အပိုင်း(၃)
နေ့လည်စာကိုတော့ ဖိုးမောင်ကိုပါ ကျွေးသည်။ ဖိုးမောင်က စားပွဲထိပ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ မို့မို့က မထိုင်ဖို့ပြောရန် စဉ်းစားလိုက်မိသည်။ သို့သော်လည်း မပြောတော့၊ နေရာတစ်နေရာ ခုံတစ်ခုံပဲ ဘယ်သူထိုင်ထိုင်ပေါ့ဟု တွေးပြီးထိုင်လိုက်လေသည်။ ဖိုးမောင်က စွပ်ကျယ်အစုတ်လေးဝတ်ထားသည်။ ဖိုးမောင်ကို သေချာကြည့်မှ ဘယ်သူနှင့်တူမှန်းမသိ တူနေသည်။
ထမင်းစားတော့လည်း သားလေးကောင်းကောင်းက ဂလောင် ဂလွမ်ဖြင့် ထမင်းပန်းကန်သံ၊ ဇွန်းသံမြည်နေသော်လည်း၊ ဖိုးမောင်ကမူ လူကြီးတစ်ယောက်သဖွယ် အေးအေးလူလူနှင့် သေသေသပ်သပ်စားသောက်နေသည်ကို ကြည့်ရင်း မို့မို့ အံ့ဩနေမိသည်။ ခြံစောင့်ကလေးတစ်ယောက်က ဇွန်းခက်ရင်းကို အကျအနကိုင်ကာ လူကြီးလူကောင်းလေးသဖွယ်စားသောက်နေသည်။
ထမင်းစားပြီးတော့ ဖိုးမောင်နှင့် သားငယ်ကဆော့ကစားနေကြသည်။ အမေက ခုံတန်းလေးတွင်ထိုင်နေသည်ကို မြင်လိုက်သည့်အခါ မို့မို့လည်း ခုံတန်းတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
“အငယ်မနဲ့ရော အဆက်အသွယ်ရှိသေးရဲ့လား”
ညီမအငယ်ဆုံး မြင့်မြင့်က ယခု စင်ကာပူတွင် အင်ဂျင်နီယာ အတတ်ပညာဖြင့် အလုပ်လုပ်ကိုင်နေသည်။
သူကတော့ အိမ်ထောင်မပြူသေး။ အပျိုကြီးဖြစ်သည်။
“ရပါတယ်၊ အရင်ကတော့ သုံးလတစ်ခါလောက်တော့ ငွေလှမ်းပို့တယ်၊ မြို့ထဲက သူ့ကျောင်းနေဖက်ဆီပို့လိုက်တာ သူကမှ အမေ့ကိုတစ်ဆင့်လာပေးတာ၊ စာတွေဘာတွေလဲ ထည့်ပေးတယ်၊ ခုနောက်ပိုင်းတော့ အဆက်အသွယ်မရတာ ခြောက်လလောက်ရှိပြီ”
မို့မို့က သက်ပြင်းချမိလိုက်သည်။ အမေတို့မှာ သားသမီးကံမကောင်းဘူးလားမပြောတတ်၊ သားသမီး ခုနစ်ယောက်ရှိပေမယ့်။ သားသမီးတွေအရွယ်ရောက်တော့ မိဘရင်ခွင်ကို ခြေစုံကန်ပြီးထွက်သွားကြသည်။ အကိုအကြီးဆုံးမှာ ရောဂါဖြင့်ဆုံးပါးသွားပြီဖြစ်သည်။ အကိုလတ်က ထိုင်းနိုင်ငံတွင် နေထိုင် ကာမိသားစုနှင့် အခြေကျနေလေသည်။ အကိုအငယ်ဆုံးကတော့ မူဆယ်တွင် ကုန်သွယ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပြီး ဇနီးမယားနှင့် သားတွေသမီးတွေရနေပြီ၊ သူတို့ပြီးတော့ မို့မို့ကလည်း ရန်ကုန်အိမ်ထောင်ကျပြီး အိမ်ထောင်ရေး၊ သားရေးသမီးရေးနှင့် မိဘတွေကို ပြန်မကြည့်အား၊ မို့မို့အောက်က ညီမတစ်ယောက်ကတော့ မို့မို့အိမ်ထောင်သက် နှစ်နှစ်လောက်တွင် ကားမှောက်ပြီးဆုံးပါးသွားသည်။ နို့ညှာ ညီမကျတော့ အိမ်က သဘောမတူသည့် သူနှင့် လိုက်ပြေးသဖြင့် မိဘများက ဆွေခန်းမျိုးခန်းဖြတ်ထားကြပြန်သည်။ ဘယ်ရောက်နေမှန်းမသိ၊ သူလည်းပြန်မလာပေ၊ အငယ်ဆုံး မြင့်မြင့်ကလည်း သူဝါသနာပါသည့် ပညာရေးကို ဦးစားပေးပြီး ခုဆိုနိုင်ငံခြားရောက်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်သည်။
“နင့်အဖေ မဆုံးခင်ကဆို ဒီနေရာမှာ ထိုင်ပြီးတော့ သားတွေသမီးတွေ မြေးတွေများလာကြမလားဆိုပြီး နေ့တိုင်းမျှော်နေတတ်တာ”
ထိုသို့ပြောလိုက်သဖြင့် မို့မို့မျက်ရည်ကျရသည်။ မို့မို့မှာ မိမိအချစ်ဆုံး ဖေဖေဆုံးသွားသည်ကိုတောင် မလာနိုင်အား။ အခုဆို ဖေဖေဆုံးပြီးတာ ငါးနှစ်လောက်ရှိမည်ထင်သည်။
“ဖေဖေက ကင်ဆာဖြစ်တယ်လို့ကြားတယ်”
“ဟုတ်တယ်၊ အဆုတ်ကင်ဆာဖြစ်တာ၊ သူကလည်း သားသမီးတွေစိတ်ပူမှာစိုးလို့တဲ့လေ သူ့သားသမီးတွေကို မပြောဘူး၊ ပြောမထွက်ဘူး၊ တခြားသားသမီးတွေ သိသွားတာတောင်မှ နင့်ကိုအသိမပေးခိုင်းဘူးလေ”
မေမေက ပြောရင်း မျက်နှာကိုလက်ဝါးဖြင့် ပွတ်လိုက်သည်။
“လူကလည်း တရှောင်ရှောင်ဆိုတော့ ဒီမှာကုလိုက်၊ ရန်ကုန်သွားပြီးကုလိုက်နဲ့ ရန်ကုန်သွားရင်တောင် နင်တို့သိမှာစိုးလို့၊ လှည်းကူးက တို့အမျိုးဘုန်းကြီးကျောင်းမှာပဲ တည်းခဲ့တာလေ၊ ငွေကလည်း သောက်သောက်လဲ ကုန်တာပေါ့၊ နင့်အဖေက သားသမီးတွေကိုချစ်ရှာတယ်၊ မပြောပဲနဲ့ အိမ်က ရှိတဲ့ပစ္စည်းတွေ ထုခွဲပြီးရောင်းချတယ်၊ နောက်တော့ ဆရာဝန်ကပြောတယ်၊ မနိုင်တော့ဘူးတဲ့။ အဲဒါနဲ့ နင့်အဖေက ငွေကုန်တယ်ဆိုပြီး မကုဘဲနေရင်း လေးလလောက်ကြာတော့ ဆုံးသွားတာပဲ”
မို့မို့ မျက်ဝန်းမှာ မျက်ရည်မိုးတွေ ရွာနေပြီ။
“သမီးလည်း အိမ်ကိုဖုန်းဆက်ကြည့်သေးတယ်၊ အိမ်ကဖုန်းက ဆက်မရဘူး”
“ဘယ်ဆက်လို့ရမလဲ နင့်အဖေက ဖုန်းကြိုးဖြုတ်ထားတာကိုး သူသေမှ ငါပြန်တက်လိုက်တာ၊ နောက်ပိုင်းကျတော့ အစိုးရက ဖုန်းလိုင်းတွေကို အိပ်ချိန်းပြောင်းတယ်ဆိုလား အဲဒီလိုဖြစ်ပြီးကတည်းက အိမ်ကဖုန်းက သုံးမရတော့တာ”
မို့မို့ တစ်ညနေလုံး ငိုနေခဲ့ရသည်။ ညနေစာကို ချက်ပြုတ်ရင်း အဖေ့ကို သတိရပြီးငိုနေရသည်။ မို့မို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မဆုံးတော့ပေ၊ လိပ်ပြာမလုံသလို ခံစားနေရသည်။
ဆော့ကစားနေသည့် ဖိုးမောင်ကို ကြည့်မိသည့်အခါ ဖိုးမောင် အဝတ်တွေက နွမ်းလျနေသည်။ မို့မို့ကသနားသွားပြီး သားငယ်ကောင်းကောင်း၏ အဝတ်အစားတစ်ချို့ကိုပေးဝတ်လိုက်သည်။ ဖိုးမောင်နှင့် အနည်းငယ်ချောင်နေလေသည်။ ခေတ်ပေါ်အဝတ်အစားတွေ ဝတ်လိုက်လို့ ဖိုးမောင်က သားနားသွားသော်လည်း အသားအရေတွေက မွဲခြောက်ခြောက်နဲ့ ပေတိပေစုတ်လေးဖြစ်နေသည်။
“ကောင်းကောင်း ငါဒီအကျီတွေ မဝတ်ချင်ဘူးကွာ လွတ်လွတ်လပ်လပ်ပဲနေချင်တယ်”
ဖိုးမောင်က ပြောသဖြင့် အဝတ်တွေပြန်ယူထားရသည်။ ညနေပြန်ခါနီးတော့ မို့မို့က ဖိုးမောင်ကို ဟင်းတစ်ခွက်ထည့်ပေးရန်စီစဉ်လိုက်သည်။
“သားဖိုးမောင် အိမ်မှာ ဖေဖေနဲ့ မေမေရှိသေးတယ်မလား၊ ဟင်းတစ်ခွက်ယူသွားနော်”
ဖိုးမောင်က ထိုဟင်းပန်းကန်လေးကို ယူသွားပြီး ခြံအပြင်ပြေးထွက်သွားလေသည်။
ညနေနေစောင်းပြီး နေဝင်နေပြီဖြစ်သည်။
အမေက နေစောင်းပြီး မှောင်လာသည်နှင့် အခန်းထဲဝင်သွားလေ့ရှိသည်။ အခန်းကိုလည်း အတွင်းမှ ချက်ချထားသဖြင့် မို့မို့ဝင်မရပေ။ အမေ့အခန်းထဲဝင်ပြီးတော့ သန့်ရှင်းရေးလုပ်ပေးချင်မိသည်။ ထမင်းဟင်းတွေကို ထမင်းစားခန်းထဲခူးပြီးသားအမိနှစ်ယောက်ပဲ စားသောက်လိုက်သည်။ ထမင်းစားခန်းက မှောင်မဲနေသည်။ မို့မို့က ကြေးဖြင့်ပြုလုပ်ထားသည့် ဖယောင်းတိုင်ငါးတိုင်ထွန်းရသော ကြေးတိုင်ကြီးကိုယူလိုက်ပြီး ဖယောင်းတိုင်သုံးတိုင်လောက်ထွန်းညှိလိုက်လေသည်။ ဖယောင်းတိုင်အလင်းရောင်ကြောင့် အခန်းတစ်ဝက်လောက် လင်းထိန်သွားလေသည်။
“သား ဖွားဖွားကို ထမင်းစားဖို့သွားခေါ်လေ”
“မေမေကလည်း ဖွားဖွားက အိပ်နေပြီမဟုတ်လား”
“အိုသားရယ် မေမေတို့ ငယ်ငယ်ကဆိုကလေးတွေကပဲ ထမင်းစားဖို့လိုက်ခေါ်ရတာ”
မို့မို့ကပြောလိုက်သဖြင့် ကောင်းကောင်းက ပြေးထွက်သွားလေသည်။ ထမင်းစားခန်းအပြင်ဘက် အောက်ထပ်လျှောက်လမ်းမှာ လှေကားထိပ်မှ မီးသီးရောင်ကြောင့် လင်းနေသည်။ အမေက ဧည့်ခန်းနှင့်ကပ်လျှက် လှေကားအဆင်းခန်းတွင် အိပ်လေသည်။ သားငယ်ခေါ်သံများကို မို့မို့ကြားလိုက်ရသည်။ မို့မို့က ထမင်းခူးနေလိုက်သည်။
ထိုစဉ် ထမင်းစားခန်း၏ မှောင်နေသော တစ်ဖက်ခြမ်းမှ လက်ပုံသဏ္ဍာန်အရိပ်မဲကြီးများသည် ထမင်းစားပွဲပေါ်သို့ တဖြည်းဖြည်းတက်လာလေသည်။ ထမင်းစားပွဲအစွန်းတွင် ဖယောင်းတိုင်ထွန်းထားသောကြောင့် ရှည်လျားလှသည့်ထမင်းစားပွဲတစ်ဖက်အစွန်းမှာ မှောင်မဲနေသည်။ ဖယောင်းတိုင်အလင်းရောင်နှင့် လက်ကြီးလေးငါးခုကို မြင်လိုက်ရသည်။
မို့မို့သွေးပျက်သွားမိသည်။ မို့မို့က ငယ်စဉ်ကတည်းက သရဲမကြောက်တတ်၊ မို့မို့ ဖေဖေက လက်ဝဲယိမ်း ဆိုရှယ်လစ်သမားများဖြစ်သည်နှင့်အညီ သရဲ ဝိညာဉ်နှင့် နာနာဘာ၀များ၊ စုန်း၊ ဖုတ်၊ ကဝေများ တကယ်မရှိဟု သင်ခဲ့ရသည်။ တကယ်ရှိခဲ့လျှင်လည်း ထိုသရဲများက လူကိုပြန်ပြီးကြောက်ရသည်။ လူက သရဲထက်စွမ်းသည်ဟုသင်ခဲ့ရသဖြင့် အကြောက်အလန့်မရှိ။ အခုတော့ သရဲမှန်း မို့မို့သိလိုက်ရသည်။ မို့မို့က ကြောက်သည်ထက် ဒေါသထွက်သွားသည်။ ထို့ကြောင့် ထမင်းစား ကြေးဇွန်းကြီးဖြင့် လှမ်းပြီး ပစ်ပေါက်လိုက်သည်။
“ချွင်”
သားငယ်က အသံကြား၍ ပြေးလာသည်။ မို့မို့က သားငယ်ကိုဖက်ထားလိုက်သည်။ ထမင်းစားခန်းက တိတ်ဆိတ်နေသည်။ အရိပ်များလည်း မရှိတော့။ မို့မို့က ကြောက်စိတ်သိပ်မပြေသေး။ သို့သော် သားငယ်ကြောက်မည်စိုး၍ ဟန်မပျက်ထိန်းထားလိုက်ပြီးနောက် ထမင်းစားပွဲတွင်ထိုင်လိုက်သည်။ ပြီးနောက် သားအမိနှစ်ယောက်ထမင်းစားကြသည်။ မို့မို့ကတော့ ထောပတ်လှီးသည့် ကြေးဓါးကို အနားတွင်ချထားလိုက်ပြီး ထမင်းစားရင်း ဘေးဘီကို ကြည့်နေသည်။ သားငယ်ကတော့ ဘာမှမသိဘဲ ထမင်းကိုသာ အားရပါးရစားနေလေသည်။
ထမင်းစားပြီးတော့ ဟင်းတွေကိုကုန်အောင်စားလိုက်သည်။ မီးဖိုချောင်ဘက်မသွားတော့ရန်ဆုံးဖြတ်လိုက်ပြီး စားပြီးသားပန်းကန်များကို ဇလုံတစ်ခုအတွင်းထည့်ခဲ့ကာ သားငယ်ကိုခေါ်ပြီး အခန်းထဲဝင်ခဲ့သည်။ မို့မို့က စဉ်းစားနေသည်။ သေချာပေါက် လူမဖြစ်နိုင် သရဲပဲဖြစ်မည်။ သို့သော် အမေက မတွေ့ရတာလား။ သရဲအခြောက်မခံရတာလား။ ဒါမှမဟုတ် သရဲခြောက်သည်ကိုကြောက်သဖြင့် ညညဆို စောစောအိပ်သွားတာလား မို့မို့ဝေခွဲမရဖြစ်နေသည်။ ထိုစဉ် မို့မို့ဖုန်းလေးက မြည်သွားသည်။ တိတ်ဆိတ်နေသည်မို့ တောင်ကုန်းကလေးတစ်ခုလုံး ဖုန်းသံလေးလွှမ်းသွားမလား မပြောတတ်၊ မို့မို့က ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို မို့ ကိုအောင်ပါ”
“ကိုအောင်ပြောလေ”
“သန်ဘက်ခါကျရင် လျှပ်စစ်က ဝန်ထမ်းတွေလာပြီး အိမ်မှာမီးဆင်ပေးလိမ့်မယ်”
“ဟုတ်ကဲ့ ကိုအောင် မို့မို့အသင့်ပြင်ထားလိုက်ပါ့မယ်”
ကိုအောင်က ပြောပြီးတော့ ဖုန်းချသွားသည်။ မို့မို့ကအရေးကြုံလျှင် အသုံးပြုနိုင်ရန် ကြေးဓါးလေးကိုအိပ်ရာနားထားအိပ်သည်။ သားငယ်ကတော့ ဘာမှမသိသဖြင့် အခန်းထဲတွင် တက်ဘလက်ကြည့်နေသည်။ မို့မို့က ညရေးညတာ အိမ်သာမသွားတော့ဘဲ ဂန်ဖလားတစ်လုံးကို အခန်းထဲထည့်ထားလိုက်သည်။ ဒီညလည်း ကောင်းကောင်းအိပ်မပျော်၊ မို့မို့က ထထပြီးသားလေးကိုကြည့်လိုက် အခန်းထဲကိုကြည့်လိုက်ဖြင့် စိတ်ဂယောင်ချောက်ခြားဖြစ်နေရသည်။
(၁၃)
မနက်လင်းပြီ၊ မို့မို့ကအိပ်ရာထဲမှမထသေးဘဲ ဖုန်းကိုကြည့်လိုက်သည်။ ညကအိပ်ရေးပျက်ခဲ့သဖြင့် ဘုရားကျောင်းခေါင်းလောင်းထိုးတာကိုပင် မကြားလိုက်ပေ၊ အချိန်က နံနက် ခုနစ်နာရီကျော်နေပြီဖြစ်သည်။ ထိုစဉ် အိမ်ရှေ့မှ အသံကြားလိုက်သည်။
“ပဲပြုတ်”
ပဲပြုတ်သည်အသံကြားလိုက်သည့်အခါ မို့မို့ အိပ်ရာမှ လူးလဲထလိုက်သည်။ သားငယ်က မနိုးသေး။ မို့မို့က ပဲပြုတ်ဝယ်ရန် စဉ်းစားမိလိုက်သည်။ မနက်စာ ပဲပြုတ်လေးနှင့် ထမင်းဆီဆမ်းလေးစားမည်ဟု စိတ်ကူးလိုက်မိသည်။ ထို့ကြောင့်ပဲပြုတ်သည်ကို ခေါ်ရန် အိမ်ထဲမှ အပြေးထွက်ခဲ့သည်။
“ပဲပြုတ်”
ဈေးသည်အသံက ခြံရှေ့မှကြားနေရသည်။ ထို့နောက်လမ်းလျှောက်သံကိုကြားလိုက်ရပြီး အသံက ခြံကိုကျော်သွားကာ ပဲပြုတ်သည်မှာတော့ တောင်ကုန်းဆင်းလေးကို ဆင်းသွားနေသည်။
“လာပါအုံး . .. ပဲပြုတ်လာပါအုံး”
မို့မို့က အော်ဟစ်လိုက်ပြီး ခြံအပြင်ပြေးထွက်လိုက်သည်။ ခြံအပြင်ရောက်သည့်အခါ မို့မို့ကိုယ့်မျက်လုံးပင်ကိုယ် မယုံနိုင်အောင်ဖြစ်သွားသည်။ ခြံအပြင်လမ်းတွင် လူမပြောနှင့် လူရိပ်လူခြေပင်မတွေ့ရ။ ခြံရှေ့လမ်းကလေးမှာ သစ်ရွက်ခြောက်တွေဖုံးလွှမ်းနေသည်။ မို့မို့တို့ ခြံရှေ့မှ လှမ်းကြည့်လျှင် တောင်ကုန်းကလေး၏အဆင်းလမ်းကို အထင်းသားမြင်နေရသည်။ ထိုတောင်ကုန်းဆင်းလမ်းကလေးမှာ ခြေလှမ်းသွက်သွက်ဖြင့်ပင် ဆယ်မိနစ်ခန့်လျှောက်ရလေသည်။ ပဲပြုတ်သည် ခြေသုံးလေးလှမ်းနှင့်တော့ လှမ်း၍သွားနိုင်မည်မတူ။
မို့မို့ခေါင်းထဲ ကိုအောင်ပြောသည့်စကားတွေပြန်ကြားယောင်နေသည်။ ယခုတောင်ကုန်းလေးက လူမနေဘဲ နေ့ခင်းကြောင်တောင်တောင် သရဲခြောက်တတ်သည်ဆိုသည့် စကားပင်ဖြစ်သည်။ မို့မို့စိတ်ခြောက်ချားလာသဖြင့် ခြံတံခါးကိုအမြန်ပိတ်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်လိုက်သည်။
အိမ်ထဲပြန်ဝင်လိုက်တော့ မီးဖိုချောင်မှ လှုပ်ရှားသံများကြားရသည်။ အမေနိုးနေတာဖြစ်မည်။ မို့မို့က အမေ့ဆီပြေးသွားလိုက်သည်။
“အမေ ဒီအိမ်ထဲမှာ သရဲတွေရှိနေတယ်”
“ဟုတ်လို့လား သမီးရယ်၊ အမေတော့ တစ်ခါမှ မတွေ့ပါဘူး”
မို့မို့က အမေ့ကို အပြစ်တင်ရန် စိတ်ကူးလိုက်သည်။ သို့သော် အပြစ်မတင်တော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
“ဒီနေ့ အပေါ်ထပ်တက်မယ်အမေ၊ ဘုရားခန်းကို တက်ရှင်းမယ်”
သားငယ်နိုးလာတော့ မနက်စာ စားကြသည်။ ထမင်းစားခန်းကို မို့မို့မဝင်ရဲ။ ထိုစဉ် ဖိုးမောင်ရောက်လာသည်။ ဖိုးမောင်ကို ထမင်းစားခန်းတံခါးများကို ဖွင့်ခိုင်းရသည်။ ထမင်းစားခန်းက လင်းသွားသည်။ အလင်းရောင်ရသည့်အခါ ညကလိုကြောက်စရာမကောင်းတော့ပေ။ မို့မို့လည်း စိတ်သန့်သန့်ဖြင့်ထမင်းစားကြသည်။ ဖိုးမောင်ကိုပါ ထမင်းစားခေါ်ပြီး သူတို့လေးယောက် ထမင်းစားကြသည်။
ပြီးတော့ အိမ်ပေါ်ထပ်ကို တက်ရှင်းရန်ပြင်သည်။ ဖိုးမောင်ကလည်း ကူညီမည်ဖြစ်သည်။ ရေပုံးတွေ၊ တံမြက်စည်းတွေ ပြင်ဆင်ထားသည်။ ထို့နောက် သားငယ်ကို အဝတ်စတစ်ခုဖြင့် နှာခေါင်းနှင့်ပါးစပ်ကို စည်းပေးရသည်။ ထို့နောက် ရောက်ပြီးကတည်းကတစ်ခါမှ မတက်ဘူးသေးသည့် အိမ်ပေါ်ထပ်ကို တက်ရန် ပြင်လိုက်သည်။
အိမ်ပေါ်ထပ်က အောက်ထပ်နှင့်စာလျှင် အတော် ပျက်စီးနေသည်။ မျက်နှာကြက်တွေက ကွာကျနေသည်။ အချို့နေရာတွေမှာတော့ ရေတွေယိုထားသဖြင့် အကွက်ကြီးတွေ ထနေသည်။ သစ်သားဖြင့်ပြုလုပ်ထားသည့် ပြတင်းပေါက်တံခါးတွေ ပိတ်ထားသောကြောင့် မှောင်မဲနေသည်။ သို့သော် တစ်ချို့ပြတင်းတံခါးတွေက မှန်တွေကွဲနေပြီး နေရောင်တွေထိုးကျနေသဖြင့် အနည်းငယ် လင်းနေသည်။ သူတို့သုံးယောက် အပေါ်ထပ်ရောက်သည်နှင့် ပြတင်းပေါက်တံခါးများကို ဖွင့်လိုက်ကြသည်။ ထို့နောက် အမေ့ဆီမှ သော့တောင်းပြီး အခန်းတံခါးများကို တစ်ခုချင်းစီလိုက်ပြီးဖွင့်ကြသည်။
“မေမေတို့ အိမ်က အကျယ်ကြီးပဲနော် အခန်းတွေကလည်း အများကြီးပဲ”
“ဒါပေါ့သားရဲ့ မေမေလိုက်ပြမယ်”
မို့မို့က ဘုရားခန်း တံခါးကို အရင်ဖွင့်လိုက်သည်။ အထဲတွင်တော့ ဘုရားပန်းအိုးများက ခြောက်သလောင်းနေပြီး ပင့်ကူအိမ်တွေ လင်းနို့ချေးတွေဗရပွနှင့် နံစော်နေသည်။ ကြေးဘုရားဆင်းတုတော်က ဖုန်များ၊ ပင့်ကူအိမ်များကြားတွင် သပ္ပါယ်စွာဖြင့် သီတင်းသုံးနေသည်။ ဘုရားသောက်တော်ရေအိုးများ၊ ဘုရားစာအုပ်များ၊ ပုတီးများက ဖုန်တက်နေသည်မှ လွဲပြီး သူ့နေရာနှင့်သူရှိနေသည်။
“ငါလည်း ဒူးမကောင်းတော့ကတည်းက အပေါ်ထပ်ကို မတက်ဖြစ်တော့ဘဲ သော့ပိတ်ထားတာပဲ”
အမေက အပေါ်ထပ်သို့မတက်ဘဲ လှေကားအောက်ကနေပြောလေသည်။ ဖိုးမောင်နှင့် ကောင်းကောင်းတို့အတူတူ လှေကားကို တိုက်ချွတ်ကြလေသည်။ သူတို့နှစ်ယောက် စကားတပြောပြောနှင့် တိုက်ချွတ်နေကြစဉ် မို့မို့က လင်းနို့ချေးတွေ၊ သစ် အတိုအစတွေ၊ ဖုန်အမှုန်တွေကိုလှဲကျင်းရလေသည်။
ထိုစဉ်ခြံရှေ့တွင် ကားဟွန်းတီးသံကို ကြားလိုက်ရဖြင့် မို့မို့က ဖုန်တက်နေသည့် ပြတင်းပေါက်မှန်မှတဆင့် အိမ်ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ကားကတော့ နောက်ဆုံးပေါ် ဇိမ်ခံဆလွန်းကားလေးဖြစ်သည်။ မို့မို့ကတစ်ချက်မဲ့လိုက်သည်။ လာသူကတော့ အခြားမဟုတ်။ ကိုကျော်ဇောပင်ဖြစ်သည်။
မို့မို့ မနက်တုန်းက ခြံတံခါးကို စေ့ထားသည်မို့ ကိုကျော်ဇောက ခြံထဲသို့လှမ်းဝင်လာသည်။ အမေက အိမ်ရှေ့တွင် ထိုင်နေသည်။ မို့မို့လည်း သားငယ်တို့ကိုခေါ်ကာ အောက်ထပ်ဆင်းခဲ့လေသည်။
“အဒေါ်နေကောင်းတယ်နော်”
ကိုကျော်ဇောက သူဝတ်ထားသည့်နေကာမျက်မှန်ချွတ်ပြီး အမေ့ကိုကြည့်ကာ ပြုံးပြလေသည်။ အမေက ကိုကျော်ဇောကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကိုစူပုတ်လိုက်ကာ သူ့အခန်းဆီသို့လျှောက်သွားပြီး အခန်း တံခါးကို ဂျိန်းခနဲပိတ်လိုက်သည်။ အမေက ကိုကျော်ဇောနှင့် အရင်ကတည်းက စကားသိပ်မပြော၊ အခုလည်း မို့မို့တို့ ပြသနာကို ကိုယ့်ဖာသာရှင်းရန် ရှောင်ပေးလိုက်ခြင်းလား မပြောတတ်။ မို့မို့က ကိုကျော်ဇောကို ဧည့်ခန်းထဲခေါ်လိုက်သည်။
“ဒီမှာ သားကြိုက်တဲ့ ဒိုးနပ် အဖေဝယ်လာတယ်၊ သားကိုတွေ့ချင်လို့ ရန်ကုန်ကနေ မနက်အစောကြီးဆင်းလာတာ”
ကိုကျော်ဇောက ပြောရင်း ကလေးတွေကို ဒိုးနပ်ဘူးလေးပေးလိုက်သည်။ သားငယ်က ဒိုးနပ်ဘူးယူပြီး အပြင်ထွက်သွားသည်။
“ကိုကျော်ဇော ရှင်ဘာလာလုပ်တာလဲ”
“သားကို လွမ်းလို့ သားဆီလာတာလေ”
“အခုတွေ့ပြီးပြီမဟုတ်လား၊ ဒါဆို မြန်မြန်ပြန်တော့၊ ဒီနေရာက ရှင်နဲ့မတန်ဘူး”
ကိုကျော်ဇောက ရယ်မောလိုက်ပြီး အိမ်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်ကာ
“အရင်က မတန်ဘူးထင်ခဲ့တာ ခုဒီနေရာက သိပ်တန်တာပဲ”
ကိုကျော်ဇောက ပြောလိုက်ရင်း ဧည့်ခန်းထဲမှထွက်သွားလိုက်သည်။ လှေကားရင်းရောက်တော့ လှေကားကြိးကိုကြည့်လိုက်သည်။ လှေကားကြီးက ကျွန်းသစ်သားပြားကြီးများနှင့်ပြုလုပ်ထားပြီး ပွတ်လုံးကြီးများ၊ သစ်ထွင်းပန်းပုလက်ရာများနှင့် အလှဆင်ထားသည်မို့ကိုကျော်ဇောက ခေါင်းတညိတ်ညိတ်နှင့်ကြည့်နေရင်း
“အင်း ကိုလိုနီခေတ်လက်ရာအစစ်ပဲ၊ ဒီအိမ်ကြီးကိုသာပြုပြင်ပြီး ဟိုတယ်တို့၊ အဆင့်မြင့်အိမ်ယာတို့ပြန်လုပ်ပြီး နိုင်ငံခြားသားတွေကို ငှားလိုက်ရင် ဈေးကြီးရမှာပဲ၊ ဒါမှမဟုတ် ပြန်ရောင်းလိုက်ရင်လည်း လုပ်ငန်းရှင်တွေ၊ သူဌေးတွေက ရှေးဟောင်းအိမ်ဆိုပြီး ငွေအတော်ပေးမှာပဲ”
ကိုကျော်ဇောက ပြောလိုက်ပြီး အိမ်ကိုသေချာပတ် ကြည့်နေလေကာ ကျေနပ်နေလေသည်။
“ယောက္ခမကြီးကတော့ ငါတို့ကို ရွှေတွင်းကြီးပေးခဲ့တာပဲဟေ့”
ကိုကျော်ဇောက ပြောဆိုရင်း တံခါးဖွင့်ထားသော ထမင်းစားခန်းထဲဝင်သွားသည့်အခါ မို့မို့ကအနောက်မှ ပြေးလိုက်သွားရသည်။
“ဟောဗျာ ဗီရိုထဲက ပန်းကန်တွေလည်း ကြည့်ဦး၊ ရှေးဟောင်း အနောက်နိုင်ငံလက်ရာတွေပါလား၊ ခုခေတ်ဆို ပန်းကန်တစ်ချပ်တင် ငါးသိန်းလောက်တန်မှာဗျာ၊ ရှေးဟောင်းပစ္စည်းစုတဲ့သူတွေဆီရောင်းရင် အံကိုက်ပဲ”
မို့မို့က ကိုကျော်ဇောကိုကြည့်ရင်း အလွန်အမြင်ကပ်လာသည်။
“ဒီမယ် ကိုကျော်ဇော၊ ဒီအိမ်ကြီးက ကျွန်မတို့အိမ်၊ ကျွန်မတို့အမေ မသေသေးဘူးရှင့်၊ ပြီးတော့ ကျွန်မတို့မောင်နှမတွေ ပိုင်မယ့် အမွေဆိုင်အိမ်ရှင့်”
“မို့ရယ်၊ မင်းကလေ ငါ့မိန်းမလုပ်ပြီးအရမ်းတုံးတာပဲ၊ ရှေ့နေရှေ့ရပ်နဲ့ ပိုက်ဆံလမ်းခင်းလိုက်ရင် ဒီအိမ်ကြီးရဲ့ ပိုင်ဆိုင်မှုဟာ ကိုယ်တို့လက်ထဲရောက်လာမှာပါ”
“တော်ပြီ ကိုကျော်ဇော၊ ရှင်ပြန်တော့ရှင်နဲ့ ကျွန်မနဲ့ ပြတ်ပြီးပြီ”
“ဟား ဟား ဟား တရားဝင်လက်ထပ်ထားတဲ့ငါတို့တွေက မင်းထားခဲ့တဲ့စာလေးတစ်စောင်လောက်နဲ့ ပြတ်ပြီတဲ့လားကွ၊ ဒီမှာမို့မို့ မင်းကိုငါက ကွာရှင်းမပေးရသေးတော့ မင်းက ငါ့ရဲ့ တရားဝင် မိန်းမတစ်ယောက်အဖြစ် ရှိနေသေးတယ်ဆိုတာကို မင်းသိထား”
“ဒါဆိုလည်း ကျွန်မ မြန်မြန်ကွာရှင်းပေးပါရှင်၊ ကျွန်မရှင်နဲ့ ဆက်ပြီးမနေနိုင်တော့ဘူး”
“ဒါဆိုရင်လည်း ငါ့သားကို ငါပြန်ခေါ်သွားမယ်”
“မရဘူး ရှင့်နဲ့ ကျွန်မသားကိုမပေးလိုက်နိုင်ဘူး၊ ရှင်နဲ့မထားခဲ့နိုင်ဘူး”
“ဘာဖြစ်လို့လဲကွ၊ ငါကမင်းထက်ချမ်းသာတယ်၊ မင်းတစ်ဆွေလုံးတစ်မျိုးလုံးထက်ချမ်းသာတယ်၊ ကုန်ကုန်ပြောမယ်ကွာ ငါ့သားကိုငါအကောင်းဆုံးတွေချည်းပဲ လုပ်ပေးနိုင်တယ်”
မို့မို့က ငိုရင်းခေါင်းခါလိုက်သည်။
“မရဘူး။ ကျွန်မသားကို ရှင့်လို ဖအေသေလို့ ပျော်နေတဲ့သားမျိုး အဖြစ်မခံနိုင်ဘူး”
မို့မို့က ပြောလိုက်တော့ ကိုကျော်ဇော ငိုင်ကျသွားသည်။ ဘာမှမပြောတော့ဘဲ အိမ်အပြင်ကိုထွက်သွားလေသည်။ အိမ်အပြင်ရောက်တော့မှ တစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီး။
“ပြန်မှာပါကွာ၊ ငါရန်ကုန်က အိမ်ခြံမြေလုပ်ငန်းရှင်တွေဆီကို သတင်းကောင်းပြောရဦးမယ်၊ ဒီအိမ်နဲ့ ခြံကို ငါရအောင် ယူပြမယ်ကွ၊ ငါဆိုတဲ့ကောင်က ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ရချင်တာဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်လုပ်တတ်တယ်ဆိုတာ မင်းသိမှာပါ မို့မို့ရာ၊ ဟား၊ ဟား”
(၁၄)
ကိုကျော်ဇောက အော်ဟစ်ရယ်မောပြီး အိမ်အပြင်ထွက်လိုက်သည်။ နေကာမျက်မှန်ကိုတပ်လိုက်ပြိးနောက် ခြံပြင်တွင်ရပ်ထားသော သူ့ဇိမ်ခံကားဆီသို့ထွက်သွားသည်။ မို့မို့ကလည်း ကိုကျော်ဇော အနောက်မှလိုက်သွားကာ ခြံတံခါးကို ပိတ်ရန်လုပ်လိုက်သည်။ ကိုကျော်ဇောက သူ့ကားကိုမြင်သောအခါ
“ဟာ ငါ့ကား . . ငါ့ကား ဘာတွေဖြစ်ကုန်တာလဲ”
ကားဘီးလေးဘီးစလုံး ခွေးကိုက်သလို စုတ်ပြတ်နေကာ ကားတာယာတွေက ပေါက်ပြဲနေလေသည်။ ကားနောက်ဖက် လေကာမှန်ကြီးမှာလည်း အက်ကြောင်းတွေထနေပြီး ကားဘော်ဒီမှာနေရာတစ်ချို့တွင် ပိန်လိန်နေသည်။ ကိုကျော်ဇောက ကားပေါ်တက်ပြီးတော့ ကားစက်နှိုးကြည့်ပြန်ရာ စက်က နှိုးမရပေ။
“တောက် . . . ဘယ်ကောင၊် ဘယ်ကောင် လက်ဆော့သွားတာလဲကွာ”
ကိုကျော်ဇောက ရေရွတ်ရင်း ဘေးဘီကိုကြည့်နေသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး လူရိပ်ပင်မတွေ့ရ။ မို့မို့ကတော့ တစ်ချက်မဲ့ပြီး ခြံထဲပြန်ဝင်သွားသည်။ ကိုကျော်ဇောကလည်း ခေါင်းကုပ်လိုက်ပြီး မို့မို့နောက်က ကုတ်ကုတ်ကလေးလိုက်လာခဲ့ကာ ခြံထဲသို့ပြန်ဝင်လာသည်။
“ဖေဖေ သားတို့နဲ့အတူလာဆော့”
ကောင်းကောင်းလေးကခေါ်လိုက်သည်မို့ ကိုကျော်ဇောက ကောင်းကောင်းဆီပြေးသွားလိုက်သည်။ မွန်းတည့်တော့မည်ဖြစ်သဖြင့် မို့မို့က ထမင်းစားရန် ပြင်ဆင်နေပြီဖြစ်သည်။
“သား သူကဘယ်သူလဲ”
“သူက ဖိုးမောင်တဲ့”
ဖိုးမောင်က ကိုကျော်ဇောကို မျက်ထောင့်နီကြီးဖြင့် စိုက်ပြီးကြည့်နေလေသည်။ ကိုကျော်ဇောက သားငယ်နှင့်လိုက်တမ်းပြေးတမ်းကစားနေကြသည်။
“သားရေ နေ့လည်စာစားမယ်၊ ဖိုးမောင်လည်း လာခဲ့လေ”
“ဟေ့ မို့ မင်းက ငါ့ကိုရော မခေါ်တော့ဘူးလားကွ”
မို့မို့က ကိုကျော်ဇောကိုမျက်စောင်းတစ်ချက်ထိုးလိုက်သည်။ သားအရှေ့တွင် ကိုကျော်ဇောနှင့် ရန်မဖြစ်ချင်ပေ။ ကိုကျော်ဇောလည်း မျက်နှာပြောင်တိုက်ပြီး အိမ်ထဲသို့လိုက်ဝင်ခဲ့လေ၏။ ထမင်းစားခန်းထဲရောက်တော့ ကိုကျော်ဇောက ထိုင်ခုံထိပ်တွင်ထိုင်ရန်ပြင်လိုက်လေသည်။
“မထိုင်ရဘူး၊ သားထိုင်မှာ”
ဖိုးမောင်ကပြောဆိုလိုက်ပြီး ကိုကျော်ဇောမထိုင်ခင်မှာပင် ထိုခုံတွင်ဝင်ထိုင်လိုက်သည်။ ကိုကျော်ဇောက ဒေါသထွက်သွားပြီး။
“အမယ် ဒီကောင်လေး လူကလက်တောက်လောက်နဲ့ သူကဘယ်သူလဲ”
“သူ့နာမည်ဖိုးမောင်တဲ့ဖေဖေ၊ ဟိုးတစ်ခြံကျော်က ခြံစောင့်ကြီးရဲ့သားပေါ့”
“အောင်မာ ခြံစောင့်သားကများ လူပါး၀လို့”
ကိုကျော်ဇောက လက်ကိုမြှောက်လိုက်ပြီး ဖိုးမောင်အား ရိုက်မည့်ဟန်ပြင်လိုက်သည်။ မို့မို့က ကိုကျော်ဇောကို တစ်ချက်လှမ်းကြည့်ပြီး သားငယ်ဆီမေးငေါ့ပြလိုက်သည်။ ကိုကျော်ဇောကထိုတော့မှ လက်ရုတ်လိုက်ပြီး ထိုင်ခုံအလွတ်တစ်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ မို့မို့က ထမင်းဟင်းများကိုပြင်ဆင်ပေးလေရာ၊ ကိုကျော်ဇောက ထမင်းကိုအားရပါးရ ခပ်စားလိုက်ပြီး
“စားလို့ကောင်းလိုက်တာ မိန်းမရာ၊ ငါ့မိန်းမလက်ရာ မစားရတာကြာလို့လားတော့မသိဘူး”
“ရှင့်မယားငယ်တွေ လက်ရာလောက်တော့ ဘယ်ကောင်းပါ့မလဲရှင်”
မို့မို့ကပြောလိုက်သည်ကို ကိုကျော်ဇောက ရှုးရှုးရှဲရှဲဖြစ်သွားသည်။ ထို့နောက် သားငယ်ကို မျက်စပြစ်ပြလေသည်။ သဘောကတော့ သားငယ်ရှေ့တွင် မပြောစေလိုသည့် သဘောဖြစ်သည်။ မို့မို့လဲ မပြောတော့ဘဲ ထမင်းသာစားလိုက်လေသည်။
မို့မို့ဘ၀က ငယ်စဉ်ကတည်းက ပုံစံခွက်ထဲက မိန်းမသားဘ၀ဖြစ်သည်။ ငယ်စဉ်ကတည်းက မိခင်၏ ဆုံးမမှုအောက်မှာ နေရသည်မို့ ထိုဆုံးမချက်များထဲ အံဝင်နေလေသည်။ မိန်းကလေးတွေဆိုတာ ယောက်ျားလေးတွေထက် ယုတ်ညံ့တယ်၊ မိန်းကလေးတွေက ယောက်ျားလေးတွေကို အကုန်ဖြည့်ဆည်းပေးရတယ် စသည်ဖြင့် သင်ကြားပေးလေသည်။ အိမ်ထောင်မပြုမီ အပျိုဘ၀ကတည်းက အိမ်မှုကိစ္စများကို သင်ယူရသည်။ အိမ်ထောင်ကျတော့လည်း သားကိုသခင်၊ လင်ကိုဘုရား ဦးထိပ်ထားရန် ဆုံးမကြသည်။
ယောက်ျားပြောတာအကောင်း၊ ယောက်ျားပြောတာအမှန်၊ ယောက်ျားကို စိတ်မကွက်ပဲ ပြုစုစောင့်ရှောက်ရမည် ဆိုသော အတွေးအခေါ်တွေကြောင့် အိမ်ထောင်ကျပြီးတော့ မို့မို့ဘ၀တုံးခဲ့ရသည်။ ဘ၀ဆုံးခဲ့ရသည်ဟု ပြောလျှင်ပိုမှန်မည်ထင်သည်။ ကိုကျော်ဇောကို ပြန်မပြော၊ အာမခံ နေခဲ့ရာမှ တဖြည်းဖြည်းတုံးလာခဲ့သည်။ ကလေးရလာပြန်တော့လည်း ကလေးကိုသာ ဂရုစိုက်ပြီး တစ်ချို့ကိစ္စတွေဆို ကလေးမျက်နှာကြည့်ပြီးနောက်ဆုတ်ပေးလိုက်ရသည်။ တစ်ချိန်လုံး ကလေးကိစ္စ အိမ်မှုကိစ္စများနှင့် အကျဉ်းသားသဖွယ် ပိတ်မိနေခဲ့သည်။
အခုခေတ်တော့ တစ်ခု ကောင်းသည်။ မိန်းကလေးတွေ နေရာတကာ ဦးဆောင်နေကြနိုင်ပြီ။ မို့မို့က ထိုမိန်းကလေးတွေကိုကြည့်လျှင် အားကျသည်။ သူတို့အစားဂုဏ်လည်းယူသည်။ မို့မို့တို့ခေတ်ကတော့ မိန်းကလေး အလုပ်လုပ်လျှင်ကိုပင် ပတ်ဝန်းကျင်က ကဲ့ရဲ့ကြသည်။ ဘ၀အိပ်မက်တို့ မျှော်မှန်းချက်တို့ဆိုတာလည်းဘာမှမရှိ။ မိန်းကလေးမှန်လျှင် လင်ကောင်းသားကောင်းရပြီး ဘ၀ကိုရိုးရိုးစင်းစင်းဖြတ်သန်းသွားရန်ဟုသာ သတ်မှတ်ကြသဖြင့် မို့မို့မှာ ယောက်ျားတစ်ယောက်၊ သားတစ်ယောက်နှင့်ပင် ဘ၀ကုန်ဆုံးရတော့သည်။
ဆယ်နှစ်ကျော် ပေါင်းသင်းလာသည်မို့ ကိုကျော်ဇောကို မပြတ်နိုင်သေးတာကတော့ အမှန်ပင်ဖြစ်သည်။ မို့မို့စိတ်ထဲတွင် စိတ်တွေ ဒွိဟဖြစ်နေသည်။ ကိုကျော်ဇောကို ပြတ်လိုက်ရမည်လား၊ သားလေးမျက်နှာထောက်ပြီး ပြန်ပြီးပဲ ပေါင်းထုတ်ရမည်လား စိတ်ထဲလွန်ဆွဲနေသည်။
“ဖေဖေ သားတို့နဲ့ အတူအိပ်နော်”
သားငယ်က အားကိုးတကြီးပြောလိုက်သည်။ ကိုကျော်ဇောက မို့မို့ကို တစ်ချက်ကြည့်လိုက်သည်။ မို့မို့က ဘာမှမပြောသဖြင့် ခေါင်းကိုညိတ်လိုက်သည်။ မို့မို့ကတော့ ကိုကျော်ဇောနှင့် ဘာမှမပြောချင်တော့။ ထမင်းစားပြီးတော့ ဖိုးမောင်က ပြန်သွားသည်။ သားငယ်ကလည်း သူ့အဖေနားကိုသာကပ်နေသည်။ တွက်ကြည့်လျှင် သားမှာ သူ့အဖေနှင့် မတွေ့ရသည်မှာ သုံးပတ်နီးပါးဖြစ်နေပြီ။ သားငယ်ကတော့ ဖေဖေနိုင်ငံခြားသွားတယ်ပြောထားသဖြင့် ဘာမှမသိရှာ။
ညနေစောင်းပြီ၊ ကိုကျော်ဇောက ဧည့်ခန်းအတွင်းထိုင်နေသည်။ သားငယ်ကတော့ အပြင်တွင်ဆော့ကစားနေသည်။ ကိုကျော်ဇောက ကားပေါ်ပါလာသည့် အရက်ပုလင်းကိုထုတ်ကာကို ခွက်ထဲထည့်ပြီး ဇိမ်ခံသောက်နေလေသည်။ ညနေကျနေက ဧည့်ခန်းကို တိုက်ရိုက်ထိုးနေသည်။ ဧည့်ခန်း နံရံတွင်တော့ မို့မို့တို့၏ အဘိုးပုံများ၊ အဖေ့ဓါတ်ပုံများ၊ ငယ်ငယ်ကရိုက်ထားသော မိသားစုပုံများကို ချိတ်ဆွဲထားသည်။ မှန်ချပ်များပေါ်တွင် ဖုန်တွေက ထုတက်နေသဖြင့် ပုံတွေက ဝေဝါးနေလေသည်။
ကိုကျော်ဇောက ပျင်းပျင်းနှင့် ဓါတ်ပုံတွေကိုကြည့်လိုက်သည်။ ထိုစဉ် မို့မို့၏ အဘိုးပုံမှာ ကိုကျော်ဇောကြည့်နေရင်းပင် ပြုံးနေသလိုခံစားရသည်။ ထိုမှတဆင့် မို့မို့အဘိုး၏ နှုတ်ခမ်းများမှာ ပြဲလာပြီး ပါးစပ်ကြီးပွင့်လာကာ ဟက်ဟက်ပက်ပက်ရယ်မောနေသည့်ပုံဖြစ်သွားသည်။ ကိုကျော်ဇော ကြက်သီးများထသွားသည်။ မို့မို့အဖေပုံကိုကြည့်လိုက်သောအခါ မို့မို့အဖေပုံက မျက်စိရှေ့တွင်ပင် တဖြည်းဖြည်းဒေါသထွက်လာပုံရသည်။ ပါးစပ်များစေ့ပြီး အံများကြိတ်ထားသလိုဖြစ်လာသည်။ မျက်လုံးများက နီရဲလာလေသည်။ ကိုကျော်ဇော မိမိမြင်ရသည်ကိုပင် မယုံချင်ဖြစ်လာပြီး မျက်လုံးများကို လက်ဖြင့်ပွတ်လိုက်သည်။ ဧည့်ခန်းထဲက ဓါတ်ပုံတွေအကုန်လုံးက ကိုကျော်ဇောကို ရန်လုပ်နေကြသည်။
ကိုကျော်ဇောအနောက်တွင် ပြတင်းပေါက်ရှိသဖြင့် ကျနေက နောက်ကျောမှထိုးကာ ကိုကျော်ဇောအရိပ်က နံရံပေါ်တွင်ကျနေသည်။ ထိုအရိပ်က ကြည့်နေရင်း တဖြည်းဖြည်းလက်တွေလှုပ်လာသည်။ ခေါင်းတွေ ခါရမ်းလာသည်။ ကိုကျော်ဇောက ငြိမ်ပြီးထိုင်နေသည့်တိုင် သူ့အရိပ်က နံရံပေါ်တွင် လူတစ်ယောက်လို လှုပ်ရှားနေသည်။ မကြာခင် ထိုအရိပ်တွင် မျက်လုံးရာများ၊ ပါးစပ်ရာများပေါ်လာလေသည်။
ကိုကျော်ဇော ထိုင်ခုံတွင် ထိုင်နေပြီး ကြက်သေသေနေမိသည်။ တစ်ကိုယ်လုံး ချွေးတွေပြန်နေပြီး ခြေထောက်တွေကလည်း တဆတ်ဆတ် တုန်ယင်လာသည်။
“ဖေဖေလာ ထမင်းစားရအောင်”
သားငယ်က အခန်း၀ကိုရောက်လာသည်။ ကိုကျော်ဇော အလွန်ထိတ်လန့်သွားပြီး သားငယ်ကို ကြည့်လိုက်သည်။ ထို့နောက် အခန်းနံရံနှင့် ဓါတ်ပုံများကိုပြန်ကြည့်သည်။ ထိုအခါ ဓါတ်ပုံများက ပုံမှန်အတိုင်းပင်ဖြစ်နေသည်။ ကိုကျော်ဇော ခေါင်းကိုတစ်ချက်ကုတ်လိုက်သည်။
“ငါအရက်မူးပြီး မြင်ချင်ရာတွေ မြင်နေတာလား”
ကိုကျော်ဇောက ရေရွတ်လိုက်ပြီး ထမင်းစားခန်းသို့သားငယ်နှင့် အတူသွားလိုက်သည်။
ထမင်းစားခန်းရောက်တော့ မို့မို့ ကထမင်းများပြင်နေသည်။ ကိုကျော်ဇောက စားပွဲထိပ်က ထိုင်ခုံကိုဝင်ထိုင်လိုက်သည်။
“ကိုကျော်ဇော အဲ့ဒီမှာ မထိုင်ပါနဲ့ အဲဒါဖေဖေ့နေရာ”
မို့မို့ပြောလိုက်တော့ ကိုကျော်ဇောက ဒေါပွသွားသည်။
“ဘာဖြစ်လဲကွာ ငါ့ဟာငါ ထိုင်ချင်တဲ့နေရာထိုင်မယ်၊ နေ့လည်က ဟိုကောင်လေးတောင် ထိုင်ပြီးတော့ အခုငါထိုင်တော့ မရဘူးတဲ့လား”
ကိုကျော်ဇောကပြောပြီးတော့ ဝင်ထိုင်လိုက်သည်။ ထမင်းစားခန်းက မှောင်မဲနေသည်။ ထုံးစံအတိုင်း ဖယောင်းတိုင်များကို သူတို့ထမင်းစားသည့် စားပွဲတစ်ဖက်စွန်းတွင်သာထွန်းထားသည်။ ထမင်းစားခါနီးတော့ မို့မို့အမေကလည်း ထွက်လာသည်။ ထို့နောက် ထမင်းဝိုင်းတွင် ထိုင်လိုက်သည်။ အမေ့မျက်နှာက မျက်နှာထားတင်းတင်းနှင့်ဖြစ်သည်။
ထို့နောက် ထမင်းစစားကြသည်။ ထမင်းဝိုင်းက သားငယ်နှင့် ကိုကျော်ဇော၏ ဇွန်းသံ ပန်းကန်သံတစ်ချက်တစ်ချက် ထွက်လာသည်ကလွဲလို့ တိတ်ဆိတ်နေသည်။ ကိုကျော်ဇောက ထမင်းကို ကုန်းစားလိုက်သည်။ ထိုစဉ် သူ၏ ခြေထောက်များကို အလွန်အေးစက်သည့်အရာကြီးက လာထိသည်။ ခြေထောက်နှစ်ဖက်လုံးကိုဖြစ်သည်။ ကိုကျော်ဇောထိုင်နေရင်း တစ်ကိုယ်လုံးတုန်တက်သွားသည်။ ထို့နောက် မဝံ့မရဲဖြင့် စားပွဲအောက်သို့ကြည့်လိုက်သည်။
စားပွဲအောက်က မှောင်မဲနေသည်။ ထိုစဉ် ထိုစားပွဲအောက်တွင် မဲမဲအရိပ်ကြီးက ငုတ်တုတ်ထိုင်နေပြီး ကိုကျော်ဇောကို မော့ကြည့်နေသည်။ ကိုကျော်ဇောက ငုံ့အကြည့်မို့ ထိုအရိပ်ကြီးနှင့် မျက်လုံးခြင်းဆုံသွားလေသည်။
“အောင်မယ်လေး”
ကိုကျော်ဇောက အော်လိုက်ပြီး ဇွန်းကိုလွှတ်ချလိုက်သည်။ မို့မို့တို့ သားအမိက မျက်လုံးပြူးပြီးကြည့်နေကြသည်။
“ဘာဖြစ်တာလဲ”
မို့မို့က မေးလိုက်သော်လည်း ကိုကျော်ဇောက ပါးစပ်မှ အသံမထွက် စားပွဲအောက်ကိုသာ လက်ညှိုးထိုးပြလိုက်သည်။ မို့မို့က ထလိုက်ပြီးစားပွဲအောက်ကို ငုံ့ကြည့်လိုက်သည်။ စားပွဲအောက်တွင် ဘာမှမရှိ၊ ကိုကျော်ဇောလက်မှ ပြုတ်ကျသွားသည့် ဇွန်းတစ်ချောင်းသာ ရှိလေသည်။ မို့မို့လည်း စားပွဲအောက်တွင်ကျနေသည့် ဇွန်းကိုကောက်လိုက်သည်။
“ဒီဇွန်းလေးကျတာကိုများ . .. ကိုကျော်ဇောရယ်”
မို့မို့က ပြောလိုက်ပြီး ကိုကျော်ဇောကို ဇွန်းအသစ်တစ်ချောင်းပေးလိုက်သည်။ ကိုကျော်ဇောက ဇွန်းကို တုန်ရင်နေသာလက်များဖြင့် လှမ်းယူလိုက်သည်။ ထို့နောက် ထမင်းစားရန်အတွက် ပန်းကန်ထဲမှ ထမင်းများကို ခပ်လိုက်သည်။
“အောင်မယ် . . . .လေး”
ကိုကျော်ဇောတိုးတိုလေးရေရွတ်လိုက်သည်။ ထမင်းကိုခပ်လိုက်သော်လည်း ကြေးဝါဇွန်းထဲတွင်တော့ ကော့စင်းနေသည့် ထမင်းစေ့များမဟုတ်ဘဲ လောက်ကောင်ဖြူဖြူ သေးသေးလေးတွေက တရွရွနှင့်လှုပ်ရှားနေကြသည်။ ကိုကျော်ဇောက ထိတ်လန့်သွားပြီး ထမင်းပန်းကန်ထဲကိုကြည့်လိုက်သည်။ ထမင်းပန်းကန်ထဲက ထမင်းစေ့တွေအားလုံး လောက်ကောင်လေးတွေဖြစ်ပြီး လှုပ်ရှားနေကြသည်ကို ဖယောင်းတိုင်မီးရောင်အောက်တွင် မြင်နေရလေသည်။
“စားလေ ကိုကျော်ဇောရဲ့”
မို့မို့ကပြောလိုက်သည်။ ဇောချွေးများကျနေပြီး တုန်တုန်ယင်ယင်ဖြစ်နေသည့် ကိုကျော်ဇောကို မို့မို့နှင့် သားငယ်တို့က ကြည့်နေကြသည်။ ကိုကျော်ဇော လက်တွေတုန်နေပြီး ထမင်းခပ်ထားသည့်ဇွန်းကို မျက်စိမှိတ်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ပါးစပ်ထဲတွင် လောက်ကောင်လေးတွေက လူးလွန့်ပြီးလျှုာပေါ်တွင် ပြေးလွှားနေသည်။
ကိုကျော်ဇောလဲ ထမင်းကိုငုံထားရင်း မို့မို့တို့ကို ပြန်ပြုံးပြလိုက်သည်။ ထို့နောက် ထမင်းကို တစ်ချက်နှစ်ချက်ဝါးလိုက်သည်။ လောက်ကောင်ကလေးတွေက တဖောက်ဖောက်နှင့် ပါးစပ်ထဲတွင်ပေါက်နေပြီး အန်ချင်စရာအနံ့ရှိသည့် အရည်တွေကလည်း တရွမ်းရွမ်းနှင့်ဖြစ်သည်။
ကိုကျော်ဇောပါးစပ်ထဲမှာ အလွန်ဆိုးရွားသည့်အနံ့ကိုရလေသည်။ ထမင်းဝါးရင်း ကိုကျော်ဇော ဆက်ပြီးမခံစားနိုင်တော့သဖြင့် ထမင်းစားပွဲမှထပြီး အိမ်ပြင်သို့ပြေးထွက်လိုက်သည်။ ထို့နောက် အိမ်အပြင်ဆင်ဝင်အောက်တွင် ထိုးအန်လိုက်လေသည်။
“ဝေါ့ . .ဝေါ့”
ပါးစပ်ထဲမှ အန်ချလိုက်သောအခါ ထိုအရာများသည် မြေကြီးပေါ်ကျသည့်အခါ ထမင်းလုံးလေးများဖြစ်နေသည်။ ကိုကျော်ဇောက ဖိနပ်ဖြင့် ထိုးချေကြည့်သေးသည်။ ထမင်းလုံးများဖြစ်နေသည်။
“ငါဘာတွေဖြစ်နေပြီလဲ . .. ငါရူးများရူးသွားတာလား”
ကိုကျော်ဇောက ရေရွတ်လိုက်ပြီး ထမင်းစားပွဲသို့ပြန်သွားလိုက်သည်။
“ရှင်အစာမစားဘဲ အရက်တွေနင်းကန်သောက်ထားတော့ လေချဉ်တွေတက်နေပြန်ပြီမလား”
မို့မို့က ယူဆပြီးပြောလိုက်သည်။ ကိုကျော်ဇော ဘာမှမပြောတော့ပဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဖြစ်နိုင်လျှင် သူဒီအိမ်ထဲကနေ အမြန်ထွက်သွားချင်နေပြီ။ သို့သော် မိုးကအတော် ချုပ်နေပြီ၊ ကားကလည်း ပျက်နေသည်မို့ မပြန်ဖြစ်တော့။ သားကလည်း သူ့ကိုဆွဲထားတာက တစ်ကြောင်းဖြစ်သည်။ ထိုစဉ် ဘောင်းဘီအိတ်ထဲတွင်ထည့်ထားသော ကိုကျော်ဇောဖုန်းကလေးက ထမြည်လေသည်။
“ကိုင်လိုက်လေ ရှင့်ကောင်မတွေဆက်တာမဟုတ်လား”
မို့မို့ကပြောလိုက်သည်။ ကိုကျော်ဇောက မျက်နှာပျက်သွားပြီး မို့မို့ကိုတစ်ချက်ကြည့်ပြီး ယောက္ခမကြီးမျက်နှာကိုကြည့်လိုက်ကာ အပြင်သို့ထွက်ခဲ့သည်။
ဖုန်းကိုကြည့်လိုက်သည့်အခါ နွယ်ဟုအမည်တပ်ထားပြီး အလွန်ချောမောသည့် ရုပ်ရည်ရှိသည့် ဓါတ်ပုံကိုမြင်တွေ့လိုက်ရသည်။ နွယ်က ကိုကျော်ဇောနှင့် လက်ရှိဖြစ်နေသည့် ကောင်မလေးဖြစ်သည်။ ကိုကျော်ဇောက ဖုန်းကိုကိုင်လိုက်ပြီး နားတွင်အပ်လိုက်သည်။
“ဟီး ဟီး ဟား . . . ဟား ၀အူး . .၀ရား”
ဖုန်းထဲတွင် စကားပြောသံများမဟုတ်ဘဲ ကြောက်မက်ဖွယ် အသံမျိုးစုံနှင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။ ကိုကျော်ဇော အလွန်ထိတ်လန့်သွားပြီး ဖုန်းကိုပြန်ကြည့်လိုက်သည့်အခါ ဖုန်းက မီးတွေပိတ်လိုက်၊ စခရင်က မှောင်သွားလိုက်၊ လင်းသွားလိုက်နှင့်ဖြစ်နေသည်။ ထို့နောက်ဖုန်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးပေါ်လာလေသည်။ မျက်နှာကြီးမှာ မိန်းမတစ်ယောက်၏ မျက်နှာဖြစ်ပြီး မျက်လုံးတွေက သွေးတွေအပြည့်နဲ့ဖြစ်ပြီး ပါးစပ်ကြီးကလဲည်း ပြဲနေသည်။ သွားများကြားမှ သွေးများက စီးကျလာလေသည်။ ကိုကျော်ဇောတစ်ယောက် လန့်ပြီး ဖုန်းကိုပစ်ပေါက်လိုက်မိသည်။
“ခလွမ်း”
ကြမ်းပြင်နှင့် ဖုန်းနှင့်ထိပြီး ဖုန်းမှာ အက်ကွဲသွားလေသည်။ ကိုကျော်ဇောက ကြောက်ကြောက်နှင့် ဖုန်းကိုဖနောင့်ဖြင့် ပေါက်နေသည်။ ဖုန်းက မျက်နှာပြင်တွေ ကြေမွနေလေသည်။ မို့မို့နှင့် ကောင်းကောင်းတို့က အိမ်ပြင်မှ ဖုန်းကျသံနှင့် ကိုကျော်ဇောအသံများကြားရသည်မို့ အပြင်ကိုပြေးထွက်လာသည်။ ဆင်ဝင်အောက်တွင်တော့ ကိုကျော်ဇောက စိတ်မမှန်သည့်လူတစ်ယောက်လို ဖုန်းကိုအားကုန်တက်နင်းနေလေသည်။
“ကိုကျော်ဇော . . ကိုကျော်ဇော”
မို့မို့ကခေါ်လိုက်သော်လည်း ကိုကျော်ဇောက ကြားဟန်မတူ။
“အမေ သားကို ခဏအထဲကို ခေါ်သွားပေးပါ”
မို့မို့ကပြောလိုက်ပြီးတော့ ကိုကျော်ဇောကို လက်ကိုဆွဲကိုင်လိုက်သည်။ အမေကတော့ သားငယ်ကလေးကို မို့မို့တို့ အိပ်ခန်းထဲကို ထည့်လိုက်လေသည်။ မို့မို့က ကိုကျော်ဇောလက်ကိုဆွဲလိုက်ပြီး လှည့်လိုက်သည်။ ကိုကျော်ဇောက မျက်လုံးတွေ နီရဲနေပြီး ဆံပင်တွေကလည်း ဖွာထွက်နေသည်။
“ဖြန်း”
မို့မို့က ကိုကျော်ဇောကို ပါးရိုက်လိုက်သည်။ ကိုကျော်ဇောက ခွေကျသွားသည်။ မျက်လုံးတွေပိတ်သွားပြီး လဲကျသွားသည်။ ထို့နောက် ကိုကျော်ဇောက အသိပြန်ဝင်လာသည်။
မို့မို့က သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။ ကိုကျော်ဇောက မြေပေါ်တွင် ထိုင်လျက်သား လဲကျနေသည်။ ထို့နောက် ကိုကျော်ဇောက သူ့အရှေ့ရပ်နေသည့် မို့မို့ကိုကြည့်လိုက်သည်။
“ကယ်တော် မူကြပါ”
ကိုကျော်ဇောက ရေရွတ်လိုက်မိသည်။ မို့မို့တို့အနားတွင် လူအများကြီးက မတ်တပ်ရပ်နေပြီး ကိုကျော်ဇောကို ဝိုင်းပြီးကြည့်နေကြသည်။ လူတွေက လူစုံတက်စုံဖြစ်ပြီး အယောက်ငါးဆယ်နီးပါး လောက်ရှိမည်ဖြစ်သည်။ ခေတ်ဟောင်းဒီဇိုင်းတွေရော၊ ခေတ်ပေါ်အကျီတွေကိုပါ ပုံစံစုံ ဝတ်ဆင်ထားကြသည်။ ကိုကျော်ဇောက ထိုသူများသည် လူမဖြစ်နိုင်မှန်း သိလိုက်သည်။ အစွယ်ဖွေးဖွေး၊ မျက်လုံးပြူးပြူးကြီးများနှင့် လူများမှာ သာမန်လူမဖြစ်နိုင်ပေ။ ထို့နောက် ကိုကျော်ဇောက သွေးပျက်သွားပြီး အိမ်ထဲမှတဆင့် ခြံထဲသို့ပြေးဆင်းသွားသည်။ ထို့နောက် ခြံတံခါးကို ဖွင့်ပြီး အပြင်ကို အမြန် ပြေးထွက်လိုက်သည်။
မို့မို့ကတော့ ကိုကျော်ဇော ဘာလို့ပြေးသွားမှန်းမသိ။ ကိုကျော်ဇောအရက်ကြောင် ကြောင်ပြီးပြေးထွက်သွားသည်ထင်ပြီး ကိုကျော်ဇောနောက်ကို လိုက်သွားသည်။
ကိုကျော်ဇောက တောင်ဆင်းလမ်းလေးအတိုင်း အပြေးဆင်းနေသည်။ ထိုလမ်းကလေးတွင်လည်း လူများပြည့်နှက်နေသဖြင့် တိုးဝှေ့ပြီးသွား၇လေသည်။ လူများဆိုသော်လည်း လူနှင့်မတူ၊ အဖြူရောင် အရိပ်ရှည်ရှည်ကြီးများက တစ်လမ်းလုံးပြည့်နှက်နေသည်။ ထိုအရိပ်တွေကို ကိုကျော်ဇောက တိုက်ဖြတ်ပြီး ပြေးနေရသည်။ ထိုအရိပ်တွေမှာ မျက်နှာတွေပါပြီး ကိုကျော်ဇောကို အံ့အားသင့်စွာဖြင့် ကြည့်နေကျသည်။ အချို့မျက်နှာတွေကတော့ ပြုံးနေကြသည်လား ရန်လိုနေကြသည်လား ကိုကျော်ဇောမသိတော့ ထိုတောင်ဆင်းလမ်းကလေးအတိုင်း အောက်ကိုမြန်မြန်ရောက်ရေးကိုသာ ဦးတည်ပြီးပြေးနေသည်။
မို့မို့ကတော့ အမှောင်ထုထဲ ကိုကျော်ဇောနောက် ပြေးလိုက်နေသည်။ ယောက်ျားခြေလှမ်းနှင့် မိန်းမခြေလှမ်းကွာသည်မို့ မို့မို့က ဝေးပြီးကျန်ခဲ့လေသည်။ ပါးစပ်ကလည်း ကိုကျော်ဇော ကိုကျော်ဇောဟု အော်ရင်းပြေးနေသည်။ ပတ်ဝန်းကျင်က အမှောင်ကျနေသည်။ တောင်ဆင်းလမ်းကလေးဘေး သစ်ပင်များရှိသဖြင့် အုပ်ဆိုင်းကာ မှောင်မဲနေသည်။ မို့မို့က ကိုကျော်ဇောကို မီရန် အပြေးလိုက်လာလေသည်။
တောင်ဆင်းရောက်တော့ မို့မို့က အမောဆို့နေပြီဖြစ်ရာ တောင်ဆင်းလမ်းမပေါ်တွင် ခါးကုန်းပြီး မနည်းအသက်ရှုနေရသည်။ ဒူးနှစ်ဖက်ကို လက်ဖြင့်ထောက်ပြီး မို့မို့က ကိုယ်ကိုကိုင်းထားသည်။ ကိုကျော်ဇောက တော့ ခပ်လှမ်းလှမ်းမှာရောက်နေပြီး ကားလမ်းမကြီးပေါ်ကို ပြေးတက်လိုက်သည်။ ထိုစဉ် ကုန်တင်ကားကြီးတစ်စီးက အရှိန်ဖြင့်မောင်းနှင်လာလေသည်။ ကိုကျော်ဇောမှာ ကုန်တင်ကားကြီး၏ မီးရောင်များရှေ့တွင် သွေးရူးသွေးတန်းနှင့် ပြေးနေလေသည်။
မို့မို့က အသံကုန်ဟစ်ပြီးအော်လိုက်လေသည်။
“ကိုကျော်ဇော . . .”
ကိုကျော်ဇောက ထိုတော့မှ မို့မို့ကိုနောက်ပြန်လှည့်ကြည့်လိုက်လေသည်။ ကိုကျော်ဇော၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းများက ပေါ်လွင်နေလေသည်။ ကိုကျော်ဇောလှည့်ကြည့်နေတုန်း သူ့ကို ကုန်တင်ကားကြီးက ဖြတ်တိုက်သွားလေရာ ကိုကျော်ဇောမှ အရှိန်ဖြင့်လွှင့်ထွက်သွားပြီး ကားလမ်းမပေါ် အရုပ်ကြီးတစ်ရုပ်သဖွယ်ပြန်ပြီး ပြုတ်ကျလေသည်။
ကုန်တင်ကားကြီးက ဘရိတ်ကိုဆောင့်နင်းပြီး ရပ်တန့်လိုက်သည်။ ကားလမ်းပေါ်တွင် ကားမီးရောင်ကြောင့် လင်းထိန်နေသည်။ လမ်းတစ်ဖက်ခြမ်းမှလာသော ကားများမှာလည်း ရပ်တန့်လိုက်ကြသည်။ ထိုအနီးအနားတွင် လက်ဖက်ရည်ဆိုင်ကလေးရှိသဖြင့် ဆိုင်အတွင်းမှလူများက ပြေးလာကြသည်။ ကိုကျော်ဇောကတော့ ကားလမ်းပေါ်တွင် လက်ကြီးမြောက်ပြီး ဆန့်ငင် ဆန့်ငင်ဖြစ်နေသည်။
မို့မို့က ခြေလှမ်းမလှမ်းန်ိုင်တော့ဘဲ ထိုင်ချလိုက်ရသည်။ ကိုကျော်ဇောအခင်းဖြစ်သည့်နေရာမှာ မို့မို့နှင့်အနည်းငယ်လှမ်းသည်။ လူများက ကားလမ်းနံဘေးတွင် ဝိုင်းအုံလာပြီးနောက် သွေးပွက်ပွက်အန်fပြီး လဲကျနေသည့် ကိုကျော်ဇောအား ဝိုင်းကြည့်နေကြသည်။ မို့မို့က လမ်းဘေးတွင် ထိုင်ပြီးငိုနေလိုက်သည်။ မို့မို့မည်မျှ ကြာကြာငိုနေလိုက်သည်မသိ။ ကိုကျော်ဇောအလောင်းအား လူများက သယ်ဆောင်ကာ ဆေးရုံပို့ရန်ကြိုးစားနေလေသည်။ ကိုကျော်ဇောမှာတော့ ငြိမ်သက်နေပြီဖြစ်ည်။ နောက်တော့မှ မို့မို့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။
“သား . . . သားလေး”
ဇတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ