အပိုင်း(၄)(ဇာတ်သိမ်း)
“သား . . . သားလေး”
မို့မို့လည်း သူ့ကိုယ်သူအပြစ်တင်မဆုံးတော့ပေ။
“ငါတော်တော်တုံးတဲ့ ကောင်မပဲ ဒီလောက်ကြောက်စရာကောင်းတဲ့နေရာမှာ ဘာလို့သားလေးကို တစ်ယောက်တည်း ထားခဲ့မိပါလိမ့်”
မို့မို့က ရေရွတ်ရင်း တောင်ကုန်းလေးအပေါ်ကို ပြေးတက်လာခဲ့သည်။ မို့မို့ခြေထောက်များက ဖိနပ်မပါဘဲ ပြေးထားရသဖြင့် နာကျင်နေသော်လည်း သားဇောနှင့်မို့နာကျင်မှုကို လျစ်လျူရှုကာ အမြန်ပြေးတက်နေသည်။ မကြာမီခြံရှေ့သို့ရောက်သည်။ အိမ်ကိုလှမ်းကြည့်တော့ အောက်ထပ်ရှိ လှေကားရင်းအနားမှ မီးလုံးဟောင်းကြီးက မှိန်မှိန်လေးလင်းနေပြီး ဆင်ဝင်အနားထို အလင်းရောင် ဖျော့ဖျော့လေးက ကျနေသည်။
အိမ်ထဲရောက်တော့ မို့မို့က သားဖြစ်သူကို အော်ခေါ်လိုက်လေသည်။
“သားရေ . . . သား၊ ကောင်းကောင်းရေ”
အသံကုန်ဟစ်ကာ ခေါ်လိုက်သော်လည်း ဘာအသံမှမကြားရ။ မို့မို့လည်း အိပ်ခန်းထဲပြေးဝင်လိုက်သည်။ အခန်းထဲတွင်လည်း သားကမရှိပေ။ မို့မို့ အလွန်ထိတ်လန့်ကြောက်ရွံသွားသည်။ ခေါင်းတွေကပူထူပြီး ဘာလုပ်ရမှန်းမသိတော့၊ နောက်တော့မှ မို့မို့က ဖုန်းလေးကိုကောက်လိုက်ပြီးနောက် ကိုအောင်ထံကို ဖုန်းခေါ်လိုက်သည်။
“မို့ပြောလေ”
“ကိုအောင် သားလေးပျောက်နေလို့ ကိုအောင်၊ မို့ . . . မို့ဘာလုပ်ရမလဲ”
“မို့ စိတ်ကိုအေးအေးထား၊ ကိုအောင် အခုချက်ချင်းလာခဲ့မယ်”
မို့မို့က ဖုန်းကိုချလိုက်သည်။ နာရီကိုကြည့်လိုက်တော့ အချိန်က ညခုနစ်နာရီ ခွဲပဲရှိသေးသည်။ မို့မို့စိတ်တွေရှုပ်ထွေးလာမိသည်။ ထို့ကြောင့် အခန်းထဲက စားပွဲပေါ်တင်ထားသည့် ပစ္စည်းတစ်ချို့ကို လက်ဖြင့်ပုတ်ထုတ်လိုက်သည်။
“ချွင် ဂလွမ်း . . ဂလွမ်း”
ကျကွဲသံများက အခန်းထဲတွင် ဆူညံသွားသည်။
“ဒုန်း . . ဒုန်း. . .ဒုန်း”
ထိုစဉ် အိမ်ပေါ်ထပ်မှ ပြေးလွှားသံများကြားလိုက်ရသည်။ မို့မို့က သားလေးများလားဟုတွေးလိုက်မိသည်။ သို့သော် သားလေးမဖြစ်နိုင်ဟူသည့် အတွေးတစ်ခုက ခေါင်းထဲသို့ဝင်လာသည်။ သရဲများပေါများသည့်နေရာတွင် သားငယ်က ပြေးလွှားနေမည်မဟုတ်၊ မို့မို့ကြောက်ရမယ်ထက် အလွန်ဒေါသထွက်လာပြီး တောက်တစ်ချက်ခေါက်လိုက်သည်။
ထို့နောက် မို့မို့က အခန်းအပြင်သို့ထွက်ခဲ့သည်။ လှေကားရင်းကိုဖြတ်ကျော်လိုက်သည့်အခါ လျှောက်လမ်းတစ်လျှောက် မှောင်မဲနေသဖြင့် လက်ထဲမှဖုန်းမီးလေးကိုဖွင့်ပြီးကိုင်လိုက်သည်။ ထို့နောက် ထမင်းစားခန်းထဲတွင် အသံများကြားရပြန်သည်။ မို့မို့က ထမင်းစားခန်းထဲဝင်ခဲ့သည်။ မဲမဲအရိပ်တစ်ခုက ထမင်းစားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်နေလေသည်။
မို့မို့ကိုမြင်တော့ ထိုအရာက လှည့်ကြည့်လေသည်။ ဖုန်းမီးရောင်အောက်တွင် ဆောင့်ကြောင့်ထိုင်နေသော မဲနက်နေသည့် ပိန်ရှည်ရှည် အကောင်တစ်ကောင်ကိုတွေ့လိုက်ရသည်။ လူပုံစံဆိုသော်လည်း ထိုမျှပိန်ကပ်နေသည့်အရာသည် လူမဖြစ်နိုင်မှန်း မို့မို့သိလိုက်သည်။ မို့မို့က တောက်တစ်ချက်ခေါက်ပြီး အနားတွင်တင်ထားသော ဖယောင်းတိုင်ထွန်းသည့် ကြေးဖယောင်းတိုင်ခွက်ကြီးဖြင့် လှမ်းပစ်လိုက်သည်။
ထိုအရာက ခုန်ရှောင်ပြီး မျက်နှာကြက်ပေါ်ကို ပင့်ကူတစ်ကောင်ကဲ့သို့ ခုန်ပြီးကပ်လိုက်သည်။ မို့မို့က ကြောက်စိတ်ကိုကျော်လွန်သွားပြီဖြစ်သည်။ မို့မို့ခေါင်းထဲတွင် ဘာမှမရှိတော့။
“နင်လား ငါ့သားကိုခေါ်ထားတာ၊ ပြောစမ်း . . . ငါ့သားကိုပြန်ပေး”
မို့မို့က ဘီရိုရှိအံဆွဲတစ်ခုကိုဖွင့်လိုက်ပြီး အထဲမှ ဇွန်းများ၊ ခက်ရင်းများကိုဆွဲထုတ်လိုက်ကာ ထိုအရာကို ဒေါသထွက်ထွက်နှင့် ပစ်ပေါက်နေမိသည်။ ထိုမဲမဲအကောင်ကလည်း လွှားခနဲ လွှားခနဲခုန်ကာ ပြေးလွှားနေလေသည်။ ထို့နောက်တွင်မှ အမှောင်ထဲဝင်ပြီးပျောက်ကွယ်သွားလေသည်။
မို့မို့ကမကျေနပ်သေးပေ၊ ထိုအကောင်အနောက်ကို ရေဆုံးမြေဆုံးလိုက်မည်ဟု တွေးလိုက်မိသည်။ သို့နှင့် ဘီရိုရှိ နောက်ထပ်အံဆွဲတစ်ခုကိုဖွင့်လိုက်သည်။ ထိုအံဆွဲထဲတွင် ငွေဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်များရှိသည်။ မို့မို့က ငွေဖြင့်လုပ်ထားသည့် သားလှီးဓါးတစ်ခုကို ကိုင်ကြည့်လိုက်သည်၊ သားလှီးဓါး၏ ဓါးသွားများမှာ သိပ်မထက်တော့သော်လည်း ဓါးဦးချွန်ကတော့ လူတစ်ယောက်ကို ထိုးနှက်ပစ်ရန်အတွက် ချွန်ထက်နေသေးသည်။ မို့မို့တစ်ယောက် လက်တစ်ဖက်ကဖုန်းကိုင်၊ လက်တစ်ဖက်က ဓါးကိုင်ပြီး ထမင်းစားခန်း အပြင်ထွက်ခဲ့သည်။
အမေ့အခန်းရှေ့ရောက်သည်။ မို့မို့လည်း အမေ့အခန်းတံခါးကိုဖွင့်ရန်ကြိုးစားလိုက်သည်။ ထုံးစံအတိုင်း အမေ့အခန်းမှာ အတွင်းက ချက်ထိုးထားသည်။
“အမေရေ ထပါဦး အမေရဲ့ . . . အထဲမှာ သေနေပြီလား”
မို့မို့က ပြောဆိုရင်း အခန်းတံခါးကို တဘုန်းဘုန်းထုလိုက်သည်။ အခန်းထဲမှ မည်သည့်အသံမှမကြား။ မို့မို့က အခန်းရှေ့တွင် မတ်တပ်ရပ်ပြီး ငိုယိုနေမိသည်။ ပြီးနောက် ဓါးကိုင်ပြီး အိမ်ရှေ့သို့ထွက်ခဲ့သည်။ ထိုစဉ် လှေကားပေါ်မှ အရိပ်မည်းကြီးက မို့မို့ကိုကြည့်နေသည်။ မို့မို့ကထိုအရိပ်ကြီးကိုမြင်လိုက်သည့်အတွက် ငေးကြည့်နေစဉ်မှာပင် မို့မို့ကိုယ်ပေါ်သို့ ထိုအရိပ်ကြီးက လွှားခနဲ ခုန်ချလာလေသည်။ ဆောင့်တွန်းခံလိုက်ရသလိုဖြစ်ပြီး မို့မို့တစ်ယောက်အနောက်သို့ လွှင့်ထွက်သွားသည်။ ဖုန်းကလည်း လက်မှ လွတ်ကျသွားသလို ငွေဓါးမှလည်း မို့မို့လက်မှ လွင့်စင်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ကျသွားသည်။
ထိုမဲမဲအကောင်ကြီးကို လှေကားရင်းမှ မီးသီးအလင်းရောင်ဖြင့် ထင်ရှားစွာမြင်နေရသည်။ အကောင်ကြီးက မို့မို့ကိုခွထားသည်။ ထို့နောက် မို့မို့၏ လည်ပင်းကိုလက်မဲကြီးဖြင့် ညှစ်လေသည်။ လက်ကြီးများမှာ အေးစက်နေပြီး အလွန်အားသန်လေသည်။ မို့မို့လည်း အားရှိသလောက်ရုန်းကန်သည်။ ထိုအကောင်ကြီးကို လက်သီးများနှင့်ထုနှက်သည်၊ ဒူးထောင်ပြီး ဒူးနှင့်လည်းဖမ်းတိုက်သည်။ သို့သော် မို့မို့အားလောက်ကို ထိုအကောင်ကြီးက မဖြုံပေ မို့မို့လည်း စမ်းမိစမ်းရာလက်ဖြင့်စမ်းကြည့်ရာ သူ့ဓါးလေးက လက်အနားတွင်ကျနေသည်။
(၁၇)
ငွေဓါးလေးကို စမ်းမိသည်နှင့် အလျှင်အမြန် ဆုပ်ကိုင်လိုက်ပြီး ထိုအကောင်ကြီး၏ ကျောကုန်းကို ထိုးစိုက်ချလိုက်သည်။
“ဂါး . .ဂရား”
ထိုအကောင်ကြီးမှာ အော်ဟစ်နေလေသည်။ ဓါးက သူ့ကျောတွင် စိုက်လျက်သား တန်းလန်းကြီး ဖြစ်နေသည်။ ထို့နောက် အကောင်ကြီးက ခုန်ထလိုက်ပြီး ဓါးကိုလက်ဖြင့်ဆွဲနေလေရာ လဲကျနေသည့် မို့မို့လည်း လူးလဲထလိုက်သည်။ မို့မို့တစ်ယောက် ထမီကိုပြင်ဝတ်နေစဉ် ထိုအကောင်ကြီးက အမြီးရှည်ကြီးပါပြီး ထိုအမြီးကြီးဖြင့် မို့မို့ခြေထောက်တွေကို ဖြတ်ရိုက်သည်။ မို့မို့ ပက်လက်လန် လဲကျသွားပြန်သည်။ ထိုအခါ ထိုအကောင်ကြီးက သူ့အပေါ်ကို ခုန်တက်ပြီး နောက်တစ်ကြိမ် လည်ပင်းညှစ်ပြန်သည်။
မို့မို့လည်း သူ့လည်ပင်းကိုညှစ်ထားသည့် အကောင်ကြီး၏လက်ကို ပုခုံးနှစ်ဖက်နှင့်ညှပ်ပြီး ဖိထားလိုက်သည်။ ထိုစဉ် ဖုန်းအလင်းရောင်လေးက ထိုအကောင်ကြီး၏ မျက်နှာကိုထိုးမိနေသည်။ မို့မို့က အကောင်ကြီး၏ မျက်နှာကို အသေအချာ ကြည့်လိုက်တော့မှ တစ်စုံတစ်ယောက်နှင့် တူနေလေသည်။
“အ . . အကိုကြီးလား”
ထိုအကောင်ကြီး၏ မျက်လုံးကြီးမှာ ပြူးထွက်သွားကာ မို့မို့ကိုလည်းပင်းညှစ်နေသည့် လက်မှာလည်း အားလျော့သွားလေသည်။ မို့မို့လည်း သေချာစိုက်ကြည့်ပြီး
“အစ်ကိုကြီး သက်အောင်မဟုတ်လား”
ထိုအကောင်ကြီးက အော်ဟစ်ကာ သူ့နားကို လက်နှစ်ဖက်နှင့် ပိတ်လိုက်ပြီး အော်ဟစ်ဆူညံနေလေသည်။ မို့မို့ကိုလည်း လွှတ်လိုက်လေသည်။ မို့မို့မှာ ကုန်းထပြီး ကြောက်ကြောက်ဖြင့် နံရံလေးဘေးနားမှာ ကပ်နေလိုက်သည်။ ထိုအခါတွင် ထိုအကောင်ကြီးမှာ တဖြည်းဖြည်းသေးသွားပြီးနောက် လူပုံသဏ္ဍာန်ဖြစ်သွားသည်။
“အကိုကြီး . . . အကိုကြီး ဘာဖြစ်နေတာလဲဟင်”
“ညီမလေး . . . မို့မို့”
အကိုကြီးက သူဝတ်ဆင်လေ့ရှိသည့် ရှပ်အကျီနှင့် ပုဆိုးကိုဝတ်ထားသည်။ ထို့နောက် အကိုကြီး၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး သူ့ကို ပြုံးပြနေလေသည်။ မို့မို့နံရံထောင့်မှ ထလိုက်ပြီး လှေကားရင်းတွင် မတ်တပ်ရပ်နေသော အကိုကြီးကိုပြေးဖက်လိုက်သည်။
“အကိုကြီး . . . အကိုကြီး”
မို့မို့က အကိုကြီးကို တင်းကြပ်စွာဖက်ထားရင်း ငိုကြွေးနေသည်။ အကိုကြီးက မို့မို့ခေါင်းကို ပွတ်ပေးနေသည်။
“အကိုကြီး၊ အကိုကြီး ဘာဖြစ်နေတာလဲဟင် . . .”
“ညီမလေး၊ အကိုကြီး ဘယ်သူလဲဆိုတာကိုမေ့နေတယ်၊ အကိုကြီး ညီမလေးကိုတွေ့လိုက်တော့မှ ဘယ်သူလဲဆိုတာကို ပြန်သတိရသွားတယ်၊ အကိုကြီးမသေခင်က ဒီအိမ်ကြီးဆီကို စိတ်ရောက်နေသေးတယ်၊ အကိုကြီး ဒီအိမ်နဲ့ခြံကြီးထဲကနေ ဘယ်ကိုမှထွက်သွားလို့မရဘဲ ပိတ်မိနေခဲ့တာကြာခဲ့ပြီ”
“ဖြစ်ရလေ အကိုကြီးရယ်”
မို့မို့က အကိုကြီးကိုဖက်ကာ ငိုကြွေးနေသည့်အချိန် အကိုကြီးမှာ ဖုန်မှုန့်များကဲ့သို့ဖြစ်သွားပြီးနောက် လေနှင့်အတူလွင့်သွားလေသည်။
“ချွင်”
အကိုကြီး၏ ကျောကုန်းပေါ်တွင် စိုက်ဝင်နေသည့် ငွေဓါးလေးက ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။
(၁၈)
“မို့ . . မို့ ဘာဖြစ်တာလဲ”
အိမ်ထဲကို ဓါတ်မီးထိုးပြီး အပြေးဝင်လာသူက ကိုအောင်ဖြစ်နေသည်။ ကိုအောင်က ဓါတ်မီးကြီးတစ်လက်ကို ကိုင်ထားပြီး မို့မို့ကိုထိုးကြည့်လိုက်သည်။ မို့မို့တစ်ကိုယ်လုံး ဖုန်တွေပေကျံနေပြီးနောက် ငွေဓါးတစ်ချောင်းကလည်း အနားတွင်ကျနေသည်ကို တွေ့လိုက်ရသည်။ မို့မို့က ကိုအောင်လာတော့ အားရှိသွားပြီး အမေကိုတွေ့သည့် ကလေးတစ်ယောက်ကဲ့သို့ ကိုအောင့်ထံသို့ပြေးသွားလိုက်ကာ ကိုအောင့်ကိုပြေးဖက်လိုက်သည်။
“မို့ မို့သားလေးပျောက်နေလို့ဆို”
“ဟုတ်တယ်ကိုအောင် မို့ဘာလုပ်ရမလဲ”
ထိုစဉ် အိမ်ထဲကို ကလေးလေးတစ်ယောက် ပြေးဝင်လာသည်။ ထိုသူကား အခြားမဟုတ် ဖိုးမောင်ပင်ဖြစ်သည်။ ဖိုးမောင်ကိုတွေ့တော့ မို့မို့တစ်ယောက် ပြာပြာသလဲဖြစ်သွားသည်။
“သား ဖိုးမောင် . . ကောင်းကောင်းဘယ်မှာလဲဟင်”
ဖိုးမောင်က ဘာမှမပြောတော့ဘဲ မီးဖိုချောင်ဘက်ပြေးဝင်သွားသည်။ မို့မို့နှင့် ကိုအောင်လည်း ဖိုးမောင်အနောက်မှပြေးလိုက်လာခဲ့သည်။ မီးဖိုချောင်အတွင်း ဖိုးမောင်မရှိပေ၊ မို့မို့လည်း အိမ်နောက်ဖေးတံခါးကိုဖွင့်လိုက်တော့ လူတစ်ရပ်ခန့်ရှည်သည့် မြက်ပင်ရှည်ကြီးများပေါက်နေသည့် မြက်တောကြီးသာရှိသည်။ မြက်ပင်များမှာ ခြောက်သွေ့နေသည်။ ထိုစဉ် ဖိုးမောင်က မြက်တောအစပ်တွင် ပေါ်လာပြန်သည်။ မြက်တောအတွင်းသို့ ဝင်ပြေးသွားသည်မို့ မို့မို့နှင့်ကိုအောင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဖိုးမောင် အနောက်ကနေ ပြေးလိုက်ကြသည်။ မြက်ပင်ခြောက်များ၊ မြက်ရွက်များမှာ မျက်နှာများ လက်များ၊ ခြေထောက်များကို ရှသဖြင့် ပွန်းပဲ့ပြီး သွေးတွေစို့နေသည်။
မြက်တောကြီးထဲ စမ်းတဝါးဝါးပြေးရင်းနဲ့ နောက်ဆုံးတွင် သစ်ပင်လေးတစ်ပင်အောက်ရောက်လာကြသည်။ သစ်ပင်ကလေးမှာ အရွက်မရှိတော့ဘဲ လိမ်ကောက်နေသည့် သစ်ကိုင်းများသာကျန်နေကာ သေနေပြီဖြစ်သည်။ ထိုသစ်ပင်ကလေးအောက်တွင် မြက်ပင်များက သိပ်မထူလှပေ။ ထိုသစ်ပင်အောက်တွင် အမေက သားကိုချီထားသည်။ သားကတော့ အမေ့ပုခုံးပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။
“အမေ”
မို့မို့က အမေ့ထံသို့ပြေးလိုက်ကာ သားငယ်ကို ချီယူလိုက်သည်။ သို့သော်လက်တွေက အားနည်းနေပြီမို့ မသယ်နိုင်။ ကိုအောင်က သားငယ်ကိုပြောင်းပြီးချီလိုက်သည်။
“ဖိုးမောင် . . . . ဖိုးမောင်”
မို့မို့ကဖိုးမောင်ကိုကြည့်ကာ အော်ခေါ်လိုက်မိသည်။ ဖိုးမောင်မှာ မို့မို့ရှေ့မှာပင် တဖြည်းဖြည်းကြီးလာပြီးနောက် ဖိုးမောင်မဟုတ်တော့ဘဲ လူကြီးတစ်ယောက်ဖြစ်သွားသည်။ ထိုလူကြီးမှာ မို့မို့ကိုကြည့်ကာပြုံးနေသဖြင့် မို့မို့လည်း အလွန်အံ့အားသင့်သောမျက်နှာထားဖြင့် ထိုလူကြီးကို ငေးကြည့်နေမိသည်။
“ဖေ . . . ဖေဖေလား”
မို့မို့က ရေရွတ်လိုက်သည့်အခါ ဖေဖေက ပြုံးပြသည်။ မို့မို့လည်း ဘာမှမစဉ်းစားတော့ဘဲ ဖေ့ဖေ့ဆီကိုပြေးသွားလိုက်ကာ ဖေဖေ့ကိုပြေးဖက်လိုက်သည်။ မို့မို့က မျက်ရည်တွေကျနေသည်။
“သမီးလေး၊ အဖေ့သမီးလေး . . .”
ဖေဖေက ပြောရင်း မို့မို့ကျောပြင်ကိုပုတ်ပေးနေသည်။ ကိုအောင်ကတော့ အိပ်မက်မှလန့်နိုးသည့်သူအလား အံ့အားသင့်စွာဖြင့် သူတို့ကို ငေးကြည့်နေလေသည်။
“ဖေဖေ၊ ဒါဆို ဖေဖေက ဖိုးမောင်ပေါ့၊ ဒါကြောင့်မို့ ဖိုးမောင်ကိုတွေ့တုန်းက တစ်ယောက်ယောက်နဲ့တူပါတယ်လို့ တွေးနေမိတာ”
“သမီး . . သမီးကိုမြင်လိုက်ရတော့ ဖေဖေစိတ်ချပြီ၊ သမီး . . . သမီးဖေဖေ့ကိုကတိတစ်ခုပေးပါ”
မို့မို့ ကဖေဖေ့ကို ဖက်ထားရင်း ခေါင်းညိတ်လိုက်သည်။
“သမီးဒီအိမ်ကြီးကို ဆက်ပြီထိန်းသိမ်းစောင့်ရှောက်ပါသမီး . . . ဖေဖေတို့ ဘိုးစဉ်ဘောင်စက်နေလာခဲ့တဲ့ အိမ်ကြီးသမီးရဲ့၊ သမီးဆက်ပြီး စောင့်ရှောက်ပါ့မယ်လို့ ဖေဖေ့ကို ကတိပေးပါ”
“သမီး . . သမီး ကတိပေးပါတယ်ဖေဖေ”
ဖေဖေက ပြုံးလိုက်ပြီး မို့မို့အနားမှ ထွက်ခွာသွားလေသည်။ မို့မို့က ဖေဖေ့လက်ကိုလှမ်းဆွဲထားလိုက်သည်။ ဖေဖေ့လက်တွေက ကွန်ကရစ်ကျောက်သားလို အေးစက်လှသည်။
“ဖေဖေ၊ ဖေဖေမသွားပါနဲ့”
ဖေဖေက ခေါင်းခါလိုက်ပြီး
“မသွားလို့မရတော့ဘူးသမီး၊ ဖေဖေက သမီးကိုစောင့်နေခဲ့တာကြာပြီ၊ ဒီစကားတွေပြောချင်လို့ . . . ဒီအိမ်ကြီးကို အမွေပေးချင်လို့ သမီးကိုစောင့်နေခဲ့တာ”
“ခွင့်လွှတ်ပါဖေဖေရယ်၊ အဲဒါ သမီးကြောင့်ပါ၊ သမီးဖေဖေ့ရဲ့ နောက်ဆုံးအချိန်ကိုတောင် ရောက်မလာနိုင်ခဲ့ဘူးဖေဖေ”
“အခုရောက်နေပြီပဲသမီး၊ သိပ်လည်းစိတ်မကောင်းဖြစ်မနေပါနဲ့၊ သမီးအကိုကြီးက သူမသေခင်မှာ အိမ်ကိုလာခဲ့ဖူးတယ်၊ ပြီးတော့ ဒီအိမ်ကြီးကို အဖေ့ဆီကနေအမွေတောင်းဖူးတယ်သမီး၊ အဖေကတော့ အမွေဆိုင်အိမ်ကြီးဖြစ်လို့ သူ့တစ်ယောက်တည်းကို မပေးချင်ခဲ့ဘူး”
“သမီးတွေ့ပြီးပါပြီဖေဖေ၊ သမီးခုနက အကိုကြီးနဲ့တွေ့ပြီးပါပြီ”
“ဒီတောင်ကုန်းကလေးပေါ်မှာ အရင်ကနေသွားတဲ့လူတွေအကုန်လုံး စုဝေးနေကြတယ်သမီး၊ ဒါကြောင့် တခြားလူတွေကို ခြောက်လှန့်မောင်းထုတ်ပေမယ့် သမီးတို့ကိုတော့ ဘာမှမလုပ်ဘဲ နေကြတာ၊ သမီးအဆင်ပြေရင် သူတို့ကိုလည်း ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးလိုက်ပါသမီးရယ်”
ထို့နောက် အမေက အမေ့ဘေးသို့ သွားလိုက်ကာ အမေနှင့်အတူတူမတ်တပ်ရပ်လိုက်ကြသည်။ အဖေက အမေ့ကိုလက်ကမ်းပေးသဖြင့် အမေ့ကလည်း အဖေ့လက်ကိုဆွဲလိုက်လေသည်။ ဖေဖေနှင့် မေမေက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်းပြုံးလိုက်ကြသည်။ အလွန်အိုမင်းနေသည့် အမေမှာ သူတို့ငယ်ငယ်က အမေ့အရွယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် ဖေဖေနှင့် မေမေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး နှစ်နှစ်ကာကာပြုံးလိုက်ကျပြီးသည့်နောက် နှစ်ဦးစလုံးမှာ မြေမှုန်တွေလိုဖြစ်သွားပြီး လေနှင့်လွင့်သွားကြလေသည်။
“ဖေဖေ . . . အမေ”
မို့မို့က အသံကျယ်ကြီးနှင့် အော်လိုက်လေသည်။ အိမ်အနောက်ဖက် တောတန်းကလေးအတွင်းရှိ သစ်ပင်များထက်မှ အိပ်တန်းတက်နေသည့် ငှက်ကလေးများမှာ လန့်ပြီး ပျံသန်းသွားကြသည်။ ကိုအောင်က အံ့အားသင့်နေပြီးနောက် မို့မို့ကိုဓါတ်မီးဖြင့် တစ်နေရာကို ထိုးပြလေသည်။ ထိုနေရာသည် ထိုသစ်ခြောက်ပင်လေး၏ တစ်ဖက်တွင်တည်ရှိပြီး ကြီးမားသည့်အုတ်ဂူကြီးတစ်လုံးဖြစ်နေသည်။ မို့မို့နှင့် ကိုအောင်လည်း ထိုအုတ်ဂူကို အတူတူ သွားကြည့်လိုက်လေသည်။
“ဦးမောင်ဖေ အသက်(၈၅)နှစ်”
“အို၊ ဖေဖေရယ်”
မို့မို့က မျက်နှာကိုလက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ သည်းထန်စွာငိုကြွေးလိုက်လေသည်။ ဖေဖေသေဆုံးပြီးတော့ ဖေဖေ့အလောင်းကိုတခြားနေရာတွင် မမြှုပ်ဘဲ ခြံအနောက်တွင်သာ မြှုပ်နှံထားခြင်းဖြစ်မည်။ ကိုအောင်က ငိုကြွေးနေသည့် မို့မို့ပုခုံးကို အသာကလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်တော့သည်။
(၁၉)
သားငယ်က ကိုအောင်၏ ပုခုံးပေါ်တွင် အိပ်ပျော်နေဆဲဖြစ်သည်။ မို့မို့နှင့် ကိုအောင်လည်း ထိုအိမ်တွင်ပင် မိုးလင်းလေသည်။ မို့မို့လည်း မအိပ်ဖြစ်သလို ကိုအောင်လည်း မအိပ်ဖြစ်ကြ။ မနက်လင်းတော့ အာရုဏ်တက်လာပြီ။ ထိုတော့မှ ကိုအောင်နှင့် မို့မို့လည်း မေမေ့အခန်းတံခါးကို ဖွင့်ကြည့်ကြသည်။ အတွင်းက ချက်ချထားသဖြင့် ကိုအောင်က စတိုခန်းအတွင်းမှ သံကုလားအော်တစ်ခုကိုယူလိုက်ကာ အတော်ဖွင့်ယူရသည်။
အခန်းအတွင်း ဖုန်တွေတက်နေပြီး ပင့်ကူမျှင်တွေနှင့် ပြည့်နှက်နေသည်။ ကုတင်ပေါ်တွင်တော့ ခြောက်သွေ့နေပြီဖြစ်သော အမေ့ရုပ်အလောင်းကို တွေ့လိုက်ရသည်။ မို့မို့က တစ်ခါထပ်ငိုပြန်သည်။ အသက်ကြီးပြီး တစ်ယောက်တည်း နေထိုင်ရသည့် အမေတစ်ယောက် အိပ်ရာထဲသေဆုံးသွားသည်ကိုပင် ပတ်ဝန်းကျင်က သိပုံမရပေ၊ အမေက ဒီတောင်ကုန်းကလေးပေါ်မှာ တစ်ယောက်တည်းနေထိုင်ရင်း ဘယ်လောက်တောင် အထီးကျန်ဆန်မလဲဆိုတာကို မို့မို့တွေးရင်း ဝမ်းနည်းနေမိရသည်။ အမေ့အခန်းထဲတွင် သံသေတ္တာလေးတစ်လုံးကို ရိုက်ဖွင့်လိုက်ကြသည်။ အထဲတွင်တော့ အိမ်ပိုင်ဆိုင်မှုစာချုပ်များနှင့် ငွေစက္ကူများက အထပ်လိုက် အထပ်လိုက်ဖြင့် သေတ္တာအပြည့်ဖြစ်နေသည်။ စင်ကာပူမှ ညီမပို့ပေးထားသော ငွေစက္ကူများကို အမေက သိမ်းထားခြင်းဖြစ်မည်။
အမေတို့က ဒိုင်ယာရီရေးလေ့ရှိသည်မို့ အမေ့ဒိုင်ယာရီစာအုပ်လေးကို လှန်ကြည့်မိသည်။ အမေနောက်ဆုံးရေးခဲ့သည့်စာမျက်နှာမှာ လွန်ခဲ့သော ခြောက်လခန့်ကဖြစ်သည်။ စာအုပ်တွေလှန်ကြည့်ရင်း တစ်နေရာတွင် စာလုံးနှစ်ထပ်ဖြင့် အနီရောင်လေးရေးထားသော စာသားများကိုတွေ့လိုက်ရသည်။
“ကိုမောင်ဆုံးပြီးတော့ သားကြီးက အိမ်ကြီးကို အမွေလာခွဲတယ်၊ သူက ဩရသသားဖြစ်တာကြောင့် ဒီအိမ်ကြီးကို သူလိုချင်တယ်လို့ပြောတယ်။ ကျွန်မကတော့ အိမ်ကိုဘယ်နည်းနဲ့မှ မပေးနိုင်ဘူးလို့ပြောလိုက်တယ်၊ သားကြီးလည်း စိတ်တိုတိုနဲ့ အိမ်ကနေပြန်သွားတယ်။ တစ်လလောက်ကြာတော့ သူသေသွားတယ်၊ ကျွန်မလည်း သတင်းသာကြားလိုက်တယ် မသွားနိုင်ပါဘူး။ ထူးဆန်းတာက သားကြီးသေပြီး သိပ်မကြာခင်မှာ အိမ်ပေါ်ထပ်မှာ ထူးဆန်းတာတွေဖြစ်တယ်၊ လူတစ်ယောက်တက်နေသလို ခံစားရတယ်ဆိုပြိး အိမ်က အိမ်ဖော်တွေကပြောတယ်၊ နောက်တော့ အိမ်ဖော်တွေ သရဲခြောက်ခံရတယ်ဆိုပြီး အကုန်ပြေးကုန်တယ်။ ကျုပ်ကတော့ ထွက်မသွားပါဘူး၊ ကျုပ်တို့အိမ်ပဲလေ။ အပေါ်ထပ်ကိုတော့ မတက်ဖြစ်တော့ဘူး။ ညညဆိုလည်း တံခါးပိတ်ပြီးစောစောအိပ်တယ်။ လှေကားပေါ်ပြေးတက်ပြေးဆင်းလုပ်နေတာတွေကြားရတယ်။ ကျွန်မထင်တာကတော့ သားက အိမ်ကိုစွဲပြီး သရဲဖြစ်နေတယ်ထင်တယ်”
မို့မို့က စာအုပ်ကလေးကို ပိတ်လိုက်သည်။ ထို့နောက် ကိုအောင့်ကိုလှည့်ကြည့်လိုက်သည်။ ကိုအောင်ကတော့ ဖုန်းတစ်လုံးဖြင့် ဖုန်းဆက်ရင်း နာရေးကိစ္စစီစဉ်နေခြင်းဖြစ်သည်။
(နိဂုံး)
နွေဦးပေါက်ပြီဖြစ်သည်။ တောင်ကုန်းလေး ပေါ်ရှိသစ်ပင်များမှာ ရွက်ဝါတွေကြွေပြီး ရွက်သစ်တွေဝေနေသည်။ မို့မို့တို့ အိမ်ကြီးမှာလည်း သစ်လွင်တောက်ပြောင်နေပြီဖြစ်သည်။ ကိုကျော်ဇောသေဆုံးသွားသည့်အခါ မို့မို့က တရားဝင်မယားအဖြစ်ကျန်ခဲ့သည်မို့ ကိုကျော်ဇော၏ ပိုင်ဆိုင်မှုတွေ အကုန်ရလိုက်သည်။ ကိုကျော်ဇောစီးပွားဖက်များက စီးပွားရေးတွေ ဆက်လုပ်နေသည်မို့ မို့မို့က ရှယ်ယာရှင်အဖြစ်သာ အေးအေးလူလူနေလေသည်။ ထို့နောက် အိမ်ကြီးကို ငွေအကုန်အကျခံပြီး ပြန်ပြင်ဆင်လေသည်။ တောင်ကုန်းလေးပေါ်ကိုလည်း မီးတွေသွယ်ပြီး လမ်းမီးတွေဆင်ထားသည်။
ဝန်ကြီးခြံကြီးကိုမူ သူဌေးကြီးတစ်ဦးက ဝယ်ယူလိုက်ပြီး ဟိုတယ်ဖွင့်ရန် ပြုပြင်နေကြပြီဖြစ်သည်။ ယနေ့တော့ မို့မို့တို့ အိမ်တွင်လူတွေစုံနေပြီ။ မူဆယ်မှ ကိုလတ်တို့ မိသားစု၊ ထိုင်းနိုင်ငံမှ ကိုထွေးလေးတို့မိသားစုရော၊ မို့မို့မိဘတွေနှင့် အဆက်အသွယ်ဖြတ်ထားသည့် ညီမလေးတို့ မိသားစုသာမက စင်ကာပူမှ ညီမအငယ်ဆုံးပါ ပြန်ရောက်နေသည်။ မို့မို့တို့ မောင်နှမတွေ မွေးထားကြသည့် ကလေးတွေက ကျယ်ဝန်းလှသည့် အိမ်ကြီးနှင့် ခြံကြီး အတွင်းပြေးလွှားဆော့ကစားနေသည်ကိုကြည့်ကာ မို့မို့တို့ငယ်ငယ်က ဆွေမျိုးများ၊ မောင်နှမများနှင့် သိုက်သိုက်ဝန်းဝန်းဆော့ကစားခဲ့ကြသည့်အချိန်ကို ပြန်သတိရနေမိသည်။
နေ့ထူးနေ့မြတ်မို့ မို့မို့က ဆံထုံးထုံးထားပြီး ခရမ်းရောင်သစ်ခွပွင့်ကြီးများကို ခေါင်းတွင်ပန်ဆင်ထားသည်။ အသက် လေးဆယ်ကျော် အရွယ် အိန္ဒြေရှိသည့် အမျိုးသမီးတစ်ဦးအသွင်ဖြင့် မို့မို့မှာလှပနေသည်။ ဒီနေ့က အမေကွယ်လွန်ပြီး တစ်နှစ်တိတိပြည့်သည့်နေ့ဖြစ်သည်။ မနက်ပိုင်း ဘုန်းကြီးကျောင်းတွင် အလှူကျင်းပပြီး အမေနဲ့ ဖေဖေအတွက် ရည်စူးကာ လှူဒါန်းပေးမည်။
“ဟော ကိုအောင်တို့ မိသားစုတောင်ရောက်လာပြီ”
ခြံထဲတွင် ကားရပ်လိုက်သည့်အသံကြားလိုက်သည့်အခါ မို့မို့က ရေရွတ်လိုက်မိသည်။ ကိုအောင်တို့လင်မယားနှင့် သူ့ကလေးများက အိမ်ထဲပြေးဝင်လာကြသည်။
“ဧည့်ခန်းမှာ ထိုင်ကြပါအုံး၊ ခဏနေတော့ ထမင်းစားကြတာပေါ့”
မို့မို့ကပြောလိုက်ပြီး အိမ်နောက်ဖေးဖက်ထွက်သွားသည်။ ထမင်းစားခန်းတွင် ခေတ်ပေါ်မီးဆိုင်းကြီးများဆင်ထားပြီး အသစ်တဖန်ပြန်ပြီးလှပနေသည်။ အိမ်မှ အိမ်ဖော်မလေးများနှင့် အမျိုးများကတော့ ထမင်းစားရန်ပြင်ဆင်နေသဖြင့် အလုပ်ရှုပ်နေသည်။ မို့မို့က အိမ်နောက်ဖေးတံခါးကိုဖွင့်ပြီး ခြံထဲဆင်းလာခဲ့သည်။ ကိုအောင်ကလည်း အနောက်ကလိုက်လာသည်။ အိမ်နောက်ဖေးတွင်တော့ မြက်ခင်းပြင်နှင့် ပန်းခြံလေးတစ်ခုကို ဖန်တီးထားသည်။ ရေကန်လေးနှင့် ရေပန်းလေးတွေလည်း ရှိသည်။ မို့မို့က သစ်ခြောက်ပင်ကလေးဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်သွားလိုက်သည်။ သစ်ခြောက်ပင်ကလေးအောက်တွင် အုတ်ဂူကြီးမရှိတော့။ ဖေဖေနှင့် မေမေ၏ ရုပ်အလောင်းများကို မီးသဂြိုလ်ပြီး မြစ်ထဲမျောလိုက်ပြီဖြစ်သည်။
“ဟောဗျာ . . . ကြည့်စမ်းမို့ရေ ဒီအပင်က သေမှမသေဘဲ”
ကိုအောင်က ရေရွတ်လိုက်သည့်အခါ မို့မို့က သစ်ခြောက်ပင်လေးကို မော့ကြည့်လိုက်သည်။ သစ်ခြောက်ပင်ကလေး၏ အကိုင်းလေးများထိပ်တွင် ပုရစ်ဖူးကလေးများက စိမ်းလန်းစွာဖြင့် ထွက်နေကြတော့သည်။ ခြောက်သွေ့သေဆုံးတော့မည့် သစ်ပင်ကလေးမှာ အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာခဲ့သလို၊ ကြမ်းတမ်းခက်ခဲသည့် မို့မို့ဘ၀မှာလည်း တစ်ဖန်ပြန်လည် လန်းဆန်းလာခဲ့ပြီး တစ်ချိန်ကလူသူကင်းမဲ့ပြီး တိတ်ဆိတ်နေခဲ့သည့် မို့မို့တို့ရဲ့အိမ်ကြီးမှာလည်း ယခုတော့ မောင်နှမများ၊ တူ၊ တူမများနှင့်အတူ ဖေဖေတို့ရှိခဲ့စဉ်အချိန်တုန်းကကဲ့သို့ တစ်ဖန်ပြန်လည်စည်ကားနေပြီဖြစ်ပါသည်။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်။