အပိုင်း (၁)
(၁)
တောင်တန်းကြီးကိုဖြတ်ကျော်လိုက်သည့်အခါ မိုက်လိုရွာကလေးကို တောင်ခြေမြေပြန့်တွင် အတိုင်းသားမြင်တွေ့လိုက်ရသည်။ ထိုတောင်ကြောကြီးက တစ်ချိန်ကသံချက်ဖိုကြီးများတည်ရှိသည့် တောင်ကြောကြီးဖြစ်သော်လည်း ယခုတော့ သံချက်ဖိုများကိုသိပ်မတွေ့ရတော့ပေ။ ငခမ်းက တောင်တန်းကြီးပေါ်မှဆင်းလာသည့်အခါ သူယခင်က သံတုံးများသယ်ဆောင်နေကျ သံချက်ဖိုဟောင်းကြီးအနားမှဖြတ်သန်းသွားလာမိသည်။
“မင်း၊ မင်း စိုင်းကွမ်ခမ်းမဟုတ်လား”
တုန်ရီနေသည့်အသံက သူ့နောက်ကျောတွင် ပေါ်ပေါက်လာသဖြင့် ငခမ်းလှည်း လှည့်ကြည့်လိုက်သည်။ အိုမင်းနေသည့်် အဘိုးကြီးတစ်ယောက်က သူ့အနားသို့ တဖြည်းဖြည်းတိုးကပ်လာလေသည်။
“ခင်ဗျားကျုပ်ကိုမှတ်မိသေးတယ်လား”
“မှတ်မိတာပေါ့ကွာ၊ အရင်တုန်းက မင်းတို့ စိုင်းဆေခမ်းပန်းပဲဖိုက ငါ့ဆီကနေသံတွေယူနေကျမဟုတ်လား၊ မင်းသံတောင်းကြီးနှစ်တောင်းကိုထမ်းသွားတဲ့ ပုံရိပ်က ငါ့မျက်လုံးထဲကနေ မထွက်သေးဘူး”
“ဘယ်လိုလဲအဘကြီး သံမချက်တော့ဘူးလား”
အဘိုးကြီးက ခေါင်းခါလိုက်သည်။
“ဒီတောင်တန်းကြီးတစ်ဝိုက်မှာ လူပျောက်မှုတွေ မကြာခဏဖြစ်ပြီးတော့ သံချက်ဖိုတွေကို မကောင်းဆိုးဝါးတွေ တိုက်ခိုက်တာခံရတယ်၊ ဒီလိုနဲ့ သံချက်ဖိုတွေ ကွယ်ပျောက်သွားခဲ့တာပဲ”
“ဘယ်လိုမကောင်းဆိုးဝါးမျိုးပါလိမ့်”
အဘိုးကြီးက ခေါင်းခါလိုက်သည်။ ငခမ်းက ထိုနေရာမှထွက်သွားရန်လှည့်ထွက်လိုက်စဉ်မှာပင် အဘိုးကြီးက ငခမ်း၏ နောက်ကျောအားခုန်အုပ်လိုက်လေသည်။ အဘိုးကြီးခုန်အုပ်သည့်အားမှာ အလွန်ပြင်းထန်လှသဖြင့် ငခမ်းပင်အရှေ့သို့ ဟပ်ထိုးလဲကျသွားသည်။ အဘိုးကြီးက ငခမ်းအပေါ်သို့တက်ခွလိုက်ပြီး သူ့ပါးစပ်ကြီးကိုဖြဲလိုက်သည်။ အဘိုးကြီးမျက်နှာမှာ သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး အစွယ်ကြီးလေးချောင်းက ပါးစပ်အတွင်းငေါထွက်နေလေသည်။
ထိုပါးစပ်ကြီးဖြင့်ပင် ငခမ်းအားကုန်းကိုက်လေရာ ငခမ်းက ပါးစပ်ကိုလက်နှစ်ဖက်နှင့် ဖမ်းထားလိုက်သည်။ အဘိုးကြီးမှာ ရုပ်ရည်နှင့်မလိုက်အောင် သန်မာလွန်းသည်ကိုကြည့်ချင်းအားဖြင့် လူမဟုတ်မှန်းငခမ်းသိလိုက်သည်။ လူသားများကို တိုက်ခိုက်တတ်သည့် မကောင်းဆိုးဝါးများရှိသည့် တောင်ကြောပေါ်တွင် အဘိုးကြီးတစ်ယောက်တည်းနေထိုင်သည်ဆိုကတည်းက ငခမ်းက မူမမှန်မှန်း ရိပ်စားမိပြီးသားဖြစ်သည်။
အဘိုးကြီး၏ အစွယ်ကြီးတစ်ချောင်းကို ငခမ်းက ညာဖက်လက်နှင့်ဆုပ်ကိုင်ကာ လှန်ချိုးလိုက်လေသည်။ အဘိုးကြီးမှာ နောက်ကျွမ်းပစ်ကာ ခုန်ထွက်သွားပြီး ကျယ်လောင်သည့်အသံကြီးနှင့် အော်ဟစ်နေလေသည်။ ငခမ်းက အလျှင်အမြန်ကုန်းထလိုက်ပြီး အဘိုးကြီး၏မျက်နှာအား လက်သီးများဖြင့် အဆက်မပြတ်ထိုးနှက်လိုက်သည်။ အဘိုးကြီးမှာ ယိုင်ပြီးခွေကျသွားလေသည်။ ထို့နောက် မြေပြင်ပေါ်တွင် ကုန်းလိုက်ပြီး ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်ပြန်သည်။ ထို့နောက် အဘိုးကြီးဝတ်ဆင်ထားသည့် အဝတ်အစားများပြဲထွက်သွားပြီး အဘိုးကြီး၏ လက်များ၊ ခြေများတွင် အနက်နှင့်အဝါစင်း အစင်းကြားကြီးထွက်ပေါ်လာလေသည်။ နှာခေါင်းကြီးက အရှေ့သို့ငေါထွက်လာပြီး နှုတ်ခမ်းမွှေးကြီးများလည်း ရှည်ထွက်လာကာ မကြာခင်အချိန်တွင် ကျားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
ကျားကြီးက ငခမ်းအားခုန်အုပ်ကာ အတင်းတိုက်ခိုက်တော့သည်။ ငခမ်းနှင့်ကျားကြီးမှာ မြေပြင်တွင်လူးလိမ့်လျှက် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်နေကြသည်။ ကျားကြီး၏ ချွန်ထက်လှသည့် လက်သည်းရှည်ကြီးများက ငခမ်းအသားများအား ကုတ်ဖဲ့မိသည့်အခါ ငခမ်း၏ အသားများမှာ အချပ်လိုက်ကွာကျကုန်ပြီး အရိုးဖြူဖြူများကို အတိုင်းသားမြင်နေရသည်။ ကျားကြီးကငခမ်း၏ ပုခုံးအား ကိုက်ဆွဲပြီး ဝှေ့ယမ်းလိုက်သည့်အခါ ပုခုံးမှအသားများအတစ်လိုက် ပြတ်ထွက်သွားပြီး ငခမ်းမှာလည်း သစ်ပင်ခြေရင်းသို့ လွှင့်စင်ကျသွားတော့သည်။ ကျားကြီးက အချိန်မဆိုင်းဘဲ ငခမ်းကိုယ်ပေါ်သို့ လှမ်းခုန်တက်လိုက်သည်။ ပြဲကားနေသည့် ပါးစပ်ကြီးဖြင့် ငခမ်းအားကိုက်ရန်ပြင်ဆင်သည့်အချိန်တွင် ငခမ်းက သူ့ညာဖက်လက်ကို ကျားကြီး၏ အာခံတွင်းအတွင်းသို့ ထိုးထည့်လိုက်ပြီး မွှေနှောက်လိုက်လေသည်။
“အသေးလေးရေ၊ ဒီတစ်ကောင်ကလည်း မင်းအတွက်”
ကျားကြီးမှာ ရုန်းကန်နေသဖြင့် ငခမ်းက နောက်လက်တစ်ဖက်ဖြင့် ကျားကြီးအား အတင်းဖမ်းချုပ်ထားသည်။ မကြာခင် ကျားကြီးမှာ ငြိမ်သက်သွားလေသည်။ ထိုတော့မှ ငခမ်းက ကျားပါးစပ်ထဲမှ သူ့လက်ကိုဆွဲထုတ်လိုက်သည်။ အသေးလေးက မွန်းကြပ်နေပုံရပြီး တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်။
“ကဲ အသေးလေး၊ ဒီကောင်ကြီးကိုစားလိုက်တော့”
အသေးလေးက ပါးစပ်ဖြဲပြီး စုပ်ယူလိုက်သည့်အခါ ကျားကြီး၏ နဖူးမှ အနီရောင်အလုံးကြီးတစ်လုံးထွက်ပေါ်လာသည်။ ထိုအလုံးကြီးမှာ မိစ္ဆာများတွင်ရှိသည့် အမတအမြုတေဓါတ်လုံးပင်ဖြစ်ပြီး ထိုဓါတ်လုံးအတွင်းတွင် မိစ္ဆာစွမ်းအင်များ ကိန်းအောင်းနေခြင်းဖြစ်သည်။ အဘိုးကြီးထံမှ ထွက်လာသည့် အမြုတေလုံးကြီးမှာ လူကြီးလက်သီးဆုပ်ခန့်ကြီးမားပြီး ငခမ်းတွေ့ဖူးသမျှ မိစ္တာအမြုတေများထဲတွင် အကြီးဆုံးဖြစ်သည်။ မကြာခင် ထိုအလုံးကြီးက အသေးလေးပါးစပ်အတွင်းသို့ ထိုးဝင်သွားလေသည်။
ငခမ်းတစ်ကိုယ်လုံး စပ်ဖျဉ်းလာပြီး အလွန်ပူအိုက်လာလေသည်။ ပူအိုက်သည့်ဒဏ်ကို မခံနိုင်သဖြင့် မြေပြင်တွင်လူးလိမ့်နေရသည်။ ကျားကြီးနှင့် တိုက်ခိုက်ရင်း ရခဲ့သည့် ဒဏ်ရများမှာ သူ့အလိုလိုပြန်ကောင်းသွားပြီး အသားစိုင်များမှာလည်း ချက်ချင်းအသစ်ဖြစ်ပေါ်ကာ နဂိုပကတိအတိုင်းပြန်ဖြစ်သွားသည်။ အတန်ကြာမှ ငခမ်းမြေပြင်မှ ပြန်လည်ထလာနိုင်တော့သည်။
“မင်းအဆင်ပြေရဲ့လား၊ မိစ္ဆာစွမ်းအင်တွေ များလွန်းလို့ မင်းနေထိုင်မကောင်းဖြစ်နေတာဖြစ်မယ်”
ငခမ်းက ခြေတစ်လှမ်းချင်းစီကို အားယူပြီးလျှောက်နေရသည်။ အနီးမှသစ်ပင်ကြီးတစ်ပင်ကိုလက်ထောက်လိုက်သည့်အခါ သစ်ပင်ပင်စည်ကြီးတွင် သူ့လက်က ကျွံဝင်သွားသည်ကိုတွေ့လိုက်ရသည်။
“ကျုပ်အဆင်ပြေပါတယ်၊ ကျုပ် ရွာကိုအမြန်ပြန်ရမယ်”
ငခမ်းက ခုနက အဘိုးကြီးဆောင်းထားသည့် ခမောက်စုတ်ကြီးကိုကောက်ယူကာဆောင်းိုက်ပြီး ထိုနေရာမှထွက်လာခဲ့သည်။ သစ်ပင်ကြီး၏ ပင်စည်တွင်တော့ ငခမ်းလက်ဝါးရာကြီး ကျန်နေခဲ့လေသည်။
(၂)
တစ်ရွာလုံးက အိုးစည်ဗုံမောင်းများတီးခတ်ပြီး ပျော်ရွှင်နေကြသည်။ ငခမ်းက ဒယီးဒယိုင်ဖြင့်် ရွာအတွင်းသို့ဝင်လာခဲ့ရာ ရွာသားများက သူ့အား အထူးအဆန်းနှင့်စိုက်ကြည့်နေကြသည်။ ရွာတစ်ဖက်ခြမ်းရှိ ကွင်းပြင်ကလေးတွင် မင်္ဂလာမဏ္ဍပ်ကြီးတစ်ခု ထိုးထားပြီး ရောင်စုံပိတ်စများနှင့် အလှဆင်ထားသည်။ ရွာတွင်လူသိပ်မရှိဘဲ ထိုမဏ္ဍပ်ကြီးတွင်တော့ လူတွေစည်ကားပြွတ်သိပ်နေလေသည်။
ရှမ်းဆန်အကောင်းစားကိုမှ ဝက်သားနှပ်၊ ကြက်သားဟင်း၊ မုန်ညင်းချဉ်၊ ပဲပုပ်ထောင်းနှင့် အသီးရွက်စုံဟင်းများဖြင့် တစ်ရွာလုံးကို ခုနစ်ရက်ခုနစ်လီ မီးခိုးတိတ်ကျွေးမွေးခြင်းဖြစ်သဖြင့် အလှူမဏ္ဍပ်အတွင်း လူများစည်ကားနေကြသည်။
ငခမ်းက ခမောက်စုတ်ကြီးကို ခပ်ငိုက်ငိုက်ဆောင်းထားသဖြင့် ရွာမှလူများက သူ့ကိုမမှတ်မိကြပေ။
“စားမယ်ဆိုရင် စားပွဲဝိုင်းတွေမှာ သွားထိုင်နေ”
အလှူတွင် ကူညီသည့်သူတစ်ယောက်က ငခမ်းအားပြောသော်လည်း ငခမ်းကတော့ မဏ္ဍပ်အတွင်းသို့သာ ဦးတည်ဝင်ရောက်ခဲ့သည်။ မဏ္ဍာပ်တစ်နေရာတွင် စင်မြင့်ကလေးတစ်ခုကိုတည်ဆောက်ထားပြီး ထိုစင်မြင့်တွင် များပြားလှသောပန်းများ၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ စက္ကူပန်းခိုင်များနှင့် အလှဆင်ထားသည်။ ထိုစင်မြင့်ပေါ်တွင် ထိုင်ခုံနှစ်လုံးချထားပြီး ထိုင်ခုံတစ်လုံးတွင်တော့ နန်းရှဲန်ဆိုင်က မျက်နှာငြိုးငယ်စွာဖြင့် ထိုင်နေကာ မြေပြင်သို့ ငေးစိုက်ကြည့်နေလေသည်။
ရှဲန်ဆိုင်မှာ အဝါရောင်ပိုးသားဖြင့်ပြုလုပ်ထားသည့် ရှမ်းရိုးရာသတို့သမီးဝတ်စုံကိုဝတ်ဆင်ထားပြီး နတ်သမီးလေးတစ်မျှ လှပနေလေသည်။ ငခမ်းက မဏ္ဍာပ်အနီးသို့ တိုးကပ်သွားသည်အထိ ရှဲန်ဆိုင်က ငခမ်းအားမမြင်သေးပေ၊ သို့သော် ရှဲန်ဆိုင်နှင့်အလွန်နီးကပ်သွားတော့မှ ရှဲန်ဆိုင်က ငခမ်းခြေထောက်ကိုမြင်သွားပြီး ခြေထောက်မှတဆင့် တဖြည်းဖြည်းမော့ကြည့်လေသည်။ ခမောက်စုတ်ကြီးကိုဆောင်းထားသဖြင့် ထိုလူ၏ မျက်နှာကိုမမြင်ရသော်လည်း ရှဲန်ဆိုင်မျက်နှာက အလွန်အံ့သြသွားပုံရသည်။
“ကွမ်ခမ်း၊ အကိုကွမ်ခမ်းလား”
ငခမ်းက သူ့ခေါင်းတွင်ဆောင်းထားသည့် ခမောက်စုတ်ကြီးကိုဖြုတ်လိုက်ကာ လွှင့််ပစ်လိုက်သည်။ ငခမ်းတစ်ကိုယ်လုံး ဖုန်မှုန့််များ၊ မြေနီများနှင့် ပေကျံနေသလို အဝတ်အစားများမှာလည်း ခုနက အဘိုးကြီးနှင့် တိုက်ခိုက်ထားရသဖြင့် စုတ်ပြဲနေလေသည်။
“ဟုတ်တယ်ရှဲန်ဆိုင်၊ အကိုပြန်လာပြီ၊ အကို ရှဲန်ဆိုင်ဆီကိုလာခဲ့ပြီလေ”
“မင်းအလာကောင်းသွားပေမယ့် အခါနှောင်းသွားပြီကွ”
ငခမ်းအနောက်မှ အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။ ငွေရောင်တောက်ပနေသည့် ရှမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ငွေရောင်နန်းကြိုးမျှင်များဖြင့်် အလှဆင်ထားသည့် အပေါ်ဝတ်အကျီကိုဝတ်ဆင်ထားသည့် လူကြီးမှာ ငခမ်းအား ကြည့်လျှက် ပြုံးနေလေသည်။ ငခမ်းက ထိုလူကြီးကိုတွေ့တော့ အလွန်အံ့သြသွားသည်။
“ဟင်၊ ဦးစိုင်းမုန်း၊ ဦးစိုင်းမုန်း ခင် . . ခင်ဗျား”
ဦးစိုင်းမုန်းက ငွေသားဖြင့်ပြုလုပ်ထားသည့် ဆေးတံကိုကြီး တစ်ဖွာနှစ်ဖွာ ဖွာလိုက်ပြီး
“ငါတို့အချင်းချင်း ဒီလောက်စိမ်းကားစရာမလိုပါဘူးကွာ၊ ကွမ်ခမ်း မင်းကငါ့ရဲ့သားပဲ၊ ငါက မင်းရဲ့ပထွေးလေ”
ငခမ်းအလွန်ဒေါသထွက်သွားကာ ဦးစိုင်းမုန်းမျက်နှာကိုလက်ညှိုးနှင့်ထိုးလိုက်သည်။
“ခင်ဗျားကြီး ကျုပ်ကိုသားလို့မခေါ်နဲ့၊ ခင်ဗျားကြောင့် ကျုပ်အမေသေရတာ၊ ကျုပ်ညီမသေရတာ”
ဦးစိုင်းမုန်းက ပြီတီတီနှင့် ပြုံးလိုက်ပြီး
“ဘာတွေပြောနေတာလဲ ကွမ်ခမ်းရ၊ မင်းအမေသေတာ မင်းသတ်လို့လေ၊ မင်းညီမသေတာကလည်း မင်းသတ်တာပဲမဟုတ်ဘူးလားကွ”
ငခမ်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ မအေကိုသတ်သည့််သား ကွမ်ခမ်းမှန်းရွာမှလူများကသိသွားကြသည့်အခါ ဓါးလှံများကိုင်ဆောင်လျှက် ပြေးလာကြလေသည်။
“ကျုပ်ခင်ဗျားကို ဒီတစ်ခါတော့ အသေသတ်ပစ်မယ်”
ဦးစိုင်းမုန်းက အလွန်ရယ်စရာကောင်းသော ပျက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် အားရပါးရရယ်မောလိုက်လေသည်။
“မင်းလိုကောင်ကများ ငါ့ကိုသတ်မတဲ့လားကွ၊ ဟား၊ ဟား၊ အေးပါ၊ မင်းသတ်ချင်ရင်လည်း နောက်နေ့မှသတ်တော့ ဒီနေ့က ငါ့ရဲ့မင်္ဂလာနေ့ကွ”
ငခမ်းမျက်လုံးပြူးသွားသည်။ ထို့နောက် ရှဲန်ဆိုင်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ ရှဲန်ဆိုင်က ငခမ်းကိုကြည့်နေရင်း မျက်လွှာကိုချသွားလေသည်။
“ဒါဆို ရှဲန်ဆိုင်၊ ရှဲန်ဆိုင်နဲ့လက်ထပ်မယ့်သူဆိုတာ . . .”
“မင်းအရှေ့မှာ ရပ်နေတဲ့ ငါပဲပေါ့ကွာ ကွမ်ခမ်းရာ၊ ဟား၊ ဟား၊ ဟား”
ငခမ်းက ဦးစိုင်းမုန်းအား လက်သီးဖြင့်လှမ်းထိုးလိုက်သည်။ သို့သော် သူ့မျက်လုံးတွေပြာဝေလာပြီး သူ့ခေါင်းတွေ မူးဝေလာခဲ့သည်။ မျက်စိအမြင်အာရုံတွင်လည်း ပုံရိပ်နှစ်ထပ်ဆီပေါ်နေလေသည်။ ငခမ်းက ခေါင်းကိုခါရမ်းလိုက်သည်။
“ဘာ၊ ဘာဖြစ်တာလဲ”
ပိတ်စိမ်းပါးများဖြင့် မိုးထားသည့် မဏ္ဍပ်ခေါင်မိုးမှ နေရောင်ခြည်က တိုးဝင်ဖျာကျနေလေသည်။ ငခမ်းအရေပြားမှ အခိုးအငွေ့များက တိုးထွက်လာသလို ငခမ်းလည်း တစ်ကိုယ်လုံး မီးမြှိုက်ခံထားရသလို ပူလောင်လာလေသည်။
“ဘာလုပ်နေတာလဲ ဟေ့ကောင်တွေ၊ ဒီအမေသတ်တဲ့သားကို အခုချက်ချင်းရှင်းလိုက်ကြရအောင်ကွ”
ဦးစိုင်းမုန်း၏ တပည့်များက ဓါးလှံများနှင့်ရောက်လာကာ ငခမ်းအားလှံရှည်များဖြင့်် ဝိုင်းထိုးကြသည်။ ငခမ်းရင်ဝကို လှံသွားများက ထိုးဖောက်ဝင်ရောက်လာပြီး ငခမ်းတစ်ယောက်လဲကျသွားလေသည်။
“မလုပ်ပါနဲ့ရှင်၊ မလုပ်ကြပါနဲ့”
ရှဲန်ဆိုင်က မဏ္ဍာပ်ပေါ်မှ ဆင်းလာပြီး ဦးစိုင်းမုန်း၏ လူများကိုတားဆီးသည်။ သို့သော် ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏လက်ကိုဆွဲကာ အနောက်သို့ဆွဲခေါ်သွားသည်။ လှံသမားများက ငခမ်းရင်ဝမှ လှံများကိုဆွဲချွတ်ပြီး ငခမ်းကို ခြေထောက်နှင့်ကန်လိုက်ကြသည်။ ငခမ်းတစ်ယောက် မဏ္ဍပ်အတွင်းမှ လိမ့်ထွက်သွားကာ မဏ္ဍပ်အပြင်ဘက် မြေပြင်သို့ လဲကျသွားသည်။ မဏ္ဍပ်အပြင်တွင် အရိပ်မရှိသည်မို့ နေပူဒဏ်ကို ငခမ်းလူးလိမ့်နေအောင်ခံရသည်။ ထိုမျှမကသေး ဦးစိုင်းမုန်း၏ လူများက ငခမ်းအား ဝိုင်းဝန်းကန်ကြောက်နေသည့်အပြင် ဓါးလှံလက်နက်များဖြင့် ထိုးခုတ်နေသည်။ မကြာခင် ငခမ်းတစ်ယောက်လဲကျကာ သတိမေ့သွားတော့သည်။
“အကိုကွမ်ခမ်း၊ အကိုကွမ်ခမ်း”
ဦးစိုင်းမုန်းက
“ကဲ ရွာသားတွေ၊ ဒီအကုသိုလ်ကောင်ရဲ့ အလောင်းကို ရွာမှာမထားနဲ့ ရွာနာတယ်၊ အခုပဲ မီးရှို့ပစ်ကြမယ်”
ဦးစိုင်းမုန်း၏ လူများက ငခမ်း၏အလောင်းကို မြင်းနှင့်ဆွဲသွားကြသည်။ ရွာအပြင် သုဿန်မြေတွင် ထင်းရှူးဆီများ၊ လောင်စာထင်းများကို စုပုံထားကာ ငခမ်းအလောင်းအား ထိုအပေါ်သို့ ပစ်တင်လိုက်ကြသည်။ ထို့နောက် မီးနှင့်ရှို့လိုက်ရာ မြောက်များစွာသော လောင်စာများကို မီးကစွဲလောင်ပြီး ငခမ်းတစ်ကိုယ်လုံးကို မီးများစွဲလောင်နေလေတော့သည်။
မင်္ဂလာအခမ်းအနားပြီးပြီဖြစ်သဖြင့် ဦစိုင်းမုန်းကို အဖြူရောင်မြင်းလှည်းတစ်စီးဖြင့်် လာရောက်ကြိုဆိုသည်။ ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏ လက်ကိုအတင်းဆွဲပြီး မြင်းလှည်းပေါ်သို့ တက်သွားလေသည်။ ရှဲန်ဆိုင်ကတော့ ငိုကြွေးလျှက်ရှိသည်။ ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏ မျက်နှာကို အတင်းဖက်နမ်းလိုက်ပြီး
“အချစ်ကလေးရာ ဘာမှငိုမနေပါနဲ့၊ နင့်ကောင်လည်း နင့်မျက်စိရှေ့မှာတင်သေပြီ၊ စိတ်ကိုပျော်ပျော်ထားပါ၊ ရှေ့လျှောက် အချစ်ကလေးပျော်ရမယ့်အချိန်တွေရောက်ပါပြီ၊ ဟား၊ ဟား”
ဦးစိုင်းမုန်းတို့လှည်းကို မြင်းစီးသမားခြောက်ယောက်က ခြံရံလျှက် ထွက်ခွာလာကြသည်။ လှည်းမှာ ရွာအထွက် သုဿန်ကိုအဖြတ်တွင် ရှဲန်ဆိုင်က သုဿန်ထဲတွင် မီးရှို့နေကြသည့် ငခမ်း၏ အလောင်းကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သိမ့်ခနဲရှိုက်လိုက်ပြီးထပ်မံငိုကြွေးလျှက် ဦးစိုင်းမုန်းခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ရတော့သည်။
(၃)
ဦးစိုင်းမုန်းမှာ ရွာမှထွက်ပြေးသွားပြီး ပင့်ကူဖြူ၏ အကူအညီဖြင့်် ပင့်ကူသံဓါးတစ်လက်ကိုသွန်းလုပ်နိုင်ခဲ့သည်။ ထိုဓါးအား ညောင်ရွှေစော်ဘွားဆီသို့အပ်နှင်းခဲ့ရာ ဂုဏ်ထူးရာထူးများချီးမြှင့်ခံရသည့််အပြင် နယ်လေးနုယ်၊ မြို့လေးမြို့ကိုပါ အခွန်ကောက်စားနိုင်သည့် ငွေခွန်မှူးအဖြစ် ချီးမြှောက်ခဲ့သည်။ ညောင်ရွှေဒေသမှာ ထိုစဉ်က ရှမ်းပြည်တောင်ပိုင်းတွင် အင်အားကောင်းသည့် နယ်တစ်နယ်ဖြစ်ခဲ့သည်။ လွင်ပြင်များ၊ အင်းများနှင့် ရေဆင်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများထွန်းကားပြီး ချမ်းသာကြွယ်ဝသည့် နယ်တစ်နယ်ဖြစ်သည်။ ထို့အတူ ညောင်ရွှေနယ်ကြီးတွင် မြို့ငယ်ပေါင်း သုံးဆယ့်ကိုးမြို့ရှိလေရာ ထိုသို့ချီးမြှောက်ခံရပြီး ဦးစိုင်းမုန်းက ကြွယ်ဝချမ်းသာလာခြင်းဖြစ်သည်။
ညရောက်သည့်အခါ မိုးနဲမြို့ရှိ အိမ်တော်ကြီးဆီသို့ ဦးစိုင်းမုန်းရောက်လာခဲ့သည်။ မိုးနဲမြို့တွင်းတွင် ဦးစိုင်းမုန်းက အိမ်ကြီးတစ်ဆောင်ကိုဆောက်လုပ်ထားသည်။ ဦးစိုင်းမုန်းက အိမ်ရောက်ရောက်ချင်း အိမ်ကြီးပေါ်သို့ တက်လာခဲ့သည်။ အိမ်ကြီး၏ အပေါ်ထပ်တွင် သော့ပိတ်ထားသည့်အခန်းများရှိသည်၊ ဦးစိုင်းမုန်းရောက်လာသည့်အခါ ထိုအခန်းကြီးအတွင်းသို့ သော့ဖွင့်ကာ ဝင်သွားလေသည်။ အခန်းအတွင်းတွင် အမျိုးသမီးငယ်တစ်ဦးက စောင်ပုံကြီးကြားတွင် အိပ်စက်နေလေသည်။ ဦးစိုင်းမုန်း အခန်းထဲရောက်လာသည့်အခါ အခန်းအတွင်း အနံ့အသက်မကောင်းဘဲ အပုပ်နံ့က ထောင်းခနဲ နံစော်နေလေသည်။
“ကောင်မလေးတစ်ယောက် ပါလာတဲ့ပုံပဲ စိုင်းမုန်း”
“ဟုတ်တယ်၊ အဲဒါ ကျုပ်ရဲ့သတို့သမီးပဲ”
“ဒီကောင်မလေးကရော ကျုပ်အတွက်လား”
ပင့်ကူဖြူ၏ အမေးကို ဦးစိုင်းမုန်းက ခေါင်းညိတ်ပြီးဖြေလိုက်သည်။
“အခုတော့မရသေးဘူး၊ ကျုပ်ဒီကောင်မလေးနဲ့ ပျော်ပါးချင်သေးတယ်၊ ခုနစ်ရက်ပြည့်တဲ့အခါ ဒီကောင်မလေးကို ပင့်ကူဖြူယူလိုက်တော့”
ပင့်ကူဖြူက စူးရှသည့်အသံကလေးတစ်သံဖြင့် ရယ်မောလိုက်လေသည်။
“ကောင်းပြီ၊ မင်းရဲ့စကားတည်စေနော်”
“ကျုပ်ရဲ့စကားက ဘယ်တုန်းကမတည်ခဲ့ဖူးလို့လဲ၊ ခင်ဗျားမိန်းကလေးတွေလိုချင်တယ်ဆိုတိုင်း ကျုပ်က ရှာဖွေပေးနေရတာပဲမဟုတ်လား”
“ဟား၊ ဟား ယုံပါတယ် စိုင်းမုန်းရယ်”
ဦးစိုင်းမုန်းက ပင့်ကူဖြူကိုကြည့်လိုက်ပြီး
“ဒါဖြင့်ရင် နောက်ထပ်ပင့်ကူသံတွေ ဘယ်တော့ပေးအုံးမှာလဲ”
“ဒီကောင်မလေးကိုကျုပ်စိတ်ကြိုက်စားသောက်ပြီးတဲ့အခါ ပေးမယ်လေ”
ဦးစိုင်းမုန်းက ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားရှိနေကြောင်းကို ကောင်မလေးမသိစေချင်ဘူး၊ တော်ကြာသူသိသွားရင် ထွက်ပြေးသွားအုံးမယ်”
“ဟား၊ ဟား စိတ်ချပါ၊ ဒါပေမယ့် မြန်မြန်တော့လုပ်နော် စိုင်းမုန်း၊ ငါ့ခန္ဒာကိုယ်ကြီးက ပုပ်နေပြီ၊ ငါကောင်မလေးအသစ် မြန်မြန်လိုချင်နေပြီ”
ဦးစိုင်းမုန်းက လက်ခုနစ်ချောင်း ထောင်ပြလိုက်ပြီး
“ခုနစ်ရက်ပဲစောင့််ပါ၊ ကျုပ် ဒီကောင်မလေးနဲ့ ကောင်းကောင်းပျော်ပြီးရင် ခင်ဗျားပျော်အလှည့််ပေါ့”
ဦးစိုင်းမုန်းက ထိုင်နေရာမှထလိုက်သည်။
“ကဲ ခင်ဗျားအနားယူလိုက်ပါအုံး ဂုံဂေါင်ကြီး၊ ကျုပ်တော့ ကျုပ်ရဲ့သတို့သမီးအသစ်ကလေးနဲ့ ပျော်လိုက်အုံးမယ်ဗျာ၊ ဟား၊ ဟား”
ဦးစိုင်းမုန်းက အခန်းအတွင်းမှထွက်ခွာသွားကာ အခန်းတံခါးကို သော့ခလောက်တစ်ခုနှင့် ပိတ်လိုက်ပြီး သော့တံကိုသူ့ခါးတွင် ချိတ်ဆွဲလိုက်တော့သည်။
(၄)
ပျံချီနှင့် တပ်ဖွဲ့များက မိုးနဲမြို့တပ်ရုံးသို့ ရောက်ရှိနေကြပြီဖြစ်သည်။ မိစ္ဆာဖမ်းတပ်သားများမှာ အေးအေးဆေးဆေးအနားယူနေကြသည်။ ပျံချီတွင် လက်ရုံးအဖြစ် တပည့်တစ်ယောက်ခန့်အပ်ထားပြီး ထိုလူအား ငရွှေဟု ခေါ်တွင်လေသည်။ ပျံချီက ရွှေရောင်အဝတ်အစားများကိုချွတ်ချလိုက်သည့်အခါ လက်ရုံးငရွှေက ပျံချီ၏ ခါးဝတ်ခါးစားများကို အသစ်လှဲလှယ်ပေးလိုက်လေသည်။
“ဗိုလ်မင်းပြောတဲ့ ငခမ်းဆိုတဲ့သူရဲ့ မွေးရပ်ကိုရောက်တော့မယ်မဟုတ်လား”
“ဒီကနေ့ မိုးနဲမှာတည်းမယ်၊ မနက်ဖြန်တော့ သူ့ရွာကိုသွားကြမယ်ကွာ”
“အဲဒီလူက တော်တော်စွမ်းတယ်ဆိုတာ ဟုတ်သလား ဗိုလ်မင်း”
ငရွှေစကားကိုကြားလိုက်သည့်အခါ ပျံချီက နှုတ်ခမ်းမွှေးကော့သွားအောင် ပြုံးလိုက်လေသည်။
“ဒီကောင်စွမ်းတယ်ဆိုတာ ငါ့လောက်မစွမ်းပါဘူးကွာ”
ပျံချီက ယွန်းသေတ္တာကြီးတစ်လုံးကိုဖွင့််လိုက်ပြီး ထိုသေတ္တာအတွင်းမှ အနက်ရောင်ပြောင်လက်နေသည့်် ယွန်းဘူးကလေးများကိုထုတ်လိုက်သည်။ ယွန်းဘူးကလေးများ၏ ထိပ်ဖက်တွင် ရွှေရောင်အပြားကလေးများကို တပ်ဆင်ထားသည်။ ငရွှေက ထိုဘူးကလေးများကိုမြင်တော့ ထူးဆန်းသွားသည်။
“ဒါက ဘာဘူးတွေများလဲ ဗိုလ်မင်း”
“မိစ္ဆာတိုက်ထဲက မိစ္ဆာတွေကို ငါထုတ်ယူလာခဲ့တာ”
ငရွှေတုန်လှုပ်သွားသည်။
“အတွင်းဝန်မင်းကြီးသိရဲ့လား၊ သူမသိဘူးဆိုရင်တော့ ဒီကိစ္စက မိုးမီးလောင်နိုင်တယ်နော်”
ပျံချီက ငရွှေအား မထီမဲ့မြင်ကြည့်လိုက်ပြီး
“အတွင်းဝန်မင်းက သူ့မိစ္ဆာတိုက်ထဲက မိစ္ဆာတွေကို ဂရုစိုက်တယ်ဆိုရင် ငါတို့ယူလာနိုင်စရာ အကြောင်းမရှိဘူးကွ၊ သူက ဘုရင်မင်းမြတ်ခိုင်းတဲ့အရေးလောက်ကိုပဲ စိတ်ဝင်စားတာ၊ အခုလည်း ငါ့ကို လင်းနို့ငခမ်းကို ဖမ်းခိုင်းလိုက်တယ်ဆိုပေမယ့် တကယ်ဖမ်းမိရင် အကျိုးအမြတ်အများကြီးရမှာက သူကွ”
“ဒါဆိုရင် ဒီမိစ္ဆာတွေနဲ့ ကျုပ်တို့က ဘာလုပ်ရမှာလဲ”
“ဒီပွဲမှာ ငါနိုင်ကိုနိုင်ရမယ် ငရွှေရ၊ ဒီတော့ ငါနိုင်ဖို့အတွက် ဘယ်နည်းလမ်းပဲဖြစ်ဖြစ် ငါရအောင်သုံးရမှာပဲ”
ပျံချီကပြောလိုက်ကာ ယွန်းဘူးကလေးတစ်ဘူးကိုဖွင့်လိုက်သည်။ ထိုအခါ အတွင်းမှ အလွန်သေးငယ်သည့် ပျားကလေးများထွက်ပေါ်လာလေသည်။ ထိုပျားကလေးများအနောက်တွင်တော့ လက်မအရွယ်ခန့်ရှိသည့် ပျားကြီးတစ်ကောင်ထွက်ပေါ်လာသည်။ ပျားကြီးဟုဆိုသော်လည်း အောက်ပိုင်းက ပျားကိုယ်လုံးဖြစ်ကာ အပေါ်ပိုင်းတွင်တော့ လူတစ်ယောက်၏ မျက်နှာပုံစံ ပါရှိသည်။ ငရွှေက ထိုပျားအား အလွန်အံ့သြစွာကြည့်နေသည်။
“ဒီ မိစ္ဆာနာမည်က ပျားတစ်ထောင်ဘုရင်မလို့ခေါ်တယ်”
ထိုအခါ ပျားဘုရင်မက စူးရှသည့်အသံဖြင့်
“ငါဘာလုပ်ပေးရမလဲ”
ပျံချီက သေတ္တာအတွင်းမှ ငခမ်းအမြဲဝတ်လေ့ရှိသည့် အင်္ကျီအပိုင်းအစကိုထုတ်လိုက်သည်။ ထို့နောက် ပျားတစ်ထောင်ဘုရင်မထံသို့ လှမ်းပေးလိုက်ရာ ပျားတစ်ထောင်ဘုရင်မက ထိုအဝတ်စအပေါ်တွင် သွားလာနေလေသည်။
“မင်းလုပ်ရမှာက မင်းတပည့်တွေကို ဒီလူရှိတဲ့နေရာကို ရှာခိုင်းဖို့ပဲ၊ ငါတို့ ဒီလူကိုဖမ်းဆီးပြီးတဲ့အခါ မင်းကိုငါတို့လွှတ်ပေးမယ်”
“ရှင့်ကတိ တည်စေနော်”
“စိတ်ချစမ်းပါကွာ”
ထိုအခါ ပျားတစ်ထောင်ဘုရင်မက တဝီဝီနှင့်အသံပေးလိုက်သည်။ ဖွင့်ထားသည့် ပြတင်းတံခါးပေါက်မှ ပျားများပျံသန်းကာ ဝင်ရောက်လာလေသည်။ ပျားဘုရင်မက ထိုပျားများကို ပျားဘာသာဖြင့်တစ်ခုခုမှာကြားနေလေသည်။ ထိုပျားများက ပျံသန်းမထွက်ခွာခင် ငခမ်း၏ အဝတ်စပေါ်သို့ ခိုကပ်နေကြပြီးနောက်မှ အပြင်သို့ပျံသန်းသွားကြလေသည်။
“ကျုပ်သတင်းလွှင့်လိုက်ပြီ၊ မကြာခင်သိရလိမ့်မယ်”
“ကောင်းပါပြီဘုရင်မ၊ အခုတော့ ယွန်းဘူးထဲမှာ အနားယူပါအုံး”
ပျားတစ်ထောင်ဘုရင်မက ယွန်းဘူးထဲသို့ပြန်ဝင်သွားသည်။ ငရွှေက လက်ခုပ်တီးလျှက် ပျံချီအား သြဘာပေးသည်။
“တော်လိုက်တာ ဗိုလ်မင်းရာ၊ ဗိုလ်မင်းက မိစ္ဆာတွေကိုတောင်မှ အမိန့်ပေး စေခိုင်းနိုင်တယ်နော်”
“ဒါပေ့ါကွ၊ မင်းကြည့်နေစမ်းပါ၊ ဒီမိစ္ဆာကောင်ငခမ်းကို ငါကိုယ်တိုင် လက်ရဖမ်းပြမယ်”
(၅)
နေက အနောက်ဘက်တောင်တန်းကြီးပေါ်သို့ မေးတင်ကာ ကွယ်ပျောက်သွားခဲ့သည်။ မိုက်လိုရွာအပြင်ဘက် သုဿန်တွင်တော့ မီးရှို့ထား၍ မဲတူးနေသည့် ငခမ်းရုပ်အလောင်းက မျက်လုံးများပွင့်လာသည်။ ပြာပုံကြီးပေါ်မှ ခုန်ထလိုက်ပြီး သူ့လက်များကိုသူကြည့်လိုက်သည်။ မီးလောင်ထားသဖြင့်် အပေါ်ယံအရေပြားများက ကြွပ်ဆပ်နေလေရာ ငခမ်းက လက်နှင့်ပွတ်သပ်ချလိုက်သည်နှင့် ထိုအရေပြားများမှာ ကွာကျကုန်ပြီး အရေပြားအသစ်များဖြစ်ပေါ်လာလေသည်။
“ကျုပ် ဘယ်လိုဖြစ်တာလဲ အသေးလေး”
“ပြောရရင်တော့ မိစ္ဆာစွမ်းအင်တွေ များလာလို့ကွ၊ မင်းက မိစ္ဆာတစ်ကောင်ပဲငခမ်း၊ မိစ္ဆာစွမ်းအင်တွေများလာတဲ့အခါ မင်းက တဖြည်းဖြည်းနဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာတယ်”
ငခမ်းက လမ်းလျှောက်လာရင်း တစ်ကိုယ်လုံးမှ မီးလောင်ဒဏ်ရာများမှာ သက်သာပျောက်ကင်းသွားသည်။
“မင်းက လင်းနို့တစ်ကောင်ပဲငခမ်း၊ တောင်စားရီထက လင်းနို့ဖြစ်ပြီး နှစ်တွေကြာလို့ မိစ္ဆာစွမ်းအင်တွေ များလာတဲ့အခါမှာ မနက်ပိုင်းနေရောင်ခြည်နဲ့ မထိတွေ့နိုင်တော့ဘူးမဟုတ်လား၊ မင်းလည်း ဒီလိုပဲငခမ်း၊ မင်းမှာအစွမ်းတွေရှိလာလေလေ မင်းနေရောင်ခြည်ဒဏ်ကို မခံနိုင်တော့လေပဲ”
နေလုံးကြီးဝင်သွားသည်နှင့် ကောင်းကင်ပေါ်ရှိ လခြမ်းကွေးကလေးမှာ တဖြည်းဖြည်းထွန်းလင်းလာလေသည်။ ငခမ်းက လကိုအသေအချာစိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
“မင်း လင်းနို့ပုံပြောင်းတော့မယ်ပေါ့”
“ဒီအချိန်က ကျုပ်အတွက်အရေးကြီးတဲ့အချိန်ပဲလေ”
ငခမ်းလက်တွင် အမွှေးကြမ်းကြီးများတိုးထွက်လာကာ အချိန်ခဏအတွင်းမှာပင် ငခမ်းက လင်းနို့ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
“မင်းဘာဆက်လုပ်မှာလဲ ငခမ်း”
ငခမ်းက ပြုံးလိုက်ပြီး
“နေဝင်သွားပြီဆိုတော့ အမဲလိုက်ဖို့အချိန်ကျပြီပေါ့ဗျာ”
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။