မင်းပဲ၊ မင်းကိုရရင် ငါ့တာဝန်ပြီးပြီ”
ပျံချီက ဘဝဲမလေးကိုကြည့်လိုက်သည့်အခါ ဘဝဲမလေးက ရှဲန်ဆိုင်၏ကိုယ်တွင်ချည်နှောင်ထားသည့် ကြိုးများကိုဖြေပေးလိုက်သည်။ ရှဲန်ဆိုင်က ငိုယိုလျှက် တဲထဲတွင်ရပ်နေလေသည်။
“သွားတော့ ရှဲန်ဆိုင်၊ မင်းအမြန်ပြေးတော့၊ မင်းကိုပျော်ရွှင်အောင်ထားနိုင်မယ့်လူနဲ့ တွေ့ပါစေလို့ ငါဆုတောင်းပေးနေမှာပါ”
ငခမ်းပြောလိုက်သဖြင့် ရှဲန်ဆိုင်က တဲပေါ်မှပြေးဆင်းသွားလေသည်။ သို့သော် ရှဲန်ဆိုင်က ပျံချီအရှေ့မှဖြတ်ပြေးသောအခါ ပျံချီက ရှဲန်ဆိုင်အား ဆွဲဖမ်းထားလိုက်သည်။
“အစကတော့ လွှတ်ပေးမလို့ပါပဲကွာ၊ ဒါပေမယ့် ဒီလိုမိန်းမလှလေးကို ဒီအတိုင်းလွှတ်ပေးဖို့က နှမြောစရာကြီးကွာ”
ငခမ်းမျက်လုံးများပြူးကျယ်သွားသည်။
“ပျံချီ၊ သူ့ကိုလွှတ်ပေးလိုက်စမ်း”
“မင်းမိန်းမရဲ့ အရသာကို နည်းနည်းလောက်မြည်းကြည့်ချင်လို့ပါ၊ မင်းစိတ်မဆိုးဘူးမဟုတ်လား ငခမ်း၊ ဟား၊ ဟား”
ရှဲန်ဆိုင်က ရုန်းကန်နေသော်လည်း ပျံချီ၏ အားကိုလွှတ်အောင်မရုန်းနိုင်ရှာပေ၊ ပျံချီက ငခမ်းရှေ့တွင်ပင် ရှဲန်ဆိုင်၏ အဝတ်အစားများကို ဖြဲဆုတ်ပစ်လိုက်သည်။
“ဟေ့ကောင်ငခမ်း၊ ပါးစပ်ပိတ်ထားစမ်းကွာ၊ ပြီးသွားရင် မင်းမိန်းမကို မင်းပြောတဲ့အတိုင်း လွှတ်ပေးမှာပါကွ”
ပျံချီက ရှဲန်ုဆိုင်ကို တစ်ဖက်သို့လှည့်လိုက်ပြီး တဲနံရံနှင့် ဖမ်းကပ်ထားလိုက်သည်။ ထို့နောက် သူဝတ်ထားသည့် ဘောင်းဘီကိုဖြေချနေလေသညည်။ ငခမ်းက အော်ဟစ်ပြီး အတင်းရုန်းကန်နေသော်လည်း ဘာမှမတတ်နိုင်တော့ပေ။ ထိုစဉ် တဲတံခါးဆီမှ မြားတံတစ်ချောင်းက ပျံသန်းဝင်ရောက်လာပြီး ပျံချီ၏ ပုခုံးကိုထိမှန်သွားသည်။
ပျံချီလည်း မြားထိသွားသဖြင့် ရှဲန်ဆိုင်ကိုလွှတ်လိုက်သည့်အခါ ရှဲန်ဆိုင်က တဲနံရံတွင် စိုက်ထိုးထားသည့် တံစဉ်ကိုဖြုတ်ယူလိုက်ပြီး ပျံချီ၏ မျက်နှာကိုခုတ်ချလိုက်သည်။ ပျံချီက အနောက်သို့ဆုတ်လိုက်သော်လည်း တံစဉ်အသွားက သူ့ပါးပြင်ကိုဖြတ်သန်းသွားလေရာ ပျံချီ၏ ပါးတွင် အစင်းကြောင်းကြီးဖြစ်သွားကာ သွေးများဖြာထွက်လာလေသည်။ ရှဲန်ဆိုင်က တဲတံခါးပေါက်မှ ခုန်ဆင်းကာ ထွက်ပြေးတော့သည်။ ပျံချီက ဘဝဲမလေးဘက်သို့လှည့်လိုက်ပြီး
“ခုခံသူရှိတယ်၊ သူ့ကိုရှာပြီး ရှင်းပစ်လိုက်”
ဘဝဲမလေးက အိမ်ပေါ်မှခုန်ဆင်းသွားသည်။
တောင်ကုန်းအောက်ခြေတစ်နေရာမှာ နန်းလုံ မြားတံနှင့်ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ ပျံချီ၏ နှလုံးသားတည့်တည့်ကိုပစ်ခတ်သော်လည်း ပစ်ကွင်းမကောင်းသဖြင့် ပုခုံးကိုသာ ထိမှန်သွားသည်။ နန်းလုံက နောက်ထပ်မြားတံတစ်ချောင်းကို ထုတ်ပြီး ပျံချီအားထပ်မံပစ်ခတ်ရန်ချိန်ရွယ်နေစဉ်မှာပင် တောင်ပေါ်မှ ဘဝဲမလေးက ခုန်ပေါက်ပြီးဆင်းလာလေသည်။
နန်းလုံက ဘဝဲမလေးအား မြားဖြင့်ပစ်ခတ်လိုက်သည်။ မြားတံက ဘဝဲမလေးကိုစိုက်ဝင်သွားသော်လည်း ပျော့အိအိခန္ဓာကိုယ်ကြောင့် ဘဝဲမလေး မှာ နာကျင်ပုံမရပေ၊ နန်းလုံလည်း တောအုပ်အတွင်းသို့ အလျှင်အမြန်ပြေးဝင်ခဲ့ရာ ဘဝဲမလေးကလည်း သူ့အနောက်မှထပ်ကြပ်မကွာ လိုက်လာလေသည်။
စမ်းချောင်းကလေးဆီ အရောက်မှာပင် ဘဝဲမလေးက နန်းလုံအနောက်သို့ခုန်ပျံလာကာ ကပ်လိုက်လေသည်။ ဘဝဲလက်တံများဖြင့် နန်းလုံအား ရစ်ပတ်လိုက်လေသည်။ နန်းလုံ၏ လည်ပင်းကိုလက်တံတစ်ခုဖြင့်ရစ်ပတ်ပြီး နန်းလုံ၏ လက်များကိုလည်း နောက်ထပ်လက်တံများဖြင့်ရစ်ပတ်ထားသည်။ လက်တံများအားက ကြိုးတစ်ချောင်းနှင့် ရစ်ပတ်ထားသလို အားကောင်းလှသည်။ နန်းလုံလည်ပင်းကိုညှစ်ထားသဖြင့် မျက်လုံးတွေပြာဝေလာသည်။
ဘဝဲမလေးက နန်းလုံ၏ ခြေထောက်များကိုရစ်ပတ်ပြီး လှန်လိုက်ရာ နန်းလုံမှာ စမ်းချောင်းကလေးအတွင်းသို့ လဲကျသွားရသည်။ စမ်းချောင်းရေမှာ ဒူးမြုပ်ရုံသာရှိသော်လည်း ဘဝဲမလေးက နန်းလုံ၏ ဦးခေါင်းကိုဖမ်းချုပ်ကာ ရေထဲသို့အတင်းဆွဲနှစ်ထားလေသည်။ နန်းလုံ ဘာလုပ်ရမှန်းမသိတော့ပေ၊ ညာဖက်လက်အားဖြင့် ရုန်းကန်လိုက်ပြီး သူ့ညာဖက်လက်တွင်ပတ်ထားသည့် ဘဝဲမလေး၏ လက်တံအား သွားဖြင့်အားကုန်ကိုက်ချလိုက်သည်။
ဘဝဲမလေးက တွန့်လိမ်သွားသည်။ ပျော့အိအိအသားစိုင်တစ်ခုက နန်းလုံပါးစပ်ထဲသို့ အတုံးလိုက် ပါလာခဲ့သည်။ နန်းလုံက ဘဝဲမလေး၏ အားနည်းချက်ကို သိသွားခဲ့ပြီမို့ သူ့လက်တံများကို သွားဖြင့်အားရပါးရကိုက်ဖြတ်သည်။ စမ်းချောင်းကလေးထဲတွင် ဘဝဲမလေးနှင့် နန်းလုံတို့ တစ်ယောက်နှင့်တစ်ယောက် လုံးထွေးကာ တိုက်ခိုက်နေကြတော့သည်။
(၁၀)
ရှဲန်ဆိုင်မှာ ကြောက်အားလန့်အားနှင့် အိမ်ပေါ်မှဆင်းပြေးခဲ့သည်။ အိမ်ရှေ့အရောက်တွင်တော့ ငခမ်းပစ်ချခဲ့သည် ပုတ်တောင်းကြီးနှင့်တိုက်မိကာ ချော်လဲသွားသည်။ ပျံချီက အိမ်ပေါ်မှခုန်ဆင်းလိုက်သည်။ သူ့ပါးပြင်တွင် တဆစ်ဆစ်နှင့်နာကျင်နေလေသည်။ သူ့ကျောတွင်လွယ်ထားသည့် ဓါးရှည်ကို ဆွဲထုတ်လိုက်ပြီးနောက် ရှဲန်ဆိုင်အား လွှဲခုတ်ချထည့်လိုက်သည်။
“ဒီဟာမ၊ သေစမ်း”
ပျံချီ၏ အလွန်ထက်မြက်လှသည့် အကောင်းစားဓါးသွားမှာ ရှဲန်ဆိုင်၏ ညာဖက်လည်ပင်းအောက်ခြေသို့ တိုးဝင်သွားကာ ရင်ဘတ်နံရိုးများကို ဖြတ်ထွက်သွားပြီး ချက်အထိခုတ်မိသွားသည်။ ရှဲန်ဆိုင်ကိုယ်လုံးကို ထက်ခြမ်းခွဲလိုက်သလိုဖြစ်သွားပြီး ကိုယ်လုံးက နှစ်ခြမ်းကွဲကျသွားသည်။ ကိုယ်တွင်းမှ သွေးများက ပန်းထွက်ကာ ပတ်ဝန်းကျင်တစ်ခွင်သို့ မိုးစက်မိုးပေါက်များသဖွယ် လွှင့်စင်သွားလေသည်။
“တော်တော်အကြောတင်းတဲ့ဟာမ၊ နင်သေတာပဲကောင်းတယ်”
ရှဲန်ဆိုင်မှာ မလှုပ်မယှက်နဲ့ လဲကျကာ ငြိမ်သက်သွားလေသည်။ ပျံချီက တဲအိမ်ပေါ်သို့ခုန်တက်လိုက်ပြီး ငခမ်းအား မိစ္ဆာနိုင်အင်းများဖြင့် တစ်ကိုယ်လုံးအနှံ့ကပ်လိုက်လေသည်။ ငခမ်းမှာ ရုန်းကန်ရင်း တဖြည်းဖြည်းငြိမ်ကျသွားလေသည်။ ပျံချီက ငခမ်းကိုထမ်းခေါ်လာပြီး အိမ်ခေါင်းရင်းတွင် ရပ်ထားသည့် သူ့မြင်းပေါ်သို့ ကန့်လန့်ကြီးတင်လိုက်သည်။
“ဘဝဲမလေး၊ ဘဝဲမလေး”
ပျံချီက သုံးလေးခွန်းအော်ဟစ်လိုက်သော်လည်း ဘဝဲမလေးက ရောက်မလာပေ၊ ထို့ကြောင့် စောင့်ဆိုင်းမနေတော့ဘဲ တောင်ကုန်းကလေးပေါ်မှမြင်းနှင့်ဆင်းခဲ့ပြီး မိုးနဲဘက်သွားသည့် လမ်းပေါ်သို့ဦးတည်ကာ မြင်းကိုဒုန်းစိုင်းမောင်းနှင်လိုက်သည်။
ဘဝဲမလေးနှင့် နန်းလုံမှာတော့ တောစပ်ရှိ စမ်းချောင်းကလေးထဲတွင် တိုက်ခိုက်နေကြဆဲဖြစ်သည်။ ဘဝဲမလေးက ပျံချီ၏ ခေါ်သံကိုကြားလိုက်သဖြင့် နန်းလုံဆီမှ ခွာလိုက်ကာ တောင်ကုန်းကလေးအပေါ်သို့ ပြေးတက်သွားရန်ပြင်ဆင်လိုက်သည်။ ထိုအချိန် နန်းလုံက လေးနှင့်မြားကို ကောက်ကိုင်လိုက်ပြီး မြေပြင်ပေါ်တွင် လူတစ်ယောက်ကဲ့သို့ ပြေးလွှားနေသည့် ဘဝဲမလေးကို သေချာချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။
နန်းလုံပစ်ခတ်လိုက်သည့် မြားမှာ ဘဝဲမလေးကိုထိမှန်သွားကာ ဘဝဲမလေးမှာ ပြေးလွှားနေရင်း ခြေထောက်များတောင့်တင်းလာကာ မြေပြင်တွင်လဲကျသွားသည်။ ဘဝဲလက်တံများအားလုံးလည်း တောင့်တင်းလာကာ မလှုပ်မရှားနိုင်ဖြစ်လာသည်။ နန်းလုံပစ်လိုက်သည့်မြားတံတွင် အကြောများအား တုံ့ဆိုင်းသွားစေသည့် အဆိပ်တစ်မျိုးကိုသုတ်လိမ်းထားခြင်းဖြစ်သည်။
မလှုပ်မရှားနိုင်သည့် ဘဝဲမလေးကို လျစ်လျူရှှုလိုက်ကာ နန်းလုံက တောင်ကုန်းကလေးအပေါ်သို့ပြေးတက်လိုက်သည်။ မြင်းတစ်စီးက တောင်ကုန်းကလေးပေါ်မှ ဒုန်းစိုင်းပြေးဆင်းသွားသည်။ နန်းလုံက မြားတစ်စင်းကိုပစ်လွှတ်လိုက်သော်လည်း မြင်းကတောအုပ်အတွင်းသို့ဝင်ရောက်သွားသည်မို့ သစ်ပင်တစ်ပင်ကိုသာထိမှန်သွားသည်။
“တောက်”
နန်းလုံက တောက်တစ်ချက်ခေါက်ပြီးနောက် တောင်ပေါ်အိမ်ကလေးဆီသို့ ပြေးတက်လာခဲ့သည်။ တောင်ပေါ်အိမ်ကလေးအရှေ့တွင် လဲကျသေဆုံးနေသည့် ရှဲန်ဆိုင်အလောင်းကိုမြင်တွေ့လိုက်ရသည်။
“အို၊ သေပြီလားမသိဘူး”
နန်းလုံက ရှဲန်ဆိုင်၏ အလောင်းကိုပြေးပွေ့လိုက်သည်။ ကိုယ်နှစ်ခြမ်းပြတ်ထွက်နေသည့် ရှဲန်ဆိုင်၏ အလောင်းက အသက်ဝိညာဉ် ကင်းမဲ့နေလေသည်။ နန်းလုံက ရှဲန်ဆိုင်အလောင်းကို ကြည့်နေရင်း တစ်ခုခုကိုသတိရသွားမိသည်။
“ဟုတ်ပြီ၊ ပေါ်ပေါ်ကြိးရှိတာပဲ”
နန်းလုံက ရှဲန်ဆိုင်၏ ညာဖက်လက်ကလေးကို ပွတ်သပ်ကြည့်လိုက်ပြီးနောက် သူ၏ ယောကျ်ားလက်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
“ဒီမိန်းကလေးရဲ့လက်ဆိုရင် ငါနဲ့အတော်လောက်ပဲ”
ထို့နောက် ရှဲန်ဆိုင်၏ အလောင်းကို ကုန်းပိုးလိုက်ပြီးနောက် တောအုပ်အတွင်းသို့ပြေးဝင်လာခဲ့သည်။ တောင်ကုန်းအဆင်း တောအုပ်အဝင်တွင် တောင့်တင်းနေသည့် ဘဝဲမလေးကိုတွေ့ရှိသွားပြီး ဘဝဲမလေးကိုပါ လက်တစ်ဖက်ကဆွဲလျှက် တောအုပ်အတွင်းသို့ပြေးဝင်လာခဲ့တော့သည်။
မကြာခင် အရှေ့ဘက်တောင်ကြောကြီးပေါ်တွင် နေလုံးကြီးက ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်းလင်းလက်လာခဲ့သည်။ ရှဲန်ဆိုင်နှင့် ငခမ်းတို့နေထိုင်ခဲ့သည့် တဲအိမ်ကလေးမှာ လူသူမရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ တဲအိမ်ကလေးအရှေ့တွင် စိုက်ပျိုးထားသည့် ဆူးပန်းပင်များမှာတော့ အနီရောင်အပွင့်ကြီးများဖြင့် အခဲလိုက်အပြွတ်လိုက် ဖူးပွင့်လျှက်ရှိနေကြသည်။ ဆူးပန်းပင်များ၏ အရွက်များ၊ ရိုးတံများတွင်တော့ ရှဲန်ဆိုင်၏ ကိုယ်ခန္ဓာမှ ထွက်ရှိထားသည့် သွေးစက်များက ထိမှန်လျှက်ရှိသည်။
ဆူးပန်းပွင့်များမှာ ရှဲန်ဆိုင်၏ သွေးရေစက်တို့ ထိမှန်သဖြင့် ပွင့်လန်းလာခြင်းပေလော၊ သို့မဟုတ် သဘာဝအလျှောက် ပွင့်ချိန်တန်သဖြင့် ပွင့်လန်းလာခြင်းပေလော။
ပြီးပါပြီ။
နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ကျားဖြူသခင်မ တွင် ဆက်လက်ဖတ်ရှုပါ။