(ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားပါသည်)
(၁)
အချိန်ကား ၁၉၈၀ ခုနှစ်ခန့်ကဖြစ်သည်။ ပဲခူးမြို့နှင့် မလှမ်းမကမ်း၊ ပဲခူးမြစ်ကမ်းနံဘေးတွင် ရိုးကောက်(အမည်လွှဲ) ရွာကလေးတည်ရှိသည်။ ရိုးကောက်ရွာကလေးမှာ ပဲခူးမြစ်ကိုနဖူးတင်လျှက်တည်ဆောက်ထားပြီး ပဲခူးမြို့နှင့် မနီးမဝေးတွင်တည်ရှိသည်။ ရွာကလေးက အိမ်ခြေငါးဆယ်ကျော်ခန့်သာရှိပြီး ရွာအနောက်ဘက်တွင် ပဲခူးမြစ်ကြီးက ဖြတ်သန်းစီးဆင်းနေလေသည်။ ရွာအရှေ့ဘက်တွင်တော့ မျက်စိတစ်ဆုံးကျယ်ပြောလှသည့် လယ်ကွင်းပြင်ကြီးများရှိသည်။
ထိုရွာကလေးတွင် မအေးကြည်တို့ သားအမိတစ်တွေနေထိုင်ကြသည်။ မအေးကြည်က အသက် သုံးဆယ်ငါးနှစ်ခန့်သာရှိသေးသည်။ သူ့ထံတွင် သားသမီးလေးယောက်ရှိပြီး သူ့ယောက်ျားဖြစ်သူ ကိုအုန်းကတော့ လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင် လယ်ထဲဆင်းရင်း ပိုးထိ၍သေဆုံးသွားလေသည်။ ကိုအုန်းသေဆုံးသွားပြီးတော့ မအေးကြည်က လယ်တွေကိုဆက်လုပ်သေးသည်။ သို့သော် ကလေးငယ်များတစ်ဖက်နှင့်မို့ စိတ်သွားတိုင်းကိုယ်မပါခဲ့ပေ၊ အကြီးဆုံးသား အောင်ပုက အသက်ဆယ်နှစ်ကျော်ပြီဖြစ်သည်၊ အောင်ပုအောက်က သမီးကြီးက စန်းကြည်ဟုခေါ်ပြီး အသက်ရှစ်နှစ်ပတ်ချာလည်ရှိပြီ၊ သမီးကြီး စန်းကြည်အောက်က သမီးလတ် အုန်းကြည်ရှိကာ အသက်ခုနစ်နှစ်နီးပါးဖြစ်ပြီး အငယ်ဆုံးသားကလေး ဖိုးတာ ကတော့ အသက်ငါးနှစ်ကျော်သာရှိသေးသည်။
ကိုအုန်းသေတော့ အငယ်ဆုံးသားကလေးဖိုးတာ အသက်သုံးလသာရှိသေးသည်။ မအေးကြည်တို့လင်မယားက ရွာခံတွေမဟုတ်ကြပေ၊ ကိုအုန်းက မြောင်းမြဖက်မှဇာတိဖြစ်ပြီး မအေးကြည်က ဒိုက်ဦးဘက်မှဖြစ်သည်။ သူတို့နှစ်ယောက် အကြောင်းပါပြီးတော့ တစ်အိုးတစ်အိမ်တည်ထောင်ကြကာ ကိုအုန်း၏ အသိမိတ်ဆွေရှိသည့် ယခု ရိုးကောက်ရွာကလေးတွင် လာရောက်နေထိုင်ကြခြင်းဖြစ်သည်။ ကိုအုန်း၏ ကြိုးစားမှုကြောင့် လယ်သုံးဧကခန့်ပိုင်ဆိုင်လာခဲ့သည်။
အခုကိုအုန်းမရှိတော့ မအေးကြည် ရွှေတောင်ကြီးပြိုလေပြီ၊ ကလေးငယ်များနှင့်မို့ အလုပ်ထွက်လုပ်၍လည်းမရပေ၊ ထို့ကြောင့် ရပ်ရွာထဲတွင် ချေးငှားပြီး စားသောက်နေထိုင်ရသည်။ နောက်တော့ သူတို့ပိုင်ဆိုင်သည့် လယ်သုံးဧကကိုပါရောင်းချခဲ့ရသည်။ ရွာထဲမှ ပျဉ်ထောင်အိမ်ကလေးကို အကြွေးရှင်က သိမ်းလိုက်သည့်အခါ ရွာစွန်တာလမ်းနံဘေးတွင် တဲထိုး၍ သားသမီးတွေနေထိုင်ကြရသည်။
(၂)
“ဟဲ့ စန်းကြည်မ၊ အားရင် သန်းပဲကုတ်မနေနဲ့ ထမင်းလေးဘာလေးချက်ဖို့လုပ်”
သမီးကြီး စန်းကြည်မက ခေါင်းကုတ်ရင်း မီးဖိုထဲသို့ဝင်လာခဲ့သည်။
“အမေကလဲ ဆန်အိုးထဲမှာ ဆန်မှမရှိတာအမေရဲ့”
“ငါသိပါတယ်အေ၊ ဆန်မရှိလဲ ထင်းလေးကောက်ပြီးတော့ မီးမွှေးထား၊ ရေနွေးတစ်အိုးကျိုထားဟဲ့၊ မိန်းကလေးဆိုတာ အလုပ်ကိုလဘ်မြင်ရတယ်၊ အအားမနေနဲ့”
မအေးကြည်က ကြိမ်းမောင်းလိုက်ပြီးနောက် အိမ်ရှေ့သို့ထွက်လာခဲ့သည်။ သားကြီးအောင်ပုနှင့် သမီးလတ် အုံးကြည်က အိမ်ရှေ့တွင် အပြင်ထွက်ဖို့ပြင်ဆင်နေကြသည်။
“ဟင် နင်တို့က ဘယ်ကိုသွားမလို့လဲ”
“ရွာထဲက အေးစိန်မ တို့နဲ့ သွားဆော့မလို့အမေရ”
“မဆော့နဲ့၊ မဆော့ကြနဲ့၊ နင်တို့နှစ်ယောက်စလုံးအသင့်ပြင်ထားကြ၊ ငါပြန်လာရင် ငါတို့ ငါးရှဉ့်သွားတူးကြမယ်”
မအေးကြည်ပြောလိုက်သဖြင့် မောင်နှမနှစ်ယောက် မျက်နှာများစူပုတ်သွားကာ အိမ်ရှေ့လှေကားတွင် စိတ်ပျက်လက်ပြတ်ဖြင့်ထိုင်ချလိုက်ကြသည်။ မထိုင်လို့လဲမရပေ၊ သူတို့အမေအကြောင်းကို သူတို့သိသည်။ အမေက တစ်ခွန်းပြောလျှင် ရမှာကြိုက်သည်။ မရလျှင်တော့ ကြိမ်လုံးစာ၊ ဝါးခြမ်းပြားစာ မိမည်ဖြစ်သည်။
မအေးကြည်က ဒန်အိုးအလွတ် ကလေးရွက်ကာ ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့သည်။ မနက်ခင်းနေရောင်ခြည်မှာ ပူပြင်းလှသည်။ နွေဦးကာလမို့ မနက် ရှစ်နာရီခန့်ပင်ရှိသေးသော်လည်း နေကအလွန်ပူနေပြီဖြစ်သည်။ မအေးကြည်ထွက်လာရင်း ကုန်စုံဆိုင်တစ်ခုအရှေ့တွင်ရပ်လိုက်သည်။
“အမစိန်ရေ၊ ဆန်သုံးလုံးလောက်ချေးပါအုံး”
ဈေးဆိုင်တွင်ထိုင်နေသည့် အမစိန်ဟု အမည်ရသည့် အဒေါ်ကြီးက မျက်နှာကိုရှုံ့မဲ့လိုက်သည်။
“ညည်းကိုမချေးချင်တာတော့ မဟုတ်ပါဘူးအေ၊ ဒါပေမယ့် ဟိုရက်ကချေးထားတဲ့အကြွေးတွေတောင် ညည်းကျေအောင်မဆပ်ရသေးဘူးမဟုတ်လားအေ့”
“အမစိန်ကတော့ လုပ်ပြီ၊ ဒီတစ်ခါ ဆန်သုံးလုံးချေးစမ်းပါ၊ ပြီးရင်ကျုပ် ရေကန်မှာ ငါးရှဉ့်သွားတူးမယ်၊ တူးပြီးလို့ ငွေပေါ်ရင် အမစိန်အကြွေးတွေ ပြန်ဆပ်မယ်၊ ဟုတ်ပြီလား”
“အေးပါ၊ ပြီးရော၊ ပြီးရော”
အမစိန်က ဆန်သုံးလုံးကိုချိန်ပြီးတော့ မအေးကြည်ယူလာသည့် ဒန်အိုးအလွတ်ထဲသို့ ထည့်ပေးလိုက်သည်။
“လက်စနဲ့၊ အာလူးကလေးပါ နည်းနည်းချေးပါတော်”
အမစိန်က မအေးကြည်ကိုမျက်စောင်းထိုးလိုက်သည်။
“ညည်းတို့မလဲ ဒီလိုပဲ၊ အစရှိ အနောင်နောင်ဆိုသလိုပေါ့၊ ဆန်ချေးရင်း ငါးပိလေးချေးပါ၊ ငရုတ်သီးမှုန့်လေးချေးပါနဲ့၊ ကဲကဲ မထူးတော့ပါဘူး၊ အာလူးအစိတ်သားထည့်ပေးလိုက်မယ်”
အမစိန်က အာလူးများကိုယူလိုက်ကာ သူ့ချိန်ခွင်တွင် ချိန်တွယ်နေလေသည်။ အာလူးက အလုံးကြီးသည်မို့ အစိတ်သားကို လေးလုံးလောက်သာရသည်။ ဒါတောင် ချိန်ခွင်က လျှာမထွက်ချင်သေးပေ၊ မအေးကြည်က အမစိန်အလေးခိုးမှန်းသိသော်လည်း အကြွေးယူသည်မို့ ဘာမှမပြောဝံ့တော့ပေ။ နောက်တော့ အမစိန်ကို မချိသွားဖြဲလုပ်ရင်း အိမ်သို့ပြန်လာခဲ့သည်။
အိမ်နားရောက်သည်နှင့် အငယ်ကောင် ဖိုးတာကလေး၏ အော်ဟစ်ငိုယိုသံကို အတိုင်းသားကြားနေရသဖြင့် အိမ်ဆီသို့အမြန်ပြေးသွားလိုက်သည်။
“ဟဲ့ကောင်လေးတွေ၊ နင်တို့ဘာဖြစ်နေတာလဲ”
“ဗိုက်ဆာတယ်၊ အမေကြီး ဗိုက်ဆာတယ်”
“နင်မျက်နှာတောင်သစ်ရသေးလို့လား၊ အခုမှနိုးပြီးတော့ ဗိုက်ဆာနေတာလား၊ သွားစမ်း၊ မျက်နှာသွားသစ်စမ်း၊ ဟဲ့အောင်ပု နင့်ညီကို မျက်နှာသစ်ပေးလိုက်”
ထို့နောက် ဆန်နှင့်အာလူးများကို မီးဖိုချောင်ထဲရှိ သမီးကြီး စန်းကြည်ထံသို့ လှမ်းပေးလိုက်သည်။
“ကဲရော့၊ ဆန်သုံးလုံးကို ချက်ထားလိုက်၊ အာလူးတွေကိုတော့ ချက်မနေနဲ့တော့၊ မီးသာဖုတ်ထားလိုက်ဟာ”
ထို့နောက် မအေးကြည်တို့ ငါးရှဉ့်တူးရန်ပြင်ဆင်ကြသည်။ ပေါက်ပြားတစ်လက်ကို ကောက်ယူလိုက်ပြီး ငါးထည့်ရန်အတွက် သံပုံးကြီးတစ်ခုကိုကောက်ယူနေစဉ် ခေါင်းရင်းအိမ်မှ ဆဲသံဆိုသံများကိုကြားရသည်။ မအေးကြည်က ခေါင်းရင်းခြံကိုလှမ်းကြည့်လိုက်ပြီး
“မိုးမလင်းသေးဘူး၊ မဝတုတ်တို့လင်မယားကတော့ ပွဲဖြစ်နေပြီ”
မအေးကြည်က သူယူရန်ရှိသည့် ပစ္စည်းများကို အသေအချာစစ်ကာ ယူဆောင်နေလေသည်။ မဝတုတ်ဆိုသူ၏ အသံက ရွာအတွင်းဆူညံနေလေသည်။
“အမေရယ်တော်ပါတော့”
အပျိုကြီးဖားဖားဖြစ်နေသည့် မဝတုတ်သမီးက သူ့အမေကိုတားနေသည်။
“ငါအေ၊ ငါအဲ့ဒီလူနဲ့တော့ မကိုက်တော့ပါဘူးဟာ၊ ညည်းတို့မျက်နှာရှိနေလို့ ငါသူနဲ့ဆက်ပေါင်းနေရတာ၊ ဒီလူတော့နော် ဟင်း”
မဝတုတ်က စိတ်လျော့လိုက်ပြီး အိမ်ရှေ့တွင်ထွက်ထိုင်နေလေသည်။ မအေးကြည်က အိမ်ပေါ်တက်လိုက်ပြီး
“ဟဲ့အကြီးမ၊ ထမင်းကျက်ရင် အာလူးဖုတ်ပြီးတော့ နင့်မောင်ကိုကျွေးထား၊ ဟိုနှစ်ကောင်၊ ငါတို့သွားကြမယ်”
သားကြီးအောင်ပုနှင့်် သမီးလတ် အုံးကြည်က မအေးကြည်ကိုကြည့်လိုက်ကာ
“အမေ၊ သားတို့ဗိုက်ဆာတယ်”
“ဆာရင်လဲအောင့်ထား၊ ပြန်လာမှစားမယ်၊ လာ မြန်မြန်လာကြ”
မအေးကြည်က ကိုအုန်းအပြင်သွားလျှင် လွယ်နေကျ လွယ်အိတ်ကို လွယ်လိုက်သည်။ ယခင်က လွယ်အိတ်အသစ်ဖြစ်သော်လည်း ယခုတော့ လွယ်အိတ်ကြီးက ဟောင်းနွမ်းနေလေပြီ၊ ပိုက်ဆံတစ်ပြားမှ မပါသည့် ပိုက်ဆံအိတ်အဟောင်းကလေးကို လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး ငါးရှဉ့်တူးသည့် ပစ္စည်းများကိုဆွဲကာ ထွက်လာခဲ့သည်။ သားကြီးအောင်ပုက သံပုံးကြီးကိုဆွဲခဲ့သည်။ သမီးလတ် အုံးကြည်ကတော့ သူတို့အနောက်မှ ကုပ်ချောင်းချောင်းနှင့်လိုက်ခဲ့သည်။ မဝတုတ်တို့ခြံရှေ့မှအဖြတ် မဝတုတ်က ခြံထဲမှထွက်လာသည်။
“ဟဲ့ မအေးကြည်၊ နင်တို့သားအမိတွေ ဘယ်သွားကြမလို့လဲ”
“ငါးရှဉ့်သွားတူးမလို့လေ”
“အေး၊ ငါးရှဉ့်ရရင် ငါ့ကို ငါးဆယ်သားလောက် ချန်ထားစမ်းပါအေ၊ ငါ့အိမ်က လူကြီးက ငါးရှဉ့်ဆို သိပ်ကြိုက်တယ်မဟုတ်လား”
မအေးကြည်က မျက်နှာကိုမဲ့ရွဲ့လိုက်ပြီး
“ဒါဖြင့် ကျုပ်ခုနက ကြားလိုက်ပါတယ်နော်၊ ဘာတဲ့ နင်တို့ရှိလို့ဆက်ပေါင်းနေတာ၊ ငါ့ဖာသာဆို မပေါင်းတော့တာကြာပြီဆိုလား”
မဝတုတ်က ရှက်ပြုံး ပြုံးလိုက်ရင်း
“ဟီး၊ ဟီး မအေးကြည်ရင် ညည်းသိရက်သားနဲ့”
မအေးကြည်လည်း မဝတုတ်ကို နှုတ်ဆက်ပြီး ရွာအပြင်သို့ထွက်လာခဲ့ကြသည်။ ရွာလယ်လမ်းအတိုင်း လျှောက်လာခဲ့ရာ မကြာခင်တွင် ရွာဦးကျောင်းဆရာတော်နှင့် ဆရာတော်သံဃာတော်များ ဆွမ်းခံကြွလာသည်ဖြစ်ရာ မအေးကြည်တို့က လမ်းဘေးသို့ကပ်နေလိုက်ရသည်။
“ဒကာမကြီး စောစောစီးစီးဘယ်ကိုတုန်း”
“ငါးရှဉ့်တူးထွက်မလို့ပါဘုရား”
ဆရာတော်က စုတ်သပ်လိုက်သည်။
“အင်း၊ ဝမ်းရေးတစ်ထွာကြောင့် မိုးလင်းမျက်စိနှစ်လုံးပွင့်တာနဲ့ အကုသိုလ်အလုပ်တွေ လုပ်နေရပါလား”
ထိုသို့ရေရွတ်ကာ ဆက်လက်ထွက်ခွာသွားလေသည်။ မအေးကြည်ကတော့သူ့ကိုပြောမှန်းသိလိုက်သည်။ ရွာဦးကျောင်းဆရာတော်က ကိုအုန်းနှင့် ဆွေမျိုးမကင်းတော်စပ်သူဖြစ်သည်။ ထွက်ခွာသွားသည့် ဆရာတော်များ၏ နောက်ကျောကိုကြည့်ရင်း မအေးကြည်က ရေရွတ်လိုက်မိသည်။
“ဘယ်သူကတော့ အကုသိုလ်လုပ်ချင်ပါ့မလဲဘုရား၊ တပည့်တော်တို့က အရှင်ဘုရားတို့လိုမျိုး ဘယ်သူမှအလကားမကျွေးဘူးဘုရား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတာမဟုတ်လား”
စိတ်ထဲမှရေရွတ်လိုက်ပြီးနောက် ဆက်လက်ထွက်ခွာလာခဲ့သည်။
(၃)
ရွာအပြင်လယ်ကွင်းများက ခြောက်ကပ်နေလေသည်။ ထိုလယ်ကွင်းများကို ကျော်လွန်ပြီးသည့်အခါ ရေခမ်းနေသည့် ရေကန်ကြီးကိုတွေ့လိုက်ရသည်။ ရေကန်ကြီးက အပေါ်ယံမြေကြီးများမှာ ပက်ကြားအက်နေလေသည်။ တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုသော်လည်း ယခုတော့ နွေဦးပေါက်သည်နှင့် ရေကခမ်းချင်နေပြီဖြစ်သည်။ ကန်အနက်ပိုင်းတွင်တော့ မြေကြီးတွေက မာကျစ်မနေဘဲ ပျော့နေသေးသည်။ မအေးကြည်က သူ့သားနှင့် သမီးကိုကြည့်လိုက်သည်။
“ဘာလုပ်ရလဲဆိုတာ နင်တို့သိတယ်မဟုတ်လား”
သားနှင့် သမီးက ခပ်လှမ်းလှမ်းမှနေ၍ ရေကန်ကိုအဝိုင်းပုံစံ ပတ်ကာလျှောက်ကြသည်။ လျှောက်ကြသည့်အခါတွင်လည်း ခြေသံကို တဒုန်းဒုန်းဖြင့် လျှောက်ကြသလို တုတ်များဖြင့်လဲ မြေကြီးအား ထုရိုက်ကြလေသည်။ မအေးကြည်ကတော့ ခြေသံလုံလုံနှင့်် ကန်အလယ်နားလောက်သို့ လာခဲ့လိုက်သည်။
ငါးရှဉ့်တူးသည့်အခါ ငါးရှည်များသည့် မြေကြီးအောက်တွင် တိုးဝှေ့ကာ သွားလာနိုင်ကြသည်ဖြစ်ရာ လူသံကြားသည်နှင့် လူနှင့်ဝေးရာသို့ တိုးဝှေ့ထွက်ပြေးတက်သည်။ ထို့ကြောင့် ငါးရှဉ့်တူးသူများသည် ကန်ပတ်ပတ်လည်ကို လှည့်ပတ်သွားလာကာ လူသံပေးကြသည်။ ထို့နောက် တဖြည်းဖြည်းအဝိုင်းပတ်အား ကျဉ်းသထက်ကျဉ်းအောင် ပတ်ကာ အသံပေးကြရသည်။ လူသံကြားသည့် ငါးရှဉ့်များက လူသံကြားသဖြင့် တဖြည်းဖြည်းပြေးရင်း နောက်ဆုံးကန်အလယ်လောက်တွင် စုမိသွားကြလေသည်။
မောင်နှမနှစ်ယောက် လူသံပေးရင်း ဆယ်ပေပတ်လည်ခန့်သို့ရောက်သည့်အခါ မအေးကြည်က တူရင်းပေါက်ပြားကိုယူလိုက်ပြီး ထိုမောင်နှမနှစ်ယောက်၏ အပြင်ဘက်တွင် ခပ်နက်နက်မြောင်းတစ်ခုကို တူးလိုက်လေသည်။ သားကြီးအောင်ပုနှင့် သမီးလတ်စန်းကြည်တို့လဲ လုပ်နေကြမို့ တူရွင်းပြားများယူလိုက်ကာ အဝိုင်းပုံစံဖြစ်အောင် အမြန်တူးကြသည်။
“မြန်မြန်တူးစမ်းသားကြီး၊ ဒီကောင်တွေ နင်တို့ဘက်ကနေ ထွက်သွားလိမ့်မယ်”
မြေကပျော့နေသည်မို့ တူးရလွယ်သည်။ ထိုသို့တူးလိုက်ခြင်းအားဖြင့် ငါးရှဉ့်များမှာ အဝန်းအဝိုင်းထဲပိတ်မိသွားကြလေသည်။ နောက်တော့ မှ မအေးကြည်က အလယ်မှ မြေစိုင်ခဲကို တူရွင်းပြားနှင့်ခေါက်လိုက်သည့်အခါ ငါးရှဉ့်များက မြေကြီးအတွင်းမှပြေးထွက်လာကာ သူတို့တူးထားသည့် မြောင်းထဲသို့ ကျလေသည်။ သူတို့တွေလည်းငါးရှဉ့်များကို မြန်မြန်လိုက်ကောက်ကာ သံပုံးကြီးအတွင်းသို့ ပစ်ထည့်ကြသည်။
ဒီတစ်ခေါက်ငါးရှဉ့်က အတော်များသလို အကောင်လည်းတော်တော်ကြီးသည်။ ကလေးနှစ်ယောက်လည်း ငါးရှဉ့်များကို လိုက်ဖမ်းယူကြသည်။ ငါးရှည့်ဖမ်းရသည်မှာ လက်မြန်ဖို့လိုသလို လက်မြဲဖို့လဲလိုသည်။ လက်နှေးလျှင် မြောင်းထဲကျနေသည့်ငါးရှဉ့်မှာ မြေကြီးထဲတိုးဝင်လွှတ်မြောက်သွားတတ်ပြီး လက်မမြဲလျှင်လည်း ထိုငါးရှဉ့်မှာ ပြုတ်ကျကာ လွှတ်မြောက်သွားတတ်သည်။
နာရီဝက်ခန့်ဖမ်းပြီးတော့ သံပုံးကြီးအတွင်း ငါးရှဉ့်တွေ အတော်ပြည့်လာသည်။ သုံးလေးပိဿလောက်တော့ ရလောက်ပြီထင်သည်။ မအေးကြည်တို့လည်း ငါးရှဉ့်ပုံးကြီးဆွဲကာ ထွက်လာခဲ့သည်။
“နင်တို့နှစ်ယောက်အိမ်ပြန်တော့၊ အိမ်ရောက်ရင် အာလူးမီးဖုတ်နဲ့ ထမင်းစားထားကြ၊ ငါပြန်လာမှ နေ့လည်စာချက်မယ်”
ထို့နောက် သားနှင့်သမီးကို ငါးရှဉ့်တူးသည့် ပစ္စည်းများကိုပြန်ပေးကာ လွှတ်လိုက်သည်။ မအေးကြည်ကတော့ ရွာအနောက်ဘက်သို့ ဦးတည်လာခဲ့သည်။ မကြာမီ ပဲခူးမြစ်အတွင်းရှိ လှေဆိပ်သို့ရောက်သည်။ ပဲခူးသို့သွားမည့် လှေပေါ်တွင် တက်ထိုင်လိုက်လေသည်။ အချိန်က သိပ်မနှောင်းသေးသည်မို့ ပဲခူးတက်ပြီး ထိုငါးရှဉ့်များကိုရောင်းချလျှင် ရောင်းကောင်းလောက်မည်ဟု တွေးထင်မိလိုက်သည်။ ရွာမှ လှေဖြစ်သောကြောင့် လှေဖိုးကို ပြန်မှရှင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
မကြာမီ ပဲခူးမြို့သို့ရောက်ခဲ့သည်။ လှေက နာရီဝက် သာသာလောက်သာ စီးရသည်။ပဲခူးဈေးကြီးအတွင်း အသားငါးများတန်းစီရောင်းချသည့်နေရာတွင် သူ့အသိမိတ်ဆွေ ငါးစိမ်းသည်တစ်ဦးရှိသည်။ မအေးကြည် ဖမ်းဆီးရမိသည့် ငါးကလေးများကို ထိုငါးစိမ်းသည်က ပြန်လည်ဝယ်ယူကာ ရောင်းချခြင်းဖြစ်သည်။
ငါးရှဉ့်တွေက အရှင်တွေမို့ ပုံးအတွင်း လူးလွန့်နေကြသည်။ မအေးကြည် လှေဆိပ်မှဆင်းလိုက်ပြီးနောက် ငါးရှဉ့်ပုံးကြီးကို ချလိုက်ကာ ရွံ့ပေနေသော ခြေလက်များကို မြစ်ရေဖြင့် အသေအချာဆေးကြောနေလိုက်သည်။ ထိုစဉ် အဘိုးကြီးတစ်ဦးက သူ့အနားတွင်လာရပ်သည်။
“ပုံးထဲက ဘာတွေလဲ သမီးရဲ့”
မအေးကြည်က ထိုလူကြီးကိုကြည့်လိုက်သည်။ အသက်ခြောက်ဆယ်ခန့်နီးပါးရှိမည့် အဘိုးကြီးတစ်ဦးဖြစ်သည်။ ခေါင်းတွင် သဘက်တစ်ထည်ကို ခေါင်းပေါင်းထားပြီး အဖြူရောင်ရှပ်အကျီကိုဝတ်ဆင်ထားသည်။ ရှပ်အကျီမှာ အဖြူရောင်ဆိုသော်လည်း ဝါကျင့်ကျင့်ဖြစ်နေသည်။ အောက်ကတော့ ပုဆိုးအကွက်ကျဲတစ်ထည်ဝတ်ဆင်ထားသည်။
“ငါးရှဉ့်တွေပါ အဘိုးရဲ့”
“အေးကွယ်၊ အတော်များသားပဲနော်၊ အကုသိုလ်အလုပ်တွေ ဆက်မလုပ်ပါနဲ့တော့ငါ့မြေးရယ်၊ အဘိုးကို အဲဒီငါးရှဉ့်တွေရောင်းပါလား”
သူလုပ်သည့်အလုပ်ကို အကုသိုလ်ဟုပြောလိုက်သဖြင့် မအေးကြည်စိတ်ထဲ ဒေါသထွက်မိသွားသည်။ သို့သော် အဘိုးကြီးက ဝယ်မည်ဟုဆိုသဖြင့် ခေါင်းညိတ်လိုက်သည်။
“အကုန်ယူမှာလားအဘိုး”
“အေးကွယ့် အကုန်ယူမယ်၊ အစိတ်နဲ့ရမလား”
မအေးကြည်က အဘိုးကြီးကို ဘုကြည့်ကြည့်လိုက်သည်။
“အဘိုးရယ်၊ ငါးရှဉ့်က ပုံမှန်ဆိုရင် တစ်ပိဿကို တစ်ဆယ်လောက်တန်ပါတယ်၊ ခုလိုနွေဆို ဈေးပိုကောင်းတယ်၊ ဒါတွေအကုန်လုံးဆိုရင်တော့ ငါးဆယ်ဖိုးလောက်ရှိတယ်”
အဘိုးကြီးက သူ့ကိုစိုက်ကြည့်နေရင်း
“လုပ်ပါငါ့မြေးရယ် အစိတ်နဲ့ပဲထားလိုက်၊ ဟုတ်ပြီလား”
အဘိုးကြီးမျက်လုံးတွေကိုကြည့်ရင်း မအေးကြည်စိတ်ထဲ တစ်မျိုးကြီးဖြစ်လာလေသည်။ ထို့နောက် သူ့ခေါင်းက အလိုလိုညိတ်လိုက်မိသည်။ အဘိုးကြီးက သူ့ကိုနှစ်ဆယ့်ငါးကျပ်တန်တစ်ရွက်ပေးလိုက်တော့ သူကလှမ်းယူလိုက်မိသည်။ အဘိုးကြီးက ဘာမပြောညာမပြောနှင့် ငါးရှဉ့်ပုံးကြီးကိုဆွဲယူလိုက်ပြီး ကမ်းစပ်တွင်ပင် မှောက်ချလိုက်သည်။ ငါးရှဉ့်များက အသက်ဘေးမှလွှတ်ပြီမို့ ပုံးအတွင်းမှ အမြန်ပြေးထွက်ကြလေသည်။
မအေးကြည်က အဘိုးကြီးပေးခဲ့သည့် ဗိုလ်ချုပ်ခေါင်းပုံပါသည့် အညိုရောင်နှစ်ဆယ့်ငါးကျပ်တန် ကလေးကို ငေးမောကြည့်နေမိသည်။ အနောက်ကျောဘက်သို့လှန်လိုက်သည့်အခါ ပဉ္စရူပါပုံစံပါ အရုပ်ရေးဆွဲထားပြီး ဘေးနားရှိအဖြူသားပေါ်တွင်တော့ စမလိုလို အင်းလိုလိုပုံကလေးကိုရေးဆွဲထားလေသည်။
နှစ်ဆယ့်ငါးကျပ်တန်ကလေးကို ကြည့်နေရင်း မအေးကြည်အသိစိတ်ပြန်ဝင်သွားသည်။
“ဟင်၊ ငါရှုံးပြီပေါ့၊ ငါရူးတာပဲ၊ ဘာလို့အစိတ်နဲ့ရောင်းလိုက်တာပါလိမ့်”
သူကြည့်လိုက်တော့ သူ့ပုံးကြီးက မှောက်နေလေသည်။ ပုံးကိုပြန်ဆွဲထောင်လိုက်သည့်အခါ ငါးရှဉ့်အသေ တစ်ကောင်နှစ်ကောင်သာ ကျန်နေခဲ့သည်။ ထိုအဘိုးကြီးကို လှေဆိပ်တွင် လိုက်လံရှာဖွေခဲ့မိသော်လည်း အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
“သွားပါပြီ၊ ကုန်ပါပြီ”
ယူကြုံးမရဖြစ်ရင်း လှေဆိပ်သို့ပြန်ဆင်းခဲ့သည်။ နှစ်ဆယ့်ငါးကျပ်တန်ကလေးကိုတော့ ပိုက်ဆံတစ်ပါးမှ ပါမလာသည့် ပိုက်ဆံအိတ်အစုတ်ကလေးထဲတွင်ထည့်လိုက်ကာ ပိုက်ဆံအိတ်ကလေးကို လွယ်အိတ်အဟောင်းကြီးထဲသို့ ထိုးထည့်လိုက်သည်။ မအေးကြည်တစ်ယောက် စိတ်နှင့်လူနှင့်ပင် မကပ်တော့ပေ။ ရွာသို့ပြန်မည့် ကူးတို့လှေပေါ်တက်လာခဲ့ရင်း မြစ်ရေပြင်ဝါဝါကြီးကိုသာ ငေးကြည့်နေမိတော့သည်။ ရွာရှိလှေဆိပ်သို့ရောက်တော့ သံပုံးကြီးကိုင်ကာ လှေပေါ်မှဆင်းလိုက်သည်။
“မအေးကြည်၊ ငါ့ကိုလှေဖိုးပေးအုံးလေ”
မအေးကြည်စိတ်ထဲ ရယ်ချင်သလိုလို ငိုချင်သလိုလိုကြီးဖြစ်နေသည်။ သို့နှင့် ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး တစ်ရွက်တည်းသော အစိတ်တန်ကလေးကို ထုတ်ပေးလိုက်လေသည်။ လှေခက အသွားနှစ်ကျပ်ခွဲ၊ အပြန်နှစ်ကျပ်ခွဲမို့ လှေသမားက မအေးကြည်ကို နှစ်ဆယ်တန်တစ်ရွက် ပြန်အမ်းလိုက်လေသည်။
မအေးကြည်လမ်းလျှောက်လာရင်း အမစိန်ဆိုင်ရှေ့သို့ ဖြတ်လျှောက်လိုက်သည့်အခါ ဆိုင်ထဲမှ အမစိန်က လှမ်းခေါ်လေသည်။
“ဟဲ့ မအေးကြည်၊ ညည်းလဲ တွေးလိုက် ငေးလိုက်တာအေ၊ ငါးရှဉ့်ရောင်းပြီးပြီမဟုတ်လား၊ ပေးတော့ ငါ့အကြွေး”
မအေးကြည်ခေါင်းညိတ်လိုက်သည်။ အမစိန်ကို အကြွေးပြန်မဆပ်လို့မရပေ၊ တစ်ခုခုလိုအပ်လျှင် သူ့ဆီကပဲ ပြေးပြေးယူနေကြမို့ အကြွေးပြန်ဆပ်ရမည်။
“ဘယ်လောက်လဲ အမစိန်”
“စုစုပေါင်း ငါးဆယ်အေ့”
မအေးကြည်လဲ မျက်နှာကိုမချိုမချဉ်ပြုံးလိုက်ပြီး
“ငါးဆယ်တော့ မဆပ်နိုင်သေးဘူး အမစိန်ရယ်၊ လောလောဆယ်တော့ နှစ်ဆယ်ပဲယူထား၊ ယူထား”
မအေးကြည်ပိုက်ဆံအိတ်ကိုဖွင့်ကြည့်ရင်း အလွန်အံ့အားသင့်သွားမိသည်။ သူ့ပိုက်ဆံအိတ်ထဲတွင် လှေသမားအမ်းလိုက်သည့် တစ်ဆယ်တန်နှစ်ရွက်အပြင်၊ နှစ်ဆယ့်ငါးကျပ်တန်တစ်ရွက်ပါ ရောက်နေလေသည်။ မအေးကြည်လည်း အံ့သြသွားသဖြင့် ပိုက်ဆံများကိုဆွဲထုတ်လိုက်သည်။ နှစ်ဆယ့်ငါးကျပ်တန်ကို အသေအချာကြည့်လိုက်သည့်အခါ သူအဘိုးကြီးထံမှ ရခဲ့သည့်ပိုက်ဆံဖြစ်နေသည်။ ပဉ္စရူပ ပုံစံဘေးတွင် အင်းကလေးလိုလို စမကလေးလိုလိုရေးဆွဲထားသေးသည်။
“ဒါဆို၊ လှေသမားကများ၊ ငါ့ကိုမှားအမ်းလိုက်တာလား”
မအေးကြည်စဉ်းစားနေစဉ်မှာ အမစိန်က
“မအေးကြည်၊ နင့်မှာရှိရဲ့သားနဲ့ ဒီလိုတော့မလုပ်နဲ့ဟာ”
မအေးကြည်လည်း အသိစိတ်ပြန်ကပ်သွားသည်။
“ဟုတ်၊ ဟုတ်ကဲ့၊ အဲဒါဆို လေးဆယ့်ငါးကျပ် ဆပ်လိုက်မယ်အမစိန်၊ ကျန်တဲ့ငါးကျပ်ကိုတော့ နောက်မှဆပ်တော့မယ်”
အမစိန်က လေးဆယ့်ငါးကျပ်ကိုလှမ်းယူလိုက်သည်။ မအေးကြည်တစ်ယောက် သံပုံးကြီးကိုင်ပြီး အိမ်သို့ပြန်ထွက်လာခဲ့သည်။
(၄)
အိမ်ရောက်တော့ ကလေးတွေကျန်သည့် ထမင်းကို ဆားနှင့်နယ်ကာ စားသောက်လိုက်သည်။ ကလေးတွေကတော့ အိမ်တွင်မရှိတော့ပေ၊ ရွာထဲကို ကစားဖို့ထွက်သွားကြတာဖြစ်နိုင်သည်။ မအေးကြည်တစ်ယောက် အိမ်မှုကိစ္စများကို လုပ်ကိုင်နေရင်း ခဏကြာတော့ သားသမီးတွေပြန်ရောက်လာလေသည်။
“မေကြီး မုန့်စားမယ်”
အငယ်ဆုံး ဖိုးတာက သူ့ကိုပြေးဖက်ကာ ချွဲနေလေသည်။ မအေးကြည်ထံတွင် ပိုက်ဆံတစ်ပြားမှမရှိတော့ပေ။ မအေးကြည်က ဖိုးတာကလေးကိုကြည့်ရင်း ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း စိတ်ထဲတွင်တော့ သနားသွားမိသည်။
“အင်းလေ၊ သူလည်း ကလေးပဲ၊ တခြားကလေးတွေကို မုန့်စားချင်မှာပေါ့”
ထိုအခါ အကြီးမက သူ့အနားကပ်လာသည်။
“အမေ သမီးခေါင်းစည်းတဲ့ ဖဲကြိုးလိုချင်တယ်”
အောင်ပုကလည်း အားကျမခံပေ။
သားကိုလည်း ကျောက်ဒိုးဝယ်ပေး အမေ”
မအေးကြည် သက်ပြင်းချလိုက်သည်။
“နင်တို့က ငါ့ကို ငွေတွင်းကြီးဖင်ခုထိုင်ထားတယ်များမှတ်နေကြသလားအေ၊ အားရင် ဟိုဟာလိုချင်တယ်၊ ဒီဟာလိုချင်တယ်နဲ့ ငါ့ပိုက်ဆံအိတ်ထဲလည်း ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတာ သွားကြည့်ကြအုံး”
မအေးကြည်က ရွဲ့ပြောလိုက်သဖြင့် အကြီးမက ငြိမ်ကုပ်သွားသော်လည်း အောင်ပုကတော့ သဘောရိုးနှင့် အိမ်ပေါ်သို့တက်သွားလေသည်။ သူ့အမေလွယ်လေ့ရှိသည့် လွယ်အိတ်အစုတ်ကြီးထဲမှ ပိုက်ဆံအိတ်အဟောင်းလေးကိုဆွဲထုတ်လိုက်သည်။ ထို့နောက် ဝမ်းသာအားရနှင့် အိမ်ရှေ့သို့ပြေးထွက်လာသည်။
“အမေ၊ ဒီမှာ ပိုက်ဆံရှိတယ်၊ ဒီမှာ”
အောင်ပုနောက်နေသည်ဟု ထင်လိုက်သဖြင့်် မအေးကြည်က လှည့်မကြည့်ပေ၊ သို့နှင့် အောင်ပုက သူ့အရှေ့သို့ပြေးလာပြီး ပိုက်ဆံအိတ်ကိုလာဖြဲပြလေသည်။
“ဟင်”
မအေးကြည် မျက်လုံးတွေပြူးသွားသည်။ အကြောင်းမှာတော့ သူ့ပိုက်ဆံအိတ်ထဲတွင် နီညိုရောင်ပိုက်ဆံကလေးတစ်ရွက်ရှိနေသည်။ အောင်ပုလက်မှ ပိုက်ဆံအိတ်ကိုဆွဲယူလိုက်ပြီး အသေအချာကြည့်လိုက်သည့်အခါ နှစ်ဆယ့်ငါးကျပ်တန်ကလေးဖြစ်နေသည်။
“ဟင်၊ ဒီပိုက်ဆံက ဒီပိုက်ဆံက”
မအေးကြည်အလွန်အံ့သြသွားပြီးနောက် မယုံသင်္ကာဖြင့် ပိုက်ဆံကလေးကို တစ်ဖက်သို့လှန်ကြည့်လိုက်သည်။ အင်းကလေးတစ်ခု ရေးသားထားသည်ကိုတွေ့လိုက်ရသည့်အခါ မအေးကြည်တစ်ယောက် အလွန်ထူးဆန်းနေမိသည်။
“သေချာပါတယ်၊ ငါခုနက ဒီပိုက်ဆံကို အမစိန်ကိုပေးလိုက်ပါပြီ၊ အခုဘယ်လိုလုပ်ပြီးတော့များ ဒီကိုပြန်ရောက်နေပါလိမ့်”
မအေးကြည်တွေးနေစဉ်မှာပင် ကလေးများက ပူဆာနေသဖြင့် ထိုပိုက်ဆံကိုပေးလိုက်သည်။
“သမီးကြီးနင်ဒီပိုက်ဆံကိုယူသွား၊ လိုချင်တာ ဝယ်လာခဲ့၊ အကုန်မသုံးပစ်နဲ့ ပြန်အမ်းတာယူလာခဲ့အုံးနော်”
သားသမီးလေးယောက်မှာ ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားကြလေသည်။ မအေးကြည်ကတော့ ပိုက်ဆံအိတ်ကလေးကိုင်လျှက် အတွေးမျိုးစုံဖြင့် အိမ်တွင်ကျန်နေခဲ့သည်။ သူ့ခေါင်းအတွင်းတွင်လည်း သူငယ်ငယ်က ကြားဖူးသည့် ပုံပြင်တစ်ပုဒ်ကို ပြန်ပြီးအမှတ်ရနေမိသည်။
“တို့ငယ်ငယ်တုန်းက အထက်မင်းလှဘက်မှာ ငွေပွားမောင်ရဆိုတဲ့ လူတစ်ယောက်ရှိခဲ့တယ်ကွ”
သူတို့ငယ်စဉ်က ဘကြီးဖြစ်သူက ညအိပ်ရာဝင်ခါနီးတိုင်းပုံတိုပတ်စများ ပြောပြလေ့ရှိလေသည်။
“အဲဒီလူကို တစ်နေ့တော့ ဘိုးတော်ကြီးတစ်ပါးက ငွေပြားတစ်ပြား ချီးမြှင့်သွားသတဲ့၊ သူက အဲဒီငွေကိုသုံးလိုက်တိုင်း အချိန်တန်ရင် အဲဒီငွေက သူသိမ်းထားတဲ့နေရာကို ပြန်ပြန်ရောက်နေတတ်တယ်ဆိုပဲ၊ ဒီလိုနဲ့ မောင်ရက အဲဒီငွေပြားနဲ့ ဆီတွေတစ်ပြားဖိုး ဝယ်ရင်းဝယ်ရင်း နောက်ဆိုး ဆီကုန်သည်ကြီးဖြစ်သွားပြီး ချမ်းသာသွားတယ်ဆိုပဲ”
ထိုပုံပြင်က သူတို့ငယ်ငယ်က အလွန်စိတ်ဝင်စားသည့် ပုံပြင်တစ်ခုဖြစ်ခဲ့သည်။
“ဒါနဲ့ အဲဒီမောင်ရလဲ ကံမကောင်းပါဘူးကွာ၊ သူ့ငွေက ငွေပွားဆိုတာကို လူတွေသိသွားတော့ ဓါးပြတွေက သူတို့အိမ်ကိုဝင်တိုက်ရင်း ဓါးပြလက်ချက်နဲ့ သေသွားရရှာသတဲ့၊ သူသေတော့ အဲဒီငွေပြားလဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာပဲ”
ပုံပြင်ကို ပြန်ကြားယောင်ရင်း မအေးကြည်တစ်ယောက် အလွန်ထိတ်လန့်နေမိသည်။
“ဒါ၊ ဒါဆို ငါရထားတာက ငွေပွားလေးများလား”
မအေးကြည်လည်း ပိုက်ဆံအိတ်ကိုဖြဲကြည့်လိုက်သည်။ သို့သော် ပိုက်ဆံကိုမတွေ့သေးပေ၊ သို့နှင့် ပိုက်ဆံအိတ်ကိုပြန်ပိတ်လိုက်ပြီး လွယ်အိတ်အဟောင်းကြီးထဲသို့ ပြန်ထည့်ထားလိုက်သည်။ မကြာခင်မှာပင် သူ့သားသမီးတွေပြန်ရောက်လာလေသည်။ အကြီးမက ခေါင်းစီးသည့် ဖဲကြိုးများကို ကိုင်လာသလို အောင်ပုကလဲ ကျောက်ဒိုးခေါ် ဒိုးလုံးများကို ကိုင်လာသည်။ သမီးအုံးကြည်နှင့် ဖိုးတာလေးကတော့ မုန့်များစားသောက်နေကြလေသည်။ သမီးကြီးက သူ့အရှေ့တွင်ရပ်လိုက်ပြီး
“ရော့အမေ၊ အားလုံးပေါင်း ခုနစ်ကျပ်ပဲကျတယ်”
ပိုတဲ့ငွေတွေကို မအေးကြည်ကိုပြန်ပေးသည်။ မအေးကြည်လဲ ပိုက်ဆံအိတ်ဆီသို့ အမြန်သွားလိုက်ပြီး ပိုက်ဆံအိတ်ကိုဖြဲကြည့်လိုက်သည်။
“ဟေး၊ ဟုတ်တယ်ဟေ့”
မအေးကြည်က အော်ဟစ်လိုက်ကာ ခုန်ပေါက်နေမိသည်။ သားသမီးများပင် သူ့အမေကို နားမလည်နိုင်သဖြင့်ကြည့်နေကြသည်။ မအေးကြည်ဘဝတွင် ထိုသို့အပျော်မျိုး တစ်ခါမှ ဖြစ်ဖူးခဲ့မည်မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် နှစ်ဆယ့်ငါးကျပ်တန်ကလေးက သူ့ပိုက်ဆံအိတ်ထဲသို့ ပြန်ရောက်နေသည့်အတွက်ဖြစ်သည်။
(၅)
“ရွာမှာချည်းသုံးနေလို့မဖြစ်ဘူး၊ ကြာရင် ဈေးဆိုင်ပိုင်ရှင်တွေ ရိပ်မိသွားလိမ့်မယ်”
နောက်တစ်နေ့တော့ မအေးကြည်က သားသမီးများကိုခေါ်ဆောင်၍ ပဲခူးသို့ထွက်လာခဲ့သည်။ လှေသမားကြီးအား ထိုနှစ်ဆယ့်ငါးကျပ်တန်ကလေးဖြင့် လှေဖိုးရှင်းပေးလိုက်သည်။ သူတို့ပဲခူးလှေဆိပ်သို့ရောက်သည့်အခါ ပိုက်ဆံအိတ်ထဲတွင် နှစ်ဆယ့်ငါးကျပ်တန်ကလေးရော ပြန်အမ်းငွေများရော ပြန်ရောက်နေခဲ့သည်။
“သားတို့သမီးတို့ ဘာလိုချင်သလဲပြောကြ”
ဆန်တစ်ပြည်တစ်ကျပ်ခေတ်တွင် နှစ်ဆယ့်ငါးကျပ်ဆိုသည့်ငွေက သိပ်မနည်းလှသလို သိပ်လည်းမများလှပေ၊ သို့နှင့် သားအမိတွေ ဈေးကိုပတ်ပြီးတော့ ပစ္စည်းတစ်ခုကို ငါးကျပ်ဖိုး၊ တစ်ဆယ်ဖိုးဝယ်ကြသည်။ ဝယ်သည့်အခါတွင်လည်း ထိုငွေကလေးနှင့်ဝယ်ယူပြီး ပြန်အမ်းငွေကိုတော့ စုဆောင်းထားသည်။ မနက်ပိုင်းတွင်ပင် သူတို့လက်ထဲတွင် စားသောက်စရာများ၊ အဝတ်အထည်များ၊ ဟင်းချက်စရာများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ ငါးကျပ်၊ တစ်ဆယ်နှင့် ပြန်အမ်းငွေများမှာလည်း လွယ်အိတ်အဟောင်းကြီးပင် ပြည့်လုနီးပါးဖြစ်နေသည်။ ကလေးတွေကိုလိုချင်တာကျွေးနိုင်ပြီး သူတို့လိုချင်တာ ဝယ်ပေးနိုင်သည့်ပီတိကြောင့် မအေးကြည်တစ်ယောက် အတိုင်းမသိပျော်ရွှင်နေမိတော့သည်။
ထိုညတွင် အိပ်မက်မြင်မက်သည်။ မအေးကြည်က ထုံးစံအတိုင်း ရေမြောင်းကလေးတစ်ခုတွင် ငါးပက်နေလေသည်။ ထိုအချိန် ကန်သင်းရိုးပေါ်တွင် အဘိုးကြီးတစ်ယောက် ပေါ်လာလေသည်။ ထိုအဘိုးကြီးမှာ သူမြင်တွေ့ခဲ့သည့် အဘိုးကြီးပင်ဖြစ်သည်။ မအေးကြည်ကို ထိုအဘိုးကြီးက စိုက်ကြည့်နေလေသည်။
“ငါ့မြေးကို အကုသိုလ်တွေမလုပ်ချင်လို့ အဘိုးက ကယ်ခဲ့တာပဲကွဲ့၊ ငါ့မြေးနောက်ဆိုရင် အကုသိုလ်အလုပ်တွေမလုပ်နဲ့တော့၊ ကလေးတွေကို ကောင်းကောင်းမွန်မွန်ပျိုးထောင်၊ အလှူဒါနတွေလုပ်၊ ပြီးတော့ မိဘကျေးဇူးကိုလည်း မမေ့နဲ့”
ထိုသို့ပြောပြီး အဘိုးကြီးမှာ ပျောက်ကွယ်သွားလေသည်။ မအေးကြည်လည်း အဘိုးကြီးကို အော်ခေါ်နေရင်း အိပ်ရာမှ လန့်နိုးသွားလေသည်။
“အဘိုး၊ အဘိုး”
အပြင်မှာပါ လိုက်ပြီးရေရွတ်နေမိသည်။ သူ့နံဘေးတွင်တော့ ကလေးများက အိပ်မောကျနေလျှက်ရှိသည်။
“ကြည့်ရတာ ငါ့ကို အကုသိုလ်အလုပ်တွေ ဆက်မလုပ်စေချင်လို့ ဘိုးတော်ကြီးက ကူညီသွားတာဖြစ်မယ်”
မအေးကြည်က ဘိုးတော်ကြီးကို စိတ်မှာမှန်းလျှက် လက်အုပ်ချီကန်တော့လိုက်မိသည်။
“အောက်၊ အီး အီး အွတ်”
မနက်မိုးမလင်းခင်မှာပင် မအေးကြည်တစ်ယောက် နိုးထနေခဲ့ပြီဖြစ်သည်။ မနေ့က ဈေးမှဝယ်လာသည့် ဆန်အကောင်းစားကို ချက်ပြုတ်လိုက်ပြီးသည့်နောက် ဟင်းသုံးမျိုးခန့်ချက်ပြုတ်လိုက်သည်။ မနက်တွင် သားသမီးများက နိုးထလာခဲ့လေသည်။ သားသမီးများကို မုန့်ဖိုးတစ်ယောက်တစ်ကျပ်ပေးလိုက်ပြီး ရွာထဲသို့လွှတ်လိုက်လေသည်။ မကြာခင်တွင် ရွာဦးကျောင်းဆရာတော်များ ဆွမ်းခံကြွလာလေရာ မအေးကြည်က ဆွမ်းနှင့် ဆွမ်းဟင်းများကို လင်ပန်းတစ်ခုအတွင်းတွင်ထည့်ပြီး အပြေးထွက်လာခဲ့သည်။
“ရပ်တော်မူပါအုံးဘုရား”
အိမ်ကိုကျော်သွားသည့် ဆရာတော်များကိုမအေးကြည်က အနောက်မှအမီပြေးလိုက်လာခဲ့သည်။ ဆရာတော်များက မအေးကြည်ကို အံ့သြစွာဖြင့်ကြည့်နေလေသည်။
“မအေးကြည်၊ ဘာဖြစ်လာတာတုန်း”
“ဆွမ်းလာလောင်းတာပါဘုရား”
ရွာဦးကျောင်းဆရာတော်ပင် မျက်လုံးပြူးသွားရသည်။ မအေးကြည်အား သပိတ်ကိုဖွင့်ပေးလိုက်ရာ ဖြူဖွေးပြီးကော့ညွှတ်နေသည့် ထမင်းများကို မအေးကြည်က လောင်းလှူလိုက်ပြီး ဟင်းများကိုတော့ အနောက်မှလိုက်လာသည့် ကပ္ပိယကြီးထံတွင်ပေါင်းထည့်ပေးလိုက်သည်။
“အေးကွယ် သာဓု၊ သာဓု၊ သာဓု”
ရွာဦးကျောင်းဆရာတော်က ဆုပေးသည်။ ဆရာတော်၏ အကြည့်မှာ ဟိုတစ်နေ့က မအေးကြည်ကိုကြည့်သည့် အကြည့်မျိုးမဟုတ်တော့ဘဲ ကျေနပ်ပီတိဖြစ်နေသည့် အကြည့်မျိုးဖြစ်သည်။ ထိုနေ့မှစ၍ မအေးကြည်တစ်ယောက် နေ့စဉ်ဆွမ်းမပြတ်လောင်းလှူသည်။
“ငါဒီအတိုင်းသုံးသုံးဖြုန်းဖြုန်းနဲ့နေလို့မဖြစ်တော့ဘူး၊ ဒီတော့ ငါတစ်ခုခုလုပ်မှဖြစ်တော့မယ်”
နှစ်ဆယ့်ငါးကျပ်တန်ကလေးဖြင့် မြို့ဈေးတက်ပြီး ဈေးဝယ်ကာ ပြန်ပါလာသည့် ပစ္စည်းကလေးများဖြင့် အိမ်တွင် ဈေးဆိုင်ကလေးတစ်ဆိုင်တည်ထောင်လိုက်လေသည်။ မအေးကြည်က အကြွေးလဲပေးတတ်သလို၊ အလေးချိန်ခွင်များ မှန်ကန်သည်မို့ ရွာမှလူများက နောက်ပိုင်း အမစိန်ဆိုင်ကိုပင်ကျော်ကာ မအေးကြည်ဆိုင်သို့ လာရောက်ဝယ်ယူကြလေသည်။ မအေးကြည်က ဈေးဝယ်ပုံကတော့ ပဲခူးမြို့ပေါ်ဈေးသို့တက်ပြီး ငါးခြောက်ဆိုလျှင် ငါးခြောက်ဆိုင်များသို့ပတ်လည်၍ နှစ်ဆယ့်ငါးကျပ်ဖိုးသာ ဝယ်ယူလေသည်။ ဆိုင်များစုပေါင်းလိုက်သောအခါ ငါးခြောက်များအများအပြားစုမိလေသည်။ ထိုနည်းဖြင့် ငါးပိများ၊ ငရုတ်သီးများကို ဝယ်ယူသည်။ နောက်ပိုင်း ပြန်အမ်းငွေများကိုစုပေါင်းပြီး အများအပြားစုဆောင်းဝယ်ယူနိုင်ခဲ့သည်။
တစ်နှစ်ခန့်ကြာသည့်အခါ မအေးကြည်ဆိုင်မှာ ဆိုင်ကြီးဖြစ်သွားသည်။ ထို့အပြင် သူတို့ရွာလမ်းကလေးအနီးမှ လမ်းမကြီးတစ်ခုကို စီမံကိန်းဖြင့်ဖောက်လုပ်လိုက်သည့်အခါ မအေးကြည်တို့ရွာစွန်ကလေးမှာ ကားလမ်းမကြီးနှင့် ပိုနီးသည့် ရွာထိပ်ဖြစ်သွားလေသည်။ ယခင်က ရွာသားများက ရေလမ်းကိုသာ အသုံးပြုတတ်ကြသည်မို့ မအေးကြည်တို့မှာ ရွာစွန်ဖြစ်သော်လည်း ယခုကံကြမ္မာအပြောင်းအလဲကြောင့် နေရင်းထိုင်ရင်း ရွာထိပ်နှင့် ကားလမ်းမကြီးနံဘေးအချက်အချာကျသည့် နေရာကြီးဖြစ်သွားလေသည်။
နောက်ဆုံး သူတို့ရွာတွင် မအေးကြည်ကုန်စုံဆိုင်သာ ကြီးကြီးမားမားကျန်ခဲ့ပြီး အမစိန်တို့ ကုန်စုံဆိုင်ဆိုလျှင် ဝယ်သူမရှိတော့သောကြောင့် ပိတ်လိုက်ရတော့လေသည်။ မအေးကြည်လည်း စီးပွားရေးဈေးကွက်မြင်သဖြင့် အနီးအနားမှမြေကွက်များကိုဝယ်ယူလိုက်ကာ ဆိုင်ကြီးဆောက်သည်။ လက်ဖက်ရည်ဆိုင်တည်သည်။ ထိုအခါ အသစ်ဖောက်လိုက်သည့် လမ်းကြီးတွင် သွားလာနေကြသည့် ကားများမှာ မအေးကြည်ဆိုင်တွင် တစ်ထောက်ရပ်နားလေ့ရှိသဖြင့် ပိုမိုစည်ကားသွားတော့သည်။
သုံးနှစ်ခန့်ကြာသည့်အခါ မအေးကြည်မှာ အတော်ချမ်းသာကြွယ်ဝသူဖြစ်လာခဲ့သည်။ နှစ်ဆယ့်ငါးကျပ်တန်ကလေးကို ထုတ်မသုံးတော့ဘဲ ပိုက်ဆံအိတ်အစုတ်ကလေးတွင်သာ သိမ်းဆည်းထားလေသည်။ မအေးကြည်က သူ့ဆိုင်တွင် အမြဲတမ်း ဆွမ်းလောင်းလှူပြီး ဘုန်းကြီးများ၊ သီလရှင်များ လာရောက်စားသုံးပါက အစားအစာများအား လှူဒါန်းသလို ကားစီးသည့် ဘုန်းကြီးများ၊ သီလရှင်များအတွက်လည်း ကားခအပြင် လိုအပ်သည်များကို လှူဒါန်းတတ်သေးသည်။
တစ်နှစ်နွေပေါက်တော့ မအေးကြည် ရွာသို့ပြန်ချင်လာသည်။ သူတို့ရွာမှာ ပဲခူးတိုင်းအတွင်းတည်ရှိသည်ဆိုသော်လည်း သူတို့နှင့်အတော်လှမ်းသည်။ မအေးကြည်တို့ ပြေလည်သွားကတည်းက သူ့မိဘတွေ၊ ဆွေမျိုးတွေ လာလေ့ရှိသည်။ သို့သော် မအေးကြည်က ရွာသို့မပြန်ဖြစ်ပေ။
သင်္ကြန်တွင်းမရောက်ခင် ဆိုင်ပိတ်ပြီးရွာသို့ပြန်ခဲ့ကြသည်။ ရွာတွင် သင်္ကြန်တွင်းတစ်တွင်းလုံး အလှူအတန်းများပြုလုပ်လေသည်။ ရဟန်းမခံရသေးသူများ၊ မတတ်နိုင်သူများကိုလည်း ရှင်ပြုရဟန်းခံပြုလုပ်ပေးသည်။ ရဟန်းခံရင်း အမေတို့ရွာရှိ ရွာဦးကျောင်းသို့ ရောက်ခဲ့လေသည်။ ရွာဦးကျောင်းဆရာတော်မှာလည်း အမေတို့နှင့် ဆရာရင်း၊ ဒကာရင်းတွေဖြစ်နေလေသည်။
မအေးကြည်က ဆရာတော်အား ဦးချပြီးသည့်နောက် စကားစမြည်ပြောဆိုရင်း ဘုန်းကြီးကျောင်းနံရံတွင် ချိတ်ဆွဲထားသည့် ဓါတ်ပုံဟောင်းတစ်ပုံကိုတွေ့လိုက်ရသည်။ အဖြူအမဲဓါတ်ပုံတစ်ခုဖြစ်ပြီး မှန်ပေါင်သွင်းထားလေသည်။ မအေးကြည်အနီးကပ်ကြည့်လိုက်တော့မှ ပိုပြီး အံ့သြသွားမိသည်။
“ဟင်၊ ဒီလူက ဒီပုံထဲကလူက ဘယ်သူပါလဲအရှင်ဘုရား”
“သူက မင်းတို့ရဲ့ဘိုးအေကြီးပဲ၊ မင်းတို့အဘိုးရဲ့ အဖေပေါ့ကွယ်၊ နာမည်ကတော့ ဦးရေခဲလို့ခေါ်တယ်ကွဲ့”
“သူ့ပုံကို ဘာလို့ဘုန်းကြီးကျောင်းမှာထားရတာလဲ”
“ဦးဇင်းနဲ့ဆိုရင်လည်း အဘိုးတော်စပ်တယ်မဟုတ်လား၊ ပြီးတော့ လူတွေပြောကြတာက သူက ဝိဇ္ဇာလမ်းကို လျှောက်လှမ်းသွားတယ်တဲ့၊ ပဲခူးမြို့ပေါ်မှာပဲ ထွက်ရပ်ပေါက်သွားတယ်လို့ ဆိုကြတယ်၊ ဘိုးတော်ဦးရေခဲဆိုရင် တစ်ချို့တွေ သိကြတယ်လို့ ပြောကြတယ်”
မအေးကြည် အကြောင်းအရင်းအစုံကို နားလည်လိုက်ပြီဖြစ်သည်။ လတ်စသတ်တော့ သူ့ကိုကူညီခဲ့သည့်သူက သူ့အဘိုးတော်စပ်သူဖြစ်နေလေသည်။ သူ့မြစ်မလေး ဆင်းဆင်းရဲရဲနှင့် အကုသိုလ်အလုပ်တွေပြုလုပ်ရင်း အသက်မွေးနေရသည်ကို မကြည့်ရက်သောကြောင့် ကူညီဆောင်မခြင်းဖြစ်မည်ဟုတွေးလိုက်မိသည်။
သို့နှင့် အချိန်ငါးနှစ်မျှ ကြာမြင့်လာခဲ့သည်။ တစ်ညတွင် မအေးကြည်တစ်ယောက် အိပ်မက်ထဲတွင် ဘိုးတော်ဦးရေခဲနှင့် တွေ့လိုက်လေသည်။ ဘိုးတော်ကြီးက သူ့ဆီကိုလာခဲ့သည်။
“ကဲ ငါ့မြေး၊ ငါ့မြေးရဲ့ ငွေစက္ကူကလေးကို စွန့်လွှတ်ရမယ့်အချိန်ရောက်ပြီ”
မအေးကြည်က ဘိုးတော်ကြီးကို ကန်တော့လိုက်သည်။
“ဒီလောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူးကွဲ့”
“ဟုတ်ကဲ့ပါ ဘိုးဘိုး၊ ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ညွှန်ကြားပါ”
“ပဲခူးရွှေမော်ဓေါဘုရားကိုသွားပါ၊ ပြီးရင် အဲဒီနှစ်ဆယ့်ငါးကျပ်တန်ကလေးကို ဘုရားမှာသွားလှူလိုက်ပါ”
ိထို့နောက် မအေးကြည်လန့်နိုးသွားသည်။ နံရံတွင်ချိတ်ထားသည့် လွယ်အိတ်အဟောင်းကြီးကိုပြေးဆွဲလိုက်ပြီး ပိုက်ဆံအိတ်အစုတ်ကလေးကိုဖြဲကြည့်လိုက်သည်။ အတွင်းတွင်တော့ နှစ်ဆယ့်ငါးကျပ်တန်ကလေးရှိနေသေးသည်။ ထိုတော့မှ မအေးကြည်က သက်ပြင်းချလိုက်မိသည်။ သူ့အနေနှင့်တော့ ထိုပိုက်ဆံကလေးကို သွားရောက်လှူဒါန်းဖို့ မဖြစ်နိုင်ပေ၊ သူ့ဘဝအားပြောင်းလဲစေသည့် ထိုပိုက်ဆံကလေးကို သူသိမ်းထားချင်သေးသည်။
သို့သော် ထို နှစ်ဆယ့်ငါးကျပ်တန်များအား (၁၉၈၇) ခုနှစ် စက်တင်ဘာလ၊ (၅) ရက်နေ့တွင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အစိုးရမှကြေငြာခဲ့သည်။ အသုံးပြု၍မရတော့သော်လည်း မအေးကြည်က ဆက်လက်သိမ်းဆည်းထားခဲ့သည်။
(၆)
ထိုအဖြစ်အပျက်များဖြစ်ပျက်ပြီး ဆယ်နှစ်ခန့်အကြာ (၁၉၉၇) ခုနှစ်တွင်ဖြစ်သည်။
မအေးကြည်တို့ဆိုင်မှာ လမ်းဆုံလမ်းခွတွင် စည်ကားသည့်ဆိုင်ကြီးဖြစ်နေရုံသာမက ဆိုင်တန်းကြီးတစ်ခုဖြစ်နေခဲ့သည်။ သမီးကြီး စန်းကြည်ပင် အိမ်ထောင်ကျပြီး သားသမီးများနှင့်အတူ ဆိုင်လုပ်ငန်းကိုဆက်လက်လုပ်ကိုင်နေသည်။ သားကြီး အောင်ပုလည်း အိမ်ထောင်ရက်သားကျနေပြီ၊ အလတ်မ အုံးကြည်ကတော့ ဆိုင်တွင် ငွေကိုင်ဖြစ်နေပြီး အငယ်ဆုံး ဖိုးတာကလေးကလည်း ဆိုင်နံဘေးတွင် ရုံကြီးဆောက်ပြီး ဗွီဒီယိုကားများကို ရုံသွင်းပြစားရာ အတော်တွက်ခြေကိုက်လေသည်။
မအေးကြည်ကောင်းမှုနှင့် ရွာတွင် ဘုရားတစ်ဆူတည်နိုင်ခဲ့သလို၊ ရွာဦးကျောင်းကို မွမ်းမံပြင်ဆင်ခြင်း၊ ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုများကိုပါ ပြုလုပ်နိုင်ခဲ့လေသည်။ မအေးကြည်လည်း ဘာလိုလိုနှင့် အသက်ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးနေခဲ့ပြီဖြစ်သည်။
မအေးကြည်တို့ဆိုင်တွင် သွားလေသူ ကိုအုန်း၏ လွယ်အိတ်အဟောင်းကြီးကို မှန်ဘောင်သွင်းကာ ချိတ်ဆွဲထားသည်။ အလားတူ မအေးကြည်၏ ဗီရိုထဲတွင်လည်း ဟောင်းနွမ်းစုတ်ပြတ်နေသည့် ပိုက်ဆံအိတ်ကလေးနှင့် နှစ်ဆယ့်ငါးကျပ်တန်ကလေး တစ်ရွက်ရှိနေသေးသည်။
“အမေရာ၊ ဒီလောက်စုတ်ပြတ်နေတဲ့အိတ်ကို သိမ်းထားရသေးတယ်လို့”
“ဒီပိုက်ဆံအိတ်ကလေးက အမေ့အတွက် ကံကောင်းစေတဲ့အိတ်ကလေးမို့ သိမ်းထားတာပါ သမီးရယ်”
မအေးကြည်က ရှေးဟောင်းနှောင်းဖြစ်များကို ပြန်တွေးရင်း မျက်ရည်လည်လာမိသည်။ ပိုက်ဆံအိတ်ထဲမှ နှစ်ဆယ့်ငါးကျပ်တန်ကလေးကို တစ်ချက်ထုတ်ကြည့်လိုက်သည်။
“ဘယ်အရာမှ အမြဲမတည်ရှိနိုင်ဘူး၊ အဘိုးက ငါ့ကိုစွန့်လွှတ်ခိုင်းခဲ့တာ ကြာပြီပဲလေ”
တစ်ရက်တော့ မအေးကြည်တစ်ယောက် သားအငယ်ကောင်ဖိုးတာကို ခေါ်ပြီး ပဲခူးမြို့သို့ထွက်ခဲ့သည်။ ပဲခူးနှင့် သူတို့ရွာမှာ ကားလမ်းပေါက်သွားပြီဖြစ်သဖြင့် သိပ်မလှမ်းတော့ပေ။ ပဲခူးမြို့သို့ရောက်သည့်အခါ သုံးဘီးငှားပြီး ရွှေမော်ဓေါဘုရားကြီးဆီသို့ လာခဲ့သည်။ ဘုရားပေါ်တက်ရင်း ဘုရားကိုအသေအချာရှိခိုးနေလိုက်သည်။
“သားရေ အမေရေသောက်ချင်တယ်”
“အမေခဏစောင့်အုံးနော်၊ သား ရေသွားဝယ်လိုက်အုံးမယ်”
ဖိုးတာကလေးက ဘုရားတန်ဆောင်းအတွင်းမှပြေးထွက်သွားလေသည်။ မအေးကြည်လည်း စုတ်ပြတ်နေသည့် ပိုက်ဆံအိတ်ကလေးကိုထုတ်လိုက်ပြီး နှစ်ဆယ့်ငါးကျပ်တန်ကလေးကိုထုတ်ကြည့်လိုက်သည်။ ဘုရားတန်ဆောင်းထဲတွင် အလှူခံမှန်ပုံးများကိုချထားသည်။ မအေးကြည်လည်း အလှူခံမှန်ပုံးတစ်ခုအတွင်းသို့ နှစ်ဆယ့်ငါးကျပ်တန်ကလေးကို ထိုးထည့်လိုက်တော့သည်။ နှစ်ဆယ့်ငါးကျပ်တန် အညိုကလေးက ငွေစက္ကူများအပေါ်တွင် အပြန့်သားကလေးကျနေလေသည်။ ထို့နောက် ဘုရားတန်ဆောင်းအတွင်းမှထွက်လာခဲ့သည်။
“အဘိုးရေ၊ အဘိုးက တကယ်တော့ မြေးတို့ကို ကူညီခဲ့တာမဟုတ်ပါဘူး၊ မြေးတို့ကို ကယ်တင်ခဲ့တာပါ၊ အဘိုးဆီက ငွေပွားတဲ့ နှစ်ဆယ့်ငါးကျပ်တန်ကလေးသာ မရခဲ့ရင်တော့ မြေးကဆက်ပြီး အကုသိုလ်အလုပ်တွေ ဆက်လုပ်နေရအုံးမယ်၊ ဒါဆိုရင်တော့ သံသရာတစ်လျှောက် မကောင်းတဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးတွေကို ဆက်ပြီးခံစားနေရအုံးမှာပဲ”
“အဘိုးဆီက ငွေပွားကလေးရတော့မှ အလှူအတန်းတွေလုပ်ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်လာနိုင်ခဲ့တယ်၊ ဥပုသ်သီလဆောက်တည်နိုင်ခဲ့တယ်၊ အခုဆိုရင် ဝိပဿနာတရားတွေပါ ပွားများအားထုတ်နိုင်ခဲ့ပြီမဟုတ်ပါလားအဘိုး၊ ဒါတွေက အဘိုးရဲ့ကျေးဇူးတွေပါ၊ အဘိုးကို မြေးက ကျေးဇူးအများကြီးတင်ပါတယ်”
မအေးကြည်က ထိုသို့တွေးပြီး တန်ဆောင်းအတွင်းမှထွက်ခဲ့သည်။ တန်ဆောင်းအပြင်သို့မရောက်ခင်မှာ အလှူခံပုံးကလေးထဲရှိ ငွေပွားကလေးကိုတစ်ချက်ကြည့်လိုက်သည်။ အလှူခံပုံးအတွင်းတွင် ပိုက်ဆံငွေစက္ကူများ သိပ်မရှိသလို သူထည့်ခဲ့သည့် ငွေပွားကလေးကို မတွေ့ရတော့ပေ။ မအေးကြည် စိတ်ထဲ ထင့်ခနဲဖြစ်သွားပြီး သူ့ပိုက်ဆံအိတ်အစုတ်ကလေးကို ဖွင့်ကြည့်လိုက်သည်။ ထိုအထဲတွင်လည်း ငွေပွားကလေးမရှိတော့ပေ။
မအေးကြည်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် တန်ဆောင်းအတွင်းမှထွက်လာခဲ့လိုက်တော့သည်။ ရွှေမော်ဓေါစေတီကြီးကတော့ နေရောင်အောက်တွင် ရွှေရောင်တဖိတ်ဖိတ်တောက်လျှက် ဝင်းလက်ဆဲဖြစ်သည်။
ပြီးပါပြီ။
(မအေးကြည်က ငွေပွားကလေးအကြောင်း နှုတ်လုံနေခဲ့ပြီး သူမသေဆုံးခင် ငါးနှစ်ခန့်အလိုမှသာ ထိုအကြောင်းများကို သားသမီးနှင့် မြေးများအား ပြောပြခဲ့လေသည်။ မအေးကြည်က ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်သည်၊ မအေးကြည်၏ သားသမီးနှင့် မြေးများမှာ ယခုထက်တိုင် သက်ရှိထင်ရှား ရှိနေကြပါသေးသည်)