အပိုင်း (၁)
(၁)
ရှဲန်ဆိုင်တစ်ယောက် သုံးနှစ်သုံးမိုးကြာခဲ့သည်အထိ အဆိပ်ဘွားဘွား၏ အိမ်တွင်သာ ပုန်းခိုနေရလေသည်။ သူတို့တောင်အောက်ခြေသို့ မကြာမကြာ လူများရောက်လာတတ်သည်။ သို့သော် မည်သူမှ တောင်ပေါ်သို့မတက်ဝံ့ကြပေ၊ ရှဲန်ဆိုင်ကလည်း အဆိပ်ဘွားဘွား၏ လမ်းညွှန်ချက်အတိုင်း အဆိပ်များကိုစားသုံးနေသဖြင့် အဆိပ်ပိုးလောင်းကောင်မှာ တဖြည်းဖြည်းနှင့် ရင့်မာလာပြီး အရွယ်ရောက်လာခဲ့ပြီဖြစ်သည်။ ထိုနေ့က ချမ်းအေးလှသည့် ဆောင်းနေ့တစ်နေ့ဖြစ်သည်။ တောင်ကုန်းကလေးထိပ်တွင် မြူထူများရစ်ဆိုင်းနေလေသည်။ ရှဲန်ဆိုင်က အိမ်ကလေးထဲရှိ မီးဖိုဆောင်ထဲတွင်အလုပ်များနေလေသည်။
“ငါ့မြေးရေ၊ ငါဗိုက်ဆာပြီဟေ့”
အဆိပ်ဘွားဘွားက အော်ဟစ်လိုက်သဖြင့် ရှဲန်ဆိုင်က ချက်လက်စ ဟင်းတစ်ခွက်အား အရသာမြည်းလိုက်ပြီးနောက် တရုတ်ဖြစ်ကြွေထည်ပန်းကန်လုံးကလေးထဲတွင်ထည့်လိုက်ပြီး အိမ်ကလေးဆီသို့ပြေးဝင်လာခဲ့သည်။ အိမ်အတွင်းရှိ ထမင်းစားပွဲတွင် အဆိပ်ဘွားဘွားက ထိုင်နေလေသည်။ ရှဲန်ဆိုင်က လက်ထဲမှဟင်းခွက်ကို ထမင်းစားပွဲပေါ်တွင်ချပေးလိုက်သည်။ ထမင်းစားပွဲပေါ်တွင် ဟင်းခွက်လေးငါးခွက်ရှိပြီးနောက် အငွေ့တစ်ထောင်းထောင်းနှင့် စားချင်စဖွယ်ဖြစ်နေသည်။ အဆိပ်ဘွားဘွားက ဟင်းများကိုကြည့်လိုက်ပြီး
“ဒီနေ့တော့ ဟင်းတွေသိပ်များနေပါလား၊ ဒီနေ့က ဘာနေ့မို့လို့လဲ”
ရှဲန်ဆိုင်လည်း ထမင်းစားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကာ စားသောက်သည့်တူကို ကောက်ယူလိုက်ပြီး ဟင်းလျာများကို ခူးယူလိုက်ကာ အဆိပ်ဘွားဘွားအရှေ့ရှိ ပန်းကန်လုံးကလေးထဲသို့ ထည့်ပေးလိုက်လေသည်။
“ဟောဒါက အဆိပ်တစ်ထောင်ပင်ရဲ့အပွင့်ကို ကြော်ချက်လုပ်ထားတာ ဘွားဘွား၊ ဒီဟာကတော့ ထိကပါးအဆိပ်မြစ်ကို တောက်တောက်စင်းပြီးကြော်ချက်ထားတာ၊ ဒါကတော့ မြွေပွေးရဲ့အတွင်းကလီစာတွေပေါ့”
ရှဲန်ဆိုင်ချက်သည့် ဟင်းလျာများမှာ အဆိပ်ဟင်းလျာများဖြစ်သည်။ အဆိပ်ဘွားဘွားကတော့ ရှဲန်ဆိုင်ထည့်ပေးသည့် အဆိပ်ဟင်းလျာများကို စားသောက်ပြီး ခံတွင်းတွေ့နေလေသည်။
“ကောင်းလိုက်တာ ငါ့မြေးရယ်၊ မင်းနဲ့တွေ့တော့မှပဲ ငါ့ရဲ့အဆိပ်ပင်တွေ၊ အဆိပ်ပွင့်တွေလည်း ဟင်းအဖြစ်ပြောင်းလဲသွားရတာပဲ”
“ဘာလဲ ဘွားဘွားက စားရတာမကြိုက်ဘူးလား”
“မဟုတ်ပါဘူးမြေးရယ်၊ ဘွားဘွားက အရင်တုန်းက ဟောဒီအဆိပ်မြစ်တွေ၊ အဆိပ်ပွင့်တွေကို ဆေးအဖြစ်ပြုလုပ်ပြီး မှီဝဲနေတာလေ၊ အခုလို ငါ့မြေးက ဟင်းအဖြစ်ချက်လိုက်တော့လည်း တစ်မျိုးထူးပြီး စားကောင်းပါတယ်”
ရှဲန်ဆိုင်ကလည်း သူချက်ထားသည့် ဟင်းလျာများကို စားသောက်လိုက်သည်။ အဆိပ်ဟင်းတွေ ပါးစပ်ထဲဝင်သွားတော့မှ ခန္ဓာကိုယ်က နေသာထိုင်သာရှိသွားသည်။ အဆိပ်ဘွားဘွားက ရေနွေးနှစ်ခွက်ကို ငှဲ့လိုက်ပြီးသည့်နောက် ထိုခွက်အတွင်းသို့ မြွေမင်းသား၏ ပါးစောင်အစွယ်မှ အဆိပ်ရည်များကိုညှစ်ချလိုက်လေသည်။ ထို့နောက် ရှဲန်ဆိုင်နှင့်အတူတူသောက်သုံးကြလေသည်။
“ဒီနေ့က ဘာနေ့လဲဆိုတာကို ဘွားဘွား တကယ်ပဲမသိဘူးလား”
ရှဲန်ဆိုင်မေးလိုက်သဖြင့် အဆိပ်ဘွားဘွားက မျက်လုံးကိုထောင့်ကပ်ပြီး စဉ်းစားနေလေသည်။
“ဒီနေ့က ငါ့မွေးနေ့များလား၊ မဖြစ်နိုင်ပါဘူး၊ ငါ့မွေးနေ့ကပြီးခဲ့ပြီ၊ ဒါဆိုရင်တော့ . . .”
အဆိပ်ဘွားဘွားက တစ်ခုခုကိုတွေးမိပြီး ရှဲန်ဆိုင်အားကြည့်လိုက်သည်။
“ငါ့မြေးရဲ့ မွေးနေ့လား”
ရှဲန်ဆိုင်က ခေါင်းကိုအသာညိတ်လိုက်သည်။
“အိုကွယ်၊ ဒါများစောစောကပြောတာမဟုတ်ဘူး၊ ငါ့မြေးမွေးနေ့မှန်းသိရင် ဘွားဘွားက လက်ဆောင်ပေးပါတယ်”
“မလိုပါဘူး ဘွားဘွားရယ်”
ရှဲန်ဆိုင်က ပြောဆိုနေရင်း မျက်ရည်များစီးကျလာလေသည်။ အဆိပ်ဘွားဘွားက ရှဲန်ဆိုင်အား အကဲခတ်ရင်းကြည့်နေလေသည်။
“မွေးနေ့မှာ ဘာငိုစရာရှိလို့လဲ ငါ့မြေးရဲ့”
“မဟုတ်ပါဘူးဘွားဘွားရယ်၊ မွေးနေ့ဆိုတော့ သမီးကို မွေးထုတ်ထားတဲ့ မိဘတွေကိုလွမ်းလို့ပါ၊ နောက်ပြီး သမီးရဲ့မောင်နှမတွေနဲ့ ဆွေမျိုးသားချင်းတွေကိုလည်း လွမ်းတယ်”
အဆိပ်ဘွားဘွားက ခေါင်းညိတ်လိုက်လေသည်။
“အေးကွယ်၊ ငါ့မြေးက ရှမ်းဆိုတော့ မိဘတွေကို သိပ်ပြီးတန်ဖိုးထားမှာပေါ့၊ ရှမ်းလူမျိုးတွေက မိဘတွေကို သက်ရှိဘုရားလိုမျိုးမှတ်ယူပြီး ကိုးကွယ်ကြတာမဟုတ်လား၊ ငါ့မြေးလွမ်းမယ်ဆိုရင်လည်း လွမ်းစရာပဲပေါ့ကွယ်”
“သမီးဒီမှာနေတာ အခုဆိုရင် သုံးနှစ်တင်းတင်းပြည့်တော့မယ် ဘွားဘွား၊ သမီးရဲ့ မိဘတွေ ဆွေမျိုးတွေကိုလည်း သတိရလှပြီ၊ သမီးဒီကနေထွက်သွားပြီး အိမ်ခဏပြန်ချင်တယ် ဘွားဘွား”
အဆိပ်ဘွားဘွားက မတ်တပ်ရပ်လိုက်ပြီး ရှဲန်ဆိုင်၏ ခေါင်းကိုပွတ်သပ်လိုက်လေသည်။
“သွားသင့်တာပေါ့ငါ့မြေးရယ်၊ ငါ့မြေးရဲ့မိဘတွေလည်း သက်ရှိထင်ရှားရှိနေသေးတယ်မဟုတ်လား၊ ဒါပေမယ့် . . .”
အဆိပ်ဘွားဘွားက သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။
“တောင်ခြေမှာ လူတွေရှိနေသေးတယ်မဟုတ်လား”
အဆိပ်ဘွားဘွားက ရှဲန်ဆိုင်၏ ပါးပြင်ပေါ်တွင် ကျဆင်းနေသည့် မျက်ရည်များအား သူ့လက်သည်းရှည်များဖြင့်ထိုးခံလိုက်ပြီးနောက် ပါးစပ်အတွင်းသို့ စုပ်သွင်းလိုက်လေသည်။ ရှဲန်ဆိုင်က အဆိပ်ဘွားဘွားကိုကြည့်လိုက်ပြီး
“ဒီလူတွေလောက်ကိုတော့ သမီးရင်ဆိုင်နိုင်ပါတယ်ဘွားဘွား၊ ဘွားဘွားဆီမှာ သုံးနှစ်သုံးမိုး ပညာတွေသင်ခဲ့ပြီးပြီမဟုတ်လား၊ သမီးအခုက ဘွားဘွားဆီမှာ ခွင့်တောင်းတာပါ၊ ဘွားဘွားခွင့်ပြုပေးမယ်ဆိုရင် ခွင့်ပြုပေးစေချင်ပါတယ်”
အဆိပ်ဘွားဘွားက ပြုံးလိုက်ပြီး
“အဘွားက ခွင့်မပြူပေးနိုင်ဘူးဆိုရင်ရောကွယ်”
ရှဲန်ဆိုင်၏ မျက်နှာထားက တင်းမာသွားလေသည်။ နောက်တော့ မျက်နှာကလေးကို အောက်သို့ငုံ့ချလိုက်သည်။ အဆိပ်ဘွားဘွားက ရယ်မောလိုက်ပြီးနောက်
“ငါ့မြေးကို ဘွားဘွားက စတာပါကွယ်၊ ငါ့မြေးသွားမယ်ဆိုရင် ဘွားဘွားခွင့်ပြုပေးနိုင်ပါတယ်”
အဆိပ်ဘွားဘွားပြောလိုက်သဖြင့် ရှဲန်ဆိုင်ပျော်ရွှင်သွားသည်။ ထို့နောက် အဆိပ်ဘွားဘွားအား ပြေးဖက်လိုက်လေသည်။
“တကယ်လား၊ ဘွားဘွားက သမီးကို တကယ်ခွင့်ပြုတာလား”
“ခွင့်ပြုတယ်ငါ့မြေး၊ ဒါပေမယ့် အချိန်ငါးရက်ပဲရမယ်၊ ငါးရက်ပြည့်တာနဲ့ သမီးဒီကိုပြန်လာရမယ်”
ရှဲန်ဆိုင်က ခေါင်းညိတ်လိုက်သည်။ အဆိပ်ဘွားဘွားက အိမ်ကလေးအတွင်းမှထွက်သွားလေသည်။ ရှဲန်ဆိုင်လည်း ခရီးထွက်ဖို့အတွက် အထုပ်အပိုးများကိုပြင်ဆင်ရသည်။ အဝတ်အစားများထက် လမ်းတွင်စားသောက်ဖို့ အဆိပ်များကို သယ်ဆောင်သွားရပေမည်။ ပြင်ဆင်ထုပ်ပိုးနေသည့်အချိန်တွင် အဆိပ်ဘွားဘွားက အိမ်ထဲသို့ဝင်လာလေသည်။
“ကဲ ငါ့မြေးလက်ဖြန့်လိုက်”
ရှဲန်ဆိုင်လက်ဖြန့်လိုက်သည့်အခါ အဆိပ်ဘွားဘွားက သူ့လက်ထဲသို့ မြွေဖြူကလေးတစ်ကောင်ကို ထည့်ပေးလိုက်လေသည်။ မြွေဖြူကလေး၏ လုံးပတ်မှာ သေးငယ်လှသလို တစ်တောင်ခန့်နီးပါးသာ ရှည်လျားလေသည်။ မြွေဖြူကလေးက တစ်ကိုယ်လုံးအဖြူဆွတ်ဆွတ်ဖြစ်နေပြီး ဦးခေါင်းထိပ်တွင်တော့ ငွေရောင်တောက်ပနေသည့် အကြေးခွံကလေးများရှိသည်။
လှပသည့်မြွေဖြူကလေးက ရှဲန်ဆိုင်၏လက်ကောက်ဝတ်ကိုပတ်သွားကာ လက်ကောက်ကလေးကဲ့သို့ဖြစ်သွားလေသည်။
“လှလိုက်တာ ဘွားဘွား”
“အဲဒီမြွေကလေးက နှစ်တစ်ထောင်မြွေဖြူလို့ခေါ်တယ်၊ သူ့အဆိပ်က အရမ်းပြင်းတယ်၊ သက်တမ်းက နှစ်တစ်ထောင်ရှိတယ်၊ သူ့ကိုဘွားဘွားမွေးထားတာ အနှစ်သုံးဆယ်ရှိပြီ”
“ဒီအရွယ်ကလေးက အသက်သုံးဆယ်တဲ့လား ဘွားဘွား”
“ဟုတ်တယ်၊ မြွေတွေက တခြားတိရစ္ဆာန်တွေနဲ့မတူပဲ ဖွံဖြိုးတာနှေးတယ်၊ ဟောဒီအဆိပ်မြွေတွေဆိုရင် ပိုပြီးနှေးတာပေါ့၊ ဒီမြွေဖြူကလေးက တစ်နှစ်ကို တစ်ကြိမ်ပဲ အစာစားတယ်၊ ကျန်တဲ့အချိန်ဆိုရင် အဲဒီလိုပဲ ခွေပတ်ပြီးအိပ်နေလိမ့်မယ်၊ သူ့ကိုအသုံးလိုမှ ထုတ်သုံးပါ”
“ကျေးဇူးတင်ပါတယ် ဘွားဘွား”
“ကဲ ငါ့မြေးဘယ်အချိန်ထွက်မလဲ”
“အဆိပ်ကောင်တွေက ညမှမြူးတယ်ဆိုတော့၊ ဒီညနေပဲ တောင်အောက်ဆင်းမယ်ဘွားဘွား”
အဆိပ်ဘွားဘွားက ခေါင်းညိတ်လိုက်ပြီးနောက် ထိုင်ခုံတွင်ထိုင်ချလိုက်သည်။
“သုံးနှစ်လုံးလုံး ငါ့မြေးနဲ့အတူတူနေခဲ့တာဆိုတော့ ငါ့မြေးနဲ့ခွဲခွာရမှာကို ဝမ်းနည်းနေမိသလိုပဲ”
ရှဲန်ဆိုင်က အဆိပ်ဘွားဘွား၏ လက်ကိုဆွဲကိုင်လိုက်သည်။
“မပူပါနဲ့ဘွားဘွားရယ်၊ သမီးပြန်လာခဲ့မှာပါ၊ အဖေနဲ့အမေကလည်း သမီးကိုမွေးထားပေးတယ်ဆိုပေမယ့် ဘွားဘွားကလည်း သမီးဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ပါပဲ ဘွားဘွား”
“ငါ့မြေး မြန်မြန်ပြန်လာခဲ့နော်၊ ဘွားဘွားက လွမ်းနေမှာ”
ရှဲန်ဆိုင်လည်း အဆိပ်ဘွားဘွားကိုဖက်ပြီး နှုတ်ဆက်လိုက်သည်။ သူ့မျက်ဝန်းမှလည်း မျက်ရည်များစီးကျလာလေသည်။
“မျက်ရည်တွေမဖြုန်းနဲ့ငါ့မြေး၊ မျက်ရည်ဆိုတာလည်း အဆိပ်ပဲမဟုတ်လား”
ညနေစောင်းသည့်အခါ ရှဲန်ဆိုင်က အပြာရောင်အထည်စဖြင့်ချုပ်လုပ်ထားသည့် ဂေါင်လူမျိုးများရိုးရာ ဂါဝန်တစ်ထည်ကိုဝတ်ဆင်လိုက်သည်။ ထိုဂါဝန်အပေါ်မှ ချည်ထည်အနီဖြင့်ချုပ်လုပ်ထားသည့် လက်ရှည်အကျီကလေးကို ထပ်မံဝတ်ဆင်လိုက်ပြီး ပန်းပွင့်ဖတ်များပုံစံအကွက်ဖော်ထားသည့် ထူထဲသည့် အဝတ်စကြီးဖြင့် ခေါင်းပေါင်းကြီးတစ်ခုကိုပေါင်းလိုက်သည်။ ထို့နောက် ပလိုင်းကြီးတစ်လုံးကို ကျောတွင်လွယ်လိုက်ပြီး အိမ်ကလေးအတွင်းမှထွက်ခဲ့သည်။ တောင်ကုန်းကလေးအတိုင်းဆင်းလာသည့်အခါ အိမ်ပေါက်ဝတွင် အဆိပ်ဘွားဘွားက မတ်တပ်ရပ်လျှက် ရှဲန်ဆိုင်အား လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်နေလေသည်။
(၂)
တောင်ကုန်းကလေးဆီမှ ဆင်းသက်လာသည့်အခါ တောင်ခြေတွင် ရွာငယ်ကလေးတစ်ခုကိုတွေ့ရသည်။ ရှဲန်ဆိုင်တောင်ပေါ်မှမဆင်းသည်မှာ သုံးနှစ်သုံးမိုးကြာခဲ့ပြီဖြစ်သည်။ အိမ်ကလေးများမှာ တဲအိမ်ကလေးများဖြစ်ပြီး အိမ်အလုံးသုံးဆယ်ခန့်ရှိသည်။ အိမ်ကလေးများတွင် ဆီမီးတိုင်များထွန်းညှိထားသဖြင့် မီးများထိန်လင်းနေလေသည်။
“သုံးနှစ်အတွင်း တော်တော်ပြောင်းလဲသွားခဲ့တာပဲ၊ ဒီလိုဝေးလံတဲ့နေရာမှာတောင် ရွာကလေးတစ်ခုဖြစ်လာပြီလား”
ရှဲန်ဆိုင်က ရွာလယ်လမ်းအတိုင်းဖြတ်လျှောက်လာရင်း ရွာကလေးကိုအကဲခတ်လာခဲ့သည်။ ရွာကလေးရှိ အိမ်များထဲတွင် ယောက်ျားသားများထိုင်နေကြပြီး မှောင်ရီဖြိုးဖျအချိန်တွင် တောင်ပေါ်မှဆင်းလာသည်ကို အထူးအဆန်းအနေနှင့် ဝိုင်းကြည့်နေကြလေသည်။ ထိုအိမ်မှလူများက ရှဲန်ဆိုင်အားတွေ့သည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကိုယ်အမူအရာနှင့် အချက်ပြလိုက်ကြလေသည်။ လူတစ်ယောက်ကတော့ ကြီးမားသည့်လေးကြီးနှင့် မြှားတံများကို ကိုင်ဆွဲလျှက် အိမ်ခေါင်မိုးတစ်ခုပေါ်သို့ လှစ်ခနဲခုန်တက်သွားလေသည်။
ရှဲန်ဆိုင်ကတော့ ခေါင်းကိုငုံ့ပြီး ခပ်ငိုက်ငိုက်ကလေး တစ်လှမ်းချင်းလျှောက်နေလေသည်။ ခေါင်မိုးထက်မှလူက ချွန်မြနေသည့် မြားတံကို လေးကြိုးတွင်တင်လိုက်ကာ လေးညှို့ကိုအားဖြင့်ဆွဲလိုက်လေသည်။ ရှဲန်ဆိုင်၏ နောက်ကျောကိုပစ်မှတ်ထားပြီး မြားတံကိုပစ်လွှတ်လိုက်တော့သည်။
“ဝှစ်”
လျှင်မြန်သည့်အရှိန်နှင့် မြားတံက ပျံသန်းလာလေသည်။ သို့သော် ရှဲန်ဆိုင်၏ ခေါင်းပေါင်းကြီးက ဝုန်းခနဲပြေသွားပြီး ပြေးဝင်လာသည့် မြားတံအား ဘဝဲလက်တံကြီးတစ်ခုက ဖမ်းဆုပ်လိုက်လေသည်။ ရှဲန်ဆိုင်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်သည်။ တဲအိမ်များအသီးသီးမှ ယောက်ျားသားများဆင်းသက်လာကြကာ ရှဲန်ဆိုင်အရှေ့တွင်ရပ်လိုက်လေသည်။ စုစုပေါင်း ယောက်ျားနှစ်ဆယ့်ကိုးယောက်ရှိကာ သူတို့လက်ထဲတွင်လည်း ဓါးလှံလက်နက်များကို ကိုင်ဆောင်ထားကြသည်။
“ယောက်ျားတွေဖြစ်ပြီး မိန်းကလေးတစ်ယောက်ကိုတောင် ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်ရဲကြဘူးလား”
ရှဲန်ဆိုင်၏ ဘဝဲလက်တံတွင်ဖမ်းထားသည့် မြားတံအား ဘဝဲလက်တံမှ အရည်များနှင့်တို့ထိလိုက်ပြီးသည့််နောက် ရှဲန်ဆိုင်က သူ့အားပစ်ခတ်လိုက်သည့် ခေါင်မိုးပေါ်က လူထံသို့ ပစ်လွှတ်လိုက်လေသည်။ မြားတံက ထိုလူထံသို့ အရှိန်ဖြင့်ပြေးဝင်သွားသော်လည်း ထိုလူက လျှင်မြန်စွာခုန်ရှောင်လိုက်သဖြင့် မြားတံက တည့်တည့်မထိမှန်သော်လည်း မြားတံအသွားက ထိုလူ၏ ပုခုံးကိုရှသွားလေသည်။ မြားတံတွင် ရှဲန်ဆိုင်က အဆိပ်များကို သုတ်လိမ်းထားသည်မို့ ထိုလူက ချက်ချင်းအဆိပ်မိသွားကာ တစ်ကိုယ်လုံးတောင့်သွားပြီး တဲအိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျသွားလေသည်။
“တစ်ယောက်တော့ရှင်းသွားပြီ”
ရှဲန်ဆိုင်က ရေရွတ်လိုက်သည်။ ထိုအခါ ကျန်သည့်လူများက ရှဲန်ဆိုင်အား တိုက်ခိုက်ရန်ပြင်ဆင်နေကြလေသည်။
“ရှင်တို့ မိန်းကလေးတစ်ယောက်ကို ဒီလောက်ဝင်တိုက်စရာလိုလို့လား”
လူကြီးတစ်ယောက်က
“လိုအပ်တယ်ကွ၊ မင်းက သာမန်မိန်းကလေးမှ မဟုတ်တာ၊ မင်းက လူသတ်သမားပဲ”
ထိုလူကြီးက ဓါးနှစ်လက်ကိုကိုင်ထားလေသည်။
“နောက်ပြီးတော့ မင်းကို နတ်ဆေးဆရာတွေက အသေသတ်ဖို့အတွက် ဆုကြေးငွေ တစ်သောင်းအထိ ထုတ်ထားပြီးသားပဲ၊ ကဲ၊ လာပြီဟေ့”
လူငါးယောက်က ပြေးဝင်လာလေသည်။ ရှဲန်ဆိုင်က သူ့ဘဝဲလက်တံများဖြင့် ထိုလူများ၏ လက်နက်များကို ပြန်လည်ပုတ်ထုတ်ကာကွယ်လိုက်ပြီး တစ်ပြိုင်နက်ထဲမှာပင် ထိုလူများအား အဆိပ်ရည်များဖြင့် ပက်ဖြန်းလိုက်လေသည်။ သို့သော် ထိုလူများက ဘာမှဖြစ်ပုံမရပေ။
“ဟား၊ ဟား ငါတို့က မင်းနဲ့ရင်ဆိုင်ရမှာကိုသိလို့ အဆိပ်တစ်ထောင်ဖြေဆေးကို သောက်ထားကြတာကွ”
ရှဲန်ဆိုင်ကာ သာမန်အဆိပ်ဖြင့်် ထိုလူများကို တိုက်ခိုက်ရန်မဖြစ်နိုင်တော့ပေ၊ အဆိပ်ပေါင်းတစ်ထောင်ကိုပင် ဖြေနိုင်စွမ်းရှိသည်မို့ ဘဝဲလက်တံများကိုသာ အားကိုးရတော့မည်ဖြစ်သည်။ ရှဲန်ဆိုင်၏ ဘဝဲလက်တံများက ကျောတွင်လွယ်ထားသည့် ပလိုင်းအတွင်းသို့တိုးဝင်လိုက်ကြပြီး ပလိုင်းအတွင်းမှ တစ်စုံတစ်ခုကို ဆွဲထုတ်ယူလိုက်ကြသည်။ သူတို့ဆွဲထုတ်လိုက်သည့်အရာများမှာ ဓါးကောက်ကလေးများဖြစ်နေလေသည်။ ဘဝဲလက်တံခြောက်ခု၏ ထိပ်တွင် လခြမ်းပုံစံ ကွေးညွှတ်နေသည့် တစ်ထွာခန့်ရှိသည့် ဓါးကောက်ကလေးများကို အသီးသီးကိုင်ဆောင်ထားလေသည်။ ရှဲန်ဆိုင်ကလည်း သူ့ခါးကြားနှစ်ဖက်ကို လက်ဖြင့်နှိုက်လိုက်ပြီး ဓါးမြှောင်ကလေးနှစ်လက်ကို ထုတ်လိုက်လေသည်။ ဘဝဲလက်တံမှ ဓါးကောက်ခြောက်ခု၊ ရှဲန်ဆိုင်၏ လက်တစ်ဖက်တစ်ချက်ဆီမှ ဓါးကောက်နှစ်ခုနှင့် စုစုပေါင်း ဓါးကောက်ရှစ်ခုရှိလေသည်။
“ကဲ၊ ရှင်တို့ လာတိုက်ကြလေ”
လူသတ်သမားများက တစ်ဟုန်ထိုးပြေးဝင်လာကာ ထိုးခုတ်ကြလေသည်။ ရှဲန်ဆိုင်က ထိုလူများ၏ တိုက်ကွက်များကို ရှောင်တိမ်းပြီးနောက် ဘဝဲလက်တံများရှိ ဓါးကောက်ကလေးများနှင့် ပြန်လည်တိုက်ခိုက်ရတော့သည်။ ရှဲန်ဆိုင်ဆီသို့ လှံကိုထိုးလျှက် ပြေးဝင်လာသည့်လူသတ်သမားတစ်ယောက်အား ရှဲန်ဆိုင်က လက်ထဲမှဓါးဖြင့် ထိုလူ၏ လက်ကိုဖြတ်ထည့်လိုက်သည်။ အလွန်ထက်မြက်လှသည့် ဓါးသွားမှာ ထိုလူ၏ လက်ကိုဖြတ်ထွက်သွားပြီး တစ်ဖန် ရှဲန်ဆိုင်၏ ဦးခေါင်းရှိ ဘဝဲလက်တံကြီးများမှလည်း ထိုလူ၏ တစ်ကိုယ်လုံးအား အချက်ပေါင်းများစွာ ထိုးခုတ်လိုက်လေရာ ထိုလူမှာ အပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားရတော့သည်။
“ကဲ လာကြစမ်း၊ ဘယ်သူ သူ့နောက်လိုက်သွားချင်သလဲဟေ့”
တောင်ခြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို မြူထူများက အုပ်ဆိုင်းထားလေသည်။ ရှဲန်ဆိုင်တစ်ယောက် အေးအေးလူလူပင် အဝတ်အစားများကို သေချာပြန်လည်ပြင်ဆင်လိုက်ပြီး ခေါင်းပေါင်းကြီးကို ပေါင်းနေလိုက်သည်။ ရွာကလေး၏ လမ်းမမြေပြင်ထက်တွင်တော့ လူသားအစိတ်အပိုင်းများက ပြန့်ကျဲနေလေသည်။ ရှဲန်ဆိုင်က ပလိုင်းကြီးကိုပြန်လွယ်ပြီး ထွက်သွားရန်ပြင်ဆင်လိုက်သည့်အခါ
“မင်းပြေးစမ်းပါ၊ နတ်ဆေးဆရာတွေက မင်းကိုဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး”
လက်နှစ်ဖက် ခြေနှစ်ဖက်ကို အရင်းမှပြတ်နေသည့် လူသတ်သမားတစ်ဦးက ထွက်ခွာရန်ပြင်ဆင်နေသည့် ရှဲန်ဆိုင်အားကြည့်ကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ရှဲန်ဆိုင်က သက်ပြင်းချလိုက်ပြီး ထိုလူအနားသို့တိုးကပ်သွားလိုက်သည်။
“ဒါဆိုလည်း ရှင်ပဲအပင်ပန်းခံပြီးတော့ သူတို့ကိုပြန်ပြောပေးစမ်းပါ၊ ဘယ်နှစ်ယောက်လာလာ ကျွန်မက လုံးဝဂရုမစိုက်ဘူးလို့”
ရှဲန်ဆိုင်က ရွာကလေးအားကျောခိုင်းကာ တစ်လှမ်းချင်းထွက်လာခဲ့သည်။ အမှန်စင်စစ်အားဖြင့် ထိုရွာကလေးမှာ ရွာသူရွာသားများ နေထိုင်ကြသည့် ရွာကလေးတစ်ရွာမဟုတ်ဘဲ လူသတ်သမားများက ရှဲန်ဆိုင်တောင်ပေါ်ကဆင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေထိုင်ကြသည့် ရွာကလေးတစ်ရွာသာဖြစ်သည်။
(၃)
နှစ်ရက်ခန့်ကြာသည့်အခါ မောက်မယ်မြေကို ခြေချမိတော့သည်။ တံတားတစ်ခုကိုဖြတ်လိုက်စဉ်တွင် ထိုတံတားရှိလူတစ်ဦးက သူ့အားအတော်ကြာအောင်ငေးကြည့်နေလေသည်။ ထိုလူမှာ အထက်အောက် အနက်ရောင်ရှမ်းဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်းကြီးပေါင်းထားသည့် ပအို့ဝ်ကြီးတစ်ယောက်ဖြစ်သည်။ ထို ပအို့ဝ်ကြီးက ရှဲန်ဆိုင်၏အနီးသို့ ထလာကာ ရှဲန်ဆိုင်အား အသေအချာလိုက်ကြည့်နေလေသည်။
“ရှင် ကျွန်မကိုသိလို့လား”
“သိတော့မသိပါဘူး၊ ဒါပေမယ့် မင်းမျက်နှာကို ငါ တစ်နေရာရာမှာမြင်ဖူးသလားလို့”
ရှဲန်ဆိုင်က ပြုံးလိုက်သည်။
“ယောက်ျားတွေအားလုံးက ဒီလိုပါပဲ၊ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မြင်လိုက်ပြီဆိုရင် အရင်က သိကျွမ်းဖူးသလိုလို၊ မြင်ဖူးသလိုလို၊ လူမှားသလိုလိုနဲ့ချဉ်းကပ်ကြမယ်၊ ပြီးရင် ရှင်တို့လိုချင်တဲ့အရာကိုတောင်းဆိုကြမယ်၊ ဒီလိုပဲမဟုတ်လား”
ပအို့ဝ်ကြီးက အနောက်ဆုတ်သွားရာ ရှဲန်ဆိုင်လည်း ခပ်မြန်မြန်လျှောက်လာခဲ့လိုက်သည်။ မောက်မယ်မြို့မှထွက်ပြီးသည့်အခါ ရှဲန်ဆိုင်က တစ်စုံတစ်ရာကို သတိထားမိသွားသည်။ အနောက်သို့ မသိမသာကလေး လှည့်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းတွင် ခုနကမြင်တွေ့ခဲ့သည့် ပအို့ဝ်ကြီးက သူ့နောက်မှလိုက်လာသည်ကိုမြင်လိုက်ရသည်။ ရှဲန်ဆိုင်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒီလို တဏှာရူးတွေနဲ့တော့ ခက်ပါတယ်”
ထိုအချိန်တွင် တောလမ်းကလေး၏ နံဘေး ဘယ်ညာမှ တောတိုးသံများကိုကြားလိုက်ရသည်။ ရှဲန်ဆိုင်လည်း ပတ်ဝန်းကျင်ကိုနားစွင့်ပြီး အသင့်ပြင်ထားလိုက်သည်။ တောအုပ်အတွင်းမှ ပအို့ဝ်ခြောက်ယောက်က ခုန်ပေါက်ကာထွက်လာခဲ့လေသည်။ ထိုအခါ အနောက်က လိုက်လာသည့် ပအို့ဝ်ကြီးကလည်း ရှဲန်ဆိုင်အနောက်သို့ရောက်လာကာ ပအို့ဝ် ခုနစ်ယောက်က ရှဲန်ဆိုင်အား ဝိုင်းထားလိုက်လေသည်။
“ရှင်တို့ဖယ်ကြစမ်း၊ ကိုယ့်လမ်းကိုယ်သွား၊ ကျွန်မကိုမနှောင့်ယှက်နဲ့”
ထိုအခါ ခုနကတွေ့ခဲ့သည့် ပအို့ဝ်က ရှဲန်ဆိုင်အရှေ့သို့လျှောက်လာလေသည်။
“ကျုပ်လည်း ခင်ဗျားကိုမှတ်မိဖို့ တော်တော်စဉ်းစားလိုက်ရတာ၊ ဒါပေမယ့် ကိုယ့်ကိုအထိနာအောင်လုပ်ထားတဲ့လူကိုတော့ ကျုပ်ကဘယ်မေ့ပါ့မလဲ”
“ရှင်ဘာကိုဆိုလိုချင်တာလဲ”
“မင်းတစ်ခါတုန်းက မိုးနဲမြို့နားက တောနက်ကြီးထဲက တောင်ကုန်းအောက်ခြေမှာ ငါတို့လေးယောက်နဲ့ တိုက်ခိုက်ခဲ့တာကိုမှတ်မိသေးလား”
ရှဲန်ဆိုင်က စဉ်းစားနေမိသည်။ ထိုလူက စိတ်မရှည်တော့ပေ။
“မင်းကလုပ်သွားတဲ့သူဆိုတော့ မေ့ပြီပေါ့ကွ၊ ငါတို့က ခံရတဲ့သူဆိုတော့ ဒီအဖြစ်ကို ဘယ်မေ့နိုင်ပါ့မလဲ”
ရှဲန်ဆိုင်က ထိုတော့မှ သဘောပေါက်လိုက်သည်။
“သြော်၊ သိပြီ၊ ရှင်က လူကနေကျားဖြစ်သွားတဲ့ ဆမန်းကျားကြီးလေးကောင်ထဲက တစ်ကောင်မဟုတ်လား”
ထိုလူက ကျေကျေနပ်နပ်ကြီးပြုံးနေလေသည်။
“ဟုတ်တာပေါ့ကွာ၊ မင်းကို ငါတို့သခင်မရော၊ ငါတို့ရော လိုက်ရှာနေတာ ကြာလှပြီကွ”
ထို့နောက် ထိုလူက သူ့လူများဘက်သို့ကြည့်လိုက်ပြီး
“ဟေ့ကောင်လေးတွေ၊ ဒီကောင်မလေးကို အမဲဖျက်သလို ဝိုင်းဖျက်ကြစမ်း”
လူငါးယောက်က အော်ဟစ်လိုက်ပြီးသည့်နောက် ကျားကြီးအဖြစ်ပြောင်းလဲသွားသည်။ သို့သော် ကျားတစ်ကောင်လုံးဖြစ်မသွားဘဲ ခေါင်းပိုင်းသာ ကျားဖြစ်သွားပြီး ကျန်သည့်အစိတ်အပိုင်းများမှာ လူကိုယ်လုံးကဲ့သို့ဖြစ်နေလေသည်။ တစ်ကိုယ်လုံးကို ကျားမွှေးစင်းကြားကြီးများဖြင့် ခြုံလွှမ်းထားပြီး လက်သည်းကြီးများကလည်း ချွန်ထက်ကာ ကောက်ကွေးနေသေးသည်။
“ကဲ ငါ့ကောင်တွေ၊ သူ့ကိုတိုက်ကြတော့”
ဆမန်းကျားငါးကောင်က ရှဲန်ဆိုင်အား တိုက်ခိုက်ကြသည်။ ထိုကျားငါးကောင်မှာ ဆမန်းတစ်ဝက် လူတစ်ဝက်သာဖြစ်သည့််အတွက် ကျားတစ်ကောင်လုံးအဖြစ်ပြောင်းလဲ၍မရပေ။ ကျားလူသားများ၏ တိုက်ချက်များကို ရှဲန်ဆိုင်က ကာကွယ်နေရသည်။ ဆမန်းများအား သတ်ဖြတ်ရန်မဖြစ်နိုင်သည်ကို ရှဲန်ဆိုင်က သိထားလေသည်။ ဆမန်းကောင်တစ်ကောင်က ရှဲန်ဆိုင်အား ခုန်အုပ်လိုက်ရာ ရှဲန်ဆိုင်က ထိုဆမန်းကောင်၏ လက်နှစ်ဖက်ကို ဘဝဲလက်တံများဖြင့် ဖမ်းချုပ်ထားလိုက်ပြီး သူ့အကျီလက်အတွင်းမှ ငွေရောင်အပ်ကလေးတစ်စင်းကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ထိုအပ်ကလေးကို လက်ညှိုးကြားတွင်ညှပ်ထားလိုက်ကာ ဆမန်းကောင်၏ ရင်ဘတ်ကိုရုတ်တရက်ကြည့်လိုက်လေသည်။
ရှဲန်ဆိုင်က ဆမန်းကောင်၏ အသည်းကိုရှာဖွေနေခြင်းဖြစ်သည်။ ဆမန်းကောင်များမှာ လူတစ်ပိုင်း ကျားတစ်ပိုင်းဖြစ်နေသည်မို့ အသည်းကိုရှာရလွယ်ကူလှသည်။ ထို့နောက် ရှဲန်ဆိုင်က ငွေအပ်ကိုင်ထားသည့် လက်ဝါးဖြင့် ထိုဆမန်းကောင်၏ ရင်ဘတ်ကို ရိုက်ထည့်လိုက်လေသည်။ ဆမန်းကောင်မှာ အနောက်သို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ကျဆင်းသွားပြီး ပြန်လည်နိုးထမလာတော့ပေ။
ကျန်သည့် ဆမန်းကောင်များကိုလည်း ထိုနည်းအတိုင်းတိုက်ခိုက်လိုက်ရာ ဆမန်းကောင်ငါးကောင်စလုံး မြေပေါ်သို့လဲကျသွားပြီး ပြန်လည်မထနိုင်တော့ပေ။ ပအို့ဝ်ကြီးသာ ရှဲန်ဆိုင်နှင့် ကျန်နေခဲ့တော့သည်။
“ရှင်ကျွန်မနဲ့ နောက်တစ်ခါ ထပ်တိုက်ခိုက်ချင်သေးလို့လား”
ပအို့ဝ်ကြီးမှာ သူ့အခြေအနေကို သူသိသွားပြီး တောအုပ်အတွင်းသို့ လျှင်မြန်စွာ ပြေးဝင်သွားတော့သည်။ ရှဲန်ဆိုင်လည်း ထိုပအို့ဝ်ကြီးနောက် မလိုက်တော့ဘဲ သူ့ဇာတိ မိုက်လိုရွာကလေးဆီသို့သာ ခြေဦးလှည့််လိုက်သည်။
(၄)
တောင်ကုန်းကလေးတစ်ခုကိုဖြတ်ကျော်လိုက်သည့််အခါ မိုက်လိုရွာကလေးကိုလှမ်းမြင်ရသည်။ သို့သော် ရွာကလေးမှာ သစ်ပင်ဝါးပင်များဖြင့် ဖုံးအုပ်နေလေသည်။ သစ်ပင်များကြားမှ အိမ်ခေါင်မိုးများကိုမြင်တွေ့လိုက်ရသဖြင့် ရှဲန်ဆိုင်လည်း တောင်ကုန်းပေါ်မှ အမြန်ပြေးဆင်းလာခဲ့သည်။ ရွာအဝင်သို့ ရောက်သည့်အခါ ရှဲန်ဆိုင်အလွန်အံ့သြသွားမိသည်။ ကြီးမားလှသည့် ညောင်ပင်ကြီးတွင် အရိုးစုများက တွဲလောင်းကျနေလေသည်။
“ငါတို့ရွာကလေး ဘာတွေဖြစ်ခဲ့ပါလိမ့်”
ရွာလမ်းမကြီးအတိုင်းပြေးလာခဲ့သည်။ တစ်ချိန်က ရွာသူရွာသားများနှင့် စည်ကားနေခဲ့သည့်ရွာကလေးမှာ အခုတော့ လူရိပ်လူခြေပင်မကြားရတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ရွာလယ်လမ်းမကြီးပေါ်မှပင် ထူထဲသည့် မြက်ပင်များက ပေါက်ရောက်နေသည်။ ရှဲန်ဆိုင်က သူ့အိမ်သို့ တစ်ဟုန်ထိုးပြေးလွှားနေမိသည်။
“အဖေ၊ အမေ”
ချုံနွယ်များဖြင့် ဖုံးလွှမ်းနေသည့် သူတို့အိမ်ခြံစည်းရိုးကို အတင်းကျော်ဖြတ်လိုက်သည့်အခါ သူတို့အိမ်ကိုမတွေ့ရတော့ပေ၊ မီးကျွမ်းလောင်နေသည့် သစ်သားတိုင်ငုတ်တိုများနှင့် ချုံပင်များက သူတို့နေထိုင်ခဲ့သည့််အိမ်ကလေးကို ဖုံးအုပ်နေလေသည်။
“ဘာဖြစ်သွားတာလဲ”
“အဖေ . .”
“အမေ . . .”
“အကိုကြီး . . .”
လူမရှိဘဲ ချုံနွယ်များသာ ဖုံးလွှမ်းနေသည့် ခြံကွက်အလွတ်ကြီးထဲတွင် ရှဲန်ဆိုင်တစ်ယောက်အော်ဟစ်နေမိသည်။
“ရှဲန်ဆိုင်လား . . .ရှဲန်ဆိုင်လား”
အသံတစ်သံကိုပြန်လည်ကြားရလေသည်။ အသံလာသည်ကတော့ သူတို့ခြံအတွင်းမှမဟုတ်ဘဲ သူတို့ခြံနှင့် မျက်စောင်းထိုးခြံမှဖြစ်သည်။ ရှဲန်ဆိုင်လည်း ထိုခြံဆီသို့အမြန်ပြေးလာခဲ့သည်။ အိမ်ကြီးမှာ မီးသင့်ထားပုံရပြီး ထိုအိမ်ကြီးအရှေ့တွင် ဝါးဖြင့်ထိုးထားသည့်် တဲကလေးတစ်လုံးကိုတွေ့လိုက်ရသည်။ အသံက တဲအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည့််အတွက် ရှဲန်ဆိုင်က တဲထဲကိုအမြန်ဝင်လိုက်သည်။
“ဟင်၊ ဘကြီး”
ဘကြီးဆိုသူက တုတ်ကောက်တစ်ချောင်းကိုအားပြုလျှက် တဲပေါ်မှထလိုက်လေသည်။ ဘကြီးမှာ မျက်စိမြင်ပုံမရတော့ပေ၊ ရှဲန်ဆိုင်၏ အသံကြားသည့်နေရာသို့ စမ်းတဝါးဝါးနှင့် လမ်းလျှောက်လာလေသည်။
“ရှဲန်ဆိုင်၊ သမီး သေသွားပြီလား၊ အခုသရဲအဖြစ်နဲ့ ဘကြီးနဲ့လာတွေ့နေတာလား”
ရှဲန်ဆိုင်က ဘကြီးလက်ကိုဆုပ်ကိုင်လိုက်သည်။
“သမီးမသေသေးပါဘူးဘကြီး၊ သမီးက အိမ်ကိုပြန်လာခဲ့ပါပြီ၊ ဒါနဲ့ အဖေနဲ့အမေတို့ ဘယ်ကိုသွားကြလဲ၊ ရွာကရော ဘာဖြစ်သွားတာလဲ”
ဘကြီးဖြစ်သူက ခေါင်းခါလိုက်လေသည်။
“ပြောရမှာတော့ စိတ်မကောင်းပါဘူးသမီးရယ်၊ သမီးရဲ့အဖေနဲ့ အမေကို သူများကသတ်သွားပြီ၊ သမီးတို့ တစ်ဆွေလံးုး တစ်မျိုးလုံးကိုလည်း သူတို့ကသတ်သွားခဲ့ပြီ”
ရှဲန်ဆိုင် ကိုယ့််နားကိုယ်ပင် မယုံနိုင်တော့ပေ။
“ဘယ်သူသတ်သွားတာလဲ ဘကြီး”
“သမီးရဲ့ လင်ယောက်ျား သတ်သွားခဲ့တာပဲ”
“လင်ယောက်ျားဆိုတော့ . . .”
ရှဲန်ဆိုင်တွေးတောနေမိသည်။ ဘကြီးက
“သမီးရဲ့လင်ယောက်ျားဆိုတာ သမီးနဲ့လက်ထပ်လိုက်တဲ့ ငွေခွန်မှူး စိုင်းမုန်းကိုပြောတာ”
ရှဲန်ဆိုင်က တောက်တစ်ချက်ခေါက်လိုက်လေသည်။
“တောက်၊ ဒီလူကြီးတော့ ငါနဲ့တွေ့ကြသေးတာပေါ့”
“စိုင်းမုန်းက ရွာကိုလူတွေနဲ့ ညည့်နက်သန်းခေါင်ကြီး လာဝိုင်းတယ်၊ ပြီးတော့ သမိးတို့အိမ်ကိုသွားပြီးတော့ သမီးရှိသလားလို့မေးတယ်၊ မရှိဘူးလို့လဲပြောလိုက်ရော ဒေါသထွက်ထွက်နဲ့ သမီးရဲ့မိဘတွေကို ဓါးနဲ့ခုတ်သတ်ပြီးတော့ ပါလာတဲ့လူတွေကလည်းသမီးတို့ တစ်အိမ်သားလုံးကို ကိုက်ဖြတ်စားသောက်ကြတယ်”
“နောက်တော့ အိမ်ကြီးကိုမီးရှို့လိုက်တယ်၊ ဒါတင်မကသေးဘဲ တို့တစ်ရွာလုံးကိုလည်း သူနဲ့အတူတူပါလာတဲ့ တောကောင်ကြီးတွေက တိုက်ခိုက်ပြီးလူတွေ အကုန်လုံးကို သတ်ဖြတ် စားသောက်သွားကြတာပဲကွယ်”
“ဒါဆိုရင် ဘကြီးကရော၊ ဘကြီးက ဘယ်လိုလုပ်ပြီးလွတ်သွားတာလဲ”
“ဘကြီးက အဲဒီညက အိမ်သာတက်မယ်ဆိုပြီး ဆင်းလာတဲ့အချိန်ပေါ့၊ သမီးတို့ခြံက စကားပြောသံကြားတာနဲ့ သွားချောင်းကြည့်တာ ဒီတောကောင်ကြီးက လူတွေကိုစားသောက်နေတုန်းမှာ အဘက ရွာကနေထွက်ပြေးပြီးဖို့ ပုန်းအောင်းပြီးတော့ ထွက်ခဲ့တာပဲ၊ ဒါပေမယ့် ရွာပြင်ရောက်တော့ ဘကြီးကို ဒီတောကောင်တွေက တိုက်ခိုက်တယ်၊ ဘကြီးရဲ့ မျက်လုံးနှစ်ဖက်ဟာ တောကောင်ကြီးရဲ့ လက်သည်းကြောင့် ပျက်စီးခဲ့ရတယ်၊ သူတို့က ဘကြီးကိုသေပြီဆိုပြီးတော့ ထားခဲ့လို့ ဘကြီးအသက်ရှင်ကျန်နေရတာ”
“ဘကြီးက ဒီရွာမှာနေခဲ့ပြီးတော့ လူသေကောင်တွေ၊ တောကောင်ကြီးတွေ စားထားလို့ ကျန်ရစ်တဲ့ အရိုးအရင်းတွေကို ပြန်လည်စုစည်းပြီးတော့ ရွာပြင်ကွင်းပြင်ကြီးအထဲမှာ ပြန်မြှုပ်ပေးခဲ့တယ်။
ရှဲန်ဆိုင်က ဘကြီးကိုနှုတ်ဆက်ကာ ကွင်းပြင်ကြီးဆီသို့ထွက်လာခဲ့သည်။ လရောင်နှင့်ကွင်းပြင်ကြီးက ထိန်လင်းနေလေသည်။ ကွင်းပြင်အတွင်းတွင်တော့ မို့မောက်နေသည့်မြေပုံကလေးများရှိကာ မှတ်တိုင်များကိုလည်း အဖြစ်တပ်ဆင်ထားလေသည်။ ဘကြီးက မျက်လုံးကန်းလျှက်သားနှင့် တတ်သလောက်လုပ်ကိုင်ခဲ့ရသည်မို့ မြေပုံများက ဟိုတစ်ပုံ၊ သည်တစ်ပုံနှင့် ရွှဲ့စောင်းနေကြလေသည်။
ရှဲန်ဆိုင်က ကွင်းပြင်ကိုကြည့်လိုက်ပြီးနောက် တစ်ချက်ကြိမ်းဝါးလိုက်သည်။
“အဖေ၊ အမေနဲ့ ဒီရွာကလူတွေအားလုံးကိုသတ်သွားတဲ့လူကို သမီးပြန်ပြီးလက်စားချေမယ်၊ အဲဒီကောင် မသေသရွေ့ သမီး ကမ္ဘာမကြေဘူး”
ထို့နောက် ရှဲန်ဆိုင်က ရွာကလေးအတွင်းမှထွက်ခဲ့သည်။ သူ့ဘကြီးနေထိုင်သည့် တဲအိမ်ကလေးအတွင်းမှ မီးတောက်မီးလျှံများထွက်လာပြီး တဲအိမ်ကလေးအား လောင်ကျွမ်းနေလေသည်။ တဲအိမ်ကလေးအတွင်းတွင်တော့ တစ်ကိုယ်လုံးပြာနှမ်းပြီး လဲကျသေဆုံးနေသည့် ရှဲန်ဆိုင်၏ ဘကြီးအလောင်းကောင် ရှိနေလေသည်။
ရှဲန်ဆိုင်က အတော်ဝေးဝေးသို့ သွားမိတော့မှ အနောက်သို့တစ်ချက် လည်ပြန်ကြည့်လိုက်သည်။ ရွာကလေးက အမှောင်ကျနေသော်လည်း မီးလောင်နေသည့်် တဲကလေးမှာ မီးခိုးများတအူအူလိပ်တက်နေလေသည်။
“ဘကြီးရယ်၊ သမီးကိုခွင့်လွှတ်ပါ၊ ဘကြီးဒီလိုမျိုးဘဝနဲ့ တစ်ယောက်ထဲဆက်ပြီးရှင်သန်နေတာကို သမီးမကြည့်ရက်တော့လို့ပါ”
ထို့နောက် ရှဲန်ဆိုင်က ဖုန်ထူနေသည့် လူသွားလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့တော့သည်။
(၅)
“ခေါင်းက ရေဘဝဲလို လက်တံတွေနဲ့ မိန်းကလေး၊ ဟုတ်သလား”
ကျားဖြူသခင်မက ရေရွတ်လိုက်သည်။ သူ့အရှေ့တွင် ပအို့ဝ်ကြီးက လေးဘက်ထောက်ကာ အခစားဝင်နေလေသည်။
“မင်းသေချာရဲ့လား”
“သေချာပါတယ်သခင်မ၊ ကျုပ်တို့ကိုသေမလိုဖြစ်အောင်လုပ်ခဲ့တာာ အဲဒီမိန်းကလေးပါပဲ၊ အခု ဟိုကောင်ငါးကောင်ကိုလည်း ကျုပ်တို့ကိုလုပ်ခဲ့တဲ့အတိုင်း အသည်းကိုငွေအပ်နဲ့စိုက်သွားခဲ့တာမဟုတ်လား”
ကျားဖြူသခင်မက ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်သည်။
“နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့”
ထိုသို့ရေရွတ်လိုက်ပြန်သည်။ ထို့နောက် သူ့အနီးတွင်ရပ်နေသည့် လူယုံကြီး ခွန်သိုက်ဘက်သို့လှည့်လိုက်ပြီး
“အဲဒီကောင်မလေးနဲ့ အနီးဆုံးမှာရှိနေတဲ့ တပ်ဖွဲ့ခေါင်းဆောင်က ဘယ်သူများလဲ”
ဦးခွန်သိုက်က တွေးနေရင်း
“ငွေခွန်မှူး စိုင်းမုန်းက မိုးနဲမှာရောက်နေပါတယ်”
ကျားဖြူသခင်မက ခေါင်းညိတ်လိုက်သည်။ ထို့နောက် စက္ကူတစ်ရွက်ကိုဆွဲလိုက်ပြီး စုတ်တံဖြင့်မှင်တို့ကာ စာတစ်ချို့ရေးသားလိုက်သည်။ ထို့နောက် ကျားဖြူသခင်မက သူ့လက်သူကြွယ်တွင် ဝတ်ဆင်ထားသည့် ငွေရောင်လက်စွပ်ကလေးတစ်ကွင်းကိုဖြုတ်လိုက်သည်။ လက်စွပ်ထိပ်တွင် စိန်များ၊ ကျောက်များမပါဘဲ ကျားခေါင်းပုံစံ သစ်သားစကလေးတစ်ခုသာပါလေသည်။ ကျားဖြူသခင်မက ထိုလက်စွပ်ကိုလည်း မှင်ရည်အနက်ထဲသို့ စိမ်လိုက်ပြီးနောက် သူရေးထားသည့် စက္ကူစ၏ ထောင့်အနားတွင် တံဆိပ်တုံးထုသလို ထုလိုက်လေသည်။ အနက်ရောင်ကျားခေါင်းပုံစံကလေးက စက္ကူတွင်ပုံပေါ်သွားတော့သည်။ ကျားဖြူသခင်မက လက်စွပ်ကိုပြန်လည်ဝတ်ဆင်လိုက်သည့်အခါ ဦးခွန်သိုက်က ထိုစက္ကူကိုကောက်ယူလိုက်ပြီး အသေအချာခေါက်လိုက်လေသည်။ ထို့နောက် အရှေ့တွင် လေးဘက်ထောက်နေသည့် ပအို့ဝ်ကြီးကိုပေးလိုက်သည်။
“စိုင်းမုန်းကိုပြောလိုက်၊ ဒီကိစ္စကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပါလို့”
ပအို့ဝ်ကြီးက စာရွက်ခေါက်ကလေးကို လက်နှစ်ဖက်နှင့် အသေအချာယူလိုက်ပြီးနောက် အင်္ကျီရင်ဘတ်ကြားထဲသို့ ထည့်သိမ်းလိုက်သည်။ ပြီးသည့်အခါ ကျားဖြူစံအိမ်တော်မှ ထွက်လာကာ မြို့အပြင်သို့အမြန်ပြေးလွှားလိုက်သည်။ မြို့ကိုကာရံထားသည့်် မြို့ရိုးအနီးသို့ရောက်သည့်အခါ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျားပုံစံအဖြစ်ပြောင်းလိုက်လေသည်။ ထို့နောက် မြို့ရိုးအမြင့်ကြီးကို လွှားခနဲခုန်ကျော်လိုက်ပြီး အနီးရှိတောအုပ်ကြီးအတွင်းသို့ လျှင်မြန်စွာ ပြေးခုန်ဝင်သွားတော့သည်။
မိုးနဲမြို့မနက်ခင်းက စည်ကားလှသည်။ ငါးရက်တစ်ဈေးခင်းချိန်ဖြစ်သဖြင့် သာမန်အချိန်ထက်ပိုမိုစည်ကားသည်။ ဈေးရှေ့ရှိ ညောင်ပင်ကြီးအောက်တွင် မုန့်များရောင်းချသည့် တဲကလေးများရှိသည်။ ရှဲန်ဆိုင်က မုန့််တဲကလေးတစ်ခုအတွင်းသို့ ဝင်လိုက်လေသည်။
“ဟိုအမကြီး ဘာစားမလဲ”
အနားသို့ရောက်လာသည့် စားပွဲထိုးကလေး၏ လက်ကို ရှဲန်ဆိုင်ကလှမ်းဆွဲလိုက်လေသည်။
“ငွေခွန်မှူး စိုင်းမုန်းကို ဘယ်မှာရှာရမလဲ”
“ဟား၊ ဟား ဒီဆိုင်မှာ အဲဒီလိုမုန့်မျိုးမရဘူးဟေ့”
ခပ်လှမ်းလှမ်းမှအသံကြားသဖြင့် ရှဲန်ဆိုင်က လှည့်ကြည့်လိုက်သည်။ ခမောက်ချွန်ချွန်ကြီးကိုဆောင်းထားပြီး ရေနွေးကြမ်းသောက်နေသည့် လူကြီးတစ်ယောက်က ရှဲန်ဆိုင်အား ပြုံးလျှက်ကြည့်နေလေသည်။ ရှဲန်ဆိုင်က ထိုလူကြီးအား မျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။
“ငွေခွန်မှူး ကို ဘယ်နားမှာနေသလဲဆိုတာ ငါ့ကိုပြောစမ်းပါ”
စားပွဲထိုးကလေးအား ထပ်မံမေးလိုက်ရာ စားပွဲထိုးကလေးက ရှဲန်ဆိုင်အား မျက်လုံးအပြူးသားနှင့်ကြည့်နေသည်၊ ထို့နောက် အပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး တစ်နေရာသို့လက်ညှိုးထိုးပြလိုက်သည်။ စားပွဲထိုးကလေး လက်ညှိုးထိုးပြသည့်နေရာသို့ ရှဲန်ဆိုင်ကကြည့်လိုက်သည့်အခါ မြင်းလှည်းပေါ်တွင် အခန့်သားထိုင်လျှက် ဈေးသို့လာနေသည့် ဦးစိုင်းမုန်းကိုတွေ့လိုက်ရလေသည်။ ရှဲန်ဆိုင်လည်း ထိုင်နေရာမှထလိုက်ပြီး ဆိုင်အပြင်သို့ပြေးထွက်လိုက်စဉ်မှာပင် သူ့ရင်ဘတ်ပေါ်သို့ တုတ်တစ်ချောင်းကျလာပြီး ရှေ့ဆက်သွားမည့် ရှဲန်ဆိုင်အား ဟန့်တားနေလေသည်။ ရှဲန်ဆိုင်က ထိုတုတ်တံပိုင်ရှင်ကို ကြည့်လိုက်သည့််အခါ ခုနက လူကြီးပင်ဖြစ်နေသည်။
“လူတွေအရမ်းများတယ်ကွ၊ မင်းသွားလို့မဖြစ်သေးဘူး”
ထိုလူကြီးက အသံဟိန်းဟိန်းကြီးဖြင့်ပြောလေသည်။ ခမောက်ကိုလည်း မျက်နှာကိုခပ်အုပ်အုပ်ဆောင်းထားသည်မို့ ထိုလူကြီး၏ မျက်နှာကို သဲသဲကွဲကွဲမမြင်ရေပေ။
“ရှင်က ဘာသိလို့ ကျွန်မကိစ္စမှာဝင်ပါရတာလဲ”
“မင်းက သူ့ကိုသတ်မလို့မဟုတ်လား”
ရှဲန်ဆိုင်အံ့သြသွားသည်။ ထိုလူကြီးက ရှဲန်ဆိုင်၏ အတွင်းစိတ်ကိုများ ဖတ်တတ်နေသလားဟုပင် ထင်လိုက်ရသည်။ ထိုလူကြီးက ဆက်လက်ပြီး
“မင်းဒီလိုနေ့ခင်းကြောင်တောင်ကြီး၊ ဒီလိုလူများနေတဲ့နေရာမှာ သူ့ကိုတိုက်ခိုက်ရင် မင်းဘာကောင်လဲ၊ သူဘာကောင်လဲဆိုတာကို တစ်လောကလုံးသိသွားမှာပေါ့ကွ”
ထိုလူကြီးပြောတော့မှ ရှဲန်ဆိုင်လည်း စဉ်းစားမိသည်။ လက်စားချေချင်သည့်စိတ်များပြီး ဘာကိုမှမတွေးမတောမိပေ၊ ထို့ကြောင့် ရှဲန်ဆိုင်လည်း တိုက်ခိုက်ရန်မကြိုးစားတော့ဘဲ ဆိုင်အတွင်းပြန်ထိုင်နေလိုက်သည်။
“ခေါက်ဆွဲတစ်ပွဲပေးဟေ့”
ရှဲန်ဆိုင်က အော်ဟစ်လိုက်ပြီး ရေနွေးတစ်ခွက်ကိုငှဲ့နေလိုက်သည်။ ရေနွေးမသောက်ခင် ရေနွေးခွက်ထဲသို့ ပန်းခြောက်ကလေးများကို ပစ်ထည့်လိုက်လေသည်။ ခမောက်ဆောင်းထားသည့်လူကြီးက ရှဲန်ဆိုင်အနီးတွင်ထိုင်လိုက်ကာ သူ့လက်ထဲမှ တုတ်ချောင်းကြီးကိုလည်း သူ့နံဘေးရှိ နံရံတွင် ထောင်ထားလိုက်လေသည်။
“မင်းစိတ်ထဲမှာ အမုန်းတရားတွေအရမ်းများနေတယ်ကွ၊ အမုန်းတရားဆိုတာ ဒေါသပဲ၊ ဒေါသများနေရင်း အမှားတွေလုပ်မိလိမ့််မယ်”
“ရှင့်လမ်းရှင်သွား၊ ကျုပ်လမ်း ကျုပ်သွားမယ်၊ ရှင်ဘာမှ လာမရှုပ်နဲ့”
ရှဲန်ဆိုင်က ပြောလိုက်ပြီး ထိုလူကြီးကိုလှည့်ကြည့်လိုက်သည်။ ထိုလူကြီးက သူ့ခေါင်းတွင်ဆောင်းထားသည့် ခမောက်ကြီးကိုချွတ်လိုက်ကာ ကျောကုန်းတွင်လွယ်လိုက်လေသည်။ ပြီးနောက် ရေနွေးတစ်ခွက်ကို ငှဲ့နေလေသည်။
“မင်းလည်း မင်းရဲ့လမ်းကိုလျှောက်တာပဲ၊ ငါလည်း ငါ့ရဲ့လမ်းကိုလျှောက်နေတာပဲ၊ ဒါပေမယ့် အဲဒီလမ်းနှစ်ခု ဆုံတွေ့တဲ့အခါကျတော့ ငါတို့လာဆုံတာပေါ့ကွာ၊ မဟုတ်ဘူးလား”
ရှဲန်ဆိုင်အလွန်အံ့သြသွားသည်။ ထိူလူကြီးက သူ့ကိုစကားပြောနေသော်လည်း ပါးစပ်ကမဟပေ၊ ထိုလူကြီးက ရေနွေးတစ်ကျိုက်သောက်လိုက်ပြီး ရှဲန်ဆိုင်အားလှည့််ကြည့်ကာ ပြုံးပြလိုက်သည်။ ထိုလူကြီး၏ မျက်လုံးတစ်ဖက်မှာ ကန်းနေပြီး ဓါးခုတ်ရာကြီးက ကန့်လန့်ကြီးဖြစ်ပေါ်နေလေသည်။ ခေါင်းတွင် ဆံပင်မရှိဘဲ ကတုံးပြောင်ကြီးနှင့်ဖြစ်ပြီး နှုတ်ခမ်းမွှေးများ၊ မုတ်ဆိတ်မွှေးများက ကျိုးတို့ကျဲတဲ ပေါက်နေကြလေသည်။
“ရှင်၊ ရှင်ဘယ်သူလဲ”
ထိုလူကြီးက ရှဲန်ဆိုင်ကိုပြုံးပြလျှက် ပါးစပ်ပင်မလှုပ်ဘဲ။
“ငါ့ကိုတော့ လူတွေက ဝစီပိတ်သိုင်းသမားလို့ ခေါ်ကြတာပဲကွ”
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။