ဖြစ်ရပ်မှန်) (စဆုံး)
(၁)
တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်ကို သူခိုးကြီးညဟု သတ်မှတ်ကြသည်။ သူတို့ရွာတွင် သူခိုးကြီးညကို ထိုရက်တွင်သာ ကျင်းပကြသည်။ ထိုညတွင် ကျီးမနိုးပွဲကို ကျင်းပကြလေသည်။ လူငယ်တွေနှင့် ကာလသားတွေ ပျော်ကြသည့်ပွဲဖြစ်သည်။ ရွာထဲမှ ဗူးသီးများ၊ ကြက်များ၊ ဘဲများ၊ ဟင်းသီးဟင်းရွက်များကို မသိအောင်ခိုးယူရလေသည်။ ထို့နောက် လှို့ဝှက်ထားသည့် တစ်နေရာတွင် ချက်စားကြသည်။ ရွာမှ လူငယ်များအားလုံးပေါင်းပြီး လုပ်ကြသည်မဟုတ်၊ ငါးယောက်တစ်ဖွဲ့၊ ဆယ်ယောက်တစ်ဖွဲ့စသည်ဖြင့် စုပြီးလုပ်ကြခြင်းဖြစ်သည်။ ခိုးရာတွင် လိုချင်မျက်စိဖြင့်ခိုးကြခြင်းမဟုတ် အပျော်အပျက်သဘောနှင့် ပစ္စည်းများကိုခိုးကြပြီး အပိုင်မယူကြ၊ တစ်နေရာရာတွင် သွားပြီးထားကြသည်။ မနက်လင်းတော့ အိမ်တွေက ပစ္စည်းတွေ ပြန်ရှာကြရသည်။
သူ့နာမည်ကတော့ ကျော်နိုင်။ ၉တန်းကျောင်းသား၊ လူပျိုပေါက်။ ပိန်ပိန်ပါးပါးဖြစ်သည်။ သူက ဒီရွာသားတော့မဟုတ်၊ တန်ဆောင်တိုင်ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများရွာသို့ လာလည်ခြင်းဖြစ်သည်။ ယခင်က လပြည့်ကျော်တစ်ရက်နေ့အထိ ကျောင်းက သုံးရက်ပိတ်လေသည်။ ဒီနှစ်တော့ ကျော်နိုင်လဲ သူခိုးကြီးည ဝင်ဆင်နွဲမည်ဖြစ်သည်။
ကျော်နိုင်က သူ့အချစ်ဆုံးသူငယ်ချင်း ဖက်တီးဆီတွင် တည်းခိုသည်။ ဖက်တီးက ရွာခံဖြစ်သည်။ နာမည်က သိန်းဇော်ဦးဖြစ်သော်လည်း ကိုယ်လုံးက ဝသဖြင့် ဖက်တီးဟု တစ်ကျောင်းလုံးကခေါ်သည်။ ရွာရောက်တော့လဲ တစ်ရွာလုံးက ဖက်တီးလို့ခေါ်သည်ကိုသိလိုက်ရသည်။ ဖက်တီးကတော့ သူ့ကိုဘယ်လိုခေါ်ခေါ်စိတ်မဆိုး၊ ဖက်တီးက အစားမက်သည်။ အအိပ်မက်သည်။ ကိုးတန်းဆိုသော်လည်း ခန္ဓာကိုယ်က ပုတ်လောက်ကြီး ဝနေသည်။ ဗိုက်ကြီးကပူပြီး အဆီတွေနှင့်မို့ အရှေ့ကို ခြောက်လက်မလောက်ထွက်နေလေသည်။
ဖက်တီးကတော့ ကျော်နိုင်နှင့်အလွန်ခင်သည်။ ဖက်တီးတို့ရွာလေးသည် မြို့နှင့်သိပ်မဝေး။ ထို့ကြောင့်ကျော်နိုင်က တန်ဆောင်တိုင်ကျောင်းပိတ်ရက်တွင် ဖက်တီးတို့ရွာသို့ သွားရန်မိဘတွေကို ခွင့်တောင်းသည်။ မိဘတွေကလည်း သိပ်မဝေးသောကြောင့် ခွင့်ပြုလိုက်ရသည်။
တန်ဆောင်မုန်းလ အဖိတ်နေ့နှင့် ဥပုဓ်နေ့တွေကတော့ ဘုရားသွားသည်။ လူကြီးတွေကို ကူညီသည်။ ညဖက်ကျ မီးထွန်းသည်။ လူငယ်များပီပီ ယမ်းများဆော့ကစားကြသည်။ ထိုလောက်ပင်ဖြစ်သည်။ လပြည့်ကျော်တစ်ရက်ကတော့ လူငယ်များပျော်ရွှင်ရသည့် ကျီးမနိုးပွဲဖြစ်သည်။
ထိုညက လူကြီးများက လူငယ်များကို လျစ်လျူရှုထားကြသည်။ ဖက်တီးဦးလေး လူပျိုကြီးက သူတို့အဖွဲ့လေးကို ဦးဆောင်သည်။ လူပျိုကြီးက အသက် သုံးဆယ် ကျော်ပြီဖြစ်သည်။ ထို့နောက် ဖက်တီးနှင့် ဖက်တီးညီမ ယွန်း၊ ပြီးတော့ ကျော်နိုင်၊ ဘေးအိမ်က ကျော်နိုင်တို့ထက် နှစ်နှစ်ခန့်ကြီးသည့် ကိုလတ်တို့ တစ်ဖွဲ့ဖွဲ့လိုက်သည်။
“ကဲ ငါစည်းကမ်းလေးတွေပြောမယ်၊ ရွာကလူတွေကတော့ သိပြီးပြီပေါ့၊ အခုက ကျော်နိုင်တို့လည်း ပါနေတာဆိုတော့”
လူပျိုကြီးက စကားစလိုက်သည်။
“အရင်ဆုံး ကိုယ့်အိမ်က ပစ္စည်းကိုယ်ပြန်မခိုးရဘူး၊ အဖိုးတန်ပစ္စည်းမယူရဘူး၊ ပစ္စည်းတွေ မဖျက်ဆီးရဘူး၊ ကိုယ်ခိုးတဲ့ပစ္စည်းနဲ့ ခိုးခဲ့တဲ့အိမ်ကို မှတ်ထားရမယ်၊ အစားအစာတွေခိုးပြီးရင် ချက်သင့်ရင်ချက်မယ်၊ မနက်လေးနာရီမထိုးခင် အကုန်စားရမယ်၊ ကိုယ်စားနိုင်သလောက်ပဲခိုးရမယ်၊ အကုန်မခိုးရဘူး အိမ်ရှင် ခြံရှင်တွေအတွက်ချန်ထားခဲ့ရမယ်”
“အမယ်လေး စည်းကမ်းတွေကလည်း များလိုက်တာဗျာ”
ကျော်နိုင်က ပြောလိုက်သည်။
“ကိုယ်ခိုးတဲ့ ပစ္စည်းနဲ့ ခိုးတဲ့အိမ်ကို ဘာလို့မှတ်ထားရမှာလဲဗျ”
“တစ်ခါတစ်လေ ပိုင်ရှင်တွေက ပျောက်တာ မကျေနပ်ဘူးဆိုရင် လူကြီးတွေက ပိုင်ရှင်ကျေနပ်အောင် နစ်နာကြေး လျှော်ကြေးပေးရတယ်ကွ၊ ဒါမျိုးကဖြစ်တော့ ဖြစ်ခဲတယ်”
သူတို့အားလုံးလည်း ခေါင်းညိတ်လိုက်ကြသည်။
“ညဆယ့်နှစ် နာရီအတိစမယ်၊ ငါကတော့ မခိုးဘူး၊ အိုးသူကြီးလုပ်မယ်၊ မင်းတို့ရလာတဲ့ ပစ္စည်းတွေအပေါ်မူတည်ပြီး ချက်ကြမယ်ကွာ၊ မင်းတို့ နှစ်နာရီလောက်နောက်ဆုံးထားပြီး ပြန်လာခဲ့ကြ၊ ဒို့စခန်းကတော့ တို့အိမ်နောက်ဖေး စပါးကျီတွေ အကျော်က မန်ကျည်းပင်ကြီးနားမှာ ငါလုပ်ထားမယ်”
လူပျိုကြီးက ပြောလိုက်သည်။ သူတို့အားလုံး ခေါင်းညိတ်လိုက်ပြန်သည်။
ဓါတ်မီးတွေကို နေ့လည်ထဲက အားသွင်းပြီးသားဖြစ်သည်။
“တို့တွေ အုပ်စုက လူနည်းတယ်ဆိုတော့ ဂရုတော့စိုက်၊ တစ်ခြားအဖွဲ့တွေနဲ့ မတွေ့စေနဲ့။ တွေ့ရင် တို့ပစ္စည်းတွေကို လိုက်လုကြလိမ့်မယ်၊ အလုမခံဘဲပြေးကြနော်”
အတွေ့အကြုံရှိသည့် ကိုလတ်ကပြောသည်။
“တို့ဘာချက်မလဲ အသားလေးဘာလေးပါမှ ကောင်းမှာကွ”
“ကျွန်တော် ဦးပုတို့ ငုံးခြံက ငုံးတွေ သွားနှိုက်မယ်ဗျာ”
ကိုလတ်ကပြောလိုက်သည်။
“အေးကောင်းတယ်၊ မင်းတို့ သုံးယောက်ကတော့ ရွာထဲခြံတွေထဲက အသီးအရွက်တွေ လိုက်ရှာကြပေါ့ကွာ”
ထို့နောက် နာရီကြည့်လိုက် စကားပြောလိုက်ဖြင့် ဖြတ်သန်းကြသည်။ သူတို့လူငယ်တွေကတော့ ဖင်တကြွကြွဖြစ်နေပြီ။ ဆယ့်နှစ် နာရီထိုးကို စောင့်နေသည်။ လူပျိုကြီးကလတ်ပတ်နာရီကိုကြည့်နေသည်။ ညဆယ့်နှစ် နာရီထိုးရန် စက္ကန့် ပိုင်းသာလိုတော့သည်။ သူတို့ကို အချိန်မှတ်ပေးနေသည်။
“သုံး၊ နှစ်၊ တစ်၊ ကဲ ဆယ့်နှစ်နာရီထိုးပြီ ပြေးကြတော့”
သူတို့တွေလဲ ဓါတ်မီးတွေထိုးပြီးပြေးကြလေသည်။
(၂)
“ကောင်လေးတွေ ခိုးခါနီးကြ ဓါတ်မီးပိတ်ထားနော် သူများတွေ တွေ့ကုန်မယ်”
လူပျိုကြီးက ခပ်အုပ်အုပ်ပြောလိုက်သည်။ သူတို့လည်း ထွက်ခဲ့ကြသည်။ သူတို့လို ပြေးလွှားနေသည့်သူများကိုလည်း ရွာအတွင်း တွေ့ရသည်။ ထိုသူများလည်း အိမ်များကို လိုက်ပြီးကြည့်နေလေသည်။ သူတို့လည်း ကြံရာမရ ခြေဦးတည့်ရာပြေးနေသည်။
“ကဲ ငါဦးပုတို့ ငုံးခြံဘက်သွားမယ်၊ မင်းတို့ ပြီးရင် စခန်းကိုပြန်လာကြနော်”
ကိုလတ်ကပြောပြီး ပြေးထွက်သွားလေသည်။ သူတို့သုံးယောက်လည်း လမ်းပေါ်တွင် ယောင်တောင်တောင်ဖြင့် ကျန်ခဲ့ကြလေသည်။
“ဟုတ်ပြီကွ၊ အရီးဒေါ်ချိုတို့အိမ်သွားမယ်၊ သူ့ခြံမှာ ဘူးစင်တွေရှိတယ်ကွ”
ဖက်တီးကပြောလိုက်သည်။ သူတို့သုံးယောက် ထိုခြံသို့ ယွန်းလေး လမ်းပြမှုဖြင့် ပြေးကြသည်။ ဖက်တီးက သူ့ကိုယ်လုံးကြီးကို သယ်နေရသဖြင့် အနောက်တွင် အဝေးကြီးကျန်ခဲ့လေသည်။
“ဟေ့ ကျော်နိုင် ငါ့ကိုစောင့်ပါအုံးကွ”
ဖက်တီးကပြောလိုက်သည်။ ဖက်တီးက တစ်လှမ်းခြင်းပြေးနေသည်။ ဗိုက်မှ အဆီတွေက တစ်လှမ်းပြေးလိုက်တိုင်း တက်လိုက်ကျလိုက်ဖြစ်နေသည်။ အသားတွေက တုန်နေသည်။
သူတို့ဆက်ပြေးရင်းနောက်တော့ အရီးဒေါ်ချိုတို့ ခြံရှေ့ရောက်သည်။ ခြံကြီးမှာ အတော်ကျယ်သည်။ သူတို့အားလုံး ခြံရှေ့ရှိ ရွက်လှပန်းပင် ချုံကလေးထဲ တိုးလိုက်သည်။
“ဟင်”
သူတို့အံ့သြသွားကြသည်။ ထိုချုံထဲတွင် သူတို့တင်မက လူ ဆယ့်ငါး ယောက်လောက် ထပ်ရှိနေသေးသည်။ အခြားအဖွဲ့တွေ လာကြခြင်းဖြစ်မည်။ သူတို့ဆက်ပြီး အခြေအနေကို ချုံထဲမှ စောင့်ကြည့်နေသည်။
ရွာသားတစ်ယောက် လွှားကနဲ ခြံစည်းရိုးကျော်ပြီး ပြန်ထွက်လာသည်။ သူ့လက်ထဲတွင် ဘူးသီးတစ်ခြမ်းပါလာသည်။ အပြင်ရောက်သည်နှင့် အပြင်မှ လူများ ဝိုင်းလုကြလေသည်။ ခြံရှေ့တွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ရွက်လှပင်တွေက တဖြန်းဖြန်းဖြစ်နေသည်။ အသံတွေဆူသဖြင့် ခြံထဲမှ ခွေးများပြေးထွက်လာကြသည်။
“ဟေ့ကောင်တွေ ခွေးတွေလာနေပြီ ပြေးကြဟ”
မည်သူက အော်လိုက်မှန်းမသိသော်လည်း သူတို့ကလေးသုံးယောက်ကတော့ ခြံရှေ့ကနေပြေးကြသည်။ ဖက်တီးက အနောက်တွင် တလိမ့်လိမ့်ဖြင့် ပြေးလာသည်။ သို့သော် ပူစရာတော့ သိပ်မရှိ၊ ခွေးတွေက ခြံရှေ့က လုနေကြသည့် လူအုပ်ကို ထိုးဟောင်နေသည်။
တစ်နေရာရောက်တော့ သူတို့ အမောဖြေလိုက်သည်။
“ဟူး ဒီတိုင်းဆို မလွယ်ပါလားကွ”
“ဟုတ်တယ်။ ရွာထဲက အိမ်တွေထဲ ဘာတွေစိုက်ထားတယ်ဆိုတာ ကြည့်ထားကြပြီးသားထင်တယ်”
ယွန်းကပြောလိုက်သည်။
“ငါတို့နဲ့ အကြံတူတွေ များနေပြီကွ”
ဖက်တီးက အမောဆို့ရင်းပြောလိုက်သည်။ သူတို့လည်း တစ်ရွာလုံးကို နှံ့နေအောင်ပြေးကြသည်။ ကလေးတွေဖြစ်နေသည်ကတစ်ကြောင်း၊ ကြိုပြီး မကြည့်ထားရသည်ကတစ်ကြောင်းကြောင့် သူတို့တွေ တစ်နာရီလောက် အချိန်ပုတ်သွားပြီး လက်ထဲတွင်တော့ မုန်လာဥတစ်ဥနှင့် ငရုတ်သီးစိမ်းတောင့်များသာရသေးသည်။
သုံးယောက်သား ပင်ပန်းပြီး ထိုင်နားလိုက်ကြသည်။
“တစ်နာရီတောင်ကျော်ပြီကွာ”
ကျော်နိုင်က သူ့ဒီဂျစ်တယ် လက်ပတ်နာရီလေးကို ကြည့်ပြီးပြောလိုက်လေသည်။
“ဒီတိုင်းဆို တို့ ဘာမှ ရမှာ မဟုတ်သေးဘူးကွ”
“အေး ဘယ်တတ်နိုင်မလဲ၊ တို့က သူများလို လုမှ မလုနိုင်တာ”
ကျော်နိုင်ပြောသလဖြင့် ဖက်တီးမှာ စိတ်ဓာတ်ကျသွားသည်။ ကျီးမနိုးပွဲ နွဲပြီး ဘာမှမစားရဆိုလျှင် ရာဇဝင်ရိုင်းတော့မည်။
“ငါအကြံရပြီ ဦးချစ်ခိုင်တို့ ခြံဘက်သွားမယ်”
ဖက်တီးကပြောလိုက်သည်။
“ဟာ ဖြစ်ပါ့မလား”
ယွန်းလေးက ထပြောလေသည်။
“ဖြစ်ပါတယ်၊ သူ့ခြံက ရွာစွန်ဘက်လည်း ကျတယ်။ ခြံဆိုရင်လည်း အကျယ်ကြီး၊ နောက်ပြီးခြံထဲမှာ သီးပင်စားပင်တွေ အများကြီးစိုက်ထားတာဆိုတော့ ငါတို့ခိုးဖို့တော့ ကျန်ဦးမှာပါ”
ဖက်တီးကပြောလိုက်သည်။
“အေးလေ ဒါဆိုလဲ သွားကြတာပေါ့၊ လက်ဗလာနဲ့တော့ မပြန်ချင်ဘူးကွာ၊ လူပျိုကြီးသိရင် ငါတို့ကို လှောင်မှာကွ”
ကျော်နိုင်ကပြောလိုက်သည်။ ထို့နောက်သူတို့သုံးဦး ရွာစွန်ဘက်သို့ပြေးခဲ့ကြသည်။
(၃)
ရွာလယ်လမ်းမကြီးကတော့ စည်ကားနေပြီ၊ ခိုးရာပါပစ္စည်းတွေနှင့် စည်ကားနေခြင်းဖြစ်သည်။ တစ်နေရာတွင်တော့ ဖိနပ်ပုံကြီးကိုတွေ့သည်။ ထို့နောက် သုံးထပ်သားတွင် မြေဖြူနှင့်ရေးထားသည်။ ညာဖက်ဖိနပ်ရွေးရန် ဟုရေးထားသည်။ ရွာထဲရှိ အိမ်များမှ ညာဖက်ဖိနပ်တွေချည်း ခိုးယူလာခဲ့ကြပြီး ထိုအပုံကြီးထဲတွင် လာထည့်ထားကြခြင်းဖြစ်သည်။
သူတို့ဆက်ပြေးလာတော့ အချို့အိမ်များတွင် အိမ်ရောင်းမည် ငွေတစ်ကျပ် ဟုရေးပြီး ဆိုင်းဘုတ်ကပ်ထားသည်။ အပျိုကြီးအိမ်ရှေ့အရောက်တွင် အိမ်ရောင်းမည် အိမ်ဝယ်လျှင် အပျိုကြီးအဆစ်ရမည် ဟုပင်ရေးထားသေးသည်။
ရွာစွန်နဲ့ နီးလာတော့ မီးတွေမှောင်လာပြီဖြစ်သည်။ ရွာထဲတွင်တော့ မီးလုံးတွေ မီးချောင်းတွေနှင့် လင်းနေပြီး ရွာစွန်ဘက်ရောက်တော့ လမ်းမီးသိပ်မရှိတော့။ လူနေလည်း ကျဲသွားသည်ဖြစ်ရာ လမ်းတစ်လျှောက်လုံး ခြံကျယ်ကြီးများသာဖြစ်သည်။ ရွာစွန်တစ်နေရာရောက်တော့ ခြံအလွတ်ကြီးတစ်ခုအတွင်းမှ အုပ်စုတစ်စုက ချက်ပြုတ်နေကြသည်။ အသားဟင်းနံ့ကမွှေးနေသည်။ ဖက်တီးက သွားရေကျနေသည်။
“ကိုကျော်ကြီးတို့ အဖွဲ့ပါလား”
ဖက်တီးက အရေးထဲဝင်နှုတ်ဆက်နေသည်။
“ဘာတွေခိုးရလဲ”
“ကြက်သုံးကောင်ရလို့ ကြက်သံပုံးကင်တယ်ကွာ၊ အရက်နဲ့မြည်းမယ်”
ကိုကျော်ကြီးဆိုသူက ပြောလေသည်။ သူတို့အဖွဲ့မှာ ယောက်ျားလေး ခြောက် ယောက်ခန့်ရှိသည်။ အရက်တွေဆိုရင်လည်း ပုလင်းလိုက်ဝယ်ထားကြလေသည်။ မီးပုံကြီးတွေ ဖိုထားပြီး သံမုန့်ပုံးတွေနှင့် ကြက်တွေကို ထည့်ကင်နေခြင်းဖြစ်သည်။ ကျော်နိုင်နှင့် ယွန်းလေးဝင်ဆွဲမှ ဖက်တီးပါလာလေသည်။
“သူတို့ကျက်ရင် ငါနည်းနည်းတောင်းစားမလို့ဟာကို”
“လာစမ်းပါကွာ”
ကျော်နိုင်က ဖက်တီးကို ဆွဲခေါ်လာသည်။
မကြာခင် ဦးချစ်ခိုင် ခြံရှေ့ရောက်လာသည်။ ခြံမှာ သစ်ပင်ဝါးပင်များ စိုက်ပြီးကာရန်ထားသဖြင့်အုပ်ဆိုင်းနေသည်။ ကောင်းကင်ကတော့ ကြယ်တွေစုံပြီး လှနေသည်။ ခြံပေါက်ဝတွင် ခြောက်ဆယ်ဝပ် မီးလုံးကလေးတစ်လုံးထွန်းထားသဖြင့် ထိုနေရာတွင်လင်းနေသည်မှတစ်ပါး တစ်ခြံလုံး မှောင်ပိန်းနေသည်။
“ခြံကြီးက အကျယ်ကြီးပဲကွ”
ကျော်နိုင်ကပြောလိုက်သည်။ ခြံကြီးမှာ ပေ နှစ်ရာ ပတ်လည်ခန့်ရှိမည်၊ နောက်ကိုတော့ ဘယ်လောက်ကျယ်သလဲမသိ။
“ကျော်နိုင် မင်းဝင်သွားလိုက်ကွာ၊ ပြီးတော့ တွေ့တဲ့အသီးအရွက်ကို သာ ခူးလာခဲ့ကွာ”
“ဘာ ငါတစ်ယောက်တည်းဝင်ရမှာလား”
ကျော်နိုင်ကပြောပြီး လှည့်ကြည့်လိုက်သည်။ ဖက်တီးက တစ်ကိုယ်လုံး ချွေးအလိမ်းလိမ်းနှင့် မျက်နှာက အဆီပြန်နေသည်။ သူ့ကိုယ်တောင်သူ အနိုင်နိုင်သယ်နေရသည်။ ယွန်းလေးကတော့ မိန်းကလေး၊ သူတို့ထက်လဲငယ်သည်။
“ကောင်းပြီကွာ ငါဝင်မယ်၊ ခွေးတွေ ဘာတွေကော ရှိသေးလားမသိ”
“ဘာခွေးမှ မရှိဘူးကွ၊ ဝင်မယ်ဆို မြန်မြန်ဝင်ကွာ၊ နောက်ကျနေပြီ”
နာရီက တစ်နာရီခွဲကျော်နေပြီဖြစ်သည်။ သူလဲ ဓါတ်မီးလေးကို အကျီအုပ်ပြီးထိုးလိုက်သည်။ ခြံထောင့်တစ်နေရာတွင် ဝါးလုံးများက ကျဲနေသည်။ ကျော်နိုင်က ထိုအပေါက်ထဲမှ ဝင်လိုက်သည်။
(၄)
“အကိုဖက်တီး ဘာလို့ သူများကို ချောက်ချလိုက်တာလဲ”
ယွန်းလေးကပြောလိုက်သည်။ ယွန်းလေးနဲ့ ဖက်တီးတို့မှာ ဦးချစ်ခိုင်ခြံရှေ့ မီးလုံးအောက်က ဝါးလုံးခုံတန်းလေးတွင် ထိုင်နေကြသည်။
“ငါ ဘာချောက်ချလို့လဲဟ”
“ဦးချစ်ခိုင်က သူ့ခြံမှာ သရဲမွေးပြီး စောင့်ခိုင်းထားတာလေ”
“အမယ်၊ ဒီမှာ နင်အဲ့ဒီသရဲကို မြင်ဖူးလို့လား၊ အလကား ရွာထဲကလူတွေ လျှောက်ပြောနေကြတာကို”
ဖက်တီးကပြောလိုက်တော့ ယွန်းလေး ပါးစပ်ပိတ်သွားသည်။ ဘာမှ ဆက်မပြောတော့ဘဲ ခြံထဲကိုသာချောင်းပြီးကြည့်နေလေသည်။
ကျော်နိုင်ကတော့ ခြံထဲကိုဝင်ပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ငှက်ပျောပင်ကြီးတွေက အသီးတွေ သီးနေသည်။ ကျော်နိုင်က ဆက်ပြီးလာခဲ့သည်။ ခဝဲသီးပင်တွေတွေ့လိုက်သည်။ ခဝဲသီးတွေက စင်ပေါ်ကနေ တွဲလောင်းကျနေသည်။ ကျော်နိုင်က ခဝဲသီးသုံးလုံးကို ဓါးဖြင့်ဖြတ်လိုက်သည်။ ထို့နောက် ထပ်ပြီးရှာလေသည်။ ခြံနောက်ဖက်သို့ ထပ်လာခဲ့သည်။ သရက်ပင်တွေက အရိပ်ကျနေသဖြင့် ပိန်းပိတ်အောင် မှောင်နေသည်။ အိမ်သာဘေးတွင် ချဉ်ပေါင်ပင်များနှင့် ငရုတ်ပင်များ စိုက်ထားသည်။ ကျော်နိုင်က ချဉ်ပေါင်ပင်ပဲ ယူရင်ကောင်းမလား စဉ်းစားရင်း မျက်လုံးကိုဝေ့လိုက်သည်။
သရက်ပင်အိုကြီး တစ်ပင်အောက် ပင်စည်တွင် သံရိုက်ထားပြီး ထိုသံတွင် အသားတွဲ တစ်တွဲချိတ်ထားသည်။ ကျော်နိုင်က မဖြုတ်ရဲသေးဘဲ ဖက်တီးတို့ဆီလာခဲ့သည်။
“ကျော်နိုင် ဘာရလာလဲ”
ဖက်တီးတို့က အားကိုးတကြီးမေးလေသည်။
“ခဝဲသီးပဲရတယ်ကွာ”
ဖက်တီးအလွန်စိတ်ပျက်သွားလေသည်။
“ဒါနဲ့ တစ်ခုမေးမလို့ကွ ခြံထောင့်က သရက်ပင်အိုကြီးမှာ အမဲသားလားမသိ အသားတွဲကြီးချိတ်ထားတယ်”
“ဟေ၊ ဟုတ်လား မင်းဘာလို့ မယူခဲ့တာလဲ”
“မသိဘူးလေကွာ၊ စည်းကမ်းနဲ့ ညီမလား မညီမလားမသိလို့”
“ပံ့သကူ ပစ်ထားတာဖြစ်မှာပေါ့ကွာ”
“ပံ့သကူက ဒီညပစ်ပါ့မလား”
“မင်းကလဲ တုံးလိုက်တာကွာ၊ ဒီည လာခိုးမယ့်သူတွေ စားပါစေတော့ ဆိုပြီးထားတာဖြစ်မှာပေါ့”
“အေး ဟုတ်သားနော်”
“လာ၊ ငါတို့ပါလိုက်ခဲ့မယ်၊ အသားတွဲသွားယူရအောင်”
ထို့နောက် သုံးယောက်သား ခြံထဲတိုးဝင်ခဲ့သည်။ ကျော်နိုင်လမ်းပြမှုနှင့် အိမ်နောက်ဖေးသို့ရောက်ခဲ့သည်။
“ဟိုမှာ”
ကျော်နိုင်က ဓါတ်မီးလေးဖြင့် ထိုးလိုက်သည်။ ဓါတ်မီး အလင်းရောင်ထဲတွင် အသားတွဲလေးတစ်တွဲကို တွေ့ရသည်။ အသားက တစ်ပိသာလောက်တော့ ရှိမည်ထင်သည်။ နီရဲနေသည့် အမဲသားများဖြစ်သည်။ ဖက်တီးက ကျော်နိုင်ကို မျက်စပြစ်လိုက်သည်။ ကျော်နိုင်ကို သွားယူခိုင်းသည့်သဘော။ ကျော်နိုင်လဲ သွားလိုက်သည်။ သံတွင်ချိတ်ထားသော အသားတွဲကို ဖြုတ်လိုက်သည်။
“ဝှီး . . . ဝှီး ဖုတ် . . . ဖုတ်”
တစ်စုံတစ်ခုက သရက်ပင်ပေါ်မှနေ၍ အရှိန်ဖြင့်ကျလာလေသည်။ ကျလာသည့်အရာသည် ကြီးသည်။ လူဖြစ်လောက်သည်။ ကျော်နိုင်လည်း အသားတွဲဆွဲပြီး လှည့်ပြေးသည်။ ဖက်တီးနှင့် ယွန်းလေးလဲ ပြေးကြသည်။
“တို့နဲ့ အကြံတူတဲ့လူတွေဖြစ်မယ် ပြေးကွ”
ဖက်တီးက ပြေးရင်းပြောသည်။ ယွန်းလေးက ခဝဲသီးများကို ပိုက်ပြီးပြေးသည်။ ကျော်နိုင်ကတော့ နောက်ဆုံးမှ အမဲသားတွဲကြီးဆွဲပြီး ပြေးလေသည်။ သို့နှင့် ခြံအပြင်သို့ ခွေးတိုးပေါက်မှ တိုးခဲ့သည်။ ဖက်တီးက အပေါက်သို့ဝင်တာ ကြာနေသည်။ ကျော်နိုင်က အနောက်သို့လှည့်ကြည့်လိုက်တော့ လူအရိပ်တစ်ခုက ပြေးလိုက်လာသည်။
“ဖက်တီး မြန်မြန်တိုးပါကွ”
ကျော်နိုင်က ပြောလိုက်ပြီး ဖက်တီးဖင်ကို ဆောင့်ကန်လိုက်သည်။ ဖက်တီးက ခြံပြင်ရောက်သွားသည်။ ထို့နောက် ကျော်နိုင်က အပေါက်ကို တိုးသည်။ ထိုစဉ် ကျော်နိုင်၏ ခြေထောက်ကို လက်တစ်ဖက်က လာကိုင်လေသည်။ လက်က လူကြီးလက် အကြီးကြီး လက်ဝါးကြိးကလဲ ကြမ်းထော်ထော်ကြီးဖြစ်သည်။ ကျော်နိုင်မှာ ကိုယ်တစ်ဝက်က အပြင်ထွက်လျှက်၊ ကိုယ်တစ်ဝက်က အထဲတွင် ကျန်ခဲ့လေသည်။
“ပေး အသားတွဲ ငါ့ကိုပစ်ပေး”
ဖက်တီးကပြောလိုက်လေသည်။ ကျော်နိုင်လည်း ဖက်တီးကို အသားတွဲပေးလိုက်လေသည်။ ထိုစဉ် ကျော်နိုင်၏ ခြေထောက်များကို အထဲကလူက လွှတ်လိုက်လေသည်။ ကျော်နိုင်တစ်ယောက် အပြင်သို့ အမြန်တိုးထွက်လိုက်သည်။ သူတို့အနီးတွင် သင်္ဘော မီးသီး အလင်းရောင်က လင်းနေသည်။ သူတို့သုံးယောက် မတ်တပ်ရပ်လိုက်သည်။ ခြံအပြင်ကို လွှားကနဲ လူတစ်ယောက်ကျော်ထွက်လာသည်။ သူတို့ရှေ့တွင် ရပ်လိုက်သည်။ သို့သော် ထိုလူမှ လူမဟုတ်မှန်းသိလိုက်ရသည်။
လူပုံစံ ခြေလက်များပါသော်လည်း နားရွက်များမပါ။ မျက်လုံးကြီးတွေက စောင်းစောင်းကြီးဖြစ်ပြီး လေးလုံးတောင်ပါလေသည်။ ပါးစပ်ကြီးက မျက်နှာတွင် ကန့်လန့်ကြီးဖြစ်သည်။ ထို့နောက် ထိုအရာကြီးက အော်လိုက်လေသည်။ အော်လိုက်သောအခါ ပါးစပ်ကြီးက ပြဲပြီး မျက်နှာကြီးက နှစ်ခြမ်းဖြစ်သွားသည်။
သူတို့အားလုံး ကြက်သီးမွှေးညှင်းတွေထသွားသည်။ ထို့နောက် မတိုင်ပင်ထားကြပဲ အတူတူပြေးကြသည်။ ထိုသရဲကြီးက သူတို့နောက်က ထပ်ကြပ်မကွာ လိုက်လာလေသည်။ သူတို့ပြေးကြသည်မှာ ခြေထောက်နှင့် မြေကြီးထိသည်ဟု မထင်ပေ၊ ရွာစွန်မှာ လူနေကျဲပြီး တိတ်ဆိတ်နေသည်။ သူတို့လည်း အလွန်မောသဖြင့် ပါးစပ်က ဘာမှမအော်နိုင်ကြ။ အကောင်ကြီးက ပြေးတော့ လေးဖက်ထောက်ပြေးလေသည်။ အရပ်ကြီးကလည်း ကလန်ကလားနှင့်မို့ သိပ်အပြေးမမြန်ပေ။
သူတို့သုံးယောက် မတိုင်ပင်ထားဘဲ နေရာတစ်နေရာကို ဦးတည်ပြေးကြသည်။ ပြေးသည့်နေရာကတော့ ကိုကျော်ကြီးတို့အဖွဲ့၏ ရွာစွန်ခြံလွတ်ကြီးဆီဖြစ်သည်။ ထိုအနီးအနားတွင် လူဟူ၍ ကိုကျော်ကြီးတို့အဖွဲ့သာရှိသဖြင့် သူတို့ဆီပြေးခြင်းဖြစ်သည်။ ပြေးရင်း ဖက်တီးကဖောက်လာပြီ တဖြည်းဖြည်း နှေးပြီးကျန်ခဲ့သည်။ ဖက်တီးက အမောဆို့နေလေပြီ။ ကျော်နိုင်က မရပ်လိုက်ချင် သို့သော် အရှိန်သတ်ပြီး ဖက်တီးဆီလာလေသည်။ ဖက်တီးက အသားတွဲကို သူ့ကိုလှမ်းပေးလိုက်သည်။
ေကျာ်နိုင်၏ လက်ထဲ အသားတွဲကြီးရောက်လာသည်နှင့် သရဲကြီးသည် ဖက်တီးကို မလိုက်တော့ဘဲ သူ့ကို ဦးတည်လာပြီဖြစ်သည်။ ကျော်နိုင်လည်း နောက်လှည့်ပြီး အမြန်ပြေးလေသည်။ ဖက်တီးကတော့ သူ့နောက်ကို ဆက်လိုက်လာသည်။ ရှေ့တွင် မီးရောင်များနှင့် သီချင်းသံများကို ကြားနေရပြီ၊ ကိုကျော်ကြီးတို့ အရက်မူးမူးနှင့် ဆိုနေကြခြင်းဖြစ်မည်။ ကျော်နိုင်က ပြေးရင်း သိလိုက်သည်။
“ဒီကောင်ကြီး ငါတို့ကိုလိုက်နေတာ မဟုတ်လောက်ဘူး၊ အသားတွဲကို လိုက်နေတာဖြစ်မယ်”
ထို့နောက် ကျော်နိုင်က အသားကုန်ပြေးနေရာမှ မြေကြီးပေါ်ငေါထွက်နေသော သစ်မြစ်တစ်ခုနှင့် တိုက်မိပြီး သုံးလေးပတ်ခန့် ကျွမ်းထိုးသွားသည်။ တစ်ကိုယ်လုံးလည်း ဖုန်တွေသဲတွေပေပြီး ဖြူဆွတ်သွားသည်။ အမဲသားတွဲကြီးက ရင်ဘတ်ပေါ်တွင် ကျနေသည်။
သရဲကြီးက သူ့ကို ခုန်အုပ်လိုက်ပြီး သူ့မျက်နှာကိုကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ကြီးကိုဖြဲပြပြန်သည်။ ပါးစပ်ကြီးမှာ လူပါးစပ်ကြီးနှင့် မတူဘဲ ခွေးပါးစပ်လို အထဲတွင် သွားသေးသေးလေးများနှင့် အစွယ်များလဲရှိသည်။ ပါးစပ်ကြီးမှာ ကျော်နိုင်မျက်နှာနားတွင် ရှိပြီး သွားရည်တွေကလဲ တွဲပြီးကျနေလေသည်။
(၅)
“ဖောင်း . . .ခွပ်”
ထိုစဉ် အနောက်မှ ပြေးလိုက်လာသော ဖက်တီးက နီးရာသစ်ကိုင်းခြောက်တစ်ခုဖြင့် သရဲကြီးရဲ့ ခေါင်းကို အနောက်မှ ရိုက်လိုက်လေသည်။ သရဲကြီးက တစ်ကိုယ်လုံးတွန့်သွားပြီး ဖက်တီးကို စိုက်ကြည့်နေလေသည်။ ကျော်နိုင် သတိကပ်လိုက်ပြီးနောက် သူ့အသားတွဲကို လွှင့်ပစ်လိုက်လေသည်။ သူတို့ရှေ့မှ ပြေးနေသော ယွန်းသည် အသားတွဲကို ကောက်ပြီးဆက်ပြေးလေသည်။
“ယွန်း လွှတ်ချလိုက် . . . . အသားတွဲကိုလွှတ်ချလိုက်”
ဖက်တီးနှင့် ကျော်နိုင်ဝိုင်းအော်ကြသည်။ သို့သော် ယွန်းက မကြားတော့။
သရဲကြီးသည် ကျော်နိုင်ပေါ်မှ ပြေးလိုက်ပြီး ယွန်းပေါ်သို့ ခုန်အုပ်လိုက်သည်။ ယွန်းမှာ ကိုကျော်ကြီးတို့ မီးပုံအနီးတွင် ရောက်နေပြီဖြစ်သည်။ ယွန်းက သရဲကြီးခုန်အုပ်မှုကြောင့်ချော်လဲသွားပြီး အသားတွဲမှာလည်း လေထဲသို့လွင့်သွားသည်။ ထို့နောက် အရက်မူးနေကြသည့် ကိုကျော်ကြီးတို့ အဖွဲ့နားသို့ကျသွားလေသည်။
“ဟာ မင်းမေလွှား ဘာကြီးလဲဟ”
ကိုကျော်ကြီးတို့က ကြောင်ပြီးကြည့်နေသည်။ သရဲကြီးကလဲ အချိန်မဆိုင်းဘဲ ကိုကျော်ကြီးတို့ အုပ်စုထံ ပြေးဝင်သွားလေသည်။ အရက်သမားများနှင့် သရဲကြီး ဝရုန်းသုန်းကားဖြစ်ပြီး ကျန်ခဲ့လေသည်။ ထိုစဉ် ယွန်းက ထလိုက်သည်။ ကျော်နိုင်နှင့် ဖက်တီးကလည်း အတူတူပြေးလိုက်ကြသည်။
“နေဦးကွ”
ဖက်တီးက ပြောလိုက်ပြီး တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ စားပွဲဟောင်းလေးတစ်လုံးပေါ်တွင် ကြက်ကင်နှစ်ကောင် အကောင်လိုက်တင်ထားသည်။ တစ်ကောင်ကတော့ လှီးဖြတ်ပြီးဖြစ်သည်။ ဖက်တီးက ပြေးပြီး ကြက်ကင်တစ်ကောင်ကို ကိုင်လိုက်သည်။ ထို့နောက် ထိုနေရာမှ ပြေးထွက်ခဲ့သည်။ အရက်သမားတွေနှင့် သရဲကြီး ကတော့ အနောက်မှာလုံးထွေးနေကြဆဲ။
သူတို့ စခန်းချရာသို့ တစ်ဟုန်ထိုးပြေးလာခဲ့သည်။ အချိန်က ည နှစ်နာရီတောင်ခွဲတော့မည်။ ကိုလတ်က ငုံးခြောက်ကောင်ခန့်ရလာသည်မို့ လူပျိုကြီးက ငုံးတွေကို ကြော်ပေးနေသည်။ သူတို့လည်း ကြက်ကင်ကြီးကိုင်ပြီး ပြေးဝင်လာကြသည်။ ထိုနေရာရောက်မှ အမောဖြေနိုင်ကြသည်။ ဖက်တီးကတော့ မြေပေါ်လှဲချလိုက်သည်။ ယွန်းကလည်း ထိုင်ပြီး အမောဆို့နေသည်။
“ဘယ်လိုဖြစ်လာကြတာလဲ၊ တစ်ယောက်ကလဲ တစ်ကိုယ်လုံးဖုန်တွေနဲ့ပါလား”
ဖက်တီးက သူ့လက်ထဲက ကိုင်လာသော ကြက်ကင်ကိုပေးလိုက်သည်။
“သူများတွေနဲ့ လုနေကြလို့ပါ”
ထိုသို့ပြောလိုက်သည်။ ကြက်ကင်က မြေကြီးတွေပေနေသည်။ လူပျိုကြီးက ကြက်ကင်ကို ပြန်ဆေးကြောပြီး ပြန်ကြော်လိုက်သည်။ သူတို့အားလုံး ခြေလက်တွေ ဆေးလိုက်ကြသည်။
“တို့တွေ ဘယ်သူ့ကိုမှ ပြန်မပြောကြေးနော်၊ လူကြီးတွေသိရင် ဖင်ကျိုးအောင်ရိုက်မှာ”
ဖက်တီးကပြောလေသည်။ လူကြီးများသိလျှင် ရိုက်ခံရမည်စိုးရိမ်သဖြင့် ဘယ်သူ့ကိုမှ မပြောရန် ကတိပေးလိုက်ကြသည်။
ပြေးလွှားထားရသည့်အတွက် ဆာဆာနှင့်စားလိုက်တာမို့ ကြက်ကြော်တွေကုန်သွားသည်။ ငုံးကြော်များပါ အဆစ်စားလိုက်သေးသည်။ ကြက်က အကောင်သေးသော်လည်း လူပျိုကြီးက ထမင်းချက်ထားသည်မို့ ဆာဆာနှင့်စားလိုက်ကြသည်။ ယွန်းကိုင်လာသော ခဝဲသီးတွေလဲ ဘယ်နားကျန်ခဲ့မှန်းမသိ။ စားပြီးတော့ ဗိုက်လေးလေးနှင့် အိမ်ပေါ်တက်ပြီး အိပ်လိုက်ကြသည်။
မနက်လင်းပြီ။ တစ်ရွာလုံးက အိမ်ကပျောက်သည့် ပစ္စည်းများလိုက်ရှာကြသည်။ ကျော်နိုင်က ထလိုက်ပြီး မျက်နှာသစ်ရန် အိမ်အောက်ဆင်းလိုက်သည်။ သွားပြီ။ သူ့ဖိနပ်က ညာဖက်တစ်ဖက်မရှိတော့။ သေချာကြည့်လိုက်တော့ သူ့ဖိနပ်တွင်မက၊ ဖက်တီးဖိနပ်ကော တစ်အိမ်သားလုံးဖိနပ်ပါ ညာဖက်တွေ မရှိကြတော့။ ရွာလယ်သွားပြီး ဖိနပ်တွေသွားရွေးရသည်။ ဖိနပ်တွေက တူနေကြသည်များသည်မို့ သေချာရွေးကြရသည်။
အိမ်ပြန်ရောက်တော့ သတင်းကြားရသည်။ ဖက်တီးအမေနှင့် ဘေးအိမ်က အမျိုးသမီးစကားပြောနေခြင်းဖြစ်သည်။
“ညက ကျော်ကြီးတို့ ရွာစွန်မှာ ကြက်ကင်စားကြတာ သရဲကြီးတစ်ကောင်က ဝင်လုတယ်ပြောတယ်”
“ဟုတ်လား ဘယ်က သရဲလဲ”
“ဒီကောင်တွေလဲ သေချာမသိပါဘူးဟယ်၊ မူးမူးရူးရူးနဲ့ သရဲကြီးက ပြေးလာပြီး သူတို့နဲ့လုံးထွေးပြီးတောာ့ ကြက်ကင်တစ်ကောက်ကို ကိုက်ပြီးတော့ ပြန်ထွက်သွားတယ်ဆိုလားပဲ”
“ခုတောင် အဖျားတက်နေတယ်ပြောတယ်”
“ဟုတ်လား။ ဒါဆို အိမ်ကယောက်ျားကို သွားကြည့်ခိုင်းရဦးမယ်၊ ကျော်ကြီးနဲ့သူနဲ့က ဆွေမျိုးတွေမလား”
ထိုသို့ပြောဆိုနေကြသည်ကို အိမ်အောက်တွင် ဆော့ကစားနေသည့် ဖက်တီးတို့အုပ်စုကြားသွားသည်။
“ဟေ့ကောင် ကျော်နိုင် မင်းနှုတ်လုံနော်၊ အဲဒါငါတို့လုပ်တာဆိုတာ သိသွားရင် ရိုက်ပေါက်ပဲ၊ ငါ့အဖေက ဒေါသကြီးတယ်”
ကျော်နိုင်လည်း ခေါင်းညိတ်ပြီး ဆက်ဆော့နေလိုက်ကြသည်။ အမှန်တော့ ထိုအသားတွဲမှာ ပံ့သကူပစ်ထားခြင်းမဟုတ်ဘဲ ဦးချစ်ခိုင်က သူ့ခြံတွင်မွေးထားသည့် သရဲကြီးအတွက် တမင်အစာကျွေးထားခြင်းပင် ဖြစ်လေသည်။
ယခုဆိုလျှင် ထိုအဖြစ်အပျက်မှာ ၁၀ နှစ်ကြော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်တစ်ချိန်က ဖြစ်ပျက်ခဲ့ဖူးသော ထိုသူခိုးကြီးညကိုတော့ ကျွန်တော်ကော၊ ဖက်တီးကော၊ ယွန်းကော လုံးဝမေ့နိုင်ကြမည်မဟုတ်ပါ။
(ကိုယ်တွေ့ဖြစ်ရပ်မှန်များကို ပြောပြသော ကိုကျော်နိုင်ကို အထူးကျေးဇူးတင်ပါသည်။ အမည်အရင်းများဖြစ်ပါသည်။ နေရပ်ဒေသကိုတော့မဖော်ပြတော့ပါ)
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်။