“သား . . . ဒေါန မင်းဒါဘာလုပ်တာလဲ”
“ကျုပ်မရတော့ဘူးအဘ . . . ကျုပ်အရမ်းဆာလောင်နေပြီ . . . ကျုပ်လူသားစားရမှဖြစ်မယ်”
ဦးစောလဲ အလွန်ထိတ်လန့်သွားသည်။ ဒေါနချုပ်ထားသည့် အားကို သူမရုန်းနိုင်တော့။
“ဟေ့ကောင် မင်းငါ့ကို စားလို့မရဘူး . . . မင်းငါ့ကိုစားလို့မရဘူးနော်”
ဒေါနက တစ်ချက်ငိုင်ကြသွားသည်။
“ဘာဖြစ်လို့လဲအဘ”
“မင်းငါ့ကိုစားရင် မင်းအဆင့်နောက်တစ်ဆင့်တက်ဖို့ ကိစ္စကို ဘယ်သူလုပ်ပေးတော့မလဲကွ”
ဒေါန ဦးစောကို ချုပ်ထားရင်း ငိုင်သွားသည်။
“ဟုတ်တယ်။ ငါအဆင့်တက်ဖို့ ကိစ္စ၊ ငါအဆင့်တက်ဖို့ . . .”
ဒေါနက ရေရွတ်နေပြီးနောက် ဦးစောကို ဆွဲခေါ်လာကာ ဇရပ်တိုင်တွင် ကြိုးဖြင့်တစ်ကိုယ်လုံးကို တုတ်ထားလိုက်တော့သည်။
“ဟေ့ကောင် ငါ့ကိုလွှတ်ပေးစမ်း . . . ငါ့ကိုလွှတ်ပေးစမ်း”
ဒေါနလဲ ဇရပ်ပေါ်မှဆင်းသွားတော့သည်။
မကြာခင် ဒေါနဇရပ်ပေါ်ပြန်တက်လာသည်။ သူ့လက်ထဲတွင် မီးဖိုတစ်လုံးပါလာသည်။ ဒေါနက အေးအေးလူလူပင် မီးဖိုကို ဖိုနေလိုက်သည်။
“ဟေ့ကောင် ဒေါန မင်းဘာလုပ်တာလဲ”
“အဘခြေထောက်ကို ဖြတ်မလို့”
“ဘာကွ . . .”
ဦးစော အလွန်ထိတ်လန့်သွားချေပြီ။ သူ့တစ်ကိုယ်လုံး တုန်လှုပ်လာလေသည်။ ဒေါနက ဓါးမကြီးတစ်ချောင်းယူလာပြီး သံဒယ်အိုးတစ်ခုကိုလဲ ယူလာခဲ့လေသည်။
“သား . . . မင်းကွာ မင်းကိုငါက မွေးထားတာမဟုတ်ပေမယ့် မင်းဘဝတစ်ခုလုံးကို ငါလုပ်ကျွေးခဲ့တာပါကွ၊ မင်းကောင်းစားရေးကိုပဲ ငါတစ်သက်လုံးတွေးလာတာပါဟ ငါ့ကောင်ရဲ့”
ဦးစောမှာ ပြောရင်း မျက်ရည်တွေ ကျလာလေသည်။
“ဒါဆိုလဲဗျာ၊ လုပ်လက်စနဲ့ ဆက်ပြီးသာလုပ်အဘရေ၊ အခု ကျုပ်အဘအသားကို စားတယ်ဆိုတာလဲ ကျုပ် ရှေ့လျှောက်ကောင်းစားရေးလို့ပဲ အဘမှတ်လိုက်ပါ”
“ဘာကွ . . . ငါ့အမှားပါ . . . အားလုံးငါ့အမှားတွေပါ”
ထို့နောက် ဒေါနက သံဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အချိန်အတန်ကြာသည်အထိတင်ထားလိုက်သည်။ ထို့နောက် ဦးစောအနားကို ကပ်လာလေသည်။
“မင်း . . . မင်းငါ့ကို ဘာလုပ်မလို့လဲ”
“အဘကိုတော့ ချက်ချင်းစားလို့ မဖြစ်သေးဘူးလေ၊ သန်ဘက်ခါဆို နောက်တစ်ဆင့်ကူးရမယ့် လူသားပွဲတော်အုပ်လုပ်ရမယ့်နေ့မဟုတ်လားအဘရဲ့၊ အဘအသက်ကလဲ ၅၀ ကျော်ဆိုတော့ အဘကိုပဲ ပွဲတော်အုပ်လုပ်ရမှာပဲ”
“မင်း . . မင်းကွာ”
“အခုတော့ အဘရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပြီးတော့ စားလိုက်ဦးမယ်၊ အဘသန်ဘက်ခါအထိ သေလို့မဖြစ်သေးဘူးလေ၊ ဒီတော့ အဘခြေထောက်ကို ဓါးနဲ့ဖြတ်ပြီး အနာကျက်အောင်လို့ သံဒယ်အိုးနဲ့ ကပ်ထားလိုက်ရမှာပဲ”
“ဟာ . . ဟေ့ကောင် . . . ကယ်ကြပါအုံး . . .. ကယ်ကြပါအုံး”
ညသန်းခေါင် သုဿန်ကြီးမှာ ဦးစောအော်သံကြီးထွက်ပေါ်လာသော်လည်း ကြားနိုင်မည့်သူမရှိချေ။
“အဘရယ် သိပ်မအော်ပါနဲ့ သေမှာမှမဟုတ်တာ”
ဒေါနက ပြောပြီးနောက် အဝတ်စတစ်ခုကို ဦးစောပါးစပ်ကိုဖြဲပြီးထည့်ပေးလိုက်သည်။ ထို့နောက် သစ်သားတုံးတစ်ခုနှင့် ဓါးမကြီးကိုကိုင်လာသည်။ သံဒယ်အိုးကြီးမှာ မီးဖိုပေါ်တင်တာကြာသဖြင့် ပူလောင်လျှက်ရှိသည်။ ဒေါနက ဦးစော ဘယ်ဖက်ပေါင်လယ်လောက်တွင် သစ်သားတုံးကိုခုလိုက်သည်။ ထို့နောက် ပုဆိုးအားလှန်တင်လိုက်ပြီးနောက် ဓါးမကြီးကို ကိုင်ကာ အားဖြင့် လွှဲခုတ်လိုက်တော့သည်။
“ဒုန်း . . .”
ဦးစော ခြေထောက်မှာ ပေါင်လယ်မှ ယတိပြတ် ပြတ်သွားလေသည်။ သွေးများမှာလဲ ပန်းပြီးထွက်လာကြလေသည်။ ထိုအခါ ဒေါနက သံဒယ်အိုးအပူကြီးကို ယူလိုက်ပြီးနောက် ပြတ်သွားသည့် ဦးစောပေါင်ကို အပြားလိုက် ကပ်လိုက်လေသည်။
“ရှဲ . . . ရှဲ”
ဦးစောမှာ တစ်ကိုယ်လုံးတုန်ယင်နေပြီး ချွေးတွေကျနေလေသည်။ လူသားကို သံဒယ်အိုးအပူကြီးနှင့်ကပ်လိုက်သဖြင့် မီးခိုးလုံးတွေကော ညှော်နံ့တွေပါ မွန်နေတော့သည်။ ဦးစောကလဲ ပါးစပ်ပိတ်ထားသည်မို့ အသံမထွက်နိုင်၊ တအုအုဖြင့်သာ အော်ညည်းနေတော့သည်။ ဒေါနကတော့ ဦးစောခြေထောက်ကို သူ့အရှေ့တွင်ပင် အစိမ်းလိုက်မြိန်ရေရှည်ရည် ဝါးစားနေတော့သည်။ ဦးစောလဲ ထိုမြင်ကွင်းများကို ကြည့်ပြီး မေ့မျောသွားတော့သည်။
မည်မျှကြာအောင် မေ့မျောသွားသည်မသိ၊ ဦးစော သတိပြန်လည်လာတော့ နေ့ခင်းဘက်ကြီးဖြစ်နေသည်။ သူ့ဘယ်ဖက်ခြေထောက်မှာ ပေါင်ရင်းကနေပြတ်နေလေသည်။ သူသတိပြန်ရလာတော့ ဒေါနက သူ့အနားတွင်ထိုင်နေလေသည်။ ထို့နောက် သူ့ပါးစပ်မှ အဝတ်စကြီးကို ထုတ်ပေးလိုက်တော့သည်။
“ထွီ . . .”
ဒေါနကို တံတွေးဖြင့် ထွေးလိုက်လေသည်။
“မင်းကလူမဟုတ်ဘူး . . . လူဆိုရင် ကျေးဇူးတရားကို သိတတ်ရတယ်ကွ”
ဒေါနက ရေတစ်ခွက်ခပ်ပြီး ဦးစောပါးစပ်နားတေ့ပေးလိုက်သည်။ ဦးစောက ရေကိုကမန်းကတန်းသောက်လိုက်သည်။ ရေဆာနေသည်မှာ ကြာပြီဖြစ်သည်။ ထိုစဉ် သုဿန်အဝင်ဝတွင် လူတစ်ချို့ကိုတွေ့လိုက်ရသဖြင့် ဒေါနက လှည့်ကြည့်လိုက်သည်။ ဦးစောကလဲ ထိုအခွင့်အရေးကို လက်လွတ်မခံတော့။
“ကယ်ကြပါအုံး . . . ကယ်ကြပါအုံး”
အသံနက်ကြီးဖြင့်အော်လိုက်သဖြင့် ဒေါနလဲ အလွန်ထိတ်လန့်သွားသည်။ ထို့နောက် ဦးစောကို လက်သီးဖြင့် ခေါင်းကိုထိုးလိုက်လေသည်။ လက်သီးချက်မှာ ပြင်းလွန်းသဖြင့် ဦးစောလဲ မူးမေ့သွားသည်။ ဒေါနက ဦးစောကို စောင်တစ်ထည်နှင့် အုပ်ခဲ့ပြီး ဇရပ်လေးမှ ပြေးဆင်းလာခဲ့လေသည်။
“မသာလာပြီထင်တယ် . . . စားရတော့မယ်ထင်ပါ့”
(ဍ)
လူသုံးလေးယောက်ခန့် သုဿန်ထိပ်တွင်ရပ်နေရာ မသာမဟုတ်မှန်းသိလိုက်ရသည့်အတွက် ဒေါနစိတ်ဓါတ်ကျသွားလေသည်။
“ခုနက အော်သံကြားလိုက်သလားလို့”
“ဟုတ်တယ် ကျုပ်အော်လိုက်တာ”
“ဒါနဲ့ ဦးစော ရှိသလား”
“ဦး . . . ဦးစောကို ဘာလုပ်မလို့လဲ”
ထိုလူများက သုဿန်အတွင်း ဟိုကြည့်သည်ကြည့်လှမ်းကြည့်နေသည်။
“ဒီလိုပါ ဒီနေ့က ကျုပ်တို့အမေဆုံးတာ ငါးနှစ်ပြည့်ပြီလေ၊ ဒီမှာ ဂူသွင်းထားတော့ နှစ်တိုင်း အမေ့အုတ်ဂူကို လာကြည့်ဖြစ်ပါတယ်”
ဒေါနလဲ ခေါင်းညိတ်ပြလိုက်တော့ ထိုလူသုံးယောက် သုဿန်အတွင်း ဝင်လာခဲ့ကြသည်။
“ဦးစော ဘယ်သွားလဲဗျ”
“ဦးစော . . . ဦးစောက မြို့တက်သွားတယ်ဗျ”
“မြို့ကို ဘာသွားလုပ်တာလဲဗျ”
ထိုသူမှာ စကားကြောရှည်နေသည်ကို ဒေါနက မကြိုက်တော့။
“ပေါက်ပြားနဲ့ လိုအပ်တာ တစ်ချို့သွားဝယ်ပါတယ်”
“သြော်ဟုတ်လား ခင်ဗျားကဘယ်သူလဲ”
“ကျုပ်က ဒေါန၊ ဦးစောရဲ့သားပါ”
“အရင်နှစ်တွေက ကျုပ်တို့လာရင် ခင်ဗျားကိုမတွေ့ပါဘူး”
ဒေါနလဲ လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်တော့သည်။
“ခင်ဗျားတို့လာတဲ့အချိန် ကျုပ်ကအပြင်သွားနေတာဖြစ်မယ်ဗျ၊ ကဲ . . . ခင်ဗျားတို့အမေရဲ့ အုတ်ဂူကဘယ်မှာလဲ၊ အရှေ့ကနေသွားကြ”
ထိုအုတ်ဂူမှာ သုဿန်အနောက်ဖက်တွင်ရှိသဖြင့် ဒေါနတို့နေသည့် ဇရပ်ကလေးအနီးမှ ဖြတ်သန်းသွားရလေသည်။
ဦးစောလဲ သတိပြန်ဝင်လာသည်။ အော်ဟစ်ဖို့ကြိုးစားပေမယ့် ပါးစပ်ထဲ အဝတ်ဆို့ခဲ့သည်မို့ အသံမထွက်နိုင်ပေ။ ထိုစဉ် လူစကားပြောသံများနှင့် လမ်းလျှောက်လာသည့် ခြေသံများကို ကြားလိုက်ရသည်မို့ အကူအညီရလိုရငြား တစ်ကိုယ်လုံးကို အားကုန်သုံးပြီး ရုန်းကန်တော့သည်။
“ဟေ့လူ၊ ဇရပ်ထောင့်နားမှာ စောင်ကြီးနဲ့အုပ်ထားပြီး စောင်ကြီးကလဲ လှုပ်နေပါလား၊ အဲဒါဘာကြီးလဲ”
ဒေါနလဲ ရင်တထိတ်ထိတ်ဖြစ်သွားသည်။ စပ်စုလှသော ထိုလူက ဇရပ်ပေါ်သို့တက်ကြည့်ရန် ပြင်ဆင်နေလေသည်။
“မသွားနဲ့ . . . မသွားနဲ့”
“ဘာလို့လဲဗျ”
“အဲဒါ သုဿန်ထဲမှာနေတဲ့ ခွေးမဗျ၊ ကလေးမွေးနေလို့ စောင်နဲ့အုပ်ထားတာ၊ ခင်ဗျားသွားလှန်ရင် ခင်ဗျားကို ကိုက်မှာပေါ့”
ထိုအခါထိုလူလဲရပ်တန့်သွားလေသည်။
“ဟုတ်ပဗျာ၊ တအုအုနဲ့ ညည်းသံတောင်ကြားရသေးတယ်နော်”
ထိုသို့ပြောပြီးထိုလူက ဇရပ်ပေါ်မှ ပြန်ဆင်းလိုက်ပြီးနောက် သုဿန်အတွင်းအုတ်ဂူဖြူဖြူများဆီသို့ လျှောက်သွားတော့သည်။ ထိုတော့မှ ဒေါနလဲ သက်ပြင်းချနိုင်တော့သည်။ ထိုလူများပြန်သွားပြီးသည့်အခါ ဒေါနဖို့ အရက်တစ်လုံးနှင့် ခေါက်ဆွဲကြော်တစ်ထုပ်ပေးခဲ့ကြသည်။
ဒေါနလဲ သက်ပြင်းချပြီး ဇရပ်ပေါ်တက်ခဲ့သည်။ ထို့နောက် အရက်နှင့် ခေါက်ဆွဲကြော်ကို ဦးစောအရှေ့တွင်ချပြီးနောက် သူပါထိုင်နေလိုက်သည်။ ဦးစောကို အုပ်ထားသည့် စောင်ကိုဖယ်လိုက်လေသည်။
“အဘကလဲ တိုးတိုးတိတ်တိတ်မနေဘူး ဆူညံ ဆူညံလုပ်နေတယ်”
ထိုသို့ပြောရင်း အစားကျွေးရန် ဦးစောပါးစပ်မှ အဝတ်စကိုထုတ်လိုက်သည်။
“ခွေးလောက်မှ သစ္စာမရှိတဲ့ကောင် . . . ဒါကြောင့်ရှေးလူကြီးတွေပြောတာ ခြေနှစ်ချောင်းမကယ်ကောင်းတဲ့၊ မင်းကို သူတောင်းစားအဖြစ်နဲ့ ဘယ်နားသေသေဆိုပြီး ပစ်ထားခဲ့ရမှာကွာ”
“အပိုတွေ ပြောမနေနဲ့အဘရာ ရော့ခေါက်ဆွဲကြော်စား”
ထိုစဉ် သုဿန်အနားမှ လှည်းတစ်စီးဖြတ်သွားသံကို ကြားလိုက်ရသဖြင့် ဦးစောမျက်လုံးများ ပြူးကျယ်သွားသည်။
“ကယ်ကြပါ . . . . ကယ်ကြပါ”
ဒေါနလဲ စိတ်တိုသွားလေသည်။
“အဘကို တိတ်တိတ်နေပါလို့ပြောတာကို ကျုပ်စိတ်ကိုလာမဆွနဲ့”
ဒေါနက ထိုသို့ပြောလိုက်ပြီး ဇရပ်ထရံတွင်ထိုးထားသည့် ဓါးမြောင်တစ်လက်ကို ပြေးဖြုတ်လိုက်သည်။ ဦးစောကတော့ လွတ်လိုလွတ်ငြား အော်ဟစ်နေဆဲဖြစ်သည်။ ဒေါနက ဦးစော၏ ပါးစပ်ကိုဖြဲလိုက်ပြီးနောက် လျှာကိုလက်ဖြင့်ဆွဲထုတ်လိုက်သည်။ နောက်လက်တစ်ဖက်မှလဲ ဦးစော၏လျှာကို အရင်းမှ ဓါးမြောင်ဖြင့် ဖြတ်ချလိုက်တော့သည်။
“ဝူး . . . ဝူး”
ဦးစောမှာ အော်ဟစ်၍နေလေသည်။ ဒေါနက ဦးစောကို ပြုံးပြီးကြည့်လိုက်သည်။ ထို့နောက်သူ့လက်ထဲက လျှာကို ကြည့်လိုက်သည်။ လျှာမှာ တုန်ယင်နေပြီး တွန့်လိမ်နေလေသည်။
“ဒီလောက်အသံကျယ်တဲ့လျှာ စားပစ်တာပဲအေးမယ်”
ထိုသို့ပြောပြီး ထိုလျှာကို ပါးစပ်ထဲပစ်ထည့်ကာ ဝါးနေလိုက်တော့သည်။ ပြီးနောက် ဦးစောကို အရက်တစ်ခွက်ငှဲ့တိုက်လိုက်သည်။
“ကဲ အဘရေ အရက်ကလေးသောက်ထားလိုက်၊ မူးနေတာ နာတာလျော့တာပေါ့”
သို့သော် လျှာဖြတ်ထားသည်မို့ အရက်များက ပါးစပ်ထဲဝင်သည့်အခါ ပူစပ်နေလေသည်။ ဦးစောလဲ အရက်များကို အကုန်ပြန်ထွေးထုတ်ပြစ်သည်။ ဒေါနက ထိုအခါ ခေါက်ဆွဲကြော်များကို လက်ဖြင့်ခပ်ယူလိုက်ပြီး ဦးစော ပါးစပ်ထဲ ထည့်ပေးနေလိုက်သည်။
“စားထား ၊ များများသာစားထားအဘရာ။ အဘသန်ဘက်ခါအထိ သေလို့မဖြစ်သေးဘူး၊ ဘာလို့လဲဆိုတော့ လူသားက မလတ်ရင် စားမကောင်းဘူးဗျ”
ဦးစောမှာ ခေါင်းငိုက်စိုက်ကျသွားလေရာ ဒေါနက စောင်ဖြင့် ပြန်အုပ်ထားလိုက်တော့သည်။
ညရောက်ပြီ၊ ဦးစောဘယ်ဖက်လက်က ဆစ်ကနဲခံစားလိုက်ရသည်။ ဦးစော အားယူပြီးမျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ဒေါနက ညာဖက်လက်ကို လက်မောင်းမှဖြတ်နေသည်။ ထို့နောက် သံဒယ်အိုးကြီးနှင့်ကပ်ပြန်သည်။ ဦးစောလဲ အားရှိသလောက် အသားကုန်အော်ချသော်လည်း လျှာမရှိသဖြင့် အသံကျယ်ကျယ်မထွက်နိုင်တော့။
“ဝူး . . . ဝါး . . .ဝူး”
“အဘရယ် ကျုပ်လဲ ဆာလွန်းလို့ စားရတာပါ၊ စိတ်ရှိတိုင်းဆို အကုန်စားပစ်ချင်ပေမယ့်၊ အင်္ဂါအစုံပါအောင် ချန်ထားရလို့ဗျ”
ဦးစောလဲ ပြန်ပြီးမေ့မျောသွားတော့သည်။
ကျန်သည့်ရက်များတွင် ဦးစော အဖျားတက်နေသည်။ သတိက ရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။ သတိပြန်ရလိုက်တိုင်း မြန်မြန်သေဖို့ကိုသာ တောင်းတနေမိသည်။ တစ်ရက်တော့ အေးစက်သော ရေများက ဦးစောမျက်နှာကိုလာစင်သဖြင့် မျက်လုံးများကို အားယူပြီးဖွင့်ကြည့်လိုက်သည်။ ဦးစောအပေါ်ဖက်တွင် ဇရပ်ခေါင်မိုးကြီးကို မြင်တွေ့နေရလေသည်။ သူကပက်လက်အနေအထားဖြစ်နေပြီ လက်တွေခြေတွေကို အားယူလှုပ်ကြည့်သော်လည်း မလှုပ်ရှားနိုင်တော့ပေ။
“ကဲ အဘရေ ဒီနေ့ကတော့ အဘရဲ့နောက်ဆုံးနေ့ပဲ၊ နောက်ဆုံးအနေနဲ့ ကျုပ်ကို တစ်ခုခုမှာခဲ့ပါဦး အဘရဲ့”
ဦးစောက ပါးစပ်ကို ဟရုံသာ ဟနိုင်တော့သည်။ ထို့နောက် လေသံကလေးဖြင့် တစ်ခွန်းပြောလိုက်လေသည်။
“သား . . . .”
သူကထိုသို့ပြောလိုက်သော်လည်း လျှာမရှိတော့သဖြင့် အား ဟုသာ တစ်လုံးထဲ ထွက်တော့လေသည်။ ဒေါနလဲ ခေါင်းညိတ်လိုက်ပြီးနောက်ဦးစော၏ ခေါင်းကိုကိုင်ကာ လည်ပင်းကိုလိမ်လျှက် ချိုးလိုက်တော့လေသည်။
“ဂျွတ်”
ထိုအသံကြီးမှာ ဦးစောနောက်ဆုံးကြားလိုက်သည့် အသံကြီးပင်ဖြစ်တော့သည်။
ဦးစောအသားနှင့် ပွဲတော်အုပ်ပြင်ပြီးနောက် ကျင့်စဉ်တစ်ဆင့်အောင်မြင်ပြန်သည်။ ထိုအခါ ဒေါနက ကျင့်စဉ်အပြီး ထူးခြားချက်ကို စမ်းသပ်ကြည့်သည်။ တစ်ချက်ခုန်လိုက်ရာတွင် လူမှာပျံသွားပြီး ဇရပ်ခေါင်မိုးပေါ် ကျသွားလေသည်။
“ဟင် ငါ့အမြင့်ကြီးကို ခုန်နိုင်ပါလား”
ဒေါနက မကျေနပ်သေးဘဲ ဆက်ခုန်ကြည့်သည်။ သုဿန်အတွင်း သစ်ပင်ကြီးတစ်ပင်၏ ထိပ်များရောက်လုရောက်ခင်အထိ မြင့်တက်သွားလေသည်။ ဒေါနလဲ အပျော်ကြီးပျော်သွားကာ ရွာဘက်သို့ ခုန်ပေါက်ရင်းထွက်သွားပြီးနောက ်ရွာရှိအိမ်ခေါင်မိုးများပေါ်သို့ ခုန်ရင်း လွှားရင်း ပြေးတော့သည်။ မနက်မိုးစင်စင်မလင်းသေးသည်မို့ မည်သူပြေးသွားသည်မှန်းတော့ ရွာကလူတွေက မမြင်လိုက်ကြပေ။ သို့သော် ရွာရှိခေါင်မိုးများ တွင် အချိုင့်ရာကြီးများထင်ကျန်ခဲ့သလို အချို့ ဓနိမိုးများက ပေါက်ပြဲကုန်လေသည်။
(ဎ)
မပန်းမွှေးနှင့်လဲ အလွန်ရင်းနှီးလာကြပြီးနောက် တစ်ခါတစ်ရံ ကျောင်းပိတ်ရက်များတွင် ရွာအနီးချိန်းတွေ့လေ့ရှိသည်။ တစ်ခါတော့ မပန်းမွှေးက ရွာဦးစေတီတွင် ချိန်းဆိုထား၍ ဒေါနလာခဲ့ရာ စေတီရင်ပြင်နားအရောက်တွင် မြေကြီးမှာ နင်းလို့မရတော့ဘဲ ပူလောင်နေလေသည်။ ထိုနေ့က ချိန်းထားသည့်နေရာသို့ မသွားဖြစ်တော့၊ အလွန်ပူလောင်သဖြင့် မနင်းနိုင်သောကြောင့်ဒေါနက ပြန်လာခဲ့လေသည်။
သုဿန်တွင် ဦးစောမရှိတော့သော်လည်း ဘာမှမဖြစ်။ အသုဘမြေချလျှင် ဒေါနကသာ လုပ်ကိုင်ပေးရသည်။ မြေဖို့ပြီး လူလစ်လျှင် ဒေါနက ဖော်ပြီး စားသောက်ပစ်လိုက်သည်။ သို့သော် ဒေါနထံတွင် ပြဿနာကြီးတစ်ခုရှိသည်။ ဒေါနက စာတစ်လုံးမှမတတ်ပေ။ ထို့ကြောင့် ပေါရိသာဒ ပုရိပိုက်တွင် ရေးထားသည့်စာများကို တစ်လုံးမှ ဖတ်၍မတတ်။ ထို့ကြောင့် အကယ်၍ နောက်တစ်ဆင့်တက်မည်ဆိုလျှင် အခက်အခဲအများကြီးရှိသည်။ ဦးစောက ဒေါနကိုအကုန်အစင်မဖတ်ပြဘဲ ကျင့်စဉ်တစ်ဆင့်တက်ခါနီးမှ ပြောပြလေ့ရှိသဖြင့် ဘာဆက်လုပ်ရမှန်းလဲ မသိပေ။
ဒေါနခေါင်းမီးတောက်နေပြီဖြစ်သည်။ နောက်နှစ်လခန့်ကြာလျှင် အဆင့်တက်ရတော့မည်၊ လူသားပွဲတော်အုပ် ခင်းရတော့မည်။ သို့သော် ဘာလုပ်ရမှန်း သူမသိသေး။ နောက်ဆုံးဒေါနအကြံတစ်ခုရသွားသည်။ ထိုအကြံကတော့ မပန်းမွှေးပင်ဖြစ်သည်။ မပန်းမွှေးမှာ ဆရာမဖြစ်သဖြင့် စာမတတ်မှာတော့ ဘာမှမပူရပေ။ ထို့ကြောင့် မပန်းမွှွေးကို ကျောင်းပိတ်သည့်ရက် ရွာပြင် ချောင်းကမ်းနံဘေးရှိ သပြေပင်ကြီးအောက်သို့ ချိန်းဆိုလိုက်လေသည်။
ချိန်းဆိုသည့်ရက်တွင် မပန်းမွှေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည်။ ထိုနေရာကလေးက သာယာလှသည်။ ချောင်းကွေ့ကလေးကိုလဲ မြင်နေရပြီး ရွာနှင့်လဲ အနည်းငယ်လှမ်းပြီး လူပြတ်သဖြင့် အေးအေးလူလူစကားပြော၍ အဆင်ပြေလေသည်။ မပန်းမွှေးရောက်တော့ ချစ်စကားကြိုက်စကားများ ပြောအပြီးတွင် မပန်းမွှေးကို ပုရပိုက်ကလေး ထုတ်ပေးလိုက်သည်။
“ပန်းမွှေး အကို့ကို ဒါလေးဖတ်ပြပါလား”
“ဘာကြီးလဲ အကိုရဲ့”
မပန်းမွှေးက ပုရပိုက်ကလေးကို လှမ်းယူလိုက်လေသည်။
“အဘဆုံးသွားတော့ အဘကျန်ခဲ့တဲ့ ပစ္စည်းကလေးတစ်ချို့ကို ရှင်းလင်းရင်း ဒါလေးထွက်လာတာ၊ ပန်းမွှေးလဲ သိတဲ့အတိုင်း အကိုက စာမတတ်ဘူးလေ”
ပန်းမွှေးက ပုရပိုက်ကလေးကို ဖွင့်ပြီး ဖတ်ပြလေရာ၊ ဒေါနက သူနားထောင်လိုသည့်ကျင့်စဉ် အဆင့်တက်သည့်နေရာများနှင့် ပြင်ဆင်ပုံများကို အသေအချာစိတ်ထဲ မှတ်သားထားလိုက်တော့သည်။
“အကို့ဟာကြီးက အောက်လမ်းကျင့်စဉ်ကြီးနဲ့တူတယ်”
“အကိုလဲ မသိပါဘူးကွာ၊ အဘကျန်ခဲ့တဲ့ပစ္စည်းဖြစ်နေလို့”
“ဒါပဲနော် အကို ပန်းမွှေးကိုချစ်တယ်ဆို အဲဒီလို မဟုတ်မဟတ်တွေမလုပ်ရဘူး”
ဒေါနက လိုချင်တာ ရပြီမို့ ခေါင်းညိတ်လိုက်သည်။
“အင်းပါ ပန်းမွှေးရယ် ပန်းမွှေးမကြိုက်တာတွေ၊ အကိုဘာမှမလုပ်ဘူး”
ထိုသို့ပြောပြီး ထိုပုရပိုက်ကလေးကို ချောင်းထဲသို့ လှမ်းပစ်လိုက်တော့သည်။
“ကဲ အခုဆိုရပြီလား”
ပန်းမွှေးက ခေါင်းအသာညိတ်လိုက်သည်။ ထိုအခါ ဒေါနက ပန်းမွှေး၏ ပါးကလေးကို အသာလေး ဖွနမ်းလိုက်လေသည်။ တိတ်ဆိတ်ငြိမ်သက်သည့်နေရာလဲဖြစ်ပြန် အထိအတွေ့ကိုလဲ မရုန်းကန်နိုင်သည့်အတွက် ချစ်သူနှစ်ဦး ထိုနေရာတွင် နှစ်ကိုယ်တူ ပျော်မြူးလေကြတော့သည်။
တစ်နေ့။
မပန်းမွှေးကျောင်းမှပြန်လာတော့ ဖခင်ဖြစ်သူက သူ့ကိုခေါ်လိုက်လေသည်။
“အဖေ ဘာပြောမလို့လဲ”
“နင် ဒေါန နဲ့ကြိုက်နေတယ်ဆိုတာ ငါသိတာကြာပြီ”
မပန်းမွှေး ခေါင်းငုံ့နေလိုက်သည်။
“ငါက ခွဲခြားတဲ့ အယူအဆတွေတော့မရှိပါဘူး၊ ဒေါနလဲ လူတစ်ယောက်ပဲ။ ဒါပေမယ့် နင့်ကို သူတာဝန်ယူမယ်ဆိုရင်တော့ သူ့မှာ ပစ္စည်းဥစ္စာရှိရမယ်။ သူပစ္စည်းလက်မဲ့ဖြစ်နေသ၍ သမီးနဲ့ သဘောတူမှာမဟုတ်ဘူး ဆိုတာကို သူသိအောင်ပြောလိုက်စမ်းပါ”
မပန်းမွှေးလဲ ခေါင်းညိတ်လိုက်ရတော့သည်။
နေဝင်ချိန်။
ရွာမှအပျိုအချို့ ရေခပ်ဆင်းနေကြသည်။ မပန်းမွှေးနှင့် ဒေါနကတော့ ထိုကန်ဘောင်နံဘေးတွင် ထိုင်နေကြသည်။ ကန်ထဲတွင်တော့ ကြာပန်းတွေက ဖူးပွင့်နေကြသည်။
“အကို ကျွန်မတို့ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး”
“ဒီအတိုင်းမနေတော့ ပန်းမွှေးက ဘယ်လိုနေချင်လို့လဲ”
“အဲဒါကိုပြောတာမဟုတ်ဘူး ပန်းမွှေးကို အကိုတစ်ကယ်ချစ်ရင် ပန်းမွှေးကို တင်တောင်းရမှာပေါ့”
ဒေါနတစ်ချက်ငိုင်သွားသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကြည့်နေလေသည်။
“ပန်းမွှွေးကို လက်ထပ်ယူမယ်ဆိုရင် အကိုဒီတိုင်း သုဿန်မှာ မနေတော့ဘဲ အကိုကြိုးစားမှ ဖြစ်မယ်”
ထိုအခါ ဒေါနသည် ခေါင်းညိတ်လိုက်လေသည်။
“စိတ်ချပါ ပန်းမွှေး အကိုကြိုးစားပါ့မယ်”
ရေကန်ထဲတွင်တော့ ကြာဖူးကလေးများက လေတိုက်ရာ ယိမ်းနွဲ့၍ နေလေသည်။
ဒေါနလဲ စိတ်ပျက်ပျက်ဖြင့် ရွာပြင်ထန်းတောကိုလာခဲ့သည်။ ထိုနေရာတွင် ထန်းရည်သာမက အရက်ဖြူ(ချက်အရက်)ပါ ရသလို ဒေါနတို့သားအဖ စားသောက်နေကြ ဖောက်သည်ဆိုင်ဖြစ်သည်။
“ရှေ့တစ်လကျရင် ရွာမှာ အလှူရှိတယ်ကွ၊ ရှင်ပြုရဟန်းခံဆိုပဲ”
“ဟုတ်သလား”
“ရှင်ကြီးပဲ ၁၀၈ ပါးတောင်ပြုပေးမှာကွ၊ အနီးအနားရွာတွေကပါ လူတွေစုပြီးပြုပေးမှာ၊ နောက်ပြီး ဆိုင်းလဲသွင်းမယ်တဲ့။ ၇ရက် ၇လီမီးခိုးတိတ်ကျွေးဦးမှာတဲ့ကွ”
“ဟာ ဒါဆိုတော်တော်ကုန်မှာကွ၊ နေပါဦး အလှူက ဘယ်သူလုပ်မှာလဲ”
“ဦးဘမြင့်နဲ့ ဒေါ်စိန်တင့်လေ”
“အော် သိပြီ . . သိပြီ စိန်သူဌေး၊ ရွှေသူဌေး ဒေါ်စိန်တင့်မဟုတ်လား”
တစ်ဖက်အရက်ဝိုင်းမှာ ပြောနေသံများကို ဒေါနက ကြားမိလိုက်သည်။ ထိုအခါအလွန်စိတ်ဝင်စားသွားပြီးနောက် ထိုဝိုင်းအနားသို့ သွားလိုက်မိသည်။
“ဟေ့ကောင် သုဘရာဇာ မင်းငါတို့နဲ့ လာမထိုင်နဲ့”
ဒေါနစိတ်ထဲ ဒေါသဖြစ်သွားသော်လည်း သည်းခံလိုက်သည်။
“မထိုင်ဆိုလဲ မထိုင်ပါဘူးဗျာ၊ ဒါနဲ့နေပါဦး အဲဒီ ဒေါ်စိန်တင့်က တော်တော်ချမ်းသာတာလားဗျ”
ရွာသားများက မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။
“မင်းဒေါ်စိန်တင့်အကြောင်းမသိဘူးလား . . . အံ့ပါရဲ့ကွာ”
“ချမ်းသာတာကတော့ မျိုးနဲ့ရိုးနဲ့ကို ချမ်းသာတာကွ၊ မြို့က ရွာမအရပ်မှာ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့နေတာ၊ အေးနောက်တော့ ဘယ်လိုဖြစ်တယ်မသိ တို့ရွာက ကိုဘမြင့်နဲ့တွေ့ပြီး လက်ထပ်ယူခဲ့တာ။ ကိုဘမြင့်ကို နွားအရှဉ်း နှစ်ဆယ်လောက်ပေးပြီးတော့ကို တင်တောင်းတာတဲ့ကွ”
“ဟုတ်လား၊ တော်တော်ချမ်းသာတာပေါ့နော်”
“သူတို့အိမ်ရောက်ဖူးတဲ့ ရွာသားတွေစကားအရဆို အိမ်ကတော်တော်ကျယ်ကျယ်နဲ့ အထဲမှာ လဲ ခေတ်ပေါ်ပစ္စည်းတွေ အစုံရှိတယ်ဆိုဘဲ။ ပိုက်ဆံတွေဆိုတာကလဲ သံသေတ္တာကြီးတွေနဲ့ အထပ်လိုက်ကို သိမ်းထားရတာဆိုပဲကွ”
ဒေါနမျက်လုံးများ အရောင်လက်သွားသည်။
“ကဲ မင်းသိချင်တာသိပြီးဆိုလဲ တော်ပြီကွာ . . . မင်းနဲ့စကားပြောရတာ ပါးစပ်သနတယ် ထွီ . . .”
ရွာသားအပြောကို သည်းခံလိုက်ပြီး ထသွားကာ ဆိုင်ထဲမှ ထွက်ရန်ပြင်လိုက်တော့သည်။
“ဟေ့ ဒေါန ပိုက်ဆံပေးသွားဦးလေ”
အရက်ဆိုင်ရှင်က တောင်းလိုက်တော့ ဒေါနက အိပ်ထဲမှ တစ်မတ်စေ့ နှစ်စေ့ကို ထုတ်ပေးလိုက်သည်။
“ခင်ဗျား သူ့ကိုအရက်ရောင်းတာလဲ ကြည့်ရောင်းဦးနော်၊ သူ့ပိုက်ဆံတွေက မသာပါးစပ်ထဲက နှိုက်လာတဲ့ ကူးတို့ခတွေဖြစ်နေဦးမယ်ဗျ . . .ဟား . . .ဟား”
ရွာသားများ ပြောသည်ကို ဒေါနက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ ဆိုင်အတွင်းမှထွက်ခဲ့တော့သည်။
(ဏ)
မပန်းမွှေးနှင့် ဒေါနက လမ်းအတူလျှောက်လာကြသည်။ ရွာသားအချို့ကတော့ နှာခေါင်းရှုံ့ကြလေသည်။
“ပန်းမွှေး အကိုခရီးသွားစရာရှိတယ်၊ တစ်ပါတ်လောက်ကြာမယ်ထင်တယ်”
“အကိုက ဘယ်ကိုသွားမှာလဲဟင်”
ဒေါနက ဘေးဘီကိုကြည့်လိုက်သည်။ ထို့နောက် မပန်းမွှေးအနားသို့ ကပ်ပြီး တိုးတိုးကလေးပြောသည်။
“ပန်းမွှေး သူများတွေကို လျှောက်မပြောနဲ့နော်၊ အဘ ဆုံးသွားတော့ သူ့ပစ္စည်းတွေထဲက ရတနာမြေပုံလိုလိုတစ်ခုကို အကိုတွေ့ထားတယ်”
“ရတနာမြေပုံဟုတ်လား”
“ဟုတ်တယ်။ အကိုလဲ စွန့်စားပြီးတော့ အဲဒီရတနာသိုက်ကို သွားတူးမလို့”
“ဖြစ်ပါ့မလား အကိုရယ်၊ ပန်းမွှေးစိတ်ပူတယ်”
“အို ပန်းမွှေးကလဲ ပန်းမွှေးနဲ့ အကိုနဲ့နီးစပ်ဖို့ကိစ္စပဲ အကိုကြိုးစားရမှာပေါ့”
မပန်းမွှေးက ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာတွင်တော့ စိုးရိမ်ပူပန်မှုများကို အထင်းသားတွေ့မြင်နေရသည်။
“အကို အစစအရာရာ ဂရုစိုက်နော်”
“စိတ်ချပါ ပန်းမွှေးရဲ့ အကိုပြန်လာခဲ့မယ်၊ ရတနာတွေရရင် ပန်းမွှေးကို တင်တောင်းမယ်”
ရွာမရပ်ကွက်။
ထိုရပ်ကွက်သည် သူဌေးနှင့် ဂုဏ်ရှင်ဓနရှင်များ အစဉ်အဆက်နေထိုင်သည့် ရပ်ကွက်တစ်ခုဖြစ်သည်။ အိမ်ကြီးများအားလုံးမှာ အိမ်ကြီးရခိုင်များဖြစ်ကြပြီးနောက် ခြံကျယ်ကြီးများလဲပိုင်ဆိုင်ကြသည်။ ဒေါနက ဒေါ်စိန်တင့်တို့အိမ်ကို ခက်ခက်ခဲခဲမရှာရလိုက်ပေ။ ထိုအိမ်ကြီးမှာ ထိုရပ်ကွက်အတွင်း အကြီးဆုံးနှင့် အကျယ်ဆုံးအိမ်ကြီးဖြစ်ပြီး လမ်းဦးတိုက်ကြီးတည်ရှိနေသည်။ ခြံစည်းရိုးများမှာ အုတ်ဖြင့် ၆ ပေခန့်ကာထားပြီး ထိုခြံကြီးအတွင်း ကုန်းကြီးပေါ်တွင် အလွန်ခန့်ညားသည့် အုတ်နီဖြင့်ဆောက်ထားသည့် အိမ်ကြီးတစ်လုံးကို အဝေးမှလှမ်းကြည့်၍ပင်မြင်နိုင်လေသည်။
ဒေါနလဲ ညနက်တော့ ထိုခြံဝန်းအနားကိုကပ်ခဲ့သည်။ ခြံထဲတွင် အင်းခွေးကြီးများကိုလွှတ်ထားရာ ဒေါနလဲ ချက်ချင်းမဝင်သေးဘဲ သစ်ပင်တစ်ပင်ပေါ်သို့ လွှားကနဲခုန်တက်လိုက်ပြီး အခြေအနေကြည့်နေလိုက်သည်။ ခြံထဲတွင် ဒရဝမ် နှစ်ဦးရှိပြီး ခြံအတွင်း မီးအိမ်ကလေးဖြင့် လှည့်လည်နေလျှေက်ရှိသည်ကို တွေ့လိုက်ရသည်။ ဒေါနက တစ်ချက်ပြုံးလိုက်ပြီးနောက် အိမ်ကြီးဆီသို့ လွှားကနဲခုန်တက်ခဲ့သည်။ အိမ်ကြီးမှာ အလွန်ကြီးမားပြီး ကျယ်ပြန့်လေရာ ဒေါနက အိမ်အပေါ်ထပ်ဖွင့်ထားသော တံခါးမှဝင်ခဲ့သည်။ ထိုအခန်းသည် အိပ်ခန်းတစ်ခုဖြစ်ပြီး သစ်သားဖြင့်ပြုလုပ်ထားသည့် ကုတင်ကြီးတစ်လုံးရှိကာ ထိုကုတင်ကြီးမှာ အနီရောင်ပြောင်လက်နေပြီး ကုတင်ကြီးတွင်လဲ ပွတ်လုံးများ၊ ကနုတ်ပန်းများကို ထွင်းထုထားလျှက်ရှိသည်။
အိမ်ခန်းအတွင်း လျှပ်စစ်မီးရောင်များဖြင့် လင်းထိန်နေလေသည်။ ဒေါနလဲ ကုတင်အောက်တွင် အသာကလေးဝင်ပြီး ပုန်းအောင်းနေလိုက်သည်။ မကြာမီခြေသံကြားရပြီး တစ်စုံတစ်ယောက်ဝင်လာလေသည်။ အသက်ခပ်ကြီးကြီး မိန်းမတစ်ယောက်ဝင်လာခြင်းဖြစ်သည်။ သူမသည် အခန်းအတွင်းလျှောက်သွားနေပြီး ဘီဒိုကိုဖွင့်ကာ တစ်စုံတစ်ခုကို ယူပြီးထွက်သွားလေသည်။
ဒေါနလဲ ကုတင်အောက်မှထွက်လာပြီး ဘီဒိုအနားသို့ ကပ်သွားလိုက်သည်။ ဘီဒိုမှာ သော့ခတ်မထား စေ့ရုံသာစေ့ထားသဖြင့် ဘီဒိုတံခါးကိုဖွင့်ကြည့်လိုက်သည်။ အထဲတွင် သေတ္တာအသေးလေးများရှိပြီး သူ့နေရာနှင့်သူ စီပြီးထားလေသည်။ ဒေါနလဲ သိချင်သဖြင့် ထိုသေတ္တာကလေးများထဲမှာ နည်းနည်းအရွယ်အစားကြီးသည့် သေတ္တာတစ်လုံးကိုဖွင့်လိုက်သည်။
“အလို . . . .”
ဒေါနက တစ်သက်တွင် ထိုကဲ့သို့ လှပပြီး တန်ဖိုးကြီးသည့် ရတနာမျိုးကို စိတ်ကူးထဲတောင်မမြင်ဖူးပေ။ ရတနာမှာ ဒေါင်းဘယက်ကြီးတစ်ကုံးဖြစ်ပြီး စိန်များဖြင့်အလှဆင်ထားကာ အလယ်တွင်အလွန်ကြီးမားသည့် စိန်တုံးကြီးပါဝင်လေသည်။ ထိုဒေါင်းဘယက်နှင့်အတူ စိန်နားဆွဲနှင့် လက်ကောက်နှစ်ကွင်း၊ ရင်ထိုး၊ ဆံထိုးနှင့် ရွှေဘီးလဲပါဝင်လေသည်။
ဒေါနလဲ ဘူးတွေအားလုံးကို လိုက်ဖွင့်လေရာတွင် ပတ္တမြား၊ နီလာ နှင့် အဖိုးတန်သော စိန်ကောင်း၊ ကျောက်ကောင်းများကို အလုံးလိုက်ဖြစ်စေ၊ အထည်နှင့်ဖြစ်စေ တွေ့ရသဖြင့် ဒေါနအံ့သြပြီးကြည့်နေမိသည်။
“ဟေ့ကောင် မင်းဘယ်သူလဲ”
ထိုစဉ် အနောက်မှာ အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ဒေါ်စိန်တင့်ယောက်ျား ဦးဘမြင့်သည် ဒေါနကို အံ့သြခြင်းများစွာဖြင့် ကြည့်နေလေသည်။ ထို့နောက် သတိကပ်သွားပြီး ဦးဘမြင့်က အော်ဟစ်ရန်ပြင်လိုက်စဉ်မှာပင် ဒေါနက ဦးဘမြင့်အား အမြန်ဖမ်းချုပ်လိုက်ပြီးနောက် ပါးစပ်ကိုပိတ်လိုက်ပြီး ဇက်ချိုးကာသတ်ပစ်လိုက်တော့သည်။ ဦးဘမြင့်မှာ အော်ချိန်ပင်မရလိုက်ဘဲ သေဆုံးသွားတော့သည်။
ဒေါနလဲ ကြံရာမရသဖြင့် ဦးဘမြင့်အား မတ်တပ်ဘီဒိုကြီးတစ်လုံးထဲ ထည့်လိုက်လေသည်။ ထို့နောက် သူလဲ ထိုဘီဒိုကြီးအတွင်း ဝင်ရောက်ပုန်းအောင်းနေသည်။ မတ်တပ်ဘီဒိုကြီးထဲတွင်တော့ အနောက်တိုင်းကုတ်အကျီများ၊ မြန်မာ့ရိုးရာ သိုရင်းအကျီများနှင့် ဂါဝန်များကို ချိတ်ဆွဲထားလေသည်။ ဒေါနလဲ ပုန်းအောင်းရင်း ဦးဘမြင့်အလောင်းကောင်ကြီးကို ဖက်ထားသည်။ ထိုသို့ဖက်ထားရင်းမှ စိတ်မထိန်းနိုင်တော့ဘဲ အစိမ်းလိုက် ကိုက်စားလေတော့သည်။
ဒေါ်စိန်တင့်က စိန်ထည်များကို သေတ္တာကလေးထဲထည့်ပြီးသော် အိပ်ခန်းအတွင်းသို့ သီချင်းကလေးတစ်ညည်းညည်းဖြင့် ဝင်လာလေသည်။ ဒေါ်စိန်တင့်မှာ အသက်ကြီးပြီဖြစ်သော်လည်း ကိုယ်ခန္ဓာအချိုးအစားပုံမပျက်သေးပေ။ သူ့ထံတွင်လဲ အလွန်အဖိုးတန်သည့် စိန်ထည်များဝတ်ဆင်ထားပြီး အဝတ်အစားများမှာလဲ နိုင်ငံခြားဖြစ် အဝတ်အထည်များဖြစ်သည်။ အခန်းတံခါးကိုဖွင့်ပြီး အခန်းထဲဝင်လိုက်သည်။
“အလို . . . ကိုဘမြင့်ကလဲ အခန်းထဲမှာ မရှိပါလား၊ ဘယ်သွားသလဲမသိပါဘူး”
ထိုသို့ တွေးလိုက်ပြီး ဘီဒိုဆီလျှောက်ခဲ့သည်။ ဘီဒိုတံခါးကိုဖွင့်လိုက်ပြီး ရတနာပစ္စည်းများကို ထည့်ရန်လုပ်လိုက်သည်။ ထိုစဉ် ဘီဒိုအတွင်းရှိ သေတ္တာကလေးများမှာ နေရာမကျဘဲ ပုံပျက်နေလေသည်။
“ကိုဘမြင့်တော့ ဘာတွေမွှေသွားတာလဲမသိပါဘူး”
ထိုသို့ပြောရင်း ဒေါ်စိန်တင့်က ရတနာသေတ္တာများကို ပြန်ပြီးစီထားလိုက်သည်။ ထို့နောက် ညအိပ်ရန်ပြင်လေသည်။ ကုတင်ပေါ်တက်လိုက်ပြီး လဲလျှောင်းလိုက်သည်။ ထို့နောက် မတ်တပ်ဘီဒိုကြီးကို တစ်ချက်ကြည့်လိုက်ရာ မတ်တပ်ဘီဒိုကြီးအတွင်းမှ သွေးများစီးကျလာသည်ကိုတွေ့လိုက်ရသည်။ ဒေါ်စိန်တင့်လဲ အလွန်ထိတ်လန့်သွားပြီးနောက် ထိုဘီဒိုကြီးဆီတဖြည်းဖြည်းလျှောက်သွားလိုက်ကာ ဘီဒိုတံခါးကို ဆွဲဖွင့်လိုက်လေတော့သည်။
“အောင် . . .မယ် . .”
ဒေါ်စိန်တင့် ကြောက်လန့်လွန်းလှသဖြင့် အသံပင်မထွက်နိုင်တော့။ ဘီဒိုအတွင်းတွင် သူ့ယောက်ျား ဦးဘမြင့်က အရိုးများသာကျန်တော့ပြီး ပုံပျက်နေလေသည်။ ထို့အပြင် တစ်ကိုယ်လုံး သွေးသံရဲရဲနှင့် လူတစ်ဦးက ဘီဒိုထဲမှထွက်လာပြီးနောက် ဒေါ်စိန်တင့်အား ပါးစပ်ကိုဆွဲပြီးပိတ်လိုက်သလို တစ်ကိုယ်လုံးကိုလဲ ဖမ်းချုပ်ထားလိုက်တော့သည်။
“ဟေ့ ခင်ဗျား . . . ခင်ဗျားယောက်ျားလို မသေချင်ရင် ခင်ဗျားစီက ရှိတဲ့ပစ္စည်းတွေအကုန်ပေး”
ထိုအခါ ဒေါ်စိန်တင့်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့လည်ပင်းတွင်ဆွဲထားသည့် ကြေးသော့တစ်ချောင်းကို ထုတ်ပေးလိုက်လေသည်။
“ဒါဘာသော့လဲ”
ထိုအခါ ဒေါ်စိန်တင့်က အခန်းအပြင်ကိုထိုးပြလိုက်လေသည်။
“ဘာပြောတာလဲ ခင်ဗျား ဉာဏ်များမယ်မကြံနဲ့နော် . . . ခင်ဗျားကို အစိမ်းလိုက်ကိုက်စားမယ်သိလား”
ဒေါနက ထိုသို့ပြောလိုက်ကာ ဒေါ်စိန်တင့်၏ ပါးစပ်ကိုဖွင့်ပေးလိုက်သည်။
“ကယ်ကြပါဦးရှင်”
ဒေါ်စိန်တင့်က အားနှင့်အော်လိုက်သည်။ ဒေါနလဲ ဒေါသထွက်သွားပြီး ဒေါ်စိန်တင့်လည်ပင်းကို ဆွဲညှစ်လိုက်သည်။ အလွန်ကြီးမားသည့်ခွန်အားကြောင့် သေးသွယ်သည့် ဒေါ်စိန်တင့် လည်ပင်းမှာ ကြေမွသွားပြီး ဒေါ်စိန်တင့်မှာ အသံပင်မထွက်တော့ဘဲ ကုတင်ပေါ်သို့ လဲကျသွားတော့သည်။
ဒေါနလူနှစ်ယောက်သတ်လိုက်ပြီဖြစ်သည်။ ထိုအချိန်တွင် ဒေါ်စိန်တင့်အော်သံကို အိမ်ဖော်မလေးတစ်ယောက်ကကြားလိုက်ပြီး အခန်းဆီသို့ပြေးလာလေသည်။ အခန်းတံခါးမှာပိတ်ထားသဖြင့် တံခါးကို တဒုန်းဒုန်းထုလိုက်လေသည်။
“မမ ဘာဖြစ်တာလဲ . . . မမ”
ထိုအချိန်မှာပင် အခန်းတံခါးပွင့်သွားပြီးနောက် ထိုအိမ်ဖော်မလေးကို အခန်းအတွင်း လူတစ်ဦးကဆွဲသွင်းလိုက်လေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ဒေါနပင်ဖြစ်သည်။
လူသုံးဦးအားရှင်းပြီးတော့ ဒေါနက အခန်းအပြင်ထွက်လိုက်သည်။ အိမ်ပေါ်ထပ်တွင် အခန်းများ အများအပြားရှိသည်။ ဒေါနက အခန်းများကို လိုက်ကြည့်တော့ လူနေသည့်အခန်းမဟုတ်ဘဲ ပစ္စည်းများထားသည့်အခန်း၊ စန္ဒယားတီးသည့်အခန်းများသာ ဖြစ်နေလေသည်။ နောက် အပေါ်ထပ်အခန်းတစ်ခုကတော့ သော့ခတ်ထားလေသည်။ ဒေါနလဲ ဒေါ်စိန်တင့်ပေးခဲ့သည့် ကြေးသော့လေးဖြင့် သော့ကိုဖွင့်ကြည့်လိုက်ရာ အခန်းတံခါးမှာ အလွယ်တကူပွင့်သား၍ ဒေါနလဲအခန်းအတွင်းဝင်လိုက်သည်။ အခန်းအတွင်းမှောင်မည်းနေသဖြင့် စမ်းတဝါးဝါးသွားရာမှ သံသေတ္တာများ အများအပြားကို စီထပ်ထားသည်ကိုတွေ့လိုက်ရပြန်သည်။ ထိုသံသေတ္တာများကိုလဲ သော့များဖြင့်အသီးသီးခပ်ထားသဖြင့် ဒေါနက ဒေါ်စိန်တင့်အိပ်ခန်းသို့ပြန်ကာ ရှာဖွေရပြန်သည်။ မှန်တင်ခုံအောက်အံဆွဲတွင် သော့တွဲကြီးတစ်ခုကိုတွေ့ပြီး သော့အချောင်းများစွာပါသည်။ ဒေါနလဲ ခုနက အခန်းကိုပြန်ပြီး သံသေတ္တာတစ်လုံးကို သော့နှင့်ဖွင့်ကြည့်လိုက်ရာ အထဲတွင် ငွေစက္ကူများအထပ်လိုက် သေတ္တာအတွင်းတွေ့ရလေသည်။
ဒေါန အံ့သြသည်ထက် အံ့သြမိသည်မှာ၊ သေတ္တာအလုံးငါးဆယ်ကျော်ရှိသည့်အနက် အားလုံးမှာ ငွေစက္ကူ ၉၀တန်များအုပ်လိုက်ထည့်ထားသည့် သံသေတ္တာများဖြစ်ကြလေသည်။
(တ)
ထိုအိမ်ကြီးတံခါးမဖွင့်သည်မှာ လေးငါးရက် ရှိခဲ့ပြီဖြစ်၍ ရပ်ကွက်အတွင်းလူများအပြင် ဒေါ်စိန်တင့်နှင့်လုပ်ဖော်ကိုင်ဖက်များက စိတ်ပူလာကြလေသည်။ ခြံတံခါးမှနေ၍ခေါ်သော်လည်း ဘာသံမှ ပြန်မကြားပေ။ သို့နှင့်ရွာခံများတိုင်ပင်ကာ ခြံတံခါးကို အတင်းဖွင့်ကြရာတွင် ခြံထဲတွင်မည်သူမျှ မတွေ့ရပေ။ သို့နှင့် အိမ်ထဲသို့ ထပ်ဝင်ကြည့်ပြန်သည်။ အိမ်ထဲတွင်လဲ လူသူဟူ၍ တစ်ယောက်မှ မရှိတော့ဘဲ အိမ်ကြီးမှာ ပုံစံမပျက်ရှိနေသည်။ သို့သော် အိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများအားလုံးမရှိတော့ချေ။
“ဒီအိမ်မှာ မိသားစုတွေနဲ့ အိမ်ကဝန်ထမ်းတွေချည်း အယောက် ၂၀ ကျော်ရှိတာ သူတို့ဘယ်ကိုများပျောက်သွားကြပါလိမ့်”
ဒေါ်စိန်တင့်နှင့် နီးစပ်သူများက မှတ်ချက်ပေးကြသည်။ ဒေါ်စိန်တင့်နှင့် မိသားစုမှာ ထူးဆန်းစွာပျောက်ဆုံးသွားကြသည့်သတင်းမှာလဲ မြို့အတွင်းချက်ချင်းပျံ့နှံ့သွားတော့၏။ စင်စစ်အားဖြင့် ဒေါနက ထိုအိမ်တွင် သုံးရက်လောက် ခိုအောင်းနေပြီး တစ်မိသားစုလုံးနှင့် အိမ်ရှိ ရှိသမျှလူအားလုံးကို အေးအေးလူလူစားသောက်ပြီးနောက် ပစ္စည်းများယူဆောင်ကာ ထွက်သွားခြင်းဖြစ်ပေသည်။
တစ်လခန့်ကြာသည်အထိ ဒေါနရွာပြန်မလာသေး။ မပန်းမွှေးသည် ကျောင်းလွှတ်ပြီး ညနေတိုင်း ရွာထိပ်တွင် သွားရောက်ပြီး ဒေါနကိုစောင့်နေလေ့ရှိသည်။ တစ်ရက်တော့ ဒေါနပြန်လာလေသည်။ ပြန်လာသည်မှာ ရိုးရိုတန်းတန်းမဟုတ်ပေ။ ကားကြီးတစ်စီးနှင့်ပြန်လာပြီး အဝတ်အစား သားသားနားနားဝတ်ဆင်ထားသည်။ ရွာလာသည့်လမ်းတစ်လျှောက်လဲ တစ်ကျပ်တန်များ ကျဲချသဖြင့် လိုက်ကောက်သည့်သူများဖြင့် ပြည့်နှက်နေသည်။
“ဟေ့ကောင်တွေ ဟိုမှာ သူဌေးတစ်ယောက်လာပြီး ကားပေါ်ကနေ တစ်ကျပ်တန်တွေ ကျဲချနေတယ်ကွ”
နွားကျောင်းသားလေးကပြောလိုက်သဖြင့် အတန်းထဲတွင် ကျောင်းတက်နေသော ကျောင်းသားများအားလုံး ပြေးထွက်သွားကြသည်။ မကြာခင် ကားကြီးက ရွာကျောင်းအနီးရောက်လာလေသည်။ ကလေးများကော လူကြီးများပါ အုံလိုက်ကျင်းလိုက် ကားနောက်မှလိုက်ကာ ပိုက်ဆံကောက်နေကြသည်။
“ဟဲ့ ဒေါနက ချမ်းသာသွားပြီဟဲ့၊ ရွာကိုဝင်လာတာ ပိုက်ဆံတွေ ကျဲလို့တော့”
လမ်းပေါ်မှ လူများပြောသံကိုကြားလိုက်ရသဖြင့် မပန်းမွှေးလဲ ကျောင်းခန်းထဲမှအပြေးထွက်လိုက်သည်။ ကျောင်းရှေ့အနားတွင် ဂျစ်ကားက ရပ်တန့်သွားသည်။ ဒေါနက ဒရိုင်ဘာ၏ နောက်ဖက်ခုံတွင်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင်လဲ တစ်ကျပ်တန်များ၊ ငါးကျပ်တန်များ ကိုင်ထားပြီး အရွက်သုံးဆယ်ခန့် ကျဲချပြစ်လိုက်သည်ကို ရွာသူရွာသားများကော ကလေးများပါ ဝိုင်းကောက်ကြလေသည်။ မပန်းမွှေးလဲ အံ့သြပြီးကြည့်နေလိုက်သည်။
“ကို . . . ကိုဒေါန”
မပန်းမွှေးကိုမြင်တော့ ကိုဒေါနကားပေါ်မှခုန်ဆင်းလိုက်သည်။ နိုင်ငံခြားဖြစ်အဝတ်အထည်များကို ဝတ်ဆင်ထားသည့် ကိုဒေါနမှာ မမှတ်မိနိုင်လောက်အောင်ပင် သားနားနေလေသည်။
“ပန်းမွှေး . . . “
“အကိုရယ် ကြာလိုက်တာ ပန်းမွှေးနေ့တိုင်း အကို့ကို ရွာထိပ်ကနေသွားမျှော်နေတာ”
မပန်းမွှေးက ထိုသို့ပြောလိုက်သည့်အခါ ဒေါနက မပန်းမွှေးကို ဆွဲဖက်လိုက်သည်။ ထိုစဉ် အနားမှ ရွာသူရွာသားများက ဝိုင်းအုံကြည့်နေကြသည်။ ကိုဒေါနက သူ့လက်ထဲတွင် ကျန်သည့် ပိုက်ဆံများအားလုံးကို မိုးပေါ်သို့ မြှောက်ပြီးကျဲတင်လိုက်ရာ ရွာသူရွာသားများအားလုံး တစ်ခဲနက် အော်ဟစ်ပြီး အလုအယက် ကောက်ကြလေတော့သည်။
ဇတ်သိမ်းပိုင်းတွင်ဆက်လက်ဖတ်ရှုပါ။
အဂ္ဂဇော်