အပိုင်း (၃)
ပေါ်ပေါ်ကြီးတို့ နှစ်ရက်ခန့် ခရီးဆက်ပြီးသည့်အခါ မိုင်းပွန်မြို့သို့ရောက်လာကြသည်။ ထိုစဉ်က မြို့ကြီးများတစ်မြို့နှင့် တစ်မြို့သို့ ပြေးဆွဲပေးနေသည့် မြင်းလှည်းများရှိရာ ပေါ်ပေါ်ကြီးက မြင်းလှည်းတစ်စီးကို စင်းလုံးငှားပြီးထွက်လာကြခြင်းဖြစ်သည်။ မိုင်းပွန်မြို့မှာ အလွန်စည်ကားသည့် မြို့တစ်မြို့ဖြစ်သည်။ မြို့ခံများက ပေါ်ပေါ်ကြီးတို့ကို ဝိုင်းဝန်းကြည့်ရှုကြလေသည်။ မြင်းခေါင်းနွားကိုယ်လုံးနှင့် အကောင်ကြီးကို ဝိုင်းကြည့်ကြသည်။ ယောက်ျားကိုယ်လုံးနှင့် မိန်းမခေါင်းဖြစ်နေသည့် နန်းလုံကိုကြည့်ပြီး အံ့သြကြသည်။ ရုပ်ရည်ချောမောလှပပြီး သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းပေါင်းအကြီးကြီးနှင့် ရှဲန်ဆိုင်အားလည်း ကြည့်ရှုကြပြန်သည်။
သူတို့က မြို့တွင်မနားတော့ဘဲ မိုင်းပွန်မြို့၏ အနောက်တောင်ဘက်ရှိ တောင်တန်းကြီးများဆီသို့ခရီးဆက်ခဲ့ကြသည်။ ထိုတောင်တန်းကြီးများမှာ ရေလှိုင်းကြီးများပမာရှိနေပြီး တောင်ပေါ်တွင်လည်း ရွာငယ်ကလေးများရှိသည်။ မိုးအတော်ချုပ်မှ သူတို့တောင်ကြီးတစ်တောင်၏ ထိပ်သို့ရောက်လာခဲ့ကြသည်။ တောင်ထိပ်တွင် အိမ်ကလေးတစ်လုံးရှိပြီး ထိုအိမ်ကလေးမှာလည်း မီးလင်းနေလေသည်။
နန်းလုံက ထိုအိမ်ကလေးကိုအကဲခတ်လိုက်ပြီး
“ပေါ်ပေါ်ကြီး အရှေ့မှာလူနေတဲ့အိမ်ကလေးတစ်အိမ်ရှိတယ်”
“အေးကွဲ့၊ အဲဒါ ငါတို့သွားမယ့်အိမ်ပဲ၊ အဲဒီအိမ်မှာ ငါ့အမနေတယ်”
တောင်တက်လမ်းကလေးအတိုင်း ဖြေးညှင်းစွာတက်လာကြသည်။ အိမ်ကလေးကိုလှမ်းမြင်နေရသော်လည်း ခရီးအားဖြင့် အနည်းငယ်ဝေးကွာလှသည်။
“မင်းတို့ကို တစ်ခုမှာထားရအုံးမယ်၊ အဲဒီအိမ်ရောက်ရင် သူကျွေးတာဘာမှမစားနဲ့၊ အဲဒီအိမ်က ဘယ်အရာကိုမှ မင်းတို့နဲ့မထိမိစေနဲ့၊ ဟုတ်ပြီလား”
နန်းလုံနှင့် ရှဲန်ဆိုင်တို့နှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ မကြာခင် သစ်လုံးကလေးများကို နွယ်ကြိုးများဖြင့်ရစ်ပတ်ကာ ကာရံထားသည့် ခြံစည်းရိုးအရှေ့သို့ ရောက်လာခဲ့ကြသည်။
“အမရေ ငါလာပြီဟေ့”
ပေါ်ပေါ်ကြီးက တစ်ချက်အော်လိုက်ပြီးနောက် သူတို့နားမလည်သည့် ဘာသာစကားတစ်ခုနှင့် ဟစ်အော်လိုက်ပြန်သည်။ ထိုအခါ ခြံစည်းရိုးမှာ လှုပ်ရှားလာခဲ့ပြီး လူဝင်ရန်အတွက် ပွင့်သွားလေသည်။ နန်းလုံတို့လည်း အံ့သြပြီးကြည့်နေမိသည်။ ခြံစည်းရိုးရှိ နွယ်ကြိုးများမှာ အမှန်တော့ ကြိုးများမဟုတ်ဘဲ မြွေများဖြစ်နေလေသည်။ ပေါ်ပေါ်ကြီးက သူတို့ကိုလှည့်ကြည့်လိုက်ပြီး
“ကဲ၊ ငါ့အနောက်ကနေလိုက်လာခဲ့ကြ၊ မင်းတို့ကိုမှာထားတာ မမေ့ပါနဲ့”
ပေါ်ပေါ်ကြီးက စွန်ဖြူလေးကို ခြံအပြင်တွင်ထားခဲ့ကာ လမ်းလျှောက်၍ဝင်သွားသည်။ နန်းလုံနှင့် ရှဲန်ဆိုင်လည်း ပေါ်ပေါ်ကြိးအနောက်မှ ဝင်သွားလိုက်သည်။ ခြံအတွင်းတွင် လူတစ်ရပ်နီးပါးရှိသည့် သစ်ပင်ကလေးများရှိသည်။ ထိုသစ်ပင်များတွင် အသီးရှည်ရှည်များက တွဲလောင်းကျလျှက် သီးနေကြလေသည်။ သူတို့အနားရောက်သည့်အခါ ထိုအသီးများမှာ လှုပ်ယမ်းကာ တွန့်လိမ်လာခဲ့သည်။ သူတို့အသေအချာကြည့်လိုက်တော့မှ အသီးများမဟုတ်ဘဲ မြွေများဖြစ်နေသည်ကိုတွေ့ရသည်။ မြွေမျက်လုံးများမှာ ညအမှောင်တွင် စိမ်းဖန့်ဖန့်လင်းလက်နေပြီး အမှောင်ထဲမှနေ၍ သူတို့ကိုစိုက်ကြည့်နေလေသည်။ အလားတူ ဘူးစင်ကြီးတစ်ခုအောက်သို့ ဖြတ်သွားသည့်အခါ စင်ပေါ်တွင် များပြားလှသည့်အစိမ်းရောင်မျက်လုံးများက ခွေတွန့်လျှက်သွားလာနေကြသည်။
“မြွေတွေများလိုက်တာ”
“အပေါ်ကိုပဲကြည့်ပြီး လမ်းလျှောက်မနေနဲ့ကလေးမတွေ၊ အောက်ကိုလည်း သေချာကြည့်ဟဲ့”
အိမ်တံခါးပွင့်သွားပြီး အဘွားအိုတစ်ယောက်ထွက်လာလေသည်။ အဘွားအိုက မီးအိမ်တစ်ခုကို ကိုင်စွဲထားပြီး သူတို့ကိုလှမ်းအော်ဟစ်နေသည်။ နန်းလုံလည်း မြေကြီးကိုကြည့်လိုက်သည့်အခါ မြေကြီးပေါ်တွင် လှုပ်ရှားသွားလာနေကြသည့် ကင်းခြေများကောင်ကြီးများကိုတွေ့လိုက်ရသည်။ ကင်းခြေများကြီးများမှာ တစ်ကိုယ်လုံးနီရဲလျှက် ခြေထောက်ဝါဝါကြီးများရှိသည်။ အိမ်နားနီးလာလေလေ ကင်းခြေများကြီးများက များပြားလာလေလေဖြစ်သည်။ နောက်တော့ မြေပြင်တစ်ကွက် ခြေတစ်ဝါးချစာနေရာကလေးကိုသာ ဖြတ်နင်းလျှက် အိမ်အတွင်းသို့ အမြန်ဝင်လိုက်ကြသည်။
အိမ်ထဲရောက်သည့်အခါ ပေါ်ပေါ်ကြီးက မတ်တပ်ရပ်နေလေသည်။ သူတို့လည်း ပေါ်ပေါ်ကြီးနံဘေးတွင်ရပ်လိုက်ကြသည်။ အဘွားအိုက အသက်အလွန်ကြီးနေပြီဖြစ်သည်။ တစ်ခေါင်းလုံးဆံပင်တွေဖြူနေပြီး ဆံထုံးအကြီးကြီးကို ထုံးထားသည်။ ခါးအနည်းငယ်ကုန်းနေကာ တောင်ဝှေးတစ်ချောင်းကိုအားပြုလျှက်သွားလာနေလေသည်။
“ထိုင်ကြပါအုံးဟဲ့၊ ဖင်မပါဘူးလား”
“အမအိမ်မှာ ကျုပ်ထိုင်ရမှာ ခပ်လန့်လန့်ပဲ”
“အောင်မယ်လေးဟယ်၊ ငါကနင့်ကိုအဆိပ်ခတ်မှာမို့လို့လား၊ ထိုင်စမ်းပါ”
ပေါ်ပေါ်ကြီးက ထိုင်လိုက်သော်လည်း နန်းလုံတို့က မတ်တပ်ရပ်လျှက်ရှိနေသည်။ အဘွားကြီးက သူတို့ကိုကြည့်ပြီး
“နင်တို့ရော ဖင်မပါကြဘူးလား၊ လာစမ်းပါ၊ ဒီထိုင်ခုံမှာ ထိုင်ကြစမ်းပါ”
ပေါ်ပေါ်ကြီးကိုကြည့်လိုက်ရာ ပေါ်ပေါ်ကြီးက ခေါင်းတစ်ချက်ညိတ်ပြလိုက်သဖြင့် သူတို့ထိုင်ခုံတွင် မဝံ့မရဲနှင့်ထိုင်လိုက်ကြသည်။ အဘွားကြီးက ပေါ်ပေါ်ကြီးကိုကြည့်လျှက်
“နင်ကလေးတွေကို ငါ့မကောင်းကြောင်းတွေ လျှောက်ပြောထားသလားဟဲ့၊ သူတို့ကြည့်ရတာ ကြောက်နေပုံရတယ်”
“ကြောက်လည်းကြောက်ချင်စရာပဲကိုး၊ အမဆီလာရင် အဆိပ်ခတ်မခံရတဲ့လူ ဘယ်သူရှိလို့လဲ”
“ငါက နင်တို့ကိုတော့ မလုပ်ပါဘူးဟဲ့၊ ထိုင်ပါအုံး၊ နင်တို့လာတာ အလည်သက်သက်ပဲလား”
“အလည်လာတာတော့ မဟုတ်ပါဘူး အမကြီးဆီမှာ အပူကပ်စရာတစ်ခုရှိလို့လာခဲ့တာ”
ထိုအခါ အဘွားကြီးက ရေနွေးကရားအိုးတစ်လုံးကိုယူလိုက်ပြီး စားပွဲပေါ်တွင်ချလိုက်သည်။ ရေနွေးခွက်ကလေးများကို သူတို့ထိုင်နေသည့်အရှေ့သို့ တစ်ယောက်တစ်ခွက်နှုန်းဖြင့် ပစ်တင်ပေးလိုက်လေသည်။
“ကဲ ရေနွေးသောက်ကြအုံး”
အဘွားကြီးထိုင်လိုက်ပြီး ရေနွေးခွက်အတွင်းသို့ ရေနွေးကိုငှဲ့ထည့်လိုက်သည်။ ထို့နောက် သူ့အကျီလက်အတွင်းမှ မြွေနက်ကြီးတစ်ကောင်ထွက်လာလေသည်။ မြေကြီးမှာ အနီရောင်၊ အနက်ရောင်၊ အဝါရောင်၊ အဖြူရောင်၊ ကြေးနီရောင် အစင်းကျားများရှိသဖြင့် အရောင်စုံကာ လှပနေလေသည်။ ထိုမြွေကြီးက သူ့ပါးစပ်ကိုဖြဲလိုက်ကာ သူ့သွားအစွယ်ကြီးမှ အဆိပ်ရည်ဖြူဖြူပျစ်ပျစ်တစ်စက်ကို ရေနွေးခွက်အတွင်းသို့ ချပေးလိုက်လေသည်။ အဘွားကြီးက ရေနွေးခွက်ကို တစ်ချက်မှုတ်လိုက်ပြီး တစ်ကျိုက်မော့သောက်လိုက်သည်။
နန်းလုံနှင့် ရှဲန်ဆိုင်တို့မှာ မျက်တောင်မခတ်ဘဲ အဘွားကြီးအားကြည့်နေလေသည်။
“ဟဲ့ ဘာတွေဒီလောက်ထူးဆန်းနေတာလဲ၊ မြွေမင်းသားကို နင်တို့မမြင်ဖူးဘူးလား”
နန်းလုံက
“မြွေကိုထူးဆန်းတာမဟုတ်ပါဘူး၊ မြွေဆိပ်တွေကို သောက်နေတာကို ထူးဆန်းနေတာပါ”
အဘွားကြီးက ပြုံးလိုက်ပြီး
“မြွေဆိပ်က သောက်လို့ရပါတယ်၊ ညည်းတို့မှတ်ထား မြွေဆိပ်ဆိုတာ အသားထဲစိမ့်ဝင်မှာ အဆိပ်အတောက်ဖြစ်တာအေ့၊ ပါးစပ်ထဲဝင်ရင်တော့ ဆေးပဲ”
ပေါ်ပေါ်ကြီးက ဆေးတံကြီးကိုဖွာနေရင်း
“အဲဒါအသာထားစမ်းပါ၊ ဒါက ကျုပ်သမီးနှစ်ယောက်ပေါ့၊ ဟိုက ထောင်ထောင်မောင်းမောင်းနဲ့တစ်ယောက်ကတော့ သမီးကြီးပေါ့၊ နန်းလုံလို့ခေါ်တယ်၊ ဒီဖက်က ကောင်မလေးကတော့ သမီးငယ်ပေါ့၊ သူ့နာမည်ကတော့ ရှဲန်ဆိုင်တဲ့”
“ရှဲန်ဆိုင်တဲ့လား၊ နာမည်လေးက လှလိုက်တာ”
အဘွားကြီး ကရေနွေးကိုသောက်နေရင်း
“ဒါနဲ့ နင်တို့ညကြီးအချိန်မတော် ငါ့ဆီလာရအောင် ဘာတွေအရေးကြီးနေလို့လဲ”
ပေါ်ပေါ်ကြီးက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး
“တပို့တွဲလပြည့်တော့မယ်လေ အမကြီးရာ”
ဒီတော့မှ အဘွားကြီးက ခေါင်းတစ်ချက်ညိတ်လိုက်သည်။
“အေးလေ၊ ငါလည်းအခုမှ သိတော့တယ်၊ ဆေးညီလာခံ နီးပြီမဟုတ်လား၊ ငါလည်း မသွားတာကြာလို့ ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး”
ရှဲန်ဆိုင်က အဘွားကြီးကိုကြည့်ရင်း အံ့သြသွားသည်။
“ဆေးညီလာခံကို နတ်ဆေးဆရာတွေအကုန်သွားရတယ်မဟုတ်လား၊ မသွားလို့မရဘူးလေ”
ပေါ်ပေါ်ကြီးက ခေါင်းခါလိုက်သည်။
“ငါ့အမကို နတ်ဆေးဆရာအသင်းက ထုတ်ပယ်ထားတာကြာပြီ”
နန်းလုံက
“ဒါဆိုရင် သူ့ကိုနတ်ဆေးဆရာတွေက မသတ်ဘူးလား”
အဘွားကြီးက အသံနက်ကြီးနှင့် ထပြီးရယ်မောလိုက်လေသည်။
“သတ်ပစ်တာပေါ့၊ ငါ့ကိုသတ်ဖို့ လူသတ်သမား ကိုးဆယ့်ကိုးယောက်တောင်မှ လွှတ်ခဲ့သေးတာ၊ ဒါပေမယ့် သူတို့ငါ့ကို ဘယ်သတ်နိုင်ပါ့မလဲအေ”
“ဟုတ်တယ်သမီးတို့၊ ငါ့အမကို အဆိပ်မယ်လို့ ခေါ်ကြတယ်၊ သူက အဆိပ်တွေကိုနိုင်နင်းတာကြောင့်မို့လို့ သူ့ကိုလာသတ်တဲ့လူတွေအားလုံးကို အဆိပ်ခတ်နိုင်ခဲ့တယ်လေ၊ အဲဒီနောက်ပိုင်းကစပြီးတော့ နတ်ဆေးဆရာတွေလည်း သူ့ကိုဘေးမဲ့ပေးထားလိုက်တော့တာပေါ့”
ပေါ်ပေါ်ကြီးပြောမှ နန်းလုံတို့နားလည်သွားသည်။
“ဒါပေမယ့်လည်း သတိဆိုတာ ပိုတယ်လို့မရှိဘူးမဟုတ်လား၊ ဒါကြောင့် ငါ့အိမ်၊ ငါ့ခြံကို ငါ့မွေးထားတဲ့အကောင်လေးတွေနဲ့ အစောင့်ချထားတာ၊ ဒီနယ်တစ်ဝိုက်ကလူတွေက ငါ့အိမ်ကိုလာဖို့မပြောနဲ့ အခုငါနေတဲ့ တောင်ကြီးကိုတောင်မှ ခြေချရဲတာမဟုတ်ဘူး”
အဘွားကြီးက ကိုယ့်ကိုယ်ကိုယ်ဂုဏ်ဖောြ်ပီး ပြောဆိုလိုက်သည်။ ထိုအခါ ပေါ်ပေါ်ကြီးက ဆေးတံကြီးကိုချပြီးတော့
“အရင်က အကြောင်းတွေ ထားလိုက်ပါအမရာ၊ အခုကျုပ်လာရတာက အမဆီက အကူအညီတောင်းမလို့”
ထို့နောက် ရှဲန်ဆိုင်ဘက်သို့လှည့်လိုက်ပြီး
“သမီးရှဲန်ဆိုင်၊ သမီးရဲ့ခေါင်းပေါင်းကြီးကို ချွတ်ပြလိုက်”
ထိုအခါ ရှဲန်ဆိုင်က ခေါင်းပေါင်းစကြီးကိုဆွဲချွတ်လိုက်လေသည်။ ဘဝဲလက်တံခြောက်ချောင်းက ပြန့်ကားပြီး ဦးခေါင်းထက်တွင် ပေါ်ပေါက်လာလေသည်။ အဘွားကြီးက ရှဲန်ဆိုင်အနီးသို့ တိုးကပ်ပြီးလာကြည့်သည်။ ထို့နောက် ပြုံးလျှက်
“သူနဲ့ ငါနဲ့က ဆင်တူသားပဲ၊ ငါ့ကိုလည်းကြည့်ဟေ့”
အဘွားကြီးက အဖြူရောင်ဆံထုံးကြီးကို ဖြေချလိုက်သည့်အခါ ဆံပင်များကြားမှ မြွေများထွက်လာလေသည်။ မရေမတွက်နိုင်အောင် များပြားလှသည့် မြွေကလေးများက အဘွားကြီးဆံပင်ကြားတွင် တွန့်လိမ်ကာ တွားသွားနေကြသည်။ ရှဲန်ဆိုင်မှာ အဘွားကြီးခေါင်းကိုကြည့်ပြီး အသည်းယားသွားသည်။
“ကျုပ်လာတာလည်း အဲဒီလိုဖြစ်ချင်လို့ပဲအမရေ၊ သူ့ခေါင်းက လက်တံတွေက အားပြင်းတယ်ဆိုပေမယ့်၊ ပိုပြီးအစွမ်းထက်ဖို့လိုနေသေးတယ်မဟုတ်လား၊ ဒါကြောင့်မို့လို့ သူ့ကို အဆိပ်ထည့်ပေးဖို့ အမကိုလာအပူကပ်ရတာ”
အဘွားကြီးက ခေါင်းညိတ်လေသည်။ ခေါင်းပေါ်မှမြွေများက အထွေးလိုက်ကြီး ပြုတ်ကျတော့မလိုဖြစ်ကာ အသည်းယားစရာကောင်းလှသည်။
“ငါသိပြီ၊ နင်က ဆေးညီလာခံမှာ ဒီကောင်မလေးကို နင့်ရဲ့ဖန်တီးမှုအဖြစ် သွားပြသမလို့ပေါ့လေ၊ ဒါကြောင့် ငါ့ဆီကိုလာခဲ့ရတာပေါ့”
“အမှန်ပဲပေါ့အမရ၊ အမကူညီမှရမှာ၊ အချိန်က နီးနေပြီမဟုတ်လား”
“ဒါပေမယ့် ငါကူညီလိုက်ရင် နင်က နတ်ဆေးဆရာတွေရဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်ရာကျနေမလား”
ပေါ်ပေါ်ကြီးက ခေါင်းခါလိုက်ကာ
“မဖောက်ဖျက်ပါဘူးဗျာ၊ နတ်ဆေးဆရာတွေရဲ့ကျင့်ဝတ်မှာ နတ်ဆေးဆရာတစ်ယောက်ရဲ့ ဖန်တီးမှုကို နောက်တစ်ယောက်က မကူညီရဘူးလို့ ရေးထားတယ်ဆိုပေမယ့် အမက နတ်ဆေးဆရာမှမဟုတ်တော့တာ၊ အမကိုအသင်းထဲက ထုတ်လိုက်ပြီလေဗျာ။ ကျင့်ဝတ်အရ နတ်ဆေးဆရာတစ်ယောက်က မကူညီနိုင်ပေမယ့် သာမန်လူကတော့ နတ်ဆေးဆရာကို ကူညီပေးနိုင်တယ်မဟုတ်လား”
အဘွားကြီးက ပြုံးလိုက်လေသည်။
“မဆိုးဘူး၊ နင်က ဉာဏ်ကောင်းသလောက် တော်တော်ကောက်ကျစ်တဲ့အကောင်ပဲ”
“ကောက်ကျစ်တယ်ဆိုတာ အရှုံးသမားတွေသုံးတဲ့စကားလုံးပါအမရဲ့၊ ကျုပ်က ကောက်ကျစ်တာမဟုတ်ဘူး လူပါးဝတာပါ၊ ဟား၊ ဟား”
အဘွားကြီးနှင့် ပေါ်ပေါ်ကြီးတို့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြသည်။ ထို့နောက် ပေါ်ပေါ်ကြီးက
“သူ့ဘဝဲလက်တံတွေမှာ အဆိပ်ထည့်လို့ဖြစ်ပါ့မလား”
“မပူပါနဲ့၊ နင် ငါ့အကြောင်းသိပါတယ်၊ အဆိပ်မရှိတဲ့ငှက်ကိုတောင် အဆိပ်ထည့်ပေးခဲ့လို့ အခုဆိုအဲဒီငှက်တွေ တစ်ဆွေလုံးတစ်မျိုးလုံး အဆိပ်ငှက်ဖြစ်နေပြီမဟုတ်လား”
“ဒါဆို အမကိုပဲ အားကိုးပါတယ်၊ ကျုပ်အချိန်သိပ်မရဘူးနော်”
“မပူပါနဲ့ဆိုအေ၊ ဒီတစ်ညပဲ ငါ့ကိုအချိန်ပေးစမ်းပါ”
“ဒါဆိုလည်း ကျုပ်ကိုကူညီပါ”
ထိုအခါ အဘွားကြီးက ပေါ်ပေါ်ကြီးလက်ကိုဆွဲလိုက်သည်။
“ကူညီတာတော့ဟုတ်ပါပြီ၊ နင့်ကိုကူညီလို့ ငါကဘာပြန်ရမလဲ”
ထိုအခါ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်တို့ကိုတစ်ချက်လှည့်ကြည့်လိုက်ကာ အဘွားကြီးကို အိမ်ခန်းအတွင်းသို့ဆွဲခေါ်သွားသည်။ အိမ်ခန်းထဲတွင် တတွတ်တွတ်ဖြင့် တီးတိုးပြောဆိုနေကြပြီး အခြေအတင်ငြင်းခုန်နေကြသည်ကိုလည်း ကြားရသည်။ နောက်တော့ နှစ်ယောက်သားရယ်မောလိုက်ပြီး အိမ်ခန်းအတွင်းမှ ပြန်ထွက်လာခဲ့ကြသည်။
“ကောင်းပြီကလေးမ၊ မင်းငါနဲ့လိုက်ခဲ့တော့၊ နင်တို့ကတော့ ငါ့အိမ်ထဲမှာ ကြိုက်သလိုနေလို့ရတယ်၊ ငါ့ကလေးတွေကို ရန်မပြုနဲ့”
အဘွားကြီးက လက်တစ်ဖက်မှ မီးအိမ်ကိုဆွဲကာ နောက်တစ်ဖက်မှတုတ်ကောက်ကြီးထောက်လျျက် အိမ်အပြင်သို့ထွက်သွားရာ ရှဲန်ဆိုင်ကလည်း အဘွားကြီးအနောက်သို့ ကြောင်တောင်တောင်နှင့် လိုက်ပါသွားရတော့သည်။
(၆)
အဘွားကြီးက အိမ်မှထွက်ကာ တောင်တစ်ဖက်ခြမ်းသို့ လူသွားလမ်းကလေးအတိုင်းဆင်းသွားလေသည်။ မကြာမီ တောင်ကမ်းပါးရံကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ အဘွားကြီးက သေးငယ်သည့် ကျောက်သားလှေကားကလေးများမှတဆင့် ကမ်းပါးရံကြီးကိုပတ်ပြီးဆင်းသက်လိုက်သည်။ တစ်နေရာအရောက်တွင် ကျယ်ပြန့်သည့် ကျောက်သားမြေပြင်တစ်ခုကို ရောက်သွားသလို ကျောက်နံရံကြီးတွင်လည်း ကျောက်ဂူကြီးတစ်ခုကိုမြင်တွေ့ရလိုက်သည်။ ကျောက်ဂူကြီး၏ အဝင်ဝတစ်ဖက်တစ်ချက်တွင် ကျောက်သားဖြင့်ထုဆစ်ထားသည့် ပါးပျဉ်းထောင်ထားသည့် မြွေရုပ်ကြီးနှစ်ရုပ်ကိုတွေ့လိုက်ရသည်။
“ဒါက အဆိပ်နတ်ဘုရားရဲ့ ကျောင်းဆောင်တော်ပဲ”
အဘွားကြီးက ဂူနံဘေးရှိ မြွေရုပ်ကြီးဆီသို့သွားလိုက်ပြီး လက်ထဲမှ မီးအိမ်ကို မြွေရုပ်ကြီး၏ ဦးခေါင်းဆီသို့ ပစ်ပေါက်လိုက်သည်။ မီးအိမ်က ပေါက်ကွဲသွားပြီး မြွေရုပ်ကြီးမှာ မှာ မီးလောင်သွားကာ မျက်လုံးကြီးများမှာ ဝင်းလက်လာလေသည်။ အဘွားကြီးက ဂူထဲဆက်ဝင်သွားရာ ထိုမြွေရုပ်ကြီး၏ ခန္ဓာကိုယ်က လမ်းဘေးတစ်ဘက်တစ်ချက်တွင်ရှိသည်။ မြွေရုပ်ကြီး၏ ကျောကုန်းတွင်တော့ ကျောက်သားဖြင့်ထွင်းထုထားသည့် မြောင်းတစ်ခုရှိကာ ထိုမြောင်းထဲတွင် ဆီများရှိနေသည်။ ထိုဆီများမှာလည်း ခုနက အဘွားကြီး မီးအိမ်နှင့်ပစ်ပေါက်လိုက်သည်မို့ မီးများလောင်ကျွမ်းနေကာ ဂူအတွင်းလင်းထိန်နေလေသည်။
မကြာမီ ခေါင်းလေးလုံနှင့် လက်လေးဘက်ပါသည့် နတ်ရုပ်ကြီးတစ်ရုပ်၏ အရှေ့သို့ရောက်လာခဲ့သည်။ နတ်ရုပ်ကြီး၏ ခေါင်းမှာ လူခေါင်း၊ မြွေခေါင်း၊ ငှက်ခေါင်းနှင့် ဖားခေါင်းတို့ဖြစ်သည်။ ထိုအရုပ်ကြီးအရှေ့တွင် ကျောက်သားဖြင့်ထွင်းထုထားသည့် ကျောက်ကုတင်ကြီးတစ်ခုရှိသည်။
“မင်းအဲဒီမှာ သွားပြီးလဲလျှောင်းနေလိုက်စမ်း”
အဘွားကြီးက ပြောသည်မို့ ရှဲန်ဆိုင်လည်း ကျောက်ကုတင်ကြီးပေါ်သို့တက်လိုက်ကာ လဲလျှောင်းလိုက်သည်။ ကျောက်ကုတင်ကြီးမှာ နတ်ရုပ်ကြီးထံသို့ ဦးတိုက်တည်ဆောက်ထားသဖြင့် ရှဲန်ဆိုင်မှာ နတ်ရုပ်ကြီးဘက်သို့ ဦးခေါင်းပေးထားသလိုဖြစ်နေသည်။ ထိုအခိုက် အဘွားကြီးက လေချွန်သံများကို ပြုလုပ်လိုက်လေရာ မကြာမီတွင် လူကြီးပေါင်လုံးခန့်ရှိမည့် မြေကြီးနှစ်ကောင်က ဂူအတွင်းသို့ တဖြည်းဖြည်းဝင်လာလေသည်။
“ဘာမှမကြောက်နဲ့၊ မင်းငြိမ်ငြိမ်ကလေးပဲနေ”
ထို့နောက် မြွေကြီးနှစ်ကောင်က ရှဲန်ဆိုင်အား ခြေထောက်မှစ၍ ရစ်ပတ်ကာ တက်လာကြသည်။ ဦးခေါင်းအထိရောက်သောအခါ ရှဲန်ဆိုင်တစ်ကိုယ်လုံးကို မလှုပ်နိုင်အောင်မြွေကြီးနှစ်ကောင်က ရစ်ပတ်ပြီးသားဖြစ်နေသည်။ ရှဲန်ဆိုင်က ကြိုးစားရုန်းကန်သော်လည်း ရုန်း၍မရတော့ပေ။ အဘွားကြီးက နတ်ရုပ်ကြီးကိုကြည့်ကာ ဘာတွေရွတ်ဖတ်နေမှန်းမသိပေ၊ ထို့နောက် အဘွားကြီးက ရှဲန်ဆိုင်အနားသို့ တိုးကပ်လာလေသည်။
“နည်းနည်းပဲ နာလိမ့်မယ်”
အဘွားကြီးက ရှဲန်ဆိုင်၏ ပါးစောင်နှစ်ဖက်ကိုလက်နှင့်ဆွဲညှစ်လိုက်ရာ ရှဲန်ဆိုင်ပါးစပ်ကြီးပွင့်သွားလေသည်။ ထိုအခါ အဘွားကြီးမျက်နှာက သူ့အနားသို့နီးကပ်လာပြီး အဘွားကြီးက ပါးစပ်ကြီးကိုဖွင့်လိုက်သည်။ အဘွားကြီးပါးစပ်အတွင်းမှ တချွင်ချွင်အသံများကြားရပြီးနောက် လက်သန်းခန့်ရှိသည့် ပိုးကောင်ရှည်လေးတစ်ကောင်ကျလာခဲ့သည်။ ထိုပိုးကောင်ကလေးမှာ ပိုးတစ်လုံးတစ်ကောင်နှင့်ဆင်တူပြီး ရွှေရောင်အဆင်းရှိသည်။ ထို့နောက် အဘွားကြီးက ရှဲန်ဆိုင်၏ ပါးစပ်နှင့် သူ့ပါးစပ်ကိုတေ့လိုက်ရာ ပိုးကောင်ကလေးမှာ ရှဲန်ဆိုင်၏ ပါးစပ်အတွင်းသို့တိုးဝင်သွားလေသည်။ ရှဲန်ဆိုင်ရုန်းကန်နေသော်လည်း မြွေကြီးနှစ်ကောင်က တင်းကြပ်စွာချုပ်ကိုင်ထားသဖြင့် မလှုပ်ရှားနိုင်ပေ၊ ပိုးကောင်ကလေးက ပါးစပ်အတွင်းတွင် လှည့်ပတ်သွားလာနေပြီး နောက်ဆုံးတွင် လည်ချောင်းအတွင်းသို့ဝင်သွားလေသည်။ ရှဲန်ဆိုင်တစ်ယောက် လည်ချောင်းအတွင်း တစ်ဆို့ဆို့ကြီးဖြစ်နေကာ ပိုးကောင်ကလေးက အတင်းတိုးနေသဖြင့် အန်ထွက်ချင်လာသည်။ ရှဲန်ဆိုင်၏ သေးသိမ်သောလည်ချောင်းကလေးထဲသို့ ပိုးကောင်ကတိုးဝင်နေသဖြင့် လည်ချောင်းအားအပြင်ကကြည့်လျှင်ပင် ပိုးကောင်တိုးဝင်နေသည်ကို အတိုင်းသားမြင်နေရသည်။
“ဘာမှမပူနဲ့၊ မင်းစွမ်းသွားတော့မှာ၊ မင်းအစွမ်းတွေရတော့မှာ”
ရှဲန်ဆိုင်ရင်ဘတ်အတွင်း ယားယံလာသည်။ အရေပြားအပြင်မှ မဟုတ်ဘဲ အတွင်းပိုင်းမှ ယားယံခြင်းဖြစ်ကာ နေလို့ထိုင်လို့မကောင်းပေ၊ အဘွားကြီးက အမိန့်ပေးလိုက်သဖြင့် မြွေကြီးနှစ်ကောင်က ပြန်ခွာပြီး အေးအေးလူလူဆင်းသွားရာ ရှဲန်ဆိုင်မှ ငုတ်တုတ်ထထိုင်လိုက်ပြီး အကျီရင်ဘတ်ကိုဆွဲဖွင့်လိုက်ကာ ရင်ဘတ်ကိုလက်နှစ်ဖက်နှင့် ကုပ်နေမိသည်။
“မင်းအတွင်းထဲက ယားနေတာကွ၊ အပြင်က ယားတာမဟုတ်ဘူး”
“ရှင်ဘာလုပ်တာလဲ၊ ရှင်ကျွန်မကိုဘာလုပ်လိုက်တာလဲ”
“မင်းရဲ့ ကိုယ်ထဲကို အဆိပ်ပိုးကောင်ရဲ့မျိုးလောင်းထည့်ပေးလိုက်တာလေ၊ သူက မင်းရဲ့အသည်းမှာ ကပ်နေလိမ့်မယ်၊ မင်း ခဏနေရင် နည်းနည်းတော့နာလိမ့်မယ်”
အဘွားကြီးပြောလို့မှ မဆုံးသေးပေ၊ ရှဲန်ဆိုင်ရင်ထဲမှ စူးခနဲဆစ်ခနဲ နာကျင်သွားကာ ရှဲန်ဆိုင်တစ်ယောက်လဲကျသွားသည်။ မြေပြင်တွင် လိမ့်နေလျှက် သူ့ရင်ဘတ်ကိုသူ လက်သီးဖြင့်ထုနေမိသည်။
“အရမ်းမလုပ်ပါနဲ့ကွာ၊ နာတာက ခဏပါ၊ နောက်တော့ မင်းနေသားကျသွားမှာပါ”
အချိန်ခဏကြာသည့်အခါ နာကျင်သည့်ဒဏ်ရော၊ ယားယံသည့်ဒဏ်ပါ ပျောက်ကွယ်သွားသည်။ ရှဲန်ဆိုင်တစ်ကိုယ်လုံး ချွေးစေးတွေထွက်နေလေသည်။
“အဆိပ်ပိုးလောင်းက မင်းရဲ့အသည်းမှာ ကပ်တွယ်သွားပြီကွ၊ မနက်ဖြန်မနက်ဆိုရင် အဆိပ်ပိုးလောင်းရဲ့အဆိပ်တွေက မင်းတစ်ကိုယ်လုံးကို ပြန့်သွားလောက်ပြီ၊ ဒါဆိုရင်တော့ မင်းရဲ့ကိုယ်က ထွက်သမျှအရည်တိုင်းက အဆိပ်တွေဖြစ်သွားလိမ့်မယ်”
ရှဲန်ဆိုင်က အခုထိရင်ဘတ်ကိုဖိထားဆဲဖြစ်သည်။
“ရှင့်နာမည်ဘယ်လိုခေါ်သလဲ၊ ရှင်နဲ့ ပေါ်ပေါ်ကြီးက တကယ်ပဲ မောင်နှမတွေလား”
အဘွားကြီးက သူလွယ်ထားသည့် လွယ်အိတ်ကလေးထဲမှ ဆေးမှုန့်များကိုထုတ်ယူနေရင်း
“ငါ့နာမည်ဘယ်သူလဲဆိုတာ ငါမေ့သွားပြီ၊ လူတိုင်းကတော့ ငါ့ကိုအဆိပ်မယ်လို့ခေါ်တယ်၊ မင်းက ငါ့မောင်ကိုတောင် ပေါ်ပေါ်ကြီးလို့ခေါ်တာဆိုတော့ ငါ့ကိုအဆိပ်ဘွားဘွားလို့ ခေါ်သင့်တယ်”
အဘွားကြီးက ဆေးမှုန့်ကလေးများကို လက်ဝါးအတွင်းထည့်လိုက်ပြီး ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲတစ်ခုမှ တတောက်တောက်ကျနေသည့် ကျောက်စက်ရေများကိုခံလိုက်ကာ ထိုရေများနှင့် ဆေးမှုန့်များကို လက်နှင့်နယ်ကာ အလုံးကလေးအဖြစ်လုံးနေလေသည်။ နောက်တော့ ရှဲန်ဆိုင်ဆီသို့လမ်းလျှောက်လာသည်။
“အဆိပ်ပိုးကောင်က အစာစားတယ်ကွ၊ စားရင်လည်း အဆိပ်ရှိတဲ့အရာကိုပဲစားတတ်တာ၊ သူ့ကိုအစာမကျွေးဘဲထားရင် ခုနစ်ရက်ကြာတဲ့အခါ သူသေလိမ့်မယ်၊ သူသေရင် မင်းပါသေသွားလိမ့်မယ်၊ ကဲ ရော့၊ ပါးစပ်ဟ”
ရှဲန်ဆိုင်ပါးစပ်ဟလိုက်သည့်အခါ အဆိပ်ဘွားဘွားက ရဲှန်ဆိုင်၏ ပါးစပ်အတွင်းသို့ ဆီးကင်းခန့်ရှိသည့် အစိမ်းရောင်ဆေးလုံးကလေးကို ထိုးထည့်လိုက်သည်။
“မြိုချလိုက်၊ အဲဒါ ဟင်္သာပါဒလို့ခေါ်တဲ့ အဆိပ်ပင်တစ်မျိုးပဲ၊ အဲဒီအဆိပ်ပင်ကို လက်ညှိုးနဲ့တစ်တို့စားလိုက်တာနဲ့ လူတစ်ယောက်က တုန်းခနဲလဲပြီး သေစေနိုင်တယ်”
ရှဲန်ဆိုင်က အတင်းမြိုချလိုက်သော်လည်း အဆိပ်တက်မည်ကိုစိုးရိမ်နေလေသည်။ အဆိပ်ဘွားဘွားက ရှဲန်ဆိုင်နံဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဒီညတော့ မင်းနဲ့ငါနဲ့ နှစ်ပါးသွားကြတာပေါ့ကွာ”
“ကျွန်မအဆိပ်တွေစားတော့ အဆိပ်မမိဘူးလား”
“ပုံမှန်ဆိုရင်တော့ အဆိပ်မိမှာပေါ့၊ ဒါပေမယ့် မင်းကိုယ်ထဲမှာ အဆိပ်ပိုးလောင်းလေး ရှိနေပြီလေ၊ သူက မင်းကိုယ်ထဲကို ဝင်လာသမျှ အဆိပ်တွေကိုစားသောက်ပြီးတော့ မင်းရဲ့အသွေးအသားတွေကို အဆိပ်အဖြစ်ပြောင်းလဲပေးလိမ့်မယ်”
ရှဲန်ဆိုင်က အဆိပ်ဘွားဘွားကို အားကိုးသည့်အကြည့်နှင့်ကြည့်လိုက်သည်။
“အဘွားက အဆိပ်အကြောင်းတော့ အတော်သိတာပဲနော်”
အဆိပ်ဘွားဘွားက ခေါင်းညိတ်ရင်း
“အေး၊ နောက်ဆိုမင်းလဲသိထားမှရတော့မယ်၊ မင်းရဲ့အသည်းထဲက အဆိပ်ပိုးလောင်းကို အမြဲအစာကျွေးနေရမှာမို့လို့ ဘယ်အပင်က အဆိပ်ရှိတယ်၊ ဘယ်အကောင်က အဆိပ်ရှိတယ်ဆိုတာကို မင်းသိထားရမယ်၊ ပိုးလောင်းကို အစာမကျွေးဘဲ ငါးရက်ထားရင် ပိုးလောင်းက မင်းကိုယ်ထဲက အဆိပ်တွေကိုစားသုံးလိမ့်မယ်၊ မင်းရဲ့အသွေးတွေ၊ အသားတွေကို လှိုက်စားလိမ့်မယ်၊ ခုနစ်ရက်ပြည့်လို့မှမကျွေးရင်တော့ ပိုးလောင်းလဲသေမယ်၊ မင်းလည်း ခြောက်ကပ်ပြီး သေသွားလိမ့်မယ်”
“ဒါနဲ့ ပိုးလောင်းဆိုတော့ ဒီပိုးကောင်ကလေးက ကြီးလာအုံးမှာလား”
အဆိပ်ဘွားဘွားက ခေါင်းညိတ်လိုက်သည်။
“အရွယ်အစားအနေနဲ့တော့မကြီးပေမယ့်၊ သက်တမ်းကတော့ကြီးလာလိမ့်မယ်၊ သူက အဆိပ်စားရတဲ့နှုန်းအပေါ်မူတည်ပြီးတော့ ကြီးထွားလိမ့်မယ်၊ လူတွေလိုပေါ့ကွာ၊ အစားများများစားရရင် ပိုပြီးကြီးထွားတယ်မဟုတ်လား၊ သူကြီးလာတဲ့အခါ ကင်းခြေများလိုအကောင်တစ်ကောင်ဖြစ်သွားလိမ့်မယ်၊ သူအရွယ်ရောက်လာပြီဆိုရင် အသည်းမှာခိုကပ်မနေတော့ဘဲ မင်းရဲ့တစ်ကိုယ်လုံးကို ဝင်ချည်ထွက်ချည် လျှောက်သွားနိုင်တယ်ကွ”
“ဒါဆို ဘွားဘွားမှာရော ဒီအဆိပ်ပိုးကောင်ရှိသလား”
အဆိပ်ဘွားဘွားက ပါးစပ်ကြီးကိုပြဲနေအောင်ဟလိုက်သည့်အခါ ပါးစပ်အတွင်းမှ ရွှေရောင်ကင်းခြေများကြီးတစ်ကောင်က ထွက်လာလေသည်။ ထိုကင်းခြေများကြီး၏ ဘေးတွင်တော့ ပိုးလောင်းကောင်ကလေးများက တွယ်ကပ်နေလေသည်။ ကင်းခြေများကြီးကို အဆိပ်ဘွားဘွားက ပါးစပ်မှထုတ်ကာ သူ့လက်တွင်တင်လိုက်သည်။ ထို့နောက် ပါးစပ်ကိုပြန်ဟလိုက်ရာ ကင်းခြေများမှာ ပြန်လည်ဝင်ရောက်သွားလေသည်။
“ဒီကောင်က အမကြီးပဲ၊ ဟောဒီတစ်လောကလုံးမှာ အဆိပ်ပိုးကောင်အမဆိုတာ ငါ့ဆီမှာပဲရှိတာ”
အဆိပ်ဘွားဘွားက သူ့လွယ်အိတ်အထဲမှ သစ်ပင်အမြစ်ခြောက်ကလေးတွေကို ထုတ်နေပြန်သည်။ ထို့နောက် ကျောက်ကုတင်ကြီးပေါ်တွင်တင်လိုက်ကာ ထိုအမြစ်ကလေးများကို သူ့လက်နှင့် လှိမ့်ခြေနေသည်။
“အဆိပ်ဆိုတာ ဆေးတစ်မျိုးပဲကွဲ့”
“ကျွန်မသိတာကတော့ အဆိပ်ဆိုတာ သေဆေးပဲ၊ အဆိပ်စားမိရင် သေတယ်မဟုတ်လား”
“မဟုတ်ဘူးကွဲ့၊ အဆိပ်ဆိုတာ သုံးတတ်ရင်ဆေးပဲ၊ မသုံးတတ်ရင်တော့ သေစေတာပေါ့၊ ရှေးရှေးတုန်းက သမားတော်တွေဆိုရင် မြွေတွေကိုမွေးထားပြီးတော့ မြွေဆိပ်နဲ့ရောဂါကုလေ့ရှိတယ်၊ ဒါကြောင့်မို့ ဆေးပညာရဲ့သင်္ကေတမှာ မြွေပုံတွေထည့်ပြီး ရေးဆွဲတာပေါ့၊ နောက်ပိုင်းကျတော့ သမားတော်တွေက အဆိပ်ကိုမနိုင်နင်းတော့ဘူး၊ အဆိပ်နဲ့ကုသရတဲ့ ဆေးနည်းတွေကို မသိကြတော့ အဆိပ်ကိုသေဆေးဆိုပြီး မသုံးကြတော့ဘူးပေါ့ကွယ်”
အဆိပ်ဘွားဘွားပြောသည်မှာ နည်းလမ်းကျသဖြင့် ရှဲန်ဆိုင်က ခေါင်းညိတ်လိုက်မိသည်။
“အဆိပ်အများကြီးရှိတယ်ဆိုပေမယ့် တကယ်တမ်းအဆိပ်က နှစ်မျိုးပဲရှိတယ်၊ အပင်ကရတဲ့အဆိပ်ရယ်၊ သတ္တဝါတွေက ရတဲ့အဆိပ်ရယ်ပေါ့ကွယ်၊ အပင်တိုင်း သတ္တဝါတိုင်းမှာ အဆိပ်ရှိတယ်ကွဲ့၊ လမ်းဘေးမှာပေါက်တဲ့ မြက်ပင်တောင်မှ အဆိပ်ရှိတယ်၊ နောက်ပြီးတော့ လူတွေမှာလည်း အဆိပ်ကိုယ်စီရှိတတ်တယ်”
“လူတွေမှာ အဆိပ်ရှိတယ်တဲ့လား”
“ဒါပေါ့၊ လူတိုင်းမှာ အဆိပ်ရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် နည်းတာများတာပဲကွာတယ်၊ ဒီလိုပဲ ခွေးတွေကြောင်တွေမှာလည်း အဆိပ်ရှိတယ်၊ ငါ့သမီးမျက်လုံးထဲမြင်အောင်ပြောရရင် ငရုတ်သီးစားလို့စပ်တယ်ဆိုတာ ငရုတ်သီးမှာပါတဲ့ သဘာဝအဆိပ်ကြောင့်စပ်တာကွဲ့၊ ငရုတ်သီးချင်း တူတာတောင်မှ မစပ်တဲ့ငရုတ်သီးရယ်၊ အရမ်းစပ်တဲ့ငရုတ်သီးရယ်ဆိုပြီး သူ့မျိုးအလိုက် အဆိပ်ပမာဏအနည်းအများ မတူကြဘူးမဟုတ်လား”
ရှဲန်ဆိုင်က အဆိပ်ဘွားဘွားပြောတာတွေကို တစ်ခါမှမကြားဖူးသဖြင့် ခေါင်းသာညိတ်နေရတော့သည်။
“ဆေးခါးကြီးပင်ရဲ့အဆိပ်က အဖျားကိုနိုင်တယ်၊ ဒါကြောင့်လူတွေက ဖျားရင် ဆေးခါးကြီးသောက်ကြတယ်မဟုတ်လား၊ နွယ်ချိုပင်ရဲ့ အဆိပ်ကတော့ အစာတွေကို မြန်မြန်ကျေညက်စေတယ်၊ လေးညှင်းပွင့်ကျပြန်တော့ သူ့ရဲ့ပူရှိန်းတဲ့အဆိပ်ကြောင့် သလိပ်တို့ ချွဲတို့ကို ပျော်ပျက်စေတယ်ကွဲ့၊ ဒါကြောင့် လူတွေက အဆိပ်တွေကို ဆေးအဖြစ်သုံးတာ၊ ဒါကြောင့် အဆိပ်ဆိုတာ ဆေးလို့ပြောရတာပဲကွယ့်”
“နားထောင်ကောင်းလိုက်တာ ဆက်ပြောပါအုံး ဘွားဘွားရယ်”
“အဆိပ်နှစ်မျိုးရဲ့ အာနိသင်ကမတူဘူး၊ အပင်ရဲ့အဆိပ်က အောက်ကိုဆင်းသက်တဲ့သဘောရှိတယ်၊ တိရစ္ဆာန်တွေရဲ့အဆိပ်ကတော့ အထက်ကို တက်တဲ့သဘောရှိတယ်၊ အဆိပ်အဆိပ်ချင်းတွေ့ရင် ကြေတတ်တယ်ကွဲ့၊ ဒါကြောင့် အဆိပ်နှစ်မျိုးကိုရောနှောသုံးလို့မရဘူး၊ အာနိသင်ပျက်သွားတတ်တယ်၊ ဥပမာ မြွေကိုက်ခံရတဲ့လူဆိုရင် မြွေရဲ့အဆိပ်က အထက်ကိုတက်လာလိမ့်မယ်၊ ဒီအခါမှာ အပင်ရဲ့အဆိပ်တစ်မျိုးကို တိုက်ချလိုက်ရင် အပင်အဆိပ်က ငယ်ထိပ်ကနေဆင်းလာမယ်၊ မြွေအဆိပ်နဲ့တွေ့တဲ့အခါ အဆိပ်က ကြေသွားပြီးတော့ အဲဒီလူမြွေဆိပ်နဲ့မသေတော့ဘူးပေါ့”
“ထူးဆန်းလိုက်တာ အဘွားရယ်”
ထို့နောက် ရှဲန်ဆိုင်တစ်ကိုယ်လုံး ချွေးများပြန်လာကာ ပူအိုက်လာလေသည်။ ရှဲန်ဆိုင်က သူ့လက်ဝါးကလေးနှင့် ယပ်ခတ်နေသော်လည်း ချွေးကပိုပိုထွက်လာသည်။ အလွန်ပူအိုက်လွန်းသဖြင့် အဝတ်အစားများကိုချွတ်မိရာ နောက်ဆုံးတွင် ကိုယ်လုံးတီးဖြစ်သွားတော့သည်။ ချွေးတွေက နဖူးမှနေ၍ တတောက်တောက်နှင့် စီးကျနေဆဲဖြစ်သည်။
“ပူလိုက်တာ ဘွားဘွားရယ်”
“အဲဒါ ဟင်္သာပါဒ အဆိပ်တက်လာတာကွဲ့၊ ရော့ ဒီဆေးမြစ်ကို ကိုက်ဝါးလိုက်စမ်း”
အဆိပ်ဘွားဘွားက ခုနက သူချေထားသည့် အဆိပ်မြစ်များကို ပေးလိုက်ပြန်သည်။ ရှဲန်ဆိုင်လည်း ထိုအဆိပ်မြစ်များကို ကိုက်ဝါးလိုက်သည့်အခါ ပါးစပ်အတွင်း အရည်များထွက်လာသဖြင့် မြိုချလိုက် ဆက်ဝါးလိုက် လုပ်နေရသည်။
“အဆိပ်ကိုးပါးကို မင်းကိုတစ်ညလုံးကျွေးရမှာကွဲ့၊ အဆိပ်ကိုးပါးရဲ့ အာနိသင်ကြောင့် မင်းက ပူတာ၊ အေးတာ၊ ပျော့တာ၊ မာတာ၊ ကွေးတာ၊ ကောက်တာ စတဲ့အဆိပ်ဒဏ်တွေခံရအုံးမှာ”
မကြာခင် ရှဲန်ဆိုင်တစ်ယောက် အပူသက်သာသွားသည်။ အဆိပ်ဘွားဘွားကလည်း သူ့ကိုအဆိပ်ပင်တွေအကြောင်း၊ တိရစ္ဆာန်အဆိပ်တွေအကြောင်း သင်ကြားပေးနေသည်။ နောက်တော့ ရှဲန်ဆိုင်တစ်ကိုယ်လုံး အေးစက်လာပြန်သည်။ ချွတ်ထားသည့် အဝတ်များကို ပြန်ဝတ်လိုက်သော်လည်း မရသေးဘဲ ခိုက်ခိုက်တုန်အောင် အေးနေသည်။ အဆိပ်ဘွားဘွားက နောက်အဆိပ်တစ်မျိုးတိုက်လိုက်တော့မှ အချမ်းသက်သာသွားပြန်သည်။ တစ်ဖန် ညည့်သန်းခေါင်လောက်တွင် ရှဲန်ဆိုင်၏ အရိုးတွေ၊ အသားတွေပျော့လာသည်။ ရှဲန်ဆိုင်မှာ မတ်တပ်ပင်မရပ်နိုင်ဘဲ လဲကျသွားသည်။ သူ့လက်များမှာ မြွေကိုယ်လုံးကြီးကဲ့သို့ အရိုးမရှိတော့သလိုဖြစ်သွားကာ ပျော့ခွေကျနေလေသည်။ ဤသို့ဖြင့် တစ်ညလုံးလုံး အဆိပ်များစားလိုက်၊ အဆိပ်ဒဏ်များကို အလူးအလဲခံလိုက်နှင့် မိုးသောက်သွားတော့သည်။
အိမ်ကလေးထဲတွင် ပေါ်ပေါ်ကြီးက ငုတ်တုတ်ကြီးအိပ်ပျော်နေသည်။ နန်းလုံကတော့ တစ်ညလုံးမအိပ်ဘဲ သတိဝိရိယကြီးစွာဖြင့် စောင့်ဆိုင်းနေရသည်။ သူတို့နှစ်ယောက်အနီးတွင်လည်း အဆိပ်ပြင်းသည့်မြွေများ၊ ကင်းခြေများ၊ ကင်းမြီးကောက်များမှာ သွားလာလှုပ်ရှားနေကြသည်ဖြစ်ရာ နန်းလုံက မအိပ်ဝံ့ပေ။
ထိုစဉ် အိမ်ထဲသို့ အဆိပ်ဘွားဘွား ဝင်လာလေသည်။ သူ့နောက်မှ ရှဲန်ဆိုင်က လိုက်ပါလာခဲ့သည်။
“အားလုံးပြီးပြီဟေ့၊ သူ့ကို အဆိပ်ပန်းကိုးမျိုးနဲ့ ရေချိုးပေးဖို့ပဲ လိုတော့တယ်”
အဆိပ်ဘွားဘွားပြောလိုက်သဖြင့် ပေါ်ပေါ်ကြီးလည်း လန့်နိုးသွားသည်။ အဆိပ်ဘွားဘွားက ရေနွေးအိုးကြီးတစ်အိုးကို မီးဖိုပေါ်ကောက်တင်လိုက်သည်။
“ကဲ လိုက်ခဲ့ကြဟေ့”
ထို့နောက် ပလိုင်းကလေးတစ်လုံးဖြင့် ခြံထဲသို့ဆင်းလာကြသည်။ နန်းလုံကလည်း သူတို့အနောက်သို့လိုက်လာခဲ့သည်။ ပေါ်ပေါ်ကြီးကတော့ အိမ်ထဲတွင်သာ နေထိုင်ခဲ့သည်။ ခြံအနောက်တွင် ပန်းခင်းကလေးတစ်ခုရှိပြီး ပန်းပင်ကလေးများကို တန်းစီကာစိုက်ပျိုးထားသည်။ အချို့ပန်းပင်များမှာ မြေတွင်ပေါက်နေသလို အချို့ပန်းများကိုတော့ စင်ကလေးများဖြင့် စိုက်ပျိုးထားသည်။
အဆိပ်ဘွားဘွားက ရှဲန်ဆိုင်အား ပလိုင်းကလေးကို လှမ်းပေးရင်း
“ပန်းကိုးမျိုး ရအောင်ခူးပေတော့”
နန်းလုံကလည်း ကူညီချင်သဖြင့် ပန်းပွင့်ကလေးတစ်ပွင့်ကို ခူးဆွတ်ရန် လက်ဖြင့်ထိလိုက်လေသည်။ ထိုစဉ် သူ့တစ်ကိုယ်လုံး ရှိန်းတက်သွားပြီး တစ်မျိုးကြီးဖြစ်သွားလေသည်။ ပန်းကလေးကို လက်ဖြင့်ချိုးဖဲ့လိုက်ပြီး ရှဲန်ဆိုင်၏ လက်ထဲတွင်ကိုင်ထားသည့် ပလိုင်းကလေးထဲသို့ ထည့်လိုက်စဉ် ခေါင်းမှာမူးဝေလာပြီး နန်းလုံတစ်ယောက်လဲကျသွားလေသည်။ အဆိပ်ဘွားဘွားက နန်းလုံကိုကြည့်လိုက်ရင်း
“အဆိပ်ပြင်းတဲ့ ပန်းပွင့်ကိုထိမိသွားလို့ အဆိပ်မိသွားတာပဲ”
ထို့နောက် အဆိပ်ဘွားဘွားက ရှဲန်ဆိုင်ကိုကြည့်လိုက်သည်။
“မင်းသူ့ကို ကုသဖို့အချိန်ရောက်ပြီ”
ရှဲန်ဆိုင်ထိတ်လန့်သွားမိသည်။
“ကျွန်မက ဘယ်လိုကုရမှာလဲ”
“မင်းရဲ့လက်ညှိုးကို ပါးစပ်ထဲကိုထည့်လိုက်”
အဆိပ်ဘွားဘွားပြောသည့်အတိုင်း ရှဲန်ဆိုင်က လက်ညှိုးကိုပါးစပ်ထဲသို့ထည့်လိုက်သည်။
“လျှာကိုလက်ညှိုးနဲ့ သုံးခါလောက်ပွတ်၊ ပြီးရင် အဲဒီလက်ညှိုးကိုထုတ်ပြီးတော့ သူ့ပါးစပ်ကိုဖွင့်ပြီး သူ့လျှာကိုပွတ်ပေးလိုက်”
ရှဲန်ဆိုင်လည်း သတိလစ်နေသည့် နန်းလုံ၏ ပါးစပ်ကိုဖွင့်ပေးလိုက်ကာ နန်းလုံ၏ လျှာကိုသူ့လက်ညှိုးနှင့် ပွတ်ပေးလိုက်လေသည်။ မကြာခင် နန်းလုံမှာ မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး အိပ်ရာမှနိုးလာသကဲ့သို့ နိုးထလာလေသည်။ အဆိပ်ဘွားဘွားက ရှဲန်ဆိုင်အားကြည့်လိုက်ကာ နှစ်နှစ်ကာကာပြုံးလိုက်လေသည်။
“ကောင်းတယ်သမီး၊ မင်းအောင်မြင်သွားပြီ”
နန်းလုံမှာ ဘာမှနားမလည်သလိုနှင့် နိုးထလာခဲ့သည်။ နောက်တော့ ရာဝင်အိုးကွဲကြီးတစ်ခုအတွင်းသို့ ရေနွေးနှင့် စမ်းချောင်းရေများကိုခပ်ထည့်လိုက်ကာ ရှဲန်ဆိုင်က သူခူးထားသည့် ပန်းပွင့်များကိုကျဲထည့်လိုက်သည်။ ချက်ချင်းပင် ရေများက အစိမ်းပုပ်ရောင်အဖြစ်ပြောင်းလဲသွားကာ ပွက်ပွက်ဆူတက်လာလေသည်။ ပူစီဖောင်းကြီးများနှင့် အမြှုပ်များလည်း ရေမျက်နှာပြင်တွင် ထွက်ပေါ်လာလေသည်။
“မင်းကအဆိပ်ပြီးနေပြီ ဒီရေထဲကိုဝင်ချိုးလို့ရပြီ၊ သာမန်လူဆိုရင်တော့ ဒီရေနဲ့ထိလိုက်တာနဲ့ သူ့ရဲ့အသားတွေ ပဲ့ကျသွားမှာပဲ”
နန်းလုံမှာ ထိတ်လန့်နေမိသည်။ ရှဲန်ဆိုင်ကတော့ အငွေ့တစ်ထောင်းထောင်းထနေသည့် ရေအိုးကြီးထဲသို့ ဆင်းသွားလိုက်သည်။ တစ်ကိုယ်လုံးနွေးထွေးသွားပြီး လန်းဆန်းသွားကာ လူလည်းပေါ့ပါးသွားတော့သည်။
“အဆိပ်နဲ့ရေချိုးတယ်ဆိုတာ မင်းတစ်ကိုယ်လုံးမှာရှိတဲ့ မကောင်းတဲ့အညစ်အကြေးတွေကို အဆိပ်နဲ့သန့်စင်လိုက်တဲ့သဘောပဲ၊ မကောင်းတဲ့အရာတွေအကုန်လုံး မွေးညှင်းပေါက်တွေကနေတဆင့် ထွက်သွားလိမ့်မယ်”
ရှဲန်ဆိုင်လည်းရေစိမ်ရင်း သူ့လက်များကိုကြည့်လိုက်ရာ သူ့လက်ရှိ မွေးညှင်းပေါက်များမှာ အနက်ရောင်အမှုန်ကလေးများက စိမ့်ထွက်သွားသည်ကိုတွေ့ရသည်။ ရှဲန်ဆိုင် ရေအိုးကြီးထံမှထွက်လိုက်သည့်အခါ သူ့အသားအရေမှာပိုမိုကြည်လင်သွားသလို ရုပ်ရည်မှာလဲ ပိုမိုနုပျိုသွားတော့သည်။
ထိုမနက်ခင်းတွင်ပင် အဆိပ်ဘွားဘွားချက်ကျွေးသည့် ထမင်းဟင်းများကို စားသောက်ပြီး သူတို့ထွက်ခွာလာခဲ့သည်။ အိမ်မှအထွက်တွင် အဆိပ်ဘွားဘွားက ရှဲန်ဆိုင်အား အဖုံးပါသည့် ပလိုင်းအသေးလေးတစ်လုံးကိုပေးသည်။ ပလိုင်းကလေးထဲတွင် ဆေးပင်၊ ဆေးမြစ်ခြောက်များနှင့် အဆိပ်မျိုးစုံပါဝင်သည်။
“အဆိပ်စားဖို့မမေ့နဲ့နော်၊ နောက်ပြီးတော့ အဆိပ်ကိုအလွယ်တကူရနိုင်အောင်လို့ ဖန်တီးထားသင့်တယ်၊ ဥပမာ ငါ့လိုမျိုးခေါင်းပေါ်မှာ မြွေတွေမွေးထားတာမျိုးပေါ့”
“ကျွန်မတစ်ခုမရှင်းတာရှိတယ် အဆိပ်ဘွားဘွား၊ ကျွန်မကိုယ်ကနေ အဆိပ်ထွက်နေတယ်ဆိုတော့ အဲဒီအဆိပ်ကို ကျွန်မပြန်စားလို့မရဘူးလား”
“မင်းက တော်တော်ပေါက်ပေါက်ရှာရှာတွေးတဲ့ကောင်မလေးပဲ၊ မှတ်ထား၊ အဆိပ်ဆိုတာ ကိုယ့်အဆိပ်ကိုယ်ပြန်စားရင် အမြဲဒုက္ခဖြစ်တယ်ကွ”
သို့နှင့် အဆိပ်ဘွားဘွားကိုနှုတ်ဆက်ကာ ထွက်လာခဲ့သည်။ အဆိပ်ဘွားဘွားက ရှဲန်ဆိုင်အား လက်ပြနှုတ်ဆက်လျှက်
“နောက်ကြုံရင် ငါ့ဆီကိုလာလည်အုံးနော်”
ရှန်ဆိုင်တို့ကလည်း ပြန်လည်လက်ပြကာ တောင်ကုန်းကလေးပေါ်မှဆင်းသွားလေသည်။ အဆိပ်ဘွားဘွားက ခေါင်းတစ်ချက်ခါလိုက်ကာသက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။
“မင်းနဲ့ နောက်လည်းထပ်ကြုံမှာ မဟုတ်တော့ပါဘူးလေ”
ထိုသို့ တိုးတိုးကလေး ရေရွတ်လိုက်လေသည်။
မိုင်းပွန်မြို့ကို ပြန်လည်ဖြတ်သန်းလာကြသည်။ နေ့လည်စာကိုတော့ မိုင်းပွန်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ကြသည်။ စားသောက်ဆိုင်တွင် စားသောက်ပြီးသောအခါ ဆိုင်မှထွက်လာကြသည်။ ထိုအခါ ရှဲန်ဆိုင်က ဆိုင်မှအကြော်ညှော်နဲ့တစ်ခုကို ရလိုက်ကာ နှာချေလိုက်တော့သည်။ သူနှာချေသည့် အနားတွင်တော့ ရှမ်းကြီလေးယောက်က ထိုင်လျှက် စားသောက်နေကြလေသည်။ ပေါ်ပေါ်ကြီးက စွန်ဖြူကလေးပေါ်သို့ တက်လိုက်စဉ်မှာပင် ရှမ်းကြီးလေးယောက်မှာ ပါးစပ်မှ အမြှုပ်များထွက်လျှက် တစ်ကိုယ်လုံးတုန်ယင်လာကြသည်။ ထို့နောက် စားပွဲပေါ်သို့ မှောက်လျက်လဲကျကုန်သည်။ ဆိုင်မှ စားပွဲထိုးကလေးက ပြေးလာပြီး ထိုရှမ်းကြီးများကို စမ်းသပ်ကြည့်ကြသည်။
“သေကုန်ပြီ၊ ဒီလူတွေအကုန်သေကုန်ပြီ”
ဈေးထဲရှိ လူများမှာ စားသောက်ဆိုင်သို့ ဝိုင်းအုံလျှက် တိုးဝှေ့ကြည့်ကြလေသည်။ ရှဲန်ဆိုင်တို့လည်း လူအုပ်ထဲမှ အတင်းတိုးကာ ထွက်လာခဲ့ကြတော့သည်။ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်ကိုကြည့်ပြီး
“မင်းဒီထက်ပိုပြီး သတိထားသင့်တယ် သမီး၊ မင်းကြောင့် အပြစ်မဲ့တဲ့လူလေးယောက် သေသွားခဲ့ရပြီ”
ရှဲန်ဆိုင်စိတ်ထဲ စိတ်မကောင်းတော့ဖြစ်မိသည်။ သို့သော် မတတ်နိုင်တော့ပေ၊ ရှဲန်ဆိုင်လမ်းလျှောက်နေရင်း နားထဲ အဆိပ်ဘွားဘွားပြောဆိုနေသည့် စကားများကိုပြန်လည်ကြားယောင်နေမိသည်။
“အခုအချိန်ကစပြီး မင်းတစ်ကိုယ်လုံးကအဆိပ်ဖြစ်သွားပြီ”
အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။