“သွေး . . . သွေးတွေ နွတ် . .”
”ဖက်ရေ သားလေး . . .သားလေး. . .”
နွတ်ကပြောဆိုကာ မေ့မြောသွားလေတော့သည်။ ရဲဝင်းလဲ နွတ်ကိုပွေ့ရင်း အိမ်အပြင်ဖက်သို့ပြေးထွက်ပြီး လမ်းပေါ်ပြေးတက်လိုက်သည်။ လမ်းပေါ်တွေ့သည့် တက္ကစီတစ်စီးကို ငှားလိုက်ပြီး မြို့ထဲရှိ အထူးကုဆေးရုံတစ်ရုံသို့ သွားလိုက်သည်။
နွတ်က တိမ်တွေပေါ်မှာလွင့်မြောနေလေသည်။ ဖြူလွလွတိမ်စိုင်တိမ်လိပ်များက နွတ်၏ ဝဲယာနံဘေးတွင် ဖြည်းညင်းစွာ ရွေ့လျားနေကြသည်။ နွတ်က တိမ်စိုင်များကိုငေးကြည့်နေစဉ်မှာပင် ရုတ်တရက် တစ်ဟုန်ထိုး မြေပေါ်သို့ ဇောက်ထိုးစိုက်ကျသွားတော့သည်။ မြေပြင်ရှိ သစ်ပင်များ၊ အိမ်များ၊ အဆောက်အဦးများမှာ နွတ်နှင့်တဖြည်းဖြည်းနီးကပ်လာလေသည်။ အောက်မှလေကလည်းပင့်တိုက်နေသဖြင့် နွတ်တစ်ယောက် အသည်းတအေးအေးနှင့် ပြုတ်ကျလာခဲ့သည်။ အိမ်ခေါင်မိုးတစ်ခုကို ဖောက်ဝင်သွားပြီး ထိုအိမ်အတွင်းရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လျှက်သား ကျသွားသည်။ ထိုင်ခုံတွင်ထိုင်ကျသွားသည့်အခါ နွတ်က မတ်တပ်ရပ်ရန်အားပြုလိုက်သော်လည်း ထိုင်ခုံပေါ်မှထိုင်မရဘဲ ရှိနေလေသည်။ အခန်းတစ်ခုအတွင်းမှ ပင်ကီက ထွက်လာကာ နွတ်ဆီသို့ တဖြည်းဖြည်းနှင့် လမ်းလျှောက်လာသည်။ ပင်ကီ၏ မျက်လုံးများမှာ အနီရောင်အလန်းတန်းများ တောက်ပနေလေသည်။
“မေမေ ပင်ကီကိုချစ်လား”
“ချစ်တာပေါ့ပင်ကီရယ်”
ပင်ကီက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး၊ မေမေညာတယ်၊ မေမေ ပင်ကီကိုမချစ်ဘူး၊ မေမေတကယ်ချစ်တာက ဘေဘီလေး”
“ဘေဘီလေးကိုလည်းချစ်တယ်၊ ပင်ကီကိုလည်း ချစ်တယ်”
“မရဘူးမေမေ၊ မေမေက ပင်ကီတစ်ယောက်တည်းကိုပဲ ချစ်ရမယ်”
ပင်ကီက ပြောဆိုလိုက်ကာ သူ့ဂါဝန်အနောက်တွင် ပုန်းကွယ်ထားသည့် လက်ကိုထုတ်လိုက်လေရာ ထိုလက်အတွင်းတွင် မီးဖိုချောင်သုံး ဓါးဦးချွန်တစ်လက်ကိုင်ထားကာ တလှမ်းချင်းလျှောက်လာလေသည်။
“မေမေနှစ်ခုရွေးရလိမ့်မယ်၊ မေမေပင်ကီ တစ်ယောက်တည်းကိုပဲ ချစ်တယ်ဆိုရင် ဘေဘီလေးကို ပင်ကီသတ်ပစ်မယ်၊ မေမေကပင်ကီကိုမချစ်ဘဲ ဘေဘီလေးကိုပဲ ချစ်တယ်ဆိုရင်တော့ ပင်ကီက မေမေ့ကိုရော ဘေဘီလေးကိုရော သတ်ပစ်ရလိမ့်မယ်”
ပင်ကီ၏စကားများကိုကြားလိုက်ရသည့်အခါ နွတ်အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
“မလုပ်နဲ့ ပင်ကီ၊ မလုပ်ပါနဲ့၊ မေမေပြောတာနားထောင်ပါအုံး”
“ပင်ကီက မေမေ့ကိုစကားပြောခိုင်းနေတာမဟုတ်ဘူးမေမေ၊ မေမေ့ကို ရွေးချယ်ခိုင်းနေတာ၊ မေမေနှစ်ခုထဲက တစ်ခုကိုပဲရွေးချယ်ရမယ်”
နွတ်က ခေါင်းကိုခါရမ်းနေရင်း သူ့မျက်ဝန်းမှလည်း မျက်ရည်များက ဒရဟောစီးကျလာလေသည်။ သူထိုင်ခုံမှ ထရန်ကြိုးစားသော်လည်း သူ့ခြေလက်များက လှုပ်ရှားမရပေ။ ပင်ကီက တစ်လှမ်းချင်းလျှောက်လာရင်း နွတ်အရှေ့သို့ရောက်လာပြီး ကလေးအသံသေးသေးကလေးနှင့် ရယ်မောနေသည်။
“မေမေ တစ်ခုရွေးရမယ်၊ မေမေပင်ကီကိုချစ်သလား၊ ဘေဘီကလေးကိုပဲ ချစ်တာလား”
“မေမေက နှစ်ယောက်စလုံးကို ချစ်တာပါလို့ ပြောပြီးသားပဲလေ”
နွတ်ဖြေဆိုလိုက်သည့်အခါ ပင်ကီက နွတ်အားအလွန်နာကြဉ်းစွာဖြင့်ကြည့်လိုက်ကာ
“မေမေညာတယ် . . . “
“မလုပ်ပါနဲ့ ပင်ကီ၊ ဘေဘီလေးကို မသတ်ပါနဲ့”
နွတ်က အကြောက်အကန်ငြင်းဆန်နေစဉ်မှာပင် ပင်ကီက နွတ်၏ဝမ်းဗိုက်ကို ဓါးဦးချွန်ဖြင့် ထိုးစိုက်ချလိုက်သည်။
“အား . . . .”
နွတ်လည်းအသံအကျယ်ကြီးနှင့် အော်ဟစ်လိုက်မိသည်။ ပင်ကီကလေးက ရယ်မောလျှက် ဓါးသွားကိုဆွဲလျှက် နွတ်ဗိုက်ကို ခွဲလိုက်လေသည်။ ဒဏ်ရာမှ သွေးများက ပန်းထွက်လာသည်။ ပင်ကီက နွတ်၏ ဝမ်းဗိုက်အတွင်းသို့ လက်သေးသေးကလေးဖြင့် နှိုက်လိုက်ပြီး မွှေနှောက်လိုက်ကာ နွတ်လွယ်ထားသည့် ဝမ်းဗိုက်အတွင်းမှ ကလေးလေးကို လက်ဖြင့် နှိုက်ထုတ်လိုက်သည်။ လမပြည့်သေးသော်လည်း လူဖြစ်နေပြီဖြစ်သည့် နွတ်၏ရင်သွေး ကလေးလေးက တွန့်လိမ်တွန့်လိမ်ဖြင့် ပင်ကီ၏လက်အတွင်းသို့ ပါလာခဲ့သည်။ ကလေး၏ ချက်ကြိုးမှာလဲ တန်းလန်းကြီးဖြစ်သည်။ ပင်ကီက ကလေးလေးကိုကြည့်ရင်း အသံနက်ကြီးဖြင့် ရယ်မောလိုက်ကာ ကလေးငယ်၏ ဦးခေါင်းကို ဓါးဖြင့် ထိုးစိုက်ချလိုက်သည်။
“မလုပ်နဲ့”
နွတ်က ကုတင်ပေါ်မှကုန်းထရန်အတွက် အားယူလိုက်သော်လည်း နွတ်ဘေးတွင်ထိုင်နေသည့် ရဲဝင်းက နွတ်၏ ကိုယ်လုံးကိုအတင်းဖိကာ ဆွဲထားလိုက်သည်။
“နွတ် . . . နွတ် သတိထားပါအုံး”
ရဲဝင်း ပြောလိုက်တော့မှ နွတ်ကရဲဝင်းကို မော့ကြည့်လိုက်သည်။ ဆေးရုံအခန်းတစ်ခုထဲတွင် ရောက်နေခြင်း ဖြစ်ပြီးရဲဝင်းနှင့် နွတ်ဘကြီးက နွတ်ကို ကြည့်နေကြသည်။ နွတ်အိပ်မက် မက်နေခြင်းဖြစ်သည်။ သို့သော်လည်း နွတ်အလွန်မောပန်းနေမိသည်။ ရဲဝင်း၏လက်ကို နွတ်ကဆွဲလိုက်ပြီး
“ဖက်၊ သားလေး . . . သားလေးရောဟင်”
ရဲဝင်းက နွတ်၏ အေးစက်နေသည့် လက်ချောင်းကလေးများကို ဆုပ်ကိုင်လိုက်သည်။
“နွတ်ဘာမှ စိတ်မပူနဲ့၊ ကလေးအခြေအနေက စိတ်ချရပါတယ်”
ထိုတော့မှ နွတ်ကသက်ပြင်းချနိုင်တော့သည်။ နွတ်က သူ့ဝမ်းဗိုက်ကို ပွတ်ပြီးစမ်းကြည့်နေသေးသည်။ ထို့နောက် နွတ်က အားရပါးရ ငိုတော့သည်။ နွတ်ဘကြီးက ရဲဝင်းကို နှုတ်ဆက်စကားပြောကြားပြီး ရဲဝင်း၏ပုခုံးကိုပုတ်ကာ အပြင်သို့ ခဏထွက်သွားသည်။ နွတ်၏ဆွေမျိုးများက နွတ်အတွက် လိုအပ်သည့် အစားအစာများကို ယူလာမည်ဖြစ်သည်။ အိမ်အကူ ဒေါ်ဝိကိုတော့ အိမ်တွင် လိုအပ်သည့်ပစ္စည်းများ ပြန်ယူခိုင်းလိုက်သဖြင့် ဆေးရုံအခန်းထဲတွင် နွတ်နှင့် ရဲဝင်းသာ ရှိနေသည်။
“ဖက် နွတ်ကို ဘယ်သူလုပ်တာလဲ သိလား”
နွတ်က အလန့်တကြားနှင့်ပြောဆိုရာ ရဲဝင်းက ကြိုတင်ရိပ်စားမိပြီးဖြစ်သဖြင့် မျက်နှာပျက်သွားသည်။
“မဟုတ်တာတွေ မတွေးပါနဲ့ နွတ်ရယ်၊ အနားယူလိုက်ပါ”
နွတ်က မျက်ရည်များစီးကျလျှက် ခေါင်းကိုခါလိုက်သည်။
“မဟုတ်ဘူးဖက်၊ နွတ်သိတယ်၊ နွတ်ကို ပင်ကီလုပ်တာ”
“နွတ်ရာ ခေါင်းအေးအေးထားနော်”
“ပင်ကီက နွတ်တို့ကလေးရတာကို မနာလိုဖြစ်နေတာကြာပြီဖက်၊ နွတ်ကိုလည်း အိပ်မက်ထဲမှာ ခဏခဏပြောတယ်၊ ဖက်စိုးရိမ်နေမှာစိုးလို့ နွတ်မပြောပြခဲ့တာ”
ရဲဝင်းက ခေါင်းကိုတစ်ချက်ကုတ်လိုက်သည်။ စဉ်းစားရလွန်းသဖြင့် သူ့ခေါင်းတစ်ခုလုံးထူပူပြီး ကိုက်ခဲနေသည်။
“ဒီအတိုင်းဆို ပင်ကီနဲ့ဆက်နေလို့မဖြစ်ဘူးဖက်”
“နွတ်ရယ် ပင်ကီကလည်း ကိုယ်တို့ကလေးပါပဲ”
နွတ်က ခေါင်းကို တွင်တွင်ခါသည်။
“မတူဘူးဖက်၊ နွတ် ပင်ကီနဲ့ ဆက်မနေရဲတော့ဘူး၊ နွတ်က ပင်ကီကို ချစ်တယ်ဆိုပေမယ့် ကိုယ့်ရင်သွေး ကိုယ့်သွေးသားနဲ့တော့ မလဲနိုင်ဘူး ဖက်”
ရဲဝင်း ဘာလုပ်ရမှန်းမသိတော့ပေ။ အမှန်အတိုင်းပြောရလျှင် ပင်ကီကို ရဲဝင်းက နွတ်ထက်ပိုပြီး မေတ္တာရှိနေမိသည်။ ပင်ကီကိုလည်း ဒီအတိုင်းတော့ မစွန့်လွတ်နိုင်ပေ။
“နောက်ထပ် ရှေ့လျှောက်လည်း ပင်ကီက နွတ်တို့ရင်သွေးလေးကို ဒုက္ခတွေပေးလာနိုင်တယ်ဖက်”
“မဟုတ်ပါဘူးဆို နွတ်ရာ”
“နွတ်ကိုမလိမ်နဲ့ဖက်၊ ဟိုတစ်ခါ အပေါ်ထပ်လှေကားက လိမ့်ကျမလိုဖြစ်တာ၊ နောက်ပြီး လမ်းလျှောက်ရင်း ခွေးနက်ကြီးက နွတ်ကိုဆွဲတာ၊ ပြီးတော့ အခုတစ်ခေါက်ချော်လဲတာ ဒါတွေအားလုံးက နွတ်ကို ပင်ကီလုပ်တာမဟုတ်လား”
ရဲဝင်းတွေဝေနေမိသည်။
“နွတ်ကတော့ ဆုံးဖြတ်ပြီးပြီ၊ နွတ် ပင်ကီကို စွန့်ပစ်မယ်၊ ပင်ကီက ကောင်းကျိုးမပေးတဲ့ လုထာပ်ကလေးပဲ”
“ဒီလိုမပြောနဲ့နွတ်၊ ပင်ကီကို ဘယ်သူစမွေးတာလဲ၊ ပင်ကီက စီးပွားတွေပေးနေပါတယ်ဆိုပြီး ဘယ်သူက အရင်စယုံခဲ့တာလဲနွတ်၊ နွတ်မွေးတုန်းက မွေးခဲ့ပြီးတော့ အခုမှ ဒီလိုလွယ်လွယ်နဲ့ စွန့်ပစ်မယ်လို့မဆုံးဖြတ်နဲ့၊ အသုံးလိုတုန်းက အသုံးချပြီးတော့မှ အသုံးမလိုတော့ အမှိုက်တစ်စလို စွန့်ပစ်လောက်တဲ့အထိ နွတ်အောက်တန်းမကျနဲ့”
ရဲဝင်းလည်း စိတ်တိုတိုနှင့်အော်ပြောလိုက်ကာ ထိုင်ခုံမှထပြီး နွတ်ကိုကျောခိုင်းထားလိုက်တော့သည်။ နွတ်က ပြတင်းပေါက်မှန်တံခါးကို အသေအချာစိုက်ကြည့်ရင်း မျက်ရည်များစီးကျလာလေသည်။
“အောက်တန်းကျတယ်တဲ့လား ဖက်”
ရဲဝင်လည်း စကားလွန်သွားပြီမှန်း သိလိုက်သဖြင့် နွတ်ဘေးတွင်ဝင်ထိုင်လိုက်ကာ နွတ်လက်ကိုဆွဲလိုက်လေသည်။
“မဟုတ်ဘူးနွတ်၊ ဖက် စကားမှားသွားတယ်၊ နွတ်ကို ဒီလိုမပြောသင့်ဘူး”
နွတ်က ဖက်၏ လက်ကိုဆွဲဖယ်လိုက်ကာ
“ဒါဆိုရင် ဖက်နှစ်ခုပဲရွေးချယ်ရမယ်၊ နွတ်ကတော့ ပင်ကီနဲ့ဆက်နေဖို့မဖြစ်နိုင်တော့ဘူး၊ ဒီတော့ ဖက်က ပင်ကီကိုမစွန့်လွတ်နိုင်ဘူးဆိုရင် ပင်ကီကိုခေါ်ပြီး မဲဆောက်ကိုပြန်တော့၊ ဒါ နွတ်နောက်ဆုံးပြောချင်တဲ့စကားပဲ”
ရဲဝင်းဘာမှမပြောနိုင်တော့ဘဲ ထိုင်ခုံတွင်ငိုင်ကျသွားလေသည်။
“နွတ်ရာ၊ ပင်ကီကို စွန့်ပစ်တော့မလို့လား”
“ဖက် ခေါင်းထဲမှာ ဦးနှောက်မရှိဘူးလား၊ နွတ်ဗိုက်ထဲက ရင်သွေးက ဖက်နဲ့နွတ်နဲ့ရထားတဲ့သွေးသား၊ ဟိုက ဘယ်ကမှန်းမသိတဲ့ ကလေကချေ ကလေးသရဲ၊ ဘယ်ဟာကို ဖက်ရွေးချယ်ရမယ်ဆိုတာ ဖက်ဆုံးဖြတ်ပါ”
ရဲဝင်းစိတ်ထဲ လွန်ဆွဲနေမိသည်။ တစ်ဖက်ကလည်း မိမိသွေးသားအရင်း ဖြစ်သည့် သားသမီးဖြစ်ကာ တစ်ဖက်မှာလည်း မိမိတကယ်ချစ်ခင်ခဲ့ရသည့် ပင်ကီကလေးဖြစ်နေပြန်သည်။ ပင်ကီကိုလည်း ရဲဝင်းက မိမိသွေးသားအရင်း သားသမီးနှင့်မခြား စိတ်ရင်းဖြင့် ချစ်ခင်ခဲ့သည်မို့ ပင်ကီကိုမစွန့်လွတ်နိုင်ပေ။ ခေါင်းထဲဖြစ်ပေါ်လာသည့် ဖိအားများကြောင့် ရဲဝင်းခေါင်းတွေထိုးကိုက်လာသည်။ ထိုစဉ်မှာပင် နွတ်ဘကြီးတို့ သူ့မိသားစုက ဆေးရုံအခန်းထဲဝင်လာသည်။ ရဲဝင်းလည်း ရုတ်တရက်ကောက်ထလိုက်ပြီး
“နွတ်ဒီမှာ စောင့်အုံးနော်၊ ဖက်ပြန်လာခဲ့မယ်”
“ဖက် ဘယ်သွားမလို့လဲ”
“ပင်ကီ့ဆီကို”
(စ)
ရဲဝင်းက တက္ကစီတစ်စီးနှင့် ဖရာတက်ဆီဘုန်းကြီးကျောင်း သို့သွားလိုက်သည်။ ညနေစောင်းဖြစ်နေသဖြင့် လူကရှင်းနေသည်။ သူနှင့် အရင်တခေါက်က တွေ့ခဲ့သည့် ဘုန်းဘုန်းကို လိုက်ရှာနေမိသည် ကျောင်းတစ်နေရာတွင် လမ်းလျှောက်နေသည့် ဘုန်းဘုန်းကို တွေ့လိုက်ရသည့် အခါ ရဲဝင်းလည်း ဘုန်းဘုန်းဆီသို့ပြေးသွားပြီး လက်အုပ်ချီကာ ဦးချလိုက်သည်။
“ဒကာလေး ဘာကိစ္စရှိလို့လဲ”
“ဘုန်းဘုန်း လုထာပ်ကလေးတွေကို ဘယ်လိုစွန့်ပစ်ရသလဲ”
“ဘာအတွက်ကြောင့် လုထာပ်ကို စွန့်ပစ်မှာလဲ ဒကာလေး”
ရဲဝင်းက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။ ဘုန်းဘုန်းက ခေါင်းညိတ်ပြီး နားထောင်နေသည်။
“များသောအားဖြင့် လုထာပ် မွေးတဲ့သူတွေဟာ၊ လူပျိုကြီးတွေ၊ တစ်ကိုယ်ရည်သမားတွေ၊ သားသမီးမရတဲ့သူတွေ မွေးကြတယ်၊ လုထာပ် ကလေးတွေက သူတို့အဖေအမေလို့ ထင်တဲ့သူတွေက ကလေးတွေဘာတွေရ၊ သားသမီးတွေရသွားမှာကို စိုးရိမ်တတ်ကြတယ်၊ ဒါထုံးစံပဲ။ ဒါကြောင့် လုထာပ်မွေးမယ်ဆိုရင် သေချာစဉ်းစား ဆုံးဖြတ်သင့်တာပေါ့”
“ကျွန်တော်တို့လည်း ဘယ်လိုမှ မတတ်သာတော့လို့ပါ၊ ဘုန်းဘုန်း လမ်းပြပေးပါ”
“ဒီလိုလုပ်၊ လုထာပ်ကလေးကို ပရိတ်ကြိုးနဲ့ချည်လိုက်။ ပြီးရင် ခွေးငိုတောင်ကြားက လုထာပ်စွန့်တဲ့ သစ်တောကိုသွား၊ ကြိုးခိုင်ခိုင်တစ်ချောင်းနဲ့ သစ်ပင်တစ်ပင်မှာချည်လိုက်၊ ပြီးရင် လုထာပ်ကလေးရဲ့ ကိုယ်လက်အင်္ဂါတစ်ခုခုကို ဖြတ်တောက်ပစ်ရမယ်၊ ဒါမှ လုထာပ်ရဲ့ အစီအရင်တွေ ပျက်ပြယ်သွားမယ်။ ပြီးရင်တော့ “မင်းနဲ့ငါရေစက်ကုန်ပြီ၊ မင်းကို ငါစွန့်လွတ်လိုက်ပြီ၊ မင်းလည်း သွားလိုရာသွားတော့ ဒီနေ့ကစပြီးမင်းနဲ့ငါ ဘာမှမဆိုင်တော့ဘူး” လို့ ပြောပြီးတော့ လှည့်မကြည့်ဘဲ ပြန်ခဲ့ရမယ်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဘုရား”
“ရော့ဒကာလေး ပရိတ်ကြိုးယူသွား၊ ဒါကတော့ ဆွဲပြားလေး ဒီဆွဲပြားလေးဆွဲထားရင် ဒကာလေး ဘေးကင်းမှာပါ”
ထိုသို့ပြောဆိုလိုက်ကာ ဘုန်းဘုန်းက သူ့ခါးတွင်ချိတ်ဆွဲထားသည့် ဆွဲပြားကလေးကို ဖြုတ်လိုက်ကာ ပရိတ်ကြိုးနှင့်ချည်ပြီး ရဲဝင်းလည်ပင်းတွင် ဆွဲပေးလိုက်သည်။ ထိုဆွဲပြားကလေးမှာ ကြေးဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး တွန့်တွန့်လိမ်လိမ်နှင့် ရေးထားသည့် ရှေးဟောင်း ယိုးဒယား စာများလည်း ပါသည်။
ရဲဝင်းအိမ်ပြန်ရောက်တော့ ညနေစောင်းပြီ၊ ငါးနာရီခန့်ရှိနေပြီဖြစ်သည်။ အိမ်အကူအဒေါ်ကြီးကတော့ မရှိတော့ပေ။ ဆေးရုံတွင်လိုအပ်သည့် အရာများကို ဝင်ပေးရင်း အလုပ်ဆင်းမည်ဟုပြောသွားရာ ရဲဝင်းနှင့်လမ်းတွင် လွဲသွားသည်ဖြစ်မည်။ ရဲဝင်းလည်း အိမ်တံခါးဖွင့်ပြီးဝင်လိုက်သည်။ ပင်ကီက ဆက်တီထိုင်ခုံတွင် ထိုင်နေသည်။
“ဖေဖေပြန်လာပြီလား”
ပင်ကီက ရဲဝင်းကို ပြုံးပျော်စွာနှင့် နှုတ်ဆက်လိုက်သည်။ ရဲဝင်းကတော့ ပင်ကီအရုပ်ဆီသို့ အမြန်လှမ်းလျှောက်သွားပြီး အင်္ကျီအိတ်ကပ်အတွင်းထည့်လာသည့် ပရိတ်ကြိုးကိုထုတ်လိုက်ကာ ပင်ကီအား ရစ်ပတ်ချည်နှောင်လိုက်သည်။ ပင်ကီ၏ အရုပ်ကိုချည်နှောင်လိုက်သည့်အခါ ပင်ကီ၏ ဝိညာဉ်မှာ မြေပေါ်တွင်လိမ့်ပြီး လူးလိမ့်ငိုယိုနေသည်။
“ဖေဖေ သမီးကိုကယ်ပါဦး သမီးပူတယ်၊ ဖေဖေရေ”
ရဲဝင်းမျက်လုံးထဲ မျက်ရည်တွေ စီးကျလာသည်။ သို့သော် အံကြိတ်လိုက်ပြီးနောက် ပင်ကီတစ်ကိုယ်လုံးကို ပရိတ်ကြိုးများနှင့်ချည်ကာ ကျောပိုးအိတ်တစ်လုံးထဲတွင် ပစ်ထည့်လိုက်သည်။ အိမ်ကြီးနံဘေးရှိ ကားဂိုဒေါင်တွင်ရပ်ထားသည့် ကားကိုမောင်းနှင်ပြီး ခြံထဲမှထွက်ခဲ့သည်။ ခွေးငိုတောင်ကြားမှာ သူတို့အိမ်နှင့် နာရီဝက်ခန့်မောင်းလျှင် ရောက်ပြီဖြစ်သည်။
“ဖေဖေသမီးကို လွှတ်ပေးပါ၊ သမီးတောင်းပန်ပါတယ်”
ပရိတ်ကြိုးများနှင့် ချည်နှောင်လိုက်သည့်အခါ ပင်ကီ၏ ဝိညာဉ်ကိုမတွေ့ရတော့ဘဲ အရုပ်ကသာ လှုပ်ရှားနေလေသည်။ ပင်ကီက တစ်လမ်းလုံး ရဲဝင်းကို အမျိုးမျိုးပြောဆိုကာတောင်းပန်ကာ ငိုယိုလျှက် ကျောပိုးအိတ်ထဲမှ လိုက်လာခဲ့သည်။ မကြာခင် ခွေးငိုတောင်ကြားသို့ရောက်လာခဲ့သည်။ ညနေစောင်းပြီး တောင်ကြားဖြစ်သောကြောင့် မှောင်နေပြီဖြစ်သည်။ ထိုနေရာတွင် ကားဆက်မောင်းနှင်မရတော့သဖြင့် ကားကိုရပ်ခဲ့လိုက်သည်။ ခွေးငိုရေတံခွန်သို့ ဆိုသည့် ဆိုင်းဘုတ်ရှိသည့် လမ်းကလေးအတိုင်း ရဲဝင်းက သုတ်သုတ်တက်လာခဲ့သည်။ ရေတံခွန်တွင် အပန်းဖြေရန်လာကြသည့် ခရီးသွားများမှာ ပြန်ဆင်းနေကြပြီဖြစ်သည်။ ရဲဝင်းက တောင်ပေါ်တက်ပြီး ဆယ့်ငါးမိနစ်ခန့်အကြာတော့ ခွေးငို ရေတံခွန်ကိုရောက်သည်။ ရေတံခွန်က ဆယ့်ငါးပေခန့်သာမြင့်မည်။ ကြည်လင်အေးမြသည့် ရေများက တဝေါဝေါနှင့် စီးကျနေသည်။ ရေတံခွန်တွင် လူသူတစ်ယောက်မှ မရှိတော့။
ရဲဝင်းလည်း မှောင်မိုက်လာပြီဖြစ်သဖြင့် ရေတံခွန်ကနေ ချောင်းရိုးအတိုင်း ဆက်တက်ခဲ့သည်။ နောက်ထပ် နာရီဝက်ခန့် သွားရသောအခါ ချောင်းကလေးက နှစ်ခြမ်းကွဲသွားပြီး ထိုချောင်းကလေးအလယ်တွင် တြိဂံပုံစံ ကျွန်းကလေးတစ်ခုဖြစ်နေလေသည်။ ထိုကျွန်းပေါ်တွင် သစ်တောအုပ်တစ်ခုကိုတွေ့ရသည်။ သစ်ပင်များထူထပ်စွာပေါက်ရောက်နေသည့် သစ်တောအုပ်အရှေ့အရောက်တွင် သစ်သားပြားအဟောင်းဖြင့်ရေးသားထားသော နတ်ဆိုးသစ်တော ဟူသည့်ဆိုင်းဘုတ်ကိုတွေ့လိုက်ရသည်။
သစ်တောတစ်ခုလုံးကို သံဆူးကြိုးများဖြင့် အထပ်ထပ် ကာရံထားပြီး ဝင်ပေါက်ကလေးတစ်ခုသာရှိသည်။ ရဲဝင်းလည်း ရဲဆေးတင်လိုက်ပြီးသစ်တောထဲဝင်လိုက်သည်။ အချိန်က ညနေခြောက်နာရီကျော်နေပြီမို့ အမှောင်ထုက တဖြည်းဖြည်းလွှမ်းမိုးလာလေသည်။ သစ်တောထဲရှိ သစ်ပင်များ၏ ပင်စည်များတွင်တော့ လုထာပ်အရုပ်ထောင်ပေါင်းများစွာကို သစ်ပင်များတွင် ကြိုးနှင့် ချည်နှောင်ထားကြသည်။ အချို့အရုပ်များကို သံဆူးကြိုးများ၊ သံကြိုးများဖြင့် ချည်နှောင်ထားကြသည်။ ရာသီဥတုတိုက်စားသဖြင့် အချို့အရုပ်များမှာ အကျီတွေမရှိတော့၊ ဆံပင်တွေလဲမရှိကြဘဲ အလွန်ချစ်စရာကောင်းသည့် အရုပ်ကလေးများမှာ အသုဘအသေကောင်များကဲ့သို့ ကြောက်စရာကောင်းလှပေသည်။
“ဖေဖေ သမီးကို မထားခဲ့ပါနဲ့ သမီးကြောက်တယ်”
ပင်ကီက ကျောပိုးအိတ်ထဲမှ အော်ဟစ်နေလေသည်။ ရဲဝင်းလည်းသစ်ပင်တစ်ပင်ကိုလိုက်ရှာနေသည်။ သစ်ပင်များအားလုံးလိုလိုအရုပ်များပတ်ထားကြသည်မှာ မနည်းမနောဖြစ်နေသည်။
“ကယ်ကြပါဦး . . .ကျွန်တော့်ကိုကယ်ပါ”
သစ်ပင်တစ်ပင်တွင် ချည်ထားသည့် အရုပ်ကလေးက ရဲဝင်းကို လက်ယပ်ခေါ်နေသည်။ ရဲဝင်းလည်း ကြက်သီးများ တဖြန်းဖြန်း ထသွားမိသည်။ ထို့နောက် တစ်တောလုံးရှိ အရုပ်များမှာ အသက်ဝင်လာပြီး ရဲဝင်းကိုဝိုင်းပြိး ကယ်ခိုင်းနေကြသည်။ ညမှောင်မှောင်တွင် အရုပ်ကလေးများက လက်ထောင်ထောင် ခြေထောက်ထောင်ထောင်ဖြင့် အသံစုံပေးကာ အော်ဟစ်နေကြသည်။။
ရဲဝင်းလည်း မစဉ်းစားတော့ဘဲ အနားရှိသစ်ပင်တစ်ပင်သို့သွားပြီး ပင်ကီကိုထုတ်လိုက်သည်။ ပင်ကီက အသံအကျယ်ကြီးဖြင့် အော်ဟစ်နေသလို အရုပ်ကလေး၏ မျက်လုံးနှစ်ဖက်မှ မျက်ရည်တွေ စီးကျနေလေသည်။ ပင်ကီဟစ်အော်နေသည်ကိုကြားရသည့်အခါ ရဲဝင်းလည်းစိတ်မကောင်းတော့ဘဲ ငိုကြွေးနေလိုက်ရင်း လက်ကတော့ ပင်ကီကို အိမ်မှအသင့်ယူလာသည့် ကြိုးတစ်ချောင်းဖြင့် သစ်ပင်တစ်ပင်တွင် ခါးလယ်မှနေ၍ ချည်နှောင်နေလိုက်သည်။
“ဖေဖေ ပင်ကီလိမ္မာပါ့မယ်၊ ပင်ကီ့ကို ဒီမှာ မထားခဲ့ပါနဲ့”
ရဲဝင်းက ပင်ကီကိုယ်လုံးအား ကြိုးဖြင့် အထပ်ထပ်ရစ်ပတ်နေသည်။ သူ့ရင်ထဲတွင် အလွန်ခံစားနေရသည်။ ပင်ကီကို သားသမီးတစ်ယောက်ကဲ့သို့ ချစ်ခင်ခဲ့သည်မို့ ပင်ကီကလေးနဲ့ ခွဲခွာရသည့်အခါ သားသမီးတစ်ယောက်ကို စွန့်ပစ်ခဲ့သည့် မိဘတစ်ယောက်အလား အလွန်ခံစားနေရသည်။ ထို့နောက် ကျောပိုးအိတ်ထဲမှ ဓါးတစ်ချောင်းကို ထုတ်လိုက်ပြီး ပင်ကီ၏ လက်တစ်ဖက်ကို လက်ချောင်းကလေးများမှ ဆွဲကိုင်လိုက်ကာ လက်ကိုမြှောက်ထားလိုက်သည်။
“ဖေဖေမလုပ်ပါနဲ့၊ ဖေဖေ ပင်ကီတောင်းပန်ပါတယ်”
ပင်ကီ၏ အော်ဟစ်ငိုကြွေးသံများကို ကြားနေရသည့် ရဲဝင်းတစ်ယောက် တွန့်ဆုတ်နေပြန်သည်။ ဖြစ်နိုင်လျှင် ပင်ကီ့ကို သူမပစ်ခဲ့ချင်။ သို့သော် နွတ်မျက်နှာလေးကို မြင်ယောင်မိသည်။ နွတ်နှင့် ပင်ကီ ဘယ်လိုမှမဖြစ်နိုင်တော့။ နောက်ပြီး မွေးလာမည့်ရင်သွေးလေးကိုလည်း စိုးရိမ်မိသည်။ နောက်ဆုံးတော့ ရဲဝင်းတစ်ယောက် တကယ့်သွေးသားအရင်းအချာဘက်သို့ အလေးသာခဲ့ရသည်။
“ပင်ကီ သမီးကို ဖေဖေတောင်းပန်ပါတယ်ကွာ”
ထိုသို့ပြောပြီး ရဲဝင်းက ဓါးကိုမြှောက်လိုက်ကာ ပင်ကီ၏ လက်ကောက်ဝတ်ထံ ချိန်ရွယ်လျှက် အားဖြင့်ခုတ်ချထည့်လိုက်သည်။ ပင်ကီလက်ကောက်ဝတ်မှာ ပြတ်တောက်သွားပြီး လက်ကလေးက မြေကြီးအောက်သို့ကျသွားသည်။
“ဖေဖေ ပင်ကီနာတယ် . . . ပင်ကီနာတယ်”
“ပင် . . ပင်ကီရေ မင်းနဲ့ငါတို့နဲ့ ရေစက်ပြတ်ပြီ၊ မင်းကို ငါစွန့်ပစ်လိုက်ပြီ၊ မင်းလည်း သွားလိုရာသွားပါတော့၊ အခုကစပြီး မင်းနဲ့ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး”
ရဲဝင်းက မျက်ရည်များကြားမှ ထိုစကားကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောနေရသည်။ ပင်ကီမျက်နှာလေးသည် ဝမ်းနည်းခြင်း နာကျင်ခြင်းများစွာဖြင့် ငိုကြွေးနေလေသည်။ ထို့နောက် ရဲဝင်းတစ်ယောက် သစ်တောလေးထဲမှ အပြေးထွက်လာခဲ့သည်။
“ဖေဖေ”
“ဖေဖေ”
ပင်ကီ၏ ခေါ်သံများက ရဲဝင်းခြေလှမ်းများကို တုန့်နှေးစေသည်။ တစ်တောလုံးက တိတ်ဆိတ်သွားသော်လည်း ပင်ကီကတော့ အသံကျယ်ကြီးနှင့် အော်ဟစ်နေလေသည်။
“ဖေဖေ”
ရဲဝင်းက အနောက်လှည့်မကြည့်ဘဲ သစ်တောလေး၏ အပြင်ဖက်သို့ပြေးထွက်ခဲ့သည်။ ချောင်းကလေးမှာ ရေနည်းနေသဖြင့် ရေမှာ ခြေမျက်စိသာသာသာရှိသည်။
“ဖေဖေ”
နောက်ဆုံးတော့ ရဲဝင်း မနေနိုင်ဘဲ နောက်လှည့်ကြည့်မိသည်။ ပင်ကီ၏ ဝိညာဉ်က သူနှင့် ကိုက်သုံးရာခန့်အကွာ သစ်တောကလေး၏ အစပ်တွင် ရပ်နေလေသည်။
“ဖေဖေ . . . ဖေဖေ့ကို ပင်ကီနှုတ်ဆက်ခဲ့ပါတယ်”
ပင်ကီက ပြောဆိုလိုက်ကာ ရဲဝင်းကိုကျောခိုင်းပြီး သစ်တောအုပ်အတွင်းသို့ တစ်လှမ်းခြင်းဝင်သွားလိုက်သည်။ ခေါင်းမှာလည်း ငိုက်စိုက်ကျနေလေသည်။ ပင်ကီ၏ နောက်ကျောကိုကြည့်ရင်း ရဲဝင်းတစ်ယောက် အလွန်ဝမ်းနည်းလာသည်။
“ပင်ကီ . . . သမီးလေး . . .ပင်ကီ”
ပင်ကီလေးမှာ မှောင်မဲနေသည့် တောအုပ်ကလေးထဲဝင်သွားပြီး ပြန်မထွက်လာတော့ပေ။ အိပ်တန်းတက်နေသည့် ငှက်အချို့သာ ရဲဝင်းအော်သံကြောင့် လန့်ပြီး တောအုပ်အတွင်းမှ ပျံထွက်သွားကြလေသည်။
ကျောပိုးအိတ်ကြီးတစ်လုံးကိုလွယ်လျှက် တစ်ကိုယ်လုံးလည်းရေတွေစိုရွဲနေပြီး ဆေးရုံခန်းအတွင်းသို့ စိတ်နှင့်လူနှင့်မကပ်ဘဲ ဝင်လာသည့် ရဲဝင်းကိုကြည့်ရင်း နွတ်က အံ့ဩနေမိသည်။
“ဖက်၊ ဘာဖြစ်နေတာလဲ”
“ထားခဲ့လိုက်ပြီ . . . ထားခဲ့လိုက်ပြီ”
နွတ်က နားမလည်သလိုကြည့်ရင်း
“ဘာကိုထားခဲ့တာလဲဖက်”
“ပင်ကီကိုထားခဲ့လိုက်ပြီ၊ အေးစက်မှောင်မဲနေတဲ့ နေရာမှာ ပင်ကီကိုတစ်ယောက်တည်းထားခဲ့လိုက်ပြီ”
ရဲဝင်းက ပြောဆိုလိုက်ကာ ဆေးရုံနံရံကိုမှီလျှက် ထိုင်ချလိုက်ပြီး ကလေးတစ်ယောက်ပမာ ငိုကြွေးနေတော့သည်။ ရဲဝင်းငိုသည်ကိုကြည့်ရင်း နွတ်လည်းလိုက်ငိုသည်။ နွတ်၏ ဘကြီးကတော့ ရဲဝင်း၏ ပုခုံးကိုပုတ်ပေးသည်။
“အားလုံးက တစ်နေ့ခွဲခွာကြရမှာပါကွာ ဖက်ရာ”
(ဆ)
အချိန်က အရာရာကို ပြောင်းလဲစေတတ်သည်။ ပင်ကီမရှိတော့သည့်နောက် နွတ်မှာ ရဲဝင်းနှင့် ပြန်လည်ပေါင်းဖက်ကြသည်။ နွတ်မှာ သားကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး ယခုဆိုလျှင် သားလေးမှာ အသက် နှစ်ပင် ကျော်နေပြီဖြစ်သည်။ နွတ်က ယခုနောက်ပိုင်း ရှယ်ယာသိပ်မဆော့တော့။ မဲဆောက်မြို့ရှိ ရဲဝင်း၏ ဖုန်းဆိုင်ကြီးကိုသာ ရင်းနှီးမြှုပ်နှံလေရာ ရဲဝင်း၏ဖုန်းဆိုင်မှာ မဲဆောက်တွင် သုံးဆိုင်တွဲကြီးဖြစ်နေပြီ။
“နွတ် ကိုယ်တို့ မဲဆောက်သွားကြရအောင်”
နွတ်က သားလေးကို ထမင်းကျွေးနေရင်း ရဲဝင်းကို မျက်လုံးအပြူးသားနှင့်ကြည့်သည်။
“ကောင်းသားပဲဖက်၊ ဖက်ကသာ ဆိုင်အတွက်နဲ့ မဲဆောက်ကို ခဏခဏရောက်ဖြစ်နေတာ၊ နွတ်ကတော့ မဲဆောက်ကထွက်လာပြီးကတည်းက တစ်ခါမှပြန်မရောက်ဖြစ်သေးဘူးဖက်”
သို့နှင့် နောက်ရက်တွင် သားအမိသားအဖသုံးယောက် မဲဆောက်ကို ထွက်ခဲ့ကြသည်။ မဲဆောက်မြို့ကတော့ ဘာမှမပြောင်းလေးသေးဘဲ သူနှင့် နွတ်တို့နေစဉ်က အတိုင်းသာ ရှိနေသည်။ ရဲဝင်းနှင့် နွတ်လည်း ကားမောင်းလာရင်း ယခင်က အကြောင်းအရာများ၊ ယခင်က ကျင်လည်နေထိုင်ဖူးခဲ့သည့် နေရာများကို ပြန်ပြီးကြည့်ရင်း စကားပြောလာကြသည်။
ဖုန်းဆိုင်ရောက်သည့်အခါ ရဲဝင်းက ဝန်ထမ်းလေးများအား မှာစရာရှိတာ မှာနေသည်။ နွတ်နှင့် သားလေးကတော့ ခုံတစ်လုံးတွင် ထိုင်နေကြသည်။ ရဲဝင်းလည်း အလုပ်များပြီးသည့်အခါ နွတ်နှင့် သားလေးအနားသို့ လျှောက်သွားရင်း
“ကဲသား ဗိုက်ဆာပြီလား ဘာစားမလဲ”
“သား ကြက်ကြော်စားချင်တယ် ဖေကြီး”
“ကြက်ကြော်”
ရဲဝင်းက ရေရွတ်လိုက်ကာ ကြက်ကြော်ဆိုင်ရှိမည့်နေရာကို စဉ်းစားနေလေသည်။ ထိုစဉ် ဆိုင်မှ ဝန်ထမ်းကောင်လေးတစ်ယောက်က စကားဝင်ပြောသည်။
“ကြက်ကြော်ဆို ဒီနားက ကြက်ကြော်ဆိုင်တစ်ဆိုင်နာမည်ကြီးတယ်”
“ဟုတ်လား အတော်ပဲ ငါတို့လည်း အဲဒီဆိုင်ကိုသွားစားရအောင်”
ကြက်ကြော်ဆိုင်က နာမည်ကြီးသည့်အတိုင်း စားသုံးသူများလည်း များပြားလှသည်။ ဆိုင်တစ်ခုလုံးကို ခေတ်မီအောင်ပြင်ဆင်ထားပြီး မီးတွေကလည်း ထိန်လင်းနေသည်။
“သားတို့ ဒီမှာထိုင်ဦး ဖေဖေကြက်ကြော်သွားယူပေးမယ်”
သားလေးနှင့် နွတ်က ထိုင်ခုံတစ်ခုတွင်ထိုင်နေသည့်အခါ ရဲဝင်းက ကြက်ကြော်မှာသည့်နေရာသို့သွားလိုက်သည်။ ကြက်ကြော်မှာသည့်နေရာတွင် လူများက ပြည့်နေသဖြင့် တန်းစီနေရသည်။ နောက်ဆုံးတော့ ရဲဝင်းအလှည့်ရောက်လာသည်။ ရဲဝင်းက ကြက်ကြော်မှာလိုက်ရင်း ထိုအမျိုးသမီးကို သေချာကြည့်လိုက်သည်။ ထိုအမျိုးသမီးက သူနှင့်ရင်းရင်းနှီးနှီးခင်မင်ဖူးခဲ့သလို ခံစားရသည်။
“နန်း”
ရဲဝင်းက ရေရွတ်လိုက်သည့်အခါ ကောင်တာတွင် ကွန်ပြူတာသုံးလျှက်ထိုင်နေသည့် ထိုအမျိုးသမီးက ရဲဝင်းကို မျက်လုံးပြူးပြီး ကြည့်လေသည်။
“ကိုရဲ . . ကိုရဲမဟုတ်လား”
နန်းလည်း အတော်အံ့ဩသွားလေသည်။
“နန်း ဒီမှာအလုပ်လုပ်နေတာလား”
နန်းက ပြုံးပြလိုက်ပြီးနောက်
“ဒီဆိုင်က နန်းဖွင့်ထားတဲ့ ဆိုင်လေ ကိုရဲရဲ့”
ရဲဝင်း အံ့ဩသွားသည်။ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ကိုရဲက အခုတော့ တကယ့်ထိုင်းကြီးနဲ့တူလာတယ်၊ ၀တောင်တော်တော်၀လာပါလား၊ ဒါနဲ့ နွတ်ရောပါလား”
“ဟိုမှာ နွတ်ရော၊ ကိုရဲ သားလေးရော”
ရဲဝင်းက ဆိုင်အတွင်းရှိ ထိုင်ခုံတစ်ခုံတွင် ထိုင်နေကြသည့် နွတ်နှင့်သားလေးကို လက်ညှိုး ညွှန်ပြလိုက်သည်။ နန်းက ဆိုင်မှ ကောင်မလေးတစ်ဦးအား ကောင်တာလာခိုင်းပြီးနောက် ရဲဝင်းတို့နှင့်အတူတူလာထိုင်လေသည်။ မွှေးပျံသည့်ရနံ့ရှိသော ကြက်ကြော်ပေါင်းစုံက သူတို့စားပွဲတွင်လာချပေးသည်။
ရဲဝင်းတို့လည်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောကြသည်။ တစ်နာရီခန့်ကြာတော့ မှ နန်းဆိုင်မှပြန်လာသည်။ နန်းက ကြက်ကြော်များကို လက်ဆောင် ထည့်ပေးလိုက်သေးသည်။ ရဲဝင်းက နန်းဆိုင်မှ ပြန်ထွက်လာတော့ ရင်ထဲတွင် ဖော်မပြတတ်သော ပီတိတစ်မျိုးဖြစ်ပြီး ပြုံးလိုက်မိလေသည်။ နန်းမှာ ရဲဝင်းထံမှ ယူထားသည့် ငါးသိန်းကို အရစ်ကျပြန်လည်ဆပ်ရင်း တစ်နှစ်ကျော်သည့်အခါ အကြွေးကျေသွားလေရာမှ အဆက်အသွယ်ထပ်မရတော့ဘဲ ယခုမှာသာ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ကလေးတစ်ယောက်နှင့် နန်းဘ၀လေး အဆင်ပြေသွားသည်ကိုမြင်လိုက်ရသည့်အခါ ရဲဝင်းပျော်ရွှင်သွားမိသည်။
(နိဂုံး)
သုံးနှစ်ခန့်ကြာခဲ့ပြီဖြစ်သည်။
အထူးကု ဆေးရုံတစ်ခုရှိ သားဖွားခန်းတစ်ခုအရှေ့တွင် ရဲဝင်းကထိုင်စောင့်နေလေသည်။ နွတ်၏ ဆွေမျိုးများမှာလည်း ထိုင်နေကြသည်။ နွတ်၏ ဘကြီးကတော့ မရှိတော့။ ရဲဝင်းက ဒုတိယရင်သွေးဆိုသော်ငြားလည်း နွတ်မီးဖွားနေသည်ကို ထိုင်စောင့်နေရင်းလက်တွေတုန်နေသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် မသိလိုက်မိဘဲ ဒူးတွေနန့်နေမိသည်။
“ဖက်ရယ်၊ စိတ်လှုပ်ရှားတာလည်း လှုပ်ရှားတာပေါ့၊ ဒူးကိုလှုပ်နေတော့ ခုံတန်းကြီးတစ်ခုလုံး လှုပ်နေပြီ”
နွတ်အဒေါ်က ပြောတော့မှ ရဲဝင်းက တစ်ချက် ပြုံးပြရင်း ခြေထောက်များကိုငြိမ်သက်လိုက်ရသည်။ သို့သော် စိတ်ကတော့ မငြိမ်သေးပေ။ နွတ်က သူတို့၏ ဒုတိယရင်သွေး သမီးကလေးကို မီးဖွားနေသည်မို့ ရဲဝင်းက စိတ်တွေအလွန်ပူပန်ပြီး ရင်တွေခုန်နေသည်။
မကြာမီ သားဖွားခန်းတံခါးပွင့်သွားသည်။ ဆေးရုံမှ ဆရာမတစ်ယောက်ထွက်လာသည်။
“ဖက်၊ ဆူဖရက်၊ ကလေးအဖေ အထဲကိုလိုက်ခဲ့ပါ”
ရဲဝင်းသားဖွားခန်းထဲဝင်သွားသည့်အခါ သူနာပြုများက ရဲဝင်းကို ဆေးရုံအကျီဝတ်ပေးပြီးတော့ ပိုးသတ်ပေးကြသည်။ ပြီးမှသာ သားဖွားခန်းထဲဝင်ခွင့်ရှိသည်။
“မွေးပြီ၊ မိန်းကလေး”
ဒုတိယ ရင်သွေးမှာ မိန်းကလေးမှန်း အာထရာဆောင်းရိုက်ထားကတည်းက သိနှင့်နေပြီးဖြစ်သည်။
“ကိုယ်လက်အင်္ဂါရော စုံရဲ့လားဗျ”
“စုံပါတယ်၊ ကလေးလေးက ချစ်စရာလေး”
သူနာပြုဆရာမက ထိုသို့ပြောလိုက်ကာ ရဲဝင်း၏ လက်အတွင်းသို့ မွေးကာစ ကလေးငယ်လေးကို ချီခိုင်းလိုက်သည်။ ရဲဝင်းက ကလေးလေးကို ကောက်ချီလိုက်သည်။ ကလေးလေး၏ အသားအရည်က ပန်းနုရောင် ရဲနေပြီး မျက်လုံးမျက်ဆန်ကလေးတွေမှာလဲ နက်နက်ကလေးနှင့်ဖြစ်သည်။
“ဟာ . . . ဒါ . . ဒါက”
ရဲဝင်းက သမီးလေးကို ကြည့်နေရင်း သမီးကလေးက ရုန်းကန်လိုက်ရာမှ သမီးလေး၏ လက်ကောက်ဝတ်တွင် အမှတ်ရာ တစ်ခုကိုတွေ့လိုက်ရသည်။ အမှတ်ရာမှာ အစိမ်းရောင်ဖြစ်ပြီး လက်ကောက်ဝတ်တွင် ပတ်ပတ်လည် ခပ်ရေးရေး တည်ရှိနေလေသည်။ ရဲဝင်းက ထိုအမှတ်ကို မြင်လိုက်ရသည့်အခါ မျက်ရည်များ အလိုလို စီးကျလာပြီး နှစ်နှစ်ကာကာနှင့် ပြုံးလိုက်ကာ ကလေးမျက်နှာကိုအသေအချာစိုက်ကြည့်လိုက်လေသည်။
“သမီးလေး၊ ပင်ကီ . . .”
နတ်မိမယ် ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်