အတွဲ(၃) အပိုင်း(၄)
(၁)
ခန်းမတံခါးကြီးပွင့်သွားပြီးနောက် ကြီးမားကျယ်ဝန်းသည့်အခန်းကြီးတစ်ခုအတွင်းသို့ ငခမ်းနှင့် ကျားဖြူသခင်ကြီးတို့ အတူတူဝင်လာခဲ့ကြသည်။ ထိုခန်းမကြီးတွင် ရွှေချထားသည့် တိုင်လုံးကြီးများက စီတန်းလျှက်တည်ရှိနေသည်။ ခန်းမကြီးတစ်ဖက်စွန်းတွင်လည်း ရွှေပိန်းချထားသည့် သလွန်ကြီးတစ်ခုရှိနေလေသည်။ ခန်းမကြီးအတွင်းလင်းထိန်နေစေရန်အတွက် ဆီမီးခွက်များကို အများအပြားထွန်းညှိထားလေသည်။
ကျားဖြူသခင်ကြီးက သလွန်ပေါ်တွင်ထိုင်ချလိုက်ပြီး
“ဆိုစမ်းပါအုံး၊ ကွမ်ခမ်းရာ၊ မင်းလူတွေထဲမှာ ငါ့ရဲ့ရှင်မကို ဟောဒီလိုဖြစ်သွားနိုင်အောင် လုပ်တဲ့သူက မင်းလားကွ”
ငခမ်းက ကျားဖြူသခင်မကို အသေအချာကြည့်လိုက်သည်။
“ကျုပ်သူ့ကိုမမြင်ဖူးဘူးဗျ”
“ဒါဆိုရင်တော့ မင်းမဟုတ်ဘူးပေါ့၊ ဒါနဲ့ အဲဒီလူဘယ်သူလဲဆိုတာကို ငါသိချင်တယ်”
ငခမ်းက ခေါင်းခါလိုက်သည်။
“ကျုပ်မသိဘူး”
ထိုအခါ တိုင်လုံးတစ်လုံး၏ နောက်ကွယ်မှ ဦးခွန်သိုက်က ထွက်လာခဲ့သည်။
“ဓါးခုတ်ရင် လျှပ်ရောင်လျှပ်ပန်းထွက်သလို အလင်းတန်းကြီးထွက်သွားတဲ့ဓါး၊ တစ်နည်းပြောရရင် အရိပ်မဲ့ဓါးချက်ကို ခုတ်နိုင်တဲ့လူဆိုရင်တော့ မင်းသိမှာပေါ့”
ငခမ်းက ထိုတော့မှ ခေါင်းညိတ်လိုက်ပြီး
“အဲဒါ စည်သူပဲ”
“အဲဒီလူဘယ်ရောက်သွားလဲဆိုတာ မင်းသိလား”
“ကျုပ်မမှတ်မိဘူး၊ ကျုပ် . . . ကျုပ် လင်းဆွဲတစ်ထောင်သခင်မနဲ့တိုက်ခိုက်ခဲ့တယ်၊ ပြီးတော့ ကျုပ်ရှုံးတယ်၊ နောက်ပြီး ကျုပ်သတိပြန်ရလာတော့ ဒီကိုရောက်နေတာပဲ”
ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်လေသည်။ ငခမ်းစိတ်ထဲတွင်တော့ သူ့လက်ပြန်ဆက်သွားခြင်းနှင့် လက်ထဲတွင် အသေးလေးမရှိတော့သည်ကိုက အထူးအဆန်းဖြစ်နေမိသည်။
“ခင်ဗျားတို့ကျုပ်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ”
“ငါတို့ရောက်တော့ မင်းကမြေကြီးပေါ်မှာ မှောက်ခုံကြီးမှောက်နေခဲ့တာ၊ ပြီးတော့ မင်းကိုယ်မှာလည်း လင်းဆွဲတွေရဲ့အဆိပ်တွေ စွဲကပ်နေခဲ့တယ်၊ ဒါနဲ့ ငါတို့မင်းကိုခေါ်လာပြီးတော့ အခုလိုကုသထားတာပဲ”
“ပြောစမ်း၊ အဲဒီလင်းဆွဲတွေကို ကျုပ်ဘယ်လိုလုပ်ပြီးတော့ သတ်ဖြတ်ရမလဲ၊ သူတို့ကိုနိုင်တဲ့နည်းလမ်းကဘာလဲ”
ထိုအခါ ကျားဖြူသခင်ကြီးက ရယ်မောလိုက်လေသည်။
“အေးဆေးပေါ့ကွ၊ မင်းကြည့်ရတာ ဗိုက်ဆာနေတဲ့ပုံပဲ”
“ကျုပ်မဆာဘူး၊ ကျုပ်ကိုပြောစရာရှိတာသာပြောစမ်းပါ”
“ရေလေးတော့သောက်လိုက်ပါအုံးကွ”
ထိုအခါ ငခမ်းက ကျားဖြူသခင်ကြီးဆီသို့ လွှားခနဲခုန်အုပ်လိုက်ကာ ကျားဖြူသခင်ကြီး၏ အကျီလည်ပင်းကိုဆုပ်ကိုင်လိုက်လေသည်။ ကျားဖြူသခင်ကြီးက ပြုံးလျှက်သာနေလေသည်။ ငခမ်းက အံကိုကြိတ်လိုက်ပြီး
“လင်းဆွဲတွေကိုနိုင်မယ့်နည်းလမ်းသာပြော၊ ကျုပ်ခင်ဗျားနဲ့ မဟုတ်ကဟုတ်က စကားတွေပြောဖို့အချိန်မရှိဘူး”
ကျားဖြူသခင်ကြီးက ငခမ်းမျက်လုံးများကို အသေအချာစိုက်ကြည့်လိုက်ပြီး
“ကြည့်စမ်းပါအုံး၊ မင်းမျက်လုံးတွေက အရောင်တွေလက်ပြီးတော့ နီရဲနေတာပဲ၊ မင်းရဲ့မျက်လုံးထဲကနေ မင်းရဲ့အစွမ်းတွေကို ငါမြင်တွေ့နေရတယ်”
ငခမ်းက ကျားဖြူသခင်ကြီး၏မျက်နှာကို လက်သီးနှင့်ထိုးချလိုက်သည်။ ကျားဖြူသခင်ကြီးက ငခမ်း၏လက်သီးချက်ကို သူ့လက်ဝါးနှင့်ဖမ်းဆုပ်လိုက်သည်။
“သိပ်မလောပါနဲ့ကွာ”
ကျားဖြူသခင်ကြီးက ထိုသို့ပြောရင်း ငခမ်းအရှေ့မှ လှစ်ခနဲပျောက်ကွယ်သွားလေသည်။ ငခမ်း၏ အာရုံထဲတွင် ကျားဖြူသခင်ကြီးရွေ့လျားနေသည်ကို အာရုံခံနေမိသည်။ သို့နှင့် ငခမ်းက ချက်ချင်းအနောက်သို့လှည့်လိုက်ပြီး ခြေထောက်ကန်ချက်တစ်ခုကိုပစ်သွင်းလိုက်သည်။ ငခမ်းအနောက်တွင်ရောက်နေသော ကျားဖြူသခင်ကြီးမှာ ငခမ်း၏ကန်ချက်ကို လက်ဖြင့်ပုတ်ချလိုက်သည်။
“မဆိုးဘူး၊ မင်းက လျှင်သားပဲကွ”
ငခမ်းက လက်သီးတစ်ချက်ကိုပစ်သွင်းလိုက်ပြန်ရာ ကျားဖြူသခင်ကြီးမှာ မျက်စိရှေ့မှလှစ်ခနဲပျောက်ကွယ်သွားပြန်သည်။ ငခမ်းက အာရုံရနေသည့်အတိုင်း ကိုယ်ကိုတစ်ပတ်လှည့်လိုက်ကာ သူ့ညာဘက်ခြမ်းကို ဒူးနှင့်တိုက်ထည့်လိုက်သည်။ ညာဘက်ခြမ်းတွင် ရုတ်ခြည်းပေါ်လာသည့် ကျားဖြူသခင်ကြီးက ငခမ်း၏ဒူးကို လက်ဝါးနှင့်ပုတ်ချလိုက်ပြန်သည်။
“မင်းက လျင်တော့လျင်တယ်၊ ဒါပေမယ့် မမြန်သေးဘူးကွ”
ကျားဖြူသခင်ကြီးက ငခမ်းဝမ်းဗိုက်အား ခြေထောက်ဖြင့်ကန်ထည့်လိုက်သည်။ ကန်ချက်မှာ မြန်ဆန်လွန်းသဖြင့်ကျားဖြူသခင်ကြီး ခြေထောက်လှုပ်သည်ကိုသာ မြင်တွေ့လိုက်ရပြီး ခြေကန်ချက်နှစ်ချက်မှာ ငခမ်းဝမ်းဗိုက်ပေါ်သို့ ဆက်တိုက်ကျလာလေသည်။ ခြေကန်ချက်များမှာအားပါလွန်းသည်မို့ ငခမ်းလည်းအနောက်သို့ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရတော့သည်။
တစ်ဖန် ကျာဖြူသခင်ကြီးက ငခမ်းအနောက်တွင်ပေါ်လာပြီးငခမ်းဒူးခေါက်ကွေးကို သူ့ခြေထောက်ဖြင့်ဖြတ်ကန်ထည့်လိုက်ရာ ငခမ်းမှာ ပက်လက်လန်ပြီးလဲကျသွားသည်။ ကျားဖြူသခင်ကြီးက ငခမ်းအနောက်မှ ရုတ်ခြည်းပျောက်ကွယ်သွားကာ ငခမ်းအပေါ်တွင်ပေါ်လာလေသည်။ ထို့နောက် ငခမ်းရင်၀ကို သူ့ဒူးခေါင်းဖြင့်ဖိချလိုက်သည်။ ငခမ်းကလည်း လက်ဝါးနှစ်ဖက်ကိုယှက်လိုက်ပြီးနောက် ဒူးချက်ကိုပြန်ပင့်တင်ထည့်လိုက်ရာ ငခမ်း၏လက်ဝါးနှင့် ကျားဖြူသခင်ကြီး၏ ဒူးချက်တို့ ထိတွေ့မိပြီး ပြင်းထန်သည့် လှိုင်းကြီးတစ်ခုက ထွက်ပေါ်လာလေသည်။
သို့သော်လည်း ကျားဖြူသခင်ကြီးက ပိုပြီးအားကြီးသဖြင့် ငခမ်းမှာ ကြမ်းပြင်ပေါ်သို့ကျဆင်းသွားလေသည်။ ကြမ်းပြင်မှာ ငခမ်းတို့နှစ်ယောက်အားကိုမခံနိုင်သဖြင့် ကျိုးကျသွားပြီးနောက် အောက်သို့အထပ်ထပ်ဖောက်ထွင်းပြုတ်ကျကာ နောက်ဆုံးတော့ ငခမ်းတစ်ယောက် အောက်ခံကျောက်သားပေါ်သို့ ကျဆင်းသွားရတော့သည်။
“ဝုန်း . . .”
စံအိမ်ကြီး၏ အောက်ခံကျောက်သားများပင် ကျင်းနက်ကလေးတစ်ခုဖြစ်သွားသည်အထိ အင်အားကြီးမားလှသည်။ ကျားဖြူသခင်ကြီးက တစ်ချက်ပြုံးလျှက် မတ်တပ်ရပ်လိုက်ပြီးငခမ်းကို လက်ကမ်းပေးလိုက်သည်။
“ငါ့ရဲ့တိုက်ကွက်တွေကို ဒီလောက်ခုခံနိုင်တာပဲ၊ မင်းတော်တယ်လို့ပြောရမယ်”
ငခမ်းက ကျားဖြူသခင်ကြီး၏လက်ကိုမဆွဲဘဲ ခြေထောက်ကိုအားယူလျှက် ငေါက်ခနဲကောက်ခုန်ထလိုက်ကာ မတ်တပ်ရပ်လိုက်သည်။
“မင်းကိုတော့ငါကြိုက်သွားပြီ၊ ဒါပေမယ့် တိုက်ပွဲဆိုတာ နိုင်မယ်ထင်မှ တိုက်ရတာကွ”
“ခင်ဗျားဘာကိုဆိုလိုတာလဲ”
“မင်းက ငါ့ကိုတောင်မနိုင်တာ လင်းဆွဲတစ်သောင်းသခင်ကြီးကိုဆိုရင် နိုင်ပါ့မလား”
ငခမ်းက မျက်မှောင်ကြုတ်လိုက်သည်။
“လင်းဆွဲတစ်သောင်းသခင်ကြီးတဲ့လား”
“မှန်တယ်၊ မင်းလူတွေကို ဖမ်းခေါ်သွားတာလည်း အဲဒီသခင်ကြီးပဲပေါ့”
“ဒါဆိုရင် အဲဒီလင်းဆွဲသခင်ကြီးကို နိုင်မယ့်နည်းလမ်းကို ကျုပ်ကိုပြောပြပါ”
ကျားဖြူသခင်ကြီးက ရယ်မောလိုက်သည်။
“မင်းပတ်ပတ်လည်ကိုကြည့်လိုက်စမ်း”
ငခမ်းက ကြည့်လိုက်သည့်အခါ ကျောက်တုံးများဖြင့်တည်ဆောက်ထားသည့် အကျဉ်းခန်းများကိုတွေ့ရသည်။ ထိုအကျဉ်းခန်းထဲတွင်တော့ အမျိုးစုံသည့် အကောင်များ၊ လူများကိုဖမ်းချုပ်ထားသည်။
“ဒါ . . . ဒါတွေက ဘာတွေလဲ”
“မင်းပြောတဲ့ လင်းဆွဲတွေကို နိုင်ဖို့နည်းလမ်းဆိုတာကို ငါနှစ်ပေါင်းများစွာ လေ့လာခဲ့ရတာကွ၊ ဒီအကောင်တွေက အနယ်နယ်အရပ်ရပ်က ဆမန်းကောင်တွေပဲ၊ ဒီကောင်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ငါပြုစုပြီးလေ့လာနေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ”
“ဒါဆို အားနည်းချက်ကဘာလဲ”
ကျားဖြူသခင်ကြီးက ငခမ်းမျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီး
“ငါခိုင်းတာတစ်ခုကို မင်းလုပ်ပေးမယ်ဆိုရင် မင်းကိုဒီနည်းလမ်းပြောပြမယ်”
“ကျုပ်က မလုပ်ပေးဘူးဆိုရင်ရော”
“ဒါဆိုရင်လည်း မင်းသဘောပဲ၊ မင်းဒီစံအိမ်ကနေ အချိန်မရွေးထွက်ခွာသွားနိုင်တယ်၊ ပြီးတော့ နိုင်ခြေမရှိတဲ့ တိုက်ပွဲကိုလည်း မင်းစိတ်ကြိုက်သွားတိုက်နိုင်တယ်”
ကျားဖြူသခင်ကြီးက ထိုသို့ပြောပြီး လှည့်ထွက်သွားလေသည်။ ငခမ်းလည်း ကျားဖြူသခင်ကြီးကို လှမ်းခေါ်လိုက်သည်။
“နေအုံး၊ ကျုပ်က ဘာလုပ်ပေးရမှာလဲ”
ကျားဖြူသခင်ကြီးက ပြုံးလိုက်ပြီး
“အပေါ်ရောက်တော့ အေးအေးဆေးဆေးပြောပြတာပေါ့ကွာ”
ကျားဖြူသခင်ကြီးက လှေကားအတိုင်းတက်သွားလေသည်။ ထိုအခါ အချုပ်ခန်းတစ်နေရာမှ သံကြိုးမြည်သံများကိုကြားလိုက်ရသည်။
“ငခမ်း . . . အကိုငခမ်းလား”
မိန်းကလေးတစ်ယောက်၏ ခေါ်သံကြားသဖြင့် ငခမ်းလည်း ထိုအသံဆီသို့လှည့်ကြည့်လိုက်သည်။ အမှောင်ထုက နက်မှောင်နေသော်လည်း ငခမ်းက လင်းနို့တစ်ကောင်မို့ အမှောင်ထုအတွင်း အတိုင်းသားမြင်နေရသည်။ သူ့ကိုခေါ်နေသည့်သူက ဆံပင်ရှည်ရှည်၊ အသားဖြူဖြူနှင့် မိန်းကလေးတစ်ဦးဖြစ်သည်။
“မင်းက ငါ့ကိုသိတယ်လား”
“သိတာပေါ့၊ အကိုငခမ်း . . . နောက်ပြီး တစ်ယောက်ရှိသေးတယ်၊ သူ့နာမည်က . . .”
“မုန်တိုင်း . . .”
ငခမ်းက အသံပြတ်နှင့်ပြောလိုက်သည့်အခါ ထိုမိန်းကလေးက ခေါင်းညိတ်လိုက်သည်။
“မင်းဘာလို့ ဒီကိုရောက်နေတာလဲ လုံဒီ”
“သုတို့ကျွန်မကိုဖမ်းထားကြတာ”
“ငါ့လက်နက်ရော”
“သူတို့ကိုမေးကြည့်ပေါ့”
ငခမ်းက ခေါင်းညိတ်လိုက်ပြီးနောက် လင်းနို့အတောင်ပံကြီးထုတ်ကာ မိုးပေါ်သို့ပျံတက်သွားလေသည်။ နောက်ဆုံးတော့ ကြမ်းပေါက်ကျွံခဲ့သည့် ခန်းမကြီးဆီသို့ပြန်ရောက်သွားသည်။
“မင်းက အတောင်ပံပါတော့ ပိုပြီးခရီးတွင်တာပေါ့ကွာ၊ ဟား၊ ဟား”
“ကဲ၊ ကျုပ်ဘာလုပ်ရမလဲဆိုတာပဲပြော”
“မင်းလူတစ်ယောက်ကို သတ်ပေးရမယ်၊ တကယ်တော့ အဲဒါကလူတစ်ယောက်မဟုတ်ဘူး၊ ဆမန်းတစ်ကောင်ပဲ”
“သူ့ကိုသတ်ရင်ရပြီလား”
ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက်
“စားပွဲပြင်ထားလိုက်ခွန်သိုက်၊ ဧည့်သည်ကို ဧည့်ခံရအောင်”
(၂)
ကြီးမားသည့် စားပွဲကြီးတွင် ဟင်းလျာများက စုံလင်နေလေသည်။ ကျားဖြူသခင်ကြီးက ထိုစားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး ငခမ်းကိုလည်း ထိုင်ရန်ပြောသည်။ ငခမ်းကလည်း စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။
“ငါတို့အေးအေးဆေးဆေးစကားပြောချင်တယ် ခွန်သိုက်”
ဦးခွန်သိုက်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့နောက်လိုက်များကိုခေါ်လျှက် အခန်းအတွင်းမှထွက်သွားကြလေသည်။ ထို့နောက် အခန်းထဲသို့ အလွန်လှပစွာ ဆင်မြန်းဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးဝင်လာလေသည်။ ငခမ်းက ထိုမိန်းကလေးကိုကြည့်လိုက်ရင်း မှတ်မိသွားသည်။ ထိုမိန်းကလေးမှာ ငခမ်းလန့်နိုးလာစဉ် သူ့ကိုယ်ပေါ်တက်အိပ်နေသည့် မိန်းကလေးပင်ဖြစ်သည်။
“မင်း . . . မင်း”
ထိုမိန်းကလေးက ငခမ်းကိုမြင်လိုက်သည့်အခါ အနည်းငယ်ရှက်ရွံ့သွားပုံရှိသည်။ ကျားဖြူသခင်ကြိးက ထိုမိန်းကလေးကိုကြည့်လိုက်ပြီး
“နွဲ့၊ မင်းဘာလာလုပ်တာလဲ”
“ကျွန်မ သခင်ကြီးတို့ကို ပြုစုပေးချင်လို့ပါ”
ကျားဖြူသခင်ကြီးက ဘာမှမပြောတော့ပေ၊ နွဲ့ဆိုသည့် မိန်းကလေးက အရက်အိုးကိုယူလိုက်ပြီး ကျားဖြူသခင်ကြီးအရှေ့မှ ခွက်အတွင်းသို့ငှဲ့ထည့်ပေးလိုက်သည်။ ပြီးနောက် ငခမ်းအနီးသို့တိုးကပ်လာကာ ငခမ်းအရှေ့မှခွက်အတွင်းသို့ အရက်များကိုလောင်းထည့်ပေးလေသည်။ ကျားဖြူသခင်ကြီးက အရက်ခွက်ကို ကောက်ယူကာ တစ်ကျိုက်မော့သောက်လိုက်သည်။
“နှင်းပန်းအရက်ကတော့ တကယ်ပဲခံတွင်းကိုရှင်းစေတာပဲ၊ ကဲ ကွမ်ခမ်း၊ မင်းလည်းသောက်ပါ”
ငခမ်းက ခေါင်းခါပြီး
“ကျုပ်မသောက်ဘူး”
“ဘာလဲ မင်းက အရက်ကိုရှောင်တာလား”
“ကျုပ်က ဘာကိုမှအရသာမခံနိုင်ဘူး၊ ဒီတော့ မစားမသောက်ဘူး”
“ဟား၊ ဟား မင်းကိုရမယ့်မိန်းမကတော့ ကံကောင်းတာပဲကွာ၊ မင်းအတွက် ထမင်းဖိုးဟင်းဖိုးမကုန်နိုင်ဘူးပေါ့”
“ကျုပ် မိန်းမတွေနဲ့လည်း မနေနိုင်ဘူး”
ကျားဖြူသခင်ကြီးက ငခမ်းအား သနားသွားဟန်ဖြင့်ကြည့်kလိုက်သည်။
“ဒါဆိုရင် အပူအအေးကိုရော”
ငခမ်းက စားပွဲပေါ်တွင်ထွန်းထားသည့် ဆီမီးခွက်အတွင်းသို့လက်ကိုနှိုက်ပြလိုက်လေသည်။ မီးတောက်များမှာ ငခမ်းလက်အား မလောင်ကျွမ်းသည့်အပြင် ငခမ်းမှာလည်း ပူလောင်ခြင်းကို ခံစားရပုံမရ။
“ဟား၊ ဟား တစ်ခုကောင်းတယ်၊ တစ်ခုဆိုးတယ်ပေါ့ကွာ”
“ပြောပါ၊ ကျုပ်ဘယ်သူ့ကိုသတ်ပေးရမလဲ”
“အဲဒီအကြောင်းတွေမပြောခင် မင်းကိုအရင်ဆုံးဗိုက်ဖြည့်ပေးရတာပေါ့”
ကျားဖြူသခင်ကြီးက စားပွဲခုံကိုလက်နှင့်သုံးချက်ပုတ်လိုက်သည့်အခါ အခန်းတံခါးပွင့်သွားပြီး မိန်းကလေးတစ်ယောက်မှာ အခန်းအတွင်းသို့ လဲပြိုကျလာလေသည်။ ထိုမိန်းကလေးကပြူးတူးကြောင်တောင်နှင့် သူတို့ကိုကြည့်နေသည်။
“အပျိုစင်ရဲ့သွေးက မင်းကိုဘယ်လောက်အားတိုးစေမလဲဆိုတာ မင်းသိမှာပါ၊ ကဲ နွဲ့ရေ၊ ဧည့်သည်ကြီးကို ပြုစုပေးလိုက်ပါအုံး”
နွဲ့က ထိုမိန်းကလေးအား ကောက်ဆွဲပြီး မလှုပ်ရှားနိုင်စေရန် ချုပ်ကိုင်လိုက်သည်။ ထို့နောက ထိုမိန်းကလေး၏ အင်္ကျီစအား ဆွဲဖြဲလိုက်ရာ ဖြူဝင်းနုမွတ်သည့် လည်တိုင်ကလေးမှာ ပေါ်လာလေသည်။ နွဲ့က ထိုမိန်းကလေးကို ချုပ်လျှက်သား ငခမ်းအနီးသို့ တိုးကပ်လာသည်။
“သုံးဆောင်ပါအုံး ဧည့်သည်ကြီးရဲ့”
ထိုမိန်းကလေးမှာ အကြောက်အကန်ငြင်းဆန်နေသော်လည်း နွဲ့ဆိုသည့်မိန်းကလေးလက်မှ မရုန်းထွက်နိုင်ပေ၊ ငခမ်းက ထိုမိန်းကလေး၏ လည်ပင်းကိုကြည့်မိသည်။ လည်ပင်းမှ သွေးကြောကြီးက တလှုပ်လှုပ်ဖြင့်လှုပ်ရှားနေရာ ငခမ်း၏ ဆာလောင်စိတ်ကို နှိုးဆွပေးနေသလိုဖြစ်နေသည်။
“မရဘူး . . . ငါမသောက်ဘူး”
ငခမ်းက ကိုယ့်စိတ်ကိုယ်သတိပေးကာ တစ်ဖက်သို့လှည့်လိုက်သော်လည်း သူ့ခေါင်းကမကြာခင် သူ့အလိုလိုပြန်လှည့်သွားမိသည်။ ငခမ်းက အလွန်အံ့ဩနေလေသည။
“မသောက်ဘူး . . . သူ့သွေးကို ငါမသောက်ဘူး”
ထိုသို့ငြင်းဆန်နေသော်လည်း ငခမ်းပါးစပ်ကြီးက ပြဲသွားပြီးပါးစပ်အတွင်းမှ အစွယ်ကြီးများက တဖြည်းဖြည်းချွန်ထွက်လာလေသည်။ ငခမ်းစိတ်ကငြင်းဆန်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်မရတော့ပေ၊ ငခမ်းက မတ်တပ်ရပ်လိုက်ပြီး ထိုမိန်းကလေးကို ပွေ့ဖက်လိုက်လေသည်။ ထို့နောက် ထိုမိန်းကလေး၏ လည်ပင်းသွေးကြောကြီးကို အစွယ်အချွန်ကြီးနှင့် ကိုက်ချလိုက်လေသည။
“အား . . . .”
မိန်းကလေးအော်သံက ပျံ့လွင့်ပြီးထွက်လာသည်။ ငခမ်းပါးစပ်အတွင်းသို့ အလွန်မွှေးပျံ့ပြီး ပျားရည်တမျှ ချိုမြိန်လှသည့် သွေးရည်ပူပူနွေးနွေးများက စီးကျလာလေရာ ငခမ်းက အငမ်းမရစုပ်ယူလိုက်မိသည်။ ငခမ်းဘယ်လောက်ကြာကြာစုပ်နေမိမှန်းမသိဘဲ ထိုမိန်းကလေးထံမှ သွေးရည်များထပ်မံထွက်မလာတော့မှသာ ထိုမိန်းကလေးကို လွှတ်ချလိုက်သည်။ ထိုမိန်းကလေးမှာ လက်ချောင်းများက ကွေးကောက်နေပြီး တစ်ကိုယ်လုံးဖြူဖွေးနေလေသည်။ နွဲ့က ထိုမိန်းကလေး၏ ဆံပင်များကိုဆုပ်ကိုင်လိုက်ပြီး အခန်းအပြင်သို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။
“ကောင်းတယ်မဟုတ်လား ဧည့်သည်ကြီးရဲ့၊ ဟား၊ ဟား”
ငခမ်းက ဘာမှပြန်မပြောတော့ပေ၊ သို့သော်လည်း သူ့ကိုယ်ထဲတွင် စွမ်းအားများပြည့်၀လာသလို ခံစားလိုက်ရသည်။ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားက လူတစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားလေသည်။
“မင်းသတ်ရမယ့်လူအကြောင်းမပြောခင်၊ ဆမန်းစံအိမ်တွေအကြောင်းကို ပြောကြစို့ကွာ”
(၃)
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အချိန်ကဖြစ်သည်။ တောင်တန်းကြီးပေါ်တွင် လူသားမျိုးနွယ်စုတစ်ခုနေထိုင်သည်။ ထိုအချိန်က လူသားများမှာ လူယဉ်ကျေးများအဖြစ်မဟုတ်ကြသေးဘဲ အရိုင်းဆန်နေကြသေးသည်။ အဝတ်အစားများမှာလည်း တောရိုင်းကောင်များ၏ သားမွှေးများ၊ သားရေများကို မလုံမခြုံဝတ်ဆင်ကြသည်။ စားစရာအတွက်မူ အမဲလိုက်ခြင်းကိုသာ ဦးစားပေးလုပ်ကိုင်ဆောင်ရွက်ကြသည်။
လူရိုင်းများပင် ဖြစ်လင့်ကစား မိုးကောင်းကင်၊ နေမင်း၊ လမင်းနှင့် လေ၊ ရေ အစရှိသည်တို့ကို ကိုးကွယ်ကြလေသည်။ သို့သော် ထိုမျိုးနွယ်စုမှာတော့ အခြားအရာများထက် မိန်းမတစ်ဦးကို ကိုးကွယ်သည်။ ထိုမိန်းမမှာ လူအဖြစ်မှ တောရိုင်းကောင်များအဖြစ်သို့ စိတ်ကြိုက်ပြောင်းလဲနိုင်သူတစ်ဦးဖြစ်သည်။
ထိုအမျိုးသမီးကို မျိုးနွယ်စုမှ အိမ်ထောင်စုများက တောရိုင်းကောင်များကိုအမဲလိုက်သတ်ဖြတ်ကာ ပူဇော်ပသကြလေသည်။ အပြန်အလှန်အားဖြင့ ထိုအမျိုးသမီးကလည်း မျိုးနွယ်စုတစ်ခုလုံးကို ဘေးဆိုးရန်ဆိုးမကျရောက်စေရန်အတွက် အကာအကွယ်ပေးထားလေသည်။
မိုးတွင်းကာလမို့ မိုးကအဆတ်မပြတ်ရွာသွန်းနေလေသည်။ တောင်ကြီးတစ်လုံး၏ ကမ်းပါးနံရံတွင် မျိုးနွယ်စုများက အိမ်ကလေးများဆောက်ကာ စုဝေးနေထိုင်ကြလေသည်။ ထိုအချိန် မိုးကောင်းကင်တွင် လင်းဆွဲကြီးတစ်ကောင်ပျံသန်းလာလေရာ ရွာသားများက အထူးအဆန်းနှင့်ထွက်ကြည့်ကြသည်။
ထိုလင်းဆွဲကြီးမှာ မြေပြင်သို့ဆင်းသက်လိုက်သည့်အခါ ကျားကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားရာ ရွာသားများမှာ သူတို့ကိုးကွယ်သည့် နတ်ဘုရားမမှန်းသိလိုက်ပြီး အရိုအသေပေးကြသည်။ ကျားကြီးက တဝေါင်းဝေါင်းနှင့် ဟိန်းဟောက်လျှက် တောစပ်မှ အသံမျိုးစုံပေးနေလေရာ မျိုးနွယ်စုလူရိုင်းများက အံ့အားသင့်စွာဖြင့်ကြည့်နေကြသည်။
“ဒါ ငါတို့ကိုခေါ်နေတာများလားပဲ”
အချို့လူရိုင်းများမှာ ကျားကြီးအနောက်သို့လိုက်သွားကြသည်။ ကျားကြီးက သူတို့ကိုဦးဆောင်ကာ တောအုပ်အတွင်းသို့ခေါ်ဆောင်သွားလေသည်။ အချို့လူရိုင်းများကတော့ မယုံသဖြင့် မလိုက်ခဲ့ကြပေ၊ ကျားကြီးက ရွာမှခေါ်သွားပြီး တောင်ထွဋ်တစ်ခုပေါ်သို့တက်သွားရာ လူရိုင်းများလည်း လိုက်ပါသွားကြသည်။
“ဝုန်း . . . ဝေါ . . ဝေါ”
ထိုစဉ်တောင်ကြီးပေါ်မှ အသံကြီးများကြားရပြီး တောင်ကမ်းပါးယံကြီးတစ်ခုလုံးက တုန်ဟီးလျှက် ပြိုဆင်းကျလာလေသည်။ ကျားကြီးနောက် လိုက်လာခဲ့ကြသည့် မျိုးနွယ်စုလူရိုင်းတစ်ချို့သာ အသက်ရှင်ကျန်ခဲ့ကြပြီး သူတို့နေထိုင်သည့် ရွာကလေးမှာတော့ မြေကြီးများအောက်သို့ဖုံးလွှမ်းသွားကာ ရွာတွင်ကျန်နေခဲ့သူများ၏ ကြောက်လန့်တကြား အော်ဟစ်သံများမှာလည်း ငရဲပွက်သကဲ့သို့ဆူညံနေလှသည်။
ကျားကြီးက မျိုးနွယ်စုလူရိုင်းများအား တစ်နေရာသို ဦးဆောင်ကာခေါ်သွားလေသည်။ ထိုနေရာအသစ်တွင် အခြေချမွေးမြူကြသည်။ ထိုမိန်းမကိုလည်း ဆမန်းနတ်ဘုရားမ ဟု အမည်ပေးလိုက်ကြပြီး ယုံယုံကြည်ကြည်နှင့် ကိုးကွယ်ကြသည်။ ကျားကြီးခေါ်ဆောင်သွားခဲ့သည့် တောင်ထွဋ်ကြီးပေါ်တွင်လည်း နတ်ဘုရားမ၏ အောင်မြေအဖြစ်သတ်မှတ်ကြသည်။
သို့သော် နတ်ဘုရားမကို တလွဲယုံကြည်နေသူများလည်းရှိသည်။ ထိုသူများကတော့ ညီအကို ကိုးဦးပင်ဖြစ်သည်။ ရွာကလေးတွင်နေထိုင်သည့် ညီအကိုကိုးဦးမှာ ဆမန်းသခင်မကို ကိုးကွယ်သည်ထက် သတ်စားလိုက်လျှင် ဆမန်းသခင်မ၏ စွမ်းအားများကို ရရှိကြလိမ့်မည်ဟု ယုံကြသည်။
“ဒီလိုကိုးကွယ်နေတာတောင်မှ ငါတို့ကိုစောင့်ရှောက်ပေးသေးတာ၊ သူ့ကိုသတ်စားလိုက်ရင် ငါတို့သူ့ဆီက အစွမ်းတွေ ရရှိနိုင်တယ်ညီလေးတို့”
“ဖြစ်ပါ့မလားအကိုကြီးရာ၊ သူ့ကိုသတ်ရင် ဘေးဆိုးကပ်ဆိုးတွေကျမယ်ဆို၊ နောက်ပြီးတော့ သူ့အသားကိုစားရင် ကျိန်စာသင့်မယ်လို့ ပြောတယ်မဟုတ်လား”
“မင်းတို့မစားရင်နေကွာ၊ ငါကတော့ သူ့ကိုဖမ်းပြီးစားသောက်မယ်၊ သူ့အစွမ်းတွေကို ငါရအောင်ယူမယ်”
“ဒါဆို ဘယ်လိုလုပ်မှာလဲ အကိုကြီးရ”
“ငါ့မှာ အကြံရှိပါတယ်ကွ”
ညီအကို ကိုးဦးတို့က တောအုပ်အတွင်းအမဲကိုးကောင်လိုက်ပြီးနောက် ကျားကြီးခေါ်သွားသည့် ဆမန်းနတ်ဘုရားမနေထိုင်သည့် တောင်ပေါ်သို့တက်ခဲ့ကြသည်။ တောင်ပေါ်ရောက်သည့်အခါ သားကောင်ကိုးမျိုးကိုချလိုက်ပြီး ဆမန်းနတ်ဘုရားမကို ပင့်ခေါ်ကြလေသည်။
ဆမန်းနတ်ဘုရားမမှာ ငှက်အသွင်နှင့်ပျံသန်းလာပြီး သူတို့အရှေ့သို့ရောက်လာလေသည်။ အကြီးဆုံးအကိုကြီးက အချိန်မဆိုင်းတော့ဘဲ ငှက်ကို ဖမ်းယူပြီး ခြေနှစ်ချောင်းမှဆွဲကိုင်ကာ ဆွဲဖြဲလိုက်သည်။ ညီအကိုကိုးယောက် တစ်ယောက်တစ်ပိုင်း အချိုးကျစီပိုင်းယူပြီးနောက် ထိုငှက်သားကို အစိမ်းလိုက်စားလိုက်ကြသည်။
“အရူးတွေ၊ နင်တို့မလုပ်သင့်တာကိုလုပ်ခဲ့ပြီ”
ကောင်းကင်မှ အသံကြီးတစ်ခုကိုကြားရသည်။
“နင်တို့ငါ့ကိုစားတဲ့အတွက် နင်တို့ကျိန်စာသင့်ရလိမ့်မယ်၊ နင်တို့ရဲ့မိသားစုတွေ၊ မျိုးနွယ်စုတွေသေတာကို နင်တို့ထိုင်ကြည့်နေရလိမ့်မယ်၊ ပြီးတော့ နင်တို့တွေလည်း ငါရခဲ့တဲ့ကျိန်စာကို မျှဝေခံစားရလိမ့်မယ်”
နတ်ဘုရားမ ကျိန်စာတိုက်သွားသည့်အခါမှ ညီအကိုကိုးဦး မှားမှန်းသိတော့သည်။ သူတို့ရွာသို့အမြန်ပြေးလာချိန်တွင် တောရိုင်းကောင်များက ရွာမှလူများကို တိုက်ခိုက်သတ်ဖြတ်ပြီး ကလေးပါမကျန်စားသောက်လိုက်ကြလေသည်။
“အဲဒီညီအကိုကိုးယောက်မှာ ငါကအကြီးဆုံးပဲ၊ နောက်ပြီးငါက ဆမန်းနတ်ဘုရားမကို ကျားခေါင်းဆက်ခဲ့တာဆိုတော့ ငါက ကျားဖြစ်သွားတယ်”
“ကျုပ်နားလည်ပြီ”
“အဲဒီနောက် ငါတို့ညီအကိုတွေ ခြေဦးတည့်ရာထွက်ခွာသွားပြီး တစ်ယောက်တကွဲ စီနေထိုင်ကြတယ်၊ နောက်ပိုင်းလူတွေယဉ်ကျေးလာတဲ့အခါ ငါတို့လည်း ယဉ်ကျေးလာခဲ့တာပေါ့၊ နောက်ဆုံးတော့ ငါတို့ညီအကိုတွေနေခဲ့တဲ့ နယ်တွေကို ကိုးနယ်ခွဲပြီး သူ့နယ်နဲ့သူနေခဲ့တယ်၊ ဆမန်းအိမ်တော်တွေမှာ ဆမန်းကောင်တွေလည်း ပွားများလာတယ်”
“ဆမန်းကောင်တွေက ဘယ်လိုဖြစ်တာလဲဗျ”
“ဆမန်းကောင်ရဲ့ သွေး၊ ရှင်းရှင်းပြောရရင် ငါတို့ကိုးယောက်ရဲ့သွေးကိုသောက်တဲ့လူဟာ ဆမန်းကောင်တွေရထားတဲ့ကျိန်စာကို ခွဲဝေရရှိတယ်”
“ထားပါတော့၊ အခုကဘယ်လိုဖြစ်ရတာလဲ”
“ဆမန်းစံအိမ်ကြီးတွေက ရှမ်းပြည်တစ်လွှား အင်အားတောင့်တင်းလာခဲ့တယ်၊ စံအိမ်ကြီးတွေရဲ့ ဓနအင်အားကြောင့် စော်ဘွားတွေကပါ ပစားပေးထားကြတဲ့ စံအိမ်တွေဖြစ်လာခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ ငါတို့ရဲ့ညီအငယ်ဆုံးက ပြောင်းလဲသွားတယ်”
ကျားဖြူသခင်ကြီးက အရက်တစ်ခွက်ကိုသောက်လိုက်ပြီး
“ညီအငယ်ဆုံး မိုးဗြဲစံအိမ်တော်သခင် လင်းဆွဲတစ်သောင်းသခင်ကြီးက အာဏာတွေ၊ ပိုင်နက်တွေ၊ ဓနစည်းစိမ်တွေကို မက်မောလာတယ်၊ ဒါနဲ့ သူ့အကိုကြီးတွေဖြစ်တဲ့ မိုးမိတ်စံအိမ်၊ မိုးနဲစံအိမ်ကို တိုက်ခိုက်ခဲ့တယ်၊ ပြီးတော့ ဆမန်းကောင်တွေကို မျိုးဖြုတ်သုတ်သင်ခဲ့တယ်”
“ဒါကို ခင်ဗျားတို့ကလက်ပိုက်ကြည့်နေတာလား”
“အမှန်အတိုင်းပြောရရင် ငါတို့က ကိုယ့်နယ်မြေနဲ့ကိုယ် ခွဲခြားလိုက်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးသွားတယ်။ ပြီးတော့ ညီအကိုတွေအချင်းချင်းအာဏာရလိုဇောနဲ့ စိတ်ဝမ်းကွဲကုန်တယ်၊ ဒီတော့ ထိန်းချုပ်မရတော့ဘူးပေါ့၊ ပြီးတော့ ဆမန်းကောင်တွေထဲမှာလည်း လင်းဆွဲတွေက သတ်ဖို့အခက်ဆုံးပဲ၊ ဒီတော့ မိုးဗြဲစံအိမ်က နယ်တွေကို တစ်နယ်ပြီးတစ်နယ် သိမ်းပိုက်ကုန်တာပေါ့”
“ဒါဆို ခင်ဗျားတို့ဆီကိုလည်း တစ်နေ့ရောက်လာမှာပေါ့”
“အမှန်ပဲပေါ့ ကွမ်ခမ်းရာ၊ မင်းရဲ့လူတွေကို သူတို့ဖမ်းသွားတာ ဘာလုပ်ဖို့လဲလို့ မင်းထင်လို့လဲကွ”
“ကျုပ်သိပြီ။ စည်သူက သူ့ရဲ့ဓါးနဲ့ ခင်ဗျားရဲ့မိန်းမခေါင်းကိုဖြတ်သွားတာမဟုတ်လား၊ ဒီတော့ စည်သူကိုသာ သူတို့ရတယ်ဆိုရင် ခင်ဗျားရဲ့ခေါင်းလည်း အနှေးနဲ့အမြန်ပြတ်တော့မှာပေါ့”
ငခမ်းပြောလိုက်သည့်အခါ ကျားဖြူသခင်ကြီးက အရက်ခွက်ကိုစားပွဲခုံပေါ်တွင် ဆောင့်ချလိုက်သည်။
“ငါကလည်း ဒီအတိုင်းထိုင်မနေပါဘူးကွာ”
“ဒါဆို ကျုပ်ကိုအသုံးချမယ်ပေါ့”
“အမှန်ပဲပေါ့”
“ဒါဆိုရင်တော့ ကျုပ်ငြင်းတယ်ဗျ၊ ကျုပ်က ဘယ်သူ့အတွက်မှ အလုပ်မလုပ်ပေးဘူး”
“ဒါဆိုရင်လည်း ငါသေမယ်၊ ငါ့ကိုသတ်ပြီးရင်ရော လင်းဆွဲတစ်သောင်းသခင်ကြီးက မင်းရဲ့လူတွေကို အလွတ်ပေးမယ်ထင်လို့လားကွ”
ငခမ်းတွေဝေသွားသည်။
“ကောင်းပြီ၊ ကျုပ်ဘာလုပ်ရမလဲဆိုတာကိုသာပြော”
“မင်းလူတစ်ယောက်ကိုရှာရမယ်၊ အဲဒီလူရဲ့နာမည်က ဘတိုးတဲ့”
“ဘတိုး . . . ဘတိုး”
ငခမ်းက ထိုနာမည်ကိုကြားဖူးသဖြင့် တိုးတိုးကလေးရေရွတ်နေလိုက်သည်။ နောက်တော့မှ တစ်ခုခုကိုအမှတ်ရသွားပြီး
“ဘတိုးဆိုတော့၊ မဟုတ်မှလွဲရော၊ ကျားမုဆိုးဘတိုးကိုပြောတာလား”
ကျားဖြူသခင်ကြိးက ပြုံးရယ်လိုက်ကာ
“မင်းက တော်တော်လျင်တဲ့ကောင်ပဲကွ၊ ဘတိုးကို မင်းသိတယ်မဟုတ်လား”
“သိတာပေါ့ဗျာ၊ သူ့ဆီမှာ ခေါင်းနှစ်လုံးနဲ့ ကျားကလေးတောင်ရှိသေးတယ်မဟုတ်လား၊ ခင်ဗျားတို့ ညောင်ရွှေစံအိမ်က သူ့ကိုကျားဖမ်းဖို့ လွှတ်လိုက်တာမဟုတ်လား”
“ဟား၊ ဟား မင်းကဘတိုးကိုမြင်ဖူးတော့ ပိုကောင်းသွားတာပေါ့ကွာ၊ ဘတိုးကို ငါဘာလို့သတ်ချင်တယ်ဆိုရော မင်းသိသလား”
ငခမ်းခေါင်းညိတ်လိုက်သည်။
“ဘတိုးက ကျားတွေကိုဆိုရင် ပျော့ညံ့သွားအောင်၊ စကားနားထောင်အောင်၊ လိမ်မာသွားအောင်လို့ လုပ်လို့ရတဲ့အတတ်ရှိတယ်မဟုတ်လား”
ကျားဖြူသခင်ကြီးက လက်ခုပ်တီးလိုက်ရင်း
“အမှန်ပဲပေါ့ကွာ၊ အခု မိုးဗြဲက ကောင်က မင်းရဲ့လူကိုရသွားပြီ။ ဒါက ငါ့ကိုသတ်မယ့် လက်နက်ရသွားတာနဲ့အတူတူပဲ၊ ဒါပေမယ့် ငါဆိုတဲ့ကောင်က ဒီအတိုင်းငြိမ်ခံမနေဘူးဆိုတာ သူသိတယ်၊ ဒါကြောင့်မို့လို့ သူက ငါ့ကိုချည်ဖို့တုပ်ဖို့ ကြိုးလိုတယ်၊ မင်းရဲ့စည်သူဆိုတဲ့ကောင်က သူ့အတွက်ဓါးဆိုရင် ကျားမုဆိုးဘတိုးက သူ့အတွက်ကြိုးပေါ့ကွာ”
“ကျုပ်နားလည်ပါပြီ”
“ဒီတော့ မင်းသူ့ကိုသတ်ပေးရမယ်ငခမ်း၊ ငါတို့ကျားဖြူစံအိမ်အတွက် အားနည်းချက်က ဘတိုးပဲ”
ငခမ်းလည်းခေါင်းညိတ်လိုက်ပြီးထထွက်လိုက်သည်။ စံအိမ်တော်တံခါးမှဆင်းလိုက်ရာတွင် စံအိမ်ရှေ့ခြံထဲတွင် ကျားကြီးများလဲလျောင်းနေသည်ကိုတွေ့လိုက်ရသည်။ ငခမ်းကို သားရေဖြင့်ပြုလုပ်ထားသည့် ချပ်ဝတ်အနက်တပ်ဆင်ပေးလိုက်ပြီးနောက် ဝတ်ရုံအနက်အရှည်ကြီးတစ်ထည်ကိုလည်း လွှမ်းခြုံပေးလိုက်သည်။ ငခမ်းက ဝတ်ရုံစကြီးကို ခေါင်းအထိလုံခြုံအောင်ဆွဲခြုံလိုက်လေသည်။
ကျားဖြူသခင်ကြီးက သူ့နောက်ကိုလှည့်ကြည့်ပြီး
“နွဲ့၊ မင်းသူနဲ့လိုက်သွား”
ငခမ်းက မဲ့လိုက်ကာ
“ကျုပ် မိန်းကလေးတွေနဲ့ အလုပ်တွဲမလုပ်ချင်ဘူး”
“အလုပ်တွဲလုပ်စရာမလိုပါဘူးကွ၊ သူ့ကိုတက်စီးရုံပါပဲ”
ငခမ်း အံ့ဩသွားသည်။ ကျားဖြူသခင်ကြီးက နွဲ့ဆိုသည့်မိန်းကလေးအားကြည့်လိုက်ရာ နွဲ့က မြက်ခင်းပြင်ဆီသို့ဆင်းသွားပြီး လေးဖက်ထောက်လိုက်သည်။
“ရှင် ကျွန်မအပေါ်ကိုတက်ခွလိုက်”
“ဘယ်လို . . . “
“လုပ်စရာရှိတာသာလုပ်ပါ”
ငခမ်းလည်း နွဲ့၏ သေးကျင်သည့်ခါးပေါ်သို့ဖွဖွကလေးတက်လိုက်သည်။ နွဲ့ဆိုသည့်မိန်းကလေးမှာ ချက်ချင်းပင် မြင်းနက်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားလေသည်။ မြင်းနက်ကြီးတွင် အလွန်ကျစ်လျစ်သန်မာလှသည့် ကြွက်သားစိုင်ကြီးများရှိပြီး အနက်ရောင်လည်ဆံမွှေးအရှည်ကြီးများမှာလည်း လေတွင်လွင့်ပျံနေလေသည်။ ငခမ်းက မြင်းနက်ကြီး၏ သန်စွမ်းလှသည့် လည်တိုင်ကြီးကိုပွတ်သပ်နေလေရာ မြင်းကြီးက အနောက်လှည့်ကြည့်ပြီး
“ရှင် ကျွန်မလည်ပင်းကိုမပွတ်နဲ့”
ငခမ်းလည်း နွဲ့မကြိုက်မှန်းသိသည်မို့ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။ မြင်းဇက်ကြိုးကို ကိုင်လိုက်သည့်အခါ ကျားဖြူသခင်ကြီးက
“ကွမ်ခမ်း၊ မင်းသူ့ကို လက်ဗလာနဲ့ တိုက်ခိုက်နိုင်မယ်ထင်လို့လား”
ထို့နောက် ပင့်ကူဖြူသံဓါးရှည်ကြီးကို ငခမ်းဆီသို့ပစ်ပေးလိုက်လေသည်။ ငခမ်းက ထိုဓါးကြီးကို အသေအချာကြည့်လိုက်ရင်း
“ဒါ . . ဒါ ပင့်ကူဖြူရဲ့ သံနဲ့လုပ်ထားတဲ့ဓါးမဟုတ်လား”
ကျားဖြူသခင်ကြီးက ပြုံးလိုက်ပြီး
“မင်းနဲ့ငါက ရေစက်ဆုံတယ်ထင်တယ်ကွ၊ မင်းကိုတော်တော်များများလိုက်ပြီး မိတ်ဆက်ပေးနေစရာမလိုဘူးပဲ၊ ဆမန်းနတ်ဘုရားမရဲ့ ကောင်းချီးပေးတာကြောင့်ဖြစ်လိမ့်မယ်”
ငခမ်းလည်း ဓါးရှည်ကြီးကို ကျောကုန်းတွင်လွယ်လိုက်ပြီးနောက် မြင်းဇက်ကြိုးကိုဆုပ်ကိုင်ထားလိုက်သည်။
“ဒါနဲ့ ကျုပ်ကဘယ်ကိုသွားရမှာလဲ”
“နွဲ့လမ်းသိပါတယ်”
ထိုအခါ မြင်းနက်ကြီးက တစ်ဟုန်ထိုးပြေးလေသည်။ ဆမန်းမြင်းကြီးမို့ အခြားမြင်းများနှင့်အတူဘဲ အတော်သန်မာလေသည်။ ထို့အပြင် နွဲ့၏ပြေးချက်များမှာ မြန်ဆန်လွန်းလှသဖြင့် မြေနှင့်ခြေထောက်နှင့်ပင်မထိဟုခံစားမိသည်။ ငခမ်းတစ်ယောက် ဝတ်ရုံကြီးတလွင့်လွင့်ဖြင့် ညောင်ရွှေကျားဖြူစံအိမ်အတွင်းမှ ထွက်ခွာသွားလေသည်။
ကျေနပ်စွာပြုံးနေသည့် ကျားဖြူသခင်ကြီးကိုကြည့်ရင်း ဦးခွန်သိုက်က စိုးရိမ်လာသည်။
“သခင်ကြီး၊ ဒီဓါးကိုလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး၊ ပြီးတော့ ဒီဓါးက ဆမန်းကောင်ကိုလည်း သတ်နိုင်တယ်မဟုတ်လား၊ ဒါနဲ့များ ဘာဖြစ်လို့သူ့ကို ဒီဓါးပေးလိုက်ရတာလဲ၊ မတော်လို့ သူက မိုးဗြဲကိုသွားမှဖြင့် ကျုပ်တို့ကိုယ့်သေတွင်းကိုယ်တူးသလိုမျိုးဖြစ်မနေဘူးလား”
ကျားဖြူသခင်ကြီးက ခေါင်းခါလိုက်သည်။
“ငါသူ့ကိုယုံတယ် ခွန်သိုက်၊ သူ့မျက်လုံးထဲမှာ ရိုးသားမှုတွေကိုငါမြင်နေရတယ်”
ဦးခွန်သိုက်က ဘာမှမပြောတော့ပေ၊ ကျားဖြူသခင်ကြီးက ဦးခွန်သိုက်ပုခုံးကိုလက်နှင့်ပုတ်လိုက်ပြီး
“ဒီအတိုင်းဆို မကြာခင် ဆမန်းစံအိမ်တော်တွေကြားမှာ စစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်တယ်ခွန်သိုက်၊ ငါတို့လူတွေကို အသင့်ပြင်ထားခိုင်းပါ”
“မှန်ပါသခင်ကြီး”
နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ကျားမုဆိုးဘတိုးတွင် ဆက်လက်ဖတ်ရှုပါ။