အပိုင်း (၁)
(၁)
ပျံချီတစ်ယောက် မြင်းတစ်စီးကို အသော့နှင်လာခဲ့သည်။ အတွင်းဝန်မင်းကြီးနှင့် ငခမ်းတို့ တိုက်ခိုက်နေသည့်အချိန် အတွင်းဝန်မင်းကြီး အရေးမလှတော့သဖြင့် ထွက်ပြေးလာရခြင်းဖြစ်သည်။ အနက်ရောင်ခံတပ်ကြီးမှ ခပ်လှမ်းလှမ်းကိုရောက်သည့်အခါ ခံတပ်ကြီးကိုလှမ်းကြည့်လိုက်မိသည်။ ငခမ်းတစ်ယောက် လင်းနို့တောင်ပံကြီးဖြင့် မိုးပေါ်သို့ပျံတက်သွားပြီး တစ်ဖန်လျှင်မြန်သောအရှိန်နှုန်းဖြင့် အောက်သို့ကျဆင်းလာသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် ကျယ်လောင်သည့် အသံကြီးကိုကြားလိုက်ရပြီး မြေငလျင်တစ်ချက်လှုပ်ခတ်သွားလေသည်။ ပျံချီလည်း မြင်းကိုအမြန်မောင်းနှင်လိုက်ပြီး အိမ်သို့ပြန်လာခဲ့သည်။
သို့သော် အိမ်အနီးရောက်ချိန်တွင် ပျံချီက ပုန်းကွယ်ရင်း အခြေအနေကို အကဲခတ်လိုက်သည်။ အိမ်ပတ်ဝန်းကျင်တွင် ဓါးကိုင်ထားသည့်လူတစ်ချို့က မယောင်မလည်လုပ်နေကြသည်ကိုတွေ့လိုက်ရသည်။ အချို့လူများမှာမြင်ကွန်းမင်းသားကြီး၏ လူယုံများဖြစ်နေသည်။ ပျံချီ ထွက်ပြေးရန်ကြိုးစားလိုက်သော်လည်း မြင်းကွန်းမင်းသားကြီး၏ လူယုံများက အိမ်အတွင်းမှ သူ့မိန်းမနှင့် ကလေးကို ဆွဲထုတ်လာသည်ကိုမြင်တွေ့လိုက်ရသည်။ သူ့မိန်းမအား ဆံထုံးမှဆွဲချလာပြီး လှေကားအတိုင်းတရွတ်တိုက်ဆွဲချလာကာ အိမ်ရှေ့မြေပြင်တွင် ဆောင့်တွန်းလှဲလိုက်သည်။ လေးနှစ်ခန့်ရှိသည့် ကလေးငယ်ကလေးကိုတော့ လှေကားထိပ်မှကန်ချလိုက်သည့်အခါ ပျံချီ၏ သားကလေးမှာ လှေကားအတိုင်း လိမ့်ဆင်းကျလာပြီး လှေကားခြေရင်းတွင် ပြုတ်ကျကာ အော်ဟစ်နေလေသည်။ ပျံချီ၏ ဇနီးက ကလေးဆီသို့ သွားသည့်အခါ လူမိုက်တစ်ယောက်က ပျံချီဇနီးသည်၏ ရင်၀ကိုဆောင့်ကန်လိုက်ပြီးနောက် ကလေးလေး၏လည်ပင်းကို ဓါးဖြင့်တင်ထားလိုက်သည်။
“သား . . .”
ပျံချီက အော်ဟစ်လိုက်ပြီးနောက် ခြံဝန်းအတွင်းသို့ ခုန်ပျံကျော်ဝင်သွားသည်။ ဓါးကိုင်ထားသည့်လူထံသို့ ပြေးလွှားလိုက်ကာ ထိုလူအားလက်သီးဖြင့်အဆက်မပြတ်ထိုးနှက်လိုက်လေသည်။ ထိုအခါ အိမ်အတွင်းမှ ဓါးလှံလက်နက်များကိုင်ဆောင်ထားသည့်လူများက ထွက်လာကြသိလို၊ ခြံပြင်မှလည်း ပုန်းအောင်းနေသည့် လူများက ထွက်လာပြီး ပျံချီအား ဝန်းရံထားလိုက်သည်။ ထို့နောက် အိမ်ပေါ်မှ မြင်ကွန်းမင်းသားကြီးက တစ်လှမ်းချင်းဆင်းလာခဲ့လေသည်။
“ဟား၊ ဟား၊ မင်းချည်တိုင်ကိုတော့ ပြန်လာမယ်လို့ ငါတွေးမိပြီးသားပဲကွ”
“ချည်တိုင်တဲ့လား”
ပျံချီက ရေရွတ်လိုက်ပြီး လှေကားရင်းတွင်ကျနေသည့် သားဖြစ်သူကိုကောက်ချီလိုက်သည်။ သို့သော် သားဖြစ်သူမှာ ပျံချီအားတစ်ချက်ကြည့်လိုက်ပြီး မျက်နှာစိမ်းသဖြင့် ငိုကြွေးနေလေသည်။ ပျံချီ၏ဇနီးမှာ ပျံချီဘေးနားသို့ထလာပြီး ကလေးအားချော့မြူလိုက်သည်။
“သားရယ် ငိုမနေစမ်းပါနဲ့၊ အဲဒါမင်းအဖေကွဲ့”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဖေက ဒီလိုမဟုတ်ဘူး”
ထိုအခါ မြင်ကွန်းမင်းသားကြီးက အလွန်ကျေနပ်စွာ ပြုံးနေလေသည်။
“ဟား၊ ဟား မိသားစုဆိုတာ ချည်တိုင်ပဲကွ”
ပျံချီဇနီးသည်က ပျံချီအားပွေ့ဖက်လိုက်ပြီး
“အကို၊ အကိုဘယ်တွေသွားနေတာလဲ၊ သုံးနှစ်ကျော်ကြာမှပဲ အကိုပြန်လာတော့တယ်နော်”
“တောင်းပန်ပါတယ်မိန်းမရာ၊ အကိုတောင်းပန်ပါတယ်”
မြင်ကွန်းမင်းသားကြီးက လှေကားအတိုင်းဆင်းသက်လာပြီး
“မိသားစုပြန်လည်တွေ့ဆုံတာကိုတော့ မဖျက်ဆီးချင်ပါဘူးကွာ၊ ဒါပေမယ့် မင်းကိုတော့ အပြစ်ပေးရမယ်ပျံချီ၊ ဒီနေ့အရေးမှာ မင်းအသုံးမကျလို့ ငါဘုရင်မဖြစ်တာကွ”
ပျံချီက ဒူးထောက်ထိုင်ချလိုက်သည်။ မြင်ကွန်းမင်းသားကြီးက လက်ဝါးဖြန့်ပြီး လက်ကမ်းလိုက်သည့်အခါ ငဖြူသီးက မြင်ကွန်းမင်းသားကြီးလက်စွဲ ရာမာယန ဓါးကိုလှမ်းပေးလိုက်သည်။ မြင်ကွန်းမင်းသားကြီးက ဓါးအိမ်မှ ဓါးကိုဆွဲချွတ်လိုက်သည်။ ငွေရောင်တောက်ပနေသည့် ဓါးတစ်လက်ဖြစ်ပြီး ဓါးအရွက်တွင် ရာမာယနဇတ်တော်ကို သွန်းလုပ်အလှဆင်ထားသည့် ဓါးကောင်းတစ်လက်ဖြစ်သည်။
“ကျုပ်. . ကျုပ်ကိုသတ်ချင်သတ်ပါ မင်းသားကြီး၊ ဒါပေမယ့် ကျုပ်မိသားစုကိုတော့ အလွတ်ပေးပါ”
မြင်ကွန်းမင်းသားကြီးက ခေါင်းခါလိုက်သည်။
“ပျင်းဖို့ကောင်းလိုက်တာကွာ၊ ငါတို့ကစားနည်းတစ်ခုကစားရအောင် ပျံချီရ”
မြင်းကွန်းမင်းသားကြီးက ဓါးကိုဝင့်လျှက်
“ဒီလိုလုပ်ကွာ၊ မင်းရဲ့သားကို မင်းပြန်သတ်မယ်ဆိုရင် မင်းကိုလဲငါမသတ်ဘူး၊ မင်းတို့တစ်မိသားစုလုံးကိုလည်းမသတ်ဘူး၊ မင်းရဲ့သားကို မသတ်ဘူးဆိုရင်၊ မင်းကိုလဲသတ်မယ်၊ တစ်မိသားစုလုံးကိုလည်းသတ်မယ်၊ ဘယ်လိုလဲ”
ထိုစဉ် လူမိုက်များက ပျံချီ၏အိမ်ပေါ်မှ ကျွန်ယုံများ၊ ပျံချီဇနီး၏ မိဘများနှင့် မောင်နှမသားချင်းများကို ဆွဲခေါ်လာကာ မြေပြင်တွင် ဒူးထောက်ထိုင်ခိုင်းလိုက်သည်။ ထိုလူများ၏ လည်ပင်းကိုလည်း လူမိုက်များက ဓါးဖြင့်ချိန်ရွယ်ထားသဖြင့် ထိုလူများမှာအလွန်တုန်လှုပ်နေကြသည်။
မြင်ကွန်းမင်းသားကြီးက သေနတ်အတိုကလေးတစ်လက်ကို ပျံချီထံသို့ လှမ်းပေးလိုက်သည်။
“သိပ်တော့မစဉ်းစားနဲ့၊ ငါအချိန်သိပ်မရဘူး”
(၂)
ပျံချီမှာတွေးရခက်နေပြီဖြစ်သည်။ သေနတ်ကိုင်ထားရင်း သူချီထားသည့် သူ့သားကိုပြန်ကြည့်လိုက်သည်၊ ထိုအခါ သူ့ဇနီးက သားဖြစ်သူကိုဆွဲလုယူလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။
“အကိုမလုပ်နဲ့၊ သားကိုမလုပ်နဲ့”
“မိန်းမ မင်းအသာနေစမ်း၊ သားသမီးဆိုတာ ပြန်မွေးလို့ရတယ်၊ ငါ့ကို သားကလေးပေးစမ်း”
“မပေးဘူးအကို၊ မပေးဘူး၊ အကိုပစ်ချင်ရင် နှမကိုပါ ဖောက်အောင်ပစ်”
ပျံချီ၏ဇနီးက တစ်ဖက်သို့ပြန်မလှည့်ပေ။ မြင်ကွန်းမင်းသားကြီးက ထိုအဖြစ်ကိုကြည့်ရင်း ရယ်မောနေလေသည်။
“ပျံချီ၊ မင်းပစ်စရာရှိတာ မြန်မြန်ပစ်၊ မင်းမပစ်ရင် မင်းတို့တစ်မိသားစုလုံးကို သတ်မှာနော်”
ပျံချီသေနတ်ကြီးကိုင်ပြီးတွေဝေနေသည်။ နောက်တော့ သူ့ဇနီးသည်ကိုအတင်းလှမ်းဆွဲကာ ဆွဲလှန်လိုက်ပြီး သူ့သားအားဆွဲယူလိုက်လေသည်။ သားဖြစ်သူမှာ ငိုကြွေးလျှက် ပျံချီ၏လက်အတွင်းသို့ပါလာခဲ့သည်။ ပျံချီက ကလေးငယ်၏ နဖူးကို သေနတ်ဖြင့်ထိုးချိန်ထားလိုက်သည်။ ထို့နောက် အံကိုကြိတ်လိုက်သည်။
“အကို၊ မလုပ်နဲ့၊ အကို”
ပျံချီဇနီးကပြေးလာသဖြင့် လူမိုက်များက ဖမ်းဆွဲထားလိုက်သည်။
“ဟေ့ကောင်ပျံချီ၊ ပစ်စရာရှိတာ မြန်မြန်ပစ်တော့”
ပျံချီစဉ်းစားရင်း ငိုယိုနေသည့် သားဖြစ်သူမျက်နှာကိုကြည့်နေမိသည်။ သားဖြစ်သူက သူနှင့်အတော်တူသည်။ သူငယ်စဉ်က ရုပ်မျိုးပင်ဖြစ်သည်။ ပျံချီသေနတ်မောင်းခလုပ်ကိုကိုင်ထားရင်း လက်တွေတုန်ယင်လာသည်။
“သား၊ အဖေ့ကိုခွင့်လွှတ်ပါကွာ”
ထို့နောက် ပျံချီက မြင်ကွန်းမင်းသားကြီးကို ရုတ်တရက် သေနတ်နှင့်ထိုးချိန်လိုက်ပြီး ခလုပ်မောင်းကိုနှိပ်ချလိုက်လေသည်။
“ချောက်”
ပျံချီသေနတ်က ကျည်မထွက်ပေ၊ ပျံချီမှာမယုံနိုင်သေးသဖြင့် နောက်တစ်ချက်ထပ်နှိပ်လိုက်ပြန်သည်။
“ချောက် . . ချောက်”
သုံးလေးချက် ဆက်တိုက်နှိပ်သော်လည်း ကျည်ကထွက်မလာပေ၊ မြင်ကွန်းမင်းသားကြီး ပြုံးလျှက်ကြည့်နေလေသည်။ ထို့နောက် ပျံချီ၏အနားသို့ တိုးလာခဲ့ပြီး ပျံချီလက်ထဲမှ သေနတ်ကိုလုယူလိုက်သည်။
“ပျံချီရာ၊ မင်းကများငါ့ကို သေနတ်နဲ့ပစ်ချင်သေးတာလားကွ”
မြင်ကွန်းမင်းသားကြီးက သေနတ်ကိုပျံချီ၏ဇနီးသည်ထံသို့ ထိုးချိန်လိုက်ပြီး ခလုပ်နှိပ်ချလိုက်သည်။ ထိုအခါ သေနတ်မှာ ဒိုင်းခနဲကျည်ထွက်သွားပြီး ပျံချီဇနီးကိုထိမှန်သွားကာ အနောက်သို့လန်ပြီး လဲကျသွားလေသည်။ မြင်ကွန်းမင်းသားကြီးက သေနတ်ပစ်ပြီးသောအခါ ထိုသေနတ်ကိုမြေကြီးတွင်ပစ်ချလိုက်သည်။
“ဟောဒီဓါးက ကျည်ပြီးသေနတ်ပြီးတယ်ကွ၊ ပျံချီရ၊ ကိုင်း၊ မင်းရဲ့စိတ်ကို သိရပြီဆိုတော့ မင်းတို့အားလုံးကို ငါစီရင်တော့မယ်”
ပျံချီက ကလေးကိုပိုက်လျက် မြင်ကွန်းမင်းသားကြီး၏ ခြေသလုံးကိုပြေးဖက်လိုက်သည်။
“ကျုပ်ကိုသတ်ချင်သတ်ပါ မင်းသားကြီးရာ၊ ဒါပေမယ့် ကျုပ်မိသားစုကိုတော့ ချမ်းသာပေးပါ”
“ပျံချီရာ ငါကရန်သူကိုမွေးမလားကွ၊ မင်းကိုသတ်ပြီး မင်းမိသားစုကိုလွှတ်ပေးလိုက်ရင်၊ မင်းရဲ့သားကြီးလာတဲ့အခါ ငါ့ကိုပြန်သတ်ဖို့ ကြိုးစားမှာပေါ့ကွ”
မြင်းကွန်းမင်းသားကြီးက ပျံချီ၏ရင်၀ကိုဆောင့်ကန်ထည့်လိုက်သည့်အခါ ပျံချီတို့သားအဖ အနောက်သို့လဲကျသွားသည်။ တစ်ချိန်တည်းမှာပင် မင်းသားကြီးက ပျံချီအား ဓါးဖြင့်လွှဲခုတ်လိုက်လေသည်။ ပျံချီလည်း မျက်လုံးကိုသာမှိတ်ချလိုက်တော့သည်။
“ချွင်”
ဓါးချင်းဓါးချင်း ထိသည့်အသံကိုကြားလိုက်ရပြီးသည့်နောက် လူတစ်ယောက်က လျှင်မြန်စွာဖြင့်ပြေးဝင်လာလေသည်။ ပျံချီမျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ အနက်ရောင်ဝတ်ရုံကြီးကိုဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုံးအုပ်ထားသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူက ဓါးမြှောင်ကလေးဖြင့် မြင်ကွန်းမင်းသားကြီး၏ ဓါးကိုခုခံနေလေသည်။ ထိုလူနှင့်သုံးကွက်ခန့် တိုက်ခိုက်ပြီးသည့်အခါ မြင်ကွန်းမင်းသားကြီးမှာ ထိုလူ၏သိုင်းပညာကို မယှဉ်ဝံ့မှန်းသိသွားသဖြင့် အနောက်သို့ခုန်ဆုတ်သွားသည်။ မြင်ကွန်းမင်းသားကြီး၏ လက်စွဲတော် ငဖြူသီးက အရှေ့သို့ခုန်ဝင်လာကာ ဝတ်ရုံနက်နှင့်လူအား တိုက်ခိုက်တော့သည်။ ထိုအခါ လူမိုက်နှစ်ယောက်က ပျံချီတို့သားအဖထံသို့လှံများဖြင့် ပြေးဝင်လာကြရာ ဝတ်ရုံနက်နှင့်လူက ထိုလူနှစ်ယောက်အား ဓါးမြှောင်ကလေးနှစ်ချောင်းဖြင့် တစ်ပြိုင်နက်တည်းပစ်ခတ်လိုက်လေသည်။ ထို့နောက် ဓါးမြှောင်ကလေးများမှာ ပြာလဲ့လဲ့ လင်းလက်သွားပြီး ဝတ်ရုံနက်ထံသို့ ပြန်လည်ရောက်ရှိသွားလေသည်။
“ဟင်၊ ပျံလွှား၊ ပျံလွှားပါလား”
ဝတ်ရုံနက်က ငဖြူသီး၏ ရင်၀ကိုဖနောင့်နှင့်ပေါက်ထည့်လိုက်သဖြင့် ငဖြူသီးအနောက်သို့ယိမ်းယိုင်သွားသည်။ ဝတ်ရုံနက်က ပျံချီ၏အနီးသို့တိုးကပ်လာလေသည်။
“ပျံချီ၊ မင်းပြေးတော့၊ ငါခုခံထားလိုက်မယ်”
“ပျံလွှား၊ မင်းတကယ် ငါ့ကိုပြန်လာကယ်တယ်နော်”
“မင်းနဲ့ငါက အမြင်ချင်းမတူကြပေမယ့် ညီအကိုသံယောဇဉ်တော့ရှိပါသေးတယ်၊ ငါကမင်းကိုအမြဲတမ်း အကိုတစ်ယောက်လို သဘောထားပါတယ်ကွာ”
ပျံချီ နောင်တများရမိနေသည်။
“မလုပ်နဲ့ပျံလွှား၊ ဒီလူတွေအားလုံးကို မင်းတစ်ယောက်တည်းရင်မဆိုင်နိုင်ဘူး”
“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ”
မြင်ကွန်းမင်းသားကြီး၏ လူမိုက်များမှာ ပျံလွှားအားကြောက်လန့်နေသဖြင့် ဝင်မတိုက်ခိုက်ရဲသေးပေ။
“ငါမင်းကို အကူအညီတစ်ခုတောင်းချင်တယ်ပျံလွှား၊ ဒါငါ့ဘ၀မှာ မင်းကိုပထမဆုံးနဲ့ နောက်ဆုံးအနေနဲကတောင်းခဲ့ဖူးတဲ့အကူအညီပဲ”
“ငါဘာကူညီရမလဲ ပျံချီ”
“ငါ့သားလေးကို မင်းခေါ်ပြီးပြေးတော့”
“မင်းကရောပျံချီ”
“ငါ့အကြောင်းငါသိပါတယ်ပျံလွှားရာ၊ ငါ့သားကလေးကိုပဲခေါ်သွားစမ်းပါ၊ ပြီးတော့ငါ့သားကလေးကို တောရွာကလေးမှာ အခြေချစေပြီး ဘ၀ကိုအေးအေးဆေးဆေး တောင်သူအနေနဲ့ပဲ ဖြတ်သန်းခိုင်းပါကွာ၊ မင်းမှုထမ်းအလုပ်ကို ဘယ်တော့မှ မလုပ်ခိုင်းပါနဲ့တော့”
ပျံလွှားက ခေါင်းညိတ်လိုက်ပြီး ပျံချီထံမှ ကလေးကိုယူလိုက်ကာ နောက်ကျောကုန်းတွင်ပိုးလိုက်သည်။ ပျံချီက ပျံလွှားဝတ်ထားသည့် ဝတ်ရုံစကြီးဖြင့် ကလေးအား အသေအချာချည်နှောင်ပေးလိုက်သည်။
“ဟား၊ ဟား မင်းတို့နှစ်ယောက်၊ လူငါးဆယ်လောက်ရဲ့လက်ထဲကနေ ပြေးလို့လွတ်မလားကွ”
ပျံချီက ရယ်မောလိုက်ပြီး
“ဟား၊ ဟား၊ ကျုပ်မလွတ်ပေမယ့်၊ သူလွတ်ပါတယ်”
ပျံချီက လူမိုက်များထံသို့ ပြေးခုန်ဝင်သွားပြီး လက်နက်မဲ့တိုက်ခိုက်တော့သည်။ ပျံလွှားလည်း အချိန်ဆွဲမနေတော့ဘဲ လေဟုန်ခွင်းသိုင်းကွက်ကို အသုံးပြုလိုက်ကာ ထိုနေရာမှ လျှင်မြန်စွာထွက်ခွာလာခဲ့သည်။ သူ့နောက်ကျောမှ ပျံချီ၏သားကလေးမှာ ငိုကြွေးလျှက်ပါလာခဲ့လေသည်။ (ဇာတ်လမ်းသဘောအရ ပျံချီက စည်သူကိုလုပ်ကြံခဲ့ပုံများကို ပျံလွှားမသိခဲ့ပါ)
“ဒိုင်း”
ပျံချီတိုက်ခိုက်နေစဉ် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ သူ့ရင်ဘတ်ကို ကျည်ဆန်က ဖောက်ထွင်းဝင်ရောက်သွားလေသည်။ ထိုစဉ် လူမိုက်တစ်ယောက်က ပျံချီ၏ လက်ယာနံစောင်းကို လှံဖြင့်ဝင်ထိုးထည့်လိုက်သည်။ နောက်ထပ်လူမိုက်တစ်ယောက်ကလည်း ပျံချီ၏ လက်ဝဲဘက်ဝမ်းဗိုက်စောင်းကို ဓါးဖြင့်ထိုးထည့်လိုက်သည်။ ပျံချီ၏ပါးစပ်မှ သွေးများစီးကျလာလေသည်။
“ဟေ့ကောင်တွေ၊ ဒီကောင့်ကို ငါသတ်မယ်”
မြင်ကွန်းမင်းသားကြီးက ပြေးလာလေသည်။ ပျံချီက အသံနက်ကြီးဖြင့် ရယ်မောလိုက်လေသည်။ ရယ်မောလို့မဆုံးသေးခင်မှာပင် မြင်ကွန်းမင်းသားကြီး၏ ရာမာယနဓါးမှာ ပျံချီ၏ကိုယ်လုံးအား ဦးခေါင်းထိပ်မှ ဖြတ်သန်းသွားပြီး ပေါင်ကြားအရောက်တွင်အဆုံးသတ်သွားခဲ့သည်။ ပျံချီတစ်ယောက် ရယ်မောနေရင်းပင် ကိုယ်နှစ်ခြမ်းကွဲကာ လဲကျသွားတော့သည်။
“လိုက်ကြဟေ့၊ ဟိုကောင့်နောက် လိုက်ဖို့လုပ်ကြ”
ငဖြူသီးက လူမိုက်များကိုအမိန့်ပေးလိုက်သည်။ မြင်ကွန်းမင်းသားကြီးက ငဖြူသီးလက်ကိုဆွဲလိုက်ပြီး
“အချိန်အတော်လင့်နေပြီကွ၊ မလိုက်ခိုင်းနဲ့တော့”
ငဖြူသီးပင် အံ့ဩသွားရသည်။ မြင်ကွန်းမင်းသားကြီးက
“ဒီကောင်လေးလောက်ကတော့ ကျုပ်တို့ကိုရန်မပြုနိုင်လောက်တော့ပါဘူး၊ နောက်ပြီး ညောင်ပင်ရိပ်မှာ စားသောက်ပွဲရှိတယ်မဟုတ်လား၊ မြို့တံခါးမပိတ်ခင် မြို့ထဲကထွက်ကြစို့”
လူမိုက်များက အော်ဟစ်လိုက်ကြသည်။ မြင်ကွန်းမင်းသားကြီးက ပျံချီ၏ကျန်နေသည့်မိသားစုဝင်များဘက်သို့လှည့်ကြည့်လိုက်ပြီး လက်ကိုဓါးခုတ်သည့်ပုံစံ ဟန်အမူအရာလုပ်ပြလိုက်သည်နှင့် လူမိုက်များက ပျံချီ၏မိသားစုဝင်များအား ဓါးဖြင့်ဝိုင်းခုတ်သတ်ကြလေသည်။
မြင်ကွန်းမင်းသားကြီးတို့အဖွဲ့ ညောင်ပင်ရိပ်သို့ရောက်သည့်အခါ မိုးအတော်ချုပ်နေပြီဖြစ်သည်။ ညောင်ပင်ရိပ်တွင် တစ်ချိန်က စားတဲကြီးတစ်ခုရှိပြီး နေ့ရောညပါစည်ကားနေတတ်သော်လည်း လွန်ခဲ့သည့်နှစ်များအတွင်းက ထိုစားတဲကြီးတွင် လူသတ်ပွဲကြီးဖြစ်ပွားခဲ့ပြီး လင်းနို့သွမ်းကြီးပေါ်ပေါက်ခဲ့ဖူးသဖြင့် အခုတော့ မည်သူမှမရှိတော့သည့် နေရာဟောင်းကြီးတစ်ခုသာဖြစ်နေတော့သည်။ နေ့ခင်းကြောင်တောင်ပင် ထိုနေရာတွင် သရဲခြောက်သည်ဟုဆိုကြသဖြင့် မည်သူမှ မသွားဝံ့ကြပေ၊ သို့သော် ယခုတော့ ညောင်ပင်ရိပ်အောက်တွင် ဖျာကြမ်းကြီးများခင်းထားပြီး ကညင်ဆီမီးတိုင်ကြီးများကိုလည်း ပတ်ပတ်လည်ထွန်းညှိထားသဖြင့် ထိန်လင်းနေလေသည်။
ဖျာကြမ်းကြီးများပေါ်တွင် ဒေါင်းလန်းကြီးများခင်းထားကာ အမျိုးစုံသောစားသောက်ဖွယ်ရာများနှင့် အဖျော်ယမကာများကိုလည်း အိုးကြီးအိုးငယ်များနှင့် ချပေးထားကြသည်။ လူမိုက်များမှာ ထိုနေရာသို့ရောက်သည်နှင့် သူ့ထက်ငါ အလုအယက်ဝိုင်းထိုင်လိုက်ကြသလို ယမကာများကိုလည်း အငမ်းမရသောက်သုံးလိုက်ကြပြီး အစားအသောက်များကိုလည်း ဘီလူးသရဲစီးသည့်အလား စားသောက်ကြလေသည်။
မြင်ကွန်းမင်းသားကြီးက မတ်တပ်ရပ်လိုက်ပြီး ယမကာခွက်ကိုကိုင်ထားသည်။ သူ့ဘေးတွင်လည်း ငဖြူသီးက ယမကာခွက်ကိုကိုင်ကာ ရပ်နေလေသည်။ မြင်ကွန်းမင်းသားကြီးက ခွက်ကိုမြှောက်လိုက်ပြီး
“ကိုင်း၊ ဒီနေ့တော့ မောင်မင်းတို့ တာဝန်ကျေခဲ့တယ်၊ လုပ်ကြံမှုမအောင်မြင်ပေမယ့် ငါ့အပြစ်မဖြစ်တဲ့အပြင် ဆုတွေလာဘ်တွေတောင် ရခဲ့တယ်မဟုတ်လား၊ ဒီအတွက် ငါအလွန်ဝမ်းမြောက်တယ်၊ ဒီတော့ ငါတို့အောင်ပွဲခံတဲ့အနေနဲ့ ဒီညတော့ အကြိုက်စား၊ အကြိုက်သောက်ကြမယ်ဟေ့”
လူမိုက်များက အော်ဟစ်ပြီး ယမကာခွက်များကို မော့သောက်လိုက်ကြသည်။ ငဖြူသီးက ယမကာခွက်ကိုသောက်မည်ပြုစဉ်တွင် မြင်ကွန်းမင်းသားကြီးက ငဖြူသီးအားတားမြစ်လိုက်သည်။
“ဟေ့ကောင်၊ မင်းမသောက်နဲ့”
ငဖြူသီးမှာ ပြူးကြောင်ကြောင်ဖြင့်
“ဘာဖြစ်လို့ပါလဲ မင်းသားကြီး”
“မသောက်နဲ့ဆို မသောက်နဲ့ပေါ့ကွ”
မြင်ကွန်းမင်းသားကြီးက သူ့လက်အတွင်းကိုင်ထားသည့် ယမကာခွက်ကိုလည်း မြေပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက် မြင်းပေါ်တက်လိုက်သည့်အခါ ငဖြူသီးလည်း မြင်းပေါ်သို့တက်လိုက်ရလေသည်။
“ဘယ်သွားမလို့လဲ မင်းသားကြီး”
“မြို့ထဲပြန်ဝင်မယ်ကွာ၊ အနောက်ဘက်တံခါးမှူးကို ငါလဘ်ထိုးထားတယ်၊ ငါတို့ ဒီကနေ မြန်မြန်သွားရအောင်”
မြင်ကွန်းမင်းသားကြီးက မြင်းကိုအသော့နှင်ထွက်သွားသည်။ ငဖြူသီးက ဘာမှနားမလည်နိုင်တော့ပေ၊ ထိုစဉ် စားသောက်ဝိုင်းက ရုတ်ရုတ်သဲသဲဖြစ်လာသည်။ စားသောက်နေသည့် လူမိုက်အချို့မှာ မျက်လုံးများပြူးထွက်လာပြီး သူတို့လည်ပင်းကိုသူတို့ ကိုင်ထားကြသည်။ အချို့လူမိုက်များကတော့ ဝေါခနဲထိုးအန်လိုက်ကြသည်။ အန်လိုက်သည့်အခါတွင်လည်း သွေးများသာ အန်ကြခြင်းဖြစ်သည်။ လူမိုက်များမှာ အော်ဟစ်လျှက် မတ်တပ်ထရပ်လိုက်ကြသည်။ သို့သော် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ လဲကျကာ ဆန့်ငင်ဆန့်ငင်ဖြစ်ကုန်ကြသည်။ ငဖြူသီးလည်း ကြောက်လန့်ပြီး မြင်းကိုအမြန်မောင်းနှင်လိုက်လေသည်။
ငဖြူသီးက မြင်ကွန်းမင်းသားကြီး၏ မြင်းအနားသို့တိုးကပ်လိုက်သည်။
“သူတို့ အဆိပ်မိကုန်တယ်ထင်တာပါပဲဘုရား”
“ငါက တမင်အဆိပ်ခတ်လိုက်တာကွ၊ ဒီကောင်တွေကို နှုတ်ပိတ်လိုက်တဲ့သဘောပေါ့ကွာ”
“ဒီလူတွေက မင်းသားကြီးရဲ့ လက်ရုံး၊ အတော်ဆုံးလူတွေလေ မင်းသားကြီးရဲ့”
“လူဆိုတာ ပြန်စုလို့ရပါတယ်ကွ၊ ကနောင်မင်းသားကြီး ငါ့ကိုကြည့်သွားတာကို ငါတော့သိပ်မကျေနပ်ဘူးကွ၊ ကြိမ်းသေပေါက် သူက စုံစမ်းမှုတွေလုပ်မှာပဲ၊ ဒီကောင်တွေသာ အသက်ရှိနေရင် သူတို့ထဲက တစ်ယောက်ယောက်က ငါလုပ်တာပါလို့ ပြောလိုက်ရင်၊ ငါတော့ ဘုရင်မဖြစ်ဘဲ ဧရာ၀တီမြစ်ထဲ ရေချခံနေရမယ်ကွ”
မြင်ကွန်းမင်းသားကြီးနှင့် ငဖြူသီးတို့လည်း မြင်းကိုအမြန်မောင်းနှင်လိုက်ကြသည်။ ကညင်ဆီမီးတိုင်များနှင့် ထိန်ထိန်လင်းနေသည့် စားသောက်ပွဲကြီးမှာ အခုတော့ လူများအစုလိုက်အပြုံလိုက် သေဆုံးနေသည့် သချိုင်းကုန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
(၃)
ညချမ်းအချိန်တွင် ဧရာ၀တီမြစ်ရေပြင်ကြီးက ငြိမ်သက်နေလေသည်။ ရေကျချိန်ဖြစ်သဖြင့် မြစ်လယ်တွင် သောင်အချို့ထွန်းနေလေသည်။ သို့သော် ထိုငြိမ်သက်နေသည့် ရေမျက်နှာပြင်အောက်တွင် ကြီးမားသည့်အရာကြီးတစ်ခုက ကူးခတ်နေလေသည်။
စည်သူက လှေဆိပ်သို့ဆင်းခဲ့သည်။ လှေဆိပ်တွင် လှေသမားအများအပြားရှိသည့် တဲကလေးတစ်ခုရှိသည်။ ညအချိန်မို့ လှေသမားများက စုရုံးကာ စကားပြောဆိုနေကြသည်။ စည်သူက လှေသမားများထံသို့သွားလိုက်ပြီး
“ငါ့ကို ဟိုဖက်ကမ်းကိုဘယ်သူပို့ပေးမလဲ၊ အသပြာငါးဆယ်ပေးမယ်”
လှေသမားများက စည်သူအားကြည့်လိုက်ကာ ခေါင်းခါကြသည်။
“အသပြာတစ်ထောင်ပေးရင်တောင် မလိုက်ဘူးဗျို့၊ ရေထဲက မိစ္ဆာကောင်ကြီးအကြောင်းကို ခင်ဗျားမသိသေးဘူးလား”
စည်သူက ခေါင်းခါလိုက်သည်။
“အင်းပေါ့လေ၊ အခုညနေပဲဖြစ်သွားတာဆိုတော့ လူတွေဘယ်သိကြအုံးမှာလဲ၊ အဲဒီအကောင်ကြီးက တော်တော်ကြီးတဲ့အကောင်ကြီးဗျာ၊ ညနေကပဲ ရွက်လှေကြီးတစ်စင်းကို ရိုက်ချိုးပြီး လှေပေါ်မှာပါလာတဲ့လူတွေကို စားသောက်သွားတယ်”
လှေသမားတစ်ယောက်ကလည်း
“ဟုတ်တယ်၊ ကျုပ်တို့ဖြင့် အခုညအချိန်ကြီးမပြောနဲ့ မနက်ဖြန်မနက်တောင်မှ လှေမထွက်ဝံ့တော့ဘူးဗျို့”
“ဒါဆိုဘယ်လိုလုပ်မလဲ၊ ငါကလည်း အလျှင်လိုနေတာ”
“ခင်ဗျားမြန်မြန်သေချင်တယ်ဆိုရင်တော့ သွားသာသွားဗျို့”
“ကောင်းပြီလေ၊ ကျုပ်ကိုလှေတစ်စင်းငှားလိုက်၊ ရော့ အသပြာသုံးဆယ်ပေးမယ်”
အသပြာသုံးဆယ်မှာ လှေတစ်စင်းခန့်ဝယ်ယူရနိုင်သဖြင့် လှေသမားများသဘောတူလိုက်သည်။ စည်သူအား လှေတစ်စီးနှင့် တက်နှစ်ချောင်းပေးလိုက်ကာ ဆိပ်ကမ်းပေါ်မှကြည့်နေလေသည်။ စည်သူလည်း လှေပေါ်ကိုတက်လိုက်ပြီး လှေကိုလှော်ခတ်ရန်ပြင်ဆင်နေချိန်တွင် လူတစ်ယောက်က သူ့အနားလာရပ်သည်။
“နောင်ကြီး၊ ကျုပ်လဲ လှေကြုံစီးလို့ရမလားဗျ”
ဝတ်ရုံနက်ကြီးဝတ်ဆင်ထားပြီး ကလေးတစ်ယောက်ကိုချီပိုးထားသည့်လူတစ်ယောက်ဖြစ်နေသည်။ စည်သူက ခေါင်းညိတ်ပြလိုက်သည့်အခါ ထိုလူက လှေပေါ်မတက်ခင် သူ့နောက်ကျောမှ ကလေးငယ်ကိုဖြုတ်လိုက်ကာ လှေသမားများကိုပေးလိုက်သည်။ ကလေးငယ်မှာ အိပ်မောကျနေပြီဖြစ်သည်။
“ကျုပ်ပြန်လာမှယူမယ်”
လှေသမားတစ်ယောက်က ထိုကလေးကိုပွေ့ချီလိုက်ရင်း
“ခင်ဗျားတို့ ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲဗျ”
“ကျုပ်ဆက်ဆက်ပြန်လာခဲ့မှာပါ”
ဝတ်ရုံနက်ဝတ်ဆင်ထားသူက လှေပေါ်သို့ခုန်တက်လိုက်လေသည်။ ထိုအခါ စည်သူက လှေကိုတက်နှင့်လှော်ခတ်လိုက်ပြီး ကမ်းမှခွာလိုက်သည်။ ဝတ်ရုံနက်နှင့်လူကလည်း လှော်တက်တစ်ချောင်းဖြင့် အတူတူကူလှော်ပေးသည်။
“ငါတို့မတွေ့တာ တော်တော်ကြာပြီနော် ပျံလွှား”
စည်သူက ပြောဆိုလိုက်သဖြင့် ပျံလွှားအံ့အားသင့်သွားသည်။ ထို့နောက် လှေလှော်နေသည့်သူကို တစ်ချက်လှည့်ကြည့်လိုက်သည်။ လရောင်အောက်တွင် ထိုလူမျက်နှာကို အတိုင်းသားမြင်နေရသည်။ သို့သော် ပျံလွှားက ထိုလူကြီးကို သေသေချာချာကြည့်နေရင်း
“ခင်ဗျား၊ စည်သူမဟုတ်လား”
“ဟား၊ ဟား၊ ငါ့ကိုတောင် မမှတ်မိတော့ဘူးလားကွ ပျံလွှားရ”
စည်သူက ပြောဆိုနေသော်လည်း ပါးစပ်မလှုပ်ပေ။
“ခင်ဗျားမျက်လုံးတစ်ဖက်က ဘယ်ရောက်သွားတာလဲ”
စည်သူက ရယ်မောလိုက်ပြီး
“ငါ့ရဲ့ဝဋ်ကြွေးတွေကို ငါပြန်ခံလိုက်ရပါတယ်ဆိုပါတော့ကွာ၊ ဒါနဲ့ ဟိုကလေးက မင်းရဲ့ကလေးလား”
ပျံလွှားက ခေါင်းခါလိုက်သည်။
“ကျုပ်ကလေးမဟုတ်ဘူး၊ အဲဒါ ပျံချီရဲ့သား”
စည်သူမျက်လုံးပြူးသွားသည်။ ပျံလွှားက
“ကျုပ်နေပြည်တော်ကိုပြန်ရောက်တာ နှစ်ပတ်လောက်ရှိပြီ၊ ရောက်ပြီးတော့ အနက်ရောင်ခံတပ်ကြီးအနားမှာ စောင့်ကြည့်နေခဲ့တာပဲ၊ ဒီညနေပဲ ပျံချီကိုတွေ့လိုက်ရတာနဲ့ သူ့အနောက်ကိုလိုက်သွားတာ”
“ပျံချီအခုဘယ်မှာလဲ”
ပျံလွှားက စည်သူအမေးကိုခေါင်းခါလိုက်သည်။
“မရှိတော့ဘူး၊ မြင်ကွန်းမင်းသားကြီးက သူတို့တစ်အိမ်လုံးကိုရော သူ့ကိုရောသတ်လိုက်ပြီ”
စည်သူက သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်သည်။
“ကံစီမံရာအတိုင်းပေါ့ကွာ၊ ဒါနဲ့ မင်းကအခုဘယ်သွားမလို့လဲ ပျံလွှား”
ပျံလွှားက လှေကိုလှော်ခတ်နေရင်း
“ခင်ဗျားကရော ဘယ်ကိုသွားမလို့လဲ စည်သူ”
“ညနေက ဘူးလယ်အင်းထဲက မကာရမိစ္ဆာကောင်ကြီးလွတ်သွားတယ်ကွ၊ ငါအခုသူ့ဆီကိုသွားနေတာ၊ ဒီမိစ္ဆာကောင်ကြီးကိုနောက်ဆုံးအနေနဲ့ သွားပြီးဖမ်းမလို့”
“ဒါဆိုခင်ဗျားနဲ့ ကျုပ်နဲ့ အကြံတူနေပြီစည်သူ၊ ကျုပ်လဲ ဒီကောင်ကြီးဆီကိုလာခဲ့တာပဲ”
“ကြိုဆိုပါတယ် ပျံလွှားရာ၊ ဒီတစ်ခါတော့ ငါတို့အဖွဲ့တွေ ပြန်ဆုံပြီပေါ့”
ပျံလွှားက အံ့ဩသွားလေသည်။
“ငါတို့အဖွဲ့တွေဆိုတော့ ဘယ်သူရှိသေးလို့လဲ”
သူတို့လှေကလေး လှော်ခတ်လာရင်း မြစ်လယ်ရှိ သဲသောင်ခုံကြီးအနားသို့ရောက်လာခဲ့သည်။ ထိုအခါ သဲသောင်ခုံကြီးပေါ်မှ မီးရောင်ကလေးကိုမြင်လိုက်ရလေသည်။ စည်သူက ကမ်းကိုကပ်လိုက်သည့်အခါ လှေဦးကိုလူတစ်ယောက်က လာဆွဲပြီး လှေကိုသဲသောင်ပေါ်သို့ ဦးထိုးတင်လိုက်သည်။
“ခင်ဗျားပြောတာ့ တစ်ယောက်တည်းလာမှာဆို၊ အခုတော့ နှစ်ယောက်တောင်မှပါလား စည်သူ”
ပျံလွှားက လှေပေါ်မှခုန်ဆင်းလိုက်ပြီး ထိုလူကိုလရောင်အောက်တွင် အသေအချာကြည့်လိုက်သည်။ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးများနှင့်မို့ မျက်နှာကိုမနည်းဖမ်းနေရသည်။
“ဟင်၊ မုန်တိုင်းပါလား”
“ခင်ဗျားကျုပ်ကိုမမှတ်မိပေမယ့်၊ ကျုပ်ကတော့ ခင်ဗျားလှေပေါ်ပါလာကတည်းက ပျံလွှားဆိုတာ သိလိုက်တာပဲ”
ပျံလွှားက မုန်တိုင်းလက်ကိုဆွဲကိုင်လိုက်လေသည်။ သူတို့သုံးဦးသဲသောင်ပြင်ပေါ်တွင် ဆုံတွေ့ကြလေပြီ။
“ငါတို့လုပ်ဖော်ကိုင်ဖက်တွေ ပြန်ဆုံကြပြီပေါ့ကွာ”
မုန်တိုင်းက ပြုံးလိုက်ပြီး
“လုပ်ဖော်ကိုင်ဖက်တွေမဟုတ်ပါဘူးဗျာ၊ ကျုပ်တို့ ညီအကိုတွေပါဗျ”
တပို့တွဲလမို့ ရာသီဥတုက အလွန်အေးမြလှသည်။ သူတို့သုံးယောက်က မီးပုံတစ်ပုံဖိုလိုက်ကြပြီး မီးပုံဘေးတွင်ထိုင်လိုက်သည်။ မုန်တိုင်းက ခေါင်ရည်အိုးကလေးတစ်လုံးအား ပျံလွှားထံသို့ပစ်ပေးလိုက်သည်။ ပျံလွှားက ခေါင်ရည်ကိုတစ်ကျိုက်မော့သောက်လိုက်ပြီး စည်သူထံသို့ကမ်းပေးလိုက်ရာ စည်သူက ခေါင်းခါသည်။
“ငါမသောက်တော့ဘူး”
“ဒါနဲ့ နေပါအုံးမုန်တိုင်း၊ ခင်ဗျားက ကရင်နီကိုပြန်သွားတာမဟုတ်ဘူးလား”
“ဟုတ်တော့ဟုတ်ပါတယ်၊ ကျုပ်ပြန်သွားပြီး ဟိုမှာ မုဆိုးပြန်လုပ်နေခဲ့တာ၊ မုဆိုးလုပ်ရင်း တောတွင်းထွက်တဲ့ စပါးကြီးသည်းခြေ၊ ဝက်ဝံသည်းခြေတို့လို့ဟာတွေ ဒီမှာဈေးကောင်းတယ်ဆိုတာနဲ့လာဆင်းပြီးရောင်းတာ၊ ဖြစ်ချင်တော့ လူလိမ်ခံရပြီးတော့ ပြန်စရာငွေမရှိ၊ အကြွေးကလဲတင်သွားတာကြောင့် ဒီမြစ်ထဲမှာ လှေလှော်စားနေရတာပါပဲ”
ပျံလွှားက ခေါင်းညိတ်ပြီး စည်သူအားကြည့်လျှက်
“ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘယ်လိုချိတ်မိသွားတာလဲ”
“မုန်တိုင်းနဲ့ငါနဲ့ ဒီကိုလာတော့ လှေပေါ်မှာတွေ့ကြတာ၊ ငါ့စိတ်ထဲ တစ်ခုခုထူးဆန်းတာဖြစ်နေတာနဲ့ မုန်တိုင်းနဲ့ ဒီသောင်ပြင်မှာတွေ့ဖို့ မနက်ကတည်းက ချိန်းဆိုထားကြတာ”
“ဒါတော့ဒါပေါ့၊ ဒါပေမယ့် ခင်ဗျားပြောတဲ့အတိုင်း တကယ်ထူးဆန်းတယ်ဗျာ၊ ကျုပ်လှေထိုးနေတုန်း မကောင်းဆိုးဝါးကောင်ကြီး မြစ်ထဲကိုခုန်ချလာပြီးတော့ လှေကြီးတစ်စီးလုံးကို ဖျက်ပြီးစားပစ်လိုက်တာဗျာ၊ အချိန်ခဏလေးပဲ ကြာလိုက်တယ်”
မုန်တိုင်းက သူ့အတွေ့အကြုံကိုဝင်ပြောသည်။
“ဒါနဲ့ ဒီကောင်ကြီးအခုဘယ်မှာလဲ”
“လှေပေါ်က လူတွေကို တစ်၀တပြဲစားသောက်ပြီးတော့ မြစ်အောက်ခြေမှာ အိပ်နေရောပေါ့”
စည်သူက ခေါင်းညိတ်ရင်း
“မကာရမိစ္ဆာဆိုတာက တော်တော်စွမ်းတဲ့ မိစ္ဆာတစ်ကောင်ပဲ၊ ဒီအကောင်ကြီးက မိစ္ဆာဖမ်းတဲ့တပ်တွေ တန်ဖိုးထားတဲ့အကောင်ကြီးပဲ၊ ဒီအကောင်ကြီးနဲ့ ကျူးကျော်လာတဲ့ နယ်ချဲ့တွေရဲ့ သင်္ဘောတွေကို ဖျက်ဆီးပစ်ဖို့ဆိုပြီး မွေးမြူထားခဲ့တာပဲ၊ ဒါပေမယ့် အခုတော့ နယ်ချဲ့တွေနဲ့မတွေ့ခင် ကိုယ်တွေနဲ့အရင်တွေ့နေပြီပေါ့ကွာ”
သူတို့အားလုံးရယ်မောလိုက်ကြသည်။
“ငါတို့ဒီအကောင်ကြီးကိုရှင်းပစ်မှဖြစ်မယ်ကွ၊ ဒီအကောင်ကြီးသာ တစ်နေ့လှေတစ်စင်းနှုံးနဲ့ပဲစားကြည့်စမ်း၊ ဒီမြို့တော်မှာ နေမယ့်လူတောင် ရှိတော့မှာမဟုတ်ဘူးကွ”
ထိုစဉ်ကောင်းကင်ယံတွင် အရိပ်မည်းကြီးတစ်ခုကိုမြင်လိုက်ရသည်။ နောက်တော့ သူတို့အနားသို့ တစ်စုံတစ်ခုက ဖုတ်ခနဲပြုတ်ကျလာလေသည်။ သောင်ပြင်ကြီးတစ်ခုလုံးမြူထူတွေဆိုင်းနေသဖြင့် မည်သူမည်ဝါမှန်းကို ကွဲကွဲပြားပြားမမြင်ရပေ။ နောက်တော့ နှင်းမြူများကြားမှ လူတစ်ဦးထွက်လာသည်။
“ကျုပ်ရော ပါလို့ရရဲ့လား”
စည်သူ၊ ပျံလွှားနှင့် မုန်တိုင်းတို့သုံးဦး ထိုလူကိုကြည့်ပြီး ပြုံးလိုက်ကြသည်။ ထိုလူကတော့ အခြားသူမဟုတ်၊ လက်တစ်ဖက်ပြတ်နေသည့် ငခမ်းပင်ဖြစ်သည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။