“လူတိုင်းမှာ အချစ်ဦးတော့ ရှိတတ်ကြတယ်မဟုတ်လား၊ ဒီတော့ ကျွန်မဘ၀မှာလည်း အချစ်ဦးရှိခဲ့တာပေါ့ရှင်၊ ဒါပေမယ့် အဲဒီအချစ်ဦးက လူတစ်ယောက်မဟုတ်ဘဲ သရဲတစ်ကောင်ဖြစ်နေတယ်ဆိုရင်ရော ရှင်တို့ယုံနိုင်ပါ့မလား၊ အခုပြောမယ့် အဖြစ်အပျက်ကလေးက ကျွန်မတစ်သက်မမေ့စရာ ကျွန်မရဲ့အချစ်ဦးအကြောင်းပေါ့ရှင်”
(၁)
ကျွန်မအသက် ဆယ့်နှစ်နှစ်လောက်မှာ ကျွန်မအဖေက တိုက်ပွဲကျသွားတယ်။ ဒီတော့ ကျွန်မတို့ သားအမိသုံးယောက်ပဲကျန်ခဲ့တယ်၊ ကျွန်မအမေရယ်၊ ကျွန်မရယ်၊ အသက်ရှစ်နှစ်လောက်ရှိတဲ့ ကျွန်မမောင်လေးရယ်ပေါ့၊ အဖေရတဲ့ပင်စင်လေးတွေနဲ့ စားသောက်ပေမယ့် စားမလောက်ခဲ့ပါဘူးရှင်၊ ဒါနဲ့ပဲ အမေက ကျွန်မနဲ့ ကျွန်မမောင်လေးကို ကျောင်းထုတ်ပြီးတော့ အဘွားတို့အိမ်ကိုပြန်လာခဲ့တယ်၊ အဘွားတို့က တောင်ပေါ်မြို့ကလေးတစ်မြို့မှာနေကြတာပါ။
ကျွန်မဖြင့် အဘွားတို့အိမ်ကိုရောက်တော့ မပျော်ပါဘူး၊ သူငယ်ချင်းတွေနဲ့လည်း ခွဲရတယ်၊ နောက်ပြီး အဘွားတို့အိမ်မှာ အဘွားရယ်၊ ကျွန်မရဲ့အဒေါ် အပျိုကြီးရယ်ပဲရှိကြတာ၊ ကျွန်မအဒေါ်အပျိုကြီးကတော့ မူယာလို့ခေါ်တယ်၊ အမေ့ရဲ့အပေါ်က အမပေါ့၊ အန်တီမူယာက သိပ်ပြီး ပါးစိပါးစပ်များတယ်၊ ကျွန်မတို့ကိုဆိုရင် ဟိုဟာလုပ်ပြန်ပြီ၊ ဒီဟာလုပ်ပြန်ပြီနဲ့ သိပ်ပြီးအပြစ်တင်တတ်တာပေါ့၊ ဒါကြောင့် အရင်တုန်းက အဘွားတို့အိမ်ကို တစ်ပတ်ဆယ်ရက်လောက် သွားလည်တာတောင်မှ ကျွန်မမနေတတ်ခဲ့ဘူး၊ အဲဒီအိမ်ကနေ အရမ်းပြန်ချင်တယ်၊ ဒါပေမယ်hလည်း အခုတော့ ကျွန်မတို့ အဘွားအိမ်မှာပဲ တစ်သက်လုံးနေရတော့မလား မသိပါဘူးရှင်။
ကျွန်မနာမည်က သူဇာပါ၊ ကျွန်မမောင်လေးကတော့ မြင့်မြတ်လို့ခေါ်တယ်၊ ဒါပေမယ့် သူမွေးခါစကာ အသားနီနီနဲ့မို့လို့ နီတာ လို့ပဲ ခေါ်ကြတယ်၊ အဘွားအိမ်က တောင်ပေါ်မြို့ကလေးရဲ့ မြို့စွန်ဘက်ကျေးရွာကလေးမှာတည်ရှိတာပါ၊ အဲဒီရွာကလေးမှာ အိမ်ခြေတော်တော်နည်းပါတယ်၊ တစ်ရွာလုံးပေါင်းမှ အိမ်သုံးဆယ်လောက်ပဲရှိတယ်၊ ပြီးတော့ ခြံဝန်းကြီးတွေကလည်း အကျယ်ကြီးတွေ၊ အဘွားရဲ့ခြံဆိုရင်လည်း အတော်ကိုကျယ်တာ၊ ခြံရဲ့အနောက်ဘက်မှာတော့ တောအုပ်ကြီးတစ်ခုရှိတယ်၊ ထင်းရှူးပင်ကြီးတွေမြင့်မြင့်မားမားပေါက်နေတဲ့ ထင်းရှူးတောကြီးပေါ့။
အဘွားရဲ့အိမ်ကြီးကလည်း အုတ်နဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးပါ၊ အိမ်က အတော်ကြီးကြီးပါပဲ၊ ဒါပေမယ့် တကယ်နေတဲ့လူက နှစ်ယောက်တည်းဆိုတော့ အိမ်ကြီးက ဟောင်းလောင်းကြီးလိုဖြစ်နေတာပါ၊ အိမ်ပေါ်ထပ်ဆိုရင် တက်တဲ့လူမရှိလို့ ကြပ်ခိုးတွေ၊ ပင့်ကူအိမ်တွေနဲ့ရှုပ်ပွနေတာပေါ့၊ ကျွန်မတို့ရောက်ပြီး သုံးရက်လောက်ကြာတော့ အမေက ထမင်းဝိုင်းမှာပြောတယ်။ သူအလုပ်သွားလုပ်မယ်တဲ့၊ နယ်စပ်ဘက်မှာ သူ့သူငယ်ချင်းတစ်ယောက် ဈေးရောင်းတာ အတော်စုမိတယ်လို့ပြောတယ်၊ အဲဒါ သူစီးပွားသွားရှာမယ်တဲ့၊ အဘွားတို့ကလည်း အမေ့ကိုခွင်hပြုတာပေါ့၊ အမေက အရွယ်ကောင်းတုန်းရှိသေးတာ၊ ပြီးတော့ သားသမီးနှစ်ယောက်လည်းကျန်ခဲ့တယ်ဆိုတော့ လုပ်ကိုင်ကျွေးရအုံးမယ်မဟုတ်လား။
အမေ့ကိုခွင့်မပြုတာကတော့ ကျွန်မပါပဲ၊ အမှန်အတိုင်းပြောရင် ကျွန်မဒီအိမ်ကြီးမှာ မနေချင်ဘူး၊ ဒီအိမ်ကြီးမှာနေရတာ ကျွန်မအတွက် မလုံခြုံသလိုခံစားရတယ်၊ ဒါ့အပြင် တစ်ခုခုလုပ်တိုင်း အပြစ်လိုက်ပြောနေတဲ့ အန်တီမူယာကိုလည်း ကျွန်မသိပ်ကြောက်တယ်၊ အမေသွားမယ်ဆိုတာ သိတော့ ကျွန်မက ဂျီကျပြီး ဂျစ်တိုက်နေတာပေါ့၊ ညအိပ်ခါနီးတော့ အမေက ကျွန်မလက်ကိုဆွဲပြီး ပြောတယ်။
“သမီးအစားကောင်းတွေစားဖို့၊ အဝတ်ကောင်းတွေဝတ်ဖို့ အမေအလုပ်သွားလုပ်မှာ၊ သမီးက နားလည်နေပါပြီ၊ ဒီမှာ ဘွားဘွားတို့နဲ့အတူတူ လိမ်လိမ်မာမာနေခဲ့နော်”
“မနေချင်ဘူး၊ သမီးလည်းလိုက်မယ်အမေ၊ အဲဒီနယ်စပ်ကို သမီးလည်းလိုက်ချင်တယ်”
“သမီးလိုက်လို့မရဘူး၊ နယ်စပ်မှာက သမီးတို့လို မိန်းကလေးငယ်လေးတွေဆိုရင် ရောင်းစားကြတာ၊ သမီးက လိမ်မာပါတယ်၊ ဒီမှာပဲ ဘွားဘွားတို့ အန်တီတို့နဲ့ နေခဲ့နော်”
နောက်ဆုံးတော့ ကျွန်မပဲ လက်လျှော့လိုက်ရပါတယ်၊ အဝတ်ကောင်း၊ အစားကောင်းတွေကို စားချင်တာ ကလေးသဘာ၀ပဲမဟုတ်လား၊ ဒါနဲ့ပဲ အဲဒီညတော့ အမေနဲ့အတူတူအိပ်လိုက်ကြတယ်၊ တောင်ပေါ်မြို့ရာသီဥတုက အရမ်းအေးတာဆိုတော့ အမေနဲ့သုံးယောက်သားဖက်ပြီး အိပ်လိုက်ကြတာ နွေးနေတာပဲရှင်။
နောက်ရက်တော့ ကျွန်မတို့မောင်နှမ ငိုရတာပါပဲ၊ မောင်လေးကတော့ အစကမသိသေးဘူး၊ နောက်မှ အမေထွက်သွားတယ်ဆိုပြီး ငိုတော့တာ၊ အန်တီမူယာက မောင်လေးကိုမဆူပေမယ့် ကျွန်မကိုတော့ဖိဆူတယ်၊ အသက်ကြီးနေပြီ သိတတ်နေပြီ၊ နားလည်ရမှာပေါ့တဲ့လေ၊ အမှန်က အန်တီမူယာတို့ နားမလည်တာပါ၊ တစ်သက်လုံး တစ်ခါမှ မခွဲဖူးတဲ့အမေနဲ့ ခွဲနေရတာဆိုတော့ ဝမ်းမနည်းပဲနေပါ့မလား။
(၂)
ညရောက်တော့ ကျွန်မတို့မောင်နှမနှစ်ယောက် တစ်ခန်းအိပ်ရတယ်၊ နှစ်ယောက်အိပ်ကုတင်ကြီးမှာ ကျွန်မကတစ်ဖက် မောင်လေးကတစ်ဖက်ပေါ့၊ ရွာက မီးရတယ်ဆိုပေမယ့် မီးမလာတာများပါတယ်၊ ဒီတော့အခန်းကြီးက မှောင်မှောင်ကြီးဖြစ်နေတာပေါ့၊ အန်တီမူယာကတော့ မှန်အိမ်လေးလာထွန်းပေးတယ်၊ ကျွန်မတို့အိပ်လောက်ပြီဆိုရင် မှန်အိမ်ကလေးကို လာပြန်သိမ်းသွားတယ်။ ကျွန်မတို့လည်း ကြောက်နေတာပေါ့။
ကျွန်မမှာ ဝက်ဝံရုပ်ကလေးတစ်ရုပ်ရှိတယ်၊ အဲဒီဝက်ဝံရုပ်ကလေးက ဖေဖေရှေ့တန်းကပြန်လာတုန်းက ၀ယလာပေးတဲ့အရုပျကလေးပါ၊ ပန်းရောင်ကလေးမို့လို့ ပင်ကီလို့ခေါ်တယ်၊ ဖေဖေဆုံးပြီးကတည်းက ကျွန်မမှာ အားကိုးစရာဆိုလို့ အဲဒီဝက်ဝံရုပ်ကလေးပဲရှိတယ်၊ ဖေဖေဝယ်ပေးထားတာဆိုတော့ အဲဒီဝက်ဝံရုပ်ကလေးကို ကျွန်မသိပ်မြတ်နိုးတယ်၊ သွားလေရာ အဲဒီအရုပ်ကလေးကိုင်သွားတာပေါ့။
သုံးလေးရက်ကြာတော့ နေသားကျသွားပါတယ်၊ ကျွန်မတို့မှာ ကျောင်းလည်းမတက်ရတော့ ခြံထဲမှာပဲ ဆော့ကစားကြတာပေါ့။ အဘွားတို့ခြံအကျယ်ကြီးထဲမှာ အပင်တွေမျိုးစုံစိုက်ထားတယ်၊ စင်တွေနဲ့ထိုးထားတဲ့ ဂေါ်ရခါးသီးပင်တွေမှာလည်း ဂေါ်ရခါးသီးတွေ တွဲလောင်းသီးနေတယ်၊ ဒါ့အပြင်ဘောင်တွေနဲ့စိုက်ထားတဲ့ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ကိုက်လန်တွေလဲရှိတယ်၊ ခရမ်းချဉ်ပင်၊ ပန်းဂေါ်ဖီတွေအပြင် ပန်းပင်တွေကိုလည်းစိုက်ထားသေးတယ်။
အန်တီမူယာကတော့ တစ်နေကုန်ချက်လိုက်ပြုတ်လိုက်နဲ့ အလုပ်ရှုပ်နေပြီး အဘွားကိုလည်း ခြံအလုပ်တွေကူလုပ်ပေးသေးတယ်၊ ခြံရဲ့အနောက်ဘက်မှာတော့ ထင်းရှူးတောကြီးရှိတယ်။ အဘွားကတော့ ကျွန်မတို့ကလေးတွေကို အဲဒီထင်းရှူးတောကြီးဘက်ကို မသွားဖို့မှာထားတယ်။
တစ်ပတ်လောက်ကြာတော့ ရွာထဲကလူတွေနဲ့ သိလာကြပြီ၊ ရွာထဲမှာလည်း ကလေးတွေရှိတယ်၊ တစ်ခြံကျော်မှာ ဒန်နီယယ်ဆိုတဲ့ ကောင်ကလေးတစ်ယောက်ရှိတယ်၊ မေးကြည့်တော့မှ ကျွန်မထက်အသက်တစ်နှစ်ငယ်တယ်တဲ့၊ ဒါနဲ့ပဲ ဒန်နီယယ်နဲ့ကျွန်မနဲ့ သူငယ်ချင်းဖြစ်သွားတာပေါ့၊ ကျွန်မတို့နှစ်ယောက်ဆော့တဲ့အခါ ကျွန်မမောင်လေး နီတာကလည်း အနောက်က တကောက်ကောက်လိုက်ဆော့တာပေါ့။
အဲဒီအိမ်မှာနေရာပျင်းစရာကြီးပါ၊ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်တော့မှပဲ အပြင်ထွက်ရတယ်၊ ဘုရားကျောင်းကလည်း လူနည်းနည်းကလေးပါပဲ၊ ရွာသုံးလေးငါးရွာ ပေါင်းပြီးဆောက်ထားတဲ့ကျောင်းပါ။
ဒီလိုနဲ့ တစ်ရက်တော့ ကျွန်မတို့ဆော့ကစားရင်း တောအုပ်အနားကိုရောက်သွားတယ်၊ ဒန်နီယယ်က တောအုပ်ထဲသွားမလားလို့မေးတယ်၊ ကျွန်မလည်း ကလေးဆိုတော့ စူးစမ်းချင်တယ်၊ ဒါပေမယ့် အဘွားကမသွားနဲ့ဆိုတော့လည်း မသွားရဲဘူးပေါ့၊ တောအုပ်က သိပ်ခက်ခက်ခဲခဲသွားစရာမလိုပါဘူး၊ သံဆူးကြိုးနဲ့လုပ်ထားတဲ့ ခြံစည်းရိုးကို တိုးဝင်လိုက်ရင် ရောက်သွားပါပြီ။ ဒါနဲ့ ကျွန်မတို့သုံးယောက်လည်း တောထဲဝင်ခဲ့တာပေါ့။
တောအုပ်ထဲမှာအေးစိမ့်နေတာကလွဲရင် သိပ်ကြောက်စရာမကောင်းဘူး၊ ထင်းရှူးပင်တွေအပေါ်မှာ ရှဉ့်ကလေးတွေရှိတယ်၊ ဒန်နီယယ်က လေးခွတစ်လက်နဲ့ရှဉ့်တွေလိုက်ပစ်တာပေါ့၊ ဒီလိုနဲ့ဆော့နေရင်း ကျွန်မတို့လူကွဲသွားတယ်၊ ဒန်နီယယ်နဲ့ နီတာလေးနဲ့ ကျန်ခဲ့ပြီးတော့ ကျွန်မက တောထဲရောက်သွားတာပေါ့၊ တစ်နေရာရောက်တော့ သစ်ပင်ကြီးတစ်ပင်တွေ့တယ်၊ ထင်းရှူးပင်တွေကြားမှာ အဲဒီသစ်ပင်ကြီးက ထူးဆန်းနေတယ်။ ကျွန်မအနားကပ်သွားတော့ လူကြီးတစ်ဦးက သစ်ပင်ခွကြားမှာထိုင်နေတယ်၊ ကျွန်မက အစကမျောက်ကြီးလို့ထင်လိုက်တာ၊ အနီးကပ်သွားတော့ ကျွန်မခြေသံကိုကြားလိုက်မှ အဲဒီလူကြီးက လှည့်လိုက်တော့ လူမျက်နှာကြီးနဲ့ဖြစ်နေတယ်။ တစ်ကိုယ်လုံးလည်း အမွှေးရှည်တွေနဲ့ပေါ့ရှင်၊ ဒါပေမယ့် ပါးစပ်ကတော့ ဆေးလိပ်ကြီးတစ်လိပ်ကို ဖွာရှိုက်နေတယ်၊ ဆေးလိပ်ကလည်း အတော်ကြီးတယ်၊ ကျွန်မလက်ဖျံလောက်နီးနီးရှိတဲ့ ဆေးလိပ်ကြီးပါ။ ကျွန်မက သရဲဆိုတာလည်း အယုံအကြည်မရှိ၊ တစ်ခါမှလည်း မမြင်ဖူးဘူးဆိုတော့ သူ့ကိုသွားကြည့်တာပေါ့။
“ဟိတ်ကောင်မလေး ဘာလုပ်တာလဲ”
“ဦးလေးကြီးကရော သစ်ပင်ပေါ်ထိုင်ပြီး ဘာထိုင်လုပ်နေတာလဲ”
“မမြင်ဘူးလား၊ ဒီမှာဆေးလိပ်သောက်နေတာ”
“ဒါဖြင့် တစ်ခုလောက်ကူညီပါ၊ သမီးလမ်းပျောက်နေလို့ အိမ်နားကိုပြန်ရောက်မယ့် လမ်းကိုပြစမ်းပါ”
“အောင်မယ်၊ နင့်ကိုလမ်းပြတော့ နင်ကငါ့ကိုဘာကျွေးမှာလည်း”
ကျွန်မလည်း ဘာပြောရမှန်းမသိဘူး၊ ဒါနဲ့ပဲ မနက်က အန်တီမူယာကျွေးတဲ့ ခေါပုတ်ကိုသတိရသွားတယ်။
“ခေါပုတ်ကျွေးမယ်၊ လမ်းပြနော်”
“အေး၊ ပြီးရော၊ နင်ငါ့ကို တကယ်ကျွေးရမယ်နော်”
ကျွန်မခေါင်းညိတ်ပြလိုက်တော့ အဲဒီလူကြီးက သစ်ပင်ပေါ်ကနေဆင်းလာပြီး ကျွန်မအရှေ့ကဖြတ်လျှောက်သွားတယ်၊ သူအနားကဖြတ်သွားတော့ အောက်သိုးသိုးအနံ့ကြီးတစ်ခုလည်းရတယ်၊ သူ့နောက်လိုက်သွားပြီး မကြာပါဘူး သူကရပ်တန့်လိုက်ပြီးတော့ တစ်နေရာကိုထိုးပြတယ်၊ အဲဒီမှာ ကျွန်မမောင်လေးနဲ့ ဒန်နီယယ်က ကျွန်မကို လိုက်ရှာနေကြတာ၊ ကျွန်မလည်း ဝမ်းသာအားရနဲ့ပြေးသွားပြီး အဲဒီလူကြီးကို သတိရသွားလို့ အနောက်ကိုလှည့်ကြည့်တော့ အဲဒီလူကြီးက မရှိတော့ပါဘူး၊ ဒါနဲ့ပဲ သူတို့ဆီကိုပြန်လာခဲ့တာပေါ့။
ကျွန်မစိတ်ထဲ အကြွေးတင်နေသလိုခံစားရတယ်၊ ဒီအဖြစ်ကိုတော့ ဘယ်သူ့ကိုမှ မပြောပြမိဘူး၊ တောထဲက လူကြီးကို ခေါပုတ်ကျွေးရမှာပါလားဆိုပြီး စိတ်ထဲအသိဝင်နေတော့တယ်၊ နောက်တစ်နေ့မနက်စာစားတော့ အန်တီမူယာက ခေါပုတ်ကိုကြော်ပြီးတော့ သကြားတွေဖြူးပြီးကျွေးတယ်၊ ကျွန်မလည်း စားသောက်ရင်း ခေါပုတ်တစ်တုံးကို အန်တီမူယာမသိအောင် ဖွက်ထားလိုက်တယ်၊ မနက်စာစားနေတုန်းပဲ ဒန်နီယယ်ရောက်လာတယ်၊ ပြီးတော့ ကျွန်မတို့ဆော့နေကြရင်း
“ခဏဆော့ထားနှင့်ဟာ၊ ငါအိမ်သာတက်ချင်လို့”
ကျွန်မကလိမ်ပြောပြီးတော့ ခြံနောက်ဘက်ကိုပြေးထွက်လာခဲ့တယ်၊ သံဆူးကြိုးကို ခွကျော်ပြီးတဲ့အခါ တောအုပ်ထဲကို အမြန်ပြေးလာခဲ့တယ်။ တောထဲရောက်တော့မှ ကျွန်မခေါင်းကုပ်မိတယ်၊ တကယ်တော့ ကျွန်မမနေ့က ဘယ်လမ်းကလာတယ်ဆိုတာကို မမှတ်မိဘူး၊ ထင်းရှူးတောကြီးက ဘယ်နားကြည့်ကြည့် ဒီလိုပုံစံကြီးပဲဖြစ်နေတယ်၊ ဒါနဲ့ပဲ ဟိုကြည့်၊ ဒီကြည့်နဲ့ အော်နေမိတယ်။
“ဟေ့လူကြီး၊ ခေါပုတ်ရပြီ၊ ဘယ်ကိုလာကျွေးရမှာလဲ”
“လာခဲ့ဟေ့၊ ဒီအတိုင်းလာခဲ့”
အသံကြားရာနောက်ကို ကျွန်မလိုက်သွားမိတယ်၊ မကြာပါဘူးရှင်၊ တောအုပ်အလယ်က သစ်ပင်ကြီးဆီရောက်သွားတယ်၊ သစ်ပင်ကိုင်းခွကြားမှာ အဲဒီလူကြီးက ဆောင့်ကြောင့်ကြီးထိုင်လျှက်ပါပဲ၊ ကျွန်မခေါပုတ်ကျွေးလိုက်တော့ သူကသစ်ပင်ပေါ်ကနေဆင်းလာပြီး ကျွန်မလက်ကိုပုတ်ချတယ်၊ ခေါပုတ်မြေပေါ်ကျသွားတော့မှ ကောက်ပြီးစားတယ်၊ ခေါပုတ်တစ်တုံးက သူ့တစ်လုပ်တည်းနဲ့ကုန်သွားတယ်။
“ကောင်းလိုက်တာ၊ မစားရတာကြာပြီ၊ ကောင်းတယ်”
နောက်တော့ အဲဒီလူကြီးက သစ်ပင်ပေါ်ကိုပြေးတက်သွားပြီးတော့ သစ်ပင်ကြီးကိုလှုပ်ချတယ်၊ သစ်ပင်ပေါ်ကနေ တရုတ်ဇီးသီးတွေကျလာတယ်၊ စိမ်းပြီးပွနေတဲ့ ဇီးသီးတွေက ဆယ်လုံးလောက်ရှိမယ်ထင်တယ်၊ ကျွန်မလည်းပြေးကောက်ပြီးတော့ ကျွန်မဝတ်ထားတဲ့ ဂါဝန်စထဲကို သိမ်းကြုံးပြီးထည့်လိုက်တယ်။ ကျွန်မပြန်ခါနီး အဲဒီအကောင်ကြီးကို လက်ပြပြီးနှုတ်ဆက်လိုက်တယ်။
“နောက်လည်း အသီးစားချင်ရင်လာခဲ့၊ ငါ့ကိုကျွေးရင် ငါကလည်း ပြန်ကျွေးမယ်”
ကျွန်မလည်း တောထဲက အမြန်ပြန်ရင်း လမ်းမှတ်မိသွားပြီ၊ မကြာပါဘူး အဘွားတို့ခြံကိုပြန်ရောက်လာတယ်၊ ဒန်နီယယ်နဲ့ နီတာလေးက အိမ်သာရှေ့နားမှာ ကျွန်မကိုစောင့်နေတယ်။
“နင်ပြောတော့ အိမ်သာသွားတာဆို”
“မဟုတ်ဘူးဟ၊ ဒီမှာကြည့်စမ်း၊ ဇီးသီးသွားခူးတာ”
တရုတ်ဇီးသီးတွေက ကလေးလက်သီးဆုပ်လောက်ရှိမယ်ထင်တယ်၊ ကျွန်မတို့လည်း ရေဆေးပြီးတော့ ချက်ချင်းကိုက်စားတာပဲ၊ ချိုမြပြီးအရည်ရွမ်းတော့ စားလို့ကောင်းလိုက်တာ၊ ကျွန်မတို့သုံးယောက် မျှစားတာတောင် စားမလောက်ပါဘူး။
(၃)
ဒီလိုနဲ့ လေးငါးရက်လောက်ကြာသွားတယ်၊ အဲဒီနေ့က အဘွားက မုန်ညင်းတွေကို ခူးဖြတ်နေတာနဲ့ ကျွန်မတို့လည်း ဝိုင်းကူနေရတာပေါ့၊ အဘွားက သူ့မုန်ညင်းတွေကို ကူဖြတ်ပြီး အစည်းတွေစည်းပေးရင် ကျွန်မတို့ကို မုန်Uကျွေးမယ်လို့ပြောတာကိုး။ ကျွန်မလည်း အဘွားပေးတဲ့မုန်ညင်းစည်းတွေကိုင်ရင်း အိမ်နားကိုထွက်လာတုန်း ခြံဟိုးအနောက်ဘက် တောစပ်နားမှာ အဲဒီလူကြီးကိုလှမ်းတွေ့ပါရော၊ အဲဒီလူကြီးကလည်း ကျွန်မကိုလှမ်းကြည့်ပြီး လက်ယပ်ခေါ်တာနဲ့ ကျွန်မလည်း မုန်ညင်းစည်းကြီးချပြီးပြေးသွားမိပါရော။
“ဘာလာလုပ်တာလဲ”
“ငါ့ကိုထမင်းကျွေးစမ်းပါ၊ ငါဗိုက်ဆာတယ်”
ပြီးတော့ သူ့လက်တွေထဲပိုက်လာတဲ့ တရုတ်ဇီးသီးတွေပေးတယ်၊ ကျွန်မလည်း ဇီးသီးစားချင်တာ ကြာပြီလေ၊ ဒါနဲ့ပဲ ဇီးသီးတွေကိုလှမ်းယူပြီးတော့ အိမ်ဘက်ကိုအပြေးထွက်ခဲ့တယ်။ ဇီးသီးတွေချပြီး မီးဖိုချောင်ထဲကို မယောင်မလည်နဲ့သွားတော့ အန်တီမူယာက ဟင်းချက်နေတယ်၊ လက်ဝါးလောက်ရှိမယ့် ငါးကလေးတွေကို အကောင်လိုက်ကြော်နေတာပါ၊ ဒါနဲ့ကျွန်မလည်း အန်တီမူယာမသိခင် ငါးကြော်တစ်ကောင်ကိုဆွဲယူပြီး အပြင်ကိုပြေးထွက်ခဲ့တာပေါ့၊ အဲဒီလူကြီးကိုတွေ့တော့ ထုံးစံအတိုင်းပဲ ငါးကြော်ကိုပုတ်ချပြီး မြေပေါ်ရောက်တော့မှ ကောက်စားတယ်၊ ငါးတစ်ကောင်လုံးကို ပါးစပ်ထဲထည့်ပြီး အရိုးတွေကြေအောင် တဂျွတ်ဂျွတ်နဲ့ ကိုက်ဝါးတာကြည့်ပြီး ကျွန်မက ကြောက်ရမယ့်အပြင် သနားမိသွားယ်၊ သူက ထပ်ရမလားဆိုပြီး ကျွန်မကိုကြည့်နေသေးတယ်။
“မရတော့ဘူး၊ တစ်ကောင်ပဲရတယ်၊ နောက်မှထပ်ကျွေးမယ်”
ဒါနဲ့ အဲဒီလူကြီးကလည်း ပြေးထွက်သွားပြန်တာပေါ့ရှင်။
တစ်ရက်ကျတော့ ကျွန်မကို အန်တီမူယာက တခြားခြံကနေ ကြက်သွန်မြိတ်သွားတောင်းခိုင်းတယ်၊ ကျွန်မတို့နေတဲ့ရွာကလေးမှာ ဈေးဝယ်စရာမလိုပါဘူး၊ တစ်အိမ်မှာရှိတဲ့ဟင်းသီးဟင်းရွက်နဲ့ အခြားအိမ်က ဟာနဲ့လဲစားကြတယ်၊ တစ်ခုခုလိုရင်လည်း ဘယ်သူ့ဆီမှာ စိုက်ထားလောက်တယ်ဆိုပြီးတော့ သွားတောင်းကြတာပဲ။ ကျွန်မလည်း ကြက်သွန်မြိတ်တွေ တစ်စည်းကြီးကိုင်ပြီး ပြန်လာတော့ နီတာလေးကိုမတွေ့တော့ဘူး၊ ဒန်နီယယ်လည်း ဘယ်ရောက်နေမှန်းမသိဘူး။ ကျွန်မလည်း သူတို့ကို ခြံအနှံ့လိုက်ရှာတယ်၊ နောက်တော့ အဘွားနဲ့ အန်တီမူယာတို့ကလည်း နီတာနဲ့ ဒန်နီယယ်ပျောက်သွားလို့ လိုက်ရှာကြတယ်၊ ဒီတော့မှ ကျွန်မတစ်ခုသတိထားမိတယ်၊ ဒါနဲ့ မီးဖိုချောင်ထဲကိုဝင်ပြီး ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့ ထမင်းခပ်လိုက်တယ်၊ ဝက်ခေါက်ကြော်နည်းနည်းလည်;ထည့်ခဲ့ပြီးတော့ တောထဲကိုပြေးထွက်ခဲ့တာပေါ့၊
ကျွန်မပြေးရင်းနဲ့ အော်သံတစ်ချို့ကြားရတယ်၊ ငိုသံတွေလည်းကြားရတယ်၊ အဲဒီနေရာကို ကျွန်မသိတယ်၊ ကျွန်မအမြန်ပြေးလာရင်း နောက်ဆုံး သစ်ပင်ကြီးအနားကိုရောက်လာတယ်။ သစ်ပင်ခြေမှာ ဒန်နီယယ်ကို ဟိုလူကြီးက ဖမ်းထားတယ်၊ နီတာလေးက သစ်ပင်အနားမှာလဲပြီး ငိုနေတယ်။
“မလုပ်နဲ့၊ မလုပ်ပါနဲ့၊ အဲဒါ သမီးသူငယ်ချင်းတွေ”
ကျွန်မအော်လိုက်တော့ အဲဒီလူကြီးက ရပ်သွားပြီးတော့ ဒန်နီယယ်ကိုလွှတ်ပေးလိုက်တယ်၊ ဒန်နီယယ်လဲ ကြောက်ကြောက်နဲ့ကျွန်မအနားကို ပြေးလာတာပေါ့။
“နင်တို့ဘာဖြစ်ကြတာလဲ”
“နင်က တောထဲကနေ တရုတ်ဇီးသီးတွေခူးလာလို့ ငါတို့လည်; ဇီးသီးခူးရအောင်ဆိုပြီးလာခဲ့တာ၊ ဒီအပင်ကြီးအပေါ်ကို ငါတက်တော့ ဒီအကောင်ကြီးဆင်းလာတာပဲ၊ သရဲကြီးထင်တယ်”
ဒန်နီယယ်က ကြောက်ပြီးတုန်ယင်နေတယ်၊ ကျွန်မလည်း ကျွန်မယူလာတဲ့ ထမင်းထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကိုဖြေလိုက်ပြီး မြေပေါ်ချပေးလိုက်တယ်။
“ကဲ၊ စား၊ စား၊ နောက်ဆိုမှတ်ထား ဒါငါ့သူငယ်ချင်း ဒန်နီယယ်တဲ့၊ ဒါကတော့ ငါ့မောင်လေး နီတာတဲ့ သူတို့ကို နောက်ဆိုအဲဒီလိုမလုပ်နဲ့နော်”
အဲဒီလူကြီးကလည်း ရယ်ပြတယ်၊ ဒန်နီယယ်ကလန့်နေသေးတယ်၊ ကျွန်မမောင်လေးဆို ကျွန်မဂါဝန်စအနောက်မှာ ပုန်းနေသေးတယ်၊ နောက်တော့မှ ကျွန်မတို့တွေခင်သွားတယ်၊ ဒီလူကြီးနဲ့အတူတူ အပင်အောက်မှာဆော့ကြတယ်၊ သူကလည်း အသီးတွေခူးပေးတယ်။ နီတာလေးကိုလည်း ကုန်းပိုးတယ်၊ ကျွန်မတို့ဆော့နေရင်း တော်တော်ကြာတော့မှ သတိရသွားတယ်။
“ဟယ်၊ ငါတို့ကို ဘွားဘွားတို့လိုက်ရှာနေတယ်ထင်တယ်”
ကျွန်မတို့လည်; သတိရပြီးတော့ သစ်ပင်ကြီးဆီကနေထွက်ခဲ့တယ်၊ အဲဒီလူကြီးကလည်း မျက်နှာမကောင်းဘူးပေါ့၊ ကျွန်မကလည်း မောင်လေးကိုရော ဒန်နီယယ်ကိုရော ဒီလူကြီးအကြောင်းတွေကို ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ရတယ်၊ ပြောရင် အန်တီမူယာက ရိုက်မယ်လို့ခြိမ်းခြောက်လိုက်တော့ သူတို့လည်းမပြောရဲကြပါဘူး။
တောအုပ်ထဲရောက်တော့ တစ်ရွာလုံးက လူကြီးတွေ တောထဲရောက်နေကြပြီ၊ သူတို့ရှာနေတာ နာရီနဲ့ချီပြီးကြာနေပြီတဲ့၊ ကျွန်မတို့လည်း တရုတ်ဇီးသီးသွားခူးတာပါလို့ပြောလိုက်တော့ လူကြီးတွေက ကျွန်မတို့ကို ဆူပူကြိမ်းမောင်းပြီးတော့ ပြန်ဆွဲခေါ်လာကြတယ်၊ အိမ်ရောက်တော့ အန်တီမူယာက ကျွန်မကိုရိုက်တော့တာပဲ၊ နီတာကလေးကိုလည်း ရိုက်တယ်၊ နောက်အဲဒီတောဘက်ကို ခြေဦးမလှည့်ဖို့ တားတာပေါ့။
(၄)
အန်တီမူယာရိုက်ပြီးတဲ့နောက်တော့ ကျွန်မတို့တောအုပ်ဘက်ကိုခြေဦးမလှည့်ကြတော့ပါဘူး၊ ကျွန်မတို့ရွာရောက်တာကြာပြီဆိုတော့ ရွာထဲက ကလေးတွေနဲ့အတူတူသွားဆော့ကြတယ်၊ ဒီတော့ ကိုယ့်ခြံထဲမှာမဆော့ဖြစ်တော့ဘူးပေါ့ရှင်။
“ဟေ့ကောင် မင်းမပါနဲ့”
ကျွန်မတို့သွားဆော့တိုင်း အသက်ခပ်ကြီးကြီးကောင်လေးတစ်ယောက်က နီတာလေးကို အမြဲရန်ရှာတယ်။ သူ့နာမည်က စိုင်းလုံဆိုပေမယ့် သူ့ကိုတော့ ကျွန်မတို့က ဆိုးပေလို့ခေါ်တယ်၊ တခြားကလေးတွေနဲ့အဆင်ပြေတယ်ဆိုပေမယ့် ဆိုးပေနဲ့ကျွန်မတို့မောင်နှမအဆင်မပြေဘူး၊ ဆိုးပေကလည်း လူသစ်ဖြစ်တဲ့ကျွန်မတို့မောင်နှမကို အမြဲအနိုင်ကျင့်တယ်။ ဒါကြောင့် ကျွန်မတို့ဆိုးပေလာရင် မဆော့ကြတော့ဘူး။
တစ်ညတော့ ကျွန်မတို့မောင်နှမအိပ်တော့မလို့လုပ်နေတယ်၊ မီးကလည်းပျက်နေတာဆိုတော့ အန်တီမူရာထွန်းပေးထားတဲ့ မှန်အိမ်မီးအလင်းရောင် မှိန်မှိန်ကလေးပဲရှိတာပေါ့၊ ဒါပေမယ့် အပြင်မှာလကသာနေတယ်၊ လပြည့်နီးပြီမို့လို့ အလင်းရောင်တွေဖြာကျနေတာနဲ့ ကျွန်မလည်း အခန်းပြတင်းပေါက်ကိုဖွင့်လိုက်မိတယ်၊ ဒီအချိန်မှာပဲ ကျွန်မနှာခေါင်းထဲ အနံ့ကြီးတစ်ခုရတယ်၊ အောက်သိုးသိုးအနံ့၊ ခြေသုတ်ဝတ်တွေကို ရေစိမ်ပြီးလျှော်ထားတဲ့အနံ့လိုအနံ့ကြီး၊ ကျွန်မခေါင်းနားပန်းကြီးသွားတယ်၊ ဒီအချိန်မှာပဲ ပြတင်းပေါက်ကနေ အဲဒီလူကြီးဝင်လာခဲ့တယ်။
“ငါ့ကိုဝင်ခွင့်ပြုပါ၊ ငါမင်းတို့ကိုလွမ်းနေတာကြာပြီ”
ကျွန်မလည်းယောင်ယမ်းပြီးခေါင်းညိတ်လိုက်တော့ ပြတင်းပေါက်ပေါင်ကိုဖြတ်ကျော်ပြီးတော့ အခန်းထဲရောက်လာတယ်၊ နောက်တော့ အခန်းထဲကိုလှည့်ပတ်ကြည့်နေတယ်၊ မောင်နှမနှစ်ယောက်အိပ်တဲ့အခန်းက သိပ်မကျယ်ပါဘူး၊ သူ့ကိုယ်လုံးအကြီးကြီးနဲ့ လှည့်ပတ်နေတာဆိုတော့ အခန်းထဲက မှန်အိမ်ကျကွဲသွားတယ်။
“ဟေ့ကလေးတွေ၊ ဘာဖြစ်တာလဲ”
အဲဒီလူကြီးက အခန်းထောင့်မှာပုန်းနေတယ်၊ မှန်အိမ်ကျကွဲသွားတော့ အခန်းကလည်းမှောင်မဲနေတာပေါ့၊ အန်တီမူယာကတက်လာပြီး ကျွန်မတို့ကိုဆူတယ်။
“မျောက်ကျလိုက်တဲ့ကလေးတွေပါလား၊ မှန်အိမ်ကွဲသွားပြီဆိုတော့ နင်တို့ဒီည အမှောင်ထဲမှာပဲ အိပ်ပေတာ့”
မှန်အိမ်အကွဲစတွေကို တံမြက်စည်းနဲ့လှည်းကျင်းပြိး အန်တီမူယာကထွက်သွားတယ်၊ အခန်းထဲမှာ မှန်အိမ်မရှိတော့ပေမယ့် လရောင်ကဖြာကျနေတာမို့လို့ ခပ်မှိန်မှိန်ကလေးလင်းနေပါတယ်။
“နင်ပြန်တော့၊ အန်တီမူယာတွေ့သွားရင် နင့်ကိုရိုက်လိမ့်မယ်”
“ငါ . . . ငါမပြန်ချင်ဘူးဟာ၊ တောထဲမှာ အထီးကျန်တယ်၊ ငါနင်တို့နဲ့အတူတူနေချင်တယ်”
နီတာကလေးကတော့ ပျော်သွားတဲ့ပုံပဲ၊ ကျွန်မလည်းပျော်ပါတယ်၊ ဒါပေမယ့် သူ့ကိုယ်လုံးကြီးနဲ့အိမ်ထဲလျှောက်သွားနေရင် တစ်နေ့မဟုတ်တစ်နေ့ အန်တီမူယာနဲ့အဘွားနဲ့တွေ့သွားမှာပဲ။
“နင့်ကိုလူတွေမြင်သွားလိမ့်မယ်”
“ရတယ်၊ နင်တို့ကလွဲလို့ ငါ့ကိုတခြားသူတွေ မမြင်ရအောင်လို့ငါနေမယ်၊ ငါ့ကိုနေခွင့်ပေးပါဟာ”
လေးငါးခေါက်လောက်ပြောနေတာနဲ့ ကျွန်မလည်း ခေါင်းညိတ်လိုက်တာပေါ့၊ အဲဒီလူကြီးက ပျော်သွားပုံရတယ်။
“ငါ့နာမည်က သူဇာ၊ သူက ငါ့မောင် နီတာလို့ခေါ်တယ်၊ နင့်နာမည်ကရော . . .”
အဲဒီလူကြီးက တွေတွေကြီးကြည့်နေတယ်၊ နောက်တော့ ခေါင်းကိုတဗြင်းဗြင်းကုပ်ပြီးတော့ သက်ပြင်းရှည်ကြီးချတယ်။
“ငါ . . ငါ့မှာ နာမည်မရှိဘူး”
“နာမည်မရှိတာများ ဘာခက်လို့လဲ၊ ဟောဒီအရုပ်လေးဆိုရင် ပင်ကီတဲ့၊ ငါနာမည်ပေးထားတာ၊ လှတယ်မဟုတ်လား”
အဲဒီလူကြီးက ခေါင်းညိတ်ပြီး
“ဒါဆို ငါ့ကိုလည်း နာမည်ပေးပေး . . .”
ကျွန်မစဉ်းစားနေလိုက်တယ်၊ ခေါင်းထဲဘာမှမထွက်လာဘူး၊ ဒါနဲ့အနီးအနားကိုလိုက်ကြည့်တော့ လရောင်တွေဖြာကျနေတဲ့ လကိုပဲမြင်လိုက်ရတယ်၊ ကျွန်မလည်းအကြံရသွားတယ်။
“ဟုတ်ပြီနင့်နာမည် မွန်း၊ မွန်းဆိုတာ လကိုခေါ်တာ၊ နင်ကြိုက်လား”
အဲဒီလူကြီးက ခေါင်းညိတ်ပြတယ်၊ ကျွန်မပေးလိုက်တဲ့နာမည်ကို သူသိပ်ကြိုက်သွားတဲ့ပုံပဲ။
“မွန်းတဲ့၊ ကောင်းတယ်၊ ငါကြိုက်တယ်”
အဲဒီညတော့ ကျွန်မတို့အိပ်တဲ့အနားမှာ မွန်းကအိပ်တယ်၊ သူ့အနံ့ကြီးက နံလိုက်တာပြောမနေပါနဲ့တော့၊ ကျွန်မဖြင့်နှာခေါင်းပိတ်ထားရတယ်၊ ညလယ်လောက်ရောက်တော့ ကျွန်မမခံနိုင်တော့ဘူး။
“မွန်းရာ၊ နင့်အနံ့ကြီးက နံလိုက်တာ၊ တစ်ခုခုလုပ်ပါအုံး”
“အေးအေး၊ ငါအနံ့မနံအောင်လုပ်လိုက်မယ်”
မွန်းပြောပြီးတကယ်ပဲ သူ့ကိုယ်က ဘာအနံ့မှ မနံတော့ဘူး၊ ကျွန်မတို့သုံးယောက်လည်း အိပ်လိုက်ကြတာ မနက်မိုးလင်းမှ နိုးတော့တာပါပဲ။ မနက်မိုးလင်းတော့ အန်တီမူယာက ထမင်းကြော်ကျွေးတယ်၊ ကျွန်မလည်း ထမင်းစားနေရင်း နောက်ဆုံး သုံးလေးလုပ်ကျန်တော့ ထမင်းပန်းကန်ကိုလက်နဲ့တိုက်ပြီး မှောက်ထည့်လိုက်တယ်၊ ထမင်းပန်းကန်က စတီးပန်းကန်ဆိုတော့ မကွဲပါဘူး၊ ထမင်းတွေကတော့ ပြန့်ကျဲကုန်တာပေါ့။
“အဲ၊ လုပ်ပြန်ပြီ၊ နင်တို့ဘယ်လိုဖြစ်နေကြတာလဲ သူဇာ၊ ညကလည်း မှန်အိမ်ကျကွဲတယ်၊ အခုလည်း ပန်းကန်မှောက်ပြန်ပြီ”
အဘွားကလည်း ဝင်ပြောတယ်။
“မိန်းကလေးဆိုတာ အဲဒီလိုရှပ်ပြာရှပ်ပြာမနေရဘူး၊ ကဲ ထမင်းစေ့တွေကျုံးစမ်း”
အဘွားနဲ့ အန်တီမူယာဆူပေမယ့် ကျွန်မကတော့ လျှာလေးတစ်လစ်လေးထုတ်ပြီးတော့ စားပွဲပေါ်နဲ့ ထိုင်ခုံပေါ်ကျကုန်တဲ့ထမင်းစေ့တွေကို ဂေါ်ပြားတစ်ချောင်းနဲ့ကျုံးပြီး အိမ်အပြင်ဘက်နားမှာ ပုံပေးလိုက်တာပေါ့၊ ဒီအခါ မွန်းကရောက်လာတယ်။ ကျွန်မလည်း သူ့ကိုကျွေးချင်လို့ကို တမင်လုပ်ပြီးမှောက်လိုက်တာမဟုတ်လား။
“စားလေမွန်း၊ နောက်နေ့တော့ နင့်ကိုကောင်းကောင်းစားရဖို့ ကြံဖန်ပေးမယ်၊ အခုတော့ ဒါပဲစားလိုက်အုံး”
မွန်းက ကုန်းလိုက်ပြီးတော့ မြေပေါ်ကျနေတဲ့ ထမင်းစေ့လေးတွေကို ကောက်ကောက်စားနေတယ်၊ ဒီလိုလူကောင်အကြီးကြီးက ဒီထမင်းစေ့လေးတွေစားရတာ ၀မှာမဟုတျဘူးဆိုတာ ကျွန်မသိတယ်၊ ကျွန်မဖြင့် မွန်းကိုကြည့်ပြီး စိတ်မကောင်းဘူး။
(၅)
နေ့လည်ရောက်တော့ ရွာကကလေးတွေနဲ့သွားဆော့ကြတယ်၊ မွန်းကလည်း အနောက်ကနေယောင်ပေပေနဲ့လိုက်လာခဲ့တာကိုမြင်ရတယ်၊ တခြားကလေးတွေကတော့ မမြင်ရဘူးထင်တယ်၊ ကျွန်မတို့ဆော့တာကတော့ ရှင်းပါတယ်၊ ပိုက်ဆံလေးတွေကို တြိဂံပုံစံလေးဖြစ်အောင် ခေါက်တယ်၊ ပြီးတော့ မြေပေါ်မှာထောင်တယ်၊ အဲဒီပိုက်ဆံကလေးတွေကို ကျောက်ဒိုးနဲ့ပစ်ကြတာပေါ့။
အမေက ကျွန်မတို့မုန့်ဝယ်စားဖို့ဆိုပြီး ပေးထားခဲ့တဲ့ငွေတွေက ကစားပစ်ပြီးရှုံးတာများပြီ၊ ကျွန်မလက်ထဲမှာ ငါးဆယ်တန်လေး နှစ်ရွက်ပဲကျန်တယ်၊ နီတာကလေးကတော့ အမေမုန့်စားဖို့ဆိုပြီးပေးခဲ့တဲ့ပိုက်ဆံမှန်းမသိပါဘူး၊ သိရင်တော့ သူလည်းမုန့်တောင်းစားမှာပေါ့။
“ငါးဆယ်ကြေးဆော့မယ်”
တစ်ယောက်ငါးဆယ်ထည့်ရတာဆိုတော့ ကျွန်မလည်း နောက်ဆုံးကျန်တဲ့ ငါးဆယ်တန်နှစ်ရွက်ထဲက တစ်ရွက်ကိုခေါက်ပြီးတော့ ထောင်လိုက်တယ်၊ ဘယ်သူအရင်ပစ်ရမလဲဆိုတာကတော့ အဝေးဆုံးကိုပြနိုင်တဲ့သူက အရင်ပစ်ရတာပါပဲ၊ ကျွန်မက လက်မတည့်တော့ သိပ်ဝေးဝေးကိုမပစ်နိုင်ပါဘူး။
အရှေ့ကလူတွေပစ်ကြတော့ ပိုက်ဆံတွေသိပ်မရဘူး၊ ဒါနဲ့ ကျွန်မအလှည့်ရောက်လာတယ်၊ ကျွန်မလည်းကျောက်ဒိုးကို အားနဲ့ပစ်ထည့်လိုက်တယ်၊ ကံဆိုးချင်တော့ ကျောက်ဒိုးက ပိုက်ဆံတွေထောင်ထားတဲ့အနားရောက်တော့ မြေကိုတစ်ချက်ထိပြီး ပြန်ခုန်ထွက်သွားတာနဲ့ ပိုက်ဆံတစ်ကျပ်မှ မရလိုက်ဘူးပေါ့။ နောက်တစ်ချီပြန်စခါနီးတော့ မွန်းက ကျွန်မအနားရောက်လာတယ်။
“ဘယ်လိုဆော့ရတာလဲ”
ကျွန်မလည်း မွန်းကိုသတိရသွားတယ်။
“ဟောဒီကျောက်ဒိုးနဲ့ပိုက်ဆံတွေကို ထိအောင်ပစ်ရတာ၊ ပိုက်ဆံများများထိလေ များများရလေပဲ”
မွန်းကလည်း သဘောပေါက်သွားတယ်။ သူကျွန်မကိုကူညီမယ်လို့ပြောတယ်။ ဒါနဲ့ နောက်တစ်ပွဲမှာ ကျွန်မဆီက နောက်ဆုံးကျန်တဲ့ပိုက်ဆံထည့်လိုက်တယ်။ ပထမဆုံးပစ်ရမှ ပိုက်ဆံများများကျန်မှာမို့လို့ ဟိုးအဝေးကိုပစ်ထည့်လိုက်တယ်။
“ဟဲ့ သူဇာ၊ အဝေးကြီးပဲ နင်ပစ်နိုင်ပါ့မလား”
ကျွန်မလည်း ယုံယုံကြည်ကြည်နဲ့ခေါင်းညိတ်လိုက်တယ်၊ အဝေးဆုံးက ကျွန်မဆိုတော့ ကျွန်မအရင်ပစ်ရတော့မှာပေါ့။ ကျောက်ဒိုးကို အသေအချာကိုင်လိုက်ပြီး အားပြင်းပြင်းနဲ့ ပိုက်ဆံအတန်းကြီးဆီကိုပစ်ထည့်လိုက်တယ်။
ကျောက်ဒိုးက လိမ့်သွားရင်း ပိုက်ဆံတန်းအနားမရောက်ခင်မှာ ရပ်သွားမလိုဖြစ်တယ်၊ မွန်းက ကျောက်ဒိုးကို သူ့လက်နဲ့ထပ်လှိမ့်ပေးလိုက်တော့ ကျောက်ဒိုးကလိမ့်သွားပြီး ထောင်ထားတဲ့ ပိုက်ဆံငါးခုကိုထိချသွားတယ်။
“ဟေး၊ နိုင်ပြီဟေ့”
ကျွန်မအော်လိုက်တာ အသံအကျယ်ကြီးပဲ၊ ပိုက်ဆံငါးရွက်ဆိုတော့ နှစ်ရာ့ငါးဆယ်ပေါ့၊ ဒါပေမယ့် ကျွန်မလောဘမသတ်နိုင်သေးပါဘူး။ မွန်းကိုအနားကိုခေါ်လိုက်ပြီးတော့
“ဟိုးအနောက်ဆုံးမှာ ထောင်ထားတဲ့ပိုက်ဆံကလေးတွေ့လား၊ အဲဒါကိုထိရင် ပိုက်ဆံတွေအကုန်ရမှာ”
“တကယ်လား . . .”
“အေးပေါ့၊ နင်သာ အဲဒီပိုက်ဆံလေး ထိအောင်လုပ်ပေး၊ ငါနင့်ကို မုန့်ဝယ်ကျွေးမယ်”
မွန်းကလည်းခေါင်းညိတ်တယ်။ ဒီတစ်ခါလည်း ကျွန်မအရင်ပစ်ရအောင်လို့ ဟိုးအဝေးကြီးကိုပစ်ထည့်လိုက်ပြန်တယ်။ ဒီတော့ ကျွန်မစပစ်ရပြီပေါ့။
“ထိပါ့မလား ဒီလောက်အဝေးကြီးကို”
သူများပြောတာတွေ ဂရုမစိုက်ဘဲ ကျွန်မကျောက်ဒိုးကို မြေမှာလှိမ့်ပစ်လိုက်တယ်၊ မွန်းက ကျွန်မကျောက်ဒိုးကိုလက်နှစ်ချောင်းနဲ့ကိုင်ပြီး မြေမှာလှိမ့်သွားသလို ပွတ်ဆဲသွားလိုက်ပြီးတော့ နောက်ဆုံးက ပိုက်ဆံကလေးကို ကျောက်ဒိုးနဲ့တိုက်ချလိုက်တယ်၊ တစ်ရွာလုံးက ကလေးတွေ ဟာခနဲ ဟင်ခနဲဖြစ်သွားတော့တယ်။ ကျွန်မလည်း ပျော်လွန်းလို့ ခုန်ပေါက်ပြီး ကနေမိတယ်။
သုံးပွဲပဲ ကစားလိုက်ရပါတယ်၊ ခေါင်ကိုပဲ ကျွန်မထိပြီး အကုန်စားလိုက်တာမို့လို့ ကျန်တဲ့ကလေးတွေကလည်း မဆော့ကြတော့ဘူး၊ ကျွန်မလည်း ငွေတစ်ထောင်နီးပါးရလိုက်တယ်။ ဒါနဲ့ရွာထဲက မုန့်ဆိုင်ကိုပြေးရတာပေါ့၊ မုန့်ဆိုင်က ရွာထိပ်က ကားလမ်းအနားမှာရှိတယ်၊ နီတာလေးစားချင်တဲ့မုန့်တွေဝယ်၊ ကျွန်မစားချင်တဲ့မုန့်တွေဝယ်တာပေါ့၊ အဲဒီခေတ်က တစ်ထောင်ဆိုတာ တော်တော်စားရတယ်၊ မုန့်တွေကလည်း ငါးဆယ်၊ တစ်ရာလောက်ပဲရှိတာကိုး၊ အအေးတစ်ဘူးမှ နှစ်ရာပဲရှိတယ် သောက်ပါလေ့ပဲ။
ကျွန်မတို့မုန့်ဝယ်ပြီးပြန်လာတော့ လမ်းမှာဆိုးပေနဲ့တိုးပါရော၊ ဆိုးပေက မုန့်တွေကိုင်လာတဲ့ ကျွန်မတို့ မောင်နှမကိုကြည့်ပြီးတော့ မျက်လုံးအရောင်လက်သွားတယ်၊ ဆိုးပေ ကျွန်မတိုကဆီက မုန့်တွေလုစားတော့မယ်ဆိုတာ ကျွန်မသိလိုက်တယ်၊ မကြာပါဘူး ဆိုးပေက ကျွန်မဆီက မုန့်ကိုမလုဘဲ နီတာလေးဆီက မုန့်ကိုလုတယ်။ ကျွန်မလည်း ဆဲလိုက်တာမှ စုံနေတာပဲ၊ နီတာလေးကလည်း ငိုတာပေါ့၊ ဆိုးပေက ယောက်ျားလေးဆိုတော့ ကျွန်မလည်း သူ့ကိုမနိုင်ပါဘူး၊ ကျွန်မရင်ဘတ်ကိုတွန်းလိုက်တော့ ကျွန်မလမ်းပေါ်ကို ပက်လက်လန်လဲသွားတယ်၊ ဆိုးပေက မုန့်တွေကောက်ပြီးထွက်ပြေးဖို့လုပ်တယ်။ ကျွန်မဘာလုပ်ရမှန်းမသိဘူး၊ နီတာလေးလည်းငိုနေတော့ ဒေါသလည်းတော်တော်ထွက်တယ်၊ ဒါနဲ့ မွန်းကိုသတိရလိုက်တယ်။
“မွန်း၊ အဲ့ကောင်ကိုလုပ်စမ်းဟာ၊ ငါတို့မုန့်တွေကို ပြန်လုပေးစမ်း”
မွန်းက ဆိုးပေနောက်ကိုပြေးလိုက်တာ မြန်လိုက်တာရှင်၊ မျက်စိရှေ့တင်ပဲ ဆိုးပေကိုမိသွားတယ်၊ ဆိုးပေကိုလည်ကုပ်ကနေဆွဲပြီးတော့ မြေကြီးပေါ်ကို ပစ်ချလိုက်တယ်၊ ဆိုးပေမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေတယ်၊ မွန်းကိုသူမြင်ရပုံမပေါ်ဘူး၊ နောက်တော့လူးလဲထပြီး မုန့်တွေမကောက်နိုင်ဘဲ ထွက်ပြေးသွားတော့တယ်၊ ကျွန်မလည်း မတ်တပ်ရပ်ပြီးတော့ ဆိုးပေကို ပြောင်ပြတယ်။
“ဟားဟား ကြောက်တတ်လိုက်တာ လွန်ပါရောဆိုးပေရာ ဟား”
တော်သေးလို့ မုန့်တွေက ကြွပ်ကြွပ်အိတ်တွေနဲ့ထုပ်ထားတာဆိုတော့ ဘာမှမပေသွားဘူး၊ ကျွန်မတို့ပြန်လာတော့ ခြံရှေ့မှ ဒန်နီယယ်ကစောင့်နေတယ်။
“နင်တို့ ဟိုလူကြီးကိုလုပ်ခိုင်းတာမဟုတ်လား”
ကျွန်မလည်းခေါင်းညိတ်လိုက်တယ်၊ မကောင်းတတ်လို့ ဒန်နီယယ်ကိုလည်း မုန့်တွေမျှကျွေးလိုက်တယ်၊ ဒီအကြောင်းကို မပြောဖို့ကိုလည်း နှုတ်ပိတ်ရသေးတယ်၊ မွန်းကိုလည်း မုန့်တွေကျွေးတော့ မွန်းလည်းပျော်ရွှင်လို့ပေါ့။
(၅)
မွန်းကို ကျွန်မကောင်းကောင်းခိုင်းစားခဲ့တယ်။ မုန့်ကျွေးလိုက် ခိုင်းလိုက်နဲ့ သရဲတစ်ကောင်မွေးထားမိမှန်း ကျွန်မမတွေးတတ်ခဲ့ဘူး၊ မွန်းကလည်း ကျွန်မခိုင်းသမျှ အကုန်လုပ်ပေးတယ်၊ အမေက သုံးလလောက်နေတော့ ပိုက်ဆံစပို့တယ်၊ နောက်နှစ်တော့ ကျွန်မတို့ကျောင်းတက်ရပြီ၊ ကျွန်မတို့ရွာကနေ ကျောင်းရှိတဲ့မြို့ကိုလမ်းလျှောက်တက်ရတယ်၊ နီတာကလေးလည်း အငယ်တန်းတက်ရတာပေါ့။
တခြားကျောင်းသားတွေ လမ်းလျှောက်သွားကြရင် ခဲလုံးတွေ၊ တုတ်တွေကိုင်သွားရတယ်၊ အနီးအပါးရွာတွေကိုဖြတ်ရင်ခွေးဆိုးတွေရှိတတ်တယ်၊ ခွေးဆိုးကိုက်ခံရတဲ့လူလည်းမနည်းဘူး၊ ဒါပေမယ့် ကျွန်မတို့မောင်နှမနှစ်ယောက်ကတော့ ဘာမှမသယ်သွားပါဘူး၊ မွန်းက ကျွန်မတို့အနောက်ကိုတစ်ချိန်လုံးလိုက်နေတာမဟုတ်လား၊ ဘယ်လောက်ဆိုးတဲ့ခွေးဖြစ်ဖြစ် မွန်းကိုတွေ့တာနဲ့ အမြှီးကိုကုပ်လို့၊ ကျောင်းရောက်တော့လည်း မွန်းကို ကျောင်းဝန်းထဲမှာထားခဲ့ရတယ်၊ မွန်းက သစ်ပင်ပေါ်တက်ရင်တက်၊ ဒါမှမဟုတ် ကျောင်းအုတ်တံတိုင်းပေါ်ခွထိုင်ပြီးတော့ ဆေးလိပ်သောက်နေတတ်တယ်။
ဒီလိုနဲ့ သုံးနှစ်လောက် အဘွားတို့ဆီမှာနေထိုင်ခဲ့တယ်၊ တစ်ရက်တော့ ကျွန်မမလုပ်သင့်တာကိုလုပ်မိခဲ့တယ်၊ အဲဒါကတော့သူငယ်ချင်းတွေနဲ့ ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်တာပဲ၊ အဘွားကသိတော့ ကျွန်မကိုဆူတယ်။
“နင်တို့ကောင်းစားဖို့အတွက် နင့်အမေက နယ်စပ်ကိုသွားပြီး ဈေးရောင်းကျွေးနေတာ၊ နင်က ပညာကိုကြိုးစားမသင်ဘဲ ကျောင်းပြေးတယ်၊ ဟုတ်လား၊ ဒီလိုပုံဆက်လုပ်စမ်း၊ နင်တစ်နေ့ခွေးဖြစ်မှာပဲ”
ကျွန်မလည်း ကလေးဆိုတော့ အဘွားကိုအရမ်းမုန်းတီးမိတယ်၊ အဲဒီတုန်းက ကျွန်မခုနစ်တန်းလောက်ပဲရှိမယ်။ မွန်းက ကျွန်မတို့နဲ့သုံးနှစ်လောက်အတူတူနေခဲ့တော့ ကျွန်မတို့မျက်နှာရိပ်မျက်နှာကဲကိုသိနေပါပြီ။
အဲဒီည အဘွားကအိမ်သာထသွားတယ်၊ အဲဒီအချိန်မှာ မွန်းက အဘွားကိုခြောက်လှန့်တယ်၊ အဘွားအိမ်သာကအထွက်မှာ အဘွားခြေထောက်ကိုဆွဲပြီးလှဲလိုက်တယ်၊ အိမ်သာရှေ့မှာခင်းထားတဲ့အုတ်တွေနဲ့ အဘွားခေါင်းနဲ့ရိုက်မိပြီး အတော်ဒဏ်ရာရသွားတယ်။ ကျွန်မက မွန်းဒီလိုလုပ်မယ်လို့မထင်ထားခဲ့ဘူး။ အဘွားကိုစိတ်ဆိုးနေပေမယ့် တကယ်တမ်းမွန်းက အဖွားကိုလုပ်လိုက်တော့ ကျွန်မ မွန်းကိုအတော်စိတ်ဆိုးနေမိတယ်။
“မွန်း . .၊ နင်ဘာလို့ဒီလိုလုပ်ရတာလဲ”
“နင်ပဲ သူ့ကိုစိတ်ဆိုးနေတယ်မဟုတ်လားသူဇာ၊ နင့်စိတ်ထဲမှာ သူသေသွားရင်ကောင်းမှာပဲလို့ တွေးနေတယ်မဟုတ်လား”
ကျွန်မအံ့အားသင့်ပြီးတော့ ပါးစပ်ကိုလက်ဝါးနှစ်ဖက်နဲ့ပိတ်လိုက်မိတယ်။
“မပူပါနဲ့သူဇာ၊ အခုသူမသေပေမယ့် ငါကသေအောင်သတ်ပေးပါ့မယ်”
“မဟုတ်ဘူးမွန်း၊ နင်သူ့ကိုမလုပ်ရဘူး၊ သူက ငါ့အဘွား”
“နင့်အဘွားတွေ ဘာတွေငါနားမလည်ဘူးသူဇာ၊ ငါနားလည်တာကတော့ နင့်ကိုစိတ်ညစ်အောင်၊ စိတ်ဆင်းရဲအောင်လုပ်တဲ့လူတွေကို ငါပြန်လုပ်မယ်၊ နင့်ကိုငိုအောင်လုပ်တဲ့လူကို ငါသတ်ပစ်မယ်”
မွန်းရဲ့စိတ်ကို ကျွန်မမသိခဲ့ဘူး၊ မွန်းက ကျွန်မကိုအတော်စွဲလမ်းနေပုံရပြီ။
“နင့်ကိုငါ ကြိုပြောထားလိုက်မယ်သူဇာ၊ နင့်ကိုဘယ်သူမှ အနိုင်မကျင့်စေရဘူး၊ နင့်ကိုတစ်ယောက်ယောက်က နာကျင်အောင်လုပ်ရင် ငါ့ရဲ့ဟောဒီနေရာကလည်း နာကျင်ရတယ်၊ နင်ငိုရင် ငါလည်းလိုက်ငိုချင်တယ်၊ ငါနင်ခံစားနေရတာကို မမြင်ချင်ဘူး”
“နင် . . နင် ငါ့ကိုချစ်နေတာပေါ့ မွန်း . . .”
မွန်းက တွေတွေကြီးဖြစ်နေတယ်၊ နောက်တော့ ခေါင်းညိတ်ပြပြီး အိမ်ခန်းထောင့်ကလေးမှာထိုင်နေတယ်။
“နင်ငါ့ကိုတကယ်ချစ်တယ်ဆိုရင် ငါပြောတာကိုနားထောင်ရမှာပေါ့၊ ငါပြောတာကို နားထောင်တဲ့သူမှ ငါကပြန်ချစ်မှာ”
မွန်းက ကျွန်မဘက်ကိုလှည့်လာတယ်။
“ငါ့အဘွားကိုမသတ်ပါနဲ့၊ နောက်ပြီးတော့ နင်ငါ့မိသားစုထဲက ဘယ်သူ့ကိုမှ မလုပ်ပါနဲ့၊ မဟုတ်ရင် နင့်ကို . . နင့်ကို ငါမချစ်တော့ဘူး”
မွန်းက ခေါင်းညိတ်လိုက်ပြီးတော့ ပြတင်းပေါက်ကနေ အပြင်ကိုခုန်ထွက်သွားတယ်။
ဒီလိုနဲ့ပဲ ကျွန်မတို့ခွဲရဖို့ဖြစ်လာခဲ့ပြီ၊ အဘွားက ချော်လဲသွားတဲ့ဒဏ်နဲ့ အိပ်ရာထဲလဲသွားတယ်။ အန်တီမူယာကလည်း အဘွားကိုပြုစုနေတာနဲ့ မအားတော့ဘူး၊ ဒီလိုနဲ့ ကျွန်မရှစ်တန်းအောင်တော့ အမေပြန်ရောက်လာတယ်၊ ကျွန်မတို့မောင်နှမနှစ်ယောက်ကို အထုပ်အပိုးတွေသိမ်းခိုင်းတယ်၊ ကျွန်မလည်းအတော်အံ့ဩနေမိတာပေါ့။
“အမေ၊ ဘာလုပ်မလို့လဲ၊ ဘာလို့အထုပ်တွေသိမ်းခိုင်းတာလဲ”
“သမီးတို့ကို အမေနေတဲ့နေရာကို ခေါ်သွားမယ်၊ အမေလည်း ဟိုမှာခြစ်ခြစ်ကုပ်ကုပ်နဲ့စုဆောင်းလိုက်တော့ နေဖို့အိမ်ကလေးတစ်လုံးရခဲ့ပြီ၊ နောက်ပြီး သမီးရဲ့ပညာရေးကလည်းရှိသေးတယ်၊ ဒီရွာကလေးမှာ သမီးတို့ဆက်မနေသင့်တော့ဘူး”
ကျွန်မကတော့ မလိုက်ချင်ဘူး၊ အမှန်အတိုင်းပြောရရင် ကျွန်မဒီမှာနေရတာ သိပ်ပျော်နေပြီ၊ ဒီရွာကလေးကို ကျွန်မချစ်တယ်၊ ဒီအိမ်ကလေး၊ ဒီလမ်းကလေး၊ နောက်ပြီး ကျွန်မကိုချစ်တဲ့မွန်း ရှိနေတယ်။ သူတို့ကို ကျွန်မထားမသွားချင်ဘူး။
“မသွားချင်ဘူးအမေ၊ သမီးဒီကနေမသွားချင်ဘူး”
“သမီး ခေါင်းမမာစမ်းနဲ့၊ သမီးပဲ အရင်က ဒီမှာမနေချင်ဘူး၊ အမေနဲ့လိုက်နေမယ်ဆို”
“မဟုတ်ဘူးအမေ၊ အခုသမီးဒီနေရာကိုပျော်သွားပြီ၊ ဘွားဘွားကြီးကို သမီးချစ်တယ်၊ အန်တီမူယာက အော်လိုက်ရိုက်လိုက်ဆိုပေမယ့် သမီးတို့ကောင်းဖို့အတွက်ပဲ ပြောဆိုနေရတာ၊ သမီးမလိုက်ချင်ဘူး၊ သမီးအမေနဲ့မလိုက်ချင်ဘူး”
အဲဒီညတော့ အမေနဲ့ကျွန်မ စကားမပြောဖြစ်ကြဘူး၊ ညနက်တော့ အန်တီမူယာက ကျွန်မအနားကိုရောက်လာတယ်။ ကျွန်မလက်ကိုဆွဲကိုင်လိုက်တယ်။
“သမီးလိုက်သွားရမယ်၊ သမီးက ရှေ့လျှောက်အများကြီးဖြတ်သန်းရအုံးမှာ၊ သမီးအမေပြောတာမှန်တယ်၊ ဒီရွာကလေးမှာဆက်နေရင် သမီးလည်း အန်တီမူယာလိုပဲ ဘာမှမထင်မရှားတဲ့သာမန်ဘ၀နဲ့ အချိန်ကုန်သွားရလိမ့်မယ်”
ကျွန်မငိုနေမိတယ်၊ ရှစ်တန်းပဲရှိသေးတဲ့ကျွန်မက မိဘစကားကို လှနျဆနျနျိုငျတဲ့အရှယျမဟုတျခဲ့ဘူး၊ ကျွန်မတစ်ယောက်တည်း ငိုနေတာတွေ့တော့ မွန်းက ကျွန်မပုခုံးကိုဖက်ထားတယ်။
“နင်ဘာလို့ငိုနေတာလည်း၊ နင့်ကို နင့်အမေက စိတ်ထိခိုက်အောင်လုပ်လို့လား”
“မဟုတ်ဘူးမွန်း၊ ငါခရီးတစ်ခုသွားစရာရှိလို့”
မွန်းက နားမလည်နိုင်တဲ့မျက်လုံးအပြူးသားနဲ့ကျွန်မကိုကြည့်နေတယ်။
“ခရီးဆိုတာ ဘာလဲ”
“ငါဒီကနေ အဝေးကြီးကိုသွားရတော့မယ်လို့ပြောတာ”
မွန်းက ခေါင်းကိုတဆတ်ဆတ်ခါတယ်။
“မသွားရဘူး၊ နင်မသွားရဘူး၊ နင်ဒီမှာပဲ နေရမယ်သူဇာ”
မွန်းကိုကျွန်မသနားတယ်၊ ဒါပေမယ့် ကျွန်မလည်းကြောက်နေမိတယ်၊ တကယ်လို့မွန်းက ကျွန်မကိုမသွားစေချင်လို့ ကျွန်မကိုတစ်ခုခုလုပ်မှာကိုစိုးရိမ်လာမိတယ်၊ ဒီအချိန်မှာပဲ ကျွန်မက လူသားတွေသုံးလေ့ရှိတဲ့လက်နက်တစ်မျိုးကို သုံးခဲ့ရတယ်၊ အဲဒီလက်နက်ကတော့ မုသားဆိုတဲ့လက်နက်ပဲပေါ့။
“ငါသိပ်မကြာပါဘူး၊ သုံးရက်ပဲသွားမှာပါ၊ သုံးရက်ပြည့်တာနဲ့ ငါပြန်လာခဲ့မယ်”
“သုံးရက်ဆိုတာ ဘာလဲ သူဇာ”
“သုံးရက်ဆိုတာ နေမင်းကြီးကောင်းကင်ကနေထွက်လာမယ်၊ ပြီးတော့ လမင်းကြီးကောင်းကင်က ပြန်ထွက်လာမယ်၊ အဲဒီလိုမျိုး သုံးကြိမ်ဖြစ်ပြီးတဲ့အခါကို သုံးရက်လို့ပြောတာပေါ့”
မွန်းက ဒီတော့မှနားလည်သွားပုံရတယ်၊ သူအကြည့်တွေက မသွားစေချင်ပုံရတယ်။
“နင်အဲဒီကိုသွားရင် နင်ပျော်နေမှာလား၊ နင်ပျော်ရမှလား”
ကျွန်မလည်း မျက်ရည်တွေသုတ်ရင်းနဲ့ ပြုံးလိုက်မိတယ်။
“ပျော်ရမှာပေါ့၊ ဟိုမှာက ဒီထက်ပျော်စရာကောင်းတယ်၊ နောက်ပြီးတော့ နင့်အတွက်လည်း ငါမုန့်တွေအများကြီးဝယ်လာခဲ့မယ်”
ကျွန်မပြုံးတော့မှ မွန်းကလည်းပြန်ပြုံးပြတယ်၊ ကျွန်မပါးပြင်မှာကျန်နေခဲ့တဲ့ မျက်ရည်စတစ်ချို့ကို သူ့လက်ကြမ်းကြမ်းကြီးနဲ့ သုတ်ပေးတယ်။
“နင်ပြုံးနေပါသူဇာ၊ ဟိုမှာပျော်မယ်ဆိုရင် နင်ဘာလို့ငိုနေမှာလဲ ပြုံးနေရမှာပေါ့၊ မဟုတ်ဘူးလား”
ဒီလိုနဲ့ သွားဖို့ရက်ကိုရောက်ခဲ့ပြီ၊ အဘွားနဲ့အန်တီမူယာနဲ့ကို နှုတ်ဆက်ပြီးတော့ အိမ်ကနေ သုံးဘီးဆိုင်ကယ်ကလေးနဲ့ထွက်ခဲ့ကြတယ်၊ အိမ်ကထွက်တော့ မွန်းက အနောက်ကနေပြေးလိုက်လာတယ်၊ တကယ်တမ်းခွဲရတော့ သူလည်းကျွန်မလိုပဲ ခံစားနေရတာနေမှာ။ ရွာအထွက်နားရောက်တော့ မွန်းကရပ်တန့်လိုက်တယ်၊ သူရှေ့ဆက်တိုးမလိုက်တော့ဘူး၊ ကျွန်မကို လက်ပြပြီး နှုတ်ဆက်တယ်။ ကျွန်မလည်း မွန်းကိုလက်ပြပြီးပြန်နှုတ်ဆက်တယ်။
“မုန့်တွေအများကြီးဝယ်ခဲ့နော်”
မွန်းရဲ့အသံကျယ်ကြီးကို ကျွန်မတစ်ယောက်တည်းကြားရတယ်ထင်ပါတယ်၊ နီတာကလေးကတော့ အမေ့လက်မောင်းပေါ်မှီနေတယ်၊ လက်ပြရင်း ငိုနေတဲ့ ကျွန်မကိုအမေကကြည့်ရင်း
“ဟဲ့သမီး၊ ဘယ်သူ့ကိုလက်ပြနေတာလဲ”
အမေ့အမေးကို ကျွန်မမဖြေနိုင်တော့ဘဲ ငိုချလိုက်မိတော့တယ်။
(၆)
နှစ်တွေအတော်ကြာခဲ့ပြီ၊ အမေလည်း ရောဂါတစ်ခုနဲ့ကွယ်လွန်သွားတယ်၊ နီတာကလေးလည်း နိုင်ငံခြားမှာအလုပ်ထွက်လုပ်နေတယ်၊ ကျွန်မလည်း နယ်စပ်မှာ အမေကျန်ခဲ့တဲ့စီးပွားရေးဆက်လုပ်ရင်းနဲ့ အိမ်ထောင်ကျခဲ့တယ်၊ ကျွန်မယောက်ျားက တိုင်းရင်းသားတစ်ယောက်ပါပဲ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိတဲ့လူပါ၊ ကျွန်မကိုလည်း အရမ်းချစ်ရှာတယ်။ သူက နယ်စပ်နဲ့ တဖက်နိုင်ငံနဲ့ကို ကုန်ကူးတဲ့လူတစ်ယောက်ပေါ့။
ကျွန်မသမီးလေးမွေးပြီးတော့ ကျွန်မယောက်ျားအတော်ပြောင်းလဲသွားတယ်၊ သူ့ကြည့်ရတာအရူးတစ်ယောက်လိုပဲ၊ ကျွန်မကိုလည်း အရင်ကလိုမဟုတ်တော့ဘဲ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတယ်၊ သမီးလေးရှေ့မရှောင်ပဲ ကျွန်မကိုရိုက်နှက်တယ်၊ ကျွန်မတို့လင်မယားရန်ခဏခဏဖြစ်ရတာနဲ့ သမီးလေးခမျာ စိတ်ရောဂါအပျော့စား ရလာခဲ့တဲ့အထိပဲ။
သူနဲ့ပေါင်းရတဲ့ ငါးနှစ်လောက်က ကျွန်မအတွက်တော့ငရဲကျနေသလိုပါပဲ၊ နေ့တိုင်း ဒဏ်ရာတွေနဲ့ မျက်ရည်နဲ့မျက်ခွက် ဖြစ်ခဲ့ရတဲ့နေ့တွေဆက်တိုက်ဖြစ်လာခဲ့တယ်၊ ကျွန်မ မဟုတ်တာလုပ်ဖို့လည်း အကြိမ်ကြိမ်တွေးမိတယ်၊ နောက်တော့ သမီးလေးမျက်နှာနဲ့ပဲအကြံအစည်တွေအားလုံးကို လက်လျှော့လိုက်ရတယ်၊ သတင်းကြားတာက ကျွန်မယောက်ျားက ဆေးစွဲနေတယ်ဆိုပဲ၊ နောက်ပြီး မိန်းကလေးတွေနဲ့လည်း ဖောက်ပြန်တယ်တဲ့၊ မိန်းမသားတစ်ယောက်အတွက် အိမ်ထောင်ရေးကံဆိုးတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ကိုယ်တိုင်ခံစားဖူးမှ သိနိုင်ကြမှာပါ။
ကျွန်မဆေးလိပ်စွဲလာတယ်၊ ဆေးလိပ်တွေအလိပ်ပေါင်းများစွာသောက်ရင်း ကျွန်မနောက်ဆုံး ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။
နယ်စပ်မြို့ကလေးကနေ အန်တီမူယာတို့အိမ်ကို အလည်ပြန်လာခဲ့တယ်၊ ကျွန်မယောက်ျားအိမ်ပြန်ရောက်တဲ့အချိန် စိတ်အပြောင်းအလဲကလေး ဖြစ်သွားအောင်ဆိုပြီးခေါ်ခဲ့တယ်၊ ကျွန်မတို့ကိုယ်ပိုင်ကားနဲ့ ကားမောင်းလာရင်း ရွာကိုပြန်ရောက်ခဲ့တယ်၊ ကျွန်မတို့သာ အသက်တွေကြီး၊ အိမ်ထောင်တွေကျသွားပေမယ့် ရွာက ဘာမှမပြောင်းလဲသေးသလိုပဲ၊ အဘွားတို့ခြံထဲကို ကားဝင်ရပ်လိုက်တော့ အဘွားကိုအရင်ဆုံးသတိရမိတယ်၊ အခုတော့ အဘွားမရှိတော့ပေမယ့် ခြံကလေးက အဘွားရှိနေတုန်းကအတိုင်း စိုက်ခင်းလေးတွေနဲ့ စိုပြေလို့ပေါ့။
ညနေရောက်တော့ ကျွန်မယောက်ျားကိုခေါ်ပြီး ခြံနောက်က ထင်းရှူးတောကြီးထဲကိုဝင်လာခဲ့တယ်၊ ခြံစည်းရိုးတွေမရှိတော့ဘဲ တောထဲကိုတောင် လမ်းပေါက်နေပါပြီ၊ ကျွန်မတို့လမ်းလျှောက်ရင်း စကားများခဲ့ကြသေးတယ်၊ နောက်ဆုံးတောထဲမှာ အတူတူလမ်းလျှောက်ရင်း သစ်ပင်ကြီးတစ်ပင်ရှေ့မှာ ကျွန်မခြေစုံရပ်လိုက်တယ်။ သစ်ပင်ခွကြားမှာထိုင်နေတဲ့မွန်းက ကျွန်မကို အထူးအဆန်းအနေနဲ့ကြည့်လိုက်တယ်။ မွန်းကိုမြင်တော့ ကျွန်မဝမ်းသာပြီး မျက်ရည်တွေကျမိတယ်။ မွန်းက သစ်ပင်ပေါ်ကနေဆင်းလာပြီး ကျွန်မအရှေ့မှာရပ်တယ်၊ သူ့အနံ့ကြီးကိုလည်း ကျွန်မရတယ်။
“သုံးရက်က ကြာလိုက်တာသူဇာရယ်”
ကျွန်မပြုံးပဲပြုံးပြလိုက်တယ်။ အဲဒီအခါ မွန်းက ကျွန်မယောက်ျားကိုကြည့်တယ်၊ ကျွန်မယောက်ျားကတော့ မွန်းကိုမြင်တဲ့ပုံမပေါ်ပါဘူး၊ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေတယ်။
“သူက ဘယ်သူလဲ”
ကျွန်မမျက်ရည်တွေကျဆင်းလာခဲ့တယ်။
“သူ . . သူက ငါ့ကိုစိတ်ဆင်းရဲအောင်၊ ငါ့ကိုငိုအောင် အမြဲလုပ်တဲ့လူပေါ့”
မွန်းရုပ်က အရမ်းစိတ်ဆိုးပြီး ဒေါသတွေခက်ထန်လာခဲ့တယ်။
ကျွန်မတောအုပ်ထဲက ထွက်လာတဲ့အခါ ကျွန်မယောက်ျားပြန်ပါမလာတော့ဘူး၊ ထင်းရှူးပင်တွေကြားမှာ အိပ်တန်းတက်နေတဲ့ ငှက်တွေက အော်ဟစ်ပြီးပျံသန်းသွားတယ်၊ ကျွန်မတောအုပ်ကိုတစ်ချက်လည်ပြန်ကြည့်ပြီး ပြုံးမိတယ်၊ ကျွန်မထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ပါးသွားသလိုခံစားရပြီး လူလည်းအတော်ကလေးပေါ့သွားလေရဲ့။
ပြီးပါပြီ။