အပိုင်း (၁)
(၁)
ညည့်နက်သည့်အချိန်တွင် မြင်ကွန်းမင်းသား၏ စံအိမ်တော်ကြီးအတွင်း မီးများထိန်လင်းနေသည်။ မြင်ကွန်းမင်းသားကြီး၏ အမိန့်မို့ မင်းသား၏ ဘက်တော်သားများမှာ စံအိမ်တော်အတွင်း စုဝေးကြရလေသည်။ စံအိမ်တော်၏ ဝင်ပေါက်ထွက်ပေါက်များအား လက်နက်ကိုင်ထားသည့် လူယုံများက စောင့်ကြပ်နေကြသလို၊ စံအိမ်တော်အနီးတစ်ဝိုက်တွင်လည်း မင်းသားကြီး၏လူများက စောင့်ကြပ်နေကြလေသည်။ ပျံချီလည်း မင်းသားကြီးထံမှ အမိန့်ရခဲ့သဖြင့် စံအိမ်တော်အပေါ်သို့ တက်လာခဲ့သည်။
စံအိမ်တော်ဧည့်ခန်းကျယ်ကြီးအတွင်းတွင် ကြီးမားလှသည့် သစ်သားစားပွဲခုံကြီးတစ်ခုရှိပြီး ထိုစားပွဲခုံကြီးကို လူအများက ပတ်ပတ်လည်ဝန်းရံထားကာ မတ်တပ်ရပ်နေကြသည်။ ထိုခေတ်က မြန်မာများမှာ စားပွဲများ၊ ကုလားထိုင်များကို သိပ်အသုံးမပြုကြသော်လည်း မြင်းကွန်းမင်းသားကြီးမှာ ခေတ်မီသူတစ်ယောက်မို့ သူ့စံအိမ်တွင် အနောက်တိုင်းဖြစ်ပရိဘောဂများကို အသုံးပြုလေသည်။
ပျံချီရောက်သွားသည့်အခါ လူစုံသွားပြီဖြစ်သဖြင့် မြင်းကွန်းမင်းသားကြီးက စံအိမ်ရှိတံခါးများအားလုံးကိုပိတ်ခိုင်းလိုက်သည်။
“ငါတို့အစီအစဉ်စတင်မယ်ဟေ့”
မြင်ကွန်းမင်းသားကြီးက ဩဇာသံဖြင့် ဟစ်အော်လိုက်သည့်အခါ အားလုံးက ငြိမ်သက်သွားလေသည်။
“အခါတော်ပေးချက်အရတော့ မနက်ဖြန်နေ့လည် နှစ်ပဟိုရ်တီးတဲ့အချိန်ဟာ ငါ့အဖေဘုရင်မင်းကြီးရဲ့ ဘုန်းကံကျဆင်းတဲ့အချိန်ဖြစ်တယ်၊ ဒီအချိန်မှာပဲ ဘုရင်ကြီးက နောက်လိုက်ဗိုလ်ပါများနဲ့ လယ်ထွန်မင်္ဂလာကိုပြုဖို့ နန်းမြို့ထဲကနေထွက်ခွာလာလိမ့်မယ်၊ ငါတို့အားလုံး အဲဒီအခွင့်အရေးကို အသုံးချကြမယ်”
မြင်ကွန်းမင်းသားကြီးက မီးသွေးတစ်ချောင်းဖြင့် စားပွဲခုံတွင် မြေပုံတစ်ခုသဖွယ်ရေးခြစ်ပြနေလေသည်။
“ဘုရင်ကြီးဟာ ကျိန်းသေပေါက် အမရပူရမြို့မြောက်ဘက်က လမိုင်းလယ်တွေမှာ လယ်ထွန်ဆင်းလိမ့်မယ်၊ ဒီအချိန်မှာ နောက်လိုက်နောက်ပါတွေလည်း အတော်များများလိုက်သွားလိမ့်မယ်၊ သူ့ညီတော် ကနောင်မင်းရဲ့တပ်ရော၊ ကင်းဝန်မင်းရဲ့တပ်ပါ လိုက်ပါခြံရံပေးလိမ့်မယ်၊ ဒါဆိုရင် နန်းတွင်းကိုတော့ အတွင်းဝန်မင်းရဲ့တပ်တွေက စောင့်ကြပ်နေရလိမ့်မယ်”
“ပျံချီက လင်းနို့ကိုခေါ်ပြီးတော့ မြို့ထဲကိုဝင်ပြီး ကသောင်းကနင်းဖြစ်အောင် ဖန်တီးရမယ်”
“ဒါပေမယ့် လင်းနို့ကိုမှ ကျုပ်တို့က စည်းရုံးလို့မရသေးတာ”
ပျံချီစကားဖြတ်ပြောလိုက်တော့ မြင်းကွန်းမင်းသားကြီးက စိတ်မရှည်ဟန်ဖြင့်။
“ဒီကောင့်ကို စည်းရုံးလို့ရတဲ့အချိန်အထိ စောင့်မနေတော့ဘူး၊ မင်းက သူ့ကိုမြို့လယ်ခေါင်ကိုခေါ်သွားပြီး အမှန်အတိုင်းမြင်ရတဲ့အင်းကို ကပ်လိုက်စမ်း၊ ဒါဆိုရင် သူ့ပုံစံပြောင်းသွားမှာပဲ၊ မြို့ထဲက လူတွေ ကသောင်းကနင်းဖြစ်နေတဲ့အချိန်မှာ အတွင်းဝန်မင်းရဲ့ လူတွေက မြို့ကိုထိန်းဖို့ထွက်လာလိမ့်မယ်၊ ဒီအခါ ငါတို့လူတွေက နန်းတွင်းကိုအလစ်အငိုက်ဝင်ပြီး နန်းတော်ကိုသိမ်းပိုက်မယ်”
“ဒါဆို ဘုရင်ကြီးကိုရော”
“နန်းတွင်းကို ငါတို့သိမ်းပိုက်ပြီးတာနဲ့ မြို့ရိုးကိုပိတ်မယ်၊ ဒါဆိုရင် မြို့ပြင်ရောက်နေတဲ့ ဘုရင်နဲ့ သူ့ညီတော်က ပုန်ကန်တယ်လို့ယူဆလိုက်ပြီး ကြိမ်းသေပေါက် ရွှေဘိုဘက်ကိုပြေးကြမှာပဲ၊ သူတို့က ရွှေဘိုမှာ လူသူစုဆောင်းပြီး ပြန်လည်တိုက်ခိုက်ဖို့တွေးကြမှာပဲ”
“ဒီအခါ ရွှေဘိုသွားတဲ့လမ်းမှာ အသင့်စောင့်နေတဲ့ ကြေးစားသေနတ်ကိုင်ကုလားတွေက သူတို့ကိုအလစ်တိုက်ပြီး ချေမှုန်းလိမ့်မယ်၊ ဘယ်လိုလည်း ငါ့အကြံကောင်းတယ်မဟုတ်လား”
အားလုံးက လက်ခုပ်ကို ဖြေးညှင်းစွာတီးခတ်လိုက်ကြသည်။
“တကယ်လို့ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ”
“တော်စမ်း၊ ငါနဲ့ပူးပေါင်းရင် မအောင်မြင်စရာအကြောင်းမရှိဘူး၊ မအောင်မြင်ဖို့အကြောင်းပြောတဲ့လူကို ငါကိုယ်တိုင်ကွပ်မျက်မယ်”
မြင်ကွန်းမင်းသားကြီးပြောလိုက်သဖြင့် အားလုံးက နှုတ်ဆိတ်သွားလေသည်။
“အားလုံးပဲ ဒီညသေသေချာချာပြင်ဆင်ထားပါ၊ မနက်ဖြန်မနက်မိုးလင်းတာနဲ့ ကျုပ်တို့အားလုံးအဆင်သင့်ဖြစ်နေရမယ်”
မြင်ကွန်းမင်းသားဘက်မှ လူများမှာ အားလုံးပြန်လည်ထွက်ခွာသွားကြသည်။ ပျံချီက ထွက်ခွာသွားမည်ဟုပြင်ဆင်လိုက်သည့်အခါ မြင်ကွန်းမင်းသားကြီးက ပျံချီပုခုံးကိုပုတ်လိုက်သည်။
“မနက်ဖြန်အတွက် မင်းကအရေးအကြီးဆုံးပဲပျံချီ၊ အရေးတော်အောင်ရင် မင်းဘာဖြစ်မယ်ဆိုတာ သိတယ်မဟုတ်လား”
ပျံချီက ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှထွက်ခွာသွားတော့သည်။
(၂)
နောက်တစ်နေ့မနက် တစ်ဗဟိုရ်တီးပြီးသည့်အချိန်တွင် မင်းတုန်းမင်းကြီးနှင့် နောက်လိုက်နောက်ပါမင်းညီမင်းသားများ၊ အိမ်ရှေ့စံကိုယ်တော်ကြီးနှင့် မင်းမှုထမ်းများမှာ မင်္ဂလာနွားလားဥသဘများနှင့်အတူ ဆင်စီးလျှက် နန်းမြို့အတွင်းမှထွက်ခွာသွားလေသည်။ မြင်ကွန်းမင်းသားကြီးကို မင်းတုန်းမင်းကြီးက လယ်ထွန်မင်္ဂလာအခမ်းအနားသို့ လိုက်ပါစေသော်လည်း မြင်ကွန်းမင်းသားကြီးမှာ မမာမကျန်းဖြစ်နေသည်ဟု အကြောင်းပြကာ ကျန်နေခဲ့လေသည်။ မင်းသားများတွင် မင်းသားကြီးနှင့် မင်းသားငယ်များဆိုပြီး နှစ်မျိုးနှစ်စားရှိသည်။ မင်းသားကြီးများမှာ နန်းဆောင်ရ မိဖုရားကြီးများမှ မွေးဖွားသည့်မင်းသားများကိုဆိုလိုခြင်းဖြစ်ပြီး မင်းသားငယ်များကတော့ နန်းဆောင်မရရှိသည့် မိဖုရားငယ်များမှ ဖွားမြင်သူများဖြစ်ကြသည်။
မင်းတုန်းမင်းကြီး နန်းမြို့အတွင်းမှ ထွက်ခွာသွားသည်နှင့် မြင်ကွန်းမင်းသားကြီးတို့လုပ်ငန်းစတော့သည်။ မြင်ကွန်းမင်းသားကြီး၏ လူယုံတော်များက မြို့တော်အတွင်းသို့ဝင်ကာ သူတို့ကြိုတင်ခေါ်ယူထားသည့် လူမိုက်၊ လူရမ်းကားများကို စုရုံးကြလေသည်။ ပျံချီက ငခမ်းအားဖမ်းချုပ်ထားသည့် မြေတိုက်အတွင်းသို့ဆင်းလာခဲ့သည်။ လဲကျနေသည့်ငခမ်းအား ခြေထောက်ဖြင့်ကန်ကာ လှုပ်နှိုးလိုက်သည်။
“ထတော့ငခမ်း၊ မင်းရဲ့အစွမ်းတွေကို ပြဖို့အချိန်ကျပြီကွ”
ပျံချီက သူ့အနောက်မှလူနှစ်ယောက်ကို လှည့်ကြည့်လိုက်သည့်အခါ ထိုလူနှစ်ယောက်က ငခမ်းအား တစ်ဖက်တစ်ချက်ဆီမှ ဖမ်းချုပ်ကိုင်ပြီးဆွဲထူလိုက်သည်။ သုံးနှစ်ကျော်ခန့် မြေတိုက်ထဲတွင် သွေးမသောက်ရဘဲ နေခဲ့ရသည်မို့ ငခမ်းတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်ဖြစ်နေလေသည်။ ဆံပင်တွေမှာလည်း ရှည်လျားနေပြီး ခေါင်းစုတ်ဖွားကြီးဖြစ်နေကာ၊ မုတ်ဆိတ်မွှေးများမှာလည်း အလွန်ရှည်လျားနေလေသည်။ ပျံချီက မှိတ်ထားသည့် ငခမ်း၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်လိုက်သော်လည်း ငခမ်းက မျက်လုံးမပွင့်ပေ။
“မင်းကို ကောင်းကောင်းပြောလို့မရဘူးပဲ”
ဂျင်းဖြူအပင်၏ အခက်နှင့် ရိုက်လိုက်တော့မှ ငခမ်းက နာကျင်စွာအော်ဟစ်လေသည်။
“ဟေ့ကောင်၊ ငပျင်းကောင် ထစမ်းကွာ၊ မင်းအလုပ်လုပ်ဖို့အချိန်ရောက်ပြီ”
ငခမ်းက ဒေါသမျက်လုံးများနှင့် ပျံချီကိုကြည့်နေလေသည်။ ပျံချီက ငခမ်းကိုအသေအချာကြည့်လိုက်ပြီး
“မင်းကဒီအောက်မှာ နေတာကြာပြီဆိုတော့၊ လေကောင်းလေသန့်လေးဘာလေး ရှူဖို့လိုတာပေါ့ကွာ”
ပျံချီက သူ့လက်ဝါးတွင် မိစ္ဆာနိုင်အင်းကွက်ကြီးကို တင်လိုက်ပြီး ငခမ်း၏နဖူးတွင် ရိုက်ထည့်လိုက်သည်။ ငခမ်းမှာ နာကျင်စွာအော်ဟစ်နေရသည်။ ထို့နောက် ပျံချီက မြေတိုက်အတွင်းမှတက်ခဲ့ရာ လူနှစ်ယောက်က ငခမ်းအားဆွဲခေါ်ကာ မြေတိုက်အတွင်းမှလိုက်လာခဲ့ကြသည်။ အမိုးမပါသည့် မြင်းလှည်းကြီးတစ်စီးပေါ်သို့ငခမ်းကိုပစ်တင်လိုက်ကြပြီး အပေါ်မှ အနက်ရောင်ဖျင်စကြီးတစ်ခုကို လွှမ်းခြုံလိုက်ကြသည်။ ပျံချီက မြင်းလှည်းကိုမောင်းလိုက်သလို လူနှစ်ယောက်ကလည်း မြင်းလှည်းပေါ်တွင်ထိုင်ကာ စောင့်ကြပ်လျှက် လိုက်ပါခဲ့ကြသည်။
မြင်းကွန်းမင်းသားကြီးက လှပကျော့ရှင်းပြီး ရွှေရောင်တလက်လက်တောက်ပနေသည့် ဝတ်စုံကိုဝတ်ဆင်ထားသည်။ မြင်းလှည်းမောင်းထွက်လာသည့်အခါ စံအိမ်လှေကားဆီသို့ ဆင်းလာခဲ့သည်။
“ဟေ့ ပျံချီ၊ မင်းမှားလို့မရဘူးနော်၊ မြို့တော်ထဲမှာ လင်းနို့သတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်တာနဲ့ငါတို့တွေ အစီအစဉ်စမယ်”
“မှန်ပါမင်းသားကြီး”
ပျံချီက ပြောလိုက်သည့်အခါ မြင်ကွန်းမင်းသားကြီးက ဒေါသထွက်သွားလေသည်။
“ဘာမင်းသားကြီးလဲကွ၊ နေ့ဗဟိုရ်နှစ်ချက်တီးဆိုရင် ငါဘုရင်ဖြစ်ပြီ”
ပျံချီက ပြုံးလိုက်ပြီး
“ဟုတ်ကဲ့ပါမင်းကြီး၊ မင်းကြီးနန်းတက်တဲ့အခါ ကျွန်တော်မျိုးကိုပေးထားတဲ့ကတိကို မမေ့ရဘူးနော်”
“ဟား၊ ဟား၊ ဒါပေါ့ကွ၊ ငါ့လူတွေကို ငါမြှောက်စားရမှာပေါ့”
ပျံချီလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် မြင်းလှည်းကိုမောင်းနှင်သွားလေသည်။ ပျံချီထွက်သွားပြီး အတော်ကြာမှ မြင်ကွန်းမင်းသားကြီးက လက်ရုံးတော် ငဖြူသီးကိုခေါ်လိုက်သည်။
“ဟေ့ ငဖြူသီး”
“မှန်လှပါ မင်းတရားကြီး”
“အရေးတော်အောင်လို့ နန်းတွင်းကိုသိမ်းပိုက်ပြီးတဲ့အခါ ဒီပျံချီဆိုတဲ့ကောင်နန်းတွင်းထဲကို ဝင်လာတာနဲ့ မောင်မင်းတို့ ဒီကောင့်ကိုသတ်လိုက်ကြကွယ့်”
“မှန်လှပါဘုရား၊ ဒါနဲ့ သူ့ကိုအတွင်းဝန်မင်းကြီးရာထူးပေးမယ်လို့ ပြောထားတယ်မဟုတ်လား”
“တော်စမ်းပါကွာ၊ ဒီလိုမလောက်လေးမလောက်စားကောင် အတွင်းဝန်မင်းကြီးဖြစ်တာဟာ၊ ငါ့လည်ပင်းကိုငါ ကြိုးကွင်းစွပ်တာနဲ့တူတူပဲ၊ အရေးတော်အောင်မြင်ရင် မူးကြီးမတ်ကြီးတွေ ငါ့ကိုသစ္စာခံမယ်ဆိုရင် သူတို့ကိုနေမြဲရာထူးအတိုင်းပေးမယ်လို့ပြောပြီး စည်းရုံးရမှာပဲကွ၊ မူးမတ်တွေဆိုတာကလည်း ဘုရင်ပြောင်းတာမပြောင်းတာ အရေးမကြီးဘူး၊ သူတို့ရာထူးမြဲဖို့ပဲ အဓိက မဟုတ်လားကွ၊ ဒီတော့ တော်တော်များများက ငါ့ကိုထောက်ခံကြမှာပါ”
“တကယ်လို့ ဝန်မင်းကြီးတွေက မထောက်ခံဘူးဆိုရင်ရော”
မြင်ကွန်းမင်းသားကြီးကပြုံးရယ်လိုက်သည်။
“မထောက်ခံတော့လည်း ဆွေမျိုးကိုးဆက်လုံးအကုန် ကွပ်မျက်ရမှာပေါ့ကွာ၊ တစ်ယောက်နှစ်ယောက်လောက်ကို တကယ်လုပ်ပြလိုက်တာနဲ့ ကျန်တဲ့သူတွေလည်း ငါ့ကိုဆန့်ကျင်ရဲမှာမဟုတ်တော့ဘူးကွ”
မြင်ကွန်းမင်းသားကြီးမှာ ရယ်မောလိုက်သဖြင့် နောက်လိုက်ကျော်ငဖြူသီးလည်း လိုက်ပြီးရယ်မောလိုက်တော့သည်။
(၃)
မြို့တော်ဈေးက ကြက်ပျံမကျ စည်ကားနေလေသည်။ ပျံချီတို့ မြင်းလှည်းဖြင့် မနည်းပင်တိုးဝှေ့လာခဲ့ရသည်။
“ငခမ်း၊ ငါ့အစီအစဉ်အောင်မြင်ပြီ၊ မိစ္ဆာနိုင်အင်းရဲ့အစွမ်းကို ငါစုပ်ယူလို့ရပြီကွ”
အသေးလေးက ပြောဆိုလိုက်ပြီးနောက် ငခမ်းလက်ဝါးမှာပွင့်သွားသည်။ ပါးစပ်ကြီးက လက်ဝါးတွင်ပေါ်လာခဲ့ပြီးနောက် ပါးစပ်ကိုဖြဲကာ လေကိုစုပ်သွင်းလေသည်။ ထိုအခါ မိစ္ဆာနိုင်အင်းမှ ရွှေရောင်တလက်လက်ထွန်းလင်းနေသည့် အစွမ်းများက အသေးလေးပါးစပ်အတွင်းသို့ဝင်သွားလေသည်။ ထို့အတူငခမ်းတစ်ကိုယ်လုံးတွင်ကပ်ထားသည့် အင်းများမှ အစွမ်းများကလည်း ဝင်ရောက်သွားလေသည်။
“အဟွတ်၊ အဟွတ်”
အသေးလေးမှာ ချောင်းဆိုးသွားသည်။
“ငခမ်း၊ စွမ်းအင်တွေအကုန်လုံးကိုတော့ စုပ်ယူလိုက်နိုင်ပြီ၊ ကျန်တာမင်းဆက်လုပ်တော့၊ ဒီအင်းက အစွမ်းတွေကြောင့် ငါနေထိုင်မကောင်းဖြစ်နေပြီကွ၊ ခဏအနားယူမှရမယ်”
ငခမ်းက လှုပ်ရွနေသဖြင့် လှည်းပေါ်ထိုင်လျှက် လိုက်ပါလာသူတစ်ဦးက ဓါးအိမ်ဖြင့် ငခမ်းအားထုနှက်နေလေသည်။ မြင်းလှည်းမောင်းလာသည့် ပျံချီက ထိုအဖြစ်ကိုရိပ်စားမိလိုက်သည်။
“ဘာဖြစ်တာလဲကွ”
“ဒီကောင်ကြီးက လှုပ်နေလို့ဗျ”
ပျံချီတွေးတောမိသွားသည်။
“အင်းကွက်နဲ့ထိရင် ဘယ်မိစ္ဆာမှ မလှုပ်မရှားနိုင်ဘူးဖြစ်သွားတာပါ၊ ဒီကောင်က ဘာလို့လှုပ်ရှားနိုင်နေရတာလဲ၊ ဟိုတစ်ခါကလည်း အင်းတွေကပ်ထားတဲ့ကြားထဲက ငါ့ကိုတောင် ကိုင်ဖူးတယ်မဟုတ်လား”
ထို့နောက်ပျံချီက လူနှစ်ယောက်ဘက်သို့လှည့်လိုက်ပြီး
“တစ်ယောက်လာပြီးမြင်းလှည်းမောင်းစမ်းကွာ”
လူနှစ်ယောက်အနက် တစ်ဦးက ထလာပြီးမြင်းဇက်ကြိုးကို ကိုင်ဆွဲလိုက်သည်။ ပျံချီက မြင်းလှည်းပေါ်မှဆင်းသက်လိုက်သည်။
“ငါ အရေးကြီးတာ ဝယ်စရာတစ်ခုရှိလို့ ပြန်လာခဲ့မယ်၊ မင်းတို့ဒီလှည်းကို ဈေးအလယ်က ကွင်းပြင်နားကိုမောင်းသွားကြစမ်း၊ ငါလိုက်လာခဲ့မယ်”
ပျံချီက ပျားပန်းခတ်မျှတိုးဝှေ့လှုပ်ရှားနေသည့် လူအများကြားသို့တိုးဝင်ကာ ပျောက်ကွယ်သွားသည်။ မြင်းလှည်းမောင်းသမားလည်း မြင်းလှည်းကိုဆက်မောင်းလာလေသည်။ ထိုစဉ် အနက်ရောင်ဖျင်စကြီးမှာ အလွန်လှုပ်ခတ်လာပြီး ချောင်းဆိုးသံများလည်းထွက်ပေါ်လာသည်။ မြင်းလှည်းအနောက်တွင် ထိုင်နေသည့်သူလည်း သိချင်စိတ်ကြောင့် ဖျင်စကြီးကိုလှန်ကြည့်လိုက်သည်။
အတွင်းတွင် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးတစ်စုံကိုမြင်လိုက်ရပြီး ဖျင်စကြီးအတွင်းမှ လက်တစ်စုံထွက်လာကာ ထိုလူကိုဆွဲသွင်းသွားလေသည်။ ဖျင်စကြီးမှာ တွန့်ခွေလှုပ်ရှားနေလေသည်။ ငခမ်းက ထိုလူကိုမိမိရရဆွဲကိုင်လိုက်ကာ ထိုလူ၏ လည်ပင်းကို ပါးစပ်ဖြင့်အားကုန် ကိုက်ထည့်လိုက်သည်။ ထိုလူက အော်ဟစ်ရန်ကြိုးစားသော်လည်း ငခမ်းက ထိုလူ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပိတ်ထားသဖြင့် အော်သံမထွက်ပေ။ ဖျင်စကြီးလူးလိမ့်နေသည်ကို အရှေ့တွင်လှည်းမောင်းနေသည့်သူက သတိထားမိပုံမပေါ်ပေ။
ဈေးအလယ်တွင် ကွင်းပြင်ကလေးတစ်ခုရှိသည်။ ထိုကွင်းပြင်ကလေးတွင် ဘုရင့်အမိန့်စာများ၊ ပြန်တမ်းများကို ကြေညာဆော်ဩသည့် နေရာတစ်ခုဖြစ်သည်။ ထိုကွင်းအနီးသို့ရောက်သည့်အခါ မြင်းလှည်းမောင်းသူပုခုံးပေါ်သို့ လက်တစ်ဖက်ကျလာလေသည်။ မြင်းလှည်းမောင်းသူက လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်တွင်သွေးများပေကျံနေသည့် လူတစ်ဦးကိုမြင်တွေ့လိုက်ရသည်။ ထိုလူက လှုပ်ရှားမည်ဟုကြံစည်လိုက်သော်လည်း နောက်ကျသွားပြီးဖြစ်သည်။ ငခမ်းက ထိုလူ၏ လည်ပင်းကိုဖမ်းချုပ်ပြီး အတင်းကိုက်ဖြတ်လိုက်တော့သည်။ ထိုလူက ရုန်းကန်အော်ဟစ်သဖြင့် ဈေးအတွင်းရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ ငခမ်းက ထိုလူ၏လည်ချောင်းသွေးများကို ကုန်စင်အောင်ဖောက်သောက်လိုက်ပြီးသည့်နောက် ကုန်ခမ်းနေသည့် ခွန်အားများ ပြန်လည်ရရှိလာခဲ့သည်။ ကြွက်သားကြီးများမှာ အမြှောင်းလိုက်ပြန်ထွက်လာကြလေသည်။ ဈေးအတွင်းမှ လူအများက ငခမ်းကိုကြည့်ပြီး ကြောက်ရွံ့နေလေသည်။ ငခမ်းကလည်း မြင်းလှည်းပေါ်မှ လျှင်မြန်စွာခုန်ချလိုက်ပြီး လူအုပ်ကြားထဲသို့ ပြေးထွက်လာခဲ့တော့သည်။
“ပျံချီ၊ ပျံချီဆိုတဲ့အကောင် ဘယ်မှာလဲ”
ငခမ်းက ရေရွတ်လျှက် မြင်ကွန်းမင်းသားကြီးစံအိမ်သို့ ပြန်လည်ပြေးလွှားနေလေသည်။
“ဈေးထဲမှာ ရုတ်ရုတ်သဲသဲဖြစ်တယ်တဲ့ဟေ့”
မြင်ကွန်းမင်းသားကြီး၏ လက်အောက်ခံတစ်ယောက်က သတင်းရရှိသွားသည်။ ထိုအခါ မြင်ကွန်းမင်းသားစုဆောင်းထားသည့် လူမိုက်အပေါင်းတို့က သူတို့အမိန့်ရထားသည့်အတိုင်း မြို့တော်အတွင်းရှိ ရဲမက်များကိုတိုက်ခိုက်ကြတော့သည်။ အထူးသဖြင့် မြို့တံခါးများကိုတိုက်ခိုက်ကာ တံခါးစောင့်များကို ထိုးခုတ်သတ်ဖြတ်ကြလေသည်။ မြို့တော်စောင့်သည့် ရဲမက်များမှာ အလစ်အငိုက်ခံလိုက်ရသည်မို့ ထိခိုက်ကြဆုံးကုန်သည်။ ထို့နောက် ကြိုတင်ကြံစည်ထားသည့်အတိုင်း မြို့ရိုးတံခါးများကို ပိတ်လိုက်ကြတော့သည်။
(၄)
မြင်ကွန်းမင်းသားကြီးစံအိမ်တွင် လက်နက်အပြည့်နှင့်လူများက စုရုံးနေလေသည်။ မြင်းကွန်းမင်းသားကြီးမှာ သူ့အိတ်ကပ်တွင် ထည့်ထားသည့် အနောက်တိုင်းဖြစ် အိတ်ဆောင်နာရီကလေးကိုထုတ်ကြည့်နေရင်း စိတ်တွေပူပန်နေလေသည်။ စိတ်လှုပ်ရှားနေသဖြင့် အိမ်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
“မဟုတ်တော့ မဟုတ်သေးဘူးကွဲ့၊ အချိန်တွေက တော်တော်ကြာနေပြီ ဒီကောင်ပျံချီလုပ်လို့ တစ်မြို့လုံးလန့်သင့်နေပြီကွ”
ထိုစဉ် လက်အောက်ငယ်သားတစ်ယောက်က ခြံအတွင်းသို့ပြေးဝင်လာသည်။
“မှန်ပါမင်းကြီး၊ ကျွန်တော်မျိုးတို့ စုရုံးထားတဲ့ လူမိုက်လူဆိုးတွေက မြို့ကိုစောင့်တဲ့ရဲမက်တွေကို တိုက်ခိုက်ပြီး မြို့ရိုးတံခါးတွေကို ပိတ်လိုက်ကြောင်းပါ၊ ကျွန်တော်မျိုးတို့ကို အချက်ပြတဲ့အနေနဲ့ မြို့ရိုးပေါ်မှ မီးပုံဖိုပြီး မီးခိုးများလွှတ်လိုက်ကြောင်းပါ”
“ဈေးထဲမှာရော ဘာသတင်းကြားလဲအထောက်တော်များ”
လူတစ်ယောက်က အရှေ့သို့တိုးလာသည်။
“လူတစ်ယောက်က လူတစ်ယောက်ကို ကိုက်ပြီးပြေးတယ်ဆိုတဲ့သတင်းကလွဲပြီး ကျန်တဲ့ထွေထွေထူးထူးသတင်းမရှိပါဘုရား”
မြင်ကွန်းမင်းသားကြီးက အလွန်ပူပန်သွားသည်။ ငဖြူသီးက ထပြီး
“မင်းကြီး၊ လူမိုက်တွေက မြို့ရိုးကိုပိတ်လိုက်ပြီဆိုတော့ ကျုပ်တို့နန်းမြို့ဘက်ကိုချီတက်ရအောင်ပါဘုရား”
မြင်ကွန်းမင်းသားကြီးက ခေါင်းခါသည်။
“မြို့တော်ထဲမှာ ထိတ်လန့်မှုဖြစ်ပြီးလူတွေဆူပူကုန်မှ နန်းမြို့တွင်းက အတွင်းဝန်မင်းကြီးရဲ့တပ်တွေ ထွက်လာမယ်မဟုတ်လားကွ၊ မြို့တော်ထဲမှာ ဆူပူမှမဖြစ်ရင် ငါတို့အင်အားနဲ့ နန်းတွင်းကိုဝင်ဖို့ဆိုတာ မလွယ်ဘူးကွ”
မြင်ကွန်းမင်းသားကြီးက စုံစမ်းရန်အတွက်လူများထပ်လွှတ်လိုက်သည်။ ထိုလူများပြန်လာသည်ကို မျှော်လင့်တကြီးနှင့်စောင့်နေလေသည်။ မကြာမီ ထိုလူများပြန်လာကြသည်။
“ဘာဖြစ်တာလဲ၊ လင်းနို့ကောင်ရော၊ ပျံချီရော”
“မှန်ပါမင်းကြီး၊ လင်းနို့ကောင်လည်းမရှိတော့သလို၊ ပျံချီလည်းမရှိတော့ပါဘူး”
“တောက်”
မြင်ကွန်းမင်းသားကြီး အလွန်ဒေါသထွက်သွားသည်။
“ပျံချီဆိုတဲ့ကောင်ကတော့ ငါ့ကိုလုပ်ပြီ”
ငဖြူသီးကလည်း အနားသို့တိုးကပ်လာကာ
“နေ့ဗဟိုရ်နှစ်ချက်တီးပါတော့မယ်မင်းကြီး၊ ကျွန်တော်မျိုးတို့ ဘာလုပ်ကြမလဲ”
မြင်ကွန်းမင်းသားကြီးမှာ ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး အတန်ကြာအောင်စဉ်းစားနေလေသည်။
“မဖြစ်တော့ဘူး၊ ငါတို့အခြေအနေအရ၊ ရှေ့တိုးလို့လဲမရ၊ နောက်ဆုတ်လို့လဲမရတော့ဘူး”
မြင်ကွန်းမင်းသားကြီးက သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
“ကဲ၊ ငါတို့လုပ်ငန်းကို ရုတ်သိမ်းကြစို့၊ ဒီအရေးတော်မှာ တိုက်ခိုက်ခဲ့တဲ့ လူမိုက်၊ လူဆိုး၊လူသွမ်းတွေကို ပြန်လည်တိုက်ခိုက်ပြီး မြို့တံခါးတွေကို ပြန်ဖွင့်ကြစမ်း”
မြင်ကွန်းမင်းသားကြီးအမိန့်ကို အားလုံးက အံ့အားသင့်နေလေသည်။
“မောင်မင်းတို့ဘာလုပ်နေကြတာလဲ၊ အခုပဲ ငါကိုယ်တိုင်ထွက်ပြီး ဒီလူဆိုးလူသွမ်းတွေကို တိုက်ခိုက်မယ်”
မြင်ကွန်းမင်းသားကြီးက ဓါးဝင့်ပြီးအိမ်ပေါ်မှဆင်းသွားသည်။ စံအိမ်အတွင်းမှ မြင်းတစ်ကောင်စီးပြီးထွက်ခွာသွားသည့်အခါ နောက်လိုက်နောက်ပါများသည်လည်း လက်နက်များဖြင့် လိုက်ပါသွားရသည်။
မြို့တော်တံခါးများတွင် တိုက်ပွဲများဖြစ်ကုန်ကြသည်။ မြို့တော်တံခါးများကို စီးနင်းကာ ပိတ်ဆို့ထားကြသည့် လူမိုက်လူသွမ်းများနှင့် မြင်ကွန်းမင်းသား၏ လက်ရုံးလူများက တိုက်ခိုက်ကြတော့သည်။ မြင်ကွန်းမင်းသား၏ လက်ရုံးလူများမှာ တိုက်ရည်ခိုက်ရည်ရှိသည့် လက်ရွေးစင်တိုက်ခိုက်ရေးသမားများဖြစ်သည့်အတွက် လူမိုက်လူသွမ်းများမှာ အထိနာကုန်သည်။
“ငဖြူသီး၊ သူတို့အကုန်လုံးကိုသတ်၊ တစ်ယောက်မှမချန်ခဲ့နဲ့ကွဲ့”
မြို့တော်ဆူပူနေသဖြင့် အတွင်းဝန်မင်းကြီးဦးဆောင်သည့် နန်းမြို့အတွင်းမှတပ်များမှာ မြို့တော်ဆီသို့ထွက်လာကာ တိုက်ခိုက်ကြလေသည်။ နှစ်ဖက်ညှပ်တိုက်သဖြင့် လူမိုက်လူသွမ်းများ ကျဆုံးကုန်ကြသည်။ ထိုစဉ် မင်းတုန်းမင်းကြီးနှင့် အဖွဲ့များက လယ်ထွန်မင်္ဂလာပြီးစီးသဖြင့် မြို့တော်အတွင်းသို့ ပြန်လာသည့်အခါ မြင်ကွန်းမင်းသားကြီးက လူမိုက်များ၏ခေါင်းများနှင့်အတူ မင်းတုန်းမင်းကြီးကို ဆီးကြိုလေသည်။
“အနိဌာရုံတွေပါလားသားတော်၊ ဘာများဖြစ်တာလဲ”
“မှန်လှပါခမည်းတော်၊ မြို့တော်အတွင်းပုန်ကန်မှုဖြစ်ပြီး ဒီလူဆိုးလူသွမ်းတွေက မြို့တော်တံခါးကိုပိတ်ပြီး မြို့တွင်းမှာ ဆူပူဖို့ကြိုးစားနေတာမို့လို့ သားတော်ခေါင်းဆောင်တဲ့ လက်ရုံးလူတွေက ဒီလူတွေကိုတိုက်ခိုက်ပြီး မြို့ကိုပြန်လည်ထိန်းသိမ်းထားပါကြောင်း လျှောက်တင်ပါတယ်ခမည်းတော်”
မင်းတုန်းမင်းကြီးက အတွင်းဝန်မင်းကြီးဘက်သို့ကြည့်လိုက်ပြီး
“သူပြောတာဟုတ်ရဲ့လား”
“မှန်ပါတယ်မင်းကြီး၊ မြင်ကွန်းမင်းသားနဲ့လူယုံတွေ ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့လို့ ကျွန်တော်မျိုးတို့တပ်တွေရောက်တဲ့အခါမှာ ဆူပူမှုဟာ ငြိမ်ဝပ်သွားကြောင်းပါမင်းကြီး”
အတွင်းဝန်မင်းကြီးကပါ လျှောက်တင်သည်မို့ မင်းတုန်းမင်းကြီးမှာ အလွန်နှစ်ခြိုက်သွားလေသည်။
“မကျန်းမာတဲ့ကြားထဲကနေ အစွမ်းကုန် ကာကွယ်ပေးတဲ့ သားတော်ကြီးမြင်ကွန်းမင်းသားကို ဆုလာတ်တွေ ချီးမြှင့်မယ်ကွဲ့၊ အခုတော့ နန်းတွင်းကိုပြန်ဝင်မယ်၊ သားတော်ကြီး လမ်းပြကွဲ့”
“မှန်လှပါခမည်းတော်ဘုရား”
မင်းတုန်းမင်းကြီးက မြင်ကွန်းမင်းသားကြီးကို ယုံကြည်သွားခဲ့လေပြီ၊ နန်းတွင်းပြန်သည့်လမ်းတစ်လျှောက် မြင်ကွန်းမင်းသားကြီးနှင့် လူယုံများက လိုက်ပါပို့ဆောင်ပေးရသည်။ ကနောင်မင်းသားကြီးကတော့ မြင်ကွန်းမင်းသားကြီးကို တစ်ချက်ကြည့်နေလေသည်။
“လူဆိုးလူသွမ်းတွေက မြို့တော်ထဲအထိ ဆိုးသွမ်းရလောက်အောင် သူတို့မှာခေါင်းဆောင်များရှိနေသလားပဲ”
ဥာဏ်ပညာနှင့် ပြည့်စုံသည့် ကနောင်မင်းသားကြီးမှာ မြင်ကွန်းမင်းသားကြီး၏ လက်ချက်ဖြစ်ရမည်ဟူသည့် သံသယရှိနေလေသည်။ မြင်ကွန်းမင်းသားကြီးက ရယ်မောလျှက်
“ဦးရီးတော်မယုံဘူးဆိုရင် ဟောဟိုက ခေါင်းပြတ်တွေကို မေးကြည့်ပေါ့ဗျာ”
မြင်ကွန်းမင်းသားကြီးကလည်း ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်။ ကနောင်မင်းသားကြီးက အချင်းများမည်စိုးသဖြင့် ဘာမှမပြောတော့ဘဲ နန်းတွင်းသို့ဝင်လေသည်။
“အကြံပိုင်လိုက်တာ မင်းကြီးရာ”
ငဖြူသီးက အားရဝမ်းသာဖြင့်ပြောလေသည်။ မြင်ကွန်းမင်းသားကြီးကတော့ အကြံအစည်မအောင်မြင်သဖြင့် မျက်နှာကြီးက ရှုံ့မဲ့နေလေသည်။
“တော်စမ်းငဖြူသီး၊ ငါ့ကိုမင်းကြီးလို့မခေါ်နဲ့”
ငဖြူသီးမှာပါးစပ်ပိတ်သွားရသည်။
“အခု အရေးတော်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ လူယုံတွေကို ငါကချီးမြှောက်တဲ့အနေနဲ့ မြို့ပြင်က ညောင်ပင်ရိပ်မှာ ဒီည စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံမယ်ဟေ့၊ ဆုတွေ၊ လဘ်တွေ၊ ရွှေငွေရတနာတွေလဲ ချီးမြှင့်မယ်”
ထို့နောက် မြင်ကွန်းမင်းသားကြီးက ငဖြူသီးအနားသို့ကပ်လိုက်ပြီး
“ပျံချီကိုတွေ့အောင်ရှာ၊ နောက်ပြီးတော့ ပျံချီရဲ့ အိမ်ကိုလည်း ဝိုင်းထားကွာ၊ ဒါပြီးမှ ငါတို့တွေ သောက်ကြ၊ စားကြတာပေါ့”
ငဖြူသီးအပါအဝင် လူယုံတော်များအားလုံး ပျော်ရွှင်သွားကြလေသည်။ ညောင်ပင်ရိပ်ဆိုသည်မှာ တစ်ချိန်က စားတဲကြီးများဖြင့် နေ့နေ့ညညစည်ကားခဲ့သည့်နေရာဖြစ်သည်။ သို့သော် လူသားစားလင်းနို့သွမ်းပေါ်လာပြီး လူအများအပြားသေဆုံးခဲ့ရသည့်အချိန်တွင် ထိုနေရာကို သွားဝံ့သူမရှိတော့ပေ၊ သရဲအရမ်းခြောက်သည်ဟုလည်း နာမည်ကြီးလေသည်။
(၅)
ငခမ်းတစ်ယောက် ပြေးလာခဲ့သည့်နေရာကား ပျံချီ၏အိမ်တော်ဖြစ်သည်။ ပျံချီ၏ ကြီးမားသည့်အိမ်ဝိုင်းကြီးမှာ တိတ်ဆိတ်နေလေသည်။ ငခမ်းက အိမ်ဝိုင်းအတွင်းသို့ ကျင်လည်စွာခုန်ဝင်လိုက်လေသည်။ ခြံဝန်းထဲတွင် လူတစ်ယောက်မှပင်မရှိပေ၊ သို့နှင့် အိမ်ကြီးပေါ်သို့ခုန်တက်လိုက်ပြီး အိမ်ခေါင်မိုးကိုဖောက်ဝင်လိုက်သည်။ အိမ်အရှေ့ခန်းတွင် မိန်းမတစ်ယောက်က ကလေးပုခက်လွှဲရင်းထိုင်နေလေသည်။ ထိုသူမှာ ပျံချီ၏ မိန်းမပင်ဖြစ်သည်။ ငခမ်းက အံ့ဩထိတ်လန့်နေသည့် ထိုမိန်းမကိုလက်နှစ်ဖက်ဖြင့်သိမ်းကြုံးဆွဲလိုက်ရင်း
“ပျံချီဘယ်မှာလဲ”
“အကို၊ အကိုလား . . သူက လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်ကတည်းက ဘုရင့်အရေးတော်ကိုထမ်းဆောင်ဖို့သွားရင်း အခုထက်ထိပြန်မလာသေးဘူးလေ”
ထိုမိန်းမ၏ မျက်လုံးကိုကြည့်ခြင်းဖြင့် ထိုမိန်းမလိမ်မပြောမှန်းကို ငခမ်းသိလိုက်သည်။ ထို့အတူပုခက်ထဲတွင်အိပ်နေသည့် လေးနှစ်ခန့်ရှိမည့်ကလေးမှာလည်း လန့်နိုးပြီး ငိုယိုနေတော့သည်။ ငခမ်းလည်း ကလေးကိုကြည့်ပြီး ဘာမှပင်မပြောတော့ဘဲအိမ်ထဲမှပြေးထွက်ခဲ့သည်။
ပျံချီက ငခမ်းအားဈေးတစ်နေရာမှစောင့်ကြည့်နေခြင်းဖြစ်သည်။ ငခမ်းက လူတစ်ယော်၏လည်ချောင်းသွေးဖောက်သောက်နေခြင်းကို မြင်လိုက်ရသည့်အချိန်မှ ပြေးထွက်လာခဲ့ခြင်းဖြစ်သည်။
“ငါဘယ်သွားရမလဲ၊ ဘယ်နေရာမှာ ငါလုံခြုံမလဲ”
ပျံချီတစ်ယောက် ဘယ်ကိုပြေးလို့ ပြေးရမှန်းမသိပေ၊ မြင်ကွန်းမင်းသားထံပြေးပြန်လျှင်လည်း အရေးတော်ပုံမအောင်ခဲ့လျှင် သူ့ကို နှိပ်ကွပ်ခံရမည်ဖြစ်သည်။ သူ့မိသားစုအိမ်ကို ပြန်ပြေးပြန်လျှင်လည်း ငခမ်းကရှိသေးသည်၊ ငခမ်းက ကြိမ်းသေပေါက် သူ့အိမ်တွင် သူ့ကိုသွားရှာမည်၊ ထို့ကြောင့် နောက်ဆုံးနေရာတစ်ခုကို တွေးမိလိုက်သည်။
“ခံတပ်၊ အနက်ရောင်ခံတပ်ကိုပြေးရမယ်”
အနက်ရောင်ခံတပ်ကြီးဆီသို့ ပျံချီတစ်ဟုန်ထိုးပြေးခဲ့သည်။ ပျံချီ၏ထံတွင် အတွင်းဝန်မင်း၏ အမိန့်တံဆိပ်ပြားရှိနေသဖြင့် အနက်ရောင်ခံတပ်သို့သွားသည့်လမ်းကို အေးအေးလူလူဖြတ်သန်းနိုင်သည်။ အနက်ရောင်ခံတပ်အရှေ့သို့ရောက်သောအခါ ခံတပ်တံခါးကြီးကပိတ်ထားသည်။
“ရဲမက်တွေ၊ တံခါးဖွင့်ကြစမ်း၊ ငါ့ကိုတံခါးဖွင့်ပေးကြစမ်း”
တံခါးစောင့်ရဲမက်များက ကြည့်ရှုလိုက်သော်လည်း ပျံချီကို မသိကြပေ။
“ဟေ့လူ သွားစမ်း၊ ဘာလာရှုပ်တာလဲ၊ ဒီနေရာက အပြင်လူတွေမဝင်ရဘူးနော်”
“ကျုပ်အပြင်လူမဟုတ်ဘူး၊ ကျုပ်မှာ အတွင်းဝန်မင်းရဲ့ တံဆိပ်ပြားပါတယ်၊ နောက်ပြီး ကျုပ်က မိစ္ဆာဖမ်းတပ်က တပ်မှူးပျံချီပဲ”
သို့တိုင်အောင် တံခါးစောင့်များမှာ မဖွင့်ပေးရဲသေးပေ၊ ထိုအခါ ခံတပ်ပေါ်တွင် လှည့်လည်ကြည့်ရှုနေသည့် ခံတပ်မှူးက တံခါးအနီးရောက်လာသည်။
“ဘာတွေဖြစ်နေကြတာလဲကွ”
“လူစိမ်းတစ်ယောက် ရောက်နေလို့”
“အိုကွာ၊ ဒီနေရာက လူစိမ်းဝင်ခွင့်မရှိဘူးမဟုတ်လား၊ သူ့ကိုခြောက်ပြီးလွှတ်လိုက်၊ မပြန်သေးဘူးဆိုရင် မြားနဲ့ပစ်ပြီး သုတ်သင်လိုက်ပေါ့ကွ”
“မဟုတ်ဘူး ခံတပ်မှူး၊ သူ့မှ တံဆိပ်ပြားတစ်ခုပါတယ်၊ နောက်ပြီး မိစ္ဆာဖမ်းတပ်ရဲ့ တပ်မှူးလို့လဲပြောတယ်”
ခံတပ်မှူးက တံခါးအနီးသို့သွားကာ ခံတပ်မြို့ရိုးပေါ်မှငုံ့ကြည့်လိုက်သည်။
“အလို ပျံချီပါလား”
ခံတပ်မှူးက ပျံချီမှန်းသိလိုက်သဖြင့် တံခါးကိုဖွင့်ခိုင်းလိုက်သည်။ ပျံချီက ထိတ်ထိတ်လန့်လန့်ဖြင့်ပြေးဝင်လာကာ ခံတပ်မှူးလက်ကိုဆွဲလိုက်သည်။
“ပျံချီ၊ မင်းပျောက်သွားတာ တော်တော်ကြာခဲ့ပြီ၊ ငါတို့က မင်းကိုသေသွားပြီလို့ထင်နေတာ”
“မ၊ မဟုတ်ပါဘူးဗျာ၊ ကျုပ်လင်းနို့ကိုသွားဖမ်းတော့ လင်းနို့ရဲ့ရန်ပြုတာကိုခံနေရလို့ပါ”
“အခုမင်းပြန်လာပြီပဲ နားလိုက်ပေါ့”
“နားလို့မဖြစ်ဘူး ခံတပ်မှူး၊ လင်းနို့သွမ်းက ကျုပ်နောက်လိုက်လာတယ်၊ အခုသူလာတော့မယ်”
ခံတပ်မှူးက ရယ်မောလိုက်သည်။
“ဟား၊ ဟား မင်းကလဲကွာ၊ မိစ္ဆာဖမ်းတဲ့ဆီကို မိစ္ဆာကလာမလားကွ၊ သူလာရင် သူ့သေတွင်းကို သူတူးသလိုဖြစ်မှာပေါ့”
“အဲဒါတော့ကျုပ်မသိဘူးဗျာ၊ သူလာနေပြီ၊ သူကျုပ်ကိုလာသတ်တော့မယ်”
ခံတပ်မှူးက ပျံချီ၏ ပုခုံးကိုပုတ်လိုက်ပြိး
“စိတ်အေးအေးထားစမ်းပါကွာ၊ ကဲသွားတော့၊ ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲလိုက်၊ အတွင်းဝန်မင်းကြီးကလည်း မင်းကိုတွေ့ချင်နေလောက်ပြီပေါ့”
ပျံချီမျက်လုံးပြူးသွားသည်။
“အတွင်းဝန်မင်းကြီးရှိနေတာလား”
ခံတပ်မှူးကခေါင်းညိတ်လိုက်သည့်အခါ ပျံချီက ခံတပ်ပေါ်သို့ပြေးတက်လာခဲ့သည်။ ပျံချီက လှေကားထစ်အတိုင်းပြေးတက်လာခဲ့သည်။ လှေကားထိပ်ပေါ်သို့ရောက်မှ အသာကလေးကြိတ်ကာ ပြုံးလိုက်သည်။
“ငခမ်းရာ၊ ဒီနေရာကိုသာ မင်းလိုက်လာခဲ့ရင်၊ မင်းသေနေ့စေ့ပြီလို့သာ မှတ်ထားလိုက်တော့ကွ”
ငခမ်းက အနက်ရောင်ရဲတိုက်ကြီးဆီသို့ တစ်လှမ်းချင်းလျှောက်လာခဲ့လေသည်။ ထိုအခါ အနက်ရောင်ရဲတိုက်သို့ဝင်သည့်လမ်းကို ပိတ်ကာတားဆီးထားသည့် တံခါးတစ်ခုရှိလေသည်။ ငခမ်းက တံခါးအနီးသို့သွားရပ်လိုက်သည့်အခါ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ရဲမက်နှစ်ဦးက အနားသို့တိုးလာသည်။
“ဘယ်ကကောင်လဲ၊ ဒီလမ်းကိုသွားလို့မရဘူး”
ငခမ်းက ပေကပ်နေသည်မို့ ငခမ်းအားရဲမက်နှစ်ယောက်က လှံဖြင့်ထိုးလိုက်သည်။ သို့သော် လှံသွားနှစ်ခုကိုငခမ်းက လက်တစ်ဖက်စီဖြင့်ဆုပ်ကိုင်လိုက်ပြီး လှံသွားများကို ချိုးချလိုက်သည်။ ရဲမက်နှစ်ဦးမှာ အလွန်လန့်ဖျပ်သွားသည်။
“ခင်၊ ခင်ဗျားကဘယ်သူလဲ”
“မင်းတို့မသေချင်ဘူးဆိုရင် အနက်ရောင်ခံတပ်ဆီကိုသွား၊ ငခမ်းလာနေပြီလို့ ပြောလိုက်၊ ပြီးရင် မင်းတို့အဲဒီခံတပ်ကနေ ပြေးတော့”
ရဲမက်နှစ်ဦးမှာ ခံတပ်ဆီသို့ပြေးလေသည်။ တားဆီးကာရံထားသည့် တံခါးတွင် တာဝန်ကျနေသည့် ရဲမက်များမှာလည်း ထိုရဲမက်နှစ်ဦးအနောက်သို့ ပြေးလိုက်သွားတော့သည်။
အနက်ရောင်ခံတပ်ကြီးအတွင်းရှိ အတွင်းဝန်မင်းကြီးရုံးထိုင်သည့် ရုံးခန်းအတွင်းသို့ပျံချီက ဝင်လာခဲ့သည်။ အတွင်းဝန်မင်းကြီးက ပျံချီအားတွေ့သည့်အခါ အံ့ဩသွားပြီး ပျံချီထံသို့ပြေးသွားလိုက်သည်။ ပျံချီက အတွင်းဝန်မင်းကြီးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
“ပျံချီ၊ မင်းဘယ်တွေရောက်နေတာလဲ”
“မှန်ပါအတွင်းဝန်မင်းကြီး၊ ကျွန်တော်မျိုး ဘုရင့်တာဝန်ကို စွမ်းစွမ်းတမံဦးဆွေးဆံမြေ့ ထမ်းရွက်နေတာကြောင့်မို့လို့ အခုလိုပျောက်ကွယ်ပြီး အတွင်းဝန်မင်းကြီးတို့ အဆက်အသွယ်ပြတ်သွားရခြင်းဖြစ်ပါတယ်”
“အေးကွယ်၊ အခု ငခမ်းရောဘယ်မှာလဲ”
“ကျွန်တော်မျိုးသူ့ကိုသွားရောက်ဖမ်းဆီးခဲ့ပေမယ့် အခုကျွန်တော်မျိုးက သူလိုက်လံဖမ်းဆီးတာကို ခံနေရပါပြီ အတွင်းဝန်မင်းကြီး၊ သူအခု ကျုပ်အနောက်ကိုလိုက်လာပါတယ်”
“အောင်မာ၊ ဒင်းကများ ရာရာစစ၊ ငါတို့ဆီကိုလိုက်လာမယ်တဲ့လား၊ မိစ္ဆာနိုင်အင်းအစွမ်းကို ဒင်းမသိသေးဘူးထင်ပါ့”
ပျံချီက မျက်နှာပျက်သွားသော်လည်း ဟန်မပျက်ထိန်းထားလိုက်ရသည်။ အတွင်းဝန်မင်းကြီးက တစ်ခုခုကိုတွေးပြီး ပြုံးနေလိုက်သည်။ ထို့နောက် ခေါင်းတညိတ်ညိတ်နှင့်
“ကောင်းတာပေါ့၊ သူလိုက်လာတော့လဲ အဆင်သင့်သွားတာပေါ့ကွာ၊ အခု မင်းကြီးက မြို့တော်မှာ လူဆိုးလူသွမ်းတွေရှိလို့ စိတ်ညစ်ပြီး စိတ်မပျော်ဘူးဖြစ်နေတာ၊ ငါသာလင်းနို့ကိုဆက်သလိုက်ရင် ဘုရင်ကြီးသဘောတော်ကျသွားမှာကွ”
“ဒိန်း”
ထိုစဉ်ပေါက်ကွဲသံကြီးတစ်ခုကိုကြားလိုက်ရသည်။ အတွင်းဝန်မင်းလည်းအပြင်သို့ထွက်လိုက်ပြီးကြည့်လိုက်ရာငခမ်းဖြစ်နေသည်။ ငခမ်းက ပိတ်ထားသည့် ခံတပ်တံခါးကြီးကို ခြေထောက်နှင့်ဆောင့်ကန်ထည့်လိုက်ရာ ခံတပ်တံခါးကြီးမှာ အချပ်လိုက်ကြီးပွင့်ထွက်သွားလေသည်။ ငခမ်းအား ရဲမက်များက ဝိုင်းထားကြသည်။ ငခမ်းက အတွင်းဝန်မင်းကြီးထံသို့ကြည့်လိုက်ပြီး
“အတွင်းဝန်မင်းကြီး၊ ခင်ဗျားတို့ဆီမှာ ပျံချီရှိတယ်ဆိုတာ ကျုပ်သိတယ်၊ ပျံချီကို ကျုပ်ကိုထုတ်ပေးပါ၊ ကျုပ်ခင်ဗျားတို့နဲ့ မတိုက်ခိုက်ချင်ဘူး”
“အောင်မာ၊ မင်းကများ ရာရာစစ ငါတို့နေရာကိုလာပြီး ငါတို့ကိုစိန်ခေါ်လို့ပါလားကွ၊ မင်းကထုတ်ပေးဆိုတိုင်း ငါကထုတ်ပေးရမှာလား၊ ကဲ၊ ရဲမက်တွေ၊ ဒီကောင့်ကို အပြတ်ရှင်းကြ”
သေနတ်ကိုင်ထားသည့်ရဲမက်များက မြို့ရိုးတစ်လျှောက်နေရာယူပြီးသားဖြစ်သည်။ အတွင်းဝန်မင်းကြီး အမိန့်ပေးလိုက်သည့်နှင့် ရဲမက်များက ငခမ်းအားသေနတ်များဖြင့် ပစ်ခတ်လိုက်ကြသည်။ သေနတ်ကျည်ဆန် ခဲလုံးများတွင် မိစ္ဆာနိုင်သည့်အင်းတစ်ချို့အား ရေးဆွဲထားကြသည်ဖြစ်ရာ ထိုကျည်ဆန်များထိမှန်သဖြင့် ငခမ်းက နာကျင်ရသည်။ ထို့ကြောင့် ငခမ်းက လင်းနို့တောင်ပံကြီးကို ထုတ်ကာဖြန့်လိုက်ပြီး သူ့ကိုယ်သူ အတောင်ပံနှင့်ကာကွယ်ထားရသည်။ ကျည်ဆန်များမှာ လင်းနို့တောင်ပံကို ဖောက်ထွင်းနိုင်စွမ်းမရှိကြပေ၊
“မျှော်စင်ပေါ်က အမြှောက်နဲ့ပစ်ဟေ့”
အုတ်သားဖြင့်စီထားသည့် မျှော်စင်အမြင့်ကြီးပေါ်တွင် ဂျင်ဂယ်လ်ဟုခေါ်သည့် အမြောက်အသေးစားကလေး သုံးလက်ကိုတပ်ဆင်ထားသည်။ အမြှောက်ဆံများတွင် အင်းကွက်များရေးဆွဲထားပြန်သည်။ အမြှောက်များက ငခမ်းအားချိန်ရွယ်ပြီးသည်နှင့်ပစ်ခတ်ကြလေသည်။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
အမြောက်ဆံများက လေပေါ်တွင်ဝဲပျံလာပြီးငခမ်းအားထိမှန်သွားသည်။ ငခမ်း၏ ခြေထောက်တစ်ဖက်ကိုထိမှန်သွားသဖြင့် ငခမ်းက ဒူးတစ်ဖက်ထောက်ကျသွားသည်။ နောက်ထပ်အမြှောက်ဆံတစ်လုံးက ငခမ်း၏ ဘယ်ဖက်လက်မောင်းကိုထိမှန်သွားပြန်သည်။ နောက်ဆုံးအမြှောက်ဆံက ငခမ်း၏ ဦးခေါင်းတည့်တည့်ဆီသို့ ပျံသန်းလာရာ ငခမ်းက ညာဖက်လက်ဖဝါးနှင့် အမြှောက်ဆံကို ကာကွယ်လိုက်ရသည်။
အမြှောက်ဆံသံလုံးကို ငခမ်းက ညာဖက်လက်ဖြင့် ဖမ်းဆုပ်ကိုင်ထားသည်။ အမြှောက်၏ ယမ်းပြင်းအားကြောင့် ငခမ်းမှာ အနောက်သို့ခြေလှမ်းနှစ်ဆယ်ခန့် တရွတ်တိုက်ကြီးပါသွားလေသည်။ ရဲမက်များအားလုံးအံ့အားသင့်စွာကြည့်နေကြသည်။ ငခမ်းက မိုးပေါ်သို့ပျံတက်လိုက်ပြီး ညာဖက်လက်တွင်ဖမ်းဆုပ်ကိုင်ထားသည့် အမြှောက်ဆံအား မျှော်စင်ပေါ်သို့ အားကုန်ပစ်ချထည့်လိုက်သည်။
“ဝုန်း”
အမြှောက်ဆံက မျှော်စင်ပေါ်သို့ပြေးဝင်သွားကာ အမြှောက်အတွင်းထည့်သည့် ယမ်းအိုးကိုထိမှန်သွားပြီး ပြင်းထန်စွာပေါက်ကွဲသွားလေသည်။ မျှော်စင်အပေါ်မှ ရဲမက်များမှာ မီးများစွဲလောင်ပြီး မျှော်စင်အောက်သို့ပြုတ်ကျလာလေသည်။
“ရဲမက်တွေတားကြစမ်း၊ ဒီကောင့်ကို ရတဲ့နည်းနဲ့တားမြစ်ကြ”
အတွင်းဝန်မင်းက အော်ဟစ်ကာ အမိန့်ပေးလိုက်လေသည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။