စုန်းထီးကြီး ဦးဘသာနှင့် မျောက်ခေါင်းမှို
အတွဲ(၃) စာစဉ် (၉) (၁) ဒီနှစ်က မိုးဦးကောင်းတဲ့နှစ်ဗျ၊ မိုးဦးကောင်းတော့ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်း လယ်ကွင်းတွေပြည့်မတတ် မိုးတွေရွာတာပေါ့ဗျာ၊ မိုးဦးကောင်းတဲ့အခါ ဝါခေါင်လလောက်ဆိုရင် အနောက်ဘက်တောင်ရိုးပေါ်မှာ မှိုတွေပွင့်တတ်တယ်ဗျ၊ လယ်ကွင်းတွေကလည်း စပါးပင်တွေသန်တဲ့အချိန်ဆိုတော့ လက်လွှတ်ထားလို့ရတယ်မဟုတ်လား၊ ဒီအချိန်မှာတော့ ကျုပ်တို့ရွာကလူတွေ မှိုကောက်ထွက်ကြတာပေါ့ဗျာ။ မှိုကောက်တယ်ဆိုတာ ကျုပ်တို့အညာအခေါ်ပေါ့ဗျာ၊ မြေမှာကျနေတဲ့အရာကို ကောက်တာကိုပြောချင်တာပေါ့၊ လက်ပံကောက်တယ်၊ ပိုက်ဆံကောက်တယ် အဲဒီလိုခေါ်ကြသလိုပဲ မြေကြီးမှာပေါက်တဲ့မှိုကို လက်နဲ့လိုက်ခူးတာကျတော့ မှိုကောက်တယ်ပဲခေါ်ကြတာဗျ။ တခြားဒေသတွေမှာတော့ အသုံးအနှုန်းကွဲချင်ကွဲမယ်ထင်တယ်၊ ကျုပ်တို့ဘက်တို့ မှိုကောက်တယ်ပဲခေါ်တာ။ မိုးဦးကောင်းတဲ့နှစ်ဆိုရင် ဝါခေါင်လောက်ဆို နေကနည်းနည်းပူလာပြီဗျ၊ ဒီအချိန်ဆိုရင်တော့ တောင်ရိုးပေါ်မှာ မှိုတွေအလေ့ကျပေါက်ပြီပေါ့၊ မိုးဦးမကောင်းတဲ့ နှစ်ဆိုရင်တော့ သီတင်းကျွတ်လောက်မှ မှိုတွေက ပွင့်တတ်ကြတာ။ မှိုဆိုတာ ကျုပ်တို့တောကလူတွေအတွက်တော့ ဟင်းကောင်းတစ်ခွက်ပေါ့ဗျာ၊ စားချင်တိုင်းလည်း စားလို့မရဘူးဗျ၊ သူပေါက်တဲ့အချိန်မှသာ စားကြရတာကိုး၊ ဒါကြောင့်…