အပိုင်း (၂)
မိုက်လိုရွာကလေးက ညအမှောင်တွင်တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျနေသည်။ မနက်က ကျင်းပခဲ့သည့် မဏ္ဍပ်ကြီးကို ဖျက်သိမ်းထားပြီး သစ်ပုံ၊ ဝါးပုံကြီးအဖြစ်ပုံထားသည်။ မိုက်လိုရွာ ကောင်းကင်ယံတွင် လင်းနို့ကြီးတစ်ကောင်က ပျံသန်းကာထွက်ပေါ်လာသည်။ ရှဲန်ဆိုင်တို့အိမ်ကိုရောက်သည့်အခါ ရှဲန်ဆိုင်တို့အိမ်ခေါင်မိုးပေါ်သို့ အရှိန်ဖြင့်ထိုးဆင်းလိုက်သည်။
ခေါင်မိုးကြီးပွင့်ထွက်သွားပြီး ငခမ်းတစ်ယောက်အိမ်အတွင်းသို့ကျသွားသည်။ ရှဲန်ဆိုင်တို့အိမ်ကြမ်းပြင်တွင် တန်းစီအိပ်စက်နေကြသည့်လူများက လန့်နိုးကာ ငုတ်တုတ်ထထိုင်လေသည်။
“စွီး”
ငခမ်းက အသံစူးစူးဖြင့်အော်ဟစ်လိုက်သည့်အခါ အိမ်အတွင်းရှိလူများမှာ ကြောက်လန့်တကြားဖြင့်် အိမ်ပေါ်မှပြေးဆင်းကုန်ကြသည်။ ငခမ်းက အိမ်ခန်းထဲမှပြေးထွက်လာသည့် ရှဲန်ဆိုင်၏ ညီမဖြစ်သူကို အတင်းဖမ်းဆွဲလိုက်သည်။ ထို့နောက် မိုးပေါ်သို့ တစ်ဟုန်ထိုးခုန်တက်လိုက်တော့သည်။
“လုပ်ကြပါအုံးရှင်၊ ကျွန်မသမီးကို မိစ္ဆာကောင်ကြီးဖမ်းသွားပြီ”
ရှဲန်ဆိုင်အမေက အော်ဟစ်လျှက်တဖြည်းဖြည်းဝေးကာ ကျန်နေရစ်တော့သည်။ အမှောင်ကျနေသည့် မိုက်လိုရွာကလေးတွင်လည်း ဆီမီးခွက်အလင်းရောင်များက တပွင့်ပြီးတပွင့် ထိန်လင်းလာခဲ့တော့သည်။
ငခမ်းလက်ထဲမှ မိန်းကလေးမှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေလေသည်။ ငခမ်းက သူ့မျက်နှာကိုလူမျက်နှာအသွင်ပြောင်းလိုက်ပြီး ကြီးမားလှသည့် ညောင်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်နားလိုက်သည်။
“ရှဲန်ဆိုင်ဘယ်မှာလဲ၊ သူဘယ်ရောက်သွားသလဲ”
ထိုမိန်းကလေးက တုန်ယင်နေသဖြင့် ငခမ်းက ဆွဲကိုင်လှုပ်လိုက်တော့မှ မိန်းကလေးသတိဝင်လာသည်။
“သူ့ကို ဦးစိုင်းမုန်းကခေါ်သွားပြီ”
“ဘယ်ကိုခေါ်သွားတာလဲ မှန်မှန်ပြောစမ်း”
“မိုးနဲမှာ သူ့အိမ်ကြီးတစ်လုံးရှိတယ်၊ သူတို့အဲဒီကိုရောက်နေလောက်ပြီထင်တယ်”
ငခမ်းက ထိုမိန်းကလေးမျက်နှာကိုစိုက်ကြည့်လိုက်ပြီး
“မင်းအဲဒီအိမ်ကြီးကို ရောက်ဖူးသလား”
ထိုမိန်းကလေးက ခေါင်းကိုခပ်သွက်သွက်ညိတ်သည်။
“မင်္ဂလာမဆောင်ခင်တုန်းက တစ်ခါရောက်ဖူးပါတယ်”
ငခမ်းက ဘာမပြောညာမပြောနှင့် မိုးပေါ်သို့ခုန်တက်ကာပျံသန်းလိုက်သည်။ ထိုမိန်းကလေးကိုလည်း လက်နှစ်ဖက်ဖြင့်ပွေ့ချီထားသည်။
“အဲဒီအိမ်ကြီးကို ငါ့ကိုလမ်းပြစမ်း၊ ဒါဆိုရင်တော့ မင်းကိုအသက်ချမ်းသာပေးမယ်”
ထိုမိန်းကလေးက ခေါင်းညိတ်လိုက်လေသည်။
မိုးနဲမြို့ကြီးက ညအမှောင်အောက်တွင် တိတ်ဆိတ်နေလေသည်။ လဆုတ်ညဖြစ်သည်မို့ သေးငယ်သောလခြမ်းကလေးက ကောင်းကင်တွင် မှိန်ပြပြထွန်းလင်းနေသည်။ မိုးနဲမြို့ကောင်းကင်တွင် လင်းနို့ကြီးတစ်ကောင်က ပျံသန်းလာခဲ့သည်။ မိုးနဲမြို့ပေါ်ရှိ အိမ်ခေါင်မိုးများကို လရောင်အောက်တွင်အတိုင်းသားမြင်နေရသည်။ မြို့အရှေ့ဘက်သို့ ပျံသန်းလာသည့်အခါ အင်းကြီးတစ်ခုအနီးတွင် ကြီးမားလှသည့် နှစ်ထပ်အိမ်ကြီးတစ်လုံးကိုမြင်လိုက်ရသည်။ သူဖမ်းခေါ်လာသည့်မိန်းကလေးက အိမ်ကြီးကိုလက်ညှိုးထိုးပြသည်။
“အဲဒီအိမ်ပဲ”
ငခမ်းက အိမ်ကိုလှည့်ပတ်ပျံသန်းကြည့်ပြီး အကဲခတ်လိုက်သည်။ အိမ်ကြီးမှာ အလွန်တိတ်ဆိတ်နေသည်။ အိမ်ပေါ်ထပ် ခေါင်းရင်းခန်းရှိ အခန်းပြတင်းပေါက်တွင် မီးအလင်းရောင်ကိုတွေ့မြင်လိုက်ရသည်။
(၆)
“အချစ်လေး၊ ရှဲန်ဆိုင်၊ မင်းဘာရှက်နေတာလဲ အကိုကြီးက အခုမင်းရဲ့ ယောက်ျားဖြစ်သွားပြီလေ”
ကြမ်းပြင်တွင် ထူထဲလှသည့် ဂွမ်းကပ်ကြီးများကိုခင်းထားကာ ထိုအပေါ်တွင် ပိုးဖဲသားဖြင့်အနားကွပ်ထားသည့် အိပ်ရာခင်းနှင့် ခေါင်းအုံးများကိုချထားသည်။ ရှဲန်ဆိုင်က အဝတ်အစားပင်မလဲရသေးဘဲ ဂွမ်းကပ်ပေါ်တွင်လဲလျှောင်းနေကာ တစ်ရှုံ့ရှုံ့ဖြင့် ငိုကြွေးနေလေသည်။ ဦးစိုင်းမုန်းကတော့ သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် အဝတ်အစားများကိုချွတ်ချလိုက်သည်။ အိပ်ရာကြီး နံဘေးတွင် ဆီမီးတိုင်နှစ်တိုင်ကို ထွန်းညှိထားလေသည်။
ဦးစိုင်းမုန်းက အိပ်ရာပေါ်သို့ခုန်တက်လိုက်သည်။ ငိုယိုနေသည့် ရှဲန်ဆိုင်မှာပင် သိမ့်ခနဲတုန်လှုပ်ကာ ကြောက်လန့်သွားသည်။ ဦးစိုင်းမုန်းက ရှဲန်ဆိုင်အား အတင်းပွေ့ဖက်လိုက်သည်။
“မလုပ်ပါနဲ့ ဦးလေးရယ်”
“ဘာမလုပ်ရမှာလဲ၊ နင်က အခုငါ့မယားဖြစ်သွားပြီ၊ ငါယူခဲ့တဲ့မယားတွေထဲမှာ နင့်ကိုယူရတာ ငွေကြေးအကုန်အကျအများဆုံးပဲသိလား”
ဦးစိုင်းမုန်းက ရှဲန်ဆိုင်ကို အတင်းဆွဲလှန်လိုက်ပြီး ရှဲန်ဆိုင်၏ မျက်နှာကိုအနီးကပ် ငုံ့ကြည့်လိုက်သည်။ ရှဲန်ဆိုင်က ဝတ်လစ်စားလစ်ဖြစ်နေသည့် ဦးစိုင်းမုန်းကြီးကို မကြည့်ချင်သောကြောင့် မျက်စေ့မှိတ်ထားလိုက်သည်။
“ဟား၊ ဟား၊ မင်းလိုမိန်းမချောလေးကိုရဖို့အတွက် ငါငွေတွေဘယ်လောက်ကုန်ကုန် တန်ပါတယ်ကွာ၊ ဟား၊ ဟား”
ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏ အကျီစကိုဆွဲကိုင်လိုက်သည်။ ရှဲန်ဆိုင်က သူ့ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက်ကိုယှက်တင်ပြီး ကာကွယ်ထားသည်။ သို့သော်လည်း ဦးစိုင်းမုန်းလိုယောက်ျားအားကို မတွန်းလှန်နိုင်ပေ၊ ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏ အကျီစကို အားသုံးပြီးဆုတ်ဖြဲလိုက်သည်။
“ကောင်မလေး၊ မင်းကိုမှတ်လောက်သားလောက်ဖြစ်သွားအောင်လို့ အကြမ်းနည်းနဲ့ကိုင်မှထင်တယ်”
ထိုအချိန်တွင် သစ်သားအိမ်နံရံကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားသည်။ ဦးစိုင်းမုန်းရော ရှဲန်ဆိုင်ပါလန့်သွားပြီး ပွင့်ထွက်သွားသည့် နံရံကြီးဆီသို့ငေးကြည့်နေမိသည်။ အမှောင်ထုအတွင်းမှ မိန်းကလေးတစ်ယောက်က ပြေးထွက်လာလေသည်။
“အမ၊ အမရှဲန်ဆိုင်”
ကြောက်လန့်တကြားပြေးလွှားလာသည့် ညီမဖြစ်သူကို တွေ့လိုက်ရသည့်အခါ ရှဲန်ဆိုင်က ငုတ်တုတ်ထထိုင်လိုက်သည်။ ညီမဖြစ်သူက ရှဲန်ဆိုင်အား ပွေ့ဖက်လိုက်လေသည်။ ဦးစိုင်းမုန်းက နားမလည်နိုင်သည့်အကြည့်ဖြင့် ထိုကောင်မလေးကိုကြည့်နေသည်။
“နင်က ဘယ်လိုရောက်လာတာလဲ”
“ကျုပ်ခေါ်လာခဲ့တာ”
အမှောင်ထုအတွင်းမှ ယောက်ျားအသံကိုကြားလိုက်ရသဖြင့် ဦးစိုင်းမုန်းမတ်တပ်ရပ်လိုက်သည်။ နံရံအပေါက်ကြီးမှ အေးမြသည့်လေပြင်းများက တဝူးဝူးနှင့်တိုးဝင်နေလေသည်။ ထို့နောက် ငခမ်းက ထွက်ပေါ်လာခဲ့သည်။ ငခမ်းက လူပုံစံပြောင်းထားသဖြင့် ဝတ်လစ်စားလစ်ဖြစ်နေသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင်အပုံလိုက်ကျနေသည့် ဦးစိုင်းမုန်း၏ အကျီကိုကောက်ယူကာ ဝတ်ဆင်လိုက်သည်။
“ကွမ်ခမ်း၊ မင်း၊ မင်းမသေဘူးနော်”
“ကျုပ်သေတာ မသေတာ အပထား၊ အခုတော့ ခင်ဗျားသေဖို့အလှည့်ရောက်ပြီ”
ထိုအခါ ဦးစိုင်းမုန်းက အသံနက်ကြီးဖြင့်အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် ငခမ်းအားလက်ညှိုးထိုးပြီး
“ကွမ်ခမ်းရာ၊ မင်းက တစ်ခါသေရုံနဲ့အားမရလို့ နောက်တစ်ခါသေချင်တယ်ပေါ့ဟုတ်လား”
ဦးစိုင်းမုန်းက ကြမ်းပြင်ကိုခြေထောက်နှင့််ဆောင့်နင်းလိုက်ရင်း
“ဂုံဂေါင်ကြီးရေ မင်းအတွက် ဧည့်သည်ရောက်နေတယ်”
ထိုအခါ ပိတ်ထားသည့် ခြေရင်းအခန်း၏ တံခါးကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားပြီး အတွင်းမှ ခြေတံလက်တံရှည်ကြီးများနှင့် ပင့်ကူကြီးတစ်ကောင်ထွက်လာသည်။ ပင့်ကူကြီးဟုဆိုသော်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မိန်းကလေးတစ်ယောက်၏ ပုံစံဖြစ်နေသည်။ ပင့်ကူကြီးက ဦးစိုင်းမုန်းတို့အခန်းတံခါးကိုပါ ချိုးဖျက်ဝင်ရောက်လာကာ မျက်နှာကျက်ပေါ်တွင် ဇောက်ထိုးကြီးလမ်းလျှောက်ရင်း ငခမ်းအရှေ့တွင်ရပ်လိုက်လေသည်။
ငခမ်းက ပင့်ကူကြီးကို အသေအချာကြည့်လိုက်ပြီး
“သြော်၊ ကောင်းတာပေါ့ ကျုပ်လည်းခင်ဗျားနဲ့ စာရင်းရှင်းစရာရှိသေးတယ်”
ပင့်ကူကြီးက စူးရှသည့်အသံဖြင့် ရယ်မောလိုက်လေသည်။
“ကောင်လေး၊ မင်းကိုလည်းငါစောင့််နေတာကြာပြီ၊ ဟိုတစ်ခါတုန်းက မင်းကငါ့ကိုနိုင်သွားတယ်ဆိုပေမယ့် ဒီတစ်ခါတော့ ငါ့အလှည့်ပဲ”
ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏လက်ကိုပြေးဆွဲလိုက်သည်။ ထို့နောက် ပင့်ကူကြီးအားကြည့်လိုက်ပြီး
“ဂုံဂေါင်ကြီး၊ မင်းဒီကောင့်ကိုရှင်းလိုက်၊ ပြီးရင်တော့ ဟောဒီမိန်းကလေးဟာ မင်းအတွက်ပဲ”
ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏ ညီမလေးကိုလက်ညှိုးထိုးပြလိုက်သည်။ ပင့်ကူကြီးက ရယ်မောလျှက် ရှဲန်ဆိုင်ညီမဆီသို့ပြေးသွားကာ ဖမ်းချုပ်လိုက်လေသည်။
“မင်းလိုကောင်အတွက် ငါကိုယ်တိုင်တိုက်စရာမလိုပါဘူး၊ ကဲ ငါ့သားသမီးတွေ ထွက်လာခဲ့ကြဟေ့”
ထိုပင့်ကူကြီးထက် အနည်းငယ်သေးငယ်သည့် ပင့်ကူများက အခန်းအတွင်းသို့ဝင်ရောက်လာခဲ့ကြသည်။ စုစုပေါင်း ပင့်ကူငယ် ခြောက်ကောင်ရှိသည်။ ထိုပင့်ကူများကတော့ ပင့်ကူကိုယ်ခန္ဓာများသာဖြစ်သည်။
“မင်းတို့ရှင်းလိုက်ကြ၊ သူ့အသားကိုစား၊ သူ့သွေးကိုဖောက်သောက်လိုက်ကြ”
ပင့်ကူကြီးကပြောဆိုပြီး မျက်နှာကျက်ပေါ်မှတဆင့် အပြင်သို့ပြေးထွက်သွားလေသည်။ ရှဲန်ဆိုင်၏ ညီမလေးမှာ အသံကုန်ဟစ်အော်ရင်း ပင့်ကူကြီးအနောက်သို့ပါသွားတော့သည်။ ပင့်ကူရှစ်ကောင်မှာ ငခမ်းဆီသို့ တပြိုင်နက်ပြေးဝင်လာကြသည်။ သူတို့၏ ပင့်ကူခြေလက်များဖြင့် တိုက်ခိုက်ကြသည်။ ပင့်ကူလက်များထိပ်တွင် ဓါးသွားကဲ့သို့ချွန်မြနေသည့် အဆူးအတောင်များပါရှိရာ ငခမ်းက လှိမ့်ရှောင်လိုက်သည့်အခါ ကြမ်းပြင်တွင် အပေါက်ရာများဖြစ်သွားလေသည်။ ထို့နောက် ပင့်ကူရှစ်ကောင်နှင့် ငခမ်းတို့ ပြင်းထန်စွာတိုက်ခိုက်ကြတော့သည်။
ဦးစိုင်းမုန်းက အိမ်ပေါ်မှဆင်းလာကာ ရှဲန်ဆိုင်ကို မြင်းလှည်းကြီးပေါ်သို့ပစ်တင်လိုက်သည်။
“နင်ထွက်ပြေးမယ်မကြံနဲ့”
ရှဲန်ဆိုင်က အတင်းရုန်းကန်နေသဖြင့် ဦးစိုင်းမုန်းက ရှဲန်ဆိုင်၏ ရင်ညွန့်ကို လက်သီးဖြင့်သုံးလေးချက်ပိတ်ထိုးလိုက်သည်။ ထို့နောက် ရှဲန်ဆိုင်၏ လည်ကုပ်ကို တံတောင်ဖြင့်ရိုက်ချလိုက်ရာ ရှဲန်ဆိုင်မှာမေ့မြောသွားတော့သည်။
ထို့နောက် မြင်းလှည်းတံခါးကိုအပြင်မှပိတ်လိုက်ပြီး မြင်းဇောင်းအတွင်းမှ မြင်းများကိုထုတ်ယူကာ မြင်းလှည်းတွင် တပ်ဆင်နေလိုက်သည်။ မကြာမီ မြင်းနှစ်ကောင်တပ်ဆင်ပြီးဖြစ်သဖြင့်် ခြံတံခါးကြီးကိုဖွင့်လိုက်ကာ မြင်းလှည်းကြီးကို မောင်းနှင်ထွက်လာခဲ့တော့သည်။
ပင့်ကူက ရှစ်ကောင်မို့ ငခမ်းအား တစ်ကောင်ပြီးတစ်ကောင်တိုက်ခိုက်ကြရာ ငခမ်းမှာ လူးလိမ့်နေအောင်ခံရသည်။ နောက်ဆုံးတော့ ငခမ်းက သူ့လင်းနို့တောင်ပံကြီးကိုထုတ်လိုက်ပြီး ပင့်ကူများအား တောင်ပံနှင့်ရိုက်ချလေသည်။ သူ့နောက်ကျောပေါ်သို့ ပင့်ကူများက ခုန်တက်ရာ အတောင်ပံဖြင့် ကာကွယ်လိုက်သည်။ ချွန်ထက်လှသည့် ပင့်ကူလက်သည်းများက သူ့တောင်ပံကို မဖောက်ထွင်းနိုင်ပေ၊ ငခမ်းက တောင်ပံကိုကြည့်ရင်း အံ့သြနေမိသည်။
“အဲဒါ မင်းကျားကြီးဆီက မိစ္ဆာစွမ်းအင်တွေရလာခဲ့လို့ဖြစ်မယ်”
ငခမ်းတောင်ပံများမှာ သံပြားကြီးတစ်ခုကဲ့သို့ မာကျောခိုင်မာနေလေသည်။ ပင့်ကူတစ်ကောင်က မျက်နှာကျက်ပေါ်မှ ခုန်ချသည့်အခါ သူ့တောင်ပံနှင့် ဖြတ်ရိုက်ထည့်လိုက်သည်။ ပင့်ကူမှာ အရှိန်နှင့်လွင့်ထွက်သွားပြီး သစ်သားနံရံကိုဖောက်ထွက်သွားကာ ဟိုးအဝေးသို့လွင့်ထွက်သွားသည်။ နောက်ထပ်ပင့်ကူတစ်ကောင်က ငခမ်း၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ ငယ်ထိပ်သို့ အဆိပ်ဆူးကြီးစိုက်ထည့်ရန် ပြင်ဆင်နေပြန်သည်။ ငခမ်းက ဦးခေါင်းပေါ်မှ ပင့်ကူကို ဆွဲချလိုက်ပြီး ပင့်ကူ၏ ခြေလက်များကို ကိုင်တွယ်ကာ အားနှင့်ဆွဲဖြဲလိုက်ပြန်သည်။ ပင့်ကူမှာ ကိုယ်နှစ်ခြမ်းကွဲထွက်သွားပြီး အတွင်းမှ ဖြူဖြူပျစ်ပျစ်အရည်များက ပန်းထွက်လာလေသည်။
“ထွီ၊ ရွံ့လိုက်တာ”
ကြမ်းပြင်ပေါ်မှ ပြေးလာသည့်် ပင့်ကူတစ်ကောင်ကို ညာဖက်ဖနောင့်နှင့် အားစိုက်ပြီးပေါက်ထည့်လိုက်ရာ ထိုပင့်ကူမှာ စိစိညက်ညက်ကြေသွားပြီး သူ့ပါးစပ်မှ ပျစ်ချွဲသည့်အရည်များက ပန်းထွက်လာကာ နံရံပေါ်တွင် ညစ်ပေသွားပြန်သည်။ ထိုနည်းအတိုင်း ပင့်ကူခုနစ်ကောင်နှင့် တိုက်ခိုက်ပြီးသည့်အခါ အခန်းအတွင်းညစ်ပတ်ပေပွနေပြီး ပင့်ကူကိုယ်ခန္ဓာအပိုင်းအစများက လှုပ်ရွနေကြသည်။ ဆီးသီးခန့် အနီရောင်အလုံးကလေးများက အခန်းအတွင်းပျံဝဲနေကြသည်ကို အတိုင်းသားမြင်တွေ့နေရသည်။
ငခမ်းက ညာဖက်လက်ကိုမြှောက်လိုက်သည့်အခါ အသေးလေးက မိစ္ဆာဓါတ်လုံးကလေးများကို စုပ်ယူစားသုံးလိုက်သည်။
“ဒီကောင်တွေက အစွမ်းငယ်သေးတယ်ကွ”
ကျန်သည့်ပင့်ကူတစ်ကောင်မှာ အခန်းအပြင်သို့ထွက်ပြေးသဖြင့် ငခမ်းက အနောက်မှပြေးလိုက်လာခဲ့သည်။ ခြေရင်းခန်းတံခါးကြီးမှာ ပွင့်ထွက်နေလေသည်။ ငခမ်းက ထိုအခန်းထဲသို့ဝင်လိုက်သည့်အခါ ပင့်ကူကြီးက ရှဲန်ဆိုင်ညီမလေး၏ ဦးခေါင်းခွံကိုဖောက်ပြီး ဦးနှောက်များကိုသောက်နေလေသည်။ ရှဲန်ဆိုင်ညီမမှာ မသေသေးဘဲ တစ်ကိုယ်လုံးနတ်ပူးသလို တုန်ယင်နေလေသည်။ ပင့်ကူကြီးက ငခမ်းကိုတွေ့သည့်အခါ အလွန်အံ့သြသွားသည်။ ထို့ကြောင့် သူ့လက်ထဲမှ ရှဲန်ဆိုင်ညီမအလောင်းကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။ ပွင့်နေသည့် ဦးခေါင်းကြီးအတွင်းမှ ဦးနှောက်အကြွင်းအကျန်တစ်ချို့က ကြမ်းပြင်ပေါ်သို့ စီးကျလာလေသည်။
“သားတို့ရေ၊ သမီးတို့ရေ”
ပင့်ကူကြီးက အော်ခေါ်လိုက်သည်။ ထိုအခါ ငခမ်းက သူ့လက်အတွင်းကိုင်ထားသည့် ခြေလက်တစ်ချောင်းမှမရှိတော့ဘဲ ကိုယ်ထည်သာကျန်ရှိသည့် ပင့်ကူတစ်ကောင်အား လှမ်းပစ်ပေးလိုက်သည်။
“ခင်ဗျားသားသမီးတွေအကုန်သေပြီ၊ ဒီဟာက နောက်ဆုံးတစ်ကောင်ပဲ”
ခြေလက်များဖြတ်ထားသည့် ပင့်ကူမှာ လိပ်တစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် ဝေ့လည်နေသည်။ ပင့်ကူမှာ သေတော့မသေသေးပေ၊ ပင့်ကူကြီးက ထိုပင့်ကူကလေးဆီသို့ ပြေးလာပြီးနောက် တယုတယနှင့်ကောက်ယူလိုက်သည်။ ထို့နောက် ပင့်ကူကြီးမျက်လုံးမှ မျက်ရည်အနက်များစီးကျလာလေသည်။
“ငါ့သားလေး၊ ငါ့သားလေး”
ပင့်ကူကြီးက ငခမ်းအား အလွန်ဒေါသထွက်နေသည့် အကြည့်ဖြင့်ကြည့်သည်။
“ငါ့ကလေးတွေကို မင်းက အကုန်သတ်ပစ်တယ်ပေါ့၊ မင်းကိုငါလျှော့တွက်မိတာ မှားတာပဲ”
ပင့်ကူကြီးက သူ့ခြေလက်များဖြင့် ငခမ်းအား အတင်းဝင်ရောက်ထိုးနှက်လေသည်။ ငခမ်းက ခြေလက်များကိုရှောင်ရှားနေရသည်။
“ခက်တာက ကျုပ်က ခင်ဗျားရဲ့အားနည်းချက်ကို သိနေခဲ့တာပဲဗျ”
ငခမ်း၏ ရင်ဝသို့ ပင့်ကူကြီးက လက်တစ်ချောင်းဖြင့်လှမ်းထိုးလိုက်သည်။ ပင့်ကူလက်ထိပ်တွင် လှံသွားကဲ့သို့ ချွန်မြနေပေသည်။ ငခမ်းက ချိုင်းကိုမြှောက်လိုက်ပြီး ကိုယ်ကိုအသာယိမ်းလိုက်ကာ ပင့်ကူလက်ကို ဖမ်းလိုက်သည်။ သူ့ချိုင်းကြားတွင် ပင့်ကူလက်ကိုညှပ်ထားလိုက်လေသည်။ ထို့နောက် ညာဖက်လက်ဝါးစောင်းဖြင့် ပင့်ကူကြီး၏ လက်တံကို အားဖြင့်လွှဲရိုက်ချလိုက်ရာ ပင့်ကူလက်တံကြီးမှာ သစ်သားစတစ်ခုကဲ့သို့ ကျိုးကျသွားလေသည်။
“ဂါး၊ ဂရား”
ပင့်ကူကြီးမှာ နာကျင်လွန်းလှသဖြင့် အော်ဟစ်နေလေသည်။ ငခမ်းက ပင့်ကူကြီး၏ ကျန်သည့်လက်များကိုပါ ဖမ်းချုပ်ပြီး တစ်ချောင်းချင်းချိုးဖဲ့ပစ်လိုက်သည်။ လက်လေးချောင်းကျိုးသွားသည့်အခါ ပင့်ကူကြီးက အခြေအနေမဟန်မှန်းသိသွားသည်။ ငခမ်းအား ပင့်ကူမျှင်တစ်ချို့နှင့် ပစ်ခတ်ပြီးနောက် လှေကားအတိုင်းဆင်းပြေးလေသည်။
ငခမ်းက သူ့မျက်နှာတွင် ကပ်ငြိနေသည့် ပင့်ကူမျှင်များကိုဆွဲဖြုတ်လိုက်ရသည်။
“ခင်ဗျားကျုပ်လက်ကထွက်ပြေးလို့ လွတ်မယ်လို့ထင်နေတာလား”
ငခမ်းက လှေကားအတိုင်းဆင်းလာခဲ့သည်။ အောက်ထပ်တွင်လည်း သော့ခတ်ထားသည့် အခန်းကြီးများရှိသည်။ ငခမ်းက သော့ခတ်ထားသည့် အခန်းတံခါးရွက်ကြီးကို ခြေထောက်ဖြင့်ဆောင့်ကန်လိုက်သည့်အခါ အခန်းတံခါးကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားသည်။
“ခင်ဗျားပုန်းမနေပါနဲ့၊ ထွက်လာခဲ့”
ငခမ်းက အခန်းထဲသို့ဝင်သွားသည့်အခါ အလွန်အံ့သြသွားသည်။ အကြောင်းမှာ အခန်းထဲတွင် မြောက်များလှစွာသော ပိုးချည်လုံးများကိုတွေ့ရသည်။ လူုများကိုရစ်ပတ်ထားပုံရပြီး မျက်နှာကျက်တွင် ဇောက်ထိုးတွဲလောင်းဆွဲထားလေသည်။
“ခင်ဗျားကြီး လူတွေအများကြီးကို သတ်စားခဲ့ပါလား”
ငခမ်းက တစ်ချိန်တုန်းက သူ့ကိုပင့်ကူကြီးက ထိုနည်းအတိုင်းဖမ်းချုပ်ခဲ့သည်ကို သတိပြန်ရသွားသည်။ ထိုစဉ်ကလည်း သူက ခွန်အားကြီးသူမို့သာ ပင့်ကူမျှင်တွေထံမှ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်လေသည်။
အိမ်တံခါးမှ ဝုန်းခနဲအသံကြားလိုက်သည်မို့ ပင့်ကူကြီး အိမ်အပြင်သို့ပြေးထွက်သွားပြီမှန်း ငခမ်းသိလိုက်သည်။ မှောင်မိုက်နေသည့် မိုးနဲလမ်းမကြီးအတိုင်း ပင့်ကူကြီးက ပြေးလွှားနေသည်။ သို့သော်လည်း ခြေထောက်များကျိုးထားသဖြင့် ခရီးသိပ်မရောက်ပေ၊ ကျိုးကျနေသည့်ခြေထောက်များကို တရွတ်တိုက်ဆွဲနေရင်း မြို့ပြင်ဆီသို့ပြေးလွှားနေသည်။ ထိုအချိန် သူ့အရှေ့တွင် ရပ်နေသူကိုမြင်သည့်အခါ ပင့်ကူကြီး အလွန်ကြောက်လန့်သွားသည်။
“ဟင်၊ နင်၊ နင်”
ငခမ်းကတစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ခင်ဗျားကျုပ်လက်က ပြေးမလွတ်ပါဘူးဗျာ”
ငခမ်းက သူ့လင်းနို့တောင်ပံ ကားကားကြီးနှစ်ဖက်ကိုထုတ်ပြလိုက်လေရာ ပင့်ကူကြီးအံ့သြသွားလေသည်။
“နင်၊ နင်က လူမဟုတ်ဘူးပဲ”
“အရင်ကတော့လူပါ၊ ဒါပေမယ့် ကျုပ်အခုလိုဖြစ်အောင်လို့ ခင်ဗျားစပြီးလုပ်ပေးလိုက်တာပဲလေ”
ငခမ်းက ပင့်ကူကြီးအနားသို့ တစ်လှမ်းချင်းလျေျာက်လာလေရာ ပင့်ကူကြီးမှာ ကြောက်လန့်သဖြင့်တုန်ယင်နေလေသည်။
“ငါ့ကိုမသတ်ပါနဲ့၊ နင်လည်းမိစ္ဆာ၊ ငါလဲမိစ္ဆာပဲလေ၊ ငါတို့အချင်းချင်း ရန်မပြုဘဲနေရအောင်”
ငခမ်းက ပင့်ကူကြီး၏ ဦးခေါင်းကိုကိုင်လိုက်သည်။
“ခင်ဗျားကိုတော့ မသတ်လို့မဖြစ်ဘူး၊ အေးအေးချမ်းချမ်း ပန်းပဲထုပြီးနေတဲ့ ကျုပ်ကို ဒီလိုဘဝရောက်အောင်လုပ်တာခင်ဗျားပဲ၊ ကျုပ်ရဲ့မိသားစုတွေနဲ့ သေကွဲကွဲအောင်လုပ်ခဲ့တာလဲခင်ဗျားပဲ၊ ခင်ဗျားသာ ပေါ်မလာခဲ့ရင် ကျုပ်အခုလောက်ဆို ရှဲန်ဆိုင်နဲ့လက်ထပ်ပြီး ကျုပ်တို့မိသားစုလေး ဘယ်လောက်ပျော်စရာကောင်းနေမလဲဗျာ”
ငခမ်းအသံတိမ်ဝင်သွားသည်။ သူ့မျက်လုံးထဲမှ မျက်ရည်တွေစီးကျလာလေသည်။ ပင့်ကူကြီးက လူလက်နှစ်ဖက်ကို လက်အုပ်ချီလိုက်ပြီး
“ငါတောင်းပန်ပါတယ်၊ ငါနင့်ကိုတောင်းပန်ပါတယ်၊ ငါ့ကိုလွှတ်ပေးပါ၊ နင်ဘာလိုချင်တာရှိလဲ၊ ငါရအောင်လုပ်ပေးမယ်လေ”
ငခမ်းက ခေါင်းခါရင်း မျက်ရည်များကိုလက်တစ်ဖက်ဖြင့်သုတ်လိုက်သည်။
“ကျုပ်လိုချင်တာ ကျုပ်အမေ၊ ကျုပ်နှမ၊ ခင်ဗျားသူတို့ကို အသက်ရှင်အောင်ပြန်လုပ်ပေးနိုင်သလား”
ပင့်ကူကြီးက တွေဝေသွားသည်။ ထို့နောက် ခေါင်းကိုဖြေးညှင်းစွာ ခါလိုက်လေသည်။
“ဒါတော့ ငါမလုပ်ပေးနိုင်ဘူး”
“ဒါဆိုရင်တော့ ခင်ဗျားလုပ်ရပ်အတွက် ခင်ဗျားပေးဆပ်ရလိမ့်မယ်”
ငခမ်းက ညာဖက်လက်ကိုမိုးပေါ်သို့မြှောက်တင်လိုက်ပြီး လက်ဝါးစောင်းဖြင့် ပင့်ကူကြီး၏ ဦးခေါင်းကိုရိုက်ချထည့်လိုက်သည်။ လက်ဝါးစောင်းက ဦးခေါင်းခွံကိုနှစ်ခြမ်းဖြတ်ထွက်သွားပြီး ပင့်ကူကြီးတစ်ကိုယ်လုံးကို ဖြတ်ချသွားသည်။ ပင့်ကူကြီးဆီမှ အဖြူရောင်ပျစ်ချွဲချွဲအရည်များ ပန်းထွက်လာပြီးနောက် ပင့်ကူကိုယ်လုံးကြီးက မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ထိုအချိန် ပင့်ကူကြီး၏ လည်ပင်းအနောက်မှ လက်တစ်ဝါးခန့်ရှိသည့် ပင့်ကူအဖြူကလေးတစ်ကောင်က အလျှင်အမြန်ပြေးထွက်သွားလေသည်။ သို့သော် ငခမ်းကလည်း သိပြီးဖြစ်သည့်အတိုင်းထိုပင့်ကူကလေးအား ခြေထောက်ဖြင့်တက်နင်းကာ နင်းခြေလိုက်တော့သည်။
“ခင်ဗျားတစ်ခါပဲပြေးလို့ရမယ်ပင့်ကူဖြူ၊ ဒီတစ်ခါတော့ ခင်ဗျားကို ကျုပ်အလွတ်မပေးဘူး”
သရက်သီးအရွယ်ခန့်ရှိသည့် ကြီးမားလှသည့် အနီလုံးကြီးတစ်လုံးက ပင့်ကူကြီး၏ ကိုယ်ခန္ဒာအတွင်းမှ ထွက်လာလေရာ အသေးလေးက စုပ်ယူလိုက်ပြန်သည်။ ငခမ်းကိုယ်ထဲတွင် စွမ်းအင်များပြည့်ဝသလို ခံစားရပြီး သူ့သွေးတွေ ပွက်ပွက်ဆူနေသည်ဟုထင်ရသည်။
“တစ်ကောင်တော့အေးသွားပြီ၊ အခုတော့ ဒီပြဿနာတွေရဲ့ ဇစ်မြစ်ကို မြေလှန်ပြီးရှင်းဖို့ပဲကျန်တော့တယ်”
ငခမ်းက မိုးပေါ်သို့ခုန်တက်လိုက်လေသည်။
မိုးနဲမြို့၊ မြို့တံခါးတွင် ဦးစိုင်းမုန်းက တံခါးစောင့်များကို ငွေပေးကာ မြို့တံခါးဖွင့်ခိုင်းသည်။ ထို့နောက် မြို့အတွင်းမှ မြင်းလှည်းဖြင့်ပြေးထွက်ခဲ့သည်။ မကြာခင် ကွင်းပြင်ကြီးတစ်ခုကို ဖြတ်သန်းမောင်းနှင်ရသည်။ ထိုအချိန် သူတို့လှည်းက အရှေ့သို့မရွှေ့တော့ပေ။ ဦးစိုင်းမုန်းလည်း ထူးဆန်းသွားပြီး လက်ထဲမှ နှင်တံဖြင့် မြင်းနှစ်ကောင်အား အတင်းရိုက်လေသည်။ သူရိုက်သည့်အခါတွင် မြင်းများက ခြေကုန်ဖွင့်၍ပြေးသော်လည်း မြင်းလှည်းက နေရာကနေမရွေ့ပေ၊ စိတ်ထဲ မသင်္ကာဖြစ်လာသည်မို့ မြင်းလှည်းအနောက်သို့လှည့်ကြည့်လိုက်သည်။ ငခမ်းက လင်းနို့တောင်ပံကြီးဖြင့်ပျံသန်းလျှက် မြင်းလှည်းအမြီးပိုင်းကို ကိုင်မြှောက်ထားသည်ကိုတွေ့ရသည်။ မြင်းလှည်းတစ်စီးလုံးက လေပေါ်တွင်မြောက်နေလေသည်။
“ဟင်၊ ကွမ်ခမ်း၊ မင်း၊ မင်းဘယ်လိုလုပ်ပြီးတော့”
ငခမ်းက မြင်းလှည်းကြီးကို မိုးပေါ်သို့ပစ်တင်လိုက်သည့်အခါ မြင်းနှစ်ကောင်လည်း ပြုတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ကျသွားသလို မြင်းလှည်းမောင်းနေသည့် ဦးစိုင်းမုန်းမှာလည်း မြေပြင်ထက်သို့ပြုတ်ကျကာ ခြေထောက်တစ်ဖက်ကျိုးသွားလေသည်။ ငခမ်းက မြင်းလှည်းကြီးကို မြေပေါ်သို့ပြန်ချလိုက်သည်။ ထို့နောက် ဦးစိုင်းမုန်းဆီသို့ လာခဲ့သည်။
“မသတ်ပါနဲ့ ကွမ်ခမ်းရာ၊ ငါ့ကိုမသတ်ပါနဲ့၊ ငါမင်းလိုချင်တာပေးပါ့မယ်”
ငခမ်းက ဦးစိုင်းမုန်းအနီးတွင် ဒူးထောက်ထိုင်လိုက်ကာ
“ဒီပြဿနာတွေရဲ့ အရင်းအမြစ်က ခင်ဗျားပဲ ဦးစိုင်းမုန်း”
ဦးစိုင်းမုန်းက ငခမ်းအနားကပ်လာသဖြင့် သူ့ကိုယ်တွင် ဝှက်ယူခဲ့သည့် ဓါးမြှောင်တစ်ချောင်းဖြင့် ငခမ်းရင်ဝကိုထိုးစိုက်ချလိုက်သည်။
“သေစမ်းကွမ်ခမ်း၊ မင်းသေစမ်း”
ငခမ်းက ရယ်မောလိုက်ပြီး သူ့ရင်ဘတ်တွင်စိုက်နေသည့် ဓါးကိုဆွဲနှုတ်လိုက်သည်။ ထို့နောက် ထိုဓါးအား လက်တစ်ဖက်တည်းဖြင့် ညှစ်ကိုင်လျှက် ချိုးချလိုက်ရာ ဓါးမှာချွင်ခနဲအသံမြည်သွားပြီး အပိုင်းပိုင်းအစစဖြစ်သွားလေသည်။ ဦးစိုင်းမုန်းမှာ အလွန်ကြောက်လန့်နေသည်။ ထို့နောက် အနောက်သို့တွန့်ဆုတ်တွန့်ဆုတ်နှင့် ရွေ့လျားနေလေသည်။
“ငါ့ကိုမသတ်ပါနဲ့ကွမ်ခမ်းရာ၊ ငါ မင်းအမေနဲ့ယူပြီးတော့ ငါတတ်တဲ့ပန်းပဲပညာနဲ့ မင်းတို့ကိုလုပ်ကျွေးခဲ့တာပဲမဟုတ်လား၊ နောက်ပြီးတော့ မင်းကိုလည်း ငါပန်းပဲပညာတွေ သင်ပေးခဲ့တာပဲမဟုတ်လား”
ငခမ်းက လက်သည်းရှည်ကြီးများကိုထုတ်လိုက်သည်။ ခြောက်လက်မခန့်ရှည်သည့် လက်သန်းချွန်ချွန်ကြီးများက လရောင်အောက်တွင် ဝင်းလက်နေလေသည်။
“ခင်ဗျားကို ကျုပ်မသတ်ပါဘူး ဦးစိုင်းမုန်းရာ၊ ခင်ဗျားကို သေတာထက်ခံရခက်အောင် ကျုပ်ကလုပ်ပစ်မှာဗျ”
ငခမ်းက ဦးစိုင်းမုန်း၏ ပေါင်ကြားထဲသို့ သူ့လက်ကိုထိုးသွင်းလိုက်သည်။ ထို့နောက် လက်သည်းများဖြင့် ဒရကြမ်းမွှေနှောက်ပြီး ခုတ်ထစ်လိုက်သည်။ ညသန်းခေါင်ယံအချိန်တွင် ဦးစိုင်းမုန်း၏ ဝမ်းခေါင်းသံဖြင့် အော်သံကြီးများ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။ ဦးစိုင်းမုန်းက သူ့ပေါင်ကြားကိုလက်နှစ်ဖက်နှင့်အုပ်ရင်း လူးလိမ့်နေလေသည်။ ပေါင်ကြားမှ သွေးများကစီးကျနေလေသည်။
“မှတ်ထား၊ ခင်ဗျားကြီးမသေမချင်း ဒီဘဝနဲ့ပဲ နေရတော့မယ်”
ငခမ်းက လှည်းအိမ်ကြီးကို ဆွဲဖွင့်လိုက်သည်။ ထိုအခါ အတွင်းတွင် မေ့မြောနေသည့် ရှဲန်ဆိုင်ကိုမြင်တွေ့လိုက်ရသည်။ ငခမ်းက ရှဲန်ဆိုင်ကိုယ်လုံးအား လက်နှစ်ဖက်ဖြင့်ပွေ့ချီလိုက်သည်။ ထိုအချိန်တွင် မြင်းခွာသံများကိုကြားလိုက်ရပြီး ငခမ်းတို့ကို မြင်းတပ်ကြီးတစ်တပ်က ဝန်းရံလိုက်လေသည်။ မြင်းတပ်ကို ဦးဆောင်လာသူကတော့ ပျံချီဖြစ်သည်။ မြင်းတပ်သားများက မီးတုတ်များကိုထွန်းလိုက်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခွင်တွင် လင်းထိန်သွားတော့သည်။
ပျံချီက မြင်းဖြူတစ်စီးကိုစီးလျှက် အရှေ့သို့တိုးထွက်လာသည်။
“ဟေ့ကောင်ငခမ်း၊ ကောင်မလေးကို မင်းတကယ်ချစ်တယ်ဆိုရင် မင်းအခုပဲအဖမ်းခံလိုက်ပါ”
ငခမ်းက ပျံချီကိုကြည့်လိုက်ရင်း အံကြိတ်လိုက်သညည်။
“ပျံချီ၊ လတ်စသတ်တော့မင်းကိုး၊ မင်းလိုကောင်ကို ဘာလို့စည်သူက အလွတ်ပေးခဲ့တာလိုဆိုတာကို ငါအံ့သြနေခဲ့တာ”
ပျံချီက ရယ်မောရင်း
“စည်သူဆိုတဲ့ကောင်က နဂိုကတည်းက ပျော့ညံ့တဲ့ကောင်ပဲကွ၊ ဒါကြောင့်လည်း သူကျရှုံးတာကွ၊ ဒီလောကကြီးက မင်းထင်တာထက် အများကြီးပိုပြီးရက်စက်တယ်ငခမ်း၊ သန်မာတဲ့သူတွေသာ အသက်ရှင်သန်နိုင်ပြီး ပျော့ညံ့တဲ့သူတွေအတွက် နေရာမရှိဘူးကွ”
“အပိုစကားတွေမပြောနဲ့ ပျံချီ၊ မင်းတို့လူတစ်ရာလောက်က ငါ့ကိုတားဆီးနိုင်မယ်လို့ထင်လို့လား”
“ဟား၊ ဟား ငခမ်းရာ၊ မင်းကိုယ့်အခြေအနေကိုယ်သိစမ်းပါ”
ပျံချီက လက်ဖြောက်တစ်ချက်တီးလိုက်သည့်အခါ မြင်းတပ်သားများက သေနတ်အတိုများကိုထုတ်ယူလိုက်ပြီး ငခမ်းအားထိုးချိန်လိုက်သည်။
“မင်းရဲ့ပျော့ကွက်က ဒီကောင်မလေးပဲမဟုတ်လားကွ၊ ဒီတော့ မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်ငခမ်း၊ မင်းအဖမ်းခံရင် ဒီကောင်မလေးကို ငါတို့လွှတ်ပေးမယ်၊ မင်းအဖမ်းမခံဘူးဆိုရင်တော့ ငါတို့မင်းကိုသေနတ်နဲ့ဝိုင်းပစ်မယ်၊ မင်းကမသေဘူးဆိုပေမယ့် မင်းကောင်မလေးကတော့ သေနတ်ကျည်ဆန်တွေဖောက်ပြီး ဆန်ခါပေါက်ဖြစ်သွားမှာပဲ”
“မင်းပြောတာကို ငါကဘာလို့ယုံရမှာလဲ ပျံချီ၊ မင်းလိုအကောင်ရဲ့စကားကို ငါဘာမှနားထောင်စရာမလိုဘူး”
ပျံချီက သက်ပြင်းချလိုက်ပြီး
“မင်းက ဆွေးနွေးလို့မရဘူးပဲငခမ်း၊ ကဲ မြင်းတပ်သားတွေ ဒီကောင့်ကိုဝိုင်းပစ်ကြစမ်း”
မြင်းတပ်သားတစ်ချို့က မြားတံများဖြင့် ငခမ်းအားဝိုင်းဝန်းပစ်ခတ်သည်။ မြားတံများက ငခမ်း၏ ကိုယ်လုံးကိုထိုးစိုက်ဝင်သည်။ ငခမ်းမှာ အလွန်နာကျင်သည့် ဝေဒနာကိုခံစားရသည်။
“ဟား၊ ဟား မင်းကိုယ်မင်း ခံနိုင်ရည်ရှိလှပြီလို့ထင်နေလားငခမ်းရ၊ မင်းတို့လိုကောင်တွေက ဂျင်းဖြူကိုမခံနိုင်ဘူးမဟုတ်လား၊ အဲဒီမြားတံတွေထိပ်မှာ ဂျင်းဖြူအရည်တွေ သုတ်လိမ်းထားတယ်ကွ”
ငခမ်းထံသို့ စိုက်ဝင်နေသည့်မြားတံများမှာ အခိုးအငွေ့များထွက်ပေါ်နေလေသည်။ ဂျင်းဖြူအရည်များက ငခမ်းအသားကို အက်စစ်ကဲ့သို့ လှိုက်စားနေသည်။ ဂျင်းဖြူနှင့်ထိမိသဖြင့်် ငခမ်းအားအင်တွေ ယုတ်လျော့ကာ လူကနုံးချိလာသည်။
“မင်းက အဆုံးအစွန်အထိသွားချင်တယ်ပေါ့ငခမ်း၊ ရဲမက်တို့ ဒီကောင့်ကို မြားနဲ့ထပ်ပစ်ကြ”
လက်ထဲမှ အသေးလေးက
“ငခမ်း၊ မင်းရဲ့တောင်ပံတွေကို သုံးဖို့အချိန်ကျပြီ”
ငခမ်းက ကြီးမားလှသည့် တောင်ပံကြီးကိုထုတ်လိုက်ပြီး ခပ်ကြမ်းကြမ်းလှုပ်ယမ်းလိုက်သည်။ ပြင်းထန်သည့် လေလှိုင်းများက တောင်ပံဆီမှထွက်ပေါ်လာကာ မြားတံများလေနှင့်လွင့်ကာ မြေပေါ်သို့ပြုတ်ကျကုန်သည်။ သဲများ၊ ဖုန်များပါ လေနှင့်လွင့်လာသည်မို့ ပျံချီက သူ့မျက်လုံးများကိုလက်နှင့်ကာထားလိုက်သည်။ ငခမ်းက တစ်ချိန်တည်းမှာပင် ကောင်းကင်သို့ခုန်တက်လိုက်သည်။
“ဒီကောင့်ကိုမလွတ်စေနဲ့၊ သေနတ်တွေနဲ့ပစ်ခတ်ကြ”
မြင်းတပ်သားများက သေနတ်များဖြင့်ပစ်ခတ်ကြသည်။ သို့သော် ငခမ်းက တောင်ပံကြီးတစ်ဖက်ဖြင့် သူ့ကိုယ်လုံးကို ကာကွယ်ထားရာ သေနတ်ကျည်ဆန်များမှာ တောင်ပံကိုမဖောက်ထွင်းနိုင်ပဲ တန်ပြန်ကန်ထွက်သွားကြလေသည်။ မြင်းတပ်သားများ သေနတ်ကျည်ဆန်ကုန်သွားတော့မှ ငခမ်းက တစ်ချက်ရယ်မောလိုက်ရင်း
“ဟား၊ ဟား ပျံချီရာ၊ မင်းအရည်အချင်းနဲ့ ငါ့ကိုဖမ်းမိဖို့ဆို မင်းတော်တော်ကြိုးစားရအုံးမှာပါကွ”
ငခမ်းက လျှင်မြန်သောအရှိန်ဖြင့်ကောင်းကင်ပေါ်တွင် ပျံဝဲသွားလေသည်။ ပျံချီက ဒေါသထွက်ကာ ဆွေ့ဆွေ့ခုန်နေကြသည်။
“အသုံးမကျဘူး၊ မင်းတို့ကောင်တွေအသုံးမကျဘူး”
ငခမ်းကတော့ ပျံချီတို့တပ်ဖွဲ့များနှင့် ဝေးရာသို့ ပျံသန်းထွက်ခွာလာခဲ့တော့သည်။
(၇)
မနက်မိုးလင်းပြီဖြစ်သည်။ ရှဲန်ဆိုင်က ပြန်လည်သတိရလာသည်။ သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ တဲအိမ်အစုတ်ကလေးတစ်လုံးအတွင်းရောက်နေသည်ကို တွေ့မြင်ရသည်။ ရှဲန်ဆိုင်က ကုန်းထလိုက်သောအခါ သူ့ဇက်ပိုးကနာကျင်နေလေသည်။ ညကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုပြန်တွေးရင်း အိပ်မက်လား တကယ်လားဆိုတာ မဝေခွဲတတ်တော့ပေ။
“ငါဘယ်ကိုရောက်နေတာလဲ”
ရှဲန်ဆိုင်က အားယူထလိုက်ပြီး အိမ်ပေါ်မှဆင်းလိုက်သည်။ ထိုအခါ အိမ်ပေါက်ဝတွင် လူတစ်ဦးလာရပ်သည်။ ရှဲန်ဆိုင်ကြည့်နေရင်း အံ့သြလွန်းသဖြင့် သူ့လက်များဖြင့် ပါးစပ်ကိုပိတ်ထားမိသည်။
“အကို၊ အကို ကွမ်ခမ်းလား”
ငခမ်းက ရှဲန်ဆိုင်အားပြေးဖက်လိုက်သည်။ ရှဲန်ဆိုင်က ငခမ်းရင်ခွင်ထဲသို့ မှီချလိုက်ပြီး တသိမ့်သိမ့်နှင့် ငိုနေတော့သည်။
“ဒါအိပ်မက်လားအကို၊ အိပ်မက်ထဲမှာ အကိုနဲ့ရှဲန်ဆိုင်တွေ့နေတာလား”
ငခမ်းက ခေါင်းခါလိုက်ပြီး ရှဲန်ဆိုင်၏ နက်မှောင်နေသည့် ဆံသားကလေးများကိုပွတ်သပ်လိုက်သည်။
“မဟုတ်ဘူးရှဲန်ဆိုင်၊ ဒါအိပ်မက်မဟုတ်ဘူး၊ အပြင်မှာတကယ်ဖြစ်နေတာ”
ရှဲန်ဆိုင်က ငခမ်းရင်ခွင်ထဲမှ တိုးထွက်လိုက်ပြီး ခေါင်းကိုမော့ကာ ငခမ်း၏ မျက်နှာကိုလက်နှစ်ဖက်ဖြင့်အသေအချာစမ်းကြည့်သည်။
“အကိုမသေဘူးနော်၊ ရှဲန်ဆိုင်မြင်ခဲ့တာတော့ အကို့ကိုသူတို့ မီးပုံရှို့နေခဲ့တာ”
ရှဲန်ဆိုင်က အဖြစ်အပျက်များကို ပြန်လည်စဉ်းစားနေသည်။
“နောက်ပြီးတော့ ဟိုလူကြီး၊ ဦးစိုင်းမုန်း၊ သူက ရှဲန်ဆိုင် . . ရှဲန်ဆိုင့်ကို . . .”
“တော်ပါတော့ ရှဲန်ဆိုင်ရယ်၊ အဲဒါတွေပြန်ပြီးမစဉ်းစားပါနဲ့တော့၊ ဒါတွေက အိပ်မက်ဆိုးတွေပါ”
“တကယ်လား အကိုကွမ်ခမ်း”
ငခမ်းက ရှဲန်ဆိုင်ကိုဖက်လိုက်ရင်း
“တကယ်ပေါ့ရှဲန်ဆိုင်ရာ၊ အိပ်မက်ဆိုးဆိုတာ အချိန်ကျလို့နိုးထရင် သူ့အလိုလိုပျောက်ကွယ်သွားတာမဟုတ်လား၊ အခုရှဲန်ဆိုင်လည်း မဟုတ်တာတွေမတွေးနဲ့တော့၊ အကိုနဲ့ရှဲန်ဆိုင်နဲ့ ဟောဒီက လူသူမနီးတဲ့ ဒီတောင်ကုန်းကလေးပေါ်မှာ တစ်သက်လုံးမခွဲဘဲ အတူတူနေသွားကြမယ်နော်”
ရှဲန်ဆိုင်က ပြုံးလိုက်ကာ ခေါင်းကိုအသာလေးညိတ်လိုက်လေသည်။ ငခမ်းက ခေါင်းငုံ့လိုက်ကာ ဖက်ဖူးရောင်သန်းနေသည့် ရှဲန်ဆိုင်၏ နှုတ်ခမ်းပါးကလေးများကို အနမ်းချွေလိုက်တော့သည်။
တောင်ကုန်းကလေးပတ်ပတ်လည်တွင် သစ်ပင်ဝါးပင်များက ထူထပ်စွာပေါက်နေသည်။ စမ်းချောင်းကလေးတစ်ခုကလည်း စီးဆင်းနေသည်။ ထိုသစ်ပင်ဝါးပင်များပေါ်တွင်လည်း ငှက်ဖိုငှက်မနှစ်ကောင်က ချစ်တေးသံသီကျူးရင်း ခုန်ပျံနေကာ တစ်ကောင်နှင့်တစ်ကောင်ကျီစယ်နေကြသည်။ အလားတူ ငခမ်းနှင့် ရှဲန်ဆိုင်တို့၏ အသိုက်အမြံအသစ်ကလေးသည်လည်း အချစ်မေတ္တာများနှင့် ပြည့်နှက်နေသည့် ငြိမ်းချမ်းသည့်နယ်မြေကလေးတစ်ခု အဖြစ်တည်ရှိနေသည်။ မကြာမီ တောင်တန်းပေါ်မှ နေမင်းကြီးထွက်ပြူလာသည်။ နွေးထွေးသောနေရောင်ခြည်များနှင့်အတူ ချစ်သူနှစ်ဦးတို့၏ နံနက်ခင်းကလေးမှာ သာယာကြည်နူးပျော်ရွှင်ဖွယ် ကောင်းနေတော့သည်။
ပြီးပါပြီ။