အတွဲ(၃) အပိုင်း (၁)
(၁)
မိုးထိလုနီးပါး မြင့်မားမတ်စောက်လှသည့် တောင်တန်းကြီးများက မားမားမတ်မတ်တည်ရှိနေကြသည်။ ထိုတောင်ကြီးများအပေါ်တွင်တော့ ငွေရောင်အဆင်းသဏ္ဍာန်ရှိသည့် မြူမှုန်ထုကြီးက ခပ်ပါးပါးဖုံးအုပ်ထားလေသည်။ ထိုတောင်ကြီးများအပေါ်တွင် ထူထပ်စွာပေါက်ရောက်နေသည့် သစ်တောအုပ်ကြီးအတွင်းမှာလည်း တောရိုင်းသားကောင်များက ကျက်စားနေကြသလို၊ ကျေးငှက်သာရကာများကလည်း ပျံဝဲမြူးတူးနေကြလေသည်။
“ဝေါ . . . ဝေါ”
ထိုစဉ် ကျယ်လောင်သည့် တော်လဲသံကြီးတစ်ခုထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်လှသည့် တောင်တန်းကြီးတစ်ခွင်လုံးကို ဖုံးလွှမ်းသွားလေသည်။ တောအုပ်အတွင်း အေးချမ်းစွာကျက်စားနေကြသည့် တောရိုင်းသားကောင်များမှာလည်း ကြောက်လန့်တကြားပြေးလွှားကုန်ကြသလို၊ ကျေးငှက်များမှာလည်း ကောင်းကင်တစ်ခွင်တွင် အထိတ်တလန့်ဖြင့် ပျံသန်းနေကြလေသည်။
မကြာခင်အချိန်မှာပင် မြေငလျင်ကြီးတစ်ခုက သွက်သွက်ခါအောင်လှုပ်ရှားလေသည်။ မြေငလျင်လှုပ်ရှားသည့်အရှိန်ကြောင့် တောင်ကြီးတစ်တောင်အောက်ဘက်ရှိ ကျောက်သားနံရံကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားကာ ကျောက်သားအပိုင်းအစများက ပတ်ဝန်းကျင်တစ်ခွင်လုံးကို ကျဲပက်လိုက်သကဲ့သို့ ပျံဝဲထွက်လာလေသည်။
ထိုကျောက်နံရံကြီးပေါက်ကွဲထွက်သွားပြီးသည့်နောက် ကြီးမားသည့် ဂလိုင်ပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုဂလိုင်ပေါက်ကြီးအတွင်းမှ လူကြီးတစ်ယောက်က တစ်လှမ်းချင်းထွက်လာခဲ့သည်။ ထိုလူကြီးမှာ အလွန်ထွားကျိုင်းလှပြီး ကျစ်လစ်သန်မာသည့် ကြွက်သားစိုင်များက တစ်ကိုယ်လုံးအမြှောင်းအမြှောင်းတွေထနေလေသည်။ အပေါ်ပိုင်းတွင်တော့ အဝတ်အစားမပါဘဲ၊ ကိုယ်အောက်ပိုင်းတွင်သာ ကျားသားရေတစ်ပိုင်းကို ခြုံလွမ်းထားလေသည်။
“ဟား . . .ဟား၊ အောင်ပြီ၊ အောင်ပြီ”
ထိုလူကြီးက တောင်ကြားတစ်ခွင်ကို ငေးကြည့်လိုက်ပြီးနောက် ကျေနပ်စွာဖြင့်ရယ်မောလိုက်သည်။ ထိုစဉ်မှာပင် တောင်ကြားအတွင်းမှ အဝါနှင့်အနက်အစင်းရှိသည့် ကျားကြီးများက အလျှင်အမြန်ပြေးလွှားလာကြလေသည်။ ကျားကြီးခြောက်ကောင်က ထိုလူကြီးအရှေ့တွင် ရပ်တန့်လိုက်ပြီးနောက် မြေတွင်ဝပ်လိုက်ကြရာ ရုတ်ခြည်းပင် လူများအဖြစ်သို့ပြောင်းလဲသွားလေသည်။
“သခင်ကြီး . . . သခင်ကြီး”
ထိုလူများအားလုံးက ဂလိုင်ပေါက်အတွင်းမှထွက်လာသည့် လူကြီးကိုအရိုအသေပြုလိုက်ကြလေသည်။ ထိုလူကြီးက ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက် အရှေ့ဆုံးတွင်ထိုင်နေသည့် အသက်ကြီးကြီး အဘိုးကြီးတစ်ဦးက အနားသို့တိုးကပ်လာပြီး
“သခင်ကြီးရဲ့ ကိုးဆင့်မြောက်ကျင့်စဉ် အောင်မြင်သွားတဲ့အတွက် ကျုပ်သခင်ကြီးကို ဂုဏ်ပြုပါတယ်”
သခင်ကြီးက ခေါင်းညိတ်လိုက်ပြီး အနောက်မှလူများကိုတစ်ချက်ကြည့်လိုက်ကာ
“ဒါနဲ့ ငါ့ရှင်မရော မပါပါ့လား ခွန်သိုက်”
ဦးခွန်သိုက်က မျက်နှာတစ်ချက်ပျက်သွားသည်။ ဘာပြောရမှန်းမသိခင်မှာပင် သခင်ကြီးက တစ်ချက်ပြုံးလိုက်ကာ
“အင်းလေ၊ ငါမရှိတဲ့အချိန် စံအိမ်တွေကို အုပ်ချုပ်နေရတာဆိုတော့ ငါ့ရဲ့ရှင်မက တော်တော်အလုပ်များနေလို့ပဲဖြစ်မယ်၊ ထားလိုက်ပါ စံအိမ်ပြန်ရောက်တော့မှ သူ့ကိုအတိုးချပြီး ဆူပစ်ရမယ်၊ ဟား၊ ဟား”
ဦးခွန်သိုက်လည်း ပြုံးလိုက်ပြီး
“စံအိမ်ရောက်မှာသာ ဆက်ပြောပါတော့သခင်ကြီး၊ အခုတော့ စံအိမ်ကိုအမြန်ပြန်ကြစို့၊ ဒီနေရာမှာနေရတာ မလုံခြုံဘူးလို့ ကျုပ်ခံစားမိတယ်”
သခင်ကြီးက ရယ်မောလိုက်ပြီးနောက်
“ဟား၊ ဟား ဆမန်းကျင့်စဉ် ကိုးဆင့်ကို အောင်မြင်ခဲ့တဲ့ ငါတစ်ယောက်လုံးရှိနေတာတောင် မင်းတို့က ဘာကြောက်နေတာလဲကွ၊ ကဲပါ၊ ငါလည်း ငါ့ရှင်မကို သိပ်လွမ်းနေပြီ၊ ပြန်ကြစို့”
သခင်ကြီးဆိုသူက လေးဘက်ထောက်လိုက်သည်နှင့် အလွန်ကြီးမားသည့် ကျားဖြူကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ကျားဖြူကြီး၏ လည်ပင်းမှာပင် လည်ဆံမွှေးဖြူဖြူကြီးများထွက်နေကာ ကျားဖြူကြီး၏ ငယ်ထိပ်တွင်လည်း ငွေရောင်အမွှေးကြီးများနှင့် ချွန်ထွက်နေသည့် အမောက်ကြီးတစ်ခုရှိသည်။ ထိုကျားဖြူကြီးက အရှေ့မှဦးဆောင်လျှက် ပြေးလွှားသွားရာ အနောက်မှလူများလည်း ကျားအဖြစ်ပြောင်းလဲပြီးနောက် ကျားဖြူကြီးအနောက်သို့ ပြေးလိုက်သွားကြလေသည်။
ထိုသူမှာ အခြားသူမဟုတ်၊ နှစ်ကိုးဆယ်တိုင်တိုင် ကိုးဆင့်မြောက်ဆမန်းကျင့်စဉ်ကို ဂူအောင်းပြီးကျင့်ကြံနေသည့် ညောင်ရွှေဆမန်းစံအိမ်တော်၏ သခင် ကျားဖြူသခင်ကြီးပင်ဖြစ်ပေသည်။
(၂)
“စားကြပါ၊ သောက်ကြပါ ခရီးသည်ကြီးတို့၊ လိုအပ်တာရှိရင်လည်း ကျုပ်တို့ကိုပြောပါ”
ရွာခံလူကြီးတစ်ဦးက နှီးဒေါင်းလန်းကြီးကို ငခမ်းတို့အရှေ့သို့ချပေးလိုက်သည်။ ငခမ်းလည်း ရယ်မောလိုက်ပြီး
“ဦးလေးကြီးတို့က သိပ်ပြီးဖော်ရွေ၊ ရက်ရောကြတာပဲနော်”
စည်သူက ထမင်းမစားခင်တွင် မျက်လုံးမှိတ်ပြီး ပါးစပ်က တတွတ်တွတ်နှင့်ရွတ်ဖတ်နေသေးရာ အားလုံးက စည်သူရွတ်ဖတ်အပြီးကို စောင့်နေကြလေသည်။
“ရပြီ၊ စားလို့ရပြီ”
ထိုအခါ ပျံလွှား နှင့် မုန်တိုင်းတို့က ဒေါင်းလန်းအတွင်းမှ ခေါပုတ်ကင်များနှင့် အသားကျပ်တိုက်များကို နှိုက်ယူကာစားသောက်လိုက်ကြသည်။ မုန်တိုင်းက အစားအသောက်များကို ပါးစပ်အတွင်းသို့ ပလုပ်ပလောင်းထိုးထည့်လိုက်ရာ လည်ချောင်းအတွင်းနင်သွားသဖြင့် ခေါင်ရည်တစ်ခွက်ကို မော့သောက်ချလိုက်သည်။
“ခေါင်ရည်ကလည်း ကောင်းမှကောင်းပဲကွာ၊ ငါတို့က စားနေပေမယ့် မင်းကမစားဘဲ ငါတို့စားတာကိုကြည့်နေရတာတော့ စိတ်မကောင်းဘူးငခမ်းရာ၊ ဟား၊ ဟား”
အခန်းထောင့်ရှိတိုင်တစ်လုံးကိုမှိကာထိုင်နေသည့် ငခမ်းအားကြည့်ရင်း မုန်တိုင်းက နောက်ပြောင်ပြောဆိုလိုက်လေသည်။ ငခမ်းက သူ့အစွယ်ကြီးများပေါ်သွားအောင်ဖြဲပြလျှက်
“ခင်ဗျား ကျုပ်ကိုစေတနာတကယ်ရှိရင် ခင်ဗျားရဲ့သွေးနည်းနည်းလောက် ဖောက်တိုက်လို့ရပါတယ်၊ ဟား၊ ဟား”
ငခမ်းက ရယ်မောလိုက်သည့်အခါ ပျံလွှားနှင့် မုန်တိုင်းတို့မှာ ရယ်မောလိုက်ကြလေသည်။ စည်သူမှာ ၀စီပိတ်သိုင်းသမားပီပီ စကားကိုမလိုအပ်ဘဲ မပြောပေ။
“နောင်း . . . နောင်း၊ နောင်း ဗိန် နောင်း”
ထိုစဉ် ရှမ်းအိုးစည်တီးသံများကိုကြားလိုက်ရသည်။ ငခမ်းတို့အားလုံး အိမ်အပြင်ကိုငေးကြည့်လိုက်ကြသည်။ ထိုအခါ အိမ်ရှင်လူကြီးက အိမ်ပေါ်သို့ကမန်းကတမ်းပြေးတက်လာပြီးနောက် သူ၏မိသားစုဝင်များကို အိမ်ပေါ်ခေါ်တင်လိုက်လေသည်။ အိမ်အောက်မြေပြင်တွင် ဆော့ကစားနေကြသည့် ကလေးငယ်များကလည်း ထိတ်လန့်တကြားပြေးတက်လာကြသည်။ အကုန်လုံးအိမ်ပေါ်သို့ရောက်သည့်အခါ ထိုလူကြီးက ပြတင်းပေါက်များ၊ အိမ်တံခါးများကို အလုံပိတ်လိုက်လေသည်။
“ဘာဖြစ်လို့လဲ ဦးလေးကြီးရဲ့”
“အသံမထွက်နဲ့၊ ငြိမ်ငြိမ်နေနော်၊ ပြီးရင် နားပိတ်ထားကြ”
“အိုးစည်သံတွေကြားရတာဆိုတော့ အလှူလား၊ ဆိုင်းအဖွဲ့လား”
ဦးလေးကြီးက ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး၊ အဲဒါ မရဏအိုးစည်သံကွ”
သူတို့တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်မိသည်။ မုန်တိုင်းက
“မရဏအိုးစည်သံဆိုတာ ဘာလဲ”
“သူတို့အသံကို နားမထောင်မိစေနဲ့၊ နားထောင်လိုက်မိတာနဲ့ မင်းတို့စိတ်မထိန်းနိုင်ဘဲ ကခုန်မိလိမ့်မယ်၊ ပြီးရင်တော့ သူတို့ဆီကို အလိုလိုလမ်းလျှောက်သွားမိမယ်၊ သူတို့အရှေ့ကိုရောက်တာနဲ့ မင်းတို့သေပြီပဲ”
ဦးလေးကြီးက ပြောဆိုလိုက်ပြီး ကလေးငယ်များ၏ နားအတွင်းသို့ ဂွမ်းစများထည့်ပေးလိုက်လေသည်။ အိုးစည်သံမှာ တဖြည်းဖြည်းကျယ်လောင်လာလေသည်။ မုန်တိုင်းက အသားကျပ်တိုက်တစ်ဖတ်ကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီးနောက် လေးနှင့်မြှားကိုယူလိုက်ကာ ထိုင်နေရာမှထရပ်လိုက်သည်။
“ကိုယ့်လူတို့ ဒီမရဏအိုးစည်အဖွဲ့တော့ ကျုပ်တို့နဲ့တွေ့တာ ကံဆိုးတာပဲဗျို့”
ဦးလေးကြီးက မုန်တိုင်းကို ဝါဂွမ်းဖတ်တစ်ခုလှမ်းပေးလိုက်သော်လည်း မုန်တိုင်းက ထိုဝါဂွမ်းဖတ်ကို လက်ဖြင့်ပုတ်ချလိုက်သည်။ အိုးစည်သံက တဖြည်းဖြည်းကျယ်လောင်လာလေရာ မတ်တပ်ရပ်နေသည့် မုန်တိုင်းမှာ ခြေထောက်တွေ အလိုလို လှုပ်ရှားလာလေသည်။
“ဟာ၊ ငါ . . . ငါဘာဖြစ်တာလဲဟ”
ထို့နောက် သူ့လက်များမှာလည်း ထောင်တတ်လာပြီး လက်ချောင်းများကို ကွေးကောက်ကာ မုန်တိုင်းတစ်ယောက် ကွေးနေအောင်ကတော့သည်။
“ဟာ၊ ဘယ်လိုဖြစ်တာလဲ၊ လုပ်ကြ၊ လုပ်ကြပါအုံး”
ထိုအခါ ပျံလွှားက မုန်တိုင်းကိုတစ်ချက်မော့ကြည့်လိုက်ပြီး
“မင်းပြောတော့ မရဏအိုးစည်သံအဖွဲ့က မင်းနဲ့တွေ့တာ ကံဆိုးတာပဲဆို၊ မုန်တိုင်းရ၊ ဟား၊ ဟား”
ပျံလွှားက သူ့နားရွက်ကိုသူ လက်ညှိုးထိုးပြလိုက်လေရာ ပျံလွှားနားရွက်အတွင်းတွင် ပိတ်စနှစ်ခုက ပိတ်ဆို့ပြီးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ မုန်တိုင်းတစ်ယောက် မျက်နှာကသာ အံ့ဩနေသော်လည်း လက်များခြေများက ကခုန်လျှက် အိမ်ပေါ်မှဆင်းချသွားလေသည်။
အိမ်အပေါ်တက်သည့် လှေကားများအတိုင်း မုန်တိုင်းက ကခုန်လျှက်ဆင်းချသွားရာ မကြာခင် ရွာလမ်းမဆီသို့ရောက်ခဲ့သည်။ မုန်တိုင်းလည်း လမ်းမပေါ်သို့ကြည့်လိုက်ရာ ဗလတောင့်တောင့်နှင့်လူထွားကြီးတစ်ဦးက ရှမ်းအိုးစည်ကြီးကိုတီးလျှက် လမ်းလျှောက်လာလေသည်။ သူ့နံဘေးတွင်တော့ အရပ်ပုပုနှင့် လူနှစ်ဦးက ကြေးနောင်ဟုခေါ်သည့် ရှမ်းမောင်းအတွဲလိုက်ကြီးကို အရှေ့တစ်ယောက် အနောက်တစ်ယောက်ထမ်းကာ တီးလာကြလေသည်။ မိန်းကလေးတစ်ယောက်ကတော့ ပုလွေတစ်လက်ကို ကိုင်ဆွဲလာသည်။ မှုတ်တော့ မမှုတ်ပေ။
အသံနားထောင်မိသည့် ရွာသားအချို့လည်း မုန်တိုင်းနည်းတူ ကခုန်လျှက် ရွာလမ်းမပေါ်တွင် စုမိကြလေသည်။ ထိုအခါ ပုလွေကိုင်ထားသည့် မိန်းကလေးက ပုလွေကိုပါးစပ်တွင်တေ့ပြီး ပုလွေသံကိုမှုတ်ထည့်လိုက်သည်။ ပုလွေအတွင်းမှ မီးခိုးငွေ့များကဲ့သို့ အငွေ့များက ထွက်ပေါ်လာပြီးနောက မုန်တိုင်းတို့ ကခုန်နေသည့်အရှေ့တွင် စုပြုံသွားပြီး မကြာခင်မှာပင် အကောင်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
တစ်ကိုယ်လုံး ရွှေရောင်အဆင်းရှိသည့် အမွှေးရှည်ကြီးများနှင့် ဖုံးအုပ်ထားပြီး နဂါးသဏ္ဍာန်ဦးခေါင်းရှိသည့် တိုးနယားကြီးတစ်ကောင်က မီးခိုးမြူများအတွင်းမှ ထွက်ပေါ်လာလေသည်၊ ရွာသားတစ်ချို့မှာ ကခုန်နေသော်လည်း တိုးနယားကြီးကိုကြည့်ရင်း အလွန်ထိတ်လန့်သွားကြသည်။ တိုးနယားကြီးက တစ်လှမ်းချင်းအရှေ့တိုးလာပြီး မုန်တိုင်းအနားသို့ရောက်လာခဲ့သည်။ အေးမြသော ရာသီဥတုမှာပင် မုန်တိုင်းတစ်ယောက် ဇောချွေးတွေပြန်နေလေသည်။ တိုးနယားကြီးက နှာတစ်ချက်မှုတ်ပြီး ကြီးမားပြဲကားသည့် ပါးစပ်ကြီးဖြင့် မုန်တိုင်းအား ကိုက်ထည့်လိုက်လေသည်။
“ဝှစ်”
သို့သော် မုန်တိုင်းအား မကိုက်မိဘဲ လေကိုသာကိုက်မိသည်။ တိုးနယားကြီးမှာ ထူးဆန်းသွားပြီး မုန်တိုင်းအားကြည့်လိုက်ရာ ပျံလွှားက မုန်တိုင်းကိုဆွဲခေါ်သွားခြင်းဖြစ်သည်။ ထိုစဉ်မှာပင် ဓါးပျံနှစ်ချောင်းက ပျံသန်းလာပြီး တိုးနယားကြီး၏ နှာခေါင်းထိပ်၊ နှာနုကို စိုက်ဝင်သွားလေရာ တိုးနယားကြီးမှာ အသံကုန်ဟစ်ပြီးအော်လေသည်။
“ဂါး . . . ဂရား”
ပျံလွှားက မုန်တိုင်းကို စွေ့ခနဲချီလျှက် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။ အိမ်ခေါင်မိုးပေါ်ရောက်သည့်အခါ မုန်တိုင်းကိုပစ်ချလိုက်ပြီး သူ့လက်ထဲမှ ဓါးပျံကလေးတစ်ချောင်းကိုပွတ်သပ်လိုက်သည်။ ရေဆန်ဓါးမြန်ကလေးက အပြာရောင်လင်းလက်သွားပြီးနောက် တိုးနယားကြီး၏ နှာနုတွင်စိုက်နေသည့် ဓါးပျံကလေးနှစ်ချောင်းမှာ ပျံလွှားဆီသို့ တမဟုတ်ချင်း ရောက်လာခဲ့လေသည်။
တိုးနယားကြီးက ပါးစပ်ကိုဖြဲလိုက်ပြီး မီးလုံးကြီးတစ်လုံးနှင့် ပျံလွှားကိုပစ်ခတ်လိုက်လေသည်။ ပျံလွှားမှာ မီးလုံးကြီးကို ကျွမ်းတစ်ပတ်ထိုးကာ ရှောင်ရှားလိုက်သည်မို့ မီးလုံးကြီးမှာ ပျံလွှားကိုမထိဘဲ အိမ်ခေါင်မိုးကိုထိမှန်ကာ အပေါက်ကြီးဖြစ်သွားလေသည်။ ပျံလွှားက တစ်ပြိုင်နက်တည်းမှာပင် ဓါးပျံနှစ်လက်ကို ပစ်လွှတ်လိုက်သော်လညး တိုးနယားကြီးက သူ့ရှေ့ခြေဖြင့် ဓါးပျံနှစ်လက်ကို ပုတ်ထုတ်လိုက်လေသည်။
“တောက်၊ တော်တော်မြန်တဲ့ကောင်ကြီးပဲ”
ထိုစဉ် မုန်တိုင်းက တိုးနယားကြီးထံသို့ မြှားသုံးစင်းကို ပစ်လွှတ်လိုက်လေသည်။ မြှားသုံးစင်းအနက် တစ်စင်းမှာ တိုးနယားကြီး၏ ဘယ်ဖက်မျက်လုံးကိုဖောက်ဝင်သွားသလို ကျန်နှစ်စင်းမှာလည်း တိုးနယားကြီး၏ ပါးပြင်ကိုထွင်းဖောက်ဝင်ရောက်သွားသည်။ မုန်တိုင်းက အချိန်ဆိုင်းမနေဘဲ မြှားတံဆယ်စင်းကို လက်ဖြင့်ဆွဲယူလျှက် တိုးနယားကြီး၏ မျက်လုံးနှစ်လုံးကြားသို့ချိန်ရွယ်ကာ မြှားတံတစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်လေသည်။
သို့သော် တိုးနယားကြီးက ယပ်တောင်ကြီးနှင့်သဏ္ဍာန်တူသည့် သူ့အမီးကြီးဖြင့် ဝှေ့ယမ်းလိုက်လေရာ ပြင်းထန်သည့်လေပြင်းတစ်ချက်အဖြစ် အသွင်ပြောင်းသွားပြီး သူ့ထံပျံသန်းဝင်လာသည့် မြှားတံများမှာလည်း လမ်းကြောင်းပြောင်းကာ မြေပေါ်သို့ကျဆင်းကုန်သည်။
မုန်တိုင်း အံ့ဩနေစဉ်မှာပင် တိုးနယားကြီးက ခြေတံရှည်အိမ်ကြီးကို အမြှီးဖြင့်ရိုက်ထည့်လိုက်ရာ အိမ်တိုင်များအားလုံးကျိုးကုန်ပြီး အိမ်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်နေသည့် မုန်တိုင်းမှာလည်း အောကသို့ပြုတ်ကျလေသည်။ အိမ်တိုင်များပြိုသွားသဖြင့ အိမ်ကြီးမှာ ပြိုကျလာလေရာ အိမ်ပေါ်မှ မိသားစုများမှာ ငယ်သံပါအောင် အော်ဟစ်ကြလေသည်။
သို့သော် အိမ်တိုင်ကျိုးကျသွားသော်လည်း အိမ်မှာပြိုလဲမသွားဘဲ တန်းလန်းကြီးဖြစ်နေလေရာ အိမ်ရှင်ဦးလေးကြီးမှာ အလွန်အံ့ဩနေမိသည်။
“ခင်ဗျားတို့ မြဲမြဲသာ ကိုင်ထားကြတော့”
ငခမ်းက အိမ်အောက်မှ အော်လိုက်သည်။ ပြိုကျသွားသည့် သစ်လုံးတိုင်များအောက်တွင် ငခမ်းက အိမ်ကြီးကိုထမ်းပိုးထားရင်း လင်းနို့တောင်ပံကြီးကိုဖြန့်ကာ ပျံသန်းနေလေသည်။ လက်တစ်ဖက်နှင့် အိမ်ကြမ်းပြင်ကိုတွန်းတင်ထားရင် ငခမ်းက အားယူပြီးပျံသန်းလိုက်ရာ အိမ်ကြီးမှာ အလုံးလိုက်မြေပေါ်မှကျွတ်ထွက်ပြီး လေပေါ်တွင်ပျံဝဲသွားသည်။ ငခမ်းက ခပ်လှမ်းလှမ်းရှိမြေကွက်လပ်တစ်ခုတွင် ထိုအိမ်အလုံးလိုက်ကြီးကို ချပေးလိုက်သည့်အခါ အိမ်အတွင်းမှ အိမ်သားများမှာပြေးထွက်လာကြသည်။
လင်းနို့တောင်ပံနှင့် ပျံသန်းနေသည့် ငခမ်းအား တအံ့တဩဖြင့်ငေးကြည့်နေကြသည်။ အိမ်ရှင်ဦးလေးကြီးက ငခမ်းအားလက်အုပ်ချီလိုက်ကာ
“ကျေးဇူး . . . ကျေးဇူးတင်ပါတယ် လူစွမ်းကောင်းကြီး”
ထိုသို့ပြောဆိုလိုက်ပြီးနောက် ရွာအတွင်းသို့ပြေးဝင်သွားကြလေသည်။ စည်သူမှာ တိုးနယားကြီး၏ အရှေ့ဘက် မြေပြင်တွင် တိုးနယားကြီးကိုကျောပေးကာရပ်နေလေသည်။ တိုးနယားကြီးက စည်သူကိုကြည့်ရင်း အလွန်စိတ်ဆိုးသွားကာ အသံအကျယ်ကြီးဟစ်အော်လိုက်လေသည်။
“ဂါး . . .”
ထို့နောက်စည်သူအား ဖမ်းကိုက်ထည့်လိုက်သည်။ စည်သူက တိုးနယားကြီး၏ ကိုက်ချက်ကို ကိုယ်ကိုလှည့်ယိမ်းပြီး တိမ်းရှောင်လိုက်လေသည်။ ထို့နောက် သူကိုင်ထားသည့် ဓါးကို ဓါးအိမ်မှချွတ်လိုက်လေရာ အဖြူရောင်အလင်းတန်းတစ်ခုက ဝင်းလက်သွားလေသည်။
တိုးနယားကြီးက တွေတွေကြီးရပ်နေသေးသည်။ ထို့နောက် စည်သူအားလှည့်ကြည့်လိုက်စဉ် တိုးနယားခေါင်းကြီးမှာပြုတ်ထွက်ပြီး မြေပေါ်သို့ကျဆင်းသွားသည်။ အိုးစည်တီးခတ်နေသူများက တိုးနယားကြီး ခေါင်းပြတ်သွားသည်ကိုကြည့်ရင်း အလွန်ထိတ်လန့်သွားကြသည်။
ပျံလွှားက အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး စည်သူအနီးတွင်ဝင်ရပ်သည်။
“အရိပ်မဲ့ဓါးချက်က တော်တော်မြန်တာပဲဗျာ”
အိမ်ပေါ်မှပြုတ်ကျသည့် မုန်တိုင်းကလည်း ပျံလွှားနံဘေးတွင်ဝင်ရပ်သည်။
“ဒီ . . ဒီကောင်ကြီး သေပြီလား”
စည်သူက ပြုံးလိုက်ပြီး
“ခေါင်းပြတ်သွားပါတယ်ဆိုမှတော့ အသက်ရှိပါအုံးမလားကွာ”
(၃)
ထိုစဉ်မှာပင် ဗလတောင့်တောင့်နှင့် အိုးစည်လွယ်ထားသူက အိုးစည်ကိုတီးခတ်လိုက်လေသည်။ ကြေးနောင်လေးများ တီးခတ်သူကလည်း အိုးစည်တီးခတ်သူနှင့် စည်းချက်ညီစွာ လိုက်လံတီးခတ်သည်။ ကျန်သည့်မိန်းကလေးကလည်း ပုလွေကိုမြူးမြူးကြွကြွမှုတ်လိုက်လေသည်။ ထိုတီးကွက်မှာ သူတို့အဖွဲ့ ယခင်က တီးမှုတ်ခဲ့သည့် တီးကွက်နှင့် ကွဲပြားသည်။
ထိုသို့တီးခတ်လိုက်သည့်အခါ မြေပေါ်ပြတ်ကျနေသည့် တိုးနယားခေါင်းကြီးမှာ မြောက်တက်လာပြီး သူ့ကိုယ်လုံးတွင်ပြန်ဆက်သွားလေသည်။ တိုးနယားကြီး၏ မျက်လုံးကြီးမှာ အနီရောင်လင်းလက်လာပြီး ပါးစပ်ကြီးကိုဖြဲကားလိုက်သေးသည်။
“ဂါး . . .”
စည်သူတို့သုံးယောက်စလုံး အံ့ဩစွာဖြင့် တိုးနယားကြီးအသက်ပြန်ရှင်လာသည်ကို ငေးကြည့်နေမိသည်။ တေးသံကြောင့် ကခုန်နေကြသည့် ရွာသားများမှာလည်း ခြေဦးတည့်ရာသို့ပြေးလွှားကြလေသည်။ တိုးနယားကြီးက ပါးစပ်ကြီးပြဲလိုက်ပြီး မီးလုံးသုံးလုံးကို မှုတ်ထည့်လိုက်သည်။
မီးလုံးသုံးလုံးမှာ စည်သူတို့သုံးယောက်ကို လိုက်လံထိမှန်လေသည်။ မုန်တိုင်းမှာ နောက်ကျွမ်းပစ်ပြီး ရှောင်ရှားလိုက်သောကြောင့် မီးလုံးကြီးမှာ မြေကြီးနှင့်ထိမှန်ပြီး ပြင်းထန်သည့်ပေါက်ကွဲမှုကြီးဖြစ်ပေါ်ကာ မုန်တိုင်းမှာလည်း ပေါက်ကွဲမှုအရှိန်ကြောင့် အနောက်သို့လွှင့်ထွက်သွားလေသည်။
တစ်ဖန်မီးလုံးကြီးတစ်လုံးက စည်သူအားပြေးထိသည်။ စည်သူက အရိပ်မဲ့ဓါးကိုထုတ်လိုက်ပြီး မီးလုံးကိုထက်ပိုင်း ပိုင်းချလိုက်ရာ မီးလုံးမှာ ပေါက်ကွဲသွားပြန်သည်။ နောက်ဆုံးမီးလုံးတစ်လုံးကတော့ ပျံလွှားအနောက်သို့ လိုက်နေလေသည်။ ပျံလွှားက လေဟုန်ခွင်းသိုင်းကို အသုံးပြုကာ အလျှင်အမြန်ပြေးလွှားနေရသည်။ မီးလုံးကြီးကလည်း ပျံလွှားအနောက်သို့ ထပ်ကြပ်မကွာလိုက်လာခဲ့သည်။ မီးလုံးပျံသန်းသည့် အမြန်နှုန်းက ပျံလွှားပြေးလွှားသည့် အမြန်နှုန်းထက် လျှင်မြန်သည်မို့ မီးလုံးက ပျံလွှားထံသို့တည့်တည့်ထိမှန်လေရာ ပျံလွှားလည်း မျက်လုံးအစံကို မှိတ်ချလိုက်လေသည်။
သို့သော် နာကျင်မှုကိုမခံစားရသဖြင့် ပျံလွှားက မျက်လုံးဖွင့်ကြည့်ရာ ငခမ်းက သူ့ဘယ်ဘက်လက်ဖြင့် မီးလုံးကို ကိုင်ထားသည်ကိုတွေ့ရသည်။
“ငခမ်း . . . မင်း . . . မင်း ဘာမှမဖြစ်ဘူးလား”
မီးလုံးကြီးက ငခမ်းလက်ထဲတွင် မီးလျှံများတဖွားဖွားထွက်ကာ တောက်လောင်နေလေသည်။ ငခမ်းလည်း မိုးပေါ်သို့ခုန်တက်လိုက်ပြီး ထိုမီးလုံးကြီးကို တိုးနယားကြီးထံသို့ပစ်လွှတ်လိုက်သည်။ တိုးနယားကြီးကို မီးလုံးထိမှန်ပြီး ဝုန်းခနဲပေါက်ကွဲသွားလေသည်။ သို့သော် တိုးနယားကြီးက ဘာမှမဖြစ်ပေ။
စည်သူက ပျံလွှားကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည့်အခါ ပျံလွှားက ဓါးမြန်ကလေးများကို ပုလွေမှုတ်နေသည့် မိန်းကလေးထံသို့ ပစ်လွှတ်လိုက်လေသည်။ ဓါးမြန်မှာ ထိုမိန်းကလေး၏ လည်ချောင်းကိုဖောက်ထွက်သွားပြီး လည်ပင်းတွင် အပေါက်ကြီးဖြစ်သွားလေရာ မိန်းကလေးမှာ ပုလွေဆက်မမှုတ်နိုင်တော့ပေ။
ထိုစဉ် မြှားတံတစ်ချောင်းက ပျံသန်းလာပြီး ကြေးနောင်ကိုထမ်းထားသည့် လူပုလေးတစ်ယောက်၏ နဖူးသို့စိုက်ဝင်သွားလေသည်။ ကျန်သည့်လူပုလေးတစ်ယောက်လည်း သတိကပ်သွားပြီး ရှောင်ရှားရန်ပြင်ဆင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ မုန်တိုင်းပစ်လွှတ်လိုက်သည့် နောက်ထပ်မြှားတံတစ်ချောင်းက ထိုလူပုလေး၏ မျက်လုံးကိုထိုးဖောက်ဝင်ရောက်သွားကာ မြှားတံဦးခေါင်းက နောက်စေ့မှပေါက်ထွက်သွားသည်။ လူပုလေးနှစ်ယောက်လည်း အရုပ်ကြိုးပြတ်လဲကျသွားသည်။
စည်သူက အိုးစည်တီးနေသူထံသို့ အပြေးဝင်သွားသည်။ ဝင်းလက်သည့်အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရပြီးနောက် အိုးစည်တီးနေသူမှာ ကိုယ်နှစ်ခြမ်းတိခနဲကွဲထွက်သွားပြီး အိုးစည်ကြီးမှာလည်း ကွဲထွက်သွားလေသည်။ ထိုတော့မှ သူတို့အားလုံးက မိုးပေါ်ပျံသန်းနေသည့် ငခမ်းကိုကြည့်လိုက်သည်။
“ငခမ်း၊ ဒီကောင်ကြီးကို မင်းရှင်းလိုက်တော့”
ငခမ်းက မိုးပေါ်မှတစ်ဟုန်ထိုးခုန်ဆင်းလာပြီး ဘက်ဘက်လက်သီးဖြင့် တိုးနယားကြီး၏ ဦးခေါင်းကိုထိုးစိုက်ချလိုက်ရာ လက်သီးအရှိန်ပြင်းလွန်းသဖြင့် တိုးနယားကြီးမှာ မြေပေါ်သို့ခေါင်းစိုက်ကျသွားလေသည်။ ငခမ်းက တိုးနယားဦးခေါင်းအား လက်သီးဖြင့် ဘယ်ပြန်ညာပြန်ထိုးနှက်လိုက်ရာ တိုးနယားကြီးမှာ ငခမ်းလက်သီးချက်မှားကိုမရှောင်နိုင်ဘဲ အထိနာနေပြန်သည်။
နောက်ဆုံးငခမ်းက တိုးနယားကြီး၏ ဝမ်းဗိုက်အောက်သို့လျှောဝင်လိုက်ပြီး ဝမ်းဗိုက်ကိုလက်သီးဖြင့် မြှောက်တင်ကာထိုးထည့်လိုက်လေရာ တိုးနယားကြီးမှာ မိုးပေါ်သို့လွင့်ပျံတက်သွားလေသည်။ ငခမ်းလည်း မိုးပေါ်သို့လိုက်ပျံတက်ခဲ့သည်။
“သေပေတော့ မိစ္ဆာကောင်ကြီး”
ငခမ်းက တိုးနယားကြီး၏ လည်ပင်းကို ဒူးဖြင့်တိုက်ချလိုက်ရာ တိုးနယားကြီးမှာ မြေပြင်ပေါ်သို့အရှိန်ပြင်းစွာပြုတ်ကျပြီး မြေကြီးမှာပင် တွင်းချိုင့်နက်ကြီးဖြစ်သွားကာ ပတ်ဝန်းကျင်တစ်ခွင်လုံး မြေမှုန်များ၊ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားလေသည်။ ငခမ်းက မိုးပေါ်မှခုန်ဆင်းလိုက်သည့်အခါ သူ့ကျောတွင်လွယ်ထားသည့် အထုပ်ကြီးမှာ အလိုလိုပွင့်ထွက်သွားလေသည်။ ထိုအထုပ်အတွင်းမှ အဝတ်စများဖြင့်ပတ်ထားသည့် ညာဖက်လက်ကြီးမှာ ပွင့်ထွက်သွားပြီး တိုးနယားကြီးအပေါ်သို့ ပြုတ်ကျသွားလေရာ ငခမ်းက အသံအကျယ်ကြီးနှင့်အော်လိုက်သည်။
“အသေးလေး၊ မလုပ်နဲ့”
ညာဖက်လက်ဖဝါးမှ ပါးစပ်ကြီးက ရယ်မောလိုက်ပြီးနောက် တိုးနယားကြီး၏ ငယ်ထိပ်ကို ကိုက်ထည့်လိုက်သည့်အခါ တိုးနယားကြီးထံမှ အနီရောင်မိစ္ဆာစွမ်းအင်လုံးကြီးက တိုးထွက်လာပြီး ထိုပါးစပ်ကြီးက ဝါးမြိုစားသောက်လိုက်လေသည်။
တိုးနယားကြီးမှာ ရုတ်ခြည်းပင် အရိုးခြောက်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားလေသည်။ ငခမ်းလည်း ညာဖက်လက်ကို ဆွဲယူလိုက်ပြီးနောက် အဝတ်စနှင့်ပြန်ပတ်လိုက်သည်။
“မင်းစိတ်ကူးမလွဲနဲ့ငခမ်း . . . ငါမရှိရင် မင်းကဘာမှအသုံးမကျတဲ့လူတစ်ယောက်ပဲ”
“အပိုတွေမပြောနဲ့အသေးလေး . . .”
“ငါသတ်လို့သာ တိုးနယားကြီးသေတာ၊ မင်းလို ဒုတ်ခိတ က ဒီမိစ္ဆာကောင်တွေကို သတ်လို့ရမယ်လို့ ထင်နေတာလားကွ၊ ဟား၊ ဟား”
အသေးလေးပြောသည်ကို နားမထောင်တော့ဘဲ ငခမ်းကလက်ကိုပြန်ပတ်ပြီး ကျောကုန်းတွင်ပြန်လည်ချည်ထားလိုက်သည်။ ထို့နောက် ဖုန်မှုန့်များအကြားမှ စည်သူတို့သုံးယောက်က ထွက်လာလေသည်။
“သေပြီလားကွ”
ငခမ်းခေါင်းညိတ်လိုက်လေသည်။ စည်သူက ငခမ်းအား သံသယမျက်လုံးများဖြင့် ကြည့်နေသည်မို့ ငခမ်းက မျက်နှာလွှဲလိုက်သည်။
“ဘယ်လိုလုပ်ပြီး သေသွားတာလဲငခမ်းရ”
“ခင်ဗျားမြင်တဲ့အတိုင်းပဲလေ၊ ကျုပ်ရဲ့ဒူးနဲ့တိုက်လိုက်တော့ ဒီကောင်ကြီးမြေပေါ်ကျပြီး အခုလိုအရိုးကျသွားတာပဲ”
စည်သူလည်း မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ သူတို့လေးယောက် မြေပြင်တွင်လဲကျသေဆုံးနေသည့် အတီးအမှုတ်သမားများထံသို့သွားကြည့်လိုက်သည်။ အတီးအမှုတ်သမားများမှာလည်း အရိုးခြောက်များအဖြစ်ပြောင်းလဲနေသည်။
“ဒီလူတွေက သေပြီးသားလူတွေပဲ၊ တိုးနယားက သူ့အစွမ်းနဲ့ အရိုးစုတွေကို လူယောင်ဖန်ဆင်းပြီးတော့ ခိုင်းစားထားတာနေမှာ”
စည်သူကပြောလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။ ထိုအခါ ရွာသားများက ပုန်းအောင်းနေရာမှ ပြေးထွက်လာကြပြီးနောက် သူတို့အနီးတွင်ရပ်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီးတို့”
“ဘာမှမပြောပလောက်ပါဘူးဗျာ”
အိမ်ရှင်ဦးလေးကြီးက အနီးသို့တိုးကပ်လာပြီး
“ဒီလူတွေကြောင့် ကျုပ်တို့ရွာသားတွေ အသက်ဆုံးနေရတာများပြီ၊ အခု သူရဲကောင်းကြီးတို့နဲ့တွေ့မှပဲ ဒီမိစ္ဆာကောင်တွေ လက်စတုံးသွားပြီး ကျုပ်တို့တွေလည်း အေးအေးချမ်းချမ်းနေလို့ရပြီ”
ထိုဦးလေးကြီးက ရွာသားများကိုကြည့်လိုက်ပြီး
“ကဲ ရွာသားတွေ၊ ငါတို့ရွာကို ကယ်တင်ပေးခဲ့တဲ့ ဒီသူရဲကောင်းတွေကို ငါတို့လိုလေသေးမရှိအောင် ပြုစုလိုက်ကြစို့ဟေ့”
ရွာသားများက ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
(၄)
“တောက်၊ ဒါကဘယ်လိုဖြစ်တာလဲ”
ဦးခွန်သိုက်၏ လက်ထဲတွင်ကိုင်ထားသည့် ကျားဖြူသခင်မ၏ ဦးခေါင်းပြတ်ကြီးကို ကြည့်လိုက်ပြီး ကျားဖြူသခင်ကြီးက ဒေါပွသွားသည်။
“ငါ့ရှင်မ . . . ငါ့ရဲ့ရှင်မ”
ဦးခေါင်းပြတ်ကြီးကို ကိုင်ဆောင်ရင်း ကျားဖြူသခင်ကြီးက ကြေကွဲနေမိသည်။ ထို့နောက် တဖြည်းဖြည်းမျက်နှာတွင် ဒေါသရိပ်များလွှမ်းလာလေသည်။
“ငါ့ရှင်မကို ဘယ်သူလုပ်သွားတာလဲ ခွန်သိုက်”
“လူတစ်ယောက်လုပ်သွားတာပါ”
“ဟင်၊ လူတစ်ယောက်က ကျားဖြူသခင်မကိုတောင် နိုင်တယ်တဲ့လား၊ နောက်ပြီးတော့ ဆမန်းကောင်တွေက ဘယ်လိုသတ်သတ်မသေဘူးဆို”
ဦးခွန်သိုက်လည်း ခေါင်းကုပ်ရင်း
“ဒါကတော့ ထူးဆန်းပါတယ်သခင်ကြီး၊ ကျားဖြူသခင်မကို ဓါးနဲ့ခုတ်သွားတဲ့လူရဲ့ ဓါးက တစ်ခုခုတော့ထူးဆန်းနေပါတယ်၊ ဒါကြောင့်မို့လို့ ကျားဖြူသခင်မ ပြန်ပြီးအသက်မရှင်တာဖြစ်ပါလိမ့်မယ်”
“တောက်၊ အဲဒီလူတွေကို တွေ့အောင်ရှာစမ်း ခွန်သိုက်ရာ”
“ကျွန်တော်တို့လည်း မရမက စုံစမ်းနေပါတယ် သခင်ကြီး”
ကျားဖြူသခင်ကြီးက ကျားဖြူသခင်မ၏ ဦးခေါင်းကြီးကိုပွေ့ပိုက်ထားရင်း ကျားဖြူသခင်မ၏ ပါးပြင်နုနုကို ပွတ်သပ်နေသေးသည်။
“ဓါးဆိုလို့၊ မင်းပြောတော့ ပင့်ကူသံဓါးကို ရထားပြီဆို ခွန်သိုက်”
“မှန်ပါသခင်ကြီး”
ဦးခွန်သိုက်က ထွက်ခွာသွားပြီးနောက် ခုနစ်ပေခန့်ရှည်လျားသည့် ဓါးကြီးတစ်လက်ကို ကိုင်ဆွဲလာခဲ့သည်။ ထိုဓါးကြီးတွင် ဓါးအိမ်မရှိပေ၊ ဓါးကြီးတစ်ခုလုံး အဖြူရောင်သံနှင့်ပြုလုပ်ထားသည်မို့ အရိုးတစ်ချောင်းလို ဆွတ်ဆွတ်ဖြူနေကာ ဝင်းလက်နေသေးသည်။ ထိုဓါးကြီးကို ကျားဖြူသခင်ကြီးက ကိုင်ကြည့်လိုက်သည်။
“ဓါးကတော့ ဓါးကောင်းပဲကွ၊ ဓါးမှာလည်း ကနုတ်ပန်းတွေနဲ့ အပွင့်တွေဖော်ထားပါလား”
“ဒီဓါးက ပင့်ကူဖြူရဲ့သံနဲ့ပြုလုပ်ထားတဲ့ ပင့်ကူသံဓါးပါ၊ ဒီဓါးကို သွန်းလုပ်ခဲ့တဲ့လူကလည်း မောက်မယ်နယ်က ပန်းပဲအကြော်အမော် စိုင်းမုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်”
“ကောင်းတယ်၊ ကောင်းတယ် . . . တစ်ခုရရင် တစ်ခုပြန်ပေးဆပ်ရတာသဘာ၀ပဲ”
ကျားဖြူသခင်ကြီးက ခေါင်းပြတ်ကြီးကိုပိုက်လျှက် စံအိမ်အရှေ့သို့ထွက်ခဲ့သည်။ စံအိမ်အရှေ့ မြက်ခင်းပြင်တွင်တော့ ကျားကြီးများက အသီးသီးအိပ်လှဲနေကြသည်။
“မင်းတို့ကောင်တွေက မင်းတို့သခင်မ အသတ်ခံရတောင်မှ အေးအေးလူလူအိပ်နိုင်ကြသေးတယ်ပေါ့”
ကျားဖြူသခင်ကြီး ပြောဆိုလိုက်တော့မှ ထိုကျားကြီးများမှာ ထထိုင်လိုက်ကြသည်။
“အခုငါပြန်ရောက်လာပြီဆိုတော့ မင်းတို့ကိုငါအလုပ်ပေးရလိမ့်မယ်၊ မင်းတို့ကောင်တွေ ဒီမှာ အားအားရှိ စားလိုက်သောက်လိုက်လုပ်မနေကြနဲ့၊ မင်းတို့သခင်မကို သတ်သွားတဲ့လူကို တွေ့အောင်ရှာကြ၊ ဒီလူကိုတွေ့ပြီး ဖမ်းဆီးနိုင်တဲ့လူကို ဆမန်းကျင့်စဉ် ခုနစ်ဆင့်မြောက်ပညာတွေကို ငါသင်ကြားပေးမယ်”
ထိုတော့မှ ကျားကြီးများမှာ ဟိန်းဟောက်လိုက်ကြလေသည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။