“မသိဘူး ဖေဖေ အဲဒီအိတ်ကြီးကိုမြင်ရင်ကြောက်တယ်f၊ အဲဒီအိတ်အနားသွားရင် ပူတယ်”
ရဲဝင်းက ဘာကြောင့်မှန်းမသိသဖြင့် စဉ်းစားမိလိုက်သည်။ နေ့လယ်က ဘုန်းဘုန်းပေးခဲ့သည့် ချည်မန်းကွင်းကြိုးကို ပင်ကီက ကြောက်နေခြင်းဖြစ်မည်ဟုသိလိုက်သည်။ ရဲဝင်းက ထိုကြိုးကို ကျောပိုးအိတ်အတွင်းမှထုတ်လိုက်ပြီး ဘီရိုထောင့်တစ်နေရာတွင် ထည့်ကာ သိမ်းဆည်းလိုက်သည်။
သုံးရက်ခန့်အကြာတွင် နွတ်က ပျော်ရွှင်စွာဖြင့် ကခုန်နေပြန်သည်။ ရဲဝင်းလည်း အလန့်တကြားနှင့် နွတ်ထံသို့ပြေးလာခဲ့သည်။
“ဘာလဲ၊ နွတ် အောင်ပြီလား”
ရဲဝင်းက အပြေးအလွှားမေးလိုက်လေသည်။
“ဟုတ်တယ်ဖက်၊ ဘတ် ၁သန်းနီးပါးလောက် မြတ်သွားတယ်”
“အချီကြီးရသွားတာပေါ့နော်”
“အဲဒါ ပင်ကီလေးရဲ့ ကျေးဇူးကြောင့်နေမှာဖက်ရဲ့”
နွတ်က ပြောဆိုလိုက်ကာ စားပွဲခုံတွင် တင်ထားသည့် ပင်ကီအရုပ်ကလေးကို ကောက်ယူလိုက်ပြီး ပွေ့ဖက်ကာ ပင်ကီ၏နဖူးကို တရွတ်ရွတ်နှင့် နမ်းနေတော့သည်။
“သမီးလေးသွားချင်တဲ့ ကမ်းခြေကို မေမေလိုက်ပို့ပေးမယ်နော်”
ထိုနေ့မှ စတင်ပြီး သူတို့မိသားစု ခရီးထွက်ရန်အတွက် စီစဉ်ကြတော့သည်။ ပင်ကီအတွက် ဈေးကြီးသော အကျီ သုံးထည်ဝယ်ပေးလိုက်သည်။ ရေကူးဝန်စုံကလေးတစ်ခုလည်းပါသည်။ ဦးထုပ်ဝိုင်းကလေးများ၊ ဆွဲကြိုးကလေးများကိုလည်း ဝယ်ယူပေးလိုက်သည်။
“ဖက်ရေ ကမ်းခြေတွက အများကြီးရှိတာ၊ နွတ်တို့ ဘယ်ကမ်းခြေသွားကြမလဲ”
“အင်း မပြောတတ်ဘူးနွတ်၊ ပတ္တရားဘက်သွားမလား”
“ဟာ . . . ပတ္တရားက လူရှုပ်တယ်၊ လှလည်း သိပ်မလှဘူး၊ နွတ်တို့ ဖူးခက်သွားမယ်”
“နွတ်၊ ဖူးခက်က ဈေးကြီးတယ်မလား၊ ပြီးတော့ သူလည်းလူရှုပ်တာပဲ”
“အမလေး ဖက်ရယ် ဈေးတွေဘာတွေ တွက်မနေပါနဲ့၊ တစ်ခါတစ်လေသွားတာပဲဥစ္စာ”
“အင်းလေ နွတ်ကောင်းသလိုသာ စီစဉ်လိုက်ပါ”
“ဒါနဲ့လေ ဖက် နေ့လည်ကျရင် ရှော့ပင်းသွားဦးမယ် လိုက်မလား”
ရဲဝင်းက ခေါင်းခါလိုက်မိသည်။ မိန်းမများနှင့် ရှော့ပင်းထွက်ရသည်မှာ လွယ်သည်တော့မဟုတ်၊ နွတ်က ချေးများပြီး အရွေးသန်သဖြင့် နွတ်ရှော့ပင်းထွက်သည့်အခါတိုင်း ရဲဝင်းက နာရီအတော်တော်များများကြာအောင် စောင့်ခဲ့ရဖူးသည်။
“အင်းပါ ဒါဆိုရင်လည်း အိမ်မှာပဲနေခဲ့၊ ဖက်အတွက်လည်း အဝတ်အစားလေး ဘာလေးဝယ်မှပဲ”
ထိုနေ့နေ့လည်တွင်တော့ အိမ်က တိတ်ဆိတ်နေသည်။ အိမ်အကူကို ကုမ္မဏီတစ်ခုနှင့် ချိတ်ဆက်ပြီး ရှာဖွေထားသော်လည်း အိမ်အကူက မရသေးသဖြင့် အိမ်ကြီးတစ်အိမ်လုံးတွင် ရဲဝင်းတစ်ယောက်မှလွဲJပြီး ဘယ်သူမှမရှိ။ ပျင်းပျင်းနှင့် ဖုန်းပွတ်နေစဉ် ပင်ကီက သူ့အနားလာထိုင်လေသည်။
“ပင်ကီ သမီးအစားအစာတွေထဲမှာ ဘာအကြိုက်ဆုံးလဲ”
“အင်း . . .”
ပင်ကီက နားထင်ကို လက်ညှိုးလေးနှင့်ထောက်ပြီး ခေါင်းကလေးစောင်းကာ စဉ်းစားနေလိုက်သည်။
“သိပြီ ပဲနို့ကြိုက်တယ်”
“ပဲနို့များ ပင်ကီရယ် ဒီလောက်စဉ်းစားနေရလား”
ရဲဝင်းက မီးဖိုခန်းထဲသို့ ထသွားလိုက်ကာ ရေခဲသေတ္တာအတွင်းမှ ပဲနို့တစ်ဘူးကို ထုတ်ပြီး ပိုက်ဖြင့်တပ်ကာ ပင်ကီရှေ့ကိုချပေးလိုက်သည်။ ပင်ကီက သူ့အရှေ့ရှိ ပဲနို့ဘူးကို မျက်စိအပြူးသားနှင့် ကြောင်ကြည့်နေလေရာ
“သောက်လေ၊ ပင်ကီရဲ့”
“ဒီအတိုင်းသောက်လို့မရဘူးလေ၊ ဖေဖေက ပဲနို့ကိုဖောက်ပြီး ပိုက်တပ်ပေးမှ သောက်လို့ရတာ”
ရဲဝင်းလည်း ပဲနို့ဘူးတွင်ကပ်ပါသည့် ပိုက်ကလေးကိုထုတ်လိုက်ပြီး ပဲနို့ဘူးကိုဖောက်ကာ တပ်ပေးလိုက်သည်။
“ရော့၊ သောက် . . . သောက်၊ ပင်ကီ”
ပင်ကီက ပဲနို့ကို ပိုက်ဖြင့် စုပ်သောက်နေသည်။ ထိုအခါ ပဲနို့ဘူးမှာ သိသိသာသာလျော့ကျသွားလေသည်။
“ပင်ကီ သောက်လို့ကော ကောင်းရဲ့လား၊ နောက်ဆိုသောက်ချင်ရင် အိမ်နောက်ဖေးမှာ ပဲနို့ဘူးတွေအများကြီးရှိသေးတယ်၊ ကိုယ့်ဘာသာယူသောက်နော်”
“ဟာ၊ ဖေဖေကလည်း ပင်ကီက အဲဒီလိုယူသောက်လို့မှမရတာ၊ ပင်ကီကို စားစရာတွေဆိုရင်လည်း ဖေဖေတို့က အသင့်ကျွေးမှ စားလို့ရတာ”
“ဪ၊ ဒီလိုလား၊ သောက်လေပင်ကီ အဝသောက်၊ ကုန်ရင်ဖေဖေထပ်ဖောက်ပေးမယ်”
ပင်ကီက ပဲနို့ဘူးကို အငမ်းမရစုပ်သောက်နေသည့်အတွက် ပဲနို့များကုန်သွားသည့်အခါ ဘူးမှာတွန့်လိမ်သွားလေသည်။
“သမီး ပင်ကီ သောက်လို့ကောင်းလား”
“ကောင်းလိုက်တာ ပဲနို့လေးက အေးပြီး မွှေးနေတာပဲ”
ရဲဝင်းက ပဲနို့သုံးဘူးကို သွားထပ်ယူလိုက်ပြီး ပိုက်တပ်ကာ ပင်ကီရှေ့ကိုချပေးလိုက်သည်။ ပင်ကီက ပျော်ရွှင်စွာဖြင့် ပဲနို့တွေကို သောက်နေလေသည်။ ရဲဝင်းကလည်း ပဲနို့တစ်ဘူးကို ဖောက်ပြီးသောက်လိုက်လေသည်။ ခဏကြာသည့်အခါ ပဲနို့များ အကုန်လုံးကုန်စင်သွားတော့သည်။
“ဖေဖေ မ၀သေးဘူး”
“မရှိတော့ဘူး ပင်ကီရဲ့ အဲဒါအကုန်ပဲ”
ပင်ကီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ့မျက်လုံးများကို လက်ဖြင့်ပွတ်လိုက်သည်။ ပြီးနောက် တစ်ချက်သမ်းဝေလိုက်လေသည်။ ပင်ကီ၏ပုံစံကြည့်ရသည်မှာ အိပ်ချင်နေပုံရသည်။
“ဖေဖေ ပင်ကီအိပ်ချင်တယ်”
“အိပ်ချင်ရင် အိပ်ပေါ့သမီးရဲ့”
“ဖေဖေချီပြီးသိပ်”
ရဲဝင်းက ပင်ကီကို ကောက်ယူလိုက်ကာ သူ့ပုခုံးပေါ်တင်ပြီး ချီလိုက်သည်။ ပင်ကီက ရဲဝင်းပုခုံးပေါ်တွင် မျက်နှာလေးတင်ပြီး အိပ်လိုက်သည်။ ပင်ကီက ဝိညာဉ်ဖြစ်သည်မို့ မလေးဘဲ ပေါ့ပေါ့လေးဖြစ်နေသည်။ ဆယ်မိနစ်ခန့်ကြာအောင် လမ်းပတ်လျှောက်ပြီးသည့်အခါ ပင်ကီမှာ အိပ်မောကျနေပြီး ဟောက်တောင် ဟောက်နေပြီဖြစ်သည်။ ရဲဝင်းလည်း အိမ်ရှေ့ခန်းရှိ နှစ်ယောက်ထိုင် ဆက်တီခုံရှည်တစ်ခုပေါ်တွင် ပင်ကီလေးကို ချလိုက်သည်။ ပင်ကီလေးက ပက်လက်ကလေး အိပ်ပျော်နေပြီး ပါးစပ်ကလေးဟကာ အိပ်မောကျနေသည်။
“ချစ်ဖို့ကောင်းလိုက်တဲ့ကလေး၊ သနားဖို့လည်း ကောင်းလိုက်တဲ့ကလေးလေး”
ရဲဝင်းက ရေရွတ်လိုက်ကာ ပင်ကီနဖူးကလေးကို နမ်းလိုက်လေသည်။ ထိတော့မထိ။ ပင်ကီကိုယ်လုံးက ဖောက်ထွင်း၍ ကိုင်လို့ရနေသောကြောင့်ဖြစ်သည်။
မေတ္တာသည် အလွန်ဆန်းကြယ်သည်။ လူတစ်ဦးနှင့် တစ်ဦးသာမဟုတ်၊ လူနှင့် တိရစ္ဆာန်၊ လူနှင့် သုံးဆယ့်တစ်ဘုံသားများ အပြန်အလှန်မေတ္တာဖြစ်တတ်ကြသည်။ ယခုလည်း ရဲဝင်းနှင့် ပင်ကီတို့သည် ဘ၀ခြင်းမတူ ခြားနားကြသော်လည်း နှစ်ဦးစလုံး၏ စိတ်နှလုံးအိမ်အတွင်းတွင်တော့ မေတ္တာတရားဆိုသည့် နှောင်ကြိုးလေးတစ်ကြိုးက တစ်ရစ်ထက်တစ်ရပ်ပိုတိုးကာ ရစ်ပတ်နေမိပြီဖြစ်သည်။
ညနေစောင်းတော့မှ နွတ်ကပြန်ရောက်လာခဲ့သည်။ ရဲဝင်းကလည်း နေ့လည်စာစားသောက်ပြီးကတည်းက ခုံတစ်လုံးတွင်ထိုင်နေရင်း အိပ်ပျော်နေခြင်းဖြစ်သည်။ နွတ်က အထုပ်အပိုးတွေသယ်ဆောင်လာပြီး အိမ်ထဲသို့ဝင်လာသည်။ စားပွဲခုံတွင် ပြန့်ကျဲနေသော ပဲနို့လေးဘူးခွံများနှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ရဲဝင်းကိုတွေ့လိုက်သည်။ အနီးရှိ နှစ်ယောက်ထိုင်ဆိုဖာတွင်လည်း ပင်ကီအရုပ်ကလေးကို လှဲလျှက်တင်ထားလေသည်။
“ဟော သားအဖတွေ အိပ်နေလိုက်ကြတာ”
ရဲဝင်းနားထဲ နွတ်အသံကြားတော့မှ လန့်နိုးသွားလေသည်။
“နွတ် ပြန်လာပြီလား”
“ပြန်လာပြီဖက်၊ ဖက်အတွက် ပစ္စည်းတွေဝယ်ခဲ့တယ်”
နွတ်က ပြောဆိုရင်း အထုပ်များကို စားပွဲပေါ်သို့ချလိုက်သည်။ စားပွဲပေါ်တွင် အသင့်တင်ထားသည့် ရေကရားထဲမှ ရေတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။
“ခရီး ကိစ္စရော၊ အဆင်ပြေလား နွတ်”
“ပြေတယ်ဖက်၊ ခရီးသွားအေဂျင်စီနဲ့ တစ်ခုနဲ့ ချိတ်မိပြီ၊ အဲဒီအေဂျင်စီက လုထာပ်ကလေးတွေပါအတူခရီးသွားရအောင် စီစဉ်ပေးတဲ့ အေဂျင်စီလေ”
“ဆန်းတယ်နော်”
“ဟုတ်တယ်ဖက်၊ လုထာပ်ကလေးတွေကို ကလေးလေးတစ်ယောက်လို အရေးယူပြီးဆက်ဆံကြတယ်၊ လေယာဉ်တောင် သူတို့အတွက် တစ်ခုံသပ်သပ်ဝယ်ရတယ်၊ ဟိုတယ်ဆိုရင်လည်း လုထာပ်ပါနေဖို့ မိသားစုအခန်းတွေရှိတယ်”
နွတ်အခန်းထဲဝင်သွားပြီ။ ပင်ကီကတော့ နိုးလာလေသည်။
“နေဦး ပင်ကီရဲ့ မေမေက သမီးဝိညာဉ်ကို မမြင်ရဘူးလား”
“ဟုတ်တယ်ဖေဖေ၊ လုထာပ်ကလေးတွေ သေဆုံးခဲ့ဖူးတဲ့ အဖြစ်ကို မြင်ခဲ့ဖူးတဲ့သူမှသာ ဝိညာဉ်အဖြစ်မြင်ရတာ”
“သမီး ဖေဖေ့ကို တစ်ခါ ပြခဲ့သလိုမျိုးလား”
ပင်ကီက ခေါင်းညိတ်လိုက်လေသည်။
“ဒါဆို မေမေ့ကိုရော ဘာလို့မပြတာလဲ”
“မရဘူး ဖေဖေရဲ့ သမီးတို့ကို မေးတော့မှ ပြလို့ရတယ်”
“ဪ”
ရဲဝင်းက ပင်ကီသေဆုံးပုံကို အိပ်မက်ထဲ မေးမြန်းဖူးသဖြင့် ပင်ကီ ဝိညာဉ်ကို မြင်တွေ့နေရခြင်းဖြစ်သည်။ နွတ်က ကြည့်လျှင် ပင်ကီကို အရုပ်အဖြစ်သာ မြင်နေရလေသည်။
(ဈ)
တစ်ပတ်ခန့်ကြာပြီးနောက် သူတို့ ခရီးထွက်ဖြစ်ကြသည်။ လေယာဉ်ဖြင့် သွားခြင်းဖြစ်ပြီး ပင်ကီအတွက်ပါ လေယာဉ်လက်မှတ်ဝယ်ရသည်။ ထိုင်ခုံတစ်လုံးတွင် သူ့ကိုပေးထိုင်ရသည်။ ရဲဝင်းက ပင်ကီကိုကြည့်လိုက်သည်။ ပင်ကီလေးက အကျီအသစ်ဝတ်ပြီး ပျော်နေရှာသည်။ လေယာဉ်က ချင်းမိုင်နှင့် ဖူးခက်ကို နှစ်နာရီသာစီးရသည်မို့ မကြာခင်မှာပင် ဖူးခက်လေဆိပ်သို့ လေယာဉ်ဆိုက်ရောက်လေသည်။ လေယာဉ်ပေါ်မှဆင်းတော့ ခရီးသွားအေဂျင်စီမှ ကားလေးတစ်စီးက လာစောင့်ပြီးဟိုတယ်သို့ခေါ်သွားသည်။
“ကားခဏရပ်ပါဦး”
ရဲဝင်းက ကားဆရာကို ဆဲဗင်းအလဲဗင်း(မီနီမတ်) ရှေ့တွင် ကားရပ်ခိုင်းလိုက်ပြီး ကားပေါ်မှပြေးဆင်းသွားသည်။ ရဲဝင်းကားပေါ်ပြန်တက်လာသည့်အခါ လက်က ပဲနို့ကတ်တွေဆွဲလာလေသည်။ ပဲနို့တွေက ဘူးကြီးတွေဖြစ်ပြီး နှစ်ကတ်ဆိုတော့ မနည်းမနော။
“ဖက် ဘာဖြစ်တာလဲ ဝိတ်လျော့ပြီး ထမင်းမစားဘဲ ပဲနို့ပဲသောက်မလို့လား”
နွတ်က တအံ့တဩဖြင့် မေးလေသည်။
“မဟုတ်ပါဘူး နွတ်၊ ဖက် အခုတစ်လော ပဲနို့ ကြိုက်နေလို့”
ဖြူလွှလွှသဲသောင်ပြင်များနှင့် ပြာလဲ့နေသော ပင်လယ်ကြီးကို သူတို့ဟိုတယ်အခန်းမှ ကြည့်လျှင် အတိုင်းသား မြင်တွေ့နေရသည်။ ထိုနေ့ညနေစောင်းသည့်အခါ သူတို့လင်မယား ပင်ကီကလေးကိုခေါ်ပြီးတော့ ကမ်းခြေဘက်သို့ဆင်းခဲ့ကြသည်။ ရဲဝင်းကတော့ ရှပ်အကျီတစ်ထည်နှင့် ဘောင်းဘီတိုကိုဝတ်ဆင်လိုက်သည်။ နွတ်ကတော့ အဝတ်အစားလဲနေသည်မှာ မပြီးသေးပေ၊ ရဲဝင်းလည်း ပင်ကီကလေးကိုခေါ်လာပြီးနောက် ဟိုတယ်အဝင်၀ ဧည့်ခန်းမတွင် ထိုင်လျှက် အဝတ်အစားလဲနေသည့် နွတ်ကိုစောင့်နေကြသည်။
“မေမေကလည်း ကြာလိုက်တာကွာ ရော့ပင်ကီ ပဲနို့သောက်”
ရဲဝင်းက ပဲနို့တစ်ဘူးကိုဖောက်ပြီး ပင်ကီအရှေ့တွင်ထားပေးလိုက်သည်။ ဟိုတယ်မှာ လုထာပ်ကလေးများပါ တည်းခိုနိုင်သည့် ဟိုတယ်ဖြစ်သဖြင့် ရဲဝင်းနှင့်ပင်ကီထိုင်နေသည်ကို အခြားလူများကကြည့်ရင်း မထူးဆန်းတော့ပေ၊ သူတို့ တည်းခိုနေသည့် ဟိုတယ်တွင်လည်း ထိုကဲ့သို့ လုထာပ်အရုပ်ကလေးများကိုင်ပြီး သွားလာနေသည့်သူများတွေ့ရသည်။ ရဲဝင်းက ဟိုတယ်အရှေ့မှ ဖြတ်လျှောက်သွားကြသည့် ဘီကီနီဝတ်ထားသည့် ထိုင်းပျိုဖြူသွယ်သွယ်လေးများ၊ အနောက်တိုင်းသား မိန်းကလေးများ၏ ဖွံ့ဖြိုးလှပမှုများကို ငေးမောရင်း ကြည့်နေလိုက်သည်။
“ဖက် စောင့်ရတာ ကြာသွားပြီလား”
နွတ်ဆင်းလာတော့ ရဲဝင်းက လှည့်ကြည့်လိုက်သည်။ နွတ်က ပန်းရောင် ဘီကီနီကလေးကိုဝတ်ဆင်ထားသည်။ ပေါင်တံဖြူဖြူဖွေးဖွေးများက အတိုင်းသားထင်ပေါ်နေပြီး နွတ်၏ ရင်သားများမှာလည်း မလုံမလဲ ကြိုးသိုင်းဘီကီနီလေးအောက်တွင် ပြူတစ်ပြူတစ်ဖြစ်နေသည်။ ရဲဝင်းက နွတ်ကို အံ့ဩပြီးငေးကြည့်နေမိသည်။ ခဏတာကြည့်fပြီးနောက် အခြားယောက်ျားသားများ နွတ်ကိုဝိုင်းကြည့်နေမလားဟု တွေးကာ စိုးရိမာ်လလေသည်။ ထို့နောက် ဒေါသဖြစ်မိသွားသည်။
“နွတ် ဘာဖြစ်လို့ ဒီလိုဝတ်တာလဲ”
“ကမ်းခြေမို့ ဘီကီနီဝတ်တာ ဘာဆန်းလို့လဲ ဖက်ရဲ့”
“ကမ်းခြေဆိုပေမယ့် လူတွေအများကြီးပဲလေ နွတ်”
“ဘာဖြစ်လည်း ဖက်ရဲ့၊ သူများတွေလည်း ဝတ်နေတာပဲကို”
နွတ်စကားကလည်းမှန်ပေသည်။ ကမ်းခြေမို့ ထိုင်းများရော နိုင်ငံခြားသား မိန်းကလေးများပါ ဘီကီနီရောင်စုံဝတ်ပြီး မရှိမဲ့ရှိမဲ့ပစ္စည်းများအားထုတ်ပြီး အလှခြင်းပြိုင်နေကြသည်။ ရဲဝင်းတစ်ယောက် မကြာသေးခင်က တခြားမိန်းကလေးများ၏ အလှအပကို ငေးကြည့်မိသော်လည်း ယခုတော့ သူ့မိန်းမကို သူများကြည့်တော့မည်ဆိုတော့မှ စိတ်ထဲ သဝန်တိုနေမိသည်။
“ဘာလဲ ဖက်က ဖက်မိန်းမကို သူများတွေကြည့်မှာမို့လို့ မနာလိုဖြစ်နေတာလား”
နွတ်က ထိုသို့ပြောလိုက်သည့်အခါ ရဲဝင်းက ခေါင်းခါပြပြီး ပင်ကီကိုဖက်ကာ ထွက်ခဲ့သည်။ နွတ်က ပြေးလိုက်လာပြီး သူတို့ကိုကျော်တက်သွားကာ သူတို့အရှေ့မှ သွားနေလေသည်။ ရဲဝင်းကတော့ ပင်ကီကျန်သည့် ပဲနို့ဗူးကိုသောက်နေမိသည်။
နွတ်ကို ကမ်းခြေရှိ လူများအားလုံးက ဝိုင်းကြည့်နေကြသည်ဟု ရဲဝင်းစိတ်ထဲ ခံစားနေရလေသည်။ ကမ်းခြေတွင် လေးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ရပ်ကာ သောက်စားနေကြသည့် ယောက်ျားများက နွတ်၏ အလှအပများကို စူးစိုက်ကြည့်နေကြသည်ဟု ထင်နေသည်။ နွတ်ကတော့ အေးအေးလူလူပင် သဲသောင်ပြင်တွင် အပြေးကလေးလမ်းလျှောက်နေသည်။ ရဲဝင်းက နွတ်ကို ကြည့်နေသူများကို အနောက်က မျက်လုံးစိမ်းကြီးဖြင့် စိုက်ပြီး ပြန်လိုက်ကြည့်နေရတာ အမော။
သဲသောင်ပြင်နှင့် လျှောက်လမ်းလေးကြားရှိ ထိုင်ခုံတန်းလေးတစ်ခုံတွင် လူရှင်းနေသဖြင့် နွတ်က ထိုင်နေလိုက်သည်။ ရဲဝင်းကလည်း အနောက်မှ လိုက်သွားပြီး ထိုင်ခုံတန်းအစွန်တွင် ထိုင်ချလိုက်သည်။
“ဖက်ရေ ကြည့်စမ်းပါဦး ဟိုကောင်လေးတွေ ဗလကြီးတွေက တောင့်တောင့်နဲ့ ဗိုက်မှာလဲ ကြွက်သားအမြှောင်း ကြီးတွေက အဖုအဖုနဲ့ အသည်းယားစရာကြီးနော်”
နွတ်လက်ညှိုးထိုးပြသည့် ယောက်ျားလေးတစ်အုပ်ကို ကြည့်လိုက်မိသည်။ ထိုင်းကောင်လေးတွေဖြစ်မည်ထင်သည်။ ဗလကြီးတွေက အယ်နေပြီး အကျီချွတ်ထားသဖြင့် လှပပြီးကြည့်ကောင်းနေသည်။ ရဲဝင်းက သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ ဗိုက်ခေါက်ဆူထွက်နေသော ဗိုက်နှင့် တစ်ရစ်နေသော ရင်ဘတ်၊ အဆီတွေ စုနေကာ ပျော့စိနေသည့် လက်မောင်းတွေကို ကြည့်ရင်း စိတ်ဓါတ်ကျသွားမိသည်။
“အလုပ်မရှိ စားလိုက်အိပ်လိုက်နဲ့ လုပ်ချင်ဦးဟဲ့”
ရဲဝင်းက ကိုယ့်ကိုကိုယ် အပြစ်တင်ရေရွတ်လိုက်ကာ လက်ထဲက ပဲနို့ဗူးကို အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်လေသည်။
“ဖက်ဘာဖြစ်နေတာလဲ၊ မျက်နှာကလည်း ရဲနေတာပါလား နေလောင်တာလား”
နွတ်ကပြောပြီး ရဲဝင်းကို ရယ်ကျဲကျဲနှင့် ကြည့်လိုက်သည်။ ရဲဝင်းက စကားမပြောချင်သဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။
“ဖက်ရေ ဟိုတစ်ယောက်က နွတ်ကို လက်ပြနေပါလား”
ရဲဝင်း ဆတ်ကနဲ ခေါင်းကိုလှည့်ကြည့်လိုက်သည်။ ဗလတောင့်တောင့်နှင့် ကောင်လေးက နွတ်ကို လက်လှမ်းပြသည်။ နွတ်ကလည်း လက်ပြန်ပြလိုက်သည့်အခါ ထိုကောင်လေးက သူတို့အနားကို ပြေးလာလေသည်။
“အစ်မ တစ်ယောက်ထဲလား”
ကောင်လေးက ပြေးလာပြီး လာနှုတ်ဆက်သည်။
“တစ်ယောက်ထဲ မဟုတ်ပါဘူး နှစ်ယောက်ပါ၊ ဒါက အမယောက်ျားလေ”
နွတ်က ရဲဝင်းကိုလက်ညှိုးထိုးပြလိုက်သည်။ ရဲဝင်းကလည်း နွတ်နှင့် ခပ်ဝေးဝေး ခုံအစွန်းတွင် ထိုင်နေရာမှ ချက်ချင်းနွတ်နားသို့ တိုးထိုင်လိုက်သည်။ ပြီးနောက် နွတ်၏ပုခုံးကို လက်ဖြင့် ကျော်ပြီးလှမ်းဖက်လိုက်သည်။ ကောင်လေးကိုလည်း “ဘာလာရှုပ်တာလဲ” ဆိုသည့် မျက်နှာပေးဖြင့် ပြန်ကြည့်လိုက်သည်။
“အမက လှလိုက်တာ နတ်သမီးလေးကျနေတာပဲ”
“အမယ် မဟုတ်ရပါဘူး မောင်လေးရယ် ခိခိ”
နွတ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြုံးရယ်နေလိုက်သည်။ ရဲဝင်းက နွတ်ရယ်နေသည်ကို မျက်စောင်းထိုးကာ လှမ်းကြည့်လိုက်သည်။
“ဒီည ကမ်းခြေမှာ ပါတီရှိတယ်အမ အမစိတ်ပါရင်လာခဲ့၊ ဪ . . . ဒါနဲ့ အနှောင်အဖွဲ့တွေ မပါကြေးနော်”
ကောင်လေးက ထိုသို့ပြောကာ ရဲဝင်းကို ပြီတီတီမျက်နှာထားဖြင့် ကြည့်လိုက်ရာ ရဲဝင်းဒေါသထွက်သွားသည်။
“ဒီည မအားဘူးကွ ဒင်နာတက်ဖို့ရှိတယ်”
ရဲဝင်းက ကြားဖြတ် ဝင်ပြောလိုက်လေသည်။ နွတ်က မျက်နှာပျက်သွားပြီး
“အားပါတယ် ဖက်ရဲ့၊ ဒီည ဘာအစီအစဉ်မှ မရှိဘဲ”
“အမ ဆက်ဆက်လာရမယ်နော် မောင်လေးစောင့်နေမယ်”
ရဲဝင်းခေါင်းမှာ မီးခိုးတွေ အူနေပြီဖြစ်သည်။
“ဘုတ်”
ထိုစဉ် မြွေကြီးတစ်ကောင်က ပါးပျဉ်းထောင်လျှက် ထိုကောင်လေး၏ ခြေထောက်အနားသို့ကျလာလေသည်။ အနက်ရောင်ရှိသည့် မြွေဟောက်ကြီးတစ်ကောင်ဖြစ်မည်ထင်သည်။
“အောင်မယ်လေးဗျ”
မြွေဟောက်ကြီးကိုမြင်တော့ ထိုကောင်လေးက ကြောက်လန့်တကြားနှင့် ခုန်ပေါက်လိုက်ကာ ကမ်းခြေဆီသို့ တစ်ဟုန်ထိုးပြေးဆင်းသွားလေသည်။ နွတ်ကလည်း မြွေကိုမြင်သည့်အခါ လန့်ပြီးရဲဝင်းကို ဖက်ထားလိုက်သည်။ ရဲဝင်းလည်း လန့်သွားမိသည်။ သို့သော် သေချာကြည့်လိုက်တော့မှ ကလေးကစားသည့် ရာဘာမြွေရုပ်ကြီးဖြစ်နေလေသည်။
“ဟား . . .ဟား ဗလကြီးမှ အားမနာကွာ ပြေးလိုက်တာ၊ မြွေမြင်တာနဲ့ ပြေးလိုက်တာ မှုန်နေတာပဲ . .ဟား . . .ဟား”
ရဲဝင်းက ပြောဆိုလိုက်ကာ ဟားတိုက်ရယ်မောလိုက်သည်။ ကမ်းခြေမှ အချို့လူများကလဲ ရယ်မောနေသည်။ ကောင်လေးကတော့ သူ့သူငယ်ချင်းတွေ၏ ဝိုင်းဝန်းနောက်ပြောင်မှုကို ခံနေရသည်။ ရဲဝင်းလဲ သိလိုက်ပြီမို့ ပင်ကီကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ပင်ကီက ခုံတန်းကလေးတွင် ထိုင်နေရင်း ရယ်မောနေသည်။ ရဲဝင်းက ပင်ကီကို လက်မထောင်ပြလိုက်သည်။
“လိမ္မာလိုက်တဲ့သမီးလေး ညကျရင် ပဲနို့ တ၀ကြီးသောက်ဟေ့”
ရဲဝင်းက စိတ်ထဲမှ ပြောလိုက်လေသည်။
ညရောက်တော့ ဟိုတယ်အခန်းထဲဝင်ကြသည်။ ပင်ကီကို ပဲနို့ဖောက်တိုက်လိုက်သည်။ ထို့နောက် လင်မယားနှစ်ယောက် အတူတူရေချိုးကြသည်။ ပင်လယ်ရေမကူးခဲ့သော်လည်း လမ်းလျှောက်ခဲ့သည်မို့ တစ်ကိုယ်လုံး သဲတွေ ဖုန်တွေပေနေပြီဖြစ်သည်။
“ပြီးရင် ဟိုကောင်လေးဖိတ်တဲ့ ပါတီသွားမယ်ဖက်”
ရဲဝင်းက ချက်ချင်းနှုတ်ခမ်းစူလိုက်သည်။ နွတ်က ရဲဝင်းကို ကြည့်ပြီးရယ်မောနေသည်။
“ဘာရယ်စရာရှိလဲ”
“ဖက်ရယ် ဖက်က တခြားနေရာမှာ ဘယ်လောက်လူကြီးဆန်ဆန် နွတ်နဲ့ပက်သက်လာရင် ကလေးလေးလိုပဲ၊ နွတ်ကလေ ဖက်စိတ်ဆိုးနေတဲ့ပုံကို ရယ်ချင်လို့ ညနေက တမင်စလိုက်တာ”
“ဒါ စနောက်စရာလားနွတ်ရဲ့ ဖက်ညနေက ဘယ်လောက်စိတ်တိုတယ်ဆိုတာ နွတ်သိလား”
“သိပါတယ်၊ ဖက်ကလေ နွတ်အတွက်ဆို အရမ်းသဝန်တိုပြီး မနာလိုဖြစ်နေတတ်လို့ ဖက်ကို ချစ်နေရတာ”
နွတ်က ထိုသို့ပြောပြီးရဲဝင်းကို အနမ်းတစ်ပွင့်ပေးလိုက်သည်။ ရဲဝင်းကလည်း နွတ်ကို ပြန်ဖက်လိုက်သည်။
“ဟိတ် နေဦး အပြင်မှာ ပင်ကီရှိတယ်”
“ပင်ကီ အိပ်လောက်ပါပြီကွာ”
ထိုသို့ပြောပြီးနောက် နှစ်ဦးသား ရေချိုးခန်းအပြင်သို့ ထွက်လာခဲ့ကြသည်။ အပြင်တွင် ပင်ကီက တခြားကုတင်လေးတစ်လုံးပေါ်တွင် အိပ်မောကျနေပြီဖြစ်သည်။ ရဲဝင်းက နွတ်ကို အနောက်မှ သိမ်းကျုံးပြီးဖက်လိုက်သည်။
“တော်တော်ဆိုးတဲ့ နွတ်ကွာ”
ကမ်းခြေတွင် လေပြေများက တဖြူးဖြူးတိုက်ခတ်နေသည်။ ရေလှိုင်းများကလည်း တဝေါဝေါနှင့် စီးဆင်းနေကြသည်။ ညဘက် ကမ်းခြေက မီးရောင်စုံဖြင့် စည်ကားဆဲဖြစ်သည်။
(ည)
ကမ်းခြေမှ ပြန်လာပြီးသည့်အချိန်မှစကာ နွတ်တစ်ယောက် အလုပ်များရှုပ်တော့သည်။ အခုတော့ နွတ်က ရှယ်ယာကုမ္မဏီကို နေ့တိုင်းလိုလို ရုံးတက်နေသည်။ ကားတစ်စီးဝယ်လိုက်ပြီး သူကိုယ်တိုင်မောင်းသည်။ ရဲဝင်းကတော့ လုပ်စရာမရှိ၊ မဲဆောက်က ဖုန်းဆိုင်ကိုသာ အဝေးမှ လှမ်းပြီး ဦးစီးသည်။ ဖုန်းဆိုင်ကိုလဲ ထပ်ပြီးရင်းနှီးမြှုပ်နှံလေသည်။ အိမ်တွင်တော့ နေ့လည်နေ့ခင်းဆိုလျှင် ရဲဝင်းနှင့် ပင်ကီဆော့ကစားနေတတ်သည်။ အိမ်တွင် အသစ်ရောက်လာသည့် အိမ်အကူ အဒေါ်ကြီးကတော့ ရဲဝင်းကို ရူးနေသည်ဟုထင်သည်။ အရုပ်မလေးနှင့် ဆော့ကစားနေတတ်သည့် ယောက်ျားရင့်မာကြီးတစ်ယောက်ကို မြင်တွေ့သည့်သူတိုင်း ထိုသို့ကောက်ချက်ချတတ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ရဲဝင်းလည်း အိမ်တွင်ပျင်းသည့်အခါ ပင်ကီနှင့်စကားပြောနေတတ်သလို ပင်ကီနှင့်လည်း ဆော့ကစားနေတတ်သည်။ ဘေးလူများက ကြည့်လျှင်တော့ ပင်ကီကို မမြင်။ ရဲဝင်း မကြီးမငယ်နှင့် ခုန်ပေါက်ပြေးလွှားနေခြင်း၊ တစ်ယောက်ထဲ စကားပြောလိုက်၊ ရယ်လိုက် လုပ်နေခြင်းများကိုသာ မြင်တွေ့နေရသည်။
ထိုအတောအတွင်း နန်းထံမှ အဆက်အသွယ်ရသည်။ နန်းသည် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ထောင်ပြီးလုပ်ကိုင်နေကြောင်းနှင့် ရဲဝင်းကိုလည်း တစ်လ တစ်သောင်း၊ တစ်သောင်းခွဲဖြင့် ပိုက်ဆံတွေ ပြန်ဆပ်နေလေသည်။
ဘာလိုလိုနှင့် သုံးလကျော်ပြီး လေးလလောက်စွန်းခဲ့ပြီ၊ နွတ်က အရင်လို နွတ်မဟုတ်တော့။ မနက်ဆို အနောက်တိုင်းကုတ်အကျီနှင့် စကပ်ကို ဝတ်ဆင်ကာ ကိုယ်ပိုင်ကားမောင်းပြီးသွားသည့် သူဌေးတစ်ပိုင်းဖြစ်နေပြီ။ ရဲဝင်းကိုတော့ အလုပ်မရှိ မိန်းမလုပ်စာ ထိုင်စားနေသည့်သူဟု ပတ်ဝန်းကျင်မှ ထင်ကြသည်။ မည်သို့ပင် ထင်စေကာမူ ရဲဝင်းဂရုမစိုက်။ အေးဆေးသာ နေလေသည်။
တစ်ရက်တော့ နွတ်အိမ်ပြန်ရောက်လာသည်။ ပျော်ပျော်ရွှင်ရွှင်နှင့် ရယ်မောလျှက်ရောက်လာသည်။ ရဲဝင်းကလည်း နွတ်ကို ဆီးကြိုလိုက်သည်။ နွတ်က မီးဖိုထဲတန်းဝင်သွားသည်။ ရဲဝင်းလည်း အနောက်မှလိုက်ခဲ့သည်။ ပင်ကီကတော့ အိမ်ရှေ့ခန်းတွင် ကျန်နေခဲ့သည်။
“နွတ် ရှယ်ယာအောင်ပြန်ပြီလား”
ရဲဝင်းက မေးလိုက်တော့ နွတ်က ရေတစ်ခွက်ကို မော့သောက်လိုက်သည်။
“အဲဒါထက် ပျော်ဖို့ကောင်းတယ်ဖက်”
“ဘာလဲ နွတ်ရဲ့”
“ဖက်မှန်းကြည့်လေ”
“အင်း ရှယ်ယာ တစ်သန်းဖိုးလောက်များ မြတ်တာလား၊ ဒါမှမဟုတ် ထီများပေါက်တာလား”
“မဟုတ်ဘူးဖက်ရဲ့ တစ်ခုမှ မဟုတ်ဘူး”
နွတ်က ပြောလိုက်ကာ သူ့လက်ကိုင်အိတ်ထဲမှ ကော်ပြားလေးတစ်ခုကိုထုတ်လိုက်ပြီးနောက် ရဲဝင်းကိုပေးလိုက်သည်။ ကော်ပြားလေးကလေးတွင် ခပ်ရှည်ရှည် အပေါက်လေးတစ်ခုပါရှိကာ အနီရောင် အချောင်းကလေးနှစ်ခုပါသည့် အတန်းကလေးတစ်ခုလည်းပါသည်။
“ဒါ . . ဘာ. . .ဘာလဲနွတ်”
“နွတ်ကိုယ်ဝန်ရှိနေပြီ ဖက်”
“ကိုယ် . .ကိုယ်ဝန်”
“ဟုတ်တယ်ဖက် ကလေးက ဆယ့်လေးပတ်ရှိနေပြီ”
“တကယ်လား နွတ်”
ရဲဝင်း မြေပေါ်ကနေခုန်တက်လိုက်သည်။ လက်ထဲမှ ကော်ပြားလေးက လွတ်ကျသွားသည်။ ထို့နောက် နွတ်ကိုဖက်လိုက်သည်။
“ဟေး ကိုယ်လူဖြစ်ပြီကွ”
အပိုင်း(၇)တွင် ဆက်လက်ဖတ်ရှုပါ