(ဖြစ်ရပ်မှန်)
(၁)
ကျုပ်ကိုလူတွေကတော့ ကိုဆံရှည်လို့ခေါ်ကြတယ်ဗျ၊ ဆံပင်အရှည်ထားတာနဲ့ပဲ အများက ဒီလိုမျိုးခေါ်ကြတာပေါ့ဗျာ၊ ကျုပ်အလုပ်ကတော့ ကွန်ကရစ်တွေကို ပေါ်လစ်တင်တဲ့အလုပ်လုပ်တယ်ဗျ၊ စက်ရုံကြီးတွေ၊ အလုပ်ရုံကြီးတွေဆောက်တဲ့အခါ ကွန်ကရစ်ကြမ်းခင်းတွေကို စက်ကြီးတွေနဲ့ ပြောင်နေအောင်လို့ လုပ်ရတဲ့လုပ်ငန်းပေါ့ဗျာ၊ လုပ်ငန်းပိုင်ရှင်ကတော့ တရုတ်လူမျိုးတစ်ဦးပါ၊ ဒါက ထားလိုက်ပါ၊ ကျုပ်အခုပြောပြမယ့်အကြောင်းက ပြီးခဲ့တဲ့ ကိုးလပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်ပေါ့ဗျာ။
နှစ်ထောင့်နှစ်ဆယ့်သုံး စက်တင်ဘာလပေါ့ဗျာ၊ ကျုပ်တို့သူဌေးက အလုပ်တစ်ခုတာဝန်ယူလိုက်တယ်၊ အဲဒါကတော့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ထဲမှာရှိတဲ့ ဂိုထောင်ကြီးတစ်ခုကို ကျုပ်တို့ကသွားပြီးတော့ အချောကိုင်ပေးရမှာပေါ့ဗျာ၊ ဂိုထောင်က သိပ်မကျယ်တာကြောင့်မို့လို့ လူအများကြီးနဲ့မသွားဘဲ ကျုပ်ရယ်၊ အကူကောင်လေးတစ်ယောက်ရယ်ပဲ သွားခဲ့တာပေါ့ဗျာ၊ လူများများနဲ့လုပ်ရင် ရက်ပိုင်းအတွင်းပြီးတယ်ဆိုပေမယ့် စရိတ်တော့အတော်ထောင်းတာဗျ၊ အလုပ်အပ်တဲ့လူကလည်း အချိန်ရတယ်ဆိုတာနဲ့ ကျုပ်တို့နှစ်ယောက် တစ်ပတ်လောက်လုပ်ရင် ပြီးနိုင်တယ်၊ ဒါကြောင့် နှစ်ယောက်ပဲထွက်ခဲ့တာပေါ့ဗျာ။
အဲဒီဂိုထောင်ကြီးက စက်မှုဇုန်နယ်မြေထဲမှာရှိတာဗျ၊ (၉၈) ရပ်ကွက်လို့လည်းခေါ်ကြတယ်၊ ဒါပေမယ့် စက်မှုဇုန်ရဲ့အစွန်မှာရှိတာပါဗျာ၊ ဂိုထောင်ကြီးရဲ့ ပတ်ပတ်လည်မှာ တခြားအဆောက်အဦးတွေ ဘာမှမရှိဘဲနဲ့ လယ်ကွင်းတွေချည်းပဲရှိတယ်၊ ဂိုထောင်ကြီးကနေ အရှေ့ဘက်ကိုလှမ်းကြည့်ရင် ကွေ့ကောက်စီးဆင်းနေတဲ့ ပဲခူးမြစ်ကြီးကိုတောင် မြင်တွေ့ရပါသေးတယ်ဗျာ။
ဂိုထောင်ဆောက်ထားတဲ့ မြေကွက်ကြီးကတော့ အကျယ်ကြီးပဲဗျ၊ မြေကွက်တစ်ခုလုံး ဘာအပင်မှမရှိတဲ့အပြင် သံမံတလင်းကို နေရာလပ်မကျန်ခင်းထားတာဗျ၊ အဲဒီမြေကွက်ရဲ့ အနောက်ဘက်မရောက်တရောက်မှာ ဂိုထောင်ကြီးကိုဆောက်ထားတယ်၊ ဂိုထောင်က ပေ တစ်ရာငါးဆယ် ပတ်လည်လောက်တော့ရှိတယ်၊ ဂိုထောင်ရဲ့အနောက်မှာတော့ အလုပ်သမားတွေနေဖို့ဆိုပြီး တန်းလျားတစ်ခုဆောက်ထားတယ်၊ တန်းလျားက အပေါ်ငါးခန်း၊ အောက်ငါးခန်းရှိတာပေါ့ဗျာ၊ ကြည့်ရတာ ဂိုထောင်ကြီးက အခုမှဆောက်လို့ပြီးတဲ့ပုံပဲဗျ၊ တခြားဆောက်လုပ်ရေးလုပ်ငန်းတွေတောင်မှ ပန်းရံသမားတွေက ဆောက်နေကြတုန်းပဲဗျ။
အဲဒီတန်းလျားကြီးမှာ ပန်းရံဆရာတွေနေရင်း ဆောက်စရာရှိတာတွေ ဆက်ဆောက်နေကြတယ်၊ ကျုပ်နဲ့ ကျုပ်ကောင်လေးနဲ့ကတော့ တန်းလျားမှာသွားမနေဘဲ အဲဒီဂိုထောင်ကြီးမှာပဲ နေကြတာပေါ့ဗျာ၊ ပန်းရံဆရာတွေကလည်း ကျုပ်တို့ကိုခင်ပါတယ်၊ ရောက်သွားတဲ့ညဘဲ ကျုပ်တို့စုဖွဲ့ပြီးတော့ စကားပြောဖြစ်ကြတယ်၊ စက်မှုဇုန်မီးပေးတာက တစ်မျိုးဗျ၊ မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ မီးမပျက်ဘူး၊ ဒါပေမယ့် ညနေကနေစပြီး နောက်တစ်နေ့မနက်အထိက မီးလုံး၀မပေးဘူးဗျာ၊ ညရောက်ရင်တော့ အားသွင်းတဲ့မီးလေးတွေဖွင့်ပြီးတော့ အမှောင်ထဲမှာ နေကြရတာပေါ့ဗျာ။
“ကိုဆံရှည် ခင်ဗျားတို့ အမဲသား၊ ဝက်သားစားသလားဗျ”
ပန်းရံအဖွဲ့ခေါင်းဆောင်နဲ့ စကားစပ်မိရင်း သူတို့ကပြောတယ်ဗျ၊ ကျုပ်လည်း ခေါင်းညိတ်လိုက်တာပေါ့ဗျာ။
“စားတယ်ဆိုရင် ခင်ဗျားတို့ကိုသတိပေးရအုံးမယ်၊ ခင်ဗျားတို့ ထမင်းဟင်းတွေ ဝယ်စားတဲ့အခါ အမဲသား၊ ဝက်သားကို ဟောဒီခြံထဲကိုမသွင်းနဲ့ဗျ”
ကျုပ်လည်းထူးဆန်းသွားတာပေါ့ဗျာ။
“ဘာဖြစ်လို့လဲဗျ”
ပန်းရံဆရာတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
“ဒီခြံထဲမှာ အစောင့်တွေရှိတယ်လို့ပြောတာပဲ၊ အမဲသား၊ ဝက်သား သယ်လာတဲ့ညဆိုရင် အနောက်ကတန်းလျားမှာရော၊ ဟောဒီဂိုထောင်ကြီးထဲမှာပါ သူတို့ကသောင်းကျန်းကြရောဗျို့”
“ဟုတ်ရဲ့လားဗျာ”
အမှန်တော့ ကျုပ်က မယုံသင်္ကာနဲ့မေးလိုက်တာတော့မဟုတ်ဘူး၊ သူပြောတာကိုနားထောင်ပြီး ဘာပြောရမှန်းမသိတာနဲ့ ပါးစပ်ကလွှတ်ခနဲထွက်သွားတာဗျ၊ အမှန်တော့ ကျုပ်လည်း တစ်သက်နဲ့တစ်ကိုယ် သရဲတွေဘာတွေမကြုံဖူးဘူးဆိုတော့ မကြောက်တတ်ဘူးဆိုပါတော့ဗျာ၊ ကျုပ်ပြန်ပြောလိုက်တော့ ပန်းရံဆရာခေါင်းဆောင်က ကျုပ်ကိုနည်းနည်းစိတ်ဆိုးသွားတဲ့ပုံပဲ။
“ဘာလဲ၊ ခင်ဗျားက ကျုပ်တို့တမင်သက်သက် ခင်ဗျားကြောက်အောင် လျှောက်ပြောနေတယ်လို့ထင်လို့လား”
“ဒီလိုလည်းမဟုတ်ပါဘူးဗျာ၊ ကျုပ်က သရဲခြောက်တာတို့ ဘာတို့ကို အတွေ့အကြံမရှိလို့ပြောမိတာပါ၊ စိတ်မဆိုးပါနဲ့”
ပန်းရံခေါင်းဆောင်က မျက်နှာထားတည်တည်နဲ့
“မယုံမရှိနဲ့ကိုယ့်လူ၊ ဒီအဖြစ်က ကျုပ်တို့မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့တဲ့အဖြစ်ပဲ”
ဒါနဲ့ပဲ ပန်းရံဆရာခေါင်းဆောင်က သူတို့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကို ကျုပ်ကိုပြန်ပြောပြတာပေါ့ဗျာ။
(၂)
ပန်းရံဆရာတို့အဖွဲ့ ဒီကိုရောက်လာတော့ အရှေ့ကပန်းရံတစ်ဖွဲ့က အလုပ်ကိုထားပြီးထွက်ပြေးသွားတယ်လို့ဆိုတယ်ဗျ၊ ဒါနဲ့ သူတို့လည်း အရှေ့ကလူတွေ မပြီးပြတ်ခဲ့တဲ့အလုပ်တွေကို ဆက်လုပ်ရတာပေါ့၊ နောက်တော့ တန်းလျားကြီးတစ်ခုကိုဆောက်ကြတယ်၊ အလုပ်ရှင်က ဘာပြောသလဲဆိုတော့ ဒီခြံထဲမှာ အမဲသား၊ ဝက်သား မစားပါနဲ့တဲ့ဗျာ၊ စားရင် ခင်ဗျားတို့ သရဲခြောက်ခံရမယ်လို့ပြောတယ်၊ ကျန်တဲ့လူတွေက နားလည်ပေမယ့် ပန်းရံအဖွဲ့ထဲက ဖိုးခွားဆိုတဲ့လူကတော့ လုံး၀မယုံဘူး။
“အလကားပါဗျာ၊ လူတွေက လျှောက်ပြောနေတာ၊ ကျုပ်ကတော့ သရဲဆိုတာ ယုံလည်းမယုံဘူး၊ ကျုပ်တို့ဘာသာမှာလည်း သရဲဆိုတာမရှိဘူး”
သူက ဘာသာခြားတဲ့ဗျာ၊ ကရင်လည်း ကရင်ကိုးဗျ၊ ဒါပေမယ့် ပန်းရံခေါင်းဆောင်က မဖြစ်သင့်တာမဖြစ်ရအောင် ဖိုးခွားကိုတားတယ်။
“ဟေ့ကောင်ဖိုးခွား၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့စည်းသူ့ကမ်းကို နားလည်ရမယ်ကွ၊ အလုပ်ရှင်ပြောသလို ဒီခြံထဲမှာ ဘယ်သူမှ အမဲသား၊ ဝက်သားမသယ်ရဘူး၊ မင်းတို့စားချင်တယ်ဆိုရင် တစ်ခါတည်းအပြင်မှာ အပြတ်စားလာခဲ့ကြ၊ ငါပြောတာမလိုက်နာတဲ့လူကို ငါ့အဖွဲ့ကနေထုတ်မယ်၊ ကြားလား”
အားလုံးခေါင်းညိတ်တော့ ဖိုးခွားကလည်း ခေါင်းညိတ်ရတာပေါ့၊ မလိုက်နာရင် အလုပ်ကထုတ်မယ်လို့ ဆိုတယ်မဟုတ်လားဗျ၊ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ မကျေနပ်ဘူးပေါ့ဗျာ။
ပန်းရံအဖွဲ့က အဲဒီခြံထဲမှာနေရင်း အလုပ်လုပ်ကြတယ်၊ တစ်ရက်ကျတော့ ပန်းရံအဖွဲ့နားရက်ယူတာပေါ့ဗျာ၊ လှိုင်သာယာတို့၊ ရွှေပြည်သာတို့ကနေ အလုပ်လာလုပ်တဲ့လူတွေဆိုတော့ တစ်ရက်တစ်လေ အိမ်ကိုပြန်ကြတာပေါ့၊ ဒါပေမယ့် ဆိုက်ထဲမှာလည်း လူစောင့်လိုသေးတယ်မဟုတ်လား၊ ဆောက်လုပ်ရေးက တန်းလန်းကြီးဆိုတော့ သူများက ခိုးဝှက်သွားမှာစိုးရိမ်ရတယ်လေ၊ ဒါနဲ့ပဲ အိမ်မပြန်ချင်တဲ့လူကို ရှာလိုက်တော့ ဖိုးခွားရယ်၊ နောက်ထပ်ကောင်လေးတစ်ကောင်ရယ် ထွက်လာတယ်၊ သူတို့နှစ်ယောက်ကို အဲဒီမှာ အစောင့်ထားခဲ့ပြီးတော့ ကျန်တဲ့လူတွေကတော့ အသီးသီးပြန်ကြတာပေါ့ဗျာ။
အဲဒီညမှာ ဖိုးခွားက ဗွေဖောက်တော့တာပဲဗျာ၊ အရင်ကတော့ အလုပ်သမားတွေက ရပ်ကွက်ထဲဆင်းပြီးတော့ ထမင်းဆိုင်တွေမှာ ထမင်းစားသောက်ပြီးတော့ ပြန်လာကြတာပေါ့ဗျာ၊ အရက်သောက်ချင်တယ်ဆိုရင်လည်း ဝယ်လာခဲ့ကြတာပေါ့၊ ပန်းရံခေါင်းရဲ့အမိန့်ဆိုတော့လည်း အမဲသား၊ ဝက်သား ဝယ်မလာရဲဘူးပေါ့ဗျာ။ အခုတော့ ဘယ်သူမှမရှိတော့ဘူးဆိုတော့ ဖိုးခွားက ဝက်သားဟင်းတွေဝယ်ချလာတယ်ဗျ၊ ကျန်တဲ့ကောင်လေးက ကြောက်တော့ကြောက်တာပေါ့ဗျာ။
“ဟာကွာ၊ ဘာမှကြောက်မနေစမ်းပါနဲ့၊ အဲဒီသရဲကောင်လာစမ်းပါစေ၊ ငါနဲ့တွေ့သွားမယ်၊ ဟင်း . . ဟင်း”
ဖိုးခွားကပြောရင်းဆိုရင်း အရက်သောက်လိုက် ဝက်သားတုံးလေးဖဲ့စားလိုက်နဲ့ ဇိမ်ကျနေတာပေါ့ဗျာ၊ ကျန်တဲ့ကောင်လေးကတော့ အရက်တော့သောက်ပေမယ့် ဝက်သားတော့မစားဝံ့ဘူးပေါ့။ တန်းလျားက အခုမှဆောက်ပြီးတာဆိုတော့ ဖိုးခွားတို့က အပေါ်ထပ်က အခန်းတစ်ခန်းမှာတက်အိပ်ကြတယ်၊ မြစ်ကနေ လေတွေတဖြူးဖြူးနဲ့ တိုက်နေတာဆိုတော့လည်း လေးညင်းခံရင်း အရက်သောက်နေတာပေါ့။ သောက်ပြီးစားပြီးတော့ အခန်းထဲပြန်ဝင်အိပ်ကြတယ်။
ညသန်းခေါင်လောက်ရောက်တော့ အခန်းတံခါးကို တဒုန်းဒုန်းနဲ့ထုတယ်တဲ့ဗျာ၊ ဖိုးခွားနဲ့ ကောင်လေးနဲ့က နှစ်ယောက်တစ်ခန်းအိပ်တာကိုး၊ ဖိုးခွားက အရက်မူးနေတော့ မထဘူးတဲ့၊ ဒါနဲ့ ဟိုကောင်လေးက အလုပ်သမားတစ်ယောက်ယောက်များ အချိန်မတော်ကြီးပြန်လာတာလားဆိုပြီးတော့ အခန်းတံခါးထဖွင့်လိုက်တာပေါ့ဗျာ၊ တံခါးဖွင့်လိုက်တာနဲ့ လူလိုလိုမဲမဲကြီးက အခန်းထဲကိုဝင်ချလာတယ်တဲ့၊ မီးကလည်းပျက်နေတာဆိုတော့ သဲသဲကွဲကွဲတော့မမြင်ရဘူးပေါ့၊ ကောင်လေးက ဘယ်သူလဲဆိုပြီးတော့ မေးနေတုန်း အဲဒီလူက မင်းဖယ်နေဆိုပြီးတော့ ကောင်လေးကိုတွန်းထုတ်လိုက်တယ်ဗျ၊ ပြီးတော့ အိပ်နေတဲ့ဖိုးခွားဆီကိုသွားပြီးတော့ ဘာမပြောညာမပြောနဲ့ ခြေထောက်နှစ်ချောင်းကိုဆွဲပြီး ကုတင်ပေါ်ကဆွဲချပါရော၊ ဖိုးခွားလည်း မူးမူးနဲ့ သူဆွဲတဲ့အတိုင်း ပါသွားတာပေါ့၊ ဒီလူကြီးက ဖိုးခွားကို ကြမ်းပြင်ပေါ်မှာပါ ဆွဲချပြီးတော့ အခန်းအပြင်ကိုဆွဲထုတ်တယ်၊ ပြီးတာနဲ့ လျှောက်လှမ်းတစ်လျှောက် ဆွဲသွားပြီးတော့ အပေါ်ထပ်လှေကားကနေ တရွတ်တိုက်ပြီးတော့ ဆွဲချသွားတာပဲဗျာ၊ ဖိုးခွားလည်း ငယ်သံပါအောင်အော်ပြီးတော့ တရွတ်တိုက်ကြီးပါသွားတာ၊ လှေကားက သံလှေကားဆိုတော့လည်း တဒုန်းဒုန်းနဲ့အသံမြည်တာပေါ့ဗျာ။ အောက်ရောက်သွားတော့မှ ဖိုးခွားခြေထောက်ကိုလွှတ်ပေးလိုက်တယ်၊ ဖိုးခွားလည်း မတ်တပ်ထတုန်းရှိသေးတယ် သူ့ကိုခုန်အုပ်ပြီးတော့ နပမ်းတွေဖက်လုံးတာပဲတဲ့ဗျာ၊ ဟိုကောင်လေးလည်း ကြောက်ကြောက်နဲ့အော်နေမိတယ်၊ နောက်တော့မှ အဲဒီလူကြီးက ရုတ်တရက်ဖြုတ်ခနဲပျောက်သွားတာပဲဗျာ၊ ဖိုးခွားလည်း လူးလဲထပြီးတော့ ပုဆိုးပြင်ဝတ်ပြီး အပြင်ကိုထွက်ပြေးသွားတာပါပဲ၊ နောက်နေ့ဖိုးခွားအလုပ်မလာသလို ဆက်သွယ်လို့လည်းမရတော့ပါဘူး၊ သူကြောက်သွားလို့ ပြေးသွားပြီထင်တယ်ဗျာ။
(၃)
ကျုပ်လည်း သူတို့ပြောတာနားထောင်ပြီးမှ ကျောထဲစိမ့်ခနဲဖြစ်လာတယ်၊ ကျုပ်လည်း အမဲသား၊ ဝက်သားတော့ သိပ်ကြိုက်တာဗျ၊ ဒါပေမယ့် လည်း ရှေ့မှာလည်း လူတွေဖြစ်ထားတာဆိုတော့ ဆင်ခြင်လိုက်တာပေါ့ဗျာ။
ထမင်းကိုတော့ အပြင်မှာသွားစားတယ်၊ ဝက်သားစားချင်ရင် အဲဒီမှာပဲစားလာတာပေါ့ဗျာ၊ အရက်လေးဘာလေးသောက်ပေမယ့် သိပ်ပြီးဟော့ဟော့ရမ်းရမ်းတော့ ဘယ်နေပါ့မလဲ။ ဒီလိုနဲ့ အလုပ်လုပ်ရင်း သုံးရက်လောက်ကြာတော့ ကျုပ်လည်း အဲဒီရပ်ကွက်ထိပ်နားက လက်ဖက်ရည်ဆိုင်ထွက်ထိုင်ရင်း အဘိုးကြီးတစ်ယောက်နဲ့ခင်သွားတယ်ဗျ၊ ဒါနဲ့ သူ့ကိုစကားစပ်ပြီးပြောကြည့်တာပေါ့၊
“အဘကြီးက ဒီကနယ်ခံလား”
“အေးပေါ့၊ ဒီမှာနေတာတော့ အတော်ကြာပါပြီ”
“ဒါဆို ကျုပ်တို့အလုပ်လုပ်နေတဲ့ စက်ရုံကြီးအကြောင်းကိုရော ကြားဖူးသေးလား”
အဘိုးကြီးက ကျုပ်ကိုတစ်ချက်ကြည့်တယ်ဗျ၊ သူက တစ်ခုခုတော့သိနေတဲ့ပုံပဲ၊ ဒါပေမယ့် ကျုပ်ကိုပြောချင်ပုံမရပါဘူးဗျာ၊
“ရပါတယ်အဘရယ်၊ ကျုပ်က သရဲမကြောက်တတ်ပါဘူး”
ဒီတော့မှ အဘိုးကြီးက ခေါင်းညိတ်ပြီးတော့
“အဲဒီနေရာက အရင်ကကွင်းကြီးကွ။ အဲဒီမှာ ညောင်ပင်ကြီးတစ်ပင်လည်းရှိတယ်၊ အရင်တုန်းကဆိုရင် အဲဒီညောင်ပင်ကြီးရှိတဲ့လမ်းကနေ နေ့ခင်းကြောင်တောင်ကြီးတောင် လူမဖြတ်ဝံ့ဘူးကွ၊ လူတွေဖြတ်ရင် အပင်ကြီးပေါ်ကနေ တစ်မျိုးမဟုတ်တစ်မျိုး ခြောက်လှန့်တတ်တယ်၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဖြတ်ရင်တော့ စက်ဘီးတွေကို တွန်းလှဲတတ်တယ်ကွ၊ ဘာမှမမြင်ရဘဲ အဲဒီသစ်ပင်နားရောက်တာနဲ့ စက်ဘီးလဲ၊ ဆိုင်ကယ်မှောက်တာပေါ့ကွာ”
“တော်တော်ဆိုးတာပဲဗျ”
“အေး၊ အဲဒီလိုမှောက်ပြီဆိုရင်လည်း မှောက်တဲ့လူက အပမှီသလိုလို၊ သရဲပူးသလိုလိုဖြစ်တတ်တယ်၊ အဲဒီအပင်ကြီးအောက်မှာ သွားပြီးတောင်းပန်ရတယ်၊ ပွဲတွေဘာတွေထိုးပေးမှ ပျောက်တတ်တာတဲ့”
အဘိုးကြီးက လက်ဖက်ရည်တစ်ကျိုက်မော့လိုက်ပြီးတော့
“အခုပိုင်ရှင်က တရုတ်ဆိုလားပဲ၊ သူက အဲဒီမြေကွက်ကိုဝယ်ပြီးတော့ အပင်ကိုလှဲလိုက်တယ်၊ ပြီးတော့ အခုမင်းတို့နေတဲ့ အဆောက်အအုံတွေဆောက်တာပေါ့ကွာ၊ အရင်ကဆိုရင် ပန်းရံအဖွဲ့တွေ၊ ဆောက်လုပ်ရေးအဖွဲ့တွေ သုံးလေးဖွဲ့လောက် ထွက်ထွက်ပြေးကြတယ်၊ ပရိတ်တွေအကြိမ်ကြိမ်ရွတ်၊ မြေတွေသန့်တော့မှသာ အခြောက်အလှန့်နည်းသွားတာ၊ ဒါတောင်မှ တစ်ခါတစ်ခါ ခြောက်နေတုန်းပဲ”
သူပြောတာနားထောင်ရင်း သရဲမကြောက်တတ်တဲ့ကျုပ်တောင်မှ သရဲကြောက်ချင်သွားတယ်ဗျာ။
နောက်နေ့တော့ ပန်းရံအဖွဲ့က လုပ်ငန်းသိမ်းသွားပြီဗျ၊ ပိုက်ဆင်တဲ့လူနှစ်ယောက်ရယ်၊ အကူကောင်လေးတစ်ယောက်ရယ်ပဲ ကျန်ခဲ့တော့တာ၊
မှတ်မှတ်ရရ အဲဒီနေ့က စက်တင်ဘာ နှစ်ဆယ့်ငါးရက်ဗျ။
အဲဒီညက ကျုပ်ရဲ့အကူကောင်လေးလည်း အိမ်ပြန်ချင်တယ်ဆိုပြီး ပြန်သွားတော့ ဂိုထောင်ထဲမှာ ကျုပ်တစ်ယောက်ပဲကျန်ခဲ့တာပေါ့ဗျာ၊ ညနေစောင်းပြီး ငါးနာရီကျော်တော့ ရေပိုက်ဆင်တဲ့လူနှစ်ယောက်နဲ့ ဟိုကောင်လေးနဲ့ ထမင်းထွက်စားကြတယ်၊ ဒီတော့ ဂိုထောင်ထဲမှာ ကျုပ်တစ်ယောက်တည်း ဖုန်းကြည့်ရင်း ကျန်နေခဲ့တယ်။
“ဘုန်း . . . ဘုန်း၊ ဝုန်း . . . ဝုန်း”
တန်းလျားဘက်ကနေ အသံတွေကြားလိုက်ရတယ်ဗျ၊ ကျုပ်လည်း ငှက်တွေခိုတွေဖြစ်မယ်ဆိုပြီး အစောပိုင်းကတော့ ထမကြည့်ဘူး၊ နောက်တော့ တဖြည်းဖြည်းအသံတွေက ကြမ်းလာတယ်၊ သံလှေကားကိုလည်း တဒေါင်ဒေါင်နဲ့ တက်လိုက်ဆင်းလိုက် လုပ်နေတာပဲဗျာ၊ ကျုပ်လည်း သရဲခြောက်နေပြီဆိုတာ သိလိုက်တယ်၊ စိတ်က မကြည့်ဘဲလည်း မနေနိုင်ဘူးဗျာ၊ ဒါနဲ့ တန်းလျားဘက်ကိုထွက်ခဲ့တယ်။
တန်းလျားအပေါ်က အခန်းတစ်ခန်းရဲ့တခါးက တဝုန်းဝုန်းနဲ့လှုပ်နေတယ်ဗျ၊ တံခါးကို အထဲက တစ်ယောက်ယောက်က တွန်းဖွင့်နေတဲ့ပုံစံမျိုးပဲ၊ လော့ချထားတဲ့ တံခါးဘုသီးကလည်း တဂျောက်ဂျောက်နဲ့လှုပ်နေသေးတယ်ဗျ။
ဒီတန်းလျားထဲ ဘယ်သူမှမရှိဘူးဆိုတာ ကျုပ်သိတာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း အသံပေးလိုက်တယ်။
“ဟေ့ ဘယ်ကောင်လဲကွ”
ကျုပ်အော်လိုက်တော့ အသံတိတ်သွားတယ်ဗျ၊ ပြီးတော့ အသံက ပြန်ထွက်လာတယ်၊ ဒီတစ်ခါကျတော့ အသံကတော်တော်ကြမ်းတာဗျ။ ကျုပ်လည်း အဲဒီအခန်းအနားကိုမကပ်တော့ဘဲ အဝေးကပဲလှမ်းကြည့်နေတာပေါ့ဗျာ၊ မှောင်တောင် မမှောင်သေးပါဘူး။ နောက်တော့ ထမင်းသွားစားတဲ့ကောင်လေးတွေပြန်လာကြတယ်၊ အဲဒီအချိန်အထိ အခန်းတံခါးက လှုပ်နေတုန်းပဲ၊ ဒီကောင်တွေလည်း တော်တော်ကြောက်နေပြီလေ၊ ဒါနဲ့ သူတို့ဆရာကိုဖုန်းဆက်ကြတယ်။
“မင်းတို့ တစ်ခုခုမှားတာနေမှာကွ၊ သူ့ကိုပြန်တောင်းပန်လိုက်ကြ”
ကျုပ်တို့လည်း အခန်းတံခါးကိုကြည့်ပြီးတော့
“အထဲက ပုဂ္ဂိုလ်ကြီးကို ကျုပ်တို့မှားတာရှိရင်တောင်းပန်ပါတယ်၊ ကျုပ်တို့ကို ခွင့်လွှတ်ပါ”
အဲဒီလိုပြောလိုက်တော့မှ အခန်းတံခါးက ငြိမ်ကျသွားတာဗျ၊ ဆယ့်ငါးမိနစ်လောက်နေမှာ အဲဒီအခန်းမှာနေတဲ့ ကောင်လေးက တံခါးဖွင့်လိုက်တယ်၊ အခန်းတစ်ခုလုံးကို မွစာကျဲနေတာပဲဗျာ၊ သရဲက သောင်းကျန်းထားတာဖြစ်မယ်၊ ပိုပြီးထူးခြားတာက အခန်းတံခါးကြီးမှာ လက်သည်းနဲ့ကုပ်ခြစ်ပြီး ဖြဲထားလို့ တံခါးကြီးက ပြဲနေတာပဲဗျာ။
အခန်းတံခါးက အလူမီနီယမ်တံခါးဗျ၊ ရယ်ဒီမိတ်လုပ်ထားတဲ့တံခါးပေါ့၊ အလူမီနီယမ်ဆိုတာကလည်း လူတစ်ယောက် လက်နဲ့ခြစ်ပြီး ဆွဲဖြဲလို့မလွယ်ဘူးဗျာ၊ ဒီတံခါးကိုတောင်မှ အတွင်းကနေဆွဲဖြဲသွားတာ။
ဒါနဲ့ ပိုင်ရှင်ကိုဖုန်းခေါ်ရတာပေါ့ဗျာ၊ တံခါးကြီးပြဲသွားတယ်ဆိုတာကိုလည်း ပြရတာပေါ့၊ နို့မဟုတ်ရင် ဒီကောင်လေးတွေ တံခါးဖိုးလျော်ရတော့မှာမဟုတ်လား၊ ပိုင်ရှင်ကလည်း ယုံတယ်ဗျာ၊ သူ့ခြံအကြောင်း သူသိလို့နေမှာပေါ့၊ နှစ်ခါမပြောရဘူး သရဲလုပ်တယ်ဆိုတာနဲ့ ယုံတာပဲ၊ ပြီးတော့ ပရိတ်ရွတ်လိုက်ပါလို့ပြောတယ်၊ လိုတဲ့ငွေကို သူထုတ်ပေးမယ်တဲ့။
ဒါနဲ့ကျုပ်တို့လည်း ရွာခံအဘကို အကူအညီတောင်းပြီး နောက်နေ့ပရိတ်ရွတ်တာပေါ့ဗျာ၊ အမျှအတန်းလည်း ဝေပါတယ်၊ အမျှဝေခါနီး ဂိုထောင်ထဲကို သူတို့ကိုဖိတ်ခေါ်လိုက်တယ်။
“ယခုခြံထဲမှာရှိကြတဲ့ မမြင်အပ်တဲ့ ပုဂ္ဂိုလ်အပေါင်းကို ဖိတ်ခေါ်ပါတယ်၊ အမျှအတန်းပေးဝေမှာဖြစ်တဲ့အတွက် အမျှယူ သာဓုခေါ်ကြပါ”
ကျုပ်တို့ခေါ်လိုက်ပေမယ့် သူတို့က လာပုံမရဘူးဗျ၊ ဒါနဲ့ အမျှအတန်းဝေပြီးတဲ့အချိန်မှာ တန်းလျားပေါ်က အခန်းတံခါးတွေက သူ့အလိုလို ထပြီးတော့ ပိတ်လိုက်ဖွင့်လိုက်နဲ့ တဝုန်းဝုန်းဖြစ်ကုန်တာ၊ တန်းလျားမှာ ဘယ်သူမှလည်းမရှိဘူးလေ၊ တံခါးတွေဆိုတာကလည်း ဘုသော့တပ်ထားတဲ့တံခါးတွေဆိုတော့ ဘယ်လိုလုပ်ပြီးတော့ သူ့အလိုလိုပွင့်မှာလဲဗျာ၊ ဟုတ်တယ်မဟုတ်လား။
နောက်တစ်ရက်နေတော့ ကျုပ်လုပ်ငန်းတွေအကုန်ပြီးစီးသွားတာနဲ့ အဲဒီဂိုထောင်ကနေပြန်ခဲ့တော့တယ်ဗျာ၊ အဲဒီကပြန်လာတော့မှပဲ စိတ်ထဲ ကြောက်သလိုလို၊ ရွံ့သလိုလိုဖြစ်နေတာကြီးက ပျောက်သွားတာပဲဗျို့၊ ခင်ဗျားတို့ကိုလည်း ကျုပ်တကယ်ကြုံခဲ့တဲ့ အတွေ့အကြုံလေးကို မျှလိုက်ပါတယ်၊ ခင်ဗျားတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒဂုံဆိပ်ကမ်းစက်မှုဇုန် (၉၈) ရပ်ကွက်က သရဲခြောက်တဲ့ဂိုထောင်ကြီးလို့မေးရင် ရွာခံတွေအတော်များများသိကြပါတယ်ဗျာ။
ပြီးပါပြီ။