(၁)
(၁)
ကြေးစည်ထုသံကြီးက နေ့ခင်းကြောင်တောင်ကြီးထွက်ပေါ်လာလေသည်။ ရွာအတွင်းမှလူများသည်လည်း ခြံဝန်းအတွင်းလှမ်းထားသည့် အဝတ်အစားများကိုပြေးရုတ်ကြကာ၊ လမ်းမပေါ်တွင်ဆော့ကစားနေကြသည့် သားသမီးများကို အိမ်အတွင်းခေါ်သွင်းလိုက်ကြသည်။ အိမ်ရှေ့တံခါးမကြီးများကိုပိတ်လိုက်ပြီးနောက် ပြတင်းတံခါးများကိုသာဖွင့်ထားကြသည်။ မကြာမီ လူကြီးတစ်ယောက်က ကြေးစည်ကိုကိုင်လာပြီး တနောင်နောင်နှင့် ထုနှက်နေလေသည်။ ထိုကြေးစည်အနောက်မှ ရေအိုးတစ်အိုးရွက်ထားသူတစ်ဦးနှင့်အတူ ကာလသားလေးယောက်ထမ်းလာသည့် ခေါင်းတလားကြီးတစ်ခုက လိုက်ပါလာသည်။
ကြေးစည်ထုသံကြားသည့်အခါ ရွာအတွင်းမှ ခွေးလေခွေးလွင့်များက ဆွဲဆွဲငင်ငင်အူလိုက်ကြလေသည်။ သို့နှင့် ရွာထုံးစံအတိုင်း အသုဘအခမ်းအနားကို ကျင်းပကြလေသည်။ အသုဘပို့ဖြတ်သန်းသွားပြီးသည့်အခါ အိမ်များ၊ ခြံများ၏ အရှေ့တွင် မီးဖိုချောင်မှထွက်သည့် ပြာမှုန့်များကို ဖြူးလျှက် စည်းသဖွယ်တားလိုက်ကြလေသည်။
“ပြာမှုန့်ကိုများများတားနော် မကြည်ရေ”
“တားပါတယ်အမရယ်၊ ဒီနေ့မှ မီးဖိုချောင်က ပြာအထွက်နည်းနေသေးတယ်”
“ဒါနဲ့ အခုသေသွားတဲ့ ဦးစိုးက အစိမ်းသေလို့ပြောတယ်နော်”
“ဟုတ်ရဲ့လားမအေးရယ်၊ တစ်နေ့ကအထိ အကောင်းကြီးမဟုတ်လား”
“ဟုတ်သမှ သိပ်ဟုတ်တာပေါ့၊ ဦးစိုးရဲ့ဆွေမျိုးတွေကြားမှာ အစိမ်းသေလို့အသံထွက်နေလို့ သတင်းတွေလိုက်အုပ်နေရတယ်ဆိုပဲ၊ ဒါပေမယ့် လူ့ပါးစပ်တစ်ပေါက်က ပိတ်ရခက်တယ်မဟုတ်လား”
“ဦးစိုးသာ အစိမ်းသေဆိုရင်တော့ ဒါနဲ့ဆိုရွာမှာ အစိမ်းသေသုံးလောင်းဆက်နေပြီမဟုတ်လား၊ ကျွန်မတော့ဖြင့် ရွာမှာနေရတာ ကြောက်လာပြီ”
“ဟုတ်ပ၊ ဒါကြောင့်လည်း ပြာကိုများများသာဖြူး မကြည်ရေ၊ လိုရင် ငါ့အိမ်က ပြာကိုပါယူအုံး၊ တော်ကြာ မကောင်းတဲ့သရဲတွေက နင့်အိမ်ကိုဝင်လာနေအုံးမယ်”
ရွာသူနှစ်ဦးအချင်းချင်းပြောဆိုနေကြကာ ပြာမှုန့်များကိုဖြူးနေလေသည်။ စင်စစ်အားဖြင့် ဦးစိုးမှာ ရပ်ရွာအတွင်းလူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်သော်လည်း ယခုတော့ သူ့နာရေးက ဆွေမျိုးအရင်းအချာလောက်သာပါသည်။ ဆွေမျိုးနီးစပ်များဆိုလျှင် ဦးစိုး၏နာရေးကို မတက်ရောက်ကြပေ။ အကြောင်းမှာတော့ ရွာတွင် အစိမ်းသေအလောင်းများ ဆက်နေသောကြောင့်ဖြစ်သည်။
ရွာပြင်သုဿန်အနီးသို့အရောက်တွင် လာပို့သူတော်တော်များများမှာ သုဿန်အတွင်းသို့မဝင်ရဲဘဲရှိနေကြသည်။ သို့နှင့် ရွာသူကြီးက အခေါင်းထမ်းထားသူ ကာလသားလေးဦးကို ပိုက်ဆံများထုတ်ပေးလိုက်လေသည်။
“မြကြီး၊ မင်းက ဒီလူတွေထဲမှာအကြီးဆုံးဆိုတော့ မင်းကပဲ သေသေချာချာဦးဆောင်ပြီးတော့၊ ဦးစိုးရဲ့အလောင်းကို သေသေချာချာမြှုပ်ပေးလိုက်ပါကွာ”
မုတ်ဆိတ်မွှေးဗရပွနှင့် ကိုမြကြီးက အရှေ့သို့တိုးလာပြီးနောက် သူကြီးပေးသည့် ပိုက်ဆံများကိုယူလိုက်လေသည်။ ထို့နောက် ထိုပိုက်ဆံများကို အိတ်ကပ်အတွင်းသို့ အလျှင်အမြန်ထည့်လိုက်သည်။ သူကြီးက ကိုမြကြီးကိုသေသေချာချာလက်ညှိုးထိုးပြီး
“မြှုပ်ပြီးရင် မင်းတို့ရွာပြင်က ချောင်းမှာ သေသေချာချာရေမိုးချိုး၊ ခေါင်းလျှော်ကြ၊ သုဿန်က မြေတစ်မှုန်တောင် တို့ရွာထဲကို ပါမလာစေနဲ့၊ အပြန်ကျရင်လည်း လေးယောက်လူခွဲပြီးတော့ လမ်းကိုကွေ့ကွေ့ကောက်ကောက်လျှောက်ပြီးပြန်လာခဲ့၊ ရွာအဝင်မှာ ငါတို့ ဇီးကိုင်းတွေချထားမယ်၊ အဲဒါကို ကျော်ပြီးမှဝင်ခဲ့ကြ၊ ဟုတ်ပြီလား”
ရွာသူကြီးက ရှေးထုံးတမ်းစဉ်လာများအတိုင်း စီစဉ်စရာရှိသည်များကိုမှာကြားပြီးနောက် သုဿန်အတွင်းသို့ပင်မဝင်တော့ဘဲပြန်လှည့်သွားလေသည်။ သူကြီးနှင့်လူကြီးများပြန်သွားသည့်အခါ ကိုစိုး၏ဇနီးနှင့် သားသမီးများပင် ဆက်မနေဝံ့တော့ဘဲ ပြန်သွားကြလေသည်။
“ဟေ့ကောင်တွေ၊ လာကြ၊ သူ့ကိုငါတို့မြေမြှုပ်ကြမယ်”
ကျန်သည့်ကာလသားသုံးယောက်ကို ကိုမြကြီးကခေါ်လိုက်သည်။ ထိုအခိုက် ဆောင်းလေတစ်ချက်ဝှေ့သွားသဖြင့် သုဿန်ပတ်ပတ်လည်တွင်ပေါက်နေသည့် သစ်ပင်ကြီးများမှာ ရှဲခနဲမြည်အောင်လှုပ်ယမ်းသွားသည့်အခါ ကာလသားများမှာ တုန်ယင်သွားကြလေသည်။
“ကိုမြကြီးရာ၊ ကျုပ်တို့တော့ကြောက်တယ်ဗျ”
“အောင်မယ်လေးကွာ၊ နေ့ခင်းကြောင်တောင်ကြီး ဘာကြောက်စရာရှိလို့လဲ၊ ကြောက်တဲ့ကောင်ပြန်လို့ရတယ်၊ မကြောက်တဲ့ကောင်နေခဲ့”
ထိုအခါ ကာလသားတစ်ယောက်က လှည့်ပြန်ပြေးလေရာ၊ ကျန်သည့်ကာလသားနှစ်ယောက်လည်း ထွက်ပြေးကြလေသည်။ ကိုမြကြီးက ထွက်ပြေးသည့်သူများကိုကြည့်ရင်း
“ဟေ့ကောင်တွေ၊ မင်းတို့နောက်မှာ ဘာကောင်ကြီးလည်းမသိဘူး”
ထိုသို့အော်လိုက်ရာ ကာလသားများမှာ ဖဝါးနှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးကြလေသည်။ ကိုမြကြီးကလည်း ထိုသူများကိုကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မောနေမိသည်။ ထို့နောက် သုဿန်အဝင်၀တွင် ကျန်နေခဲ့သည့် အခေါင်းကြီးကိုကြည့်လိုက်ကာ
“ကဲ၊ ကိုစိုးရေ၊ အခုတော့ ခင်ဗျားနဲ့ကျုပ်နဲ့ နှစ်ယောက်တည်းပဲ ကျန်ခဲ့တော့တာပေါ့ဗျာ”
ထို့နောက် ကိုမြကြီးက အခေါင်းကြီးကိုလက်နှစ်ဖက်နှင့်မတင်လိုက်ပြီးနောက် ခါးစောင်းပေါ်သို့စွေ့ခနဲတင်လိုက်ကာ သုဿန်အတွင်းသို့ ဝင်သွားလေသည်။ လူလေးယောက်သယ်ဆောင်ရသည့် အခေါင်းကို ကိုမြကြီးတစ်ယောက်တည်း သယ်နိုင်သည်မှာ ထူးဆန်းပေစွ။
(၂)
အချိန်ကား လွတ်လပ်ရေးရပြီးခါစအချိန်ဖြစ်သည်။
ပြောင်းပြာရွာကြီးမှာ ကြီးမားသည့်ရွာကြီးတစ်ရွာဖြစ်သည်။ အိမ်ခြေထောင်ကျော်ရှိကာ လူဦးရေလည်းထူထပ်သည်။ ပြောင်းပြာရွာအနီးတွင် လယ်ကွင်းများပေါများသည့်အတွက် လယ်စိုက်သူများပြားသည်။ ထိုမျှမကသေး အင်းအိုင်များလည်း ပေါများရာ ရေလုပ်ငန်းလုပ်ကိုင်သူများလည်းရှိသည်။ ပြောင်းပြာရွာအနောက်ဘက်ယွန်းယွန်းတွင် ပဲခူးရိုးမတောင်တန်းကြီးတည်ရှိကာ မှိုင်းညို့နေလေသည်။
ရွာသူကြီးနှင့် ရွာခံများမှာ ရွာထိပ်တွင် ကိုမြကြီးပြန်အလာကိုစောင်hနေကြသည်။ သို့သော် ညနေမိုးချုပ်သည်အထို ကိုမြကြီးမှာပြန်မလာပေ၊ ရွာသားများမှာလည်း ညဘက်ရွာပြင်တွင်မနေဝံ့သဖြင့်
“ဇီးကိုင်းတွေကို ဒီအတိုင်းသာထားခဲ့လိုက်သူကြီးရာ၊ မြကြီးလာရင် ကျော်ခွသွားမှာပေါ့ဗျာ”
သို့နှင့် ဇီးကိုင်းများကို ရွာအဝင်၀တွင်ချထားလိုက်ရတော့သည်။ သူကြီးက သက်ပြင်းချလိုက်ပြီးနောက်
“နောက်ထပ် အစိမ်းသေတွေ မသေပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်ကွာ”
သူကြီးတို့လူစုလည်း ရွာထဲသို့ပြန်ဝင်ခဲ့တော့သည်။ ညနက်လာပြီဖြစ်သဖြင့် ပြောင်းပြာရွာကလေးက တိတ်ဆိတ်နေလေသည်။ ထိုစဉ် ရွာအတွင်းမှခွေးများက တစ်ခုခုကိုထိုးဟောင်နေကြလေသည်။ မကြာမီ ခွေးများမှာ အသံရှည်ကြီးဖြင့် အူနေလေသည်။ ရွာသူရွာသားများမှာ မီးခွက်များမထွန်းရဲဘဲ ခွေးအူသံကိုနားစွင့်ရင်း ကြောက်လန့်နေကြရသည်။
နောက်နေ့မနက်
“ဟေ့ကောင်မြကြီး၊ မင်းညက ရွာကိုဘာလို့ပြန်မလာတာလဲ”
အရက်ဆိုင်တွင်ထိုင်နေသည့် ကိုမြကြီးကိုတွေ့သည့်အခါ သူကြီးပြောဆိုလိုက်သည်။ ကိုမြကြီးကလည်း ခေါင်းကုပ်လျှက်
“ဟုတ်တယ်သူကြီး၊ ဦးစိုးအလောင်းကိုမြေချပြီးတော့ ပင်ပန်းသွားတာနဲ့၊ ကျုပ်လည်း သုဿန်ဇရပ်မှာအိပ်ပျော်သွားတာ”
“မင်းကတော့ တော်တော်သတ္တိကောင်းတဲ့ကောင်ပဲကွာ၊ ဒါနဲ့ငါတို့ပြောတဲ့အတိုင်း မင်းလုပ်ရဲ့လား”
“စိတ်ချပါသူကြီးရဲ့၊ ကျုပ်ရွာပြင်ကချောင်းထဲရေမိုချိုးပြီးတော့မှ ဇီးကိုင်းကိုဖြတ်ပြီးဝင်လာတာပါ”
“အေးကွာ၊ မင်းကသာမကြောက်တယ်၊ ရွာကလူတွေကတော့ အတော်လန့်နေတာကွ”
ရွာသူကြီးထွက်သွားသည့်အခါ ကိုမြကြီးက အရက်တစ်ခွက်ကို ငှဲ့သောက်လိုက်လေသည်။ အရက်ဆိုင်မှ ကိုတက်ပုက သူ့အနားသို့လာထိုင်ပြီး
“ဒါနဲ့ကိုမြကြီး၊ ခင်ဗျားက အရင်တုန်းက တောင်သာရွာမှာ နေခဲ့တာဆိုဗျာ”
ကိုမြကြီးမျက်နှာတစ်ချက်ပျက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။
“ဒါနဲ့ ကျုပ်ဟိုရက်က တောင်သာရွာကိုရောက်တော့ ခင်ဗျားကိုမေးတာ သူတို့မသိကြဘူးတဲ့”
“ဟာဗျာ၊ အဲဒီလူတွေကတော့ တော်တော်ဆိုးတဲ့လူတွေပါလား၊ တောင်သာရွာမှာ မြကြီးဆိုရင် မသိတဲ့လူမရှိသလောက်ပဲဗျ၊ ခင်ဗျားက ဘယ်သူ့သွားမေးလို့တုန်း”
“အင်းလေ၊ ကျုပ်မေးတဲ့လူက ခင်ဗျားကိုသိပုံမရပါဘူးဗျာ၊ ကဲ ခင်ဗျားသောက်စရာရှိတာသောက်”
ကိုမြကြီးက ကိုတက်ပုကို မတ်စေ့တစ်စေ့ထုတ်ပေးလေသည်။
“ရော့၊ ကိုတက်ပုရာ ဟောဒီမှာပိုက်ဆံကြိုယူထား၊ ကျုပ်မှာငွေများများစားစားမရှိဘူး၊ ခင်ဗျားတစ်မတ်ဖိုးပဲ ကျုပ်ကိုရောင်းဟုတ်ပြီလား”
ကိုတက်ပုက တမတ်စေ့ကိုသေသေချာချာကြည့်လိုက်သေးသည်။
“ဟေ့လူ ကိုမြကြီး၊ ခင်ဗျားမတ်စေ့က မသာပါးစပ်ထဲက မတ်စေ့တော့မဟုတ်ပါဘူးနော်”
ကိုမြကြီးကပြုံးလိုက်ပြီး
“ခင်ဗျားဗျာ၊ ပေါက်ပေါက်ရှာရှာ မတ်စေ့မြင်တိုင်း လူသေပါးစပ်ထဲကလို့ ထင်နေသလားဗျ”
ကိုတက်ပုလည်း ဘာမှမပြောတော့ဘဲ မတ်စေ့ကိုအိတ်ကပ်ထဲသို့ထည့်လိုက်တော့သည်။ ကိုမြကြီးလည်းအရက်တစ်မတ်ဖိုးသောက်ပြီးနောက် ဒယိမ်းဒယိုင်ဖြင့်အရက်ဆိုင်ထဲမှထွက်လာခဲ့သည်။ ထို့နောက်ရွာပြင်သို့ထွက်ခဲ့ပြီး ကွင်းစပ်ရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ကျောခင်းကာ အိပ်စက်လိုက်တော့သည်။
စင်စစ်အားဖြင့် ကိုမြကြီးမှာ တစ်ခါက ပြောင်းပြာရွာသားတစ်ဦးဖြစ်သည်။ သို့သော် ပြောင်းပြာရွာခံတစ်ယောက်တော့မဟုတ်ပေ၊ ပြောင်းပြာရွာနှင့် အတော်လှမ်းသည့် တောင်သာရွာမှ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြောင်းပြာရွာရှိ သစ်ခွဲစင်တွင် သစ်ဆွဲဝင်လုပ်ရာမှာ ပြောင်းပြာရွာသူ မသဲဖြူနှင့် အိမ်ထောင်ရက်သားကျကာ ပြောင်းပြာရွာသားဖြစ်သွားသည်။ သို့သော် မသဲဖြူနှင့်ပေါင်းပြီး ခြောက်လခန့်အကြာတွင် မသဲဖြူက ကိုမြကြီးနှင့် ရန်ဖြစ်ကာအိမ်ပေါ်မှဆင်းသွားလေသည်။ ကိုမြကြီးထံကို မသဲဖြူပြန်မလာတော့သည့်အတွက် ကိုမြကြီးသာ ရွာတွင်သောင်တင်ကာ ကျန်နေခဲ့သည်။ သစ်ဆွဲသည့်အလုပ်ကို တစ်စိုက်မတ်မတ် မလုပ်တော့ဘဲ ကြုံရာကျပန်းအလုပ်ကိုသာလုပ်ကိုင်သည်။ မသဲဖြူနှင့်အတူ နေထိုင်ခဲ့သည့်တဲကလေးပြိုသွားသည့်အခါ တဲအသစ်မဆောက်တော့ဘဲ တွေ့ရာနေရာ ကျောခင်းပြီး အိပ်လေ့ရှိသည်။
(၃)
“ဝှီး . . . ဖုတ်”
နားထဲတွင် ဆူညံသံများကိုကြားလိုက်ရပြီး သစ်ပင်ပေါ်မှ သစ်ရွက်များနှင့် သစ်ကိုင်းများ ပြုတ်ကျလာသဖြင့် ကိုမြကြီးတစ်ယောက်မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ သူအိပ်နေသည့် ကွင်းစပ်အနီးတွင် ကျွဲကျောင်းသားလေးနှစ်ယောက်က လေးခွတစ်ယောက်တစ်လက်ဖြင့် ကျွဲစီးနေကြလေသည်။
“ဟေ့ကောင်တွေ၊ မင်းတို့ငါ့ကို ဘာလုပ်တာလဲကွ”
ကျွဲကျောင်းသားလေးများမှာ ကျွဲစီးလျှက်
“တောင်းပန်ပါတယ်ဦးလေးကြီးရာ၊ ကျုပ်တို့က သစ်ပင်ပေါ်က ချိုးပစ်ရင်း ဦးလေးကြီးအိပ်နေတာကိုမတွေ့လို့ပါဗျ”
ကိုမြကြီးက ဒေါသထွက်ထွက်နှင့် မတ်တပ်ရပ်လိုက်သည်။ အနားမှကျောက်တုံးတစ်တုံးကိုကောက်လိုက်ပြီးနောက် ကျွဲကျောင်းသားကလေးများကို လှမ်းပစ်ရန်ကြံရွယ်လိုက်သည်။ သို့သော် သူ့ခေါင်းထဲ အကြံတစ်ခုဝင်လာလေသည်။
“ရပါတယ်ကွာ၊ ဒါနဲ့ မင်းတို့ချိုးစားချင်လို့လားကွ”
ကျွဲကျောင်းသားကလေးများမှာ အနီးသို့ကပ်လာလေသည်။ ကိုမြကြီးက ကျွဲကျောင်းသားကလေးတစ်ဦးဆီမှ လေးခွလှမ်းတောင်းလိုက်သည်။
“မင်းတို့တွေ တော်တော်လက်မတည့်တဲ့ကောင်တွေပဲ၊ ပေးစမ်းလေးခွ၊ ငါပစ်ပြမယ်”
ကိုမြကြီးက လေးခွကိုလှမ်းယူလိုက်ပြီး သစ်ပင်ပေါ်တွင် အသိုက်ဝပ်နေသည့် ချိုးငှက်မတစ်ကောင်ကိုချိန်ရွယ်ကာ ပစ်ခတ်လိုက်လေသည်။ လောက်စာလုံးက ချိုးမဦးခေါင်းကိုတည့်တည့်ထိသွားပြီး ချိုးမမှာပြုတ်ကျလာလေသည်။ ကျွဲကျောင်းသားကလေးများမှာ ပျော်မြူးပြီး ပြေးကောက်ကြသည်။
“ဟေး၊ ချိုးရပြီကွ”
“ချိုးလောက်တော့ မစားချင်ပါနဲ့ကွာ၊ အသားမှမရှိတာ၊ မင်းတို့စားချင်တယ်ဆိုရင် တောတန်းဘက်သွားပစ်ကွ၊ အဲဒီမှာ ရစ်တွေရှိတတ်တယ်”
ကျွဲကျောင်းသားကလေးနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“သွားပစ်ကြရအောင် ဒိုးလုံး”
“ဟာကွာ၊ တောတန်းဘက်ကိုမသွားနဲ့လို့ ငါ့အမေက မှာထားတယ်၊ အပြူးရ”
အပြူးဆိုသည့် ကျွဲကျောင်းသားကလေးက သွားချင်သော်လည်း ဒိုးလုံးဆိုသည့် ကျွဲကျောင်းသားကလေးကတော့ သွားချင်ပုံမရပေ၊ ကိုမြကြီးက အပြူးကိုကြည့်လိုက်ပြီး
“မင်းတို့လိုက်ချင်လိုက်ခဲ့၊ ငါကတော့ တောတန်းဘက်သွားလိုက်အုံးမယ်ကွာ၊ ရစ်ကိုထောင်ဖမ်းပြီးတော့ ရစ်သားမွှေးမွှေးလေး စားလိုက်အုံးမယ်ဟေ့”
ကိုမြကြီးက လှည့်ထွက်သွားသည့်အခါ ကျွဲကျောင်းသားလေးနှစ်ယောက်က တိုင်ပင်နေပုံရသည်။
“မင်းသွားချင်ရင်လိုက်သွားကာ၊ ငါဒီကွင်းထဲက စောင့်နေမယ်”
“အေး၊ ဒါဆိုလည်းပြီးရောကွာ၊ မင်းဒီမှာပဲစောင့်နေ၊ ရစ်တွေရတဲ့အခါ ငါမင်းအတွက်ပါ ပိုသယ်လာခဲ့မယ်”
နောက်ဆုံးတော့ အပြူးကသာ ကိုမြကြီးနှင့်လိုက်ခဲ့ပြီး ဒိုးလုံးကတော့ ကွင်းထဲတွင် ကျွဲတစ်အုပ်နှင့်စောင့်ကျန်နေခဲ့လေသည်။
ကိုမြကြီးက အရှေ့မှခြေလှမ်းကျဲကြီးဖြင့်သွားနေသည်။ အပြူးကလည်း ကျွဲစီးရင်းအနောက်မှလိုက်လာသည်။ တောတန်းကလေးက တိတ်ဆိတ်နေလေသည်။ ယခင်က ထိုတောတန်းကလေးထဲတွင် မှိုရှာ၊ မျှစ်ရှာသူများရှိတတ်သော်လည်း အခုတော့ ရွာသားများမှာ ရွာအပြင်မထွက်ဝံ့ကြသဖြင့် လူသူကင်းမဲ့နေလေသည်။ တောတန်းထဲတွင် သစ်ပင်ချုံနွယ်ထူထပ်သဖြင့် ကျွဲစီးမရတော့သောကြောင့် အပြူးက ကျွဲကိုတောစပ်တွင်ချည်ခဲ့ကာ ကိုမြကြီးအနောက်လိုက်လာခဲ့သည်။
“ဦးလေးကြီး ဘယ်သွားနေတာလဲ”
“လာစမ်းပါကွ၊ တောစပ်မှာ ရစ်ရှိပါ့မလားကွာ၊ မင်းကလဲ”
အပြူးက ကိုမြကြီးအနောက်လိုက်လာရင်း ဝါးရုံပင်ကြီးတစ်ခုအောက်သို့ရောက်လာခဲ့သည်။ ကိုမြကြီးက ဝါးရုံပင်အခြေမှ မြေပုံတစ်ခုကိုလက်ဖြင့်တူးဖော်လိုက်သည်။ ထိုအခါ တစ်တောင်ခန့်ရှိသည့် ဓါးမတစ်ချောင်းထွက်လာလေသည်။
“ဓါးက ဘာလုပ်တာလဲ”
“မင်းကလည်းကွာ ရစ်ရတော့ ရင်တွေဘာတွေခွဲဖို့ပေါ့ကွ”
သို့နှင့် တောတန်းထဲသို့ဆက်လျှောက်ခဲ့ရာ မကြာခင် ချုံကြီးတစ်ချုံအနီးသို့ရောက်လာခဲ့သည်။ ကိုမြကြီးက ချုံအတွင်းတွင်ရပ်လိုက်ပြီး
“ကြားလားကွ၊ ရစ်သံတွေ”
တကွိကွိ၊ တကွကွဖြင့်အော်နေသည့် ရစ်သံများကိုကြားနေရပြီဖြစ်သည်။ အပြူးကလေးခွကိုအသင့်ပြင်ထားလိုက်သည်။
“မင်းဒီမှာစောင့်နေ၊ ငါဟိုဘက်က ပတ်သွားပြီးတော့ ရစ်ကိုမောင်းမယ်၊ သူဒီဘက်ကိုပြေးလာတဲ့အခါ မင်းထိအောင်ပစ်စမ်းကွာ၊ဟုတ်ပြီလား”
အပြူးကခေါင်းညိတ်ပြသဖြင့် ကိုမြကြီးလည်း ချုံထဲမှထွက်သွားလေသည်။ အပြူးကတော့ ရစ်များထွက်လာလျှင် အသင့်ပစ်ခတ်ရန်အတွက် လေးခွကိုအဆင်သင့်ပြင်ထားကာ ချုံကွယ်ထဲမှာ စောင်hနေတော့သည်။
အပြူးတွင်နာရီမပါသော်လည်း အချိန်နာရီဝက်ခန့်ကြာပြီဟုထင်ရသည်။ ရစ်ငှက်အော်သံများကိုကြားနေရသော်လည်း ခပ်လှမ်းလှမ်းမှဖြစ်သည်။ ထိုအခိုက် တောတိုးသံများကိုကြားရသည်။ ရစ်ငှက်များက ဆူညံစွာအော်ဟစ်လျှက် တဖြည်းဖြည်းနီးကပ်လာလေသည်။
“ကိုမြကြီး ရစ်တွေကိုခြောက်ထုတ်လိုက်တာပဲဖြစ်မယ်”
လက်ထဲတွင် လောက်စာလုံးသုံးလုံးခန့်ထည့်လိုက်ကာ လောက်စာလုံးတစ်လုံးကို လောက်စာအိမ်ထဲတွင်ထည့်လျှက် အသင့်အနေအထားနှင့်စောင့်နေလိုက်သည်။ ရစ်က အကောင်အတော်များလောက်သည်၊ အော်ဟစ်ရင်း တဖြည်းဖြည်းနီးကပ်လာပြီးနောက် ချုံကွယ်တစ်ခုမှ ရစ်ဆယ်ကောင်ခန့်ပြေးထွက်လာလေသည်။
“ရော့ကွာ . . .”
အပြူးက လောက်စာလုံးတစ်လုံးကို အရှိန်ပြင်းပြင်းနှင့်ပစ်လွှတ်လိုက်သည့်အခါ ပြေးထွက်လာသည့်ရစ်များအနက်မှ ရစ်တစ်ကောင်ကိုထိမှန်သွားလေသည်။ သို့သော်ရစ်မှာ မသေဘဲ ဆက်လက်ထွက်ပြေးရာ အပြူးက ရစ်အနောက်သို့လိုက်လာခဲ့သည်။ ရစ်မှာခြေထောက်ထိသွားသဖြင့် သိပ်မပြေးနိုင်တော့ပေ၊ အပြူးလောက် လေးခွဖြင့် နောက်တစ်ချက်ထပ်ပစ်လိုက်သည့်အခါမှသာ ရစ်ကောင်နောက်စေ့ကိုထိပြီး အရှေ့သို့ကျွမ်းပစ်ကာ လဲကျသွားလေသည်။
“ရပြီဟေ့ . . .”
အပြူးက ပျော်ရွှင်စွာဖြင့် ရစ်ကောင်ကိုပြေးကောက်လိုက်သည်။ ထိုအခါ သူ့အရှေ့တွင် လူတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုလူကိုသေချာကြည့်လိုက်သည့်အခါ အပြူးကအလွန်အံ့ဩသွားလေသည်။ ထိုလူမှာ အဝတ်အစားမပါသည့် မိန်းမတစ်ယောက်ဖြစ်သည်။ ရှည်လျားလှသည့် ဆံပင်ကြီးများကိုဖျားလျားချထားပြီး ကိုယ်လုံးတွင်လည်း ဆေးမင်ကြောင်များကို တစ်ကိုယ်လုံးနီးပါးရေးထိုးထားလေသည်။
“ခင် . . . ခင်ဗျားဘယ်သူလဲ”
ထိုအခိုက် ထိုမိန်းမကြီးမှာ အပြူးဆီသို့အပြေးခုန်ဝင်လာလေသည်။
“အား . . . . “
အပြူးအော်သံက တောတန်းကလေးအတွင်း ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
(၄)
အော်သံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် ကျွဲစီးနေသည့် ဒိုးလုံးမှာ တောတန်းဘက်ဆီသို့လှည့်ကြည့်လိုက်မိသည်။
“ဘယ်သူအော်လိုက်တာလဲမသိဘူး”
ကွင်းတစ်ဖက်တွင် တောတန်းကလေးကို လှမ်းမြင်တွေ့နေရသည်။ ငှက်တစ်ချို့က တောတန်းကလေးအတွင်းမှ ပျံသန်းထွက်ခွာသွားလေသည်။ ဒိုးလုံးလည်း အပြူးကိုစိတ်ပူသွားသဖြင့် တောတန်းကလေးဆီသို့ ကျွဲစီးကာလာခဲ့သည်။ သို့နှင့် တောတန်းအနီးရောက်လာခဲ့သည်။
“အပြူးရေ . . . အပြူး”
ဒိုးလုံးက တစ်ချက်အော်ခေါ်ရင်း ဆက်လာခဲ့ရာ မကြာခင် အပြူးစီးနေကျ ကျွဲကြီးအနားသို့ရောက်ခဲ့သည်။ ကျွဲကြီးကို သစ်ပင်တစ်ပင်တွင် ချည်ထားခြင်းဖြစ်သည်။
“အပြူးရေ . . . အပြူး”
ဒိုးလုံးက တောတန်းကလေးကို အကဲခတ်ကြည့်နေစဉ်မှာပင် တောတန်းအတွင်းမှ လူတစ်ယောက်က သွေးရူးသွေးတန်းဖြင့်ပြေးထွက်လာလေသည်။ ပြေးထွက်လာသူကတော့ ကိုမြကြီးဖြစ်သည်။ ကိုမြကြီးက ဒိုးလုံးကိုမြင်သည့်အခါ
“ဒိုးလုံးရေ၊ ကယ်ပါအုံး”
“ဘာဖြစ်တာလဲ ဦးလေးကြီး”
“မင်းသူငယ်ချင်းအပြူး၊ တောထဲမှာ ပိုးထိလို့ကွ”
“ဗျာ . . .”
ဒိုးလုံးလည်းအလွန်စိတ်ပူသွားသည်။ ကိုမြကြီးက
“အဲဒါ မင်းနဲ့ငါနဲ့ ဒီကောင့်ကို ရွာကိုသယ်သွားကြရအောင်ကွာ”
ဒိုးလုံးလည်းခေါင်းညိတ်လိုက်ပြီးနောက် ကိုမြကြီးအနောက်သို့ပြေးလိုက်လာခဲ့သည်။ သူငယ်ချင်းဖြစ်သူ မြွေကိုက်ခံရသည်ဟုဆိုသဖြင့် ဒိုးလုံးလည်း စိတ်တွေပူပန်နေမိသည်။ ဘာမှမစဉ်းစားဘဲ ကိုမြကြီးပြေးသည့်အနောက် လိုက်လာခဲ့မိသည်။
ပြေးရင်းလွှားရင်းနှင့်မှ ခေါင်းထဲအတွေးမျိုးစုံကဝင်လာသည်နှင့် ရပ်တန့်လိုက်မိသည်။
“နေစမ်းပါအုံး၊ ပိုးထိတယ်ဆိုရင် ရွာကိုသွားပြီးအကြောင်းကြားရမှာပေါ့”
ဒိုးလုံးတွေဝေသွားမိသည်။
“နောက်ပြီးတော့ ဒီဦးလေးကြီးက အပြူးကိုချီပိုးလာလို့ရရဲ့သားနဲ့ ဘာလို့ချီပြီးမထွက်လာတာလဲ”
ဒိုးလုံးစဉ်းစားမိချိန်တွင် တောတန်းအလယ်သို့ရောက်နေပြီဖြစ်သည်။ သူ့အနားတွင် ကိုမြကြီးလည်းမရှိတော့ပေ။
“ဦးလေးကြီး . . . ဦးလေးကြီး”
ဒိုးလုံးက တောတန်းအတွင်းအသံပေးကာ လိုက်ရှာနေမိသည်။
“ဦးလေးကြီး . . . အပြူး . . . “
တောတန်းအတွင်းလှည့်ပတ်သွားနေသော်လည်း လူရိပ်လူခြေပင်မတွေ့ရတော့ပေ။ ထိုအခိုက်သူ့အနီးမှ ချုံများတွင် ချုံတိုးသံများကြားရသည်။ ချုံတိုးသံက တဖြည်းဖြည်းနီးလာခဲ့သည်။
“ဦးလေးကြီးလား၊ အပြူးလား . . .”
ဒိုးလုံးလည်း ချုံတိုးသံအနောက်ကို အပြေးလိုက်လာမိသည်။ နောက်ဆုံးတွင် သူ့အားကျောပေးရပ်နေသည့် မိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုမိန်းမကြီးက ဆံပင်အရှည်ကြီးများနှင့်ဖြစ်ပြီးဆံပင်တွေက တံခေါက်ကွေးလောက်အထိရှိလေသည်။
“ဟေ့ . . . ဟိုအဒေါ်ကြီး”
ဒိုးလုံးက ခေါ်ရင်းအနီးသို့တိုးကပ်သွားသည်။ ထိုမိန်းမကြီးက သူခေါ်တာကိုမကြားသည့်နှယ် လှည့်ပင်မကြည့်ပေ။
“အဒေါ်ကြီး . . . ကျုပ်ခေါ်တာကြားလား”
ဒိုးလုံးက စိတ်မရှည်သဖြင့် ထိုမိန်းမကြီးဆံပင်ကိုလက်ဖြင့်တို့လိုက်သည်။ ထိုအခါ ထိုမိန်းမကြီးက ဆတ်ခနဲသူ့ဘက်သိုလှည့်လိုက်သည်။
“အား . . .”
ကြောက်မက်ဖွယ်မျက်နှာကြီးကို မြင်တွေ့လိုက်ရပြီး ဒိုးလုံးထိတ်လန့်ကာ အော်ဟစ်လိုက်သည်။ ဒိုးလုံးက အနောက်သို့လှည့်ပြေးမည်အလုပ်တွင် သူ့ဇက်ပိုးတွင် ဖြောင်းခနဲအသံကြားလိုက်ပြီး နာကျင်မှုဝေဒနာကိုခံစားလိုက်ရကာ အရှေ့သို့ဟပ်ထိုးလဲကျသွားပြီး လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားတော့သည်။
ကိုမြကြီးက လဲကျသွားသည့် ဒိုးလုံးကိုကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ ဝါးရင်းတုတ်ကိုပစ်ချလိုက်သည်။
“သေပြီလားမသိဘူး”
ထိုမိန်းမကြီးက ပြောဆိုသည့်အခါ ကိုမြကြီးက ဒိုးလုံးအနီးသို့တိုးကပ်သွားပြီး လည်ပင်းကိုစမ်းကြည့်လိုက်သည်။
“သေတော့မသေသေးပါဘူး သဲဖြူရဲ့”
“ဒါဆိုရင်လည်း ခေါ်လာခဲ့ပေါ့တော်”
ကိုမြကြီးက မေ့မြောနေသည့် ဒိုးလုံးကိုပွေ့ချီလိုက်ကာ ပုခုံးတွင်တင်ထမ်းလျှက် မသဲဖြူဦးဆောင်ရာအနောက်သို့ လိုက်သွားလေသည်။
(၄)
အေးစက်လှသည့် အထိအတွေ့ကြောင့် ဒိုးလုံးလန့်နိုးသွားလေသည်။ ပတ်ဝန်းကျင်က တစ်ခွင်လုံးက မှောင်မိုက်နေသည်။ သူ့အရှေ့ခပ်လှမ်းလှမ်းတွင်တော့ မီးပုံတစ်ပုံကိုတွေ့လိုက်ရသည်။ ဒိုးလုံးက ခြေလက်များကို ရုန်းကန်လှုပ်ရှားကြည့်သည့်အခါ ရုန်းမရဘဲ ကြိုးများဖြင့်ချည်နှောင်ထားသည်ကို ခံစားလိုက်ရသည်။ သူ့ခေါင်းပေါ်မှ အလွန်အေးမြလှသည့်ရေများက တစ်စက်တစ်စက် ကျနေသဖြင့် ကျောက်ဂူကြီးတစ်ခုဖြစ်မည်ဟု ခန့်မှန်းလိုက်မိသည်။
ဝေဝါးနေသည့် မျက်လုံးများကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း သူ့နံဘေးနားတွင် ကြိုးဖြင့်တုပ်နှောင်ခံထားရသည့် အပြူးကိုတွေ့လိုက်ရသည်။
“အပြူး . . .ဟေ့ကောင်အပြူး”
အပြူးကမနိုးသေးပေ၊ သို့နှင့် ဒိုးလုံးက တဖြည်းဖြည်းချင်းလှိမ့်သွားလိုက်ပြီးနောက် အပြူးအနီးသို့တိုးကပ်သွားသည်။ ထို့နောက်အပြူးအား ကိုယ်လုံးဖြင့်တိုက်သည်။ သုံးလေးချက်ခန့်တိုက်ပြီးသည့်အခါ အပြူးမှာနိုးလာလေသည်။
“ဟေ့ကောင်အပြူး . . . ထတော့ကွ”
အပြူးက ဟိုဟိုသည်သည်ကြည့်ရင်း
“ငါ . . . ငါတို့ဘယ်ရောက်နေတာလဲ ဒိုးလုံး”
“ငါလည်း စဉ်းစားမရဘူးကွ၊ ငါမှတ်မိတာကတော့ ဦးမြကြီးအနောက်ကို ပြေးလိုက်လာခဲ့တာပဲ”
“အား . . . ကျွတ် . . ကျွတ်၊ ငါလည်းမှတ်မိပြီကွ၊ ငါတောထဲမှာရစ်ပစ်မလို့လုပ်ရင်း . . . သရဲ . . . ဟုတ်တယ်၊ သရဲမကြီးတစ်ကောင်နဲ့တွေ့ခဲ့တာကွ”
“အောင်မာ၊ ငါ့ကိုများ သရဲမကြီးတဲ့”
အသံကြားရာသို့လှည့်ကြည့်လိုက်ရာ ဆံပင်ဖျားလျား၊ ကိုယ်လုံးတီးကြီးနှင့် မိန်းမကြီးတစ်ဦးဖြစ်နေလေသည်။ အပြူးနှင့် ဒိုးလုံးလည်း ကြောက်လန့်ပြီးအော်ဟစ်လိုက်ကြသည်။
“အား . . . အား”
သရဲမကြီးက နားနှစ်ဖက်ကိုလက်နှင့်ပိတ်ထားလိုက်သည်။ အပြူးတို့အော်သံက ကျောက်ဂူကြီးအတွင်း ပဲ့တင်ထပ်ပြီး ဆူညံနေလေသည်။
“တိတ်စမ်းကောင်လေးတွေ၊ မတိတ်ဘူးဆိုရင် နင်တို့လျှာကိုဖြတ်ပစ်မယ်”
ထိုသရဲမကြီးက ပြောဆိုပြီး မီးပုံနံဘေးချထားသည့် ဓါးမြှောင်တစ်ချောင်းကို ကောက်ကိုင်လိုက်တော့မှ အပြူးတို့နှစ်ယောက် အသံတွေတိတ်သွားသည်။
“ခင် . . . ခင်ဗျားဘယ်သူလဲ”
“ဟား၊ ဟား ငါက နင်တို့ကိုပြန်မေးရမှာ၊ နင်တို့တွေက ဘယ်သူတွေလဲ”
“ကျုပ် . . . ကျုပ်က ဦးသာ၀ရဲ့မြေး အပြူးပါ”
အပြူးက လျှင်မြန်စွာဖြေလိုက်သည်။ ထိုအခါ သရဲမကြီးက
“ဦးသာ၀ဆိုပါလား၊ ဒါဆိုနင်က မယ်ခင့်ရဲ့သားပေါ့”
အပြူးကခေါင်းညိတ်လိုက်သည်။ သရဲမကြီးက ဒိုးလုံးကိုကြည့်လိုက်သည့်အခါ ဒိုးလုံးကလည်း။
“ကျုပ် . . . ကျုပ်က ဒေါ်လှသောင်းရဲ့သားအငယ်ဆုံးပါ”
“အောင်မယ်၊ မလှသောင်းသားက ဒီအရွယ်တောင်ရောက်ပြီလား၊ နင့်အသက်ဘယ်နှနှစ်ရှိပြီလဲ”
“ဆယ့်သုံးနှစ်ပါ”
“အင်း၊ နင့်ကို ငါငယ်ငယ်က ထိန်းပေးခဲ့တာနင်မမှတ်မိဘူးလား”
ဒိုးလုံးက ခေါင်းခါလိုက်သည်။
“အင်းပေါ့လေ၊ အဲဒီတုန်းက နင်ကအခါလည်လောက်ရှိသေးတာဆိုတာ့ ဘယ်မှတ်မိပါ့မလဲ”
“ကျုပ်တို့ရွာကလူတွေကိုသိနေတယ်ဆိုတော့ ခင်ဗျားက ဘယ်သူလဲ”
“ဟား၊ ဟား ငါ့နာမည်ကြားဖူးရင် နင်တို့သိကြမှာပါ၊ ငါ့နာမည်က မသဲဖြူတဲ့”
အပြူးနှင့် ဒိုးလုံးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
“မသဲဖြူက ဘယ်သူလဲ”
မသဲဖြူက အလွန်ဒေါသထွက်သွားပုံရသည်။ သူတို့အနားသို့ပြေးလာပြီး သူတို့ခေါင်းကို ဒေါက်ခနဲခေါက်လိုက်သည်။
“နင်တို့အတော်တုံးတဲ့ကောင်တွေ၊ မသဲဖြူအကြောင်း တကယ်မသိဘူးလား”
“မသိပါဘူးဆိုနေမှာဗျာ၊ မသဲဖြူက ဘာဖြစ်လို့လဲ”
ထိုအခါ ကိုမြကြီးက ကျောက်ဂူအတွင်းသို့ဝင်လာလေသည်။ သူ့လက်တွင်လည်း ဓါးမတစ်ချောင်းနှင့် တစ်တောင်ခန့်ရှိသည့် ဝါးစိမ်းတုတ်ကို ကိုင်လာခဲ့သည်။
“သူတို့ကိုသွားမေးမနေပါနဲ့ သဲဖြူရာ၊ သူတို့က ဘာမှသိမှာမဟုတ်ပါဘူး၊ မင်းအကြောင်းကို ရွာကလူတွေမသိကြတာများတယ်”
ကိုမြကြီးက မီးပုံနံဘေးတွင်ထိုင်ကာ ဝါးစိမ်းတုတ်ကို ဓါးမနှင့်အစိတ်လေးများခွဲပြီး အချောင်းကလေးများပြုလုပ်နေလေသည်။ ထို့နောက် ထိုအချောင်းကလေးများ၏ ထိပ်ကိုချွန်နေလေသည်။
“ကျုပ်တို့ကို ဘာလို့ဖမ်းထားတာလဲ၊ လွှတ်ပေးပါ ဦးလေးရာ”
ကိုမြကြီးက ဝါးစိမ်းတုတ်ကလေးများလုပ်နေရင်း
“မင်းတို့ကိုငါမေးမယ်ကွာ၊ မင်းတို့ထမင်းစားခါနီးကျရင် ပန်းကန်ထဲက ထမင်းဟင်းတွေကို လွှင့်ပစ်သလားကွ”
“ဟာဗျာ၊ ထမင်းစားပါတယ်ဆိုမှ ထမင်းတွေဟင်းတွေ လွှင့်ပစ်မလားဗျ၊ စားလိုက်မှာပေါ့”
“အေးလေ၊ ဒီတော့ ငါကလည်း မင်းတို့ကိုလွှတ်ပေးရမလား”
“ဘာဆိုင်လို့လဲဗျ၊ ထမင်းက စားတာလေ၊ ကျုပ်တို့က . . . .”
အပြူးပြောရင်းအသံတိတ်သွားသည်။ ဒိုးလုံးက အလွန်ထိတ်လန့်နေလေသည်။
“ကျုပ်တို့က လူတွေလေ . . .”
“အေးပါ၊ အဲဒီလူတွေကိုပဲ ငါတို့ကစားမှာ”
“ဗျာ . . . .”
“ဒါဆို ဒီတုတ်ချောင်းတွေကရော”
“မင်းတို့အသားကိုလှီးမယ်၊ ပြီးရင်ဟောဒီ တံစို့မှာထိုးမယ်၊ ဒီမီးပုံမှာကင်မယ်လေကွာ၊ ဟား၊ ဟား”
“မလုပ်ပါနဲ့ဦးလေးရာ၊ ကျုပ်တို့ကြောက်လို့ပါ”
ကိုမြကြီးက ရယ်မောလိုက်ရင်း
“ကဲ၊ သဲဖြူ မင်းကြိုက်တဲ့တစ်ယောက်ရွေးစမ်းကွာ”
မသဲဖြူက ခါးထောက်ပြီး
“သူတို့ကိုစားလို့မရသေးဘူး ကိုမြရဲ့၊ မနေ့က ဟိုအလောင်းကောင်ကြီးတောင် စားလို့မကုန်သေးဘူးမဟုတ်လား”
“အင်း၊ ဟုတ်တော့ဟုတ်သားပဲကွ၊ ဒါဆိုဘယ်လိုလုပ်ကြမလဲ”
“သူတို့ကိုဖမ်းထားလိုက်တာပေါ့ရှင်၊ သတ်လိုက်ရင်လည်း စားရတာမလတ်ဘူးနေမယ်၊ လူသားဆိုတာ လတ်မှစားကောင်းတာမဟုတ်လား”
“မင်းသဘောပါ သဲဖြူရာ”
“ဒါဖြင့်ရင်လည်း ဒီကောင်လေးတွေကို ဖမ်းထားလိုက်အုံးမယ်၊ မနေ့က ကောင်ကြီးကိုထုတ်လာခဲ့”
ကိုမြကြီးက ကျောက်ဂူတစ်နေရာသို့ထသွားပြီးနောက် လူသေအလောင်းကြီးတစ်ခုကိုထမ်းလာခဲ့သည်။ လူသေအလောင်းကြီးမှာ အသားများကွက်တိကွက်ကြားသာရှိသည်။ ထိုအလောင်းကြီးကိုကြည့်ပြီး အပြူးတို့နှစ်ယောက်မှာ ကြောက်လန့်ပြီး စကားပင်မပြောနိုင်ရှာပေ။
ကိုမြကြီးက အလောင်းမှအသားစများကို ဓါးဖြင့်လှီးထုတ်လိုက်ပြီး ဝါးတံစို့ကလေးများတွင် ထိုးလိုက်ကာ မီးပုံတွင်ကင်နေလေသည်။ မသဲဖြူကတော့ မီးပုံနားထိုင်ရင်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။ နောက်တော့ အသားတစ်ပိုင်းကို လက်ဖြင့်ကိုင်ကြည့်ပြီး ဝါးတံမှကိုင်ကာ ပါးစပ်အတွင်းသို့ထိုးထည့်လိုက်လေသည်။
“ကောင်းတော့ကောင်းတယ်၊ ဒါပေမယ့် သိပ်မလတ်တော့ စားမကောင်းဘူး ကိုမြရဲ့”
“မပူပါနဲ့သဲဖြူရာ၊ ဒီနေ့တော့ ဒါလေးပဲစားထားနှင့်ကွာ၊ နောက်နေ့တော့ ဟိုကောင်လေးတွေကို အေးအေးလူလူသတ်စားပေါ့”
မသဲဖြူက လူသားကင်များကို မြိန်ရေရှက်ရည် စားသောက်နေသော်လည်း ကိုမြကြီးကတော့ လူသားမစားဘဲ မသဲဖြူစားဖို့သာ လုပ်ကိုင်ပေးနေလေသည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။