(က)
နွေရာသီက ပူပြင်းလှသည်။ မိငယ်တို့ ဇီးတော ရွာကလေးက ပဲခူးတိုင်းအတွင်းတည်ရှိသည်။ စစ်တောင်းမြစ်ဝှမ်းဖြစ်ပြီး မြေပြန့်ဒေသဖြစ်သဖြင့် ယခုလို နွေကာလဆိုလျှင် အလွန်ပူပြင်းလှသည်။ ရိတ်သိမ်းထားသော မိုးစပါးတွေက ရိုးပြတ်တွေ တထောင်ထောင်နှင့် ခြောက်သွေ့နေသည်။ လယ်ကွင်းတွေက ကွင်းပြင်ကြီးတွေဖြစ်နေကာ အရိပ်မဲ့ပြီး တံလျှပ်တွေထနေသည်။ သူတို့ဒေသတွင် ရေအခက်အခဲရှိသဖြင့် နွေစပါးမစိုက်ကြ။ မြစ်ကမ်းနားသောင်ပြင်များတွင်သာ ကိုင်းသီးနှံများကို စိုက်ပျိုးကြသည်။
မိငယ်က ဇီးတောရွာ ဇာတိဖြစ်ပြီး တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်သည်။ ပဲခူးတက္ကသိုလ်တွင် ရူပဗေဒ မေဂျာဖြင့်တက်ရောက်နေသည်။ ကျောင်းဖွင့်သည့်အချိန် ပဲခူးတက္ကသိုလ်အနီးတွင် အဆောင်နေပြီး တက္ကသိုလ်တက်သည်။ သို့သော် ယခုလိုနွေပိတ်ရက်များတွင်တော့ ရွာပြန်ပြီးနေဖြစ်သည်။
မိငယ်က အထွေးဆုံးသမီးမို့ အဖေနှင့်အမေကရော၊ အမေကြီး(အဖွား)ကပါ မိငယ်ကို အလွန်ချစ်သည်။ မိငယ်တွင် အစ်မတစ်ယောက်သာရှိပြီး အစ်မက အစိုးရဝန်ထမ်းဖြစ်သဖြင့် တာဝန်ကျရာနေရာတွင် ရွှေ့ပြောင်းနေထိုင်ရသည်။ ထို့ကြောင့် မိငယ်ကို ကလေးဟု သဘောထားပြီး တစ်မိသားစုလုံးက ဝိုင်းချစ်ကြသည်။
ရွာတွင် နွေရက်ပြန်နားနေသည့်အခါ လုပ်စရာအလုပ်ကမရှိ၊ အဖေနှင့် အမေဘက်မှ ဦးကြီးက သဲသောင်ပြင်များတွင် ကိုင်းစိုက်ကြသည်။ အမေကတော့ အိမ်အလုပ်တွေလုပ်သည်။ မိငယ်ကတော့ အလုပ်မည်မည်ရရမရှိ၊ တစ်ခါတရံ မိငယ်က အမေချက်ပြုတ်လျှင် ဝင်ကူပေးရသည်။ ထို့ကြောင့် ရွာမှာ နေသည့်အခါ မိငယ်ပျင်းနေသည်။
ရွာတွင် စာကြည့်တိုက်အသေးလေးတစ်ခုရှိသဖြင့်သာတော်သေးသည်။ မိငယ်က နွေရာသီတွင် စာအုပ်များဖြင့်သာ အချိန်ကုန်နေသည်။ ထိုအချိန်က ခရစ်နှစ် ၂၀၁၁ ခုနှစ်ဖြစ်ပြီး ဇီးတောရွာကလေးက ဖွံဖြိုးတိုးတက်မှု အလွန်နောက်ကျသေးသည်။ ရွာတွင် လျှပ်စစ်မီးမရသေး။
ရွာတွင်ဖုန်းလိုင်းမမိ ဖုန်းပြောချင်လျှင် မြို့နှင့်နီးသော ရွာတွင် ဖုန်းသွားပြီးဆက်ရသည်။ ဖုန်းလည်း ထွေထွေထူးထူးဆက်စရာမရှိ၊ ကျောင်းတက်ချိန်၊ ကျောင်းအပ်ချိန်ကိုမှန်းပြီး မိငယ် ပဲခူးမြို့တက်မြဲဖြစ်သည်။
(ခ)
ဒီနှစ်မိငယ်ပြန်လာတော့ ရွာစာကြည့်တိုက်လေးမှာ စာအုပ်တွေ စုံနေသည်။ ပရဟိတအဖွဲ့တစ်ခုက လှူဒါန်းသွားခြင်းဖြစ်သည်။ အချစ်၊ အလွမ်း၊ ရသ၊ ပရလောက စာအုပ်တွေစုံသည်။ မဂ္ဂဇင်းတွေနဲ့ ကာတွန်းတွေလည်း စုံသည်။ မိငယ်တို့ရွာက စာကြည့်တိုက်လေးက အရင်က စာအုပ်သိပ်မစုံ။ စာကြည့်တိုက်တွင်ရှိသော စာအုပ်များ၊ ဘာသာရေး စာအုပ်များပင်မကျန် မိငယ်က နှစ်ခါလောက်တော့ ဖတ်ပြီးသားဖြစ်သည်။
“ဟဲ့ မိငယ် နေမြင့်နေပြီဟဲ့ ထတော့”
အဖွားက နှိုးလိုက်သဖြင့် မိငယ်က ကမန်းကတမ်းထလိုက်သည်။ အချိန်က မနက်၈နာရီသာရှိသေးသည်။ ဒီအချိန်က မြို့မှာတော့ နေမြင့်သည့်အချိန်မဟုတ်။ အချို့လူများဆို အိပ်ရာတောင်မထကျသေး။ မိငယ်က ထလိုက်ပြီး အညာစောင်ပါးလေးကို ခေါက်လိုက်သည်။ ထို့နောက် ခြင်ထောင်ကို အောက်ဖက်မှသိမ်းပြီး ခေါင်းရင်းတွင်လုံးထွေးကာ ထရံတွင်ကပ်ထားလိုက်သည်။
“ညည်းတို့ ခေတ်ကာလ သားသမီးတွေ ပျင်းကို ပျင်းလွန်းတယ်”
အဖွားက သနပ်ဖက် ဆေးလိပ်ကြီးတစ်လိပ်ကို ဖွာရင်းပြောလိုက်သည်။ အိမ်ရှေ့သစ်သားခုံရှည်လေးတွင် ခြေထောက်တင်ထိုင်ပြီး ဒူးတစ်ဖက်ကိုထောင်ထားကာ တံတောင်ဆစ်ကိုထိုဒူးပေါ်တင်ထားရင်း ဆေးလိပ်ကို ဟန်ပါပါဖွာနေသည်။ ချည်ရင်ဖုံးအဖြူကလေးနှင့် အညိုရောင်အစင်းများပါသည့် ထမီကိုဝတ်ကာ ပုခုံးတွင် နီညိုကွက် တဘက်တစ်ထည်ကိုတင်ထားပြီး ဘီးဆံပတ်ထုံးထားသည့် သနပ်ခါးအဖွေးသားနှင့်အဖွားကို ကြည့်ပြီး မိငယ်ပြုံးလိုက်မိသည်။
“မိငယ်မပျင်းပါဘူးအဖွားရဲ့၊ သူများတွေဆို မြို့မှာ ဒီအချိန်တောင် ထကြတာမဟုတ်ဘူး”
“အမလေး။ နေဖင်ထိုးအောင် အိပ်တဲ့ဟာတွေ ကိုယ်စောင့်နတ်ကျိန်ဆဲတာ ခံနေရမယ်”
အဖွားက ပြောလိုက်ရင်း ဆေးလိပ်ဖွာနေသည်။ အဖွားပြောတာလည်းမှန်သည်။ နွေရာသီမို့ နေရောင်ခြည်က ပူပြင်းပြီး အလွန်လင်းလက်တောက်ပနေသည်။ မနက်ရှစ် နာရီခန့်သာရှိသော်လည်း ပတ်ဝန်းကျင်က ပူနေပြီဖြစ်သည်။
“အဖွား ခဏနေဦးနော် မိငယ် မျက်နှာသစ်လိုက်ဦးမယ်”
အဖွားက ဘာမှပြန်မပြောတော့ဘဲ မျက်စောင်းတစ်ချက်သာထိုးလိုက်သည်။
မိငယ်က ရာဝင်အိုးကြီးနားသွားကာ ရေခပ်ပြီးမျက်နှာသစ်သွားတိုက်လိုက်သည်။ ပြီးတော့ အိမ်ပေါ်ထပ်ကိုပြေးတက်လိုက်ပြီး အဝတ်အစားတွေလဲလိုက်သည်။ ကပြာကယာအဝတ်အစားလဲကာ အိမ်အောက်ထပ်ပြေးဆင်းလိုက်သည်။
“အမေရေ ဆွမ်းချိုင့်ရပြီ”
မိငယ်အမေက ပြောလိုက်ကာ အဖွားထိုင်နေသည့်နေရာသို့ ကြွေရေသုတ်ထမင်းချိုင့်တစ်ခုကို ချပေးလိုက်သည်။ ပြီးတော့ အဖုံးပါသော စတီးဇလုံတစ်လုံးနှင့်လဲ ထမင်းတွေထည့်ပြီးချထားလိုက်သည်။
“တကတည်းတော် မိန်းမပျိုလေးတဲ့ မိုးလင်းရင် မျက်နှာပြောင်နဲ့၊ ကလေးတွဲလောင်းနဲ့ ကလေးမအေတွေတောင် သနပ်ခါးလိမ်းနိုင်တယ်”
အဖွားက မိငယ်ကိုမျက်စောင်းထိုးပြီး ပြောဆိုလိုက်ကာ ထမီပြင်ဝတ်ပြီး ဆွမ်းချိုင့်ကိုဆွဲသွားလေသည်။ မိငယ်လဲ ဆွမ်းဇလုံကိုကိုင်ပြီး လက်တစ်ဖက်ကလဲ စာကြည့်တိုက်မှ ငှားလာသည့် စာအုပ်သုံးလေးအုပ်ကို ကိုင်လာလေသည်။
မိငယ်အဖွားက ပွစိပွစိလုပ်သော်လည်း မိငယ်ကိုတော့ အလိုလိုက်သည်။ အဖွားအကျင့်ပင်ဖြစ်လိမ့်မည်။ အဖွားက ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့နေကြဖြစ်သည်။ မိငယ်ရောက်တော့ မိငယ်ပါ ဆွမ်းလိုက်ပို့ရသည်။ ပြီးလျှင်တော့ မိငယ်က ရွာလယ်က စာကြည့်တိုက်ကလေးကို ဝင်မည်ဖြစ်သည်။ အဖွားကတော့ ဘုန်းကြီးကျောင်းတွင် ခဏကျန်နေခဲ့မည်ဖြစ်သည်။ ရွာက မိငယ်တို့ ငယ်မွေးခြံပေါက်ဖြစ်သဖြင့် တစ်ရွာလုံး မသိသူမရှိ။
(ဂ)
“ဘာစာအုပ်တွေရှိသေးလဲ ပြပါဦး”
“မိငယ်က သရဲဇတ်လမ်းတွေဘာတွေဖတ်လား”
စာကြည့်တိုက်မှူးမေးလိုက်တော့ မိငယ်ရင်ထိတ်သွားသည်။ မိငယ်က သရဲဇတ်လမ်းတွေ မဖတ်ဖြစ်။ ငယ်ငယ်ကတည်းက သရဲကြောက်တတ်သဖြင့် သရဲစာအုပ်တော့ ရှောင်သည်။ ယုတ်စွအဆုံး သရဲအကြောင်းတွေပါသည့် မဂ္ဂဇင်းများတောင် မဖတ်ဖြစ်။ အခုတော့ ရွေးစရာမရှိတော့။ စာအုပ်တော်တော်များများ သူဖတ်ပြီးဖြစ်နေသည်။
“ဒီစာအုပ်လေး ဖတ်ကြည့်ပါလား။ သရဲဇတ်လမ်းဆိုပေမယ့် သိပ်ကြောက်ဖို့မကောင်းဘူး”
စာကြည့်တိုက်မှူးပေးလိုက်သော စာအုပ်လေးကို မိငယ်က ယူကြည့်သည်။ အဖုံးတွင်တော့ ကြောက်စရာကောင်းသည့် သရဲပုံကြီးဆွဲထားလေသည်။ သရဲကြီးက ဆံပင်အရှည်ကြီးနှင့်ဖြစ်ပြီး ပါးစပ်ကြီးကိုဖြဲထားကာ အစွယ်ကြီးတွေလဲပါသည်။ သို့သော် လူငယ်မို့ လက်တည့်စမ်းကြည့်ချင်သည်။ ခေတ်ပညာတတ်လူငယ်ဖြစ်ပြီး ကြီးကောင်လဲဝင်လာသဖြင့် သရဲများကို သိပ်မယုံအကြည်မရှိတော့။
“အို သရဲဆိုတာ တကယ်ရှိလားမရှိလားလဲ သိတာမှ မဟုတ်တာ၊ နောက်ပြီးတော့ ဒီဝတ္ထုကလဲ စိတ်ကူးယဉ်ရေးထားတာပဲ ဖတ်ဖူးတယ်ရှိအောင် ဖတ်ကြည့်ရမယ်”
မိငယ်က တွေးလိုက်ကာ ထိုစာအုပ်လေးကို ယူလာခဲ့သည်။ ထိုစာအုပ်လေးနှင့်အတူ ကာတွန်းစာအုပ်တစ်အုပ်နှင့် ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကလေးလဲ ယူလာခဲ့လေသည်။
အိမ်ပြန်ရောက်တော့ လုပ်စရာမရှိ။ အိမ်က ခြေတံရှည်အိမ်။ အိမ်အပေါ်ထပ်က သွပ်မိုးက နေရှိန်သဖြင့် အပေါ်ထပ်တွင်မနေနိုင်။ အိမ်အောက်ကိုဝင်ပြီး ဖျာခင်းပြီး စာအုပ်လေးတွေ ထုတ်ဖတ်လိုက်သည်။ သူကြိုက်သည့် ကာတွန်းစာအုပ်ကိုအရင်ဖတ်သည်။ ကာတွန်းစာအုပ်က တစ်နာရီလောက်နေတော့ဖတ်လို့ပြီးသွားပြီ။
နေ့လည်စာထမင်းစားသောက်ပြီး ဝတ္ထုတိုပေါင်းချုပ်ကိုဖတ်သည်။ ဝတ္ထုတိုက ဆယ်ပုဒ်သာပါသည်။ ငါးပုဒ်လောက်ဖတ်နေရင်း အိပ်ငိုက်လာသဖြင့် မိငယ်လဲ အိပ်လိုက်လေသည်။ နားထဲတွင် အသံဗလံများကြားတော့မှ နိုးလာသည်။ ညနေစောင်းနေပြီဖြစ်သည်။ အဖေက အိမ်ပြန်ရောက်လာပြီး ခြေလက်ဆေးနေသည်။ မိငယ်လဲ ထလိုက်ပြီး ညစာအတွက် မီးဖိုချောင်ဝင်ပြီးကူလိုက်သည်။
ကူညီသည်ဆိုသော်လည်း သိပ်ပြီးတော့ လုပ်စရာဘာမှမရှိ။ လူလေးယောက်သာရှိသောအိမ်ဖြစ်သည်ကတစ်ကြောင်း၊ အကုန်လုံးက လူကြီးတွေချည်းပဲမို့ အိမ်မှုကိစ္စများကို နိုင်နင်းသောအမေက ဒီမိသားစုအတွက် ဘာမှဝန်ထုတ်ဝန်ပိုးမဖြစ်။
“မေမေ သမီးလည်း ကူပေးမယ်လေ”
“ဒါဆိုလည်း ငါးလေးသုံးကောင် ကြော်လိုက်ချည်”
ငါးခူအရွယ်တော် ဆယ်ကောင်ကို နှစ်ပိုင်းပိုင်းပြီးတော့ ဆား၊ ဆနွင်းနယ်ထားသည်။ သံဒယ်အိုးတစ်လုံးကို ထင်းမီးဖိုပေါ်တင်လိုက်ပြီးဆီထည့်လိုက်သည်။ ဆီဆူလာတော့ ငါးလေးတွေထည့်လိုက်သည်။ ငါးကလေးတွေက ဆီပူထဲတွင် ပလုံစီလေးတွေထပြီး ဆူပွက်နေသည်။
ငါးကြော်ရင်း အဆောင်က အကြောင်းတွေပြန်စဉ်းစားမိသည်။ အဆောင်က အပြင်ဆောင်မှာနေရသည်။ ကျောင်းမှာပေးသည့်အဆောင်က လူမဆန့်သဖြင့် အပြင်တွင် အခန်းကျဉ်းကျဉ်းကလေးများတန်းစီဆောက်ထားသော အဆောင်တွင် လခပေးငှားနေရသည်။ စားသည့်အခါလဲ ဖြစ်သလို ဝယ်စားရသည်။ အသုံးလွန်သွားသည့်လများတွင် စားစရိတ်ရှားပါးသည်။ တစ်ခါတစ်ရံကြက်ဥနှင့် တစ်ခါတစ်ရံ လက်ဖက်ထုတ်ကလေး၊ ငါးပိထောင်းကလေးနှင့် ဖြစ်သလိုစားသောက်ရသည်။
မိငယ်က တွေးနေရာမှ သံယောင်းမဖြင့် ငါးကြော်ကို ထိုးလိုက်သည်။ ငါးကြော်တွေက ကပ်နေလေသည်။ မီးရှိန်ကလဲ ပြင်းသဖြင့် ငါးကြော်တွေတူးကုန်မည်စိုးသည်။
“ကဲဟယ် . . . ကဲဟယ်”
ငါးကြော်တွေကို အားဖြင့်ထိုးပြီး လှန်လိုက်သည်။ ငါးကြော်မှာ အသားတွေကွာထွက်ပြီး အိုးမှာကပ်ကုန်လေသည်။ ငါးကြော်တွေ ဟိုဖက်လှန်လိုက် ဒီဖက်လှန်လိုက်ဖြင့် ငါးအသားတွေအကုန်ကျေပြီး ငါးပုံပျက်နေတော့သည်။
“အမလေးဟယ် ငါးကိုဘယ်လိုကြော်လိုက်တာတုန်း မိငယ်”
အမေက ဆူလိုက်ကာ ငါးအတုံးတွေကို ဆယ်ယူနေသည်။
ညနေထမင်းဝိုင်းဖွဲ့စားကြသည်။
“သမီးရယ်။ ညည်းငါးတွေကလည်း လက်နက်ကြီးမှန်ထားတဲ့ ငါးတွေကျနေတာဘဲ တစ်စစီဖြစ်လို့”
အဖေက ရယ်မောရင်း ငါးကြော်အသားဖတ်ကလေးများကို ရွေးစားနေသည်။ အဖွားကတော့ မိငယ်ကိုမျက်စောင်းထိုးသည်။
“အဖေကလည်း လက်နက်ကြီးထိထားတာ မြင်ဖူးလို့လား”
“မြင်ဖူးတာပေါ့ အဖေတို့ငယ်ငယ်တုန်းက သူပုန်တွေနဲ့ စစ်ဖြစ်ကြတော့၊ သူပုန်သုံးယောက် တို့ရွာဘေးမှာ လက်နက်ကြီးမှန်တာတဲ့၊ တစ်ကိုယ်လုံးကို မွပြီးတော့ အသားစလေးတွေဆိုတာ ပြန့်ကျဲနေတာပဲ၊ အရိုးတွေ အရွတ်တွေဆိုတာ သစ်ပင်တွေပေါ်မှာ ချိတ်နေတာ”
“အဖေကလည်း ရွံလိုက်တာ၊ ဖွီ”
“ညည်းပဲ မေးပြီးတော့”
သားအဖနှစ်ယောက်ကို အမေက မျက်စောင်းထိုးလိုက်သည်။ မိငယ်လဲ ခေါင်းငုံ့ပြီးထမင်းသာစားလိုက်သည်။ ထမင်းစားပြီးတော့ ည ခုနစ် နာရီတောင်မထိုးသေး။ အဖေကတော့ သူ့ရေဒီယိုအစုတ်ကြီးကို ကလိပြီးတော့ ရေဒီယိုနားထောင်နေသည်။ မိငယ်လဲ အခန်းထဲဝင်ပြီး ဖယောင်းတိုင်မီးဖြင့် စာအုပ်ဖတ်သည်။ ဝတ္ထုတိုစာအုပ်ကလေး ဖတ်ပြီးသွားပြီဖြစ်သည်။ ထိုအချိန်က ရွာတွင် လျှပ်စစ်မီးမရသေး။ အခုအချိန်လို ဆိုလာတွေလဲ ခေတ်မစားသေး။ ဖယောင်းတိုင်သာ အားကိုးရသည်။
(ဃ)
ညရှစ် နာရီထိုးတော့ အားလုံးအိပ်ရာထဲ အသီးသီးဝင်ကုန်ကြသည်။ မိငယ်အခန်းသာ ဖယောင်းတိုင်မီးလင်းနေသည်။ ရာသီဥတုက ညပင်ဖြစ်လင့်ကစား ပူလောင်အိုက်စပ်နေသည်။ မိငယ်က အကျီအပါးလေးကိုဝတ်ထားသော်လည်း ချွေးတွေက စီးကျနေသည်။ နောက်ဆုံးကြံရာမရသည့်အဆုံး ပြတင်းပေါက်တံခါးကို ထဖွင့်ရသည်။ လပြည့်နားနီးပြီမို့ လက ထိန်ထိန်သာနေပြီး ကောင်းကင်တွင် ကြယ်တွေစုံနေသည်။ မိငယ်အခန်းမှ လှမ်းကြည့်လျှင် လယ်ကွင်းပြင်ကျယ်ကြီနှင့် ဟိုးအဝေးတွင် ငါးအိမ်တန်းဟုခေါ်သည့် ရွာငယ်ကလေးကို မျက်စိတစ်ဆုံးမြင်နေရသည်။
ကွင်းပြင်ကျယ်ကြီးမှာ လရောင်ဖြင့် လင်းထိန်နေပြီး နေ့ဖက်လိုဖြစ်နေသည်။ တံခါးဖွင့်လိုက်တော့ ကွင်းပြင်ကို ဖြတ်သန်းပြီးတိုက်ခတ်လာသည့် နွေလေပူများ အခန်းထဲသို့ ပြေးဝင်လာကြသည်။ လေပူများပင်ဖြစ်လင့်ကစားအနည်းငယ်တော့ အပူဒဏ်သက်သာသွားသည်။ မိငယ်က အိပ်ရာထဲတွင် အိပ်လိုက်သည်။ သို့သော် နေ့လည်က အိပ်ထားသည်ကတစ်ကြောင်း၊ ဟိုဟိုဒီဒီတွေးနေတာက တစ်ကြောင်းမို့ အိပ်မပျော်ဖြစ်နေသည်။
စာဖတ်ရအောင်ကလဲ သရဲစာအုပ်တစ်အုပ်သာ ကျန်တော့သည်။ သတ္တိကောင်းသောမိငယ်သည် ညဘက်တွင် သရဲစာအုပ်မဖတ်ဝံ့ပါ။ ထို့ကြောင့် ကာတွန်းစာအုပ်ကိုပြန်လှန်ကာ ပုံတွေကိုသေချာပြန်ပြီးကြည့်နေလေသည်။ မည်မျှကြာသွားသည်မသိ နှိုးစက်နာရီလေးက ဆယ်နာရီမတ်တင်း ဖြစ်နေပြီ။ မိငယ် အိပ်မရသေး။ ဗိုက်ကလည်း ဆာလာသည်။
“ခေါက်ဆွဲပြုတ်စားမှပဲ”
မိငယ်က အသင့်စား ယမ်ယမ်ချဉ်စပ်ခေါက်ဆွဲထုပ်ကလေးများကို ဆောင်ထားသည်။ ဗိုက်ဆာလျှင် ညရေးညတာ ထစားတတ်သည်။ အိမ်အောက်သို့ဆင်းလိုက်ပြီး ပန်းကန်တစ်ချပ်နှင့် ပန်းကန်လုံးတစ်ခုကိုယူလိုက်သည်။ ဇွန်းတစ်ချောင်းကိုလဲ ယူလိုက်သည်။ ထို့နောက် ဓါတ်ဗူးထဲမှ ရေနွေးကို ပန်းကန်လုံးထဲထည့်လိုက်ပြီး ခေါက်ဆွဲကို ရေနွေးထဲစိမ်လိုက်ကာ ပန်းကန်ပြားနှင့်ဖုံးပြီး အခန်းထဲသို့ပြန်တက်လာခဲ့သည်။
အခန်းထဲတွင် ခေါက်ဆွဲပန်းကန်ကိုချထားလိုက်ပြီးတော့ ကာတွန်းစာအုပ်ကိုပြန်ကြည့်နေသည်။ ထိုစဉ် အိမ်တွင် မွေးထားသည့် ဘိုဖြူက ခြံထဲတွင် ထိုးဟောင်နေသည်။
“ဝုတ် . . ဝုတ် . .ဝု ဝု”
“ဘိုဖြူကလည်း ဟောင်လိုက်တာ ကြောင်များတွေ့လို့လား”
ဘိုဖြူဟောင်မှ မိငယ်က ခေါက်ဆွဲကိုသတိရသွားသည်။ ပန်းကန်ပြားကို ဖွင့်ကြည့်လိုက်တော့ ခေါက်ဆွဲတွေက ပွနေပြီဖြစ်သည်။ ခြင်ထောင်ကြီးက ပူပြီး ရှုပ်နေသဖြင့် ခြင်ထောင်ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ခေါက်ဆွဲပန်းကန်ထဲကို အရသာမှုန့်ထုပ်နှင့် ဆီထုပ်လေးဖောက်ထည့်လိုက်ပြီး ဇွန်းဖြင့်မွှေလိုက်သည်။ ဆီထုပ်ကလေးက ဆီမွှေးဖြစ်သဖြင့် ခေါက်ဆွဲအနံ့ကမွှေးပျံ့သွားလေသည်။ မိငယ်ကလဲ ခေါက်ဆွဲကို တစ်ဇွန်စားမည်ဟု ခပ်လိုက်သည်။
“ဘုတ် . . ဘုတ် . . .ဘုတ်”
မိငယ်လန့်သွားသည်။ သူမအခန်း ထရံကိုအပြင်မှ တစ်စုံတစ်ခုက လာရိုက်ခတ်သံကိုကြားလိုက်ရသည်။ မိငယ် စဉ်းစားလိုက်သည်။
“အိမ်မြှောင်များလား”
တစ်ခါတစ်ရံ အိမ်မြှောင်များသည် ထိုကဲ့သို့ အမြီးဆော့ပြီး နံရံနှင့် ရိုက်တတ်သည်။ ဘာသံမှ ဆက်မကြားတော့သဖြင့် မိငယ်က ခေါက်ဆွဲတစ်ဇွန်းခပ်စားလိုက်သည်။
“ဘုတ် . . . ဘုတ်. . . ဘုတ်”
အသံကို သေချာပြန်နားထောင်လိုက်သည်။ ထရံကို လူလက်ဖဝါးဖြင့် ပုတ်သံဖြစ်သည်။ မိငယ် ကျောတွေချမ်းလာသည်။
“ဘုတ် . . . ဘုတ် . . . ဘုတ်”
အသံက အားပိုပြင်းလာသည်။ သေချာတာကတော့ ထရံကိုလက်ဖြင့် ပုတ်ခြင်းဖြစ်သည်။ ထိုထရံမှာ အိမ်အပြင်ဖက်ထရံဖြစ်သည်။ အိမ်အပြင်ဖက်တွင် သရက်ပင်တစ်ပင်နှင့် လယ်ကွင်းအစပ်သာရှိသည်။
မိငယ်ခေါင်းမွှေးတွေပါထောင်တက်လာသည်။ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဘဲ လက်တစ်ဖက်က ဇွန်းကိုင်ပြီး ငြိမ်နေမိလိုက်သည်။
“အမေရေ . . . . အမယ်လေး”
မိငယ်အော်လိုက်မိသည်။ အကြောင်းမှာ တခြားမဟုတ်။ ပြတင်းပေါက်တွင် အဖြူရောင် လူလက်တစ်ဖက်က ပေါ်လာလေသည်။ ခြေတံရှည်အိမ်ဖြစ်သဖြင့် ပြတင်းပေါက်က ဆယ်ပေခန့်မြင့်သည်။ တော်ရုံလူဆို လှေကားဖြင့်တက်မှ ပြတင်းပေါက်ကို မီနိုင်မည်ဖြစ်သည်။
ထိုလက်က ပြတင်းပေါက်တွင် ခေတ္တရပ်နေသည်။ ထို့နောက် ပြတင်းပေါက်မှ အခန်းထဲသို့ တဖြည်းဖြည်းဆင်းလာလေသည်။ လက်မှာ မြွေကဲ့သို့ဖြစ်နေပြီး ပျော့ပျော့ကြီးဖြစ်သည်။ လက်မှာဖြူဖွေးနေပြီး လက်ချောင်းများ၊ လက်ဖမိုးများမှာလဲ ဖောင်းကားနေသည်။ ရေနစ်ပြီး သေသည့် လက်ကြီးလိုဖြစ်နေပြီး တဖြည်းဖြည်း ပြတင်းပေါက်မှ ဆင်းလာသည်။ ထို့နောက် ဖျာပေါ်သို့ လက်ကြီးက တရွေ့ရွေ့ဖြင့်တက်လာသည်။
မိငယ်တစ်ကိုယ်လံးု ကြက်သီးတွေထပြီး ခေါင်းမွှေးများထောင်နေပြီဖြစ်သည်။ လက်ကြီးက မိငယ်နားကို တိုးလာသဖြင့် မိငယ်က ဖင်တရွတ်တိုက်ပြီး နောက်ဆုတ်နောက်ဆုတ်ဖြင့် ခြင်ထောင်ကပ်သိမ်းထားသည့် နံရံနားသို့ တိုးသွားမိသည်။ မိငယ်ဒူးတွေက တဆတ်ဆတ်တုန်နေသည်။
လက်ကြီးက ဖျာအလယ်တွင် ကျန်ခဲ့သည့် ခေါက်ဆွဲပန်းကန်ကြီးကို စမ်းမိပြီး ခေါက်ဆွဲဖတ်များကို နှိုက်ယူနေလေသည်။ ထို့နောက် ခေါက်ဆွဲဖတ်များကို ယူပြီး ပြတင်းပေါက်ဆီသို့ ပြန်သယ်သွားလေသည်။ မိငယ်လည်း ကြောက်ပြီး ခြင်ထောင်ကြီးနှင့် လုံးထွေးလိုက်ပြီး ခြင်ထောင်နှင့်ကွယ်ကာ ဆက်ပြီးကြည့်နေမိသည်။
ပြတင်းပေါက်တွင် လုံးဝန်းသောမျက်နှာတစ်ခု ပေါ်လာလေသည်။ လရောင်နှင့်မို့ အထင်းသားမြင်နေရသည်။ ထိုမျက်နှာတွင် နားရွက်မပါပေ။ မျက်နှာဆိုသော်လည်း လူမျက်နှာလိုမဟုတ်ပဲ ပူဖောင်းတစ်ခုကဲ့သို့ ပြောင်ချောချောကြီးဖြစ်သည်။ ထိုမျက်နှာကြီးက ပါးစပ်ကြီးကိုဟလိုက်သည်။ ထို့နောက် ခေါက်ဆွဲဖတ်များကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ပြီးတော့ နောက်တစ်ခါ ပန်းကန်ထဲက ခေါက်ဆွဲဖတ်များကို ထပ်ယူပြီး ပါးစပ်ထဲ ထိုးသွင်းနေလေသည်။
ထိုစဉ် မိငယ်အခန်းတံခါးမှာ ရုတ်တရက်ပွင့်သွားသည်။ မိငယ်က တော်ရုံဆို အခန်းတံခါးချက်ချလေ့မရှိ။ မိငယ်အဖေက ဝင်လာသည်။ အဖေက ပြတင်းပေါက်ကို ကြည့်ရင်း တစ်ချက်လန့်သွားသည်။ ထို့နောက် လက်ထဲမှ ကိုင်လာသော လေးခွဖြင့် ထိုအရာကို ပစ်လိုက်သည်။
“ဖောက် . . ဖောက်””
ထိုအရာကို ထိလိုက်သံကြားရပြီး ထိုအရာလဲချက်ခြင်းထွက်ပြေးလေသည်။ သို့သော် လက်ကြီးက ခေါက်ဆွဲပန်းကိုကို ဆွဲပြီးယူသွားလေသည်။ လက ထိန်ထိန်သာနေသည်။ မိငယ်အဖေက ပြတင်းပေါက်မှထွက်ကာ ထိုအရာကို လိုက်ပြီးလေးခွနှင့် ပစ်လေသည်။ ထိုဖြူဖြူအရာကြီးက ရှည်မြောမြောကြီးဖြစ်ပြီး ကုန်းကုန်းကွကွနှင့် ကွင်းပြင်ထဲကို ဖြတ်ပြေးသည်ကို လရောင်နှင့် အထင်းသားမြင်နေရသည်။
ထိုဖြူဖြူအကောင်ကြီးသည် ပြေးရင်းလွှားရင်း ငါးအိမ်တန်းဘက်အရောက် ကုက္ကိုပင်အုပ်အုပ်ကြီးများအရောက်တွင် ပျောက်ကွယ်သွားလေသည်။ မိငယ်လဲ ထိုတော့မှ သည်းထန်စွာ ငိုကြွေးလိုက်ပြီး အဖေ့ကိုဖက်ထားလိုက်လေသည်။
“ဘာမှ မဖြစ်ဘူးသမီး ဒီကောင်ကြီးပြေးသွားပြီ”
အဖေက မိငယ်အော်သံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် ထကြည့်ချင်းဖြစ်သည်။ အဖွားနှင့် အမေတို့နိုးကာ ပြေးတက်လာကြသည်။ မိငယ်ကတော့ ဖေဖေ၏ အလုံခြုံဆုံးသောရင်ခွင်ထဲတွင် ငိုကြွေးနေလိုက်သည်။
(င)
မိငယ်သရဲခြောက်ခံရသည့်သတင်း ရွာထဲပြန့်သွားသည်။ အဖွားက ဟောင်ဖွာဟောင်ဖွာနှင့် လျှောက်ပြောသောကြောင့်ဖြစ်သည်။ ရွာကလူတွေက အခန်းထဲကိုဝင်ကြည့်သည်။ ကွင်းပြင်ကြီးကိုလဲ ကြည့်သည်။ မိငယ်ကတော့ အဖျားတွေတက်နေသည်။ ရွာက ဆရာတော်နှင့် ဘုန်းကြီးများက မိငယ်တို့အိမ်ကိုလာပြီး ပရိတ်ရွတ်ပေးသည်။ ဘုန်းဘုန်းက ပရိတ်ရည်တွေ လက်ဖွဲ့အဆောင်တွေ ဝတ်ဆင်ပေးသွားသည်။
ပထမတော့ ရွာကလူတွေက လာလာမေးကြတာ မိငယ်ဖြေလိုက်ရတာအမော။ နောက်တော့ အဖွားက မိငယ်အဖြေတွေကို ဒိုင်ခံအလွတ်ရသွားပြီး လာသမျှကို အဖွားက ဒိုင်ခံဖြေပေးနေတော့သည်။ ငါးရက်လောက်နေတော့ ရွာကလူတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ပြီ။ မိငယ်လဲ သက်သာနေပြီဖြစ်သည်။
“ညည်းကလည်း ညနက်ကြီး ပြတင်းပေါက်ဖွင့်ထားတာကိုးအေ၊ ဘေးမှာလည်း ကွင်းပြင်ကြီးနဲ့”
“အဖွားကလည်း မိငယ်လည်း ပူလို့တံခါးထဖွင့်မိတာပေါ့”
“ဒါနဲ့ နင့်အဖေနဲ့ ရွာက လူတွေနဲ့ ငါးအိမ်တန်းဖက်က ကုက္ကိုပင်တွေဆီသွားကြည့်ကြသတဲ့”
“သွားကြည့်တော့ ဘာတွေ့လဲ”
“ညည်းခေါက်ဆွဲပန်းကန်ကို ကုက္ကိုပင်အမြင့်ကြီးရဲ့ ထိပ်နားက ကိုင်းဆုံတစ်ခုမှာ အကောင်းအတိုင်းတင်နေတာကို တွေ့သတဲ့”
“ဟယ် အံ့သြစရာပဲနော်”
“အပင်မြင့်တော့ သူတို့တောင် တက်မရလို့ အောက်ကနေ ပန်းကန်ကို လေးခွနဲ့ ပစ်ချကြရသတဲ့”
ထိုနောက်ပိုင်း မိငယ်တစ်ယောက် သူ့အခန်းတွင် မအိပ်တော့ပါ။ အဖွားနှင့်အတူတူ အိမ်အောက်ထပ်အခန်းတွင် အိပ်သည်။ အဖွားက ဘုရားတရားသမားမို့ မိငယ်စိတ်ထဲ လုံခြုံနေသလိုခံစားမိသည်။
ကျောင်းတွေပြန်ဖွင့်ပြီ။ မိငယ်လည်း ကျောင်းပြန်တက်ရပြီ။ တစ်ညတော့ မိငယ်က စာဖတ်နေသည်။ အဆောင်တွင် တစ်ခန်းထဲ အတူတူနေသူက ထကာ ပြတင်းပေါက်ကိုဖွင့်လိုက်လေသည်။
“နုနုရေ ဘာလို့ ပြတင်းပေါက်ဖွင့်လိုက်တာလဲ”
“မိုးတွင်း ဆိုပေမယ့် ပူပြီး လှောင်နေသလားလို့”
နုနုကပြောလိုက်ပြီး သူ့ကုတင်တွင် ပြန်အိပ်နေလိုက်သည်။ မိငယ်က ပြတင်းပေါက်ဖွင့်ထားသဖြင့် ကျောချမ်းသွားသည်။ ထို့နောက် ပြတင်းပေါက်မှ အပြင်ကိုလှမ်းကြည့်လိုက်သည်။ အပြင်တွင် မှောင်မည်းနေသည်။ သစ်ပင် သစ်ကိုင်းများက သရဲများကဲ့သို့ ယိမ်းထိုးနေကြသည်။ မိငယ်က လက်ဖြူဖြူကြီးကို မျက်လုံးထဲ ပြန်မြင်လိုက်မိသည်။ မိငယ်ကျောချမ်းသွားသည်။ ချက်ခြင်းပဲ ထသွားလိုက်ပြီး ပြတင်းပေါက်တံခါးကို ဝုန်းကနဲ ဆွဲပိတ်လိုက်လေသည်။
မိတ်ဆွေ အကယ်၍ သင့်အခန်းပြတင်းပေါက်ကို ဖွင့်ထားသည်ဆိုပါက ယခုချက်ချင်း ထပိတ်လိုက်ပါ။
ပြီးပါပြီ။
(ကိုယ်တွေ့အဖြစ်အပျက်များကို ပြောပြပေးပါသော ကာယကံရှင်အား အထူးပင်ကျေးဇူးတင်ရှိပါသည်)
အဂ္ဂဇော်