အပိုင်း (၂)
“ညီလေး မအိပ်သေးဘဲ ဘာလုပ်နေတာလဲကွ”
အနောက်မှအသံကြားသဖြင့် ငခမ်းထိတ်လန့်သွားသည်။ ကျားမုဆိုးဘတိုးက သူ့အနီးသို့ လမ်းလျှောက်လာလေသည်။
“ကျုပ်၊ ခေါင်းနှစ်လုံးနဲ့ ကျားကြီးကို မမြင်ဖူးလို့ အနီးကပ်လာကြည့်တာပါဗျာ”
“သိပ်လည်းအနီးမကပ်နဲ့အုံးကွ၊ ဒီကောင်ကြီးက တောရိုင်းကောင်ကြီးဆိုတော့ ဘယ်အချိန်စိတ်ထဖောက်မလဲဆိုတာ မသိနိုင်ဘူးကွ”
ဘတိုးက ခေါင်းနှစ်လုံးနှင့် ကျားကြီးအနီးသို့ လမ်းလျှောက်သွားလေသည်။
“အကိုဘတိုးရော ဘာလုပ်မလို့လဲ”
“အပေါ့သွားချင်လို့ကွ”
ထို့နောက် ဘတိုးက ခါးစည်းကြိုးကိုဖြေလိုက်ပြီး သူဝတ်ထားသည့်ဘောင်းဘီကို ချွတ်ချလိုက်ကာ ကျားကြီး၏ မျက်နှာအနီးတစ်ဝိုက်သို့ သေးဖြင့်ကော့ပန်းတော့သည်။ ငခမ်းလည်း နားမလည်နိုင်သဖြင့် မျက်လုံးအပြူးသားနှင့်ကြည့်နေလေသည်။ အသေးလေးက အသံတိုးတိုးကလေးဖြင့်
“ကျားကတော့ တော်တော်ဒေါသထွက်နေပြီဟေ့”
“အကိုဘတိုး အဲဒါဘာလုပ်တာလဲဗျ”
“ဒါက အကြောင်းရှိတယ်၊ နာမ်နှိမ်တယ်ဆိုတဲ့သဘောပဲကွ၊ ကိုယ်ဖမ်းလာတဲ့အကောင်ကို လိမ်မာယဉ်ကျေးသွားအောင်၊ နောက်ပြီးတော့ သူ့သခင်ကိုကြောက်အောင်လို့ ဒီလိုမျိုးသေးနဲ့ များများပန်းပေးရတယ်ကွ၊ ဟား၊ ဟား”
တစ်ညခင်းလုံးသောက်စားထားသည်မို့ ဘတိုး၏ သေးအိုင်ကြီးမှာ အကြီးကြီးဖြစ်နေလေသည်။ ဘတိုးက စိတ်တိုင်းကျဆီးသွားပြီးတော့မှ ဘောင်းဘီကို အေးအေးလူလူပြန်ဝတ်နေလေသည်။ ဘတိုးပြန်ထွက်သွားရာနောက်သို့ ငခမ်းလည်းလိုက်ပါခဲ့သည်။
“ဒါနဲ့အကိုဘတိုး၊ အကိုဘတိုးက ကျားတွေကို ညှို့နိုင်တဲ့အစွမ်းရှိတာလား”
“ဟား၊ ဟား၊ ကြွားတယ်လို့မထင်နဲ့ကွ၊ ကျားတွေကို ငါက ညှို့ယူပြီး ကြောင်ကလေးတစ်ကောင်လို လိမ်မာယဉ်ပါးသွားအောင် လုပ်နိုင်စွမ်းရှိတယ်၊ ဒါကြောင့်လည်း ငါ့ကို ကျားမုဆိုးလို့ခေါ်ကြတာပေါ့ကွာ၊ ငါ့ဘဝတစ်လျှောက် ကျားတွေတော်တော်များများကို ဖမ်းပြီးတော့ ယဉ်ကျေးအောင်လုပ်ပေးခဲ့ဖူးပြီ”
“ယဉ်ကျေးသွားတဲ့ကျားတွေကို အကိုဘတိုးက ဘာလုပ်တာလဲ”
“ပြန်ရောင်းတာပေါ့ကွ၊ ကျားတွေကို လူအတော်များများက အရှင်လိုချင်ကြတယ်၊ သူတို့ပြောတာကတော့ သူတို့နိုင်ငံမှာ ပြဖို့ဆိုလားပဲကွာ၊ ဒါတွေငါဂရုမစိုက်ပါဘူး၊ ငါ့အလုပ်က ကျားဖမ်းမယ်၊ ဝယ်တဲ့သူရှိရင် ရောင်းမယ်၊ ဒီလောက်ပဲ”
“ဒါဆို အခုဒီကောင်ကြီးကိုရော ရောင်းမှာပေါ့”
“ဒီကောင်ကြီးက ရောင်းစရာမလိုတော့ဘူးကွ၊ လူတစ်ဦးက ငါ့ကိုငွေကြေးကြိုတင်ပေးပြီးတော့ ဒီကောင်ကြီးရှိတဲ့နေရာကို လမ်းညွှန်ပေးပြီးသား၊ အခုငါဖမ်းမိပြီဆိုတော့ သူ့လက်ကိုသွားအပ်လိုက်ရုံပဲ”
“အဲဒီလူက ဘယ်သူလဲ”
ငခမ်းမေးလိုက်တော့ ဘတိုးက ငခမ်းကိုလှည့်ကြည့်လိုက်ပြီး မျက်စောင်းထိုးလိုက်သည်။ ငခမ်းလည်း စကားလွန်သွားပြီမှန်း သိလိုက်သည်။
“ဘာလဲ ညီလေးက အဲဒီလူကိုသိတော့ ဟောဒီကျားကြီးကိုခိုးပြီးတော့ ညီလေးကိုယ်တိုင်သွားရောင်းမလို့လား”
ငခမ်းက လက်ကာပြလိုက်ပြီး
“မဟုတ်ပါဘူး အကိုဘတိုးရာ၊ ကျုပ်က ဒီအတိုင်းသိချင်လို့မေးတာပါ၊ အကိုဘတိုးမပြောပြချင်လဲ ရပါတယ်၊ နောက်ပြီး ညီလေးက ဒီကျားကြီးကို ခိုးရအောင် ညီလေးက အကိုဘတိုးလိုမျိုး ကျားကိုလိမ်မာအောင်မှ မလုပ်တတ်တာဗျ”
ငခမ်းက ရယ်ကျဲကျဲနှင့်ပြောလိုက်တော့မှ ဘတိုးမျက်နှာပြေသွားသည်။ ဘတိုးက ငခမ်းအနီးသို့တိုးကပ်လာပြီး ငခမ်းလည်ပင်းကိုဖက်လိုက်သည်။
“လာပါညီလေးရာ၊ သိပ်ပြီးမသိချင်နဲ့ကွ၊ အိပ်စရာရှိတာ စောစောအိပ်တော့၊ မနက် နေမမြင့်ခင် ခရီးဆက်ရအုံးမယ်မဟုတ်လား”
ဘတိုးဆွဲခေါ်ရာနောက်သို့ ငခမ်းတစ်ယောက် လိုက်ပါသွားမိသည်။ ဘတိုးက သူ့အိပ်ရာပေါ်တွင် အိပ်ချလိုက်သည်။ ထို့နောက်မကြာခင်မှာပင် တခေါခေါနှင့်အိပ်ပျော်သွားလေသည်။ မုဆိုးများ အတုံးအရုံးအိပ်ပျော်နေကြသော်လည်း ကင်းစောင့်နေသည့်မုဆိုးများကတော့ တချက်မှ မငိုက်ဘဲ တစ်ညလုံး သတိဝိရီယကြီးကြီးဖြင့် စောင့်ကြပ်နေကြလေသည်။
(၅)
နေမမြင့်ခင် သူတို့အဖွဲ့ထွက်လာခဲ့ကြသည်။ မြင်းလှည်းသုံးစီးရှိပြီး ထိပ်ဆုံးမြင်းလှည်းတွင် ဘတိုးက ထိုင်စီးကာ လိုက်ပါလာခဲ့သည်။ ငခမ်းကိုတော့ ဘတိုးက သူ့အနားတွင်သာခေါ်ထားသည်။ မြင်းလှည်းအနောက်တွင် ဆင်လှည်းရှိကာ ဆင်လှည်း၏ အနောက်ဆုံးတွင်တော့ မုဆိုးနှစ်ယောက်က မြင်းများဖြင့် လိုက်ပါလာလေသည်။
“တောရိုင်းတိရစ္ဆာန်တွေဆိုတာ သူ့အထာနဲ့သူရှိကြတယ်ကွ၊ အခုငါတို့ ခိုင်းနေတဲ့ ကျွဲတွေ၊ နွားတွေ၊ မြင်းတွေဆိုရင်လည်း တစ်ချိန်က တောရိုင်းကောင်တွေပဲမဟုတ်လားကွ၊ အေး၊ အဲဒီလိုပဲ ကျွဲတို့ နွားတို့ကို ယဉ်အောင်လုပ်တဲ့နည်းလမ်းရှိသလို၊ ဟောဒီ ကျားတွေကိုလည်း ယဉ်ပါးအောင်လုပ်တဲ့နည်းလမ်းရှိတယ်ကွ၊ ငါက အဲဒီနည်းလမ်းကိုသိထားတာပေါ့”
ဘတိုးက ခေါင်ရည်ကလေးမော့လိုက်၊ စကားလေးပြောလိုက်နှင့် လိုက်ပါလာခဲ့သည်။
“ဒါဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ယဉ်ကျေးအောင်လုပ်နိုင်တာလဲ”
“လွယ်လွယ်လေးပါကွ၊ တောရိုင်းကောင်တွေက ကိုယ့်ကို သူတို့ရဲ့ ရန်သူလို့ မမြင်ဘဲ မိတ်ဆွေလိုမြင်သွားရင် သူတို့က ကိုယ့််အပေါ်ယဉ်ကျေးသွားပြီလေကွာ၊ အဲဒီကနေမှ တဆင့်ပြီးတစ်ဆင့် သူတို့နဲ့ဆက်ဆံရေးတည်ဆောက်ပြီး သူငယ်ချင်းတွေဖြစ်သွားကြပြီဆိုရင် အဲဒီတောရိုင်းကောင်က ကိုယ့်အပေါ်ကိုလုံး၀ ယုံကြည်သွားပြီကွ”
ဘတိုးက ဘူးသီးခြောက်ထဲမှ ခေါင်ရည်ကိုမော့သောက်နေလေသည်။
“နောက်ပြီး အဲဒီလိုခင်မင်မှုရဖို့ အရေးအကြီးဆုံးက ဘာလို့မင်းထင်သလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံဖို့ပေါ့”
ငခမ်းက စဉ်းစားရင်း ညကအကြောင်းတွေကို ပြန်တွေးမိသွားသည်။
“တောရိုင်းကောင်တွေနဲ့ဆက်ဆံဖို့ဆိုရင် သူတို့စကားကိုနားလည်ဖို့ လိုမယ်ထင်တယ်”
ဘတိုးက ရယ်မောလိုက်ပြီး ငခမ်း၏ ပုခုံးကိုပုတ်ထည့်လိုက်သည်။
“ဟား၊ ဟား ဟုတ်တယ်ဟေ့၊ ငါ့ညီက ဘယ်ဆိုးလို့လဲကွ၊ သဘောပေါက်လွယ်သားပဲ၊ ဒါဆိုရင် ငါထပ်မေးမယ်ကွာ၊ တောရိုင်းကောင်တွေကို ဘယ်လိုစကားနဲ့ ဆက်သွယ်မလဲ”
“ကျုပ်ကြားဖူးတာကတော့ မဂဓ ဘာသာစကားဆိုသလားပဲ၊ ကျုပ်လည်း အသေးစိတ်တော့မသိဘူး”
“ဟုတ်တာပေါ့ကွာ၊ အဲဒီဘာသာစကားတတ်ရင် တောရိုင်းကောင်တွေနဲ့ဆက်သွယ်စကားပြောနိုင်တာပေါ့ကွာ”
“ဒါဆို အကိုဘတိုးက တောရိုင်းကောင်တွေအကုန်လုံးရဲ့ စကားကိုနားလည်တယ်ပေါ့”
ဘတိုးက ခေါင်းခါလိုက်သည်။
“ငါနားလည်တာက ကျားရဲ့စကားကိုပဲ နားလည်တာကွ”
“ကျုပ်မရှင်းဘူးဗျာ၊ ဘာသာစကားမှာ အဲဒီလိုတစ်မျိုးတည်းနားလည်တာရှိရဲ့လား”
“အတိုချုံးပြီးပြောရရင် ငါငယ်ငယ်က အဖေနဲ့အတူတူ သစ်ခုတ်သွားတယ်ကွာ၊ အဲဒီတောက ကျားဆိုးရှိတဲ့တောကြီး၊ တော်ရုံလူမဝင်ရဲဘူးကွ၊ အဲဒီအချိန်မှာ စော်ဘွားတစ်ယောက်က ဟော်နန်းဆောက်ဖို့ သစ်လုံးတွေကိုဈေးကောင်းပေးဝယ်နေတယ်ဆိုတော့ အဖေနဲ့ငါလည်း စွန့်စားပြီးတော့ အဲဒီတောကြီးထဲကို သွားတာပေါ့ကွာ၊ ခုတ်ဖို့သစ်ပင်တွေမှတ်ပြီး ပြန်အထွက်မှာ ကျားနဲ့တိုးပါရောကွာ၊ ဒါပေမယ့် ငါတို့နားမှာ ရသေ့ကြီးတစ်ပါးပေါ်လာတယ်ကွ၊ သူက ကျားကိုဘာပြောလိုက်သလဲတော့မသိဘူး ကျားက လှည့်ထွက်သွားတယ်”
“ငါတို့လည်း ရသေ့ကြီးကို ကန်တော့ကြတာပေါ့ကွာ၊ ဒါနဲ့ ရသေ့ကြီးက ကျားရဲ့စကားကို နားလည်နိုင်ပြီး ကျားတွေချစ်စေမယ့် ပညာတစ်ခုသင်ပေးမယ်တဲ့၊ ဒါပေမယ့် တစ်ယောက်ပဲ သင်လို့ရမယ်ဆိုတော့ ငါ့အဖေက ငါ့ကိုသင်စေခဲ့တာ၊ အဲဒီမှာ ငါက ကျားတွေရဲ့စကားကို နားလည်သွားပြီး ကျားတွေကလည်း ငါ့ကိုချစ်ခင်ကြပြီး ရန်မပြုကြတော့ဘူးပေါ့ကွာ”
ငခမ်းက နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။
“မင်းရောတတ်ချင်နေပြီလားကွ ညီလေး၊ ဒါပေမယ့် ငါသင်ပေးလို့မရဘူး၊ ငါက တစ်ခြားသူကိုမသင်ပေးပါဘူးလို့ ရသေ့ကြီးဆီမှာ ကတိသစ္စာဆိုခဲ့ပြီးသားကွ”
“ရပါတယ်ဗျာ”
သူတို့ဆက်လက်ခရီးဆက်လာခဲ့ကြရင်း မကြာခင်အချိန်တွင် အောင်ပန်းမြို့ဆီသို့ရောက်လာခဲ့သည်။ အောင်ပန်းမြို့မှာ အလွန်စည်ကားသည့်မြို့တစ်မြို့ဖြစ်သည်။ မြို့အပြင်ဘက်တွင် ဈေးတန်းကြီးရှိပြီး ထိုဈေးတန်းတွင် လူအများရောင်းဝယ်ဖောက်ကားနေကြသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် မြေပြန့်ဒေသတို့ ထိတွေ့ဆက်ဆံသည့် တံခါးပေါက်သဖွယ်ဖြစ်နေသည်မို့ ရှမ်းပြည်မှကုန်သည်များနှင့် မြေပြန့်မှကုန်သည်များတွေ့ဆုံကာ ကုန်စည်ခြင်းလဲလှယ်ကြသည့် နေရာတစ်ခုဖြစ်သည်။ ဈေးကိုကျော်လွန်ခဲ့သည့်အခါ အုတ်မြို့ရိုးကြီးနှင့် မြို့တံခါးကိုတွေ့ရသည်။ မြို့တံခါးဝတွင်တော့ ရဲမက်များက စောင့်ကြပ်လျှက်ရှိပြီး မြို့တွင်းသို့ဝင်မည့် လူများကိုရှာဖွေစစ်ဆေးနေလေသည်။
“ဟေ့ ရပ်လိုက်ကြစမ်း”
လှည်းတန်းကြီး မြို့ရိုးအနားသို့ တိုးကပ်လာသည့်အခါ အစောင့်ရဲမက်များက တားဆီးလိုက်ကြသည်။
“ရပ်စမ်း၊ မင်းတို့ဘယ်သူတွေလဲ၊ ဘယ်ကလာတာလဲ”
ဘတိုးက လှည်းပေါ်မှခုန်ဆင်းသွားလိုက်သည်။ ထို့နောက် သူလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စာရွက်တစ်ရွက်ကိုထုတ်လိုက်ကာ ရဲမက်ခေါင်းဆောင်ကို ပြသလိုက်သည်။
“ခင်ဗျားတွေ့လား၊ ဒီစာရွက်က စော်ဘွားကြီးငါးဦးကိုယ်တိုင် လက်မှတ်ရေးထိုးထောက်ခံထားတဲ့ ခရီးသွားလာခွင့်စာရွက်ပဲ”
ရဲမက်ခေါင်းဆောင်က စာရွက်မှစာများကိုဖတ်ကြည့်နေသည်။ ထို့နောက် ရဲမက်ခေါင်းဆောင်က ထိတ်လန့်သွားပုံရသည်။
“ဟုတ်ကဲ့၊ သွားလို့ရပါပြီ၊ ဒါနဲ့ ခင်ဗျားတို့ ဘာတွေသယ်လာခဲ့တာလဲ”
ဘတိုးက ရဲမက်လက်ထဲမှ စာရွက်ကိုပြန်ဆွဲယူလိုက်ကာ အသေအချာခေါက်လိုက်ပြီး လွယ်အိတ်ထဲသို့ပြန်ထည့်လိုက်သည်။ ထို့နောက် ရဲမက်ခေါင်းဆောင်ကို တစ်ချက်မျက်စောင်းထိုးပြီးကြည့်လိုက်ကာ
“ခင်ဗျားစာထဲမှာ မဖတ်ရဘူးလား၊ အမေးအမြန်း၊ အစစ်အဆေး မရှိရဆိုတာလေ”
ရဲမက်ခေါင်းဆောင်က ဘာမှမပြောတော့ဘဲ အနောက်ဆုတ်ပေးလိုက်သဖြင့် ကျန်သည့်ရဲမက်များလည်း လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့လှည်းက အေးအေးလူလူပင် မြို့အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ လှည်းပေါ်တက်လာသည့် ဘတိုးအနီးသို့ ငခမ်းကတိုးကပ်သွားလိုက်သည်။
“အဲဒီစာရွက်ကလေးက တော်တော်စွမ်းတာပဲနော်၊ ကျုပ်ကိုပေးဖတ်ပါလား”
ဘတိုးက စာရွက်ခေါက်ကလေးကို ငခမ်းလက်ထဲသို့ထည့်ပေးလိုက်သည်။ ငခမ်းက စာကိုအသေအချာဖတ်ကြည့်သည်။
“ယခုစာကို ကိုင်ဆောင်ထားသူသည် စော်ဘွားငါးဦး၏ အမိန့်တံဆိပ်ကို ကိုင်ဆောင်ထားပြီးဖြစ်သည့်အတွက် မည်သည့်နေရာသို့မဆို အစစ်အဆေး၊ အတားအဆီးမရှိဘဲ သွားလာနိုင်သည်”
ထိုအောက်တွင် မင်နီဖြင့် တံဆိပ်တုံးများကို ရိုက်နှိပ်ထားသလို မင်နက်ဖြင့်လက်မှတ်ထိုးသကဲ့သို့ ရေးထိုးထားသည်ကိုလည်းတွေ့ရသည်။ စာရွက်ကလေးကို ခေါက်လိုက်သည့်အခါ လင်းနို့ပုံစံ မင်နက်ဖြင့် ဆွဲထားသည်ကိုလည်း တွေ့လိုက်ရသေးသည်။
“ဒီစာကို ခင်ဗျားဘယ်လိုရခဲ့တာလဲ ကိုဘတိုး”
ငခမ်းအမေးကိုကြားတော့ ဘတိုးက တဟားဟားဖြင့်ရယ်မောနေလေသည်။
“မင်းရော အဲဒီစာကိုဖတ်ပြီး ငါ့ကိုနည်းနည်းတော့ ကြောက်သွားတယ်မဟုတ်လားကွ”
ငခမ်းက ခေါင်းညိတ်လိုက်သည်။
“ဟား၊ ဟား၊ တကယ်တော့ အဲဒီစာက အတုကြီးကွ”
ငခမ်းမျက်လုံးပြူးသွားသည်။
“ဘယ်လိုဗျ”
“ဟား၊ ဟား ဒီကောင်တွေလို တံခါးစောင့်တဲ့အဆင့်လောက်ရှိတဲ့ ရဲမက်တွေက စော်ဘွားတွေဘယ်လိုလတ်မှတ်ထိုးတယ်ဆိုတာ မြင်ဖူးမှာတဲ့လားကွ၊ မှတ်ထားကွ၊ ဒီကောင်တွေဆိုတာ စော်ဘွားဆိုတဲ့အသံကြားတာနဲ့ ပြာပြာသလဲကို ကြောက်နေတတ်ကြတာ”
“အကိုဘတိုးရာ၊ ဒီဟာအတုကြီးဆိုတာ သိသွားလို့ကတော့ ကျုပ်တို့ကိုစော်ဘွားတွေက ဖမ်းပြီး အမှုန့်ကြိတ်ပစ်မှာဗျ”
“အောင်မယ်၊ ပေးစမ်းပါ၊ ငါ့ကိုအဲဒီစာရွက်ကလေးပြန်ပေး၊ ငါက ဒါလေးနဲ့လုပ်စားနေရတာကွ”
ငခမ်းက စာရွက်ကလေးကို ပြန်ပေးလိုက်သည့်အခါ ဘတိုးက စာရွက်ခေါက်ကလေးကို လွယ်အိတ်ထဲသို့ပစ်ထည့်လိုက်သည်။
မြို့အထွက်တွင် မုဆိုးများအားလုံး စုရုံးကာတိုင်ပင်ကြသည်။
“ရာသီဥတုအခြေအနေ မကောင်းဘူး ခေါင်းဆောင်ကြီး၊ ကျုပ်တို့ ဒီမြို့မှာ တစ်ညနားသင့်တယ်ထင်တယ်၊ ရှေ့ဆက်သွားရင် မြို့ရောက်ဖို့လှမ်းသေးတယ်နော်”
“မင်းတို့ကလည်း စဉ်းစားစမ်းပါဟ၊ ဒီကျားကြီးနဲ့ ဒီမြို့မှာဆက်နေမယ်ဆိုရင် မတော်လို့ ကျားက ထအော်လိုက်ရင် ငါတို့တွေအကုန် ပြဿနာတက်ကုန်မှာပေါ့ကွ၊ ပြီးတော့ ဒီကျားကြီး မြန်မြန်ရောက်လေလေ ငါတို့ငွေမြန်မြန်ရလေလေမဟုတ်ဘူးလား၊ ငါတို့အချိန်ရှိခိုက် ခရီးဆက်ကြမယ်၊ လမ်းခရီးမှာ နားမယ်ဆိုရင်လည်း လူရှင်းတဲ့နေရာမှာ နားမှအဆင်ပြေမယ်”
ခေါင်းဆောင်ဖြစ်သူ ဘတိုး၏ အမိန့်ကိုအားလုံးက လိုက်နာပြီး အောင်ပန်းမြို့မှ အလျှင်အမြန်ထွက်ခွာလာခဲ့ကြသည်။ ညနေစောင်းသည့်အခါ အောင်ပန်းနှင့် တော်တော်လှမ်းသည့် နေရာသို့ရောက်နေပြီဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်တွင် ကျယ်ပြောလှသည့် ကွင်းပြင်ကြီးများရှိပြီး ခပ်လှမ်းလှမ်းတွင်တော့ တောအုပ်များကိုမြင်တွေ့နေရသည်။ နေဝင်သွားပြီဖြစ်သဖြင့် ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်မိုက်လာလေသည်။
“ခေါင်းဆောင်ကြီး မြင်းတွေပန်းနေလောက်ပြီ၊ ညမှောင်ရင် ဒီကောင်တွေ သိပ်မမြင်ရတော့ဘူး”
“မောင်းလို့ရသလောက် ဆက်မောင်းကြစမ်းပါကွ၊ လုံးဝမှောင်သွားရင် ငါတို့နားကြတာပေါ့”
မြင်းလှည်းများကို မောင်းနှင်လာရင်း တစ်နေရာအရောက်တွင် လမ်းဘေးတွင်ပေါက်နေသည့် သစ်ပင်ကြီးမှာ သူတို့အရှေ့တွင်ဝုန်းခနဲ လဲကျသွားလေသည်။
(၆)
ဘတိုးက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
“အခြေအနေမကောင်းဘူးဟေ့၊ တစ်ခုခုတော့ တစ်ခုခုပဲ”
ထိုစဉ်မှာပင် လမ်းဘေးဝဲယာမှ မီးရောင်များလင်းလက်လာပြီး ချုံပုတ်များအတွင်းမှ လူများထွက်လာလေသည်။ သေနတ်ကိုင်ထားသည့် လူတစ်ယောက်က လဲကျသွားသည့် သစ်ပင်ကြီးပေါ်သို့ ခုန်တက်လာလေသည်။
“ကဲ ရှမ်းပြည်တစ်ခွင်မှာ နာမည်ကျော်ကြားတဲ့ ကျားမုဆိုး ကိုဘတိုးကို ကျုပ်က ကြိုဆိုပါတယ်”
ဘတိုးက မြင်းလှည်းပေါ်တွင် မတ်တပ်ထရပ်လိုက်ပြီး ထိုလူအား လက်ညှိုးထိုးလိုက်သည်။
“မင်းဘယ်သူလဲ၊ ဘာလို့ ငါတို့လမ်းမှာ လာပိတ်နေတာလဲ”
“ကျုပ်က ခင်ဗျားလိုနာမည်ကြီးတဲ့လူမဟုတ်တော့ ကျုပ်နာမည်ကိုပြောလို့လည်း ခင်ဗျားသိမှာမဟုတ်ပါဘူးဗျာ”
“ထားလိုက်ပါ၊ မင်းကဘာလိုချင်တာလဲ”
“ကျုပ်လိုချင်တာ ခင်ဗျားရဲ့ ခေါင်းနှစ်လုံးကျားကြီးကိုပဲ”
ထိုလူက ဆင်နှစ်ကောင်ဆွဲထားသည့် လှည်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။ ဘတိုးတစ်ယောက် အလွန်အံ့အားသင့်သွားသည်။
“ငါတို့ ဒီကျားကြီးကို သယ်လာတယ်ဆိုတာ မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ”
“အဲဒါတွေအသာထားပါ၊ ဒီမယ်ကိုဘတိုး ကျုပ်တစ်ခုအကြံပေးမယ်နော်၊ ခင်ဗျားတို့တွေအကုန်လုံးအသက်ရှင်ချင်တယ်ဆိုရင် ကျားကြီးကိုထားခဲ့ပြီး ခင်ဗျားတို့လာတဲ့လမ်းအတိုင်း ပြန်ပြေးကြပေတော့”
ဘတိုးက မဲ့ပြုံးပြုံးလိုက်သည်။
“ငါက မင်းပေးတဲ့အကြံကိုလက်မခံဘူးဆိုရင်ရော”
ထိုလူက ဘတိုးကိုသေနတ်ဖြင့်ထိုးချိန်လိုက်သည်။
“ဒါဆိုရင် ကျားကလွဲလို့ ကျန်တဲ့သူတွေအားလုံး သေရမှာပေါ့ဗျာ”
လမ်းဘေးတစ်ဖက်တစ်ချက်မှ လူများကလည်း သေနတ်ရှည်များထုတ်ကာ ချိန်ရွယ်ထားလိုက်ကြသည်။ မုဆိုးများမှာ ဘတိုးဆုံးဖြတ်ချက်ကိုစောင့်နေကြလေသည်။ ဘတိုးက တစ်ချက်စဉ်းစားနေသည်။ ငခမ်းက ဘတိုးအနားသို့တိုးကပ်သွားသည်။
“ကိုဘတိုး၊ လူတွေအားလုံးမသေရအောင် ကျားကိုသူ့ကိုပေးလိုက်ပါဗျာ”
“တိတ်စမ်း၊ ဒီကျားက ငါ့ဘဝတစ်ခုလုံးပဲကွ၊ ငါ့ဘဝမှာ ကျားတွေအများကြီးဖမ်းလာခဲ့ပေမယ့် ဒီလိုခေါင်းနှစ်လုံးနဲ့ကျားရတာ ပထမဆုံးကွ၊ ဒီကောင်က ဒီကျားကိုယူသွားပြီး သူတို့ဖမ်းတယ်ဆိုပြီးသတင်းဖြန့်လိုက်ရင် ငါက ငပေါကြီးဖြစ်သွားမှာပေါ့ကွ”
ဘတိုးပြောတာလဲ ယုတ္တိရှိသဖြင့် ငခမ်းဘာပြောရမှန်းမသိတော့ပေ၊
“ဟေ့ ဓါးပြကောင်၊ မင်းတို့ကျားကိုယူပြီး ဘာလုပ်မလို့လဲကွာ၊ ငါတို့ဆီမှာ ရွှေတွေပါလာတယ်၊ မင်းယူမယ်ဆိုရင် ငါအကုန်ပေးမယ်”
သေနတ်ကိုင်ထားသည့်လူက ခေါင်းခါသည်။
“ကျုပ်ကတော့ ကျားဆိုမှ ကျားကိုပဲ လိုချင်တာပါဗျာ”
“ဒါဆိုရင်လည်း ဒီလိုလုပ်ကွာ၊ ငါဒီကျားကို အပ်ရမယ့်လူဆီကို သွားအပ်လိုက်မယ်၊ သူက ငါ့ကိုရွှေတွေထပ်ပေးမယ်၊ အဲဒီအခါကျတော့ ငါဒီကိုပြန်လာပြီးတော့ သူထပ်ပေးတဲ့ရွှေတွေကိုရော၊ ငါတို့ဆီက ရွှေတွေကိုပါ မင်းကိုအကုန်ပေးမယ်ကွာ”
“ခင်ဗျားကြီး တော်တော်ဒုံးဝေးတာပဲဗျာ၊ ကျုပ်က ရွှေမလိုချင်ဘူးဗျ၊ ကျုပ်က အဲဒီခေါင်းနှစ်လုံးကျားကြီးကိုပဲလိုချင်တာ”
ထိုစဉ် မြင်းလှည်းတစ်ခုအတွင်းမှ မြားတစ်စင်းပျံထွက်လာပြီး သေနတ်ကိုင်ကာ စကားပြောနေသည့် လူငယ်၏ လည်ပင်းကိုထိုးဖောက်ဝင်သွားလေသည်။ လူငယ်လည်း သူ့လည်ပင်းကိုသူ လက်နှင့်အုပ်လိုက်ပြီးနောက် သူ့လက်ထဲမှသေနတ်ကိုပစ်ထည့်လိုက်သည်။
“ဒိန်း”
ခေါင်းဆောင်ဖြစ်သူ သေနတ်ပစ်သည်မို့ ကျန်သည့် ဓါးပြများလည်း သေနတ်များဖြင့်ဝိုင်းပစ်ကြသည်။ ဓါးပြများ၏ လူအင်အားမှာ သုံးဆယ်ခန့်ရှိပြီး သူတို့မုဆိုးများနှင့် အင်အားမတိမ်းမယိမ်းရှိသော်လည်း ဓါးပြများမှာ သေနတ်များနှင့်မို့ မုဆိုးများအထိနာကုန်သည်။ ဓါးပြများလက်ချက်ဖြင့် မုဆိုးဆယ်ယောက်ခန့်ကျဆုံးသွားသည်။ ထိုသေနတ်များမှာ တစ်ချက်သာပစ်၍ရသည့် သေနတ်များဖြစ်သည်မို့ သေနတ်ပစ်ပြီးသည့်အခါ ဓါးပြများက ဓါးများကိုထုတ်လျှက် လှည်းများပေါ်သို့ခုန်တက်ကြသည်။ လှည်းပေါ်တွင် ကျန်ရစ်သည့် မုဆိုးများနှင့် တိုက်ခိုက်ကြတော့သည်။
တိုက်ပွဲက လှည်းလမ်းပေါ်တွင် ပြင်းထန်နေလေသည်။ ဘတိုး၏ ပေါင်ရင်းကို ကျည်ဆန်ထိမှန်သွားသဖြင့် ဘတိုးလဲကျသွားသည်။
“အကိုဘတိုး သွားရအောင်”
“ငါမသွားဘူး၊ အဲဒီကျားကြီးမပါဘဲ ငါမသွားဘူးကွ”
“အချိန်သိပ်မရှိဘူး၊ ဓါးပြတွေ ကျည်ဆန်ပြန်ဖြည့်နေတုန်း ကျုပ်တို့သွားမှရမယ်”
ငခမ်းက ဘတိုးကိုထမ်းပိုးလိုက်သည်။ ထို့နောက် မြင်းလှည်းပေါ်မှခုန်ချလိုက်ပြီး ဆင်လှည်းဆီသို့ ပြေးလာခဲ့သည်။ ဆင်များမှာ ကြောက်လန့်နေပြီး ခြေဦးတည့်ရာ ပြေးလွှားချင်နေလေသည်။ ငခမ်းက ဆင်များနှင့်တွဲချည်ထားသည့် လှည်းသံကြိုးများကို လက်ဖြင့်ရိုက်ကာ ဖြတ်ထည့်လိုက်သည်။ ထို့နောက် လှည်းကြီးပေါ်ရှိ ဖျင်စကြီးကိုဆွဲဖယ်လိုက်သည်။
“မောင်ခခွေး၊ မင်းဘာလုပ်မလို့လဲ”
“ကိုဘတိုးပဲ ကျားကြီးမပါဘဲ မသွားဘူးဆို”
“မင်းက အဲဒီတော့ ကျားကြီးကိုလွှတ်ပေးတော့မလို့လား”
“မလွတ်ပေးပါဘူးဗျာ၊ ကိုဘတိုးက ကျားဂုတ်ပေါ်ကိုတက်ပြီး ကျားကြီးကိုထွက်ပြေးဖို့အမိန့်ပေးလိုက်တော့”
ဘတိုးနှင့် ငခမ်းတို့ ကျားဂုတ်ပေါ်သို့တက်ထိုင်လိုက်သည်။ ဘတိုးက ကျားခေါင်းကိုပွတ်လိုက်ပြီး
“ဖေ့သားကြီးရေ၊ ပြေးတော့ဟေ့”
ကျားကြီးမှာ ရုန်းကန်လိုက်ပြီး သံကြိုးများကို ခါချလိုက်သည်။ သံကြိုးများမှာ ကျားကြီးအားကြောင့် အပိုင်းပိုင်းပြတ်ထွက်ကုန်သည်။ ငခမ်းထင်ထားသည့်အတိုင်း ဓါးပြဆယ်ဦးခန့်က သေနတ်များကိုကျည်ဆန်ထပ်ဖြည့်ပြီးပြီမို့ ကျားကြီးကိုသေနတ်များဖြင့် ထိုးချိန်လိုက်လေသည်။ ထိုအခါ လည်ပင်းကိုမြားထိထားသည့် ဓါးပြခေါင်းဆောင်လူငယ်က
“မပစ်နဲ့၊ ကျားကိုကျည်ဆန်ထိရင် ကျားသေသွားလိမ့်မယ်”
ထိုစဉ် ကျားကြီးမှာ တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် ခြေစုံဖွင့်လျှက် ထွက်ပြေးတော့သည်။ ကျားကြီး၏ ခေါင်းတစ်ဖက်တွင် အစိမ်းရောင်အလင်းတန်းကြီးထွက်ပေါ်နေပြီး မျက်လုံးတစ်ဖက်တွင်တော့ အနီရောင်အလင်းတန်းကြီးက ထွက်ပေါ်နေလေသည်။ ကျားကြီးက ကွင်းပြင်ကိုဖြတ်သန်းပြေးလွှားပြီး မကြာခင်မှာပင် တောတန်းကလေးဆီသို့ ရောက်သွားခဲ့တော့သည်။
“ရပ်တော့၊ ရပ်တော့”
ဘတိုးက အမိန့်ပေးလိုက်တော့မှ ကျားကြီးက ရပ်တန့်လိုက်လေသည်။ တောတန်းကလေးအတွင်း စမ်းချောင်းကလေးရှိပြီး စမ်းရေများစီးဆင်းနေလေရာ ကျားကြီးမှာ မောမောနှင့်စမ်းရေများကို ကုန်းသောက်နေလေသည်။ ငခမ်းက ဘတိုးကိုတွဲထူပြီး သစ်ပင်တစ်ပင်အောက်တွင် ချပေးလိုက်သည်။ ဘတိုး၏ ပေါင်ရင်းတွင် သေနတ်ကျည်ဆန်ဖောက်ဝင်နေပြီး သွေးများက စီးကျနေလေသည်။
“မင်းလုပ်တာမဟုတ်လား ညီလေး”
ဘတိုးပြောလိုက်သဖြင့် ငခမ်းအံ့အားသင့်သွားသည်။
“ဘာကိုပြောတာလဲ”
“မင်းငါတို့ကို သစ္စာဖောက်တာမဟုတ်လား၊ မင်းနဲ့တွေ့ကတည်းက တစ်ခုခုထူးခြားနေတယ်လို့ ငါထင်နေခဲ့တာ၊ မင်းက ငါတို့ကျားဖမ်းတဲ့နေရာကိုရောက်လာတယ်၊ ပြီးတော့ ကူညီသလိုလိုနဲ့ ငါတို့အဖွဲ့ထဲကို ဝင်ရအောင်ချဉ်းကပ်ခဲ့တယ်မဟုတ်လား”
“မဟုတ်ဘူး အကိုဘတိုး”
“မင်းမလိမ်စမ်းပါနဲ့ကွာ၊ ပြီးတော့ ညတုန်းကလည်း မင်းကျားကြီးအနားကိုတစ်ယောက်တည်းသွားပြီးတော့ ကြည့်နေခဲ့တယ်မဟုတ်လား၊ မင်းက သစ္စာဖောက်ပဲ၊ မင်းက ရန်သူ့ကိုသတင်းပေးတဲ့လူပဲ၊ ရန်သူက ငါတို့ခေါင်းနှစ်လုံးကျားကို သယ်လာတယ်ဆိုတာ တပ်အပ်သိနေပုံထောက်တော့ ငါတို့ထဲက တစ်ယောက်ယောက်က သတင်းပေးထားလို့နေမှာလို့ ငါတွေးနေမိတာ”
ဘတိုးက တစ်ဖက်သတ်အထင်များဖြင့် ငခမ်းကိုစွပ်စွဲလေသည်။ ငခမ်းက ပြန်လည်ရှင်းပြရန်အတွက် ကြိုးစားသော်လည်း ဘတိုးက လက်မခံပေ။
“ဒါဆို ကျုပ်က အကိုဘတိုးပြောသလို သစ္စာဖောက်ဆိုရင် ဘာလို့ ကိုဘတိုးကို ကယ်မှာလဲ”
“မင်းငါ့ကိုမကယ်ပါဘူးကွာ၊ မင်းတို့အကြံက ကျားကြီးရယုံတင်မဟုတ်ပါဘူး၊ မင်းက ငါ့ကိုကယ်သလိုလိုနဲ့ လူရှင်းတဲ့တောထဲကိုခေါ်လာမယ်၊ ပြီးရင် ငါ့ကိုသတ်မယ်ဆိုပြီး ခြိမ်းခြောက်မယ်၊ ပြီးတော့ ငါ့ဆီက ကျားချစ်တဲ့မန္နန်ကို သင်ပေးအောင်လို့ အကြပ်ကိုင်မယ်မဟုတ်လား”
“မဟုတ်ဘူး၊ ကျုပ်မှာဒီလိုရည်ရွယ်ချက်မရှိဘူး”
“လုပ်စမ်းပါကွာ၊ မင်းတို့လုပ်ချင်တာလုပ်စမ်းပါ၊ မင်းငါ့ကိုသတ်ချင်တယ်ဆိုရင် သတ်လိုက်၊ ငါကတော့ မင်းကိုဘာမှသင်ပေးနိုင်မှာမဟုတ်ဘူး”
ငခမ်းက အနီးသို့တိုးကပ်လိုက်သည့်အခါ ဘတိုးက သူ့ခါးတွင်ဝှက်ပြီးဆောင်ထားသည့် ဓါးမြှောင်ကလေးကိုထုတ်လိုက်ပြီး ငခမ်းဆီသို့ပစ်သွင်းလိုက်သည်။ ဓါးမြှောင်ကလေးက ငခမ်း၏ ဘယ်ဖက်ရင်အုံတည့်တည့်ကိုစိုက်ဝင်သွားလေသည်။ ငခမ်းမျက်လုံးတွေပြာသွားသည်။ ခြေထောက်တွေ အားလျော့လာသလိုဖြစ်ပြီး ဒူးထောက်ကျသွားသည်။ ထိုအချိန်တွင် ရယ်မောသံတစ်ခုက ထွက်ပေါ်လာလေသည်။
“ဟား၊ ဟား၊ ဟား၊ ခင်ဗျားတွေးထင်ထားတာတော့မှန်တယ် ဘတိုးရဲ့၊ ဒါပေမယ့် လူမှားနေတာတစ်ခုပဲ”
ငခမ်းမှာ မြေပြင်သို့ဟပ်ထိုးလဲကျသွားလေသည်။ ဘတိုးက အသံကြားရာသို့ လှမ်းကြည့်လိုက်ရာ လည်ပင်းတွင်မြားထိမှန်ထားသည့် လူငယ်က ချုံပုတ်များကြားမှ ထွက်လာလေသည်။
“ဟင်၊ မင်း၊ မင်း လည်ပင်းကိုမြားထိတာ မသေဘူးနော်”
ထိုလူငယ်က သူ့လည်ပင်းကို ဖောက်ဝင်နေသည့် မြားတံကိုဆွဲနှုတ်လိုက်သည်။ လရောင်အောက်တွင် လည်ပင်းအပေါက်ကြီးကို အတိုင်းသားမြင်နေရသည်။ ထိုလူငယ်က မြားတံကို ချုံပုတ်ထဲသို့လွှင့်ပစ်လိုက်ရင်း
“သေဖို့ နေနေသာသာ သွေးတောင်မထွက်ပါဘူးဗျာ”
ထိုလူငယ်၏ လည်ပင်းမှ အပေါက်ကြီးမှာ တဖြည်းဖြည်းပိတ်သွားလေသည်။
“ဒါ၊ ဒါဆို ဘယ်သူလဲ၊ ဘယ်သူက သစ္စာဖောက်တာလဲ”
“ခင်ဗျားအယုံအကြည်ရဆုံးတပည့်ကြီး ငမိုးပေါ့ဗျာ”
ဘတိုးမျက်လုံးအပြူးသားဖြစ်သွားသည်။
“ငမိုး၊ ငမိုးက ငါ့ကိုသစ္စာဖောက်တာတဲ့လား၊ မဖြစ်နိုင်ဘူး၊ သူနဲ့ငါ အလုပ်အတူတူလုပ်ခဲ့ကြတာ ဆယ်နှစ်ကျော်ခဲ့ပြီ”
“ဟား၊ ဟား၊ ငမိုးရေ မယုံဘူးတဲ့ဟ၊ မင်းကိုယ်တိုင်ထွက်ရှင်းပြလိုက်ပါအုံးကွာ”
ငမိုးလည်း ချုံပုတ်အတွင်းမှ ထွက်လာခဲ့သည်။
“ဟုတ်တယ်ခေါင်းဆောင်ကြီး ကျုပ်လုပ်ခဲ့တာပဲ”
ငမိုးကိုယ်တိုင်ဝန်ခံသဖြင့် ဘတိုးအလွန်အံ့သြနေမိသည်။
“ဘာဖြစ်လို့၊ ဘာဖြစ်လို့များလဲ ငမိုးရာ”
ငမိုးမျက်နှာသိပ်မကောင်းပေ၊ စိတ်ထိခိုက်နေပုံရသည်။
“မင်းကိုငါ့ရဲ့တပည့်တစ်ယောက်လိုတောင်မဟုတ်ဘဲ၊ ငါ့ရဲ့ညီအကိုတစ်ယောက်လို အမြဲတမ်း စောင့်ရှောက်ပေးခဲ့တယ်လေကွာ”
“ဟုတ်ပါတယ်၊ ခေါင်းဆောင်ကြီးက ကျွန်တော့်အပေါ် ကျေးဇူးရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်က ဒီလူ့အပေါ်မှာ အသက်အကြွေးတင်နေတယ်ခေါင်းဆောင်ကြီး၊ ကျွန်တော်မလွှဲသာလွန်းလို့သာ ဒီလိုလုပ်ခဲ့ရတာပါ၊ ခေါင်းဆောင်ကြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ”
ငတိုးအလွန်ဒေါသထွက်နေသည်။
“မလွှဲသာလို့၊ မလွှဲသာလို့လုပ်ရတယ်တဲ့လားကွာ၊ မင်းအခုကြည့်စမ်း၊ ငါတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အသေဆိုးနဲ့သေကုန်ပြီ၊ အဲဒါမင်းကြောင့်ကွ ငမိုးရ”
“တိတ်စမ်းဘတိုး၊ အဲဒါ ငမိုးနဲ့ဘာမှမဆိုင်ဘူး၊ အဲဒါ ခင်ဗျားကြောင့်ဖြစ်ရတာပဲ”
လူငယ်က စိတ်မရှည်သဖြင့် ဝင်အော်ပြောလိုက်သည်။ ထို့နောက် သူ့ခါးကြားမှ ပစ္စတိုသေနတ်အတိုကလေးတစ်လက်ကိုထုတ်လိုက်လေသည်။
“ခင်ဗျားကိုနောက်ဆုံးအကြိမ်နဲ့ကျုပ်မေးမယ်၊ ကျားချစ်တဲ့မန္နန်ကို ကျုပ်ကိုသင်ပေးမလား၊ မသင်ပေးဘူးလား”
“မင်းတို့လိုကောင်တွေကို လုံးဝမသင်ပေးဘူးကွာ”
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း ခင်ဗျားတတ်ထားတဲ့ပညာကို ခင်ဗျားနဲ့အတူတူ ငရဲပြည်ကိုယူသွားပေတော့”
လူငယ်က သေနတ်မောင်းခလုပ်ကိုညှစ်ချလိုက်သည်။
“ဒိန်း”
သေနတ်သံက တောတန်းကလေးအတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။ တောတန်းအတွင်းသစ်ပင်များပေါ်တွင် အိပ်တန်းတက်နေကြသော ငှက်များပင် လန့်ဖျပ်ကာ ပျံသန်းသွားကြသည်။ ဘတိုးက သူ့မျက်လုံးအစုံကိုမှိတ်ထားမိသည်။ သူ့ပေါင်ရင်းတွင် နာကျင်နေသည်မှအပ အခြားနေရာတွင် နာကျင်မှုကို မခံစားရပေ။ သို့နှင့် မဝံ့မရဲဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ သူ့အရှေ့တွင် လူတစ်ယောက်က မတ်တပ်ရပ်နေလေသည်။
“ဟင်၊ ညီလေး၊ ညီလေးခခွေး”
ငခမ်းဗိုက်ကို ကျည်ဆန်က ထိမှန်သွားခြင်းဖြစ်သည်။ သေနတ်ပစ်သည့်လူငယ်လည်း ငခမ်းအား အံ့သြစွာဖြင့်ကြည့်နေသည်။
“ဟင်၊ သေနတ်မှန်တာတောင်မှ မင်းကမသေဘူးလား”
ငခမ်းက သူ့ရင်ဝတွင်စိုက်နေသည့် ဓါးကိုဆွဲထုတ်လိုက်ပြီး
“သေဖို့နေနေသာသာ၊ သွေးတောင်မထွက်ဘူးဗျာ”
ငတိုးမှာ ထိုသူများကိုကြည့်ရင်း အလွန်ထိတ်လန့်တုန်လှုပ်နေလေသည်။
“ငါပဲရူးသွားတာလား၊ မင်းတို့ပဲရူးနေကြတာလား၊ မင်းတို့၊ မင်းတို့တွေက လူတွေမဟုတ်ကြဘူးလား”
သေနတ်ကိုင်ထားသည့်လူငယ်က သေနတ်ကိုလွှင့်ပစ်လိုက်သည်။
“မင်းဘယ်ကကောင်လဲ၊ မင်းဘယ်အိမ်တော်ကလဲ”
ငခမ်းက ခေါင်းခါလိုက်ပြီး
“အိမ်တော်တွေ၊ အိမ်ဖော်တွေ ကျုပ်ဘာမှမသိဘူး၊ ခင်ဗျားတို့နှစ်ယောက် ဒီကနေထွက်သွားတော့၊ မထွက်သွားဘူးဆိုရင်တော့ ကျုပ်အဆိုးမဆိုနဲ့”
ထိုစဉ် ငမိုးက အတင်းပြေးဝင်လာပြီး ငခမ်းအားဓါးဖြင့်ခုတ်လေသည်။ ငခမ်းက ညာဖက်လက်ဖြင့် ဓါးချက်ကိုကာကွယ်လိုက်ပြီး ဘယ်ဖက်လက်သီးဖြင့် ငမိုး၏ မေးရိုးကိုပင့်ထိုးထည့်လိုက်သည်။ ငခမ်းလက်သီးမှာ အားပြင်းလှသောကြောင့် ငမိုးတစ်ယောက်လေပေါ်သို့မြောက်တက်သွားကာ အနောက်ခပ်လှမ်းလှမ်းသို့ပြုတ်ကျသွားလေသည်။ ငမိုးပြန်ထလာသည့်အခါ သူ့မေးရိုးကြီးကျိုးနေပြီး မျက်နှာကြီးက ပုံပျက်ပန်းပျက်ဖြစ်နေသည်။ ငမိုးက သူ့လက်ဖြင့် မေးရိုးကိုကိုင်တွယ်ကာ ပြန်လည်ချိုးချလိုက်သည်။ တဂျွတ်ဂျွတ်နှင့် အရိုးများကျိုးကြေသည့် အသံကိုကြားလိုက်ရပြီး ငမိုးမျက်နှာမှာ ပုံမှန်နီးပါးအတိုင်း ပြန်ဖြစ်သွားသည်။
“သူတို့က လူတွေမဟုတ်ဘူး ငခမ်း”
အသေးလေးက အသံတိုးတိုးကလေးဖြင့်ပြောသည်။
“ကျုပ်သိတယ်၊ ဒီကောင်တွေက မိစ္ဆာတွေပဲ”
“မင်းသူတို့ကိုချပြီးရင် ငါ့ကိုကျွေးရမယ်နော်”
အသေးလေးက အားတက်သရောပြောရှာသည်။ ငခမ်းက ခေါင်းညိတ်လိုက်သည်။ လူငယ်က ငခမ်းအနီးသို့တိုးကပ်လာလေသည်။
“မင်းက တိုက်ခိုက်ချင်တယ်ဆိုတော့ ငါကလည်းမရှောင်တော့ဘူးပေါ့ကွာ”
ငမိုးနှင့် ထိုလူငယ်က ငခမ်းအားတစ်ဖက်တစ်ချက်ဆီမှ ပြေးဝင်လာကာ တိုက်ခိုက်ကြလေသည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။